Friday, July 22, 2022

အသွားတစ်လမ်း အပြန်တစ်လမ်း

ပန်းရနံ့တို့ လှိုင်ပျံ့ပြည့်မွမ်းသော ထိုလမ်းအတိုင်း ကျွန်တော်လျှောက်သွားသည်။ လှပ၍ ချစ်ဖွယ်ကောင်းသော၊ မွှေး၍ချစ်ဖွယ်ကောင်းသော ပန်းမျိုးစုံသည် ကျွန်တော့်နှလုံးသားကို ယူကျုံးပွေ့ပိုက်ထားသည်ဟု ထင်မှတ်ရသည်။ နွေနေခြည်ကိုအမှီပြုကာ ပွင့်သောပန်းများကို ဆွတ်ချဖူးသည်။ နမ်းဖူးသည်။ မိုးစက်မိုးဖွဲကိုအဖော်ပြု၍ ပွင့်သောပန်းများကို သိမ်းဆည်းဖူးသည်။ နမ်းဖူးသည်။ နှင်းငွေ့ရည်နှင့် ယှဉ်၍ပွင့်သောပန်းများကို ယူငင်ဖူးသည်။ နမ်းဖူးသည်။ သို့ရာတွင် ပန်ကား မပန်မိ။ ဆင်လည်းမဆင်မိ။ ဖူးပွင့်စုံ၍ ငုံလွှာဆင့်သော သည်ရနံ့တောတွင် တရေးတမောမျှပင် မအိပ်စက်မိခဲ့။ 


ဆက်ရဦးမည့်ခရီးသည် ရှေ့တွင် တမျှော်တခေါ်ကြီး ရှိသေးသည်။ ကျေနပ်လောက်သောပန်းကို မတွေ့သရွေ့ ရှာဖွေဦးမည်။ ရွေးချယ်ရဦးမည်။

 

အကယ်တန္တု စိတ်ကြိုက်မတွေ့လေသောအခါ မူလကပန်းတို့ကိုပင် တစ်ဖန်ကြည့်ဦးမည်။ အသေအချာ ဖွေလှစ်ကြည့်ဦးမည်။ များပြားလှစွာသော ပန်းတို့အနက်မှ အထုံပျံ့ဆုံး၊ အဆင်းအပြည့်စုံဆုံး အပွင့်တစ်ပွင့်ကို တွေ့ရှိပေလိမ့်မည်ဟု ယူဆရသည်။ တွေ့တန်ကောင်းသော ပန်းကိုမူ မွှေးမည်။ နမ်းမည်။ ပန်မည်။ ဆင်မည်။ ရင်မှာ သိုဝှက် အသည်းနှင့်ဆက်စေမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

 

ယင်းအတွက် သွားသောလမ်းကို မမေ့မပျောက်မှသာဖြစ်မည်။ သို့မဟုတ်လျှင်လည်း အပြန်လမ်းတွင် မျက်စိလည်လမ်းမမှားစေဖို့ တိကျစေ့စပ်စွာ မှတ်သားရပေလိမ့်မည်။ သို့သော် ကျွန်တော်သည် သွားသောလမ်းကို မေ့လျော့သွားခြင်းလည်းမရှိ။ မျက်စိလည်သွားသည်လည်း မဟုတ်ပါလျက်နှင့်......။


* * * 


 “ ကိုရယ်၊ ကို့ကိုချစ်တဲ့အချစ်ကို စကားလှလှလေးတွေနဲ့ ပမာနှိုင်းမပြတတ်လို့ အထင်မလွဲစေချင်တာ အမှန်ပါ။ ကို့အပေါ်ချစ်တဲ့ အချစ်တွေက မသီတာ့ရင်နဲ့ အပြည့်အသိပ်ပါ။ ကိုမယုံကြည်မှာ သိပ်စိုးတယ်၊ ဒါပေမဲ့လို့လည်း မသီတာ ပြောတတ်သလောက်တော့ ပြောမယ်နော်၊ ကို့ကို မသီတာ သိပ်ချစ်ပါတယ် ”

 

