ဦးဌေးလှိုင်သည် နံနက်စာထမင်းစားပြီး ပက်လက်ကုလားထိုင်တွင် စီးကရက်တစ်လိပ်နှင့် မှိန်းနေစဉ် ဇနီးသည် မမြတ်ထွေးက အနီးသို့ ပါးစပ်ကို လက်သုတ်ပဝါနှင့်သုတ်ရင်း ရောက်လာပြီး...
“ကိုဌေး၊ သားကြီး မောင်သော်တာကိုပါ ခေါ်သွားမှာဆို”
“အေး... ဟိုမှာ ယူစရာကျန်တာတွေလည်း သယ်ရအောင်ပေါ့ကွာ”
“ဟင်...ဒါဆို ထွေးတို့ ဘယ်လိုလုပ်ရပါ့”
“ဟာ...ဘာလုပ်စရာရှိသေးလို့လဲကွ၊ ခြံမှာ အားလုံး နေသားတကျရှိနေပြီပဲကွ၊ တောက်တိုမည်ရ မင်းသားအငယ်နှစ်ကောင်ကို ခိုင်းပေါ့”
“အို ဒါပြောတာ မဟုတ်ဘူး”
“ဒါဖြင့် ဘာလဲကွ၊ မင်းဟာကလဲ”
“ဟိုလေ...လမ်းထောင့်က အိမ်က သန်းသန်းဆိုတဲ့မိန်းမနှင့် ဈေးထိပ်မှာတွေ့ တော့ သူကပြောတယ်၊ ဒီအိမ်ကြီးက တစ္ဆေခြောက်လို့ ဘယ်သူမှ မငှားတာတဲ့၊ ဒါကြောင့် ထွေးတို့ ဈေးသက်သက်သာသာနှင့် ငှားလို့ရတာ ထင်ပါရဲ့ ကိုဌေးရယ်။ ဒီတော့ ကိုဌေး မရှိရင် အငယ်နှစ်ကောင်နှင့် ထွေးချည်းပဲဆို ကြောက်တယ်၊ မနေရဲဘူး”
“ဘယ်က တစ္ဆေ ရှိရမှာလဲ၊ တောက်တီး တောက်တဲ့ကွာ၊ မိန်းမများ အားနေရင် မဟုတ်တမ်းတရမ်းတွေ ခြောက်တဲ့သူကခြောက် အလကားနေရင်း ကြောက်တဲ့လူက ကြောက်။ တို့သားအဖမရှိပေမဲ့ အိမ်မှာ ယောက်ျားသုံးယောက်တောင် ကျန်သေးတာပဲကွာ”
“အမယ်လေး၊ ရှင့်အဖေကြီးများ ယောက်ျားစာရင်းထဲ ထည့်တွက်မနေနှင့်တော်”
“ဟဲ့... ငါ့အဖေက ယောက်ျားမဟုတ်လို့ ၊ မောင်မစ္စကများ ဖြစ်သွားလို့လားကွယ်”
“ဒါပြောတာမဟုတ်ဘူး၊ သူငယ်ပြန်ပြီး သူ့ကစားစရာတွေနှင့် စာရင်းရှုပ်နေတဲ့ ဟာကြီး”
“အေး. . .ဒါတော့ဟုတ်တယ်၊ သို့ပေမဲ့ သူဟာ ယောက်ျားတော့ ယောက်ျားပေါ့ကွာ။ အရေးတဲ့ အကြောင်းတဲ့ဆို ယောက်ျားမာန် ယောက်ျားစိတ် အပြည့်ရှိလာပါလိမ့်မယ်၊ သူဟာ ရွှေဘိုသားကွ၊ သူ့အဖေ တို့အဘိုးဆိုရင် သီပေါမင်း ပါတော်မူတုန်းက ကုလားဖြူတွေကို တော်လှန်ပုန်ကန်ခဲ့သေးတာပဲကွ”
မမြတ်ထွေးက နှုတ်ခမ်းကိုမဲ့လိုက်၏။ ဦးဌေးလှိုင်က ဆက်လက်၍...
