Tuesday, September 26, 2023

မနက်ဖြန်အတွက်ဒီကနေ့ အပိုင်း (၃)

 မနက်ဖြန်အတွက်ဒီကနေ့ အပိုင်း (၃)

-----------------------


ထရေစီသည် အဝတ်အစားသေတ္တာကို ဆွဲပြီး လေဆိပ်ထဲမှ ထွက်လာခဲ့သည်။ အငှားကားတစ်စီးကို ခေါ်ယူလိုက်ပြီး ယာဉ်မောင်းသူအား ပြောလိုက်သည်။


"အမှတ် ၇၁၅၊ ဆောက်ဘရူလမ်းကို ပို့ပေးပါရှင်"


ထိုလိပ်စာမှာ စခန်းမှူး မေလာ တယ်လီဖုန်းထဲက ပြောသွားသောလိပ်စာ ဖြစ်သည်။


လမ်းတွင် ယာဉ်မောင်းက စကားပြောလာသော်လည်း ထရေစီက စိတ်မပါသဖြင့် အလိုက်သင့်ရုံသာ တုံ့ပြန် ပြောကြားသည်။


ရဲစခန်း ရောက်သောအခါ ရဲမှူး မေလာနှင့် ထရေစီ တွေ့သည်။ မေလာမှာ လူလတ်ပိုင်းအရွယ် ဖြစ်သည်။


"ခင်ဗျားကို လေဆိပ်မှာ လာမကြိုနိုင်တာ စိတ်မကောင်းပါဘူးဗျာ၊ အလုပ်သိပ်များ နေလို့ပါ"


"ကျွန်မ အမေ ... ဘာ ... ဘာ ဖြစ်တယ်ဆိုတာသာ မြန်မြန်ပြောစမ်းပါ ရဲမှူးကြီးရယ်"


"ခင်ဗျားအမေကတော့ သူ့ကိုယ်သူ သတ်သေသွးတာပဲ"


"ဒါ ... ဒါ ... မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေရမှာလဲ၊ သူ့မှာ အဘက်ဘက်က ပြည့်စုံနေတာပဲ"


သူမအသံမှာ ငိုသံပါနေသည်။


"ခင်ဗျားအတွက် ခင်ဗျားအမေက စာတစ်စောင် ရေးထားခဲ့တယ်"


* * *


လူသေအလောင်းများ ထားရာ ရေခဲတိုက်သို့ ထရေစီ ရောက်သွားသည်။ အေးစိမ့်ပြီး ထိတ်လန့်စရာ ကောင်းနေသည်။ ထရေစီအား စင်္ကြံတစ်လျှောက်မှ နေ၍ အခန်းကြီးတစ်ခန်းဆီသို့ ဦးတည်ခေါ်သွားသည်။ အခန်းလွတ်ကြီးဟု ထင်မိသော်လည်း တကယ်တော့ အခန်းလွတ်ကြီး မဟုတ်။ လူသေအလောင်းများ ထားသော အခန်းပင် ဖြစ်သည်။


အဖြူရောင် ကုတ်အင်္ကျီ ဝတ်ထားသော ဝန်ထမ်းတစ်ဦးက အခန်းနံရံတစ်ဘက်သို့ လျှောက်သွားသည်။ လက်ကိုင်ဘုတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး ကြီးမားသော အံဆွဲကြီးကို ဖွင့်လိုက်သည်။


"ကြည့်ချင်သေးသလား"


ထိုဝန်ထမ်းက ထရေစီကို လှမ်းမေးလိုက်သည်။


တကယ်တော့ ဝိညာဉ်မဲ့နေသည့် မိခင်၏ ခန္ဓာကိုယ်ကြီးကို သူမ မကြည့်လိုတော့ပါ။ ဤနေရာမှ အမြန်ဆုံး ထွက်ပြေးချင်လာသည်။ မီးလှန့်ခေါင်းလောင်းသံ မကြားရမီက နာရီပိုင်းသို့ ပြန်ရောက်သွားချင်သည်။ မိမိ၏မိခင် သေတာလည်း မဟုတ်။ တယ်လီဖုန်းသံလည်း မဟုတ်ဘဲ တကယ် မီးလှန့်ခေါင်းလောင်းသံပင် ဖြစ်လိုက်ပါတော့ဟု ထရေစီ စိတ်ထဲက ပြောနေမိသည်။


ထရေစီသည် မိခင်အလောင်း ထည့်ထားသော အံဆွဲဆီသို့ တစ်လှမ်းချင်း ဖြည်းဖြည်း လျှောက်သွားသည်။ သူမ ရင်ထဲတွင်မူ ပေါက်ကွဲအော်ဟစ်နေသည်။


မိခင်၏ အသက်မဲ့ ရုပ်ကလာပ်ကြီးကို ထရေစီစိုက်ပြီး ငုံ့ကြည့်နေမိသည်။ မိမိအား မွေးဖွား သန့်စင်ခဲ့သော၊ လူလားမြောက်အောင် ပြုစုစောင့်ရှောက် ကျွေးမွေးခဲ့သော၊ မိမိအား ချစ်ခင်ယုယခဲ့သော၊ မိမိနှင့် ရယ်မော ပျော်ရွှင်ခဲ့သော မိခင်သည်ကား ဝိညာဉ်မဲ့ နေရှာချေပြီ။


ထရေစီက ကိုယ်ကိုကိုင်းပြီး မိခင်၏ပါးကို ငုံ့နမ်းလိုက်သည်။ အေးစက်နေသည်။


"အို ... အမေရယ်၊ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ အမေရယ်" ထရေစီက တိုးတိုးလေး ညည်းတွားလိုက်သည်။


"ကျွန်တော်တို့ ဒီရုပ်ကလာပ်ကို ခွဲစိတ်စစ်ဆေး ရပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် သတ်သေတာဆိုရင် ဥပဒေအရ ဒီလိုပဲ ခွဲစိတ်စစ်ဆေး ရပါတယ်" ဝန်ထမ်းက ထရေစီအား ပြောသည်။ ဒေါရစ် ဝှစ်တနေ ထားခဲ့သော စာရွက်ကလေးက မည်သို့မျှ အဖြေမပေးနိုင်ရှာပါချေ။


ထရေစီက မိခင်ဒေါရစ် ရေးထားခဲ့သော စာရွက်ကလေးကို ဖြန့်ဖတ်လိုက်သည်။


"ချစ်လှစွာသော သမီး ထရေစီ"

အမေ့ကို ခွင့်လွှတ်ပါ။ အမေ ရှူံးနိမ့်ခဲ့ရပါပြီ၊ သမီးအပေါ်မှာ အမေ့တာဝန်ဟာ ဝန်ထုပ်ဝန်ပိုးကြီးအဖြစ် မရပ်တည်ချင်ဘူး၊ ဒါဟာ အကောင်းဆုံး နည်းလမ်းပါပဲ၊ သမီးကို အမေ သိပ်ချစ်ပါတယ်။

မေမေ"


အံဆွဲထဲမှ ဒေါရစ်၏ ရုပ်ကလာပ်ကဲ့သို့ပင် ဒေါရစ်၏ စာမှာလည်း အဓိပ္ပာယ်မဲ့၊ အသက်မဲ့ ဖြစ်နေသည်။


* * *


ထိုနေ့မွန်းလွဲပိုင်းတွင် ထရေစီသည် မိခင်ဈာပနာအတွက် အစီအစဉ်များ လုပ်ရသည်။ ထို့နောက် အငှားကားတစ်စီးဖြင့် သူတို့၏ မိသားစုအိမ်သို့ သွားသည်။


သူတို့ ဝှစ်တနေမိသားစု၏ အိမ်သည် လူနေရပ်ကွက်တစ်ခု ဖြစ်သော ဥယျာဉ်ရပ်ကွက်တွင် ရှိသည်။ သူတို့အိမ်မှာ ဝိတိုရိယခေတ်ပုံစံအိမ်ကြီး ဖြစ်သည်။ နယူးအော်လင်းမြို့မှ အိမ်အများစုကဲ့သို့ပင် သစ်သားဖြင့် ဆောက်လုပ်ထားပြီး မြေတိုက်ခန်း မပါရှိပေ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် နိမ့်သောနေရာဖြစ်၍ ထိုသို့ ဆောက်ထားခြင်း ဖြစ်သည်။


ထရေစီသည် ထိုအိမ်၌ပင် ကြီးပြင်းကာ လူလားမြောက်ခဲ့ရသည်။ မိမိတို့ မိသားစုအိမ်ကြီးကို လှမ်းမြင် လိုက်ရသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်ချမ်းမြေ့သော အတိတ်ဖြစ်ရပ်များကို တစ်မုဟုတ်ချင်း ပြန်သတိရလာသည်။ ထရေစီသည် လွန်ခဲ့သော တစ်နှစ် နှစ်နှစ်အတွင်း အိမ်သို့ ပြန်မရောက်ခဲ့ပါချေ။


အငှားကားက အိမ်ရှေ့တွင် ရပ်လိုက်သည်။ အိမ်ဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသောအခါ ထရေစီ ကြက်သေ သေသွားသည်။ ဆိုင်းဘုတ်ပေါ်က စာမှာ 'ရောင်းရန်- နယူးအော်လင်း ရီရယ်တီ ကုမ္ပဏီ' ဟု ရေးထားသည်။


မဖြစ်နိုင်ပါ။ မည်သို့မျှ မဖြစ်နိုင်ပါ။


"ဒီအိမ်အိုကြီးကို ငါ ဘယ်တော့မှ မရောင်းဘူး၊ ဒီအိမ်ကြီးမှာ တို့မိသားစု တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တာ"


မိခင် မကြာခဏ ပြောခဲ့ဖူးသော စကားကို ထရေစီ ပြန်ကြားယောင် လာသည်။


ထရေစီသည် စိတ်ထဲ၌ ထူးဆန်းမှု၊ ဒေါသ ဖြစ်မှုတို့နှင့်အတူ ခြံဝမှနေ၍ အိမ်ရှေ့တံခါးမကြီးဆီသို့ လျှောက်လာခဲ့သည်။ သူမ သတ္တမတန်း ရောက်သည့် အချိန်ကစပြီး မိခင်ဖြစ်သူက ထရေစီအား အိမ်သော့မိတ္တူတစ်ချောင်း ပေးထားခဲ့သည်။ ထိုသော့ကို တစ်လျှောက်လုံး ကိုင်လာခဲ့သည်။


ထိုသော့ဖြင့်ပင် တံခါးမကြီးကို ဖွင့်လိုက်ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ထရေစီအဖို့ ဒုတိယမ္ပိ ထပ်မံ အံ့အားသင့် သွားရပြန်သည်။ အခန်းများထဲတွင် ရှင်းလင်းပြီး ပြောင်တလင်းခါ နေသည်။ အိမ်ထောင်ပရိဘောဂများ လုံး၀ မရှိတော့။ လှပသော ရှေးဟောင်းပစ္စည်းများလည်း နတ္ထိ။ အိမ်နေသူများက စွန့်ပစ်ပြေးသွားသည့် အိမ်ကြီးနှင့် တူနေသည်။


ထရေစီသည် တစ်ခန်းပြီးတစ်ခန်း အပြေးအလွှား လျှောက်ကြည့်သည်။ ဘာမျှ မရှိ။ မယုံကြည်နိုင်စရာ ကောင်းသည်ထက် ကောင်းလာသည်။ အပေါ်ထပ်သို့ ပြေးတက်သွားပြန်သည်။ သူမ ငယ်စဉ်ကတည်းက နေခဲ့သော အိပ်ခန်းဝတွင် ရပ်ပြီး အတွင်းသို့ ကြည့်လိုက်သည်။ အခန်းထဲတွင် ဟာလာဟင်းလင်း။


"အို ... ဘုရားသခင် ... ဘာတွေများ ဖြစ်ကုန်ပါပြီလဲ ရှင်"


ထရေစီ တိုးတိုးလေး ညည်းလိုက်သည်။


အိမ်ရှေ့တံခါးမကြီးမှ လူခေါ် ခေါင်းလောင်းသံ ကြားရသဖြင့် ထရေစီ အောက်ထပ်သို့ ပြန်ဆင်းပြေးလာသည်။


တံခါး၀တွင် အော်တို ရှမစ် ရပ်နေသည်ကို တွေ့ရသည်။ အော်တို ရှမစ်သည် ထရေစီ၏ မိဘပိုင် 'ဝှစ်တနေ မော်တော်ကား အပိုပစ္စည်းကုမ္ပဏီ' မှ လူဟောင်း ဖိုမင်အဘိုးကြီး ဖြစ်သည်။ အလွန်ပိန်ပြီး အိုမင်းနေသော်လည်း ဗိုက်မူ ဘီယာတန်ခိုးကြောင့် ပူနေသည်။


"ထရေစီ ... ငါလဲ အခုပဲ မင်းအမေသတင်း ကြားရလို့ ချက်ချင်းလာတာ၊ ငါဘယ်လောက် ဝမ်းနည်းမိတယ် ဆိုတာကို ပြောမပြနိုင်လောက်အောင်ပါကွာ" ဂျာမန်အဘိုးကြီးက အင်္ဂလိပ်စကားကို ဂျာမန်လေသံနှင့် ပြောလာသည်။


"အို ... အော်တို ... ဦးလေးနဲ့ တွေ့ရတာ ကျွန်မ သိပ်ဝမ်းသာတာပဲ ... လာ ... လာ ... အထဲဝင်"


ထရေစီက အော်တို ရှမစ်ကို ဟာလာဟင်းလင်းကြီး ဖြစ်နေသော ဧည့်ခန်းထဲသို့ ခေါ်လာသည်။


"ထိုင်စရာ စားပွဲကုလားထိုင် မရှိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်၊ ကြမ်းပေါ်မှာ ထိုင်ရတာ စိတ်မရှိနဲ့ နော်"


"ကိစ္စမရှိပါဘူး ... ကလေးရယ်"


သူတို့နှစ်ယောက် ကြမ်းပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ထရေစီ လူမှန်းသိတတ်စ အရွယ်ကစ၍ အော်တို ရှမစ်သည် သူတို့ကိုကုမ္ပဏီ၌ အလုပ်လုပ်နေသော လူဟောင်းကြီးတစ်ဦး ဖြစ်သည်။ ထရေစီ့ဖခင်က အော်တို ရှမစ်အား ယုံကြည် အားကိုးသည်ကိုလည်း ထရေစီ သိသည်၊ ဖခင် ကွယ်လွန်ပြီးနောက် မိခင်က လုပ်ငန်းကို ကြီးကြပ် ကိုင်တွယ်သည့် အခါတွင် အော်တို ရှမစ်သည် ယခင်ကထက်ပင် ပိုပြီး ယုံကြည်အားကိုးခံ လာရသည်။


"အော်တို ...ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်မတော့ နားမလည်နိုင်အောင် ဖြစ်နေပြီ၊ အမေဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရဲက ပြောနေတယ်၊ ဒါပေမယ့် အမေဟာ သူ့ကိုယ်သူ သတ်သေစရာ အကြောင်း မရှိဘူးဆိုတာ အော်တို သိပါတယ်။ အမေ နေမကောင်း ဖြစ်နေသလား ဒုက္ခတစ်ခုခုနဲ့များ တွေ့နေလို့လား"


အော်တို ရှမစ်က ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ငေးကြည့်နေသည်။


"အော်တိုရယ် ... ဘာတွေ ဖြစ်နေတယ်ဆိုတာ သိတယ် မဟုတ်လား ... ပြောစမ်းပါ"


"အခုနောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ မင်းအမေက မင်းကို ဖွင့်မပြောခဲ့ဘူး၊ ဒါကလဲ မင်း စိတ်မကောင်းမှာစိုးလို့ မပြောခဲ့တာပါပဲ"


"ကျွန်မက ဘာကြောင့် စိတ်မကောင်းရမှာလဲ ... ဆက်ပြောစမ်းပါဦး အော်တိုရယ်"


ထရေစီက မျက်မှောက်ကြုတ်ပြီး မေးလိုက်သည်။


"ဂျိုး ရိုမာနို ဆိုတဲ့ လူတစ်ယောက်ကို မင်းကြားဖူးသလား"


"ဂျိုး ရိုမာနို ဟုတ်လား ... ဟင့်အင်း မကြားဖူးဘူး၊ ဘာဖြစ်လို့လဲ"


"လွန်ခဲ့တဲ့ ခြောက်လလောက်က ရိုမာနိုဟာ မင်းအမေနဲ့ ဆက်သွယ်လာတယ်၊ မင်းတို့ကုမ္ပဏီကို ဝယ်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတယ်၊ မင်းအမေကလဲ ရောင်းဖို့ စိတ်မကူးပါဘူးလို့ ပြောလိုက်တယ်၊ ဒါပေမယ့် ရိုမာနိုက ကုမ္ပဏီတန်ဖိုးထက် ဆယ်ဆ ပေးဝယ်မယ်လို့ ကမ်းလှမ်းလာပြန်တယ်။ ဒီတော့ မင်းအမေအဖို့ မငြင်းဆန် နိုင်တော့ဘူးပေါ့၊ ဆယ်ဆတောင်ရမယ့် အခွင့်အရေးကောင်းကို ယူမယ်၊ ရောင်းရတဲ့ငွေ အားလုံးကို စာချုပ်တွေ ဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ်၊ အဲဒီကရမယ့် အတိုးအရင်းပွား ဝင်ငွေဟာ မင်းတို့ သားအမိနှစ်ယောက် တစ်သက်လုံး အေးအေးထိုင်စား သွားနိုင်မယ်လို့ မင်းအမေက တွက်တယ်၊ သူက ကိစ္စအားလုံး ပြီးမှ မင်းကို အံ့အားသင့်သွားအောင် ပြောမယ်လို့ စိတ်ကူးထားတာ၊ ငါလဲ အဲဒီတုန်းကတော့ မင်းတို့ သားအမိအတွက် ဝမ်းသာခဲ့တာပါပဲ၊ ငါဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အနားယူတော့မလို့၊ ဒါပေမယ့် မင်းတို့သားအမိနဲ့ ဒီလုပ်ငန်းကြီးကို ပစ်မထားရက်လို့ မယူခဲ့ရတာ၊ အခုတော့ ဒီခွေးမသား ရိုမာနိုက စဝယ်တုန်းမှာ ငွေနည်းနည်းပဲ ချေခဲ့တယ်၊ ပြီးခဲ့တဲ့လထဲမှာ ကျန်တဲ့ငွေတွေအားလုံး ချေဖို့ပဲ၊ ဒါပေမယ့် ..."


"ဘာဖြစ်လာလဲ အော်တို၊ မြန်မြန် ဆက်ပြောစမ်းပါ"


ထရေစီက စိတ်မရှည်သည့် လေသံဖြင့် ဖြတ်မေးသည်။


"ရိုမာနိုက စရန်ငွေပေးပြီးတာနဲ့ ကုမ္ပဏီကို ကြီးကြပ် ကိုင်တွယ်တော့တာပဲ၊ လူဟောင်းတွေအားလုံးကို အလုပ်ထုတ်ပစ်ပြီး သူ့လူတွေကို အစားထိုးခန့်တယ်၊ နောက်ပြီး ကုမ္ပဏီကိုလဲ ဖျက်ဆီးတော့တာပဲ၊ စက်ကိရိယာ အဟောင်းတွေ ရောင်းပစ်တယ်၊ စက်အသစ်တွေ ထပ်မှာတယ်၊ အဲဒီ စက်အသစ်တွေကိုလဲ ငွေမကျေသေးဘဲနဲ့ ပြန်ရောင်းတယ်၊ ကုမ္ပဏီကို စက်အသစ်တွေ ရောင်းတဲ့ လူတွေကတော့ မင်းအမေနဲ့ပဲ ဆက်သွယ် လုပ်ကိုင်နေတယ်လို့ ထင်နေတာပေါ့၊ နောက်ဆုံး သူတို့က စက်ဖိုးတွေ မင်းအမေဆီမှာ တောင်းလာတယ်၊ ဒီတော့ မင်းအမေက ရိုမာနိုဆီ သွားပြီး ဘာတွေ ဖြစ်နေသလဲလို့ မေးတယ်၊ ရိုမာနိုက ပြောတာကတော့ မင်းအမေနဲ့ ကုမ္ပဏီ အရောင်းအဝယ်ကိစ္စ ဆက်မလုပ်တော့ဘူးဆိုပြီး ကုမ္ပဏီကို ပြန်အပ်တယ်။ အဲဒီအချိန်ကျတော့ မင်းတို့ကုမ္ပဏီဟာ ဘာမှ တန်ဖိုးမရှိတဲ့ ကုမ္ပဏီဖြစ်ရုံတင် မကတော့ဘူး၊ မင်းအမေမှာ ကြွေး ဒေါ်လာငါးသိန်း တင်နေပြီ၊ သူလဲ ဒီကြွေးကို ဘယ်လိုမှ မဆပ်နိုင်တော့ဘူး၊ အမျိုးမျိုး ကြိုးစားပေမယ့် မရတော့ဘူး၊ နောက်ဆုံး မင်းအမေဟာ လူမွဲစာရင်း အကြေညာခံ လိုက်ရတာပဲ၊ ဒေဝါလီ ခံရတာပေါ့ကွာ၊ လုပ်ငန်းရော၊ အိမ်ရော၊ မော်တော်ကားပါ မကျန်ပေါ့ကွာ ကြွေးရှင်တွေက သိမ်းသွား ကြတာပဲ"


"အလို ... ဘုရား ... ဖြစ်မှဖြစ်ရလေ"


ထရေစီ ဘုရားတ, လိုက်မိသည်။


"ဒီထက်ဆိုးတာ ရှိသေးတယ်၊ ခရိုင်ရှေ့နေက မင်းအမေကို လိမ်လည်မှုနဲ့ ရုံးတင်တရားစွဲမယ်လို့ နို့တစ် ပေးလာတယ်၊ အဲဒီကိစ္စက မင်းအမေ ထောင်ကျမယ့်ကိစ္စ၊ မင်းအမေဟာ တရားစွဲခံရမယ့်နေ့မှာ သေသွားတာလို့ ငါထင်တာပဲ"


"အို အမေကလဲ အဖြစ်မှန်တွေကို သူတို့ကို ထုတ်ပြောလိုက်ပေါ့၊ အဲဒီ ရိုမာနိုဆိုတဲ့လူက သူ့ကို ဘယ်လို လိမ်ညာသွားတယ်ဆိုတာ ရှင်းပြလိုက်ပေါ့"


ထရေစီက မိခင်အတွက် ဒေါသဖြင့် ပြောလာသည်။ အော်တို ရှမစ်က ခေါင်းကို တွင်တွင်ခါပြီး ပြန်ပြောသည်။


"ဂျိုး ရိုမာနိုက အန်တိုနီ အော်စက်တီ ဆိုတဲ့လူအတွက် အလုပ်လုပ်ပေးနေတာ၊ ဒီ နယူးအော်လင်း တစ်မြို့လုံးကို အော်စက်တီက ချုပ်ကိုင်ထားတာ၊ ရိုမာနိုဟာ တခြားကုမ္ပဏီတွေကိုလဲ ဒီလိုပဲ လုပ်ခဲ့တယ်ဆိုတာ ငါ သိလာတဲ့အခါကျတော့ တို့အတွက် အချိန် သိပ်နှောင်းသွားပြီ ကလေးရယ်၊ တရားရုံးမှာ ရင်ဆိုင်ပြီး ပြန်တိုက်ဖို့က အချိန် နှစ်ချီပြီး အတော်ကြာမယ်၊ ပြီးတော့ မင်းအမေမှာကလဲ ငွေမရှိတော့ဘူး"


"အဲဒီအကြောင်းတွေ အမေက ဘာလို့ ကျွန်မကို မပြောရတာလဲ"


ထရေစီက မိခင်အတွက် ပရိဒေ၀သောကမီး တောက်လောင်ကာ ငိုကြွေးရင်း မေးလိုက်သည်။


"မင်းအမေက မာန ရှိတယ်၊ ဒီကိစ္စမှာ မင်းကရော ဘာလုပ်နိုင်မှာမို့လဲ၊ ဒီကိစ္စကို လုပ်ပေးနိုင်မယ့်လူ တစ်ယောက်မှ မရှိပါဘူး"


"ကျွန်မ ရိုမာနိုနဲ့ တွေ့ချင်တယ်၊ သူ့ကို ဘယ်မှာ တွေ့နိုင်မလဲ"


"သူ့ကို မင်း မေ့ထားလိုက်ပါ၊ သူ ဘယ်လောက် သြဇာအာဏာ ကြီးမားတယ်ဆိုတာ မင်း မသိဘူးနော်"


"သူ ဘယ်မှာ နေသလဲ အော်တို၊ ဒါပဲ ပြောပါ"


"ဂျက်ဆန်ရပ်ကွက်နားမှာ ခြံနဲ့ဝင်းနဲ့ နေတယ်၊ သူ့ဆီ သွားလို့ ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး ထရေစီ၊ ငါပြောတာ ယုံစမ်းပါ ကလေးရယ်"


ထရေစီ ဘာမျှပြန်မဖြေ၊ သူမတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အမုန်းတရားများက ရင်ဝယ် ပြည့်လျှမ်းလာသည်။


ထရေစီက တစ်စုံတစ်ရာကို ရင်ထဲ၌ ယတိပြတ် ဆုံးဖြတ်လိုက်သည်။


* * *


(၃)


ထရေစီအတွက် အချိန်လိုသည်။ စဉ်းစားရမည့် အချိန်။ ရှေ့ဆက် လှုပ်ရှားရေးအတွက် စီစဉ်ရမည့် အချိန်များ လိုသည်။ သူမအဖို့ မိသားစုအိမ်ကြီးတွင် နေ၍ မဖြစ်တော့။ ထို့ကြောင့် မဂ္ဂဇင်းလမ်းရှိ ဟိုတယ်လေး တစ်ခုတွင် သွားရောက် တည်းခိုသည်။


ထရေစီသည် ဟိုတယ်အခန်းမှနေ၍ သူ အလုပ်လုပ်သော ဘဏ်မှ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ကလာရင့် ဒက်စမွန်ထံ တယ်လီဖုန်း ဆက်သည်။ မိမိ လေးငါးရက်ခန့် အလုပ်ဆင်းနိုင်ဦးမည် မဟုတ်ကြောင်း ပြောကာ ခွင့်တောင်းသည်။


"ဒီအတွက် စိတ်မပူပါနဲ့ ထရေစီ၊ မင်း အလုပ်ပြန်ဝင်နိုင်တဲ့ အချိန်အထိ မင်းနေရာမှာ ငါ လူစားတစ်ယောက် ရှာပြီး ထိုးထားလိုက်ပါမယ်"


ဒက်စမွန်က ဤကဲ့သို့ပင် ချိုချိုသာသာ ပြောသည်။ တကယ်တော့ ထရေစီကဲ့သို့သော ကွန်ပျူတာ ကျွမ်းကျင်သူ တစ်ဦးကို ခွင့်မပေးလိုပါချေ။ သို့ရာတွင် ချားလ် စတန်ဟုပ်၏ မျက်နှာက ရှိနေသဖြင့် မနှစ်မြို့မှုကို မျိုသိပ်ကာ ချိုချိုသာသာ ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ ကြည်ကြည်ဖြူဖြူ ခွင့်ပေး လိုက်ခြင်းဖြင့် ထရေစီအပေါ် မိမိမည်မျှ သဘောပေါက် နားလည်ကြောင်းကို ထရေစီက ချားလ်အား ပြောပြလိမ့်မည်ဟု ဒက်စမွန် မျှော်လင့်ထားသည်။


ဒက်စမွန်ထံ တယ်လီဖုန်းဆက်ပြီးနောက် ချားလ်ထံသို့ ထရေစီ တယ်လီဖုန်း ဆက်ပြန်သည်။


"ချားလ် ... ဒါလင်"


"ဟေး ... ထရေစီ၊ မင်း ဘယ်ရောက် နေသလဲ၊ အမေက မင်းကို တစ်မနက်လုံး လိုက်ရှာနေတယ်၊ မင်းနဲ့အတူတူ ဒီနေ့ နေ့လယ်စာ စားချင်လို့တဲ့၊ မင်းတို့နှစ်ယောက် စီစဉ်လုပ်ကိုင်စရာတွေ အများကြီး ရှိတယ် မဟုတ်လား"


"အို ... ဝမ်းနည်းပါတယ် မောင်ရယ်၊ ကျွန်မ အခု နယူးအော်လင်းမြို့ကို ရောက်နေတယ်"


"မင်း ဘယ်မှာ၊ နယူးအော်လင်း ဟုတ်လား၊ အဲဒီမှာ မင်း ဘာလုပ်နေတာတုံး"


