Saturday, August 6, 2022

သုခမြို့တော် (အပိုင်း - ၁၄)

"ဘိသျှဝါကာမ ပူဇော်ပွဲကို ကျွန်တော်တို့က လန်ချားပွဲတော်လို့ ခေါ်ကြတယ်။ ကျွန်တော်တို့ကို ထမင်းကျွေးနေတဲ့ အလုပ်ရုံက ဘီးနှစ်ဘီး၊ ကိုယ်ထည်တစ်ခု၊ လှည်းသန်နှစ်ချောင်းနဲ့ လုပ်ထားတာ မဟုတ်လား။ ဘီးကလည်း ချိုင့်ထဲကျရုံနဲ့ ခွေချင်ခွေသွားနိုင်တယ်။ ဝင်ရိုးကလည်း လော်ရီနဲ့ ချိတ်မိပြီး ကောက်ချင် ကောက်သွားတတ်တယ်။ ဘော်ဒီဆိုတာကတော့ ဘတ်စ်ကားနဲ့ ဝင်ဆောင့်လိုက်တာနဲ့ ချာပါတီများလို ပြားချပ်သွားတာ။ အဲသလိုဖြစ်လို့ကတော့ ဟာစရီပါးတို့ ငတ်ပေရော့ပဲ။ ပိုင်ရှင်ဆီသွားပြီး ငိုပြနေလို့လည်း အလကားပဲ၊ မသနားတဲ့အပြင် ရိုက်တောင် လွှတ်လိုက်လိမ့်ဦးမယ်။ ဒီတော့ ကျွန်တော်တို့မှာ နတ်မင်းကို အားမကိုးလို့ ဘယ်သူ့ကို အားကိုးရမှာလဲ" 


"ကျွန်တော်တို့လန်ချားတွေ ဘေးမသီ ရန်မခ ဖြစ်အောင် နတ်မင်းကိုပဲ အားကိုးရမှာပဲ။ ကျွန်တော်တို့တစ်တွေ အလုပ်တို့ဘာတို့ မပြုတ်အောင်လည်း နတ်မင်းကိုပဲ အားကိုးရမှာပဲ။ ခြေထောက်ကို သံစူးပြီး ဖျားပြီဆိုရင်တော့ ငတ်ပေတော့"


ဟာစရီပါးက လန်ချားသမားတို့အတွက် ဘိသျှဝါကာမနတ်မင်းသည် မည်မျှအားထားရပုံကို ပြောပြတတ်သည်။လန်ချားသမားများသာမက လန်ချားပိုင်ရှင်များသည်လည်း ဘိသျှဝါကာမကို ကိုးကွယ်ကြရသည်သာ။ လန်ချားပိုင်ရှင်များအားလုံးလိုလိုပင် ပူဇော်ပွဲကို သူတို့အိမ်များတွင် တခမ်းတနား ကျင်းပတတ်ကြသည်။ လန်ချားသူဌေးကြီး နာရိန္ဒာကား သူ့အိမ်လိပ်စာကို မည်သူ့ကိုမျှ အသိမခံသည့်အလျောက် အိမ်တွင် ကျင်းပခြင်းမပြု။ နာရိန္ဒာ၏သားကြီးသည် ပန်းခြံလမ်းအနီး ခြံကြီးတစ်ခြံထဲရှိ အိမ်ကြီးတစ်ဆောင်ကို ငှားကာ ကြီးကျယ်လှပသော မဏ္ဍပ်ကြီးသုံးဆောင်ကို ဆောက်သည်။ ထိုမဏ္ဍပ်ကြီးများကို ပန်းကုံးများ၊ စပ်ပန်းချီများဖြင့် ရေးခြယ် ဆင်ယင်ပြီးနောက် ကိုယ်ပိုင်မီးစက်ဖြင့် ထွန်းသော မီးလုံးရာပေါင်းများစွာကို တပ်ဆင်သည်။


ပွဲတော်မတိုင်မီ တစ်ရက်တွင် လန်ချားသမားတိုင်းသည် သူတို့လန်ချားကို ကောင်းစွာ ဆေးကြောသုတ်သင်ရ၏။ ဟာစရီပါးသည် သင်္ဘောဆေးအနက်တစ်ဘူးဝယ်ကာ သစ်သားလှည်းသန်ပေါ်က ပွန်းရာခြစ်ရာများကိုပျောက်အောင် ဆေးခြယ်သည်။ ဝင်ရိုးကို ညက်နေအောင် မုန်ညင်းဆီနည်းနည်း လောင်းထည့်သည်။ ထို့နောက် လန်ချားကို လှပစွာ ပြင်ဆင်ကာ ဇနီးနှင့်ကလေးများကို သွားခေါ်သည်။


အာလောကသည် သူ့အတွက် ပွဲတော်တွင် ဝတ်ဖို့ အဝတ်အစားများကို အဆင်သင့်ထုတ်ထား၏။ မရမ်းရောင် ကွက်တုံးတွေ ဖော်ထားသည့် ပလေကပ်လုံချည်နှင့် ရှပ်အင်္ကျီအစင်းတို့ဖြစ်သည်။ သူကိုယ်တိုင်မှာမူ ရွာက ယူလာသည့် ရွှေရောင်အနားသတ် ဆာရီအနီကို ဝတ်ထားသည်။ ထိုဆာရီမှာ သူလက်ထပ်တုန်းက ဝတ်ခဲ့သည့် ဆာရီဖြစ်၏။ ကြွက်ရန်၊ ပိုးဟပ်ရန်၊ စိုထိုင်းသည့်ဒဏ်တို့မှ လုံခြုံအောင် ကာကွယ်ခဲ့ပြီး ရိုသေစွာ သိမ်းဆည်းထားခဲ့သည့် ဆာရီကလေးဖြစ်သည်။ ကလေးတွေကလည်း ပြောင်ပြောင်ရောင်ရောင် ဝတ်စားထားကြသဖြင့် အားလုံးကပင် အံ့သြချီးမွမ်းကြရသည်။ သို့ကလောက်ဆိုလျှင် ဘိသျှဝါကာမ နတ်မင်းလည်း ကျေနပ်လောက်လေပြီ။ သူတို့၏အိမ်ဂေဟာသည် အခေါင်းကလေးဖြစ်ချင်ဖြစ်မည်။ သို့ရာတွင် သူတို့ ယနေ့ ဝတ်စားလာသည့် အဝတ်အစားများမှာ ရွှေမင်းသားများနှင့် တူနေသည်။


အာလောက၊ သမီးအကြီးနှင့် သားအငယ်တို့က လန်ချားပေါ်သို့ တက်လိုက်ကြသည်။ လန်ချားအိုကလေးသည် ထိုမျှဂုဏ်ယူဖွယ်ကောင်းသည့် ခရီးသည်တို့ကို တစ်ခါမျှ မတင်ခဲ့ရသေး။ လန်ချားပေါ်တွင် လိုက်ပါလာသည့် ခရီးသည် သုံးယောက်တို့သည်လည်း သဇင်သုံးခက်နှင့် တူနေသည်။ ထိုနေ့၌ ဟာစရီပါးမှာ သူ့အင်္ကျီအသစ်စက်စက် ချွေးတွေသံတွေ ပေမည်စိုးသည့်အတွက် လန်ချားမဆွဲဘဲ သူ့သားအကြီး မာနူးက ဝင်ဆွဲပေးသည်။


လန်ချားသူဌေးကြီး၏သား ငှားထားသည့် ပူဇော်ပွဲကျင်းပရာ အိမ်မှာ သူတို့ရပ်ကွက်နှင့် သိပ်မဝေးလှ။ လူဆင်းရဲရပ်ကွက်များနှင့် လူချမ်းသာရပ်ကွက်များ နီးကပ်စွာ တည်ရှိနေခြင်းသည် ကာလကတ္တားမြို့၏ ထူးခြားချက်ဟု ဆိုရလိမ့်မည် ထင်သည်။


လန်ချားသူဌေးကြီး နာရိန္ဒာသည် ပူဇော်ပွဲအတွက် သူ့မဏ္ဍပ်ကို ကောင်းစွာ ပြင်ဆင်ထားသည်။ မုခ်ဝတွင် ပန်းနီ ပန်းဖြူတွေ ချိတ်ဆွဲထားပြီး အုန်းလက်တွေ၊ ငှက်ပျောရွက်တွေ စိုက်ထားကြသည်။ မဏ္ဍပ်အလယ်ခေါင်ရှိ စံပယ်ပန်း ကော်ဇောကြီးပေါ်တွင်မူ ကြီးမားလှစွာသော ဘိသျှဝါကာမ နတ်ရုပ်ကြီးကို တင်ထားသည်။ နှုတ်ခမ်းတွင် ဆေးနီဆိုးကာ မျက်လုံးတွင် ခိုရောင်ခြယ်ထားလိုက်သေးသည်။


"ကြည့်စမ်းဗျာ၊ ကျွန်တော်တို့ နတ်မင်းရဲ့ ပုံတော်ကို ကြည့်ရတာ ဘယ်လောက်အားရှိလဲ။ လက်ကို မြှောက်ထားလိုက်တာက မဏ္ဍပ်အမိုးကို ထိတော့မယ်။ လက်က ပုဆိန်ကြီးနဲ့တူကြီးကို ကိုင်ထားပုံကလည်း ကောင်းကင်က လက်ဆောင်တွေကို အတင်းမရမနေ တောင်းနေတဲ့အတိုင်းပဲ။ သူ့ရင်အုပ် ဖောင်းနေပုံကလည်း အသက်များ ရှူထုတ်လိုက်ရင် မုန်တိုင်းတစ်ခု တိုက်လာတော့မယ်လို့တောင် ထင်ရတယ်။ လက်မောင်းကြီးတွေက တောင်ကြီးတွေကို ကိုင်ရွှေ့နိုင်လောက်အောင် အင်အားကြီးတဲ့ပုံ။ ခြေထောက်ရပ်နေပုံက တိရစ္ဆာန်အရိုင်းတွေကို နင်းချေပစ်နေတဲ့ပုံ။ ဒီလောက် တန်ခိုးကြီးတဲ့ နတ်မင်းရှိရင်ကျွန်တော်တို့လန်ချာအိုကလေးတွေဟာ တစ်နေ့မှာ နတ်ရထားတွေ ဖြစ်လာရမှာပေါ့။ လန်ချားကို ဆွဲနေတဲ့ ကျွန်တော်တို့တစ်တွေဟာလည်း နတ်မြင်းပျံတွေလို ဖြစ်လာရမှာပေါ့ မဟုတ်လား"


ဟာစရီပါးနှင့် သူ့မိသားစုသည် ဘိသျှဝါကာမ နတ်မင်း၏ရှေ့တွင် ဦးခိုက်ပူဇော်ကြ၏။ ဘာသာတရားကိုင်းရှိုင်းသည့် အာလောကသည် ငှက်ပျောသီး၊ ဆန်တစ်ဆုပ်၊ စံပယ်တစ်ကုံးနှင့် ပန်းပွင့်အင်္ကျီတို့ကို လှူဖွယ်ပစ္စည်းအဖြစ် ယူလာကာ နတ်မင်း၏ခြေရင်းတွင် ပူဇော်ပသခြင်းပြု၏။ ဟာစရီပါးသည် သူ့လန်ချားကို ခြံထဲတစ်နေရာတွင် အခြားလန်ခြားများနှင့်အတူ သွား၍စီတန်းထားသည်။