“နို့ပြီး မင့်သား ပေါ်လာတို့ ဂေါ်ရာတို့မှာလည်း လောက်လေးခွတွေရှိသားပဲကွ။ ပုတ်သင်ညိုတို့၊ နှံပြီစုတ်တို့၊ စာကလေးတို့ ဆော်နေတာပဲ။ တစ္ဆေလည်း သူတို့တွယ်ကြမှာပေါ့ ။ သို့သော် သူတို့ကို တစ္ဆေရယ်လို့တော့ မသိကြစေနှင့်၊ လင်းနို့လို့ပြော ညမှောင်မှောင်မှာ ချောက်ခနဲ အသံကြားသည်ဖြစ်စေ၊ မည်းခနဲ မြင်သည်ဖြစ်စေ၊ စွတ်သာပစ်ခိုင်းကွ။ တစ္ဆေဆိုတာ လူက မကြောက်ဘူးဆိုရင် သူတို့က ကြောက်သွားကြတာပဲ''
သူ့လင်ကို ပြောမရမှန်းသိသည်နှင့် မမြတ်ထွေးလည်း သက်ပြင်း ဟင်းခနဲချ လိုက်ပြီး...
“တော်က ဘယ်နေ့ပြန်ရောက်မှာလဲ။ ဘယ်နှရက်စာ အဝတ်ထည့်ပေးလိုက်ရမှာလဲ”
''အလွန်ဆုံး တစ်ပတ်ပေါ့ကွာ၊ ဒီနေ့တနင်္လာ ဆိုတော့ သောကြာနေ့ည ရထားနှင့်ပြန်၊ စနေနေ့ရောက်ပေါ့”
* * *
ဦးဌေးလှိုင်မှာ အစိုးရဌာနကြီးတစ်ခုတွင် ရုံးအုပ်စာရေးကြီးဖြစ်၏။ သူသည် အထက်မြန်မာပြည် မြို့ကြီးတစ်မြို့မှ မြေလတ်ပိုင်းရှိ မြို့ငယ်တစ်ခုသို့ ပြောင်းရွှေ့လာခဲ့ရသည်တွင် မြို့လယ်မှာ ကိုယ်လိုချင်သော နေရာမရမီ မြို့စွန်ရှိ ရေနံချေးရောင် မွဲဟောက်ဟောက်နှင့် နှစ်ထပ်အိမ်ကြီးတစ်လုံးကို မကြိုက်နှစ်သက်ဘဲနှင့် ဇွတ်မှိတ်ပြီး ငှားနေရခြင်းဖြစ်သည်။
သူတို့မိသားစုမှာ ၎င်းတို့လင်မယားနှင့် သားက ၃ ယောက်၊ သူငယ်ပြန်နေသော အဘိုးကြီးက တစ်ယောက် ပေါင်းခြောက်ယောက်၊ အသက် ၉ဝ ရှိနေပြီဖြစ်သော အဘိုးကြီးမှာ တစ်ခါတလေ သတိလက်လွတ်ဖြစ်ကာ ချေးမနိုင် သေးမနိုင်နှင့် လေးဖက်သွားလို့သွား၊ ဂေါ်လီလုံး သားရေကွင်း စသည်တို့နှင့် ကစားလိုကစား ဖြစ်နေလေရာ သူ့ကို လုံခြုံသောအခန်းတစ်ခုထဲ ထား၍ အပြင်က သော့ခတ်ထားရ၏။ သူ့ကစားဖော်အဖြစ် အငယ်ဆုံးအကောင် ပေါ်လာကို မကြာမကြာ အော်... အော်... ခေါ် နေတတ်သည်။ ပေါ်လာမှာ ကလေးပီပီ ရွယ်တူကလေးများနှင့်သာ ဆော့ကစားချင်ရှာသည်။ သို့ရာတွင် အဘိုးလုပ်သူ ခေါ်လွန်းမက ခေါ်သောအခါ မအေလုပ်သူ မမြတ်ထွေးက အဘိုးအခန်းထဲသို့ နာရီဝက်ခန့် အတူကစားပေးရန် တုတ်ပြပြီး စေလွှတ်ရသည်။ ဆယ့်သုံးလေးနှစ်အရွယ် လူပျိုပေါက်ဂေါ်ရာကတော့ အနုပညာ ဝါသနာထုံ၏။ အားလျှင် စာဖတ်နေတတ်၏။ ကဗျာစပ်နေတတ်၏။ တစ်ခါတစ်ရံ ဂစ်တာခေါက်သည်။ မျက်လုံးမကောင်းသောကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်တပ်နေရ၏။
