Wednesday, July 20, 2022

​မွှေး (အပိုင်း - ၈)(ဇာတ်သိမ်းပိုင်း)

အတွတ် မွှေးတို့အိမ်သို့ မရောက်သည်မှာ လေးရက်တိတိ ရှိသွားပေပြီ။ မနေ့က ညနေလောက်တွင် မွှေးသည် အဖြေတစ်ခုခုကို ကိုကိုနိုင်သို့ ပေးပြီးဖြစ်ပေမည်။ ယခုထိတော့ ဘာသတင်းမှ မကြားရသေးပေ။ မေမေကလည်း ဝါးခယ်မကို ပြန်နေ၍ အိမ်တွင်မရှိပေ။ သူ့မှာ တစ်ယောက်တည်း အဆုတ်နာလူနာအား စောင့်ရှောက်ရေးအသင်းအတွက် အလုပ်ရှုပ်နေသည်။ ထိုအသင်းတွင် လူနာဟောင်း ဦးကျော်မြင့်ဆိုသူက အတွင်းရေးမှူးတာဝန်ကိုယူကာ ဆရာဝန်တစ်ယောက်က တွဲဖက်အတွင်းရေးမှူးဖြစ်သည်။ နေရာရှာဖွေရေးအဖွဲ့ ခွဲတွင်မူ မွှေးက အတွင်းရေးမှူးဖြစ်၍ သူက အဖွဲ့ငယ်၏ဥက္ကဋ္ဌဖြစ်၏။


ညနေပိုင်းတွင် မွှေးတို့အိမ်ဘက်ဆီသို့ ထွက်လာခဲ့၏။ ရာသီဥတုမှာ သာယာသည်မဆိုနိုင်သော်လည်း မိုးရွာ၍မနေပေ။ ကောင်းကင်သည် မှုန်မှိုင်းမှိုင်းဖြစ်ကာ လေက စိမ့်၍တိုက်နေသည်။ မိုးပြင်းထန်စွာ ရွာဦးမည့် အရိပ်အယောင်များ​ပေတည်း။ မိုးဦးကျတွင် တစ်ပြိုက်​လောက်သာ ခပ်စိပ်စိပ် ရွာခဲ့ဖူး၏။


အိမ်ထဲသို့ ကားအဝင်လိုက်တွင် တစ်အိမ်လုံး တိတ်ဆိတ်နေသည်။ အိမ်တံခါးကို ကိုဘဆောင် လာဖွင့်ပေး၏။ 


“ဗိုလ်မှူးနိုင် အိမ်ပေါ်မှာ ရှိပါတယ်”


ကိုဘဆောင်က ပြောပြ၍ သူသည် လှေကားကို တန်း၍တက်သည်။ ဗိုလ်မှူးနိုင် အိပ်ခန်းဘက်သို့ သွားကာ ခန်းဆီးကို ဆွဲလိုက်၏။ နောက်မှီ ကြိမ်ကုလားထိုင်တစ်လုံးပေါ်တွင် စီးကရက်တထောင်းထောင်းထအောင် ဖွာနေသော ကိုကိုနိုင်ကို တွေ့ရသည်။


“ကိုကိုနိုင် မွှေးရော” 


ကိုကိုနိုင်က သူ့ထုံးစံအတိုင်း ခေါင်းညိတ်ကာ ခေါ်ပြန်သည်။


“ထိုင်လေ ” 


“ဆေးလိပ်တွေ သိပ်သောက်တာပဲဗျာ”


အတွတ်သည် မီးခိုးငွေ့များကို လက်နှင့်ယမ်းရင်း ထိုင်ကာ ပြောပြ၏။


“ကဲ .. မွှေးက ဘာတွေ ဘယ်လိုဆုံးဖြတ်သတဲ့လဲ”


အတွတ်သည် အရေးတကြီး မေးလိုက်လျှင် ကိုကိုနိုင်သည် တစ်စုံတစ်ရာ မဖြေဘဲ မျက်လုံးအကြောင်ကြီးနှင့် သူ့ကို စိုက်ကြည့်နေ၏။ 


“ဘယ်လို ဆုံးဖြတ်သတဲ့လဲ၊ ဟုတ်လား”


သူ့ကိုပင် ထပ်ခါ ကိုကိုနိုင်က မေးခွန်းထုတ်လိုက်သေး၏။


“ဟုတ်တယ်လေ၊ မနေ့ညက သူပြောတဲ့ သုံးရက်​စေ့တယ်လေ”


“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အချိန်စေ့လို့ အဖြေပေးပါတယ်"


ကိုကိုနိုင့်အသံသည် အာခေါင်ခြောက်ကြီးနှင့် မောမောပန်းပန်း ပြောနေရုံမက မျက်တွင်းများကလည်း ချောင်ကျကာ အိပ်ရေးဝပုံ မရပေ။ ထိုင်ရာမှ ဒယီးဒယိုင်နှင့် ထ,သွားကာ သူ့ခေါင်းအုံးအောက်မှ စာအိတ်တစ်အိတ်ကို ယူလာ၍ အတွတ်လက်ထဲ ထည့်လိုက်၏။ 


“ဒါ ... ခင်ဗျားရဲ့မွှေး အဆုံးအဖြတ်လေ” 


“သူရော...”


“သူ ခုပဲ ပြန်လာလိမ့်မယ်၊ အိန္ဒိယက ပြန်လာမှ သူ့ဖေဖေနဲ့ မတွေ့ရသေးလို့ သွားကန်တော့တယ်” 


ဝုန်းခနဲပင် အသံမြည်အောင် ကိုကိုနိုင်သည် ကြိမ်ကုလားထိုင်ပေါ် ပစ်လှဲလိုက်သည်။ အတွတ်သည် စာကို တုန်တုန်ယင်ယင်နှင့် ဆွဲယူကာ ဖတ်လိုက်၏။ 


ကိုကိုနိုင်/


ရိုသေစွာ စာရေးလိုက်ပါသည်။ အမှန်တော့ ခုစာထဲမှာ ရေးမယ့်ကိစ္စကို မွှေးနဲ့ကိုကိုနိုင် မျက်နှာချင်းဆိုင် ပြောသင့်ပေမယ့် မွှေးမှာ ဒီစကားလုံးတွေပြောဖို့ အားမရှိပါဘူး။ မွှေးရဲ့ နှုတ်ခမ်းက မထွက်ရက်ပါဘူး၊ ဒါကြောင့် စာပေါ်မှာ ရေးပြရတာပဲ။


ကိုကိုနိုင်ရဲ့ မေတ္တာတွေ ကျေးဇူးတရားတွေတော့ မွှေးအပေါ်မှာ အနန္တပါပဲ။ မွှေးအပေါ်မှာ မြတ်မြတ်နိုးနိုး ချစ်ခဲ့တာလဲ မွှေးသိပါတယ်။ 


ကိုကိုနိုင် မှတ်မိဦးမှာပေါ့၊ မွှေးကိုချစ်တယ်ဆိုပြီး ပထမဆုံး ပေးတဲ့ စာအရှည်ကြီးလေ။ အဲဒီအထဲမှာ မွှေးရဲ့ အရည်အချင်းတွေကို တော်တော် ချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် ကိုကိုနိုင်နဲ့လက်ထပ်ပြီး မွှေးဟာ ကိုကိုနိုင်အတွက် ဘာများ ဆောင်ရွက်ပေးနိုင်ခဲ့သလဲ။


လက်ထပ်ကြတဲ့ ငါးနှစ်ဆိုတဲ့ သက်တမ်းမှာ လားရှိုးမှာနေတဲ့ တစ်လသာ လင်မယားနဲ့တူခဲ့ကြတယ်။ မွှေးရဲ့ မိသားစု ဒုက္ခသုက္ခတွေနဲ့ပဲ မွှေးဟာ အချိန်ကုန်ခဲ့တယ်။ အမှန်တော့ မိန်းမတစ်ယောက်အနေနဲ့ မွှေး ဝတ္တရားမကျေခဲ့ဘူး၊ မွှေးဟာ ကိုယ့်မိသားစုအပေါ်မှာပဲ သိတတ်မှုပိုခဲ့တယ်။ ကိုကိုနိုင်ပြောသလို မွှေးဟာ အင်မတန်တော်ပြီး အစွမ်းရှိတယ်ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မိန်းမမှာ တကယ်တမ်းရှိသင့်တဲ့ အရည်အချင်း မွှေးမှာ ချွတ်ယွင်းခဲ့ တယ်။ အဲဒါဟာ ဘာလဲဆိုတော့ မွှေး သားမွေးပြီး မပေးနိုင်ခဲ့ဘူး၊ ခုလဲ ဆရာဝန်က သားမွေးဖို့အင်အား မွှေးမှာ မလုံလောက်သေးလို့ ကလေးမရှိအောင် နေရမယ်ဆိုတော့ မွှေးဟာ လူဖြစ်ရှုံးနေတဲ့မိန်းမပဲ။


အိန္ဒိယက ပြန်ရောက်တဲ့နေ့က မွှေးက “ကိုကိုနိုင့်မိန်းမ သားလေးမွေးဘယ်”လို့ ပြောလိုက်တာနဲ့ တစ်ပြိုင်နက် ကိုကိုနိုင်ရဲ့ မျက်နှာ ဝင်းပြီး ကြည်သွားပုံကို မွှေး တစ်ခါမှ မတွေ့ဖူးသေးဘူး။  


အတွတ်သည် ​ခေတ္တရပ်နားကာ ကိုကိုနိုင့်မျက်နှာကို လှမ်း၍ကြည့်မိ၏။ ကိုကိုနိုင်ကတော့ သူ့ကိုမကြည့်။ မျက်နှာကျက်တွင် တစ်ခုခုပဲ မြင်တွေ့နေသလို စိုက်ကြည့်နေသည်။  သူသည် ကတုန်ကယင်ဖြစ်ရာမှ စာကိုဆက်ဖတ်ပြန်၏။ 


