မနက်ဖြန်အတွက်ဒီကနေ့ အပိုင်း (၃)
-----------------------
ထရေစီသည် အဝတ်အစားသေတ္တာကို ဆွဲပြီး လေဆိပ်ထဲမှ ထွက်လာခဲ့သည်။ အငှားကားတစ်စီးကို ခေါ်ယူလိုက်ပြီး ယာဉ်မောင်းသူအား ပြောလိုက်သည်။
"အမှတ် ၇၁၅၊ ဆောက်ဘရူလမ်းကို ပို့ပေးပါရှင်"
ထိုလိပ်စာမှာ စခန်းမှူး မေလာ တယ်လီဖုန်းထဲက ပြောသွားသောလိပ်စာ ဖြစ်သည်။
လမ်းတွင် ယာဉ်မောင်းက စကားပြောလာသော်လည်း ထရေစီက စိတ်မပါသဖြင့် အလိုက်သင့်ရုံသာ တုံ့ပြန် ပြောကြားသည်။
ရဲစခန်း ရောက်သောအခါ ရဲမှူး မေလာနှင့် ထရေစီ တွေ့သည်။ မေလာမှာ လူလတ်ပိုင်းအရွယ် ဖြစ်သည်။
"ခင်ဗျားကို လေဆိပ်မှာ လာမကြိုနိုင်တာ စိတ်မကောင်းပါဘူးဗျာ၊ အလုပ်သိပ်များ နေလို့ပါ"
"ကျွန်မ အမေ ... ဘာ ... ဘာ ဖြစ်တယ်ဆိုတာသာ မြန်မြန်ပြောစမ်းပါ ရဲမှူးကြီးရယ်"
"ခင်ဗျားအမေကတော့ သူ့ကိုယ်သူ သတ်သေသွးတာပဲ"
"ဒါ ... ဒါ ... မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေရမှာလဲ၊ သူ့မှာ အဘက်ဘက်က ပြည့်စုံနေတာပဲ"
သူမအသံမှာ ငိုသံပါနေသည်။
"ခင်ဗျားအတွက် ခင်ဗျားအမေက စာတစ်စောင် ရေးထားခဲ့တယ်"
* * *
လူသေအလောင်းများ ထားရာ ရေခဲတိုက်သို့ ထရေစီ ရောက်သွားသည်။ အေးစိမ့်ပြီး ထိတ်လန့်စရာ ကောင်းနေသည်။ ထရေစီအား စင်္ကြံတစ်လျှောက်မှ နေ၍ အခန်းကြီးတစ်ခန်းဆီသို့ ဦးတည်ခေါ်သွားသည်။ အခန်းလွတ်ကြီးဟု ထင်မိသော်လည်း တကယ်တော့ အခန်းလွတ်ကြီး မဟုတ်။ လူသေအလောင်းများ ထားသော အခန်းပင် ဖြစ်သည်။
အဖြူရောင် ကုတ်အင်္ကျီ ဝတ်ထားသော ဝန်ထမ်းတစ်ဦးက အခန်းနံရံတစ်ဘက်သို့ လျှောက်သွားသည်။ လက်ကိုင်ဘုတစ်ခုကို ဆုပ်ကိုင်လိုက်ပြီး ကြီးမားသော အံဆွဲကြီးကို ဖွင့်လိုက်သည်။
"ကြည့်ချင်သေးသလား"
ထိုဝန်ထမ်းက ထရေစီကို လှမ်းမေးလိုက်သည်။
တကယ်တော့ ဝိညာဉ်မဲ့နေသည့် မိခင်၏ ခန္ဓာကိုယ်ကြီးကို သူမ မကြည့်လိုတော့ပါ။ ဤနေရာမှ အမြန်ဆုံး ထွက်ပြေးချင်လာသည်။ မီးလှန့်ခေါင်းလောင်းသံ မကြားရမီက နာရီပိုင်းသို့ ပြန်ရောက်သွားချင်သည်။ မိမိ၏မိခင် သေတာလည်း မဟုတ်။ တယ်လီဖုန်းသံလည်း မဟုတ်ဘဲ တကယ် မီးလှန့်ခေါင်းလောင်းသံပင် ဖြစ်လိုက်ပါတော့ဟု ထရေစီ စိတ်ထဲက ပြောနေမိသည်။
ထရေစီသည် မိခင်အလောင်း ထည့်ထားသော အံဆွဲဆီသို့ တစ်လှမ်းချင်း ဖြည်းဖြည်း လျှောက်သွားသည်။ သူမ ရင်ထဲတွင်မူ ပေါက်ကွဲအော်ဟစ်နေသည်။
မိခင်၏ အသက်မဲ့ ရုပ်ကလာပ်ကြီးကို ထရေစီစိုက်ပြီး ငုံ့ကြည့်နေမိသည်။ မိမိအား မွေးဖွား သန့်စင်ခဲ့သော၊ လူလားမြောက်အောင် ပြုစုစောင့်ရှောက် ကျွေးမွေးခဲ့သော၊ မိမိအား ချစ်ခင်ယုယခဲ့သော၊ မိမိနှင့် ရယ်မော ပျော်ရွှင်ခဲ့သော မိခင်သည်ကား ဝိညာဉ်မဲ့ နေရှာချေပြီ။
ထရေစီက ကိုယ်ကိုကိုင်းပြီး မိခင်၏ပါးကို ငုံ့နမ်းလိုက်သည်။ အေးစက်နေသည်။
"အို ... အမေရယ်၊ ဘာဖြစ်လို့ ဒီလို လုပ်ရတာလဲ အမေရယ်" ထရေစီက တိုးတိုးလေး ညည်းတွားလိုက်သည်။
"ကျွန်တော်တို့ ဒီရုပ်ကလာပ်ကို ခွဲစိတ်စစ်ဆေး ရပါလိမ့်မယ်။ ကိုယ့်ကိုကိုယ် သတ်သေတာဆိုရင် ဥပဒေအရ ဒီလိုပဲ ခွဲစိတ်စစ်ဆေး ရပါတယ်" ဝန်ထမ်းက ထရေစီအား ပြောသည်။ ဒေါရစ် ဝှစ်တနေ ထားခဲ့သော စာရွက်ကလေးက မည်သို့မျှ အဖြေမပေးနိုင်ရှာပါချေ။
ထရေစီက မိခင်ဒေါရစ် ရေးထားခဲ့သော စာရွက်ကလေးကို ဖြန့်ဖတ်လိုက်သည်။
"ချစ်လှစွာသော သမီး ထရေစီ"
အမေ့ကို ခွင့်လွှတ်ပါ။ အမေ ရှူံးနိမ့်ခဲ့ရပါပြီ၊ သမီးအပေါ်မှာ အမေ့တာဝန်ဟာ ဝန်ထုပ်ဝန်ပိုးကြီးအဖြစ် မရပ်တည်ချင်ဘူး၊ ဒါဟာ အကောင်းဆုံး နည်းလမ်းပါပဲ၊ သမီးကို အမေ သိပ်ချစ်ပါတယ်။
မေမေ"
အံဆွဲထဲမှ ဒေါရစ်၏ ရုပ်ကလာပ်ကဲ့သို့ပင် ဒေါရစ်၏ စာမှာလည်း အဓိပ္ပာယ်မဲ့၊ အသက်မဲ့ ဖြစ်နေသည်။
* * *
ထိုနေ့မွန်းလွဲပိုင်းတွင် ထရေစီသည် မိခင်ဈာပနာအတွက် အစီအစဉ်များ လုပ်ရသည်။ ထို့နောက် အငှားကားတစ်စီးဖြင့် သူတို့၏ မိသားစုအိမ်သို့ သွားသည်။
သူတို့ ဝှစ်တနေမိသားစု၏ အိမ်သည် လူနေရပ်ကွက်တစ်ခု ဖြစ်သော ဥယျာဉ်ရပ်ကွက်တွင် ရှိသည်။ သူတို့အိမ်မှာ ဝိတိုရိယခေတ်ပုံစံအိမ်ကြီး ဖြစ်သည်။ နယူးအော်လင်းမြို့မှ အိမ်အများစုကဲ့သို့ပင် သစ်သားဖြင့် ဆောက်လုပ်ထားပြီး မြေတိုက်ခန်း မပါရှိပေ။ ပင်လယ်ရေမျက်နှာပြင် အမြင့်ထက် နိမ့်သောနေရာဖြစ်၍ ထိုသို့ ဆောက်ထားခြင်း ဖြစ်သည်။
ထရေစီသည် ထိုအိမ်၌ပင် ကြီးပြင်းကာ လူလားမြောက်ခဲ့ရသည်။ မိမိတို့ မိသားစုအိမ်ကြီးကို လှမ်းမြင် လိုက်ရသည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်ချမ်းမြေ့သော အတိတ်ဖြစ်ရပ်များကို တစ်မုဟုတ်ချင်း ပြန်သတိရလာသည်။ ထရေစီသည် လွန်ခဲ့သော တစ်နှစ် နှစ်နှစ်အတွင်း အိမ်သို့ ပြန်မရောက်ခဲ့ပါချေ။
အငှားကားက အိမ်ရှေ့တွင် ရပ်လိုက်သည်။ အိမ်ဝတွင် ချိတ်ဆွဲထားသော ဆိုင်းဘုတ်ကြီးကို မြင်လိုက်ရသောအခါ ထရေစီ ကြက်သေ သေသွားသည်။ ဆိုင်းဘုတ်ပေါ်က စာမှာ 'ရောင်းရန်- နယူးအော်လင်း ရီရယ်တီ ကုမ္ပဏီ' ဟု ရေးထားသည်။
မဖြစ်နိုင်ပါ။ မည်သို့မျှ မဖြစ်နိုင်ပါ။
"ဒီအိမ်အိုကြီးကို ငါ ဘယ်တော့မှ မရောင်းဘူး၊ ဒီအိမ်ကြီးမှာ တို့မိသားစု တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် နေလာခဲ့တာ"