ဦးဌေးလှိုင်နှင့်သားကြီး မောင်သော်တာတို့ သားအဖ ညနေ ၅ နာရီခန့်က ထွက်ခွာသွားကြသောအခါ မမြတ်ထွေးက ကလေးနှစ်ယောက်နှင့် ယောက္ခမအိုကြီးကို ညစာ ကျွေးမွေး သိမ်းဆည်းပြီး အောက်ထပ်ရော အထက်ထပ်ပါ တစ်အိမ်လုံးရှိ အခန်းတံခါးများကို သေချာစွာပိတ်၍ သားနှစ်ယောက်နှင့်အတူ အပေါ်ထပ်သို့ တက်ကာ၊ လှေကားဖုံး တံခါးမကြီးကိုလည်း အပေါ်က အခိုင်အမာ မင်းတုပ်ထိုးထားလိုက်၏။ ပြီးလျှင် သူ
ကြောက်စိတ် ပြေစိမ့်သောငှာ ဘုရားခန်းသို့ဝင်၍ ဘုရားရှိခိုးပြီး ပုတီးစိပ်နေ၏။ ယင်းသို့ဖြင့် ည ၉ နာရီလောက် ရှိသောအခါ တောမြို့ကလေးဖြစ်သည့်အားလျော်စွာ တစ်မြို့လုံး တိတ်ဆိတ်ခြောက်ကပ်သွားလေ၏။ ခေတ်ဆန်ဆန် ရေးပြရသော် မြို့ကလေး အိပ်ပျော်သွားပြီပေါ့။
သို့သော် မမြတ်ထွေးကား ည ၁၀ နာရီလောက် ရှိသည့်တိုင်အောင် အိပ်မပျော်သေး။ အိုက်တာရော ကြောက်တာရော ရောထွေးပြီး ဇောချွေးများ ပြန်နေသည်။ သားသုံးယောက်ကို သီးသန့်ပေးထားသော အခန်းဆီသို့ စိတ်အနည်းငယ် သက်သာလိုသက်သာငြား လျှောက်သွားကာ စေ့ထားသောတံခါးကို ဖွင့်ကြည့်တော့ အငယ်ဆုံးကောင်က ရုပ်ပြကာတွန်းစာအုပ်ကို ရင်ဘတ်ပေါ်တင်၍ အိပ်ပျော်နေသည်။ သားလတ်ဂေါ်ရာက စားပွဲပေါ်မှာ တကုန်းကုန်းနှင့် ဘာတွေ ရေးခြစ်နေသည် မသိ၊ မအေ ဝင်လာတော့ မော့ကြည့်ကာ
“မေမေ မအိပ်သေးဘူးလား...”
“အိုက်လွန်းလို့သားရယ်၊ မင်း ခုချိန်ထိ ဘာတွေ ရေးနေတာလဲ”
“ကဗျာတစ်ပုဒ်စပ်နေတာ ဖီလင်မဝင်လို့ မေမေရေ”
“အေး...ကဗျာ ဖီလင်ဝင်ဖို့ထက် ကျောင်းစာထဲ အာရုံဝင်ဖို့က ပိုအရေးကြီးတယ်နော်၊ ဒီနှစ် သား ၈ တန်း ဘာသာစုံ အင်္ဂလိပ်လို သင်ရမှာ”
ဂေါ်ရာက ကျောင်းစာနှင့် ပတ်သက်လာလျှင် သူ့အမေ လက်ချာရှည်တော့မည်ကို သိကာ ထိုင်ရာမှထပြီး စွပ်ကျယ် ချွတ်ရင်း
“အိုက်လိုက်တာ မေမေရာ၊ ရေတစ်မှုတ်လောက် သွားလောင်းဦးမှပဲ”
ဟူ၍ အခန်းပြင်ဘက် ထွက်သွား၏။
အဘိုးဖြစ်သူ ချေးသေး လူး၍ ညစ်ပတ်ပေရေနေလျှင် ဆေးကြောသုတ်သင်ရန် စဉ့်အိုးကြီးတစ်လုံးကို ရေမပြတ်ထည့်ထားသည်ဖြစ်ရာ ဂေါ်ရာသည် ထိုနေရာ၌ ရေချိုးရန် ထသွားသည်။