"ကျွန်မအမေ သေပြီ"


ထရေစီ၏ အသံက လည်ချောင်းထဲတွင် တိမ်ဝင်နစ်မြုပ် သွားတော့သည်။


"အို ... ဖြစ်ရလေ ထရေစီရယ်၊ မောင်လဲ စိတ်မကောင်းပါဘူး၊ ရုတ်တရက် ဆုံးသွားတာ ဖြစ်မယ် ထင်တယ်၊ မင်းအမေက သိပ်မှ အသက်မကြီးသေးဘဲ၊ ဟုတ်တယ် မဟုတ်လား"


မိမိအမေ သူ့ကိုယ်သူ သတ်သေသွားသည်ကို ထရေစီက ချားလ်အား အပြောရခက်နေသည်။ ဂျိုး ရိုမာနိုတို့က မိမိ၏မိခင်အား မည်သို့မည်ပုံ ဒုက္ခပေးခဲ့ကြသည်များကို ဘက်စုံနှောပြီး ငိုပြောလိုက်ချင်သည်မှာ စိတ်ထဲက ယားကျိကျိ ဖြစ်နေသည်။ သို့သော် ဤကိစ္စသည် မိမိ၏ ပြဿနာသာ ဖြစ်သည်။ ချားလ်နှင့် မဆိုင်။ မိမိ၏ ဝန်ထုပ်ဝန်ပိုးကို ချားလ် အပေါ်သို့ ပုံမချလိုပါချေ။


"စိတ်မပူပါနဲ့ မောင်ရယ် ... ကျွန်မ နေကောင်းပါတယ်၊ အားလုံးလဲ အဆင်ပြေပါတယ်"


"မောင် နယူအော်လင်းကို လိုက်လာစေချင်သလား ထရေစီ"


"နေပါစေ မောင် ... မလိုပါဘူး၊ ကျွန်မ အားလုံးကို လုပ်နိုင်ပါတယ်၊ မနက်ဖြန်ကျရင် အမေ့ကို သင်္ဂြိုဟ်မယ်၊ တနင်္လာနေ့မှာ ကျွန်မ ဖီလဒယ်ဖီးယားမြို့ကို ပြန်လာမယ်"


ထရေစီသည် တယ်လီဖုန်းကို ပြန်ချိတ်ထားလိုက်ပြီး ဟိုတယ်အခန်းထဲရှိ ခုတင်ပေါ်တွင် ပက်လက်လှန် လှဲအိပ်လိုက်သည်။ သူမအတွေးများက လွင့်ပျံနေသည်။ မိမိမျက်စိတည့်တည့်တွင် လှမ်းမြင်နေရသော ဟိုတယ်ခေါင်မိုးမှ အုတ်ကြွပ်ပြားများကို အဓိပ္ပာယ်မရှိ ရေတွက်ကြည့် နေမိသည်။ တစ် ... နှစ် ... သုံး ... ရိုမာနို ... လေး ... ငါး ... ဂျိုး ရိုမာနို ... ခြောက် ... ခုနစ် ... ရိုမာနို၊ သူနှင့် စာရင်းရှင်းရမည်။


ထရေစီတွင် လောလောဆယ် ဘာလုပ်မည်ဟူသော အစီအစဉ် မရှိပေ။ ဂျိုး ရိုမာနိုအား မိမိအမေအပေါ် ကျူးလွန်ခဲ့သော မကောင်းမှုများအတွက် ဤအတိုင်း ခွင့်လွှတ်မထားနိုင်ဟုသာ စိတ်ထဲက သိနေသည်။


ထရေစီသည် ညနေပိုင်းတွင် ဟိုတယ်မှ ထွက်လာခဲ့သည်။ ကျုံးကြီးလမ်းအတိုင်း လျှောက်လာရာ လက်နက်ဆိုင်ကြီး တစ်ဆိုင်ရှေ့သို့ ရောက်လာသည်။ ထရေစီ ဆိုင်ထဲ ဝင်သွားသောအခါ ပစ္စည်းများ ထည့်ထားသော ကောင်တာနောက်တွင် လူကြီးတစ်ဦးကို တွေ့ရသည်။


"ဘာအလိုရှိပါသလဲ" ထိုလူကြီးက မေးသည်။


"ကျွန် ... ကျွန်မ ... သေနတ်တစ်လက် ဝယ်ချင်လို့ပါ"


"ဘယ်လို သေနတ်မျိုးပါလဲ"


"ခြောက်လုံးပြူးပေါ့ ... ရှင် သိပါတယ်"


"၃၂ ဗို့လား ... ၄၅ ဗို့လား"


"၃၂ ဗို့လောက်ဆိုရင် တော်ပါပြီရှင်"


ထရေစီသည် တစ်ခါမျှ သေနတ်မကိုင်ဘူးချေ။ စိတ်ထဲမှ မှန်းပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။.


"စမစ်နှင့်ဝက်ဆန် အမျိုးအစား ၃၂ ဗို့ သေနတ်ကောင်း တစ်လက်တော့ ရှိတယ်။ ဈေးကတော့ ၂၂၉ ဒေါ်လာ ကျမယ်၊ ချာတာအမျိုးအစား ၃၂ ဗို့ ဆိုရင်တော့ ၁၅၉ ဒေါ်လာပဲ ကျမယ်"


ထရေစီ ကသောကမျော ထွက်လာခဲ့ရသဖြင့် ငွေများများ ပါမလာခဲ့ပေ။


"ဒီထက် ဈေးပေါတာများ ရှိသေးသလား"


"ဒီထက် ဈေးပေါတာတော့ မရှိဘူး၊ ၁၅၉ ဒေါ်လာ ဆိုတာကို ၁၅၀ ဒေါ်လာနဲ့ပဲ ယူသွား၊ ကျည်ဆန်လဲ တစ်ဘူးပါ ပေးလိုက်မယ်"


"ကောင်းပြီလေ ယူမယ်"


လက်နက်ရောင်းသူက ကောင်တာထဲရှိ သေနတ်များထဲမှ တစ်လက်ကို ရွေးထုတ်ယူလိုက်ပြီး ကောင်တာပေါ်ကို တင်လိုက်သည်။


"ဒီသေနတ်ကို ဘယ်လို ကိုင်တွယ် ပစ်ခတ်ရတယ်ဆိုတာ မင်းသိပါတယ်နော် ကလေးမ"


"ခ ... ခလုတ်ကို ဆွဲလိုက်ရုံပဲ မဟုတ်လား"


"အင်းပေါ့ ... ကျည်ဆန်ဘယ်လို ထည့်တယ် ဆိုတာကော ပြရဦးမလား"


နေပါစေဟု ပြောရန် စိတ်ကူးပြီးမှ ထရေစီက မပြောဘဲ နေလိုက်သည်။ တကယ်တော့ ဤသေနတ်ကို ထရေစီ ပစ်ခတ်ရန် စိတ်မကူးပေ။ တစ်စုံတစ်ယောက်အား ကြောက်လန့်သွားစေရုံသာ ပြသ ခြိမ်းခြောက်ရန် ဖြစ်သည်။ သို့သော် ဤသို့ပြောလိုက်လျှင် မိုက်မဲရာ ကျပေမည်။ ထို့ကြောင့်ပင် ...


"ပြပါ ... ကြည့်ရတာပေါ့" ဟု ပြောလိုက်သည်။


လက်နက်ရောင်းသူက ကျည်ဆန်ခြောက်တောင့်ကို ကျည်အိမ်ပေါက်ခြောက်ခုထဲသို့ တစ်တောင့်ချင်း ထည့်ပြသည်ကို ထရေစီက ကြည့်နေသည်။ ထိုနောက် ထရေစီက သူမ၏ ပိုက်ဆံအိတ်ထဲမှ ငွေများကို ထုတ်ယူ ရေတွက်ပြီး ပေးချေလိုက်သည်။


"ရဲစခန်းမှာ လက်နက်မှတ်ပုံတင်ဖို့ မင်းနာမည်နဲ့ လိပ်စာပေးခဲ့ဖို့ လိုမယ် ကလေးမ"


ထရေစီ တွေးလိုက်သည်။ ဂျိုး ရိုမာနိုအား လက်နက်ပြ ခြိမ်းခြောက်ခြင်းသည် ပြစ်မှု မြောက်နိုင်သည်။ သို့ရာတွင် မိမိသည် ပြစ်မှု ကျူးလွန်းသူ မဟုတ်။ ဂျိုး ရိုမာနိုသည်သာ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်။


"ကလေးမ နာမည်ပြောပါ"


"စမစ် ... ဂျုံး စမစ်"


လက်နက်ရောင်းသူက ကတ်ပြားတစ်ခုပေါ်တွင် ရေးသွင်းလိုက်သည်။


"လိပ်စာ"


"ဒေါင်းမင်းလမ်း ... အမှတ် ၃၀၂၀"


"အဲဒီလမ်းမှာ အိမ်နံပါတ် ၃၀၂၀ မရှိဘူး၊ အဲဒီ နံပါတ်သာ ရှိရင်လဲ မြစ်အလယ်ကောင်လောက်မှာ ရောက်နေလိမ့်မယ်၊ ဒီတော့ တကယ်ရှိမယ့် အိမ်နံပါတ် ၅၁၂၀လို့ ရေးလိုက်မယ်"


လက်နက်ရောင်းသူက ထရေစီအား မော်မကြည့်ဘဲ ပြောလိုက်ပြီး ကတ်ပြားထဲတွင် ရေးသွင်းလိုက်သည်။ ထို့နောက် ထရေစီ လက်မှတ်ထိုးရန်အတွက် ကတ်ပြားကို သူမရှေ့သို့ တိုးပေးလိုက်သည်။


ထရေစီ ဂျုံး စမစ်ဟု လက်မှတ်ထိုး လိုက်သည်။


"ဒါပဲ မဟုတ်လား" ထရေစီက မေးသည်။


"ဒါပါပဲ ပြီးပါပြီ"


လက်နက်ရောင်းသူက ပြန်ဖြေရင်း ခြောက်လုံးပြူးကို သေတ္တာလေးထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။ ထရေစီက လက်နက်သေတ္တာကို စိုက်ကြည့်လိုက်ပြီး ကောက်ယူကာ သူမ၏ လက်ကိုင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ချာကနဲ လှည့်ပြီး ဆိုင်ထဲမှ ထွက်သွားသည်။


"ဟေး ... ကလေးမ၊ သေနတ်ထဲမှ ကျည်ထိုးထားတယ် ဆိုတာ မမေ့နဲ့နော်"


လက်နက်ရောင်းသူကြီးက နောက်မှ အော်ပြောလိုက်သည်။


* * *


ဂျက်ဆန် ရပ်ကွက်သည် ပြင်သစ် ရပ်ကွက်ကြီး၏ အလယ်ဗဟိုတွင် ရှိသည်။ ကြီးမားလှပခံ့ညားသော စိန်လူးဝစ္စ ဘုရားရှိခိုးကျောင်းကြီးက ထီးထီးမားမား ရှိနေသည်။ လှပသော ရှေးဟောင်းပုံစံအိမ်များနှင့် ဝင်းခြံများဖြင့် နေကြသော ရပ်ကွက် ဖြစ်သည်။ ဆိတ်ငြိမ် အေးချမ်းလှသည်။ ထိုရပ်ကွက်မှ ခြံနှင့်ဝင်းနှင့် အိမ်တစ်လုံးတွင် ဂျိုး ရိုမာနို နေသည်။


ထရေစီသည် အမှောင်ဖုံးချိန်ကျမှ ထိုရပ်ကွက်သို့ ထွက်လာခဲ့သည်။ မှောင်ရိပ်ထဲတွင် ရပ်ပြီး အိမ်များကို လေ့လာ ကြည့်ရှုနေသည်။ သူမ၏ လက်ကိုင်အိတ်ထဲမှ ခြောက်လုံးပြူးကြောင့် စိတ်ထဲတွင် လေးလံနေသည်။ သူမ ကြံစည်ထားသော အစီအစဉ်မှာ ရိုးရိုးလေး ဖြစ်သည်။


ထရေစီသည် ဂျိုး ရိုမာနိုထံ သွားမည်။ ဂျိုး ရိုမာနိုကြောင့် သူ့အမေ နာမည်ပျက်ခဲ့ရသည်ကို ပြန်လည် ဖြေရှင်းပေးရန် ပြောမည်။ အကယ်၍ ဂျိုး ရိုမာနိုက ဖြေရှင်းပေးရန် ငြင်းဆန်လျှင် ခြောက်လုံးပြူးဖြင့် တေ့ပြီး ခြိမ်းခြောက်ကာ ဝန်ခံချက်ရေးခိုင်းမည်။ ထိုဝန်ခံချက်ကို စခန်းမှူး မေလာထံ ယူသွားပြီး ရိုမာနိုကို ဖမ်းခိုင်းမည်။ သို့ဆိုလျှင် သူမ၏မိခင် ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်မည်သာ ဖြစ်သည်။


ယခုအချိန်တွင် ထရေစီသည် ချားလ်အား မိမိနှင့်အတူ ရှိနေစေချင်သည်။ သို့ရာတွင် မိမိကိစ္စကို မိမိ တစ်ယောက်တည်း ရှင်းသည်ကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ချားလ်ကို ဤပြဿနာထဲ ဆွဲမထည့်ချင်၊ ကိစ္စများ အားလုံး ရှင်းလင်းပြီး ဂျိုး ရိုမာနိုကို အချုပ်ထဲ ထည့်ပြီးနောက်မှ ချားလ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတော့မည်။


ထရေစီသည် လမ်းသွား လမ်းလာများ ရှင်းသည်အထိ မှောင်ရိပ်ခိုပြီး စောင့်နေသည်။ ထို့နောက် ဂျိုး ရိုမာနို၏ အိမ်ရှေ့တံခါးမကြီးအဝသို့ လျှောက်သွားပြီး လူခေါ်လျှင် လျှပ်စစ်ခေါင်းလောင်း ခလုတ်လေးကို နှိပ်လိုက်သည်။ တစ်ဘက်မှ တော်တော်နှင့် မတုံ့ပြန်လာ။ အပြင်သွားနေသလားဟု ထရေစီ တွေးမိသည်။


တအောင့်အကြာတွင် ဆင်ဝင်အောက်မှ မီးလုံး ရုတ်ခြည်း လင်းလာသည်။ အိမ်ရှေ့ တံခါးမကြီး ပွင့်သွားပြီး လူတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့ရသည်။ ထိုသူ၏ ရုပ်ရည်ရူပကာယကို မြင်လိုက်ရသော အခါ ထရေစီ အံ့အားသင့်သွားသည်။ အရုပ်ဆိုးဆိုး ခပ်ကြမ်းကြမ်းနှင့် လူဆိုးအသွင်ကို မြင်ရလိမ့်မည်ဟု ထရေစီ မျှော်လင့်လာသည်။ ယခုတော့ ရုပ်ချောချော လူရည်သန့်တစ်ဦး ပုံသွင်ကို မြင်ရသည်။ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးနှင့်ပင် အလွယ်တကူ မှားနိုင်လောက်သော ပုံသွင်မျိုး ဖြစ်သည်။


ထိုသူက ပျော့ပျောင်း ညင်သာသော အသံဖြင့် ပြောလာသည်။


"ဟဲလို ... ကျွန်တော် ခင်ဗျားကို ဘာများ အကူအညီ ပေးရမလဲ ခင်ဗျား"


"ရှင်က ဂျိုးဇက် ရိုမာနိုလား"


ထရေစီ ၏ အသံက အနည်းငယ်တုန်နေသည်။


"ဟုတ်ပါတယ်၊ ကျွန်တော် ဘာများလုပ်ပေးရမလဲ ခင်ဗျား"


သူ့ပုံပန်းနှင့်အသံက ဆွဲဆောင်မှု ရှိပြီး လူတစ်ဘက်သားကို အလွယ်တကူ စည်းရုံးသိမ်းသွင်းနိုင်မည့် ပုံမျိုး ဖြစ်သည်။ မိမိ၏မိခင်သည် ဤလူ၏ ညွှတ်ကွင်း၌ သက်ဆင်းခံရသည်မှာ အံ့သြစရာ မဟုတ်ဟု ထရေစီ တွေးမိ လာသည်။


"ကျွန် ... ကျွန်မ ရှင်နဲ့ စကားပြောချင်လို့ပါ မစ္စတာ ရိုမာနို"


ရိုမာနိုက သူမ၏ တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဖျား သိမ်းကျုံး  အကဲခတ်လိုက်ပြီးမှ အဖြေပေးသည်။


"ကဲ ... ဒါဆိုရင်တော့ အိမ်ထဲဝင်လေ"


ရိုမာနို နောက်မှနေ၍ ဧည့်ခန်းထဲသို့ ထရေစီ တစ်လှမ်းချင်း လျှောက်ဝင်လိုက်သွားသည်။ ဧည့်ခန်းထဲတွင် လှပပြောင်လက်နေသော ရှေးဟောင်း အိမ်ထောင် ပရိဘောဂများဖြင့် ပြည့်နှက်နေသည်။ ဂျိုးဇက် ရိုမာနို သည် မိမိ၏မိခင် ပိုက်ဆံများဖြင့် ကြီးပွားနေသည်ဟု ထရေစီ ခါးသီးစွာ သိမြင်လာသည်။


"ကျွန်တော်လဲ အခုပဲ အရက်စပ်ပြီး သောက်တော့မလို့၊ ကဲ ... ခင်ဗျား ဘာသောက်မလဲ"


"ဟင့်အင်း ... ဘာမှမသောက်ဘူး"


ရိုမာနိုက ထရေစီအား စပ်စုသည့် အကြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည်။


"ခင်ဗျားက ဘာကိစ္စ ကျွန်တော်နဲ့ တွေ့ချင်ရတာလဲ မစ္စ ..."


"ထရေစီ ဝှစ်တနေ၊ ဒေါရစ် ဝှစ်တနေရဲ့ ... သမီး"


ဂျိုး ရိုမာနို၏ မျက်နှာတွင် အံ့အားသင့်သည့်အသွင် ရုတ်ခြည်း ပေါ်လွင်သွားသည်။ ထို့နောက် သူမအား အသိမှတ်ပြုသည့် အသွင်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။


"အို ... ဟုတ်လား၊ မင်းအမေအကြောင်း ငါလဲ ကြားရတယ်။ တယ်အဖြစ်ဆိုးတာကိုး ..." 


အဖြစ်ဆိုးတယ်တဲ့လား၊ သူ့ကြောင့် မိမိ၏မိခင် သေဆုံးခဲ့ရသည်။ သူ၏မှတ်ချက်က အဖြစ်ဆိုးတယ် ဆိုရုံပဲလား။ ထရေစီ စိတ်ထဲက ပြောနေမိသည်။


"ဒီမှာ မစ္စတာ ရိုမာနို၊ ကျွန်မ အမေဟာ လိမ်လည်မှု ကျူးလွန်ပြီး အပြစ်ရှိနေတယ်လို့ ခရိုင်တရားသူကြီးက ထင်နေတယ်၊ အဲဒါ မမှန်ဘူးဆိုတာ ရှင် သိပါတယ်၊ ကျွန်မအမေ နာမည်မပျက်ဖို့အတွက် ရှင် ကျွန်မကို ကူညီစေချင်တယ်"


"အခုလို မာဒီဂရပ်စ် ပွဲတော်ရက် အတွင်းမှာ ကျွန်တော် အလုပ်ကိစ္စ မဆွေးနွေးပါဘူး၊ ဒါကတော့ ကျွန်တော့် ဘာသာရေး အရပါ"


ရိုမာနိုက ပခုံးနှစ်ဘက် တွန့်ပြလိုက်ပြီး ပြောသည်။ ထို့နောက် ဘား ကောင်တာဆီသို့ လျှောက်သွားပြီး အရက်စပ် လိုက်သည်။


"ခင်ဗျား အရက်နည်းနည်း သောက်လိုက်ရင် နေသာထိုင်သာ ရှိသွားမယ် ထင်တယ်"


ရိုမာနိုက ထရေစီအား ရေပိတ်စကား ပြောလိုက်ချေပြီ။ ထရေစီအဖို့ အခြားရွေးစရာလမ်း မရှိတော့။ ထရေစီသည် လက်ကိုင်အိတ်ကို ဖွင့်ပြီး ခြောက်လုံးပြူးကို ထုတ်ယူလိုက်သည်။ ရိုမာနိုအား ခြောက်လုံးပြူးနှင့် ချိန်လိုက်သည်။


"ကျွန်မအဖို့ နေသာထိုင်သာ ရှိမယ့်ကိစ္စကို ပြောပြမယ်၊ ဒီမှာ မစ္စတာ ရိုမာနို ...၊ ရှင် ကျွန်မအမေကို ဘယ်လို ကလိမ်ကကျစ်တွေ လုပ်ခဲ့တယ်ဆိုတာ ဝန်ခံဖြောင့်ဆိုချက် အတိအကျ ရေးပါ၊ ဒါမှ ကျွန်မ နေသာထိုင်သာ ရှိမယ်"


ဂျိုးဇက် ရိုမာနိုသည် ထရေစီဘက်သို့ လှည့်လိုက်ရာ သူ့ကို ချိန်ထားသော သေနတ်ကို မြင်သွားသည်။


"သေနတ်ပြောင်းဝကို တခြားဘက် လှည့်ထားစမ်းပါ၊ မတော်တဆ ကျည်ဆန် ထွက်သွားပါဦးမယ် မစ္စ ဝှစ်တနေ"


"ကျွန်မ ပြောသလို ရှင်အတိအကျ လိုက်မလုပ်ရင်တော့ သေနတ်ပြောင်းဝက ကျည်ဆန်ထွက်သွားမှာ သေချာတယ်၊ ကုမ္ပဏီပျက်စီးအောင် လူမွဲစာရင်း ကြေညာခံရအောင်၊ ကျွန်မအမေ သူ့ကိုယ်သူ သတ်သေအောင် ရှင် ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ ရှင် ဖြောင့်ချက် ရေးပေးရမယ်"


ဂျိုး ရိုမာနို သည် ယခုအခါ ထရေစီအား မျက်ခြည်မပြတ် ကြည့်နေရတော့သည်။


"တကယ်လို့ ငါက ဖြောင့်ချက် မပေးဘူးလို့ ငြင်းဆန်ရင်ကော"


"ဒါဆိုရင်တော့ ရှင့်ကို ကျွန်မ သတ်ရလိမ့်မယ်"


ပြောသာပြောလိုက်ရသော်လည်း သေနတ်ကိုင်ထားသော ထရေစီ၏ လက်မှာ တဆတ်ဆတ်တုန်နေသည်။


"မင်းဟာ လူသတ်သမားနဲ့ မတူပါဘူး မစ္စ ဝှစ်တနေ"


ဂျိုး ရိုမာနိုက ပြောရင်းနှင့် သူမဆီသို့ မသိမသာ လျှောက်လာသည်။ လက်ထဲတွင် အရက်ခွက်ကို ကိုင်လာသည်။ သူ့အသံမှာ ညင်သာပျော့ပျောင်းလွန်းလှသည်။


"မင်းအမေ သေတာနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။ ယုံပါကွာ ... ငါ ..."


ဂျိုး ရိုမာနိုသည် လက်ထဲရှိ ဖန်ခွက်ထဲမှ အရက်ဖြင့် ထရေစီမျက်နှာကို ဆတ်ခနဲ လှမ်းပက်ထည့် လိုက်သည်။


ထရေစီ မျက်လုံးထဲတွင် အရက်များကြောင့် ပူစပ်သွားစဉ်မှာပင် သူမလက်ထဲမှ သေနတ်မှာလည်း ရိုက်ချခံ လိုက်ရသဖြင့် အောက်သို့ လွတ်ကျသွားသည်။


"မင်းအမေက သူ့မှာ သမီးချောချော တစ်ယောက် ရှိတယ်ဆိုတာ ငါ့ကို ပြောပြမသွားဘူးကွာ"


ရိုမာနိုက ထရေစီအား လက်နှစ်ဘက်မှ နေပြီး ချုပ်ကိုင်ထားလိုက်သည်။ ထရေစီမှာ မျက်လုံးများ ပြာဝေ ကျိန်းစပ်နေပြီး အလွန်အမင်း တုန်လှုပ် ချောက်ချားလာသည်။ ရိုမာနို လက်ထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားသည်။ သို့သော် ရိုမာနိုက ထရေစီအား နံရံတွင် ကျောနှင့်ကပ်ပြီး သူက ရှေ့ဘက်မှ ဖိညှပ်ထားသည်။ ဂျိုးရိုမာနို၏ ရင်ဘတ်နှင့် နံရံကြားတွင် ထရေစီမှာ ပိတ်မိနေသည်။ ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ရိုမာနို၏ လက်နှစ်ဘက်ထဲမှ ရုန်းထွက်မရဘဲ ရှိသည်။


"မင်း တော်တော် ခံနိုင်ရည် ရှိသားပဲ၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ အခု ငါ့အလှည့်ပေါ့ကွာ၊ ဟဲ ... ဟဲ ... မင်းက စိတ်လှုပ်ရှားချင်လို့ ဒီကိုလာတာ မဟုတ်လား၊ ကောင်းပြီလေ၊ ဂျိုးက မင်းကို စိတ်လှုပ်ရှားမှု လေးတွေ ပေးရမှာပေါ့"


တအားကျုံးအော်ရန် ထရေစီ ကြိုးစားသော်လည်း အော်မရဘဲ ဖြစ်နေသည်။


"လွှတ် ... လွှတ် ... ရှင် ကျွန်မကို လွှတ်"


ဂျိုး ရိုမာနိုက မလွှတ်။ ထရေစီက အားကုန်ရုန်းနေဆဲ။


"မင်းကို ငါချစ်တယ် ထရေစီ"


"လွှတ်ပါ ... လွှတ်ဆိုလွှတ်နော်"


ဂျိုးက ထရေစီအား ကြမ်းပေါ်သို့ ဆွဲလှဲချလိုက်ပြီး အတင်းအဓမ္မ ဗလက္ကာရပြုရန် ကြိုးစားသည်။ ထရေစီက လက်နှစ်ဘက်ဖြင့် ဟိုတွန်းသည်ဖယ် လုပ်နေရာမှ သူ့ညာဘက်လက်က ကြမ်းပြင်ပေါ်တွင် ကျနေသော ခြောက်လုံးပြူးကို သွားထိသည်။


ထရေစီသည် ခြောက်လုံးပြူးကို လှမ်းယူဆုပ်ကိုင် လိုက်ပြီး တစ်မဟုတ်ချင်းမှာပင် သေနတ်သံတစ်ချက် မြည်ဟိန်း သွားသည်။


"အလို ... ဘုရားရေ"


ရိုမာနိုက အော်လိုက်သည်။ ထရေစီကို ချုပ်ကိုင်ထားသော သူ့လက်များက ပြေလျော့သွားသည်။ သူ့ခန္ဓာကိုယ်ကြီးက ဘေးသို့ လည်ကျသွာသည်။ ထရေစီက ကြောက်ကြောက်လန့်လန့်နှင့်ပင် ကြည့်နေမိသည်။


"မင်း ငါ့ကို ပစ်တယ် ... ငါ့ကို ပစ်တယ်၊ မင်း မိန်းမယုတ်"


ထရေစီသည် လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေသည်။ အဖျားတက်သလို ဖြစ်နေသည်။ မျက်လုံးကလည်း ကျိန်းစပ် နေသည်။ နောက်ဆုံး အားယူပြီး မတ်တတ်ရပ်လိုက်သည်။


မတ်တတ်ရပ်၍ ရသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ဘက်စွန်းရှိ တံခါးပေါက်ဆီသို့ ပြေးသည်။ တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခန်းမှာ ရေချိုးခန်း ဖြစ်နေသည်။ မျက်နှာသစ်သော ကြွေခွက်ဆီသို့ ဒရီးဒယိုင်နှင့် လျှောက်သွားသည်။ ကြွေခွက်ထဲသို့ ရေအေးများ ဖြည့်လိုက်သည်။ မျက်နှာကို ရေနှင့်သစ်ကာ မျက်လုံးအစုံကို ရေဖြင့် ဆေးကြောသန့်စင်လိုက်သည်။ မျက်လုံးမှ ကျိန်းစပ်မှုမှာ တဖြည်းဖြည်း လျော့သွားပြီး မျက်စိ အမြင်လည်း ပြန်လည် ကြည်လင်လာသည်။


နံရံကပ်မှန်ထဲသို့ ကြည့်လိုက်သည်။ သူမ မျက်လုံးမှာ နီရဲနေသည်။ အလို ... ဘုရားရေ ငါလူတစ်ယောက်ကို သတ်ခဲ့မိပြီ။ ထရေစီသည် ဧည့်ခန်းထဲသို့ ပြန်ပြေးလာသည်။