မိခင် မကြာခဏ ပြောခဲ့ဖူးသော စကားကို ထရေစီ ပြန်ကြားယောင် လာသည်။
ထရေစီသည် စိတ်ထဲ၌ ထူးဆန်းမှု၊ ဒေါသ ဖြစ်မှုတို့နှင့်အတူ ခြံဝမှနေ၍ အိမ်ရှေ့တံခါးမကြီးဆီသို့ လျှောက်လာခဲ့သည်။ သူမ သတ္တမတန်း ရောက်သည့် အချိန်ကစပြီး မိခင်ဖြစ်သူက ထရေစီအား အိမ်သော့မိတ္တူတစ်ချောင်း ပေးထားခဲ့သည်။ ထိုသော့ကို တစ်လျှောက်လုံး ကိုင်လာခဲ့သည်။
ထိုသော့ဖြင့်ပင် တံခါးမကြီးကို ဖွင့်လိုက်ပြီး အိမ်ထဲသို့ ဝင်လိုက်သည်။ ထရေစီအဖို့ ဒုတိယမ္ပိ ထပ်မံ အံ့အားသင့် သွားရပြန်သည်။ အခန်းများထဲတွင် ရှင်းလင်းပြီး ပြောင်တလင်းခါ နေသည်။ အိမ်ထောင်ပရိဘောဂများ လုံး၀ မရှိတော့။ လှပသော ရှေးဟောင်းပစ္စည်းများလည်း နတ္ထိ။ အိမ်နေသူများက စွန့်ပစ်ပြေးသွားသည့် အိမ်ကြီးနှင့် တူနေသည်။
ထရေစီသည် တစ်ခန်းပြီးတစ်ခန်း အပြေးအလွှား လျှောက်ကြည့်သည်။ ဘာမျှ မရှိ။ မယုံကြည်နိုင်စရာ ကောင်းသည်ထက် ကောင်းလာသည်။ အပေါ်ထပ်သို့ ပြေးတက်သွားပြန်သည်။ သူမ ငယ်စဉ်ကတည်းက နေခဲ့သော အိပ်ခန်းဝတွင် ရပ်ပြီး အတွင်းသို့ ကြည့်လိုက်သည်။ အခန်းထဲတွင် ဟာလာဟင်းလင်း။
"အို ... ဘုရားသခင် ... ဘာတွေများ ဖြစ်ကုန်ပါပြီလဲ ရှင်"
ထရေစီ တိုးတိုးလေး ညည်းလိုက်သည်။
အိမ်ရှေ့တံခါးမကြီးမှ လူခေါ် ခေါင်းလောင်းသံ ကြားရသဖြင့် ထရေစီ အောက်ထပ်သို့ ပြန်ဆင်းပြေးလာသည်။
တံခါး၀တွင် အော်တို ရှမစ် ရပ်နေသည်ကို တွေ့ရသည်။ အော်တို ရှမစ်သည် ထရေစီ၏ မိဘပိုင် 'ဝှစ်တနေ မော်တော်ကား အပိုပစ္စည်းကုမ္ပဏီ' မှ လူဟောင်း ဖိုမင်အဘိုးကြီး ဖြစ်သည်။ အလွန်ပိန်ပြီး အိုမင်းနေသော်လည်း ဗိုက်မူ ဘီယာတန်ခိုးကြောင့် ပူနေသည်။
"ထရေစီ ... ငါလဲ အခုပဲ မင်းအမေသတင်း ကြားရလို့ ချက်ချင်းလာတာ၊ ငါဘယ်လောက် ဝမ်းနည်းမိတယ် ဆိုတာကို ပြောမပြနိုင်လောက်အောင်ပါကွာ" ဂျာမန်အဘိုးကြီးက အင်္ဂလိပ်စကားကို ဂျာမန်လေသံနှင့် ပြောလာသည်။
"အို ... အော်တို ... ဦးလေးနဲ့ တွေ့ရတာ ကျွန်မ သိပ်ဝမ်းသာတာပဲ ... လာ ... လာ ... အထဲဝင်"
ထရေစီက အော်တို ရှမစ်ကို ဟာလာဟင်းလင်းကြီး ဖြစ်နေသော ဧည့်ခန်းထဲသို့ ခေါ်လာသည်။
"ထိုင်စရာ စားပွဲကုလားထိုင် မရှိတဲ့အတွက် ကျွန်မ တောင်းပန်ပါတယ်၊ ကြမ်းပေါ်မှာ ထိုင်ရတာ စိတ်မရှိနဲ့ နော်"
"ကိစ္စမရှိပါဘူး ... ကလေးရယ်"
သူတို့နှစ်ယောက် ကြမ်းပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ထရေစီ လူမှန်းသိတတ်စ အရွယ်ကစ၍ အော်တို ရှမစ်သည် သူတို့ကိုကုမ္ပဏီ၌ အလုပ်လုပ်နေသော လူဟောင်းကြီးတစ်ဦး ဖြစ်သည်။ ထရေစီ့ဖခင်က အော်တို ရှမစ်အား ယုံကြည် အားကိုးသည်ကိုလည်း ထရေစီ သိသည်၊ ဖခင် ကွယ်လွန်ပြီးနောက် မိခင်က လုပ်ငန်းကို ကြီးကြပ် ကိုင်တွယ်သည့် အခါတွင် အော်တို ရှမစ်သည် ယခင်ကထက်ပင် ပိုပြီး ယုံကြည်အားကိုးခံ လာရသည်။
"အော်တို ...ဘာတွေ ဖြစ်နေတယ်ဆိုတာ ကျွန်မတော့ နားမလည်နိုင်အောင် ဖြစ်နေပြီ၊ အမေဟာ သူ့ကိုယ်သူ သတ်သေသွားတယ်လို့ ရဲက ပြောနေတယ်၊ ဒါပေမယ့် အမေဟာ သူ့ကိုယ်သူ သတ်သေစရာ အကြောင်း မရှိဘူးဆိုတာ အော်တို သိပါတယ်။ အမေ နေမကောင်း ဖြစ်နေသလား ဒုက္ခတစ်ခုခုနဲ့များ တွေ့နေလို့လား"
အော်တို ရှမစ်က ပြတင်းပေါက်မှနေ၍ အပြင်ဘက်သို့ ငေးကြည့်နေသည်။
"အော်တိုရယ် ... ဘာတွေ ဖြစ်နေတယ်ဆိုတာ သိတယ် မဟုတ်လား ... ပြောစမ်းပါ"
"အခုနောက်ပိုင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာ မင်းအမေက မင်းကို ဖွင့်မပြောခဲ့ဘူး၊ ဒါကလဲ မင်း စိတ်မကောင်းမှာစိုးလို့ မပြောခဲ့တာပါပဲ"
"ကျွန်မက ဘာကြောင့် စိတ်မကောင်းရမှာလဲ ... ဆက်ပြောစမ်းပါဦး အော်တိုရယ်"
ထရေစီက မျက်မှောက်ကြုတ်ပြီး မေးလိုက်သည်။
"ဂျိုး ရိုမာနို ဆိုတဲ့ လူတစ်ယောက်ကို မင်းကြားဖူးသလား"
"ဂျိုး ရိုမာနို ဟုတ်လား ... ဟင့်အင်း မကြားဖူးဘူး၊ ဘာဖြစ်လို့လဲ"
"လွန်ခဲ့တဲ့ ခြောက်လလောက်က ရိုမာနိုဟာ မင်းအမေနဲ့ ဆက်သွယ်လာတယ်၊ မင်းတို့ကုမ္ပဏီကို ဝယ်ချင်တယ်ဆိုပြီး ကမ်းလှမ်းလာတယ်၊ မင်းအမေကလဲ ရောင်းဖို့ စိတ်မကူးပါဘူးလို့ ပြောလိုက်တယ်၊ ဒါပေမယ့် ရိုမာနိုက ကုမ္ပဏီတန်ဖိုးထက် ဆယ်ဆ ပေးဝယ်မယ်လို့ ကမ်းလှမ်းလာပြန်တယ်။ ဒီတော့ မင်းအမေအဖို့ မငြင်းဆန် နိုင်တော့ဘူးပေါ့၊ ဆယ်ဆတောင်ရမယ့် အခွင့်အရေးကောင်းကို ယူမယ်၊ ရောင်းရတဲ့ငွေ အားလုံးကို စာချုပ်တွေ ဝယ်ပြီး ရင်းနှီးမြှုပ်နှံမယ်၊ အဲဒီကရမယ့် အတိုးအရင်းပွား ဝင်ငွေဟာ မင်းတို့ သားအမိနှစ်ယောက် တစ်သက်လုံး အေးအေးထိုင်စား သွားနိုင်မယ်လို့ မင်းအမေက တွက်တယ်၊ သူက ကိစ္စအားလုံး ပြီးမှ မင်းကို အံ့အားသင့်သွားအောင် ပြောမယ်လို့ စိတ်ကူးထားတာ၊ ငါလဲ အဲဒီတုန်းကတော့ မင်းတို့ သားအမိအတွက် ဝမ်းသာခဲ့တာပါပဲ၊ ငါဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတည်းက အနားယူတော့မလို့၊ ဒါပေမယ့် မင်းတို့သားအမိနဲ့ ဒီလုပ်ငန်းကြီးကို ပစ်မထားရက်လို့ မယူခဲ့ရတာ၊ အခုတော့ ဒီခွေးမသား ရိုမာနိုက စဝယ်တုန်းမှာ ငွေနည်းနည်းပဲ ချေခဲ့တယ်၊ ပြီးခဲ့တဲ့လထဲမှာ ကျန်တဲ့ငွေတွေအားလုံး ချေဖို့ပဲ၊ ဒါပေမယ့် ..."