ထိုအချိန်မှာပဲ မမြတ်ထွေးသည် အိမ်အောက်ထပ်မှ ထူးခြားသောအသံကို ကြားရသည်။ မသင်္ကာ၍ သေသေချာချာ နားစိုက်ထောင်တော့ ပိုမို၍ ပီပီပြင်ပြင်ကြားရသည်။ အိမ်အောက်ထပ် မီးဖိုချောင်အခန်းထဲကဖြစ်သည်။ ပန်းကန်းစင် လှုပ်ယမ်းသဖြင့် သံကွင်းများတွင် ချိတ်ထားသော လက်ဖက်ရည်ပန်းကန်လုံးလေးများ အချင်းချင်း ထိခိုက်တီးခတ်သံ ဂလောင်ဂလင် မြည်သွားသည်။ နောက်ပြီး ဒုတ်ခနဲ (မမြတ်ထွေး စိတ်ထင်) ခြေဆောင့်နင်းသံ ယင်းနှင့် တစ်ဆက်တည်း ခြေဖဝါးကို တရွတ်ဆွဲ သွားသည်။ တရှဲရှဲ မြည်သံ။
မမြတ်ထွေး ကြက်သီးမွေးညင်း ထကာ ခေါင်းနပန်းကြီးပြီး သားကို အော်ခေါ်ရန် ပါးစပ်ဟလိုက်သော်လည်း အသံက ရုတ်တရက်ထွက်မလာ၊ တအားစိုက်ပြီး အော်တော့မှ “ဂေါ်...ဂေါ်...ဂေါ်” ဟုသာ ရာမပါပဲ ထွက်လာသည်။ ထိုအခိုက်မှာပင် သူ့ကိုယ်ကိုရေလောင်းပြီး၍ ပြန်လာသော ဂေါ်ရာက မအေဖြစ်ပုံကို မြင်၍ အပြေးရောက်လာကာ...
“မေမေ...မေမေ...ဘာဖြစ်နေတာလဲ...ဟင်”
မမြတ်ထွေးက အိမ်အောက်ထပ်ကို လက်ညှိုးထိုးပြသည်။ ဂေါ်ရာလည်း တရှဲရှဲ တရွတ်ဆွဲသံကို ကြားရသည်။ ထို့နောက် လှေကားမှ ဆောင့်နင်းသံ တဒုတ်ဒုတ် ...။
ဂေါ်ရာသည် သူ့အမေ နားရွက်နား ကပ်ပြီး လေသံဖြင့်...
“သူခိုးထင်တယ် မေမေ”
မမြတ်ထွေး မျက်လုံးအပြူးသားနှင့် ဘာမျှမပြောနိုင်ဘဲရှိနေရာ သားက အနီးရှိ အောက်ထပ် မီးခလုတ်ကို လှမ်းဖွင့်လိုက်ပြီး လှေကားတံခါးဖုံးကိုမ၍ အောက်ထပ်ကို ကြည့်လိုက်တော့ ဘာမျှမမြင်ရ။
“ဘာမှ မတွေ့ရဘူးမေမေ”
“ဒါဖြင့် တစ္ဆေ ဖြစ်လိမ့်မယ်ထင်တယ်။ အိမ်ပေါ်ထပ် တက်လာနေဦးမယ်၊ တံခါးဖုံးကို ပြန်ပိတ်လိုက်၊ ပြန်ပိတ်လိုက်”
မအေက တစ္ဆေဟုပြောတော့ ဂေါ်ရာက အလန့်တကြား လှေကားတံခါးဖုံးကို ဂျိုင်းခနဲ လွှတ်ချလိုက်တော့ အငယ်ဆုံးအကောင် ပေါ်လာ အိပ်ရာက လန့်နိုးလာပြီး အခန်းတံခါးဝမှ ခေါင်းပြူလျက်
“မေမေနှင့် ကိုကိုလတ် ဘာဖြစ်နေကြတာလဲဗျ”
“တစ္ဆေကွ... တစ္ဆေ... အိမ်ပေါ်ထပ် တက်လာမလို့”
တစ္ဆေ ဟူသော အသံကြားရသည်နှင့် ပေါ်လာ သူ့အိပ်ရာပေါ် ပြန်ပြေးတက်ပြီး စောင်ခေါင်းမြီး ခြုံနေလိုက်၏။ အပြင်ဘက်မှ သူ့အမေနှင့် အစ်ကိုတို့၏အသံကို မသဲမကွဲ ကြားနေရသည်။
“မေမေ ဘယ့်နှယ်လုပ်မလဲ”
ဂေါ်ရာက အသံ တုန်တုန်ယင်ယင်ဖြင့် မေးသည်ကို သူ့အမေကလည်း ထိုနည်း ၎င်းအသံဖြင့်...