ဧည့်ခန်းကြမ်းပြင်ပေါ် တွင် ဂျိုး ရိုမာနို တစ်ယောက် လဲကျနေသည်။ အဖြူရောင် ကြမ်းခင်း ကော်ဇောပေါ် တွင် သွေးများ စွန်းထင်နေသည်။ ထရေစီသည် မျက်နှာ ဖြူဖပ်ဖြူလျော်နှင့် ရပ်ကြည့်နေမိသည်။


"ကျွန်မ စိတ်မကောင်းပါဘူး၊ ကျွန်မ ဒီလိုလုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး" ထရေစီ တစ်ယောက်တည်း ပြောလိုက်မိသည်။


လူနာတင် သူနာပြုကားကို ချက်ချင်း သတိရသွားသည်။ တယ်လီဖုန်းဆီသို့ ကသောကမျောသွားပြီး အော်ပရေတာ၏ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။ တယ်လီဖုန်းဖြင့် ပြောသော သူမအသံက ဆို့နစ်နေသည်။


"အော်ပရေတာ လူနာတင် ကားတစ်စီး ချက်ချင်း လွှတ်လိုက်ပါ။ လိပ်စာကတော့ အမှတ် ၄၂၁၊ ဂျက်ဆန် ရပ်ကွက်ပါ၊ လူတစ်ယောက် သေနတ်ပစ်ခံရလို့ပါ"


ထရေစီသည် တယ်လီဖုန်းကို ပြန်ချ ထားလိုက်ပြီး ဂျိုး ရိုမာနိုအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘုရားသခင်ထံ ဆုတောင်းလိုက်သည်။


"အို ... အဘဘုရားသခင်၊ သူ့ကို မသေပါစေနဲ့ အဖေဘုရားသခင်ရယ်၊ ကျွန်မ သူ့ကို သေစေရန် ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူးဆိုတာ အဖ ဘုရားသခင် သိတော်မူပါတယ်"


ထရေစီသည် ဂျိုး ရိုမာနို၏ ဘေးတွင် ကြမ်းပေါ်၌ ဒူးထောက် ထိုင်ချလိုက်သည်။ ဂျိုး ရိုမာနို အသက်ရှိမရှိ စူးစမ်းလိုက်သည်။ ဂျိုး၏ မျက်လုံးများက မှိတ်နေသည်။ သို့သော် သူ အသက်ရှူနေသည်။


"လူနာတင်ယာဉ် လာနေပါပြီ" ထရေစီက တိုးတိုးလေး ပြောလိုက်သည်။


ထို့နောက် သူမ ထွက်သွားတော့သည်။


ထရေစီသည် ဒရောသောပါး ပြေးသွားခြင်း မဟုတ်။ ပြေးသွားလျှင် မြင်သူများက သံသယ ဖြစ်မည်။ ထို့ကြောင့် ခပ်မှန်မှန် ခပ်သုတ်သုတ်သာ သွားသည်။


ထိုသို့ သွားရာတွင် အပေါ်ဝတ် ဂျာကင်အင်္ကျီကို ရင်ပတ်နှစ်ဘက်၌ စေ့ပြီး ကိုင်ထားသည်။ ဘလောက်စ် အင်္ကျီ စုတ်နေသဖြင့် လူမမြင်စေရန် ဂျာကင်အင်္ကျီနှင့် ဖုံးထားခြင်း ဖြစ်သည်။ ဂျိုး ရိုမာနိုအိမ်နှင့် လေးလမ်းခန့် အရောက်တွင် အငှားကားများကို လက်ပြတားခိုင်းသည်။ ပထမကားလေးစီးမှာ အငှားသမားများ ပါလာသဖြင့် ခေါ်၍ မရပေ။


ခပ်လှမ်းလှမ်းမှနေ၍ မော်တော်ကား ဥသြဆွဲသံ ကြားရသည်။ ထို့နောက် သူမရှေ့မှ ဖြတ်ပြီး လူနာတင် ယာဉ်တစ်စီး ဂျိုး ရိုမာနို အိမ်ဘက်သို့ မောင်းသွားသည်ကို မြင်ရသည်။ ဒီနေရာတစ်ဝိုက်မှ မြန်မြန် ပြေးတော့မှ ဖြစ်မည်ဟု သိလာသည်။ သူမရှေ့ မလှမ်း ထိုးရပ်လိုက်ပြီး ခရီးသည်များ ကားပေါ်မှ ဆင်းသွားသည်။ ထရေစီသည် ထိုကားဆီသို့ အပြေးအလွှား သွားသည်။


"ကား အားသလားရှင်" ထရေစီက ယာဉ်မောင်းကို မေးသည်။


"အားပါတယ်၊ ဘယ်သွားချင်လို့လဲ"


"လေဆိပ်ကို ပို့ပေးပါ"


"ကဲ ... တက်"


အငှားကားဖြင့် လေဆိပ်သို့ ထွက်လာရာတွင် ထရေစီသည် လူနာတင် ကားဆီသို့ စိတ်ရောက်သွားပြန်သည်။ လူနာတင်ကား အရောက်နောက်ကျလျှင် ဂျိုး ရိုမာနို သေနိုင်သည်။ အကယ်၍ ဂျိုး သေသွားလျှင် မိမိ လူသတ်သမား ဖြစ်သွားမည်။ ခြောက်လုံးပြူးမှာ ရိုမာနို အိမ်တွင် ကျန်ရစ်ခဲ့သည့် လက်ဗွေရာများ ထင်ကျန်ရစ်ခဲ့မည်မှာ သေချာသည်။


ရိုမာနိုက မိမိကို ဗလက္ကာရပြုရန် ကြံစည်သဖြင့် မိမိက ဟန့်တားရာတွင် မတော်တဆ ကျည်ဆန် ထွက်သွားခြင်း ဖြစ်ကြောင်း ရဲများအား မိမိ ရှင်းပြနိုင်ပေသည်။ သို့သော် ရဲများက ယုံမည်မထင်။ မိမိ ဝယ်ယူခဲ့သော သေနတ်မှာ ဂျိုး ရိုမာနိုဘေးတွင် ကျန်ရစ်ခဲ့ပြီ။ အခု အချိန်မည်မျှ ကြာသွားပြီနည်း။ နာရီဝက်လား တစ်နာရီလား။ မိမိ ဤနယူးအော်လင်းမြို့မှ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရပေမည်။


ဂျိုး ရိုမာနိုထံမှ ဖြောင့်ချက်ရရန် ကြိုးစားခဲ့ခြင်းသည် မိမိအမှားဖြစ်မှန်း သိလာသည်။ အားလုံး ဆက်တိုက် မှားခဲ့ပြီ၊ ဖြစ်ခဲ့ပျက်ခဲ့သမျှကို ချားလ်အား မိမိ မည်သို့ ပြောပြမည်နည်း။ ဖြစ်ကြောင်း ကုန်စင်ကို သိလျှင် ချားလ် အံ့သြသွားမည်။ သို့သော် မိမိ ရေရေလည်လည် ရှင်းပြလိုက်လျှင် သူ သဘောပေါက် နားလည် သွားပေ လိမ့်မည်။ ဘာဆက်လုပ်ရမည်ကို ချားလ် သိပေလိမ့်မည်။


နယူးအော်လင်း နိုင်ငံတကာ လေဆိပ်သို့ ရောက်သောအခါ ထရေစီ အံ့အားသင့်သွားသည်။ မနက်ကပင် မိမိ ဤလေဆိပ် အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ ယခု ဤနေရာသို့ ပြန်ရောက်နေချေပြီ။ သူမအဖို့ တစ်နေ့တာအတွင်း တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များက ထိတ်လန့် တုန်လှုပ်စရာချည်း ဖြစ်သည်။


ထရေစီသည် လေဆိပ်အဆောက်အအုံထဲသို့ ဝင်လာခဲ့သည်။ လူတိုင်းက မိမိအား သံသယအကြည့်ဖြင့် ကြည့်နေသည်ဟု ထင်မိသည်။ တကယ်တော့ ထရေစီအဖို့ ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ဖြစ်နေခြင်းသာ ဖြစ်သည်။ ဂျိုး ရိုမာနို အခြေအနေကိုလည်း သူမ သိချင်သေးသည်။ သို့သော် မည်သည့်ဆေးရုံ သို့မဟုတ် မည်သူမည်ဝါထံ ဆက်သွယ်မေးမြန်းရမည်ကို မသိနိုင်ပဲ ဖြစ်နေသည်။


ချားလ်နှင့် မိမိသည် မိခင်ဈာပနာအတွက် ပြန်လာမည်။ ဂျိုး ရိုမာနိုလည်း နေသာထိုင်သာ ရှိသွားလိမ့်မည်ဟု ထရေစီစိတ်ထဲမှ သွေးများ စီးကျနေသာ ရိုမာနို၏ မြင်ကွင်းကို စိတ်ထဲမှ အတင်း မောင်းထုတ် လိုက်သည်။ ချားလ်ထံ မြန်မြန်ရောက်အောင် သွားရပေမည်။


"ဖီလဒယ်ဖီးယားမြို့ကို ထွက်မယ့် လေယာဉ်လက်မှတ်တစ်စောင် လိုချင်လို့ပါ၊ ကမ္ဘာလှည့် ခရီးသည်ပါ"


ထရေစီ လက်မှတ်ရောင်းစာရေးကို ပြောလိုက်သည်။ စာရေးက ကွန်ပျူတာခလုတ်များကို နှိပ်ပြီး စစ်ဆေး ရှာဖွေပြီးနောက် ပြန်ပြောသည်။


"လေယာဉ်ခရီးစဉ် အမှတ်စဉ် ၃၀၄ ထွက်လိမ့်မယ်၊ ခင်ဗျား ကံကောင်းတယ်၊ လက်မှတ် တစ်စောင်ပဲ ကျန်တော့တယ်"


"ဘယ်အချိန် ထွက်မှာလဲရှင် ..."


"နောက်ထပ် မိနစ် (၂၀) ကြာရင် ထွက်တော့မယ်၊ ခင်ဗျား လေယာဉ်ပေါ် ရောက်မှာနဲ့ အချိန်ကိုက်လောက်ပဲ နေမှာပါ"


ထရေစီ လက်ကိုင်အိတ်ကို ဖွင့်လိုက်ချိန်တွင် သူမ၏ ဘေးနှစ်ဘက်၌ ယူနီဖောင်းဝတ် ရဲအရာရှိ တစ်ဦးစီ ရောက်လာသည်ကို သိလိုက်ရသည်။ အရာရှိတစ်ဦးက မေးလာသည်။


"ခင်ဗျား ထရေစီ ဝှစ်တနေလား"


ထရေစီအဖို့ ချက်ချင်းပင် နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရသည်။ ထရေစီ မဟုတ်ပါဟု ငြင်းလျှင် မိုက်မဲရာသာ ကျပေမည်။ ထို့ကြောင့် အမှန်အတိုင်း ပြောလိုက်သည်။


"ဟုတ်ပါတယ် ..."


ထရေစီကို လက်ထိပ် ခတ်လိုက်သည်။ သူမ လက်ကောက်ဝတ်တွင် လက်ထိပ်သံမဏိ၏ မာကျော အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။


(ဆက်ရန်...)


-------------

ဝင်းဖေဝင်း

Friday, August 12, 2022

စာဆိုတော် (အပိုင်း - ၄)

အထိန်းတော်ကြီး ခင်ဘွားသစ်လည်း စုဖုရား စံတော်မူရာ မှန်အဆောင်တော်ထဲမှ လာပြီး အပြင်ဆောင်များတွင် အသီးသီး သင်္ကန်းချုပ်နေကြသော အပျိုတော်လေးများနှင့် စုဖုရားအတွက် ၀တ်လဲတော် နံသာပန်းမန်များ ပြင်ဆင်လျက်ရှိကြသည့် အပျိုတော်များအား စီမံဆော်သြရန် ရှိသည်များကို ကြည့်ရှုစီမံကာ


''ခါနွေတို့ ခါဘုန်းတို့ စုထားဖုရားအဆောင်တော်နားမှာ နီးနီးကပ်ကပ် ခစားကြ၊ ခင်လှကြီးနဲ့ ခင်မှုံကလည်း သင်္ကန်းချုပ်တဲ့ကိစ္စ စိတ်ချရအောင် ကြီးကြပ်နှိုးဆော်လိုက်ပါ၊ စာတော်ပြန်ပွဲ နီးလာပြီ၊ ရက်လောက်သာလိုတော့တယ်၊ ခင်ဘွားသစ်ကလည်း ချုပ်ပြီးတဲ့သင်္ကန်းများကို ပိန္နဲရည်ဆိုးစရာ မဟာဒါန်၀န် မောင်မြတ်သာထံ ပို့ရန် အနောက်၀န်မင်းထံက အစီရင်ခံစာ မလာသေးဘူးလားလို့ မိန်းမစိုး မောင်ရွှေတောင်ကို စေလွှတ် မေးခိုင်းလိုက်ပါ၊ ငါ မယ်တော်ကြီးဖျား အဆောင်တော်ကို အခစား၀င်ချေဦးမယ်၊ ငါပြန်မလာမီ အရှင်ထိပ်စုမြတ်ဖျားအပါးမှာ မလစ်လပ်ရအောင် အလှည့်ကျ ခစားနေကြ"


ပြော၍ အပျိုတော်များ "တင်ပါ့"ဟု လိုက်ကြစဉ် ခင်ဘွားသစ်သည် နောက်ပါ လက်ပါးစေငယ် နှစ်ယောက်ကို ခေါ်လျက် အလယ်နန်းမတော် ဖုရားအဆောင်တော်သို့ အခစားထွက်သွားလေ၏။

    

အဆောင်တော်တွင် ကျန်ရစ်သော အပျိုတော်များလည်း အချို့က စုဖုရား အဆောင်တော်တွင်းသို့ ၀င်ရောက်ခစားကြလျက်၊ အချို့ကလည်း သင်္ကန်းချုပ်မြဲချုပ်၍၊ အချို့ကား အ၀တ်တော်များ နံ့သာပန်းမန်များ စုဖုရားအတွက် ပြုပြင်စီမံလျက် ရှိကြလေ၏။


သင်္ကန်းချုပ်သောဝိုင်းတွင် ခင်မြတ်မင်းဆိုသော အပျိုတော်တယောက်က အနီးရှိ ခင်တုတ်အား နားနားသို့ကပ်ကာ တီးတိုးလေသံနှင့်


"မမတုတ်ရဲ့ အခုတလော အထိန်းတော်သခင်ကြီးဟာ မြို့ပြင်ကို ကိစ္စရှိတယ်ဆိုဆိုပြီး မကြာခဏ ထွက်တယ်၊ ပြန်လာပြီဆိုမှဖြင့်လည်း အဆောင်တော်ထဲမှာ ထိပ်စုမြတ်ဖုရားနဲ့ နှစ်ယောက်တည်း တိုးတိုး တိုးတိုးနဲ့ ဘာတွေ လျှောက်တင်နေမှန်းမသိဘူး၊ ကျွန်မတော့ လျှို့ဝှက်တဲ့ အကြောင်းထူးတခုခု ရှိပြီထင်တယ်"


ပြောလျှင် ခင်တုတ်က လက်ကုတ်၍ တီးတိုးလေသံနှင့်ပင်


"အို… ခင်မြတ်မင်း၊ ကိုယ်နဲ့မဆိုင်ရာမှာ ဘာဖြစ်လို့ စကားပေါက်ရှာ ပြောချင်ရသလဲ၊ ကြမ်းကြား လေကြား အထိန်းတော်သခင်ကြီး ကြားသွားမှ ထိပ်စုမြတ်ဖုရားကို သံတော်ဦးတင်လို့ မမတို့ ခင်မြတ်မင်းတို့ ဒုက္ခရောက်နေပါဦးမယ်၊ ဒါမျိုးတွေ နောက်မပြောနဲ့၊ ဟောဟိုက ပန်းပေါင်းကြိတ်နေတဲ့ ခင်မကြီးရဲ့အနားများ ဒီစကားမျိုး သွားပြောမိရင်အခက်ပဲ။ ဇိုးခနဲ၊ ဇပ်ခနဲ၊ ဇက်ရဲလက်ရဲ တကယ်လည်း သတ္တိကောင်းတဲ့ မဖယောင်းကလည်း သူ့ကြည့်ရတော့ သေးသေးကွေးကွေးနဲ့ ကြမ်းရမယ်ဆိုတဲ့နောက် ငါးစိမ်းသည်က အစ်မခေါ်လောက်တယ်နော်၊ ထိပ်စုမြတ်ဖုရားကလည်း စိတ်တော်ကမြန် ခင်မကြီးကလည်း ငြိုတော်မူတယ်ဆိုရင် သူက အရင်၀င်ပြီး မျက်နှာလိုအားရ တပါးကျွန်ပီပီ အမှုဆောင်လိုက်တာကြီးပဲ၊ ဒါတွေကြောင့်လည်း အရှင်ထိပ်စုမြတ်ဖျားက အပျိုတော်တွေထဲမှာ သူ့ကို အများကြီး လက်စွဲပြုလို့ ဂရုစိုက်တော်မူနေတယ်၊ ကြောက်ပါတယ် ခင်မြတ်မင်း၊ မင်းခစား ကမ်းနားသစ်ပင်တဲ့၊ သေချင်ရင် နေ့လားညလား မင်းတို့မျက်စောင်း အကြောင်းသုံးပါးမရွေးဘူးတဲ့"


ပြောလိုက်သဖြင့် ခင်မြတ်မင်းမှာ တစိမ့်စိမ့် တွေးကြောက်လာသောကြောင့် နောက်ထပ် စကားမစဝံ့ဘဲ


"ဟုတ်ကဲ့မမ၊ မမသတိပေးတာ အင်မတန်ကျေးဇူးတင်ပါတယ်။ ခင်က ရုတ်တရက်ဆိုတော့ ကိုယ့်ဘေးကို မစဉ်းစားမိဘဲ စိတ်ထဲရှိတာ လွှတ်ခနဲ ထွက်သွားမိပါတယ်၊ နောက်မပြောဝံ့ပါဘူး မမရယ်"


ဆိုကာ သင်္ကန်းကို သဲသဲမဲမဲ အားခဲချုပ်နေရှာလေ၏။


အဆောင်တော်တွင် တပါးတည်း စံတော်မူနေရစ်သော စုဖုရားလည်း လက်မှကိုင်တော်မူသော ရွှေပြားကို မနားတမ်း ရှုစားတော်မူလျက်ရှိစဉ်  အပျိုတော်ခင်ဘုန်း ၀င်လာသဖြင့် ရွှေလွှာတော်ကိုချပြီး ပုတီးပန်းမန် လိမ်းကျံခြယ်တော်မူရန် မှန်ခုံတော် ရှိရာသို့ ထွက်လာလျက် ခင်ဘုန်းအား အ၀တ်အစားအသစ်များ လဲလှယ်ဆင်ယင်ပေးစေပြီးလျှင် လက်စွဲအချစ်တော်ဖြစ်သော အပျိုတော်ခင်မကြီး ပြုပြင် ဆက်သသော ပန်းပေါင်းပုတီးကို ဆင်တော်မူကာ အပြင်ဆောင်တော်သို့ ထွက်တော်မူလာပြီး သင်္ကန်းချုပ်လုပ်နေသည့် အပျိုတော်များကို ရှုစားတော်မူလျက်


"ရက်နီးလှပြီး ခင်လှကြီးနဲ့ ခင်မှုံတို့ရဲ့၊ နောက်တသီတင်းလွန်လျှင် နယုန်လ ဆန်းတော့မယ်၊ ခပ်မြန်မြန်ကလေး ကြိုးစားလိုက်ကြပေတော့၊ 'ကုသိုလ်ရေးမို့ ကြိုးစားပါ၊ ကျွန်မတို့မှာ ချွေးတလုံးလုံး' ဆိုတဲ့ သံချပ်ကို ခင်လှကြီးက ကြပ်ကြပ်ရွတ်နော်"


ကြည်ကြည်သာသာ မိန့်တော်မူလေရာ အပျိုတော်များမှာ ညောင်းညာပင်ပန်းလှသည်ကိုပင် သတိမရနိုင်ဘဲ စုဖုရားမျက်နှာတော်ချိုသဖြင့် အလိုလို ၀မ်းမြောက် အားတက်နေကြပြီး ခင်လှကြီးကပင် "ဘုရား ကျွန်မများ နေ့မအား ညမအား ကြိုးစားချုပ်ကြပါတယ်ဘုရား၊ ပြီးနေတဲ့သင်္ကန်းတော်များ အဆောင်တော်နံရံမှာ တောင်ကမ်းပါးကြီးလို မြင့်နေပါပြီ၊ ရှုစားတော်မူပါဘုရား၊ နောက်ထပ်ချုပ်ရန် သင်္ကန်းတော် အထည်နှစ်ဆယ်လောက်သာ ကျန်ပါတော့သဖြင့် လှူဒါန်းတော်မူရန် အချိန်အခါမလင့် အဆင်သင့် ရနိုင်ပါပြီ ဘုရား"


သွက်လက်စွာ လျှောက်ထားသဖြင့် စုဖုရားမှာ ၀မ်းမြောက်၀မ်းသာနှင့် အပျိုတော်များကို ချီးမွမ်းစကား မိန့်ကြားလျက် အတွင်းဆောင်တော်ဘက်သို့ ၀င်တော်မူလာ၍ သလွန်တော်ပေါ်တွင် ကျုံ့ကျုံ့ကလေး ထိုင်တော်မူပြီး ခင်မကြီးကို အနီးသို့ ခေါ်တော်မူကာ


"သစ်သစ်လည်း မယ်မယ်ဖျားအဆောင်တော်ကို အခစား၀င်သွားတာ ကြာလိုက်တာနော်၊ ခုတောင် ပေါ်မလာသေးဘူး၊ မယ်မယ်ဖျားထံတော်မှာ ဘာတွေလျှောက်ရှည်ပြီး နေပါလိမ့်မလဲ၊ သစ်သစ်တယောက် သောကြာသမီးပီပီ နေရာတကာ အလျှောက်အထားနဲ့ စကားမရှည်ရရင် ပြီးတဲ့မိန်းမကြီး မဟုတ်ဘူး"


တပါးတည်း ညည်းညူသကဲ့သို့ ညည်းတော်မူရာက 


"အို……. ပျင်းတော်မူလိုက်ပါဘိ၊ ဟဲ့……. ခင်မကြီး ဟိုကပ်ပေါ်က အရီးတော် လှိုင်ထိပ်ထားဘုရား ရေးသားတော်မူတဲ့ ဣန္ဒာဝံသဇာတ်တော်ကြီးယူပြီး ညည်းဖတ်ချင်တဲ့နေရာက စဖတ်စမ်း"


အမိန့်တော်ရှိရာ သွက်လက်ချက်ချာ လိမ္မာနူးနပ်လှသော အပျိုတော်ခင်မကြီးလည်း ပုရပိုက်ကိုတင်၍ ဖွင့်လိုက်လျှင် ဣန္ဒာဝံသမင်းသားနှင့် နှမတော်ပဂုတာရီ မင်းသမီးလေးတို့ ပန်းခုံတော်နံဘေးတွင် ရှေးဦးစွာ တွေ့မြင်တော်မူခန်းကို တွေ့မြင်ရလျှင် ခင်မကြီးသည် ထိုနေရာကပင် စတင်၍ ဖတ်လျှောက်နေလေရာ စုဖုရားလတ်လည်း စိတ်တော်ထဲတွင် အနည်းငယ် ၀င်စားစပြုလာသောကြောင့် အာရုံစူးစိုက် နှစ်ခြိုက်စွာ ရွှေနားဆင်လျက်ရှိလေ၏။


ပဂုတာရီမင်းသမီးလေးမှာ အသက်တော်ငယ်ငယ် အရွယ်တော်မရောက်တရောက်တွင် ခမည်းတော် မယ်တော်များ၏ ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူခဲ့သော ဝါသနာအတိုင်း အထိန်းတော်ကြီး မြမဟေနှင့် ရံရွှေတော်တို့အပေါ်တွင်လည်း အနည်းနည်းအဖုံဖုံ ကြုံတော်မူသလို ဆိုးနွဲ့တော်မူနေပုံများမှာ မိမိပြုမူနေတော်မူပုံနှင့် များစွာတိုက်ဆိုင် ဆီလျော်နေတော်မူသောကြောင့် စိတ်တော်တွင်းမှ တပါးတည်း ပြုံးတော်မူမိကာ 


"အင်း………ဒီနေရာများတော့ အရီးတော် လှိုင်ထိပ်ခေါင်တင်ဘုရားက ငါ့ကိုများ စောင်းရေးတော်မူရော့သလား ခင်မကြီးရယ်၊ ငါလည်း ငယ်ငယ်ကစပြီး အချိန်အရွယ်ကျအောင် အထိန်းတော် သစ်သစ်အပေါ် တော်တော်ဆိုးတော်မူခဲ့မိတယ်၊ ဒီအမယ်ကြီးကိုကလည်း ငါမဆိုးဆိုးအောင် ငါမနွဲ့နွဲ့အောင် အားပေးတိုက်တွန်းနေသလို နေ့ညမဆို အမြဲအလိုတော်လိုက်ပြီး စိတ်ကြိုက်ကို ချော့ချော့နေရှာတာပဲ၊ ငါ့မှာလည်း သစ်သစ်ရဲ့အချော့မော့ အယုအယတွေကို ခံတော်မူရလွန်းအားကြီးပြီး တခါတလေများ ကိုယ့်ကိုယ်ကိုယ်ပင် တကယ့်ကလေးဆိုးကြီးလို အထင်တော်မှားမိသေးတယ်"


ဖြတ်၍မိန့်တော်မူလိုက်ရာ စာတော်ဖတ် ခင်မကြီးကလည်း အနည်းငယ်ပြုံးလျှက်


"မှန်ပါဘုရား၊ ဒီနေရာများတော့ အရှင်ထိပ်စုမြတ်ဖျားနဲ့ တသားတည်းကျနေတာပဲ၊ အရီးတော် လှိုင်ထိပ်ခေါင်တင်ဘုရားက အရှင်ထိပ်စုမြတ်ဖျား ဆိုးနွဲ့တော်မူတဲ့ပုံများ ဘယ်ဆီကနေ သတင်းကြားတော်မူသွားတယ် မတင်တတ်ပါဘုရား"


ပြန်လျှောက်ရာ


"ကဲ……ကဲ ရှေ့ဆက်ပြီး ဖတ်လျှောက်စမ်းပါအုံး"


မိန့်တော်မူပြန်သည့်အတိုင်း ခင်မကြီးလည်း ပုရပိုက်ကြီးကို တရွက်ပြီးတရွက် လှန်ကာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားနှင့် လေသွားလေယူမှန်မှန်၊ နန်းသံထီးသံနှင့် စနစ်တကျ ဖတ်လျှောက်နေလေရာ ထိပ်စုဖုရားလတ်မှာလည်း စာတော်ထဲတွင် စိတ်၀င်စားအားကြီးစွာနှင့် လေးနက်စွာ ရွှေနားတော်ဆင်လျက် ရှိလေ၏။


ရှေးယခင်အခါများကမူကား ကလေးငယ်အလား အထွေအထူး အာရုံမပွားသဖြင့် အထိန်းတော် ခင်ဘွားသစ်၏လက်ရိုး ရှေးစကားဖြစ်သော ရွှေယုန်၊ ရွှေကျား၊ သက်ကယ်ရိတ်သွားကြခြင်းနှင့် ငန်းတော် ရေမြွေမင်းသားနှင့် မဒွေးတို့အကြောင်း၊ ကမ္ဘာလိပ်မကြီးအကြောင်းတွေလောက် နှစ်သက်တော်မမူသောကြောင့် ဖုံထူထပ်စွာ ပစ်စလက်ခတ်ထားခဲ့စေသော ဣန္ဒာဝံသ၊ ဝီဇယကာရီ၊ သိင်္ဂီ၊ အီနောင် စသော ဇာတ်တော်ကြီးပုရပိုက်များကို တခါတရံ အပျင်းတော်ပြေ ဖတ်လျှောက်နေကြသည့် တိုင်အောင်လည်း စိတ်တော်ထဲတွင် စွဲစွဲလမ်းလမ်း ရှိတော်မူခဲ့လှချေ။


ယခုအခါတွင်မူ အချစ်တည်းဟူသော ဓာတ်သဘာဝကြောင့် အစစ စိတ်ပြောင်းနွဲ့၍ လေတွဲ့သောသဇင်ခက်ကဲ့သို့ ရွှင်တချက် ပြုံးတချည် အလီလီလှုပ်ရှားပြီး စိတ်ကူးတော်များလည်း ကျယ်၀န်းစွာ နယ်ချဲ့သွားလေသည်။