လန်ချားများ စုံလောက်၍ နေရာအသီးသီးတွင် ဆိုက်ပြီးသည့်အခါ၌ ဗုံသံနှင့် လင်းကွင်းသံများကို ကြားရသည်။ အသက်ကြီးကြီး ဟိန္ဒူဘုန်ကြီးတစ်ပါးသည် ရွှေနားကွပ်သည့် အနီရောင်ဘောင်းဘီတို့ကို ဝတ်ထားသည့် ပန်တျာသည် ငါးဆယ်လောက်ကို ခေါင်းဆောင်၍ မဏ္ဍပ်ထဲသို့ ဝင်ရောက်လာသည်။ ပုဏ္ဏားပျိုတစ်ယောက်က စည်သံတချွင်ချွင်ဖြင့် အခါတော် ရောက်ကြောင်းကို သတိပေးသည်။ 


ဘုန်းတော်ကြီးက လန်ချားတန်းကြီးအနီးသို့ ကပ်လာကာ လန်ချားတိုင်းကို ဂင်္ဂါမြစ်ရေ နှစ်စက်ဖြင့် ဖျန်းပေး၏။ ထိုအချိန်၌ကား လန်ချားသမားတိုင်းသည် ဝမ်းသာကြည်နူး၍ မဆုံးတော့ပြီ။ မိမိတို့၏လန်ချားတွင် သုတ်လိမ်းထားသည့်အရာမှာ မျက်ရည်များနှင့် ချွေးစက်များ မဟုတ်၊ ဘုရားသခင်၏ ရေစင်ဖြစ်သည်ဟု မှတ်ထင်လျက်ရှိကြလေ၏။


ဘုန်းကြီးသည် ရေဖျန်းမင်္ဂလာကို ပြုလုပ်ပြီးနောက် နတ်ရုပ်ရှေ့သို့ ရောက်လာကာ နတ်ရုပ်၏ပါးစပ်ကို ဆန်စေ့တို့ဖြင့် ကြဲပက်ပူဇော်၏။ ပုဏ္ဏားပျို ယူဆောင်လာသည့် ခွက်ကလေးထဲမှ ထောပတ်တို့ဖြင့် သုတ်လိမ်း၏။ ထို့နောက် နာရိန္ဒာ၏သားတစ်ယောက်က ဘိသျှဝါကာမနတ်မင်း သက်တော်ရာကျော် ရှည်ပါစေဟု အော်လိုက်သည့်အခါတွင် ခြောက်ရာမျှသော လန်ချားသမားတို့ကလည်း ထို့အတူ သုံးကြိမ်မျှလိုက်၍ ကြွေးကြော်ကြလေ၏။ ထိုကြွေးကြော်သံများသည် ရိုးသားစွာ အော်လိုက်သော ကြွေးကြော်သံများဖြစ်လျက် လန်ချားပိုင်ရှင်တို့၏နားတွင်မူ သပိတ်မှောက်တုန်းက ကြွေးကြော်ခဲ့ကြသော နိုင်ငံရေးကြွေးကြော်သံများထက် များစွာ နားဝင်ချိုလှမည်တမုံ့။


* * * 


အမှတ် ၄၅ နိုင်ဇန်မူဒင် လမ်းကြားရှိ အိမ်တံခါးကို တစ်စုံတစ်ယောက် လာ၍ခေါက်နေသည်။ ထိုသူမှာ အန်နွာဖြစ်သည်။ ကိုဗာစကီးသည် ခြေမသန်သည့် ဒုက္ခိတ အန်နွားကို တွဲခေါ်လာခဲ့ကာ သူ့အိပ်ရာလုပ်ထားသည့် ကောက်ရိုးဖျာပေါ်တွင် ထိုင်ခိုင်းသည်။ ကိုယ်ရေရောဂါသည် အန်နွာသည် အားတုံ့အားနာဖြစ်နေသည်။ 


အန်နွာသည် ရောဂါကျွမ်းနေသည့် လက်နှစ်ဖက်ကို ယှက်ကာ...

“ဆရာကြီးကို ကျွန်တော် အကူအညီကလေးတစ်ခု တောင်းစရာရှိလို့ပါ” 


“ညီအစ်ကိုတွေပဲဗျာ၊ လိုချင်တာ တောင်းနိုင်ပါတယ်” 


“မိထာကို လက်ထပ်ခွင့်ပေးပါလို့ ပူလီဆိုကို ပြောပေးပါလား ဆရာကြီး” 


“မိထာကို ဟုတ်လား၊ မိထာက သူ့မိန်းမပဲဟာ” 


ကိုဗာစကီးသည် အံ့အားသင့်နေသည်။


“ဟုတ်ပါတယ်၊ ဒါကြောင့်မို့ သူ့ကို ပြောပေးဖို့ ဆရာကြီးကို လာပြောနေတာပါ၊ ဆရာကြီး ပြောရင် ရမှာပါ၊ သူက ဆရာကြီးစကားကို နားထောင်ပါတယ်၊ ပြီးတော့ ဆရာကြီးကို အားလုံးကလဲ လေးစားကြတယ်”


ပူလီမှာ အသားမည်းမည်း၊ ပိန်ပိန်ညှက်ညှက်၊ အသက်ငါးဆယ်လောက်ရှိလေပြီ။ သူသည် တောင်ပိုင်းသားဖြစ်၏။ ကာလကတ္တားသို့ တစ်ခေါက်လာလည်ပြီးနောက် ပူလီသည် ဘယ်တော့မျှ မပြန်တော့ပြီ။ ပူလီသည် ငယ်စဉ်ကတည်းက အရပ်တကာ လှည့်လည်သွားလာနေခဲ့သူဖြစ်ရာ ကိုယ်ရေရောဂါသည် ထိုစဉ်ကတည်းကပင် စွဲကပ်လာခဲ့ဟန်တူ၏။ တစ်ခါတွင် သူသည် မျောက်ပွဲ ပြစားခဲ့ဖူး၏။ ထို့နောက်တွင် သူတောင်းစားဖြစ်လာခဲ့သည်။ ထို့နောက် သူသည် ကာလီမယ်တော်ဝတ်ကျောင်းတွင် မှီခိုနေထိုင်ခဲ့သည်။ သို့နေခဲ့စဉ် ထိုအရပ်ရှိ သူတောင်းစားများကို မိုက်ကြေးခွဲစားသည့် လူမိုက်ဂိုဏ်းနှင့် ရန်ဖြစ်ကာ သူ့ကို မောင်းထုတ်လိုက်ကြသဖြင့် တစ်ဖက်ကမ်းရှိ ဟောင်ရာဘူတာကြီး ပလက်ဖောင်းပေါ်သို့ ရောက်လာခဲ့သည်။ 


ပူလီသည် လူပြက်ဝါသနာရှိသူဖြစ်သည့်အလျောက် လမ်းဘေးတွင် အပြောင်အပြက်လုပ်ပြခြင်းဖြင့် ဝင်ငွေအထိုက်အလျောက်ရခဲ့သည်။ ပရိသတ်များကလည်း သူလုပ်ပြသည့် အပြောင်အပြက်များကိုလည်းကောင်း၊ သူ၏ ကြောက်ဖွယ်ကောင်းသောရောဂါကိုလည်းကောင်း အထူးအဆန်းသဖွယ် လာ၍ကြည့်ကြကာ ပိုက်ဆံကလေးတွေ စွန့်ကြဲသွားခဲ့ကြသည်။ ထိုစဉ်က သူ့ရောဂါသည် ထိုမျှလောက် မဆိုးသေး။ သို့ရာတွင် ပူလီသည် တစ်ကိုယ်လုံးကို ကျပ်စည်းသလို ပတ်တီးတွေ စည်းထားပြီး အဝတ်တွင် အိုင်အိုဒင်းအရည်တွေ ဆိုးထားတတ်သည်။ ပူလီသည် သုခမြို့တော်ရှိ အဆင်းရဲဆုံး၊ အောက်တန်းအကျဆုံး၊ အညစ်ပတ်ဆုံးသော ဝင်းကြီးတစ်ခုထဲတွင် သူ့ဇနီးသည်နှင့်အတူ နေထိုင်ကြသည်။ သူ့ဇနီးသည် မိထာမှာ ချစ်စရာကောင်းသည့် အသက် ၂၇ နှစ်အရွယ် မိန်းမငယ်တစ်ယောက်ဖြစ်ပြီး သူတို့တွင် ခြောက်လသားမှ သုံးနှစ်အရွယ်ထိရှိသော ချစ်စရာကလေးငယ်သုံးယောက်ရှိသည်။


မိထာသည် အရှေ့ပါကစ္စတန်မှ ပြေးလာသော အိုးထိန်းသည်တစ်ယောက်၏ သမီးဖြစ်သည်။ အသက် ဆယ့်ခြောက်နှစ်ရောက်၍ မိဘများက သူတို့နှင့် ဇာတ်တူသော အိုးထိန်းသည်တစ်ယောက်နှင့် ပေးစားမည်အပြု မိထာ၏ ညာဘက်ပါးပြင်ပေါ်တွင် သွေးလိုလို ထူအမ်းအမ်း အကွက်တစ်ကွက် ပေါ်လာသည်။ သီတင်းပတ်ပေါင်းများစွာ ချီတုံချတုံဖြစ်နေပြီးနောက် မိထာသည် ဟောင်ရာဆေးရုံကြီးတွင်ပြရန် သွား၍ တန်းစီသည်။ ဆေးဘက်ဆိုင်ရာကလည်း ချက်ချင်းအဆုံးအဖြတ်ပေးလိုက်၏။ ထိုအကွက်မှာ ကိုယ်ရေရောဂါအကွက် ဟု ပြောလိုက်သည်။ 


သူ့မိဘများကမူ မိထာကို ဘုရားက ကျိန်စာတိုက်လိုက်ပြီဟုပင် ယူဆကြသည်။ မိဘများက မိထာကို သူတို့နေသည့် တဲကလေးမှ နှင်ထုတ်လိုက်ပြီး အပြင်တွင် တဲကလေးတစ်လုံးဖြင့် သပ်သပ်ထားကြသည်။ ထိုသို့ မလုပ်လျှင် သူတို့မိသားစုတစ်ခုလုံးကို အရပ်မှ နှင်ထုတ်ပစ်ပေတော့မည်။ 


မိထာသည် ဘူတာရုံတစ်ဝိုက်တွင် တောင်းရမ်းနေရာမှ သူ့ကို ဘင်္ဂါလီတစ်ယောက်ကတွေ့ကာ ကာလကတ္တားရှိ ပြည့်တန်ဆာအိမ်တစ်အိမ်သို့ ရောင်းသွားခဲ့သည်။ သူ့ရောဂါအကြောင်းကို သိသွားသည့်အခါတွင် ပြည့်တန်ဆာခေါင်းသည် သူ့ကို အညိုအမည်းစွဲအောင် ရိုက်နှက်၍ အိမ်မှ နှင်ထုတ်လိုက်၏။ ဤတွင် သူ့ကို အမှိုက်ကောက်သူများက တွေ့သွားကြကာ သီလရှင်ဆရာကြီး ထရီဇာ၏ သေလုနီး လူမမာများကိုထားရာ ဆေးရုံသို့ လာပို့သွားကြသည်။ အချိန်မီ အသက်ဘေးမှ လွတ်လာခဲ့ခြင်းပေတည်း။ သက်သာလာသည့်အခါတွင် မိထာသည် ဆေးရုံမှ ဆင်းလာကာ ဘူတာရုံတစ်ဝိုက်ရှိ သူတောင်းစားလောကထဲသို့ ပြန်ရောက်လာခဲ့ပြန်သည်။ ဤတွင် မျောက်ပွဲပြသည့် ပူလီက သူ့ကို ကယ်ဆယ်ထားခဲ့ကာ နောက်တစ်နှစ်အကြာတွင် သူ့ကို လက်ထပ်ယူခဲ့သည်။


