“ဒီမှာ မောင်သော်တာဆွေရဲ့…”
ကျွန်တော်သည် ဖန်ခွက်ကို နှုတ်ခမ်းမှ ချွတ်လိုက်ကာ…
“ခင်ညာ…”
သောက်ရင်း အရှိန်ရလာသည်၌ ဦးကြွက်သိုးက စကားစ၏။
“အရိယာများ အရက်ကို ရေဖြစ်သတဲ့ကွဲ့”
“ဟင်… သမြောစရာကြီးနော်…”
“မင်းတို့လို အရက်သမားအဖို့တော့ ဟုတ်သပေါ့ကွာ…၊ တရားသမားတွေအဖို့တော့ ဒါမျိုး သိပ်ကြီးကျယ်တာကွ၊ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေ့ရင် တကယ့်ရဟန္တာပဲဆိုပြီး အကြီးအကျယ် ဆည်းကပ်ကိုးကွယ်ကြတော့တာကွ”
ကျွန်တော်က ခွက်ကျန်မော့လိုက်ပြီး…
“နေပါဦး… ဦးလေးကြွက်သိုးရ၊ အရက် ရေဖြစ်တယ်ဆိုတာက ဘယ်လိုတုံးဗျ…၊ ကျွန်တော့်သဘောတော့ အရက် ရေဖြစ်အောင်လုပ်တာက လွယ်ပါတယ်၊ ကဲ… ခု တချို့ ပြည်သူ့အရက်ဖြူဆိုင်တွေမှာဆိုရင် အရက် ရေရောလို့ ဖမ်းတာတွေတောင် သတင်းစာတွေထဲ တစ်လောက ပါလာသေးမှုတ်လား…”
ဦးကြွက်သိုးသည် တံတွေး ဗျစ်ခနဲ ထွေးလိုက်ပြီး…
“အတူတူသောက်တဲ့လူချင်း ကြောင်မနေချင်စမ်းပါနဲ့ မောင်သော်တာဆွေရာ…၊ ဒီအချိုးမျိုးတွေ ရိုးနေပါပြီ…”
“ဪ… ဦးလေးကြွက်သိုးကလည်း ကြွက်မြီးတိုရန်ကောဗျာ၊ ကျွန်တော်က သေသေချာချာ မသိလို့ဗျ၊ ကဲ.. အရိယာက အရက်ကို ဘယ်လို ရေဖြစ်သွားသလဲဗျာ… ပြောစမ်းပါဦး၊ အရက်ပုလင်း လက်ညှိုးထိုးလိုက်ပြီး ရေဖြစ်စေလို့ဆိုလိုက်တော့ ဖြစ်သွားရောလာ၊ အဲ့… ရေကို အရက်ဖြစ်အောင် လုပ်နိုင်တယ်ဆိုတဲ့ ပုဂ္ဂိုလ်မျိုးကျတော့ … လာခဲ့၊ အိမ်ဦးခန်းထားပြီး တစ်သက်လုံး ကိုးကွယ်ပြလိုက်မယ်…”
“ဟေ့… ဟာသဆရာ… မင်းနောက်လုံးတွေ တော်တော့…၊ ငါက အကောင်းပြောမလို့…”
“ပြောပါ… အရက်ကို ဘယ်နည်းဘယ်ပုံ ရေဖြစ်သလဲဆိုတာ… ကျွန်တော် ကြားဖူးတာကတော့… ‘သောတာပန်ဆို၊ သိလိုသမှု၊ နှစ်ခုသေရည်၊ တိုက်လေပါက၊ ရေသာဝင်ထ၊ သဘာဝ’တဲ့…”
“ငါပြောမှာက ဒီလိုတောင်မဟုတ်ဘူး၊ သူ့ပါးစပ်ထဲ သောက်လိုက်တဲ့အခါမှာ အရက်ရဲ့သဘောသဘာဝ ပျောက်ပြီး တကယ့်ပကတိ ရေဖြစ်သွားတာကွာ…”
“ဪ… အရက်ပီးတယ်ဆိုပါတော့… ဒါနဲ့ ရဟန္တာဖြစ်ရောလား…”
“ဟေ့.. ဒါကြောင့် ရဟန္တာဖြစ်တယ်ပြောတာ မဟုတ်ဘူးကွ… လောကီကကျွတ်ပြီး တရားရသွားပြီဆိုတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ… အရက်တောင်ပဲ သူတို့ခံတွင်းထဲရောက်ရင် ရေဖြစ်တယ်ဆိုတာကွ…”
“ဒီစကား ကျွန်တော်ကြားဖူးပါတယ်၊ ဒါက တင်စားပြောကြတာဖြစ်ပါလိမ့်မယ်၊ တကယ်တော့ ဘယ်အရိယာပုဂ္ဂိုလ်၊ ဘယ်ရဟန္တာမြတ်က အရက်သောက်ပြီး ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြနေလိမ့်မလဲဗျာ…”
“အေး… မင်ပြောတာ ငါသဘောကျသဟေ့၊ ဒါပေမဲ့ အရက်သောက်လိုက်တဲ့အခါ ရေဖြစ်သွားတဲ့ ရဟန်းတစ်ပါး ပေါ်ခဲ့ဖူးသကွ…”
“ဘယ်လိုတုံး၊ အရက်သောက်ပြလိုက်ပြီး မရှုံ့မမဲ့ဘဲ ငါ့ပါးစပ်ထဲ ရေပဲလို့ ပြောပြတာလား၊ ဒါကတော့ သူ လူဝတ်မှာတုန်းက အရက်ပြင်းပြင်းတွေသောက်နေကျ ယစ်ထုပ်ကြီးမျိုး ဖြစ်နိုင်တာပေါ့ဗျာ…”
“မင်းပြောတာ ဟုတ်ပါတယ်၊ ငါလည်း အရက်သမားပဲ၊ သဘောပေါက်ပါတယ်။ ငါ အခုပြောမှာက အဲသည်လိုကို မဟုတ်ဘူးကွ…”