"ဘာဖြစ်လာလဲ အော်တို၊ မြန်မြန် ဆက်ပြောစမ်းပါ"
ထရေစီက စိတ်မရှည်သည့် လေသံဖြင့် ဖြတ်မေးသည်။
"ရိုမာနိုက စရန်ငွေပေးပြီးတာနဲ့ ကုမ္ပဏီကို ကြီးကြပ် ကိုင်တွယ်တော့တာပဲ၊ လူဟောင်းတွေအားလုံးကို အလုပ်ထုတ်ပစ်ပြီး သူ့လူတွေကို အစားထိုးခန့်တယ်၊ နောက်ပြီး ကုမ္ပဏီကိုလဲ ဖျက်ဆီးတော့တာပဲ၊ စက်ကိရိယာ အဟောင်းတွေ ရောင်းပစ်တယ်၊ စက်အသစ်တွေ ထပ်မှာတယ်၊ အဲဒီ စက်အသစ်တွေကိုလဲ ငွေမကျေသေးဘဲနဲ့ ပြန်ရောင်းတယ်၊ ကုမ္ပဏီကို စက်အသစ်တွေ ရောင်းတဲ့ လူတွေကတော့ မင်းအမေနဲ့ပဲ ဆက်သွယ် လုပ်ကိုင်နေတယ်လို့ ထင်နေတာပေါ့၊ နောက်ဆုံး သူတို့က စက်ဖိုးတွေ မင်းအမေဆီမှာ တောင်းလာတယ်၊ ဒီတော့ မင်းအမေက ရိုမာနိုဆီ သွားပြီး ဘာတွေ ဖြစ်နေသလဲလို့ မေးတယ်၊ ရိုမာနိုက ပြောတာကတော့ မင်းအမေနဲ့ ကုမ္ပဏီ အရောင်းအဝယ်ကိစ္စ ဆက်မလုပ်တော့ဘူးဆိုပြီး ကုမ္ပဏီကို ပြန်အပ်တယ်။ အဲဒီအချိန်ကျတော့ မင်းတို့ကုမ္ပဏီဟာ ဘာမှ တန်ဖိုးမရှိတဲ့ ကုမ္ပဏီဖြစ်ရုံတင် မကတော့ဘူး၊ မင်းအမေမှာ ကြွေး ဒေါ်လာငါးသိန်း တင်နေပြီ၊ သူလဲ ဒီကြွေးကို ဘယ်လိုမှ မဆပ်နိုင်တော့ဘူး၊ အမျိုးမျိုး ကြိုးစားပေမယ့် မရတော့ဘူး၊ နောက်ဆုံး မင်းအမေဟာ လူမွဲစာရင်း အကြေညာခံ လိုက်ရတာပဲ၊ ဒေဝါလီ ခံရတာပေါ့ကွာ၊ လုပ်ငန်းရော၊ အိမ်ရော၊ မော်တော်ကားပါ မကျန်ပေါ့ကွာ ကြွေးရှင်တွေက သိမ်းသွား ကြတာပဲ"
"အလို ... ဘုရား ... ဖြစ်မှဖြစ်ရလေ"
ထရေစီ ဘုရားတ, လိုက်မိသည်။
"ဒီထက်ဆိုးတာ ရှိသေးတယ်၊ ခရိုင်ရှေ့နေက မင်းအမေကို လိမ်လည်မှုနဲ့ ရုံးတင်တရားစွဲမယ်လို့ နို့တစ် ပေးလာတယ်၊ အဲဒီကိစ္စက မင်းအမေ ထောင်ကျမယ့်ကိစ္စ၊ မင်းအမေဟာ တရားစွဲခံရမယ့်နေ့မှာ သေသွားတာလို့ ငါထင်တာပဲ"
"အို အမေကလဲ အဖြစ်မှန်တွေကို သူတို့ကို ထုတ်ပြောလိုက်ပေါ့၊ အဲဒီ ရိုမာနိုဆိုတဲ့လူက သူ့ကို ဘယ်လို လိမ်ညာသွားတယ်ဆိုတာ ရှင်းပြလိုက်ပေါ့"
ထရေစီက မိခင်အတွက် ဒေါသဖြင့် ပြောလာသည်။ အော်တို ရှမစ်က ခေါင်းကို တွင်တွင်ခါပြီး ပြန်ပြောသည်။
"ဂျိုး ရိုမာနိုက အန်တိုနီ အော်စက်တီ ဆိုတဲ့လူအတွက် အလုပ်လုပ်ပေးနေတာ၊ ဒီ နယူးအော်လင်း တစ်မြို့လုံးကို အော်စက်တီက ချုပ်ကိုင်ထားတာ၊ ရိုမာနိုဟာ တခြားကုမ္ပဏီတွေကိုလဲ ဒီလိုပဲ လုပ်ခဲ့တယ်ဆိုတာ ငါ သိလာတဲ့အခါကျတော့ တို့အတွက် အချိန် သိပ်နှောင်းသွားပြီ ကလေးရယ်၊ တရားရုံးမှာ ရင်ဆိုင်ပြီး ပြန်တိုက်ဖို့က အချိန် နှစ်ချီပြီး အတော်ကြာမယ်၊ ပြီးတော့ မင်းအမေမှာကလဲ ငွေမရှိတော့ဘူး"
"အဲဒီအကြောင်းတွေ အမေက ဘာလို့ ကျွန်မကို မပြောရတာလဲ"
ထရေစီက မိခင်အတွက် ပရိဒေ၀သောကမီး တောက်လောင်ကာ ငိုကြွေးရင်း မေးလိုက်သည်။
"မင်းအမေက မာန ရှိတယ်၊ ဒီကိစ္စမှာ မင်းကရော ဘာလုပ်နိုင်မှာမို့လဲ၊ ဒီကိစ္စကို လုပ်ပေးနိုင်မယ့်လူ တစ်ယောက်မှ မရှိပါဘူး"
"ကျွန်မ ရိုမာနိုနဲ့ တွေ့ချင်တယ်၊ သူ့ကို ဘယ်မှာ တွေ့နိုင်မလဲ"
"သူ့ကို မင်း မေ့ထားလိုက်ပါ၊ သူ ဘယ်လောက် သြဇာအာဏာ ကြီးမားတယ်ဆိုတာ မင်း မသိဘူးနော်"
"သူ ဘယ်မှာ နေသလဲ အော်တို၊ ဒါပဲ ပြောပါ"
"ဂျက်ဆန်ရပ်ကွက်နားမှာ ခြံနဲ့ဝင်းနဲ့ နေတယ်၊ သူ့ဆီ သွားလို့ ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး ထရေစီ၊ ငါပြောတာ ယုံစမ်းပါ ကလေးရယ်"
ထရေစီ ဘာမျှပြန်မဖြေ၊ သူမတွင် တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးသော အမုန်းတရားများက ရင်ဝယ် ပြည့်လျှမ်းလာသည်။
ထရေစီက တစ်စုံတစ်ရာကို ရင်ထဲ၌ ယတိပြတ် ဆုံးဖြတ်လိုက်သည်။
* * *
(၃)
ထရေစီအတွက် အချိန်လိုသည်။ စဉ်းစားရမည့် အချိန်။ ရှေ့ဆက် လှုပ်ရှားရေးအတွက် စီစဉ်ရမည့် အချိန်များ လိုသည်။ သူမအဖို့ မိသားစုအိမ်ကြီးတွင် နေ၍ မဖြစ်တော့။ ထို့ကြောင့် မဂ္ဂဇင်းလမ်းရှိ ဟိုတယ်လေး တစ်ခုတွင် သွားရောက် တည်းခိုသည်။