“လာကြပါဦး သူခိုး... သူခိုး... လို့ ပြတင်းပေါက်ဖွင့်ပြီး အော်ရ ကောင်းမလားပဲ၊ သွားအော်ချေကွာ”
“ဟာ...အမေကလည်း သူခိုးမဟုတ်ဘဲနှင့် သူခိုးလို့အော်လို့ ဘယ်ကောင်းမလဲဗျ၊ တော်တော်ကြာ လူတွေက ရောက်လာလို့ သူခိုးမတွေ့ရင် အားနာစရာကြီး”
သားကို ခိုင်းမရသဖြင့် စိတ်တိုသွားပြီး စောစောက သားတွေ၏အခန်းထဲရှိ မှန်တင်ခုံပေါ်တွင် လောက်စာလုံးနှင့် ခွလေးကို သတိရသည်နှင့်...
“မင်းတို့ ခိုင်းလိုက်ရင် ဆင်ခြေဆင်လက်နှင့်ချည်းပဲ၊ ဘာမှ အားမကိုးရဘူး”
ဆိုပြီး အခန်းထဲ ပြေးဝင်ကာ လောက်စာလုံးနှင့် ခွလေးကိုယူ၍ အိမ်ဘေးပြတင်းပေါက်ကို ဖွင့်ပြီး အနီးဆုံးအိမ်ဖြစ်သည့် ကိုက်နှစ်ဆယ်လောက်အကွာရှိ သစ်တောဌာနက အငြိမ်းစား စာရေးကြီး ဦးလှအောင်အိမ် မှန်ပြတင်းကို တွယ်လိုက်လေ၏။ တည့်တည့်ကြီး ထိမှန်ကာ၊ ဂွမ်းခနဲ မှန်စတွေ ကွဲ ကွာသွားသည်၌ ပန်းနာထနေ၍ အိပ်မပျော်ဖြစ်နေသော စာရေးကြီး ဒေါအပွကြီးပွကာ ကွဲသွားသော ပြတင်းပေါက်ပေါင်ကို ဝုန်းခနဲတွန်းဖွင့်ပြီး ရင်ကျပ်နေသဖြင့်လည်း ချောင်းသံအက်တက်တက်နှင့် အစွမ်းကုန်အော်လေ၏။
“ဘယ်က ခွေးဝဲစားမသား လက်ကမြင်းတာလဲကွ ဟင်၊ ညဉ့်နက်သန်းခေါင် အိပ်ကောင်းခြင်းမအိပ်ရ၊ ဒီအချိန်ကျမှ ဘယ်က အလေလိုက်ပြီး ပြန်လာတဲ့ သေချင်းဆိုး ကာလနာ မသာ အသုဘလဲဟေ့၊ ငါ့ဘာသာငါ ပန်းနာရောဂါထလို့မှ အေးအေး မနေရဘူး၊ ညဦးကလည်း ငါ့ခြံထောင့်က မာလကာသီးတွေ ခိုးသွားတယ်၊ အခု မှန်ပြတင်းကို ခွဲပြန်ပြီ၊ ဒါတော့ သည်းညည်းမခံနိုင်တော့ဘူးဟေ့၊ ဂတ်တိုင်မယ်၊ ကောင်စီတိုင်မယ်”
ထိုစကားမဆုံးမီ မမြတ်ထွေးသည် လက်ထဲတွင် လောက်စာလုံး နှစ်လုံးကို ယူလာမိ၍ အရှိန်မသတ်နိုင်ဘဲ တစ်လုံးပြီးတစ်လုံး လွှတ်လိုက်သော် ဒုတိယအလုံးက ဒေါပွနေသော ဦးလှအောင်၏နားရွက်နား ဝီခနဲ ဖြတ်သွားပြီး အတွင်းနံရံကို ထောက်ခနဲ ထိသွားပြန်ရာ လောက်စာလုံး လာရာလမ်းကို လှမ်းကြည့်လိုက်တော့ တစ်နေ့ကမှ ပြောင်းလာသည့် ဟိုဘက်အိမ်ဟောင်းကြီးက အမျိုးသမီးဖြစ်နေသည်ကို မြင်ရသည်၌ စာရေးကြီး ပိုမို ဒေါပွပြန်ကာ