ကိုဗာစကီးသည် အန်နွာ နောက်ထပ်တောင်းခံသည့် အကူအညီတစ်ခုအတွက်လည်း အံ့အားသင့်နေသည်။ သူတို့ ကိုယ်ရေရောဂါသည်လောကသည် အခြားကမ္ဘာကြီးနှင့် စကြဝဠာကြီးလောက် ခြားနားနေခြင်းကို သူမသိသေး။ သူတို့လောကတွင် ထူးခြားသည့် သူတို့ကိုယ်ပိုင် စည်းကမ်းဥပဒေတွေရှိသည်ကိုလည်း သူမသိသေး။ ကိုယ်ရေရောဂါသည် ရောဂါပြင်းထန်ဆိုးရွားလာသည်နှင့်အမျှ ဖိုမစိတ်ကို အားပေးလှုံ့ဆော်တတ်သည်။ ထို့ကြောင့်ပင်လျှင် ကိုယ်ရေရောဂါသည်များတွင် မယားတွေ အများကြီးရှိပြီး ကလေးတွေအများကြီးရှိနေခြင်းဖြစ်သည်။ 


ကိုယ်ရေရောဂါသည်များသည် လူ့လောကမှ အကြဉ်ခံထားရပြီး ဘုရားကျိန်စာတိုက်ခြင်းကို ခံစားရသည်ဟု သူတို့ဘာသာ သူတို့ယူဆသည့်အလျောက် လောကတွင် လိုက်နာအပ်သော စည်းကမ်းထုံးတမ်း ဓလေ့တို့ကိုလည်း လိုက်နာခြင်းမပြုကြတော့ပြီ။ တရားဥပဒေကို ထိန်းသိမ်းကာကွယ်သည့် မည်သည့်ကိုယ်စားလှယ်ကမှလည်း သူတို့ကိစ္စများကို လာရောက် စုံစမ်းစစ်ဆေးခြင်း မပြုကြတော့ပြီ။ 


သုခမြို့တော်ရှိ ကိုယ်ရေရောဂါသည်များသည် မိန်းမ မရှိလျှင် မနေနိုင်ကြ။ သူတို့တောင်းရမ်း၍ ရသည့်ငွေဖြင့် မိန်းမတို့ကို ဝယ်ယူကြသည်။ ဤတွင် ကိုယ်ခန္ဓာချွတ်ယွင်း၍သော်လည်းကောင်း၊ မကျန်းမာ၍သော်လည်းကောင်း မိမိတို့သမီးများကို လက်ထပ်ထိမ်းမြားပေးခြင်း မပြုနိုင်သည့် မိဘများသည် သမီးများကို ကိုယ်ရေရောဂါသည်တို့ထံ ရောင်းလိုက်ကြရတော့သည်။ သို့ရာတွင် ရောဂါဖြစ်နေသည့် ထိုယောက်ျားတို့သည် မိန်းမတစ်ယောက်တည်းဖြင့် အားရတင်းတိမ်ခြင်း မရှိကြကုန်။ ဤတွင် ထိုယောက်ျားတို့အတွက် မိန်းမအရောင်းအဝယ်လုပ်ပေးမှုများ ပေါ်လာကြသည်။ ထိုယောက်ျားတို့ကလည်း မိန်းမများကို အခြားသော မင်္ဂလာဆောင်များနှင့်မတူ ထူးထူးခြားခြား ခမ်းခမ်းနားနား လက်ထပ်ယူကြသည်။


“တောင်းပေးပါ ဆရာကြီးရယ်၊ ဆရာကြီး အခက်အခဲမရှိအောင် ကျွန်တော်လဲ စီစဉ်ထားပါတယ်၊ သူ့ကို ကျွန်တော် ကျေနပ်အောင်လုပ်ပေးမှာပါ”


အန်နွာသည် သူ၏လက်ချောင်းငုံးတိဖြင့် ဒိုတီခါးကြားတွင် လိပ်ထားသည့် ငွေစက္ကူတစ်ထပ်ကို ဆွဲထုတ်လိုက်သည်။


“ဟောဒီမှာ ငွေသုံးရာခင်ဗျ၊ ဒီလောက်ဆိုရင် သူငြင်းမှာ မဟုတ်ပါဘူး”


“မိထာကိုရော မေးပြီးပြီလား၊ သူကကော သဘောတူမှာတဲ့လား” ဟု ကိုဗာစကီးက မေးသည်။ ထိုမေးခွန်းသည် သူ့အတွက် အရေးကြီးသည်။ ထို့ကြောင့် မေးရခြင်းဖြစ်၏။


အန်နွာသည် သူ့မေးခွန်းကို ကြားရသည့်အခါတွင် အံ့အားသင့်နေသည်။


“သူ့ယောက်ျားက သဘောတူရင် မိထာလဲ သဘောတူမှာပေါ့ ဆရာကြီး”


ကိုဗာစကီးသည် မရှောင်မလွှဲသာပင် ထိုကိစ္စကို ငြင်းလိုက်၏။ သူ့ညီအစ်ကိုတော်များဖြစ်သော ကိုယ်ရေရောဂါသည်တို့၏ အခြားသောကိစ္စများကို သူလုပ်ပေးရန် အဆင်သင့်ရှိပါသည်။ သို့ရာတွင် ယခုကိစ္စကိုမူ သူလုပ်မပေးနိုင်။ သည်လောက်တောင် သဘောကျသည်ဆိုလျှင်မူ အန်နွာသည် ကာယကံရှင် ယောကျာ်းဖြစ်သူထံ သူကိုယ်တိုင်သွားပြောရုံမျှသာရှိသည်။ 


နှစ်ဖက် အကျေအလည် စေ့စပ်ဆွေးနွေးပြီးသည့်နောက်တွင် ငွေငါးရာဖြင့် ဈေးတည့်ကြသည်။ ထိုငွေမှာ သူ့တွင်ရှိသည့် ငွေထက် နှစ်ရာပိုများနေသည်။ လိုသည့် ငွေနှင့် မင်္ဂလာစရိတ်အတွက် ကုန်ကျမည့်ငွေကို သူတို့ရပ်ကွက်ထဲရှိ ငွေတိုးချေးစားသူ ပန်ချာပီ ဝဝကြီးထံမှ ချေးယူသည်။ ပန်ချာပီကြီးမှာ သူတောင်းစားများကို မွေးထားသူဖြစ်၏။


မိမိတို့သည် ဘုရား၏ဒဏ်ခတ်ခြင်းကို ခံရသူများဖြစ်သည့် ကိုယ်ရေရောဂါသည်များဖြစ်ကြောင်း နားလည်လက်ခံထားကြသည့် သူတို့လောကတွင် ဘာသာတရားသည်လည်း ဘာမျှမတတ်နိုင်။ ဟိန္ဒူဘုန်းကြီးများ၊ ဗြဟ္မဏများ၊ မူလာကြီးများသည် သူတို့လောကက မင်္ဂလာဆောင်များသို့ လာရောက်ခြင်းမပြုကြ။ ဤတွင် ကိုယ်ရေရောဂါသည်များကလည်း သူတို့ မူလကိုးကွယ်ထားသည့် ဘာသာတရားနှင့် ခပ်ကင်းကင်းဖြစ်လာကြသည်။ သို့ရာတွင် မင်္ဂလာ

ဆောင်ရန်အတွက် နေ့ကောင်းရက်သာရွေးသည့် ထုံးတမ်းဓလေ့မျိုးကိုတော့ ထိန်းသိမ်းထားကြသေးသည်။ 


ကိုယ်ရေရောဂါသည်တို့၏လောကတွင် သူတို့ကိုယ်ပိုင် ဗေဒင်ဆရာရှိသည်။ ထိုသူမှာ မုတ်ဆိတ်ဖြူဖြူနှင့် ဂျိုဂါးဆိုသူဖြစ်၏။ ထိုဂျိုဂါး ဗေဒင်ဆရာလုပ်လာခဲ့သည်မှာ အနှစ်လေးဆယ်ရှိခဲ့လေပြီ။ ဂျိုဂါးသည် မိုင်ဒန်ကွင်းဘေးက သစ်ပင်ရိပ်အောက်တွင် ကျောက်သင်ပုန်းတစ်ချပ်ဖြင့် ဗေဒင်တွက်ပေးလေ့ရှိသည်။ သူ၏အလုပ်မှာလည်း အခါခပ်သိမ်း လွယ်ကူသည်မဟုတ်။ ဥပမာအားဖြင့် အန်နွာတို့လို၊ မိထာတို့လိုလူမျိုး မင်္ဂလာဆောင်ချင်ပြီဆိုလျှင် သူတို့တစ်တွေ၏ မွေးနေ့ မွေးရက်ကို မသိသဖြင့် ဗေဒင်တွက်၍မရဘဲ ဖြစ်နေတတ်သည်။ ဤတွင် ဗေဒင်ဆရာ ဂျိုဂါးသည် သူ့ဘာသာသူ စိတ်မှန်းဖြင့် သူတို့မွေးနေ့တစ်နေ့ကို သတ်မှတ်လိုက်ကာ ဂြိုဟ်သွားဂြိုဟ်လာကောင်းသည့် နေ့ တစ်နေ့ကို သတ်မှတ်၍ အိန္ဒိယလူမျိုးအတွက် ပြဿဒါးရက်ဖြစ်သော အင်္ဂါနေ့၊ စနေနေ့နှင့် တနင်္ဂနွေနေ့တို့ကို ရှောင်ကာ မင်္ဂလာရက်ကို သတ်မှတ်ပေးရသည်။ 


မင်္ဂလာနေ့မျိုးတွင်ဆိုလျှင် သူတို့ကိုယ်ရေပြားလောကကလေးသည် မြူးထူး ဆူညံနေတော့သည်။ ထိုနေ့တွင် မီးတွေကလည်း ထိန်နေအောင် ထွန်းထားကာ အသံချဲ့စက်မှ သီချင်းသံတွေကလည်း ဆူညံနေတတ်သည်။


ထိုနေ့က ကိုဗာစကီးသည် မကြည်သည့်နှလုံး၊ မပြုံးသည့်မျက်နှာနှင့် သူတို့မင်္ဂလာဆောင်သို့ ရောက်လာခဲ့၏။ ကိုဗာစကီးသည် ထိုမင်္ဂလာဆောင်ကို မလာချင်။ သို့ရာတွင် သူ့မိတ်ဆွေ၏ဖိတ်ကြားချက်ကို ငြင်းပယ်ခြင်းငှာ သူမတတ်နိုင်။


သူရောက်သွားသည့်အခါ၌ ကိုယ်ရေရောဂါသည် အမျိုးသမီးများသည် ပြိုးပြိုးပြက်ပြက် တောက်ပသည့် အဝတ်အစားတို့ကို ဝတ်ဆင်ကာ သတို့သားနှင့်သတို့သမီးတို့၏ ဂုဏ်ထူးဆောင် အထူးဧည့်သည်တော်ကြီးဖြစ်သည့် ကိုဗာစကီးကို စံပယ်ပန်းကုံးများ စွပ်၍လည်းကောင်း၊ နဖူးတွင် ဆေးခြယ်ပေးခြင်းဖြင့်လည်းကောင်း ဆီးကြိုကြသည်။