မေတ္တာနယ်ပယ်က ကျယ်၀န်းပေသမျှ မိုးမကမြေမက ဖွဲ့ဆမပြောတတ်သူမို့လား မသိ။ မသီတာသည် ဤသို့ပင် တင်ပြရှာသည်။ သူပြောပြပုံက ရိုးသည်။ စင်းသည်။ သို့ပေသည့် ပကတိစိတ်နှလုံးသားကို ကျွန်တော်သိမြင်နေရသည်။ စိတ်ရင်းအထာ ဖြောင့်မှန်သောသဘောပါ၀င်သည်ဟု ကျွန်တော်ယုံကြည်သည်။ မသီတာသည် ငွေကြေးကုံလုံကြွယ်ဝသော မိသားစုထဲမှ ပေါက်ဖွားလာသူမဟုတ်ပေမယ့် ကိုယ်နှုတ်နှလုံးဖြူစင်သော မိသားစုထဲတွင် ကြီးပြင်းလာရသူဖြစ်သည်။ သူ့ပင်ကိုအပြုအမူများသည် နူးညံ့ခြင်း၊ သိမ်မွေ့ခြင်း၊ ယဉ်ကျေးခြင်း၊ အေးချမ်းခြင်းတို့ကို ဖော်ပြနေခြင်းဖြစ်ပေ၏။

 

“ ကို့ကိုချစ်တဲ့အချစ်ထဲမှာ ပစ္စည်းဂုဏ်သိန် အရှိန်အဝါ အဆောင်အယောင်တွေ မက်မောတာ၊ မျှော်လင့်တာတွေ မပါဘူးဆိုတာကို တကယ်ယုံပါ၊ သန့်စင်ပါတယ် ကိုရယ်။ မသီတာ့မေတ္တာမှာ အသာစံလိုစိတ် မရှိပါဘူး၊ ကိုနဲ့ လက်တွဲမယ်၊ ဖြစ်ရာဘ၀ကို ကိုနဲ့အတူတူ ရင်ဆိုင်မယ်၊ မသီတာအချစ်ကို ကိုသာအထင်မှားရင် မသီတာ ရင်ကွဲရချည်ရဲ့ ”

 

ကျွန်တော် ယုံကြည်ပါ၏။ သူ့စေတနာကို အကြွင်းမရှိ သိပါ၏။ နှစ်ဦးသား၏ဘ၀သစ်အတွက် ကျွန်တော်နှင့်တွဲယှဉ်ကာ ရုန်းကန်လှုပ်ရှားမည်ဆိုသော သူ့သတ္တိကို အသိအမှတ်ပြုပါ၏။

 

“ မသီတာက ဆင်းလည်း ဆင်းရဲတယ်၊ ပညာလည်း မရှိဘူး၊ ချောလည်း မချော၊ လှလည်းမလှ၊ နား၀င်ချိုအောင် စကားလည်းမပြောတတ်တော့ ကိုက အမြဲချစ်နေနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မသီတာကို ကိုက စွန့်ပစ်သွားချင်လို့ စွန့်ပစ်သွားတောင်မှ မသီတာ ခွင့်လွှတ်ပါ့မယ်၊ ဘယ်အခါမှ ကို့ကိုမမုန်းဘူး၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ဖို့အသင့်ပါ။ ကို့ကို ပေးအပ်စရာဆိုလို့ မသီတာအချစ်ရယ်၊ သစ္စာတရားရယ်၊ မသီတာဘ၀ရယ်၊ နောက်ဆုံး ခွင့်လွှတ်အနစ်နာခံမှုရယ်ပဲ ရှိပါတယ် ကို ”


ကရုဏာသက်စေသောစကားကို သူ့နှုတ်မှ မကြာခဏ ပြောတတ်သည်။ ကြေကွဲ၀မ်းနည်းဖွယ်သောစကားဖြစ်သည်။ သို့ဖြစ်သော်လည်း ကျွန်တော့်မေတ္တာကို အမှန်ဧကန်ယုံကြည်သည်ဟု သူ ဆို၏။ သူယုံကြည်သည့်အလျောက် ကျွန်တော် သူ့ကိုချစ်သည်။ မသီတာကို ကျွန်တော် ချစ်ရသည်က သနား၍။


* * * 


 “ မောင်ကလည်းကွာ ဥမ္မာ့ကို သိပ်မြှောက်တာပဲ။ ဥမ္မာ့ထက်လှတဲ့သူတွေ လောကမှာအများကြီး။ ဥမ္မာက အရုပ်ဆိုးပါတယ်မောင်ရာ။ မောင်မျက်စိမှုန်နေလို့ ဖြစ်ပါလိမ့်မယ်။ သေသေချာချာလည်း ကြည့်ဦးမှပေါ့ကွယ် ”