ဆိုးနွဲ့တော်မူတတ်ရှာသော ပဂုတာရီမင်းသမီးလေးအကြောင်းကို နှိုင်းဆတော်မူတတ်လာရုံမက ခင်မကြီးကလည်း တောက်လျှောက်ကြီး ဆက်ဖတ်သွားရာ 


ပဂုတာရီမင်းသမီးကလေးသည် ပန်းခုံတော်အတွင်း၌ ???? အထိန်းတော်၊ အချီတော်၊ ရံရွှေတော်အများနှင့် ပန်းသီကုံးရင်း အပျင်းပြေစံတော်မူ၏။ ရွှေနန်းတော်ကြီးသို့ အခစား၀င်ရန် ပန်းခုံတော်အနီးမှဖြတ်၍ ထွက်တော်မူလာသော မောင်တော် ဣန္ဒာဝံသမင်းသားသည် နှမတော်ပဂုတာရီကို ရှေးဦးစွာ တွေ့မြင်တော်မူခန်းမှစပြီး ပဂုတာရီမင်းသမီးနှင့် ဣန္ဒာဝံသမင်းသားတို့ အချစ်တော် စုလျားညီ၍  နှစ်ပါးကြည်တော်မူခန်း။


မင်းသားအပေါ်တွင် မင်းသမီးကလေး အမျိုးမျိုး နွဲ့ဆိုးဆိုးတော်မူခန်း။


ဣန္ဒာဝံသမင်းသားကလည်း နှမတော် ပဂုတာရီ မင်းသမီးကလေးအပေါ်တွင် အသက်တမျှ ချစ်ခင်၍  အစစ ကြင်နာယုယတော်မူခန်း။


ခမည်းတော်၊ မယ်တော်များကလည်း သားတော်ကြီးနှင့် သမီးတော်ကလေးတို့အား ယုံစား ချစ်ခင်တော်မူကြရင်းအတိုင်း ဣန္ဒာဝံသမင်းသား တတိုင်းတပြည်သို့ စစ်ချီထွက်ရာ၌ပင် ပဂုတာရီ မင်းသမီးလေးအား အလိုတော်အတိုင်း ယောက်ျားအသွင် ဆင်ယင်လိုက်ပါသွားတော်မူစေခြင်းဖြင့် ရောက်ရာတောစခန်းတို့တွင် ပျော်ရွှင်စွာ တဦးကိုတဦး ကြင်နာယုယတော်မူခန်း။


တတိုင်းတပြည်မှ သမီးကညာ ရတနာများကို ဣန္ဒာဝံသမင်းသားက လက်ခံသိမ်းပိုက်တော်မူရသောအခါ နှမတော် ပဂုတာရီမင်းသမီးကလေးအား အမျိုးမျိုးအဖုံဖုံ လှည့်ပတ်ဖျောင်းဖျ ချော့မော့ရပုံ၊ မင်းသမီးလေး ဆိုးဆိုးနွဲ့နွဲ့နှင့် မောင်တော်ကိုအရွဲ့တိုက်ပုံ၊ မင်းသမီးကလေးအတွက် ဣန္ဒာဝံသမင်းသားမှာလည်း ပူဆွေးဒုက္ခကြီးစွာ ဖြစ်တော်မူရပုံမှစ၍ နောက်ဆုံးတွင် ပဂုတာရီမင်းသမီးကလေးသည် မောင်တော် ဣန္ဒာဝံသမင်းသားအပေါ်တွင် မည်မျှ ဆိုးနွဲ့တော်မူခဲ့စေကာမူ အလိမ္မာသဘောပြည့်၀သူကလေးဖြစ်သည့်အတိုင်း အရွယ်တော်နှင့်မမျှအောင် အလိုက်သိစွာ အခွင့်အရေးပေးတော်မူလိုက်ပုံများကို နားဆင်တော်မူရသောအခါ ကိုယ်ရေးကိုယ့်ကိစ္စနှင့် နှိုင်းချိန် စဉ်းစားတော်မူမိသည်။


မိမိမှာလည်း ပဂုတာရီ မင်းသမီးကဲ့သို့ ဆိုးနွဲ့တော်မူလာသူဖြစ်သည်အတိုင်း သီပေါမင်းသားကိုလည်း ဣန္ဒာဝံသမင်းသားနှင့် နှိုင်းယှဉ်တော်မူမိကာ အတွေးနယ် ကျယ်သည်ထက် ကျယ်လာတောမူသောကြောင့် ပဂုတာရီ မင်းသမီးက ဣန္ဒာဝံသမင်းသားအပေါ်တွင် ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူသကဲ့သို့ပင် မောင်တော် သီပေါမင်းသားအပေါ်မှာလည်း ချစ်အားကိုးနှင့် ဆိုးနွဲ့တော်မူချင်သယောင်ယောင် ဖြစ်တော်မူကာ အဖြာဖြာတွေး၍ တရေးရေး စိတ်ကူး ထင်မြင်တော်မူလေ၏။


"ဟဲ့…….ခင်မကြီးရဲ့၊ ပဂုတာရီ မင်းသမီးကလေးဟာ နေရာတကာ ဆိုးချင်တိုင်းဆိုး နွဲ့ချင်တိုင်း နွဲ့တော်မူခဲ့ပေတဲ့ တကယ့်တကယ်ဆိုတော့ သူ့မောင်တော် ဣန္ဒာဝံသမင်းသားက မယားတွေအများကြီး ယူထားတာကိုတော့ လက်လျှော့ကာ အရှုံးပေးပြီး ပြုံးပြုံးကလေး ကျေနပ်တော်မူရပါကလား"


မိန့်တော်မူလျှင် ခင်မကြီးက


"မှန်လှပါဘုရား၊ ပဂုတာရီ မင်းသမီးကလေးကလည်း ကိုယ်ချင်းစာတရားနဲ့ သနားတော်မူတတ်တာတကြောင်း၊ မောင်တော် ဣန္ဒာဝံသမင်းသားက အချော့အမော့ ကောင်းတော်မူတာကတကြောင်း၊ ဟို………မင်းသမီးတွေကလည်း မောင်တော်က မင်းသမီးကလေးကို ပိုမိုအရေးပေးထားမှန်းသိတော့ ငယ်ရွယ်သူဆိုတာ အလိုက်သင့်ချော့ပေါင်းရင် ပြီးနိုင်ကြောင်း သိတဲ့အတွက် သနားအောင် ကပ်ပေါင်းထားတော့ သူ့ခမျာ ဟိုအားနာရ ဒီအားနာရနဲ့ အလိုလို သက်ညှာတော်မူချင်တဲ့စေတနာတွေ ပေါ်ပေါက်လာရှာတယ် ထင်ပါ့ဘုရား"


လျှောက်ရာ ထိပ်စုဖုရားလတ်လည်း အတန်ငယ် စဉ်းစားတော်မူနေရာက


"ဟာ…..ငါတော့ ဒီနေရာမျိုးမှာ သူ့လို စိတ်ရှည်တော်မူနိုင်မှာ မဟုတ်ပါဘူးကွယ်"


စိတ်ထင်တော်မူရာ လွှတ်ခနဲ မိန့်တော်မူလိုက်သောအခါ အရှင်သခင်၏ လိုတော်လိုက်၍ အကြိုက်ကျကျ ခစားတတ်လှ၍ မျက်နှာလိုမျက်နှာရ အကျိုးတော်ဆောင်ရာတွင် မည်သူမုန်းမုန်း စုဖုရားပြုံးလျှင် ကျေနပ်နေကျဖြစ်သော ခင်မကြီးမှာ


"ပဂုတာရီ မင်းသမီးလေးမှာ ဘုရားကျွန်မလို အပျိုတော်မျိုးတယောက်လောက် ရှိစမ်းစေချင်လှတယ်ဘုရား၊  ဣန္ဒာဝံသမင်းသားအနီးမှာ ဘယ်မင်းသမီးမှ မကပ်နိုင်အောင် အကျိုးတော် ဆောင်ပြလိုက်ချင်စမ်းလှပါတယ်"


ဒေါသဟန်ပါပါနှင့် လျှောက်တင်လေရာ စုဖုရားက အနည်းငယ်ပြုံး၍


"သြော်……..အင်း…… ဒါဖြင့် ခင်မကြီးက ပဂုတာရီမင်းသမီးကလေးရဲ့ အပျိုတော်တဦးဖြစ်ပြီဆိုပါတော့။ ကဲ……ဘယ်နည်းနဲ့ ဟိုမင်းသမီးကို မင်းသားအပါး မကပ်နိုင်အောင် အကျိုးတော်ဆောင်ပြမည်တုံး"


ဟုမိန့်တော်မူလေ၏။ ခင်မကြီးလည်း 


"ဖျာ့ကျွန်မဆိုတဲ့ ဖျာ့ကျွန်မက ကိုယ့်အရှင်သခင်ကလွဲရင် ဘယ်သူ့ကိုမှ လူမထင်တဲ့ အကောင်မဘုရာ့၊ 'ပျော့ရာမှာ ဖယောင်း၊ မာရာမှာ သံချောင်း' ဆိုတဲ့ အစားမျိုးကလား၊ တပါးကျွန်သက်သက်မို့ သခင့်မျက်နှာရမဲ့အလုပ်ဆိုရင် ဘာမဆို စွန့်စွန့်စားစား လုပ်ဝံ့ပါရဲ့၊ အပိုအမို အငယ်အနှောင်း ဆိုရင် အင်မတန်မုန်းပြီး နှလုံးအနာကြီးနာတတ်လှပါတယ်ဘုရား"


(စကားမဆုံးမီ ခပ်ပြုံးပြုံးနှင့် စုဖုရားက)


"ဟုတ်ပါပြီ၊ အငယ်အနှောင်းကို မုန်းလို့ ဘယ်လိုများ စီရင်သတုံး၊ ငါမေးတာ တင်စမ်းပါအုံးဟဲ့"


"မှန်လှပါဘုရား၊ အငယ်အနှောင်းဆိုတဲ့ မင်းသမီးတွေရဲ့အဆောင်ကို နေ့ကြောင်တောင် ၀င်၊ ထဘီတိုတို ပြင်၀တ်၊ ဇွတ်အဓ္ဓ ဆံပင်ဆွဲ သူ့ကိုယ်ကို ခွလွှဲလို့ တခါတည်း ခဝါဆောင့်ဆောင့်ပြီး ဟဲ့ ...... မင်းသမီး လင်ငတ်ဦးမလား ........"


(လျှောက်တင်ချက်မဆုံးမီ စုဖုရားက)


"ဟဲ့ ..... ခင်မကြီး၊ တန်တန်မဟန်ပါဘူး၊ ညည်းဟာက ကြမ်းလှချည့်လား၊ ဟိုဟာတွေက တကယ့်တိုင်းကြီးပြည်ကြီး တထီးတနန်းက ထီးဆောင်းဘုရင်ရဲ့သမီးတော်တွေပါ၊ ညည်းလုပ်မှာက  တံငါဖယောင်းရဲက အကျင့်စရိုက်နဲ့ မိုက်မိုက်ရိုင်းရိုင်း ရှိလှတယ်"


ပြုံးရယ်ကျေနပ်စွာ မိန့်တော်မူလေရာ ခင်မကြီးက ဆက်လက်ပြီး 


"ဒီနည်းရိုင်းတယ်ဆိုရင် သည့်ပြင်တနည်း လျှောက်တင်ပါဦးမည် အရှင်ထိပ်စုမြတ်ဖျား၊ ရွှေနားဆင်တော်မူပါဘုရား"

    

စု။       

(ပြုံးတော်မူလျက်ပင်)

"ဟင် ..... ဘာများ တမျိုးဆန်းပြီး ဘီလူးမ ပတ်ကြမ်းတိုက်ဦးမယ်လို့လဲ၊ ကဲ .... ကဲ လျှောက်တင်စမ်းပါ"


ကြီး။     

"ဒီလိုဘုရား၊ ခုနကနည်းက ကြမ်းတမ်းပါလျှင် နုနုနှင့် အမည့်ခြွေခြွေတဲ့ နည်းပါဘုရား။ အကောင်းဆုံး အစွမ်းဆုံး အောက်လမ်းဆရာ၊ ထဘီခြုံဆရာတယောက်ယောက်နဲ့ ခြေရာကောက် ရိပ်ဖမ်းသံဖမ်း၊ စုန်းတိုက်၊ အင်းမြှုပ်၊ ရုပ်ထားနာမ်ထား၊ ငိုသံကြားဆိုတဲ့နည်းတွေနဲ့ အပြီးသတ် စီရင်၊ သို့မဟုတ်လို့ တိုတို တုတ်တုတ်ကလေးနှင့် ကိစ္စချောပြီး တတောလင်းသွားစေလိုလျှင် တိုက်မြွေနဲ့ပဲ ပေါက်သတ်ခိုင်းလိုက်မယ်ဘုရား၊ ဘယ့်ကလောက်များ ယဉ်ပါသလဲ၊ ဘယ်သူမှလည်း မသိရဘူး ဘုရာ့"


စု။      

"ဟဲ့ကောင်မ ...... လွန်လွန်းလှချေလား၊ ခင်မကြီး ခင်မကြီး နင်လေ ရုပ်ကလေးက သေးသေးနွဲ့နွဲ့၊ တကယ့်သိမ်မွေ့ပါဘိသနဲ့။ နင့်စိတ်ဟာက ရုန့်ကြမ်းလှချေလား၊ နင် ဒီစကားတွေ တကယ်စိတ်ထဲပါလို့ ပြောတာလား၊ ငါကတော့ အပျင်းတော်ပြေအောင် တောင်စဉ်ရေမရ မေးတော်မူနေတယ်၊ နင် တကယ်မနောကံမြောက်ရင် အဝီစီရောက်မှာ မကြောက်ဘူးလား"

    

ပြုံးရင်း မိန့်တော်မူ၍

    

ကြီး။      

"တင်ပါ၊ ပဂုတာရီမင်းသမီးဆိုတာလည်း အဟုတ်မရှိ၊ ဣန္ဒဝံသမင်းသားဆိုတာလည်း တကယ်မရှိ၊ ဘုရာ့ကျွန်မလည်း တကယ့်သူတို့အပျိုတော်မှ မဟုတ်ဘဲ။ အဝီစိက ငရဲမင်းကြီးကို ဘွာခပ်လိုက်ပါမယ်ဘုရား"

    

စု။          

(ပြုံးတော်မူကာ) 

"အင်း ..... နင့်ဆင်ခြေနဲ့ နင်? လွတ်စေ လွတ်စေ" 


အပျင်းတော်ပြေ အပြန်အလှန် မိန့်ဆိုလျှောက်တင်နေကြစဉ် မယ်တော်ဆောင်သို့ အခစား၀င်သွားသော အထိန်းတော်ကြီး ပြန်ရောက်လာပြီး ပါလာသောရွှေကလပ်ကြီးနှင့်တကွ စုဖုရားအနီး ခစားမိလေ၏။

    

စု။       

"သစ်သစ်ကြီး ပြန်ရောက်လာပြီလား"

    

သစ်။       

"တင်ပါဘုရား၊ ဟောဒီရွှေကလပ်တော်ကြီးကို ရှုစားတော်မူပါ၊ စုထားဖုရား ဆင်တော်မူစရာ ရတနာလက်၀တ်တော်အမျိုးမျိုးပါ ဘုရား"


လျှောက်ကာ ခင်ဘွားသစ်က ရွှေကလပ်ဖုံးကိုဖွင့်ပြီး အတွင်းက ကရက်မက်သား သေတ္တာကလေးကိုကိုင်လျက် စုဖုရားလတ်သို့ ဆက်သလေ၏။

    

စုဖုရားလည်း ကရက်မက်သား သေတ္တာကလေးကို ကိုင်ယူတော်မူပြီး ရွှေဟင်္သာနှုတ်သီးကလေးကို တွန်းဖယ်တော်မူလိုက်ရာ ကရက်မက်သား သေတ္တာအဖုံးကလေး ပွင့်ကြွလာလေသည်။ အဖုံးကို အသာအယာ လှစ်မလိုက်လျှင် ရွှေဝါရောင် ကတ္ထီပါပေါ်တွင် စိမ်းရွှင် တောက်ပရောင်မျိုးစုံ တဖိတ်ဖိတ်ကြွလျက်ရှိသော မြခယားသီး လည်ကပ်တော်ကြီးနှင့် စိန်နား?းတော်ကြီး ရန်စုံ(၁)၊ စိန်တရစ် မြတရစ် စီခြယ်သော လည်ဆွဲတော် မြဘယက်နှင့် လည်၀တ်တော်၊ လက်ကောက်တော်များအပြင် စိန်သွယ်ကျ ကြိုးကြီးငါးသွယ်ကိုပါ တွေ့မြင်တော်မူရလျှင် လှချင်တော်မူတုန်းမို့ ရွှင်ပြုံးနှစ်သက်တော်မူလေ၏။

    

"သစ်သစ်ရဲ့၊ မြလည်တော်ကပ်ကြီးဟာ တယ်လှပါကလား"

    

အားရစွာ မိန့်တော်မူလျှင် ခင်ဘွားသစ်ကလည်း


"အင်မတန်လှ၊ အင်မတန်မှ ကျက်သရေရှိလှတဲ့ လည်ကပ်တော်ကြီးပါဘုရား၊ အမေ့စုထားလေး ဆင်တော်မူလိုက်လျှင် 'ရွှေပေါ်မြတင်' ဆိုတဲ့စကားကို နဂိုအသားအရေတော်ကလည်း ဇမ္ဗူရာဇ်ရွှေစင်အလားမို့ အဆ ရာထောင်မက ကျက်သရေတော် တိုးပွားစရာ ရှိပါတယ်"    


"ဒီမြရတနာ လည်ကပ်တော်ကြီးနဲ့တကွ ရတနာလက်၀တ်တော်များဟာ သာမည ဘုန်းရှင်ကံရှင်များနှင့် မတန်လို့ အမေတို့စုစုထံ ရောက်လာရတဲ့ တော်၀င်ရတနာများကလား"  


"အထူးသဖြင့် ဟောဒီ မြလည်ကပ်တော်ကြီးဟာ စုထားဖုရားရဲ့ ဘွားတော်ဖြစ်တဲ့ အမရပူရ စတုတ္ထနန်းစံ ဖလ်နန်းရှင်မင်းတရားကြီး၏ မဟေသီအခေါင်(*) တောင်နန်းစံအသျှင် မိဖုရားခေါင်ကြီးဘုရား ရာဇဘိသေက ခံတော်စဉ်က ဆင်မြန်းတော်မူဖူးတဲ့ ဂုဏ်ထူးဆောင်ရတနာကြီး ဖြစ်ပါတယ်"  


"အရှင့်မယ်တော် အလယ်နန်းမတော်ဖုရားပင် အခါများစွာ ဆင်တော်မမူလှဘဲ အဲဒီ ကရမက်သားသေတ္တာနှင့် ရွှေတိုက်တော်မှာ သိမ်းဆည်းတော်မူထားရာ ယခု သမီးတော်၏ ဘုန်းကံတော်အလျောက် ပေးသနားတော်မူလိုစိတ်များ ပေါ်ပေါက်ခဲ့သဖြင့် ရွှေတိုက်တော်မှ ထုတ်ယူ ပေးသနားတော်မူလိုက်သည်ဟု မ်ိန့်တော်မူလိုက်ကြောင်းပါဘုရား"

    

"သြော် ...... ဒါဖြင့် စုစုဟာ ဘွားတော်ဘုရားရဲ့ အမွေတော်ခံထိုက်တဲ့ ဘုန်းကံပါရမီနှင့် ပြည့်စုံတော်မူလို့ အလိုအလျောက် မတောင့်မတရဘဲ ထူးကဲတဲ့ရတနာများ ရောက်လာရတဲ့အတွက် နှစ်သက် ၀မ်းမြောက်စရာကြီး ဖြစ်နေပါကလား"

    

"မယ်တော်ဘုရားမှာ သမီးတော်သုံးပါးရှိသည့်အနက် စုစုကိုမှ ကွက်ပြီး သည်လည်ကပ်တော်ကြီး ပေးသနားတော်မူလိုက်တာဟာလည်း ညီမတော်သုံးပါးမှာ စုစုက ကံအထူး သာတော်မူနေတယ်လို့ ဆိုစရာရှိတယ်နော်"


"ဒါနဲ့ နေစမ်းပါဦး သစ်သစ်ရဲ့၊ မယ်တော်ဖျားက ဒီရတနာတွေ သနားတော်မူလိုက်တဲ့အခါ အစ်မတော် မိုင်းနောင်မမဖျားနဲ့ ညီမတော် ရမည်းသင်းစုထားတို့ မယ်တော်ဖျားအပါးတော်မှာ ရှိကြသလား၊ စုစုကိုမှ ထူးထူးခြားခြား သနားတော်မူရမလားလို့ စိတ်ထားတော်ညိုကြလျှင် ......."


"အမယ်လေး ....... စိုးရိမ်အားနာတော်မူတတ်လိုက်တာ စုဖုရားရယ်၊ အစ်မတော် မိုင်းနောင် ထိပ်စုဖုရားကြီးမှာ စိပ်ပုတီးလက်စွဲပြီး ကုသိုလ်တော်ရေး ရတနာသုံးပါး ဆည်းကပ်ရေးနှင့် နေ့စဉ် ရှုပ်ထွေးတော်မူနေရှာလို့ ဒီရတနာတွေ ဆင်မြန်းပြီး မှန်ဆောင်ထဲမှာ ပျော်တော်မူနိုင်အားရှာသည် မဟုတ်တဲ့အပြင် ညီမတော် စုဖုရား ယောက်ျားအသွင် ၀တ်ဆင်တော်မူရာက မိန်းမအသွင် နုနုယဉ်ယဉ် ပြောင်းလဲ၀တ်တော်မူပြီကြားလို့ အားရ၀မ်းသာနှင့် စုလတ်ဆင်တော်မူပါစေရန် ရွှေတိုက်တော်က အမြန်ထုတ်၍ ခပ်သုတ်သုတ် သနားတော်မူလိုက်ပါဆိုတဲ့အကြောင်းကိုပင် မယ်တော်ဖျားကို နေ့စဉ် သံတော်ဦးတင်နေရှာပါသတဲ့"


"ငယ်တ်ာမူရှာသေးတဲ့ ညီမတော် ရမည်းသင်းထိပ်ထားဖုရားလေးမှာလည်း အဆောင်တော်ထဲမှာ အိုးပုတ်၊ ချိုးရုပ်ကလေးများနှင့် ကစားပျော်ပါးတော်မူနေသေးတဲ့အတွက် ဒီလက်၀တ်တွေကို ဆင်တော်မူချင်ရမှန်း မသိသေးရှာပါဘူးတဲ့ ဘုရား"


"အစ်မတော်၊ ညီမတော်များအတွက် ဒီလောက်တောင် ငဲ့ကွက်ညှာတာ အားနာတော်မူစရာ မရှိပါဘူး"


"ကဲ ..... ကဲ၊ အမေ့ထိပ်စုဖျားရဲ့ ဆံတော်များ ရှင်းပြီး နံ့သာပန်းမန်များ ဆက်ရအောင် ချိုးတော်ဆောင် ထွက်တော်မူပါတော့၊ ဒီယနေ့ည လှလှကြီး ၀တ်စားဆင်ယင်ပြီး ပွဲကြည့်ဆောင်တော်ထဲကို ထွက်တော်မူရလိမ့်မယ်"

"အများက ယောက်ျားကလေးလို ဆင်မြန်းလို့ စရိုက်ကြမ်းတော်မူတယ်လို့ ထင်နေကြတာ၊ ဒီညတော့ ယဉ်ယဉ်ကျေးကျေး ထီးသွေးနန်းဟန်ကျကျနှင့် စုထားဖုရားက ထွက်တော်မူပြလိုက်စမ်းပါ"    


"ခမည်းတော် ဘုန်းတော်ကြီးလှသောဘုရားနှင့်တကွ နန်းတော်သူ နန်းတော်သားတွေဟာ စုထားကို အများကြီး အံ့သြချီးမွမ်းလာကြပါလိမ့်မယ်၊ ဟောဒီ ရတနာတွေကိုလည်း အမေကိုယ်တိုင် စုထားဖုရား အစွမ်းကုန် လှတော်မူအောင် ကျကျနနကြီး ဆင်ယင်ပေးစမ်းပါရစေ"

   

လျှောက်တင်လေရာ

    

"ဟာ ...... သစ်သစ်ကလည်း ဒီအ၀တ်အစားတွေနဲ့ ဗြုန်းခနဲ လူတွေထဲ သွားရမှာ ရှက်ပါတယ်၊ စုစု မျက်နှာမထားတော်မူတတ်ပါဘူး"

    

"သြော် ..... တယ်ခက်ပါကလား စုထားဖုရားရဲ့ ၊ ကြိုးပုဆိုးကြီး ဒီလွှားနဲ့တော့ တောင်သွား မြောက်သွား ထင်တော်မူရာတွင် လျှောက်သွားတော်မူနေပြီး မင်းသမီးမို့ မင်းသမီးပီပီ ၀တ်စား ဆင်ယင်တော်မူသွားရမှာတော့ ရှက်တော်မူနေသလား၊ အမေ့စုထားက တယ်လွဲတော်မူတာကိုး၊ သစ်သစ်က ကိုယ့်အချစ်တော် စုဖုရားကို လူများတကာ ငေးကြည့်ပြီး ချီးမွမ်းကြတာ မြင်ချင်လွန်းလို့ပါ"

    

"မယ်တော်ဖျားကလည်း ညကို စုထား ပွဲကြည့်ဆောင် ထွက်တော်မူလာပါစေ၊ ညည်းက ငါ့သမီးတော်ကို လှလှပပ ဆင်ယင်ပြီး ခေါ်ခဲ့ပါအေလို့ မှာတော်မူလို့  .....တင်ပါဘုရား စုထားဖုရားကို ၀တ်စားဆင်ယင်ပြီး ပွဲကြည့်ဆောင်တော်သို့ ထွက်တော်မူပါစေမယ်လို့ ၀န်ခံခဲ့တယ် စုစုရဲ့၊ ခုမှ မဟုတ်တာ ရှက်တော်မူမနေစမ်းပါနဲ့၊ သမီးတော်တွေအများအပြားထဲမှာ စုစုက ထူးထူးကဲကဲ ကျက်သရေရောက်ပြီး ရတနာရောင်တွေ လျှမ်းလျှမ်းတောက် ပြတော်မူလိုက်စမ်းပါ"

    

"ဟာ ...... စု မသွားချင်ပါဘူး သစ်သစ်ရာ၊ ရှက်စရာကြီး"

    

"မသွားလို့မဖြစ်ဘူး၊ မယ်တော်ဖျားက မှာတော်မူလိုက်တာ၊ တော်တော်ကြာ သစ်သစ် ရာဇ၀တ်ရောက်နေပါဦးမယ်၊ ကဲ ..... ချိုးရေတော် သုံးတော်မူပါတော့"

    

"ဟာ .... တယ်ခက်တာကိုး၊ ဒါဖြင့် ခါတိုင်းလို ပုဆိုးနဲ့ပဲ ထွက်တော်မူမယ်"

    

"ဟော ..... လုပ်ပြန်ပါပြီ၊ ဒီရတနာတွေဆင်ပြီး ယဉ်ယဉ်ကျေးကျေး မင်းသမီးလေးလို ထွက်တော်မူလာတာကို ရှုစားတော်မူချင်လို့ မှာတော်မူလိုက်တာ၊ နို့ပြီး ပရိသတ်ကလည်း စုံတုန်းမို့ ဘုန်းတော်ကြီးလှသော ဘုရားနှင့်တကွ ရွှေနန်းတော်ပေါ်က ဖိဖုရားတွေ၊ သမီးတော်တွေပါ စုစု လှပယဉ်ကျေး မိန်းကလေးပီသလာတာ မြင်စေချင်လို့ တမင်ခေါ်တော်မူတာ စုထားရဲ့၊ ကပ်ဖဲ့ချည်း မိန့်တော်မူမနေပါနဲ့"

    

"ကဲ ..... ဟဲ့ ..... ခင်မကြီး၊ စုစု ဆံတော်ရှင်းရအောင် ဆံတော်ရှင်းတဲ့ ခင်ထားအိုကို ခေါ်လိုက်စမ်းပါ"

    