ကိုဗာစကီးသည် ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်မိ၏။ သူမြင်ရသည့် ရှုခင်းကို သူမယုံနိုင်။ အဝတ်အစားသစ်များကို ဝတ်ဆင်ကာ မုတ်ဆိတ်တို့ကို စင်ကြယ်စွာရိတ်၍ ပတ်တီးအသစ်တို့ကို ပတ်ထားသော ကိုယ်ရေရောဂါသည်တို့သည် လူ၏ပုံသဏ္ဌာန်ကို ပြန်၍ဆောင်နေကြသည်။ သူတို့ ပျော်ရွှင်မြူးထူးနေကြပုံလည်း အားတက်စရာကောင်းသည်။ ထိုအခမ်းအနားတွင် အခမ်းအနားမှူးလုပ်သူကား သတို့သမီး၏ ပထမယောက်ျားဖြစ်သူ ပူလီကိုယ်တိုင်ပင်ဖြစ်သတည်း။ 


ပူလီသည် တစ်နေရာက ရလာသော ကုတ်အင်္ကျီကို ဝတ်၍ ဦးထုပ်မြင့်မြင့်ကို ဆောင်းထားသည်။


“ဆရာကြီးကို ကြိုဆိုပါတယ်ခင်ဗျာ” 


ပူလီက ပြောကာ သူ့ကို ဆီးကြိုခေါ်သွားသည်။ သူ့ပါးစပ်မှ အနံ့ကြောင့် မင်္ဂလာပွဲအတွက် စီစဉ်ထားသည့် ယမကာများကို သောက်သုံးပြီးဖြစ်ကြောင်း သိနိုင်သည်။ ပူလီသည် သူ့ကို သတို့သား၏တဲငယ်ဆီသို့ ခေါ်သွား၏။ သတို့သားရှိရာ အန်နွာ၏တဲငယ်ကို သူမမှတ်မိတော့။ ကိုယ်ရေရောဂါသည်များသည် အန်နွာ၏တဲကို ဆေးရောင်စုံတွေခြယ်ပေးထားကြ၏။ မျက်နှာကြက်တွင် ပန်းကုံးတွေ ချိတ်ဆွဲထားပြီး မာသိပ်နေသည့် မြေကြီးပေါ်တွင် ဂုန်နီကော်ဇောကြီး တစ်ချပ်ကို ခင်းထား၏။ တဲအလယ်ကောင်တွင် ခုတင်တစ်လုံး ချထားပြီး ထိုခုတင်ပေါ်တွင် ဘေးပတ်ပတ်လည်တွင် ပန်းကုံးတွေ ဆွဲထား၏။ ခုတင်ပေါ်တွင်မူ အကောင်းစား မဒရပ် အိပ်ရာခင်းတစ်ခု ခင်းထား၏။ အိပ်ရာခင်းမှာ စတုရန်းကွက်ကလေးတွေ ခြယ်လျက်။ ထိုမင်္ဂလာအိပ်ရာပေါ်တွင်မူ သတို့သား အန်နွာ ထိုင်နေသည်။ သူ့ဘေးတွင် သူ့ကို သယ်ဆောင်သွားမည့် ဝေါတစ်ခုချထား၏။ အန်နွားသည် လူပျိုရံလုပ်မည့် ကိုဗာစကီးကို ကောင်းစွာ ဆီးကြိုခြင်းပြုသည်။ ထို့နောက် သူ့မျက်နှာသည် ချက်ချင်းဆိုသလို တည်သွား၏။


“ဆရာကြီး၊ ကျွန်တော့်အတွက် ဆေးရှိသေးသလားဟင်၊ မနေ့ညက နာလိုက်တာ ဆရာကြီးရယ်” ဟု အန်နွာက ခပ်တိုးတိုး မေးသည်။


ကိုယ်ရေရောဂါသည်တို့ထံ အလည်သွားလျှင် အိတ်ထဲတွင် မော်ဖိန်းတစ်လုံး နှစ်လုံး ဆောင်ရကြောင်းကို အတွေ့အကြုံအရ ကိုဗာစကီး သိပြီးဖြစ်၏။ သူ့ကို မော်ဖိန်းထိုးပေးလိုက်လျှင် ထိုနေ့မင်္ဂလာပွဲတွင်လည်းကောင်း၊ သတို့သမီးနှင့် တွေ့ဆုံရာတွင်လည်းကောင်း မည်သို့ရှိမည်နည်းဟု ကိုဗာစကီး စဉ်းစားသည်။ သို့ရာတွင် ကိုဗာစကီးသည် ဘေးဆီးရန်ကာသဘောဖြင့် အန်နွာကို မော်ဖိန်းတစ်ဝက် ထိုးပေးလိုက်သည်။ သူ့ဆေးထိုးအပ်ကို အိတ်ထဲသို့ ပြန်ထည့်နေစဉ် ဝတ်ရုံရှည်များကို ဝတ်ကာ ခေါင်းတွင် မကိုဋ်တို့ ဆောင်းလျက် ပန်းမန်နံ့သာတို့ကို လိမ်းခြယ်ထားသည့် လက်ထပ်ပြီး မိန်းမခြောက်ယောက်ခန့် ရောက်လာကြကာ ဓမ္မသီချင်းများကို ဆိုနေကြသည်။ အလှပြင်ထားကြသဖြင့် သူ့တို့၏ရောဂါလက္ခဏာများကို မေ့လျော့နေကြသည်။ 


အန်နွာသည် မူဆလင်ဘာသာဝင်တစ်ဦးဖြစ်သည့်တိုင် သူတို့လက်ထပ်ပွဲတွင် ဟိန္ဒူထုံးစံများနှင့်အညီ ဆောင်ရွက်ကြသည်။ သူတို့သည် အန်နွာ၏ခန္ဓာကိုယ်ကို အမွှေးရည်အမျိုးမျိုးတို့ဖြင့် ဆေးကြောသန့်စင်ပေးကာ ကတိုးနံ့ထွက်သည့် ဝါတာတာအမှုန့်တစ်မျိုးဖြင့် လိမ်းကျံပေးကြသည်။ သူတို့သုတ်လိမ်းပေးနေသည့် ခန္ဓာကိုယ်ကြီးသည် တစ်ပိုင်းတစ်စ ပျက်စီးယိုယွင်းနေသော ခန္ဓာကိုယ်ကြီးသာ မဟုတ်ခဲ့လျှင် သူတို့လုပ်နေပုံကို ကြည့်ရသည်မှာ တော်တော် ရယ်စရာကောင်းပေလိမ့်မည်။ သို့ရာတွင် ကိုဗာစကီး မရယ်ရက်ပါ။ ခန္ဓာကိုယ်ကို သန့်စင်ပြီးသည့်အခါတွင် မိန်းမခြောက်ယောက်တို့သည် သူ့ကို အဝတ်အစားများ လဲပေးကြ၏။ သတို့သား အန်နွာသည် ကလေးငယ်တစ်ယောက်ပမာ သူတို့ပြုသမျှ နုနေရသည်။ ထို့နောက် သူတို့သည် အန်နွားအား အင်္ကျီအသစ် ဝတ်ပေးကြ၏။ အင်္ကျီတွင် ရွှေရောင်ကြယ်သီးများက ပြောင်လက်လျက်။ ဘီးလေးဘီး တပ်ထားသည့် ပျဉ်ချပ်ပေါ်တွင် လက်ဖြင့် ရွှေ့သွားနေရသည့် ဒုက္ခိတတစ်ဦးအဖို့ သည်လိုအဝတ်အစားမျိုးကို အဘယ်မှာလျှင် အိပ်မက် မက်ဖူးပါမည်နည်း။


“ဒုက္ခိတဖြစ်နေတဲ့ ကိုယ်ရေရောဂါသည်ကြီးက အဝတ်သစ် အစားသစ်တွေ ဝတ်ပြီး ပြင်ဆင်ထားတော့ ကျွန်တော့်စိတ်ထဲမှာ တမျိုးကြီးပဲဗျာ” ဟု ကိုဗာစကီး ပြောသည်။ 


သူတို့မင်္ဂလာဆောင်မှာ ဘာသာရေး ထုံးတမ်းစဉ်လာတွေ မပါတော့သဖြင့် ကိုဗာစကီးပင် ကြီးကြပ်ရသည်။ သူတို့ကိုယ်ရေပြားရောဂါသည် လောကသို့ မည်သည့်ဘာသာရေးပုဂ္ဂိုလ်ကမျှလည်း လာရောက်ဆောင်ရွက်ပေးခြင်း မပြုကြ။ ထိုမင်္ဂလာပွဲတွင် ရေပန်းအစားဆုံးသူကား ပူလီပေတည်း။ သတို့သားထံမှ သတို့သမီးထံ လက်ဆောင်ပို့သည့်ကိစ္စတွင်လည်း သူပင် စီစဉ်ရသည်။


“ဆရာကြီးက လူပျိုရံမဟုတ်လား၊ ဒီတော့ သတို့သားက သတို့သမီးဆီကို လက်ဆောင်ပို့တဲ့ကိစ္စကို ဆရာကြီးပဲ ဆောင်ရွက်ပေးပါ” ဟု ဆိုကာ မျက်စိတစ်ဖက်မှိတ်ပြသည်။ သဘောမှာ ကိုဗာစကီးကိုယ်တိုင် ဆောင်ရွက်ပေးမည်ဆိုလျှင် လမ်းတွင် လက်ဆောင်ပစ္စည်း အပျောက်အရှမရှိဘဲ စိတ်ချလက်ချရောက်နိုင်သည် ဆိုသည့် သဘောဖြစ်သည်။ 


အန်နွာက မွေ့ရာအောက်တွင် ထိုးထားသည့် သူ့လက်ဆောင်ပစ္စည်းများကို ထုတ်ယူနေသည်။ လက်ဆောင်ပစ္စည်းများမှာ သတင်းစာစက္ကူဖြင့် ထုပ်ထားပြီး သားရေကွင်းကလေးများဖြင့် ပတ်ထားသည်။ ထိုလက်ဆောင်ကလေးများထဲတွင် အလှအပပစ္စည်းကလေးတွေ၊ လက်ဝတ်လက်စားကလေးတွေ ပါသည်။ ငွေလက်ကောက် သုံးရံမှအပ အခြားပစ္စည်းများမှာ ဈေးထဲက ကုန်စုံဆိုင်တွင် ရောင်းလေ့ရှိသည့် အပေါစားပစ္စည်းကလေးများဖြစ်၏။ ခြေချောင်းတွင် စွပ်သည့် ခြေစွပ်ကလေးတစ်စုံ၊ နားဆွဲတစ်ရံ၊ နှာခေါင်းတွင်မြှုပ်ရန် ဥဿဖရားကျောက်တစ်လုံး၊ ပယင်းဆွဲကြိုးတစ်ကုံးနှင့် သတို့သမီးများ ဝတ်လေ့ရှိသည့် မကိုဋ်တစ်ခုတို့ဖြစ်သည်။ ထိုလက်ဆောင်ပစ္စည်းကို ပူလီနှင့် အန်နွားတို့ စေ့စပ်ဆွေးနွေးပြီးမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ထိုပစ္စည်းများအပြင် ဆာရီနှစ်ထည်လည်း ပါသေးသည်။ စပ်ပြားချဉ်နှစ်ထုပ်နှင့် ပါးဆိုးဆေးနှစ်ဘူးတို့လည်း ပါသေးသည်။ ပူလီသည် ထိုပစ္စည်းများကို ခြင်းတောင်းတစ်လုံးထဲတွင် သေချာစွာ ထည့်ပြီးနောက် ကိုဗာစကီးသို့ လက်ရောက်အပ်လိုက်ကာ သူ့ကိုလိုက်ပို့မည့်သူကို ခေါ်လိုက်သည်။ 


