ထိုနေ့က သူ့ဧည့်ခန်းလေးတွင် ကံ့ကော်ရနံ့ သင်းမွှေးလျက်ရှိသည်ကို ဦးဘပွားမှတ်မိသည်။ မမွှေးကြူ နှင့်အတူ နံနက်ခင်းဈေး လိုက်သွားသော ကဲကဲက ကံ့ကော်ပွင့် ကားကားလှလှကြီးများ ဝယ်လာသည်။ (အမှန်ကတော့ မမွှေးကြူ ဝယ်ပေးလိုက်ခြင်း ဖြစ်သည်)။ ကဲကဲက ပန်းကြိုက်သည်မို့ သူ့ဆံပင်တိုနံ့နံ့ကို ကြက်တောင်စည်းပြီး ကံ့ကော်ပန်းတွေ ပန်သည်။ သူ့အိမ်မှာ ဘုရားတင်သည်။ မေမေ ဖေဖေတို့၏ ခုတင်ဘေးတွင် ပန်းအိုးထိုးပေးသည်။
ယနေ့ညနေ မေမေတို့ပြန်ရောက်မည်မို့ အိပ်ခန်းထဲ ဝင်လိုက်လျှင် ဝင်လိုက်ချင်း မွှေးသွားစေရန် ဖြစ်သည်။ ထို့နောက် ကျန်သောပန်းများကို ဦးဘပွားဆီသို့ ယူလာသည်။ ဧည့်ခန်းတွင် ဖန်ခွက်နှင့် ထိုးစိုက်ကာ ပန်းအလှပြင်ပေးသည်။ ထို့နောက် သူ့ ပန်းအိုးကို သူအရိပ်တကြည့်ကြည့်နှင့် ကြည့်ကာ“လှတယ်နော်” ဟု ထောက်ခံမဲ တောင်းနေသည်။
ကဲကဲက ပန်းအလှပြင်တတ်သူမဟုတ်၊ ပုတိုတို ဖန်ခွက်ကလေးထဲတွင် တိုသော အခက်နှင့် ရှည်သောအကိုင်းများကိုပါ အရွက်တွေ မခြွေဘဲ ထိုးထိုးထောင်ထောင် ထိုးထည့်ထားတော့ သူ့ပန်းအိုးကလေးက မလှ၊ တစ်ပွင့်ချင်း အကုန်လှကာ အကုန်မွှေးနေသော ပန်းခက်ပန်းခိုင်များကို စုပြုံပြွတ်ညပ်ပြီး အလှပျက်အောင် လုပ်လည်းလုပ်တတ်ပါပေရဲ့ ဟု တွေးရင်း ဦးဘပွားက စိတ်ပျက်လက်ပျက် ပြုံးမိသည်။
သို့သော် ကိုဦးနှင့် ကိုတူးကမူ “အေး လှတယ်ဟ”ဟုထောက်ခံကြသည်။ ကဲကဲ၏ပန်းအိုးသည် ကြည့်မကောင်းမှန်း သိသော်လည်း သည့်ထက်လှအောင် သူတို့ မတတ်နိုင်သောကြောင့် ဖြစ်လေသည်။
“ဘဘကြီးရေ လှတယ်နော်”
“အေး မွှေးပါတယ်ကွာ”
ဦးဘဖူးက အာပတ်လွတ်အောင် ဖြေသည်။ ပွင့်ဖတ်ဖြူဖြူလေးများကိုလည်းကောင်း၊ ဝတ်ဆံဝါဝါလေးများကိုလည်းကောင်း နှစ်သက်မြတ်နိုးစွာ ကြည့်မိသည်။ ပျံ့ပျံ့လေးမွှေးနေသော ရနံ့ကို ရှိုက်၍ ရှူရင်း ချစ်ခဲ့ရသော ဇနီးသည်ကို သတိရသည်။
သူ၏ချစ်ဇနီးက ပန်းကြိုက်သည်။ အထူးသဖြင့် ကံ့ကော်ပန်းကို ပိုကြိုက်သည်။ ကံ့ကော်တွေ စ၍ ပွင့်သည်မှစ၍ ရှာမရအောင် တုံးသွားသည့်အချိန်အထိ ချစ်ဇနီး၏ဆံကေသာတွင် ကံ့ကော်ပွင့်လေးများ မပြတ်ရှိနေတတ်သည်ကို သူသတိထားမိသည်။ ကံ့ကော်ပွင့်လေးတွေ ညှိုးပြီးခြောက်သွားပါကလည်း သူက လွှင့်မပစ်၊ ဝတ်ဆံဝါဝင်းလေးများကို သနပ်ခါးနှင့်အတူ ရောသွေးကာ လိမ်းတတ်သည်။ လေရူးတွေကတသုန်ဟန် မြူးသော ဤတပေါင်း တန်ခူး ရာသီဦးတွင် ချစ်ဇနီးသည်၏ပါးပြင်သည်လည်းကောင်း၊ ဆံပင်သည်လည်းကောင်း ကံ့ကော်ရနံ့ သင်းပျံ့ပျံ့မွှေးနေတတ်သည်ကို သူအမြဲသတိရနေမိလေသည်။
“ကဲကဲက ကြီးလာရင် ပန်းအလှပြင်တဲ့သူလုပ်မှာ။ ဧည့်ခံပွဲတွေ၊ အစည်းအဝေးတွေမှာ လိုက်ပြီး ပန်းအလှ ပြင်ပေးမှာ”
ကဲကဲက ခပ်ကြွားကြွား ပြောတော့ ကိုတူးက နှာခေါင်းရှုံ့သည်။
“အဲဒါဆိုရင် နင် ထမင်းငတ်ဖို့သာပြင်ထား”
“ ဟင် ဘာဖြစ်လို”
“နင့်ကို ဘယ်သူမှ ငှားမှာမှ မဟုတ်ဘဲ”
ကိုဦးက သဘောကျစွာရယ်သည်၊ ကဲကဲကတော့ နှုတ်ခမ်းစူသွားလေသည်။
“ဦးဘပွား အခန်းကတော့ စည်ကားပါ့ဗျာ၊ မြေးအဘိုးတွေ တဟားဟားနဲ့ ဘာတွေပွဲကျနေကြတုံး”
အခန်းထဲဝင်လာသော ဦးကံမြင့်က ကျေနပ်စွာ ပြောသည်။ သူ့လက်ထဲမှ ဆေးသေတ္တာကို စားပွဲပေါ် လှမ်းတင်ရင်း ကိုဦးအား “ကိုဦးရေ ... ရေနွေးအိုးတည်ကွာ။ မင်းဘဘကြီးကို ဆေးထိုးရအောင် " ဟု လှမ်းပြောသည်။
“ဘဘကြီးရေ ...သူက ကြီးလာရင် ပန်းအလှပြင်တဲ့သူ လုပ်မှာ။ ဟိုမှာကြည့်ပါဦး၊ သူထိုးတားတဲ့ပန်းအိုး”
ကိုတူးက ကဲကဲ၏ပန်းအိုးကို လက်ညှိုးထိုးပြသည်။ ကဲကဲကတော့ ကိုတူးအား မျက်စောင်းခဲရင်း “ခုနတုန်းကတော့ သူပဲလှတယ် ပြောပြီးတော့” ဟု မပွင့်တပွင့် ပြောသည်။
“လှပါတယ်ကွာ မင်းတို့ကလဲ”
ဦးကံမြင့်က ကဲကဲကျေနပ်စေရန် ပြုံးရယ်၍ ပြောသည်။ ထို့နောက် ဦးဘပွား၏ ဘေးတွင် လာထိုင်ကာ အဖျားသွေးနှင့် ပူနွေးနေသော လက်ကောက်ဝတ်ကို ဖမ်းကိုင်ကာ သွေးစမ်းသည်။
“သွေးပါသေးလား” ဟု တိုးတိုးမေးသည်။
“ပိုမများပါဘူး”
“ရုတ်တရက် များလာမယ်၊ အန်လာမယ်ဆိုရင်တော့ သွေးသွင်းဖို့လိုမယ်”
“ဘာလုပ်မှာလဲဆရာရယ်၊ သံသရာရှည်အောင်”
“ဒီလိုလဲဘယ်ဟုတ်ပါ့မလဲ”
“နောက်ပြီး ဝေဒနာရှည်အောင်”
“မဟုတ်သေးပါဘူးဗျာ”
ဦးဘပွားက မဲ့မဲ့ကြီး ပြုံးသည်။ သူ့ကို ဘယ်လိုပြောရမည် မသိဘဲ၊ ဘယ်လိုဖျောင်းဖျရမည်မသိဘဲ၊ ဦးကံမြင့်တစ်ယောက် ဘေးကျပ်နံကျပ်ဖြစ်နေလျှင် သူပျော်သည်။ အဖြေခက် အနေခက်ဖြစ်ကာ ချွေးပျံလာသည်ကိုကြည့်ပြီး သူက ကျေနပ်ချင်သည်။
“ကျွန်တော်ကတော့ ကြီးလာရင် ဆရာဝန်လုပ်ချင်တယ်”
ရေနွေတည်ပြီး ထွက်လာသော ကိုဦးက ဦးကံမြင့် ဖွင့်လိုက်သော ဆေးသေတ္တာထဲမှ ဆေးပစ္စည်းများနှင့် ဆေးပုလင်းများကို စိတ်ဝင်စားစွာ ငုံကြည့်နေသည်။
“ဘာဖြစ်လို့လဲ၊ မင်းက ဘဘကြီး ဦးကံမြင့်လို ပိုက်ဆံတွေအများကြီး ရချင်လို့လား”
“မဟုတ်ပါဘူး”
ကိုဦးက ခေါင်းခါသည်။
“ကျွန်တော် ဝါသနာပါတယ်။ ပြီးတော့ ဖေဖေလုပ်ခိုင်းလို့”
“မင်းဖေဖေက ဆရာတွေ ဝိုင်းကျူရှင်ပေးရင် ဆရာဝန်ထက် ပိုရတာ သိမှာပါကွာ”
ဦးကံမြင့်က ကိုဦးအား စသည်။ သို့သော် ကိုဦး၏မျက်နှာလေးက တည်ငြိမ်နေသည်။
“ဖေဖေက ငယ်ငယ်တုန်းက ဆရာဝန်သိပ်ဖြစ်ချင်တာပဲတဲ့၊ ဝါသနာလည်းအရမ်းပါတယ်တဲ့၊ ကြိုးလဲကြိုးစားခဲ့ပါတယ်တဲ့၊ ဒါပေမယ့် ဆယ်တန်းအောင်တော့ အမှတ်နည်းနည်းလေးလိုနေတာနဲ့ ဆရာဝန်လိုင်းကို လိုက်ခွင့်မရဘူးတဲ့၊ အဲဒီတုန်းက ကိုယ်သင်ချင်တဲ့ပညာကို သင်ခွင့်မရခဲ့လို့ ဖေဖေရယ် ငိုခဲ့ရတယ်တဲ့"
စချင် နောက်ချင်နေဟန်ရှိသော ဦးကံမြင့်၏မျက်နှာသည် ရုတ်တရက် တည်ကြည်သွားသည်။ သူ့လက်ထဲမှ ပြဒါးတိုင်ကို ဦးဘပွား၏ပါးစပ်ထဲသို့ လှမ်းမထည့်နိုင်သေးဘဲ ကိုဦးအား ခပ်တွေတွေ ကြည့်နေသည်။
“ဖေဖေ ရဲ့ သူငယ်ချင်း တော်တော်များများကတော့ ဆရာဝန်ဖြစ်ခဲ့ကြတယ်တဲ့”
“သူတို့ကို ပိုပြီးတော်တယ်လို့ သတ်မှတ်ခဲ့တယ်လေ၊ မဟုတ်ဘူးလား”
ဦးကံမြင်က ကိုဦးအား အကဲခတ်သလိုကြည့်ရင်း ခပ်တိုးတိုး မေးသည်။ ကိုဦးကတော့ စားပွဲမျက်နှာပြင်မှန်သားအောက်မှ ဦးဘပွား၏သားသမီးများကို ကြည့်နေသည်။
“ဒါပေမယ့် တိုင်းပြည် နစ်နာတာပေါ့တဲ့၊ ဖေဖေကပြောတယ်။ တိုင်းပြည်နစ်နာတယ်တဲ့”
သည်တစ်ခါတော့ ဦးဘပွား အတန်ငယ် ရယ်ချင်သွားသည်။ ကိုဦး၏ဖခင် ဦးရန်ဝေးတစ်ယောက် ဆရာဝန်မဖြစ်ခဲ့ရ၍ မြန်မာပြည်ကြီးမှာ နစ်နာစရာအကြောင်းမရှိလှဟု သူထင်သည်။ ကိုဦးသည် ဆရာဝန်တစ်ယောက်၏သား မဖြစ်ခဲ့ရသော်လည်း မြန်မာပြည်အတွက် လိုအပ်သောဆရာဝန်များကိုတော့ ဆေးတက္ကသိုလ်ကြီးမှ နှစ်စဉ် မွေးထုတ်ပေးနေသည်သာဖြစ်သည်။
“ဘာဖြစ်လို့ နစ်နာတာလဲ၊ မင်းအဖေ ဆရာဝန်မဖြစ်ပေမယ့် တခြားလူတွေကတော့ ဖြစ်ခဲ့ကြသားပဲမဟုတ်လား”
ကိုဦးက ဦးဘပွားအား လှမ်းကြည့်ကာ သက်ပြင်းကို မသိမသာ ရှိုက်သည်။ စကားလုံး ရွေးနေဟန်နှင့် အတန်ကြာ ငြိမ်နေပြီးမှ တိုးတိုးပြောသည်။