“ဆို …”
“သူ့ကပ္ပိယနဲ့ ခရီးသွားကြရင်း လမ်းမှာ…၊ အဲ… ပြောထားရဦးမယ်၊ သူ့ကပ္ပိယက အရက်ပုန်း၊ ခွက်ပုန်းသမားကွ။ သူ့မှာ ထမင်းစားခါနီး မော့ဖို့ အိတ်ဆောင်လေးက အမြဲပါတယ်၊ အဲဒါ လမ်းမှာ နွားလှည်းပေါ်မှာကွာ လွယ်အိတ်ထဲ ဒီပုလင်းသွားတွေ့တော့ လှည်းနောက်က လမ်းလျှောက်လိုက်လာတဲ့ ကပ္ပိယကို… ဟဲ့ … ဒကာ… ဒါ ဘာပုလင်းလဲလို့ မေးတယ်။ ဒီတော့ ရေပုလင်းပါဘုရားလို့ လျှောက်ရသပေါ့။ အဲသည်အခါ ဘုန်းကြီးက ဟယ်.. ငါ ရေဆာနေတာနဲ့ အဆင်သင့်ပဲကွာဆိုပြီး ကောက်မော့တော့ ကပ္ပိယက ပျာပျာသလဲနဲ့ ဒီရေမသန့်ပါဘူး ဘုရား၊ တပည့်တော် သောက်လက်စကြီးပါ ဘုရား၊ ဒီပြင် ရေသန့်သန့် ကပ်ပါ့မယ်ဘုရားလို့ လှည်းပေါ် ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့ ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။ အဲသည်တော့ ကပ္ပိယကြီးက အဲ… တစ်ခါဖြင့် ဒုက္ခပဲလို့ ပြူးပြူးပျာပျာ ဖြစ်နေတယ်၊ ဒီတော့ ဘုန်းကြီးက… ဟဲ့… ဒကာရယ် ခရီးသွားရင်း လမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ်…၊ မင်း သောက်လက်စကော… ငါက ငါ့ဟာငါ ယူသောက်တာပဲ၊ မင်းမှာ အပြစ်မဖြစ်နိုင်ပါဘူး။ ရော့… ရော့ ဒီမှာ ကျန်ပါသေးတယ်။ မင်းဆာလည်း သောက်လိုက်၊ နေကလည်း ပူသနဲ့ကွယ်… လို့ဆိုတော့ ကပ္ပိယကလည်း အံ့အားသင့်ပြီး ကြောင်အမ်းအမ်းနဲ့ ဘုန်းကြီးပေးတာ ယူသောက်လိုက်တော့ … လား… လား အဲ ကျန်တဲ့အရက်ပါ ရေဖြစ်နေသတဲ့ မောင်ရေ့…”
ဒီတော့မှ ကျွန်တော် စိတ်ဝင်စားကာ…
“ဒါတော့ ဆန်းသဗျို့.. အံ့ဩစရာပဲ၊ ဒီဘုန်းကြီးကို လူတွေက ရဟန္တာလို့ မပြောကြဘူးလား…”
“ဟာ… ပြောရုံဘယ်ကမလဲ… အဲဒီစကား ကပ္ပိယဆီက တစ်ဆင့်ကြားပြီးကတည်းက တစ်ဆင့်တစ်ဆင့်ပွားပြီး အနယ်နယ်အရပ်ရပ်က ဒီကိုယ်တော်ဖူးမြော်ရအောင်၊ ဒီကိုယ်တော့်ကမ္မဋ္ဌာန်းနည်း ကျင့်ရအောင် လာလိုက်ကြတဲ့လူတွေကွာ မပြောပါနဲ့တော့၊ အဲဒီဘုန်းကြီးကလည်း ကမ္မဋ္ဌာန်း နည်းပြဆရာကိုးကွ…”
“အဲ… အဲ ဟုတ်ပြီ… ဘာနည်းလဲဗျ၊ စွန်းလွန်းရှူရှိုက်နည်းလား၊ မဟာစည် ပိန်ဖောင်းနည်းလား..”
“အဲဒါတွေကတော့ ငါမသိဘူးကွ…”
“နို့… အဲဒီကိုယ်တော် ပေါ်တာ ဘယ်လောက်ကြာပြီလဲ…”
“ကြာပြီကွာ… ငါ… အဲဒီတုန်းက ခပ်ငယ်ငယ်ရှိသေးတာပဲ၊ မင်း… အဲဒီကိုယ်တော်အကြောင်းရေးရင် ကောင်းမယ်ကွာ…”
“အာ… ဖြစ်မလားဗျ၊ ကျွန်တော်က ကာလပေါ်ဝတ္ထုရေးသမား၊ ထေရုပတ္တိသွားကိုင်လို့ ဘယ်နိုင်ပါ့မလဲ၊ ဒါမျိုးက ပါဠိလေးဘာလေးပါမှ၊ ကျွန်တော်က ပါဠိဆို နည်းနည်းမှ မတတ်တာဘဲ…”
“မလိုပါဘူးကွ၊ အဲဒီကိုယ်တော်ကလည်း ပါဠိမတတ်ဘူး”
“အောင်မာ ကမ္မဋ္ဌာန်းပြဆရာဘုန်းကြီး ပါဠိမတတ်ဘူးဆိုတော့ ဖြစ်မလားဗျ…”
“မင်း.. စွန်းလွန်းဆရာတော် အတ္ထုပ္ပတ္တိ မဖတ်ဖူးဘူးလား၊ အဲဒီ ဆရာတော်ကြီးဟာ စာတစ်လုံးမှမတတ်ဘူး၊ အခု ရဟန္တာလို့ အများပြောနေကြတဲ့ သဲအင်းဂူဆရာတော်ဘုရားကော ဓားပြဗိုလ်ကြီးတဲ့ခင်ဗျ၊ အသက် ၄၆ နှစ်ကျမှ တရားရပြီး အားထုတ်တာတဲ့…”