ခေါင်းတွင် ဦးထုပ်နီ ဆောင်းကာ အင်္ကျီအဝါ ဘောင်းဘီအဖြူတို့ကို ဝတ်ဆင်ထားသည့် ကိုယ်ရေရောဂါသည် ရှစ်ယောက်တို့သည် အခန်းထဲသို့ ဝင်လာကြ၏။ ယင်းတို့မှာ ဂီတပညာရှင်များ ဖြစ်ကြသည်။ နှစ်ယောက်က တိုနေသော လက်ချောင်းများကြားတွင် ဗုံတီးသည့် လက်ခတ်ကလေးများကို ကိုင်ထားကြ၏။ နှစ်ယောက်က လင်းကွင်းများကို ကိုင်ထားပြီး အခြားနှစ်ယောက်တို့က ပိန်ရှုံ့နေသော လေမှုတ်ကိရိယာများကို ကိုင်ထားကြ၏။ ပူလီက ဦးထုပ်ကို မြှောက်ပြလိုက်သည့်အခါ၌ သူတို့တစ်သိုက်သည် အုတ်အုတ်ကျက်ကျက်ဖြင့် ကြည့်နေသည့် လူအုပ်များကြားမှဖြတ်၍ သတို့သမီး၏တဲဆီသို့ လာခဲ့ကြသည်။


ပူလီကား မင်္ဂလာပွဲသို့ လာရောက်သည့် အထူးဧည့်သည်ကြီး ကိုဗာစကီးအတွက် ဂုဏ်ယူမဆုံးတော့ပြီ။ ပူလီသည် သတို့သမီးအိမ်သို့ လမ်းဖြောင့်အတိုင်း မသွားစေဘဲ တစ်ရပ်ကွက်လုံး သိစေရန် ကွေ့ကောက်၍ ခေါ်သွားသည်။ မိမိ

မကြာခဏ ရောက်ခဲ့သော ကိုယ်ရေပြားရောဂါသည်တို့၏ရပ်ကွက်ကလေးမှာ အသွင်အပြင်ပြောင်းလျက်ရှိသဖြင့် ကိုဗာစကီးသည် ကိုယ့်မျက်လုံးများကိုပင် မယုံနိုင်အောင်ဖြစ်နေသည်။ သူတို့ဝင်းတစ်ခုလုံးမှာ ခေါင်းမြီးခြုံတွေ ပြည့်နေတော့သည်။ နှင်းဆီ၊ စံပယ်၊ မြတ်လေး စသည့် ပန်းကုံးတွေကလည်း ဖွေးဖွေးလှုပ်လျက်။ မင်္ဂလာဆောင်အတွက် ဓာတ်မီးစက် ငှားထားသဖြင့် ထိုနေရာတစ်ဝိုက်တွင် လင်းထိန်နေသည်။


မိထာနေသည့် တဲတံခါးဝသို့ ရောက်သည့်အခါ၌ ကိုဗာစကီးသည် သူဝှက်လာသည့် ခန်းဝင်ပစ္စည်းတွေ ထည့်သော ခြင်းတောင်းကို အပျိုရံတစ်ယောက်ကို လှမ်းပေးလိုက်သည်။ ထို့နောက်တွင်မူ ကိုဗာစကီးသည် ပူလီတို့တစ်သိုက်နှင့်အတူ တေးသံတွေ ဆူညံနေသည့်ကြားထဲက သတို့သား အန်နွာ၏တဲဆီသို့ ပြန်လာခဲ့၏။ 


အချိန်မှာ သန်းခေါင်တိုင်ခဲ့လေပြီ။ မင်္ဂလာအခမ်းအနားကို မင်္ဂလာရှိသော သန်းခေါင်ယံအချိန်တွင် ကျင်းပမည်ဖြစ်လေသည်။ သတို့သားဖြစ်သူ ကိုယ်ရေရောဂါသည်အား သတို့သမီးရှိရာ မင်္ဂလာတဲသို့ တင်ဆောင်သွားမည့် မြင်းဖြူကြီးတော့မရှိပါ။ သို့ရာတွင် သတို့သားလိုက်ပါမည့် ကုလားထိုင်မှာမူ ပန်းကုံးတွေ ဆင်ယင်ထားပြီး လူလေးယောက်တို့က ဝေါကို ထမ်းသလို သတို့သား၏ကုလားထိုင်ကို ထမ်းလာကြရမည်ဖြစ်၏။ ကိုယ်ရေရောဂါသည်လေးဦးတို့ ထမ်းမည့် ထိုကုလားထိုင်သည်လည်း သတို့သားစီးမည့် မင်္ဂလာမြင်းကြီးကဲ့သို့ ခမ်းနားတင့်တယ်သည်သာဖြစ်ပါသည်။ သို့ဖြင့် ရှေ့မှ ပူလီကိုယ်တိုင်လိုက်ပါလာသော လူတန်းကြီးအလယ်၌ ခေါင်းတွင် ရွှေခြည်ထိုးဦးပေါင်းထုပ်ကို ဆောင်းလာသည့် သတို့သားအန်နွာသည် ဘိသိက်ခံပွဲသို့ တက်လာသည့် မဂိုဘုရင်တစ်ပါးနှယ် ခန့်ညားနေပါသည်။ သူ့နောက်တွင်မူ ကိုဗာစကီးသည် ပိတ်အုပ်ကိုကိုင်၍ နောက်မှလိုက်လာ၏။ မင်္ဂလာတဲအိမ်သို့ သတို့သားဝင်တော့မည်ဆိုသည်နှင့် ထိုပိတ်စဖြင့် ကိုယ်ရေရောဂါသည် သတို့သား၏ ခန္ဓာကိုယ်ကို စည်းနှောင်ရမည်ဖြစ်၏။


ရှေ့မှသွားသည့် ပူလီက ဦးထုပ်ကိုချွတ်၍ မြှောက်ပြလိုက်သည့်အခါတွင် လူတန်းကြီးသည် ရပ်လိုက်၏။ သတို့သမီး၏တဲရှိရာ ဝင်းသို့ ရောက်သဖြင့် သတို့သား၏မျက်နှာကို အဝတ်ဖုံးရတော့မည်ဖြစ်၏။ အပျိုရံ နှစ်ယောက်တို့သည် ကိုဗာစကီးလက်တွင် ကိုင်လာသည့် အဝတ်စကိုယူပြီးနောက် ?????။ မုတ်ဆိတ်မွေးတို့ အပြိုင်းပြိုင်းထနေသည့် သတို့သား၏မျက်နှာသည် ကြည့်နေသူတို့၏မြင်ကွင်းမှ ပျောက်ကွယ်သွား၏။ ပူလီ၏ဦးထုပ်မြင့်မြင့်ကြီး စတင်ရွေ့လျားသည့်အခါတွင် လူတန်းကြီးသည်လည်း လင်းကွင်းသံ၊ ဗုံသံများကြားထဲတွင် စတင်ရွေ့လျားစပြုလာပြန်သည်။


သတို့သမီး စောင့်ဆိုင်းနေရာ တဲငယ်ကလေး၏ ရွှံ့ကြမ်းခင်းပေါ်တွင်မူ ဆီမီးခွက်ကလေးတစ်ခွက်သည် ခပ်မှိန်မှိန်လင်းနေသည်။ ထိုဆီမီးခွက်မှာ မင်္ဂလာပွဲများထုံးစံ နတ်တို့ကို ပူဇော်ပသသည့်အနေဖြင့် ထွန်းညှိထားသည့် ဆီမီးခွက်ကလေးဖြစ်သည်။ ဖျော့တော့သည့် သတို့သမီး မိထာသည် ခေါင်းကို ငုံ့လျက် ထိုင်ခုံတစ်ခုပေါ်တွင် ထိုင်နေသည်။ သူ့မျက်နှာတွင် ဇာပဝါတစ်ထည် အုပ်လျက် သူ့ကိုကြည့်ရသည်မှာ ကမ္မဋ္ဌာန်းဘာဝနာကို စီဖြန်းနေသူတစ်ဦးနှယ် မလှုပ်မယှက်။ သူ့ခေါင်းပေါ်တွင်မူ အန်နွာက ခြင်းတောင်းထဲတွင် ထည့်ပို့လိုက်သည့် မကိုဋ်ကို ဆောင်းထားသည်။ အမွှေးတိုင်များမှ အနံ့များသည် မီးခိုးတို့ မှိုင်းဝေလျက်ရှိသော လေထုထဲတွင် စူးရှနေကြသည်။


လူတန်းကြီးသည် ဝင်းထဲတွင် သုံးပတ်ပတ်ပြီးသည့်အခါ၌ ပူလီသည် သတို့သမီး၏လက်ဝဲဘက်တွင် နေရာယူရန် ကိုဗာစကီးကို အချက်ပြလိုက်သည်။ သတို့သား အန်နွာကိုလည်း သတို့သမီး၏လက်ယာဘက်တွင် နေရာချပေးရန် အထမ်းသမားများကို လှမ်းပြောလိုက်၏။ ထို့နောက် ပူလီသည် အဆမတန်ကြီးနေသည့် ကုတ်အင်္ကျီထဲမှ ရင်ကို ကော့ကာ မင်္ဂလာအခမ်းအနားကို စတင်ရန် ကြေညာသည်။


သည်နေရာတွင်မူ ပူလီကို ပုဏ္ဏားများပင် မီနိုင်မည်မထင်။ ပူလီသည် အသံကို မြှင့်ကာ မဆုံးနိုင်သော ဂါထာမန္တန်များကို ရွတ်ဖတ်လျက်ရှိ၏။ တစ်ချီတစ်ချီတွင် လင်းကွင်းကို ဝင်တီးပေး၏။ ပရိသတ်သည် မန္တန်များကို စူးစိုက်နားထောင်နေကြသည်။ ထိုသို့ ပဏာမပျိုးပြီးသည့်နောက်တွင် ပူလီသည် မင်္ဂလာအခမ်းအနားကို စတင်ဆောင်ရွက်ခြင်းပြုသည်။ ဟိန္ဒူတို့၏ မင်္ဂလာအခမ်းအနားတွင် ပါနီဂရောဟံခေါ် အခမ်းအနားမှာ အဓိကဖြစ်ရာ ပူလီသည် အိတ်ထဲတွင် အသင့်ပါလာသည့် အနီရောင် ကတ္တီပါကြိုးကလေးကို ထုတ်ယူလိုက်ပြီးနောက် သတို့သားနှင့် သတို့သမီးတို့ ညာလက်နှစ်ဖက်ကို ဆွဲယူကာ ကြိုးဖြင့် စုလျားရစ်ပတ်ပေးပြီးနောက် သူတို့နှစ်ဦး၏အမည်ကို ကျယ်လောင် စွာ အထပ်ထပ် ရွတ်ဆိုခြင်းပြု၏။ သို့ဖြင့် ယောက်ျားနှင့်မိန်းမတို့ ပထမဆုံးအကြိမ် ကိုယ်လက်နှီးနှောခြင်း အစပြုလေပြီ။ ပူလီက နောက်ထပ် ဂါထာမန္တန်များကို ဆက်လက်ရွတ်ဆိုနေချိန်တွင် ကိုဗာစကီးသည် သတို့သမီးနှင့်သတို့သားနှစ်ဦးတို့၏ တုတ်တိုနေသော လက်ချောင်း ငုံးတိတိများကို ငေးကြည့်နေသည်။