“သားဆိုတဲ့အသိက ကိုကိုနိုင်ရဲ့ နှလုံးကို ဘယ်လောက် ရွှင်ပြုံးစေသလဲ။ 


မွှေး အရှည်ကြီး မရေးပါရစေနဲ့တော့။ မွှေးဟာ ကံကိုက ခေတဲ့လူပါ။ ​မွှေးထိုက်နဲ့ မွှေးကံသာ ရှိပါစေတော့။ မေမေ ပေးခဲ့တဲ့အိမ်မှာ ကိုကိုနိုင့်သားရယ်၊ ကိုကိုနိုင့်မိန်းမရယ် အတူတူနေရစ်ပါ။ မွှေးတော့ လေးတို့နဲ့ အတူနေပြီး မွှေးလိုပဲ အဆုတ်နာရောဂါကြောင့် ဒုက္ခတွေအနန္တရောက်ကြရရှာတဲ့ လူသားတွေကို အကူအညီပေးဖို့ မွှေးခန္ဓာကိုယ်ကို လှူလိုက်ပါတော့မယ်။ 


မွှေးကိုပေးတဲ့ စိန်တွေကိုလဲ ကိုကိုနိုင့်မိန်းမကို ပေးပါ။ မပေးလို့ ​မွှေးကို အပိုင်ပေးပြီးသားဆိုရင်လဲ ဒီပစ္စည်းတွေကို အဆုတ်နာ လူနာများ စောင့်ရှောက်ရေးအသင်းကို လှူခွင့်ပြုပါ။


မွှေးကို ခွဲခွာရလို့ ခံစားရတဲ့ ဒေနာဟာလဲ သားသားလေးမျက်နှာကို မြင်ရတဲ့အခါတိုင်း တဖြည်းဖြည်း သက်သာမှာပါပဲ။ 


ခုလို ချစ်တဲ့သူတွေနဲ့ အဖန်ဖန် ကွေကွင်းရခြင်းဆိုတဲ့ ဒုက္ခတွေအနန္တကို ဒီလောက်တွေ့ရက်နဲ့ မွှေး တရားမရဘူးဆိုရင် မွှေးလောက် မိုက်တွင်းနက်တဲ့သူဟာ မရှိတော့ဘူး။ သုခ၊ ဒုက္ခဆိုတဲ့ အကျိုးတရားတွေကို ဖန်တီးတာဟာ ဘဝ အစဉ်အဆက်က စိတ်အကြောင်းရင်းခံပဲ။ ဒီစိတ်နဲ့ လောဘ၊ ဒေါသ၊ မောဟ အကြောင်းအရင်းခံတွေကြောင့်၊ ဇောတွေကြောင့် ​မွှေးဟာ ဝဋ်ဒုက္ခအစဥ်တွေကို ခံရတာပဲ။ ဒီအကြောင်းရင်းဖြစ်တဲ့ “စိတ်”ကို ပြတ်ရာပြတ်ကြောင်း တရားရှာဖွေလို့ တွေ့ခဲ့ရင်တော့ ကိုကိုနိုင်ရဲ့ မွှေးတစ်ယောက် ဒုက္ခသံသရာက လွတ်ပြီလို့ အောက်မေ့ပေတော့။


​မွှေးကို ခွင့်လွှတ်ပါ။ နှစ်​ယောက် အတူတကွ ပေါင်းသင်းခဲ့ကြစဉ်အတွင်းမှာ ကိုကိုနိုင့်အပေါ်  ပြုခဲ့တဲ့ အဆိုးတွေရှိခဲ့ရင် မွှေးကို ခွင့်လွှတ်ပါ။ ကိုကိုနိုင်ရဲ့ သဘောထားပြည့်ဝမှု၊ အနစ်နာခံမှုတွေကိုတော့ မွှေးတစ်သက် မမေ့ပါ။ 


ကိုယ်စိတ်နှစ်ဖြာ ချမ်းမြေ့ရွှင်လန်းပါစေ။


/မွှေး 


စာဆုံးလျှင် အတွတ်သည် ငိုင်သွားတော့၏။ ကာယကံရှင်ကိုကိုနိုင် မပြောနှင့်တော့ သူကိုယ်တိုင်ပင် စိတ်မထိန်းနိုင်ပေ။


“မွှေးလေ ကိုကိုနိုင်နဲ့ ဘယ်တော့မှ မခွဲတော့ဘူး။ တောထဲမှာပဲနေနေ၊ တောင်ကြားထဲမှာပဲ နေနေ မွှေးလိုက်မှာပဲ"


အိန္ဒိယမှာနေတုန်းက မွှေးပြောသော စကားလုံးများကို ကြားယောင်လာသည်။ မွေးသည် ဘယ်လိုများ ဆုံးဖြတ်လိုက်ပါလိမ့်။ ကိုကိုနိုင်ဘက်သို့ လှည့်ကြည့်လိုက်လျှင် ကိုကိုနိုင်သည် လူသေကြီးလို မလှုပ်မရှား အတွတ်ကို စိုက်ကြည့်နေလေသည်။


“သူ ဒီကို ပြန်လာမှာလား” 


အတွတ်က စိုးရိမ်တကြီး မေးပြန်သည်။ 


“လာမှာပါ၊ လာဦးမယ်” 


“ ဒီတော့ ...”


အတွတ်သည် ဘာဆက်မေးရမှန်း မသိပေ။ 


"ဒီတော့ မနေနဲ့တော့လေ။ သူစိတ်ချမ်းမှု ရစေချင်ရင် သူပြောတဲ့တိုင်း လုပ်ပေးရမယ်လို့ မနေ့က ပြောတယ်။ သူပြောသလို ကျုပ်.. ကျုပ် လိုက်လျောပါတယ်။ ဒါပေမယ့် ဟိုမိန်းမကိုတော့ ကျုပ်တသက် မပေါင်းဘူး၊ ပေးစရာရှိတာပေးလိုက်ပြီး သားအတွက် တာဝန်ယူတယ်။ မနေ့ကပဲ ဟိုမိန်းမကိစ္စကို ဝတ်လုံနဲ့ ရှင်းလိုက်တယ်”


ကိုကိုနိုင်သည် တုံးတုံးတိတိအသံနှင့် ပြောလိုက်၏။


“စိန်တွေ မွှေးလက်ထဲ အပ်လိုက်ပါတယ်။ ကျုပ်မြတ်နိုးတဲ့သူကိုတောင် လက်လွှတ်ရသေးတာပဲ။ ဒီစိန် ကျုပ်မလိုချင်ပါဘူး”


အတွတ်သည် ဘာမျှမပြောနိုင်ဘဲ အကြောင်သား ငိုင်နေမိ၏။ 


“မွှေးဟာ တော်တော်စိမ်းနိုင်တဲ့ မိန်းကလေးပဲ၊ ကျွန်တော့်ကို စာပေးခဲ့ပြီး သူ့ဖေဖေဆီ ထွက်သွားလေရဲ့”


“ဟို မိန်းမကို ကွာပြီပဲ၊ သူလုပ်တာ အဓိပ္ပာယ်မရှိဘူး” 


အတွတ်က ညည်း၏။


“သူ့ကြောင့်တဲ့ဗျာ၊ သူနဲ့ဝေးနေရင် ပြန်ဆက်ကြမှာပါတဲ့။ ဒါကြောင့် သူ အဝေးကိုရှောင်သတဲ့”


ကိုကိုနိုင်သည် ဟိုညကတည်းက အိပ်ပုံမရ၊ ဆံပင်များမှာလည်း ဖွာလံကြဲကာ ဆေးလိပ်လက်ကြားညှပ်ကာ ဆောင့်ကြောင့်ထိုင်နေသည်မှာ အတော်ပင် ပုံဆိုးပန်းဆိုးဖြစ်နေပုံရသည်။ သူတို့နှစ်ယောက်သည် အတွေးကိုယ်စီနှင့် ငြိမ်သက်နေကြ၏။ 


“ခင်ဗျားနဲ့သူ ခရီးထွက်ကြဦးမယ်ဆိုတယ်၊ ဘယ်တော့လဲ” 


ကိုကိုနိုင်က အတွတ်ကို လှမ်းမေး၏။


“သန်ဘက်ခါ” 


အတွတ် အဖြေ ဆုံးလျှင် ကိုကိုနိုင်သည် “သန်ဘက်ခါ”ဟု လိုက်ဆိုလိုက်၏။ ကိုကိုနိုင့်စိတ်ထဲတွင် ထိုစကားလုံးကို ရွတ်ရသည်ကိုပင် မနှစ်မြို့သလို ဖြစ်လာသည်။ 


သန်ဘက်ခါဆိုသောနေ့ကို ရောက်ရပေဦးတော့မည်။ သူတို့အိမ်ထောင်၏ အပေါင်းအသင်း အတွဲအဆက်တို့၏ ပုံတစ်မျိုး အ​ပြောင်းအလဲသည် သန်ဘက်ခါပေါ်တွင် သန္ဓေ​တည်ပေဦးတော့မည်။ သန်ဘက်ခါမှ စတင်၍ မွှေးသည် ဤအိမ်ကြီးကို ခွဲခွာမည်ဖြစ်၏။ ဤအပြောင်းအလဲကြီးတစ်ခုကို ကိုကိုနိုင်က လက်မခံသည့်အတိုင်း သူ့စိတ်ထဲတွင် နည်းလမ်းရှာကြည့်၏။ အမှန်တော့ ​မွှေး တင်ပြသော ရည်ရွယ်ချက်သည် မဆိုးပေ။ အပြောင်းအလဲမဖြစ်ဘဲ ထိုရည်ရွယ်ချက် အောင်မြင်အောင် မလုပ်နိုင်ပေဘူးလား။