“ဒါပေမယ့် အဲဒီတခြားလူတွေထဲက တချို့လူတွေက ဆရာဝန်ဖြစ်သွားပြီးတော့ မြန်မာပြည်မှာ နေကြတော့တာမှ မဟုတ်ဘဲတဲ့”
ဦးဘပွားသည် ကိုဦးကို တအံ့တသြ ကြည့်လိုက်မိသည်။ သူ့ရှေ့မှ ဆယ်သုံးနှစ်သား ကောင်ကလေး ပျောက်ပြီး အသက်လေးဆယ်ကျော် ဦးရန်ဝေးရောက်လာသည်ဟု ထင်လိုက်မိသည်။ ဆယ်တန်းဖြေဆို အောင်မြင်လာခဲ့ကြသော အမှတ်များပေါ် တွင် မူတည်ကာ မင်းကတော့ သည်ပညာနဲ့တန်တယ်၊ မင်းကတော့ ဟိုပညာနဲ့တန်တယ် စသည်ဖြင့် သတ်မှတ်ခွဲတမ်းချပေးခဲ့သော စနစ်သည် မည်မျှမှန်၍ မည်မျှမှားသည်ဟုတော့ သူ အငြင်းမပွားလို။ သို့သော် ကလေးငယ်များကို မည်သည့်အခါကမှ စာသင်ကြားပေးရန် ဝါသနာလည်းမပါ၊ စိတ်လည်းမကူးခဲ့သော သမီးကြီးသည် ဘီအီးဒီဘွဲ့ကိုရယူကာ ဆရာဝန်ဖြစ်လိုသော သားလတ်ကမူ ဆောက်လုပ်ရေး အတတ်ပညာကို သင်ကြားခဲ့ကြရသည်ကတော့ အမှန်ပင်။
သားလတ်သည် သူဝါသနာမပါလှသော ဆောက်လုပ်ရေးအတတ်ပညာကို သင်ယူနေချိန်တွင် ထိုဆောက်လုပ်ရေးပညာကို တကယ်လိုလိုလားလား သင်ယူချင်သော သားထက် အမှတ်အနည်းငယ်နည်းသွားသော အခြားသူတစ်ယောက်သည် ကိုဦး၏ဖခင် ဦးရန်ဝေးကဲ့သို့ပင် ငိုကြွေးခဲ့ရလိမ့်မည် ထင်သည်။
"ဒါကြောင့် ဖေဖေက ကျွန်တော့်ကို ဆရာဝန်ဖြစ်စေချင်တာပါ၊ သူ မဖြစ်ခဲ့ရလို့တဲ့”
ကိုဦးက သူ့စကားကို အဆုံးသတ်သည်။ အခန်းထဲတွင် ရုတ်တရက် ငြိမ်သွားသည်။ ကိုတူးနှင့် ကဲကဲတို့ခမျာလည်း မျက်နှာလေးတွေ ငယ်နေကြသည်။ သူတို့စိတ်ထဲတွင် ကိုဦးက လူကြီးများနှင့် ပြိုင်ပြီးငြင်းနေသည်ဟု ထင်နေကြသည်။ လူကြီးတွေကို အားနာပြီး မျက်နှာပူသလိုလို ဖြစ်နေကြသည်။
“ဖေဖေက ပြောတယ်၊ သူတို့တွေ နဂိုကတည်းက ဒီမှာနေဖို့ စိတ်မကူးကြရင် ဒီက ဘွဲ့ ကိုတော့ ယူသွားဖို့မကောင်းဘူးတဲ့"
အတန်ကြာအောင် ငြိမ်နေပြီး ကိုဦးက ဆက်ပြောသည်။
“ဟုတ်တာပေါ့ကွ”
ဦးကံမြင့်က အားရပါးရကြီး ပြောသည်။ ကိုဦး၏ပခုံးကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ရင်း လှိုက်လှဲစွာ ပြုံးသည်။
“ဟုတ်တာပေါ့ ကလေးရ၊ မင်းပြောတာ မှန်တာပေါ့"
ဦးဘပွားကမူ အတန်ငယ် မျက်နှာပူသွားသည်။ ထိုသို့သော အတွေးမျိုးကို ယခင်တစ်ခါမျှ မတွေးခဲ့ဖူးချေ။ လူစိစစ်ကန့်သတ်ပြီးမှ နိုင်ငံတော်မှ သင်ကြားပေးခဲ့သော အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သူ့သားသမီးသုံးဦးလုံး သင်ကြားတတ်မြောက်ကာ ဘွဲ့ယူခဲ့ကြသည်ကို ချက်ချင်း သတိရသည်။ အခုတော့ သူ့သားသမီးတွေအကုန်လုံး နိုင်ငံရပ်ခြားရောက်နေကြပေပြီ။ ပြန်လာရန်လည်း စိတ်ကူးကြပုံမရ။
"ဒီတိုင်းပြည်ကိုတော့ အထင်မကြီးပါဘူးဗျာ၊ ဒါပေမယ့် ဒီက ဘွဲ့ကလေးမပါသွားလို့ကလဲ အလုပ်မဖြစ်ဘူး၊ ဆရာဝန်တစ်ယောက်ဖြစ်အောင် သင်ရတယ်ဆိုတာ လွယ်တာမှတ်လို့၊ ဟိုမှာဆိုရင် သိပ်ခက်တာ၊ ငွေကလဲ ကုန်လိုက်တာမှ သောက်သောက်လဲ”ဟု မိတ်ဆွေတစ်ဦးက ပြောဖူးသည်ကို သတိရသည်။
ထိုမိတ်ဆွေသည် ဆရာဝန်ဘွဲ့ရယူခဲ့သော သူ့သားသမီး ငါးဦးလုံးကို မြန်မာပြည်တွင် အလုပ်ပင် မဝင်စေဘဲ အောင်လျှင်အောင်ချင်း ဟောင်ကောင်သို့ တစ်ဦးပြီးတစ်ဦး ဆက်တိုက်ပို့ခဲ့သည်ကိုလည်း ဆက်ပြီးသတိရသည်။
သားသမီး ငါးဦးလုံး မြန်မာပြည်မှ ဘွဲ့ယူပြီး နိုင်ငံခြားရောက်သွားသောအခါ၌ကား အဖေရော အမေပါ အပြီးသွားလေသည်။
“ကလေးကိုတော့ ဘဘကြီး သဘောကျသွားပြီ”
ဦးကံမြင်က ပြောတော့ ကိုဦးသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။
“ဖေဖေပြောပြတာတွေပါ၊ ကျွန်တော်က ပြန်ပြောပြတာပါ"
“အေး မင်းဖေဖေကိုလဲ ကျေးဇူးတင်ပါတယ်ကွာ။ ကိုယ့်သား ကိုယ့်သမီးကို ဒီလိုပြောပြခဲ့လို့ပေါ့”
ဦးကံမြင့် တွေ့ဖူးသော လူတော်တော်များများသည် အမိနိုင်ငံမှ သူတို့အတွက် စိုက်ထုတ်ပြီး အကုန်အကျခံထားရသည်များကို အသိအမှတ်မပြုကြပေ၊ သိလည်းမသိလိုကြပေ။ သာမန်လူပြိန်းများက မသိလျှင် ထားပါဦး၊ အခုတော့ ဘွဲ့ရပညာတတ် လူငယ်အချို့ကပါ အသိခေါက်ခက် အဝင်နက်ပြီး "နိုင်ငံကို ဘာကိစ္စ ကျေးဇူးတင်နေရမှာလဲ၊ ကျွန်တော်တို့ တက္ကသိုလ်တက်တာ အလကားတက်ရတာမှမဟုတ်ဘဲ၊ ကျောင်းလခတစ်လကို သုံးဆယ့် ငါးကျပ်ပေးပြီး တက်ရတာ” ဟုပြောသည်ကို ကြားဖူးတော့ ဦးကံမြင့် သက်ပြင်းအခါခါချမိသည်။
သူတို့လစဉ်ပေးထားသော ကျောင်းလခ သုံးဆယ့်ငါးကျပ်သည် တက္ကသိုလ်ဆရာ ဆရာမတို့၏လခများ၊ အဆောက်အအုံထိန်းသိမ်းစရိတ်များ၊ ဓာတ်ခွဲခန်းတွင်သုံးရသော ပစ္စည်းများအတွက် လုံလောက်သည်ဟု ထင်နေသော ထိုဘွဲ့ရပညာတတ်လူငယ်အချို့ကို အံ့သြသည်နှင့်အမျှ စိတ်လည်းပျက်မိသည်။ ကိုယ့်သားကိုယ့်သမီးကို ကိုရန်ဝေးလို ပြောပြလမ်းညွှန်ပေးသော ဖခင်မျိုးကား အတော်ပင် ရှားနေပေပြီ။ သို့သော် ရှားသည့်အထဲမှ ရှိနေသေးသည်ကို တွေ့ ရ၍ သူဝမ်းသာမိသည်။
“ဘဘကြီးတို့တိုင်းပြည်မှာ အဓိက လိုအပ်နေတာ ဘာလဲ သိလား ကိုဦး”
ဦးကံမြင့်က မေးတော့ ကိုဦး အဖြေမပေးတတ်။
“အဓိကလိုအပ်နေတာက အသိစိတ်ဓာတ်ပဲ၊ ဘဘကြီးတို့မှာ အသိစိတ်ဓာတ်ကို နည်းနေသေးတယ်၊ မနေ့ကပဲ ဘဘကြီးလမ်းလျှောက်လာတုန်း အိမ်တစ်အိမ်ရှေ့မှာ လူတစ်ယောက်က ဒေါသတကြီးနဲ့ ဆဲနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြောင်းကျော်ပြီး လမ်းနယ်နိမိတ်ထဲမှာ စိုက်ထားတဲ့ သူ့ရဲ့ မာလကာပင်ကို ခုတ်ယူမယ်လို့ စည်ပင်က ပြောလို့တဲ့၊ သူက သူ့အိမ်ရှေ့ကမြေကို သူပိုင်တယ်လို့ ထင်နေတယ်၊ လမ်းရဲ့ နယ်နိမိတ်ထဲမှာ ကိုယ်ပိုင်သစ်ပင် စိုက်ခွင့်မရှိဘူး၊ ဒီတိုင်းပြည်မှာသာမဟုတ်ဘူး၊ ဘယ်တိုင်းပြည်မှာမှလဲ ဒီလိုလုပ်လို့မရဘူး ဆိုတာကို သူ မသိဘူး၊ သူစိုက်ထားတဲ့ အပင်လေး အသီးသီးခါနီးမှ ခုတ်ပစ်ခိုင်းတာ လူ့အခွင့်အရေး ထိပါးတာပဲဆိုပြီး ယမ်းပုံမီးကျ ဖြစ်နေတယ်”
ကိုဦးက ဦးကံမြင့်အား ကြည့်နေသည်။ သစ်ပင်ခုတ်ရ၍ ဒေါသူပုန်ထသူ အတော်များများကို သူတွေ့ဖူးသည်။
“နောက်ပြီး လမ်းကူးတာကအစ မျဉ်းကျားမကူးချင်ဘူး။ ကြုံရင် ကြုံသလို လွယ်ရင်လွယ်သလို ဖြတ်ချင်၊ ကူးချင်ကြတယ်။ ဆူးလေလမ်းမကြီးနဲ့ ဗိုလ်ချုပ်ဈေးရှေ့ လမ်းအလယ်ခေါင်မှာ သံစကာတွေကာထားရတာ တွေ့တယ် မဟုတ်လား။ကိုဦး အဲဒီသံစကာတွေဟာ ဘဘကြီးတို့မြန်မာလူမျိုးတွေ အသိစိတ်ဓာတ် ဖွံ့ဖြိုးဖို့လိုနေသေးတယ် ဆိုတာရဲ့ ပြယုတ်ပဲ။ သတ်မှတ်ထားတဲ့နေရာကသာ စည်းကမ်းတကျ လမ်းကူးကြမယ်၊ ဖြတ်ကြမယ်ဆိုရင် ဒီသံစကာတွေ ထားစရာလိုပါ့မလား။ ဦးဘပွားရေ .. ခင်ဗျားတော့ ဘယ်လိုခံစားရမယ်မသိဘူး။ ကျုပ်တော့ဖြင့် နိုင်ငံခြားသားတစ်ယောက်ယောက်က ခင်ဗျားတို့ဆီမှာ လမ်းကူးတာတောင် သံစကာနဲ့ကာပြီး တားယူရတယ်လားလို့ ပြောပြီးရယ်မှာကို တွေးပြီး မခံချင်ဘူးဗျ”
“မခံချင်ဖြစ်မနေနဲ့ဦး ဦးကံမြင့်ရေ၊ မခံချင်လို့ အဲဒီသံစကာကို အခုဖြုတ်ကြည့်၊ အခုပြန်ပြီး ထင်သလို ကူးကြ ဖြတ်ကြဦးမှာပဲ”