ထို့နောက်တွင်မူ မင်္ဂလာအခမ်းအနားသည် အထွတ်အထိပ်သို့ ရောက်လေပြီ။ ပူလီက သတို့သားနှင့် သတို့သမီးတို့အား နှစ်ဦးနှစ်ဖက် နှုတ်ဆက်ကြရန် ဖိတ်ခေါ်လိုက်သည့်အခါတွင် ဆိုင်းသံ၊ ဗုံသံတို့သည် ပကတိ တိတ်ဆိတ်လျက်ရှိကြ၏။ သတို့သမီးနှင့် သတို့သားတို့သည် လွတ်နေသော လက်တစ်ဖက်စီဖြင့် တစ်ဦး၏မျက်နှာပေါ်တွင် ဖုံးထားသည့် မျက်နှာဖုံးတို့ကို တဖြည်းဖြည်း ဖွင့်ပေးလိုက်ကြသည်။ မုတ်ဆိတ်ဖားဖားကြီးနှင့် ပျော်မြူးနေသော သတို့သား၏ မျက်နှာသည် ဆေးတွေခြယ်ထားသည့် မိထာ၏ ကြီးမားပြူးကျယ်သော မျက်လုံးများရှေ့တွင် တဖြည်းဖြည်းပေါ်လာသည်။ ကိုဗာစကီးသည် ကိုယ်ကို ရှေ့သို့ကိုင်းကာ ကာမပိုင် လင်ယောက်ျား၏ အရောင်းခံလိုက်ရသော ကိုယ်ရေ ရောဂါသည် သတို့သမီး၏ခံစားချက်ကို အကဲခတ်ကြည့်သည်။ သတို့သမီး၏ ကြီးမားသောမျက်လုံးများထဲတွင် မျက်ရည်တွေ ဝဲနေသည်ကို သူမြင်ရ၏။


ဟိန္ဒူမင်္ဂလာပွဲများတွင် ရိုးရာအလိုက် ပြုလုပ်ရသည့် အခမ်းအနား၊ အဆောင်အယောင်တွေ အများကြီးရှိပြီး တစ်နယ်နှင့်တစ်နယ် အနည်းငယ် ကွဲပြားကြသည်။ သို့ရာတွင် မည်သည့်နယ်တွင်ဖြစ်စေ မလွှဲမရှောင်သာ လိုက်နာရ မည့် ထုံးစံတစ်ခုတော့ရှိသည်။ လက်တွင် စုလျားရစ်ပတ်ထားလျက်က သတို့သား၊ သတို့သမီးတို့ မီးပုံကို ခုနစ်ပတ်လှည့်ရသည့် အခမ်းအနားဖြစ်သည်။ ထိုအခမ်းအနားမပါလျှင် မည်သည့်ဟိန္ဒူလက်ထပ်မင်္ဂလာအခမ်းအနားမျှ အထမြောက်ပြီဟု မခေါ်နိုင်။ 


ပူလီက သတို့သား သတို့သမီးတို့ကို မီးပုံတွင် လှည့်ပတ်ပူဇော်ရန် ဖိတ်ခေါ်လိုက်၏။ ကိုယ်ရေရောဂါသည် သတို့သား လမ်းမလျှောက်နိုင်သည့်အဖြစ်ကို ပူလီ မေ့သွားလေပြီ။ ဤတွင် ပူလီက အထမ်းသမားများကို လှမ်းခေါ်ရသည်။ 

သို့ရာတွင် ကိုဗာစကီးသည် ထိုင်ရာမှ ထလာ၏။ လက်နှစ်ဖက်ကို ဆန့်တန်းကာ ထလာသော ကိုဗာစကီးကို မြင်လိုက်ရသည်။ 


“ကဲ...လာ...လာ...၊ မီးပုံကို ပတ်နိုင်အောင် ကျွန်တော်တွဲပေးမယ်” ဟု ကိုဗာစကီးက ပြော၏။


ကိုဗာစကီးသည် ပေါ့ပါးသေးငယ်သော အန်နွာ၏ခန္ဓာကိုယ်ကို ပွေ့ချီလိုက်၏။ သူတို့သုံးဦးသည် မီးပုံကို ခုနစ်ပတ်ပတ်၍ လျှောက်ကြသည်။ ဝင်းထဲမှ လာရောက်ကြည့်ရှုသူများမှာ ပြည့်နေတော့သည်။


ကိုဗာစကီးက အန်နွာကို သူ့နေရာတွင် သူပြန်ချပေးသည့်အခါ၌ အန်နွာက....

“ဆရာကြီးကော၊ ဘယ်တော့ လက်ထပ်မှာလဲ” 


သူ့စကားကို ကြားသည့်အခါတွင် ပူလီက တဟားဟားရယ်ကာ... 

“အဲဒီအခါကျရင် ကျွန်တော်ပဲ ဘိသိက်သွန်းပေးရမှာပေါ့”


သူ့စကားကြောင့် အားလုံးပွဲကျသွားကြသည်။ မိထာတစ်ယောက်သာလျှင် မရယ်နိုင် မပြုံးနိုင်။


အကျွေးအမွေးဖြင့် ဧည့်ခံရန် အချိန်ရောက်လာလေပြီ။ ပူလီက အချက်ပြလိုက်သည်တွင် ကလေးငယ်များသည် ငှက်ပျောရွက်များကို ယူလာကာ မင်္ဂလာပွဲလာ ပရိသတ်ကို တစ်ရွက်စီ ကမ်းပေး၏။ ချက်ချင်းဆိုသလိုပင် အမျိုးသမီးများက အငွေ့တထောင်းထောင်းထနေသည့် ထမင်းအိုးများ၊ ဘာဂျီကြော်အိုးများ၊ ငါးဟင်းအိုးများကို သယ်လာကြသည်။ မိန်းကလေးများက ထမင်းဟင်းများကို ငှက်ပျောရွက်များပေါ်သို့ လိုက်ပုံပေးကြ၏။ ပရိသတ်များမှာ ရယ်ကြမောကြ၊ စားကြ သောက်ကြ၊ တစ်ယောက်နှင့်တစ်ယောက် နောက်ကြပြောင်ကြဖြင့် သောသောညံနေသည်။ 


နှာခေါင်းမရှိတော့သော ကိုယ်ရေရောဂါသည်တစ်ယောက်က သူ့မျက်နှာကို မျက်နှာဖုံးတပ်ဟန် လုပ်ပြပြီး ကလေးငယ်တစ်ယောက်ကို စ, နေသည်။ ထမင်းဟင်းများကို ပုံပေးပြီးသည်နှင့် အမွှေးအကြိုင်တွေ ခတ်ထားသော ဟင်းအနံ့မှာ တစ်ဝင်းလုံး မွှေးနေတော့သည်။ အသံချဲ့စက်က ဆူညံလျက်။ လက်ထပ်ပြီးစ ဇနီးမောင်နှံအသစ်စက်စက်နှင့် ကိုဗာစကီးတို့သည် တဲအလယ်ကောင်ရှိ ထိုင်ခုံပေါ်တွင် ထိုင်ကာ လာရောက်နှုတ်ဆက်သူတို့ကို ပြန်လှန်နှုတ်ခွန်းဆက်နေသည်။ 


ပူလီမှာကား မိနစ်နှင့်အမျှ ဝမ်းသာမြူးတူးလျက်ရှိသဖြင့် ရယ်စရာစကားတို့ကို အမျှင်မပြတ် ပြောလျက်ရှိ၏။ ပူလီသည် ပျောက်သွားလိုက်၊ ပြန်ပေါ်လာလိုက်ဖြင့် လူကြားထဲတွင် အလုပ်များနေသည်။ နောက်တစ်ခါ ပြန်ပေါ်လာသည့်အခါတွင်လည်း ပူလီမှာ ပို၍ပျော်ရွှင်မြူးထူးလာသည်ဟု ထင်မှတ်ရ၏။ ကိုဗာစကီးသည် ပူလီ လုပ်နေသည်ကို နားမလည်နိုင်ဘဲ ကြည့်နေသည်။


ထို့နောက်တွင်ကား အရက်ဖြင့် ဧည့်ခံလေသည်။ စောစောက မင်္ဂလာပွဲသည် တဖြည်းဖြည်းနှင့် သောက်ပွဲကြီးအသွင်သို့ ပြောင်းလာလေပြီ။ ခပ်စောစောက သူတို့တဲများနောက်ကွယ်တွင် ဝှက်ထားသည့် အရက်အိုးများသည် တဖြည်းဖြည်းနှင့် ပရိသတ်များကြားသို့ ရောက်လာခဲ့လေပြီ။ အရက်၏တန်ခိုးမှာလည်း အံ့သြဖွယ်ကောင်းလေစွ။ ကိုယ်ခန္ဓာတွင် ပျက်စီးယိုယွင်းပြီး အာဟာရချို့တဲ့သော ဤကိုယ်ရေရောဂါသည်များအတွက် အရက်သည် စိတ်ပျက် ညှိုးငယ်စေမည့်အစား သွေးကြွစရာဖြစ်နေသည်။ လက်ချောင်းကလေးများလောက်တွင်သာ ရောဂါဖြစ်နေသည့် ကိုယ်ရေရောဂါသည်များသည် အရက်အနည်းငယ် ဝင်သွားသည်နှင့် ထ၍ ကခုန်နေကြလေပြီ။ ဤသို့ဖြင့် လက်ချောင်းတိုကလေးတွေ တစ်ခုပြီးတစ်ခု ထ,ကနေကြလေရာ ခဏကြာလျှင် ဝင်းကြီးတစ်ခုလုံး ဆူညံလျက်ရှိလေပြီ။ 


ကလေးတွေက ဝင်းထဲတွင် လိုက်တမ်းပြေးတမ်း ကစားနေကြသည်။ မိန်းမများကလည်း အရက်ကလေး အနည်းငယ် ဝင်သွားကြသဖြင့် ဝင်းကြီးပတ်ပတ်လည် ကခုန်နေကြ၏။ ထိုမျှခွန်အားရှိနေပြီး ထိုမျှသန်မြန်ခြင်းကိုကြည့်၍ ကိုဗာစကီး အံ့အားသင့်နေသည်။ ဘဝကို စိတ်ပျက်အားငယ်ခြင်းမရှိဘဲ ဘဝကို ခုံမင်တွယ်တာနေကြသေးသည်ကို ကြည့်၍လည်း သူအံ့အားသင့်သည်။ ကိုယ်ရေရောဂါသည်များသည် သနားစရာကောင်းသူများ၊ အစုတ်အပြတ် များကို ထုပ်ထားသည့် အထုပ်များ၊ အပျက်အစီးများကို စုဆောင်းထားသည့် အစုအပုံများဟု အများတကာ ပြောကြသည့် စကားများကို သူမယုံချင်တော့။ သူတို့ကိုယ်တိုင်သည် ဘဝပင်မဟုတ်လော။ သူတို့ကိုယ်ထဲတွင်လှုပ်ရှားသက်ဝင်နေသည့် ဇီဝဓာတ်မဟုတ်လော။ ကာလကတ္တားမြို့ကြီး၏ အခြားသောဘဝများနည်းတူ သူတို့သည်လည်း ထိုမြို့ကြီးကို ပေါင်းစပ်ဖွဲ့စည်းထားသည့် ဘဝတစ်ခု မဟုတ်လော။