ကိုကိုနိုင်သည် သူ့ကိုယ်သူ မေးခွန်းထုတ်၏။ မွှေးဘက်က ပြန်တွေးလိုက်လျှင်လည်း ဝမ်းနည်းစရာပင်တည်း။ ရှုပ်ထွေးနက်နဲသော ပေါင်းသင်းဆက်ဆံရေးအကြားမှာလည်းကောင်း၊ ဘဝ၏ အခက်အခဲကြားမှလည်းကောင်း ခန္ဓာကိုယ်ရော စိတ်ပါ ကြိတ်မှိတ် ထိုးဖောက် လူ့အကြားသို့ ဝင်လာပြီးခါမှ ကိုယ်နှင့်ဘဝတူ ကိုယ်စား ရည်စရာ သားသမီးလေးတစ်ယောက်မှ မထားနိုင်ခဲ့သည်ကို မွှေးအဖို့ ကျေနပ်နိုင်မည် မဟုတ်ပေ။


ကိုယ်စားရည်နိုင်သော အဆုတ်ရောဂါကု ဆေးခန်းကြီးတစ်ခုကို တည်ဆောက်ပြီး ထားခဲ့နိုင်သေးပါမူ သူ့ဘဝတွင် ကျေနပ်ဖွယ် အများကြီးပင်ဖြစ်၏။ အီဂျစ်အစခေတ်ပိုင်းမှ ပိရမစ်ကြီးလိုပင် ကျောက်သားဖြင့် ကမ္ဘာတည် အဆောက်အဦးကြီးများ မဖြစ်စေကာမူ လူဖြစ်ခဲ့ရသည့် အထိမ်းအမှတ်၊ လူသားတို့၏လုပ်အားနှင့် အသွေးအသား ဆုတ်ယုတ်ကုန်ခန်းသည်အထိ ကြိုးစားပေးခဲ့သော အထိမ်းအမှတ်အဖြစ်တော့ ကျန်ရစ်ခဲ့နိုင်သည်။ ဒီအထိမ်းအမှတ်တစ်ခု ကျန်ရစ်ရန်အတွက် သူ့ကို ခွဲခွာ၍ မွှေးသွားမည်ဆိုသည်မှာ လုံလောက်သောအကြောင်းမဟုတ်ပေ။ မိန်းမစိတ်ဆိုသည်ကလည်း သိနိုင်ခက်ခဲစွတကား။


မွှေးစိတ်ထဲတွင် နောက်မိန်းမသည် သားမွေးပေးနိုင်၍ ကိုကိုနိုင်က အချစ်ပိုချင်ပိုမည်ဟူသော အတွေးနှင့်သူ ရှောင်ထွက်ရန် စီစဉ်ခြင်းဖြစ်ချင်ဖြစ်မည်။ ဒုတိယအချက်အဖြစ် မွှေးက တင်ပြသည်မှာ သူသည် ရောဂါသည်ဖြစ်၍ ကွာသင့်သည်ဟု ဆိုသည်။ ကိုယ်လိုချင်တာတွေ လုပ်ချင်တာတွေ အောင့်အည်းမျိုသိပ်၍ သူများလုပ်လိုသမျှ လုပ်ပေးခဲ့သူတစ်ဦးအပေါ် ဒါလောက် စိမ်းကားရမည်မှာလည်း တရားသဖြင့် ဖြစ်ပါမည်လား။


ကိုကိုနိုင်သည်လည်း တစ်နေရာတည်း မထိုင်တော့ပေ။ ဟိုဟိုသည်သည် လျှောက်ရာမှ စာအုပ်ဗီရိုရှိရာ ထသွား၏။


အတွတ်သည်လည်း ပြတင်းတွင်ရပ်ကာ အပြင်သို့ငေးမိ၏။ ဟင်းလင်းပွင့်သော ကောင်းကင်ကို မြင်ရလျှင် ပြတ်သားသောအကြံဉာဏ်များ ရလိုရငြား မျှော်၍ကြည့်မိ၏။ ကောင်းကင်၏သွင်ပြင်ကလည်း အကြံအိုက်သူ၏မျက်နှာလို မိုးသားများနှင့် အံ့မှိုင်းကာ ကြည်ကြည်လင်လင် မရှိပေ။ အမှန်တော့ အသည်းနှလုံးက ပေါ်လာသော သူ၏စိတ်ကူးကို ကောင်းကင်ပြင်က ဘယ်လိုမျှ အဆုံးအဖြတ်ပေးနိုင်မည် မဟုတ်ပေ။ သူ့ဦးနှောက်ကသာ ဆုံးဖြတ်ရမည် ဖြစ်၏။ 


ဆံရစ်ဝိုင်းကလေးနှင့် နားကွင်းကျယ်ကျယ်ကို ပန်ကာ၊ အသားမည်း အကျည်းတန်လှသော မျက်နှာဝိုင်းနှင့် ကလေးမလေး မျက်နှာသွင်ပြင်က ညိုစိမ့်စိမ့်နှင့် စိုပြည်ပြည်ဖြစ်လာကာ မျက်လုံးလေး ဝင်းဝင်းလက်လက်နှင့် ချစ်ဖွယ်ကောင်းလာသော မိန်းကလေး။


လက်ထပ်ပြီးနောက်ပိုင်းကျတော့လည်း ဖြစ်ပေါင်းစုံသော ဘဝဒဏ်ခံနိုင်ရည်ရှိသော နှလုံးသား၏ အထိမ်းအမှတ်သဖွယ် တောက်ပသော မျက်လုံးအစုံသည် တည်ငြိမ်၍ တန်ခိုးရှိလာပြန်သည်။ ထိုမျက်လုံးလေးတွေနှင့် အစဥ်တွေ့ခဲ့ရတိုင်း သူ့နှလုံးသားတို့သည်လည်း အေးမြကြည်လင်ခဲ့ရ၏။ အိန္ဒိယမှာတုန်းကလည်း ထိုမျက်လုံးလေးနှစ်လုံးသာ သူ့ပတ်ဝန်းကျင်တွင် မရှိခဲ့ပါလျှင် သူ ထိုမျှကြာကြာ ပျော်ပျော်ရွှင်ရွှင်နေနိုင်မည် မဟုတ်ပေ။


သူသည် ပြတင်းမှ ခွာလိုက်၏။ သူ့ဆုံးဖြတ်ချက်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်သည်။


သူက ပြတင်းကို နောက်ခိုင်း၍ အခန်းတွင်းသို့ ကြည့်လိုက်လျှင် ကိုကိုနိုင်သည် စာအုပ်ဗီရိုနားတွင် ရပ်မြဲရပ်နေ၏။ စာတစ်အုပ်ကို သူ့လက်ထဲတွင် ဖွင့်၍ ညာလက်ဖြင့် ကိုင်ထားသည်။ ဘယ့်ဘက်ကမူ စာအုပ်ကြားထဲမှ ပန်းပွင့်ခြောက်နှင့်တူသော အခက်ခြောက်ကလေးတစ်ခုကို ကြည့်နေသည်။ အခက်လေးသည် ဝါညစ်ညစ်အရောင်ကလွဲ၍ ဘာအဆင်းမျှမရှိ။ သွေ့ခြောက်ခြောက်ဖြစ်နေသည်။ ကိုကိုနိုင်က ထိုအခက်ကလေးကို ညင်ညင်သာသာ ကိုင်၍ နေသားတကျ စာအုပ်ထဲသို့ ပြန်ထားလိုက်သည်။ 


မိုးသားများသည် အုံ့သည်ထက် အုံ့မှိုင်းကာ ပြိုတော့မလို ညိုမှောင်လာကြ၏။ ကမာရွတ်အိမ်တွင်မူ မွှေးသည် ဖေဖေ့ကို ကန်တော့၍ ပြီးပေပြီ။ သူ ယခင်က အိပ်သော အိပ်ခန်းလေးကို အထွေးအား ရှင်းခိုင်းလိုက်၏။ မိတ္ထီလာက ပြန်လာလျှင် သူလာ၍နေမည့် အစီအစဉ်ကို ပြောပြသော်လည်း သူတစ်ယောက်တည်းလား၊ ကိုကိုနိုင်နှင့် အတူလား ဆိုသည်ကိုမူ မွှေးက တိတိကျကျ မပြောပေ။


အိမ်လေးကို အထူးအဆန်းသဖွယ် လှည့်ပတ်ကြည့်၏။ ထိုအိမ်လေးတွင် နှစ်ယောက် လက်ထပ်ခဲ့ကြသည်။ မွှေးသည် သူ့ဘဝ၏ များပြားသောအကွေ့များ၊ မြန်ဆန်သော အပြောင်းအလဲများကို ပြန်၍တွေးမိ၏။ သူ့သဘောအလျောက် ဖြစ်ပျက်သောအကြောင်းတို့သာတည်းဟူ၍ စိတ်ကို လွှတ်လိုက်ပြန်တော့လည်း သက်သက်သာသာ ရှိ၍သွားပြန်သည်။ အိမ်၏ခေါင်းရင်းဘက် ဘုရားခန်းသို့ မဝင်ခင် ဧည့်ခန်းနံရံတွင်မူ ဘီးဆံထုံးမောက်မောက်ကြီးများနှင့် ဘီအေ၊ ဘီအက်စ်စီ ဒီဂရီဘွဲ့ရဝတ်စုံများကို ဝတ်၍ရိုက်ထားသော လေးနှင့်ထွေးတို့၏ပုံမှာ ဧည့်ခန်း၏ကျက်သရေလို ဖြစ်နေပေသည်။ သူတို့မျက်နှာများသည် လိုချင်သောဆန္ဒကို ဖြောင့်ဖြူးစွာရခြင်းဟူသော နှစ်သိမ့်မှုဖြင့် ရွှင်လန်းအားရ စိုပြည်လျက်ရှိပေသည်။ 