ပြောမယ့်သာ ပြောလိုက်ရသော်လည်း ဦးဘပွားသည် ထိုသူများထဲတွင် သူကိုယ်တိုင် ရှေ့ဆုံးကများ ပါနေမလားဟု တွေးပြီး ပြုံချင်သွားသည်။ သံစကာတွေမကာမီက သူသည် ရွှေဘုံသာလမ်းတွင် ကားရပ်ပြီး ဗိုလ်ချုပ်လမ်းကို ခပ်သုတ်သုတ် ဖြတ်ကူးတတ်သူဖြစ်သည်။ ဗိုလ်ချုပ်ဈေးသစ်ရှေ့ တံတားအထိ လျှောက်ပြီးမှ တံတားပေါ်တက်ကာ ကူးရမည်ကို သူစိတ်မရှည်လှ။
ဘဘကြီး ဦးကံမြင့်နှင့် ဖေဖေ တော်တော်တူသည်ဟု တွေးရင်း ရယ်မိသည်။ သူ့ဖခင် ဦးရန်ဝေးကလည်း “လမ်းဘေးရေအိုးစင်က ရေခွက်ကလေးတွေကို ကြိုးချည်ထားရသမျှ ကာလပတ်လုံး ငါတို့လူမျိုး ကမ္ဘာ့ရှေ့တန်းကို ရောက်လာဦးမှာမဟုတ်ဘူး” ဟု ပြောသည်။
ထိုသို့ အသိစိတ်ဓာတ်အကြောင်း၊ စည်းကမ်းအကြောင်း မကြာခဏပြောတတ်သော သူ့ဖခင်သည်ပင် တစ်ခါကလမ်းကို နီးရာ ဖြတ်ကူးမိသောကြောင့် ဒဏ်ငွေထိဖူးသည်။
“ဖေဖေက ပြောတယ်၊ သိတာကတော့သိတာပေါ့တဲ့။ ဒါပေမယ့် တကယ်ကျင့်ဖို့ကျတော့ သတိလစ်တယ်တဲ့။ ငါတောင် တစ်ခါတစ်လေ အလျင်လိုနေရင်း သံဇကာကို ကျော်တက်ချင်စိတ်ပေါက်လာတတ်တယ်တဲ့”
“အဲဒါပြောတာပေါ့ကွ၊ ကားလမ်းဆိုတာ လူကူးမျဉ်းကျားကျမှ ဖြတ်ရမည်ဆိုတဲ့ အခြေခံအသိစိတ်ဓာတ်ကလေးကိုတောင် ဘယ်သူ့စိတ်ထဲမှာမှ မစွဲမြဲသေးဘူး၊ အဖမ်းခံရရင် ဆဲဦးမယ်”
“ဒါတော့ ဖမ်းတယ်ဆိုရင်တော့ ဆဲမှာပဲဗျ”
ဦးဘပွားက တည်တည်ကြီး ပြောသည်။ သူ့ကိုသာ ဖမ်းလျှင်လည်း သူကစိတ်ဆိုးမိမည်မှာ ဧကန်ပင်ဖြစ်သည်။
“အဲဒါကြောင့် အသိစိတ်ဓာတ်လိုသေးတယ်လို့ ပြောတာပေါ့၊ ဖမ်းတယ်ဆိုတာ ဘာကြောင့်ဖမ်းသလဲ၊ ခင်ဗျားကသာ ဘာစည်းကမ်းကိုမှ မဖောက်ဖျက်ရင် မကျူးလွန်ရင်”
ဦးကံမြင့်သည် သူ့စကားကို သူအဆုံးမသတ်နိုင်ဘဲ ရပ်သွားသည်။ အိမ်ရှေ့တွင် လေးဘီးကားလေးတစ်စီး ထိုးဆိုက်လာသောကြောင့်ဖြစ်ပါသည်။
“ဟုတ်တယ်၊ အိမ်နံပါတ် (၅၂)ပဲ" ဟုပြောသောအသံကိုလည်း ကြားလိုက်ရသည်။
" ကားထဲမှ လူ လေးဦး ဆင်းလာကြသည်။ အမျိုးသမီးက နှစ်ယောက်၊ အမျိုးသားက နှစ်ယောက်ဖြစ်သည်။
“ဦးရန်ဝေးတို့အိမ် ဒီအိမ်လားခင်ဗျ”
အသားညိုညို၊ နှာတံပေါ်ပေါ်နှင့်လူက မေးသည်။ ထိုင်ရာမှထလာသော ကိုဦးကိုမြင်တော့ “ဟာ”ဟု လက်ညှိုးထိုးကာ ဘာမှဆက်မပြောဘဲ ရပ်သွားသည်။
“ဟာ ဦးဦး”
သူ့ကို ကိုဦး ကောင်းစွာသိသည်။ ဖေဖေ၏သူငယ်ချင်း ဦးဆောင်ဖြစ်သည်။ ရွှေဘိုဆောင်မှ အဆောင်မှူးဖြစ်ပြီး ချစ်စဖွယ် သမီးချောချောလေးများလည်းရှိသည်ကိုလည်း ကိုဦးမှတ်မိသည်။
“ဖေဖေ ခရီးသွားတယ်လေ ဦးဦးရဲ့၊ ဘွားဘွားကြီး ဆုံးသွားလို့လေ”
“အင်း ဟုတ်တယ်လေ”
ဦးဆောင်က ခေါင်းညိတ်သည်။
“မနေ့တုန်းက ပြန်ထွက်လာပြီ လမ်းမှာ တစ်ညအိပ်ရမယ်တဲ့၊ ဒီကို ညနေလောက်မှ ရောက်မယ်တဲ့”
“ဟုတ်လား”
ကိုဦးက သွက်လက်ချက်ခြာစွာ ပြောနေသော်လည်း ဦးဆောင်ကို ကြည့်ရသည်မှာ ရွှင်ရွှင်ပျပျ မရှိလှချေ။ ကိုဦးပြောသမျှကို သံယောင်လိုက်ကာပြောရင်း ကိုဦး၏နောက်မှ ကိုတူးကို လှမ်းကြည့်သည်။ ကံကောင်းကို မနိုင်မနင်း ချီထားသော ကဲကဲက သွားကျဲလေးနှင့် ရယ်ပြသောအခါတွင်ကား သူ့မျက်နှာသည် ညှို့ခနဲ ဖြစ်သွားလေသည်။
“အဲဒါ ဖေဖေ့သူငယ်ချင်းတွေလေ ဘဘကြီးရဲ့၊ ဒီဦးဦးက ဦးကြည်ဝမ်းတဲ့ သထုံဆောင်က အဆောင်မှူး။ ဒီဦးဦးက ဦးဆောင်တဲ့၊ ဟိုအန်တီတွေကရော”
“သူကလဲ ဌာနက ဆရာမတွေပါပဲကွာ”
ဦးကြည်ဝမ်းက ဖြေသည်။ ဆရာမများသည် အခန်းထဲဝင်မလာဘဲ အန်တီမွှေးနှင့်သာရပ်ကာ စကားပြောနေသည်ကို တွေ့ရသည်။ ထို့နောက် အန်တီမွှေး၏အခန်းထဲသို့ ဝင်သွား၍ ကဲကဲက “အဲဒီအန်တီတွေက အန်တီမွှေးရဲ့ သူငယ်ချင်းတွေ” ဟု ပြုံးကျဲကျဲလေး ဝင်ပြောသည်။
ကလေးများက သတိမထားမိသော်လည်း ဦးဘပွားသည် ရောက်လာသော ဧည့်သည်လေးဦးလုံး မျက်စိမျက်နှာ ပျက်တက်တက် ဖြစ်နေသည်ကို သတိထားမိသည်။
“ကိုဦးရေ ... ဧည့်သည်တွေကို အလျင်ထိုင်ခိုင်းဦးလေကွာ”
ဦးကံမြင့်က သတိပေးသလို ပြောမှ ဆရာနှစ်ဦးလည်း ဧည့်ခန်းထဲဝင်လာကာ ထိုင်သည်။ ခေတ္တမျှငြိမ်နေပြီး ဆရာဦးကြည်ဝမ်းက “ဒီနေရာလေး ကောင်းတယ်နော်။ ဈေးလဲနီး၊ ကျောင်းလဲနီး၊ ကားဂိတ်နဲ့လည်းနီး” ဟုပြောသည်။ ဆရာဆောင်က “ရပ်ကွက်ကလေးကလဲ သန့်” ဟုဆက်သည်။ သူတို့နှစ်ဦးအား အကဲခတ်နေကြဟန်ရှိသော မူလလက်ရှိ အခန်းထဲမှ လူများအား ပြုံးပြရန် ကြိုးစားသည်။
“သူတို့ ဘာလာလုပ်ကြတာပါလိမ့်”
ဦးဘပွားက စဉ်းစားနေသည်။ ရပ်ကွက်ကလေးသန့်ကြောင်း၊ နေရာကောင်းကြောင်း ပြောဖို့အတွက်တော့ သူတို့ တတန်တက လာခဲ့ကြလိမ့်မည် မဟုတ်ပေ။ ထိုစဉ် မမွှေးကြူ ရောက်လာကာ ကလေးများကို ခေါ်သည်။
“အန်တီမွှေး သာကူကြိုထားတယ်။ သာကူသောက်လိုက်ပါဦးကွယ်၊ ဧည့်သည်တွေက ဘဘကြီးတို့နဲ့ စကားပြောနေမှာပေါ့”
ကဲကဲ၏လက်ထဲမှ ကံကောင်းကို လှမ်းချီလိုက်ရင် မမွှေးကြူက ပြောသည်။ ကိုတူး၏ပခုံးကို အသာဖက်ကာ ခေါ်သွားရင် ဦးဘပွားတို့အား လှည့်ကြည့်သည်။ မမွှေးကြူ၏မျက်လုံးများက အထိတ်တလန့်ဖြစ်နေသော မျက်လုံးများဖြစ်သည်။ ထို့ပြင် မမွှေးကြူသည် မျက်လုံးများမှတစ်ဆင့် သူ့ကို တစ်စုံတစ်ခု လှမ်း၍ပြောလိုက်သည်ဟု ဦးဘပွားထင်မိသည်။ မျက်နှာက ပြုံးနေသော်လည်း ထိုအပြုံးက အသက်မပါကြောင်းလည်း သူသတိထားမိသည်။
“အန်တီမွှေး ဘာဖြစ်လို့လဲဟင်”
ကိုဦးက မေးသည်။ သူ့စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည်။ သူတို့ကို လူကြီးများက တစ်စုံတစ်ခု ဖုံးကွယ်ရန် ကြိုးစားနေသည်ဟု ချက်ချင်းရိပ်မိလိုက်သည်။ ဖေဖေသည် ဘွားဘွားကြီး ဆုံးကြောင်း သတင်းကို သယ်ဆောင်လာစဉ်က ထိုကဲ့သို့သောမျက်နှာထား ရှိခဲ့သည်ကို သူသတိရသည်။
“ဘာဖြစ်လို့လဲဟင် အန်တီမွှေး”
“ဘာမှ မဖြစ်ပါဘူးကွယ်”
မမွှေးကြူ၏အသံက အတန်ငယ် အဖျားခတ်ကာ တုန်ယင်သွားသည်။ ထို့နောက် မျက်လုံးကိုပွတ်ကာ “မနက်တုန်းက ငရုပ်ဖတ်ဝင်သွားတာ၊ ခုထိစပ်တုန်းပဲ” ဟုပြောသည်။
ကလေးသုံးဦးလုံး တစ်ဖက်ခန်းပါသွားသောအခါမှ ကျန်ရစ်သော ဆရာနှစ်ဦးသည် သက်မချလိုက်ကြသည်။ ဟန်ဆောင်ပြုံးသော အပြုံးများသည် သူတို့မျက်နှာပေါ်မှ ကွာကျသွားသည်။ စိတ်မချမ်းမြေ့ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း စသော အရိပ်အယောင်များက အထင်းသား ပေါ်လွင်လာသည်။
“မနက်ကပဲ ကျွန်တော်တို့ဌာနကို တယ်လီဖုန်းသတင်း ဝင်တယ်ခင်ဗျ”
နားစိုက်၍ထောင်နေရသဖြင့် ဦးကံမြင့်၏ဦးခေါင်းသည် ရှေ့ဘက်သို့ ငိုက်ကျလာသည်။ တစ်စုံတစ်ခုသော အပြောရခက်သောသတင်းဆိုးကို သူတို့သယ်ဆောင်လာခဲ့ကြသည်ကိုလည်း ချက်ချင်း နားလည်လိုက်သည်။
“မနေ့တုန်းက ကား အဲ ...ဆရာကိုရန်ဝေးတို့စီးလာတဲ့ ကားကြီး ညောင်ကျိုးမရောက်ခင် တောင်ပေါ်မှာ ဘီးပြုတ်ထွက်ပြီး......ချောက်.....ထဲ....ထိုး.......ကျ...သွားတယ်တဲ့”
“ဘုရား...ဘုရား”