မည်သို့ပင်ကြည့်ကြည့် မဥမ္မာသည် လှပပါပေ၏။ အကြိမ်တစ်ရာပြန်ကြည့်သော်လည်း သူ့အလှအပသည် ရိုးမသွားပေ။ ငြီးငွေ့ဖွယ်ရာမျှ ဖြစ်ပေါ်မလာ။ ကြည့်တိုင်းကြည့်တိုင်း သူ့အလှသည် သစ်၍သစ်၍လာသည်ဟု ထင်၏။ လှလွန်းလှချည်ရဲ့ဟု ပြောနိုင်လောက်သည်။ သို့သော် သူ့အလှအပတွင် ကလက်ခြင်း၊ ရမ္မက်ကြွစေခြင်းတို့ လုံး၀မပါ၀င်ပေ။ ထို့နည်းတူပင် ပြင်ဆင်ခြင်း၊ ဖြီးလိမ်းဆင်ယင်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောအလှလည်း မဟုတ်၊ တွင်းထွက်ရတနာတို့ကို ကိုယ်ပေါ်တင်၍လှသော အလှမျိုးလည်း မဟုတ်ပါချေ။

 

သူ့အလှသည် တည်ငြိမ်သည်၊ အေးမြသည်၊ ရင်ကိုချမ်းမြေ့စေသည်ဟု ကျွန်တော်ယူဆသည်။ သူ့အလှကို ၀န်းရံထားသောအရာမှာ နှစ်မျိုးသာရှိသည်။ ပါးပေါ်၌ သင့်ရုံမျှလိမ်းခြယ်သော သနပ်ခါးနှင့် တစ်ပတ်လျှို ဆံထုံးရင်းတွင် ရစ်ခွေပန်ဆင်သည့် စံပယ်ပွင့်ပင် ဖြစ်သည်။ သည်ရွေ့သည်မျှလောက်သာဆိုလျှင်လည်း ကျွန်တော်သည် သူ့ကို အလှပဆုံးမိန်းကလေးတစ်ယောက်ဟု ထင်ချင်မှထင်မြင်မိပေလိမ့်မည်။ အခြားအကြောင်းရင်း အနည်းအကျဉ်း ရှိပါသေး၏။ သူ့တွင်ရှိသော ဂုဏ်၊ ဓန၊ ပညာတို့ကြောင့် ပလွှားသင့်သော်လည်း သူ့အမူအကျင့်မှာ ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့ဖြစ်၏။ ယင်းနှင့်စပ်၍ အလွန်အမင်း မအံ့သြမိပေမဲ့ သူ့အလှစွမ်းအင်ဖြင့် မည်သူ့ကိုမျှ မထေမဲ့မြင်မပြုသည်ကိုကား များစွာသတိပြုမိသည်။ မာန်ကင်းသော အလှအပဖြစ်သောကြောင့် ကျွန်တော်စွဲလမ်းရသည်။

 

“ မောင်က သိပ်စိတ်ကူးယဉ်တာပဲကွယ်။ ဥမ္မာဒန္တီတို့၊ ပပ၀တီတို့၊ ဘရဏီတို့၊ မဏိမေခလာ၊ အာသင်္ကာတို့နဲ့ အလှချင်းပြိုင်ရင် ဥမ္မာကနိုင်မယ်တဲ့၊ မောင့်စာက ဆိုလှချည့်လား မောင်ရယ်။ တော်ကြာ ဒေါသတွေသင့်ကုန်ပါဦးမယ်။ ဒါဖြင့် ဥမ္မာ့ကို လှလို့သာ မောင်ချစ်တာပေါ့လေ ... ဟုတ်လား။ တကယ်လို့ ဥမ္မာ့အလှတွေ ပျက်ကုန်ရင် မောင်က မချစ်တော့ဘူး ဆိုပါတော့ ” 


“ ဘာရယ် ...မောင်။ မလှပေမယ့် ချစ်မယ် ... ဟုတ်လား။ ဟုတ်မှလည်း ပြောပါမောင်ရာ။ ဒါပေမဲ့ ဥမ္မာတစ်ခုတော့ ပြောပါရစေ။ အလှအပဆိုတာက တစ်ခဏတာအတွင်းမှာသာ တည်တံ့မှာပါ။ အချိန်မရွေး ချွတ်ယွင်းနိုင်တာကိုး။ ဒီတော့ ဥမ္မာ့အလှတွေ ပျက်စီးချင်ပျက်စီးသွားမယ်။ လျော့ပါးချင် လျော့ပါးသွားမယ်။ ဥမ္မာ့အလှသာ ပျက်စီးလျော့ပါးသွားမယ်။ မောင့်ကိုချစ်တဲ့အချစ်ကတော့ ဘယ်အခါမှ မပျက်မယွင်း မလျော့ပါးသွားဘူးဆိုတာ မောင်ယုံပါ။ ဒါ ... မောင့်ကို မယုံကြည်လို့ မဟုတ်ပါဘူးကွယ်။ ဥမ္မာ့စိတ်ကို ပြောတာပါ၊ မောင့်ကို အမြဲယုံကြည်နေမယ့် ဥမ္မာပါ ”