ထရေစီသည် ဟိုတယ်အခန်းမှနေ၍ သူ အလုပ်လုပ်သော ဘဏ်မှ ဒုတိယဥက္ကဋ္ဌတစ်ဦး ဖြစ်သူ ကလာရင့် ဒက်စမွန်ထံ တယ်လီဖုန်း ဆက်သည်။ မိမိ လေးငါးရက်ခန့် အလုပ်ဆင်းနိုင်ဦးမည် မဟုတ်ကြောင်း ပြောကာ ခွင့်တောင်းသည်။
"ဒီအတွက် စိတ်မပူပါနဲ့ ထရေစီ၊ မင်း အလုပ်ပြန်ဝင်နိုင်တဲ့ အချိန်အထိ မင်းနေရာမှာ ငါ လူစားတစ်ယောက် ရှာပြီး ထိုးထားလိုက်ပါမယ်"
ဒက်စမွန်က ဤကဲ့သို့ပင် ချိုချိုသာသာ ပြောသည်။ တကယ်တော့ ထရေစီကဲ့သို့သော ကွန်ပျူတာ ကျွမ်းကျင်သူ တစ်ဦးကို ခွင့်မပေးလိုပါချေ။ သို့ရာတွင် ချားလ် စတန်ဟုပ်၏ မျက်နှာက ရှိနေသဖြင့် မနှစ်မြို့မှုကို မျိုသိပ်ကာ ချိုချိုသာသာ ပြောလိုက်ခြင်း ဖြစ်သည်။ ဤသို့ ကြည်ကြည်ဖြူဖြူ ခွင့်ပေး လိုက်ခြင်းဖြင့် ထရေစီအပေါ် မိမိမည်မျှ သဘောပေါက် နားလည်ကြောင်းကို ထရေစီက ချားလ်အား ပြောပြလိမ့်မည်ဟု ဒက်စမွန် မျှော်လင့်ထားသည်။
ဒက်စမွန်ထံ တယ်လီဖုန်းဆက်ပြီးနောက် ချားလ်ထံသို့ ထရေစီ တယ်လီဖုန်း ဆက်ပြန်သည်။
"ချားလ် ... ဒါလင်"
"ဟေး ... ထရေစီ၊ မင်း ဘယ်ရောက် နေသလဲ၊ အမေက မင်းကို တစ်မနက်လုံး လိုက်ရှာနေတယ်၊ မင်းနဲ့အတူတူ ဒီနေ့ နေ့လယ်စာ စားချင်လို့တဲ့၊ မင်းတို့နှစ်ယောက် စီစဉ်လုပ်ကိုင်စရာတွေ အများကြီး ရှိတယ် မဟုတ်လား"
"အို ... ဝမ်းနည်းပါတယ် မောင်ရယ်၊ ကျွန်မ အခု နယူးအော်လင်းမြို့ကို ရောက်နေတယ်"
"မင်း ဘယ်မှာ၊ နယူးအော်လင်း ဟုတ်လား၊ အဲဒီမှာ မင်း ဘာလုပ်နေတာတုံး"
"ကျွန်မအမေ သေပြီ"
ထရေစီ၏ အသံက လည်ချောင်းထဲတွင် တိမ်ဝင်နစ်မြုပ် သွားတော့သည်။
"အို ... ဖြစ်ရလေ ထရေစီရယ်၊ မောင်လဲ စိတ်မကောင်းပါဘူး၊ ရုတ်တရက် ဆုံးသွားတာ ဖြစ်မယ် ထင်တယ်၊ မင်းအမေက သိပ်မှ အသက်မကြီးသေးဘဲ၊ ဟုတ်တယ် မဟုတ်လား"
မိမိအမေ သူ့ကိုယ်သူ သတ်သေသွားသည်ကို ထရေစီက ချားလ်အား အပြောရခက်နေသည်။ ဂျိုး ရိုမာနိုတို့က မိမိ၏မိခင်အား မည်သို့မည်ပုံ ဒုက္ခပေးခဲ့ကြသည်များကို ဘက်စုံနှောပြီး ငိုပြောလိုက်ချင်သည်မှာ စိတ်ထဲက ယားကျိကျိ ဖြစ်နေသည်။ သို့သော် ဤကိစ္စသည် မိမိ၏ ပြဿနာသာ ဖြစ်သည်။ ချားလ်နှင့် မဆိုင်။ မိမိ၏ ဝန်ထုပ်ဝန်ပိုးကို ချားလ် အပေါ်သို့ ပုံမချလိုပါချေ။
"စိတ်မပူပါနဲ့ မောင်ရယ် ... ကျွန်မ နေကောင်းပါတယ်၊ အားလုံးလဲ အဆင်ပြေပါတယ်"
"မောင် နယူအော်လင်းကို လိုက်လာစေချင်သလား ထရေစီ"
"နေပါစေ မောင် ... မလိုပါဘူး၊ ကျွန်မ အားလုံးကို လုပ်နိုင်ပါတယ်၊ မနက်ဖြန်ကျရင် အမေ့ကို သင်္ဂြိုဟ်မယ်၊ တနင်္လာနေ့မှာ ကျွန်မ ဖီလဒယ်ဖီးယားမြို့ကို ပြန်လာမယ်"
ထရေစီသည် တယ်လီဖုန်းကို ပြန်ချိတ်ထားလိုက်ပြီး ဟိုတယ်အခန်းထဲရှိ ခုတင်ပေါ်တွင် ပက်လက်လှန် လှဲအိပ်လိုက်သည်။ သူမအတွေးများက လွင့်ပျံနေသည်။ မိမိမျက်စိတည့်တည့်တွင် လှမ်းမြင်နေရသော ဟိုတယ်ခေါင်မိုးမှ အုတ်ကြွပ်ပြားများကို အဓိပ္ပာယ်မရှိ ရေတွက်ကြည့် နေမိသည်။ တစ် ... နှစ် ... သုံး ... ရိုမာနို ... လေး ... ငါး ... ဂျိုး ရိုမာနို ... ခြောက် ... ခုနစ် ... ရိုမာနို၊ သူနှင့် စာရင်းရှင်းရမည်။
ထရေစီတွင် လောလောဆယ် ဘာလုပ်မည်ဟူသော အစီအစဉ် မရှိပေ။ ဂျိုး ရိုမာနိုအား မိမိအမေအပေါ် ကျူးလွန်ခဲ့သော မကောင်းမှုများအတွက် ဤအတိုင်း ခွင့်လွှတ်မထားနိုင်ဟုသာ စိတ်ထဲက သိနေသည်။
ထရေစီသည် ညနေပိုင်းတွင် ဟိုတယ်မှ ထွက်လာခဲ့သည်။ ကျုံးကြီးလမ်းအတိုင်း လျှောက်လာရာ လက်နက်ဆိုင်ကြီး တစ်ဆိုင်ရှေ့သို့ ရောက်လာသည်။ ထရေစီ ဆိုင်ထဲ ဝင်သွားသောအခါ ပစ္စည်းများ ထည့်ထားသော ကောင်တာနောက်တွင် လူကြီးတစ်ဦးကို တွေ့ရသည်။
"ဘာအလိုရှိပါသလဲ" ထိုလူကြီးက မေးသည်။
"ကျွန် ... ကျွန်မ ... သေနတ်တစ်လက် ဝယ်ချင်လို့ပါ"
"ဘယ်လို သေနတ်မျိုးပါလဲ"
"ခြောက်လုံးပြူးပေါ့ ... ရှင် သိပါတယ်"
"၃၂ ဗို့လား ... ၄၅ ဗို့လား"
"၃၂ ဗို့လောက်ဆိုရင် တော်ပါပြီရှင်"
ထရေစီသည် တစ်ခါမျှ သေနတ်မကိုင်ဘူးချေ။ စိတ်ထဲမှ မှန်းပြီး ပြောလိုက်ခြင်းသာ ဖြစ်သည်။.