ဦးဘပွားသည် ဘုရားကို မတစဖူး တလိုက်မိသည်။ သဘောကောင်းပြီး ရိုးသားသော ဆရာဦးကြည်ဝမ်း၏ မျက်နှာဝိုင်းဝိုင်းကြီးကို သတိလက်လွတ် ငေးကြည့်နေရင်း “ငါ နားကြားလွဲသွားတယ် ထင်ပါရဲ့” ဟု တွေးလိုက်မိသည်။
“အဲဒါ .. အဲဒါ ကားကလဲမီးလောင်ပြီး သူတို့နှစ်ယောက်လုံးရော တခြားခရီးသည် တော်တော်များများရော အဲဒီနေရာမှာတင်”
ဆရာ ဦးဆောင်က စကားကို အဆုံးမသတ်ဘဲ ရပ်လိုက်သည်။ ထက်မြက်စူးရှသော မျက်လုံးများတွင် မျက်ရည်ကြည်များ ရစ်ဝဲနေသည်။
“ဘုရား.....ဘုရား.....ဒါဟာ တကယ်မဟုတ်နိုင်ပါဘူး”
ဦးဘပွားသည် သူ့လက်ထဲမှ ကံ့ကော်ပွင့်လေးကို ယောင်ရမ်းပြီး ဆုတ်ချေပစ်လိုက်သည်။
“သူတို့နှစ်ယောက်လုံး အဲဒီနေရာမှာတင်” ဟူသော စကားကို စိတ်ထဲမှ ထပ်ပြန်တလဲလဲ ရွတ်ကြည့်နေမိရင်း တဖြည်းဖြည်း ထိတ်လန့်ကာ တုန်လှုပ်လာသည်။
“ဒါဆိုရင် သူတို့ ... သူတို့”
“ဟုတ်ကဲ့ မနေ့ကတည်းက ဆုံးသွားကြ”
သင်းပျံ့သော ကံ့ကော်ရနံ့သည် အခန်းထဲမှ လွင့်စင်ထွက်ပြေးသွားသည်ဟု ထင်လိုက်မိသည်။ ဦးဘပွား၏ရင်ထဲတွင် ရုတ်တရက် မွန်းကျပ်ကာ နာကျင်လာသည်။
“သေဖို့ကောင်းတာက ငါ၊ သေဖို့ စောင့်နေတာက ငါ၊ အခုတော့ ငါကမသေဘဲ သူတို့က ဘာဖြစ်လို့ မဆီမဆိုင် ဝင်သေကြရတာလဲ” ဟု စိတ်ထဲမှ အော်ကာ ဟစ်ကာ ပြောနေရင်း ချောင်းတွေ တဟွတ်ဟွတ်နှင့် ဆိုးလာသည်။
“ကလေးတွေကို ကျွန်တော် ဘယ်လိုပြောရမလဲ၊ အမှန်အတိုင်းလဲ မပြောရဲဘူး၊ ညာပြောရအောင်လဲ ဘယ်လောက်ကြာအောင် ညာထားနိုင်မှာမို့လဲ”
အဘိုးကြီးနှစ်ဦးကို ဆရာနှစ်ဦးက အားကိုးတကြီး ကြည့်နေသည်။
“ဦးတို့လို အိမ်နီးနားချင်းတွေကတော့ ကြည့်ရှုဖျောင်းဖျပြီး ပြောပေးနိုင်မယ်လို့ ထင်တာနဲ့”
ဦးကံမြင့်၏နဖူးတွင် ချွေးတွေစို့လာသည်။ မိခင်ဖခင်ပြန်အလာကို ဝမ်းပန်းတသာစောင့်နေကြသော လူမမယ် ကလေးငယ်သုံးဦးအား"မင်းတို့အဖေတွေ အမေတွေတော့ သေကုန်ပြီ။ ပြန်လာတော့မှာ မဟုတ်ဘူး"ဟူသောစကားကို အဘယ်သူသည် ပြောထွက်နိုင်ပါမည်နည်း။
ဦးဘပွားကမူ သူ့လည်ချောင်းကို သူဖိကာ ချောင်းဆိုးရပ်အောင် ကြိုးစားရင်း “သေရမှာက ငါပါကွာ” ဟုသာ ထပ်ခါတလဲလဲ စဉ်းစားနေမိလေသည်။
“ဘဘကြီး”
ကိုဦးက တုန်ယင်အက်ကွဲသောအသံနှင့် အော်ခေါ်သည်။ အခန်းထဲသို့ ကမူးရှူးထိုးနှင့် ပြေးဝင်လာသည်။
“ဖေဖေတို့စီးလာတဲ့ကား တောင်ပေါ်မှာ မှောက်သွားတယ်တဲ့”
“အေး”
ကိုဦး၏အသံက ကျယ်လောင် ကြမ်းရှသော်လည်း ဦးဘပွား၏အသံကမူ လည်ချောင်းထဲမှပင် ကောင်းကောင်းမထွက်။
“ဖေဖေတို့ ဒဏ်ရာရတယ်တဲ့”
“အေး”
တုန်တုန်လှုပ်လှုပ်ဖြစ်နေသော ကိုဦးအား ဦးဘပွားက အထိတ်တလန့် ကြည့်နေမိသည်။ ကိုဦးက“ဖေဖေတို့ သေကုန်ကြပြီလား ဘဘကြီးရယ်” ဟူ၍ ဆက်မေးလာလျှင် သူဘာလုပ်ရမည်နည်း။ ဘယ်လိုများ ဖြေရမည်နည်းဟု စဉ်းစားရင်း ရင်ထဲတွင် မွန်းကျပ်ကာ နဖူးပြင်တွင် ချွေးတွေစို့လာသည်။
“မေမေရော ဒဏ်ရာရတယ်တဲ့”
“အေး”
ကိုဦးက ထပ်ပြောသည်။ ဦးဘပွားက ခေါင်းညိတ်သည်။ ထို့နောက် ကိုဦးအား“သိပ်မစိုးရိမ်ပါနဲ့” ဟူသော သဘောနှင့် နှစ်သိမ့်သလို ပြုံးပြရန် ကြိုးစားသည်။ ပြုံးလည်းပြုံးပြသည်။ သို့သော် သူ့အပြုံးက မပီပြင်ချေ။ ထို့ပြင် မျက်နှာကလည်း ဖြူဖတ်ဖြူရော် ဖြစ်နေသည်ကို အကင်းပါးသောကိုဦးက ချက်ချင်းပင် သတိထားလိုက်မိသည်။
ထို့ကြောင့် ဘဘကြီးသည် ဖေဖေတို့သတင်းကို ကြားပြီးဖြစ်ကြောင်းကိုလည်းကောင်း၊ ထိုသတင်းသည် သူကြားသည်ထက် ပိုပြီး ဆိုးရွားနေပြီဖြစ်ကြောင်းကိုလည်းကောင်း ချက်ချင်း ရိပ်မိလိုက်လေသည်။
“ကျွန်တော့်ကို အမှန်အတိုင်း ပြောပြကြပါဦး ဦးတို့ရယ်”
ကိုဦးက ဆရာ ဦးဆောင်တို့ကို တုန်ယင်ချောက်ချားစွာ မေးသည်။
“ဒဏ်ရာက ဘယ်မှာလဲဟင်။ လက်လား၊ ခြေထောက်လား၊ ဒါမှမဟုတ် ခေါင်းလား”
ဦးကြည်ဝမ်းက အဖြေမပေး၊ တစ်စုံတစ်ခု ပြောမည်လုပ်ပြီးမှ တံတွေးကို ဂလုကနဲ မျိုသည်။ ဆရာဦးဆောင်ကတော့ ကိုဦးကို နှစ်သိမ့်ရန် ကြိုးစားသည်။
“ဦးဦးတို့လဲ တွေ့မှမတွေ့ရသေးတာ သားရယ်၊ အတိအကျတော့ မသိဘူးပေါ့”
“ဒီလိုဆို ဦးဦးတို့ ဘာသိလဲ။ ဦးဦးတို့ သိတဲ့အတိုင်း ကျွန်တော့်ကိုပြောပြပါ"
ကိုဦးသည် သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားနေသော်လည်း မအောင်မြင်ပေ။
“ညီလေးနဲ့ ညီမလေး မလာခင် ကျွန်တော် အမှန်အတိုင်း သိပါရစေ၊ ဖေဖေနဲ့မေမေတို့ ဘာ ဘာဖြစ်သွားကြ”
ကိုဦးသည် လူကြီးများ၏မျက်နှာကို အားကိုးတကြီးနှင့် အမောတကော လိုက်ကြည့်သည်။ သို့သော် သူနှင့် မည်သူကမျှ မျက်နှာချင်း အဆုံမခံကြချေ။ ဦးဘပွားက စားပွဲကြီးကို ငုံ့ကြည့်နေကာ ဦးကံမြင့်က ကံ့ကော်ပန်းလေးများကို စိုက်ကြည့်နေသည်။ ဆရာ ဦးဆောင်နှင့် ဦးကြည်ဝမ်းတို့ကလည်း တဆတ်ဆတ် တုန်ယင်နေသော ကိုဦး၏လက်ချောင်းလေးများကိုသာ ကြည့်နေကြသည်။
ကိုဦး၏တစ်ကိုယ်လုံး ချက်ချင်းပင် အေးစက်လာသည်။ ကားမှောက်ရာတွင် ပါဝင်ခဲ့သော ဖေဖေနှင်မေမေတို့သည် ဒဏ်ရာရရုံသာမကဘဲ အဆိုးရွားဆုံး အခြေအနေတစ်ခုကို ရင်ဆိုင်ခဲ့ကြရပြီးဖြစ်ကြောင်းကို သိသွားသည်။ ထိုအသိသည် စူးရှချွန်မြသော ဓားတစ်လက်လို သူ့ရင်ထဲသို့ တစ်ထစ်ချင်း တစ်လွှာချင်း စူးနစ် ဝင်ရောက်လာနေလေသည်။
“ကျွန်တော့်ကို မညာပါနဲ့”
ကိုဦးက အော်သည်။ ရှေ့သို့ တစ်လှမ်းတိုးတော့မည်ဟန်ပြင်ပြီးမှ ရုတ်တရက် ယိုင်သွားကာ နောက်ဘက်သို့ ဆုတ်လိုက်သည်။
“မညာပါနဲ့”
ထိုစကားကိုပင် အိပ်မက်မက်နေသူလို ထပ်ပြောရင်း နောက်ဘက်သို့ တစ်လှမ်းချင်း ဆုတ်နေသည်။ နံရံနှင့်ကျော ကပ်မှီမိပြီး နောက်ထပ်ဆုတ်စရာနေရာ မရှိတော့သောအခါတွင်ကား ကိုဦးသည် ပြေးစရာမြေမရှိတော့သလို မျက်လုံးတွေ ဝိုင်းဝိုင်းလည်လာလေသည်။
“ဖေဖေပြန်လာမယ် မဟုတ်လားဟင် ဦးဦး၊ မေမေလဲ နေကောင်းပါတယ်နော်၊ ဘာမှမဖြစ်ပါဘူးနော်”
နှုတ်မှသာ “မညာပါနဲ့ ”ဟုပြောနေသော်လည်း ကိုဦးသည် အညာခံချင်နေလေသည်။ သို့သော် သူ့ကို မျက်ရည်ဝေသော မျက်လုံးများနှင့် ကြည့်နေကြသူများက ထပ်မံ၍ ညာရန် မကြိုးစားကြတော့ချေ။
“သတိထားပါ သားရယ်၊ သားက အကြီးဆုံး မဟုတ်လား”
ဆရာနှစ်ဦးက နေရာမှ ထကာ ကိုဦးဆီသို့ လျှောက်လာကြသည်။
“ညီလေးနှင့် ညီမလေး ရှိသေးတယ်လေ။ သားက ကိုယ့်ကိုယ်ကို ထိန်းမှပေါ့”
ဆရာနှစ်ဦး၏မျက်လုံးထဲတွင် အမှန်တရားကို တွေ့လိုက်ရသောအခါတွင်ကား ကိုဦးသည် အသက်ရှူရန်ကိုပင် မေ့သွားသည်။ ချွန်မြသော ဓားသွားသည် သူ၏အသဲနှလုံးဆီအထိ နစ်ဝင်သွားသလို ခံစားရသည်။
ထို့နောက် လက်ခံရန် ခက်ခဲလှသော ကြောက်ရွံ့လှသော အသိတစ်ခုသည် ခန္ဓာကိုယ်တွင် လည်ပတ်နေသော သွေးများထဲတွင် ရောပါသွားသည်။ ထိုအသိက သူ့တစ်ကိုယ်လုံးကို စောင်မည်းကြီးလို တဖြည်းဖြည်း လွှမ်းခြုံ အုပ်စိုးလာသည်။
“ဖေဖေရယ် ပြန်လာပါ။ သားတို့ဆီကို မြန်မြန်ပြန်လာပါ မေမေရဲ့”