ထိုစဉ် အံ့သြဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခုပေါ်လာသည်။ ပူလီက ဦးထုပ်မြှောက်၍ အချက်ပေးလိုက်သည်နှင့် ကခုန်နေသူ အားလုံးတို့သည် ရပ်သွားကြသည်။ အသံချဲ့စက်မှ သီချင်းသံနှင့် တေးသီဆိုသံသည် တိတ်သွားကြသည်။ ကြိုးများဖြင့် သွယ်တန်းထားသည့် မီးပွင့်များသည် ငြိမ်းသွားကြသည်။ တဂျုတ်ဂျုတ် မောင်းနေသော မီးစက်သည် ရပ်သွားသည်။ အမှောင်ထုနှင့် တိတ်ဆိတ်ခြင်း ဝတ်ရုံလွှာကြီးသည် လူအုပ်ကို ရုတ်တရက် ဖုံးအုပ်လိုက်သည်။ ဘာသံမျှ မကြားရ၊ စကားပြောသံလည်း မကြားရ၊ ကလေးများပင် တိတ်ဆိတ်လျက်။


အထူးဧည့်သည်နေရာတွင် ထိုင်နေသည့် ကိုဗာစကီးသည် အသက်ကိုပင် မရှူရဲအောင်ဖြစ်နေသည်။ အဘယ်ကြောင့် ရုတ်တရက် တိတ်ဆိတ်သွားရသနည်း။ ရုတ်တရက် မှောင်သွားရသနည်း။ အရိပ်များသည် တဲများဆီသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။ အမိုးများပေါ်မှ ထိုင်ကြည့်နေသူများသည်လည်း ပျောက်ကွယ်သွားကြသည်။ အချို့သည် အမှောင်ထုကြီးထဲတွင် ပျောက်ကွယ်သွားကြသည်။ သူ့အနားတွင် ထိုင်နေသည့် အသစ်စက်စက် ဇနီးမောင်နှံတို့သည်လည်း ပျောက်ကွယ်သွားကြသည်။ ထိုနောက် ညည်းသံလိုလို သဲ့သဲ့စကားပြောသံများကို သူကြားလိုက်ရသည်။ ကြိတ်၍ အော်သံအချို့ကိုပင် သူကြားလိုက်ရသည် ထင်သည်။


မင်္ဂလာအခမ်းအနားသည် ပြီးဆုံးခြင်း မရှိသေး။ ယခု အထွတ်အထိပ်သို့ ရောက်ပြီ။ တန်ခိုးစွမ်းပကားကြီးသောဘဝကို ပူဇော်သည့် နောက်ဆုံးပွဲသို့ ရောက်ပြီ။ သုခမြို့တော်မှ ကိုယ်ရေရောဂါသည်များသည် အချစ်ပွဲတော်ကြီးကို ကျင်းပနေကြသည်တကား။


* * * 


“ပထမတော့ ကျွန်တော့်ကိုယ်ထဲမှာ အင်အားတွေ ကုန်ခန်းပြီး ပျော့ခွေသွားတယ် လို့ ထင်ရတယ်၊ နောက်တော့ အရိုးတွေထဲက တဆစ်ဆစ်ကိုက်လာတယ်။ ပုလိပ်က နံပါတ်တုတ်နဲ့ရိုက်ထားသလိုပဲ၊ အစတုန်းကတော့ အလုပ်ပင်ပန်းလို့ အသက်ငယ်ငယ်နဲ့ ဇရာထောင်းတယ်လို့ပဲ ထင်တာပေါ့။ ကျွန်တော်တို့လန်ချားသမားအများစု ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုပဲ ဝေဒနာဖြစ်ခဲ့ကြဖူးတာကိုး။ ကာလကတ္တားမှာ သစ်ရွက်တွေတောင် ကျွန်တော်တို့တောမှာထက်စောပြီး ကြွေကြတယ် မဟုတ်လား။ ရင်ထဲမှာလည်း ပူတူတူကြီး"


"လန်ချားခ တောင်းနေတုန်းမှာတောင် ကျွန်တော့်ရင်ထဲမှာ ပူပြီး တစ်ကိုယ်လုံး ခြေဖျားမှ ငယ်ထိပ်အထိ ချွေးစေးကြီးတွေ ပြန်နေတယ်။ ပိုပြီးထူးဆန်းတာက အဲဒီအချိန်က ကာလကတ္တားမှာ ဆောင်းတွင်းကြီး ခင်ဗျ။ ဆောင်းတွင်း

ကြီးဖြစ်ရက်နဲ့ ကျွန်တော့်ကိုယ်မှာ ချွေးတွေ နစ်နေတာပဲ။ ကာလကတ္တားဆောင်းတွင်းဆိုတာကလည်း သိတဲ့အတိုင်းပဲလေ။ ဆောင်းတွင်းဆိုလျှင် အရိုးခိုက်အောင် ချမ်းပြီး နွေဆိုလျှင် ရက်ရက်စက်စက် ပူတာမဟုတ်လား"


"ကျွန်တော့်မှာ ခရီးသည်တစ်ယောက်က ပေးထားတဲ့ ဆွယ်တာအဟောင်းလေး တစ်ထည်ရှိတယ်။ အဲဒီဆွယ်တာကို ချွတ်ထားလျှင်လည်း ချမ်းတာပဲ၊ အဲဒီဆွယ်တာကို ဝတ်ထားလျှင်လည်း ချမ်းနေတာပဲ။ ကြည့်ရတာကတော့ ကျွန်တော့်မှာ ခြင်ကိုက်တဲ့ရောဂါရှိနေပြီ ထင်တာပဲ။ တက္ကစီမောင်းတဲ့ ကျွန်တော့်သူငယ်ချင်း ချိုမိုကားက ပြောတော့ အဲဒီရောဂါဖြစ်လျှင် ချမ်းလိုက်တာမှ ခိုက်ခိုက်ကိုတုန်နေတာပဲတဲ့။ သူ့မှာလည်း အဲဒီရောဂါရှိတယ်တဲ့။ အဲဒီရောဂါဖြစ်လျှင် ဆေးပြားဖြူဖြူကလေးတွေ သောက်ရတယ်တဲ့။ သူက ဆေးလုံးကလေးတွေကို သတင်းစာစက္ကူနဲ့ ထုပ်လာပြီး ကျွန်တော့်ကို ပေးတယ်။ တစ်နေ့ကို နှစ်လုံးသောက်ရမယ်တဲ့။ အဲဒီဆေးလုံးကလေးကို နေ့တိုင်း ကျွန်တော် အရက်နဲ့ သောက်တယ်။ အရက်ဟာ သည်ရောဂါအတွက် အကောင်းဆုံးဆိုတာ တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြတယ်ဆိုပဲ"


" ဒါပေမယ့် ကျွန်တော်တော့ မဟုတ်ဘူးထင်တာပဲဗျာ။ ဘာဖြစ်လို့လည်းဆိုတော့ သည်ဆေးနဲ့ အရက်ကို ဖိသောက်နေပေမယ့် ကျွန်တော့်မှာတော့ ချွေးတွေ နစ်နေအောင် ထွက်မြဲထွက်ပြီး ချမ်းမြဲချမ်းနေတာပဲ။ ကျွန်တော့်ရင်ထဲကလည်း သိပ်ပူနေတော့ အသက်ရှုလိုက်တိုင်း လူက ဘယ်လိုနေမှန်း မသိဘူးဗျာ။ သိပ်မောတာပဲ။ ကြာကြာ မဆွဲနိုင်ဘူး။ ဘယ်လောက်ပဲ ပေါ့တဲ့ဝန်ဖြစ်ပစေ၊ တစ်ထောက်လောက် နားနားပြီးမှ ဆွဲလို့ရတယ်"


"တစ်နေ့တော့ ကျွန်တော်လည်း ကျွန်တော့်အဖြစ်ကို ကြည့်ပြီး တော်တော်လေး လန့်သွားတယ် ခင်ဗျ။ အဲဒီတုန်းက ကျွန်တော် ပန်းခြံလမ်း လန်ချားဆိပ်မှာ။ လန်ချားကို အသာချပြီး တစ်ဖက်လမ်းက ဆိုင်တန်းတွေရှိတဲ့ဆီကို သွားပြီး ဘီဒီတစ်လိပ် ဝယ်မယ်ဆိုပြီး ဖလာရီရဲ့ မုန့်ဆိုင်ရှေ့က ဖြတ်လာခဲ့တယ်။အဲဒီမုန့်ဆိုင်ရှေ့ရောက်တော့ မုန့်ဆိုင်မှာ ချိတ်ထားတဲ့ မှန်ကြီးထဲမှာ ကျွန်တော့်ကိုယ်ကိုကျွန်တော် ပြန်မြင်လိုက်ရတယ်။ ကျွန်တော့်ပါးတွေက ချိုင့်လို့၊ ပါးပြင်ပေါ်မှာလည်း မုတ်ဆိတ်ငုတ်တိုတွေ ပေါက်လို့၊ တစ်ခေါင်းလုံးကလည်း ဖွေးဖွေးဖြူလို့။ ရုတ်တရက်တော့ ကျွန်တော့်ကိုယ်ကို ကျွန်တော်တောင် မမှတ်မိဘူး။ မုန့်ဆိုင်ထဲက မှန်ရှေ့မှာ ရပ်နေတာ ဘယ်သူပါလိမ့်လို့ ကျွန်တော့်ဘာသာ ကျွန်တော်တောင် ရုတ်တရက် သံသယဖြစ်သွားတယ်။ ကျွန်တော် ကာလကတ္တားကို ထွက်မလာခင် ကျွန်တော့်အဖေကို ကန်တော့ခဲ့တုန်းက မြင်ခဲ့ရတဲ့ ကျွန်တော့်အဖေအတိုင်းပါပဲ။ အဖေ့ရုပ်ကို ကျွန်တော် ပြေးပြီး သတိရလိုက်မိတယ်"


“စကားစပ်မိလို့ ပြောလိုက်ရဦးမယ်၊ တစ်ခါတလေမှာ ကျွန်တော့်မိန်းမက ကျွန်တော့်ကို စိုက်စိုက်ကြည့်နေတတ်တယ် ခင်ဗျ။ ကျွန်တော့်မိန်းမဟာ ကျွန်တော့်ကျန်းမာရေးအတွက် စိုးရိမ်ပုံရတယ်။ အထူးသဖြင့် ကျွန်တော့်အမူအရာတွေ၊ ကျွန်တော်ပြောတဲ့စကားတွေကို အထူးသတိထားလေ့ရှိတယ်။ နေထိုင်ကောင်းတယ်၊ ဘာမှမဖြစ်ဘူးဆိုတာမျိုးကို ကျွန်တော်ကပြောရင် သူ့စိတ်ထဲမှာ တော်တော်ဆင်းရဲနေတဲ့ပုံပဲ ခင်ဗျ။ ပြောပါရစေတော့ ခင်ဗျာ၊ တစ်ခါတလေမှာ ကျွန်တော်က လင်မယားလိုနေဖို့ ပြောကြည့်ရင် ကျွန်တော့်ကို အထူးအဆန်းလို ကြည့်နေတတ်တယ်၊ အထူးအဆန်းစကားတွေကို ပြောနေတာမျိုး တအံ့တသြနဲ့ နားထောင်နေတတ်တယ်။ ခက်တာက ကျွန်တော်မှာ အားသာကုန်ခန်းပြီးလာတယ်၊ အဲဒီစိတ်တွေကလဲ မပျောက်ဘူး ခင်ဗျ၊ အားကုန်လေ အဲဒီစိတ်တွေက များလာလေလေပဲ၊ ကြည့်ရတာကတော့ ပျက်စီးစပြုနေတဲ့ ကျွန်တော့်ကိုယ်ခန္ဓာထဲမှာရှိတဲ့ ခွန်အားတွေဟာ အဲဒီဘက်ကို စုပြုံရောက်သွားသလား မပြောတတ်ပါဘူးဗျာ"