"စမစ်နှင့်ဝက်ဆန် အမျိုးအစား ၃၂ ဗို့ သေနတ်ကောင်း တစ်လက်တော့ ရှိတယ်။ ဈေးကတော့ ၂၂၉ ဒေါ်လာ ကျမယ်၊ ချာတာအမျိုးအစား ၃၂ ဗို့ ဆိုရင်တော့ ၁၅၉ ဒေါ်လာပဲ ကျမယ်"
ထရေစီ ကသောကမျော ထွက်လာခဲ့ရသဖြင့် ငွေများများ ပါမလာခဲ့ပေ။
"ဒီထက် ဈေးပေါတာများ ရှိသေးသလား"
"ဒီထက် ဈေးပေါတာတော့ မရှိဘူး၊ ၁၅၉ ဒေါ်လာ ဆိုတာကို ၁၅၀ ဒေါ်လာနဲ့ပဲ ယူသွား၊ ကျည်ဆန်လဲ တစ်ဘူးပါ ပေးလိုက်မယ်"
"ကောင်းပြီလေ ယူမယ်"
လက်နက်ရောင်းသူက ကောင်တာထဲရှိ သေနတ်များထဲမှ တစ်လက်ကို ရွေးထုတ်ယူလိုက်ပြီး ကောင်တာပေါ်ကို တင်လိုက်သည်။
"ဒီသေနတ်ကို ဘယ်လို ကိုင်တွယ် ပစ်ခတ်ရတယ်ဆိုတာ မင်းသိပါတယ်နော် ကလေးမ"
"ခ ... ခလုတ်ကို ဆွဲလိုက်ရုံပဲ မဟုတ်လား"
"အင်းပေါ့ ... ကျည်ဆန်ဘယ်လို ထည့်တယ် ဆိုတာကော ပြရဦးမလား"
နေပါစေဟု ပြောရန် စိတ်ကူးပြီးမှ ထရေစီက မပြောဘဲ နေလိုက်သည်။ တကယ်တော့ ဤသေနတ်ကို ထရေစီ ပစ်ခတ်ရန် စိတ်မကူးပေ။ တစ်စုံတစ်ယောက်အား ကြောက်လန့်သွားစေရုံသာ ပြသ ခြိမ်းခြောက်ရန် ဖြစ်သည်။ သို့သော် ဤသို့ပြောလိုက်လျှင် မိုက်မဲရာ ကျပေမည်။ ထို့ကြောင့်ပင် ...
"ပြပါ ... ကြည့်ရတာပေါ့" ဟု ပြောလိုက်သည်။
လက်နက်ရောင်းသူက ကျည်ဆန်ခြောက်တောင့်ကို ကျည်အိမ်ပေါက်ခြောက်ခုထဲသို့ တစ်တောင့်ချင်း ထည့်ပြသည်ကို ထရေစီက ကြည့်နေသည်။ ထိုနောက် ထရေစီက သူမ၏ ပိုက်ဆံအိတ်ထဲမှ ငွေများကို ထုတ်ယူ ရေတွက်ပြီး ပေးချေလိုက်သည်။
"ရဲစခန်းမှာ လက်နက်မှတ်ပုံတင်ဖို့ မင်းနာမည်နဲ့ လိပ်စာပေးခဲ့ဖို့ လိုမယ် ကလေးမ"
ထရေစီ တွေးလိုက်သည်။ ဂျိုး ရိုမာနိုအား လက်နက်ပြ ခြိမ်းခြောက်ခြင်းသည် ပြစ်မှု မြောက်နိုင်သည်။ သို့ရာတွင် မိမိသည် ပြစ်မှု ကျူးလွန်းသူ မဟုတ်။ ဂျိုး ရိုမာနိုသည်သာ ပြစ်မှု ကျူးလွန်သူ ဖြစ်သည်။
"ကလေးမ နာမည်ပြောပါ"
"စမစ် ... ဂျုံး စမစ်"
လက်နက်ရောင်းသူက ကတ်ပြားတစ်ခုပေါ်တွင် ရေးသွင်းလိုက်သည်။
"လိပ်စာ"
"ဒေါင်းမင်းလမ်း ... အမှတ် ၃၀၂၀"
"အဲဒီလမ်းမှာ အိမ်နံပါတ် ၃၀၂၀ မရှိဘူး၊ အဲဒီ နံပါတ်သာ ရှိရင်လဲ မြစ်အလယ်ကောင်လောက်မှာ ရောက်နေလိမ့်မယ်၊ ဒီတော့ တကယ်ရှိမယ့် အိမ်နံပါတ် ၅၁၂၀လို့ ရေးလိုက်မယ်"
လက်နက်ရောင်းသူက ထရေစီအား မော်မကြည့်ဘဲ ပြောလိုက်ပြီး ကတ်ပြားထဲတွင် ရေးသွင်းလိုက်သည်။ ထို့နောက် ထရေစီ လက်မှတ်ထိုးရန်အတွက် ကတ်ပြားကို သူမရှေ့သို့ တိုးပေးလိုက်သည်။
ထရေစီ ဂျုံး စမစ်ဟု လက်မှတ်ထိုး လိုက်သည်။
"ဒါပဲ မဟုတ်လား" ထရေစီက မေးသည်။
"ဒါပါပဲ ပြီးပါပြီ"
လက်နက်ရောင်းသူက ပြန်ဖြေရင်း ခြောက်လုံးပြူးကို သေတ္တာလေးထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်သည်။ ထရေစီက လက်နက်သေတ္တာကို စိုက်ကြည့်လိုက်ပြီး ကောက်ယူကာ သူမ၏ လက်ကိုင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ချာကနဲ လှည့်ပြီး ဆိုင်ထဲမှ ထွက်သွားသည်။
"ဟေး ... ကလေးမ၊ သေနတ်ထဲမှ ကျည်ထိုးထားတယ် ဆိုတာ မမေ့နဲ့နော်"
လက်နက်ရောင်းသူကြီးက နောက်မှ အော်ပြောလိုက်သည်။
* * *
ဂျက်ဆန် ရပ်ကွက်သည် ပြင်သစ် ရပ်ကွက်ကြီး၏ အလယ်ဗဟိုတွင် ရှိသည်။ ကြီးမားလှပခံ့ညားသော စိန်လူးဝစ္စ ဘုရားရှိခိုးကျောင်းကြီးက ထီးထီးမားမား ရှိနေသည်။ လှပသော ရှေးဟောင်းပုံစံအိမ်များနှင့် ဝင်းခြံများဖြင့် နေကြသော ရပ်ကွက် ဖြစ်သည်။ ဆိတ်ငြိမ် အေးချမ်းလှသည်။ ထိုရပ်ကွက်မှ ခြံနှင့်ဝင်းနှင့် အိမ်တစ်လုံးတွင် ဂျိုး ရိုမာနို နေသည်။
ထရေစီသည် အမှောင်ဖုံးချိန်ကျမှ ထိုရပ်ကွက်သို့ ထွက်လာခဲ့သည်။ မှောင်ရိပ်ထဲတွင် ရပ်ပြီး အိမ်များကို လေ့လာ ကြည့်ရှုနေသည်။ သူမ၏ လက်ကိုင်အိတ်ထဲမှ ခြောက်လုံးပြူးကြောင့် စိတ်ထဲတွင် လေးလံနေသည်။ သူမ ကြံစည်ထားသော အစီအစဉ်မှာ ရိုးရိုးလေး ဖြစ်သည်။
ထရေစီသည် ဂျိုး ရိုမာနိုထံ သွားမည်။ ဂျိုး ရိုမာနိုကြောင့် သူ့အမေ နာမည်ပျက်ခဲ့ရသည်ကို ပြန်လည် ဖြေရှင်းပေးရန် ပြောမည်။ အကယ်၍ ဂျိုး ရိုမာနိုက ဖြေရှင်းပေးရန် ငြင်းဆန်လျှင် ခြောက်လုံးပြူးဖြင့် တေ့ပြီး ခြိမ်းခြောက်ကာ ဝန်ခံချက်ရေးခိုင်းမည်။ ထိုဝန်ခံချက်ကို စခန်းမှူး မေလာထံ ယူသွားပြီး ရိုမာနိုကို ဖမ်းခိုင်းမည်။ သို့ဆိုလျှင် သူမ၏မိခင် ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်မည်သာ ဖြစ်သည်။
ယခုအချိန်တွင် ထရေစီသည် ချားလ်အား မိမိနှင့်အတူ ရှိနေစေချင်သည်။ သို့ရာတွင် မိမိကိစ္စကို မိမိ တစ်ယောက်တည်း ရှင်းသည်ကသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်ခဲ့သည်။ ချားလ်ကို ဤပြဿနာထဲ ဆွဲမထည့်ချင်၊ ကိစ္စများ အားလုံး ရှင်းလင်းပြီး ဂျိုး ရိုမာနိုကို အချုပ်ထဲ ထည့်ပြီးနောက်မှ ချားလ်ကို ဖြစ်ကြောင်းကုန်စင် ပြောပြတော့မည်။
ထရေစီသည် လမ်းသွား လမ်းလာများ ရှင်းသည်အထိ မှောင်ရိပ်ခိုပြီး စောင့်နေသည်။ ထို့နောက် ဂျိုး ရိုမာနို၏ အိမ်ရှေ့တံခါးမကြီးအဝသို့ လျှောက်သွားပြီး လူခေါ်လျှင် လျှပ်စစ်ခေါင်းလောင်း ခလုတ်လေးကို နှိပ်လိုက်သည်။ တစ်ဘက်မှ တော်တော်နှင့် မတုံ့ပြန်လာ။ အပြင်သွားနေသလားဟု ထရေစီ တွေးမိသည်။