 

သူ့မေတ္တာကို ကျွန်တော်သိသည်။ ပြီးတော့ ကျွန်တော် သူ့ကိုချစ်သည်။ ဥမ္မာလှသောကြောင့် ကျွန်တော်ချစ်သည်တည်း။


* * *


“ သြော် အစ်ကိုရယ်၊ အစ်ကိုက ညီမရဲ့စကားကိုမှ နားမထောင်ဘဲ။ နေပူထဲသွားရင် ထီးဆောင်းပါဆိုတာ ထီးယူဖို့ သိပ်ပျင်းတာကိုး။ ခုတော့ ကိုယ်တွေပူနေပြီ။ ဖျားမှာတောင် စိုးရတယ်။ ကဲ ဟောဒီမှာ အက်စ်ပရိုတစ်ပြားကို ကော်ဖီမှုတ်သောက်ပြီး ချွေးထုတ်လိုက်နော်။ ချွေးလေးအတော်ရရင် ငန်းနီကျော်ဆေးနဲ့ ကွမ်းရွက်ပြုတ်ရည် ရောသောက်ရမယ်နော်။ အစ်ကိုက သိပ်ခက်တာပဲ၊ ကျန်းမာရေးကို ဂရုမစိုက်ဘူး။ ပစ်စလက်ခတ်နိုင်လွန်းတော့ ခုလိုဖြစ်တာပေါ့။ အစ်ကိုနေထိုင်မကောင်းဖြစ်ရင် မိသစ္စာရင်မှာ ပူရတယ်ဆိုတာလည်း ထည့်တွက်ဦးမှပေါ့ အစ်ကိုရယ် ”

 

သွေးနှင့်ကိုယ် သားနှင့်ကိုယ်ဖြစ်၍ ရာသီဥတု၏အပြောင်းအလဲတွင် မတော်တဆ ဖျားနာတတ်သည်။ နေပူမရှောင် မိုးရွာမရှောင် ထုံပေပေနေသောအခါ ကျန်းမာရေးက အနည်းငယ် စကားပြောချင်လာသည်။ အနည်းငယ် နေထိုင်မကောင်းဖြစ်သည်။ ထိုအခါ မသစ္စာသည် ပျာယာခတ်လေတော့သည်။ အစိုးရိမ်လည်း ကြီးတတ်ပါပေ၏။ ဂရုလည်း စိုက်လွန်းပါပေ၏။ ကျွန်တော်နှင့်ပတ်သက်လာလျှင် သူ့တွင် မောပန်းငြီးငွေ့ခြင်းမရှိ။ စိတ်ပျက်နောက်ရွံ့ခြင်းမရှိ။ ယခုကဲ့သို့ ပြုစုရသည်ကိုပင် မကျေနပ်နိုင်သေးဟု ဆို၏။ ချစ်သူတို့ဘ၀မို့ ပိုင်နိုင်စွာ မကြင်နာ မယုယနိုင်သေးခြင်းကို အားမရဟု ဆို၏။

 

“ အစ်ကို့ကိုပြောရင် အစ်ကိုကတော့ ရယ်မလားပဲ၊ ညီမလေ အစ်ကိုနဲ့တည်ဆောက်ရမယ့် အိမ်ထောင်ရေးကို အတွေးနဲ့တောင် အတော်ပျော်မိတာပဲ။ အစ်ကို့ကို ခြေဆုပ်လက်နယ်ပြုစုရမှာတွေ၊ အစ်ကို့အ၀တ်တွေကို ချုပ်လုပ် လျှော်ဖွပ်ပေးရမှာတွေ၊ အစ်ကိုခံတွင်းတွေ့မယ့် အစားအသောက် ချက်ကျွေးရမှာတွေကို စိတ်ကူးနေတဲ့အခါ ညီမရဲ့ရင်မှာ သိပ်ချမ်းမြေ့တာပဲ အစ်ကိုရယ် ”

 

အမှန်ပြောသည်ဟု ကျွန်တော်နားလည်သည်။ သူ့ကြင်နာယုယမှုကို အခုကတည်းက ခံယူနေရသည်ပင်။ ကျွန်တော့်မျက်နှာညိုလျှင် သူမနေတတ်။ ပြုံးစေသည်။ ရွှင်စေသည်။ ကြည်စေသည်။ နေရာတကာ ကျွန်တော့်ကို အလျှော့ပေးသည်။ အနိုင်ပေးသည်။ ကျွန်တော့်အပေါ်တွင် အနစ်နာခံရသည်ကို ကျေနပ်နှစ်သိမ့်လျက်ရှိသည်ဟု အကဲခတ်မိသည်။

