၈။ ကာကွယ်ရေးဝန်ကြီးရာထူးကို တောင်းဆိုရာ
ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးများ ကျဆုံးသွားပြီးနောက် ချက်ခြင်းပင် ဇူလိုင်လ ၂၀ ရက်နေ့တွင် သခင်နုခေါင်းဆောင်သော ဖဆပလ အစိုးရ တက်လာခဲ့လေသည်။ ဦးစောမှာ သူရည်မှန်းသော ဝန်ကြီးချုပ်ရာထူးကို မရတော့သည်သာမက လုပ်ကြံမှုကြီး၏တရားခံအဖြစ် အဖမ်းခံရပြီး ကြိုးစင်တင်ခြင်း ခံရသည်။
ဦးစောနှင့် အပေါင်းပါ အင်္ဂလိပ်များအနက် မေဂျာယန်းနှင့် ကပ္ပတိန် ဗီဗြင်တို့ကိုသာ ဖမ်းဆီး၍ ထောင်ဒဏ်ပေးနိုင်ခဲ့သည်။ ကြံရာပါ အင်္ဂလိပ်အရာရှိကြီးအများသည် အခင်းဖြစ်ပွားသောနေ့ကပင် မြန်မာပြည်မှ စွန့်ခွာပြေးကြလေပြီး၊ ပြည်တွင်းမှ ကြံရာပါတို့သည် လက်စလက်နများကို ဖျောက်ဖျက်၍ သတိကြီးစွာနှင့် တိမ်းရှောင်ကြသည်။ ပိပြားစွာနှင့် ဣနြေ္ဒမပျက်နေနိုင်ကြသောကြောင့် အဖမ်းအဆီး မခံရဘဲ ရပ်တည်နေနိုင်ခဲ့ကြသည်။
ဗိုလ်နေဝင်းသည် သခင်နုနှင့် ဖဆပလခေါင်းဆောင်များထံသို့ မဆိုင်းမတွ သွားရောက်တွေ့ဆုံသည်။ “နိုင်ငံရေးမှာ ခင်ဗျားတို့ ထိန်းပါ။ တပ်ကို ကျွန်တော်တို့ တာဝန်ယူပါမယ်”ဟု ပြောပြ၍ ကတိပေးခဲ့သည်။
သို့သော် ဇူလိုင်လ ၂၁ ရက်နေ့တွင် သခင်နုအစိုးရအဖွဲ့ ကို တိုးချဲ့ပြီး ဗိုလ်လက်ျာအား ကာကွယ်ရေးဝန်ကြီး ခန့်အပ်ပြန်သည်သာမက သြဂုတ်လ ၁ ရက်နေ့တွင် ဗိုလ်လက်ျာအား ဒုတိယဝန်ကြီးချုပ်အဖြစ် တိုးမြှင့်၍ အာဏာပေးပြန်သောကြောင့် ဗိုလ်နေဝင်းအဖို့ အောင်ဆန်းလွန်ကာလတွင်လည်း ရာထူးတက်ရန် လမ်းမမြင်ဖြစ်ရပြန်သဖြင့် မကျေမနပ်နှင့် အံကို ခဲနေရပြန်သည်။
ဗိုလ်လက်ျာကမူ ဗိုလ်နေဝင်းအား စိတ်တိုင်းမကျသူ ဖြစ်စေကာ မူ ရာထူးတဆင့် တိုးတက်ပေးထိုက်သူ ဖြစ်သည်ဟု ဆုံးဖြတ်ကာ ရာထူးတိုးမြှင့်ပေးခဲ့လေသည်။ ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးချုပ်ရာထူးသို့ ၁၉၄၇ ခု၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တိုးမြှင့်ပေးခဲ့လေသည်။ သို့သော် ဗိုလ်နေဝင်းသည် သူ့အထက်အဆင့်များတွင် ကရင်စစ်ဗိုလ်ကြီးများ ရှိနေသရွေ့ မကျေနပ်နိုင်။
"ဗိုလ်ချုပ်စမစ်ဒွန်း၊ လေတပ်ဗိုလ်ချုပ်ရိုး၊ ဘရီးဂေးဒီးယား စောကြာဒိုး၊ ဘင်္ဂါဒီးယားတင်ထွဋ်၊ မေဂျာဂျင်နရယ်ရာထူးပေးထားသော ရဲချုပ်ဦးထွန်းလှအောင်စသော ပုဂ္ဂိုလ်များက နိုင်ငံတော်လုံခြုံ ရေးကောင်စီကို ကိုင်နေကြသည်။ သူတို့အား လက်ျာဖက်ယိမ်းယိုင်နေသူများဟု ရဲဘော်တို့က မြင်သည်”ဟု ဗိုလ်နေဝင်းက သူ၏မှတ်တမ်း၌ ဖွင့်ဟရေးခဲ့သည်။
ထိုစဉ်က သူကိုယ်သူ လက်ဝဲသမားတဦး ဟန်ဆောင်ချိန် ဖြစ်၏။
“တိုင်းပြည်၏အခြေအနေမှာ မကောင်းလှပေ။ လွတ်လပ်ရေးမရမီကပင် သူပုန်သူကန်များ ထကြွနေသည်။ အလံနီကွန်မြူနစ်တို့က လက်နက်ကိုင်တော်လှန်ရေး စတင်နေလေပြီ။ အလံဖြူတို့အား ဖဆပလနှင့် ပူးပေါင်း၍ ဒီမိုကရေစီနိုင်ငံရေး လုပ်ဆောင်ကြရန် ဝန်ကြီးချုပ်က ဖိတ်ခေါ်သော်လည်း ရုရှား၏သြဇာခံကာ မတ်လ ၂၈ ရက်နေ့မှ စတင်တောခို၍ လက်နက်နှင့် သူပုန်ထကြလေသည်။ ကေအင်ဒီအို ကရင်လက်နက်ကိုင်တို့က တဖုံတိုက်ခိုက်နေကြပြီ။ ပြည်သူ့ရဲဘော်တို့ကလည်း ဇွန် ၂၅ ရက် နေ့တွင် တောခိုကြပြန်သဖြင့် ဖဆပလအစိုးရမှာ ကြီးမားသည့်အခက်အခဲ နိုင်ငံအကြပ်အတည်းကို ရင်ဆိုင်ရတော့သည်။
ထိုအကြပ်အတည်းကာလတွင် ဗိုလ်နေဝင်းက နိုင်ငံရေးအုပ်စုတခုကို ဖွဲ့စည်း၍ လှုပ်ရှားခေါင်းဆောင်ပြန်သည်။ နိုင်ငံ၏ နိုင်ငံရေးအင်အားစုများသည် လက်ဝဲလမ်းစဉ်ကို ယုံကြည်ကြသည်။ ထို့ကြောင့် လက်ဝဲညီညွတ်ရေးတည်ဆောက်ပြီး တိုင်းပြည်ကို ထိန်းသိမ်းကြမည်ဟု ကွန်မြူနစ်များနှင့် အခြားအဖွဲ့များကို စည်းရုံးသည်။ ထိုအခါ ဗိုလ်နေဝင်းက မိမိသည် လက်ဝဲလမ်းစဉ်ကို ယုံကြည်သူဖြစ်ပါသည်ဟု ထုတ်ဖော်၍ လက်ဝဲညီညွတ်ရေးအဖွဲ့တွင် ထိပ်ဆုံးမှနေရာကို အရယူကာ လှုပ်ရှားခဲ့သည်။
လက်ဝဲစည်းရုံးရေးကောင်စီကို ၁၉၄၈ ခု၊ ဇူလိုင်လ ၁၆ ရက်နေ့ က ဖွဲ့စည်းကြေညာခဲ့သည်။
(၁) ဗိုလ်နေဝင်း ဥက္ကဋ္ဌ (တပ်မတော်)
(၂) ဗိုလ်ဗစိန် ဥက္ကဋ္ဌ (တပ်မတော်)
(၃) ဗိုလ်ရဲထွဋ် ဥက္ကဋ္ဌ (တပ်မတော်)
(၄) ဗိုလ်ထွန်းစိန်(ကရင်) ဥက္ကဋ္ဌ (တပ်မတော်)
(၅) ဗိုလ်ဇေယျ ဥက္ကဋ္ဌ (တပ်မတော်)
(၆) ဗိုလ်မှူးအောင် ပြည်သူ့ရဲဘော်
(၇) ဗိုလ်စိန်မှန် ပြည်သူ့ရဲဘော်
(၈) ဗိုလ်မင်းခေါင် ပြည်သူ့ရဲဘော်
(၉) ဗိုလ်လရောင် ပြည်သူ့ရဲဘော်
(၁ဝ) ဗိုလ်ညွန့်မောင် ပြည်သူ့ရဲဘော်
(၁၁) ဗိုလ်အောင်ညွန့် ပြည်သူ့ရဲဘော်
(၁၂) ဗိုလ်ဖုန်းအောင် ပြည်သူ့ရဲဘော်
(၁၃) ဦးလှမောင် ဆိုရှယ်လစ်ပါတီ
(၁၄) ဦးဗဆွေ ဆိုရှယ်လစ်ပါတီ
(၁၅) ဦးကျော်ငြိမ်း ဆိုရှယ်လစ်ပါတီ
(၁၆) သခင်တင် ဆိုရှယ်လစ်ပါတီ
(၁၇) ဗိုလ်အောင်ကြီး ဆိုရှယ်လစ်ပါတီ
(၁၈) ဗိုလ်သိန်းဒန် ကွန်မြူနစ်ပါတီ
(၁၉) ဗိုလ်အောင်မင်း ကွန်မြူနစ်ပါတီ
(၂၀) ဗိုလ်ရန်အောင် ကွန်မြူနစ်ပါတီ
(၂၁) ကိုသိန်းဖေ အတွင်းရေးမှူး
(ဗိုလ်သိန်းဒန်အား ထောင်မှထွက်၍ ဆွေးနွေးစေ၏)
ယင်းအဖွဲ့မှာ ကိုသိန်းဖေ ရေးသားသည့် “ ဒီမိုကရေစီ တော်လှန်ရေးအတွက် တမျိုးသားလုံး ညီညွတ်ရေး၏ မဏ္ဍိုင်ဖြစ်သော လက်ဝဲညီညွတ်ရေးမူ”ဟူသည့် စာတမ်းမှ အကောင်အထည် ပေါ်လာခဲ့သည်။ ထိုအဖွဲ့ကို ဝန်ကြီးချုပ် သခင်နုက အားပေးအားမြှောက်ပြုသော်လည်း ကမ္ဘာ့သတင်းစာများက မြန်မာပြည် နီသွားလေပြီဟု ရေးသားပြစ်တင်ကြသဖြင့် နောက်တွန့်သွားခဲ့သည်။ အဖွဲ့၏ မူ ၁၅ ချက် ချမှတ်ရာတွင် ဤအဖွဲ့သည် မာ့က်စ်ဝါဒကို လေ့လာသင်ကြားကြမည်ဟူသော အချက်ကို ဖြုတ်လိုက်ရသည်။ မြန်မာသတင်းစာတို့ကလည်း ထောက်ခံမှု မပြုကြသောကြောင့် မြန်မာလူထုက လက်မခံသဖြင့် ကွန်မြူနစ်ဆန့်ကျင်ရေး စစ်အာဏာရှင်ဝါဒီစစ်တပ်နှင့် နစ်တို့လစ်တို့ ပေါင်းစည်းထားသော သဘာဝမကျသည့် ထိုအဖွဲ့အစည်းသည် ရက်အနည်းငယ်အတွင်း ကွဲပျက်ကာ လူစုခွဲကြရသည်။
ဗိုလ်နေဝင်းက ထိုအဖွဲ့၏ ဥက္ကဋ္ဌအဖြစ် နေရာယူပြီး ဦးစီးသည်မှာ အကယ်၍ အခြေအနေအရ လက်ဝဲအစိုးရ တက်နိုင်ပါက ထိပ်ပိုင်းမှ နေရာရစေရန် သူက ဦးစွာ ဖျာခင်းခဲ့သည်။ အခြေအနေ မဟန်သဖြင့် နောက်ပြန်ဆုတ်ရသောအခါ ဗိုလ်နေဝင်းသည် လက်ဝဲလမ်းစဉ် တိုက်ခိုက်သူတဦးအဖြစ် ရပ်တည်ပြန်သည်။
ထိုအပိုင်းကဏ္ဍတွင် လက်ဝဲညီအုပ်စုကို ခေါင်းဆောင်ရန် တာဝန်ယူခဲ့ခြင်းနှင့် ပတ်သက်၍ ဗိုလ်နေဝင်းက ဖြောင့်ချက်ပေးခဲ့သည်။ ၁၉၅၈ - ၆၀ အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ်ရာထူး ရယူထားစဉ်က ပြည်သူ့လွှတ်တော်၌ မိန့်ခွန်းပြောရာတွင် “အဲဒီအချိန်မှာ ဗမာ့တပ်မတော်ထဲကို ကွန်မြူနစ်များက ဝင်ပြီးဆွဲပါတယ်။ ကျွန်တော်ပါ အဆွဲခံခဲ့ရပါတယ်၊ ဆွဲတဲ့သူက ဦးသိန်းဖေမြင့်ပါပဲ”ဟု ဦးသိန်းဖေမြင့်အား လက်ညှိုးထိုး၍ တင်ပြ ပြောဆိုခဲ့လေသည်။
ဝန်ကြီးရာထူး လိုချင်သဖြင့် မိမိသည် “လက်ဝဲယုံဖြစ်ပါသည်”ဟု အော်ဟစ်၍ ကြိုးစားသော်လည်း လက်ဝဲညီညွတ်ရေး ဇာတ်ခေါင်းကွဲသွားသောအခါ ဗိုလ်နေဝင်းမှာ မူလရာထူးနှင့်ပင် ဒုံရင်းသို့ ပြန်ရောက်သွား၏။ ဝန်ကြီး မဖြစ်မချင်း မကျေနပ်နိုင်သော ဗိုလ်နေဝင်းသည် တဖက်တွင် ကွန်မြူနစ် သိန်းဖေမြင့်နှင့် ပေါင်းကာ အခြားတဖက်မှ ဦးကျော်ငြိမ်းအား ကပ်၍ သူ့ကို ကာကွယ်ရေးဝန်ကြီးပေးပါဟု တောင်းဆိုရန် ကုလားဖန်ထိုးပြန်သေးသည်။
သူပုန်အရေးတော်ပေါ်သောအခါတွင် ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်၊ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်သူ ဗိုလ်လက်ျာက သူပုန်တို့အား ထိရောက်စွာ တိုက်နိုင်စေရန်အတွက် မိမိတာဝန်ယူနေသော ကာကွယ်ရေးဝန်ကြီးရာထူးကို ဗမာ့တပ်မတော်မှ အရာရှိကြီးတဦးကို လွှဲပြောင်းခန့်ထားရန် အဆိုပြုခဲ့သည်။ ဗိုလ်လက်ျာက ကာကွယ်ရေးဝန်ကြီးခန့်ထားရန် အဆိုပြုသူမှာ တပ်ရင်း(၃)မှ တပ်ရင်းမှူး ဗိုလ်ဇေယျဖြစ်သည်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျခေါ် သခင်လှမောင်သည် တို့ဗမာအစည်းအရုံး ခေါင်းဆောင်တဦးဖြစ်ခဲ့သည့်အပြင်၊ ၁၉၄ဝ-၄၁ ခုနှစ်က တကသ ဥက္ကဋ္ဌလည်း ဖြစ်ခဲ့သည်။ ဂျပန်စစ်တပ်များ ရန်ကုန်မြို့ကို သိမ်းပြီးနောက် ၁၉၄၂ မတ်လတွင် ဗမာ့လွတ်လပ်ရေး တပ်မတော်က အထက်ဗမာပြည်ကို ချီတက်တိုက်ခိုက်ကြစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်လက်ျာတို့ အောက်မှ တပ်မမှူး (၁) အဖြစ် တပ်မတော်၏တတိယအဆင့်မှ ခေါင်းဆောင်ခဲ့သည်။ ထိုစဉ်က ကွန်မြူနစ်ပါတီတွင်းသို့ အရောက်မသွားသေးသူ ဗိုလ်ဇေယျသည် စစ်ရေးရော နိုင်ငံရေးပါ ထူးချွန်သူဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးရာထူးကို ပေးရန် ဗိုလ်လက်ျာက ရွေးချယ်၏။
သတင်းကို သိသောအခါ အကယ်၍သာ ဗိုလ်ဇေယျအား ကာကွယ်ရေးဝန်ကြီးခန့်ပါက မိမိအဖို့ ရာထူးတက်လမ်းသည် ပိုမိုဝေးတော့မည်ဖြစ်သဖြင့် ဗိုလ်နေဝင်းက သိန်းဖေမြင့်နှင့် ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းတို့အား ချဉ်းကပ်ကာ မိမိသာ အစိုးရကို သစ္စာရှိမည်ဖြစ်သဖြင့် မိမိကို ကာကွယ်ရေးဝန်ကြီးပေးရန် ဝန်ကြီးချုပ်ထံ တောင်းဆိုပေးပါဟု တောင်းပန်လေသည်။ တဖက်မှလည်း ဗိုလ်ဇေယျအား စည်းရုံးပြန်သေးသည်။ မိမိတို့နှစ်ဦးသည် ကာကွယ်ရေးဝန်ကြီးဖြစ်ထိုက်သူများ ဖြစ်ကြသည်။ ထိုကြောင့် ဝန်ကြီးချုပ်သခင်နုထံမှ မိမိတို့နှစ်ဦးအနက် တဦးကို ကာကွယ်ရေးဝန်ကြီး ခန့်ရန် ပြိုင်တူတောင်းဆိုကြမည်။ ဝန်ကြီးချုပ်က တဦးကိုရွေးချယ်ကာ ဝန်ကြီးခန့်ထားပါက ကျန်တဦးက ပူးပေါင်းဆောင်ရွက်ကြမည်ဟု ညှိလေသည်။ ရိုးသားသော ဗိုလ်ဇေယျက သဘောတူခဲ့သည်။ ထို့ကြောင့် မူလက ဗိုလ်ဇေယျအား ကာကွယ်ရေးဝန်ကြီး ခန့်ထားရန် အဆိုအစား ဗိုလ်ဇေယျ (သို့မဟုတ်) ဗိုလ်နေဝင်းတို့နှစ်ဦးအနက် တဦးကို ကာကွယ်ရေးဝန်ကြီးခန့်ပါဟု ဝန်ကြီးချုပ်အား တင်ပြသည့်အဆို အဖြစ်သို့ ပြောင်းလဲခဲ့သည်။
ထိုအဆိုကို တင်ပြခြင်းမပြုမီ ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်းက တပ်ရင်း(၄)ကိုသာ အားကိုးရပါသည်။ ဗိုလ်ဇေယျနှင့် နှိုင်းစာပါလျှင် ကာကွယ်ရေးဝန်ကြီးရာထူးကို ဗိုလ်နေဝင်းအား ပေးသင့်ပါသည်ဟု သခင်နုထံကပ်ကာ ကြိုတင်၍ နားသွင်းထားခဲ့သည်။ လျော်ကန်သည်ဟု ဝန်ကြီးချုပ်က ယူဆကာ ဗိုလ်နေဝင်းအား ကာကွယ်ရေးဝန်ကြီးရာထူးပေးရန် သဘောတူပြီးဖြစ်သည်ဟု မှတ်တမ်းရေးခဲ့သည်။ သို့သော် ဇာတ်ညွှန်းပြောင်းသွားရပြန်သည်။