“ခင်ဗျား ရူးနေလို့ ကျုပ်အိမ်ကို ညကြီးမင်းကြီးမှာ ခွလေးနှင့် ထုနေတာလားဗျ”
သူ့အရပ် ပုပုလေးကို ခုန်ဆွခုန်ဆွလုပ်၍ ရန်တွေ့လေရာ မမြတ်ထွေးက သံကုန် အော်၍
“မဟုတ်ဘူး အိမ်ထဲမှာ သူခိုးဝင်နေလို့”
“သူခိုးဝင်မှန်းသိရင် ဝိုင်းဖမ်းပါလားဗျ၊ ဘာလို့ ကျုပ်အိမ်ကို ခွလေးနှင့်ပစ်နေရတာလဲ”
“ဒီမှာ ကျွန်မနှင့်ကလေးနှစ်ယောက်ပဲရှိတယ်၊ ဂါတ်တဲကို ရှင့်အိမ်က တယ်လီဖုန်း ဆက်ပေးစမ်းပါ”
“ကျုပ်အိမ်မှာ တယ်လီဖုန်းမရှိဘဲ”
“မရှိရင် ရှင်ပဲ ရဲစခန်းသွားပြီး ရဲတွေကို ခေါ်ခဲ့ပါလားရှင်၊ ကျွန်မတောင်းပန်ပါတယ်”
“အို...ဘယ်သွားနိုင်မှာတုန်း၊ ကျုပ်ဟာကျုပ်တောင် ပန်းနာရင်ကျပ်ထနေလို့ မနည်း အသက်ရှုနေရတာ”
“ဒါဖြင့် ရှင့်မိန်းမ၊ ဒါမှမဟုတ် ရှင့်အိမ်သား တစ်ယောက်ယောက် ခိုင်းပေးပါလားရှင်”
“ကျုပ်က လူပျိုကြီး တစ်ကိုယ်တည်းနေတာဗျ”
“အမယ်လေး... မသိလို့ပါရှင်”
ကိုင်း...ခုမှ ဒုက္ခ၊ မမြတ်ထွေးမှာ ဘာဆက်လုပ်ရမှန်းမသိ အကြံရကျပ်နေစဉ်တွင် ကံအားလျော်စွာ မီးကင်းသမားတစ်စု သူတို့အိမ်ရှေ့ ရောက်လာသဖြင့် မမြတ်ထွေးက အိမ်ပေါ်မှ လှမ်းပြောပြီး အကျိုးအကြောင်းပြောပြပြီး အကူအညီတောင်းရသည်။
မီးကင်းခေါင်းဆောင်လုပ်သူက တပည့်တစ်ယောက်အား ရဲစခန်းသို့ အမြန်လွှတ်လိုက်ရာ မကြာမီ၌ ရဲကြပ်ကြီးတစ်ယောက်နှင့် ရဲသားနှစ်ယောက် ရောက်လာကြသည်။ သူတို့ကို အိမ်အပေါ်ထပ်မှ ကြည့်နေသော မမြတ်ထွေးတို့အား တံခါးဖွင့်ပေးရန်ပြောသောအခါ သားအမိနှစ်ယောက် သူ သွားဖွင့်ပါ၊ ငါသွားဖွင့်ပါနှင့် အငြင်းပွားနေကြ၍ ရဲကြပ်ကြီးက စိတ်မရှည်တော့ဘဲ
“ခင်ဗျားတို့ဟာက ဘာဖြစ်နေကြတာလဲ၊ မြန်မြန် ဖွင့်ကြစမ်းပါဗျာ”
ဟူ၍ အော် ငေါက်တော့မှ သားအမိနှစ်ယောက် တစ်ယောက်ခါး တစ်ယောက်ဖက်၍ ကြောက်ကြောက်နှင့် ဆင်းဖွင့်ပေးရာ ရဲသုံးယောက်အပြင် မီးကင်းသမားများပါ အထဲဝင်လာကြပြီး သူခိုးရှာကြလေ၏။ ရှိသမျှ အခန်းအကြိုအကြား ဗီရိုထဲပါမကျန် မွှေနှောက် ရှာဖွေပြီးသောအခါ ရဲကြပ်ကြီးက