ကိုဦးက တအားအော်လိုက်သည်။ သို့သော် ထိုအသံသည် အပြင်သို့ထွက်မလာဘဲ လည်ချောင်းထဲတွင် ပျောက်သွားသည်။ ဖေဖေမေမေတို့သည် သူတို့ကို ထားခဲ့ကာ အပြင်သို့ထွက်သွားကြသည်။ ဝေးဝေးသို့ မရောက်နိုင်သေး၊ သူ အတင်းပြေး၍ လိုက်လျှင် မီနိုင်သည်။ လက်ဆွဲပြီး အတင်းပြန်ခေါ်ခဲ့မိမည်။
“မေမေ”
ပါးပေါ်မှ မျက်ရည်များကို လက်နှစ်ဖက်နှင့်ပွတ်သုတ်ကာ ကိုဦးက အသံကုန်အော်လိုက်သည်။ သူ့ပခုံးကို သိုင်းဖက်ထားသော လက်များကို တွန်းဖယ်ကာ တဟုန်ထိုး ပြေးထွက်လိုက်သည်။
“ကိုဦး မပြေးနဲ့”
ဦးကံမြင့်က စိုးရိမ်တကြီး လှမ်းအော်သည်။ လမ်းပေါ်တွင် ယာဉ်သွားယာဉ်လာက မပြတ်တတ်။
“ကိုဦး”
ဦးဘပွားကလည်း အော်သည်။ သို့သော် ကိုဦး၏နောက်သို့ စိတ်ကသာ ပြေးလိုက်ပြီး လူကမလိုက်နိုင်။ သူ၏ခန္ဓာကိုယ်သည် ကျောက်တုံး၊ ကျောက်ခဲကြီးလို လေးလံနေသည်။
“ကိုဦး ... သား”
တံခါးဝသို့ ရုတ်တရက် ရောက်လာသော ကိုကောင်းထက်က အခြေအနေအရပ်ရပ်ကို ချက်ချင်း နားလည်သွားသည်။ ကမူးရှူးထိုး ပြေးလာသော ကိုဦးအား အတင်းဆီး၍ ဖက်ထားလိုက်သည်။ အေးစက်တုန်ယင်နေသော ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲတွင် မြုပ်နေအောင် ဖက်ထားရင်း “ဦးကောင်းတို့ ရှိပါသေးတယ် ကလေးရယ်” ဟု လှိုက်လှဲကြင်နာစွာ ပြောလေသည်။
* * *
သည်တစ်ခါတော့ ဦးထင်သည် အရက်နာမကျဘဲနှင့် ခေါင်းထဲတွင် စစ်စစ်ကိုက်ခဲနေလေသည်။ ကလေးများ၏ ဝမ်းပမ်းတနည်း ငိုရှိုက်သံသည် သူ့နှလုံးသားကို ဓားနှင့် ရိပ်ရိပ်မွန်းနေသလို နာကျင်စေသည်။ မိဘရင်ခွင်တွင် ကြောင့်ကြမဲ့စွာ နေလာခဲ့ကြသော ကလေးငယ်သုံးဦး၏ ဘဝရှေ့ရေးကို သူ မတွေးရက်ချေ၊ ကလေးများ အငိုတိတ်အောင်လည်း သူ မနှစ်သိမ့်တတ်၊ မချော့တတ်ချေ။
“သူတို့ နှစ်ယောက်လုံး သေသွားကြပြီတဲ့၊ အဲဒါ တကယ်လား၊ ဟုတ်မှဟုတ်ရဲ့လား”
ကလေးတွေ မဆိုထားနှင့်၊ သူလို အသက်ခြောက်ဆယ်ကျော် အဘိုးကြီးကပင်လျှင် ထိုကိစ္စကို မယုံချင်။ တစ်စုံတစ်ဦးကများ အတည်ပေါက်နှင့် နောက်ပြောင်လေရော့သလားဟု တွေးနေသည်။ ထိုသို့ပင် ဖြစ်ပါစေဟုလည်း မဖြစ်နိုင်မှန်းသိလျက်နှင့် ဆုတောင်းနေမိလေသည်။
သူ့သား ကိုကောင်းထက်ကတော့ “ဖြစ်မှဖြစ်ရလေဗျာ” ဟု မချိတင်ကဲပြောရင်း သက်ပြင်းကြီး တဟင်းဟင်း ချနေသည်။ မမွှေးကြူကမူ ကိုတူးနှင့် ကဲကဲကို မလွတ်တမ်း ဖက်ထားသည်။ ကလေးတွေကို “မငိုပါနဲ့ကွယ်” ဟု ပြောနေသော်လည်း သူက မျက်ရည်ကျနေသည်။ အဆိုးဆုံးကတော့ ဟိုအဘွားကြီး ဒေါ်ရွှေနုဖြစ်သည်။
“အံမာ... လေးရဲ့ လေး။ အဖြစ်ဆိုးလှချည်လား မခင်လှရဲ့” ဟု ခုနှစ်အိမ်ကြား အော်သည်။ ရှိုက်ငင်နေသော ကဲကဲ၏ပခုံးလေး နှစ်ဖက်ကို ကိုင်လှုပ်ပြီး "ကဲကဲရေ... မြေးလေးရဲ့၊ နင့်အမေ ပြန်မလာတော့ဘူး..”ဟုလည်း အလိုက်ကန်းဆိုးမသိ ပြောသေးသည်။
“တစ်ခုတော့ ကောင်းပါတယ်လေ၊ ငါ့မှာ သူ့ကို အမြင်ကတ်နေရတော့ စိတ်ထဲမကောင်းဖြစ်နေတာ လျော့သွားတာပေါ့”
ရုတ်တရက် ချက်ချင်း အသုဘအိမ်ဖြစ်သွားသော သူတို့တိုက်တွင် လူဝင်လူထွက် ရှုပ်လာသည်။ ဆင်းကြ တက်ကြ မေးကြ မြန်းကြနှင့် ဆိုတော့ မမွှေးကြူတို့သားအမိက လုံးဝမအားကြတော့ချေ။ ကံကောင်းကို တစ်ယောက်တစ်လက် ဝိုင်းချီနေကျဖြစ်သော ကဲကဲတို့မောင်နှမကလည်း ဂရုမစိုက်အားကြသောအခါ ဖိုးကံကောင်းခမျာ ဦးထင်၏လက်ပေါ် ရောက်လာသည်။
ဦးထင်သည် ကံကောင်းကို ချီကာ လမ်းလျှောက်လိုက်၊ ကိုရန်ဝေးနှင့် မခင်လှတို့ကို ကြေကွဲစွာ သတိရလိုက်၊ ကလေးတွေကို သနားလိုက်၊ ဒေါ်ရွှေနုကို မြင်ပြင်းကတ်လိုက်နှင့် အချိန်နာရီအတော်များများကို လူရောစိတ်ပါ ပင်ပန်းစွာနှင့် ကုန်ဆုံးခဲ့ရသည်။
ညနေစောင်းရောက်တော့ ဖိုးမူနှင့် ဖိုးခွား မောင်နှမနှစ်ယောက် မျက်နှာငယ်ကလေးများနှင့် ရောက်လာသည်။ ဦးထင်၏လက်ထဲတွင် ပျင်းပြီးငိုက်နေသော ကံကောင်းကို ခေါ်သွားကြသည်။
“မောင်မင်းကြီးသားတို့ မောင်နှမ ကျေးဇူးတင်လိုက်တာဗျာ”
ဦးထင်သည် မီးဖိုချောင်နံရံကိုမှီကာ သမံတလင်းပေါ်တွင်ပင် ခြေပစ်လက်ပစ် ထိုင်ချသည်။ သူ ဘယ်သူနှင့်မှ စကားမပြောချင်။ ကဲကဲတို့မောင်နှမတစ်တွေနှင့် မျက်နှာချင်းဆိုင်ရမှာကိုလည်း ဝန်လေးနေသည်။ မည်သူနှင့်မျှ မတွေ့ရသော ချောင်ကလေးတစ်ချောင်တွင် တိတ်တိတ်ဆိတ်ဆိတ်ကလေး ထိုင်နေချင်သည်။ ထို့နောက် အရက်တွေမူးအောင်၊ ဒေါင်ချာစိုင်းအောင် သောက်ပစ်လိုက်ချင်သည်။ ထိတ်လန့်ခြင်း၊ တုန်လှုပ်ခြင်း၊ သနားခြင်း၊ ဝမ်းနည်းခြင်း စသော စသော ဝေဒနာများကို သူ မခံစားလိုပေ။
“သူတို့နှစ်ယောက်လုံး ငါ့ထက် အများကြီး ငယ်ကြသေးတယ်၊ လောကမှာလည်း အသုံးကျနေကြတယ်၊ အနည်းဆုံး ကလေးသုံးယောက်အတွက် သူတို့ကိုလိုအပ်တယ်”
သို့ပါသော်လည်း သေခြင်းတရားသည် ကြီးခြင်း၊ ငယ်ခြင်း၊ လူ့လောကတွင် လိုအပ်ခြင်း၊ မလိုအပ်ခြင်း၊ အသုံးကျခြင်း၊ အသုံးမကျခြင်းများကို မကြည့်ခဲ့ပေ။
“ငါကတော့ အသက်ခြောက်ဆယ်ကျော်နေပြီ။ လောကမှာလဲ အသုံးမကျဘူး၊ ငါမရှိလို့လဲ ဘယ်သူ့မှာမှ မနစ်နာဘူး”
ဦးထင်က သက်ပြင်းကြီး ဟင်းခနဲချသည်။
“ငါ ဘာကုသိုလ်ကောင်းမှုကိုမှ သတ်သတ်မှတ်မှတ် မလုပ်ဖူးဘူး”
ဦးထင်က သူကျော်ဖြတ်ခဲ့သော အချိန်များကို ပြန်ပြောင်းတွေးနေမိသည်။ ဒါနနှင့်ပတ်သက်သော ကောင်းမှု၊ သီလနှင့်ပတ်သက်သောကောင်းမှု၊ ဘာဝနာနှင့်ပတ်သက်သောကောင်းမှု၊ ဘာတစ်ခုမျှ ရေရေရာရာမရှိခဲ့သည်ကို သတိရရင်း ရင်ထဲတွင် လေးလေးလံလံကြီး ဖြစ်သွားသည်။ ကောင်းသောအလုပ်ကို မလုပ်ခဲ့သူသည် သေသည်၏အခြားမဲ့၌ ကောင်းသောနေရာသို့၊ ကောင်းသောဘုံဘဝသို့ ရောက်နိုင်လိမ့်မည် မဟုတ်ကြောင်းကိုလည်း သူသိသည်။
ဘုရား တရားကို နှစ်နှစ်ကာကာ ယုံကြည်သက်ဝင်ပြီး ကိုးကွယ်ဆည်းကပ်ခြင်း မပြုခဲ့မိသော်လည်း နောက်နောင်ဘဝများနှင့် သံသရာ၏အကျိုးဆက်ကိုတော့ သူယုံကြည်သည်။
“ကိုရန်ဝေးတို့လိုသာ ငါလဲ ရုတ်တရက် သေသွားမယ်ဆိုရင်”
ကြောင်အိမ်အောက် ပြေးဝင်သွားသော ပိုးဟပ်တစ်ကောင်ကို ငေးကြည့်နေရင်းမှ ဦးထင်က တွေးမိသည်။
“ငရဲကျရင်လဲကျ၊ ငရဲမကျရင်လဲ တိရစ္ဆာန် ၊ အင်း... ဟောဟိုက ပိုးဟပ်လို ဘဝမျိုးကိုတောင် ရောက်ချင်ရင် ရောက်သွားနိုင်တယ်”
ပိုးဟပ်များကို တံမျက်စည်းနှင့် ရိုက်သတ်ပြီး မသေမရှင် လှည်းထုတ်ခဲ့သည်များကို သတိရပြီး ဦးထင်၏စိတ်ထဲတွင် မအီမသာဖြစ်သွားသည်။
ညနေစောင်းလာသောအခါတွင်ကား ဦးထင်သည် အိမ်ထဲတွင် မနေနိုင်တော့ပေ။ ယောင်လည်လည် ငုံ့လျှိုးလျှိုးနှင့် မသိမသာ ထွက်လာခဲ့သည်။ ထုံးစံအတိုင်း သောက်မည်။ ထို့နောက် ထုံးစံအတိုင်း မူးမည်။
“ဒီနေ့တော့ ထုံးစံအတိုင်းတောင် မဟုတ်ဘူး၊ ထုံးစံထက် ပိုပြီး မူးချင်တယ်၊ အားလုံးကို မေ့သွားအောင် မူးချင်တယ်။ ကိုရန်ဝေးတို့လင်မယား၊ ကိုဦးတို့မောင်နှမ နောက်ပြီး...နောက်ပြီးတော့ ...အဲဒီ သေခြင်းဆိုတဲ့တရား”