ကာကွယ်ရေးဝန်ကြီး ရွေးချယ်မှုညှိနှိုင်းရေးအတွက် အတွင်းလူများနှင့် ဆွေးနွေးရေး အစည်းအဝေး ကျင်းပသောအခါ ဦးကျော်ငြိမ်းနှင့် ဆိုရှယ်လစ်ခေါင်းဆောင်များ တက်ရောက်ကြသည်။ ဦးသိန်းဖေမြင့်လည်း ပါသည်။ ဗိုလ်နေဝင်းနှင့် ဗိုလ်ဇေယျတို့နှင့်အတူ စစ်ဗိုလ်အချို့လည်း ပါလာကြသည်။ ဝန်ကြီးချုပ်၏အိမ် အစည်းအဝေးခန်းမတွင် နေရာယူပြီးမှ ဝန်ကြီးချုပ်က အခန်းတွင်းဝင်လာသောအခါ အားလုံးက မတ်တတ်ရပ်၍ ဝန်ကြီးချုပ်အား အရိုအသေပြုကြသည်။ ထိုအခါ ဝန်ကြီးချုပ်အား အလေးပြုသော စစ်ဗိုလ်တဦး၏ ခါး၌ ခြောက်လုံးပြူးထိုးထားသည်ကို သခင်နုက ဖျတ်ခနဲ မြင်လိုက်ရ၏။ ထိုအခါ ဦးနုသည် မိမိကို စစ်တပ်က သေနတ်ပြပြီး ကာကွယ်ရေးဝန်ကြီးရာထူး ပေးရမည်ဟု ခြိမ်းခြောက်တောင်းသည်ဟု ထစ်ခနဲ ယူဆကာ ဝုန်းခနဲ ဒေါသအိုးကွဲသွားခဲ့မိသည်။ ထိုစစ်ဗိုလ်က တမင်ချိန်းခြောက်ရန် သေနတ်ပြသည် မဟုတ်တန်ပေဟု မိမိ၏စိတ်ကို ချုပ်တီးထိန်းသိမ်းပြီး ဆက်လက်ဆွေးနွေးသည်ဟု သခင်နုက မှတ်တမ်းတင်ခဲ့သည်။
ဆက်လက်၍ အစည်းအဝေးထိုင်ကြရာ “ကဲ ပြောကြပါဦး”ဟု သခင်နုက ဗိုလ်နေဝင်းနှင့် ဗိုလ်ဇေယျတို့အား မေးသောအခါ သူတို့နှစ်ဦးက မဖြေဘဲ ဦးသိန်းဖေမြင့်အား လှမ်း၍ကြည့်ကြသည်။ ဦးသိန်းဖေမြင့်က ရင်ကိုကော့ပြီး မတ်တတ်ရပ်၍ “ဝန်ကြီးချုပ်ခင်ဗျား၊ ကာကွယ်ရေးဝန် ကြီးရာထူးကို ဗိုလ်ဇေယျကိုဖြစ်ဖြစ်၊ ဗိုလ်နေဝင်းကိုဖြစ်ဖြစ်၊ ဝန်ကြီးချုပ် ကြိုက်ရာလူကို ခန့်ပါ”ဟု ပြောသည်။
သခင်နုက ပြုံး၍ နားထောင်ရင်း ဗိုလ်နေဝင်းအား ခန့်မည်ဟု ပြောမည်ပြုနေစဉ် ဦးသိန်းဖေမြင့်က မရပ်သေးဘဲ ဆက်လက်၍ ပြောပြန်သည်။
“ဝန်ကြီးချုပ် စဉ်းစားဖို့ သုံးရက် အချိန်ပေးပါမည်”ဟု ပြောသောအခါ သခင်နုက မိမိကို ခြိမ်းခြောက်၍ ရာဇသံပေးသည်ဟု ယူဆကာ ဒေါသအိုး ပေါက်ကွဲသွားပြန်တော့သည်။
“ဟေ့ သိန်းဖေ၊ မင်းပြောတဲ့အဆိုကို စဉ်းစားဖို့ သုံးရက်မပြောနဲ့၊ သုံးမိနစ်တောင် ငါ အချိန်မယူဘူး။ ငါ စဉ်းစားပြီးပြီ၊ ဘယ်သူ့ကိုမှ မခန့်ဘူး၊ မင်းတို့ မကျေနပ်ရင် ဟိုစစ်ဗိုလ်ရဲ့ခါးက သေနတ်နဲ့ ငါ့ကို ပစ်သွားကြ”ဟု သခင်နုက ဒေါသနှင့် အဖြေပေးသဖြင့် အစည်းအဝေး ပျက်သွားတော့သည်။
ဗိုလ်နေဝင်းနှင့် ဗိုလ်ဇေယျတို့သည် ဝန်ကြီးရာထူးရရှိရန် ဆက်လက် အားထုတ်ကြသေးသည်။ ဒေါသကုမာရ သခင်နုက မည်သူ့ကိုမှ ကာကွယ်ရေးဝန်ကြီး မခန့်တော့ပြီ။ အကယ်၍သာ ထိုစဉ်က နိုင်ငံရေးအသိရှိသူ ဗိုလ်ဇေယျအား ခန့်လျှင် တပ်၏ညီညွတ်ရေးကို ထိန်းနိုင်သူဖြစ်သဖြင့် ပြည်တွင်းစစ်တွင် တပ်က ပါကောင်းမှပါမည်။ ဇာတ်လမ်းပြောင်းသွားနိုင်သည်။ ဗိုလ်နေဝင်းကို ခန့်လျှင်လည်း အနည်းငယ် တည်ငြိမ်နိုင်သည်။
ဗိုလ်နေဝင်းက ဝန်ကြီးရာထူး မရသောကြောင့် ကြီးစွာစိတ်ဆိုးပြီး ခလောက်ဆန်ကာ အမျိုးမျိုးသွေးခွဲသဖြင့် သရက်မြို့ရှိ တပ်မတော်တပ်ရင်း (၁)နှင့် မင်္ဂလာဒုံရှိ တပ်ရင်း (၃)တို့မှ အရာရှိများနှင့် တပ်သားများ တောခိုကာ ကွန်မြူနစ်တို့ဖက်သို့ ကူးပြောင်းသွားကြရသည်။ ဗိုလ်ဇေယျတယောက်လည်း တောထဲသို့ ပါသွားတော့သည်။
ဗိုလ်နေဝင်းသည် စတင်တောက်လောင်စပြုသော ပြည်တွင်းစစ်မီးကို ဓာတ်ဆီလောင်းပေးသူဖြစ်သည်။ ဗိုလ်နေဝင်း၏ နိုင်ငံရေးရာထူးလောဘသည် ၁၉၄၈ ခုက စတင်ကာ မြန်မာ့သမိုင်းကို အဆိုးဖက်သို့ ပြောင်းလဲနေစေသည်။
ကာကွယ်ရေးဝန်ကြီးရာထူးကို မျက်နှာငယ်ခံ၍ တောင်းပါလျက် ဝန်ကြီးချုပ်က ဒေါသနှင့် ငြင်းဆန်သည်ကို ဗိုလ်နေဝင်းက တေးထားပြီး ပြည်တွင်းစစ် သက်တမ်းရလာချိန်တွင် အကျပ်ကိုင်၍ တောင်းဆိုပြန်သည်။ ဤတချီတွင် ဗိုလ်နေဝင်း အောင်ပွဲ ရရှိသွားသည်။
ကရင်ကာကွယ်ရေးတပ်များနှင့် ကရင်စစ်သားအချို့ပါ တောခိုပြီး လက်နက်ကိုင် ပုန်ကန်ကြလေရာ “မြန်မာနိုင်ငံ၏ အခြေအနေမှာ အရေးကြီးသော အခြေအနေသို့ ရောက်ရှိလေပြီ”ဟု ၁၉၄၈ ခု၊ သြဂုတ်လ ၁၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီး စပ်ရွှေသိုက်က ကြေညာရပေသည်။
“စစ်သေနာပတိနှင့် စစ်ဦးစီးချုပ်တွေက ကရင်တွေဖြစ်နေတော့ ကျွန်တော်တို့ ဗမာတပ်တွေက ဘယ်နှယ်လုပ်လို့ တိုက်ရပါမလဲ”ဟု ဗိုလ်နေဝင်းက မကြာခဏ တင်ပြသဖြင့် ၁၉၄၉ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် တပ်မတော်သေနာပတိကြီး စမစ်ဒွန်းအား ရာထူးမှ အနားပေးလိုက်ရလေသည်။ ထို့ပြင် တပ်မတော်တွင်းရှိ ကရင်အမျိုးသားစစ်မှုထမ်းများကိုလည်း အနားပေးလိုက်ရသည်။ စမစ်ဒွန်း၏နေရာကို ဗိုလ်နေဝင်းအား ပေးလိုက်ရပြီးနောက် တိတိကျကျ နောက်တနေ့တွင် ရန်ကုန်အလုံရပ်ကွက်ရှိ ကရင်အမျိုးသားအိမ်များကို စစ်တပ်က မီးတိုက်သတ်ဖြတ်ရာမှ ကရင်သူပုန်တို့၏အင်အား ပိုမိုကြီးထွားလာပြီး အင်းစိန်မြို့ကို ကရင်များက သိမ်းပိုက်နိုင်ခဲ့လေသည်။
စစ်ကြောင့် ကာကွယ်ရေးစရိတ် တိုးမြှင့်ရသဖြင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လစာ ၃ဝ ရာခိုင်နှုန်း လျော့ယူပြီး အစိုးရဝန်ထမ်းများ လစာ ၁၅ ရာခိုင်နှုန်း ယာယီလျော့ရန် ဆုံးဖြတ်သောကြောင့် အမှုထမ်းပေါင်းစုံသပိတ်ကြီး ပေါ်ပေါက်လာပြန်သည်။ ဗကပတို့အနွယ် အမှုထမ်း အရာထမ်းတို့ တောခိုကြသည်အထိ တိုက်ကြသောကြောင့် အစိုးရစက်ယန္တရားကြီး နှေးကွေးသွားခဲ့ရသည်။ အခြေအနေ ပိုမိုဆိုးရွားလာပြီး မန္တလေးအပါအဝင် နယ်မြို့ကြီးများကိုပါ သူပုန်အမျိုးမျိုးတို့က သိမ်းပိုက်ထားနိုင်ခဲ့သည်။
အရေးထဲ၌ ၁၉၄၉ ခု၊ ဧပြီလတွင် သခင်နု၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရာထူးမှ ထွက်စာတင်ကြသည်။ ဦးကျော်ငြိမ်း အပါအဝင် ဆိုရှယ်လစ်ဝန်ကြီးများကလည်း နုတ်ထွက်ကြသည်။ အချို့ ဝန်ကြီးများက ကွန်မြူနစ်တို့ဖက်သို့ သံယောဇဉ်ရှိသဖြင့် ထွက်ကြသည်။ အချို့က စစ်တပ်ကို ကြောက်ရွံ့သဖြင့် ထွက်ကြသည်။ ထွက်စာတင်သူ ဝန်ကြီးများက “ဗိုလ်နေဝင်းက ဝန်ကြီးတွေကို ခဏခဏ ကြိမ်းမောင်းပါတယ်၊ သူရဲ့ စစ်တပ်ဟာ ဝန်ကြီးတွေ မွေးထားတဲ့ အိမ်စောင့်ခွေးတွေ မဟုတ်ဘူး၊ သူရဲ့ တပ်က အသေခံပြီး ဝန်ကြီးတွေကို စောင့်မပေးနိုင်ဘူး။ ဒီတော့ သူပုန်တွေနဲ့ ပေါင်းပြီး အစိုးရ ဖွဲ့ကြပေတော့လို့ မာန်မဲပြီး ပြောပါတယ်”ဟု ဝန်ကြီးချုပ်ကို တိုင်တန်းကြသည်။
ထိုအချိန်တွင် ဝန်ကြီးချုပ်ဦးနုအဖို့ ရွေးချယ်ရန် လမ်းနှစ်သွယ်သာ ရှိတော့သည်ကို တွေ့ရလေသည်။ သူပုန်တို့နှင့် ပေါင်းရမည်လော၊ စစ်တပ်ကို ပစားပေးရမည်လော။ ဗိုလ်နေဝင်းပြောသကဲ့သို့ သူပုန်များနှင့်ပေါင်းကာ အစိုးရဖွဲ့ရလျှင် လက်နက်ကိုင်တိုက်သူများကို အညံ့ခံ အရှုံးပေးရသည်သာ ဖြစ်သည်။ သခင်နုသည် ယင်းကဲ့သို့ လက်နက်နှင့် ခြိမ်းခြောက်ပြီး အကြပ်ကိုင် အနိုင်ယူသည်ကို ငုံ့ခံကာ အရှုံးပေးမည့် လူစားမျိုးမဟုတ်၊ မိမိအသက် ပေးရသည်ဖြစ်စေ၊ လက်နက်နှင့် အကြပ်ကိုင်မှုကို တုံ့ပြန်တိုက်ခိုက်ရန် သတ္တိကြီးသူဖြစ်သည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။ ထိုကြောင့် သူပုန်ကို အရှုံးမပေး၊ အလျှော့မပေးဘဲ ပြန်တိုက်ရန် လမ်းစဉ်ကို သူက ရွေးသည်။ ထိုကြောင့်ပင် သူပုန်ကို တိုက်ရန်အတွက် စစ်တပ်ကို မွေးရတော့သည်။
ဗိုလ်နေဝင်းအား ကာကွယ်ရေးဝန်ကြီး ခန့်ရတော့သည်။ ရာထူးမှထွက်သွားသော ဝန်ကြီးများ၏နေရာတွင် လူမျိုးစုခေါင်းဆောင်များ ဖြည့်စွက်ကာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းသောအခါ ဗိုလ်နေဝင်းအား ဗိုလ်ချုပ်ကြီးရာထူးနှင့် ကာကွယ်ရေးဝန်ကြီးရာထူးသာမက ဒုတိယဝန်ကြီးချုပ်ရာထူးကိုပါ ပေးရသည်။ ကြီးမြင့်သောအစိုးရရာထူးကို ရရှိသောအခါတွင်မှ ဗိုလ်နေဝင်းက စိတ်ပါလက်ပါ တိုက်ခိုက်သောကြောင့် ကရင်သူပုန်များလက်မှ အင်းစိန်မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ဗိုလ်နေဝင်းက သူပုန်များကိုဖိ၍ တိုက်ရာတွင် ပြင်းထန်စွာ ဖိနှိပ်မှုများ ပြုလုပ်ခဲ့သည်။ နိုင်ငံသားတဦးကို မသင်္ကာသည်နှင့် ရက်အကန့်အသတ်မရှိ ဖမ်းဆီးထားနိုင်သော ပြည်သူ့ငြိမ်ဝပ်ပိပြားရေး ဥပဒေပုဒ်မ (၅)ကို ပြဋ္ဌာန်းသည်။ ထိုဥပဒေအရ သူပုန်များ၊ သူပုန်အနွယ်များသာမက အခြားခေါင်းထောင်သူမှန်သမျှကို ဖမ်းဆီးခဲ့သည်။ ထိုဥပဒေကြောင့် သူပုန်တို့ အားပျော့သွားသည်။ သို့သော် ပုဒ်မ (၅)နှင့် ဖမ်းထားသူများမှာ များပြားလှသဖြင့် ထောင်များ လျှံသွားခဲ့သည်။
၁၉၅၀ ခုနှစ်က ထောင်တို့တွင် အကျဉ်းသား ၁၁၄၃၅ ဦး ရှိသည့်အနက် ပုဒ်မ (၅)နှင့် ဖမ်းထားသူ၊ အမှုစစ်ဆေးခြင်း မပြီးသေးသူ ၆၁၈၁ ဦး ရှိနေသည်။ ရာဇဝတ်မှုအရ ထောင်ဒဏ်ခတ်ထားသူတို့ထက် ပုဒ်မ ၅ အကျဉ်းသားများက ပိုနေခဲ့သည်။ စစ်တပ်နှင့် စစ်တပ်ကို ကပ်ပေါင်းသူ အာဏာရဆိုရှယ်လစ်တို့က မလိုသူမှန်သမျှကို လက်ညှိုးထိုးကာ ဖမ်းကြတော့သည်။ ရခိုင်မှ ရာဇဝတ်ဝန်ထောက်တဦး (R.D.Kirham) ကိုပင် ပုဒ်မ (၅)နှင့် ဖမ်းခဲ့၏။ ကရင်အမျိုးသား စောဘင်ဆင်မှာ ပုဒ်မ (၅)နှင့် ၄နှစ် ဖမ်းဆီးထားခြင်း ခံခဲ့ရသည်။
ထိုအခါ ဗိုလ်ရန်နိုင် စသော ပုဒ်မ (၅) အကျဉ်သားတို့က မိမိကို မတရားဖမ်းသည်ကို စစ်ဆေးပါဟု လျှောက်ထားနိုင်သော အခြေခံဥပဒေမှ ရှေ့တော်သွင်းစာချွန်တော် အခွင့်အရေးအရ တရားရုံးသို့ လျှောက်ကြလေသည်။ ရဲရင့်သော တရားဝန်ကြီးဦးအေးမောင်က အားလုံးလိုလိုကို လွှတ်ပေးသဖြင့် အဖမ်းအဆီး အားပျော့သွားခဲ့သည်။
ဆိုးရွားသော ထိုဥပဒေကို ပြန်လည်ရုတ်သိမ်းရန်အဆိုကို ၁၉၅၃ ခု၊ အောက်တိုဘာလတွင် လွှတ်တော်အမတ်အချို့က တင်ခဲ့ကြသည်။ အောင်မြင်မှု မရခဲ့သောကြောင့် ယခုထက်တိုင် ဆက်လက် အသက်ဝင်နေသဖြင့် မင်းဆိုးမင်းညစ်တို့သည် အစဉ်တဆက် အသုံးပြုကာ နိုင်ငံသားတို့အား ညှဉ်းဆဲနိုင်ပေသည်။
ဝန်ကြီးချုပ် သခင်နုကလည်း သူပုန်တို့အား သတ္တိကြီးစွာနှင့် တိုက်ခဲ့သူဖြစ်၏။ စစ်တိုက်ရန် မလိုလားသူ၊ သူတပါး၏အသက်ကို ပုရွက်ဆိတ်ကိုမှ သတ်ဖြတ်ခြင်းမပြုသော သူတော်ကောင်းကြီးဟု အဆိုရှိ
သော ဦးနုက စစ်မြေပြင်သို့ ကိုယ်တိုင်ထွက်ခဲ့သည်။ သူပုန်တို့၏ အမြောက်သံ၊ ဗုံးသံများ ကြားရသည့် နေရာအထိ သွားရောက်၍ စစ်တပ်များ၊ ရဲအဖွဲ့ များနှင့် အစိုးရအမှုထမ်း အရာထမ်းများအား အားပေးကာ ကြံ့ကြံ့ခိုင် ခုခံစေသည်။ ပြန်လည်တိုက်စေသည်။
မန္တလေးမြို့ကို သူပုန်များ သိမ်းထားစဉ်၌ တဖက်ကမ်း စစ်ကိုင်းမြို့သို့သွားကာ ရုံးထိုင်ပြီး အားပေးခဲ့သည်။ လွယ်ကူစွာ သွားနိုင်သည် မဟုတ်ဘဲ ရွှေဘိုလေဆိပ်မှတဆင့် ခက်ခဲစွာ အသက်စွန့်၍ သွားရောက်ခဲ့သည်။ မုံရွာမြို့ကို သူပုန် ဝိုင်းထားစဉ်၌ မုံရွာသို့သွားကာ ရဲအဖွဲ့ နှင့် အမှုထမ်း အရာထမ်းများသာမက လူထု၏စိတ်ဓာတ်ကိုပါ မြှင့်ပေးခဲ့သည်။