တအောင့်အကြာတွင် ဆင်ဝင်အောက်မှ မီးလုံး ရုတ်ခြည်း လင်းလာသည်။ အိမ်ရှေ့ တံခါးမကြီး ပွင့်သွားပြီး လူတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့ရသည်။ ထိုသူ၏ ရုပ်ရည်ရူပကာယကို မြင်လိုက်ရသော အခါ ထရေစီ အံ့အားသင့်သွားသည်။ အရုပ်ဆိုးဆိုး ခပ်ကြမ်းကြမ်းနှင့် လူဆိုးအသွင်ကို မြင်ရလိမ့်မည်ဟု ထရေစီ မျှော်လင့်လာသည်။ ယခုတော့ ရုပ်ချောချော လူရည်သန့်တစ်ဦး ပုံသွင်ကို မြင်ရသည်။ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးနှင့်ပင် အလွယ်တကူ မှားနိုင်လောက်သော ပုံသွင်မျိုး ဖြစ်သည်။
ထိုသူက ပျော့ပျောင်း ညင်သာသော အသံဖြင့် ပြောလာသည်။
"ဟဲလို ... ကျွန်တော် ခင်ဗျားကို ဘာများ အကူအညီ ပေးရမလဲ ခင်ဗျား"
"ရှင်က ဂျိုးဇက် ရိုမာနိုလား"
ထရေစီ ၏ အသံက အနည်းငယ်တုန်နေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော် ဘာများလုပ်ပေးရမလဲ ခင်ဗျား"
သူ့ပုံပန်းနှင့်အသံက ဆွဲဆောင်မှု ရှိပြီး လူတစ်ဘက်သားကို အလွယ်တကူ စည်းရုံးသိမ်းသွင်းနိုင်မည့် ပုံမျိုး ဖြစ်သည်။ မိမိ၏မိခင်သည် ဤလူ၏ ညွှတ်ကွင်း၌ သက်ဆင်းခံရသည်မှာ အံ့သြစရာ မဟုတ်ဟု ထရေစီ တွေးမိ လာသည်။
"ကျွန် ... ကျွန်မ ရှင်နဲ့ စကားပြောချင်လို့ပါ မစ္စတာ ရိုမာနို"
ရိုမာနိုက သူမ၏ တစ်ကိုယ်လုံးကို ခြေဆုံးခေါင်းဖျား သိမ်းကျုံး အကဲခတ်လိုက်ပြီးမှ အဖြေပေးသည်။
"ကဲ ... ဒါဆိုရင်တော့ အိမ်ထဲဝင်လေ"
ရိုမာနို နောက်မှနေ၍ ဧည့်ခန်းထဲသို့ ထရေစီ တစ်လှမ်းချင်း လျှောက်ဝင်လိုက်သွားသည်။ ဧည့်ခန်းထဲတွင် လှပပြောင်လက်နေသော ရှေးဟောင်း အိမ်ထောင် ပရိဘောဂများဖြင့် ပြည့်နှက်နေသည်။ ဂျိုးဇက် ရိုမာနို သည် မိမိ၏မိခင် ပိုက်ဆံများဖြင့် ကြီးပွားနေသည်ဟု ထရေစီ ခါးသီးစွာ သိမြင်လာသည်။
"ကျွန်တော်လဲ အခုပဲ အရက်စပ်ပြီး သောက်တော့မလို့၊ ကဲ ... ခင်ဗျား ဘာသောက်မလဲ"
"ဟင့်အင်း ... ဘာမှမသောက်ဘူး"
ရိုမာနိုက ထရေစီအား စပ်စုသည့် အကြည့်ဖြင့် ကြည့်ပြီး မေးလိုက်သည်။
"ခင်ဗျားက ဘာကိစ္စ ကျွန်တော်နဲ့ တွေ့ချင်ရတာလဲ မစ္စ ..."
"ထရေစီ ဝှစ်တနေ၊ ဒေါရစ် ဝှစ်တနေရဲ့ ... သမီး"
ဂျိုး ရိုမာနို၏ မျက်နှာတွင် အံ့အားသင့်သည့်အသွင် ရုတ်ခြည်း ပေါ်လွင်သွားသည်။ ထို့နောက် သူမအား အသိမှတ်ပြုသည့် အသွင်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ပြောသည်။
"အို ... ဟုတ်လား၊ မင်းအမေအကြောင်း ငါလဲ ကြားရတယ်။ တယ်အဖြစ်ဆိုးတာကိုး ..."
အဖြစ်ဆိုးတယ်တဲ့လား၊ သူ့ကြောင့် မိမိ၏မိခင် သေဆုံးခဲ့ရသည်။ သူ၏မှတ်ချက်က အဖြစ်ဆိုးတယ် ဆိုရုံပဲလား။ ထရေစီ စိတ်ထဲက ပြောနေမိသည်။
"ဒီမှာ မစ္စတာ ရိုမာနို၊ ကျွန်မ အမေဟာ လိမ်လည်မှု ကျူးလွန်ပြီး အပြစ်ရှိနေတယ်လို့ ခရိုင်တရားသူကြီးက ထင်နေတယ်၊ အဲဒါ မမှန်ဘူးဆိုတာ ရှင် သိပါတယ်၊ ကျွန်မအမေ နာမည်မပျက်ဖို့အတွက် ရှင် ကျွန်မကို ကူညီစေချင်တယ်"
"အခုလို မာဒီဂရပ်စ် ပွဲတော်ရက် အတွင်းမှာ ကျွန်တော် အလုပ်ကိစ္စ မဆွေးနွေးပါဘူး၊ ဒါကတော့ ကျွန်တော့် ဘာသာရေး အရပါ"
ရိုမာနိုက ပခုံးနှစ်ဘက် တွန့်ပြလိုက်ပြီး ပြောသည်။ ထို့နောက် ဘား ကောင်တာဆီသို့ လျှောက်သွားပြီး အရက်စပ် လိုက်သည်။
"ခင်ဗျား အရက်နည်းနည်း သောက်လိုက်ရင် နေသာထိုင်သာ ရှိသွားမယ် ထင်တယ်"
ရိုမာနိုက ထရေစီအား ရေပိတ်စကား ပြောလိုက်ချေပြီ။ ထရေစီအဖို့ အခြားရွေးစရာလမ်း မရှိတော့။ ထရေစီသည် လက်ကိုင်အိတ်ကို ဖွင့်ပြီး ခြောက်လုံးပြူးကို ထုတ်ယူလိုက်သည်။ ရိုမာနိုအား ခြောက်လုံးပြူးနှင့် ချိန်လိုက်သည်။
"ကျွန်မအဖို့ နေသာထိုင်သာ ရှိမယ့်ကိစ္စကို ပြောပြမယ်၊ ဒီမှာ မစ္စတာ ရိုမာနို ...၊ ရှင် ကျွန်မအမေကို ဘယ်လို ကလိမ်ကကျစ်တွေ လုပ်ခဲ့တယ်ဆိုတာ ဝန်ခံဖြောင့်ဆိုချက် အတိအကျ ရေးပါ၊ ဒါမှ ကျွန်မ နေသာထိုင်သာ ရှိမယ်"
ဂျိုးဇက် ရိုမာနိုသည် ထရေစီဘက်သို့ လှည့်လိုက်ရာ သူ့ကို ချိန်ထားသော သေနတ်ကို မြင်သွားသည်။
"သေနတ်ပြောင်းဝကို တခြားဘက် လှည့်ထားစမ်းပါ၊ မတော်တဆ ကျည်ဆန် ထွက်သွားပါဦးမယ် မစ္စ ဝှစ်တနေ"
"ကျွန်မ ပြောသလို ရှင်အတိအကျ လိုက်မလုပ်ရင်တော့ သေနတ်ပြောင်းဝက ကျည်ဆန်ထွက်သွားမှာ သေချာတယ်၊ ကုမ္ပဏီပျက်စီးအောင် လူမွဲစာရင်း ကြေညာခံရအောင်၊ ကျွန်မအမေ သူ့ကိုယ်သူ သတ်သေအောင် ရှင် ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ ရှင် ဖြောင့်ချက် ရေးပေးရမယ်"
ဂျိုး ရိုမာနို သည် ယခုအခါ ထရေစီအား မျက်ခြည်မပြတ် ကြည့်နေရတော့သည်။
"တကယ်လို့ ငါက ဖြောင့်ချက် မပေးဘူးလို့ ငြင်းဆန်ရင်ကော"
"ဒါဆိုရင်တော့ ရှင့်ကို ကျွန်မ သတ်ရလိမ့်မယ်"
ပြောသာပြောလိုက်ရသော်လည်း သေနတ်ကိုင်ထားသော ထရေစီ၏ လက်မှာ တဆတ်ဆတ်တုန်နေသည်။
"မင်းဟာ လူသတ်သမားနဲ့ မတူပါဘူး မစ္စ ဝှစ်တနေ"
ဂျိုး ရိုမာနိုက ပြောရင်းနှင့် သူမဆီသို့ မသိမသာ လျှောက်လာသည်။ လက်ထဲတွင် အရက်ခွက်ကို ကိုင်လာသည်။ သူ့အသံမှာ ညင်သာပျော့ပျောင်းလွန်းလှသည်။
"မင်းအမေ သေတာနဲ့ ငါနဲ့ ဘာမှ မပတ်သက်ဘူး။ ယုံပါကွာ ... ငါ ..."