“ကဲ… ခင်ဗျား ခုနပြောတဲ့ အရက်ရေဖြစ်တဲ့ ကိုယ်တော်ကော…”
“သူလည်း ငယ်ဖြူမဟုတ်ဘူး၊ လူ့ဘဝမှာ တော်တော်ဆိုးဆိုးတေတေ နေခဲ့ပြီး အသက် ၅၀ လောက်မှာ သင်္ကန်းဝတ်တာပဲ၊ စာလည်း သိပ်မတတ်ဘူး၊ မူလတန်းလောက်ပဲ၊ ပါဠိဆို ဝေးလို့၊ အဲ… အင်္ဂလိပ်လိုတော့ စီအေတီကက် လောက်ပဲတတ်တယ်၊ ဒါပေမဲ့ လူကတော့ လူစုံပဲ…”
ကျွန်တော် နည်းနည်းသဘောတွေ့သွားကာ…
“အဲ… လူစုံ ဟုတ်ပြီ၊ နို့ပြီး အရပ်ကော သူများထက် ခေါင်းတစ်လုံး မြင့်လား…”
ဤနေရာ၌ ဦးကြွက်သိုးသည် စူးစမ်းသောမျက်လုံးဖြင့် ကျွန်တော့်ကို ကြည့်ကာ…
“မင်းက ဒါကို ဘာပြုလို့မေးတာလဲ…”
“ဘာဖြစ်လို့ မေးမေးဗျာ ပြောစမ်းပါ…”
“မင်းက ဒီကိုယ်တော်များ သိနေလားလို့…၊ မြင့်သကွာ၊ မြင့်လို့ပဲ ပွဲထဲ ခဏခဏ အရိုက်ခံရတာ…”
“ဘာလို့ အရိုက်ခံရတာလဲ…”
“ဟ… သူများထက် အရပ်မြင့်တော့ ရှေ့က သူ့ခေါင်းက ကွယ်ကွယ်နေလို့ ပွဲကြည့်တဲ့လူချင်း ရိုက်ကြတာပေါ့ကွ။ ရိုက်ရုံတင်မကဘူး၊ ခဲပေါက်၊ ခွပစ်တွေလည်း ခံရသေးတယ်…”
“ဒါဖြင့် သူ့ခေါင်း အနာရွတ်ချည်းနေမှာပဲ၊ ဒါဟာ ဘဝမှာ နာကြည်းစရာဒဏ်ချက်တွေပဲ၊ အဲ… ဟုတ်ပြီ၊ လူကလည်း လူစုံ၊ အရပ်ကလည်း သူများထက် ခေါင်းတစ်လုံးမြင့်တယ်…”
ကျွန်တော်သည် ဆရာကြီးရွှေဥဒေါင်း ရေးသားသည်များ မှတ်သားထား၍ “ဒါကြောင့် ထူးချွန်တာကိုးဗျ၊ ဒီလိုလူမျိုးအကြောင်းတော့ ရေးချင်သားဗျာ၊ ဦးလေးကြွက်က သူ့အကြောင်း တော်တော်သိလား…”
“ဟာ… ငါတို့အရပ်ထဲကပဲကွ၊ ငါ အကုန်သိတာပေါ့…”
“ဒါဖြင့် ပြောဗျာ…”
“သူ့မိဘမျိုးရိုးက အဲဒီခေတ်က ကျေးလက်လယ်ပိုင်ရှင်များကွ၊ လူချမ်းသာတွေပေါ့ကွယ်၊ ပထမ ရွာဘုန်းကြီးကျောင်းမှာပဲထားတယ်၊ နောက်တော့ သူတို့ငွေချေးတဲ့ ချစ်တီးတိုက်က မြှောက်ပေးတာနဲ့ မြို့ပေါ် အင်္ဂလိပ်ကျောင်း သွားထားတယ်၊ ဒီတော့ ရွာနဲ့မြို့က ၅ မိုင်တောင်ဝေးနေတာမို့ အဲသည်ခေတ်က ကျေးရွာလယ်ပိုင်ရှင်တွေရဲ့ ထုံးစံအတိုင်း ချစ်တီးဆီကငွေယူပြီး ရိုးကုမ္ပဏီက ရလေးစက်ဘီး ဝယ်ပေးတယ်၊ ရလေးဘွတ်ခြေနင်းနဲ့ မော်ဇာဝယ်ပေးတယ်၊ အယ်လ်ဂျင်နာရီ ဝယ်ပေးတယ်”
“အောင်မယ်… အကောင်းစားချည်းပါလားဗျ…”
ကျွန်တော်က စကားထောက်သည်။
“ဒါနဲ့ မော်ဇာဆိုတာ ဘာလဲဗျ…”
“ခြေအိတ်ကို သူတို့ တောခေါ် ခေါ်တာကွ…”
“အဲ… သူ့ငယ်နာမည်၊ လူနာမည်နဲ့ ရဟန်းဘွဲ့တော်လည်း ပြောထားဦးဗျ၊ ဖြစ်နိုင်ရင် သူ့မွေးသက္ကရာဇ်… ခု၊ နှစ်၊ လ၊ နေ့။ ဘာလဲဆိုတော့ ဒီလို အရိယာဖြစ်သွားတဲ့ပုဂ္ဂိုလ်မျိုး သူ့အတ္ထုပ္ပတ္တိရေးတဲ့အခါမှာ ဖွဲ့ရထည့်ရတာမျိုးဗျ…”
“သူ့ ခု၊ နှစ်၊ လတော့ ငါမသိဘူးပေါ့ကွာ။ မင်းလိုချင်ရင် နောက်တော့ သူ့ဆွေမျိုးတွေကို မေးကြည့်ပေါ့၊ အဲ… သူ့မွေးနေ့ကတော့ ကြာသပတေး ဖြစ်လိမ့်မယ်ကွ၊ ဘာကြောင့်လဲဆို သူ့ရဟန်းဘွဲ့တော်က ဦးပညာ၊ လူအမည်က ကိုမြင့်ဦး။ ဒါပေမဲ့ သူ မြို့ပေါ်ရောက်သွားတော့ အင်္ဂလိပ်ကျောင်းသားတွေက တောကြီး တောကြီးလို့ ခေါ်ကြသကွ…”