အစိုးရအဖွဲ့ခေါင်းဆောင်သခင်နုက မိမိ၏အစိုးရသည် ဗိုလ်နေဝင်းက ကြိမ်းမောင်း စွပ်စွဲသကဲ့သို့ စစ်တပ်အား အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဒရဝမ်ကဲ့သို့ သဘောထားခြင်း မရှိ၊ အရေးကြုံကာ စစ်တပ်နှင့် ပခုံးချင်းယှဉ်ကာ တိုက်ရဲကြောင်း ဘုန်းစွမ်းနှင့်လူစကို ပြခဲ့ပေသည်။
မြို့များကို သူပုန်တို့ စီးနိုင်သည်မှာ ရဲအဖွဲ့ဝင်နှင့် အစိုးရအမှုထမ်းများက သတ္တိရှိကြသော်လည်း သူပုန်တို့လာသည်ဟု သတင်းရသည်တစ်ပြိုင်နက် ကြောက်လန့်တကြား စစ်ဗိုလ်တို့ကမူ ဦးစွာ ထွက်ပြေးလေ့ရှိသောကြောင့် မြို့ရွာများသည် သူပုန်တို့လက်သို့ ရောက်ရှိခဲ့ကြရသည်။
တချိန်တွင် သူပုန်များလာလေမည်ဟု သတင်းအရ စစ်ဗိုလ်က စစ်တပ်ကိုခေါ်ကာ ထွက်ပြေးသဖြင့် ကျောက်ဆည်မြို့မှ မြို့သူမြို့သားများ ကိုးကွယ်ရာမရ ဖြစ်ခဲ့ရသည်။ ရှမ်းပြည်မှပြန်လာသော ဆရာကြီးရွှေဥဒေါင်းသည် မန္တလေးသို့ မပြန်နိုင်ပဲ သောင်တင်နေခဲ့ရသည်။ မန်းသို့ နောက်မှ ပြန်ရောက်သောအခါ သူပုန်သံကြားသည်နှင့် ကာကွယ်မပေးဘဲ ပြေးကြသည့် အစိုးရတပ်များကို ဝေဖန်ကာ လူထုသတင်းစာမှ ခေါင်းကြီးရေးခဲ့သည်။ မကြာမီကပင် မန္တလေးမြို့ကို ကရင်သူပုန် စီးခဲ့သည်။ မြို့ကို စစ်တပ်က ပြန်သိမ်းသောအခါ (၁၉၄၉ ခု၊ ဧပြီ ၂၄) မြန်မာစစ်တပ်က လူထုသတင်းစာတိုက်ကို ဗုံးခွဲကာ ဖျက်ဆီးပြီး ရွှေဥဒေါင်းနှင့် ဦးလှကို ဖမ်းသည်။ “ခင်ဗျားတို့က ကျွန်တော်တို့အကြောင်းရေးတာ မကောင်းဘူး”ဟု ပြောဆို ခြိမ်းခြောက်ပြီးမှ ပြန်လွှတ်ပေးသည်။
ပြည်တွင်းစစ်ကာလတွင် ဗိုလ်နေဝင်း၏ စစ်တပ်တို့က လူထုကို အကာအကွယ်မပေးသည်သာမက သူတို့က နိုင်သူကိုဖိ၍ ညှဉ်းဆဲလေ့ရှိ၏။ မည်သို့ဆိုစေကာမူ ဗိုလ်နေဝင်း၏ အကြမ်းဖိနှိပ်သောနည်းနှင့် သခင်နု၏ ပြောင်မြောက်သော သတ္တိကြောင့် ဇာတ်ပေါင်းသောအခါ သူပုန်တို့ ရှုံးရပြီး တောကြိုအုံကြားသို့ ပြေးကြရလေတော့သည်။
၁၉၄၈ ခုမှ သုံးနှစ်တိုင် တိုက်ခိုက်ကြသော ပြည်တွင်းစစ်၏ အကျိုးဆက်မှာ နိုင်ငံသား ၂၂၀ဝ၀၊ စစ်တပ်အပါအဝင် အစိုးရဝန်ထမ်း ၅၇ဝဝ သေဆုံးခဲ့သည်။ သူပုန်တို့ဖက်မှ လူ ၆ဝဝဝ ခန့် ကျဆုံးခဲ့သည်။ ၁၉၅၈ ခု၊ နိုဝင်ဘာမှ ၁၉၆၀ ခု၊ ဧပြီလအတွင်း ၁၇ လတာတွင် သူပုန် ၂၂၇၈ ဦး ကျဆုံးစေခဲ့သည်။ ၂၃၅၁ ဦး ဒဏ်ရာရကာ ၁၃၈၄ ဦးကို ဖမ်းမိပြီး ၄၀၂၂ ဦးတို့ လက်နက်ချကြသည်ဟု အစိုးရက ကြေညာ၏။
ဗိုလ်နေဝင်းသည် ၁၈ လတာမျှ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရာထူးကို ထမ်းဆောင်ခဲ့စဉ်က လက်နက်ခဲယမ်းမီးကျောက် ဝယ်ယူရန်အတွက် ဘိလပ်သို့ သူကိုယ်တိုင် တိုးတိုးတိတ်တိတ် သွားခဲ့လေသည်။ ထိုစဉ်က လန်ဒန်မြို့တွင် လူလည်ဖြစ်နေသူ မြန်မာတဦးနှင့် တွေ့ရှိကာ လန်ဒန်မြို့တော်၏လှိုင်ဘုံမြနန်းတွင် ရက်အတန်ကြာ ကျက်စားမြူးတူးနေခဲ့သည်။ ပြည့်တန်ဆာများနှင့် အချိန်ကုန်ခဲ့သည်ဟု သိရသည်။ လန်ဒန်တွင် တွေ့ရသည့် အီတလီအမျိုးသမီး ပြည့်တန်ဆာတဦးကို စွဲမက်သဖြင့် ရန်ကုန်သို့ခေါ်ခဲ့ပြီး အင်းယားကန်ဘောင်တွင်ရှိသော ဗိုလ်တင်မောင်ကျွန်း၌ထားရှိကာ ပေါင်းသင်းနေထိုင်ခဲ့သည်။ ကရင်သူပုန်တို့၏ရေဒီယိုမှ ထိုသတင်းကို ကြိမ်ဖန်များစွာ လွှင့်သဖြင့် ဝန်ကြီးချုပ်ဦးနုက သတိပေးသောကြောင့် ပြန်ပို့လိုက်ရသည်။ သူ့မယားငယ်ထားရာ ကျွန်းကိုမူ လက်မလွှတ်တော့ဘဲ စစ်တပ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ နောက်ပိုင်းတွင် စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကို ထိုကျွန်း၌ ဆောက်လုပ်ခဲ့လေသည်။
လန်ဒန်တွင် ပျော်ကြစဉ်က ဗိုလ်နေဝင်းတွင် ပါသွားသော လက်နက်ဝယ်ရမည့် နိုင်ငံခြားသုံးငွေများကို လန်ဒန်မိတ်ဆွေက အပျောက်ရိုက်သည်ကို ခံခဲ့ရသည်။ ဗိုလ်နေဝင်းမှာ အစိုးရပိုင် နိုင်ငံခြားသုံးငွေများ ဆုံးရှုံးရသည့်အမှုကို အရေးယူပါက မိမိလော်မာသောအမှုများပါ ပေါ်လေမည် စိုးရွံ့သဖြင့် အရေးမယူနိုင်ဘဲ မခံချိမခံသာ ဖြစ်နေခဲ့သည်။
ထိုမိတ်ဆွေ ရန်ကုန်သို့ လာရောက်လည်ပတ်သောအခါ ကုန်သည်တဦးကို တရားလိုပြုစေ၍ ဖမ်းဆီးပြီး ထောင်ချရန် စီစဉ်ခဲ့သည်။ ထိုမိတ်ဆွေက ဗိုလ်နေဝင်းထက် လည်သူ ဖြစ်သည်။ အမှုစစ်နေစဉ် အာမခံရအောင်
လျှောက်ထားပြီး ထိုင်းနယ်စပ်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဗိုလ်နေဝင်း၏ဘဝတွင် ထိုမိတ်ဆွေတဦးတည်းကိုသာ အရှုံးပေးခဲ့ရသည်။ မိမိ၏အကျိုးစီးပွားရေးကို ထိခိုက်ပါလျှင် မည်သူ့ကိုမဆို ကလဲ့စားချေနိုင်သည်။ လက်နက်ဝယ်ရန်ငွေကို အလိမ်ခံရသည့်အမှုမှာ မိမိ၏ ညံ့ဖျင်းမှုနှင့် လော်မာမှုဖြစ်သဖြင့် လူသိမခံဝံ့ဘဲ အံကျိတ်၍သာ ခံရရှာသည်။
* * *
#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ
၉။ ဗိုလ်နေဝင်းက ကုန်းချော၍ ဖဆပလကို ခွဲစိတ်ခြင်း
ဗိုလ်နေဝင်းသည် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးရာထူးကို ရာထူးသက်တမ်း ၁၈ လသာ စံစားလိုက်ရပြီး လူထုက ရွေးကောက်တင်မြှောက်သူမဟုတ်၍ ဆင်းပေးရသဖြင့် လောဘမထိန်းနိုင် မရောင့်ရဲနိုင် ဖြစ်နေခဲ့သည်။ ဒုတိယဝန်ကြီးချုပ်အဆင့်ကိုလည်း မကျေနပ်၊ နိုင်ငံ၏ ထိပ်ဆုံးရာထူးကိုသာ လိုချင်သူဖြစ်သည်။ လက်ငင်း စစ်သေနာပတိချုပ်ရာထူးကို ဆုပ်ကိုင်ထားရင်း တိုင်းပြည်၏ နိုင်ငံရေးအာဏာ ရရှိရေးကို အမျိုးမျိုး ကြံဆပြန်သည်။ မြန်မာတမျိုးသားလုံး၏ နိုင်ငံရေးအင်အားစုကြီး စုစည်းထားသော ဖဆပလ အဖွဲ့ချုပ်ကြီးကို ခွဲဖျက်နိုင်မှသာ စစ်သေနာပတိကြီးအဖို့ အာဏာကုန် ရနိုင်မည်ဟူသော အဖြေကို သူ စဉ်းစားမိသည်။
ဇာတ်တော်တခုတွင် တိုင်းပြည်တပြည်ကို ဖျက်ဆီးလိုသော ပုဏ္ဏားတဦးက မင်းညီမင်းသားများနှင့် အမတ်များအား တဦးစီ တဦးစီတို့၏ အနားသို့ ချဉ်းကပ်၍ တဦးချင်း တီတိုးပြောသည်။ ငါမသိအောင် ထိုသို့ တီးတိုးစကားပြောခြင်းသည် ငါနှင့်သက်ဆိုင်သည့် အမှုကိစ္စသာ ဖြစ်လိမ့်မည်ဟု တွေးတောပြီး အချင်းချင်း တဦးကိုတဦး မသင်္ကာဖြစ်ကာ အထင်အမြင်လွဲမှား သွေးကွဲကြရာမှ တိုင်းပြည်ပျက်သွားသည်။ “တိုးတိုးပြောတော့ ပြည်ပျက်၊ ပြည်ကြီးပျက်လိုလျှင် တိုးတိုးပြော”ဟူသော ဇာတ်ပွဲ၏ ဆောင်ပုဒ်ကို ဗိုလ်နေဝင်းက အသုံးပြုသည်။
“ဖဆပလ အက်နေသည်၊ ပြန်လည် ညီညွတ်ကြပါ”ဟု သူက အသံကောင်းဟစ်ကာ မေတ္တာရပ်သည်။ ဦးကျော်ငြိမ်း ဦးဗဆွေတို့ ဆိုရှယ်လစ်အုပ်စုနှင့် တီးတိုးအစည်းအဝေး ကျိတ်ဝိုင်းများကို ကျင်းပစဉ်တွင် ညီညွတ်ရေးကို သူက တိုက်တွန်းသည်။ တဖန် ဦးကျော်ငြိမ်းတို့သည် မည်သို့မည်နှယ် ဆွေးနွေးနေကြပြီဟု ဝန်ကြီးချုပ်၏ လူယုံအတွင်းတော် လူရင်းအဖြစ် သတင်းမှားများကို နှစ်ကိုယ်ကြား သံတော်ဦးတင်သည်။ စစ်ဗိုလ်ချုပ်ကြီးက တိုးတိုးပြောသဖြင့် ပြည်ကြီးပျက်ခဲ့ရသည်။
ဖဆပလအဖွဲ့ချုပ်ကြီး ကွဲပျက်သွားရခြင်းသည် ဖဆပလခေါင်းဆောင်များ ပညာအဆင့်အတန်း ခြားနားမှု လူတန်းစားပြဿနာမှ စတင်ခဲ့သည်ဟု ဆိုကြသော်လည်း အခြားအကြောင်းရင်းကြီးများလည်း ရှိပေသေး၏။ ဖဆပလဝန်ကြီးအဖွဲ့မှ ဝန်ကြီးကတော်အချင်းချင်း ဂုဏ်ပြိုင်ကြသည်လည်း အကွဲလမ်းစတခုဖြစ်သည်ဟု ဆိုနိုင်သည်။ အထူးသဖြင့် နိုင်ငံ၏ အကြီးဆုံးသော အခမ်းအနားဖြစ်သည့် ဆဋ္ဌသင်္ဂါယနာတင်ပွဲတော်ကြီးတွင် ဝိသာခါအဖွဲ့ စသည်ဖြင့် ဆွမ်းကျွေးအဖွဲ့များတွင် မည့်သည့်ကတော်က ရှေ့တန်း ထိုင်ရသည်။ မည်သူက နောက်တန်းနေရသည် စသည်ဖြင့် သွေးကွဲသံများ ထွက်လာခဲ့သည်။ အဓိက အကြောင်းကြီးတရပ်မှာ စစ်တပ်က မိမိတို့ ရရှိနေသည့် တန်ခိုးအာဏာထိန်းသိမ်းရေးအတွက် နိုင်ငံရေးလောကသို့ ဝင်ရောက်စွက်ဖက်မှုများ ဖြစ်သည်။ တောခိုကာ လက်နက်နှင့်ပုန်ကန်နေသော ကွန်မြူနစ်သူပုန်များက မြို့တွင်းလက်ဝဲနိုင်ငံရေးလောကသို့ ဝင်ရောက်စွက်ဖက်သည်ဟု စွပ်စွဲ၍ အကြောင်းရှာကာ စစ်တပ်က နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ကြသည်။
" လွတ်လပ်ရေး ကြေညာချိန်ကပင် လက်နက်ကိုင်သူပုန်များ ထကြွစေကာမူ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို ဖြစ်နိုင်သောဒေသများတွင် စတင်ကျင်းပခဲ့လေသည်။ ၁၉၅၁ ခုနှစ်က ကျင်းပသော ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ မဲဆန္ဒရှင်ရှစ်သန်းတို့မှ ၆ဝ ရာခိုင်နှုန်း မဲပေးကြသည်။ ဖဆပလ အမတ်လောင်းများက ၆၀ ရာခိုင်နှုန်းမျှသော မဲများကို ရရှိခဲ့သည်။ ယှဉ်ပြိုင်သူမရှိ အရွေးခံရသူများလည်း ရှိခဲ့သည်။ ထို့နောက် ဖဆပလအစိုးရ သက်တမ်းရင့်လာသည်နှင့်အမျှ ဖဆပလခေါင်းဆောင်များ အခွင့်အရေးယူမှု၊ ဘက်လိုက်မှုတို့မှ လာဘ်စားမှုများအထိ ကျူးလွန်မိကြသောကြောင့် လူထုက ကြည်ညိုမှု လျော့ပါးလာခဲ့သည်။ အထူးသဖြင့် ဆိုရှယ်လစ်ပါတီဝင်အမတ်လောင်းများကို အကြည်ညို ကင်းမဲ့လာကြသည်။ လူထုနှင့်ကင်းကွာလာသော ထိုအမတ်လောင်းတို့က စစ်တပ်ကို ကပ်ကြသဖြင့် စစ်တပ်က ဝင်ရောက်စွက်ဖက်ကြသည်။
ဆိုရှယ်လစ်အမတ်လောင်းများ အနိုင်မရနိုင်သည့် နယ်မြေတို့ကို ငြိမ်းချမ်းမှုမရှိသေးဟု စစ်တပ်က ကန့်ကွက်သဖြင့် ရွေးကောက်ပွဲ ကျင်းပခြင်းမပြုရသည်လည်း ရှိသည်။ ဆိုရှယ်လစ်အမတ်လောင်းကို ဆန့်ကျင်၍ ယှဉ်ပြိုင်အရွေးခံမည်ဟု ယူဆရသော နိုင်ငံရေးခေါင်းဆောင်များကို စစ်တပ်က ပုဒ်မ (၅)နှင့် ဖမ်းထားသောအမှုများလည်း ရှိသည်။ အာဏာလက်ရှိ ဆိုရှယ်လစ်များနှင့် ယှဉ်ပြိုင်အရွေးခံသူများ၊ စည်းရုံးသူများကို စစ်တပ်နှင့် စစ်တပ်၏အရံတပ်များက သတ်ဖြတ်သည်အထိ ရမ်းကားကြသည်။ ထိုအချိန်တွင် စစ်တပ်က ငြိမ်ဝပ်ပိပြားရေး ဥပဒေပုဒ်မ(၅)နှင့် ဖမ်းဆီးခွင့်အာဏာကို ရယူထားသည်။
ဝန်ကြီးချုပ်ဦးနုသည် စစ်တပ်က ဖမ်းထားသောအမှုများကို ဝင်ရောက်စွက်ဖက်လေ့မရှိ၊ ဥပမာ စာရေးဆရာ လူထုဦးလှအား ပုဒ်မ (၅)နှင့် ရက်ရှည်လများ ဖမ်းဆီးထားရာတွင် ဦးလှအကြောင်း ကောင်းစွာသိသူ ဦးနုက “ကိုလှ လူကောင်းပါကွာ၊ မလုပ်ကြပါနှင့်ကွာ”ဟု တားနိုင်ပါလျက် တုံဏိဘော လုပ်နေမိပြီး မတားခဲ့မိသဖြင့် " မိမိသည် ဦးလှ ခံ ရမှု၏ တရားခံနံပါတ် (၂)ဖြစ်ပါသည်။ ဦးလှလွတ်လာမှသာ တောင်းပန်ရပါသည်" ဟု ဦးလှ နှစ် ၉၀ ပြည့် စာအုပ်တွင် ဦးနုက ရေးခဲ့သည်။