"အို ..... ခင်ထားအို ဆံတော်မရှင်းပါစေနဲ့၊ ခင်မကြီးကိုလည်း မခေါ်လေနဲ့၊ သစ်သစ်ကိုယ်တိုင် ရှင်းပေးပါ။ ကဲကဲ သစ်သစ်ပဲ ရှင်းပေးပါ"


ကလေးဆိုးကြီးလို ခေါင်းထိုး၍ ပေးတော်မူလျှင် ခင်ဘွားသစ်လည်း အသာအယာ ဆံတော်များကို ဖြီးလျက်ရှိလေ၏။


ထိပ်စုဖုရားလတ်လည်း ဆံတော်အရှင်းခံရင်း မင်းသမီးမူရာဟန်ပန်နှင့် ပရိသတ်အတွင်းသို့ ၀င်တော်မူရန် အကြံတော်အိုက်လျက် မျက်နှာထားမလုံမည့်အရေးကို တွေးတောစိုးရိမ်တော်မူလျက် တချက်တချက်တွင် စူအောင့်လျက်


"မယ်မယ်ဖျားကလည်း လူများရှက်ပါတယ်ဆိုမှ ဇွတ်အဓမ္မခေါ်တော်မူတာပဲ၊ ဟောဒီ သစ်သစ်ကြီးကလည်း အလကားပဲ၊ တင်ပါ့ဘုရား လုပ်လာတယ်၊ တို့များ ဗြုန်းခနဲ ထဘီကြီး၀တ်ပြီး မသွားတတ်ပါဘူး၊ ပုဆိုးနဲ့ဆို ဟုတ်သေးတယ်"


တပါးတည်း တွတ်တွတ်တွတ်တွတ်နှင့် ရေရွတ်တော်မူရာ ဆံတော်ရှင်းနေသော ခင်ဘွားသစ်လည်း တခစ်ခစ် ကြိတ်၍ ရယ်လျက်ရှိလေ၏။


"ကဲ .... ဆံတော်ရှင်းပြီးပြီ စုထားရဲ့၊ မှန်တော်နဲ့ ရှုစားပါဦး၊ ဒီဆံထုံးကလေး မလှလား၊ 'လလယ်ယုန်ရေ' ခေါ်တဲ့ ဆံထုံးတော်ကလေးပါ။ စုစုနဲ့ အင်မတန်လိုက်တော်မူတာပဲ"


စုဖုရား မှန်ခုံတော်ကို လှည့်၍ရှုစားပြီး


"ဘယ်မလဲ လှတာ၊ ဟင် ..... ဆံထုံးကြီးကလည်း အလယ်တည့်တည့်ကြီး၊ စုစု မကြိုက်ပေါင်၊ ဟောဒီလို ဟောဒီလို ..... ဟောဒီလို ဘေးစောင်းစောင်းကလေးမှ ကြည့်နေကျအတိုင်း လှတယ်ထင်တယ်"


ပြောတော်မူကာ တည့်တည်မတ်မတ် ဗဟိုလယ်တွင် ပုံ့ပုံ့ကလေး ထုံးထားသော ဆံထုံးတော်ကို လက်ယာဘက်သို့ စောင်းငိုက်ကျလာစေရန် အတန်တန် ဆွဲယူလိုက်ရာ တည့်မတ်နေသောဆံထုံးမှာ လက်ယာဘက်သို့ ခပ်ယွန်းယွန်းကလေး စောင်းငိုက်လာ လေ၏။ အထန်းတော်ကြီးက ရင်ဘတ်တီး၍


"အမယ်မင်း ...... တည့်တည့်ကလေး လှရက်သားနဲ့ ဘယ့်နှယ့်ကြောင့် စောင်းပစ်တော်မူရတာတုံး စုစုရဲ့"

    

ပြောလျှင်


"တည့်တည့်မတ်မတ်ကြီးနေတာ စုစု မျက်စိစပါးမွေး စူးတော်မူတာကိုး၊ ခုလို စောင်းစောင်းလေးနေမှ လှတယ်ထင်တယ်"

    

"လုပ်တော်မူပါ၊ ထင်ရာသာ လုပ်တော်မူပါ၊ မင်းသမီးဆိုတာ တည့်တည့်ထုံးရတယ် ဘုရာ့၊ မင်းသားများမှ သျှောင်ကို လက်ယာဘက် ခပ်စောင်းစောင်း ထုံးကြတာပါ၊ စုစုက ပုဆိုး၀တ်တော်မူတုန်းက သျှောင်တွဲ တစောင်းကြီး ထုံးတော်မူခဲ့တဲ့အကျင့် ဖျောက်တော်မမူချင်ဘဲဟာကို၊ ကိုင်း ...... ကိုင်း ...... ??ပါစေ၊ ချိုးတော်ဆောင်သာ ထွက်တော်မူပါ"


"အို ..... နေပါဦး၊ တကတည်းမှပဲ ပွဲကြည့်ဆောင်များ ဘယ်အချိန်သွားမှာလဲ၊ အစောကြီးရှိသေးတယ်၊ ဖြည်းဖြည်းပေါ့၊ ညပွဲတော်မှ မတည်ရသေးဘူး၊ လွန်လွန်းတယ်"


"သြော် ..... သစ်သစ်က 'ပွဲမ၀င်ခင် ပြင်ကကျင်းပ' ဆိုတာလို စုထားဖုရားကို ၀တ်စားဆင်ယင်ပြီး သွားပုံ၊ လာပုံ၊ နေပုံ၊ ထိုင်ပုံတွေ ယဉ်သထက်ယဉ်အောင် လက်ထပ်သင်ပေးချင်လို့ပါ၊ တကတည်း စိတ်တိုတော်မူလိုက်တာကလည်း လွန်ရောကိုဘုရာ့။ မဖြစ်ပါဘူး တိုင်ဦးမှပါပဲ"


"ဟင် ..... ဘာတိုင်မှာလဲ၊ ဘယ်သူ့များ တိုင်မှာလဲ သစ်သစ်ရဲ့၊ မယ်မယ်ဖျားကိုလား"


"မဟုတ်ပါဘူးဘုရာ့ ... ဟို ... နန်းဦးမှန်စီကျောင်းတော်က ..."


"အမယ် ... တယ်ကြောက်ပါလိမ့်"


ခင်ဘွားသစ်က ရင်းနှီးသောအထိန်းတော်ကြီးပီပီ ခပ်ငေါ့ငေါ့ မျက်နှာထားနှင့် "ယုံပါတယ် ဘုရား၊ သစ်သစ်ရဲ့ ထိပ်စုဖျားအကြောင်းကို သစ်သစ် အသိဆုံးပါ၊ စုထားဖုရားက ချစ်အားကိုးနဲ့ နွဲ့ဆိုးကြီး ဆိုးတော်မူပြီး နိုင်ထက်စီးနင်း ပြုတော်မူမှာတွေကို ဟို ..... ရွှေကိုယ်တော်ကလေးက လူအေး၊ သဘောကောင်း၊ စိတ်ထားတော်က ပျော့ပျော့ပျောင်းပျောင်းမို့ စုထားဖုရားရဲ့ ဇွဲမျိုးကို ကောင်းကောင်းကြီး အလိုလိုက်ပြီး အကြိုက်ကို ပြုတော်မူနေရရှာမှာ စုစုက မကြောက်တော်မူဘူးဆိုတာတော့ ပုံသေကြီး ယုံကြည်ပါတယ်"


လျှောက်လျှင် စုဖုရားကလည်း ပြုံးပြုံးကြီး ရှုစားတော်မူကာ


"ဟုတ်လေလေ၊ စုစုကို ခမည်းတော်နဲ့ မယ်ဖျား အလိုတော်လိုက်ထားတာ ခံတော်မူရသလို ဟို ... မောင်တော်ကလည်း အလိုတော်လိုက်ပြီး အကြိုက်ကို ပြုတော်မူရမှာ မင်းသားဆိုတဲ့မာန်နှင့် ဟန်ကြီးပန်ကြီးများ လုပ်တဲ့နောက် စုစုကလေ ဘယ်သူ့မှ မကြောက်ပေါင်၊ ဣန္ဒဝံသမင်းသားက နှမတော် ပဂုတာရီ စုဖျားလေးကို အရေးပေးပြီး မြှောက်စားတော်မူတာထက်မပိုရင် သူ့ကိုလည်း စုစုက မချစ်ချင်ဘူး၊ သိလား သစ်သစ်"


သစ်။          

"ဘယ်သူ့ကိုလဲ စုထားဖုရားရဲ့၊ ကွဲကွဲပြားပြား မိန့်တော်မူစမ်းပါ၊ ဒီအနေကျမှ အမေ့ကို ရှက်ဟန်နှင့်ဖိုပြီး လုံးလုံးကြီး ဘူးကွယ်မနေပါနှင့်"


ပြုံးစိစိနှင့် လျှောက်ရာ


စု။      

"ဟာ ... သစ်သစ်ကလည်း သိသားနဲ့၊ လာပြန်ပြီ"


သစ်။      

"ဘာကိုသိရမှာလဲ စုထားဖုရားရဲ့။ ဟော ... ခက်ပါပြီ၊ အဲ ... ဒီ ... ဒီအကြောင်းဆိုတာကိုလည်း သစ်သစ် ဘာမှန်းမှ မသိဘူးဖျာ့၊ ဘယ်က သူ့ကို ပြောနေတာလဲ"


စု။       

"သိရက်သားနဲ့ မသိချင်ယောင်ဆောင်နေတာ နားလည်အောင် ဘယ့်နှယ် ပြောရမလဲ၊ ကဲ ... ကဲ ... နန်းဦးမှန်စီရွှေကျောင်းတော်က သစ်သစ်ရဲ့လင်ကြီးအကြောင်း ပြောတာပါတဲ့၊ သိပြီလား"


သစ်။       

"သြော် ... အဂ္ဂိရပ် ထိုးထိုးနေတဲ့ ဘိုးသူတော် လူပျိုသိုးကြီးလား၊ ဟင် ... ဒါကြီးတော့ သစ်သစ် မလိုချင်ပေါင်၊ ကျပ်တစ်လုံးနဲ့ ညောင်ပင်ကုန်းသွားနေမဲ့ လူကြီးပင်"


မသိချင်ပြု၍ စကားကို လွှဲနေရာ စုထားဖုရားမှာ စိတ်တိုတော်မူလာပြီး


"ကဲ ... ဒါဖြင့် မပြောတော့ဘူး၊ သိရက်သားနဲ့ မသိချင်ယောင်ဆောင်ပြီး စကားကို ကွေ့ရှောင်နေတဲ့ဥစ္စာ။ ဘယ်တော့မှ နားလည်တယ် ပြောမှာမဟုတ်ဘူး၊ ဒီတော့ ပြောလည်းမပြောဘူး၊ ချိုးတော်ရေလည်း မသုံးတော့ဘူး၊ ပွဲကြည့်ဆောင် ထွက်တော်မမူတော့ဘူး"


စူဆောင့်မိန့်ကြား စိတ်ကောက်၍သွားသည်တွင်မှ ခင်ဘွားသစ်လည်း ခြေမကိုင်မိ လက်မကိုင်မိနှင့် အမျိုးမျိုးချော့ကာ


"စိတ်ကောက်တော်မူပါနဲ့ စုထားရယ်၊ သစ်သစ်က အလကား ရယ်စရာဖြစ်အောင် ရွှေစိတ်​တော်ကို စမ်းနေတာပါ၊ ဒီအကြောင်းရော သူ့ရော သစ်သစ် အားလုံးသိပါတယ်၊ မပြောတော်မူချင်လဲ သိပြီးမို့ မထူးပါဘူး၊ ကိုင်း ... ကိုင်း ထတော်သာမူပါ၊ ကိုယ်တော်ကလေးက စုစုကို အလိုတော်လိုက်တဲ့နေရာ ဣန္ဒဝံသမင်းသားက နှမတော် ပဂုတာရီကို အလိုတော်လိုက်ပြီး ကြီးမားတဲ့မေတ္တာတော်နှင့် သည်းခံတော်မူတာထက် ဆတရာ လွန်ကဲပြီး အများကြီး အလေးချိန်ပိုလို့ အလိုတော်လိုက်ပါလိမ့်မယ်"


"စုစု မကြိုက်တော်မူတာဆိုလို့ အို ... ကုန်ကုန်လျှောက်တင်ပါရစေ၊ ဣန္ဒဝံသမင်းသားနှင့်တကွ တခြားမင်းညီမင်းသားတွေ ရှင်ဘုရင်တွေ သူတို့ထုံးစံကြီးတစ်ခုလို ဖြစ်နေတဲ့ မိဖုရားအပိုထားမှုတွေပါ စုထားဖုရားရဲ့လက်ထက်တော်ရောက်ရင် ထုံးစံကြီးကို ဖျောက်လို့မို့ တယောက်ဆိုမှတယောက်တည်း အမေတို့ထိပ်စုဖျားတပါးမှလွဲလို့ အချစ်တော်ပဋိဥာဉ်ပေးပြီမို့ တွေးပြီးပူတော်မူစရာ မလိုတော့ပါ၊ ကဲ ... ကဲ ... ချိုးတော်ရေ သုံးတော်မူဖို့ အချိန်သင့်ပါပြီ၊ မှန်ဆောင်တော်မှ ကြွတော်မူပါတော့ စုထားဖုရားရဲ"


ပြောပြောဆိုဆို တွဲတွဲမမနှင့် ယုယစွာ ခေါ်လေရာ ထိပ်စုဖုရားကလည်း သုန်မှုန်ရာက မျက်နှာထားတော် ကြည်လင်လာပြီး


"အင်း ... 'ကြက်တူရွေးက တော်တော်၊ မယ်ဘော်က ကဲလှတယ်' ဆိုသလို ကိုယ်တို့အထိန်းတော်ကြီးမှာလည်း ရှေ့နေတော်ကြီး ဖြစ်မှန်းမသိ ဖြစ်နေပါကလား၊ မောင်မောင့်ကိုယ်တော်စား ဟောဒီ သစ်သစ်ကြီးပြောတဲ့ စကားနဲ့ပဲ အားရတော်မူစရာကြီး ဖြစ်နေပါပြီ"


ပြုံးပြုံးရယ်ရယ် မိန့်တော်မူပြီး အထိန်းတော်ကြီးနှင့်အတူ ချိုးတော်ရေ သုံးတော်မူရန် ထွက်တော်မူလေရကား အဆောင်တော်တွင်းတွင် ကျန်ရစ်သော ခင်မကြီးအမှူးရှိသော အပျိုတော်များမှာ ထိပ်စုမြတ်ဖျား အဆင့်သင့်ဆင်တော်မူစရာ ၀တ်လဲတော် ရွှေကလပ်များ ပြင်သူပြင်၊ ပန်းတော်ကလပ်၊ နံ့သာရေကလပ်၊ ဆံတော်ရှင်းရန် ဘီးကလပ်များနှင့်တကွ ရတနာခုနှစ်ပါးဖြင့် စီခြယ်အပ်သော မယ်တော်မြတ်ဖျားထံမှ သနားတော်မူလိုက်သည့် အဖိုးထိုက် အဖိုးတန် လည်ဆွဲတော်ဘယက်တော်၊ နားတောင်းတော် လက်၀တ်တော်များ တင်သည့် ရွှေကလပ်တော်များကို မှန်ဆောင်တော်ထဲတွင် အသီးသီး ပြင်ဆင်လျက် ရှုပ်ယှက်ခတ် အလုပ်များ၍ နေကြလေ၏။  


* * * 


ထိုအချိန်တွင် နန်းဦးမှန်စီရွှေကျောင်းတော်၌ လောင်းရှည်မြို့စား မိဖုရား သီရိမဟာသုပဘာဒေဝီသည် သားတော် သီပေါမင်းသားထံသို့ အလည်ထွက်တော်မူလာပြီး ဆရာတော်ဘုရားကြီးနှင့် အလ္လာပပြောဟော လျှောက်တင်နေရာက ဆရာတော်ကြီးမှာ ဘုရား၀တ်ပြုတော်မူရန် အချိန်နီးကပ်လာသဖြင့် သားမယ်တော်နှစ်ပါး စကားဆွေးနွေးတော်မူကြရန် အေးအေးလူလူ ကျောင်းဆောင်စွန်းသို့ ထွက်တော်မူလာကြလေ၏။


မယ်တော်။     

"သားတော်မောင်၊ ပထမပြန် ဆိုတော်မူစရာဖြင့် အခါတော်နီးလှပြီ၊ ဒီနှစ်လည်း ချောချောမောမောနှင့် အောင်မြင်ပြီးစီးပါစေ ဆိုတာ နေ့စဉ် မယ်မယ် ဆုတောင်းတော်မူနေရတယ်၊ မောင်ကိုယ်တိုင် ဘယ်လိုသဘောရတော်မူပါသလဲ"


သားတော်။      

"သားတော်လည်း ဒီနှစ်ဟာဖြင့် နောက်ဆုံးကြိုးစားတော်မူခြင်းဖြစ်တဲ့အတွက် အားတက်သရော စိတ်ဇောသန်သန်နှင့် သင်အံကျက်မှတ်နေလျက် ဖြစ်ပါတယ်၊ ပထမတစ်နှစ်နဲ့ ဒုတိယနှစ်မှာပင် လွယ်လွယ်ကူကူ အောင်ပန်းဆွတ်ယူခဲ့ရသဖြင့် ယခုနှစ် နောက်ဆုံးပွဲမှာလည်း မခဲယဉ်းလှဘူးလို့ သဘောရပါတယ် မယ်မယ်ဖျား၊ သားတော် ကြိုးစားရကျိုးနပ်ပါလိမ့်မယ်"


မယ်တော်။     

"သာဓု ... သာဓု ... သာဓု သားကောင်းသားမြတ်ကို မွေးရတဲ့ဆုနဲ့ ပြည့်စုံခဲ့ပြီလို့ မယ်မယ်ဖျားဖြင့် ၀မ်းသာလို့ဆုံးတော်မမူနိုင်ဘူး သားတော်၊ ရှိတော်မူသမျှ သားတော်တွေထဲမှာ မယ်မယ့်သားတော်မောင်ဟာ ပိဋကတ် ကျမ်းဂန် စွမ်းသန်ရင့်ကျူး ပါရမီထူးလှပါပေတယ်"


"ခမည်းတော် ရွှေနန်းဘုရားမှာလည်း သားတော်အတွက် အားရတော်မူနေတာပဲ၊ ကောင်းကင်အဇဋာ၊ ထက်အာကာမှာ ကြယ်တာရာတွေ ပွင့်မြူးလို့ ရောင်မျိုးစုံကြူးကြသလို  ကိုယ့်အရောင်အဝါနှင့်ကိုယ်၊ ထိုက်တန်သလောက် တောက်ပကြပေတဲ့ ကြယ်တကာ့ကြယ်တကာမှာ 'သောကြာ'ဆိုတဲ့ ကြယ်ရတနာကြီးဟာ အခြားသော ကြယ်တာရာများထက် အရောင်အဝါအားဖြင့် မနှိုင်းသာအောင် သာလွန်ထူးကဲ ပိုမိုမြဲဖြစ်တယ်"


"ဝေဘူလတောင်ထိပ်မှာ တဖိတ်ဖိတ်တလက်လက် ရောင်မျိုးစုံထွက်နေတဲ့ ကျောက်မျက်ရတနာတလင်းကြီးတွင် ရှိရှိသမျှ ရတနာတွေဟာ ဆိုင်ရာဆိုင်ရာ ကိုယ့်အင်ကိုယ့်အား အထိုက်အလျောက် အရောင်အဝါ တောင်ပကြပေတဲ့ ရတနာ့ရတနာမှာ မနောမယ ပြည်တန်မြခေါ်တဲ့ ရတနာကြီးတလုံးဟာ အားလုံးသော ရတနများထက် အရောင်အဝါ ထွန်းတောက်၍ ထိပ်ခေါင်ထိပ်ပန်းသို့ ရောက်ရပေတယ်"


"ရတနာပုံ မြို့တည်နန်းတည် ပဉ္စမသင်္ဂါယနာတင် ဘ၀ရှင်မင်းတုန်းမင်းတရားကြီးရဲ့ ရွှေရင်တော်နှစ်၊ သားတော် ချစ်ရတနာများဟာလည်း မဟာဆီ မဟာသွေး မင်းသားမင်းမြေးတွေပီပီ ဘုန်းသမ္ဘာနှင့် ပညာဥာဏ်ကိုယ်စီကိုယ်ငှ ပြည့်၀စုံလင်တော်မူကြပေတဲ့ အဲဒီလို သားတော်တွေ၊ သမီးတော်တွေထဲမှာလည်း မယ်မယ့်သားတော်မောင်ဟာ ထူးထူးကဲကဲ သုံးပုံသော ပိဋကတ်ကျမ်းဂန်များကို ချောက်ချားမွှေနှောက် သုံးနှစ်မြောက်အောင် ပထမပြန်ဆောင်တော်မူနိုင်တဲ့ သတ္တိဂုဏ်၊ ပညာဂုဏ်ကျေးဇူးကြောင့် အထူးထင်ပေါ်ကျော်စောပြီး သီပေါကိုယ်တော်ကလေး သီပေါကိုယ်တော်ကလေးနဲ့ ရွှေနန်းတော်ကြီးပေါ်မှာ အတော်သတင်းမွှေးနေပြီ မောင်မောင်၊ နောင်တော်မင်းသားကြီးတွေ တန်ခိုးထက်လို့ ကျော်စော ထင်ရှားတာက တမျိုး၊ သားတော်မောင်ရဲ့ဂုဏ်သတင်း တသင်းသင်းမွှေးပုံက တမျိုး မောင်ရဲ့"


"ခမည်းတော် ရွှေနန်းရှင်ဘုရားကလည်း ပညာဥာဏ်အမြော်အမြင် ရင့်သန်တော်မူပြီး စာပေကျမ်းဂန် တတ်မြောက်ကျွမ်းကျင်၊ ပဉ္စမသင်္ဂါယနာတင်တဲ့ သာသနာ့ဒါယကာ မဟာဧကရာဇ်မင်းကြီးတပါး ဖြစ်လေတော့ ရင်သွေးတော်ရတနာတွေထဲက ဘွားခနဲ ပိဋကတ်အာဂုံဆောင်နိုင်တဲ့ အဖိုးတန်သားကောင်းတယောက် ပေါ်ပေါက်လာတဲ့အတွက် ၀မ်းမြောက်အားတက်ပြီး ချီးမြှင့်သူကောင်းပြုတော်မူလို့ မရောင့်ရဲနိုင်အောင် ရှိတော်မူရှာပေတယ်"


"ကြိုးစားပါ သားတော်မောင်ရယ်၊ အစကောင်းသလောက် အနှောင်းသေချာပါစေ၊ မယ်မယ်ဖျားမှာ သားတော်အတွက် အများကြီး မျက်နှာပွင့်လန်းခွင့် ရှိပါတယ်၊ ထွန်းထွန်းကားကားနဲ့ သားတော်မောင် ကြီးပွားတာကို မယ်မယ်မသေခင် အင်မတန်မြင်လိုတယ် မောင်ရင်ရဲ့"


သားတော်။       

"အစစအရာရာ မယ်မယ်ဖျား စိတ်ချမ်းသာတော်မူအောင် သားတော်မောင် ကြိုးစားပါ့မယ်၊ ဒီနှစ် နောက်ဆုံးပွဲကို ၀င်နွှဲတော်မူပြီးနောက် ကြီးပွားရာ ကြီးပွားကြောင်းနှင့်တကွ မယ်မယ်ဖျားရဲ့ဂုဏ်ကျေးဇူးကို အထူးဆပ်နိုင်ပါရန် အမြန်ကြိုးစားပါတော့မယ်"


မယ်တော်။       

"သြော် ... မောင်ရင်... ယခုနှစ်မှ  စိတ်ပြောင်းတော်မူလာပြီလား"


အနည်းငယ် အံ့အားသင့်ဟန်နှင့် မေးတော်မူရာ သီပေါမင်းသားလည်း ရုတ်တရက် မည်သို့မျှ မတင်လျှောက်သာသဖြင့် အတန်ကြာ ငြိမ်သက်တော်မူနေပြီးမှ


"မယ်မယ်ဖျား သားတော်ကို ဘယ်ပုံကြောင့် စိတ်ပြောင်းတယ်လို့ မိန့်တော်မူရပါသလဲ"


မယ်မယ်။      

"အခြားဟုတ်ပါရိုးလား မောင်ရင်၊ ယခင်တုန်းကတော့ သာသနာ့ဘောင်မှာ ပျော်မွေ့ရတာ အလွန်တရာ အေးမြချမ်းသာတဲ့အတွက် လူထွက်တော်မမူချင်တော့ဘဲ တသက်လုံး သင်္ကန်း၀တ်ကြီးနှင့် အရိုးထုတ်တော်မူချင်ပါတယ်၊ ခမည်းတော်ဘုရားက လူ၀တ်လဲပြီး ချီးမြှင့်သူကောင်ပြုမှာကိုပင် လက်ခံတော်မမူချင်သလိုလို မိန့်တော်မူနေကျမို့ မယ်မယ်ဖျားကပင် မတော်ကြောင်း ခမည်းတော်ဘုရားအလိုတော်ကို ဘယ်အခါမှ ဆန့်ကျင်မှုမပြုစေရန် အတန်တန် သတိပေးမြဲဖြစ်တယ် မဟုတ်လား၊ ယခု ဒီနှစ်တော့ သားတော်မောင်အလိုတော်ကပင် လူထွက်တော်မူချင်တဲ့ဟန်ပန်နှင့် တောသံတောင်သံတွေ ပေးလာပါကလား၊ ဘယ်အာရုံတော်များ ငြိစွမ်းသွားလို့လဲ မောင်ရဲ့"


မပြုံးတပြုံး မိန့်တော်မူတော့မှ သားတော်ကလည်း အိုးမလုံအုံပွင့်ဘိအလား သွားတော်များပေါ်အောင် ပြုံးတော်မူလိုက်လျက်


"လောကဓမ္မတာ၊ မရှောင်သာတဲ့လမ်းပါ မယ်မယ်ဖျားရဲ့၊ ဒီလို???? သင်္ကန်းတော်နှင့် ပျော်တော်မူဖို့ပါ၊ ယခုလို တွေ့ကြုံငြိစွမ်းရတာကိုပင် မယ်မယ်ဖျား အလိုတော်ကျ လောကလူ့ဘောင်မှာ ဘုန်းတေဇာ တလျှမ်းလျှမ်းနှင့် ရွှေနန်းပေါ်မှာ ထွန်းကားနိုင်စရာ လမ်းစကောင်းတခု ဖြစ်ပါတယ် မယ်မယ်ဖျားရဲ့"


မယ်တော်။       

"ကောင်းပါတယ်၊ ကောင်းပါတယ်၊ မယ်မယ်လည်း ကျေနပ်တော်မူပြီး မိဘွားသစ်တယောက် မကြာမကြာ ???နေတယ်လို့ မောင်တုတ်အမေက မယ်မယ့်ကို သံတော်ဦးတင်ဖူးတယ်၊ သားတော်မောင် ငြိတွယ်တဲ့အာရုံဟာ မြတောင်မြို့စားစုလတ်ပင် ဖြစ်လေရော့သလားကွယ်"


သားတော်။      

"မှန်ပါ မယ်မယ်ဖျား ထင်တော်မူတဲ့အတိုင်းပါ"


မယ်တော်။

"ဟိုဟိုဒီဒီ လှည့်လည်ဆိုးနွဲ့နေတော်မူတုန်းပါကလား၊ ယောက်ျားကလေးလိုတော့ စိတ်တော်ကလေးကလည်း ခပ်ကြမ်းကြမ်း၊ ခပ်ဆတ်ဆတ်မို့ မောင်ရင်တို့ကိစ္စက အရှည်သဖြင့် ချောမောကြပါ့မလား၊ ခမည်းတော်ဘုရားကလည်း လိုလားညီညွတ်တော်မူပါမလား ဆိုတာ စဉ်းစားဖို့အခွင့်အရေးက ရှိသေးတယ်၊ အစစအရာရာ ညီညွတ်ကြမယ်ဆိုရင်ဖြင့် အတိုင်းထက်အလွန် တံခွန်နှင့်ဘုရားပါပဲ၊ သူ့မယ်တော် အလယ်နန်းမမကလည်း အစွမ်းအစမနည်းဘူး မောင်ရင်၊ ရှေ့အရေးဆိုလျှင် အလယ်နန်းမမသာ တွင်တွင်ကျယ်ကျယ် တန်ခိုးထွက်တော်မူဖို့ ရှိတော့တယ်"