ဦးထင်သည် အရက်မသောက်ရသေးဘဲနှင့် မူးချင်ချင်ဖြစ်နေသည်။ ခေါင်းထဲတွင်လည်း လေးလံကိုက်ခဲနေသည်။ သူ အတန်ကြာအောင် မေ့လျော့နေခဲ့သော သေခြင်းတရားက သူ့ဆီ တစ်ကျော့ပြန်လာကာ “ကျုပ်ကို မမေ့နဲ့ဗျ“ ဟု ခြိမ်းခြောက်နေသလို ခံစားရသည်။ သူ၏မိခင်ဖခင်၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးမိတ်သင်္ဂဟများကိုသာမက သူ၏ချွေးမနှင့် မြေးလေးကိုပါ ခေါ်ဆောင်သွားဖူးသော သေခြင်းတရား၏ အေးစက်စိုထိုင်းသော လက်မည်းကြီးများ၏အရိပ်ကို ပြန်လည်တွေ့ရပြန်ပြီး၊ နာကျင်ကြေကွဲခြင်းများကို ခံစားရပြန်ပြီ၊ ငိုကြွေးသံများကို ကြားရပြန်ပြီ။
“ဘယ်တော့ ရောက်မလဲဆိုတာသာ အသေအချာ မသိရတာ၊ ငါ့အလှည့်လဲ ရောက်လာဦးမှာပဲ”
ဦးထင်က သူ့အလှည့်ကိုတွေးရင်း ကျောထဲတွင် စိမ့်တက်လာသော်လည်း မထီတရီပြုံးရန် ကြိုးစားမိသည်။ သို့သော် အောင်မြင်ချေ။ သေခြင်းတရားကို ကြောက်လှသည် မဟုတ်သော်လည်း၊ ထိုသေခြင်းဆိုသော တံခါးဝကြီး၏ ဟိုမှာဘက်တွင် ရှိနေမည့် တမလွန်ကို တွေးပြီးကြောက်နေမိသည်။
“ဪ ... တရားပွဲရှိနေတယ်ထင်”
မြသိန်းတန်ဓမ္မာရုံနား ရောက်လာတော့ စည်ကားလှုပ်ရှားနေသောသူများကို တွေ့ရသည်။ ဓမ္မာရုံထဲတွင်လည်း လူတွေပြည့်နေသည်။ နေရာမရတော့၍ လမ်းဘေးတွင် မတ်တပ်ရပ်နေသူများလည်း မနည်းလှပေ။
“ဘယ်ဆရာတော်ကြီးများ ကြွလာမှာလို့လဲ”
“တောင်တန်းသာသနာပြု ဆရာတော်ကြီးလေ”
ဦးထင်က “ဪ” ကို လေရှည်ဆွဲ၍ ရွတ်မိရင်း ထိုဆရာတော်ကြီး၏အကြောင်းကို စဉ်းစားသည်။ ဘုရားတရားနှင့် ခပ်ဝေးဝေးနေသူမို့ ထိုဆရာတော်ကြီးကို တစ်ခါမျှ မဖူးဘူးသော်လည်း ဆရာတော်ကြီး ပရိတ်ရွတ်လျှင် ပရိတ်အိုးများ ဆူကြောင်း ဝေကျကြောင်းကိုကား ကြားဖူးလေသည်။
“ဟို ပရိတ်အိုးဆူတယ်ဆိုတဲ့ ဆရာတော်ကြီးလား”
“ဟုတ်ပါ့ဗျာ”
ဦးထင်၏ဘေးတွင်ရပ်နေသော ပုဆိုးအညိုကွက်နှင့်လူက အားရပါးရ ခေါင်းညိတ်သည်။
“အဲသလို ဆူတာကို မြင်ဖူးလားဟင်”
ဦးထင်က မေးကောင်းလား မမေးကောင်းလားတော့မသိ၊ သိချင်ချင်ရှိသေးသည်ကို တဲ့တိုးကြီး မေးမိသည်။
“ဝေကျတာကိုတော့ မမြင်ဖူးသေးဘူး၊ ပုလင်းထဲမှာ ပလုံစီလေးတွေ ထပြီး ပွက်လာတာကိုတော့ မြင်ဖူးတယ်”
“အဟုတ်လား”
ဦးထင်က အံ့သြနေသည်။
“အဟုတ်ဗျား။ ပုလင်းကိုကိုင်ကြည့်တော့လဲ တရှိန်းရှိန်းနဲ့ကို သိသိသာသာကြီး ပူခြစ်လာတာပဲ”
“ပုလင်းတိုင်းလားဗျ”
“ဟုတ်ဘူးဗျ။ အဲဒီတုန်းက ကျွန်တော်လဲ ပရိတ်ရည် လိုချင်လို့ ပုလင်းထားတာပဲ၊ ဒါပေမယ့် ကျွန်တော့်ပုလင်းက နဂိုအတိုင်း အေးစက်လို့။ ဒါကတော့ ပုလင်းပိုင်ရှင်ချင်းကလဲ သီလသမာဓိ ကွာဦးမှာကိုး”
ဦးထင်သည် အရက်ဖြူဆိုင်ကို ခေတ္တမျှ မေ့လျော့သွားသည်။ သည်ဆရာတော်ကြီးအကြောင်း သူကြားဖူးနေသည်မှာ ကြာပြီ။ တိုက်တိုက်ဆိုင်ဆိုင် လာပြီးကြုံကြိုက်နေမှတော့ ဖူးဖြစ်အောင် ဖူးလိုက်ဦးမည်ဟု တွေးရင်း နေရာတွင် ဆက်လက်၍ ရပ်နေမိသည်။ သူ့ရင်ထဲတွင်သာမက သူ့ခေါင်းထဲမှာပါ လေးလံနောက်ကျိနေခြင်းများသည် ဆရာတော်ကြီးကို ဖူးလိုက်ရလျှင် အတန်ငယ် သက်သာသွားလိမ့်မည်ဟု ထင်နေသည်။
“လူတွေက နေဖို့ပဲ စဉ်းစားနေကြတယ်။ သေဖို့တော့ မစဉ်းစားကြဘူး၊ ကောင်းကောင်းနေရဖို့ချည်းပဲ ကြိုးစားနေကြတော့ ကောင်းကောင်းသေရဖို့အတွက် အချိန်မပေးနိုင်ကြဘူးလေ"
သူ့ဘေးတွင် ဖြတ်သွားသော အမျိုးသမီးကြီးနှစ်ဦးက ပြောသွားကြသည်။ နှစ်ဦးလုံး ယောဂီရောင်ထဘီတွေ ဝတ်ထားကြပြီး စိပ်ပုတီးလေးများ ပတ်ထားသော ပရိတ်ရေပုလင်းကို ကိုယ်စီကိုင်သွားကြသည်။
“အင်း ငါဆိုတဲ့အကောင်ကတော့ ကောင်းကောင်းနေဖို့လဲ မကြိုးစား၊ ကောင်းကောင်းသေဖို့လဲ မစဉ်းစား ဟတ် ... ဟတ်....... ဟတ်.... ဟား”
ဦးထင်က ရယ်ရန် ကြိုးစားရင်းမှ ငိုချင်နေသည်။ ကုန်လွန်ခဲ့သောအချိန်များ၊ သူ ဖြတ်သန်း ကျော်လွှားပြီး ဖြုန်းတီးခဲ့သောအချိန်များ၊ ထိုအချိန်များအတွက် တစ်သက်နှင့်တစ်ကိုယ် ပထမဦးဆုံးအကြိမ်အဖြစ် နောင်တရချင်ချင်ဖြစ်နေလေသည်။ သူ့ကို ချွေးမနှင့်မြေးက တရားမပြနိုင်ခဲ့သော်လည်း ကိုရန်ဝေးနှင့်မခင်လှကတော့ တရားပြနိုင်ခဲ့ပြီထင်သည်။
“ဟုတ်ပါရဲ့ဗျာ၊ သေခြင်းတရားဆိုတာက ဘယ်သူ့ကိုမှ ကြိုတင်သတိပေးနေမှာမဟုတ်ဘူး၊ သူလာချင်တဲ့အချိန်မှာ ဗြုန်းခနဲရောက်လာပြီး ကိုယ့်ကိုဆွဲခေါ်မှာဆိုတော့ ကိုယ်ကလဲ အမြဲအသင့်ရှိနေမှ တန်ကာကျမှာ”
ခုနတုန်းက ပရိတ်အိုးဆူကြောင်း ပြောပြခဲ့သည့် ပုဆိုးအညိုကွက်နှင့်လူက သူ့ဘေးမှ ရှမ်းဘောင်းဘီဝတ်ထားသောသူကို လှည့်ပြောသည်။
“ဘယ်သူအသင့်ရှိနိုင်မှာတုန်းဗျာ”
ဦးထင်က စိတ်ထဲမှ ခပ်ချဉ်ချဉ်နှင့် တွေးနေမိသည်။
“သေမင်းကိုများ ဧည့်ကောင်းစောင်ကောင်းကြီး လုပ်လို့၊ စောင့်ကြိုနေရမှာလားဗျာ၊ ထွတ်.....ပြောချင်ပါဘူး”
သီလနှင့်ဘာဝနာ ပါးရှားခြင်းကိုတွေးပြီး စိတ်အားငယ်နေမိလေသည်။ ကိုရန်ဝေးနှင့် မခင်လှတို့ကိုလည်း သတိရကာ တုန်လှုပ်စိတ်ကို အနိုင်နိုင်ထိန်းနေရသည်။
“ကျွန်တော်တော့ လှူသင့်တာကိုလှူ ပေးသင့်တာကို ပေးခဲ့ပြီးပြီ၊ ခုလိုပင်စင်ယူပြီး အချိန်ပိုလေး ရှိလာပြန်တော့လဲ သီလနဲ့ဘာဝနာကို အချိန်လေး အပြည့်ပေးလာနိုင်ပြီဆိုတော့ အခုနေ သေဆိုရင် သေရဲပြီဗျ၊ အထက်ကို မဆန်ရင်တောင် ကိုယ့်ကိုယ်ကိုရဲ့ အောက်တော့ မစိုင်းတန် ကောင်းတော့ဘူးလို့ ထင်တာပဲ”
ရှမ်းဘောင်းဘီနှင့်လူက ပြောသည်။ ဦးထင်ကတော့ ခပ်မဲ့မဲ့ပြုံးရင်း ထိုနေရာမှ ထွက်ခွာရန် ဟန်ပြင်သည်။ သေခြင်းအကြောင်းတွေကို သူဆက်ပြီးမကြားချင်၊ သို့သော် သူ မသွားဖြစ်ခဲ့ချေ။ ဆရာတော်ကြီး ကြွလာသောကြောင့် ဖြစ်သည်။
“ရောက်လာမှတော့ ဖူးလိုက်ဦးမယ်” ဟု တွေးရင်း ဦးထင်သည် ဆရာတော်ကြီးကို ကောင်းကောင်းမြင်နိုင်ရန်အတွက် အုတ်ခံလေးပေါ်တွင် တက်၍ ရပ်ကာ မျှော်ကြည့်လိုက်သည်။
ဆရာတော်ကြီး၏အနားတွင် ကြိုဆိုသူတွေ ဝိုင်းဝိုင်းလည်နေသည်မို့ ကောင်းစွာမမြင်ရ၊ သို့သော် ပြင်ဆင်ခင်းကျင်းထားသောနေရာတွင် ထိုင်ပြီးသောအခါတွင်ကား ဆရာတော်ကြီးအနီးတွင် လူတွေ ရှဲသွားလေသည်။
“ကြည့်စမ်း ရုတ်ရုတ်သဲသဲနဲ့ လှုပ်နေလိုက်တဲ့လူတွေ နည်းပါဘူး။ ဒီလူတွေဟာ နှစ်ပေါင်းဘယ်လောက်ကြာအောင် ဆက်ပြီး လှုပ်နိုင်ကြမှာမို့လဲ၊ နောင် လေးငါးနှစ် ဆယ်နှစ် ထားပါတော့၊ နှစ်ပေါင်းအစိတ် အင်း နှစ်ပေါင်း အစိတ်ဆိုရင် တစ်ဝက်လောက်တော့ ကုန်လောက်ပြီ၊ သေချာတာကတော့နောင်နှစ်ပေါင်းတစ်ရာဆိုရင်တော့ ဒီနေရာမှာရှိနေတဲ့လူတွေ တစ်ယောက်မှ လူ့ပြည်မှာ မရှိနိုင်တော့တာပဲ”
တလှုပ်လှုပ် တရွရွနှင့် နေရာယူနေကြသော လူများကို အထက်ဘက်ဆီမှ ဆီး၍ ကြည့်ရင်း ဦးထင်က တွေးနေမိသည်။
“အင်း ... ငါကတော့ နောက်ဆယ်နှစ်နေရရင်တောင် ကံကောင်းလှပြီ၊ ငါဖြုန်းခဲ့တဲ့အချိန်တွေက နှစ်ပေါင်းခြောက်ဆယ်ကျော်သွားပြီ”
ဦးထင်သည် လူအများဆီမှတစ်ဆင့် ဆရာတော်ကြီးကို လှမ်း၍ မျှော်ကြည့်လိုက်သည်။
“ဘုရား.....”
ဘုရားကို မတစဖူး တရင်း ဦးထင် ရင်ထဲတွင် သိမ့်ခနဲဖြစ်သွားသည်။ တရားဟောစင်မြင့်မှနေပြီး ပရိသတ်ကို ဆီး၍ကြည့်နေသော ဆရာတော်ကြီး၏မျက်လုံးများနှင့် သူ့ မျက်လုံးများသည် တည့်တည့်ကြီး ရင်ဆိုင်တိုးမိသောကြောင့် ဖြစ်သည်။ မေတ္တာရိပ် မေတ္တာရောင်လွှမ်းကာ စင်စင်ကြယ်ကြယ် နူးနူးညံ့ညံ့ရှိလှသည့် မျက်လုံးအစုံကို မှင်တက်မိသလို ပြန်လည်ကြည့်နေရင်း ဦးထင်သည် ခေါင်းကိုငုံ့လိုက်မိသည်။ အပြစ်လုပ်ထားသော ကလေးငယ်ပမာ ရင်တွေ တဒိတ်ဒိတ်ခုန်လာသည်။
“အချိန် ဘာမှမကျန်တော့ဘူး။ ရှေ့လျှောက်ပြီး မိုက်နေဦးမည် ဆိုရင်တော့ သံသရာမှာ အရှုံးကြီးရှုံးရလိမ့်မယ်”
ဆရာတော်ကြီးက သူ့ကို ထိုသို့ပင် ပြောလိုက်သည်ဟု ဦးထင် ခံစားလိုက်ရသည်။ နားနှင့်ဆတ်ဆတ်ကြားလိုက်ရသည်ဟုပင် ထင်လိုက်မိသည်။ လက်အုပ်ကို အလိုလိုချီမိပြီး မော်ကြည့်လိုက်တော့ ဆရာတော်ကြီးက သူ့ကို ကြည့်မနေတော့ပေ။
“ငါမိုက်တယ်......မိုက်ခဲ့ပါတယ်”
ဖခင်ရှေ့ရောက်ပြီး အဆူခံလိုက်ရသော ကလေးဆိုးတစ်ဦးလို ဦးထင်သည် အလိုလိုငိုချင်နေသည်။
“ဟုတ်ပါရဲ့ ။ သိ.....သိကြီးနဲ့ ဆက်ပြီးမိုက်နေဦးမယ် ဆိုရင်တော့ ငါအရှုံးကြီး ရှုံးရတော့မယ် ထင်ပါရဲ့”
မျက်လုံးအိမ်တွင် ဝေ့လည်လာသောမျက်ရည်များကို မျက်တောင် တဖျတ်ဖျတ်ခတ်ကာ ထိန်းရင်း ကွယ်လွန်ခဲ့ပြီးပြီဖြစ်သော မိဘများ၊ ဆွေမျိုးများ၊ မိတ်သင်္ဂဟများအားလုံးကို တစ်ဦးပြီးတစ်ဦး သတိရနေမိသည်။ သူတို့တစ်တွေ လူ့ဘဝရောက်လာပြီး ရှုံးသွားကြလေသလော၊ မြတ်သွားကြလေသလော၊ လူ့ရပ်လူ့ရွာမှ ဒေါသကိုလည်းကောင်း၊ လောဘကိုလည်းကောင်း၊ မောဟကိုလည်းကောင်း ဆုပ်ကိုင်တွယ်ဖက် ဘဝကူးသွားကြသူများကိုလည်း မြင်ယောင်လာသည်။
သူတို့တွေ ဘယ်ရောက်သွားကြမည်နည်းဟု ဆက်၍တွေးရင်း ရင်ထဲတွင် ဟိုက်ကာ မောလာသည်။ ဘဝကို ခင်မင်တွယ်တာသော ဘဝတဏှာလည်း ရုတ်တရက် ပြတ်ချင်ချင်ဖြစ်ကာ ငြီးငွေ့ စိတ်ကုန်သွားသလို ခံစားလိုက်ရသည်။
“ငါ တစ်ခါမှ ဒီလိုမဖြစ်ဖူးပါဘူး”
ဦးထင်သည် သူ့ကိုယ်သူ အံ့သြနေသည်။ သူ့ဘဝသည် ပစ္စည်းဥစ္စာ စည်းစိမ်ချမ်းသာနှင့် ပြည့်စုံကုန်လုံခြင်း မရှိလှ၍ နေပျော်စရာ သိပ်မကောင်းသော်လည်း သူသည် ဘဝကို ခင်မင်တွယ်တာလှသည်။ ပျင်းခြောက်ခြောက်ဘဝပင်ဖြစ်သော်လည်း ထိုဘဝကို တွယ်တွယ်တာတာနှင့် ဖက်တွယ်ထားခဲ့သူဖြစ်သည်။ အခုတော့ သူသည် ထိုဘဝကိုပင် တွယ်တာစိတ်၊ ခင်မင်စိတ်တွေ ကုန်ခမ်းကာ ငြီးငွေ့သလို ဖြစ်သွားသည်။
“ဒီဘဝသာမက သံသရာတစ်လျောက်လုံး အရှုံးကြီး ရှုံးရတော့မှာပါလား”
ဦးထင်သည် သူ့စိတ်ကိုသူ တည်ငြိမ်အောင် ကြိုးစားရင်း ဆရာတော်ကြီးကို စူးစူးစိုက်စိုက် ကြည့်နေမိသည်။ ဆရာတော်ကြီးသည် မျက်လွှာကိုချကာ တစ်စုံတစ်ခုကို တိုင်ပေးနေသည်။ သူ့စိတ်တွေ ဝေဝါးနေ၍ ပထမတော့ ဘာတွေ တိုင်ပေးပြီး ပရိသတ်က ဘာတွေလိုက်ဆိုနေသနည်း သတိပင် မထားမိ။
“ကာမေသုမိစ္ဆာစာရာ၊ ဝေရာမဏိ သိက္ခာပဒံ သမာဒိယာမိ” ဟူသောအသံကို ကြားလိုက်သောအခါမှ “ဪ ... ငါးပါးသီလ ပေးနေတာပါလား” ဟူ၍ သဘောပေါက်သည်။ သူက မတ်တပ်ရပ်ရင်းမှ လက်အုပ်ကိုချီထားသော်လည်း လိုက်မဆိုမိ။ သူများရွတ်သည်ကို နားထောင်ပြီး တွေးတွေးငေးငေးကြီး ဖြစ်နေမိသည်။
ထိုစဉ်တွင် ဆရာတော်ကြီးက အားလုံးကိုလွှမ်းကာ ခြုံ၍ ကြည့်သည်။ ထို့နောက် စိုက်စိုက်ကြီးနေသော ဦးထင်ကို ခေတ္တမျှ စိုက်၍ကြည့်သည်။ မေတ္တာကြီးမားနက်ရှိုင်းသော မျက်လုံးများနှင့် သူရာခိုးမပြယ် ဝေနေတတ်သော မျက်လုံးများသည် စက္ကန့်အနည်းငယ်မျှ ဆုံမိလိုက်ကြပြန်သည်။
“သူရာမေရိယ မဇ်ဇပမာဒဌာနာ ဝေရာမဏိ သိက်ခါပဒံ သမာဒိယာမိ”
ဆရာတော်ကြီးက ဆက်၍ရွတ်သည်။ အခြားသူများအတွက်က ဤမျှသာဖြစ်ကောင်းဖြစ်မည် ဖြစ်သော်လည်း ဦးထင်အတွက်မူ ထိုအသံသည် ပဲ့တင်သံအဆင့်ဆင့် မြည်ဟီးကာ ရင်ထဲနှလုံးထဲထိ စီးဆင်းသွားသလို ခံစားလိုက်ရသည်။
“သံသရာမှာပါ အရှုံးကြီးရှုံး၊ အဆုံးကြီး ဆုံးရလိမ့်မယ်နော”
သူ၏ဦးနှောက်က သူ့ကို ထပ်ခါတလဲလဲ ပြောနေသည်။ ဦးထင်သည် စက္ကန့်အနည်းငယ်မျှ မှင်တက်မိနေပြီး ရင်ဝယ်ယှက်ထားသော လက်ဝါးနှစ်ဖက်ကို နဖူးအထိ ချီပင့်လိုက်သည်။ အသက်ကို ပြင်းပြင်းကြီးရှိုက်၍ ရှူလိုက်သည်။ ထို့နောက် ပြတ်ပြတ်သားသား လိုက်၍ ရွတ်ဆိုလိုက်သည်။
“သူရာမေရိယ မဇ်ဇပမာဒဌာနာ ဝေရာမဏိသိက်ခါပဒံ သမာဒိယာမိ"
“အာမဘန္တေပါ အရှင်ဘုရား”
* * *
အပေါ်ထပ်က ဦးထင်တစ်ယောက် အရက်ကို ပြတ်ပြတ်တောက်တောက်ကြီး ဖြတ်ပစ်လိုက်သည်ဟု ကြားရတော့ ဦးဘပွား ချက်ချင်းပင် မယုံမိပေ။ သည်ခေါင်းဖြူ စွယ်ကျိုး အဘိုးကြီးကို အရက်က လုံးလုံးလျားလျား အနိုင်ယူထားပြီဟု သူသာမက လူတိုင်းက ထင်ခဲ့ကြသည်။
အခုတော့ ဦးထင်က ဦးကံမြင့်ဆီမှ အားဆေးများနှင့် ဆရာတော်ကြီး၏ပရိတ်ရည်ကို တစ်လှည့်စီသောက်ရင်း အရက်ကို ပြန်လည်အနိုင်ယူရန် ကြိုးစားနေသည်။
သူ့ကို ဘယ်လိုမှ မနေဘူးလားဟု မေးလာသူတိုင်းကို “အရေးကြီးတာက စိတ်ပါဘဲဗျာ၊ စိတ်ကိုသာနိုင်ရင် ဒီခန္ဓာကိုယ်ကြီးက မိုးပေါ်ကိုတောင် တက်ပြီး ဈာန်ပျံနိုင်သေးတာပဲ မဟုတ်လား” ဟု ခပ်အေးအေး ပြန်ပြောခဲ့လေသည်။
သူ့မိတ်ဆွေကြီး ဒေါ်ရွှေနုကတော့ သူ့ကို ယုံကြည်ပုံမရ။
“ပရိတ်ရည်ထဲ ဟိုအရည်တွေ ရောထည့်ပြီး သောက်ချင်သောက်နေမှာ၊ သိပ်ယုံရတာမဟုတ်ဘူး” ဟု စကားတင်း ဆိုသည်။
ကိုကောင်းထက်ကတော့ “အဖေဟာ သူ့စိတ်ကို သူ ဒီလောက်နိုင်မယ် ပြတ်သားမယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်မိဘူး” ဟု တအံ့တဩ ပြောသည်။
ဦးဘပွားကမူ ဦးထင်သည် သူကြိုးစားပြီးဖြတ်နေသော အရက်ကို လုံးလုံးလျားလျားကြီး ပြတ်နိုင်လိမ့်မည်ဟု ယုံကြည်နေမိသည်။
“အင်း ကိုရန်ဝေးတို့လင်မယား ရုတ်တရက်ကြီး ဆုံးသွားကြလို့ ဦးထင် အရက်ပြတ်တာဆိုတော့လဲ အရှုံးထဲက အမြတ်ထွက်လာတယ်လို့ ပြောရမှာပေါ့လေ”
ဦးဘပွားသည် သူ့ရှေ့တွင် ခပ်ငိုင်ငိုင် ခပ်ငေးငေး ထိုင်နေသော ကိုဦးကိုကြည့်ရင်း တွေးနေမိသည်။ ကိုဦးသည် စားပွဲပေါ်တွင် အလှတင်ထားသော ကျောက်ဖြူသားဆင်ရုပ်ကလေးကို ငေးကြည့်နေသော်လည်း မြင်ပုံမရ။ သူ့မျက်လုံးလေးများက မှုန်ပြီး မှိုင်းဝေနေသည်။
“ကိုဦး.....မင်း ဘာတွေ တွေးနေလဲ”
“ဒီလိုပါပဲ ဘဘကြီးရာ”
ကိုဦးက အသံတိမ်လေးနှင့် ဖြေပြီး ခေါင်းငုံ့လိုက်သည်။ ညှိုးလျော်ခြောက်သွေ့ သော ကံ့ကော်ပွင့်လေးတစ်ပွင့်ကို ကြမ်းပေါ်မှ ကောက်ယူလိုက်ပြီး လက်ထဲတွင် လှည့်ကစားနေသည်။
“အင်း ရက်လည်ဆွမ်းတောင် ကျွေးပြီးသွားပြီ ဆိုတော့လဲ ဘဝတစ်ခုရဲ့ နောက်ဆုံးကိစ္စပါ အဆုံးသတ်သွားပြီပေါ့လေ”
မနေ့တုန်းကပင် ကိုရန်ဝေးတို့အတွက် ရက်လည်ဆွမ်းကျွေးခဲ့သည်။ ရက်လည်ဆွမ်းကျွေးခြင်းသည် လူ့လောကထဲသို့ ရောက်လာသူတစ်ဦးအတွက် နောက်ဆုံးလှုပ်ရှားမှုပင် ဖြစ်သည်။ ထို့နောက်တွင်ကား လူတစ်ယောက်၏ဘဝသည် တကယ်ပင် အဆုံးသတ်သွားပြီ ဖြစ်လေသည်။
သူက နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကို လှမ်း၍ကြည့်မိသည်။ စာလုံးအနက်ကလေးများနှင့် ထင်ထင်ရှားရှားရေးထားသော ရက်စွဲများကို တစ်ခုချင်း လိုက်ကြည့်နေရင်း ထိုနေ့များထဲမှ တစ်နေ့နေ့သည် သူ့အတွက် ရက်လည်ဆွမ်းကျွေးသောနေ့ ဖြစ်လာလိမ့်မည်ဟု တွေးနေမိသည်။ ထိုနေ့သည် ဘယ်နေ့များ ဖြစ်လေမည်နည်း။ ထိုနေ့တွင် မည်သူတွေရောက်လာပြီး သူ့အကြောင်းကို ဘာတွေ ပြောကြ မှတ်ချက်ချကြ ငြင်းခုန်ကြမည်နည်း။
သူ့ကို တစ်စုံတစ်ဦးက “အတော်ကို ဘဝင်မြင့်ပြီး၊ ကြီးကြီးကျယ်ကျယ်နိုင်တဲ့ အဘိုးကြီးဗျ” ဟု မှတ်ချက်ချလျှင် ကိုဦးတို့မောင်နှမက “ဘဘကြီးက သိပ်သဘောကောင်းတာ၊ အဲဒီလို မပြောပါနဲ့” ဟု ပြန်လှန်ငြင်းခုန်ကြလိမ့်မည်ဟု သူထင်သည်။
“ငါ့ဘဝရဲ့ နောက်ဆုံးအချိန်ပိုင်းကလေးမှာ သူတို့လေးတွေနဲ့ တွေ့ရကြုံရလို့ ငါစိတ်ချမ်းသာရပါတယ်”
အခန်းကျဉ်းကျဉ်းကလေးထဲတွင် တံခါးကိုလည်းပိတ် အသည်းနှလုံးနှင့် ဦးနှောက်ကိုလည်း ပိတ်ပြီး အထီးတည်းနေခဲ့သော သူသည် အသက်ရှု၍ပင် မဝဘဲ မွန်းနေခဲ့သည်မှာ ကြာပေပြီ။ သည်ကလေးတွေ ရောက်လာသောအခါမှ တင်းတင်းကြီးပိတ်ထားသော တံခါးများ အလိုလိုပွင့်လာပြီး လေပြေလေညှင်းကလေး ဝင်လာသလို ခံစားရသည်။ ပိတ်လှောင်မွန်းကျပ်နေသော ဝေဒနာမှ အတန်ငယ် သက်သာခွင့်ရခဲ့သည်ကို သူသိသည်။
“အခုတော့ သူတို့ဟာ ရေနွေးပူနဲ့ အလောင်းခံလိုက်ရတဲ့ ပန်းကလေးတွေလိုပဲ ညှိုးပြီး နွမ်းသွားလိုက်ကြတာ”
ပျော်ရွှင်တက်ကြွခြင်း၊ လွတ်လပ်ပေါ့ပါးခြင်း စသည်များသည် သူ့ရှေ့တွင် ထိုင်နေသော ဆယ့်သုံးနှစ်သား လူငယ်လေးဆီမှ ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားကြသည်။ သူ့မျက်နှာ ငယ်ငယ်နုနုလေးတွင် ဝမ်းနည်းကြေကွဲခြင်း၊ ပူပင်ကြောင့်ကြခြင်း စသော အရိပ်အယောင်များကသာ ယှက်သမ်းနေသည်။
“ဒီကလေးတွေကို အလျင်တုန်းကလို ပြုံးနေအောင်၊ ပျော်နေအောင် ငါ ဘယ်လိုနည်းနဲ့ လုပ်ပေးရပါ့မလဲ”
ဦးဘပွား၏တစ်သက်တာတွင် တစ်ခါမျှ သည်လောက် စိတ်ထဲတွင် ဆင်းရဲပင်ပန်းခြင်း မဖြစ်ခဲ့ဖူးပေ။ ကလေးများ၏ငိုရှိုက်သံကို ကြားနေရခြင်း၊ နီရဲဖောင်းမို့နေသော မျက်နှာလေးများကို မြင်နေရခြင်းသည် သူ့အတွက် ကင်ဆာရောဂါဖြစ်ရသည်ထက်ပင် ပိုမိုပြီး စိတ်ပင်ပန်းဆင်းရဲရသည်ဟု ထင်သည်။
သူတို့၏ မိခင်နှင့်ဖခင်သည်လည်း အသေမှဖြောင့်နိုင်ပါရဲ့လား။ နာကျင်ပြင်းပြသောဝေဒနာကို ခံစားပြီး ရုပ်နှင့်နာမ် မကွဲကွာခင် သူတို့ ဘာအတွက် တွေးတောပူပန်သွားကြမည်နည်း။ လူလားမမြောက်သေးသော သားသမီးသုံးဦးအား ခိုကိုးရာမဲ့ တွယ်ရာမဲ့ ထားခဲ့ရခြင်းအတွက် သူတို့၏နှလုံးသားများသည် မည်မျှ ကျွမ်းလောင် ကြေကွဲသွားကြရမည်နည်း။
ဦးဘပွားသည် ဆက်၍ မတွေးချင်တော့သဖြင့် ခေါင်းကို ခါယမ်းပစ်လိုက်သည်။ ကြုံတွေ့ရသောသူကို မဆိုထားနှင့်၊ တွေးကြည့်ရသော သူပင်လျှင် ရင်ထဲတွင် မွန်းကျပ်ပြီး နာကျင်လာရသည်။
“ငါ ကံကောင်းပါတယ်”
ဦးဘပွားသည် သူ့တစ်သက်တာတွင် ပထမဦးဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ကံကောင်းသည်ဟု ထင်လိုက်မိလေသည်။
“ငါ့မှာ နောက်ဆံတင်းစရာ၊ ပူပင်စရာ၊ သံယောဇဉ်နှောင်ဖွဲ့ စရာ ဘာမှမရှိဘူး”
ပစ္စည်းသံယောဇဉ်ကိုလည်းကောင်း၊ သားသမီးသံယောဇဉ်ကို လည်းကောင်း၊ သူကြိုးစားပြီး ဖြတ်နိုင်ခဲ့သည်ဟု သူ့ကိုယ်သူ ထင်သည်။ သည်တစ်ဘဝ သည်တစ်သက်တာအတွက် သူပိုင်ခဲ့သော (တကယ်တော့ ပိုင်ခြင်းမဟုတ်ဟု ဆိုသည်ကို သူ တရားသဘောအရ ရေးရေးမျှ သဘောပေါက်ခဲ့ပြီး ဖြစ်သည်။) တိုက်တာ၊ အိမ်ယာခြံမြေများနှင့် ငွေကြေးဥစ္စာများကို သူက လှူသင့်သည်ကိုလှူပြီး သားသမီးများအတွက် အမွေပေးသင့်သည်များကိုလည်း ပေးခဲ့ရန် စီစဉ်ခဲ့ပြီးဖြစ်သည်။ ထိုသို့ စနစ်တကျ စီစဉ်နိုင်ခြင်းသည် သူ့သေနေ့ကို သူကြို၍ ခန့်မှန်းနိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။
“ငါသေတော့မယ်ဆိုတာ ငါကြိုပြီး သိခဲ့ရတာဟာလဲ တစ်နည်းတော့ ငါကံကောင်းတာပါပဲလေ”
ဦးဘပွားက အဆိုးထဲမှ အကောင်းလေးများကို ကွက်ကွက်ကွင်းကွင်း မြင်လာသည်။
“ငါက ငါ့ကိုယ်ငါ သေမိန့်ကျပြီရယ်လို့ စိတ်ဆင်းရဲနေမိတယ်၊ အမှန်က သက်ရှိသတ္တဝါရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက သတ္တဝါတိုင်းဟာ သေမိန့်ကျလာကြတာပဲ။ ဒါကို ဘယ်သူ ရှောင်လွဲလို့ရမှာလဲ၊ ကိုရန်ဝေးတို့ခမျာမှာတော့ ဝုန်းဝုန်းဒိုင်းဒိုင်းကြီး ဖြုန်းခနဲ ရင်ဆိုင် တွေ့သွားကြရတော့ ကိုယ်သေဖို့အတွက်ရော နေခဲ့ရမယ့်သူတွေအတွက်ရော ဘာဆိုဘာကိုမှ မပြင်နိုင်၊ မဆင်နိုင်”
ဦးဘပွား၏အတွေးသည် သူ့ရှေ့တွင် ငူငူလေးထိုင်နေသော ကိုဦးဆီသို့ ပြန်ရောက်လာသည်။
“အခုတော့ ဒီကလေးတွေ ဘယ်လိုဘယ်ပုံဆက်ပြီး စခန်းသွားရရှာမှာလဲ”
ကိုဦးတို့မောင်နှမတစ်တွေအတွက် သူ့စိတ်ထဲတွင် ကြောင့်ကြပူပန်နေမိသည်။ အနီးဆုံး ဆွေမျိုးဖြစ်သည့် မခင်လှ၏ညီမ (တကယ်လာမည်က ညီမ၏ခင်ပွန်း) ရောက်လာမှ သူတို့၏ ရှေ့ရေးကို အသေအချာ သိခွင့်ရမည်ဖြစ်သည်။
“ဦးလေးသက်နဲ့အတူတူ ကျွန်တော်တို့ လိုက်သွားရမယ် ထင်တယ်”
ကိုဦး၏အသံက တိုးတိုးတိမ်တိမ်လေး ဖြစ်နေသည်။
“မင်းတို့မှာ ဒီ့ပြင်ဆွေမျိုးတွေရော ရှိသေးလား”
“မသိပါဘူး ဘဘကြီးရယ်။ ရက်လည်တုန်းကလာတဲ့ ဖေဖေ့အမဝမ်းကွဲ ကြီးကြီးစိန်ကတော့ ကဲကဲကို သူနဲ့လိုက်နေမလားလို့ မေးတယ်”
“ကဲကဲတစ်ယောက်တည်းကိုလား”
“ဟုတ်ကဲ့”
ကိုဦး၏ရင်ထဲတွင် ဆို့တို့တို့ကြီးဖြစ်နေသည်။ ဖေဖေက သူ့ကို စူးစိုက်၍ကြည့်ကာ "ညီလေးနှင့်ညီမလေးကို ဂရုစိုက်နော်” ဟု မှာသွားသည်။ ထိုစကားကို သူ မမေ့။ သူ့နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူကလည်း “စိတ်ချပါ ဖေဖေ.....သား ဂရုစိုက်ပါ့မယ်” ဟု ပြန်ပြောခဲ့သည်။
သို့သော် လောလောဆယ်အခြေအနေတွင် သူသည် ကိုယ့်ကိုယ်ပင် အားကိုးနိုင်သူမဟုတ်သေး။ သူ့အစွမ်း သူ့အစနှင့် ငွေကြေး တစ်ကျပ်တစ်ပြားပင် မရှာဖွေနိုင်သေး။
“သူခေါ်ရင် မင်းတို့လိုက်သွားရမှာပေါ့”
“ဟုတ်......ကဲ့”
ကိုဦးခေါင်းလေးက ပိုပြီးငုံ့သွားသည်။
“လိုက်ချင်ရဲ့ လား”
ကိုဦးက မဖြေပေ။ ဖေဖေ မေမေတို့နှင့်အတူ ပျော်ပျော်ပါးပါး နေခဲ့ရသောဘဝ၊ လုံခြုံနွေးထွေးသောဘဝ၊ ကြောင့်ကြမဲ့သောဘ၀၊ ထိုဘဝကို သူတို့ဘယ်တော့မှ ပြန်ရတော့မည်မဟုတ်ချေ။
ဦးလေးသက်နှင့် ဒေါ်လေးမြသည် သူတို့၏အရင်းဆုံးသော ဆွေမျိုးများဖြစ်သော်လည်း တွေ့ ခဲဆုံခဲသည်မို့ ကိုဦး၏စိတ်ထဲတွင်တော့ စိမ်းနေသည်။ ဒေါ်လေးမြ၏သားသမီးများဖြစ်သော ကျော်ကျော်တို့၊ အောင်အောင်တို့၊ နောက် တိုးတိုးတို့၊ အငယ်လေးတို့နှင့်တော့ စိတ်ထဲတွင် ရင်းရင်းနှီးနှီး ခံစား၍ရသည်။ တစ်နှစ်တစ်ခါပင် မဆုံမိကြသော်လည်း ဆုံမိသည့်အခိုက်အတန့်တွင် ဝုန်းဒိုင်းကျဲအောင် ဆော့စကားပြီး ပျော်ကြရသည်။
သို့သော် ကဲကဲက စွာပြီး ကိုထူးက ဆော့သည်။ ကျော်ကျော်တို့ အောင်အောင်တို့ကလည်း အလိုလိုက်သားသမီးများဆိုတော့ အတန်ငယ် ဆိုးချင်သည်။ သည်တော့လည်း ဆော့ရင်း စကားရင်း ကုတ်ကြ၊ ဖဲ့ကြ၊ နပန်းလုံးကြနှင့် ထ၍ ရန်ဖြစ်တတ်ကြသည်ကို ကိုဦးက သတိရမိရင်း ရင်ထဲတွင် လေးလံနေလေသည်။
“ကိုဦး..”
ဦးဘပွားက ညင်သာစွာ ခေါ်သည်။
“မင်း ဘာဖြစ်ချင်သလဲ”
ကိုဦးက ဦးဘပွားကိုမကြည့်ဘဲ ခေါင်းကို ဖြည်းလေးစွာ ခါယမ်းသည်။ မည်သည့်အရာကို ဖြစ်ချင်သည်ဖြစ်စေ၊ မည်သည့်အရာကို မမြင်ချင်သည်ဖြစ်စေ၊ ဖြစ်မည့်အရာကတော့ ဖြစ်ချိန်တန်လျှင် သူ့ဟာသူဖြစ်သွားမည်သာ ဖြစ်သည်။ သူ့အသက် ဆယ့်သုံးနှစ်သာရှိသေးသော်လည်း ဖြစ်ချင်တိုင်းလည်း ကြိုးစား၍မရ၊ မဖြစ်ချင်တိုင်းလည်း တားဆီး၍မရဟု ဆိုသည်ကို ကိုဦးသည် ရေးရေးမျှ သဘောပေါက်နေမိပြီဖြစ်သည်။
“မင်း မလိုက်ချင်ပါဘူး ကိုဦးရယ်၊ ဘဘကြီး သိပါတယ်”
ဦးဘပွားက ပြောတော့ ကိုဦးက ဟန်ဆောင်၍ ပြုံးသည်။ သို့သော် မျက်လုံးအိမ်တွင် ရစ်ဝိုင်းနေသော မျက်ရည်များကို မနိုင်၍ လက်ဖမိုးနှင့် မသိမသာ ပွတ်လိုက်သည်။
“ဦးလေးသက်ရော ဒေါ်လေးမြရော သဘောကောင်းကြပါတယ် ဘဘကြီးရယ်၊ ကျွန်တော်တို့ကိုလဲ ချစ်ပါတယ်”
အလိမ္မာဖက်၍ ပြောသော ကိုဦးကို ဦးဘပွားက စိတ်မကောင်းသလို စိုက်ကြည့်နေသည်။ ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ဦးစားပေးရမည်ဟု ဆိုသည်ကို ကလေး နားလည်နေပါပေါ့လားဟု တွေးနေမိသည်။
အပိုင်း(၇) ဆက်ရန်
မစန္ဒာ
No comments:
Post a Comment