 

“ အစ်ကို့ကို မြတ်နိုးလွန်းလို့ ချစ်လာရတာပါ အစ်ကိုရယ်၊ ဒီတော့ အစ်ကို့ကိုမြတ်နိုးရာရောက်မယ့် အပြုအမူမှန်သမျှ ညီမလုပ်မှာပဲ။ အဲသည့်အပြုအမူနဲ့ ညီမအချစ်ကို တိုင်းတာပြပါ့မယ် ”

 

သူ ကျွန်တော့်ကိုချစ်တာ သံသယကင်းစွာ လက်ခံသည်။ ကျွန်တော်က မသစ္စာကို ချစ်ရသည်ကား သူ့ကြင်နာယုယမှုတွင် မွေ့လျော်သောကြောင့် ဖြစ်ပါ၏။


* * *


 “ မောင်ရယ် ခဏလောက်လွှတ်ထားပါဦး၊ ဟင်း…. ကဲလွန်းတယ် ”

 

ပြောမည့်သာပြောသည်။ မသန္တာ့မျက်နှာတွင် ကြည်နူးရွှင်ပျခြင်းတို့ အပြည့်အသိပ်ရှိနေသည်။ သူနှင့်တွေ့ဆုံရသည့်အချိန်တိုင်းတွင် ကျွန်တော့်ရင်သည် ခုန်ရစမြဲဖြစ်၏။ သူ့အလှသည် စံထားလောက်သောအလှတော့ မဟုတ်၊ သာမန်လှရိုးလှစဉ် အလှမျိုးသာဖြစ်သည်။ သို့ရာတွင် ရင်ကိုခုန်စေသည်။ နှလုံးသွေးကြွစေသည်။

 

သူ့ကိုယ်ကာယ အချိုးအစား အဆက်အပေါက်သည် စိန်းစိန်းကြည့်လေလေ ပေါ်လွင်ထင်ရှားလေဖြစ်၏။ ကျစ်လျစ်ကျော့ရှင်းသော ကိုယ်လုံးကိုယ်ထည်၌ စွဲမက်စရာများရှိသည်။ တင်းရင်းမို့မောက်သောရင်၊ ထွာဆိုင်မျှသောခါး၊ ပြည့်ဖြိုးစွင့်ကားသော တင်၊ သွယ်ဖြောင့်သောပေါင်တံတို့သည် မက်မောဖွယ်ကောင်းလှသည်။ ငြိစွန်းဖွယ်ကောင်းလွန်းသည်။ သည်အရာအားလုံးကို ကျွန်တော်သည် မျက်နှာလွှဲ၍ ကျော်လွန်ခြင်းငှာ မစွမ်းသာခဲ့ပါချေ။ သို့ပေသည့်တိုင် မသန္တာ၏ဆံထုံးကိုသာ ပြေစေခဲ့သည်။ ဘ၀ပန်းကိုကား မခြွေမိခဲ့ပါလေ။

 

“ မောင်ရေ ... မောင်နဲ့မသန္တာနဲ့ လက်ထပ်ပြီးရင် သိပ်ပျော်စရာကောင်းမှာပဲနော်။ မသန္တာက မောင့်အတွက် သားသားလေးတွေ၊ မီးမီးလေးတွေ အများကြီးမွေးပေးမယ်၊ ဟုတ်လားနော် ... မောင် ”

 

သည်လိုစကားမျိုးပြော၍ ဆုံးသွားသောအခါ မသန္တာ၏ နီထွေးနူးညံ့သောပါးပြင်ကို ကျွန်တော်မွှေးသည်။ မသန္တာ၏ ပျော့ပျောင်းသောလက်မောင်းကို ဆုပ်နယ်သည်။ ထိုအခါ ကျွန်တော့်စိတ်တွင် သာယာသည်။ သူ့အထိအတွေ့တွင် နစ်မျောသည်။ မိန်းမောသည်။ ယစ်မူးသည်။ သူ့ရင်ခွင်တွင်းသို့ ကျွန်တော်ရောက်သွားသည့် တစ်ခဏ၀ယ် အရာရာကို မေ့သွားသည်။

 

ရင်ကို သိမ့်သိမ့်တုန်စေသော၊ စွဲမက်စေသော သူ့အထိအတွေ့ကို ကျွန်တော် မလွန်ဆန်နိုင်ခဲ့ပါပေ။ အမှန်မှာလည်း မသန္တာကို ကျွန်တော်ချစ်သည့်အကြောင်းရင်းတွင် တပ်မက်သောကြောင့်ဟု ဆိုနိုင်ပါ၏။