ဂျိုး ရိုမာနိုသည် လက်ထဲရှိ ဖန်ခွက်ထဲမှ အရက်ဖြင့် ထရေစီမျက်နှာကို ဆတ်ခနဲ လှမ်းပက်ထည့် လိုက်သည်။
ထရေစီ မျက်လုံးထဲတွင် အရက်များကြောင့် ပူစပ်သွားစဉ်မှာပင် သူမလက်ထဲမှ သေနတ်မှာလည်း ရိုက်ချခံ လိုက်ရသဖြင့် အောက်သို့ လွတ်ကျသွားသည်။
"မင်းအမေက သူ့မှာ သမီးချောချော တစ်ယောက် ရှိတယ်ဆိုတာ ငါ့ကို ပြောပြမသွားဘူးကွာ"
ရိုမာနိုက ထရေစီအား လက်နှစ်ဘက်မှ နေပြီး ချုပ်ကိုင်ထားလိုက်သည်။ ထရေစီမှာ မျက်လုံးများ ပြာဝေ ကျိန်းစပ်နေပြီး အလွန်အမင်း တုန်လှုပ် ချောက်ချားလာသည်။ ရိုမာနို လက်ထဲမှ ရုန်းထွက်နိုင်ရန် ကြိုးစားသည်။ သို့သော် ရိုမာနိုက ထရေစီအား နံရံတွင် ကျောနှင့်ကပ်ပြီး သူက ရှေ့ဘက်မှ ဖိညှပ်ထားသည်။ ဂျိုးရိုမာနို၏ ရင်ဘတ်နှင့် နံရံကြားတွင် ထရေစီမှာ ပိတ်မိနေသည်။ ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ရိုမာနို၏ လက်နှစ်ဘက်ထဲမှ ရုန်းထွက်မရဘဲ ရှိသည်။
"မင်း တော်တော် ခံနိုင်ရည် ရှိသားပဲ၊ ငါက ဒါမျိုးမှ ကြိုက်တာ၊ အခု ငါ့အလှည့်ပေါ့ကွာ၊ ဟဲ ... ဟဲ ... မင်းက စိတ်လှုပ်ရှားချင်လို့ ဒီကိုလာတာ မဟုတ်လား၊ ကောင်းပြီလေ၊ ဂျိုးက မင်းကို စိတ်လှုပ်ရှားမှု လေးတွေ ပေးရမှာပေါ့"
တအားကျုံးအော်ရန် ထရေစီ ကြိုးစားသော်လည်း အော်မရဘဲ ဖြစ်နေသည်။
"လွှတ် ... လွှတ် ... ရှင် ကျွန်မကို လွှတ်"
ဂျိုး ရိုမာနိုက မလွှတ်။ ထရေစီက အားကုန်ရုန်းနေဆဲ။
"မင်းကို ငါချစ်တယ် ထရေစီ"
"လွှတ်ပါ ... လွှတ်ဆိုလွှတ်နော်"
ဂျိုးက ထရေစီအား ကြမ်းပေါ်သို့ ဆွဲလှဲချလိုက်ပြီး အတင်းအဓမ္မ ဗလက္ကာရပြုရန် ကြိုးစားသည်။ ထရေစီက လက်နှစ်ဘက်ဖြင့် ဟိုတွန်းသည်ဖယ် လုပ်နေရာမှ သူ့ညာဘက်လက်က ကြမ်းပြင်ပေါ်တွင် ကျနေသော ခြောက်လုံးပြူးကို သွားထိသည်။
ထရေစီသည် ခြောက်လုံးပြူးကို လှမ်းယူဆုပ်ကိုင် လိုက်ပြီး တစ်မဟုတ်ချင်းမှာပင် သေနတ်သံတစ်ချက် မြည်ဟိန်း သွားသည်။
"အလို ... ဘုရားရေ"
ရိုမာနိုက အော်လိုက်သည်။ ထရေစီကို ချုပ်ကိုင်ထားသော သူ့လက်များက ပြေလျော့သွားသည်။ သူ့ခန္ဓာကိုယ်ကြီးက ဘေးသို့ လည်ကျသွာသည်။ ထရေစီက ကြောက်ကြောက်လန့်လန့်နှင့်ပင် ကြည့်နေမိသည်။
"မင်း ငါ့ကို ပစ်တယ် ... ငါ့ကို ပစ်တယ်၊ မင်း မိန်းမယုတ်"
ထရေစီသည် လှုပ်ရှား၍ မရနိုင်အောင် ဖြစ်နေသည်။ အဖျားတက်သလို ဖြစ်နေသည်။ မျက်လုံးကလည်း ကျိန်းစပ် နေသည်။ နောက်ဆုံး အားယူပြီး မတ်တတ်ရပ်လိုက်သည်။
မတ်တတ်ရပ်၍ ရသည်နှင့် တစ်ပြိုင်နက် အခန်းတစ်ဘက်စွန်းရှိ တံခါးပေါက်ဆီသို့ ပြေးသည်။ တံခါးကို တွန်းဖွင့်လိုက်သည်။ ထိုအခန်းမှာ ရေချိုးခန်း ဖြစ်နေသည်။ မျက်နှာသစ်သော ကြွေခွက်ဆီသို့ ဒရီးဒယိုင်နှင့် လျှောက်သွားသည်။ ကြွေခွက်ထဲသို့ ရေအေးများ ဖြည့်လိုက်သည်။ မျက်နှာကို ရေနှင့်သစ်ကာ မျက်လုံးအစုံကို ရေဖြင့် ဆေးကြောသန့်စင်လိုက်သည်။ မျက်လုံးမှ ကျိန်းစပ်မှုမှာ တဖြည်းဖြည်း လျော့သွားပြီး မျက်စိ အမြင်လည်း ပြန်လည် ကြည်လင်လာသည်။
နံရံကပ်မှန်ထဲသို့ ကြည့်လိုက်သည်။ သူမ မျက်လုံးမှာ နီရဲနေသည်။ အလို ... ဘုရားရေ ငါလူတစ်ယောက်ကို သတ်ခဲ့မိပြီ။ ထရေစီသည် ဧည့်ခန်းထဲသို့ ပြန်ပြေးလာသည်။
ဧည့်ခန်းကြမ်းပြင်ပေါ် တွင် ဂျိုး ရိုမာနို တစ်ယောက် လဲကျနေသည်။ အဖြူရောင် ကြမ်းခင်း ကော်ဇောပေါ် တွင် သွေးများ စွန်းထင်နေသည်။ ထရေစီသည် မျက်နှာ ဖြူဖပ်ဖြူလျော်နှင့် ရပ်ကြည့်နေမိသည်။
"ကျွန်မ စိတ်မကောင်းပါဘူး၊ ကျွန်မ ဒီလိုလုပ်ဖို့ ရည်ရွယ်တာ မဟုတ်ပါဘူး" ထရေစီ တစ်ယောက်တည်း ပြောလိုက်မိသည်။
လူနာတင် သူနာပြုကားကို ချက်ချင်း သတိရသွားသည်။ တယ်လီဖုန်းဆီသို့ ကသောကမျောသွားပြီး အော်ပရေတာ၏ ဖုန်းနံပါတ်ကို လှည့်လိုက်သည်။ တယ်လီဖုန်းဖြင့် ပြောသော သူမအသံက ဆို့နစ်နေသည်။
"အော်ပရေတာ လူနာတင် ကားတစ်စီး ချက်ချင်း လွှတ်လိုက်ပါ။ လိပ်စာကတော့ အမှတ် ၄၂၁၊ ဂျက်ဆန် ရပ်ကွက်ပါ၊ လူတစ်ယောက် သေနတ်ပစ်ခံရလို့ပါ"
ထရေစီသည် တယ်လီဖုန်းကို ပြန်ချ ထားလိုက်ပြီး ဂျိုး ရိုမာနိုအား ငုံ့ကြည့်လိုက်သည်။ ထို့နောက် ဘုရားသခင်ထံ ဆုတောင်းလိုက်သည်။
"အို ... အဘဘုရားသခင်၊ သူ့ကို မသေပါစေနဲ့ အဖေဘုရားသခင်ရယ်၊ ကျွန်မ သူ့ကို သေစေရန် ရည်ရွယ်ချက်နဲ့ လုပ်တာ မဟုတ်ဘူးဆိုတာ အဖ ဘုရားသခင် သိတော်မူပါတယ်"
ထရေစီသည် ဂျိုး ရိုမာနို၏ ဘေးတွင် ကြမ်းပေါ်၌ ဒူးထောက် ထိုင်ချလိုက်သည်။ ဂျိုး ရိုမာနို အသက်ရှိမရှိ စူးစမ်းလိုက်သည်။ ဂျိုး၏ မျက်လုံးများက မှိတ်နေသည်။ သို့သော် သူ အသက်ရှူနေသည်။
"လူနာတင်ယာဉ် လာနေပါပြီ" ထရေစီက တိုးတိုးလေး ပြောလိုက်သည်။
ထို့နောက် သူမ ထွက်သွားတော့သည်။
ထရေစီသည် ဒရောသောပါး ပြေးသွားခြင်း မဟုတ်။ ပြေးသွားလျှင် မြင်သူများက သံသယ ဖြစ်မည်။ ထို့ကြောင့် ခပ်မှန်မှန် ခပ်သုတ်သုတ်သာ သွားသည်။