ဆိုရှယ်လစ် အမတ်လောင်းများနှင့် ယှဉ်ပြိုင်အရွေးခံသူတို့အား စစ်တပ်နှင့် စစ်တပ်က ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်များနှင့် ဝင်ရောက်သတ်ဖြတ်မှု ကျူးလွန်သည်အထိ စွက်ဖက်မှုများ ရှိခဲ့သည်။ ဝန်ကြီးချုပ် ဦးနုသည် ဝင်ရောက်ဟန့်တားမှုများကို ထိရောက်စွာ မပြုနိုင်ဘဲ ကြည့်နေခဲ့ရသည်။
အဓိကပြဿနာတခုမှာ ပြည်တွင်းစစ်ပြီး ငြိမ်းချမ်းရေးလမ်းစဉ် ဖြစ်သည်။ ဝန်ကြီးချုပ်ဦးနုသည်လည်းကောင်း၊ လက်ဝဲလက်ယာခေါင်းဆောင်များသည်လည်းကောင်း၊ လက်နက်ကိုင်သူပုန်များနှင့် တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းရေး တည်ဆောက်ရန် လိုလားကြသည်။ ဆိုရှယ်လစ်များ၊ ဗိုလ်နေဝင်းနှင့် သူ၏စစ်တပ်က လက်နက်ကိုင်သူပုန်များနှင့် တွေ့ဆုံဆွေးနွေးလျှင် ကွန်မြူနစ်များ မြေပေါ်သို့ရောက်ပါက စစ်တပ်၏တန်ခိုးအာဏာများ လျော့ပါးမည်ကို စိုးရွံ့သောကြောင့် လက်မခံဘဲ ဆန့်ကျင်နေကြသဖြင့် ကာလကြာမြင့်စွာ လိပ်ခဲတည်းလည်းဖြစ်နေခဲ့ကြသည်။
နောက်ဆုံးတွင် သူပုန်တို့နှင့် စေ့စပ်ရေးကို ပြင်ဆင်ရန် ဝန်ကြီးချုပ် ဦးနုက ဆုံးဖြတ်ခဲ့သည်။ ၁၉၅၅ ခု၊ အောက်တိုဘာ ၁ ရက်မှ စတင်ကာ ၆ လအတွင်း လက်နက်ကိုင်သူပုန်များ လက်နက်ချ ဝင်ရောက်ရန် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ခဲ့သည်။ ထိုအမိန့်ကို စစ်တပ်ခေါင်းဆောင်များက လက်မခံလိုကြသော်လည်း နိုင်ငံရေးလောကကို အံတုခြင်း မပြုနိုင်သဖြင့် စောင့်ကြည့်နေခဲ့ကြသည်။
၁၉၅၆ ခုနှစ်၊ ဧပြီလ ရွေးကောက်ပွဲကျင်းပသောအခါ စစ်တပ်က မျက်လုံးပြူးသွားသည်။ ထိုရွေးကောက်ပွဲတွင် ဖဆပလအမတ်လောင်းများက မဲစုစုပေါင်း ၁၇ သိန်းကျော် ၁၇၄၃၈၁၆ မဲရရှိပြီး ပမညတအဖွဲ့နှင့် အတိုက်အခံ အမတ်လောင်းများတို့က မဲစုစုပေါင်း ၁၅ သိန်းကျော် ၁၅၃၀၆၃၀ မဲရရှိသည်။ အမတ်နေရာ ဖဆပလက ၁၄၄ နေရာ အရွေးခံရပြီး ပမညတ အမတ် ၄၆ ဦး အရွေးခံရသည်။ စစ်တပ်အဖို့ ပမညတအဖွဲ့ဝင်များနှင့် ပမညတအမတ်များကို ကွန်မြူနစ်များပင် ဖြစ်သည်ဟု ယုံကြည်ကြလေသည်။ ထို့ကြောင့် ပမညတ အမတ်ဦးရေ တိုးတက်လာခြင်းသည် ကွန်မြူနစ်များ အာဏာရစေခြင်း၏ အခြေခံဖြစ်သည်ဟု ယူဆကာ ဆန့်ကျင်ရန် အားထုတ်ကြတော့သည်။
စစ်တပ်နှင့် ဆိုရှယ်လစ်အမတ်တို့ ကျောချင်းကပ်ကာ ပိုမိုပေါင်းသင်း ထောက်ခံကြသဖြင့် ပိုမိုရင်းနှီးလာကြသည်။ ယင်းသို့ စစ်တပ်က ဆိုရှယ်လစ်ပါတီခေါင်းဆောင်များကို အားပေးအားမြှောက်ပြုလေလေ လူထုနှင့်ဝေးကွာသွားလေလေ ဖြစ်လာခဲ့သည်ကို စစ်ဗိုလ်ကြီးများနှင့် ဆိုရှယ်လစ်ခေါင်းဆောင်များက နားမလည်နိုင်ကြပေ။
ပြည်တွင်းစစ်ကြီးကြောင့် နယ်စွန်နယ်ဖျားအထိ စစ်တပ်များချကာ တပ်စွဲထားသည်မှာ ကွန်မြူနစ်တို့အား တိုက်ခိုက်ရန်နှင့် ရပ်ရွာလူထုကို စောင့်ရှောက်ရန်အတွက် ဖြစ်သည်။ ထိုတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်သဖြင့် လူထုအကျိုး သယ်ပိုးမှုဖြစ်သည်ဟု စစ်ခေါင်းဆောင်များက ယူဆကြသည်။ လူထု (အထူးသဖြင့် လူမျိုးစုများ)ကမူ မိမိတို့ ဒေသတွင် စစ်စခန်းချထားသဖြင့် သမီးကညာမှ ကြက်၊ ဝက်၊ အရက်အထိ ပေးဆက်ရသည်ကို လက်တွေ့ခံကြရသဖြင့် စစ်စခန်းများကို မကျေမနပ် ဖြစ်ကြသည်။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို အားသွန်ဆောင်ရွက်မည်ဟု လမ်းစဉ် ချမှတ်၍ အရွေးခံကြသော ပမညတကို တိုးတက်၍ မဲပေးလာကြသည်။
နိုင်ငံရေးတပ်ပေါင်းစုကြီး ဖြစ်ပါလျက် ထိုရွေးကောက်ပွဲ၌ ပမညတတို့ အင်အားတက်လာရခြင်းကို ဖဆပလအဖွဲ့ချုပ်ခေါင်းဆောင်များ စီစစ်သုံးသပ်ရာတွင်လည်း သဘောကွဲလွဲမှုရှိသည်။ “မြေအောက်ကွန်မြူနစ်များက ပမညတ်အမတ်များကို ငွေများထောက်ပံ့ခြင်း၊ လူထုအား လက်နက်နှင့်ခြောက်လှန့်ခြင်းတို့ကြောင့် ပမညတများ အရွေးခံရသည်”ဟု ဦးကျော်ငြိမ်းက သုံးသပ်သည်။ ဦးနုကမူ “ဖဆပလခေါင်းဆောင်များ အာဏာအလွဲသုံးစားပြုခြင်း၊ လာဘ်စားခြင်း စသည့် မသမာမှုများကြောင့် ဖဆပလအဖွဲ့ကြီး အားပျော့ရသည်”ဟု ယူဆသည်။ ထို့ကြောင့် ဖဆပလ သန့်ရှင်းရေးကို ဆောင်ရွက်ရန် အားထုတ်သောအခါ ထိုသန့်ရှင်းရေးအစီအစဉ်ကို ဦးကျော်ငြိမ်းက လက်မခံသဖြင့် အကွဲတော်ပုံ ကြီးထွားရပြန်သည်။
ဝန်ကြီးချုပ်ဦးနုသည် ၁၉၅၆ ခု၊ ဇွန်လ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ဖဆပလ ဥက္ကဋ္ဌအဖြစ် ပါတီသန့်ရှင်းရေးကို လုပ်ဆောင်နေခဲ့သည်။ ဝန်ကြီးချုပ်ရာထူးကို ဦးဗဆွေက တာဝန်ယူပြီး ဦးကျော်ငြိမ်း၊ သခင်တင်နှင့် စောခွန်ချိုတို့က ဒုတိယဝန်ကြီးချုပ်များအဖြစ် အစိုးရအဖွဲ့ကို တာဝန်ယူခဲ့ကြသည်။ ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်စဉ် တနှစ်ပြည့်ပါက ရာထူးကို ပြန်ယူပါဟု အဆိုသွင်းချက်ကို အလုပ်အမှုဆောင်အဖွဲ့က သဘောတူ ဆုံးဖြတ်ထားခဲ့သည်။
ဖဆပလဥက္ကဋ္ဌကြီးဦးနုက ပါတီသန့်ရှင်းရေးကို ဆောင်ရွက်နေသောအချိန်တွင် အစိုးရအာဏာမှာ ကက်ဘိနက်ဝန်ကြီးအဖွဲ့တွင် တည်ရှိမနေဘဲ ဖဆပလအမှုဆောင်အဖွဲ့တွင် တည်ရှိနေသည့်အသွင်ကို ဆောင်နေလေသည်။ ဝန်ကြီးများရုံးထိုင်ရာ အတွင်းဝန်များရုံးထက် ချာချီလမ်းရှိ ဖဆပလအဖွဲ့ချုပ်ရုံးတွင် ပိုမိုစည်ကားလာသည်။ ပါတီအစည်းအဝေးများ ရှိပါလျှင် ဝန်ကြီးများသည် အတွင်းဝန်များရုံးမှခွာ၍ ပါတီအစည်းအဝေးကို အရေးကြီးအစည်းအဝေးများအဖြစ် တက်ရောက်ကြသည်။ အဖွဲ့ချုပ်၏အမှုဆောင် အစည်းအဝေးမှာ ဝန်ကြီးအဖွဲ့ အစည်းဝေးများကဲ့သို့ပင် အရေးကြီးသော နိုင်ငံ၏အရေးကိစ္စများကို ဆွေးနွေးဆုံးဖြတ်နေကြသည်။ ပါတီရေးသာမဟုတ် နိုင်ငံတခုလုံး၏ အရေးကိစ္စများကို စဉ်းစားဆွေးနွေးကြသောအခါ များစွာကျယ်ပြန့်သဖြင့် အရာရာတွင် တညီတညွတ်တည်း ဆုံးဖြတ်ကြခြင်း မပြုနိုင်ဘဲ အကြောင်းကိစ္စအလျှောက် သဘောထားကွဲလွဲမှုများ ရှိလာကြသည်။ အကြောင်းအရာအမှုကိစ္စတို့အတွက်သာမဟုတ် လူပုဂ္ဂိုလ်ချင်း သွေးကွဲမှုမှာလည်း တစတစ ထင်ရှားလာသည်။ မူလက ခိုင်မာစွာ သွေးစည်းခဲ့သည့် ဦးနုနှင့် ဦးကျော်ငြိမ်းတို့၏ ဆက်ဆံမှုသည်ပင် တင်းမာလာခဲ့သည်။ တဦးကတဦးကို အပြီးအပြတ် ဖယ်ရှားလေမည်ဟု မသင်္ကာဖြစ်လာကာ စိတ်ဝမ်းကွဲလာခဲ့သည်။
ပါတီအမှုဆောင် အစည်းအဝေးသည် ဝန်ကြီးအဖွဲ့ အစည်းအဝေး မဟုတ်သဖြင့် လွတ်လပ်စွာ ဆွေးနွေးနိုင်ကြသောကြောင့် ငြင်းခုံမှုများ ပေါ်ပေါက်လာခဲ့သည်။ ပြင်းထန်စွာ ဝေဖန်ဆွေးနွေး ငြင်းခုံကြရာမှ ရိုက်မောင်း ပုတ်မောင်း ဖြစ်လာသောကြောင့် မကြာခဏ ဘေးမှ ဝင်ရောက်ဖျန်ဖြေပေးရသည်။ အခန်းထဲ၌ မိမိတို့၏ဆရာများ ပဋိပက္ခဖြစ်နေကြသည့်အရှိန်ကြောင့် အပြင်ရှိ ငယ်သားချင်း ရန်ဖြစ်နိုင်ကြသည်ကို စိုးရိမ်ရသဖြင့် ဝန်ကြီးများ၏ လုံခြုံရေး သက်တော်စောင့်များ ဖဆပလဌာနချုပ်တွင်းသို့ ဝင်လျှင် လက်နက်ကိုင်ဆောင်ခြင်း မပြုရဟု ဥက္ကဋ္ဌဦးနုက အမိန့်ထုတ်ရသည်အထိ တင်းမာလာတော့၏။
ဤသို့ဖြစ်ရသည်မှာ မိမိနှင့် ဦးကျော်ငြိမ်းတို့ စိတ်ဝမ်းကွဲပြားမှုကြောင့် ဖြစ်ရသည်ဟု ဦးနုက စဉ်းစားမိသည်။ မိမိ တခါတည်း နိုင်ငံရေးလောကမှ နုတ်ထွက်၍ စာပေလောကသို့ ကူးပြောင်းလျှင် ဦးကျော်ငြိမ်းသာ ခေါင်းဆောင်တဦးအဖြစ် ကျန်ရစ်ပါက ဖဆပလကြီး ပြန်လည်စည်းရုံးနိုင်ပေမည်ဟု တွေးမိကာ တနှစ်ကြာလျှင် မိမိသည် ဖဆပလဥက္ကဌအဖြစ်မှပါ ထွက်တော့မည်ဟု ဦးနုက ဇူလိုင်လထဲတွင် ကြေညာသည်။
ထိုအခြေအနေတွင် ဖဆပလကြီး လုံးဝကွဲပျက်စေရန် ဗိုလ်ချုပ်ကြီးနေဝင်းက ဝင်ရောက်၍ တိုးတိုးပြောလမ်းစဉ်နှင့် ခြေထိုးခဲ့လေသည်။
၁၉၅၆ ခု၊ ဒီဇင်ဘာလထဲတွင် ဖဆပလဥက္ကဋ္ဌ ဦးနုသည် သီရိလင်္ကာသို့သွားကာ သာသနာ ၂၅၀၀ ပြည့်ပွဲသို့ တက်ရောက်ခဲ့သည်။ ဦးနု နိုင်ငံခြားသို့ ရောက်ရှိစဉ်တွင် ဗိုလ်ချုပ်နေဝင်း၏တောင်းဆိုချက်အရ ဝန်ကြီးချုပ်ဦးဗဆွေ၏အိမ်တွင် အစည်းအဝေးတခု ကျင်းပသည်။ အစည်းအဝေးသို့ ဗိုလ်မှူးကြီးအောင်ကြီး၊ ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဒုဗိုလ်မှူးကြီးချစ်ခိုင်တို့ပါ စုရုံးတက်ရောက်ကြသည်။ အစိုးရဖက်မှ ဦးဗဆွေအပြင် ဒုတိယဝန်ကြီးချုပ်ဦးကျော်ငြိမ်း၊ ဖဆပလအတွင်းရေးမှူး သခင်ကျော်ဒွန်းတို့အပြင် တရုတ်ပြည်သံအမတ်ကြီး ဦးလှမောင်တို့ တက်ရောက်ကြသည်။
စစ်စုံထောက်များ၏ ထောက်လှမ်းချက်အရ အောင်မာဃ တရုတ်ဖြူစစ်ဆင်ရေးကို အောင်ပွဲယူခဲ့သူ၊ စစ်ခေါင်းဆောင် ဗိုလ်မှူးချုပ် ကျော်ဇောသည် ဗကပ သခင်သန်းထွန်းနှင့် အဆက်အသွယ်ပြုသည်ကို တွေ့ရသဖြင့် ရာထူးမှ ဖယ်ရှားလိုပါသည်ဟု ဗိုလ်ချုပ်ကြီးနေဝင်းက ဝန်ကြီးချုပ် ဦးဗဆွေအား တင်ပြသည်ကို အစည်းအဝေးမှ သဘောတူကြောင်း ဆုံးဖြတ်ခဲ့သည်။
မူရင်းကိစ္စ ဆွေးနွေးအပြီး အထွေထွေ ရောက်တတ်ရာရာ စကားပြောကြစဉ် ဥက္ကဋ္ဌကြီးဦးနုသည် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးပြန်မယူဘဲ ဖဆပလဥက္ကဋ္ဌအဖြစ် နိုင်ငံကို ခေါင်းဆောင်သင့်သည်ဟု ဆွေးနွေးကြသည်။ ယင်းအကြံကို တရုတ်ပြည်တွင် ဥက္ကဋ္ဌကြီးမော်ကို စံပြု၍ ဦးလှမောင်က စကားစပ်မိသဖြင့် ပြောကြားသည်ဟု ဆိုသည်။ စစ်ဗိုလ်ကြီးများက ထောက်ခံကြသည်။ ဦးဗဆွေက ပြတ်သားသည်။ လက်မခံဘဲ “ဒါက ဦးနုသဘောပါ”ဟု ပြောသဖြင့် ဆုံးဖြတ်ချက်မထွက်ဘဲ စကားစ ပြတ်သွားခဲ့သည်။
သို့သော် ဦးနု နိုင်ငံခြားမှ ပြန်ရောက်လာသည့် နောက်တနေ့တွင် ဗိုလ်ချုပ်နေဝင်းက သူတဦးတည်း ဦးနုထံ သွားရောက်တွေ့ဆုံကာ အတွင်းစကားပြောသည်။ သူတို့တွေက ဦးနု ရာထူးပြန်မယူစေရန် ဆုံးဖြတ်နေကြပြီဟု ဆုံးဖြတ်ချက်အသွင်နှင့် အစီရင်ခံလေတော့သည်။ ဦးနုအဖို့ ရာထူးပြန်မယူဘဲ ဖဆပလဥက္ကဋ္ဌအဖြစ် အစိုးရအဖွဲ့ကို အပြင်မှကြိုးကိုင်သင့်ကြောင်း၊ သူတို့တွေ ပြောနေကြပါသည်ဟု မိမိက ဦးနုဘက်သားဖြစ်သဖြင့် သဘောမတူဟန်နှင့် သူက တင်ပြသည်။
ဒေါသကုမ္မာရ ဦးနု ပေါက်ကွဲရပြန်လေပြီ။ မိမိသည် ဝန်ကြီးချုပ်ရာထူးကို ပြန်မယူလိုသည်သာမက ဖဆပလဥက္ကဋ္ဌအဖြစ်မှပါ ထွက်တော့မည်ဟု ကြေညာထားပါလျက် ယခုကဲ့သို့ စစ်သေနာပတိကို စေလွှတ်၍ ဝန်ကြီးချုပ် မလုပ်သင့်ဟု ပြောစေခြင်းသည် အကျပ်ကိုင်သည်ဟု ယူဆပြီး ဝန်ကြီးချုပ်ရာထူးကို ပြန်လည်ရယူမည်ဟု ဆုံးဖြတ်လိုက်ပြန်သည်။
နိုင်ငံရေးအင်အားမှာ ဖဆပလအဖွဲ့တွင်ရော လွှတ်တော်တွင်းပါ ဆိုရှယ်လစ်တို့က များပြားသည်။ ယခု စစ်တပ်ကပါ ဆိုရှယ်လစ်တို့အကျိုးအတွက် ဝန်ကြီးချုပ် မလုပ်စေလိုကြောင်း ပြောနေပြီဖြစ်ရာ ဦးနုအဖို့ ဝန်ကြီးချုပ်ရာထူးပြန်လည်ရရှိရန် မလွယ်တော့ပြီဟု သူက ယူဆသည်။ ဦးနုသည် အရှုံးပေးလေ့ရှိသူ မဟုတ်။