* * * 


“ စိတ်အလိုကို သိပ်မလိုက်ချင်ပါနဲ့လားဟင်။ ကျွန်မဒီလိုပြောတာ စိတ်ဆိုးသလား ကိုကျော်လွင်။ လေလွင့်ချင်တဲ့ စိတ်မျိုး၊ တွေဝေတဲ့စိတ်မျိုး ၀င်လာရင် ဖယ်ထုတ်ပစ်လိုက်စမ်းပါကွယ်။ ကိုကျော်လွင့်ဘ၀ရဲ့ တိုးတက်ရာ တိုးတက်ကြောင်းကိုပဲ ကျွန်မမြင်ချင်တယ်။ အားလျော့တာမျိုး၊ စိတ်ပျက်လွယ်တာမျိုးကို ရင်ထဲမှာ မထားစေချင်ဘူး။ ကျွန်မတစ်ယောက်လုံး ရှိနေတာပဲမဟုတ်လား။ ဘာများ အားငယ်စရာရှိသေးသလဲ။ တစ်နေ့ကျရင် ကိုကျော်လွင်မျှော်လင့်ရည်မှန်းထားတဲ့ ဂီတပညာရှင်တစ်ဦးအဖြစ်ကို ရောက်လာရမှာပါ။ ဆက်ပြီးသာ ကြိုးပမ်းစမ်းပါ။ ကျွန်မဟာ ကိုကျော်လွင့်အဖို့ အင်အားသစ်ရစေတဲ့ ချစ်သူဆို ”

 

မှန်သည်။ မစန္ဒာသည် ကျွန်တော့်ကို အင်အားပေါင်းများစွာ ရရှိစေသည်။ လောကဘက်သို့ မျက်နှာပြု၍ ကူးခတ်လှုပ်ရှားရမည့်အခါ၌ သတ္တိမကြောင်ဖို့၊ အလျှော့မပေးဖို့ တိုက်တွန်းသည်။ အကျိုးအကြောင်း ရှင်းပြသည်။ အားပေးသည်။ မစန္ဒာ၏ စကားအားလုံးသည် သာယာနာပျော်ဖွယ်သာချည်းပင် ဖြစ်ပါ၏။ သူ၏လှသောကိုယ်ထက် ချိုသောနှုတ်က ကျွန်တော့်ကို လွှမ်းမိုး၍နေသည်ထင်၏။

 

“ ကိုကျော်လွင်ရည်ရွယ်ထားတဲ့ အောင်မြင်မှုကိုမရသေးပေမယ့် ကျွန်မနဲ့လက်ထပ်ဖို့ကို မရွှေ့ဆိုင်းပါဘူး။ ကိုကျော်လွင့်စိတ်ဆန္ဒအတိုင်းသာ စဉ်းစားပါ။ ကျွန်မကို ထည့်မတွက်ပါနဲ့၊ ကိုကျော်လွင့်လိုအင်မှန်သမျှကို အစဉ်ဖြည့်တင်းဖို့ အသင့်ပါ ”


မစန္ဒာသည် ဤသို့သောစကားများကို တည်ငြိမ်ရင့်ကျက်သောအသွင်နှင့် ပြောတတ်သည်။ အစစအရာရာကို စဉ်းစားဆင်ခြင် ဆုံးဖြတ်ပြီးပုံရသည်။ ကျွန်တော်နှင့်ပတ်သက်၍ သူ့စေတနာကို လုံး၀ဥဿုံ နားလည်ခဲ့ရသည်။ သူ့အမြော်အမြင်ကြီးမှုကို လေးစားမဆုံး ဖြစ်ရသည်။ မစန္ဒာသည် ကျွန်တော့်ကို ကြီးကျယ်ခန့်ထည်သော ပညာရှင်ကြီးတစ်ဦးအဖြစ်နှင့် မြင်လိုသည်။ မြင်ရလိမ့်မည်မလွဲဟု ဆို၏။ သူမြင်လို၊ တွေ့လိုခြင်းသည် သူ့မေတ္တာနှင့်မဆိုင်၊ စေတနာနှင့်သာ ဆိုင်သည်။ သူ့မေတ္တာသည် ကျွန်တော်သိမ်ငယ်သွားလျှင်သော်လည်းကောင်း၊ ဂုဏ်ဒြပ်ကြီးမြင့်လာလျှင်သော်လည်းကောင်း မည်သို့မျှ ပြောင်းလဲမည်မဟုတ်ဟု ဆို၏။ ကျွန်တော့်အပေါ်၀ယ် ထားမြဲသောသဘော၊ ရှိမြဲသောစေတနာသည် ဆံချည်မျှင်မျှပင် ရွေ့လျားယိမ်းယိုင်မည်မဟုတ်ဟု ပြောသည်။ ကတိပေးသည်။ ကျွန်တော်နှင့်စပ်လျဉ်းရာ အကြောင်းကိစ္စမှန်သမျှတွင် သူ ၀မ်းမြောက်၀မ်းသာဖြစ်လိုသည်။ ပီတိဖြစ်လိုသည်ဟု လှိုက်လှဲစွာဆိုသည်။