“ဒါပေါ့ဗျာ၊ မြို့သားတွေက တောသားမြို့တက်လာရင် နှိမ်ချင်ကြတာပဲဗျ၊ ဒါနဲ့ သူ အဲဒီအင်္ဂလိပ်ကျောင်းမှာ ဘယ်နှတန်းအထိ သင်ကြားတတ်မြောက်သလဲ…”
“အဲဒါတော့ သူ့ကိုယ်သူပဲ အမှန်ကိုသိမယ်ကွ၊ သူ့မိဘများလည်း မသိဘူး၊ သူ့အပြောကတော့ ရ တန်းဆိုလို့ သူ့မိဘများက ရ တန်းအထိ စာအုပ်ဖိုးတွေ ပေးနေခဲ့ရတာပဲ။ ဒါပေမဲ့… သူဟာ စီအေတီ ကက် ကြောင် အာရ်အေတီ ရက်… ကြွက်၊ ဘီအေတီ ဘက် လင်းနို့၊ ဗလီတံလောက်ပဲတတ်တယ်…”
“နို့… သူ အဲဒီကျောင်းက ဘယ်အရွယ်လောက်မှ ကျောင်းထွက်သလဲ”
“ဒါလည်း သူ့ကိုယ်သူပဲသိမယ်ကွ၊ ဘာကြောင့်လဲဆို… သူက ၁၃ နှစ်သား ရှင်လူထွက်လောက်မှာ မြို့ရောက်သွားလိုက်တာ လူပျိုပေါက်လည်းဖြစ်ကရော ကျောင်းကောင်းကောင်း သွားတော့တာမဟုတ်ဘူး။ အိမ်ကငွေ တောင်းတာတောင် ခိုးတာခိုးနဲ့ အလေဏတော နေလိုက်တာ ၁၇ နှစ်သားလောက်မှာ ဘိန်းစွဲလို့ ကျောင်းမသွားတော့ဘဲ ဖဲပဲ လျှောက်ရိုက်နေတော့တာပဲ…”
“အောင်မယ်လေး… တကယ့် လူဆိုးလူပေပါလားဗျာ၊ အေးလေ… ဒါကြောင့်ပဲ အကျွတ်တရားမြန်မြန်ရတာပေါ့၊ ကဲ… ပြောပါဦး၊ သူအိမ်ထောင်ကော ကျသလား…”
“ကျတာပေါ့၊ သူ့မိဘများက ဒီအတိုင်းထား မဖြစ်ဘူး၊ ခြေချုပ်ရအောင် အိမ်ထောင်ချပေးမှပဲဆိုပြီး တခြားရွာက သူတို့စိတ်ကြိုက် သူငယ်မတစ်ယောက်နဲ့ ပေးစားလိုက်တယ်…”
“ဒီတော့ သူ ကောင်းသွားရောလား”
“ကောင်းတာတော့ မပြောနဲ့၊ သူ့မိန်းမလည်း ဘိန်းစွဲပြီး သူနဲ့အတူ ဖဲလိုက်ရိုက်တော့တာပဲ”
“ဟယ်…”
“ဒါနဲ့ နှစ်ဘက်မိဘက လက်ဖွဲ့လိုက်တဲ့ အတွင်းပစ္စည်းတွေထုတ်ပြီး လယ်ကို ချစ်တီးဆီ ပေါင်တဲ့အထိ ရောက်လာတော့တယ်။ ဒါပေမဲ့ မလျှော့ဘူး၊ သူတို့လင်မယားဟာ စိတ်တူသဘောတူ လှေမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက် ဆိုတဲ့စကားအရ ဖဲပဲ ဆက်ရိုက်တယ်။ ဉာဏ်သမားရှာပေါင်းတယ်၊ နောက်ဆုံးမှာ အောက်လမ်းဆရာနဲ့တွေ့ပြီး ဖဲရိုက်တဲ့အခါမှာ ခေါ်ဖဲ ရဖို့ သရဲမွေးသကွ…”
“ဟင်.. ဒါမျိုး ဖြစ်နိုင်သလားဗျာ…”
“ဖြစ်နိုင် မဖြစ်နိုင် မင်းနားထောင်…၊ ငါပြောပြမယ်။ ငါ သူတို့အဖြစ်ကို ကောင်းကောင်းကြီး မှတ်မိခဲ့တယ်၊ သူတို့လင်မယား အသက် ၃၀ ကျော်လောက်မှာ ငါက ၁၀ နှစ်သားလောက်ရှိပြီ။ သူတို့ သရဲမွေးဖို့အလုပ်က မလွယ်ဘူး။ အစိမ်းသေရမယ်.. နို့ပြီး အသက်မထွက်ခင်မှာ အလောင်းအောက် ဆေးစီရင်တဲ့ပစ္စည်းထားနိုင်အောင် ကိုယ်နဲ့ရင်းနှီးတဲ့ မသာလည်း ဖြစ်ရမယ်”
“အင်း… တယ်မလွယ်ပါလား”
“ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကုသိုလ်ပဲ၊ အကြောင်းတိုက်ဆိုင်လာတယ်။ အဲဒီဆရာနဲ့ ဒါမျိုးရှာနေစဉ်အတွင်းမှာပဲ သူ့သူငယ်ချင်း သူနဲ့ဖဲရိုက်ဘက် ဖိုးကျော်ဆိုတဲ့လူဟာ သစ်ပင်ပေါ်က လိမ့်ကျပြီး အိမ်မှာ ၃ ရက်လောက်ခံနေတယ်။ ဒီအတွင်းမှာ တောကြီး ခေါ်တဲ့ ကိုမြင့်ဦးဟာ သူငယ်ချင်းပြုစုသယောင်နဲ့ ဆရာဆေးစီရင်ပေးတဲ့ အင်းရယ်၊ ဖဲထုပ်ရယ်၊ ပိုက်ဆံကြိုးရယ်၊ လက်ကိုင်ပဝါနဲ့ စုထုပ်ပြီး အသက်ငင်နေတဲ့ ဖိုးကျော်ရဲ့ ကိုယ်အောက်မှာ ထားခဲ့တယ်။ နောက် အသက်ထွက်ပြီးတဲ့အခါမှာ ပြန်ယူထားလိုက်တယ်…”