"သည်လို နေထိုင်မကောင်းဖြစ်ပြီးလို့ မကြာခင်မှာပဲ သူ့မှာ ကိုယ်ဝန်ရှိတဲ့အကြောင်း ကျွန်တော့်မိန်းမက ပြောတော့တာပါပဲ။ ကျွန်တော် ဝမ်းသာလိုက်ပုံကတော့ ဘာပြောကောင်းမလဲ ခင်ဗျ။ သည်သတင်းကိုလည်း ကြားပြီးရော ကျွန်တော်ချွေးတွေ ထွက်တာ၊ ချမ်းတာ၊ ကျွန်တော်ပင်ပန်းအားကုန်တာတွေ အားလုံးကိုတောင် မေ့သွားတယ်"


"သည်နောက်တော့ ပြဿနာဖြစ်တော့တာပါပဲ။ တစ်နေ့တော့ မာရဝါရီ ကုန်သည်ကြီးတစ်ယောက်ကို တင်ပြီး ဆွဲလာတယ် ခင်ဗျ။ သူနဲ့အတူ အထုပ်ကြီးတစ်ထုပ်လည်း ပါလာတယ်။ သည်လိုဆွဲလာတုန်းမှာ ရင်ဘတ်ထဲက မခံမရပ်နိုင်လောက်အောင် နာလာတာနဲ့ လန်ချားကို ချပြီး ခဏနားတယ်။ ရင်ဘတ်ထဲ နာလိုက်တာကတော့ ဘယ်လိုနေသလဲ မသိဘူး ခင်ဗျ။ ရင်ဘတ်ထဲကို တံစို့ကြီးတစ်ချောင်း ကန့်လန့်လျှိုထိုးထားသလိုပဲ။ ဒါနဲ့ ကျွန်တော် ခဏနားနေတုန်းမှာ ကျွန်တော် မဟန်နိုင်တော့ဘူးဗါ။ ဒူးတွေ ညွတ်ကျသွားပြီးမြေကြီးပေါ်  ဘိုင်းခနဲ လဲကျသွားတော့တာပဲ။ အသက်လည်း ကောင်းကောင်းရှူလို့ မရတော့ဘူး"


"မာရဝါရီ ကုန်သည်ကြီးကလည်း သဘောကောင်းရှာပါတယ်။ ကျွန်တော့်ကို ဆဲရေးတိုင်းထွာပြီး တခြားလန်ချားကို ခေါ်သွားနိုင်သားပဲ၊ ဒါပေမယ့် သူမခေါ်ဘူး။ ကျွန်တော်လဲကျတော့ ကျွန်တော့်ကို ထူပြီး ကျွန်တော်အသက်ရှူလို့ ကောင်းအောင် ကျောကို ပုတ်ပေးတယ်။ သည်လို ပုတ်ပေးလိုက်တော့ ကျွန်တော့်ပါးစပ်ထဲမှာ ပူလောင်လောင် စေးထန်းထန်း တံတွေးတွေ ပြည့်လာတယ်။ ဒါနဲ့ ကျွန်တော် ထွေးချလိုက်တယ်။ မာရဝါရီကုန်သည်ကြီးက တံတွေးတွေကို မျက်နှာရှုံ့သွားတယ်။ ခဏနေတော့ သူက ငါးကျပ်တန်တစ်ရွက်ပေးပြီး သူ့အထုပ်ကိုလည်း တခြားလန်ချားတစ်စီးပေါ် တင်ပြီး ထွက်သွားတယ်။ လန်ချားပေါ်ကနေပြီး ကျွန်တော့်ကို လက်ပြသွားတယ်"


"သည်လိုနဲ့ အဲဒီနေရာမှာ ကျွန်တော် အကြာကြီးထိုင် အမောဖြေပြီးမှ ထနိုင်တယ်။ တံတွေးထွေးလိုက်ရလို့လား မသိဘူး၊ ကျွန်တော် နေသာထိုင်သာ ရှိသွားတယ်။ တဖြည်းဖြည်းနဲ့ အသက်ရှူလို့ ချောင်သွားတော့မှ ကျွန်တော်လည်း အဲဒီနေရာက ထ,လာနိုင်တော့တယ်"


"အဲဒီနေ့ကတော့ ကျွန်တော့်ကို ဘုရားက ရှောင်တဲ့နေ့ပဲ။ ကျွန်တော်က အဖြစ်အပျက်ကို ပြန်ပြောတော့ ကျွန်တော့်မိန်းမက ငိုတယ်။ မိန်းမတွေဟာ တိရစ္ဆာန်တွေနဲ့ တော်တော်တူတယ်ခင်ဗျ။ မကောင်းဆိုးဝါးတစ်ခုခုဖြစ်တော့မယ်ဆိုရင် သူတို့က ကျွန်တော်တို့ယောက်ျားတွေထက် ကြိုတင်သိနေတတ်တယ်။ သူက ကျွန်တော့်ကို ဆေးဆရာတစ်ယောက်ဆီ သွားပြပြီး ဆေးတို့ဘာတို့ သောက်ဖို့ ပြောတယ်။ ဆေးဆရာဆိုတာ လမ်းဘေးမှာ ထိုင်ဆေးကုတဲ့လူကို ပြောတာခင်ဗျ။ တကယ့်ဆေးဆရာဆိုရင် ရောဂါကို သွားပြရင် ငါးကျပ်တစ်ဆယ်ပေးရတယ်။ သူကတော့ ဘာရောဂါကိုပဲ ပြပြ နှစ်ကျပ်ပဲ ပေးရတယ်"


"ဆေးဆရာဆီ မသွားခင် သုပဏ္ဏကဘီလူးရဲ့ နတ်ကွန်းကို သွားပြီး ပူဇော်ဦးလို့ ကျွန်တော့်မိန်းမကပြောလို့ နတ်ကွန်းကိုသွားရသေးတယ်။ ကျွန်တော့်မိန်းမလည်းပါတယ်။ သူက ပန်းကန်ပြားတစ်ချပ်ထဲမှာ ငှက်ပျောသီးရယ်၊ စံပယ်ပွင့် တစ်ဆုပ်ရယ်၊ ဆန်တစ်ဆုပ်ရယ် ထည့်လာပြီး ဝတ်ကျောင်းကို အရင်သွားရတယ်။ ဝတ်ကျောင်းရောက်တော့ ဗြဟ္မဏလက်ထဲကို စောစောကကုန်သည်ကြီးဆီကရခဲ့တဲ့ ငါးကျပ်တန်ကလေးကို ထည့်လိုက်တယ်။ သူက မန္တန်တွေ ရွတ်ပေးတယ်။ပြီးတော့ ကျွန်တော်တို့ပူဇော်တဲ့ ဝတ္ထုတွေကို ဂါနက်သျှနတ်မင်းရဲ့ ရုပ်တုရှေ့မှာ ဦးချလှူပြီး အမွှေးတိုင်တွေ ထွန်းတယ်။ မီးခိုးတွေကြားမှာ ဆင်ခေါင်းပါတဲ့ ဂါနက်သျှနတ်မင်း ပျောက်ကွယ်သွားတော့ ကျွန်တော်တို့လည်း နောက်ကို ဆုတ်လာခဲ့ကြတယ်။ ဂါနက်သျှနတ်မင်းဟာ သုပဏ္ဏကဘီလူးကို တိုက်ဖျက် မောင်းနှင်ပစ်တော့မှာကိုး"


"နောက်တစ်နေ့လည်းရောက်ရော ကျွန်တော်လည်း အားတွေ ခွန်တွေပြည့်ပြီး လန်ချားလှည်းသန်နှစ်ချောင်းကြားထဲ ထိုင်ပြီး ကောင်းကောင်း ဆွဲနိုင်သွားပြီလေ။အဲဒီတုန်းက ကာလကတ္တားမှာ မြောက်ဘက်က လေအေးကြီးတိုက်လို့ ရာသီဥတုဖောက်ပြန်တဲ့အချိန်ခင်ဗျ။ နွေတုန်းက လန်ချားဆွဲရင် ကတ္တရာစေးလမ်းတွေက ပူလွန်းလို့ ခြေမချနိုင်သလို ဆောင်းတွင်းကျတော့လည်း ကတ္တရာလမ်းတွေက အေးလွန်းတော့ ခြေကောင်းကောင်း မချနိုင်ဘူးဗျာ။ ညဆိုရင်လည်း အေးလိုက်တာ ခိုက်ခိုက်ကို တုန်နေတာပဲ။ ကျွန်တော်တို့တစ်တွေ ပစ္စည်းထည့်တဲ့ ထင်းရှူးသေတ္တာကြီးထဲမှာ ဝင်ပြီး တစ်ယောက်နဲ့တစ်ယောက် ကျောချင်းကပ်ပြီး ကွေးပေမယ့် အေးတာပဲ"


"ဝက်စလေလမ်းက လမ်းဘေးဆေးဆရာပေးလိုက်တဲ့ ဆေးထဲမှာ အာနိသင်ထူးတဲ့ဆေးတွေ ပါပုံရတယ်ခင်ဗျ။ အဲဒီဆေးလည်း နှစ်ပုလင်းလောက်ကုန်ရော၊ ကျွန်တော့်ရင်ထဲမှာ ပူနေတာတွေလည်း ပျောက်သွားပြီး အရိုးတွေ တဆစ်ဆစ် ကိုက်တာလည်း ပျောက်သွားတယ်။ ဒီအတိုင်းဆိုရင် မုန့်ဆိုင်က မှန်ရှေ့သွားပြီး ကျွန်တော့်ရုပ်ကို ကျွန်တော် ရဲရဲကြည့်နိုင်တော့မယ် ထင်တယ်။ အဲဒီတုန်းက လည်ချောင်းအရင်းမှာ ထူးထူးဆန်းဆန်းယားလာပြီး ချောင်းတွေ ဆိုးတော့တာပါပဲ။ ချောင်းကလည်း ချောင်းခြောက်ကြီးခင်ဗျ။ ချောင်းတစ်ချီ ဆိုးပြီဆိုရင် လူကို လေမုန်တိုင်းမိတဲ့ အုန်းပင်ကျနေတာပဲ၊ တစ်ကိုယ်လုံး ယိမ်းထိုးတုန်ခါနေတော့တာပဲ။ ချောင်းဆိုးပြီးရင်လည်း လူကို မောနေတာပဲ။ ဒီချောင်းဆိုးသံဟာ လန်ချားခေါင်းလောင်းသံလို ကျွန်တော်တို့လန်ချားသမားတွေ အမြဲကြားရတတ်တဲ့ ဂီတသံပဲခင်ဗျ။ ဘုရားဟာ ကျွန်တော်တို့ဆုတောင်းသံတွေကို မကြားရတော့ဘူးထင်တယ်"


အပိုင်း(၁၅)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment