သို့သော် တကယ်ဖြစ်လာသည်ကတော့ တစ်မျိုးဖြစ်နေလေသည်။
“ဟင်... ဒါဆိုရင် ကဲကဲတို့သုံးယောက် အတူတူ မနေရဘူးပေါ့”
ကဲကဲက အံ့ဩဝမ်းနည်းစွာ မေးသည်။ မျက်နှာကလေး နီမြန်းပြီး တုန်တုန်လှုပ်လှုပ် ဖြစ်နေလေသည်။ အစ်ကိုကြီးဖြစ်သူ ကိုဦး၏လက်မောင်းကို အားကိုးတကြီးနှင့် အတင်းဖက်တွယ်ထားသည်။
“ကြီးကြီးစိန်ဆီမှာက ပိုကောင်းတာပေါ့ သမီးရယ်၊ နောက်ပြီး ကြီးကြီးက သားသမီးမရှိတော့ သမီးတစ်ယောက်တည်းကိုပဲ ချစ်ရမှာ ”
ဦးသက်ထွန်းက ချော့မော့သော လေသံနှင့်ပြောသည်။ သူ၏ဇနီးဖြစ်သူ မခင်မြက ကွယ်လွန်သူ မခင်လှ၏ညီမရင်းဆိုတော့ ကျန်ရစ်ခဲ့သော ကလေးသုံးဦးနှင့် ဆွေမျိုးအနီးဆုံး ဖြစ်လေသည်။
ထိုကြောင့် ဤဥမမည်၊ စာမမြောက်သေးသော ကလေးသုံးဦးလုံး၏တာဝန်သည် သူတို့၏ခေါင်းပေါ်သို့ အလိုလို ရောက်ရှိလာခဲ့သည်။ သူက နယ်မှ ဆရာဝန်ကြီးမို့ အတော်လေး ချောင်ချောင်လည်လည်ရှိသော်လည်း ထိုတာဝန် အားလုံးကို လိုလိုလားလား လက်ခံရန်ကိုကား တော်တော်လေး ဝန်လေးနေမိလေသည်။ သည်ဝန်တာတွေကို ဘယ်သူကများ မျှဝေထမ်းနိုင်ပါ့မလဲဟု အထပ်ထပ် အပြန်ပြန် စဉ်းစားခဲ့မိသည်ကတော့ အမှန်ပင်။
ထိုအချိန်တွင် ကိုရန်ဝေး၏အစ်မဝမ်းကွဲတော်သူ အပျိုကြီး ဒေါ်ခင်စိန်က ယောက်ျားလေးတွေကိုတော့ မလိုချင်။ မိန်းကလေးဆိုလျှင်ကား လက်တိုလက်တောင်း အဖော်အလှော်လေး ရမည်ဖြစ်၍ ခေါ်ထားနိုင်ပါကြောင်း၊ ကလေးမလေး လိမ္မာလျှင်လည်း လိမ္မာသလို ကြည့်ရှုပြီး ရွှေလေး ငွေလေး ဆင်ပေးမည်ဖြစ်ကြောင်း (အမွေစား အမွေခံအဖြစ် မွေးစားခြင်းတော့မဟုတ်) ပြောလာသည့်အတွက် ဦးသက်ထွန်း ဝမ်းမြောက်ဝမ်းသာဖြစ်သွားသည်။ သူကလည်း ခပ်စွာစွာ၊ ခပ်ဆိုးဆိုး၊ ခပ်ကဲကဲလေးဖြစ်သော (သူ့စိတ်ထဲတွင် ထိုသို့ပင် သတ်မှတ်ထားသည်။) ကဲကဲကို လန့်သည်။ သူ့ကလေးတွေနှင့် မကြာခဏ ရန်ဖြစ်ပြီး လက်ဦးအောင် တီးတတ်သော ကဲကဲ၏တာဝန်ကို တတ်နိုင်လျှင်တော့ ရှောင်လွှဲချင်သည်။
“နာမည်ကိုက ကြည့်ပါလား၊ ကဲကဲဆိုမှတော့ ကဲတော့မပေါ့ "ဟု တစ်လမ်းလုံး တွေးလာခဲ့မိသေးသည်။
“ကဲကဲကိုယ်ဝန်နဲ့တုန်းက မခင်လှက အတော်ကို ချူချာတာ၊ သားသမီး ဒုက္ခ ထပ်ခံရမှာလည်း သူ့ခမျာ ကြောက်နေရှာတော့ ကြီးကြီးက ယောက်ျားလေးဆိုရင်တော့ မလိုချင်ဘူး၊ မိန်းကလေးဆိုရင်တော့ ငါ့ကို ပေးဟယ်၊ ငါမွေးပေးမယ်လို့တောင် ပြောဖူးတာ၊ တကယ်မွေးလာတော့ ....မောင်ရန်ဝေးက “ကျွန်တော့်သမီးလေး မပေးနိုင်ဘူးဗျ၊ အစ်မကြီး လိုချင်ရင် ကိုယ့်ဟာကိုယ်ပဲ မွေးယူပါတော့တဲ့လေ.."
ကြီးကြီးစိန်က အသံညက်ညက်ကလေးနှင့် ပြောသည်။ ခေါင်းကို မသိမသာ ခါပြီး ရယ်လိုက်တော့ သူ့နားမှ စိန်နားကပ်ကြီးက အရောင်တဖျတ်ဖျတ် လက်သွားသည်။ ကဲကဲကို သူက ခေါ်ယူမွေးစားမည်ဟု ဆိုသည့်အတွက် သည်ကလေး သိပ်ပြီး ကံကောင်းတာပဲဟု ပြောကြ၊ ဆိုကြ၊ မှတ်ချက်ချကြလိမ့်မည်ဟု ယုံကြည်ထားပုံရလေသည်။
သို့သော် ကဲကဲကတော့ သူ့ကိုယ်သူ ကံကောင်းသည်ဟု မထင်ပေ။ ကြီးကြီးစိန်ကို ကြည့်ရင်း အထိတ်တလန့်ဖြစ်ကာ ငိုချင်နေသည်။ ကြီးကြီးစိန်ကို ဖေဖေကရော မေမေကပါ သဘောကျ ချစ်ခင်ခြင်း မရှိလှကြောင်း သူသိသည်။
ကြီးကြီးစိန်သည် ချမ်းသာသော်လည်း ကပ်စေးနှဲလှကြောင်း၊ စကားပြောက ချိုချိုနှင့် စီးပိုးတတ်ကြောင်း၊ ကဲကဲ ငယ်ငယ်တုန်းက ဆေးဖိုးကုန်လှ၍ ငွေပြတ်လျှင် သူ့ဆီက ငွေချေးဖူးကြောင်း၊ ဆွေမျိုးပင်ဖြစ်သော်လည်း အတိုးကြီးကြီး ယူပြီး ထိုအတိုးကိုလည်း ရက်တွက်နှင့် အတိအကျပေးရကြောင်း (မေမေ ပြောပြဖူးသမျှ) စသည်တို့ကို သိထားခဲ့ရသည်။
နောက်တော့ မေမေ ငွေလိုရင် ဘွားရွှေဆီမှာပဲ ဒီဆွဲကြိုးလေး ဖြုတ်ပြီး ပေါင်တော့သည်။ သူက မှတ်ကျောက် နာနာတိုက်တတ်လို့ ရွှေပွန်းပေမယ့် တော်ရုံတန်ရုံ ရက်တွက်ကို လျော့ပေးတတ်တယ်” ဟု ပြောဖူးသော မေမေ့စကားများကို ပြန်ပြီး ကြားယောင်နေသည်။
ကဲကဲ ကြီးကြီးစိန်နောက်ကို လိုက်မသွားချင်၊ လုံးဝ မလိုက်ချင်။
“မေမေရယ် သမီးတို့ဆီ တကယ်ပဲကို ပြန်မလာတော့ဘူးလား” ဟုတွေးရင်း ကဲကဲ ခေါင်းလေးငုံ့ကာ မသိမသာရှိုက်ရင်း မျက်ရည်သုတ်သည်။
“ဒီကလေးတွေကို ငါ ဘာမှ မကူညီနိုင်တော့ဘူးလား”
ကဲကဲတို့မောင်နှမရှေ့တွင် ထိုင်နေသော ဦးဘပွားက စိတ်မချမ်းသာစွာ တွေးသည်။ သိသိသာသာကြီး အမ်းပြီး ဖောင်းတောင်းတောင်းဖြစ်နေသော မျက်နှာကြီးသည် စိတ်ဆင်းရဲမှုကြောင့် ပိုပြီးအိုမင်းနေသည်။ ခါတိုင်းလို ဆေးမကူဘဲ လွှတ်ထားလိုက်သော ဆံပင်များမှာလည်း ဖြူပြီးဖွာနေသည်။ သူ့ကြည့်ရသည်မှာ ရုတ်တရက် ချက်ချင်း အိုကျသွားသလို ဖြစ်နေလေသည်။
ဦးထင်ကတော့ သူ့ရင်ခွင်တွင် ကျောမှီ၍ ထိုင်နေသော ကိုတူးကို ခပ်ဖွဖွ ဖက်ထားသည်။ သူ၏မျက်စိအောက်တွင် ကြီးပြင်းလာကြသော သည်ကလေး သုံးဦး တကွဲတပြားစီ ဖြစ်သွားကြမည်ကို တွေးပြီး စိတ်မချမ်းမသာဖြစ်နေသည်။ မျက်ရည်ကို ထိန်းထားသော်လည်း ကျိတ်ကျိတ်ပြီး သက်ပြင်းရှိုက်လိုက်တော့ ကိုတူး၏ကျောလေးသည် သိမ့်ခနဲ တုန်၍တုန်၍ သွားသည်ကို သူသတိထားမိနေရင်း သူပါ ရောပြီး ပင့်သက်ရှူနေမိသည်။
“ဒီလိုဆို ကဲကဲတို့သုံးယောက်က အတူတူ မနေရဘူးပေါ့ဟင်၊ ဟုတ်လားဟင်”
ကဲကဲကစ ထိုစကားကိုပင် ကယောင်ကတမ်းလေး ထပ်ပြောနေသည်။ ငိုင်တွေတွေကြီး ထိုင်နေသော ဘွားရွှေကိုလည်းကောင်း၊ ခေါင်းငုံ့ထားသော အန်တီမွှေးကိုလည်းကောင်း၊ ကံကောင်းကိုချီထားသော ဦးကောင်းကိုသော်လည်းကောင်း အားကိုးတကြီး လှမ်းကြည့်သည်။ ဘဖိုးထင်၏မျက်လုံးများသည် အခါတိုင်းလို အရက်ခိုးတွေ ဝေမနေဘဲ ကြည်လင်နေသည်။ သူတစ်သက်လုံး စွဲခဲ့သော အရက်ကို ပရိတ်ရေသောက်ပြီး အပြီးဖြတ်နိုင်ခဲ့သော်လည်း သူ့နှလုံးသားတွင် အတပ်ထပ်ရစ်ပတ်နေသော သံယောဇဉ်ကြိုးများကိုကား သူက ဘယ်လိုမျှ မဖြတ်နိုင်။
“ဘဖိုးထင်ရဲ့” ဟု ကဲကဲက ငိုသံပါလေးဖြင့် ခေါ်တော့ သူ မနေနိုင်ဘဲ မျက်ရည်တွေ လည်လာသည်။
“ဒီကလေးတွေကိုတော့ ခွဲဖို့ မကောင်းပါဘူးဗျာ”
ဦးဘပွားက အသံအက်အက်ကြီးဖြင့် ပြောသည်။ မည်သူ့ကိုမျှ မကြည့်ဘဲ ကျွန်းသားစားပွဲကြီးကိုသာ စိုက်ကြည့်နေသည်။ အစ်ကိုနှစ်ဦးကြားထဲတွင် ရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်နှင့် ခပ်နွဲ့နွဲ့လေး ဆိုးနေတတ်သော ကဲကဲ၏ရုပ်သွင်လေးများကို ထင်ယောင်မြင်ယောင်ဖြစ်မိသည်။ မိဘနှစ်ပါးလုံး ဖြုန်းကနဲ ဆုံးပါးသွား၍ ပူပန်ညှိုးလျကာ စိတ်အားငယ်နေသော သည်ကလေးမလေးသည် အစ်ကိုနှစ်ဦးနှင့်ပါ ထပ်ပြီးခွဲခွာရမည်ဆိုလျှင် ရင်ကွဲနာကျ သွားနိုင်သည်။ ဟုတ်သည်။ ရင်ကွဲနာကျသွားလိမ့်မည်။ ထိုသို့ပင် သူယုံကြည်သည်။
“ဒါကတော့ ဦးရယ်၊ ကျွန်တော်တို့လဲ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် စီစဉ်ရတာပါ၊ သုံးဦးလုံး တာဝန်ကို တစ်ဦးတည်း ယူဖို့ကျတော့လဲ”
ဦးသက်ထွန်း စကားကို ဆက်မပြောဘဲ ရပ်ထားလိုက်သည်။ ကျန်စကားများကို ဆက်ပြောစရာမလို။ လူတိုင်း နားလည်ပြီးသားကိစ္စဖြစ်သည်။
“ဟုတ်ပါတယ်၊ အဲဒါကလဲ အဲဒါပေါ့လေ”
ဦးဘပွားက သက်ပြင်းကြီးချပြီး အတန်ကြာအောင် ငြိမ်နေသည်။ တစ်စုံတစ်ခုကို ပြောချင်နေသော်လည်း ပြောသင့် မပြောသင့် ချိန်ဆရင်း သူ့ရင်ထဲတွင် မောနေသည်။ ဦးသက်ထွန်းကတော့ အတန်ငယ် နေရထိုင်ရခက်နေသည်။
သည်ကလေး သုံးဦးကို ခွဲချင်လွန်း၍ ခွဲရခြင်းမဟုတ်ကြောင်း၊ အစစအရာရာ အဆင်ပြေအောင် လုပ်ရခြင်းဖြစ်ကြောင်း စသည်တို့ကို ဘေးလူများ နားလည်အောင် သူဘယ်လိုရှင်းရမည်နည်းဟု စိတ်ပင်ပန်းစွာ တွေးနေမိသည်။
ပြဿနာတစ်ခုခု ဖြစ်လာလျှင် ထိုပြဿနာကို ပြေလည်အောင် ဖြေရှင်းရန် ဘာမှအကူအညီမရဘဲ ဘေးမှထိုင်ပြီး ဝေဖန်လေကန်တတ်သောသူများနှင့် တွေ့နေရပြီဟု ထင်မှတ်ကာ စိတ်ညစ်နေမိလေသည်။
“ဘဘကြီး”
,
ကဲကဲက အားကိုးတကြီး ခေါ်သည်။ ထို့နောက် ငိုသည်။
“ကဲကဲတို့ ဒီမှာပဲ နေချင်တယ်နော် ဘဘကြီး”
ကဲကဲ၏စကားကို ကြားတော့ ဦးသက်ထွန်းရော၊ ဒေါ်ခင်စိန်ပါ မျက်စိမျက်နှာပျက်သွားကြသည်။ ဆွေမျိုးတွေက ကောင်းရာကောင်းကြောင်း စီစဉ်သည်ကို ကောင်းမွန်စွာ မနာခံဘဲ၊ သူစိမ်းတွေကို လှည့်ပြီး တိုင်တည်သော အပြုအမူဖြစ်၍လည်း စိတ်ထဲတွင်လည်း အတန်ငယ် မျက်သွားကြသည်။ မျက်နှာရိပ် မျက်နှာကဲကို နားလည်သော ကိုဦးက ကဲကဲ၏လက်ကလေးကို ညှစ်ကိုင်ပြီး တားသော်လည်း ကဲကဲက မလျှော့၊ ဦးဘပွားကို အားကိုးတကြီး ကြည့်ရင်း ဆက်ပြောသည်။
“ကဲကဲ ကိုဦးတို့နဲ့ပဲနေချင်တယ် ဘဘကြီးရဲ့ နော်”
“သမီး ဘယ်မှ လိုက်မသွားချင်ဘူးလား”
“ဟင့်အင်း”
ကဲကဲက ရှိုက်ရင်း ခေါင်းခါသည်။
“ကဲကဲ ဘဘကြီးနဲ့ အန်တီမွှေးနဲ့ ပြီးတော့ ဦးကောင်းတို့နဲ့အတူတူ ..... ဘွားရွှေနဲ့ ဘဖိုးထင်နဲ့ ပြီးတော့ ကံကောင်းလေးနဲ့ အတူတူ”
ငိုရင်းရှိုက်ရင်း ပြောနေသော ကဲကဲ၏အသံက ဗလုံးဗထွေး ဖြစ်နေသည်။ ဘွားရွှေက မျက်ရည်သုတ်နေစဉ် ဦးထင်က နှပ်ညှစ်သည်။ ဦးဘပွား၏မျက်လုံးတွေကတော့ နီကျင်လာသည်။
“ကဲ...ထားပါတော့၊ ဒီမှာနေချင်တာက ထားပါတော့”
ဦးသက်ထွန်းက ဝင်ပြောသည်။ သူသည် အတန်ငယ် စိတ်ဆိုးနေပုံရသည်။
“ဒီမှာ နေချင်လို့ နေတယ်ပဲထားပါတော့။ သမီးတို့ရဲ့တာဝန်ကို ဘယ်သူက ယူနိုင်မှာမို့လဲ၊ သမီးတို့ရဲ့ နေရေး ထိုင်ရေး၊ စားရေး သောက်ရေး နောက်ပြီး ပညာရေးနဲ့ကျန်းမာရေး အဲဒါတွေကို ဘယ်သူက အကုန်အကျခံမှာလဲ”
ဦးသက်ထွန်းက စိတ်တိုသည်ကို ထိန်းပြီး ခပ်ချိုချို ပြောသည်။ ဒေါ်ခင်စိန်ကတော့ ခပ်မာမာ ခပ်ဆတ်ဆတ် ဖြစ်လာလေသည်။
“ဒါကတော့ ကျွန်မတို့က ဆွေမျိုးဝတ္တရားအတိုင်း စောင့်ရှောက်ရမယ့်အပိုင်းမို့ ပြောနေရတာပါ၊ တာဝန်ဆိုတာ ဘယ်လောက်ကြီးသလဲဆိုတာ ထမ်းကြည့်မှ သိတာနဲ့ ပါးစပ်ကလေးတစ်ခု အရင်းစိုက်ပြီး ထိုင်သနားနေရတာလောက်တော့ မလွယ်ဘူး”
ဒေါ်ခင်စိန်၏စကားက အနှောင့်အသွား မလွတ်လှပေ။ ပစ္စည်းအတော်အတန် ချမ်းသာသောသူတို့၏ ထုံးစံအတိုင်း ဒေါ်ခင်စိန်သည် လူတစ်ဖက်သားကို မည်သူမည်ဝါဟု စိတ်ဝင်စားရမည်ထက် ငါ့ကို မည်သူမည်ဝါမှန်း သိရဲ့လားဟူသော မာန်က အလျင် တက်လာတတ်လေသည်။ ယခုလည်း ဦးဘပွားကို ပါးစပ်ကလေးတစ်ခု အရင်းစိုက်ပြီး လူတွင်ကျယ်လုပ်နေသော အဘိုးကြီးတစ်ဦးဟု ထင်ပြီး မြင်ပြင်းကတ်နေမိပုံရသည်။
“ကဲ...ပြောလေ သူတို့တွေကို ဘယ်သူက ကျောင်းထားပေးပြီး ဘယ်သူက ထမင်းအလကား ကျွေးထားနိုင်မှာမို့လဲ”
ဒေါ်ခင်စိန်က ထပ်ပြောသည်။ ဦးဘပွားကို တည့်တည့်ရင်ဆိုင်ကြည့်ပြီး လှောင်သလိုလို ပြုံးလိုက်သော်လည်း ဦးဘပွား၏မျက်နှာက အထူးပင် တည်ငြိမ်နေသည်ကို အံ့သြစွာ သတိထားလိုက်မိသည်။
“ကျုပ် ကျောင်းထားပေးနိုင်ပါတယ်၊ နောက်ပြီး ထမင်းလဲ ကျွေးနိုင်ပါတယ်ဗျာ”
ဦးဘပွား၏အသံက တိုးရုံသာမက အတန်ငယ်တုန်ကာ ရှတတ အက်တက်တက် ဖြစ်နေသည်။ သို့သော်လည်း သူတို့အားလုံး ပြတ်ပြတ်သားသား ကြားလိုက်ရသည်။
“ဒီက ကလေးတွေရဲ့ ဦးလေးတွေ အဒေါ်တွေကသာ သဘောတူ ခွင့်ပြုမယ်ဆိုရင် ဒီကလေးသုံးယောက်လုံးရဲ့တာဝန်ကို ကျုပ် အဲ...ကျုပ်တို့ ယူပါရစေလို့ တောင်းပန်ပါတယ်ဗျာ”
တအံ့တသြ ဖြစ်နေသော မျက်နှာနှစ်ခုကို တစ်လှည့်စီကြည့်ရင်း ဦးဘပွားက အနူးအညွတ် တောင်းပန်သည်။ ဦးဘပွားကို မြင်ဖူးတွေ့ဖူးလာခဲ့သည့် နှစ်ပေါင်း အတော်များမျာအတွင်း၌ သူ့မျက်နှာ ဤမျှ နူးညံ့သည်ကို လည်းကောင်း၊ သူ့အသံ ဤမျှ ပျော့ပျောင်းသည်ကိုလည်းကောင်း၊ ဤမျှ ခခယယ ပြောသည်ကိုလည်းကောင်း၊ တစ်ခါမျှ မကြုံဖူး မကြားဖူးသောကြောင့် ဒေါ်ရွှေနုသည် ပါးစပ်ကြီး အဟောင်းသားနှင့် တအံ့တဩ ဖြစ်နေမိလေသည်။
* * *
ကိုကောင်းထက်နှင့် မမွှေးကြူတို့သည် အားလုံး၏ဆန္ဒအတိုင်း မြန်မာနှစ်မကူးမီပင် အကျဉ်းရုံး၍ လက်ထပ်ဖြစ်ခဲ့ကြလေသည်။
သင်္ကြန်အကြိုနေ့တွင်တော့ ကိုဦးတို့ညီအစ်ကို ကိုရင် ဝတ်ကြသည်။ ထိုနေ့တွင် ပိတောက်ပန်းတွေလည်း လှိုင်နေအောင် ပွင့်လေသည်။ အတော်လေး ထူထူထောင်ထောင်ရှိလာသော ဦးဘပွားက ဧည့်ခန်းသို့ ထွက်လာသည်။ ကြိုင်နေအောင် ပျံ့မွှေးနေသော ပိတောက်ပန်းရနံ့များကို ရှူရှိုက်ရင်း သူဖြတ်သန်း ကျော်လွှားခဲ့ဖူးသော သင်္ကြန်ပေါင်းများစွာကို ပြန်လည် မြင်ယောင်နေမိသည်။
ကဲကဲသည် ဖန်ရေတကောင်းတစ်ခုထဲတွင် ပိတောက်ခိုင်၊ ပိတောက်ခက်များကို စုပြုံကျပ်ညပ်နေအောင် ထိုးထည့်ပြီး ဦးဘပွား၏ဧည့်ခန်းကို အလှဆင်ပေးပြန်သည်။ ပန်းအိုးထိုးခြင်း၊ ပန်းအလှပြင်ခြင်းလုပ်ငန်းများကို လုံးဝမကျွမ်းကျင်သော်လည်း ကဲကဲ၏ ပိတောက်ပန်းများသည် အလှမပျက်ပေ။ ဘုရားတင်လိုတင်၊ ဖန်တကောင်းထဲ ထည့်လိုထည့်၊ အကိုင်းလိုက် ထောင်ထားလိုကလည်း ထား၊ ခေါင်းမှာ ပန်လိုလျှင်လည်း ပန်၊ ဘယ်လိုပဲထားထား ဘယ်လိုပဲနေရနေရ ဝင်းဝင်းဝါနေသော ပိတောက်ပန်းများသည် ကြည့်မငြီးအောင် လှပနေသည်။ ရှု၍ရှိုက်၍ မဝနိုင်အောင် ပျံ့မွှေးသင်းကြိုင်နေသည်။
“မွှေးလိုက်တာ...”
ဦးဘပွားသည် ပိတောက်ပန်းတွေ ဝေနေသော သူ၏ဧည့်ခန်းကို လွှမ်းခြုံကြည့်ရင်း စိတ်နှလုံး သာယာအေးချမ်းနေသည်။ ပျံ့ပျံ့သင်းနေသော ရနံ့ကို မျှဉ်း၍ရှုရှိုက်ရင်း ပန်းအိုးတွေကို တစ်အိုးပြီးတစ်အိုး ထိုးနေသော ကဲကဲကို ခပ်ပြုံးပြုံး ကြည့်နေမိသည်။
“ဘဘကြီးရဲ့ ၊ ကိုဦးတို့ဆီ လိုက်မှာမဟုတ်လား ဟင်...”
“အေး... လိုက်မှာပေါ့ကွ”
“ကိုဦးက မှာလိုက်တယ်၊ ဘဘကြီးကို ရအောင် ခေါ်ခဲ့ပါတဲ့”
“ဟုတ်လား”
ကိုဦးတို့ညီအစ်ကိုသည် ဘုန်းကြီးကျောင်းတွင်ပင် သံဃာတော်များအား ဆွမ်းကပ်ပြီး သင်္ကန်းဆီးကြမည်ဖြစ်သည်။ ထို့ကြောင့် နံနက်စောစောကတည်းက ကိုကောင်းထက်တို့စုံတွဲနှင့်အတူ ဘုန်းကြီးကျောင်းသို့ သွားနှင့်ကြပြီ ဖြစ်သည်။
"ဦးကောင်းကလဲ မှာသွားတယ်၊ ဘဘကြီးကို အသေအချာ တွဲပြီး ခေါ်လာခဲ့တဲ့”
“အံမာဗျာ ကျုပ်က တွဲခေါ်စရာ မလိုပါဘူး၊ ညည်းတွဲချင်ရင် သူ့အဖေ ဘဖိုးထင်ကြီးကို သွားပြီး တွဲခေါ်ချေ”
“ဘဖိုးထင်က ကဲကဲတွဲစရာ မလိုဘူး ဘဘကြီးရဲ့ ၊ သူ့ကို ဖွားရွှေက တွဲခေါ်မှာ ဟိ..”
ဦးဘပွားက မခံချင်သလိုပြောတော့၊ ကဲကဲက အပြောင်အပျက်ပြောရင်း လျှာကလေး ထုတ်ကာ ရယ်သည်။ ကိုကောင်းထက်နှင့် မမွှေးကြူတို့ အဆင်ပြေသွားကြသည့်နောက်ပိုင်းတွင် ဦးထင်နှင့် ဒေါ်ရွှေနုသည် အများသူငါ၏ ပစ်မှတ်ကြီး ဖြစ်လာသည်။ သူတို့နှစ်ဦးကို တစ်လမ်းလုံး ရိပ်ဖမ်းသံဖမ်းနှင့် စနေကြသည်။ သဘောသက္ကယကောင်းနေချိန်တွင် မသိသလို ငြိမ်နေတတ်သော်လည်း၊ စိတ်အခန့်မသင့်ပါက ဒေါ်ရွှေနုက ဆဲလွှတ်တတ်သည်။
“လူကြီးတွေကို ဒီလိုပဲစရ၊ နောက်ရသလား ကဲကဲရဲ့ ။ ဘွားရွှေတွေ ကြားရင် အဆဲခံနေရဦးမယ်”
ကဲကဲက ခေါင်းလေးပုကာ တခစ်ခစ်နှင့် ရယ်သည်။ သည်ကလေးမလေး အလျင်တုန်းကလို ချိုချို့ရွှင်ရွှင်လေး ပြန်ဖြစ်လာသည့်အတွက် ဦးဘပွား၏စိတ်ထဲတွင် ချမ်းမြေ့ကြည်နူးသွားသည်။
လမ်းပေါ်တွင် ရေပက်ကစားနေသော ကလေးတို့၏အသံများက ဆူညံနေသည်။ လမ်းသွားလမ်းလာတွေက “အကြိုနေ့ ရေမပက်ရဘူးလေ” ဟုအော်ကာ လွတ်အောင်ပြေးသူက ပြေးသည်။ တစ်ချို့ကတော့ ကလေးတွေ၏လက်ထဲမှ ရေခွက်ကို လုကာ သူတို့အား ပြန်လောင်းသွားကြသည်။ အော်သံ ဟစ်သံ၊ ရယ်မောသံများနှင့် ဆူညံစည်ကားနေသော သင်္ကြန်အကြိုကို ဦးဘပွားက ငေးမောကြည့်နေမိသည်။
“ဘဘကြီး ကဲကဲ အပေါ်ကို ခဏလေး သွားလိုက်ဦးမယ်နော်”
“အေး ... "
“ခဏနေရင် ဘုန်းကြီးကျောင်းသွားကြမယ်နော်..."
“အေး ...အေး... သွားတာပေါ့”
“ဘဘကြီးသာ ပါမလာရင် နင့်ကိုထုမယ်တဲ့၊ ကိုတူးက ပြောတယ်”
“ဟုတ်လား”
ဦးဘပွားက အလိုက်သင့်ပြောနေသော်လည်း လမ်းပေါ် တွင် ပြေးလွှားပျော်ရွှင်နေကြသူများကို ငေးကြည့်နေမိရင်း စိတ်တွေက လွင့်ပါးနေသည်။
“အင်း...သင်္ကြန်၊ သင်္ကြန်တွေ တစ်နှစ်ပြီး တစ်နှစ်ကျ၊ ငါ့အသက်ဟာလဲ တစ်နှစ်ထက် တစ်နှစ် ကြီးလာခဲ့တာပဲ”
ဦးဘဖူးသည် သူကျော်လွှားခဲ့သော သင်္ကြန်များကို ပြန်တွေးရင်း လှိုက်မောလာသည်။ ငယ်စဉ်တုန်းက သင်္ကြန်ကျလျှင် သူအလွန်ပျော်ခဲ့သည်။ ကလေးဘဝတုန်းကတော့ ရိုးရိုးပျော်သည်။ လူပျိုလူရွယ်ကလေးဖြစ်လာတော့ မူးပြီးပျော်၊ ရူးပြီးပျော်သည်။ သင်္ကြန်ရက်များတွင် ဆင်နွှဲခဲ့သော အချစ်ပွဲများ၊ ရန်ပွဲများလည်း မနည်းလှ။ အရွယ်ကလေး ထောက်လာတော့ သင်္ကြန်ရေကို သူ မကြိုက်တော့။ သင်္ကြန်ဆိုလျှင် တောင်ကြီး၊ မေမြို့ (ပြင်ဦးလွင်)၊ ဟဲဟိုး စသည့် အေးရာအရပ်ကို သူရွေးခဲ့သည်။ အရိပ်အောက်တွင်လည်းကောင်း၊ အခန်းထဲတွင်လည်းကောင်း သူ ပျော်မွေ့ခဲ့သည်။ တစ်ဦးထဲတော့မဟုတ်၊ အဖော်မိန်းမပျိုတစ်ဦးနှင့် ဖြစ်သည်။ သူ့အဖော်တွေက တစ်နှစ်နှင့်တစ်နှစ် မထပ်။ အခုပြန်စဉ်းစားတော့ သူတို့၏ရုပ်သွင်ကိုလည်းကောင်း၊ အမည်ကိုလည်းကောင်း၊ ကောင်းစွာပင် အမှတ်မရချင်တော့။
သင်းပျံမွှေးကြိုင်နေသော ပိတောက်ပန်းနံ့ကို ခုံမင်စွာ ရှူရှိုက်ရင်း ဦးဘပွား၏ရင်ထဲတွင် နောက်ကျိကျိ ဖြစ်လာသည်။
“တောင်ပေါ်က ပိတောက်တွေက ဝါဖျော့ဖျော့နဲ့ မကြိုက်ပါဘူး၊ ကျွန်မက ပိတောက်ဆိုရင် ဝင်းပြီး ဝါထိန်နေမှ ကြိုက်တာ”ဟု သူ့အဖော် မိန်းကလေးတစ်ဦး ပြောဖူးသည်ကို ဝေဝေဝါးဝါး သတိရမိသည်။ ထိုမိန်းကလေး၏ စကားကို အမှတ်မထင် ပြန်ပြီးသတိရမိသော်လည်း သူ့ရုပ်သွင်ကိုကား ဖြူသလား၊ ညိုသလားပင် စိတ်ထဲတွင် သိပ်၍ မသဲကွဲတော့ချေ။
“အင်း...ဘဝဆိုတာ အိပ်မက်တွေမက်နေရသလိုပါပဲ၊ အိပ်မက်တွေ ဆက်တိုက်မက်ပြီး နိုးလာပြန်တော့လည်း ဘာမှ ထင်ထင်ရှားရှား မရှိ”
ဆေးလိပ်သောက်ချင်စိတ် ပေါ်လာသဖြင့် ဦးဘပွားသည် ကုတ်အင်္ကျီအိတ်ထဲတွင် အသင့်ရှိနေသော စီးကရက်ဗူးကို ထုတ်သည်။ စီးကရက်ဖြူဖြူလေးကို ခေတ္တမျှ ငေးကြည့်နေမိပြီးမှ မီးညှိကာ ဖွာရှိုက်သည်။ စီးကရက်ခိုးများကို ဝမ်းတွင်းသို့ မက်မောစွာ ရှိုက်သွင်းလိုက်ရင်း ခပ်မဲ့မဲ့ ပြုံးမိသည်။
“အင်း... ခုမှ တွေးလို့ပိုကောင်းလာတယ်။ စီးကရက်ခိုးတွေနဲ့ အတွေးတွေက ရောပြီး ဝေဝေဝါးဝါး မထင်မရှားနဲ့”
သူက စီးကရက်မီးခိုးများကို မှုတ်ထုတ်လိုက်သည်။ အငွေ့ဖြူဖြူများထဲတွင် ရိပ်ရိပ်ကလေး ပြုံးနေသော သူ၏ချစ်ဇနီးကို တွေ့ရသည်။ ချစ်ဇနီးက သူကြိုက်သော ကံ့ကော်ပန်းကိုမပန်၊ ပိတောက်ပန်းတွေ ဝေနေအောင် ပန်ထားသည်။ သို့သော် ပန်းတွေက မဝါ၊ ဖြူနေသည်။ မီးခိုးတွေလည်းဖြူဖြူ၊ သူဝတ်ထားသော အင်္ကျီကလည်း ဖြူဖြူ၊ ပန်ထားသော ပန်းတွေကလည်း ဖြူဖြူ၊ အားလုံးဖြူနေသည်။ ဖြူနေသော ပိတောက်များကလည်း စူးစူးနစ်နစ် မွှေးပျံ့နေသည်။
“ဒီလောက် မွှေးနေပြန်တော့လဲ မူးလာသလိုပဲ"
သူက အနားတွင် ရစ်ဝဲနေသော ပိတောက်ရနံ့ကို ရှူရှိုက်ရင်း မွန်းကျပ်လာသည်။ ပန်းနံ့ထဲတွင် မျှင်မျှင်ကလေး ရောပါလာသော စီးကရက်နံ့ကို သီးသန့်ဖယ်ထုတ်ပြီး နှစ်သက်စွာ ရှူလိုက်ချင်သည်။
“ဘုရား... ရင်ဘတ်ထဲက အောင့်လိုက်တာ”
မွှေးထုံသင်းပျံ့လွန်းသော ရနံ့များကို ဆက်၍ မရှူရှိုက်ချင်တော့သည့်အတွက် ဦးဘပွားသည် နေရာမှ အသာထကာ ထမင်းစားခန်းဘက် လျှောက်လာသည်။ နှာခေါင်းထဲတွင် အလုံးအရင်းနှင့် နေရာယူထားသော အမွှေးနံ့တွေ ပျောက်လိုပျောက်ငြား စီးကရက်ကို တအားရှိုက်၍ ရှူလိုက်သည်။ ထို့နောက် ချောင်းတွေ တအားဆိုးလာသည်။
“ဆိုး ...ဆိုး... သေအောင်ဆိုး ...ဟဲ့ ချောင်း”
ချောင်းတွေ တဟွတ်ဟွတ်နှင့် အဆက်မပြတ်ဆိုးရင်း ဦးဘပွား စိတ်ထဲမှ ပြောနေမိသည်။ ချောင်းတစ်ချက် ဆိုးတိုင်း ရင်ဘတ်ထဲမှ တစ်ချက်နာသည်၊ ထို့နောက် ရုတ်တရက် ပျို့တက်လာပြီး မျက်နှာသစ်ခွက်ထဲသို့ ဝေါ့ခနဲ ထိုးအန်ချလိုက်မိသည်။
“သွေးတွေ...”
ခြင်းခြင်းနီသော သွေးများကို မြင်တော့ သူ့မျက်လုံးတွေ ပြာဝေသွားသည်။ ထိုနောက် ချောင်းတွေ ဆိုးပြန်သည်။ မဆိုးဖြစ်အောင် တားသော်လည်း မရ၊ တင်းသော်လည်းမနိုင်၊ ပွက်ခနဲ အန်ချမိသော သွေးများကို မကြည့်ချင်သော်လည်း မြင်နေရသည်။
“သွေးတွေအန်နေပြီ ...ဘုရား...ဘုရား ငါ သွေးတွေ အန်နေပြီလား”
သူက တုန်တုန်လှုပ်လှုပ်တွေးရင်း နံရံကို အားပျော့စွာ မှီထားလိုက်မိသည်။ ရင်ဘတ်ထဲတွင် စူးပြီး အောင့်နေသော ဝေဒနာကို သိသိသာသာ ခံစားနေရသည်။
“ဘဘကြီးရေ...”
ကဲကဲ၏အသံကို ကြားရသည်။ .
"ဘဘကြီးရေ ....သွားမယ်လေ”
ဦးဘပွားသည် စားပွဲပေါ်မှ လက်သုတ်ပုဝါကို ကောက်ကာ ပါးစပ်ကို ကမန်းကတန်း သုတ်လိုက်သည်။ ထို့နောက် လက်ဆေးကြွေဇလုံမှ ရေပိုက်ခေါင်းကို ဖွင့်ချလိုက်သည်။ နီရဲသော သွေးရောင်သည် ကျလာသောရေများနှင့် ရောကာ အရောင်ဖျော့သွားသည်။
“ဦးကံမြင့်ကို ခေါ်ခိုင်းရင် ကောင်းမလား”
ကိုဦးတို့ရှင်ပြုပွဲတွင် ဦးကံမြင့်သည် တစ်ဦးတည်းသော အထူးဧည့်သည်တော် ဖြစ်သည်။ ယခုအချိန်လောက်ဆိုလျှင် ဘုန်းကြီးကျောင်းသို့ ရောက်လျှင်ရောက်နေလောက်ပေပြီ။
“ငါဒီလို ဖြစ်နေတယ်ဆိုရင် ဦးကံမြင့်တော့ ပျာယာခတ်သွားမှာပဲ။ နောက်ပြီး ဆေးရုံတင်ဖို့ သွေးသွင်းဖို့ အရေးတကြီး လုပ်မှာပဲ”
ပန်းနုရောင်ရေများသည် ရေထွက်ပေါက်မှ ဝဲလှည့်ကာ ထွက်သွားသည်။
“တော်ပါပြီ..... တော်ကြာ ...သူတို့အကုန်လုံး လန့်ဖျပ်ကုန်လိမ့်မယ်၊ စိုးရိမ်ပြီး အကုန်လုံး ပြန်ပြေးလာကြရင် ရှင်ပြုပွဲလေးတောင် ပျက်ချင်ပျက်သွားမှာ...အို ...တော်ပြီ... တော်ပြီ ဘယ်သူ့ကိုမှ မပြောတော့ပါဘူး”
ဦးဘပွားက သူ့စိတ်ကို သူဆုံးဖြတ်သည်။ ရှင်ပြုပွဲလေး အေးချမ်းစွာ ပြီးဆုံးသွားပါစေတော့။
“ဘဘကြီးရေ.... ဘာလုပ်နေလဲ၊ သွားကြမယ်လေ”
ကဲကဲက ဦးဘပွား၏ဘေးသို့ ရောက်လာသည်။ သူ့မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေသည်ကိုလည်း သတိထားမိဟန်မရှိ။
“ကဲကဲ...သွားနှင့်ပါလား”
“ဟင်...ဘာဖြစ်လို့”
“ဘဘကြီးဆီကို ဧည့်သည်တစ်ယောက် လာဖို့ရှိတယ်၊ ဘဘကြီး စောင့်နေရမယ်”
“ဟင်...ဒီလိုဆို သမီးလဲ အတူတူစောင့်နေမယ်လေ၊ ပြီးမှ အတူတူသွားမယ်နော်”
ကဲကဲ ငိုချင်သွားသည်။ ဘဘကြီးမပါဘဲ သူမသွားလို။ ကိုဦးတို့ ကိုတူးတို့ မျှော်နေကြမည်ကိုလဲ သူသိသည်။
“ဘဘကြီး ပါမလာရင် ကိုဦးက ဆူမှာ၊ နောက်ပြီး ကိုတူးကလဲ ဆူမှာ”
“အေး.. ဒါပေမယ့် ဘဘကြီးက ဧည့်သည်ကို စောင့်ရဦးမယ်ဆိုမှ လိုက်လာလို့ မရဘူး”
“ကဲကဲလဲ အတူတူစောင့်”
“မစောင့်နဲ့ ...သွား”
ဦးဘပွား စိတ်တိုတောင်းစွာနှင့် အော်သည်။ နဖူးပြင်တွင် ချွေးတွေစို့နေပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသည်ကို ကဲကဲက အခုမှ သတိထားမိပြီး စိုးရိမ်သွားသည်။
“ဟင်...ဘဘကြီး နေမကောင်းဘူးလား”
သူ့ကို စိုးရိမ်တကြီး မော်ကြည့်နေသော ကဲကဲကို ကြည့်ရင်း ဦးဘပွား ဝမ်းနည်းသွားသည်။
“ဘဘကြီး နေမကောင်းရင် ကဲကဲ စောင့်နေမယ်လေ။ မသွားတော့ဘူး”
“မစောင့်နဲ့ ... သွား”
“ဘဘကြီးမှ နေမကောင်းတာ”
“ကောင်းကောင်း မကောင်းကောင်း သွား”
ဦးဘပွားက ဒေါသသံနှင့်အော်ပြန်တော့ ကဲကဲ၏မျက်လုံးလေးများ ဝိုင်းသွားသည်။
“ငါ စကားကြောရှည်လို့ ဘဘကြီး စိတ်ဆိုးသွားပြီလား” ဟု တွေးတောကာ အလန့်လန့်အဖျပ်ဖျပ် ဖြစ်သွားသည်။
“သွားလို့ ဆိုနေတယ်နော်”
ဦးဘပွားက အံကြိတ်သံနှင့် ထပ်ပြောသည်။ သည်ကလေးမလေးကို သည်အခန်းထဲမှ မြန်မြန်ထွက်သွားစေချင်လှပြီ။
“မသွားသေးဘူးလား ဟင်...”
ကဲကဲက ရုတ်တရက် မျက်ရည်တွေ လည်လာကာ ခေါင်းလေး ငုံ့လိုက်သည်။ ထို့နောက် “ဟုတ်...ကဲ့” ဟု အသံတုန်တုန်လေးနှင့် ပြောပြီး ဆုတ်ကန်ကန်လေး ထွက်သွားသည်။ ဘဘကြီးက သူ့ကို ဘာလို့ သည်လောက် စိတ်ဆိုးသွားရတာလဲ ဟု စဉ်းစား၍မရ။
“ဘဘကြီး မလာနိုင်ရင် ကိုဦးတို့ သင်္ကန်းဝတ်ပြီးတော့ ခေါ်လာမယ်နော်”
အပေါက်ဝရောက်တော့ လည်ပြန်လေး..လှည့်ကာ မရဲတရဲနှင့် တိုးတိုးလေးပြောသည်။ ချောင်းဆိုးချင်စိတ်ကို အတင်းထိန်းပြီး တင်းတင်းမာမာကြီးဖြစ်နေသော ဦးဘပွား၏မျက်နှာက အတန်ငယ်ပျော့သွားသည်။ ထို့နောက် ခေါင်းလေးကို လေးပင်စွာ ညိတ်ပြသည်။
“သမီး ကားပြန်လွှတ်လိုက်မယ်နော် ဘဘကြီး။ ဧည့်သည်ပြန်သွားရင် လာခဲ့မလားဟင်”
အတန်ငယ်အားတက်သွားသော ကဲကဲက တိုးတိုးလေး ထပ်ပြောသည်။
ဦးဘပွားက ကြိုးစား၍ ပြုံးရင်း ခေါင်းကိုထပ်ညိတ်သည်။ သို့သော် သူပြောသော ဧည့်သည်က သေမင်းဟူသည့် ဧည့်သည် ဆိုတော့ ထိုဧည့်သည်လာဖြစ်လို့ လာလျှင် ...သူက မျက်ရည်စို့စို့ ဝဲနေသော ကဲကဲ၏မျက်နှာလေးကို ငေးကြည့်ရင်း .....“ဝမ်းမနည်းပါနဲ့ ကလေးရယ်၊ မင်းကို ဘဘကြီး စိတ်ဆိုးနေတာ မဟုတ်ပါဘူး”ဟုစိတ်ထဲမှ ပြောနေမိသည်။ ထို့နောက် သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ ချောင်းဆိုးလာသည်။ ထို့ကြောင့် ကဲကဲကို လက်ပြပြီး နှင်သည်။
“ကျုပ်တော့ သွားတော့မယ်ဗျို့”
ဦးထင်က မျက်နှာငယ်လေးနှင့် ထွက်လာသော ကဲကဲ၏လက်ကို ဆွဲခေါ်ရင်း အော်ပြောသည်။
“တကယ်သွားရမှာက ကျုပ်ပါ”
သူက ချောင်းတဟွတ်ဟွတ်ဆိုးနေရင်း စိတ်ထဲမှ ပြန်ပြောနေမိသေးသည်။ ဟုတ်သည်၊ တကယ်သွားနှင့်ရမည်က သူဖြစ်သည်ဟု သူ့ကိုယ်သူ သိနေသည်။
“ဟဲ့...ကလေးတွေ ဥပုသ်သည်ကို ရေမပက်ရဘူး ဆိုမှ ငရဲမကြောက်ကြဖူးလား ဟင်”
ဒေါ်ရွှေနု၏အသံစာစာကို ကြားရပြန်သည်။ ထို့နောက် ကလေးများ၏ ရယ်မောသံ၊ ကားစက်နှိုးသောအသံ၊ ကားထွက်သွားသော အသံ။
“ဆိုး... ဆိုးစမ်းဟဲ့၊ ဒီချောင်း ဆိုးလိုက်စမ်းဟဲ့... ဒီချောင်း”
အခုမှ စိတ်လွတ်ကိုယ်လွတ် ချောင်းဆိုးရင်း ဦးဘပွားက စိတ်ထဲမှ ပြောနေမိပြန်သည်။ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေသော ရင်ဘတ်ကြီးတပြင်လုံးက ပိုပြီးနာကျင်ကာ အောင့်လာသည်။ ထို့နောက် သူအန်သည်။
“ဘုရား... ဘုရား”
တစ်သက်နှင့်တစ်ကိုယ် ဤမျှများသော သွေးများကို သူ မမြင်ဖူးခဲ့၊ သူ့ကိုယ်ထဲမှ ဤမျှများသော သွေးများ အန်ထွက်လာသည်ကို ရဲရဲဝံ့ဝံ့ မကြည့်ရဲသည့်အတွက် မျက်စိကို မှိတ်ထားလိုက်သည်။
“အိပ်နေလိုက်တာ ကောင်းမယ်ထင်တယ်”
ခြေလှမ်းအနည်းငယ်သာ ဝေးကွာသော အိပ်ခန်းဆီသို့ သူက ခဲယဉ်းပင်ပန်းစွာ တစ်လှမ်းချင်း လှမ်းလာခဲ့သည်။
“ဦးကံမြင့်ကတော့ ငါ့ကို မြန်မြန်သေ??လို့ မထင်သေးပါဘူး၊ ဒါပေမယ့် အထဲက သွေးကြောတွေ ရုတ်တရက် ပေါက်ကွဲကုန်မှာကိုတော့ သူအမြဲစိုးရိမ်နေတယ်”
ဖွေးပြီး သန့်နေသော မွေ့ရာကို လှမ်းမြင်လိုက်တော့ ခဏလောက် ငြိမ်ငြိမ်လေး လှဲနေလိုက်လျှင် သက်သာသွားလေမလားဟု သူက မျှော်လင့်လိုက်မိပြန်သည်။
သို့သော် အိပ်ရာပေါ်သို့ ကမူးရှူးထိုး လှဲအိပ်မည်ပြုစဉ် သူ့ကိုယ်သူ မထိန်းနိုင်ပဲ အန်ပြန်သည်။ ဖြူဖွေးနူးညံ့သော အိပ်ရာခင်းဖြူဖြူပေါ်သို့ ပွက်ခနဲ ပွက်ခနဲ ကျလာသော သွေးများကို သူက ကြောက်လန့်တကြား ကြည့်ရင်း တစ်ကိုယ်လုံး အေးစက်ကာ တုန်ယင်လာသည်။
သွေး ... သွေး ... ထိုသွေးများကို သူ မကြည့်ချင်၊ မမြင်ချင်။ ရင်ဘတ်ထဲမှ စူးစူးရှရှ နာကျင်လှသော ဝေဒနာကိုလည်း ကြာရှည် မခံစားချင်၊ လွန်မြောက်ချင်သည်။ ဘယ်နည်းနှင့်မဆို လွန်မြောက် သက်သာချင်သည်။
“ခဏနေရင် သက်သာသွားမှာ၊ ဒါဟာ သိပ်ကြာမှာ မဟုတ်ပါဘူး”
သူက သူ့ကိုယ်သူ အားပေးရင်း အိပ်ရာပေါ်တွင် တစ်စောင်းကြီး လှဲအိပ်နေမိသည်။ အသက်ရှူရသည်မှာ ရင်ထဲသို့ လေမရောက်၊ ရှူသွင်းလိုက်သော လေများသည် ဘယ်ကိုများ ရောက်ကုန်လေသနည်းဟု တွေးကာ ပင်ပင်ပန်းပန်း ရှိုက်၍ရှိုက်၍ ရှူရင်း သူ့ကိုစောင့်မျှော်နေကြမည့် ကိုဦးတို့ညီအစ်ကိုအား သတိရသည်။ သူ ပါမလာ၍ ကဲကဲကိုများ ဝိုင်း၍ ဆူနေကြလေသလား။
မျက်နှာကျက်ဖြူဖြူသည် သူ့အပေါ်တွင် ဝဲကာ ပတ်ချာလည်နေသည်။ စားပွဲပေါ်မှ ပန်းအိုးကလေးကတော့ ဆယ်လုံးလောက် ပွားသွားသည်။ နွမ်းပျော့နေသော ရေမွှေးနှင်းဆီကလေးများသည် အပေါ်သို့လွင့်တက်သွားပြီး မျက်နှာကျက်နှင့်အတူ ရောကာ ချာချာလည်နေသည်။ ထို့နောက် သူ့ကိုယ်ပေါ်သို့ တစ်ပွင့်ပြီးတစ်ပွင့် တဖြုတ်ဖြုတ်နှင့် ပြုတ်ကျလာကြသည်။ ထိုသို့ပင် သူထင်သည်။
“မကြောက်နဲ့ ...မကြောက်စမ်းနဲ့၊ ဒါဟာ ကြောက်စရာမဟုတ်ပါဘူး”
သူ၏စိတ်က သူ့ကို ပြောသည်။ ပျံ့လွင့်နေသော အာရုံများကို အတင်းဆွဲ၍စုသည်။ တပင်တပန်း ရှိုက်၍ ရှူနေရသော ဝင်သက်နှင့် ထွက်သက်တို့တွင် သတိကို ကပ်ရန် ကြိုးစားသည်။ ငြိမ်းသည်ဟု မဟုတ်သော်လည်း ခဏလေးတော့ ငြိမ်သွားသည်။
ဟိုးအဝေးဆီတွင် အလင်းရောင်ပျပျလေးကို မြင်ရသည်။ ကိုရင်ဝတ်ပြီးသွားကြပြီဖြစ်သော ကိုဦးတို့ညီအစ်ကိုက သူ့ဆီသို့ လျှောက်လာကြသည်။ တည်ငြိမ်သော ဣန္ဒြေကလေးများနှင့် မျက်လွှာကိုယ်စီချကာ တစ်စုံတစ်ခုကို ရွတ်ဆိုနေကြသည်။ သူ သဲသဲကွဲကွဲ မကြားရ၊ အသံတွေက ဝေဝါးနေသည်။
ထို့နောက် ...ဟိုးအဝေးဆီကလာသော အသံလိုလို၊ ချိုသော နူးညံ့သော အသံလေးကို တိုးတိုးလေး ကြားရသည်။
“ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါသည် အရှင်ဘုရား၊ ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါသည် အရှင်ဘုရား၊ သံဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ဆည်းကပ်ပါသည် အရှင်ဘုရား"
သဲ့သဲ့လေးကြားနေရသော အသံကို နားစိုက်ထောင်ရင်း ဦးဘပွားက လက်နှစ်ဖက်ကို ရင်ဝယ် စုစည်းကာ လက်အုပ်ချီမိုး ကန်တော့လိုက်သည်။ ဟော... ရင်ထဲတွင် စူးစူးရှရှအောင့်ပြီး အနေဆိုးလာပြန်ပြီ။ အန်ချင်လာပြန်ပြီ၊ ချောင်းတွေ ဆိုးလာပြန်ပြီ၊ သူက စားပွဲစွန်းကို ဖမ်းကိုင်ပြီး ထရန် ကြိုးစားသည်။ သို့သော် စားပွဲကို မကိုင်မိ၊ စားပွဲပေါ်မှ ပန်းအိုးသာ လက်နှင့်ယမ်း၍ ရိုက်မိသည်။
“ခွမ်း” ခနဲ ကွဲကြေသွားသော အသံကို ကြားရသော်လည်း သူ ဘာမှန်းမသိ။ ဖန်ကွဲစကို ဆုပ်ကိုင်မိ၍ လက်တွင် ရှကာ သွေးထွက်လာသော်လည်း သူ နာမှန်းမသိ။ သူအန်ချင်သည်။ ရင်ထဲတွင် ဆို့နေ ကျပ်နေ ခဲနေသည်။ နာနေသည်။ ထိုဝေဒနာအားလုံးကို သူအန်ထုတ်ပစ်လိုက်ချင်သည်။
သူက ပင်ပန်းကြီးစွာ ချောင်းဆိုးရင်း ဝေါခနဲ ထိုး၍ အန်ချလိုက်သည်။
ဟော..ကဲကဲ၏အသံလေးကို ကြားရပြန်ပြီ။
“ဘဘကြီးရေ”တဲ့။ “တရားနာရအောင်လေ” တဲ့။
“အေး... လာခဲ့မယ်။ ဘဘကြီး လာခဲ့မယ်။ တရားနာဖို့ ဘဘကြီး လာ.. လာ.. လာ...မှာ.. ပေါ့”
ဦးဘပွားက စိတ်ထဲမှ ပြန်ပြောနေမိသည်။
“ဟုတ်တယ်။ တ... ရား... နာ... ရ... "
သူ၏ဦးခေါင်းသည် လည်ပြီး စိုက်ကျသွားသည်။ သတိလစ်မသွားမီ သူသည် ဝေဒနာအပေါင်းမှ လွန်မြောက် သက်သာသွားသည်ဟု သူ့ကိုယ်သူ ထင်လိုက်မိသည်။
ပူနွေးတောက်ပနေသော အပြင်လောကတွင် ဝင်းဝင်းဝါသော ပိတောက်ပန်းများက လန်းဆန်းဝေဆာနေသည်။ ဝန်းကျင်တစ်ခွင်လုံးတွင်လည်း မွှေးထုံသင်းပျံ့နေသည်။ ရယ်မောပျော်ရွှင်နေကြသော ကလေးတို့၏ အသံကလည်း ဆူညံနေလေသည်။
လေအေးစက် တပ်ဆင်ထားသော အခန်းထဲတွင်တော့ သွေးနံ့တွေ ညှီနေလေသည်။ အေးစက်စိုထိုင်းပြီး ငြိမ်သက် တိတ်ဆိတ်နေသည်။ ဖန်ကွဲစ၊ သွေးစတွေ ကျဲပြန့်ပေကျံနေသော ကြမ်းပြင်ပေါ်သို့ နွမ်းနွမ်းပျော့ပျော့ နှင်းဆီပွင့် နှင်းဆီလွှာကလေးများက ကြွေလွင့်ပြီး ကျလာလေသည်။
ပန်းကလေးများ ဖူးလာ၊ ငုံလာ၊ ပွင့်လာကြသည်။ မွှေးပျံ့ သင်းထုံလာကြသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ညှိုးလာနွမ်းလာပြီး ခြောက်သွေ့ သွားကြသည်။ ကြွေကြရသည်။
ထိုအရာများသည် ဤလောက၊ ဤသံသရာကြီး၏ ဖြစ်စဉ်၊ ဖြစ်မြဲ၊ ဖြစ်ဆဲ ဓမ္မတာများပင် ဖြစ်သည်။ အရေးကြီးသည်ကား မကြွေမီ၊ မနွမ်းမီ သူ့မိခင်ပန်းပင်နှင့် သူ့ပတ်ဝန်းကျင်ကို သူက အလှဆင်နိုင်ဖို့ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်စေဖို့ပင် ဖြစ်သည်ကို ကွယ်လွန်သူ ဦးဘပွားတစ်ယောက် ကောင်းစွာ သဘောပေါက်နားလည်ခဲ့ပြီး ဖြစ်လေသည်။
မစန္ဒာ
No comments:
Post a Comment