“အဲ… အလောင်းမြေမြှုပ်ပြီးတဲ့နေ့ ညကျတော့ ခုန ဆေးစီရင်ထားတဲ့ အင်းရယ်၊ ပိုက်ဆံကြိုးရယ်၊ သင်္ချိုင်းကုန်းယူသွားပြီး မြေမြှုပ်ထားတဲ့အလောင်းပေါ်မှာ ပိုက်ဆံကြိုးနဲ့ လည်ပင်းချည်ဟန်ပြုပြီး မင်းကို ငါပိုင်ပြီ၊ ငါခေါ်ရာလိုက်ခဲ့၊ ငါခိုင်းတာလုပ်၊ ငါ့အကျိုးဆောင်ရမယ်)လို့ အမိန့်ထုတ်ပြီး ဆွဲခေါ်ခဲ့တော့… ဟေ့ နောက်က မည်းမည်းကြီး လိုက်လာသတဲ့ကွာ”
“ဟင်… ဒါဖြင့် သူတို့အကြံအောင်တာပေါ့နော်”
“မအောင်ဘူးကွ၊ အဖြစ်က သူတို့အလုပ်မှာ သရဲကိုတော့ ပါအောင်ခေါ်နိုင်တယ်၊ ဒါပေမဲ့ သရဲကို မနိုင်ဘူး။ အဲဒီနောက် သူတို့အဆောင်တွေနဲ့ ဖဲသွားရိုက်တာ… ရှုံးတာချည်းပဲ။ နောက်ဆုံးမှာ အဲဒီသရဲဖိုးကျော်ဟာ သူတို့အိမ်နံဘေးက အပျိုလေးတစ်ယောက်ကို ဝင်ပူးပြောတယ်… ဟေ့ သူငယ်ချင်း မြင့်ဦး… မင်းဟာ ငါ့အပေါ် လုပ်ရက်တယ်ကွာ… ဒါပေမဲ့ မင်းဆရာက ငါ့ဘဝကို မကျွတ်အောင်ချည်နှောင်ပေမဲ့ ငါ့သဘောကို မနိုင်ပါဘူးကွာ၊ ကြည့်… မင်း ဖဲရိုက်သမျှ ကိုးခေါ်ရင် ငါက ဘူကျအောင်ချည်း လုပ်ပေးတယ်မဟုတ်လား၊ မင်းရှုံးတာတွေ ပြန်မရတဲ့အပြင် ရှိတာတွေ ကုန်ရစေမယ်လို့ ပြောသတဲ့ကွာ”
“ဟင်… ဒီလိုတောင် ပြောနိုင်သလား”
“ပြောနိုင်တာပေါ့ကွ… သူတို့အောက်လမ်းဆရာ အစီအမံက ညံ့တာမှမဟုတ်ဘဲ။ ဖိုးကျော်ဟာ သေပေမဲ့ သူ့ဘဝက မကျွတ်သေးဘူး။ သူ့ဝိညာဉ်နဲ့ သူ့စိတ်ဟာ ဒီပတ်ဝန်းကျင်မှာပဲ ရှိနေသေးတာကိုးကွ၊ သရဲဖိုးကျော်ဟာ ဘယ်အထိ ပြောနိုင်သလဲဆိုရင်… အဲဒီကောင်မလေး ဝင်ပူးပြီး… ‘ကျုပ်အမေကို ခေါ်ပေးပါ’ဆိုလို့ ခေါ်ပေးတော့ရင် သူ့အမေကိုလေ… သူ့ဘယ်ပစ္စည်းက ဘယ်နေရာမှာထားတယ်၊ ဘယ်သူ့ဆီမှာ သူက ကြွေး ဘယ်လောက်ရစရာရှိတယ်၊ ဘယ်သူ့ကိုဖြင့် ဘယ်လောက်ပေးစရာရှိတယ်… အမေ အဲဒါတွေ ရှင်းလိုက်ပါဆိုတော့ အဲဒီ သူပြောတာတွေဟာ အကုန်မှန်သတဲ့ကွ၊ အဲ…ကိုမြင့်ဦးလင်မယားကိုတော့ သူ နေ့တိုင်း ကြိမ်းပဲနေတော့…. ကိုမြင့်ဦးအိမ်မှာပဲ နေရတာကိုးကွ။ ညညကျရင် ပန်းကန်တွေခွဲပစ်၊ ကြောင်အိမ်လှဲပစ်နဲ့ တဝုန်းဝုန်း တဒိုင်းဒိုင်းနေတာပဲ။ ကြာတော့ အရပ်ကလည်း ဝိုင်းပြောကြနဲ့ ကိုမြင့်ဦးတို့လင်မယား အလျှော့ပေးပြီး သူတို့ဆရာရဲ့ အစီအမံနဲ့ပဲ သရဲကို တောင်းပန်ပြီး လွှတ်ပစ်လိုက်ရတော့တယ်”
“အင်း… မယုံနိုင်စရာဘဲနော်”
ကျွန်တော်က စကားထောက်မိရာ ဦးကြွက်သိုးက မျက်ထောင့်နီကြီးနှင့်ကြည့်ရင်း…
“ဘာလဲ၊ ဒါမျိုးယုံရင် ခေတ်နောက်ကျပြီ၊ ရုပ်ဝါဒသာရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် အတင်းညာနေတဲ့ လက်ဝဲသမားဆိုတာတွေကတော့ မယုံဘူးလို့ ငြင်းရမှာပေါ့ကွ၊ ဘာလဲ… မင်းကကော ဘယ်လိုတုံး”
“ယုံပါတယ်ဗျာ၊ ကဲ… ကိုမြင့်ဦးတို့အကြောင်း ဆက်ပြောပါဦး”
“သူတို့လင်မယားဟာ အဲဒီကစပြီး စိတ်ပြောင်းသွားကြတာ၊ ဘိန်းဖြတ်တယ်၊ ဖဲရိုက်ရပ်တယ်၊ အောက်လမ်းပယ်ပြီး အထက်ဂိုဏ်းဆိုတာ လိုက်ကြပြန်တယ်”