"အစ်မတော် မိဖုရားခေါင်ကြီး နတ်ရွာစံ ကံတော်ကုန်ပြီးသည့်နောက် အလယ်နန်းမတော်မမသာလျှင် အထွတ်အထိပ်ရောက်တော့မယ်၊ သူ့မှာလည်း သားယောက်ျား ထွန်းကားတော်မမူတဲ့အတွက် သမက်တော်ရမည့်မင်းသားများမှာ 'ရေမြင့်၊ ကြာတင့်' ဆိုသလို အများထက် ဘုန်းတန်ခိုးပိုကဲလို့ ရွှေနန်းတော်ထဲမှာ အကဲရောက်နိုင်စရာပဲ၊ သို့သော်လည်း အလယ်နန်းမမရဲ့အလိုတော်နဲ့ ညီညွတ်မယ်၊ မညီညွတ်ဘူး ဆိုတာ ဘုရားရဟန္တာများလို ဒိဗ္ဗစက္ခုနှင့် မမြင်နိုင်တဲ့အတွက် တချက်လွှတ် ယုံကြည်စိတ်ချဖို့ ခဲယဉ်းသေးတယ် မောင်ရင်"


သားတော်။     

"သိသာသိစေ မမြင်စေနဲ့၊ မြင်သာမြင်စေ မထင်စေနဲ့ ဆိုတာလို သတိဆိုသည်မှာ ပိုသည်မရှိသဖြင့် သားတော်မောင် ယခုတွေ့ကြုံ ဆက်သွယ်နေသော အရေးကိစ္စများကို မည်သူမှ မကြားသိ မရိပ်မိနိုင်အောင် လျှို့ဝှက်ဖုံးဖိ၍ ထားတော် ?? သားတောင်မောင်အပေါ် တော်တော်ဂရုပြုပြီး ချီးမွမ်းတော်မူနေတယ်ဆိုတာ ယုံကြည်လောက်သောသူများထံမှ သဲလွန်စသတင်းများ ကြားသိရပြီးဖြစ်တဲ့အတွက် မိကြီးတော်ဘုရားအတွက်နှင့်ပတ်သက်၍ အနှောင့်အယှက်မဖြစ်နိုင်ဘူးလို့လည်း အနည်းငယ် အားတက်တော်မူမိပါတယ်"


မယ်တော်။      

(အနည်းငယ် စဉ်းစားလျက်) 

"အို ... မောင်ရင်ပြောတာ ဟုတ်လိမ့်မယ် ထင်တယ်၊ လွန်ခဲ့တဲ့ သုံးလေးလဆီက ရွှေနန်းရှင်ဘုရား မီးပုံးကြီး ရှုစားတော်မူတယ်၊ အရင့်အရင်က ဘာသိဘာသာ နေတော်မူခဲ့ပြီး ယခုမှ အရေးတယူပြုပြီး ရှုစားပြုံးရယ်တယ်ဆိုတော့ နည်းနည်းထူးတာပဲ မောင်ရင်ရဲ့၊ အနို့ ... ပြီးတော့ လွန်ခဲ့တဲ့ တပေါင်းလ သဲပုံစေတီ အလှူတော်ရေစက်ချမှာ တကြိမ် တွေ့တော်မူကြတဲ့အခါ အရင်လို မျက်မှန်းတမ်း ရှုစားပြီး ပြုံးရယ်သွားတော်မူရုံမက ညီမတော် လောင်းရှည်မိမိတို့များ အဖိုးတန်သားတော်ရတနာတဦး ထွန်းကားတော်မူထားရလို့ အများကြီး အားတက်တော်မူမှာပဲနော်၊ မမတို့မှာတော့ သားတော်ကောင်းရတနာရယ်လို့ တပါးတလေမှ မထွန်းကားလို့ သူများကုသိုလ်ထူးတာကိုပင် ကြည်နူးရတော့တာပဲလို့ မောင်ရင်ကို ချီးမွမ်းတော်မူတဲ့အသံနှင့် အရေးတယူ မိန့်တော်မူတာကို ခံရသေးတယ်၊ ဒီတော့ မောင်ရင်တွေးသလို တွေးမယ်ဆိုရင်လည်း ဒီလိုတွေးတော မှားတယ်လို့ မဆိုသာဘူးထင်တယ်"


သားတော် ။        

"မှန်လှပါ ... အစစ ညီညွတ်စရာတွေတော့ များနေပါပြီ၊ မယ်မယ်ဖျား သားတော်အတွက်ဖြင့် ဝိတက်၊ ဝီစာရ များတော်မူဖို့မရှိပါ၊ အိမ်တော်မှာ အေးအေးသာသာသာ စံတော်မူနေပါတော့"


မယ်တော် ။           

"အင်း ... ကောင်းပေါ့ ... ကောင်းပေါ့ ... ၊ မောင်ရင် သားတော်မောင် ဘုန်းကမ္ဘာ တိုးတက်လို့ မျက်နှာတော် ပွင့်လန်းပြီး သီတဂူယုန်စန်းလို၊ ရွှေနန်းတော်တခွင်တွင် ကြည်လင်တဲ့နှလုံးနှင့် တပြုံးပြုံး စံနေတော်မူရပါစေဆိုတာ မယ်မယ်ဖျားက မုဒိတာတရားနှင့် များများကြီး မေတ္တာပို့တော်မူနေမယ်"


"သြော် ... သားတော်မောင်အတွက် အထူးသတိပေးတော်မူလိုတဲ့ အချက်ကတော့ အပြိုင်အဆိုင်တက်ချင်တဲ့ ခပ်ထက်ထက်မင်းသားများ မသိရအောင် အစစ ပိပိရိရိ လုံခြုံပါစေ၊ 'မင်းခယောက်ျား၊ ကမ်းနားသစ်ပင်' ဆိုတာလို မလိုသူ တချက်မွေ့လိုက်မှ လက်တွေ့ သေပွဲ၀င်ရတာမျိုးနော်"


"နောင်တော် မြင်ကွန်းကိုယ်တော်ကြီး ကိစ္စပြီးစီးတည်းက ခမည်းတော်ဘုရား စိတ်တော်ထဲမှာ ရင်သွေးရတနာများစွာသော သားတော်များအား မည်သူ့ကိုမျှ ကိုးစား ယုံမှတ်တော်မူပုံမရသေးဘူး မောင်ရင်၊ ပညာရှိမင်းမို့ အတိအလင်း ထုတ်ဖော်တော်မမူပေတဲ့ ဘယ်သားတော်အပေါ်ကိုမျှ အမှတ်တမဲ့ နေတော်မမူဘူး၊ အထူးလျှို့ဝှက်စွာ အကဲခတ်တော်မူနေပုံရတယ်"


"ဒီတော့ မသင်္ကာစရာ အရိပ်နိမိတ်ပေါ်လျှင် အထင်တော်လွဲပြီး တခါတည်း ဒုက္ခကြိုးကွင်းကြီး တပ်လိုက်မှာ ကြောက်ရသေးတယ်၊ ဘယ်သူနှင့်မျှ ပလူးပြီး ထူးထူးထွေထွေ ဣနြေ္ဒမပျက်ပါစေနဲ့မောင်ရင်"


ဟူ၍ အကျိုးအပြစ်တွင် သတိပေးနေတော်မူပြီး နေအတန်နည်းမှ အိမ်တော်သို့ ပြန်ကြွသွားလေရာ သားတော် သီပေါမင်းသားမှာလည်း မယ်တော်မိဖုရား ဆုံးမသွန်သင်ပြီး အစစ သတိကြီးစွာထားရန် မိန့်မှာတော်မူသည့်အတိုင်း မလစ်မဟင်းရအောင် စဉ်းစားဝေဖန်တော်မူရင်း ရွှေနန်းတောကြီးအတွင်းမှ သော်တာလနန်း၊ ပုဏ္ဏမိန်စန်းအသွင် ကြည်လင်အေးမြလှသော ထိပ်စုဖျားလတ်၏ မျက်နှာတော်ကလေးကို တရေးရေး ထင်မြင် လွမ်းဆွတ်တော်မူလျက်  ရှိလေသတည်း။


* * *


"ဟောဒီ မြလည်ဆွဲကြီးကို ဆင်ယင်တော်မူလိုက်တဲ့အခါမှ သာပြီးကျက်သရေရှိပါတယ်၊ မှန်ခုံတော်ပေါ်မှာ ရှုကြည့်တော်မူစမ်းပါဦး၊ အို ... ဟောဒီ ဆံထုံးတော်ကလေးက ညာဘက်ဘေး စောင်းတောင်မူနေပုံကလည်း တခြားသောမင်းသမီးတွေနဲ့ အဆင်ကွဲလို့ တနည်းယဉ်တော်မူပါတယ်၊ နွယ်သာကီကြိုးကို ဆင်တော်မမူဘဲ ရေအခဲဆင်အဝါကြိုးကလေး ဆင်တော်မူတာကြောင့် နုချင်တိုင်း နုတော်မူလိုက်တာ၊ ဟဲ့ ... ခင်မကြီး ကြည့်စမ်း၊ ဟောဒီ ရွှေနန်းတော်ပေါ်မှာ ဘယ်မင်းသမီး ဘယ်လို ယဉ်ယဉ် တို့ထိပ်ခေါင်တင်စုဖျားကိုတော့ လားလားမှ မမီဘူး၊ မယုံ ကြည့်နော်၊ ပွဲကြည့်ဆောင်တော်ကို ရောက်တဲ့အခါ စုထားဖုရား ထွက်တော်မူလာတာနှင့်တပြိုင်တည်း ရှိသမျှ မင်းသမီးတွေ၊ မိဖုရားတွေ ငေးပြီး ရှုစားတော်မူနေကြမှာ မြင်ယောင်ပါသေးတယ်၊ ယောက်ျားကလေးပုံပန်းနှင့် ခပ်ကြမ်းကြမ်းနေတော်မူတယ်ဆိုပြိး မပြုတတ်၊ မပြင်တတ်နှင့် အယဉ်ဇာတ် မသွင်းရသေးတဲ့ မင်းသမီးအရိုင်းကလေးရယ်လို့ အစက အထင်သေးနေကြတဲ့ နန်းတော်သူတွေကို အမေတို့စုဖျားက ယနေ့မှ ကြွားပြတော်မူလိုက်ပါ ခင်မကြီးရဲ့"


ခင်ဘွားသစ်က အလှပြင်ဆင်ပြီးသော စုဖုရားလတ်အပါးတွင် အားရ၀မ်းသာ အရိပ်ကြည့်၍ စိတ်ရှိသလောက် ချီးမွမ်းနေသောအခါ စုဖုရားမှာလည်း အရွယ်တော်တိုင်ကတည်းက ဤကဲ့သို့ ကျကျနန လှလှပပ မင်းသမီးပီပီ ဖြီးလိမ်းပြုပြင်တော်မူပြီး ပရိသတ်ထဲသို့ ထွက်တော်မူခဲ့ခြင်းမရှိသေးခဲ့ဘဲ ယခုတကြိမ်မှ အရဲစွန့်၍ ထွက်တော်မူရမည်ဖြစ်လေရာ ၀တ်နေကျ ဆင်နေကျ အသွင်အပြင်မျိုး မဟုတ်သဖြင့် ခပ်ရှက်ရှက်ဖြစ်တော်မူနေရာ ခင်ဘွားသစ်က အနားမှ အားရ၀မ်းသာ ချီးမွမ်းနေသည်တွင်မှ အတော်အသင့် စိတ်ပါတော်မူလာပြီး မှန်ခုံတော်ထဲတွင် စိတ်၀င်စားစွာ ရှုစားတော်မူလိုက်ရာ ခင်ဘွားသစ် အပြောထက်ပင် ပို၍ယဉ်ပြီး အဆင်ပြေလျက်ရှိသည်များကို တွေ့တော်မူသဖြင့် ဤအဆင်အပြင်နှင့် ပွဲကြည့်ဆောင်သို့ ၀င်တော်မူရမည်မှာ ရှက်ရွံ့စရာမဟုတ်ကြောင်း စဉ်းစားတော်မူမိစဉ် အပျိုတော် ခင်ဘုန်း ၀င်လာပြီး


"ပွဲကြည့်ဆောင်တော်မှာ အစ်မတော်များပါ အစုံအညီရောက်တော်မူနေပါပြီဘုရား၊ မယ်တော်ကြီးဖျားကလည်း အရှင် ထိပ်စုဖျားလတ် ထွက်တော်မူမလာသေးဘူးလားလို့ မေးတော်မူနေပါတယ်၊ ယခု ထွက်တော်မူသင့်ပါပြီဘုရား"


လျှောက်တင်လာသဖြင့် ခင်ဘွားသစ်ကြီး ပျာယာခပ်သွားပြီး


"ကဲ ... ထွက်တော်မူပါတော့ စုထားဖုရား၊ ဟဲ့ ... နောက်တော်ပါးကပါမယ့်အပျိုတော်တွေ လာကြလေ၊ ခင်မကြီးတို့တတွေ ပြီးကြပြီလား၊ ညည်းတို့လည်း တော်အောင်လုပ်မလာနဲ့အေ၊ အပျိုတော်ချင်းတူရင် တို့စုဖျား အပျိုတော်တွေက ပိုပြီးလှကြပါစေ"


ပြောလျှင် စုဖျားက ပြုံးပြီး


"အင်း သူများသာပြောနေ သစ်သစ်တော့ ပြီးပလား၊ ဟိုရောက်မှ တခြားမင်းသမီး အထိန်းတော်ကြီးတွေက ပိုလှနေရင် သစ်သစ်ကြီး ခက်နေမယ်"


မိန့်တော်မူသဖြင့် ခင်ဘွားသစ်လည်း


"အလို ဟုတ်ပ"ပြောကာ မှန်တင်ခုံသို့ ကပျာကယာသွားပြီး ဆံထုံးများ ထိပ်ဆံများ၊ သပ်သပ်ရပ်ရပ်ပြုကာ နံ့သာမှုံ့များ တို့လျက် ဖဲပဝါအသစ်တထည်ကို ဆွဲ၍ ??တင်ခြုံလိုက်ကာ ကတိုက်ကရိုက် ထွက်လာခဲ့ပြီးလျှင် အပြင်ဆောင်တွင် စောင့်စားတော်မူလျက်ရှိသော ထိပ်စုဖျားလက်ကို တွဲမကာ ပွဲကြည့်ဆောင်တော်ရှိရာသို့ ထွက်လာကြလေ၏။


ကျယ်၀န်းသားနားလှသော ပွဲကြည့်မှန်ဆောင်တော်ကြီးမှာ ပျော်ခန်း၊ ရွှင်ခန်း၊ ကာမဂုဏ်စည်းစိမ်ယစ်မူးခန်း၏ အချုပ်အခြာဖြစ်သော ဌာနကြီးဖြစ်လေရာ အဆောင်တော်ကြီးတခုလုံးမှာ ဖန်မုတ်ဆိတ်၊ ဖန်ပဒေသာတို့ဖြင့် ပြုပြင်ခြယ်လှယ်အပ်ပြီး မှန်နံရံ၊ မှန်မျက်နှာကျက်၊ မှန်စီရွှေချပန်းခက်တို့ကို စိန်ကျောက်ပတ္တမြား၊ မြသားနီလာစီစဉ်ကာ ခြယ်ခပ်ဘိအလား၊ ခြူးပန်း ခြူးနွယ် အသွယ်သွယ်သော ဒုရင်မုတ်ဆိတ်တို့မှာ ဖန်ရောင်၊ မှန်ရောင်၊ ရွှေရောင်၊ ငွေရောင် ပြောင်ပြောင်၀င်း၀င်း ထွန်းလင်းတောက်ပ အရောင်မျိုးစုံ ဖိတ်ဖိတ်ကြွလျက် ရှိလေ၏။


ဖန်မုတ်ဆိတ်၊ ဖန်ပဒေသာ မှန်ကြာယပ်၊ ဖန်ဆွဲလွဲတို့၌ ရွှေတိုက်တော်တွေ လင်းထားသည်မှာလည်း ပြိုးပြိုးပြောင်ပြောင် နေမင်း၏အလင်းရောင်နှင့် ပြိုင်ဆောင်တုနှုန်း အံ့မဆုံး ရှိပြီးလျှင် အဆောင်မကြီး ကြမ်းပြင်မှာလည်း ကေရိုမြို့ဖြစ် မွှေးရှည်ကော်ဇောကြီးများနှင့် ဗန်းမော်ကောင်းတုံကော်ဇောကြီးများ၊ တရုတ်ဥတည်မင်းတို့၏ လက်ဆောင်တော်များဖြစ်သည့် မှိုင်းလုံးကော်ဇောကြီးများဖြင့် ခင်းကျင်းထားပေရာ မှန်ရောင်၊ ဖန်ရောင်၊ ရွှေရောင်၊ ငွေရောင်၊ ရတနာရောင်များ၊ ကော်ဇောကြီးနှင့် ရွှေတိုင်ရောင်များမှာ ဖျိုးဖျိုးဖျပ်ဖျပ် ပနံစားလျက် သုဒဿနတ်နန်းနှင့် အထင်မှားလောက်အောင် ခမ်းနားစွာ ရှိလေ၏။


"မရှိ" ဟူသော စကားကို နားမှ လေသံတရံ မကြားဖူးသကဲ့သို့ သူဇာရွယ်ညီနတ်ဒေဝီအလား၊ မြောက်မြားလှသော ရွှေနန်းတော်သူ မူယာကြော့ရှင်း လှယမင်းတို့မှာလည်း ရွှေနန်းရှင်မင်းတရားကြီးအပါး၀ယ် ဘယ်၀ယ်ရှေ့နောက် ဂုဏ်ထူးအလျောက် ခစားလျက်ရှိကြလေ၏။


ဝေဇယန္တာနန်းကြီးသခင်၊ အရှင်သိကြားနှင့် တင်စားတူယောင်၊ ပမာဆောင်ရန်သာ ရှိပြီးလျှင် ဘုရင်မင်းတရားကြီးနှင့် မိဖုရား၊ သားတော်၊ သမီးတော်၊ မောင်းမမိဿံ၊ ခြွေရံတော်များ၏ ဘယက်တန်ဆာ၊ ဒွါဒယာတို့မှာလည်း တခဲနက်ပြိုးပြောင် အရောင်ချင်းယှက်သန်း၊ ရှုမခန်း၊ အံ့မခန်း ကျယ်၀န်းသော အဆောင်နန်းကြီးအတွင်း နေရောင်ခြည်ထွန်းလင်းသလို တဝိုးဝိုးတ၀င်း၀င်း တောက်ပခြင်းကြီးမက တောက်ပလျက်ရှိလေရာ ပွဲကြည့်မှန်ဆောင်တော်အတွင်းတွင် သာယာသော စက္ခုအာရုံကို ခံစား၍မကုန်နိုင်အောင် ရှိပေ၏။


၀ဲအငြိမ့်၊ ယာအငြိမ့်များမှ သာယာစွာ တီးမှုတ်သီဆိုသံများနှင့် အဆောင်တော်ကြီး၏အောက်တွင် နန်းတွင်းဇာတ်တော်ကြီးသားများ၏ တူရိယာတေးဂီတာသံများမှာလည်း ကြည်လင်သာယာလှသော သောတအာရုံကို ခံစား၍ မကုန်နိုင်အောင် ဖွဲ့ဖွဲ့နွဲ့နွဲ့ တွဲ့တွဲ့လေးလေး ချိုအေးသာယာလှပြီးလျှင် အဆောင်တော်တ၀န်းလုံးမှာလည်း မင်းမိဖုရား၊ သားတော်၊ သမီးတော်များနှင့် မောင်းမမိဿံ ခြွေရံများထံမှ ပျံ့လွင့်ကြိုင်လှိုင်သော သဇင်၊ ဂမုံး၊ ကြက်ရုံး၊ စံပယ် အသွယ်သွယ်သော ပန်းရနံ့များအကျော် စံပယ် နံ့သာကရက်မက်၊ ဂုန်ဂမန်ကတိုးတို့၏ နှစ်သက်ဖွယ်ရနံ့များ အီစလန်လေးတရာ ထုံမာလာ နှင်းရေမွှေးတို့ ချိုအေးသင်ပျံ့သောရနံ့များ၊ ကျယ်၀န်းသော အဆောင်တော်တ၀န်းတွင် ဂန္ဓာရုံရနံ့ကောင်းတို့ဖြင့် ပျံ့လှောင်းထုံသင်းလျက်ရှိ၏။


အချိုအုပ်၊ အချဉ်အုပ်၊ အဆိမ့်အုပ်၊ အပေါင်းအထုပ်၊ အကြော်အလှော်၊ သီးမျိုးစုံ၊ ယိုမျိုးစုံ၊ ပွဲတော်စားတော်အုပ်အမျိုးမျိုးနှင့် မင်းသုံးစိုးထိုက် အမွန်အမြတ် ရသာရုံစာတော်ကလပ်ချင်း အထပ်ထပ် ရှုပ်ထွေးလျက် နှစ်သက်စရာ သုံးဆောင်ဖို့ ဘုန်းခေါင်ဘုန်းဖျား စီမံထားသည်မှာလည်း စား၍မငြီး ရသာရုံကို ခုံမင်၍မပြီးနိုင်အောင် ဖြစ်လေသည်။


နှစ်သက်ကျေနပ်၍မဆုံး ရွှင်ပြုံး၍မ၀၊ အာရုံတကာ့အာရုံ အကောင်းတွေစုံလှသဖြင့် လောကစည်းစိမ် ခံစားရာသက်သက်၊ လောကုတ္တရာအကြောင်း မဖက်သည့် ဌာနကြီးဖြစ်သည့်အားလျော်စွာ အဆောင်တော်ကြီးတခုလုံးရှိ မင်းယောက်ျား၊ မင်းမိန်းမ ပရိသတ်များမှာ ရွှင်ရွှင်ပြုံးပြုံး ပျော်မဆုံးမော်မဆုံး ဖြစ်နေကြ၏။


တင့်တယ်သောအသရေနှင့် စံနေတော်မူသော မင်းတရားကြီးဘုရားမှာလည်း မိဖုရားနှင့် သမီးတော်များ ခြံရံကာ မွန်မြတ်သော မင်းစည်းစိမ်ကို ငြိမ်သက်စွာ ခံစားတော်မူရင်း နန်းတွင်းဇာတ်တော်ကြီးကို ရှုစားတော်မူလျက် ရှိလေ၏။


သဘင်၀န် အမှူးထား၍ များစွာသော နန်းတွင်းဇာတ်တော်ကြီးသားများမှာလည်း လက်ရွေးစင်၊ သဘင်ဘက်တွင် ယှဉ်ဘက်မရှိအောင် သဘင်၀န်တို့၏ ရွေးချယ်စိစစ် ခန့်ထားသော ပညာသည်ညွန့်ပေါင်းများသာ ဖြစ်ရကား ဇာတ်တော်ကြီးတို့၏ အစီအစဉ်ကို ဆံခြည်တမျှင်မျှ မတိမ်းမစောင်းရအောင် ထိန်းသိမ်းစောင့်စည်း၍ မင်းတရားကြီးတရားနှင့် နန်းတော်သူ နန်းတော်သားများရှေ့တွင် အတီးအက၊ အဆိုအမျိုးမျိုးကို မြန်မာသံ၊ တလိုင်းသံ၊ မွန်သံ၊ ပတ်ပျိုး၊ ယိုးဒယားနှင့် ကြိုးကြီး၊ ဘွဲ့ကြီးများ ဘုန်းတော်ဘွဲ့ကြီးကို  နားမညောင်းရအောင် ပြောင်းလွှဲဖြေဖျော် အကြည်တော်ဆက်ကြလေ၏။


မင်းတရားကြီးဘုရား၏အပါးတော်မှ ရှုစားတော်မူနေသော အလယ်နန်းမတော်ဖုရားသည် သမီးတော် စုဖုရားလတ် ထွက်တော်မူလာခဲလှသဖြင့် မကြာခဏ မိမိအပျိုတော်ကြီးများအား မေးတော်မူလျက် ရှိလေ၏။ အပျိုတော်ကြီးများမှတဆင့် လက်ပါးစေ အပျိုတော်ကလေးများကို အထောက်တော်သွားစေရာက နောက်ဆုံးတွင် စုဖုရား ထွက်တော်မူလာပြီဖြစ်ကြောင်း လျှောက်တင်ကြမှ စိတ်ချတော်မူပြီး "ငါ့သမီးတော် ပရိသတ်ကြီးစုံမှ ထွက်တော်မူလာပြီး ကိုးရိုးကားရားကြီးများ ဖြစ်နေမလားနော်" ဟူ၍ စိတ်တော်မအေးနိုင် ရှိတော်မူနေလေ၏။


ပွဲကြည့်ဆောင်တဘက်မှ ငြိမ်သက်သောဣနြေ္ဒဖြင့် နုနုညက်ညက် မလှမ်းချင်လှမ်းချင် တစ်လှမ်းချင်း ထွက်တော်မူလာသော စုဖုရားလတ်ကို တွေ့မြင်တော်မူလိုက်ရသောအခါ အထင်တွေးထက် အယဉ်အကျေးပိုပြီး တကယ့်မင်းသမီးကြီးများ မသာအောင် နွဲ့နွဲ့နှောင်းနှောင်း ပျောင်းပျောင်းပျော့ပျော့ ဖြစ်လာသည်ကို မြင်တော်မူလျှင် များစွာစိတ်အေးတော်မူပြီး ပရိသတ်ဗိုလ်ပုံထဲမှ ခမည်းတော်၊ မယ်တော်၊ အစ်မတော်များ ရှိရာသို့ ယဉ်ယဉ်ကြီး ၀င်တော်မူလာသော သမီးတော်ကိုသာ မျက်တောင်မခတ် အားရစွာ ရှုစားတော်မူလေ၏။


အစွန့်အဖျားက ပရိသတ်များနှင့်တကွ အပါးတော်ကြီး ခပ်နီးနီးတွင်ရှိကြသော မင်းပရိသတ်တို့မှာလည်း နွဲ့နွဲ့နှောင်းနှောင်း မူဟန်တော်ပြောင်းလာသော စုဖုရားအား နန်းမျက်စိနှင့် ကြည့်ပါမူ အထက်အခါများက ခပ်ကြမ်းကြမ်း ခပ်မာမာ မင်းယောက်ျား အသွင်နှင့်သာ တွေ့ခဲ့ရကြောင်း ယခုကဲ့သို့ ရုတ်တရက် နုညက်သိမ်မွေ့ ရွှေနန်းသူဓလေ့နှင့် ယဉ်၍မဆုံး၊ မွေ့၍မဆုံး၊ နု၍မဆုံး ဘုန်းကျက်သရေပြည့်၀ လှပကြည်လင်၊ အပြင်အဆင် ပြေပြစ်၍ ကျစ်လစ်သိမ်မွေ့ဣနြေ္ဒရှင်ပီပီ ထွက်တော်မူလာသည်ကို တွေ့မြင်ကြရလျှင် ပွဲကြည့်အဆောင်တော်ကြီးတစ်ခုလုံးအတွင်းရှိ မင်းမိဖုရား၊ သားတော်၊ သမီးတော်များနှင့်တကွ အလုံးစုံသော နန်းတွင်းသား၊ နန်းတွင်းသူတို့မှာ တတိုင်းတပြည်မှ ကြွရောက်လာသော မျက်နှာစိမ်း မင်းသမီးတပါးကို တွေ့မြင်ရသကဲ့သို့ လူမှား၍ နေကြလေ၏။


နောက်ပါအထိန်းတော်ကြီး ခင်ဘွားသစ်နှင့် ရံရွေဘော် အပျိုတော်အပေါင်းကို တွေ့မြင်ရသောအခါ မယ်တော် အလယ်နန်းမတော်မိဖုရား၏အပျိုတော်များက ခရီးဦးကြိုပြုကြလျက် မယ်တော်ကိုယ်တိုင်ကလည်း သမီးတော်အား သလွန်ပေါ်မှ နေရာထိုင်ခင်း ဖယ်ရှားပေးတော်မူပြီး


"သမီးတော် စုလတ် ဘောက်မဲ့ နောက်ကျတော်မူသတုံး"


ခပ်ပြုံးပြုံး မိန့်တော်မူလိုက်မှပင်


"ဟင် ... လက်စသတ်တော့ မြတောင်စုဖုရားကလေးပါကလား"


နန်းတော်သူ နန်းတော်သားအချင်းချင်း အတွင်းကြိတ် လက်တို့ကြပြီး တအံ့တသြ ချီးမွမ်း၍နေကြကုန်၏။


"မာချင်လျှင် စိန်သံချောင်း၊ နုချင်လျှင် ဖေါ့ဖယောင်း" ဆိုသလို ပျော့ပျောင်းပြေပြစ် ပင်တိုင်သူ့မူဟန် ရွှေနန်းစံ သာကီသွေးမို့ ယဉ်ကျေးသိမ်မွေ့လှပါတယ်။