မွှေးသည် ညီမများပုံကို အတန်ကြာ စိုက်ကြည့်ပြီးမှ ဘုရားခန်းထဲသို့ ဝင်ခဲ့၏။ မေမေ၊ မမနှင့် ဘွားဘွားတို့၏ ကွယ်လွန်သူပုံများမှာ ဘုရားစင်အောက်နံရံတွင် ချိတ်ဆွဲထားလျက် ရှိသည်။


မွှေးသည် ကြမ်းပြင်ပေါ်ထိုင်ချကာ ဘုရားကို ဝတ်ပြုလိုက်၏၊ ဖယောင်းတိုင်ကို ယူကာ ​မေမေ့ရှေ့တွင်တစ်တိုင်၊ မမရှေ့တွင် တစ်တိုင် ထွန်းညှိလိုက်သည်။ 


“သမီးကို ခွင့်လွှတ်ပါမေမေ၊ သမီးတစ်သက်မှာ ဖရက်ကို ကြိုက်တာကလွဲလို့ မေမေစိတ်တိုင်းကျ လုပ်ခဲ့ပါတယ်။ ​မေ​မေ့သမီးငယ် နှစ်ယောက်လဲ အခု ဒီဂရီရပါပြီ။ သမီးတာဝန်ကျေအောင် ဆောင်ရွက်ပေးပါတယ်။ သမီးဟာ ကိုယ်လုပ်ချင်တာကို ဘာမှမလုပ်ရဘဲ သူများလုပ်ချင်တာကို လုပ်ပေးဖို့ မွေးဖွားလာတယ်ဆိုတာကိုလဲ နားလည်ပါတယ်။ နောင်ကိုလဲ မေမေ့ဆန္ဒအတိုင်း အများကောင်းကျိုးအတွက် သမီး စွမ်းအားရှိသမျှကို လှူမယ်ဆိုတာ မေ​မေ့ဓာတ်ပုံရှေ့မှာ သမီးကတိပြုပါတယ်” 


မွှေးသည် ပါးစပ်မှ တီးတိုးရေရွတ်ကာ မေမေ့ကို ဦးချ၏။ အစ်ကိုတွေ နိုင်ငံရေးလုပ်ချိန်မှာရော၊ ညီမများ ကျောင်းထားချိန်မှာရော ခါးချိုး၍ အလုပ်လုပ်ရသူ အလုပ်သမားကြီးအဖြစ် မမပုံကို သူ ​ငေးမောနေမိ၏။ တစ်မိသားစုမှာဖြစ်စေ၊ တစ်နိုင်ငံမှာဖြစ်စေ တစ်ချိန်တွင် လူတစ်စု ကောင်းစားရေးအတွက် လူတစ်စုမှာ ခါးချိုးကာ ကုန်းခံရပါတကားဟူသော သဘောကို မွှေးက ပြန်၍သုံးသပ်မိ၏။


“မမလိုပဲ မွှေးလဲ ကျရာနေရာက အလုပ်လုပ်ဖို့ အမြဲကြိုးစားပါ့မယ်”


မွှေးသည် အသံများ တုန်လာ၏။ သူ့မျက်လုံးတွင် မျက်ရည်များ ​ဝေ့လာသော်လည်း မမဓါတ်ပုံထဲက မျက်နှာက အေးမြကြည်လင်နေသည်။ သွားတက်လေးများက သူ့အပြုံးကို တောက်ပစေပေသည်။ သူသည် ဓာတ်ပုံများအနားကခွာလာခဲ့၍ အိမ်သားများကို နှုတ်ဆက်ကာ ကိုကိုနိုင့်အိမ်သို့ ပြန်လာခဲ့သည်။


* * *


မိုးဖွားလေးများ စတင်ရွာသွန်းလာကြသည်။ မိုးချုပ်လာ၍ အပြင်တွင် အတော်ပင် မှောင်၍လာပေသည်။ ကိုကိုနိုင်နှင့် အတွတ်သည်လည်း အိမ်ပေါ်ခန်းမှ မထွက်ကြသေးပေ။ သူတို့အခန်းထဲတွင် ကိုဘဆောင်က မီးများလာဖွင့်ပေးသွား၏။ အပြင်မှာ မိုးသည် တဖြည်းဖြည်း သည်းလာ၏။ 


ကိုကိုနိုင်သည် အတွတ်ကိုကြည့်ရင်း “မွှေးပြန်ချိန် နောက်ကျလိုက်တာ” ဟု စိုးရိမ်ဟန်နှင့် ဆိုသည်။ အတွက်ကတော့ စိုးရိမ်သည်ထက် အလိုလို ထိတ်လန့်နေသည်။ မပြတ်နိုင်သော သံယောဇဉ်ကြောင့် ကိုကိုနိုင့်ရင်ထဲတွင် ဒုက္ခကြီးနေပုံရပေသည်။ အိမ်အောက်ထပ်မှ ကားတစ်စီး ဆိုက်သံ ကြားရသည်။


“ဟော အတွတ် သူပြန်လာပြီ ထင်တယ်” 


ကိုကိုနိုင်သည် မတ်တတ်ရပ်လိုက်၏။ အတွတ်က အောက်ဆင်းရန် ခြေလှမ်းပြင်ရင်း ...“ကျွန်တော် သူ့ကို သွားတွေ့ဦးမယ် ကိုကိုနိုင်” ဟု ဆို၏။


ကိုကိုနိုင်သည် ́ မတ်တတ်ရပ်ကာ ကျန်ရစ်၏။ 


မွှေးမှာ အပေါ် သို့တက်မလာသောကြောင့် အတွတ်က အောက်သို့ဆင်းသွားသည်။


ဧည့်ခန်းထဲတွင် အရှေ့မြောက်ထောင့် ဆိုဖာအနီးမှ မတ်တတ် မီးတိုင်လေးတစ်လုံးသာ လင်းနေသည်။ ဂျပန်မီးအုပ်ဆောင်းပန်းရောင်၏အရောင်မှာ ပတ်ဝန်းကျင်ကို ပြေပြေလေး လင်းနေပေသည်။ မွှေးသည် မီးတိုင်အောက်တည့်တည့် ဆိုဖာပေါ်တွင် ထိုင်လျက်ရှိ၏။ စိန်ကတ္တီပါ နှင်းကာအနက်မှာ မီးရောင်အောက်တွင် စိန်နက်လို ​တောက်ပနေသည်။ ပခုံးပေါ်ခြုံထားသော နှင်းကာအရောင်ကြောင့် မွှေးမျက်နှာမှာ လှပစွာ လင်းနေပုံရသည်။ အနားယူထားသည့်အရှိန်၊ ဆေးကုထားပြီးသောအရှိန်ကြောင့် သူ့မျက်နှာသည် အပျိုဖော်ဝင်စလို မနုသည်ကလွဲ၍ ပြည့်ပြည့်ဖြိုးဖြိုး စိုစိုဝင်းဝင်းလေး ဖြစ်နေသည်။ အတွတ်ကို စူးစူးစိုက်စိုက်ကြည့်နေစဉ် မျက်လုံးများမှာ တဖျတ်ဖျတ် အရောင်ထွက်နေလေသည်။ အတွတ်သည် တဖြည်းဖြည်းလျှောက်လာကာ မွှေးအနားတွင် ထိုင်လိုက်၏။


ဖရက်နှင့်မွှေး ပထမဆုံးတွေ့သော ညနေကို အတွတ်က ပြန်လည်သတိရ၏။ ထိုညက သူသည် အပြေးအလွှား မွှေးကိုလာကြည့်စဉ် မီးတိုင်ဘေးဝယ် မွှေးကို ယခုလိုပဲ တွေ့ရ၏။ ယခင်မွှေး၏ ကုပ်ပေါ်တွင် အုပ်လုံးသိမ်းစ မဝင့်တဝင့် ဆံပင်များ ဝဲနေသည်ကလွဲ၍ ယခု မွှေးမှာ ဘာမျှမထူးခြားသလို သူ့စိတ်ထဲက ထင်သည်။ ယခုလည်း မွှေးသည် နောက်တွဲဆံထုံးကို သပ်သပ်ရပ်ရပ် ထုံးထား၏။ ယမန်နေ့ စိတ်ဆင်းရဲမှုဒဏ်ကို အပြင်းအထန် ခံစားထားရဟန် အရိပ်အယောင်မျှ မွှေးမျက်နှာတွင် မပေါ်ပေ။


“ဘယ်လိုလုပ်လိုက်တာလဲ မွှေး" 


အတွတ်က ခပ်တိုးတိုးပင် မေးလိုက်၏။


“ဖြစ်သမျှအကြောင်း အကောင်းတွေချည်းပဲပေါ့ အတွတ်၊ အဲဒီအကြောင်းတွေ ဘာမှမပြောဘဲနေရင် မကောင်းဘူးလား။ ကဲ... အသင်းမှာ သွားယူထားတဲ့တာဝန်က ဘာ....နေရာရှာဖို့ ဟုတ်လား" 


မွှေးသည် စကားကြောင်းကို ဇွတ်ပြောင်းပစ်လိုက်၏။ အတွတ်ကတော့ အင်မတန် ရှုမော၍ မကုန်နိုင်သော လှနတ်သွင်ကို ကြည့်သလို မွှေးကို ​ငေးကာကြည့်နေသည်။ သူ့ရင်ထဲတွင် တဖျတ်ဖျတ်လှုပ်ရှားကာ နှလုံးခုန်လာပြန်သည်။ 


“ဘယ်လိုပြောလိုက်တာလဲ မွှေးရယ်၊ ကိုကိုနိုင့်ကို မသနားတော့ဘူးလား"


အတွတ်သည် ထပ်မံ၍ ဖြည်းဖြည်း ပြန်ပြောသည်။


“ကိုကိုနိုင် မကြာခင် စိတ်ချမ်းသာလာမှာပါ အတွတ်။ ​မွှေးက ဒုက္ခကောင်ကြီးပါ၊ ကိုကိုနိုင့်ကို အမြဲဒုက္ခပေးခဲ့တာပဲ။ သူ ရင်နာရရင် ခဏပေါ့။ ဒီအကြောင်းကို မပြောပါနဲ့တော့ အတွတ်ရယ်၊ မွှေး တောင်းပန်ပါတယ်။ အစည်းအဝေးကသာ ဘာလုပ်ဖို့ ဆုံးဖြတ်လဲ” 


​မွှေးက ဇွတ်​မေးနေတော့သဖြင့် အလုပ်အကြောင်းကို ပြောပြရသည်။


“မွှေးရယ်... အတွတ်ရယ်.. ပြီးတော့ အင်ဂျင်နီယာတစ်ယောက်ရယ်... ဒေါက်တာမောင်မောင်ကြီးနဲ့ လူနာဟောင်း ကုန်သည် ဦးအောင်ဇင် အဲဒီငါးယောက် မိတ္ထီလာသွားပြီး နေရာကြည့်ရမယ်။ မိတ္ထီလာနဲ့ မလှိုင်သွားလမ်းတစ်လျှောက်ကို ကြည့်ရမှာပဲ။ အဲဒီမှာ သစ်ပင်တွေ ပေါက်ပုံလဲ အာ​ရောဂျံနဲ့ တူတယ်၊ ​လေကလဲ ခြောက်သွေ့တယ်၊ နေရာလဲ ကျယ်တယ်။ ရေကိုတော့ ထုံးဓာတ်ပါတယ် မပါတယ်ဆိုတာ ကိုယ်တို့ စမ်းရမယ်”


“ငွေရေးကြေးရေးကရော” 


“လူနာဟောင်းတွေ အကြံပေးသလို ခု စုရတဲ့ ငွေနဲ့ ကိုယ်နိုင်သ​လောက် စ,မယ်လေ။ တဖြည်းဖြည်း ​ငွေရှာရသလောက် ပစ္စည်းကိရိယာ ဝယ်မယ်”


မွှေးသည် ခေါင်းတညိတ်ညိတ် နားထောင်နေ၏။


“မွှေးရဲ့ စိန်တွေကို နက်ဖြန်ပို့လိုက်မယ်။ စာရင်းထဲမှာတော့ ကွယ်လွန်သူ ဒေါ်မမညွန့် လှူဒါန်းပါတယ်လို့ ကိုကိုနိုင့်အမေနာမည် ထည့်ပေးပါ”


"သူတို့ သုံးယောက် နက်ဖြန် ခရီးစထွက်ပြီး မိတ္ထီလာကနေ စောင့်မယ်။ အတွတ်နဲ့​မွှေးက သန်ဘက်ခါမှ လိုက်ဖို့အတွက် စီစဉ်ထားတယ်။ ဘာလို့လဲဆိုတော့ မေမေ့ကို စောင့်နေတယ်။ မေမေ ဝါးခယ်မ ပြန်နေလို့ အိန္ဒိယကပြန်မှ မတွေ့ရသေးဘူး”


“ကောင်းပါတယ်လေ”


မွှေးသည် ပြတင်းအပြင်ကို မျှော်ကြည့်နေ၏။ အတွတ်ကတော့ မွှေး၏မျက်နှာကိုသာ စေ့စေ့ကြည့်နေသည်။ သူ့အကြံအစည်ကို ထုတ်ဖော်ပြောသင့် မသင့် ဆုံးဖြတ်မရဟန်ရှိလေ၏။ သူ့ရင်ထဲတွင် သူ့ဘဝတစ်သက်တာတွင် မလှုပ်ရှားဖူးသော လှုပ်ရှားခြင်းမျိုးဖြင့် ရင်ခုန်နေတော့သည်။ တံတွေးများကို ခဏခဏမျိုရင်း စကားပြောရန် ကြိုးစားနေ၏။ နောက်ဆုံး သက်ပြင်းချလိုက်ကာ ... “မွှေး" ဟူ၍ ခေါ်လိုက်သည်။ သူ့ခေါ်သံသည် တုန်တုန်ယင် ဖြစ်နေ၍ မွှေးက အံ့ဩစွာ သူ့ကိုလှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများသည် အတော်ပင် အရောင်တောက်ပနေတော့သည်။ အမှန်တော့ အတွတ်သည် ဝမ်းထဲက သတ္တိလာရှိသလောက် သူ့မျက်လုံးကပါ တောက်ပလာခြင်းဖြစ်သည်။


“အိန္ဒိယမှာတုန်းက ဟိုရေကန်သွားတဲ့ ညနေကို သတိရသေးလား”


သူ့မေးခွန်းမှာ အရင်ကလည်း မေးဖူး၍ မွှေးက ပြုံးရယ်ပစ်လိုက်သည်။ 


“သတိရပါတယ် အတွတ်ရဲ့၊ ဘာလဲ ကိုကိုနိုင်ပေးတဲ့ စာအကြောင်း ပြောဦးမလို့လား"


“မဟုတ်ဘူး” 


သူသည် သွက်သွက် ပြောလာ၏။ 


“အဲဒီညနေက အတွတ် လက်ထပ်ဖို့ မွှေးက တိုက်တွန်းတာလေ၊ သတိရသေးလား”


“ဪ ... ဒါလား သတိရပါတယ်။ ကဲ...ဟုတ်ပါရဲ့။ ပညာလဲစုံ ကြင်ယာလဲစုံ၊ အဲဒီမိန်းကလေးကို မွှေးပြောပေးမယ်။ ဒေါ်ဒေါ် လဲ နက်ဖြန်ရောက်မှာမဟုတ်လား”


မွှေးက ရွှန်းရွှန်းဝေဝေ ပြန်ပြော၏။ 


“ဟုတ်တယ်၊ အဲဒီ မိန်းကလေးက ဘယ်သူလဲ ဆိုတော့ ... မွှေးပဲ"


သူသည် တောက်လျှောက်ကြီး ပြောချလိုက်၏။ သူ့မျက်လုံးများကိုမူ မွှေးမျက်နှာမှ မခွာပေ။ သူသည် ဘာပဲဖြစ်ဖြစ် ဇွတ်နှစ်မည်ဟန်ပေါက်နေသည်။


“ဘုရားရေ ...ဘုရား...ဘုရား”


မွှေးက အလွန့်အလွန်ပင် အံ့ဩခြင်း၊ အံ့အားသင့်ခြင်းဟန်ဖြင့် ကြောင်၍ကြည့်ကာ ဆိုဖာနောက်မှီသို့ ယိုင်သွားတော့သည်။


“ဘာပြောတယ်" ဟု ခပ်ကြောင်ကြောင်ကြည့်ကာ မယုံသင်္ကာသလို မေးပြန်သည်။ 


“မွေးလို့ ပြောနေပါပကော” 


မွှေးသည် မလှုပ်မရှား ကျောက်ရုပ်လို ငြိမ်သက်ကာ သူ့ကို ကြည့်နေ၏။


“မွှေးကတော့ ထင်မှာပဲ၊ ကိုကိုနိုင့်အိမ်ပေါ်ကမှ မဆင်းရသေးခင် ဒီစကားတွေ ပြောရက်တာ အံ့ပါရဲ့လို့ ထင်မှာပဲ။ ဒါပေမယ့် ပြောရတယ်မွှေး၊ ကိုယ် နောက်ကျတတ်လွန်းလို့ ဒီတစ်ခါ ဇွတ်မှိတ်ပြီး ပြောရတာ"


မွှေးသည် သူ့ကို ရဲတင်းစွာပင် စိုက်ကြည့်နေဆဲဖြစ်သည်။ ယခုမှ အသက်ရှူဖို့ သတိရသလို တစ်ချက်ရှိုက်၍ ရှူလိုက်၏။


“ဖြစ်မှ ဖြစ်ရလေ အတွတ်ရယ်၊ အတွတ် ဘာတွေပြောနေတာလဲ”


မွှေးက ခပ်တိုးတိုး ဆို၏။


“အတွတ်ပြောတာ ရှင်းရှင်းလေးပဲ မွှေး၊ မွှေးကို အတွတ် ချစ်တာ ခုမှမဟုတ်ဘူး၊ အဲ ဟိုကဗျာလေး ရွတ်ပြတဲ့ညနေကတည်းက ချစ်ခဲ့တာပဲ။ 'မချောစရာ ချောစရာလျှင်' ဆိုတဲ့ ရှင်တေဇောသာရ ကဗျာကို ရွတ်ပြတဲ့နေ့ကတည်းကပဲ။ ဒါပေမယ့် ကိုယ်က ဝမ်းထဲက အချစ်ကို ဖော်မပြတတ်ဘူး။ အမြဲပဲ နှောင့်နှေးခဲ့တယ်။ ဖရက်က လက်ဦးသွားပြန်တော့ အတွတ် ဘယ်လောက်ရင်နာခဲ့ရတယ်ဆိုတာ မွှေး မသိဘူးနော်”


အတွတ်သည် စကားပြောရာ၌ ရဲရဲဝံ့ဝံ့ဖြစ်လာ၏။ သူသည် ထိုမျှရဲဝံ့စွာ အချစ်ရေးကိစ္စတွင် ပြောတတ်လိမ့်မည်ဟု သူ မထင်ခဲ့။ ယခုတော့ ဘာကများ တိုက်တွန်း၍မသိ။ သူသည် နှစ်ရှည်လများ ခံစားခဲ့ရသမျှကို ရင်ထဲမှ အန်ထွက်လာကြ၏။


“ဒါပေမယ့် အတွတ်အချစ်ဟာ ငါရရင် ပြီးရောဆိုတဲ့ ကိုယ့်တစ်ဖက်တည်း ကြည့်တဲ့အချစ်မျိုး မဟုတ်ခဲ့ပါဘူး၊ တို့ချစ်တဲ့မွှေးကို စိတ်ချမ်းသာစေချင်တယ်။ ဒါကြောင့် ဖရက်ထံက စာတွေကိုတောင် ​မွှေးစိတ်ချမ်းသာပါစေတော့လို့ ကိုယ်တိုင်ယူပေးခဲ့တဲ့အခါ ရင်ထဲမှာ နင့်နင့်နေခဲ့ပါတယ်” 


မွှေးသည် မျက်လွှာချလိုက်တော့သည်။ သူသည် စကားတစ်လုံးမှပြန်မပြောတော့။ ကျောက်ဆစ်ရုပ်တုလေးလို လှပစွာ ငြိမ်သက်နေ၏။ 


“ဖရက် မွှေးကို ခွဲသွားတော့ ရှင်းရှင်းဖွင့်ဝန်ခံရရင် အတွတ် ကြိတ်ဝမ်းသာမိဘယ်။ အင်္ဂလန်ကို မထွက်ခင် မွှေးကိုတောင်းယူမလို့။ မွှေးနဲ့ ကြီးကြီးတင်တို့က အတွတ်အပေါ် မောင်လို သားလို အခင်ကြီး ခင်နေကြတဲ့စိတ်ကို ရင်မဆိုင်ရဲတာနဲ့ အတွတ်အချစ်ကို မဖော်ပြနိုင်ခင် ကိုကိုနိုင်က လက်ဦးသွားပြန်ရော။ ကြီးကြီးတင်က ကိုကိုနိုင်နဲ့ သိပ်သဘောကျတယ်။ သူကပဲ အတွတ်ကတစ်ဆင့် ​မွှေးကိုနားချခိုင်းပြန်တော့ ကိုယ်က ကိုကိုနိုင်နဲ့ မပေးစားပါနဲ့ဗျာ၊ ကျွန်တော်နဲ့ ပေးစာပါလို့ မပြောရက်ဘူး၊ ဒါတွေဟာ ကိုယ်ညံ့တာတွေဆိုရင်လဲ ခံရမှာပဲ မွှေး”


သူသည် ​ခေတ္တလိုက်၏။ မွှေး၏မျက်နှာမှစ၍ ခြေဖျားအထိ သူသည် အပြန်ပြန် ကြည့်မိသည်။ 


“အဲဒီနေ့တုန်းက ကိုကိုနိုင့်ကို ယူဖို့ နားချရတုန်းကများ အတွတ်ရဲ့ နှလုံးသားတွေကို နုပ်နုပ်စင်း ခံရသလိုပါပဲ၊ ကိုကိုနိုင်ကလဲ အင်မတန် သဘောထားပြည့်သူမို့ ကိုယ်လဲနောက်ဆုတ်လိုက်ပါတယ်။ အင်္ဂလန်ကို ထွက်သွားရတုန်းကများ တစ်နေ့မှ မပျော်ရွှင်ဘူး၊ မွှေး နည်းနည်းမှ မရိပ်မိဘူးပေါ့”


မွှေးက စကားတစ်လုံးမှ ပြန်မပြော၊ မျက်လွှာပင် ပင့်၍ မကြည့်ပေ။


“မွှေး အတွတ်ကို စကားပြောပါဦး”


သူသည် ကိုယ်ကို ညွှတ်ကာ မွှေးမျက်နှာကို လိုက်ကြည့်ပြန်၏။ 


“အိန္ဒိယမှာ ကိုယ်တို့နှစ်ယောက် ပြန်တွေ့တော့ ဝမ်းသာလိုက်တာ မပြောနဲ့တော့၊ ဒါပေမယ့် အတွတ် သစ္စာရှိရှိနဲ့ မွှေးကို စောင့်ရှောက်ခဲ့ပါတယ်။ မင်းတို့နှစ်ယောက်ပေါ်မှာ ကိုယ်ထားခဲ့တဲ့ စေတနာကို မွှေးသိရဲ့လား၊ သိရင် မွှေးခေါင်းညိတ်ပါကွယ်”


မွှေးသည် ခေါင်းညိတ်လိုက်၏။ 


“ဘာကြောင့် ဒီစကားပြောရသလဲဆို ကိုယ် သူများမိန်းမကို ကြာခိုချင်တဲ့ကောင် မဟုတ်ဘူးဆိုတာ သိစေချင်လို့။ ခုတော့ ​မွှေးတို့နှစ်ယောက် ရေစက်ကုန်ကြပြီး အကြောင်းကံ ပြန်မဆုံတော့ဘူး။ ဆုံစရာရှိသေးတယ်ဆိုရင်လဲ ကိုယ့်စကားတွေကို ပြန်ရုပ်သိမ်းပါတယ်။ မဆုံကြတော့ဘူးဆိုရင်ဖြင့် အတွတ် စောင့်စားလာတဲ့ အနှစ်နှစ် အလလ ဆန္ဒကို ဖြည့်ပါမွှေးရယ်။ ကုန်ခဲ့တဲ့အချိန်တွေလို နောက်ကျမှာစိုးလို့ ချက်ချင်းစဉ်းစား ချက်ချင်းဆုံးဖြတ် ပြောတာပါ။ ဟင်... မွှေး ဘယ်လိုဆုံးဖြတ်လဲ မွှေးရယ်၊ အတွတ်ကို စကားပြောပါဦး”


မွှေးသည် ငြိမ်သက်မြဲငြိမ်သက်နေရာမှာ သူ့ခြေဖျာလေးများကို တစ်ဘက်နှင့်တစ်ဘက် ပွတ်နေ၏။ သူ့တစ်သက်တွင် မမျှော်လင့်သောစကားကို ကြားရရုံသာမက အတွတ်၏ကြေကွဲဖွယ် ဇာတ်လမ်းအတွက် သူမျက်နှာ ထားရခက်နေတော့သည်။ အတွတ်ကမူ သူ့ကို ကြည့်ကာ ပြောပြန်သည်။


“တစ်ခါမှ အချစ်နဲ့ပတ်သက်လို့ အတွတ် မပြောခဲ့ဖူးဘူး။ ခုတော့လည်း ခွင့်သာလို့ ပထမဆုံးပြောခြင်းပဲမွှေး၊ မွှေးကို အတွတ် ဆက်ပြီးစောင့်ရှောက်ပါရစေ" 


မွှေးသည် သူ့ကို မော်ကြည့်လိုက်၏။ ယခုအခါ ​မွှေးမျက်လုံးတို့သည် တောက်တောက်ပပ မရှိလှ၊ မျက်ရည်များ ရစ်ဝိုင်း၍ ရီမှုန်မှုန် ဖြစ်နေတော့သည်။ 


“မွှေးမှာ အကုသိုလ်ကံ ကုန်ပါပြီ၊ အတွတ်နဲ့ လက်ထပ်ပြီး ပျော်ပျော်နေကြပါစို့ အချစ်ရယ်။ အတွတ်ကို ချစ်နိုင်မယ် မဟုတ်လား"


အတွတ်သည် တောင်းတောင်းပန်ပန် ပြော၏။


“အတွတ်ကို ခွင့်လွှတ်ပါ။ ဗြုန်းစားကြီး ဘာ့ကြောင့်ပြောတယ်ဆိုတဲ့သဘောကို ​မွှေး နားလည်ပြီလား၊ စိတ်မဆိုးနဲ့နော်” 


“နားလည်ပါတယ်။ စိတ်မဆိုးပါဘူး”


“ဒါဖြင့် မွှေးရယ် မြန်မြန်ပဲ ဆုံးဖြတ်ပါ။ အဖြေပြောပါနော်။ ကိုယ် တစ်ခါထပ်ပြီး နောက်မကျပါရစေနဲ့” 


“နောက်မကျစေရပါဘူး အတွတ်”


မွှေးက အားလျော့စွာ ပြောလိုက်၏။ အတွတ်၏မျက်နှာမှာ ရွှင်လာသည်။ 


“နောက်ကျတဲ့အဖြစ် ရောက်အောင်လဲ နောက်တစ်ယောက်ကို မချစ်တော့ပါဘူး။ အတွတ်ကိုလည်း မွှေး လက်မထပ်ပါရစေနဲ့ အတွတ်ရယ်"


မွှေးသည် ဝမ်းနည်းပမ်းနည်း တောင်းပန်နေ၏။ သူ၏ ပြည့်ဖြိုးသော လက်ချောင်းကလေးများဖြင့် လက်ကိုင်ပဝါဖြူကိုယူကာ သူ့မျက်လုံးကို တို့လိုက်သည်။ အတွတ်ရင်ထဲတွင်တော့ ဟာခနဲ ဖြစ်သွားပြန်သည်။ အတွတ်သည် မွှေး၏လက်ချောင်းလေးများကို ဆုပ်ယူကာ နမ်းလိုက်ချင်တော့သည်။


“မွေးကတည်းက ငွေဇွန်းကိုက်မွေးလာတဲ့ ကံလှတဲ့မိန်းမတွေ အများကြီးပဲ။ သူတို့ထဲက တစ်ယောက်ယောက်ကို ယူပါအတွတ်၊ မွှေးကို မမျှော်လင့်နဲ့တော့နော်၊ မွေး လင်နဲ့သားနဲ့ နေချင်ရင် ကိုကိုနိုင့်ကို ဘာလို့ခွဲသွားမလဲ။ မွှေးကပ်နေချင်ရင် နေနိုင်တာပဲဟာ။ မွှေးကို ခွင့်လွှတ်ပါ အတွတ်ရယ်၊ ကျန်မာရေးချို့တဲ့ပြီး သားတယောက်တောင် အဖြစ်ရှိအောင် မမွေးနိုင်တဲ့မိန်းမဟာ အိမ်ထောင်ရေးကိုလဲ ဘယ်မှာ သာယာစေတော့မလဲ။ လူမမာကို ပေါင်းရသလို နေရမှာပေါ့”


မွှေးက တစ်လုံးချင်း အားယူကာ ဖျောင်းဖျောင်းဖျဖျ ပြော၏။ 


“ကိုယ် ဆရာဝန်တစ်ယောက်ပါ မွှေး”


“မွှေးနားလည်တယ်၊ ငယ်ငယ်တုန်းကလိုပဲ မွှေးတို့ သန့်သန့်စင်စင်နဲ့ မောင်နှမလို ချစ်သွားကြရအောင် အတွတ်ရယ်”


“မွှေးဟာ သိပ်စိမ်းတာပဲနော်”


“မစိမ်းပါဘူး၊ မွှေးဟာ ချစ်တတ်လွန်းလို့ ရင်နာခဲ့ရတာ သေတော့မယ်။ အတွတ်လဲ သိပြီးသားပဲ၊ ထပ်ပြီး မချစ်ပါရစေနဲ့တော့။ အတွတ်ကို လက်မထပ်နိုင်ပေမယ့် အတွတ်နဲ့အတူ မွှေးအလုပ်လုပ်မှာပဲ။ အတွတ်ဘေးမှာ အတူယှဉ်ပြီး အဆုတ်နာရဲ့ ဒုက္ခခံစားနေတဲ့ လူသားတွေအတွက် ဆောင်ရွက်ပေးနေရင် အတွတ်ကျေနပ်ပါတော့။ ခန္ဓာကိုယ်ချင်း မပူးပေါင်းရပေမယ့် စိတ်ဓာတ်ချင်း ပူးပြီး ရည်ရွယ်ချက်တစ်ခုတည်းကို အတူဆောင်ရွက်သွားမှာ မဟုတ်လား” 


အတွတ်သည် မျက်နှာကြီး နီမြန်းကာ ခေါင်းငုံ့နေမိပြန်သည်။ သူ့စကားများသည် နောက်ဆုံးပြောခြင်းပင် ဖြစ်ဟန်တူ၏။


"ကိုယ် တခြားမိန်းမကို ချစ်ချင်မှတော့ ဒါလောက်ကြာအောင် အချိန်မဖြုန်းဘူးမွှေး၊ ဒါလောက်ကြာအောင်လည်း မစောင့်ခဲ့ဘူး"


“မွှေးသိပါတယ် အတွတ်၊ ဒါပေမယ့် အချိန်တွေ လွန်ခဲ့ပြီလေ။ ဒါကိုလဲ သတိရဦးမှပေါ့”


“မလွန်ပါဘူး” 


“အို ...ဒီလို ဇွတ်မပြောပါနဲ့ အတွတ်၊ သတိထားပါ။ တစ်နေ့နေ့ကျတော့ အတွတ်မှာ ချစ်ချင်သူ ပေါ်လာလိမ့်မပေါ့၊ ကိုကိုနိုင်တောင် ပေါ်သေးတာပဲ”


အတွတ်သည် ကလေးငယ်လို ခေါင်းကြီးရမ်းကာ လက်ကာ၏။


“မွှေး အယူအဆတွေ မှားနေပြီ။ ကိုကိုနိုင်လဲ မတွေ့ဘူး။ ကိုယ်လဲ တွေ့မှာမဟုတ်ဘူး၊ ဟိုဟာက ပြည့်တန်ဆာသာသာတွေပါကွာ။ မွှေးထပ်မပြောပါနဲ့။ ဒီစကားတော့ ထပ်မပြောပါနဲ့။ မင်းက ဖရက်လိုလူ တွေ့ခဲ့ဖူးတာနဲ့ ယောက်ျားတိုင်းကို ဖရက်နဲ့ နှိုင်းနေတယ်"


မွှေးက မဲ့ပြုံးလေး ပြုံးလိုက်သည်။


“ယောက်ျားတွေဟာ တယ်ပြီး စကားတတ်တယ်။ အတွတ် မပြောစေချင်ရင် မပြောဘူး၊ မွှေး အိမ်ပေါ်တက်တော့မယ်။ သန်ဘက်ခါမနက် ခရီးထွက်ဖို့ အဆင်သင့်လုပ်ပြီး စောင့်နေမယ်၊ ဟုတ်လား”


အတွတ်က မဖြေ၊ မွှေးကို စိုက်ကြည့်နေ၏။ မွှေးကို အိမ်ပေါ် မတက်စေချင်ဟန် ပေါ်နေ၏။


“တကယ်ပဲ မွှေး အတွတ်ကို မချစ်နိုင်ဘူးပေါ့၊ လက်မထပ်နိုင်ဘူးပေါ့” 


မွှေးက ခေါင်းညိတ်ပြ၏။ အတွတ်သည် ကုလားထိုင်ကို နောက်ပစ်မှီလိုက်တော့သည်။ 


“သတိရသေးတယ်၊ ကိုယ် ကဗျာလေး ရွတ်ပြတဲ့ ညနေက မွှေးကလည်း ပြန်ဆိုပြသေးတယ်လေ။ 'စုလည်းမဆင် နောက်ထုံးရှင်နှင့်၊ မြင်လျှင်ပင်ကို၊ ကြိုးပါလိုလည်း၊ ကုသိုလ်ကြမ္မာ၊ မမီပါခဲ့' ဆိုတာ မှတ်မိသေးလား၊ ခုလဲ အတွတ်မှာ မွှေးကို လက်ထပ်ချင်ပေမယ့်၊ ချစ်ချင်ပေမယ့် ကုသိုလ်ကြမ္မာမပါတော့ဘူးလို့ မှတ်ရမှာပေါ့"


“ဟုတ်တယ်၊ ဘယ်လိုပဲ ချစ်ချစ် ကုသိုလ်ကြမ္မာဆိုတာ ရှိသေးတယ်”


မွှေးက မတ်တတ်ရပ်လိုက်ကာ ဆက်ပြော၏။


“အတွတ်ရဲ့ စကားလုံးတွေ သိပ်လှတာပဲ၊ အပျိုလေးတစ်ယောက်ရှေ့မှာ ပြောနိုင်ရင် သိပ်ကောင်းမှာပဲ။ မွှေးကို ခွင့်ပြုပါဦး။ မွှေး အိပ်တော့မယ်” 


မွှေးသည် သူ့ရှေ့မှဖြတ်ကာ ​လှေကားဆီသို့ လျှောက်သွား၏။ မွှေးပြောသည်မှာ မှန်၏။ ထိုလှသော စကာလုံးများမှာ သူသည် မွှေးနှင့် ပထမဆုံးတွေ့ရပါလျက် ဘာကြောင့်များ မ​ပြောခဲ့ပါလေသနည်း။ ခုမှတော့ အချိန်များသည် နှောင်းခဲ့ပါပကော ...။


အပြင်တွင် မိုးသက်လေသည် ပိုမို၍ပြင်းထန်စွာ တိုက်ခတ်လာသည်နှင့်အမျှ မိုးမှာ သည်းထန်စွာ ရွာလာဟန်ရှိ၏။


* * * 


အတွတ်သည် ကျောက်ရုပ်လို ငြိမ်သက်စွာ ရပ်နေ၏။ ယခုလို အခြေမဟန်ရင်ဖြင့် စကားအဖတ်တင်ခံကာ သူ့အချစ်ကို ဖွင့်ပြောမည် မဟုတ်ပါပေ၊ တွက်ခြေလွဲခဲ့ ပြန်ပါပကော။ မွှေးကို နောက်ထပ် ဘယ်လိုလုပ်ကာ မျက်နှာချင်းဆိုင်ရမှာပါလိမ့်။


“မပြောဘဲနေမိရင် ကောင်းသား" ဟူသော နောင်တမှာ ပေါ်လာပြန်သည်။ သူ့ကိုယ်သူလည်း အပြစ်တင်မိ၏။ တကယ်ဆိုလျှင် အချိန်ယူသင့်သေးသည် မဟုတ်ပါလား။ ဘယ်လိုမိန်းမပင်ဖြစ်ဖြစ် တစ်ယောက်နှင့် မကွဲကွာရခင် တစ်ယောက်အချစ် လက်ခံဖို့ဆိုသည်မှာ မလွယ်ပေ။ အထူးသဖြင့် မွှေးလိုမိန်းမအတွက် သာလွန်၍မလွယ်ပါတကား။ ယခုတစ်ခါမှ သာ၍ ရှက်လည်းရှက်သည်၊ ငိုလည်း ငိုချင်သည်။ မြန်သင့်သည့်အချိန်တွေတုန်းက အမြဲနှောင့်နှေးခဲ့၏။ နှေးကွေးရမည့် အချိန်ကျမှ အလောတကြီးလုပ်မိသည်တကား။ အချိန်ကို မတွက်တတ်သော သူ့အဖြစ်ကို ဒေါသဖြစ်လာ၏။


မိန်းမယူသောအတတ်နှင့် ဆရာဝန်အတတ်တို့သည် မတူပါတကားဟု သူ့စိတ်ကိုဖြေကာ မတ်တတ်ရပ်လိုက်စဉ်တွင် လှေကားဘက်ဆီမှ ပြင်းထန်သောခြေသံနှင့်အတူ ကိုကိုနိုင်ရော မွှေးပါ ဧည့်ခန်းသို့ ဝင်လာသည်ကို အတွတ်တွေ့ရ၏။


ကိုကိုနိုင်သည် အထူးပင် ရွှင်လန်းအားရဟန်ရှိကာ ဘယ်လက်တစ်ဘက်နှင့် မွှေး၏ပခုံးကို ပိုင်ပိုင်နိုင်နိုင်ဖက်၍ လျှောက်လာသည်။ မွှေး၏မျက်နှာတွင်မူ ဘာမျှ ထူးထူးခြားခြားအသွင်ကို မတွေ့ရရုံမက ကိုကိုနိုင့်အမူအရာကို အတွတ်လိုပင် နားမလည်ဟန်ရှိ၏။ ကိုကိုနိုင်သည် ညာလက်ထဲမှ စာတစ်အုပ်ကိုလည်း ကိုင်လာခဲ့သည်။


သူသည် ရုတ်တရက် အားရစွာ ရယ်လိုက်၍ မွှေးရော အတွတ်ပါ လန့်သွားသည်။


“မွှေး ဒီမှာ ထိုင်ဦး၊ အတွတ်လဲ ထိုင်" 


သူသည် မွှေးကို ယုယစွာ ထိုင်ခိုင်း၍ မွှေးအနားတွင် သူက ထိုင်လိုက်သည်။


“မွှေးကို ကိုကိုနိုင် တစ်သက်လုံး ကွာမပေးဘူးဆိုတာ ပြောမလို့” 


အတွတ်က ပါးစပ်ဟသွားကာ မွှေးမျက်လုံးများကမူ အံ့သြဟန်ရှိသွားသည်။ ကိုကိုနိုင်သည် လက်ထဲမှ စာအုပ်ကို ဖွင့်ပြလိုက်လျှင် စာအုပ်ထဲတွင် ညနေက တွေ့ရသော ပန်းခြောက်လေး ထွက်လာ၏။ 


“ကျွန်တော်က စစ်ဗိုလ်ပေမယ့် သိပ်စိတ်ကူးယဉ် တွယ်တာတတ်တယ်။ ဒီပန်းခြောက်လေးဟာ ကျွန်တော် ဆယ်တန်းနှစ်ကတည်းက သိမ်းလာခဲ့တဲ့ ပိတောက်ပန်းခြောက်။ ပိတောက်ပန်းကို ကျုပ်က အမျိုးသားပန်းလို သဘောထားပြီး သိပ်မြတ်နိုးတဲ့အကောင်။ ပိတောက်ရနံ့ မွှေးလာရင် ကျုပ်ဟာ အားသစ်တွေ အမြဲ ကြွလာခဲ့တယ်။ ဒီပိတောက်ပန်းခက်ကို ခြောက်သွားချိန်မှာ စာအုပ်ကြားညှပ်ပြီး သိမ်းခဲ့တယ်။ လွှင့်မပစ်ရက်ပါဘူး။ အနံ့လည်းမရှိ၊ အဆင်းလည်းမဲ့တဲ့ ပန်းခြောက်ကိုတောင် မစွန့်ရက်တဲ့ ကျုပ်လိုကောင်ကာ မွှေးကို စွန့်ပစ်ရမယ်ဆိုရင် ရာဇဝင်ရိုင်းလှတယ် အတွတ်”


အတွတ်သည် ယခုအခါ ပါဝင်စွက်ဖက်၍ မပြောတော့ပေ။


“မွှေးကလည်း ကျုပ်အချစ်ကို စမ်းတာဖြစ်ချင်ဖြစ်မယ်။ ကိုကိုနိုင့်အနေနဲ့တော့ မွှေးကို ကွာမပေးဘူး၊ ဒီအိမ်ကြီးမှာ ကိုကိုနိုင့်မိန်းမအဖြစ် မွှေးရှိနေရင် ကိုကိုနိုင်ကျေနပ်ပြီ။ မွေးလုပ်ငန်းတွေမှာရော ကိုကိုနိုင် ဘာလို့မကူနိုင်ရမှာလဲ၊ အပြောင်းအလဲ မဖြစ်ကြဘဲနဲ့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်းတွေ အောင်မြင်ရင် သာပြီးမကောင်းဘူးလား”


ကိုကိုနိုင့်စကားဆုံးလျှင် ​မွှေးသည် ကိုကိုနိုင် ဖက်ထားသော လက်ကို ဖယ်လိုက်၏။ သူ့မျက်နှာသည် တည်ငြိမ်ဆဲပင် ဖြစ်ကာ ကိုကိုနိုင့်အပါးမှ ခွာရင်း အသံမှန်ဖြင့် စကားပြောလိုက်သည်။


“အပြောင်းအလဲကို မွှေးက သာမဖြစ်စေချင်သေးတယ်။ အထူးသဖြင့် ကိုကိုနိုင်အပေါ်ထားရှိတဲ့ သဘောထားကို သာပြီး မပြောင်းချင်သေးတယ်။ ဒါပေမယ့် ဒီအပြောင်းအလဲကို ဘယ်သူက ဖန်တီးခဲ့တာလဲ။ ရှိပါစေတော့၊ ဒါတွေ မွှေးပြန်ပြီး ဘယ်သူ့အမှားရယ်ဆိုတာ စိစစ်မပြပါရစေနဲ့တော့၊ အိမ်ထောင်​ရဲ့သုခကို မပေးနိုင်တဲ့ မိန်းမတစ်ယောက်ဟာ ဘယ်လိုပဲ အခွင့်သာသာ ကိုယ်ကျိုးတစ်ခုတည်းကြည့်ပြီး တွယ်ကပ်ပေါင်းသင်းနေဖို့ မသင့်ဘူး၊ တစ်ဘက်လူကိုလည်း ကြည့်ရမယ်။ တစ်ခုကလည်း မွှေးဟာ ပိတောက်ပန်းမဟုတ်ဘူး ...လူ၊ ပိတောက်ပန်းသာ ဗီရိုထဲမှာ အမြတ်တနိုးထားလို့ရမယ်။ လူဆိုတာကတော့ ထားရာမှာ နေလိုမှ နေချင်နေမယ်။ သူကိုယ်ပိုင်တွေးခေါ်မှုလေးတွေရှိမှာပဲ။ အခု ဆုံးဖြတ်တာဟာ ကိုယ်ရေးအတွက် မဟုတ်ဘူး။ မွှေးရဲ့ ကျေးဇူးရှင်အတွက်ပဲ၊ မွှေးကို လွတ်လပ်ခွင့်ပေးကြပါတော့”


မွှေးသည် နောက်ဆုံးစကားလုံးများကို ဟစ်အော်ပြောဆိုလိုက်ကာ လှေကားရှိရာသို့ ပြေးသွားတော့သည်။


* * *


နောက်နေ့ နံနက်စောစောတွင် မိုးများ သည်းထန်စွာ ရွာကျနေကြလေသည်။ နံနက်ခင်း နေရောင်ခြည်ပင် ပြူထွက်မလာသေး၍ မှောင်ကျနေသလို ဖြစ်နေပေသည်။ 


အတွတ်၏ ကားလေးသည် ကိုကိုနိုင်တို့အိမ်၏ ဆင်ဝင်အောက်တွင် ရပ်လိုက်သည့်နှင့်တစ်ပြိုင်နက် သံဆွဲတံခါးသည် ပွင့်၍လာသည်။ တံခါးဝတွင် ​မွှေး၏နောက်မှ ကိုကိုနိုင် ထက်ချပါ၍လာခဲ့သည်။ အတွတ်ရှိရာသို့ ကိုကိုနိုင်သည် ငုံ့၍တစ်ချက်ကြည့်ကာ နောက်ပိုင်းတံခါးကို မွှေးအတွက် ဖွင့်ပေးလိုက်သည်။ မွှေးသည် ရှားစောင်အညိုတစ်ထည်ကို ခြုံကာ ငြိမ်သက်စွာ ကားပေါ်သို့ တက်လိုက်၏။ ကာတံခါးကို ကိုကိုနိုင်သည် ဖြည်းညင်းစွာ ပိတ်ပေးကာ တံခါးဝတွင် ငြိမ်သက်စွာ ကျောက်ရုပ်ပမာ ရပ်နေသည်။ ကိုဘဆောင်တို့က ပစ္စည်းများကို ကားထဲသို့ ထည့်လိုက်၏။ 


ကားသည် မိုးရေထဲသို့ လှိမ့်ကာ မောင်းထွက်သွားတော့သည်။ အတွတ်သည် တစ်ဘက်မှ ကားမောင်းရင်း တစ်ဘက်မှ ကိုကိုနိုင့်ကို လက်ဝှေ့ရမ်းကာ နှုတ်ဆက်လိုက်သည်။


ကိုကိုနိုင်က ငြိမ်သက်မြဲ ငြိမ်သက်နေသည်။ မွှေးသည် ကိုကိုနိုင်ရှိရာသို့ တစ်ချက်ငဲ့၍ကြည့်လိုက်၏။ သူ့မျက်လုံးရှိ မျက်ရည်များကြောင့်လား၊ ​ရေစိုစွတ်နေသော ကားမှန်​ကြောင့်လားမသိ၊ ကိုကိုနိုင့်ကို သဲကွဲစွာ မမြင်ရပေ။ 


မိုးမှာကား ပိုမိုသည်းထန်စွာ ရွာကျလာကာ လှိမ့်၍ပြေးသွားသော ကားလေးပေါ်သို့ သွန်ကျလာကြသည်။ 


လက်မထပ်ရသည်ပင် ရှိဦးတော့၊ ယခုလို ချစ်သောသူနှင့် ရည်ရွှယ်ချက်တစ်ခုတည်းကို အတူသွားရသည်မှာ အတွတ်အတွက် စိတ်ဖြေစရာပင်တည်း။


မိုးဖြိုင်ဖြိုင် ရွာသွန်းခဲ့သော ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွေးတို့ အတူတကွ မွေးဖွားလာခဲ့သော ဝါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့လေးတို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။


ခင်နှင်းယု

No comments:

Post a Comment