“အဲဒီလိုဆိုတော့ အကောင်းဘက်ရောက်သွားတာပေါ့နော်”
“မထူးပါဘူးကွာ၊ အောက်လမ်းဆရာနဲ့ အထက်လမ်းဆရာ ဆိုတာက ထမီခြုံတာနဲ့ ပိတ်ဖြူဝတ်တာသာ ခြားတာပါ။ ပစ္စည်းဥစ္စာရဖို့၊ တန်ခိုးအာဏာရှိဖို့ လုပ်နေကြတဲ့ လောဘသမားတွေချည်းပါပဲ၊ အဲ… အထက်ဂိုဏ်းဆိုတာက သာပြီး အလိမ်အညာပေါသေးတယ် မောင်။ အဲဒီ ကိုမြင့်ဦးတို့ လင်မယားဟာ ရွှေဖြစ်တယ်ဆိုတဲ့ ဝဏ္ဏသိဒ္ဓိဂိုဏ်းနဲ့ပေါင်းမိတာ မင့်လူ ထောင်ကျသွားပါရောလား”
“ဟာ… ဒီကိုယ်တော်က ထောင်ကျသွားဖူးသေးတယ်၊ အင်း… ဒါလောက်တောင် စုံပေတာကိုး၊ ဘယ်လိုပြစ်မှုနဲ့ ကျတာလဲဗျာ”
“အဲဒီ ဝဏ္ဏသိဒ္ဓိဂိုဏ်းက ရွှေလိမ်ဂိုဏ်းကိုးကွ၊ ဒီအချိန်မှာ ကိုမြင့်ဦးတို့လင်မယားမှာက လိမ်ယူစရာပစ္စည်းဥစ္စာက သိပ်မရှိတော့ဘူးဖြစ်လေတော့ သူတို့နဲ့ပတ်သက်တဲ့ ဆွေမျိုးထဲကဆိုပါတော့ကွာ… လူချမ်းသာတစ်ဦးလိမ်မိတာ… အဲဒီလူက လူပါးလားကွ၊ ကိုမြင့်ဦးတို့လင်မယား လမ်းမှားနေကြောင်းသိရအောင် အကွက်ဆင် ဖမ်းလိုက်တာ… တစ်ဂိုဏ်းလုံးပေါ်သွားတော့ ကိုမြင့်ဦးပါ ကြံရာပါဖြစ်ပြီး ရောပါသွားတာပေါ့ကွာ…”
“ဟင်… ဘယ်နှနှစ်ကျသွားလဲ”
“အဲဒါတော့ ငါမမှတ်မိဘူးကွ၊ မင်း အတိအကျသိချင်ရင် သူတို့ဆွေမျိုးတွေထဲ စုံစမ်းပေါ့ကွာ၊ အဲ… သူထောင်ကလွတ်လာတော့ သူ့ဇနီးက သေရှာပြီ… အဲဒီမှာ မင့်လူ အကျွတ်တရားရပြီး သင်္ကန်းဆီး၊ သာသနာ့ဘောင်ဝင်တော့တာပဲ”
“အင်း… ကျွတ်ထိုက်ပြီကိုးဗျ”
ကျွန်တော်က သာဓုအနုမောဒနာ ပြုမိပါသည်။
“ဘယ်ကျောင်းမှာ သတင်းသုံးသလဲ…”
“ပထမတော့ ရွာကကျောင်းမှာပဲကွ၊ နောက်တော့ ပဒင်းပင်တောရ ဆရာတော်ဆီမှာ သွားပြီး ကမ္မဋ္ဌာန်းထိုင်တယ်။ သုံးနှစ်လောက်တော့ တို့ရွာက ဘုန်းကြီး ပျံတော်မူတယ်၊ သည်တော့ သူဟာ ကမ္မဋ္ဌာန်းလည်း တော်တော်ပေါက်နေပြီ။ ပဒင်းပင် ဆရာတော်ဘုရားကြီးရဲ့ လက်ထောက်ကမ္မဋ္ဌာန်းနည်းပြဆရာဖြစ်နေပြီ…။ အဲဒီအခါမှာ ရွာကလူတွေက သူ့သွားပင့်ပြီး ရွာကျောင်းမှာ ကျောင်းထိုင်စေတယ်။ ကမ္မဋ္ဌာန်းဆရာ ဦးပညာဆိုတဲ့နာမည်လည်း တော်တော်ကြီးလာတယ်။ အပြောအဟောကလည်း ကောင်းတယ်၊ လူကြည်ညိုအင်မတန်များတယ်၊ တချို့မြို့ပေါ်ကလူတွေပါ လာလာပြီး သူ့ကျောင်းမှာ ဥပုသ်စောင့်ကြတယ်၊ ကမ္မဋ္ဌာန်းထိုင်ကြတယ်။ ဒီတော့… ကျောင်းမှာ စားကောင်းသောက်ဖွယ်တွေက အလွန်ပေါကိုးကွ… အဲဒီတော့ကာ သူနဲ့ ဟိုတုန်းက ဆိုးဘောတေဘက်ဖြစ်တဲ့ သာဖြန် ဆိုတဲ့ကောင်က ကျောင်းလာပြီး ကပ္ပိယလုပ်တယ်။ အဲဒါ… ငါ အစကပြောခဲ့တဲ့ ကပ္ပိယ အရက်ခွက်ပုန်းသမား ဆိုတာပေါ့ကွ…”
“အင်း… အင်း… ကြောင်းကျိုးဆင်ခြင်လိုက်တော့ သူလည်း တစ်နည်းအားဖြင့် ပါရမီဖြည့်ဘက်ပေါ့ဗျာ။ ဘာကြောင့်လဲဆိုရင်… ဒီကိုယ်တော်ဟာ သူ့ကြောင့်ပဲ အရိယာပုဂ္ဂိုလ် ရဟန္တာဖြစ်နေပြီဆိုတာ လူအများ သိလာရတာကိုးဗျ၊ အဲဒီနေ့က ဖြစ်ပုံလေး ပြန်ပြောပါဦးဗျာ… ဒီကိုယ်တော် အကြောင်းရေးရင် အဲဒီနေရာလေး အသားပေးရေးရမှာပဲဗျ…”
“အဲဒီနေ့က မနက်ပိုင်းမှာ ရွာတစ်ရွာကပင့်တဲ့ အလှူတစ်ခုကို သွားကြတာကိုးကွ၊ နွားလှည်းနဲ့ သျှောင်ပေစူးနဲ့ ကျောင်းသားလေးက လှည်းမောင်းလို့၊ ဘုန်းကြီးက ကက်အိမ်ထဲ ကောက်ရိုးခံတဲ့ကော်ဇောပေါ်မှာ ထီးကြီးဆောင်း ထိုင်လို့၊ အဲ… ကပ္ပိယ သာဖြန်ကတော့ ရွာကမထွက်မီ နည်းနည်းမော့လာတော့ သူ့ပါးစပ်ကနံမှာစိုးလို့ နေမှာပေါ့လေ… လှည်းနောက်က ခြေကျင်လျှောက်လိုက်ခဲ့တယ်။ ဒီလိုနဲ့ နေအတော်မြင့်ပြီး ပူလာတော့ ဘုန်းကြီးက ရေဆာလာတာနဲ့ လှည်းမောင်းတဲ့ကျောင်းသားလေးကို ‘ဟဲ့ … ငါ ရေသောက်ချင်လိုက်တာဟယ်၊ ဒီအနီးအနား ရေများမရှိဘူးလား’ပေါ့၊ ဒီတော့ ကျောင်းသားလေးက ‘ဘကြီးသာဖြန် လွယ်အိတ်ထဲမှာတော့ ပုလင်းတစ်လုံးမြင်တာပဲ…’ ပြန်လျှောက်တယ်၊ လွယ်အိတ်ကလည်း လှည်းကက်အိမ်နံရံတိုင်မှာ ချိတ်လျက်သားလေး၊ ဒီတော့… ဘုန်းကြီးက ကပ္ပိယဆီလှမ်းပြီး ‘ဟဲ့… ဒကာ၊ ဒါ ဘာပုလင်းလဲ’လို့မေး၊ ‘ရေပုလင်းပါဘုရာ့’လို့ ပြန်လျှောက်ရ၊ ဒီတော့… ဘုန်းကြီးက ကျောင်းသားလေးကို ‘ဟဲ့… ငါ့ကပ်စမ်း’ဆိုပြီး အမော့၊ ကပ္ပိယကြီးက ပျာပျာသလဲနဲ့ ‘ဒီရေ… မသန့်ပါဘူးဘုရား၊ တပည့်တော် သောက်လက်စကြီးပါဘုရား၊ ဒိပြင်ရေသန့်သန့်ကပ်ပါ့မယ် ဘုရား’လို့ လှည်းပေါ်ပြေးခုန်တက်ရင်း ပြောပေမဲ့ မရတော့ဘူး၊ ဘုန်းကြီးက ပုလင်းတစ်ဝက် မော့ပြီးနေပြီ။
သည်တော့ ကပ္ပိယကြီးက အဲ… တစ်ခါဖြင့် ဒုက္ခတော့ရောက်ပဟဲ့လို့ ပြူးပြူးပျာပျာ ဖြစ်နေတယ်၊ ဒီတော့… ဘုန်းကြီးက ‘ဟဲ့… ဒကာရယ်၊ ခရီးသွားရင်းလမ်းမှာပဲ ကိစ္စမရှိပါဘူးကွယ်၊ မင်း သောက်လက်စကော၊ ငါ့သဘောနဲ့ ငါသောက်တာ မင်းမှာ အပြစ်မရှိနိုင်ပါဘူး၊ ရော့… ရော့… ဒီမှာ ကျန်ပါသေးတယ်၊ မင်း ဆာလည်းသောက်လိုက်ဦး။ နေကလည်း ပူသနဲ့ကွယ်’လို့ ဘုန်းကြီးက ဘာမျှ ဣန္ဒြေမပျက်ဘဲဆိုတော့ ကပ္ပိယလည်း အံ့အားသင့်ပြီး ကြောင်ကန်းကန်းနဲ့ ဘုန်းကြီးပေးတဲ့ ပုလင်းလက်ကျန် ယူမော့လိုက်တော့ လားလား… ရေပကတိ ဖြစ်နေရောဟေ့… ဒါပဲကွ။”
“အဲဒီမှာ သာဖြန်ဟာ ရွာပြန်အရောက် သူ့အပြစ်သူဝန်ခံပြီး… သူ့ဆရာတော်ဘုရား သိဒ္ဓိတင်လေတော့ နဂိုကလည်း ကမ္မဋ္ဌာန်းဆရာတော်အဖြစ်နဲ့ နာမည်ကြီးနေတာလားကွ၊ ‘အရိယာများ အရက်ရေဖြစ်တယ်’ဆိုတဲ့ စကားအရ ဒီကိုယ်တော် ဦးပညာဖြင့် ရဟန္တာဖြစ်သွားပြီဆိုတာ တစ်ခါတည်း ဝေးနီးပတ်လည်ပျံ့နှံ့သွားတော့ လာလိုက်ကြတာ… လာလိုက်ကြတာ… ရဟန္တာဖူးရအောင် တောရွာတွေကရော၊ မြို့တွေကရော နွားလှည်းတွေ၊ မြင်းရထားတွေ၊ မော်တော်ကားတွေ အဲဒီမှာ တို့စခန်းသာရွာသားတွေ ပွကြတာပေါ့ကွ”
“ဘယ်လို ပွကြတာလဲဗျ…”