 

“ ကိုကျော်လွင်ရဲ့ တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေကြိုးပမ်းနေတဲ့အခါမှာ နောက်ဆံမတင်းပါနဲ့ကွယ်၊ စိတ်ချပါ။ ကိုကျော်လွင့်အပေါ်မှာ အမြဲတမ်း သစ္စာရှိနေမယ်ဆိုတာ မမေ့ပါနဲ့။ ခုလောက်ဆိုရင်ပဲ ကျွန်မရဲ့သဘောကို သိတန်ကောင်းပြီထင်ပါရဲ့နော်၊ ဟုတ်လား ကိုကျော်လွင်။ တကယ်ချစ်တယ်ဆိုတာက တကယ်ယုံကြည်တာပဲ မဟုတ်လားကွယ် ”

 

သူပြောသလို သူ့ကို တကယ်ယုံကြည်သည်။ ထို့ကြောင့်လည်း မစန္ဒာကို ကျွန်တော် တကယ်ချစ်သည်။ လေးစားခြင်းမှ မြစ်ဖျားခံလာ၍ မစန္ဒာကို ကျွန်တော်ချစ်သည်ဟု ပြောလိုသည်။


* * * 


“ အောင်မယ်... တော်က ကုလားထိုင်ပေါ်မှာ အငြိမ့်သားထိုင်ပြီး ဇိမ်ယူနေတာကိုး။ ကလေးတွေကို ရေချိုးပေးပါဆိုတာ ရှင့်နားက မကြားလိုက်ဘူးလား ”

 

“ ဟေ့ …. အို …. တိုးတိုးပြောစမ်းပါကွာ။ မင်းဥစ္စာက အော်ကြီးဟစ်ကြီးနဲ့၊ အိမ်နီးနားချင်း ကြားလို့မှမတော်ဘူး၊ ရုံးကပြန်လာတဲ့ဟာပဲ ... ခဏလောက်တော့ အမောဖြေချင်တာပေါ့ကွာ ”

 

ရုံးတွင် ပင်ပန်းလာသမျှကို အိမ်ရောက်မှ ပက်လက်ကုလားထိုင်ပေါ်တွင် ထိုင်၍ အနားယူမိသည်။ အေးအေးလူလူနေရသည့် အချိန်လေးအတွင်းသို့ ရောက်တတ်ရာရာအတွေးအချို့က ပြန်လည်၀င်လာသည်။ အတွေးသည် အတိုင်းမသိ လွင့်ပျံ့မည် ကြံခါရှိသေး၊ ကျွန်တော့်ဇနီးသည်၏ ဆူပူသံကြောင့် အလွန်စိတ်ပျက်သွားသည်။ ကမန်းကတန်းပင် သူ့နှုတ်ကို ပိတ်လိုက်ရသည်။ သို့သော် သူ့ဥာဉ်အတိုင်း ဆက်ပါလေ၏။

 