"အဖြီးအလိမ်း အပြင်အဆင်မှာလည်း သူများတကာထက် တစ်ပန်းသာပြီး နည်းခိုးစရာ ဖြစ်နေပါကလား"


မိဖုရား မိဖုရားချင်း၊ သမီးတော် သမီးတော်ချင်း၊ ဆွေတော်, မျိုးတော်, အထိန်းတော်, အပျိုတော်အချင်းချင်း စုဖုရားကို တအံ့တသြ တီးတိုးချီးမွမ်းပြောဆိုလျက် ၀င်တော်မူလာသည်ကအစ ခမည်းတော်နှင့် မယ်တော်အပါးသို့ ကျိုးရို့ခစားမိသည်အထိ ငေးစိုက်ကြည့်ရှုနေမိကြလေ၏။


မင်းတရားကြီးဘုရားမှာမူကား မင်းယောက်ျားကဲ့သို့ ထကားယား၊ ထိုင်ကားယား၊ ကြွားကြွားမားမားသာလျှင် ရှုစားတော်မူခဲ့ရသော သမီးတော်အား ဤကဲ့သို့ ရုတ်တရက်ချက်ချင်း ပျော့ပျောင်းသိမ်မွေ့ ထီးငွေ့နန်းသွေးပီပီ ခစားလာသည်ကို ရှုစားတော်မူရသောအခါ ရှေးယခင်အခါက နှမတော် အလယ်နန်းမိဖုရားနှင့် နှစ်ပါးတည်း စံတော်မူခိုက်အခါတွင် သမီးတော်သုံးပါးအကြောင်းနှင့် ပတ်သက်၍ စကားဆက်မိတော်မူတိုင်း


"အလယ်နန်းမိမိရယ်၊ မိမိသမီးတော်သုံးယောက်မှာ အကြီးဖြစ်တဲ့ 'မိုင်းနောင်စုကြီး' ကြောင့်လည်း စိတ်မပူဘူး၊ အငယ်ဖြစ်တဲ့ 'ရမည်းသင်း စုကလေး' ကြောင့်လည်း စိတ်မပူဘူး၊ ဟောဒီ 'မြတောင်စုလတ်'ကိုတော့ စိတ်မချဘူး၊ ကျုပ်များသေရင် ဒီလုံကလေးအတွက် ခက်ရချေရဲ့၊ အစစအရာရာ ဆိုးချင်နွဲ့ချင်တာကလည်း အင်မတန်များပြီး ယောက်ျားကလေးများလို ရဲရဲရင့်ရင့်နဲ့ စိတ်ကလည်း ထက်ထက်မြက်မြက် ရှိလှတယ်၊ ကျုပ်မရှိရင် သူ့ကို လူစော်ကားတော့မယ်၊ မိမိကိုယ်တိုင် တဖြည်းဖြည်း သင်ကြားဖျောင်းဖျစမ်းပါဦး၊ မိဘွားသစ်နဲ့ချည့် ပစ်မထားနဲ့"


သမီးတော်အတွက် ရတက်တော်မအေးသဖြင့် အတွင်းရေးကို မိန့်တော်မူခဲ့မြဲဖြစ်ရာ ယခုကဲ့သို့ သမီးတော် စုဖုရားလတ်၏ ရုတ်တရက်  အချိုးပြောင်းပြီး မင်းသမီးပီပီ တည်ကြည်သိမ်မွေ့သော အမူအရာ၊ အပြင်အဆင် အ၀တ်အစားနှင့်တကွ နူးညံ့ယဉ်ကျေး ထီးသွေးနန်းဟန်မပျက် အချက်ကျကျ တွေ့မြင်ရှုစားတော်မူလိုက်ရသောအခါ ရွှေစိတ်တော်အေးလျက် နှစ်သက်တော်မူမိသည့်အတိုင်း သမီးတော် စုလတ်ကို အထပ်ထပ်ပြုံး၍ ရှုစားတော်မူနေလေ၏။


အလယ်နန်းမတော် မိဖုရားကြီးမှာလည်း မင်းတရားကြီး အလိုတော်တွေ့ပြီဟု အားတက်၍မဆုံး တပြုံးပြုံးဖြစ်၍နေတော်မူကာ သမီးတော်စုဖုရားလတ်ကို မကြာမကြာ အရေးတယူနှင့် မိန့်ခွန်းတော် စကားကြူ၍ သူများထက် အလေးမူနေတော်မူပြီးလျှင် အစ်မတော် မိုင်းနောင်စုဖုရားကြီးကလည်း ညီမတော်အမူအရာပြောင်း၍ နွဲ့နှောင်းသိမ်မွေ့လာသည်ကိုပင် ပြုံးရွှင်ကျေနပ်၊ အထပ်ထပ် ယုယကြင်နာ၍ စေတနာတိုးပြီး အချစ်တော်မိုးကြီး စွေဖြိုးရွာသွန်းလျက် ရှိတော်မူရှာလေသည်။


အနီးအပါးရှိ စုဖုရားကြီး၏ အပျိုတော်များအား ညီမတော် စုဖုရားလတ်အတွက် အချိုကလပ်၊ အချဉ်ကလပ်မှစ၍ စားဖွယ်ရာ စားတော်ကလပ် အထပ်ထပ်တို့ကို မပြတ်အောင် ရှေ့တော်သို့ ပို့ဆောင် ဆက်သတော်မူစေ၏။


ယင်းသို့ ခမည်းတော်၊ မယ်တော်များနှင့်တကွ ပွဲကြည့်ဆောင်တော်တစ်ခုလုံးရှိ မင်းပရိသတ်များက မူရာပြောင်းလွှဲလျက် ရှေးကထက် နူးညံ့ယဉ်ကာ အလှကျက်သရေ တိုးတက်လာသော စုဖုရားလတ်အား လေးလေးစားစား အရေးထား၍ ချီးမွမ်းအံ့သြသော မျက်နှာထားနှင့် ယုယကြင်နာ၊ အရေးတော် ပါကြစေသောအခါ အထိန်းတော်ကြီး ခင်ဘွားသစ်မှာ မျက်စိမျက်နှာ မပွင့်အောင် အတွင်းကြိတ် အေးမြင့်၍သွားပြီး အနီးရှိ မိမိနှင့်အတူပါသူ အပျိုတော် ခင်မကြီး၊ ခင်ဘုန်း၊ ခင်ဟေတို့အား စုဖုရားအတွက်နှင့် 'အရှင်မြင့်၊ ကျွန်တင့်'ဆိုဘိအလား အားတက်၀မ်းမြောက်လှသောစကားများ လူမကြားအောင် ကြိတ်၍ လက်သိပ်ထိုး ပြောကြားလျက်ရှိလေသတည်း။


ထိုသို့ ကြီးကျယ်ခမ်းနားလှသော လောကီစည်းစိမ်ခံစားရာ ပွဲကြည့်ဆောင်တော်ကြီးအတွင်းရှိ မင်းယောက်ျား မင်းမိန်းမ ပရိသတ်အပေါင်းတို့မှာ ရွှေရောင်၊ ငွေရောင်၊ မှန်ရောင် ပြိုးပြိုးပြောင်သော ရွှေတိုင်ရောင်အောက်ရှိ အိစက်နူးညံ့သော နေရာထိုင် သလွန်၊ မွန်မြတ်သော ကမ္ဗလာကော်ဇောထက်တွင် နှစ်သက်ဖွယ်သော အဆင်အပြင်နှင့် ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ၊ နံ့သာအထုံ အာရုံစွဲစေသော ဇာတ်တော်ပွဲကြီးတို့ဖြင့် အာရုံခြောက်ပါးကို အလဲလဲ အားရအောင် ခံစားစံစားလျက် စည်းစိမ်တော် ယစ်မူးပြီး အထူးနှစ်သိမ့် ပျော်ရွှင်၍နေကြလေ၏။


၀ဲယာ အငြိမ့်တို့မှာလည်း တဖြည်းဖြည်း အသံပျောက်၍ အောက်ဇာတ်တော်ကြီးမှ ကျွဲခေါင်းဆောင်း၊ သမင်ခေါင်းဆောင်၊ မြင်းခေါင်းဆောင် စသော ပွဲဦးအကများလည်း ပြီးစီးလျက် လေးဆယ့်ငါးရက် အစီအစဉ်အတိုင်း ကပြခဲ့သော ဣန္ဒာ့ဝုဓခေါ် အီနောင် နန်းတွင်းဇာတ်တော်ကြီး၏ ဇာတ်အိမ်ဇာတ်ကွက်ကို ဆက်လက်ပြသရန် အချိန်ရောက်ပြီးဖြစ်သောကြောင့် နှစ်နှစ်ခြိုက်ခြိုက် အာရုံစိုက်လေ့ရှိကြသော နန်းတွင်းသူတို့မှာ ဆိုင်ရာဆိုင်ရာ အလျင်းသင့်သူချင်း စကားပြောဟောနေကြသည်များကို ရပ်ဆိုင်းပြီး ဇာတ်စင်ကြီးရှိရာသို့ မျက်နှာမူကြလေတော့၏။


ထိုညဉ့်အတွက် ဆက်လက်ကပြရမည့် အခန်းကြီးမှာ ဣန္ဒာဝုဓခေါ် အီနောင်နန်းတွင်း ဇာတ်တော်ကြီးမှ တဆယ့်ခြောက်ညမြောက် ပြသရမည့် သောဋသမအခန်းဖြစ်သော ပုပ္ပာနယခေါ် ပွတ်စပါး မင်းသမီးနှင့် လာသံမင်း၏သားတော် စရကားမင်းသားတို့၏ လက်ထပ်အခန်းအနားမတိုင်မီ ပရမီသွာနတ်ကူသို့ ပွတ်စပါး မင်းသမီးသည် မိထွေးတော် အနောက်နန်းမိဖုရားနှင့် နတ်ဂူသို့၀င်ရာ ဣန္ဒာဝုဓခေါ် အီနောင်မင်းသားက ဥပါယ်တံမျဉ် နှင့် လိုက်လံတွေ့ဆုံသော ဂူ၀င်ခန်းခေါ် ပရိသတ်အကြိုက်အများဆုံးသော အခန်းကြီး တခန်း ဖြစ်သောကြောင့် ပဏာမ အကများပြီး၍ အီနောင်မင်းသား၊ ညီတော် သင်္ခမရတား၊ အထိန်းတော် ပသန္တာတို့ ယိုးဒယားချူချပ်အကနှင့် ထွက်လာကြလျှင်ပင် ပွဲကြည့်ဆောင်တော်တခုလုံး တိတ်ဆိတ် ငြိမ်သက်လျက် ဇာတ်ခုံရှိရာသို့သာ စိတ်အားထက်သန်စွာ ရှုစား၍နေလေကြလေ၏။


ထိုညဉ့် ကပြသောအခန်းမှာ ရွှေနန်းတော်ကြီးအတွင်းတော်၌ အသုံးခံရသော အီနောင် ဇာတ်တော်ကြီးတွင် လေးဆယ့်ငါးရက်ပတ်လုံး အခန်းပေါင်း(၂၈)ခန်းမျှ အပိုင်းအခြား ပြသရသည့်အနက်မှ ဆယ့်သုံးကြိမ်မြောက် အခန်းဖြစ်သော "ဦးချခန်း၊ ဆယ့်ခြောက်ကြိမ်မြောက် လေလွင့်ခန်းတို့မှစပြီး နှစ်ဆယ့်ခုနှစ်ကြိမ်မြောက် ဇာတ်သိမ်းခန်းဖြစ်သော ကျောက်ကောက်ခန်းသို့တိုင်အောင် ပရိသတ် အထူးစိတ်၀င်စားလျက် နှစ်သက်လှသော အခန်းကောင်းကြီးများဖြစ်၍ ထိုအကောင်းဆုံး အခန်းများအနက်မှ ယခုညဉ့်ပြသသော 'ဂူ၀င်ခန်း'ဖြစ်ရကား ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားနှင့်တကွ မိဖုရား၊ သားတော်၊ သမီးတော်များပါ အထူးအာရုံစိုက်၍ ရှုစားတော်မူနေဆဲဖြစ်ရကား ပွဲကြည့်ဆောင်တော်ကြီးတခုလုံး တိတ်ဆိတ်ငြိမ်သက်စွာ အသက်ရှူရန်ပင် မေ့လျော့နေသကဲ့သို့ ရှိကြလေသတည်း။


သို့နှင့် အတန်ကြာသော် ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားလည်း ညောင်းညာတော်မူသည့်နှင့် ရွှေနန်းမအဆောင်တော်သို့ ပြန်လည်ထွက်ကြွတော်မူသွားလျှင် အချို့ မိဖုရား၊ မောင်းမမိဿံ၊ ခြွေရံကျေးကျွန်တို့ နောက်တော်ပါးမှ ပါသွားကြပြီး အချို့လည်း အလယ်နန်းမတော်မိဖုရားအပါးတော်တွင် ပွဲကြည့်ရင်း ခစားကျန်ရစ်ကြလေ၏။


အချို့ မိဖုရားငယ်၊ ကိုယ်လုပ်မောင်းမငယ်များမှာကား ရှေ့ရေး၊ နောက်ရေး၊ တွေးတောကာ ရွှေနန်းရှင်ဘုရား ၀င်တော်မူသွားသည့်နောက်သို့လည်း မလိုက်၊ မိမိတို့ အဆောင်တော်သို့လည်း ခပ်ပြောင်ပြောင် ပြန်မသွားဘဲ အလယ်နန်းမတော်ဖုရား အပါးတွင် ဣနြေ္ဒမပျက် ဆက်လက်နေကြရရှာသူများ ဖြစ်လေရာ အချင်းချင်း လက်တို့ပြီး


"မမတို့ကလည်း ဘာမှမတွေးဘဲကိုး၊ သွားချင်ရင် ခဏလောက် အခြေမပျက်နေပြီးမှ ပြန်ပါမှပေါ့၊ မတော်လို့ ဟို အလယ်နန်းဖုရားက ငါ့အပါး မခစားချင်လို့ သင်းတို့ အတွင်းကြံနှင့် ဂုဏ်ခံထသွားကြတယ်ထင်ပြီး စိတ်တော်ထဲ ငြိုငြင်သွားရင် မမတို့ မိမိတို့မှာ တိုတိုပြောကြပါစို့ မြေစာပင်အငယ်စားကလေးတွေမို့ နှစ်ဘက်ဓား နီးလှပါတယ်"


"အရှင် မိဖုရားခေါင်ကြီးဘုရား နတ်ရွာစံ ကံတော်ကုန်သွားမှ ဆောင်ရ၊ နန်းရမိဖုရား အသီးသီးရှိကြတဲ့အထဲမှာ အလယ်နန်းမတော်သခင်ကြီးဖုရား တပါးသာ အကဲပါလို့ အရာရောက်ပြီး အထွတ်အထိပ်မြောက်တော်မူရမှာ အမှန်ပဲ မိမိရဲ့"


"ဒီတော့ 'မင်းခစား ကမ်းနားသစ်ပင်' ဆိုသလို အင်မတန် အန္တရာယ်များလွန်းလို့ သတိဝိရိယ အထူးထားရမယ်၊ မင်းတို့မျက်စောင်း အကြောင်းသုံးပါး မရွေးဘူးတဲ့ မိမိရဲ့၊ အရာရာ ရှေ့နောက်ကြည့်ပြီးမှ နေပါ၊ ထိုင်ပါ"


ပြောသူကပြော၍ အချို့ကလည်း


"အို့ ... မမတို့ရယ်၊ နေရထိုင်ရတာ ကျဉ်းကျုပ်လှပါတယ်၊ ဘုန်းတော်ကြီးလှသောဘုရားလည်း ရွှေနန်းဆောင်တော်ထဲ ထွက်တော်မူသွားပြီဟာ၊ တာ၀န်မရှိတော့ဘူး၊ ကျွန်မတို့လည်း အိပ်ချင်ရင် ကိုယ့်အဆောင်ကိုယ် ထပြန်ကြရုံရှိတာပဲ မဟုတ်လား၊ အလယ်နန်းမတော်ဖုရား မပြန်သေးလို့ တညလုံး ပွဲရှုစားတော်မူနေရင်ကော ကျွန်မတို့ အိပ်ချင်ရက်နဲ့ ဒီလိုငုတ်တုတ်ကြီး ထိုင်နေရမှာပဲလား မမရဲ့၊ ဒီပြင် ဆောင်ရနန်းရ မိဖုရားကြီး၊ မိဖုရားလတ်တွေလည်း ဒီလိုပဲ အသီးသီး ကိုယ့်သဘောနဲ့ကိုယ် ပြန်ချင်တဲ့သူ ပြန်၊ ချန်ချင်တဲ့သူ ချန်နေရစ်တာကပဲ၊ ဒီထဲကမှ အမျက်တော်ထားရင်လည်း ခံလိုက်ရုံပေါ့"ဟု.. ငေါ့တော့တော့ပြောရာ-


"အို ... မင်းသိင်္ဂါတို့ ပြောလိုက်မှဖြင့် အငေါ်တူးတူးနဲ့ အထူးလန့်စရာကောင်းပါကလား၊ တိုးတိုးပြောပါ၊ အရိပ်သုံးပါးနားမလည်ရင် ချေသူငယ် ကျားစာဖြစ်သတဲ့၊ သတိထားဖို့အကြောင်း သတိပေးတာပါ၊ ဟို ... အလယ်နန်းမိဖုရားကိုလည်း ဒါလောက်ဆိုးတယ်လို့ ပြောသေးတာမှ မဟုတ်ပါဘဲနဲ့ ဒီလိုလုပ်ရင် ဒီလို ထင်သွားချင် ထင်သွားမလားဆိုတာ တွေးတောပြီး ပူမိလို့ သတိပေးတာပါ။ ဖြစ်တတ်တဲ့သဘာ၀မို့ ကျွန်မက တွေးမိတဲ့အတွက် ပြောရတာကိုး၊ ထင်မယ် မထင်ဘူးဆိုတာတော့ ဘုရားသိကြားမှ သိနိုင်မှာပေါ့၊ အထင်မလွဲရင် ကိစ္စမရှိဘူး၊ အထင်လွဲရင်တော့ တနေ့ ရင်ကွဲရပြီသားဆိုတာ မှတ်ထားပါ၊ အထွတ်အထိပ်ရောက်မည့်ဆဲဆဲ ပုဂ္ဂိုလ်တဦးကို အထူးခစားလို့ မမှားဘူး၊ 'အရှင်မြင့် ကျွန်တင့်' ဆိုတဲ့စကားလို ကိုယ့်ဖို့ကိုယ် ??တောင် ချီးမြှင့်သူကောင်းပြုတာ ခံရပါလိမ့်ဦးမယ်" 


အချင်းချင်း လက်တို့ကာ တီးတိုး ပြောဆိုလျက်ရှိကြလေ၏။


အလယ်နန်းမတော်ဖုရားနှင့်တကွ သားမယ်တော်လေးပါးလည်း အချို့သော မိဖုရား မောင်းမ ခြွေရံများနှင့်အတူ အတန်ကြာ ပွဲရှုစားတော်မူပြီး လင်းအားကြီးအချိန်ကျမှ အဆောင်တော်တို့ ပြန်ကြွတော်မူလာကြသဖြင့် ပွဲကြည့်ဆောင်တော်ထဲတွင် လူစုကွဲသွားကြလေရာ ဆီမီးထွန်း အမှုထမ်းသားများသာလျှင် ကြောင်မရှိတုန်း ကြွက်တွေမြူးကြဘိအလား တသောသော တဟားဟားဖြစ်၍ နေရစ်ကြလေတော့တည်း။


* * * 


"ပဟိုရ်တချက်တီးတော့မယ်၊ အရှင်ထိပ်စုဖုရား၊ စက်ရာတော်ကမှ လူးလွန့်တော် မမူသေးပါကလား၊ ပွဲတော်စာများလည်း အေးတော့မယ်"


ပွဲတော်အုပ်ဆိုင်ရာ အပျိုတော် ခင်ဟေက ပြောလျက် ခင်မကြီးနှင့်ခင်ဘုန်းတို့ လူစုံကလည်း ဘီးကလပ်၊ နံ့သာကလပ်များ အဆင်သင့်ထားပြီး ခါနွေနှင့် မိလ္လာတို့က သလွန်အနီးမှ ယပ်လေများ ဆက်လျက်ရှိကြစဉ် အထိန်းတော်ကြီး ခင်ဘွားသစ် ၀င်လာပြီး


"အလို ... စုထားဖုရား၊ စက်တော်ခေါ်လှချည့်လား၊ နေလည်းမြင့်လှပြီ၊ ပွဲတော်စာအချိန်နှောင်းမှဖြင့် နေထိုင်မကောင်းဖြစ်တော်မူရင် မယ်တော်ဖုရား အပြစ်တင်ခံရတော့မယ်၊ စုထားဖုရား နိုးတော်မူအောင် နှိုးလေဦးမှပါပဲ"


ပြောဆိုညည်းတွားကာ စက်ရာတော်နံဘေးမှ ကျုံ့ကျုံ့ကလေး ၀င်ထိုင်၍ အပြစ်ကင်းမဲ့သော ကလေးပမာ နှစ်ခြိုက်စွာ စက်တော်မူနေသော စုဖုရားကို ပါးချင်းအပ်ကာ သာယာ ဖြည်းညှင်းစွာ နှိုးလေ၏။


"စုထားဖုရားရဲ့ ထတော်မူပါတော့၊ နေမြင့်လှပါပြီဘုရား၊ စက်တော်ခေါ်ချိန်လွန်ရင် ဘ၀င်နုံးလို့ ကိုယ်ချုံးတတ်ပါတယ်။ ချိုးတော်ရေများသုံး၊ ပွဲတော်များတည်ပြီးမှ တခါစက်တော်မူပြန်​တော်မူပါ"


ယုယုယယ လျှောက်တင်သည်တွင် စုဖုရား နိုးတော်မူလာပြီး


"သြော် ... စုစု စက်တော်ခေါ်တာ သိပ်နေမြင့်သွားပြီလား သစ်သစ်ရဲ့၊ အင်း ... ညက ပွဲကြည့်ဆောင်မှာ မိုးလင်းခါနီးအောင် ရှုစားတော်မူနေမိတာကိုး"


မိန့်တော်မူကာ စက်ရာထတော်မူ၍ ဖြီးလိမ်း ၀တ်ဆင်တော်မူပြီးသည့်အဆုံး၌ ပွဲတော်များ သုံးဆောင်လျက်ရှိလေ၏။


အထိန်းတော်ကြီး ခင်ဘွားသစ်အမှူးပြုလျက် အပျိုတော်ကြီးငယ်တစုတို့မှာ ညဉ့်အခါက ကြည့်ရှုလာခဲ့ရသော အီနောင်ဇာတ် ဂူ၀င်ခန်းမှအကြောင်းများကိုလည်းကောင်း၊ ဇာတ်တော်ကြီးမှ အီနောင်မင်းသား ပြုလုပ်သူ ဇာတ်တော်ကြီးမင်းသား မောင်စံတုတ်၏ အဆို အကအကြောင်းနှင့် မင်းသမီး မယင်းတော်ခေါ် ယင်းတော်မလေး၏ အဆိုအကများကိုလည်းကောင်း၊ အမျိုးမျိုးအဖုံဖုံ ချီးမွမ်းစကား ပြောသူက ပြောလျက် အချို့ကလည်း ပွဲကြည့်ဆောင်ထဲတွင် တွေ့ခဲ့ရသော မင်းမိန်းမ ပရိသတ်တို့အတွင်းက ကဲ့ရဲ့စရာရှိသူတို့ကို ကဲ့ရဲ့၍ ချီးမွမ်းစရာရှိသူကို ချီးမွမ်းစကားများ ပြောကြားခြင်း၊ မိမိတို့အရှင် ထိပ်စုဖုရား ပွဲကြည့်ဆောင်တော်ထဲသို့ ထွက်တော်မူသောအခါက ဘုန်းတော်ကြီးလှသော ခမည်းတော်ဘုရားက အားရရွှင်လန်းသော မျက်နှာတော်နှင့် သမီးတော်ကို အထပ်ထပ်အဖန်ဖန် အပြန်ပြန် ရှုစားတော်မူပုံ၊ အဆောင်တော်တ၀န်းလုံး အထူးအဆန်းကဲ့သို့ စုဖုရားကို ဣနြေ္ဒမဆည်နိုင်အောင် တအံ့တသြ ရှုစားပြီး တီးတိုးချီးမွမ်းကြသောစကားများ မည်သို့မည်ပုံ ကြားခဲ့ရကြောင်းတို့ဖြင့် အားရပါးရ လက်ပံပင် ဆက်ရက်ကျသလို အတောမသတ်နိုင်အောင် အချီအချ ပြောဆို၍နေကြလေရာ စုဖုရားမှာ ပွဲတော်စားရင်း တပြုံးပြုံး နားထောင်နေတော်မူရှာလေ၏။


သခင်မျက်နှာသာခိုက်တွင် ပျော်စေပြက်စေ ကလက်စေဟူသော အခွင့်အရေးအတိုင်း လက်ပါးစေ အပျိုတော်ကလေးအစ အထိန်းတော်ကြီးအဆုံး အဆောင်တော်တခုလုံးရှိ အပျိုတော်ကြီးငယ်တစုမှာ ထင်ရာကိုပြော၍ တသောသော ရယ်မောလျက်ရှိကြစဉ် ခင်မြဇင်ခေါ် ခပ်ရွှတ်ရွှတ် အပျိုတော်တဦးက


"ဒါထက် မမတို့ ညက ကျွန်မလူကို သေသေချာချာ မြင်လိုက်ကြပြီမဟုတ်လား၊ ပွဲဆက်က များလာလို့ ပါးရိုးကလေးများ နည်းနည်းချောင်နေရှာပြီ"


ပြောလိုက်သောအခါ ဓာတ်သိ အပျိုတော်များက သောခနဲ ရယ်လိုက်ကြသော်လည်း တချို့က တကယ်မသိသဖြင့်


"ဘယ်သူလဲ ခင်မြဇင်ရဲ့၊ မမတို့ မမြင်မိပါကလား၊ ခင်မြဇင် သဘောကျရင်တော့ လူချောလူလှထဲက ဖြစ်မှာပါပဲ။ လက်ဖက်ရည်တော်သားထဲကလား၊ ကွမ်းရေတော်သားထဲကလား၊ ဗြဲတိုက်တော်ကလား၊ ကိုယ်ရံတော် ထဲကလား၊ ဖိနပ်တော်လား၊ ထီးတော်လား၊ ဆီမီးထွန်းမှူးကြီးတော့ အရုပ်ဆိုးလို့ စိတ်မကူးဘူးဆိုတာ အတပ်သိပြီးသားမို့ ထည့်မမေးပါဘူး၊ ကဲ ... ပြောစမ်းပါ၊ ဘယ်သူလဲ သိချင်လှပါပြီ"


ပြောကြမှ ခင်မြဇင်က ခပ်ပြုံးပြုံးနှင့် ဓာတ်သိအပျိုတော်ကလေးများဘက်သို့ လှည့်လျက် မျက်စတဖက် ချီကာ


"ပြောလိုက်ကြပါလေ မမတို့ အသိသားပဲဟာ၊ ကိုယ့်ကိုယ်ကိုယ် မဖော်ပါရစေနဲ့၊ ခင်သီတာက မသိသေးလို့ မေးနေရှာပါတယ်"


ဆိုလျှင် ပွဲကျနေသော ဓာတ်သိအပျိုတော်များဘက်မှ ခပ်သွက်သွက် အပျိုတော်ကလေးတဦးက ၀င်ထည့်၍


"အိုး ... ခင်သီတာနှယ်နော်၊ ခင်မြဇင်ရဲ့လူဟာ ခုမေးနေတဲ့ အမှုထမ်းသား သာမန်လူစားတွေ မဟုတ်ဘူး၊ နန်းတွင်အပျိုတော်တွေရဲ့ အသည်းကြော် လူချောလူလှ၊ တကယ့်ထူးခြားတဲ့ လူတဦးပါ၊ မနေ့ညက သူ့လူကို ဘုန်းတော်ကြီးလှသော ရွှေနန်းရှင်ဘုရားနှင့်တကွ တနန်းတော်လုံး တပြုံးပြုံး ရှုစားခဲ့ကြရပြီ မဟုတ်လား၊ ယိုးဒယားချူချပ်အကနဲ့ ကုလားကာကြားထဲက ထွက်လာလျှင်လာချင်း  မျက်စကလေး တဖက်ချီပြီး သူ့ရည်းစားဦးကြီး ခင်မြဇင်ဆီကို တချက်ကြည့်လိုက်တာ၊ ဒီတော့ ခင်မြဇင်ကလည်း ဆင်စွယ်ဆံထုံးကလေးနဲ့ ဦးရေစကို ထိုးထိုးပြီး တမျိုး မူလိုက်ပါသော်ကော"