“ဒီလို… လူအများလာကြတော့ တို့ရွာသားတွေ ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ ခေါက်ဆွဲဆိုင်တွေ၊ အကြော်ဆိုင်တွေ၊ မုန့်ဟင်းခါးဆိုင်တွေ စတဲ့ စားသောက်ဆိုင်တွေ ဖွင့်ကြတာကိုးကွ၊ ရွာက ဘုရားလူကြီးတွေ၊ ဥပသကာတွေကလည်း တစ်စခန်းပေါ့။ ကျောင်းမှာ လျှပ်စစ်မီးသွယ်ဖို့၊ ဓမ္မာရုံကြီးဆောက်ဖို့၊ ကမ္မဋ္ဌာန်းကျောင်းတွေတိုးချဲ့ဖို့၊ စေတီကြီးတစ်ဆူတည်ဖို့၊ ဘုရားရွှေချဖို့ဆိုတဲ့ အလှူခံသေတ္တာတွေ၊ ကြေးစည်တွေ တနောင်နောင်နဲ့ပေါ့ကွာ… များများလှူချင်တဲ့ လူတွေအတွက်ဆိုရင် လက်ခံဖြတ်ပိုင်းပေးဖို့ စာအုပ်တွေနဲ့၊ ဟာ… အဲဒီမှာ လာလိုက်ကြတဲ့လူတွေ၊ လှူလိုက်ကြတဲ့ ငွေတွေ သောက်သောက်လဲလို့ကွာ… တချို့များ ဦးပညာရဲ့ ချိုးရေ၊ ဆေးရေတောင် ယူသောက်ကြသတဲ့”
ဤတွင် ကျွန်တော်က ဖြတ်၍…
“ထွီ… ဒါ ဘာဆိုင်သလဲဗျာ…၊ မြတ်စွာဘုရားလက်ထက်က ဘုရားကို အလွန်ကြည်ညိုနေတဲ့ ရဟန်းကြီးတစ်ပါးကို မြတ်စွာဘုရားက ဟဲ့… ရဟန်းကြီး၊ ငါ့ကို ကြည်ညိုနေရုံနဲ့ သင့်မှာအကျိုးမရှိဘူး၊ ငါ့တရားတော်အတိုင်း ငါလိုအားထုတ်မှ ကိစ္စပြီးမြောက်မယ်လို့ ဟောခဲ့တယ်ဆိုတာလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြသားဗျ၊ ခုတော့ ဒီလို ကိုယ်တိုင်အားထုတ်ဖို့တော့ ပင်ပန်းလို့ မကြိုးစားကြဘူး၊ အကြင်ပုဂ္ဂိုလ်တစ်ယောက် သူ့ဟာသူ ကျင့်ကြံအားထုတ်လို့ ပေါက်မြောက်သွားပြီဆိုတဲ့အခါ အတင်းလိုက်ဖူး၊ အတင်းလိုက်လှူ၊ အရမ်းကြည်ညို၊ အရမ်းကုသိုလ်လိုချင်ကြတာကိုး။ အဲဒီလူတန်းစားဟာ တော်တော်ရယ်စရာကောင်းတယ်”
“အေး… ဒီထက် ရယ်စရာကောင်းတာ ရှိသေးတယ်၊ မင်း… ငါပြောတာ ဆက်နားထောင်… အဲဒီလို တို့ရွာသားတွေ ကိုယ့်ဘုရားကြီးအတွက်ရော၊ သူတို့စီးပွားရေးအတွက်ရော ပျော်တပြုံးပြုံး မော်မဆုံး ဖြစ်နေတုန်းအခါမှာ သာအေးရယ်ပေါ့ကွာ၊ သူ့စိတ်ထဲမှာ အင်း… တို့ရွာသားတွေ ဒါကြောင့် ကောင်းစားကြတာလို့လည်း မှတ်ချက်ချတယ်”
ကျွန်တော်က ဖြတ်၍…
“အိုး… သူနဲ့ ဘာဆိုင်လို့တုံး”
“ဒီလိုကွ၊ အဲဘုန်းကြီး အလှူသွားမယ့်မနက်မှာ ကပ္ပိယသာဖြန်ဟာ သူ့ဆီပြေးလာပြီး… ‘သူငယ်ချင်း သာအေးရာ… မင်း ငါ့ကို အရက်တစ်လုံး မျှပါဦးကွာ..၊ ငါ ရုတ်တရက် ဘုန်းကြီးနဲ့လိုက်သွားရမှာမို့ပါ၊ မြောက်ပိုင်းက မြကျူးတို့အိမ်သွားနေဖို့ အချိန်မရတော့ဘူးကွာ…၊ ခုပဲ လှည်းထွက်တော့မှာကွာ… မြန်မြန်လုပ်ပါကွာ၊ ရော့ မင်းစျေးပိုယူပါကွာ’လို့ ကမူးရှူးထိုးနဲ့ ငွေထိုးပေးတော့ အရက်မရှိလို့ အရက်ဆာနေတဲ့ သာအေးဟာ အဆင်သင့် ဖြစ်သွားတာလားကွ၊ အိမ်ထဲဝင် ပုလင်းခွံတစ်ခုထဲ ရေထည့်၊ ဖော့ဆို့ပေးလိုက်တာလားကွ”
ကျွန်တော် မျက်လုံးပြူးသွားကာ…
“ဟာဗျာ… ခင်ဗျားကြီး ကျွန်တော်က အဟုတ်မှတ်လို့ နားထောင်နေတာ…”
“ဟ… ငါပြောတာတွေ အဟုတ်ချည်းပဲကွ၊ ဒါကြောင့် တို့ရွာက အင်မတန်ဉာဏ်ရွှင်တဲ့ နွားပွဲစား ကိုကျော်ငြိမ်းကတောင် စာချိုးပစ်ခဲ့သေးတယ်၊ ဘယ်လိုလဲဆိုတော့…' ပြဒါးသေ တစ်ပြည်၊ သံသေ တစ်ဆွေဝ၊ အရက်ညာ တစ်ရွာပွ…၊ သာအေးကျေးဇူးကွ' တဲ့။ အဲဒီ သာအေးနဲ့ သာဖြန်လည်း နောက်တော့ ဓာတ်သိချင်းပူးပေါင်းပြီး ဘုန်းကြီးဓာတ်ပုံတွေ ရောင်းစားတာ တော်တော်စီးပွားဖြစ်သွားတယ် မောင်ရေ့…”
သော်တာဆွေ
crd 👉 thanthannaing @ mmcybermedia
No comments:
Post a Comment