ထိုသို့ သွားရာတွင် အပေါ်ဝတ် ဂျာကင်အင်္ကျီကို ရင်ပတ်နှစ်ဘက်၌ စေ့ပြီး ကိုင်ထားသည်။ ဘလောက်စ် အင်္ကျီ စုတ်နေသဖြင့် လူမမြင်စေရန် ဂျာကင်အင်္ကျီနှင့် ဖုံးထားခြင်း ဖြစ်သည်။ ဂျိုး ရိုမာနိုအိမ်နှင့် လေးလမ်းခန့် အရောက်တွင် အငှားကားများကို လက်ပြတားခိုင်းသည်။ ပထမကားလေးစီးမှာ အငှားသမားများ ပါလာသဖြင့် ခေါ်၍ မရပေ။
ခပ်လှမ်းလှမ်းမှနေ၍ မော်တော်ကား ဥသြဆွဲသံ ကြားရသည်။ ထို့နောက် သူမရှေ့မှ ဖြတ်ပြီး လူနာတင် ယာဉ်တစ်စီး ဂျိုး ရိုမာနို အိမ်ဘက်သို့ မောင်းသွားသည်ကို မြင်ရသည်။ ဒီနေရာတစ်ဝိုက်မှ မြန်မြန် ပြေးတော့မှ ဖြစ်မည်ဟု သိလာသည်။ သူမရှေ့ မလှမ်း ထိုးရပ်လိုက်ပြီး ခရီးသည်များ ကားပေါ်မှ ဆင်းသွားသည်။ ထရေစီသည် ထိုကားဆီသို့ အပြေးအလွှား သွားသည်။
"ကား အားသလားရှင်" ထရေစီက ယာဉ်မောင်းကို မေးသည်။
"အားပါတယ်၊ ဘယ်သွားချင်လို့လဲ"
"လေဆိပ်ကို ပို့ပေးပါ"
"ကဲ ... တက်"
အငှားကားဖြင့် လေဆိပ်သို့ ထွက်လာရာတွင် ထရေစီသည် လူနာတင် ကားဆီသို့ စိတ်ရောက်သွားပြန်သည်။ လူနာတင်ကား အရောက်နောက်ကျလျှင် ဂျိုး ရိုမာနို သေနိုင်သည်။ အကယ်၍ ဂျိုး သေသွားလျှင် မိမိ လူသတ်သမား ဖြစ်သွားမည်။ ခြောက်လုံးပြူးမှာ ရိုမာနို အိမ်တွင် ကျန်ရစ်ခဲ့သည့် လက်ဗွေရာများ ထင်ကျန်ရစ်ခဲ့မည်မှာ သေချာသည်။
ရိုမာနိုက မိမိကို ဗလက္ကာရပြုရန် ကြံစည်သဖြင့် မိမိက ဟန့်တားရာတွင် မတော်တဆ ကျည်ဆန် ထွက်သွားခြင်း ဖြစ်ကြောင်း ရဲများအား မိမိ ရှင်းပြနိုင်ပေသည်။ သို့သော် ရဲများက ယုံမည်မထင်။ မိမိ ဝယ်ယူခဲ့သော သေနတ်မှာ ဂျိုး ရိုမာနိုဘေးတွင် ကျန်ရစ်ခဲ့ပြီ။ အခု အချိန်မည်မျှ ကြာသွားပြီနည်း။ နာရီဝက်လား တစ်နာရီလား။ မိမိ ဤနယူးအော်လင်းမြို့မှ ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်သွားရပေမည်။
ဂျိုး ရိုမာနိုထံမှ ဖြောင့်ချက်ရရန် ကြိုးစားခဲ့ခြင်းသည် မိမိအမှားဖြစ်မှန်း သိလာသည်။ အားလုံး ဆက်တိုက် မှားခဲ့ပြီ၊ ဖြစ်ခဲ့ပျက်ခဲ့သမျှကို ချားလ်အား မိမိ မည်သို့ ပြောပြမည်နည်း။ ဖြစ်ကြောင်း ကုန်စင်ကို သိလျှင် ချားလ် အံ့သြသွားမည်။ သို့သော် မိမိ ရေရေလည်လည် ရှင်းပြလိုက်လျှင် သူ သဘောပေါက် နားလည် သွားပေ လိမ့်မည်။ ဘာဆက်လုပ်ရမည်ကို ချားလ် သိပေလိမ့်မည်။
နယူးအော်လင်း နိုင်ငံတကာ လေဆိပ်သို့ ရောက်သောအခါ ထရေစီ အံ့အားသင့်သွားသည်။ မနက်ကပင် မိမိ ဤလေဆိပ် အဆောက်အအုံထဲမှ ထွက်လာခဲ့သည်။ ယခု ဤနေရာသို့ ပြန်ရောက်နေချေပြီ။ သူမအဖို့ တစ်နေ့တာအတွင်း တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များက ထိတ်လန့် တုန်လှုပ်စရာချည်း ဖြစ်သည်။
ထရေစီသည် လေဆိပ်အဆောက်အအုံထဲသို့ ဝင်လာခဲ့သည်။ လူတိုင်းက မိမိအား သံသယအကြည့်ဖြင့် ကြည့်နေသည်ဟု ထင်မိသည်။ တကယ်တော့ ထရေစီအဖို့ ကိုယ့်လိပ်ပြာကိုယ်မလုံပဲ ဖြစ်နေခြင်းသာ ဖြစ်သည်။ ဂျိုး ရိုမာနို အခြေအနေကိုလည်း သူမ သိချင်သေးသည်။ သို့သော် မည်သည့်ဆေးရုံ သို့မဟုတ် မည်သူမည်ဝါထံ ဆက်သွယ်မေးမြန်းရမည်ကို မသိနိုင်ပဲ ဖြစ်နေသည်။
ချားလ်နှင့် မိမိသည် မိခင်ဈာပနာအတွက် ပြန်လာမည်။ ဂျိုး ရိုမာနိုလည်း နေသာထိုင်သာ ရှိသွားလိမ့်မည်ဟု ထရေစီစိတ်ထဲမှ သွေးများ စီးကျနေသာ ရိုမာနို၏ မြင်ကွင်းကို စိတ်ထဲမှ အတင်း မောင်းထုတ် လိုက်သည်။ ချားလ်ထံ မြန်မြန်ရောက်အောင် သွားရပေမည်။
"ဖီလဒယ်ဖီးယားမြို့ကို ထွက်မယ့် လေယာဉ်လက်မှတ်တစ်စောင် လိုချင်လို့ပါ၊ ကမ္ဘာလှည့် ခရီးသည်ပါ"
ထရေစီ လက်မှတ်ရောင်းစာရေးကို ပြောလိုက်သည်။ စာရေးက ကွန်ပျူတာခလုတ်များကို နှိပ်ပြီး စစ်ဆေး ရှာဖွေပြီးနောက် ပြန်ပြောသည်။
"လေယာဉ်ခရီးစဉ် အမှတ်စဉ် ၃၀၄ ထွက်လိမ့်မယ်၊ ခင်ဗျား ကံကောင်းတယ်၊ လက်မှတ် တစ်စောင်ပဲ ကျန်တော့တယ်"
"ဘယ်အချိန် ထွက်မှာလဲရှင် ..."
"နောက်ထပ် မိနစ် (၂၀) ကြာရင် ထွက်တော့မယ်၊ ခင်ဗျား လေယာဉ်ပေါ် ရောက်မှာနဲ့ အချိန်ကိုက်လောက်ပဲ နေမှာပါ"
ထရေစီ လက်ကိုင်အိတ်ကို ဖွင့်လိုက်ချိန်တွင် သူမ၏ ဘေးနှစ်ဘက်၌ ယူနီဖောင်းဝတ် ရဲအရာရှိ တစ်ဦးစီ ရောက်လာသည်ကို သိလိုက်ရသည်။ အရာရှိတစ်ဦးက မေးလာသည်။
"ခင်ဗျား ထရေစီ ဝှစ်တနေလား"
ထရေစီအဖို့ ချက်ချင်းပင် နှလုံးခုန် ရပ်သွားသလို ခံစားလိုက်ရသည်။ ထရေစီ မဟုတ်ပါဟု ငြင်းလျှင် မိုက်မဲရာသာ ကျပေမည်။ ထို့ကြောင့် အမှန်အတိုင်း ပြောလိုက်သည်။
"ဟုတ်ပါတယ် ..."
ထရေစီကို လက်ထိပ် ခတ်လိုက်သည်။ သူမ လက်ကောက်ဝတ်တွင် လက်ထိပ်သံမဏိ၏ မာကျော အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသည်။
(ဆက်ရန်...)
-------------
ဝင်းဖေဝင်း
No comments:
Post a Comment