“ဖျက်မည့်သူတွေက များလာတော့ မလွယ်ပေမယ့် ကိုယ်က တပွဲမှ မတိုက်ရဘဲ လက်မြှောက်ပြီး အရှုံးပေးရတဲ့လမ်းစဉ်ကို မကြိုက်ဘူး၊ အစိုးရရာထူးကို ပြန်ပြီးလက်ခံဖို့ ဆုံးဖြတ်လိုက်ပြီ”ဟု ဗိုလ်နေဝင်းအား အဖြေပေးလိုက်သည်။
မိမိလက်ချက်နှင့် ဖဆပလကြီးကွဲရန် သေချာပြီ ဖြစ်သဖြင့် ဗိုလ်နေဝင်းသည် အောင်ပွဲရသွားလေပြီ။ သို့သော် စဉ့်အိုးကြီးကို ခွဲသဖြင့် ကွဲသကဲ့သို့ “ခွမ်”ခနဲ အမွမွ အစိတ်စိတ် အနန ကွဲမသွားသေးသောကြောင့် ဆက်လက်၍ တူနှင့်ထုကာ ခလောက်ဆန်ရပြန်၏။
ဖဆပလအစိုးရသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ကာကွယ်ပေးနိုင်ခြင်း မရှိသဖြင့် အစိုးရအပေါ် အယုံအကြည်မရှိကြောင်း အဆိုကို ၁၉၅၇ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြည်သူ့လွှတ်တော်သို့ အတိုက်အခံအမတ်များ၏ခေါင်းဆောင် တရားဝန်ကြီးဟောင်း ဦးအေးဇံမောင်က တင်သွင်းလေသည်။ ထိုအဆိုက ဖဆပလအစိုးရခေတ်၌ စစ်တပ်က ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မီးမောင်းထိုး၍ ပြခဲ့လေသည်။ အစိုးရက ထုတ်ပြန် ကြေညာသော စာရင်းဇယားများကို ကိုးကား၍ “၁၉၄၈ ခုမှ ၁၉၅၆ ခုနှစ်အတွင်း တရားခံဖော်ထုတ်နိုင်ခြင်း မရှိသည့် လူသတ်မှုပေါင်း ၆၆၄၄ မှုရှိခဲ့ပြီး ဓားပြမှု ၁၇ဝဝ၄ မှု၊ ပြန်ပေးမှု ၁၁၅၆ မှု၊ မုဒိမ်းမှု ၆၃၃ မှုရှိခဲ့ကြောင်း”နှင့် တင်သွင်းသောအဆိုကို အမတ်အများက ထောက်ခံဝေဖန်ကြသည်။
ပြည်သူတို့ ခံကြရသည့် ထိုအမှုများကို ကျူးလွန်သူတို့မှာ စစ်တပ် ဖြစ်သည်ဟု လက်ညှိုးထိုး၍ တိုက်ရိုက်ပြောဆိုခြင်း မရှိစေကာမူ စစ်တပ်က ဖွဲ့စည်းထားသည့် လက်နက်ကိုင်အရံတပ်များ ဖြစ်သည့် ကာကွယ်ရေးတပ်များ၊ လဲဗျီးတပ်များနှင့် ပြူစောထီးတပ်များက ကျူးလွန်ကြကြောင်း၊ စစ်တပ်တွင် တာဝန်ရှိကြောင်းနှင့် ပြင်းထန်စွာ ရှုတ်ချပြောဆို၍ အဆိုကို တင်သွင်းခဲ့ကြသည်။ စစ်တပ်နှင့်လည်းကောင်း၊ ထိုလက်နက်ကိုင် အရံတပ်များနှင့်လည်းကောင်း၊ ရင်းနှီးပွန်းတီးသည့် ဆိုရှယ်လစ်ခေါင်းဆောင်များအားလည်း လက်ညှိုးထိုး၍ ဝေဖန်သည်ကို ခံကြရလေသည်။ အဆိုမှာ ခိုင်မာသော်လည်း လွှတ်တော်၌ ဖဆပလအမတ်များက အင်အားကြီးမားသဖြင့် ရှုံးနိမ့်ခဲ့ရလေသည်။
လွတ်လပ်ရေးကို တိုက်ယူပေးခဲ့သော ဖဆပလအဖွဲ့ကြီး၏ အစိုးရအဖွဲ့နှင့် စစ်တပ်သည် လူထုကို သတ်ဖြတ်ညှဉ်းပန်းသည့် အဆောက်အအုံဖြစ်နေသည်ကို ထင်ရှားစေသည့် ဤအဆိုကို အကြောင်းပြုကာ ဖဆပလ သန့်ရှင်းရေးကို လုပ်ဆောင်ရန် တာဝန်ရှိသည်ဟု ဦးကျော်ငြိမ်းရော ဦးနုကပါ လက်ခံလာကြသည်။ ဖဆပလ သန့်ရှင်းရေးအတွက် ဖဆပလ ပြည်လုံးကျွတ်ညီလာခံကို ဇန်နဝါရီလ ၂၉ ရက်နေ့မှ စတင်ကာ ကမ္ဘာအေးကုန်းမြေတွင် ၅ ရက်ကြာ ကျင်းပနိုင်ခဲ့သည်။
ဦးနု၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေ၊ သခင်တင်၊ မြန်မာ့အလင်း ဦးတင်၊ ဗိုလ်ခင်မောင်ကလေး၊ သခင်ကျော်ဒွန်းတို့နှင့်တကွ နှစ်ဖက်အုပ်စုခေါင်းဆောင်များ စုံညီစွာ တက်ရောက်ကြသည်။ ဖဆပလ၏ဝါဒမှာ မာ့က်စ်ဝါဒမဟုတ်၊ ဓနရှင်ဝါဒလည်း မဟုတ်ဘဲ ဆိုရှယ်လစ်ဝါဒဖြစ်သည်ဟု ဥက္ကဋ္ဌ ဦးနုက မိန့်ခွန်းပေးကာ ဖွင့်လှစ်၏။
ညီလာခံမှ
(၁) ပြည်တွင်းငြိမ်းချမ်းရေးအဆို
(၂) ဒီမိုကရေစီ တည်ဆောက်ရေးနှင့် နိုင်ငံခြားဆက်သွယ်ရေး လမ်းစဉ်အဆို
(၃) ပန်းတိုင်နှင့်ကြားကာလ လုပ်ငန်းစဉ်အဆိုတို့ကို ဆုံးဖြတ်ခဲ့လေသည်။
“ဖဆပလ ညီညွတ်ရေးကို ဖျက်ဆီးမည့် မည်သူ့ကိုမဆို မညှာမတာ နှိမ်နှင်းမည်”ဟု ဦးဗဆွေက မိန့်ခွန်းပေးခဲ့သည်ကို ဦးနုက ဝမ်းမြောက်ဝမ်းသာကြိုဆိုကာ “ဖဆပလအဖွဲ့ကြီး ညီညွတ်ရေးကို အာဇာနည် စစ်သည်သုံးသိန်းနှင့် ညီမျှသော လူစွမ်းကောင်းကြီး သုံးဦးဖြစ်သည့် ဦးကျော်ငြိမ်း၊ ဦးဗဆွေနှင့် သခင်တင်တို့က ဆောင်ရွက်ကြပါ”ဟု ကြေညာ တာဝန်အပ်နှင်းခဲ့သည်။
ယင်းသို့ ပြိုကွဲလုလု အခြေအနေမှ ပြန်လည်ညီညွတ်သွားသည်ကို ဗိုလ်ချုပ်ကြီးနေဝင်းနှင့် စစ်ဗိုလ်ကြီးများက မကျေမနပ် ဖြစ်ခဲ့ပြန်သည်။ ထို့ပြင် စစ်တပ်က လက်မခံနိုင်သော လမ်းစဉ်တခု ပေါ်ပေါက်လာသည်ကို မြင်တွေ့ကြသဖြင့် ဖဆပလအဖွဲ့ချုပ်ကြီးနှင့် စစ်တပ်တို့ စိတ်ဝမ်းကွဲသွားခဲ့ပြန်သည်။ အကြောင်းမှာ ကွန်မြူနစ်သူပုန်များအား ဥပဒေတွင်းသို့ ဝင်၍ နိုင်ငံရေးလုပ်ဆောင်ကြရန် ဖဆပလက ဖိတ်ခေါ်မှုဖြစ်၏။
ညီလာခံတွင် ဦးနုက စကားကြီး သုံးခွန်း ပြော၍ ကွန်မြူနစ်တို့အား ဖိတ်ခေါ်ခဲ့လေသည်။
(၁) ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ်ဆိုတာတွေကို အချီအချ ပြောမနေကြပါနှင့်တော့။
(၂) ကျွန်တော်တို့ မှားခဲ့တာတွေရှိရင်လည်း သည်းခံဖို့ ကျွန်တော်တို့က တောင်းပန်ပါတယ်။ ခင်ဗျားတို့ မှားတာတွေရှိရင်လည်း ကျွန်တော်တို့က သည်းခံပါ့မယ်။
(၃) ခင်ဗျားတို့နဲ့ ကျွန်တော်တို့ဟာ ဝါဒနဲ့ လမ်းစဉ်တွေမှာ တဖက်တလမ်းဖြစ်နေပေမဲ့ ပြည်ထောင်စုသားတွေ ကောင်းစားဖို့ လုပ်ပေးရမဲ့ လုပ်ငန်းတွေမှာတော့ အတူတူ လက်တွဲပြီးလုပ်ပေးနိုင်မယ့် လုပ်ငန်းတွေက အများကြီး ရှိတယ်။ ဒီလုပ်ငန်းတွေကို စနစ်တကျရှာဖွေပြီး၊ အတူတူ လက်တွဲလုပ်ကြရအောင် အလင်းဝင်ခဲ့ကြပါ။
ဟု မိန့်ခွန်းပေးပြီး သူပုန်တို့အား လက်ကမ်း ဖိတ်ခေါ်ခဲ့သည်။ အဆိုအဖြစ် အလင်းဝင်လာမည့် သူပုန်များကို လက်ခံမည့် အစီအစဉ်ဖြစ်သည့် ငြိမ်းချမ်းရေးအဆိုကို ဆုံးဖြတ်ခဲ့သည်။
ဗိုလ်နေဝင်းနှင့် စစ်ဗိုလ်ကြီးများက ဗကပသူပုန်များ အလင်းသို့ ဝင်လာကြပြီးနောက် ရွေးကောက်ပွဲ ဝင်ခွင့်ပြုပါက ကွန်မြူနစ်တို့ အာဏာရလာနိုင်သည်။ ထိုအချိန်တွင် မိမိတို့ကို ကွန်မြူနစ်တို့က ကလဲ့စားချေပေမည်ဟု စိုးရွံ့ ကြောက်လန့်နေကြသောကြောင့် ကွန်မြူနစ်တို့ကို ဥပဒေအတွင်း ဝင်ရန် ဖိတ်ခေါ်သည့် ဖဆပလအဖွဲ့ချုပ်ကြီးကို ကွဲပျက်သွားရန် နည်းလမ်းရှာလေတော့သည်။
မတ်လတွင် ကျင်းပသော အမျိုးသားကာကွယ်ရေးကောင်စီတွင် ဗိုလ်နေဝင်းက အစီရင်ခံစာ တစောင် တင်သွင်းသည်။ နိုင်ငံတွင် လူဆိုးများ ထကြွနေကြောင်း၊ လူဆိုးများမှာ ဩဇာရှိ နိုင်ငံရေးခေါင်းဆောင်များက အကာအကွယ်ပေးနေသဖြင့် အစိုးရအရာရှိများ ဖမ်းဆီးခြင်း မပြုနိုင်ကြောင်း တင်ပြသည်။
“ရာဇဝတ်မှု ကျူးလွန်သူမှန်သမျှကို ဖမ်းရမည်”ဟု ဝန်ကြီးချုပ် ဦးနုက မူအားဖြင့် အမိန့်ပေးရာ ဆိုရှယ်လစ်ပြည်ထဲရေးဝန်ကြီး သခင်သာခင် က စစ်တပ်အကူအညီနှင့် ရာဇဝတ်မှု ကျော်ဇောသူများကို ဖမ်းဆီးသောအခါ သူ၏ အုပ်စုဘက်မှသူများကို ပို၍ဖမ်းသည်၊ ငါ၏အုပ်စုဘက်မှသူများကို ပို၍ဖမ်းသည်ဟု အထင်အမြင်လွဲကြကာ ဖဆပလကြီး ထက်ခြမ်းကွဲရတော့၏။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် ၁၉၃၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အိန္ဒိယ မြန်မာ ခွဲရေးတွဲရေးလမ်းစဉ်သည် အကြီးဆုံးသော အယူအဆလမ်းစဉ် ကွဲပြားမှုကြီး ဖြစ်သည်။ ယခု တည်မြဲသန့်ရှင်း သွေးကွဲမှုနှင့် နှိုင်းယှဉ်လျှင် ခွဲရေးတွဲရေး ကွဲပြားမှုမှာ ကြက်ပွဲမျှသာ ဖြစ်နေလေသည်။ နိုင်ငံတဝှမ်းလုံး သွေးကွဲသွားကာ ရဟန်းရှင်၊ လူ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမား၊ လူထုလူတန်းစားအားလုံး ကွဲကြလေတော့သည်။ မိသားစုထမင်းဝိုင်းမှ အစည်းအဝေးကြီးများအထိ ကွဲသည်။ ငြင်းဆန်၍ ကွဲကြသည်။ ရိုက်မောင်း ပုတ်မောင်း ကွဲကြသည်။ ဖဆပလအဖွဲ့ကြီး ကျေသွားသည်အထိ ပြင်းထန်သည်။ အင်အားကြီးသော တပ်ဦးကြီးကို ခွဲဖျက်နိုင်သော ဗိုလ်နေဝင်းသည် အစွမ်းထက်လှပါသည်။
ယင်းကဲ့သို့ တနိုင်ငံလုံး လှုပ်ရှားနေခဲ့ရာမှ အင်အားစုကြီးနှစ်ခုတို့သည် နောက်ဆုံးပိတ် တိုက်ပွဲအဖြစ် ပြည်သူ့လွှတ်တော်စင်မြင့်တွင် တိုက်ခိုက်ကြရတော့သည်။
၁၉၅၈ ခု၊ ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်များရုံးရှိ ပြည်သူ့လွှတ်တော်အစည်းအဝေးကို ကျင်းပသောအခါ အစိုးရရုံးများနှင့် ကျောင်းများပါ တက်ရောက်သူ မရှိသဖြင့် ပိတ်ကြရသည်။ တပြည်လုံး ငြိမ်သက်သွားကြသည်။ ပြန်ကြားရေးဌာနက တိုက်ရိုက် အသံလွှင့်ပေးသဖြင့် ရေဒီယိုများတွင်သာ အားလုံးစုဝေးကြသောကြောင့် ရန်ကုန်တမြို့လုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
နံနက် ၁၁ နာရီတိတိတွင် အစည်းအဝေး စလျှင်စချင်း ဦးဗဆွေက အစိုးရအပေါ် အယုံအကြည်မရှိ အဆိုတင်သွင်းသည်။ ဝန်ကြီးချုပ်ဦးနု၏ ချို့ယွင်းချက် အဝဝကို တင်ပြကာ အယုံအကြည်မရှိတော့ကြောင်း တင်သွင်းသည်။ ထိုအဆိုကို ဦးကျော်ငြိမ်း၊ သခင်စံမြင့်နှင့် ဦးခင်မောင်လတ်တို့က ထောက်ခံကြပြီး ဦးဖိုးလှုံ၊ ဦးဘငြိမ်း၊ ဝန်ကြီး ဒူးဝါးဇော်ရစ်နှင့် သခင်တင်တို့က ကန့်ကွက်ကြသည်။
အယုံအကြည်မရှိ အဆိုကို မဲခွဲကြသောအခါမှ အဖြေထွက်လာခဲ့လေသည်။ မဲများကို ရေတွက်ကြရာ ညနေ ၆ နာရီ ၁၉ မိနစ်ကြာမှ ရေတွက်ပြီး ပြတ်သည်။ ည ၇ နာရီ ၁၅ မိနစ်တွင် မဲစာရင်းကို လွှတ်တော်သို့ တင်ပြသောအခါ သန့်ရှင်းတို့ဖက်မှ မဲ ၁၂၇ မဲရရှိပြီး တည်မြတို့ဖက်မှ ၁၁၉ မဲသာရရှိသဖြင့် အဆိုတခုလုံး မဲ ၈ မဲနှင့် ရှုံးနိမ့်သွားခဲ့သည်။ ရာဇဝင်တွင်မည့် ဆုံးဖြတ်ချက်များ ချမှတ်အပြီးတွင် ဦးနုနှင့် သခင်တင်တို့အား ဦးကျော်ငြိမ်းနှင့် ဦးဗဆွေတို့က ပြုံးရွှင်စွာ ရယ်မော၍ လက်ဆွဲကာ ကောင်းချီးပေးကြခြင်းဖြင့် နိဂုံးချုပ်ခဲ့ကြပုံကို တိုက်ရိုက် အသံလွှင့်ပေးသောကြောင့် လူထုကြီးမှာ ဒီမိုကရေစီစနစ်၏ရသကို ခံစားရင်း ကြည်နူးကြရသည်။
စင်စစ်အားဖြင့် ထိုအဆုံးအဖြတ်သည် ဆက်လက်တိုက်ခတ်လာမည့် မုန်တိုင်း၏နိဒါန်းသာ ဖြစ်ပေသည်။ ရက်အနည်းငယ်အတွင်းတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူး ဗိုလ်မှူးကြီးကြည်ဝင်းက တစခန်း ထတော့သည်။
ဦးဗဆွေနှင့် မယားညီအစ်ကိုတော်စပ်သူ တပ်မတော်မြောက်ပိုင်းတိုင်း၊ တပ်မဟာမှူး ဗိုလ်မှူးကြီးကြည်ဝင်းက လွှတ်တော်တွင် အနိုင်ရသော သန့်ရှင်းတို့က ဖိသဖြင့် “ဦးဗဆွေတို့မှာ လွှတ်တော်တွင် မဲရှစ်မဲသာ ရှုံးရုံမျှနှင့် အပြင်မထွက်ရဲ ဖြစ်နေလေပြီ၊ ထို့ကြောင့် သန့်ရှင်းအစိုးရကို စစ်တပ်က လက်နက်နှင့် ဖြုတ်ချရမည်”ဟု ပွင့်လင်းစွာ ကြေညာလေတော့သည်။
ဗိုလ်မှူးကြီးကြည်ဝင်းသည် လူထုက ရွေးကောက်တင်မြှောက်ထားသော ဝန်ကြီးချုပ်နှင့်အစိုးရကို စစ်တပ်က လက်နက်နှင့် အာဏာသိမ်းတော့မည်ဟူသော အစီအစဉ်ကို စစ်သေနာပတိကြီး ဗိုလ်ချုပ်ကြီးနေဝင်းအား တွေ့ခွင့်တောင်းကာ ပထမဦးစွာ တင်ပြခဲ့သည်။ ဗိုလ်နေဝင်းက သူရေးသားသည့် ဇာတ်ကွက်ဝင်လာပြီ ဖြစ်သဖြင့် ဗိုလ်ကြည်ဝင်းအား တားဆီးဟန့်တားခြင်း မပြုခဲ့။ ထိုကြောင့် ဗိုလ်ကြည်ဝင်းသည် တအားတက်ကာ တပ်တောင်တာ ဗိုလ်ထုနှင့် လူစုလေတော့၏။