“ ဘယ်သူကြားကြား ဂရုမစိုက်ပေါင်တော်၊ တော့်အနားကို လာပြောတာတောင် အဖက်လုပ်ဖော်မရတာကတော့ မလွန်လွန်းဘူးလား။ ကျုပ်မှာဖြင့် တစ်နေ့တစ်နေ့ လျှော်ရဖွပ်ရ၊ သိမ်းရဆည်းရနဲ့ နားရတယ်ကို မရှိဘူး၊ အခုလည်း ရေနံဆီသွား၀ယ်ရသေး၊ ထမင်းအိုးကိုလည်း တည်ရသေး၊ ဟင်းလည်းပြင်ရသေးနဲ့ လက်ကိုမလည်ဘူး၊ တော်က ဘာတစ်ခုမှလှည့်ကြည့်ဖို့ သိတတ်တာမဟုတ်ဘူး။ ခိုင်းရင်လည်း မလုပ်ချင်ဘူး။ ကျုပ်က မပြောချင်လို့ငြိမ်နေတာ အကောင်းမှတ်နေသလား။ တီးဝိုင်းကကောင်တွေလာရင်တော့ ခါးကော့ပြီး လိုက်သွားလိုက်တာ ကြော့လို့၊ ရုံးအလုပ်တောင် ဖျက်လိုက်သေးတယ်။ ဟင်း… သိမယ်၊ ဒီတစ်ခါကျရင် တော့်အကောင်တွေကို မောင်းချပစ်မယ်။ ရှင် တော်တော်စည်းပျက်၊ ကျုပ်က မပြောလိုက်ချင်ဘူး။ ခု ...ဘယ်မှာလဲ ကလေးတွေ၊ အိမ်ရှေ့က ကားလမ်းပေါ်ရောက်ရင် သေနာပေါ်ကုန်မယ်ဆိုတာ တော်မသိဘူးလား။ ခုတလော သားမယားကို ဂရုစိုက်ရကောင်းမှန်း မသိရအောင် တော် ဘာစိတ်တွေ မွှန်နေလို့လဲ ”

 

စကားဆက်မပြတ်ဘဲ တရစပ်ပြောနေ၍ နားငြီးသော်လည်း အသာပင် ငြိမ်နေလိုက်သည်။ မငြိမ်လျှင် ဒါထက် အပြောဆိုးလာမည်ကို ကျွန်တော်သိသည်။ ထို့ကြောင့် လေသံခပ်ပျော့ပျော့နှင့် အလိုက်သင့် ပြန်ပြောလိုက်သည်။

 

“ သြော်…. မကျည်းတန်ရယ်၊ မင့်သားသမီးတွေ ဟောဟိုခရေပင်အောက်မှာ ကစားနေကြပါတယ်ကွာ။ ကဲ ... ကဲ…. ကိုယ် ခုပဲသွားပြီး ရေချိုးပေးလိုက်ပါ့မယ်ကွာ ”


ကျွန်တော့်မိန်းမ မကျည်းတန်သည် မှုန်တေတေလုပ်ထားသော သူ့မျက်နှာကို တစ်ပတ်မျှမလျှော့။ မျက်စောင်းတစ်ချက်ခဲ၍ ဆောင့်ကြီးအောင့်ကြီးနှင့် မီးဖိုဆောင်ဘက်သို့ ထွက်သွားသည်။ ပုတ်လိုလုံးသော ကိုယ်ခန္ဓာ၀၀ကြီးကြောင့် မနိုင့်တနိုင် လျှောက်ရသည့်ကြားမှ ခြေသံပြင်းပြင်းဆောင့်ရင်း ဆန္ဒပြသွားသေးသည်။ ရုပ်ရည်နှင့်အမျှ အပြောအဆိုစရိုက်ကြမ်းတမ်းသော ထိုမိန်းမကိုကြည့်ရင်း ရင်မောလာရသည်။ လင်မယားသာ ဖြစ်လာရသည်၊ ထိုမိန်းမနှင့်ဆက်ဆံရာ၌ သိပ်အဆင်ပြေလှသည်မဟုတ်။ သားအကြီးကောင် သံချောင်း၊ အလတ်ကောင် ကုလားပု၊ သမီးအငယ် အာလူးမတို့ မောင်နှမသုံးယောက်ကိုပင် မွေးဖွားလာခဲ့သည်အထိ အိမ်ထောင်သက်တမ်း ကြာမြင့်ပြီဖြစ်၏။ သို့ပေလျက် ကျွန်တော်က သနား၍၊ တပ်မက်၍၊ လေးစား၍၊ မကျည်းတန်က လှ၍၊ ကြင်နာယုယ၍ အကြောင်းဆက်မိကြသည်မဟုတ်၊ ကျွန်တော့်မိဘ ပေးစားသဖြင့် ညားလာရသူသာ ဖြစ်သည်။


သည်လိုပင် ကျွန်တော်တို့လို ခေါင်ရန်းအစ စံပယ်အဆုံး စိတ်တိုင်းကျ ရှာဖွေသူများသည် တစ်ဘ၀တွင် တစ်ခါဆိုသလိုတော့ ဤသို့ဤနှယ် ဖြစ်သွားတတ်ပါ၏။ ကျွန်တော်သည် သွားသောလမ်းကို မေ့လျော့သွားခြင်းလည်းမရှိ။ မျက်စိလည်သွားသည်လည်း မဟုတ်ပါလျက်နှင့် ....။


ငြိမ်းကျော်


crd 👉 https://m.facebook.com/story.php?story_fbid=468408983545982&id=236399853413564

No comments:

Post a Comment