မဟုတ်က ဟုတ်ကနှင့် ရယ်စရာပြောလိုက်သဖြင့် တသောသော ပွဲကျသွားလေ၏။ 


"မလုပ်ပါနှင့် ခင်မြဇင်ရယ်၊ ဒီပြင်ဟာနဲ့ ကစားချင်ရင် ကစားပါ၊ ခံနိုင်ပါတယ်၊ ဒီအသက်ဘူးကြီးကိုတော့ မထိပါနဲ့၊ ဒီလူ့ကိုကလည်း ခက်ပါတယ်လေ၊ ဇာတ်တော်ကြီးထဲ လိုက်မကပါနဲ့မောင်ရယ်၊ အိမ်မှာ အေးအေးကလေး ထိုင်စားနေတော်မူပါ၊ လက်ဖက်ခြောက် ရွှေဖီဖူးကလေးကို အိမ်ဦးက ဒူးနန့်သောက်နေတော်မူပါ၊ မြည်းစရာ အချိုအချဉ်တွေကို လိုချင်တာထက် ပိုအောင်ထားပါမယ်၊ ဘယ်မှလဲ မလည်ပါနဲ့လို့ မှာရက်သားနဲ့ ကျွန်မစကား နားမထောင်ဘဲ ဒီဇာတ်တော်ကြီးထဲ လိုက်မိအောင် လိုက်ကရတာက လွန်ပါရော၊ ဒီလို ကိုယ့်သားမယားပြောတဲ့စကား နားမထောင်မှုကြောင့် ခု ဟိုအပျိုက ပိုး၊ ဒီအပျိုက ပိုးနဲ့ အမျိုးမျိုး နာမည်ပျက်ပြီး အရှက်ကွဲနေတာ"


ခင်ဟေက မျက်နှာထိမျက်နှာထားနှင့် ၀င်မွှေလိုက်သည်တွင် အားလုံး အံ့အားသင့်စွာ နားစိုက်ထောင်နေရာမှ ဝါးခနဲ ပွဲကျသွားပြန်လေ၏။


ရာမ အီနောင်စသည့် အတွင်းတော်တွင် ကပြရသော ဇာတ်တော်ကြီးတို့တွင် အီနောင်မင်းသားအခန်းမှ ကပြရသော ဇာတ်မင်းသား မောင်စံတုတ်မှာ ဇာတ်တော်ကြီး ဦးစီးခေါင်းဆောင်ပြု၍ ကပြနိုင်သော သဘင်ပညာသည်တဦးဖြစ်သည့်အတိုင်း ယိုးဒယားဇာတ်ကြီး အတီး၊ အက၊ အဆိုတို့ကို သူတထူးထက် ဝိဇ္ဇာမိုရ်နေသူဖြစ်သည်တကြောင်း၊ သဘင်မျိုးရိုးအတိုင်း အချိုးအစားကျကျ ကြီးပွားလာသူဖြစ်သည်တကြောင်း၊ ရုပ်ဆင်းသဏ္ဍာန် ကြန်အင်္ဂါမှာလည်း မွန်ရည်လှပ အသံအင်္ဂါနှင့်လည်း ညီညွတ်လှသဖြင့် လက်ရွေးစင်သဘင်သည်တို့သာလျှင် ပါ၀င်ကပြရမည်ဖြစ်သော အတွင်းတော်က ဇာတ်တော်ကြီးတွင် သဘင်၀န်က အထူးရွေးချယ် ထည့်သွင်းထားသော ဇာတ်မင်းသားတဦးဖြစ်ရကား မင်းမိန်းမပိုင်းတွင် အထူးခေတ်စားလျက် လူချစ်လူခင်များလှသောကြောင့် ရွှေနန်းတော်ပေါ်သို့ ဆုတော်ခံ၀င်သောအခါများတွင်ပင် မိန်းမပရိသတ်များကို မောင်စံတုတ်၏ပကတိမျက်နှာကို ဖော်ပြခြင်းမပြုရ၊ မျက်နှာကို ပဝါအုပ်၍ အခစား၀င်ရလေ၏။ မမြင်ရသောအရာကို ပိုမိုအလိုရှိမြဲ တွေ့မြင်လိုမြဲဖြစ်သည့်အတိုင်း မြင်လိုသောဆန္ဒတွေက တနည်းအားဖြင့် နှိုးဆွနေလေရာ ပွဲကရာတွင် အဝေးကမြင်ရသော မျက်နှာကလေးကိုသာ အာသာပြေ ကြည့်ရရှာကြလေ၏။


ထို့ကြောင့် ခင်မြဇင် အစရှိသော အပျိုတော်များမှာလည်း ပျော်ပျော်ပါးပါး ရယ်ပွဲဖွဲ့ရသောအခါများတွင် အပျင်းပြေ ရယ်စရာစကားနှင့် ဇာတ်မင်းသား အီနောင်မောင်စံတုတ်ကို အကယ်စင်စစ် နောက်ပိုးစိတ်ဖြင့် ကြိတ်၍ စွဲလမ်းနေသယောင်ယောင် နောက်ပြောင်ကြည်စားနေကြစဉ် မယ်တော် အလယ်နန်းမတော်ဖုရား၏အဆောင်မှ အပျိုတော် ခင်ပုနှင့် ခင်နုတို့ စုဖုရားအဆောင်သို့ ရုတ်တရက် ရောက်လာကြလေ၏။


စု။      

"သြော် ... ခင်ပုတို့ပါကလား၊ ဘာကိစ္စ ခစားရောက်ကြသတုံး"


ခင်ပု။      

"မှန်လှပါ၊ မယ်တော်မြတ်ဖျားက အဆောင်တော်သို့ အရှင်ထိပ်စုမြတ်ဘုရား ကြွရောက်ပြီး လှူဖွယ်တန်းရပ်များ ကြည်ညိုရန် အခေါ်တော်လွှတ်လိုက်ကြောင်းပါ"


ခင်နု။      

"အရှင်ထိပ်စုမြတ်ဖျား၏ အလှူတော်သင်္ကန်းများ ချုပ်လုပ်လို့ ပြီးစီးပါက အချိန်မီပို့ရန် မှာကြားလိုက်ကြောင်းပါဘုရား"


စု။      

"မယ်မယ်ဖျား ခေါ်တော်မူရင် စုစုလည်း အဆောင်တော်ကို ၀င်တော်မူရမှာပ၊ ခင်ဟေတို့ ချုပ်ကြတဲ့ သင်္ကန်းတော်များလည်း ကြာပန်းခိုင်နှင့်လိပ်လို့ပင် ပြီးစီးနေပါပြီ၊ မယ်မယ်ဖျားအဆောင် ရောက်အောင် နောက်ထပ်အပို့လွှတ်လိုက်ပါ သစ်သစ်ရဲ့"


သစ်။     

"အရှင်ထိပ်စုဖုရား၊ မယ်တော်ဆောင် ထွက်တော်မူရာသို့ သစ်သစ် မလိုက်ပါရတော့ဘူးလားဘုရား"


စု။      

"အို ... သစ်သစ်လိုက်လို့ ဘယ်ဖြစ်မလဲ၊ သင်္ကန်းတော်များကိုသာ ???? ရှိသေးတယ် မဟုတ်လား"


သစ်။       

"ဘာကိစ္စတွေပါလိမ့် ... သြော် ... သိပါပေါ့ဘုရား၊ ဆေးလိပ်တော် တင်စရာ..."


စု။       

"ဟုတ်ပါတယ် သစ်သစ်ရယ်၊ စုစု မယ်ဖျားအဆောင်တော် ထွက်တော်မူနေစဉ် သစ်သစ် ဆောင်ရွက်စရာကိစ္စများ ပြီးစီးအောင် စီမံလို့ထားလိုက်ပါဘိ"


မျက်ရိပ်ပြ၍ အမိန့်တော်ရှိပြီးလျှင် အပျိုတော်အချို့ကို နောက်တော်ပါခေါ်လျက် ခင်ပု၊ ခင်နုတို့နှင့်အတူ မယ်တော်ဆောင်သို့ ထွက်တော်မူခဲ့လေ၏။


မယ်တော် အလယ်နန်းတော်ဆောင်သို့ ရောက်တော်မူလျှင် အဆောင်တော်၀န်းကျင် ပြည့်လုမျှ လှူဖွယ်တန်းရန် သပိတ်သင်္ကန်း ဆွမ်းအုပ်မျိုးစုံတို့ကို မယ်တော်၊ အစ်မတော်၊ ညီမတော်တို့က ခေါင်းဆောင်ပြုလျက် လက်ပါးစေများ၊ အထိန်းတော်၊ အပျိုတော်ကြီးများပါ တာ၀န်အသီးသီးယူလျက် သက္ကစ္စမြောက် မွမ်းမံပြင်ဆင်နေကြသည်ကို တွေ့ရလေ၏။


ထိပ်စုဖုရားလတ်သည် မယ်တော်မြတ်အပါးသို့ ခစားမိလျှင်ပင် မယ်တော်ကလည်း ချစ်ခင် မြတ်နိုးစွာဖြင့် "စုလတ် ရောက်တော်မူပြီလား၊ မင်းဖျားတို့ ကုသိုလ်တော်များကို ကြည်ညိုစိတ်ပွားရအောင် ခေါ်တော်မူခြင်း ဖြစ်တယ်၊ နက်ဖြန်သဘက်ဆိုသလို စာတော်ပြန်ပွဲ ခင်းကျင်းရာ သုဓမ္မာဇရပ်တော်သို့ လှူဖွယ်ပစ္စည်းများ ပို့ရတော့မယ် လုံကလေးရဲ့၊ အလှူတော်သင်္ကန်းများလည်း ယခုကပင် မယ်ဖျားအဆောင်တော်သို့ ပို့ဖို့တော်ပြီကွဲ့"

မိန့်တော်မူလျှင်


"ယခုပင် ခင်မြဇင်တို့ သယ်ယူ၍ ရောက်လာပါလိမ့်မယ် မယ်မယ်ဖျား၊ ဒါထက် မယ်မယ်ဖျား အဆောင်တော်ကြီးတခုလုံးဟာလည်း လှူဖွယ်ပစ္စည်းတွေနှင့်ချည်း ပြည့်လျှံ၍နေပါတော့သည်၊ အစ်မတော်နှင့် ညီမလေးတို့ပင် သင်္ကန်းတော်များကို ခေါက်နေကြပါကလားဖျ"


"သူတို့လည်း သာဟတ္တိကမြောက်အောင် ကိုယ်တိုင်သင်္ကန်းတွေ ခေါက်ကြတယ်စုထားရဲ့"


မယ်တော်က ပြုံး၍ မိန့်တော်မူလျှင်


"မယ်မယ်ဖျား၊ စုထားလည်း ကုသိုလ်တော်လိုချင်လို့ ၀င်လုပ်ပါရစေ"


လျှောက်ကာ အပျိုတော်များလက်မှ ရှံထည်ပဝါအုပ်နှင့် ကတ်ကြေးကိုယူလျက် ရုတ်တရက် ကိုက်ဖြတ်ပေးမည်ပြုရာ အနီးတွင် ဆွမ်းအုပ်ဖုံး??တွင် ပဝါဖြင့် ကိုယ်တိုင်တော်ချည်နေသော အစ်မတော် မိုင်းနောင်ထိပ်စုဖုရားကြီးတွင် ရုတ်တရက် မြင်တော်မူလိုက်သည်နှင့်တပြိုင်နက် ရင်ဘတ်စည်တီး အံ့သြတကြီးနှင့်


"အလို ... ဟဲ ... ခင်ပု စုစုလက် ကတ်ကြေးကို မြန်မြန်ယူထားလိုက်ပါ၊ လာ ... လာ ... ညီမတော်စုစုရဲ့၊ လက်တော်ကလေးနုနု သွေးချည်တွေ ဥကုန်ပါ့မယ်။ ရှန်ထည်အုပ် ကြမ်းကြမ်းကြီးတွေကို ကိုက်ဖြတ်တော်မူနေမည့်အစား မမဘုရားနှင့် အတူလာပြီး ဆွမ်းအုပ်ပဝါတွေ ချည်တော်မူလှည့်ပါ"


ညီမတော် စုထားအား ချစ်ခင်ညှာတာ၊ ကြင်နာသနား၊ ကရုဏာရှေ့ထား၍ အစ်မတော်ကြီးတပါးပီပီ ပြုံးပြုံးရယ်ရယ်နှင့် ခေါ်တော်မူလိုက်ရာ


"နေပါစေ မမဘုရား၊ စုစု ဒါလောက်ကလေးများမှ အနာမခံနိုင်အောင် နုတော်မူမနေပါဘူး၊ မယ်မယ်ဖျားကလည်း ဆွမ်းအုပ်များ ပြင်ဆင်တဲ့ကုသိုလ်တော်ကို ယူတော်မူပါ၊ စုစုကလည်း လက်တော်ကလေး နည်းနည်း အနာခံပြီး ရှည်ထည်လက်သုတ်ပဝါတွေ ညှပ်တော်မူရတဲ့ ကုသိုလ်အဖို့ကို သီးသန့်ယူပါရစေ၊ ဒါမှ နောင်အခါ ကိုယ့်ကုသိုလ်နဲ့ကိုယ် သီးသီးသန့်သန့် အကျိုးပေးမှာပေါ့ မဖုရားကြီးဘုရာ့၊ ပြီးတော့ စုစုကလည်း ဘယ်အရာမဆို မကောင်းသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ကိုယ့်ဟာကိုယ် သတ်သတ်မှ နှစ်သက်တော်မူပါတယ်၊ သူအရောရော လူအရောရော ဒွေးရောဥပါဒ်နှောပြီး ရှုပ်ရှုပ်ထွေးထွေးကြီး အကျိုးပေးလာမှာ ကြောက်တော်မူတာနှင့် ယခုလို ကုသိုလ်ရေးမှာလည်း ရှုပ်ရှုပ်ထွေးထွေ ပြုတော်မူချင်ဘူးဖျာ့"


ကနွဲ့ကလျ ပြောတော်မူလိုက်ရာ 


အစ်မတော်ကြီးမှာ ညီမတော်မျက်နှာကို ချစ်ခင်မြတ်နိုးစွာ ကြည့်တော်မူလိုက်ပြီး


"နှုတ်ခမ်းပါးကလေးနဲ့ စကားတတ်တော်မူတိုင်း ပြောတတ်လိုက်တာ စုထားရယ်၊ မဖုရားကတော့ ညီမတော်လက်ကလေး နာတော်မူသွားမှာ စိုးရိမ်တော်မူတာနှင့် ညှာတော်မူတဲ့သဘောနှင့် ကရုဏာပြော ပြောတော်မူလိုက်တာပါ၊ ကိုင်း ... ကိုင်း ဒါဖြင့် စုစု အလိုတော်အတိုင်း လက်သုတ်ပဝါများကို ညှပ်တော်မူပါတော့"


အလိုတော်လိုက်ကာ ညှာတော်မူသည့်သဘောနှင့် လိုက်လျောမိန့်တော်မူလိုက်မှ စုဖုရားလတ်လည်း ကတ်ကြေးကြီးကို မနိုင်တနိုင် ကိုင်တော်မူကာ ရှန်ထည်လက်သုတ်ပဝါများ ကိုက်ညှပ်တော်မူစပြုလေ၏။ ထိပ်စုဖုရားလတ် နောက်တော်မှ ပါလာကြသော အပျိုတော် ခင်မြဇင်တို့မှာလည်း လက်ထဲက သင်္ကန်းထုပ်များကို စာရင်းနှင့်တကွ မယ်တော်အလယ်နန်းမိဖုရားကြီးအပါးတွင် ဆက်သနေကြ၏။


မယ်တော်ဖျားလည်း သမီးတော် ထိပ်စုဖုရားလတ်၏ ကုသိုလ်တော် လှူဖွယ်ပစ္စည်းများကို အားရကျေနပ်တော်မူသောမျက်နှာနှင့် ၀မ်းမြောက်နှစ်သက်စွာ ရှုစားတော်မူပြီး သံဃာတော်များအတွက် လှူဖွယ်ပစ္စည်းများဖြစ်သည့်အားလျော်စွာ မြင့်မြတ်ရာ သလွန်တော်တခုပေါ်သို့ တင်ထားရန် ညွန်ကြားအမိန့်ရှိတော်မူလိုက်ပြီး ဆွမ်းတော်အုပ်များကို ပြင်ဆင်မြဲတိုင်း ဆက်လက်ပြင်ဆင်တော်မူရာက သမီးတော်နှစ်ပါး အတိုင်အဖောက် ပြောဆိုလျှောက်တင်နေသောစကားများကို ကြားတော်မူသဖြင့် အလိုက်သင့် ပြုံး၍ နားဆင်တော်မူနေမိပြီးမှ သမီးတော်စုဖုရားလတ်၏လက်တော်တွင် မနိုင့်တနိုင်နှင့် ကိုင်တော်မူထားသော ကတ်ကြေးကြီးကို လှမ်း၍ မြင်တော်မူမိသောအခါ


"အမယ်မင်း ... စုလတ်ရယ်၊ ကတ်ကြေးက ကြီးလှချည်ရဲ့၊ ဟဲ့မြဇင် ငါ့သလွန်တော်ဘေးမှ မကွေးမြို့စား ဆက်တဲ့ ကတ်ကြေးထက်ထက်ကလေးတစင်း ရှိပါတယ်၊ နင့်သခင်ကို ယူပြီး ဆက်လိုက်ပါဘိ"


အခိုင်းတော်မူလိုက်မှ အပျိုတော်ကလေး ခင်မြဇင်လည်း မယ်တော်ဘုရားကြီး စေခိုင်းတော်မူတဲ့အတိုင်း စုဖုရားလတ်အား ကတ်ကြေးသွား၍ ဆက်ရလေ၏။


"ဟဲ့ ... မြဇင်ရဲ့၊ မိဘွားသစ်ကြီးတယောက် မမြင်ပါကလား"


မယ်တော်ဘုရားက မေးတော်မူလျှင်


"တင့်ပါဘုရား၊ အရှင်ထိပ်စုမြတ်ဖျားက အဆောင်တော်မှာ နေရစ်ရမယ်လို့ အမိန့်တော်ချထားသဖြင့် အခစား မပါလာကြောင်းပါဘုရား"


ခင်မြဇင်က လျှောက်လျှင်


"သြော် ... အထိန်းတော်ကြီးရယ်လို့ သင်းတယောက် ကြီးကြီးမားမား ရှိပါတယ်၊ ဘယ်သဘောနဲ့ စုလတ်က ထွက်တော်မူရာ အတူပါအောင် ခေါ်တော်မူမလာရသလဲ"


ထုတ်၍ မိန့်တော်မူလေရာ 


ရှန်ထည်ပဝါ ဖြတ်တော်မူနေသော ထိပ်စုဖုရားလတ်က ကြားတော်မူသဖြင့်


"မယ်မယ်ဖျား သစ်သစ်ကြီးကို စုစု ထားပစ်ခဲ့တာ တခြားကြောင့်မဟုတ်ပါ၊ စုစု ဆင်တော်မူစရာ ပန်းပေါင်းပုတီးတခု နေ့ချင်းပြီး အမြန်ကြိတ်ပြီး ဆက်ရမယ်လို့ ခိုင်းတော်မူထားခဲ့ပါတယ်ဘုရား၊ သူ့ခမျာတော့ အပြောသား၊ စုစု ထွက်တော်မူရာ သစ်သစ်မပါရင် မယ်မယ်ဖျား ဆိုတော်မူနေမယ်တဲ့၊ ဒါပေမဲ့ စုစုကလည်း ခုဆိုခုမှ ကြိုက်တော်မူတာနဲ့ ပန်းပေါင်းပုတီး မပြီးမှာစိုးလို့ မယ်မယ်ဖျား မေးတော်မူရင် သံတော်ဦးတင်လိုက်ပါမယ်၊ ပန်းပေါင်းပုတီးကိုသာ နေမ၀င်မီ ပြီးအောင် ကြိတ်နှင့်ပါလို့ မှာထားခဲ့ပါတယ်ဘုရား"


ဥာဏ်သွားတော်မူသလို လှည့်ပတ်လျှောက်တင်လိုက်သဖြင့် အဆင်သင့် ကိစ္စချောမောသွားလေ၏။


"သြော် ... စုလတ် စုလတ် စိတ်တော်ကလေးက ပြောင်းလဲပြီး လူကြီးပိုင်းထဲ ရောက်လာပြီရယ်လို့ စိတ်ချတော်မူနေတာ၊ ကလေးစိတ် ကလေးဟန်နှင့် စိတ်မြန်ကိုယ်မြန် ရှိတော်မူတုန်းပါပဲကလား လုံကလေးရဲ့။ ဘယ့်နှယ်တော် ပန်းပေါင်းပုတီးဆိုတာမျိုးဟာ တနေ့တည်းနှင့် ပြီးစီးအောင်လုပ်လို့ ဖြစ်နိုင်ရိုးလား၊ မွှေးပေ့ဆိုတဲ့ ပန်း၀တ်ဆံတွေ ညက်ညက်ကြေအောင် တနေကုန် ကြိတ်ရ၊ ကြိတ်ပြီးမှ အလုံးကလေးတွေလုပ် သီပြီး နေပူထဲမှာ ခြောက်သွေ့အောင် နှစ်ရက်၊ သုံးရက် လှမ်းရသေးတယ်၊ လှမ်းပြီးလို့ အခြောက်ကြီးခြောက်လာမှ ခြောက်လာတဲ့ ပန်းပေါင်းအလုံးကလေးများကို အကွက်၊ အပိန့် အချိုးအစားကျကျ သွေးလို့ အမွှေးအထုံ ကတိုးနှင့် ဂမုန်းပေါင်းစုံသပ်ပြီး ပိုးကြိုးနဲ့ သီကုံးပြီးမှ နန်းသုံးတော်၀င် ပန်းပေါင်းပုတီးတကုံး ဖြစ်လာရတယ်၊ ဘယ်မှာ 'ခု ရေတွင်းတူး ခုရေကြည်သောက်' ဆိုသလို မျက်စိအောက် တနေ့တည်းနဲ့ ရောက်လာနိုင်မလဲ စုလတ်ရဲ့"


"ဒါနဲပ အဆောင်တော်ပြန်ရောက်လို့ ပန်းပေါင်းပုတီး မပြီးရလားဆိုပြီး ဘွားသစ်ကြီးကို စိတ်ကောက်တော်မူဦးမယ်၊ သြော် ... တကယ်ဆိုတော့လည်း ဘွားသစ်ကြီးမို့သာ ဒီသမီးတော်ရဲ့ သည်းညည်းခံနိုင်ပေတာပဲ၊ စုစုအကြိုက်ကို အလိုက်အလိုက် ကြည့်ပြီး ခစား စောင့်ရှောက်ပေတယ်၊ တနေ့မှ ဘုန်းတော်ကြီးလှသောဘုရားကို ရွာကြီးကြီးတရွာ ထပ်သနားတော်ပါဦးဆိုတာ အမိန့်တော်ခံပေးရဦးမှာပဲ"


တလျှောက်တည်း ဆက်၍မိန့်တော်မူလိုက်ရာ ထိပ်စုဖုရားလတ်မှာ အထိန်းတော်ကြီး ခင်ဘွားသစ်အား ရွာကြီးကြီး ထပ်၍သနားတော်မူစေရန် ခမည်းတော်ဘုရားထံ အမိန့်တော်ခံပေးမည်ဟု သိရှိတော်မူရလျှင် ချစ်ခင်ဆိုးနွဲ့ ကရိကထခံခဲ့ရှာသော အထိန်းတော်ကြီးအတွက် တပြုံးပြုံး ကျေနပ်လျက်နေတော်မူလေ၏။


သို့နှင့် မယ်တော် အလယ်နန်းအဆောင်တော်တွင် သားမယ်တော်သုံးပါး စကားအလျဉ်းသင့်ရာ လျှောက်တင်ပြောဆိုတော်မူကြရင်း အပါးရှိ အပျိုတော်တစုနှင့်အတူ အလှူတော်ဆွမ်းအုပ်တွင် ပန်းကန်ဖန်ခွက်များ ပြင်ဆင်ခြင်း၊ ရှန်ထည်လက်သုတ်ပဝါများ၊ ဆွမ်းတော်အုပ်များတွင် ချည်နှောင်ခြင်း၊ ပဝါအုပ်မှ လက်သုတ်ရန် ရှည်ထည်ပဝါများကို တပိုင်းစီ ဖြတ်၍ ကတ်ကြေးနှင့်ညှပ်ခြင်းစသော အလှူအတန်းကိစ္စအတွက် သက္ကစ္စမြောက် ကိုယ်တိုင် ဝေယျာဝိစ္စ ဆောင်ရွက်လျက်ရှိတော်မူကြရာ အချိန်အတန်ပင် ကြာညောင်းလျက် သူရိယာနေမင်း ဂေါရာသို့ ချဉ်းရုံမက ရွှေနန်းတော်ကြီး၏ အဆောင်တော်အသီးသီးတို့၌ ဆီမီးထွန်းအမှုတော်ထမ်းသားတွေ ၀င်ရောက်လာကြလျက် အနောက်ဘက်ပိုင်း မိန်းမဆောင်များအဖို့လည်း (*) မိန်းမစိုး ဆီမီးထွန်းအမှုထမ်းများ ရောက်လာကာ ဆိုင်ရာဆိုင်ရာအဆောင်တော်များအတွင်းသို့ ရွှေတိုင်တော်များလင်း၍ သွားကြပြီဖြစ်လေရာ အဆောင်တော်များတွင် နေရောင်ခြည်ပျောက်၍ ဆီမီးရောင် တောက်နေသည်တွင်မှ သားမယ်တော်သုံးပါ၏ ဝေယျာ၀စ္စကိစ္စများလည်း ပြီးဆုံးခြင်းသို့ ရောက်လေတော့၏။


"ကဲ ... အတော်လည်း မှောင်သွားပြီ။ ဒီဆွမ်းတော်အုပ်များကို နက်ဖြန် တနေ့လုံး စားဖိုဆောင်မှူးအခန်းမှာ စီတန်းပြီး နေရာတကျထားစေရမယ်၊ သန်ဘက်ခါ အရုဏ်ဆွမ်းကျက်သည်နှင့်တပြိုင်နက် ဆွမ်းအုပ်တော်များအတွင်းကို ဆွမ်းစမဲဟင်းလျာ အစုံအလင်ထည့်လျက် မိန်းမစိုးများကို သုဓမ္မာဇရပ်တော်အရောက် ရွက်၍ပို့စေရမည်"


စီမံမိန့်ကြားတော်မူနေစဉ် အပျိုတော်တဦးက ပွဲတော်စာများ ပြင်ဆင်ပြီးကြောင်း သံတော်ဦးတင်သဖြင့်


"ကိုင်း ... ကိုင်း စုကြီးရော စုလတ်ရော မိုးချုပ်လှပြီ၊ အဆောင်တော်ကို ညမှ အေးအေးပြန်ကြတာပေါ့၊ လာ ... လာ မယ်ဖျားနှင့်အတူ ပွဲတော်တည်လှည့်ကြပေတော့"


မိန့်တော်မူသဖြင့် ထိုနေ့ညအတွက် ပွဲတော်စာကို မယ်တော်အဆောင်မှာပင် သားမယ်တော်သုံးပါး စားတော်ခေါ်ကြပြီးမှ အသီးသီး အဆောင်တော်သို့ ပြန်ကြွတော်မူကြလေတော့သတည်း။


(* မိန်းမစိုးဆိုသည်မှာ နန်းတော်ကြီးအနောက်ပိုင်း မိန်းမများအဆာင်များတွင် အမှုကိစ္စဆောင်ရွက်ရန် ခန့်ထားသော ယောက်ျားအမှုထမ်းများဖြစ်သည်။ သို့ရာတွင် ၎င်းတို့မှာ မင်းပြစ်မင်ဒဏ်ကြောင့်ဖြစ်စေ၊ သဘာ၀အလျောက်ဖြစ်စေ ယောက်ျားအင်္ဂါ မပြည့်စုံတော့သောသူများ ဖြစ်သည်။)


အပိုင်း(၅) ဆက်ရန်

ဒဂုန်ခင်ခင်လေး


crd 👉 ShweZinU & Aung Kyaw Htun(ပညာ့ဗိမာန် စာကြည့်တိုက်၊ အ.ထ.က(၁)(လမ်းမ​တော်)(ကိုယ်ထူကိုယ်ထ))