* * *
#ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ
၁၀။ မြန်မာ့နည်း မြန်မာ့ဟန်နှင့် စစ်အာဏာသိမ်းပွဲ
ဗိုလ်ကြည်ဝင်းသည် သန့်ရှင်းအစိုးရကို စစ်တပ်က လက်နက်နှင့် အာဏာသိမ်းမည်ဟု ဗိုလ်နေဝင်းအား တင်ပြသောအခါ စစ်သေနာပတိက တားမြစ်ခြင်းမပြုဘဲ မီးစိမ်းပြလိုက်ပြီဖြစ်သဖြင့် အညာသို့ အမြန်ပြန်ကာ မြောက်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ၊ မြောက်ပိုင်းတိုင်း စစ်ဦးစီးမှူး (ပထမတန်း) ဗိုလ်မှူးကြီးချစ်ခိုင်တို့နှင့်အတူ ပူးပေါင်း၍ စစ်တပ်က အာဏာသိမ်းရန်အတွက် စစ်သားအင်အား လက်နက်အင်အား စုဆောင်းပြင်ဆင်ကြသည်။ စစ်ဆင်ရေး အစီအစဉ်များ ရေးဆွဲကြသည်။
အစီအစဉ်အရ တပ်သားအင်အားကို ကွတ်ခိုင်တွင် တပ်စွဲကာ စစ်ဆင်ရေးဝင်နေသော အမှတ် (၄)ဗမာ့လက်နက်ကိုင်တပ်ရင်းနှင့် တနင်္သာရီတိုင်းမှ အမှတ် (၁၀၆)ခြေမြန်တပ်ရင်းကို အသုံးပြုရန် ဆုံးဖြတ်သည်။ တပ်ရင်းမှူး၏ ကြေးနန်းအမိန့်အရ တပ်ရင်း (၄)သည် ကွတ်ခိုင်မှ ချပ်သင်းမြို့သို့ အမြန်ပြောင်းရွှေ့ပြီး မြစ်ကြီးနားရထားနှင့် မန္တလေးသို့ ချီခဲ့ကြသည်။ မန်းတွင် တရက်နားပြီး တပ်သားများ စွဲကိုင်ထားသည့် လက်နက်များကို မြို့တွင်းတိုက်ပွဲတွင် အသုံးပြုသည့် လက်နက်များနှင့် လဲလှယ်တပ်ဆင်ပေးသည်။
တပ်ရင်းမှူးအဖို့ မည်သည့်အတွက်ကြောင့် လမ်းပြောင်း၍ချီကာ လက်နက်လဲရသည်ကို မသိသေးဘဲ နောက်တနေ့တွင်မှ တိုင်းမှူးကခေါ်၍ ရန်ကုန်မြေပုံကို ထုတ်ပေးပြီး စက်တင်ဘာ ၂၇ ရက်နေ့အရောက် ရန်ကုန်သို့ ချီရမည်။ မြေပုံ၌ မင်နီများ ဝိုင်းထားသော ဝန်ကြီးချုပ်၏အိမ်နှင့် အခြားဝန်ကြီးများ၏အိမ်များကို ဝိုင်း၍ဖမ်းဆီးရမည်ဟု တိကျသည့် စစ်ဆင်ရေးကို အသေးစိတ် ညွှန်ကြားသည်။ အစီအစဉ်ကို စစ်ရုံးသို့ တင်ပြသည်။
ထိုအာဏာသိမ်း စစ်ဆင်ရေးအစီအစဉ်ကို ဗိုလ်မှူးကြီးမောင်မောင်က ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးကြီးခင်ညိုတို့အား အင်းယားလမ်းရှိ သူ၏နေအိမ်သို့ စက်တင်ဘာ ၂၀ ရက်နေ့ညက ဖိတ်ခေါ်ကာ ရှင်းပြသည်။ ၂၁ ရက်နေ့တွင် စစ်ရုံး၌ ဆက်လက်ဆွေးနွေးသောအခါ ဗိုလ်မှူးကြီးမောင်မောင်က “ဗိုလ်အောင်ကြီး ကျွန်တော်ကတော့ Commit ဖြစ်သွားပြီ”ဟု အင်္ဂလိပ်ဘာသာနှင့် သဘောတူကြောင်း ကတိပေးလိုက်ပြီဟု ပြောလေသည်။ ထိုအခါ ဗိုလ်အောင်ကြီးက “ဟာ ကိုမောင်မောင် ခင်ဗျားနဲ့ ကျုပ်နဲ့ နှစ်ယောက် ခင်ဗျား Commit ဖြစ်သွားရင် ကျုပ် Commit ဖြစ်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား၊ တရှင်းလို လုပ်တာကိုး၊ အဲဒီတော့ ခင်ဗျား Commit ဖြစ်တဲ့နောက် ကျုပ်လည်း Commit ဖြစ်တာနဲ့ အတူတူပေါ့”ဟု ဖြေဆို၍ သဘောတူကြောင်း ကတိပေးခဲ့သည်။ အစီအစဉ်ကို ထိပ်သီးစစ်ဗိုလ်ကြီးအားလုံး သဘောတူကြသည်။ တောင်ပိုင်းတိုင်းမှူး ဗိုလ်မှူးချုပ်ဘလိပ် တဦးတည်းသာ ကန့်ကွက်ခဲ့သည်။
တနင်္သာရီမှ တပ်ရင်း (၁၀၆)က ရန်ကုန်သို့၍ အင်းစိန်နယ်မြေကို သိမ်းရန်၊ ခြေမြန်တပ်ရင်း (၁၀၇)နှင့် (၁၀၈)တို့က ရန်ကုန်မြို့ကို တပ်ဖြန့်၍ သိမ်းရန် စီစဉ်တာဝန်ပေးကာ ချီတက်စေခဲ့သဖြင့် စစ်ဆင်ရေးမှာ အသက်ဝင်လာခဲ့လေပြီ။ ဤအာဏာသိမ်း စစ်ဆင်ရေးကို အသေးစိတ်အားဖြင့် ဗိုလ်ချုပ်ကြီး နေဝင်းအား အစီရင်ခံခြင်း မပြုစေကာမူ စစ်စုံထောက်များမှတဆင့် အသေးစိတ် သိရှိခဲ့သည်။ မည်သို့မှ ဝင်ရောက်စွက်ဖက်ခြင်း မပြုဘဲ လက်ပိုက်၍ စောင့်ကြည့်နေခဲ့သည်။
" အာဏာသိမ်းတပ်များက မန္တလေးရှိ စစ်ရဲတပ်ကို ကွပ်ကဲသည့် ဗိုလ်မှူးကြီးများကို ဖမ်းဆီးလိုက်သောအခါ စစ်ရဲတပ်တို့အား ဦးစီးသည့် ပြည်ထဲရေးဝန်ကြီး ဗိုလ်မင်းခေါင်က သိရှိသွားသည်။ ချက်ခြင်းပင် ပြန်ကြားရေး ဝန်ကြီး သခင်ပန်းမြိုင်နှင့်အတူ ဗိုလ်ချုပ်ကြီးနေဝင်းအား တွေ့ကာ အာဏာသိမ်းကြမည့် အစီအစဉ်ကို တားဆီးပေးပါဟု တိုင်ကြားကြသည်။
ထိုအခါ ဗိုလ်နေဝင်းက “သူတို့တတွေ ဒီလောက်လုပ်နိုင်မယ် မထင်ပါဘူး။ စောင့်ကြည့်ပါဦး”ဟု ဖြေလိုက်သည်။ ဤတွင် ဗိုလ်နေဝင်း ဗြောင်လိမ်နေပြီဟု ရိပ်မိသဖြင့် ဗိုလ်မင်းခေါင်က ပြည်ထဲရေးဝန်ကြီးအဖြစ် နယ်တို့၌ရှိသော စစ်ရဲတပ်များကို ရန်ကုန်သို့ လာရောက်ကြရန် အမိန့်ထုတ်ရင်း လက်နက်တိုက်မှ လက်နက်များ ထုတ်ယူစေရာ မဖြစ်စလောက် သေနတ်မျိုးစုံ ၁၉၀ နှင့် ကျည်ဆံမျိုးစုံ ၂၃၆၀၀ သာ စုဆောင်းရရှိသည်။
ယင်းသို့ ပြည်ထဲရေးဝန်ကြီးက တန်ပြန်စစ်ပြင်သည်ကို သိရှိသောအခါ ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့က ဝန်ကြီးချုပ်အိမ်သို့ ဖုန်းဆက်ကြသည်။ ဦးနုမှာ မန္တလေးသို့ ရောက်နေသဖြင့် အတိုင်ပင်ခံ ဦးအုန်းအား စစ်ရုံးသို့ ဆင့်ခေါ်ကာ “သန့်ရှင်းအစိုးရက စစ်ရဲများကိုသုံး၍ တပ်မတော်ကို ဖြိုခွဲပြီး အာဏာသိမ်းရန် စီစဉ်သည်ကို ရပ်ဆိုင်းပါ”ဟု ကြိမ်းမောင်းကြသည်။ သန့်ရှင်းတို့က တပ်မတော်ကို ရန်ပြုသောကြောင့် တပ်တို့က သည်းမခံနိုင်သဖြင့် လှုပ်ရှားနေသည်ဟု ပြော၍ ဦးနုက ရာထူးမှထွက်ပြီး ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ်ခန့်ရန်၊ ဦးနုကို အမြန်ခေါ်ပေးပါ ဟုလည်း အမိန့်ပေးကြသည်။
ဗိုလ်မင်းခေါင်က ဝန်ကြီး ဗိုလ်မှူးအောင်နှင့်အတူ စက်တင်ဘာ ၂၃ ရက်နေ့ နံနက်တွင် ဗိုလ်နေဝင်းအား ဒုတိယအကြိမ် တွေ့ပြန်သေးသည်။ ဗိုလ်နေဝင်းက ဤကိစ္စကို မသိပါ။ ဗိုလ်အောင်ကြီးနှင့် ဗိုလ်မောင်မောင်တို့ သိပါမည်။ သူတို့နှစ်ဦးအား ဝန်ကြီးချုပ်ထံ တင်ပြရန် စေလွှတ်ပါမည်ဟု အဖြေပေးလိုက်သည်။ “တပ်မတော်က အာဏာသိမ်းမယ်ဆိုလျှင် ကျွန်တော့်အနေနှင့် ခေါင်းဆောင်အဖြစ်လည်းကောင်း၊ နောက်လိုက်အဖြစ်လည်းကောင်း မည်သည့်နည်းနှင့်မှ ပါဝင်မည်မဟုတ်ပါ”ဟုလည်း ခိုင်မာသောကတိကို ပေးအပ်လိုက်သေးသည်။ "စစ်တပ်အာဏာသိမ်းရေး စစ်ဆင်မှုကို ဗိုလ်နေဝင်းကိုယ်တိုင် ပါဝင်သိရှိပါလျက် လိမ်လည်၍ ကတိပေးသည်”ဟု ဗိုလ်မင်းခေါင်နှင့် ဗိုလ်မှူးအောင်တို့က သိလိုက်ကြသည်။
ထိုနေ့ ညနေတွင် ဝန်ကြီးချုပ်ဦးနု မန္တလေးမှ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ညနေ ၃ နာရီတွင် ဗိုလ်မောင်မောင်နှင့် ဗိုလ်အောင်ကြီးတို့က လာရောက်တွေ့ဆုံကြသည်။ “သန့်ရှင်းတို့က ရဲဘော်ဖြူတို့နှင့် ပေါင်းပြီး တပ်မတော်ကို ဖျက်ရန်ကြံစည်သည်။ ဗိုလ်ချုပ်ကြီး နေဝင်းကိုပင် လုပ်ကြံရန် ကြံစည်သဖြင့် တပ်က မခံမရပ်နိုင်သောကြောင့် အုံကြွကာ လှုပ်ရှားနေပါသည်။ မိမိတို့က ငြိမ်သက်အောင်၊ ပေါက်ကွဲမှုမရှိအောင် ထိန်းနေပါသည်။ တပ်ကိုလည်း လှန့်ထားရပါသည်။ မည်မျှကြာအောင် ထိန်းနိုင်မည်မသိပါ” ဟု တိုင်တန်း အစီရင်ခံကြသည်။ စစ်ဗိုလ်များ လိမ်လည်ကာ မဟုတ်မဟတ် လုပ်ဇာတ်ခင်းနေကြသည်ကို သိရှိသူ ဦးနုက “အေးလေ၊ ပေါက်ကွဲတဲ့အခြေအနေသို့ မရောက်သင့်ဘူးပေါ့။ တို့ဘက်ကလည်း အစွမ်းကုန် ဝိုင်းဝန်းထိန်းသိမ်းပေးပါ့မယ်”ဟု ဖြေခဲ့သည်။
လွန်ခဲ့သော ၂၃ ရက်နေ့ကပင် စစ်တပ်က အင်းစိန်မြို့နယ်မှ အချို့သော သန့်ရှင်းဖဆပလရုံးများကို လက်နက်နှင့်ဝိုင်းကာ သိမ်းပိုက်ထားကြပြီ ဖြစ်၏။ စစ်တပ်က ခရမ်းမြို့နယ်ကို သိမ်းပိုက်ထားပြီဟု ထိုနေ့နံနက် ထွန်းနေ့စဉ် သတင်းစာတွင် ရဲဝံ့စွာ ရေးသားဖော်ပြသည်ကို ဦးနုက ဖတ်ရှုသိရှိထားပြီး ဖြစ်သည်။ အာဏာသိမ်းအုပ်စုတွင် မိမိတို့မပါဘဲ မိမိတို့က ထိန်းသိမ်းနေဟန် လိမ်လည်ပြောဆိုကြသည်ကို ဝန်ကြီးချုပ်က ကောင်းစွာ နားလည်သည်။ စစ်ဗိုလ်ကြီးနှစ်ဦးသည် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့်အတူ အာဏာသိမ်းရန် တကြိတ်တည်း ကြံစည် လုပ်ဆောင်နေကြသည်မှာ သိသာထင်ရှားသည်။ ထို့ကြောင့် ဝန်ကြီးချုပ်အဖို့ သူတို့ ပြန်သွားသည်နှင့် “တက်ရပိန့်လော ဆုတ်ပိန့်လော့” လေးနက်စွာ စဉ်းစားရလေတော့၏။
သမိုင်းကို ပြန်၍လှန်ကာ သုံးသပ်ရသည်။ စစ်ကြီးဖြစ်လာသောအခါ အင်္ဂလိပ်နှင့်ပေါင်းရန် ဖက်ဆစ်ဆန့်ကျင်ရေးလမ်းစဉ်ကို ကွန်မြူနစ်တို့က ချမှတ်စည်းရုံးခဲ့သဖြင့် လူထုကြီး၏ ဖက်ဆစ်တော်လှန်ရေးကြီးကို
အောင်မြင်စွာ ဆင်နွှဲနိုင်ခဲ့သည်။ နောက်ပိုင်း၌ စစ်တပ်ကပါ ပါဝင်ပူးပေါင်းလာခဲ့သည်။ အလိပ်အစိုးရနှင့် စေ့စပ်ဆွေးနွေးသောနည်းလမ်းဖြင့် လွတ်လပ်ရေးကို ရယူနိုင်သည်မှာ ဖဆပလအဖွဲ့ချုပ်ဖြစ်သည်။ လက်နက်ကိုင် တိုက်ပွဲ အရသာတွေ့နေသည့် ကွန်မြူနစ်တို့က လက်နက်နှင့်အာဏာ လုကြသောကြောင့် စစ်တပ်အင်အားကို တိုးချဲ့ကြရသဖြင့် စစ်တပ်က မာန ထောင်လွှားလာသည်။ ဖဆပလအတွင်းမှာလည်း အာဏာယစ်မူး၍ မှောက်မှားသူများ ပေါ်ထွန်းလာသောကြောင့် ကွဲအက်သွားသည်။ နိုင်ငံရေးအင်အားစုများ အစိတ်စိတ် အမွှာမွှာဖြစ်နေသည်ကို လူထုကထောက်ခံသည့် နိုင်ငံရေးအဖွဲ့က အာဏာထိန်းသိမ်းနိုင်ရန် အထွေထွေရွေးကောက်ပွဲကြီးသာ ထွက်ရပ်လမ်း ဖြစ်သည်။ လက်နက်ကိုင် ကွန်မြူနစ်သူပုန်များ လက်နက်စွန့်ကာ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြလျှင် မြန်မာနိုင်ငံအဖို့ ဒီမိုကရေစီခေတ်သစ်တခု ထူထောင်နိုင်ပေသည်။
ဦးနု၏ဇာတ်ညွှန်းကို စစ်တပ်အားကိုးရှိသည့် တည်မြဲတို့က လက်မခံ။ ဗိုလ်ချုပ်နေဝင်းနှင့် သူ၏စစ်တပ်က တဖန် ပွဲလန့်ခိုက် ဖျာခင်းရန် နိုင်ငံရေးနယ်တွင်းသို့ လက်နက်နှင့် စွက်ဖက်လာလေပြီ။ တရားမျှတသည့် ရွေးကောက်ပွဲမှာ ဖြစ်မြောက်နိုင်ရန် ခက်ခဲနေလေပြီ။ ပြည်ထဲရေးဝန်ကြီး၏ ခုခံရန်အစီအစဉ်နှင့် စစ်တပ်ကိုတိုက်လျှင် လူထုက နိုင်ငံရေးစိတ်ဓာတ် မြင့်မားဆဲ၊ ဖက်ဆစ်ဆန့်ကျင်ရေးမူကို ယုံကြည်ဆဲဖြစ်သဖြင့် ရေရှည်ကာလ၌ အနိုင်ရနိုင်သည်။ လူထုနှင့်ကင်းကွာသဖြင့် စစ်တပ်သည် မုချရှုံးရမည်။
သို့သော်
(က)နိုင်ငံတခုလုံး သွေးထွက်သံယိုဖြစ်မည်။
(ခ)ဗိုလ်ချုပ်နေဝင်းနှင့် စစ်တပ်က နိုင်ငံကို ထိန်းနိုင်မည်မဟုတ်။
(ဂ)နိုင်ငံခြားပယောဂ ဝင်လာမည်။
(ဃ)နိုင်ငံခြားကဝင်သဖြင့် ကိုးရီးယားနိုင်ငံ နှစ်ခြမ်းကွဲသကဲ့သို့ လူအပေါင်းတို့ ဒုက္ခကြီးစွာရောက်ကြမည်။
ဟူသော ပေါ်ပေါက်လာမည့် ဂယက်များကို မြင်နိုင်သည်။ နိုင်ငံရေးအခြေအနေကို အလေးအနက် စဉ်းစားပြီးနောက် ဝန်ကြီးချုပ်ဦးနုက သန့်ရှင်းအဖွဲ့ခေါင်းဆောင်များကို ဖိတ်ခေါ်ကာ ရွေးချယ်သင့်သောလမ်းစဉ်ကို တင်ပြသည်။ ဦးနုတင်ပြချက်ကို ခေါင်းဆောင်များက သဘောတူ လက်ခံကြပြီး အတည်ပြုကြသည်။
စက်တင်ဘာ ၂၅ ရက်နေ့တွင်မူ စစ်တပ်က ရန်ကုန်ကို သိမ်းပိုက်လိုက်ကာ ကင်းပုန်းများ ချထားလိုက်သည်။ မင်္ဂလာဒုံလေဆိပ်ကို သိမ်းသည်သာမက အမြောက်များ ဆင်လိုက်သေးသည်။ မန္တလေး၊ မြစ်ကြီးနား၊ လာရှိုး၊ တောင်တွင်းကြီး၊ ကျိုက်လတ်၊ ဘိုကလေး စသောမြို့များကို စစ်တပ်က သိမ်းလိုက်သည်။ သန့်ရှင်းခေါင်းဆောင်များသည် ကိုယ်ပျောက်သွားကြသည်။ ဦးစွာလက်နက်ချထားသော ရဲဘော်ဖြူအချို့နှင့် ပမညတ ခေါင်းဆောင်များကို စစ်တပ်က ဖမ်းလိုက်သည်။ ပြည်ထဲရေးဝန်ကြီး၏ ဆင့်ခေါ်ချက်အရ ရန်ကုန်သို့ ဆင်းလာသော စစ်ရဲတပ်များကိုလည်း လမ်းခရီးတွင်ပင် စစ်တပ်က ဖမ်းလိုက်သည်။ အင်းစိန်ခရိုင်ဝန်နှင့် ရဲဝန်တို့အား ထိန်းသိမ်းကာ စုံထောက်ရုံးနှင့် ကြိုးမဲ့ကြေးနန်း ဆက်သွယ်ရေးရုံး တို့ကို သိမ်းလိုက်သည်။
နေရာအနှံ့တွင် စစ်တပ်က လက်ဦးသည်။ သို့သော် ပါရမီရိပ်သာ တနေရာသို့ ရောက်လာသော အမှတ် (၄)ဗမာ့သေနတ်ကိုင်တပ်ရင်း၏ တပ်ခွဲတခုကို အင်းယားဟိုတယ် ဆောက်လုပ်နေသည့် ပြန်လည်ထူထောင်ရေးတပ်သား ၅ဝဝ တို့က လက်နက်အနည်းငယ်နှင့် ခုခံပြီး ဝိုင်းထားနိုင်ခဲ့သည်။
စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် ဝန်ကြီးချုပ်အိမ်သို့ ဗိုလ်မှူးကြီးမောင်မောင်၊ ဗိုလ်မှူးကြီးအောင်ကြီးနှင့် ဗိုလ်မှူးချုပ်တင်ဖေတို့ လာရောက်ကြသည်။ ဦးနုနှင့် ဒုတိယဝန်ကြီးချုပ် သခင်တင်၊ ဝန်ကြီး ဗိုလ်မင်းခေါင်နှင့် ဝန်ကြီးဦးတင်မောင်တို့က လက်ခံဆွေးနွေးသည်။
“ခင်ဗျားတို့ မြို့တွင်းမှာ တင့်ကား၊ သံချပ်ကာကား၊ အမြောက်ကြီးတွေနဲ့ ဘာလုပ်ကြတာလဲ”ဟု ဦးနုက စလျှင်စချင်း မေးလေသည်။
“တပ်မတော်က အာဏာသိမ်းလိုက်ပါပြီ၊ အချက်အချာကျတဲ့နေရာတွေမှာ တပ်စွဲထားပါတယ်။ အဲဒါကြောင့် ဝန်ကြီးတွေ ရုံးမတက်ကြပါနဲ့”ဟု စစ်ဗိုလ်များက အမှန်ကိုဖြေပြီး အမိန့်ပေးတော့သည်။
ဤတွင် ဦးနုက
“အာဏာမသိမ်းကြနဲ့၊ စစ်တပ်ရော တိုင်းပြည်ပါ နာမည်ပျက်မည်။ လက်ရှိအစိုးရကို လက်မခံနိုင်လျှင် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပါ့မယ်လို့ စစ်တပ်က ကတိပေးလျှင် စစ်တပ်ကို အာဏာလွဲပေးမည်၊ လွှတ်တော်ကျင်းပပြီး ဝန်ကြီးချုပ်ရာထူးမှ ထွက်ပေးမည်။ ဗိုလ်ချုပ်ကြီးနေဝင်းကို ဝန်ကြီးချုပ်တင်မြှောက်ဖို့ အဆိုတင်ပေးမယ်”ဟု အခြေခံဥပဒေကို ထိန်းသိမ်းရန် ရှင်းပြလေသည်။
ရွေးကောက်ပွဲကို သုံးလအတွင်း ကျင်းပရန် ပြောသည်ကို မဖြစ်နိုင်ပါ။ ငြိမ်းချမ်းရေး လုပ်ရပါဦးမည်။ တနှစ်ခွဲကြာမှ ရွေးကောက်ပွဲ ကျင်းပနိုင်ပါမည် ဟု ဗိုလ်မောင်မောင်က ဆိုသဖြင့် “ကျုပ်ကို ဖမ်းလိုက ဖမ်း၊ ထောင်ချလျှင်လည်း အရေးမဟုတ်၊ သုံးလအတွင်း ရွေးကောက်ပွဲကို ကျင်းပပေးမှသာ လက်ခံနိုင်မည်”ဟု ဦးနုက တောင်းဆိုသည်။
နောက်ဆုံးတွင် အာဏာတောင်းရန် စေလွှတ်လိုက်သည့် ဗိုလ်နေဝင်းက ဤလမ်းစဉ်ကို လက်ခံမည်၊ ငြင်းဆိုမည် ဆိုသည်မှာ အရေးကြီးဆုံးဖြစ်သည်ဟု ဦးနုက ပြောလေသည်။ ထို့ကြောင့် ယခုဝန်ကြီးချုပ်အဖြစ် တင်ပြသော အခြေခံဥပဒေအရ လွှတ်တော်က ဗိုလ်နေဝင်းအား ဝန်ကြီးချုပ် တင်မြှောက်ရေး အစီအစဉ်ကို ပြန်မေးကြပါဦးဟု ပြောသည်။ မူကို စာဖြင့် ရေး၍ “မင်းတို့ ဗိုလ်ချုပ်ကြီးကို မင်းတို့ပဲ ပြန်မေးပါဦး”ဟု ပေးလိုက်လေသည်။ စစ်ဗိုလ်ကြီးသုံးဦးသည် အာဏာသိမ်းခေါင်းဆောင်ဖြစ်သည့် စစ်သေနာပတိကြီးထံ တင်ပြရန် ဦးနု၏စာကို ယူဆောင်ကာ ပြန်သွားကြ၏။
ထိုအချိန်တွင် အာဏာတောင်းပွဲ မအောင်မြင်က ဝန်ကြီးချုပ်၏အိမ်ကို စတင်ပစ်ခတ်ရန် အမြောက်ကြီးများနှင့် ချိန်ရွယ်ထားပြီးဖြစ်သည်။
ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို ရယူနိုင်ခဲ့သည်။ ထိုအခြေဥပဒေဘောင်အတွင်းမှ အာဏာလွှဲပြောင်းပေးမည်ဟူသော အစီအစဉ်ကို ရေးသားထားသည့် ဝန်ကြီးချုပ်ဦးနု၏စာကို ဗိုလ်ချုပ်ကြီးနေဝင်းက နှစ်ကြိမ်ပင် ဖတ်ရှုခြင်းမပြုဘဲ ကျေနပ်စွာ လက်ခံလိုက်လေသည်။ ဦးနု၏စာလွှာကို ရရှိပြီး နာရီပင်မဆိုင်းဘဲ မိမိ သဘောတူလက်ခံပါကြောင်း ချက်ခြင်း စာပြန်လိုက်သည်။
စောစောက တပ်တွေ အုံကြွနေသဖြင့် ထိန်းနေရပါသည်ဟု ပြောဆိုပြီး အမြောက်နှင့်ချိန်ကာ ဝန်ကြီးချုပ်အား ရာဇသံပေး၍ အာဏာတောင်းခဲ့သည့် တပ်မတော်၏ဦးစီး ဗိုလ်ချုပ်ကြီးနေဝင်းက မိမိသည် “ဤမျှ ကြီးလေးသော တာဝန်ကြီးကို ထမ်းဆောင်ရန် များစွာ ဦးလေးကြောင်း၊ သို့သော် ဝန်ကြီးချုပ် စေတနာကို လေးစားသောကြောင့် ဝန်ကြီးချုပ်က လိုအပ်၍ ဤတာဝန်ကိုထမ်းဆောင်မှ သင့်လျော်မည်ဆိုလျှင် အစွမ်းကုန် ကြိုးစား၍ နိုင်ငံတော်ကို ထိန်းသိမ်းမည်ဖြစ်ကြောင်း၊ သို့သော် မိမိသည် တိုင်းပြည်အုပ်ချုပ်သည့်တာဝန်ကို လုပ်ကိုင်ဖူးခြင်းလည်း မရှိ၊ လုပ်မည်ဟု မည်သည့်အခါကမှ မရည်ရွယ်ခဲ့၊ လုပ်အံ့ဟုလည်း မည်သည့်အခါမှ မစဉ်းစားဖူးပါသဖြင့် မိမိသည် ရိုးသားဖြူစင်စွာ ဤတာဝန်ကို ထမ်းဆောင်ရာတွင် ချွတ်ယွင်းချက်များရှိပါလျှင် ခွင့်လွှတ်နိုင်မည်ဟု ယူဆကြောင်း၊ ခွင့်လွှတ်ရန်လည်း တောင်းပန်ကြောင်း”နှင့် အနူးအညွတ် ရိုကျိုးစွာ ဦးနုထံ စာပြန်လိုက်လေသည်။
ဗိုလ်ချုပ်ကြီးနေဝင်း စာပြန်ချက်အရ ထိုညတွင်းပင် ဝန်ကြီးချုပ် ဦးနုက တိုင်းပြည်အား ဗမာ့အသံမှ ရှင်းပြလိုက်၏။ မိမိသည် အထွေထွေ ရွေးကောက်ပွဲကြီးကို နိုဝင်ဘာလထဲတွင် ကျင်းပရန် စိတ်ကူးထားကြောင်း၊ သို့သော် လက်ရှိအခြေအနေအရ မည်သည့်နည်းနှင့်မျှ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲ မဖြစ်နိုင်ကြောင်း၊ လွတ်လပ်သော ရွေးကောက်ပွဲ မပြုလုပ်နိုင်သမျှ ကာလပတ်လုံး ထိုနိုင်ငံအတွက် ဒီမိုကရေစီ ဆိတ်သုဉ်းနေသည်ကို မည်သူမှ မငြင်းနိုင်ကြောင်း၊ ထိုကြောင့် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို ၁၉၅၉ ခုနှစ် ဧပြီလမကုန်မီ ကျင်းပပေးရန် ဗိုလ်ချုပ်ကြီးနေဝင်းအား ဖိတ်ကြားခဲ့ကြောင်း၊ လက်ခံလိုက်သည့်အတွက် အထူးဝမ်းသာကြောင်း၊ ပြည်သူတရပ်လုံးက ဗိုလ်ချုပ်ကြီးနေဝင်းအား ထောက်ခံကြစေလိုကြောင်း နှိုးဆော်လေသည်။
ဗိုလ်ချုပ်ကြီးနေဝင်းက တဖန် မိမိရာထူးယူသည်မှာ ဝန်ကြီးချုပ်၏တာဝန်ပေးချက်ကို လက်ခံသည်သာ ဖြစ်ကြောင်း၊ တပ်မတော်က နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်ခြင်း မဟုတ်ကြောင်း ပြန်တမ်းထုတ်လေသည်။
ဤတွင် သန့်ရှင်းအစိုးရထံမှ အာဏာသိမ်းရန်အတွက် စစ်တပ်က မြို့တွင်းလူထုအုပ်စုကို ပစ်ခတ်သတ်ဖြတ်မည့်လက်နက်များ တပ်ဆင်ထားသော ကြီးမားသည့်စစ်ဆင်ရေးကြီးမှာ တိုက်ခိုက်သတ်ဖြတ်ရန်အတွက် ပစ်မှတ် ရန်သူမရှိ ဖြစ်သွားလေတော့သည်။ ဝန်ကြီးချုပ်၏အိမ်ကို ချိန်ရွယ်ထားသော အမြောက်ကြီးများနှင့် သံချပ်ကာယန္တရားတပ်များကိုလည်း တပ်ခေါက်ပြန်ကြရသည်။
အာဏာသိမ်း တပ်မတော်ကြီးဖြစ်သော အမှတ် (၄) ဗမာ့သေနတ်ကိုင် တပ်ရင်းသည် ရန်ကုန်ကိုစီးနင်း၍ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများကို ဖမ်းဆီးရန်အတွက် မန္တလေးမှ အရှိန်ပြင်းစွာ ချီတက်နေသောကြောင့် မည်သူမှ တားဆီးခြင်း မပြုနိုင်ဖြစ်နေခဲ့သည်။ ပဲခူးဒေသကို လွန်လာခဲ့ပြီး ဝက်ထီးကန်ရောက်၍ အမှတ် (၁၀၁)ခြေမြန်တပ်နှင့် ရင်ဆိုင်တွေ့မှ တပ်ရင်းတပ်မှူး ဗိုလ်မှူးကျော်သောင်းက တပ်များပြန်ရုတ်ရန် ညွှန်ကြားနိုင်သဖြင့် လက်မတင်ကလေး ပြီးငြိမ်းသွားခဲ့ရသည်။
သို့စေကာမူ ပြည်သူတို့က ခေါင်းငုံ့၍မခံကြဘဲ ဆူပွက်ကြတော့သည်။ “လက်နက်နှင့် အာဏာသိမ်းခြင်းကို ကန့်ကွက်ကြ”ဟူသော စာတမ်းကြီးကို ပမညတအဖွဲ့ကြီးက နာရီမဆိုင်း ထုတ်ပြန်လိုက်သည်။ ဆွေငြိမ်းတို့ ဩဇာခံတပ်မတော်အရာရှိအချို့တို့သည် ဦးနု နုတ်ထွက်ကာ ဗိုလ်ချုပ်နေဝင်းအစိုးရ ဖွဲ့စည်းရန် အစီအစဉ်ကို ကြိုတင်ပြင်ဆင်၍ တောင်းဆိုကြသဖြင့် တပ်မတော်က လက်နက်နှင့် အာဏာသိမ်းခြင်းသာ ဖြစ်ကြောင်း၊ ကန့်ကွက်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်
(၁)လူထုက ရွေးကောက် တင်မြှောက်ထားသဖြင့် တရားဥပေဒအရ ဖွဲ့စည်းထားသော လက်ရှိ ဦးနု အစိုးရ ဆက်လက်တည်နေရန်
(၂)ဦးနုအစိုးရက လူထုအလိုအရ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အပြည့်အဝ ရရှိရေးကို ဆောင်ရွက်ပေးရန်
(၃)လက်ရှိလွှတ်တော်ကို ဖျက်သိမ်းရန်နှင့်
(၄)တရားဝင်လွှတ်တော်မှ ရွေးကောက် တင်မြှောက်ထားသည့် ဦးနုအစိုးရကပင် ရွေးကောက်ပွဲကျင်းပပေးပါဟု တောင်းဆိုလေသည်။
ပမညတခေါင်းဆောင်များက ဦးနုနှင့်တွေ့ဆုံကြသောအခါ စစ်တပ်က မြို့ရွာတွေသိမ်းပြီး အာဏာတောင်းသည်ကို လွှဲပြောင်းပေးမည်ဟု ကြေညာသည်မှာ လိမ်လည်ချက်သာ ဖြစ်ပါသည်။ မိမိတို့ နိုင်ငံရေးအင်အားစုများနှင့် တိုင်ပင်သင့်ပါသည်”ဟု ပြင်းထန်စွာ ဝေဖန်ကြလေသည်။
ဦးနုက တိုင်ပင်မှု မပြုနိုင်သည်မှာ မိမိအမှားဖြစ်ကြောင်း၊ သို့သော် အခြေအနေမှာ သန့်ရှင်းခေါင်းဆောင်များကိုပင် တိုင်ပင်ရန် အချိန်မရသဖြင့် ခေါင်းဆောင်ငါးဦးနှင့်သာ တိုင်ပင်ဆုံးဖြတ်ရကြောင်း၊ မိမိ၏ဆောင်ရွက်မှုကို မကျေနပ်၍ မိမိအား သတ်လိုက သတ်နိုင်ကြောင်း၊ ဆုံးဖြတ်ချက်ကို မပြင်နိုင်ကြောင်း၊ လွှတ်တော်တွင် မဲခွဲစဉ်က အနိုင်ရစေကာမူ နုတင်တို့သာ အနိုင်ရခဲ့လျှင် ငါးမိုင်သာ ပိုင်ဆိုင်စေရမည်ဟု ဆွေငြိမ်းတို့၏ ကြိမ်းဝါးချက်အတိုင်း လက်နက်ကိုင်တပ်များ၏ နှိပ်စက်မှုကို ဗိုလ်နေဝင်းက အာဏာပေးမှသာ တားဆီးနိုင်မည်ဖြစ်သဖြင့် ဆုံးဖြတ်ကြောင်း ရှင်းပြသည်။
ဆက်လက်၍ အခြားနိုင်ငံရေးအသင်းအဖွဲ့များကလည်း ဗိုလ်ချုပ်နေဝင်း အစိုးရသည် စစ်အစိုးရသာဖြစ်သဖြင့် လက်မခံကြောင်း ကန့်ကွက်ကြလေသည်။ လက်နက်ချထားသည့် ပြည်သူ့ရဲဘော်အဖွဲ့ကြီးကလည်း ဒီမိုကရေစီဘောင်တွင်း၌ပင် နေကြမည်။ စစ်တပ်က လက်နက်နှင့်အာဏာသိမ်းသည်ကိုမူ ကန့်ကွက်ကြောင်း ကြေညာ၏။ တက္ကသိုလ်ကျောင်းသား သမဂ္ဂကမူ ပရဝုဏ်တွင် ဆန္ဒပြပွဲ ကျင်းပပြီးနောက် စစ်ရုံး၊ ဦးကျော်ငြိမ်း၊ ဦးဗဆွေတို့၏အိမ်နှင့် အမေရိကန်သံရုံးတို့အား ဝိုင်းကာ ဆန္ဒပြကြလေသည်။
တည်မြဲအဖွဲ့ကသာ ဦးနုသည် ဖက်ဆစ်ဖြစ်သည်ဟု စွပ်စွဲပြီး ဗိုလ်ချုပ်နေဝင်းအစိုးရကို ထောက်ခံကြောင်း ကြေညာ၏။
ဗိုလ်ချုပ်ကြီး နေဝင်းက မိမိအာဏာယူရသည်မှာ ဝန်ကြီးချုပ်က ဖြူစင်သောစေတနာနှင့် ပေးအပ်သည်ဖြစ်သဖြင့် လေးနက်စွာ ဆင်ခြင်၍ လက်ခံကြောင်း၊ ပြည်သူတို့၏ယုံကြည်မှုကို လေးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မသမာသူအချို့က အမျိုးမျိုး မတရားစွပ်စွဲနေကြကြောင်း၊ မတရားစွပ်စွဲမှုများကို မပြုလုပ်ရန် တောင်းပန်ကြောင်း၊ တောင်းပန်လို့မရလျှင် တရားဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ကြေညာပြန်သည်။
အင်အားအကြီးဆုံးဖြစ်သော ပမညတအဖွဲ့ချုပ်၏ ခေါင်းဆောင်များနှင့် ဗိုလ်ချုပ်ကြီးနေဝင်းက မျက်နှာစုံညီ တွေ့ဆုံပွဲတွင် “မိမိတို့တပ်မတော်အား ဆွေငြိမ်းတပ်မတော်ဟု သမုတ်နေခြင်းမျိုးလောက် နာစရာကောင်းတာ အခြားမရှိပါ၊ တပ်မတော်သည် မည်သည့်နိုင်ငံရေးပါတီ၏အကျိုးကိုမျှ ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကြီး ကျင်းပရန် အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း” ရှင်းပြလေသည်။
ထိုအခါ ဗိုလ်မြသွေးက “ပါလီမန်တွင် ဆွေငြိမ်းအုပ်စုအာဏာမဲ့လျှင် စစ်တပ်နှင့်အာဏာသိမ်းမည်ဟု ကြေညာကြောင်း၊ ဆွေငြိမ်းအုပ်စုကိုထောက်ခံသော တပ်မတော်အရာရှိအချို့က လက်နက်များ ပြင်ဆင်ကာ ပြောင်ပြောင်ပင် တရားဟောခဲ့ကြောင်း၊ တပ်မတော်က မြို့ရွာအချို့ကို သိမ်းခဲ့ကြောင်း၊ တဆက်တည်း ဦးနုက ဗိုလ်ချုပ်နေဝင်းအား အာဏာလွှဲပေးမည်ဟု ကြေညာခဲ့ကြောင်း၊ ဤသို့ဖြစ်ပျက်လာသည့်အတွက် လက်နက်နှင့်အာဏာသိမ်းခြင်း ဖြစ်သည်ဟု တွက်ချက်ရန်သာရှိကြောင်းနှင့် မိမိတို့ရပ်တည်ချက်ကို ခိုင်မာစွာ ပြန်ပြောလေသည်။
ဤတွင် ဗိုလ်မှူးကြီးအောင်ကြီးက “ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဦးနုကိုဖမ်းရန် သတင်းများပေါ်ခဲ့သဖြင့် တပ်မတော်က ပြင်ဆင်မှုပြုခဲ့ရကြောင်း၊ အချို့ပြင်ဆင်မှုမှာ လိုအပ်သည်ထက် ပိုသွား၍ ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း၊ ဤအခြေအနေတွင် အာဏာလွှဲပြောင်းမှု ဖြစ်သဖြင့် စစ်တပ်က အာဏာသိမ်းသည်ဟု အထင်မှားစရာ အကြောင်းရှိသည်ကို မငြင်းလိုကြောင်း” ဝင်ရောက်ဖြေရှင်းသည်။
ပမညတခေါင်းဆောင်များက အာဏာသိမ်းသည်ဟု မိမိတို့ထင်မြင်ချက်ကို ဆက်လက်တင်ပြနေကြသဖြင့် ဗိုလ်ချုပ်ကြီးနေဝင်းက “တပ်မတော်က အာဏာသိမ်းသည်ဟူသော စကားမှာ တပ်မတော်၏ဂုဏ်သိက္ခာကို အထူးထိခိုက်စေကြောင်း၊ စစ်တပ်က အာဏာသိမ်းသည် ဟူသောစကားကို အထူးရှောင်ကြဉ်ရန် ပြောလိုကြောင်း”နှင့် ပြောဆိုကာ ဆွေးနွေးပွဲကို ရပ်တန့်ရုပ်သိမ်းလိုက်သည်။
လူထုအဖွဲ့အစည်းများက ဝေဖန်နေခိုက်တွင် ဗိုလ်နေဝင်းက အိမ်စောင့်အစိုးရဖွဲ့စည်းရေးကို သွက်လက်စွာ လုပ်ဆောင်ခဲ့သည်။
ကြားဖြတ်အစိုးရ သို့မဟုတ် အိမ်စောင့်အစိုးရဝန်ကြီးများအဖြစ်
(၁) နိုင်ငံတော်တရားဝန်ကြီးချုပ်ဟောင်း ဦးသိန်းမောင်
(၂) လွှတ်တော် တရားဝန်ကြီးချုပ် ဦးချန်ထွန်းအောင်
(၃) ရန်ကုန်တက္ကသိုလ် သင်္ချာကထိက ဦးကာ
(၄) နိုင်ငံတော်ဘဏ် ဥက္ကဋ္ဌဦးကျော်ငြိမ်း
(၅)အတွင်းဝန်ချုပ် ဦးခင်မောင်ဖြူ
(၆) ရွေးကောက်ပွဲ မင်းကြီးဟောင်းဦးစံညွန့်
(၇) ဓာတုဗေဒဝန် ဦးချစ်သောင်း
(၈) အငြိမ်းစား စက်ရှင်တရားသူကြီးနှင့် ကုန်သွယ်မှု ဥက္ကဋ္ဌဟောင်း ဦးဘကြားတို့အား ရွေးချယ်ခန့်ထားခဲ့သည်။
အစိုးရဝန်ကြီးများအဖြစ် မြို့မိမြို့ဖလူကြီးများကို တင်မြှောက်၍ နောက်ပိုင်းမှ စစ်ဗိုလ်ကြီးများက အထူးအရာရှိအဖြစ် အစိုးရ၏မူနှင့် လုပ်ငန်းစဉ်များကို ကွပ်ကဲရန် ပုံစံချခဲ့ကာ ဖွဲ့စည်းရာတွင် ဗိုလ်မှူးကြီးမောင်မောင်က အရေးပါသော ပြည်ထဲရေးဝန်ကြီးဌာနကို တာဝန်ယူသည်။ ထိပ်သီးစစ်ဗိုလ်ကြီး ၃၉ ဦးတို့ကို အထူးအရာရှိများအဖြစ် ဝန်ကြီးအဆင့်ရှိသော ရာထူးများကို တာဝန်ယူစေကြသည်။ ဗိုလ်မှူးကြီးဦးထွန်းစိန်က ရန်ကုန်မြို့တော်ဝန်ရာထူးကို ထမ်းဆောင်ရသည်။ အစိုးရဖွဲ့ပြီးသောအခါ စစ်ဗိုလ် ၁ဝဝ တို့အား အထူးအရာရှိများအဖြစ် အစိုးရအုပ်ချုပ်မှု စက်ယန္တရားကြီးအတွင်းသို့ တွဲဖက်ခန့်ထားသေးသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၆(၂)အရ လူထုက ရွေးကောက်တင်မြှောက်သူ မဟုတ်သော ပုဂ္ဂိုလ်များကို ဝန်ကြီးခန့်ထားကြောင်း သမ္မတကြီး မန်းဝင်းမောင်က အမိန့်ထုတ်ပြန်ကြေညာရမည်ဖြစ်ပြီး သမ္မတကြီးထံတွင်ပင် ကျမ်းသစ္စာဆိုကြရန် စီစဉ်သောအခါ သမ္မတကြီးက ဥပဒေကို တိကျစွာ ဆောင်ရွက်ရန် ညွှန်ကြားသဖြင့် နှောင့်နှေးရသေး၏။
မေမြို့၌ ရုံးထိုင်နေသော သမ္မတကြီးနှင့် လက်ရှိဝန်ကြီးချုပ်ဦးနုတို့သည် အခြေခံဥပဒေအရ လွှတ်တော်ကျင်းပရေးမူ ကွဲပြားခဲ့သဖြင့် ညှိနှိုင်းရသေးသည်။
အာဏာလွှဲပြောင်းပေးရမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးကို ၁၉၅၈ ခု၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသည်။ ဝန်ကြီးချုပ် ဦးနုက ရာထူးမှနှုတ်ထွက်လွှာကို လွှတ်တော်သို့ တင်သွင်းပြီးနောက် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးရန်အတွက် ဝန်ကြီးချုပ်ရာထူးကို ဆက်ခံရန် ဗိုလ်ချုပ်ကြီးနေဝင်းအား တိုက်တွန်းခဲ့ကြောင်း၊ ဒီမိုကရေစီ မဆိတ်သုဉ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း မိန့်ခွန်းပေးသည်။
လွှတ်တော်၏ ဒုတိယဥက္ကဋ္ဌ မန်းဘဆိုင်က လစ်လပ်သွားသော နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ရွေးကောက်တင်မြှောက်ရန်အတွက် အဆိုတင်ကြပါဟု ဖိတ်ခေါ်သောအခါ ဗိုလ်ချုပ်ကြီးနေဝင်းအား နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုကြောင်း အဆိုလွှာကို ဦးနုအပါအဝင် အမတ် ၂၅ ဦးတို့က တင်သွင်းကြသည်။ ဦးနုက တင်သွင်းသော အဆိုကို သန့်ရှင်းအမတ်များက ထောက်ခံကြပြီး ဦးဗဆွေတင်သောအဆိုကို ဦးကျော်ငြိမ်းက ထောက်ခံသည်။
ပမညတအဖွဲ့ချုပ်မှ အမတ်များသည် မူအားဖြင့် လူထုက ရွေးကောက်တင်မြှောက်သူမဟုတ်ဘဲ သာမန်အစိုးရဝန်ထမ်းတဦးသာဖြစ်သည့် တပ်မတော်စစ်ဦးစီးအရာရှိအား ဝန်ကြီးချုပ်ခန့်ထားသည်ကို လက်မခံနိုင်ကြစေကာမူ အခြေအနေအရ လက်ခံကြရလေသည်။ ထို့ကြောင့် ဗိုလ်ချုပ်ကြီးနေဝင်းအား နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်ထားရန်အဆိုကို ဒေါက်တာ ဦးအေးမောင်က တင်သွင်းရလေသည်။ ယင်းအဆိုကို မြိတ်မြို့မှ ပမညတ အမတ်ဦးအုန်းညွန့်က ထောက်ခံခဲ့သည်။
အမည်တင်သွင်းသူ ၂၅ စောင်စလုံးတို့တွင် ဗိုလ်ချုပ်ကြီးနေဝင်းကိုသာ ဝန်ကြီးချုပ်ခန့်အပ်ရန် အဆိုတင်သွင်းထားသဖြင့် လွှတ်တော်၌ မဲပေးပွဲကျင်းပရန် မလိုတော့သောကြောင့် ထိုပုဂ္ဂိုလ်ကိုသာလျှင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပုဒ်မ ၅၆ ပုဒ်မခွဲ (၁)အရ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် နိုင်ငံတော်သမ္မတထံသို့ ပြည်သူ့လွှတ်တော်က အမည်တင်သွင်းမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးက ကြေညာလေသည်။
ဗိုလ်ချုပ်ကြီးနေဝင်းအား ဝန်ကြီးချုပ်ရာထူးခန့်ထားခြင်းနှင့် ပတ်သက်၍ ပမညတသဘာပတိတဦးဖြစ်သူ ဦးအောင်သန်းက “အမှန်က ဦးနုက လွဲမပေးသော်လည်း စစ်တပ်က သိမ်းတော့မည် ဖြစ်ပါသည်။ ထိုအခြေအနေကိုမြင်သော အကင်းပါးလှသည့် ဦးနုက အသာတကြည် လွှဲပေးလိုက်ခြင်းဖြင့် အခြေခံဥပဒေနှင့် ပါလီမန်ကိုဖျက်ရန် မလိုဘဲ တည်ဆဲဥပဒေအရ ဆက်လက်တည်မြဲပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းသည် စစ်အာဏာရှင်ဖြစ်မလာဘဲ ဥပဒေအရ ပါလီမန်က တင်မြှောက်သော ဝန်ကြီးချုပ်ဖြစ်လာပါသည်။ “ဗိုလ်ချုပ်နေဝင်းအစိုးရသည် ပါလီမန်အစိုးရသာ ဖြစ်ပါသည်။ စစ်တပ်က အာဏာသိမ်းခြင်းကိုလည်း အခြားနိုင်ငံများမှာကဲ့သို့ ကူဒီတာဟု မခေါ်နိုင်တော့ပါ”ဟု ဝေဖန်လေသည်။ “စစ်တပ်က အာဏာသိမ်းခြင်းကို မိမိဖြစ်စေလိုသော ပုံစံသို့ရောက်လာအောင် လုပ်ပေးနိုင်သည့် ဦးနု၏ဉာဏ်စွမ်းကို ချီးကျူးရမည်သာ ဖြစ်ပါသည်”ဟုလည်း ထောမနာပြုလေသည်။
“အဖြစ်မှန်ကတော့ ကုဒီတာ စစ်တပ်က အာဏာသိမ်းခြင်းပဲ”ဟု နိုင်ငံရေးခေါင်းဆောင် ဒေါက်တာဗမော်က ပြတ်သားစွာ ပြောပြီး “ပြင်သစ်မှာ ဒီဂေါလုပ်တဲ့အတိုင်း သွေးထွက်သံယိုမရှိတဲ့ စစ်တပ်က အာဏာသိမ်းခြင်းမျိုးပဲ၊ ဒါပေမဲ့ ဒီထက် နည်းနည်းကလေးသာလို့ ဗမာက အဆန်းထွင်လိုက်တဲ့ စစ်တပ်က အာဏာသိမ်းခြင်းတမျိုးပေါ့။ ဦးဗဆွေ ဦးနုနှင့် ဗိုလ်ချုပ်နေဝင်းတို့ ၃ ဦး လက်မှတ်ထိုးပြီးမှ အသေအချာ လုပ်ကြတာပဲ၊ ဒီတချီ စစ်တပ်က ပမညတထက် လက်မြန်သွားတယ်”ဟု ဝေဖန်လေသည်။
နေရှင်းသတင်းစာ အယ်ဒီတာကမူ အယ်ဒီတာအာဘော်မှ “အစိုးရ အာဏာလွဲပြောင်းရေး အစီအစဉ်ကို ဦးနုသာ အမှန်တကယ် စတင်အကြံပြုသည်ဖြစ်ပါက ဦးနုအား နိုင်ငံရေးခေါင်းဆောင်တဦးအဖြစ် သတ်မှတ်ရမည် ဖြစ်ပေသည်။ သို့မဟုတ်ပါက နိုင်ငံရေးလောကတွင် အာဏာသိမ်းခြင်း ဟူသော ဝေါဟာရတခုကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်လောက်အောင် ကျွမ်းကျင်လိမ္မာသော သံတမန်အဖြစ် သတ်မှတ်ရပေမည်”ဟု ဝေဖန်ဆန်းစစ်လေသည်။
မည်သို့ဆိုကြစေမူ ဗိုလ်ချုပ်ကြီးနေဝင်းသည် မြန်မာနိုင်ငံပါလီမန်မှ တင်မြှောက်သော ဒုတိယမြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ဗိုလ်ချုပ်ကြီးနေဝင်းသည် အောက်တိုဘာလ ၃၁ ရက်နေ့ ပါလီမန်သို့ ဝန်ကြီးချုပ်သစ်အဖြစ် တက်ရောက်ကာ မိန့်ခွန်းပေးသည်။ ခြောက်လအတွင်း တရားမျှတသော ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားမည်ဖြစ်ကြောင်း၊ရွေးကောက်ပွဲတွင် အစိုးရအနေနှင့် မည်သည့်ပါတီ မည်သည့်အဖွဲ့အစည်း၏အကျိုးကိုမှ ဆောင်ရွက်မည် မဟုတ်ကြောင်း၊ စီးပွားရေးသောင်းကျန်းမှုများကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း၊ နိုင်ငံခြားဆက်ဆံရေးတွင် သီးခြား ကြားနေ နိုင်ငံခြားရေးဝါဒကို ကျင့်သုံးမည်ဖြစ်ကြောင်းနှင့် မိမိ၏လမ်းစဉ်ကို တင်ပြလေသည်။
ဝန်ကြီးချုပ်ရာထူးကို မိမိလက်ခံသည်မှာ ဒီမိုကရေစီစနစ်ကျကျ ပါလီမန်က အာဏာပေးအပ်သည်ကို ခေါင်းမရှောင်လိုသဖြင့် လက်ခံရကြောင်း၊ မိမိသည် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကို ပြည်ထောင်စုသားတယောက်အနေနှင့်လည်းကောင်း၊ ဝန်ကြီးချုပ်တယောက်အနေနှင့်လည်းကောင်း၊ စစ်သားတယောက်အနေနှင့်လည်းကောင်း ရောက်ရာအရပ်တွင် အသက်ပေး၍ ကာကွယ်စောင့်ရှောက်ရန် တာဝန်ယူကြောင်းနှင့် ခိုင်မာစွာ ကတိပေးကာ နိုင်ငံ၏အမြင့်ဆုံးရာထူးကို သိမ်းပိုက်လိုက်လေတော့သည်။
အပိုင်း(၄)ဆက်ရန်
ကြေးမုံ ဦးသောင်း
No comments:
Post a Comment