“ကဲ... ဒီအောက်ထပ်မှာတော့ သူခိုးမပြောနှင့် ကြွက်တစ်ကောင် ကြောင်တစ်မြီးမှ မရှိဘူးဆိုတာ ခင်ဗျားတို့အသိပဲ၊ အပေါ်ထပ်များ ရောက်နေသလား”
“ဟာ... အပေါ်ထပ်မှာတော့ မရှိပါဘူး။ ကျွန်မတို့က သေသေချာချာ အတက်အဆင်းတံခါးဖုံးကို ပိတ်ထားတာပဲ”
“နို့ပေမဲ့ လိုလိုမယ်မယ်တော့ ဝတ္တရားအတိုင်း ရှာရမှာပဲ”
ဟု ပြောပြောဆိုဆိုနှင့် ရဲကြပ်ကြီးနှင့် သူ့တပည့်နှစ်ယောက် လှေကားပေါ်တက်ရင်း မီးကင်းသမားများအား အကယ်၍ သူခိုး အိမ်အောက်ထပ် ဆင်းပြေးလာခဲ့သည်ရှိသော် မလွတ်တမ်း ဖမ်းဆီးရန် မှာကြားခဲ့သေး၏။
အပေါ်ထပ်မှာ ခေါင်းရင်းဘက်တစ်လျှောက် ဘုရားခန်းအပါအဝင် အဘိုးကြီးနေသော အခန်းနှင့် ကပ်လျက် မမြတ်ထွေးတို့အိပ်သောအခန်း၊ သားသုံးယောက်အခန်း စသည်ဖြင့် တည်ရှိသည်။ ရဲကြပ်ကြီးသည် လှေကားပေါက်နှင့် တည့်တည့် မမြတ်ထွေးတို့အခန်းကို ပထမဦးဆုံး ဝင်ကြည့်သည်။ ဗီရို၊ မှန်တင်ခုံ အစုံစုံသောနေရာတွေ မလပ်အောင် စေ့စေ့စပ်စပ် ရှာဖွေ၏။ ကျေနပ်တော့မှ နောက်တစ်ခန်းသို့ ဝင်သောအခါ ခုတင်ပေါ်တွင် စောင်ကို တင်းတင်းကျပ်ကျပ်ကြီး ခေါင်းမြီးခြုံ၍ စန့်စန့်ကြီးအိပ်သော သဏ္ဌာန်ကို တွေ့ရသည်နှင့် တန်းတန်းမတ်မတ်သွားပြီး စောင်ကို ဇတ်ခနဲ ဆွဲခွာလိုက်သည်တွင်
“အောင်မယ်လေး၊ အမေရေ ကယ်ပါဦး”
ဟူသော အသံနှင့်အတူ ပေါ်လာ ကြောက်ကြောက်နှင့် ထပြေးမည်ပြုတော့ ရဲကြပ်ကြီးက ဇက်ခနဲ ဖမ်းနှိပ်ထားပြီး မမြတ်ထွေးဘက်ကိုလှည့်၍
“ဒါဘယ်သူလဲ”
“ကျွန်မသားလေးပါ”
“ဟုတ်ရဲ့လား၊ သေသေချာချာကြည့်နော်”
လွန်စွာတိကျသော ရဲကြပ်ကြီးကို မမြတ်ထွေးက နားမလည်သလို ကြည့်လျက်
“ဪ...ဆရာကလဲ၊ ကျွန်မသားပဲ၊ ကျွန်မသိတာပေါ့”
ရဲကြပ်ကြီးက သူခိုးမဟုတ်ဘူးဆိုတာ သေချာသွား၍ စိတ်ပျက်ကာ အခန်းထဲမှာ ဘယ်နေရာ သူခိုးနေနိုင်မလဲဟု တောင်ကြည့်မြောက်ကြည့် ကြည့်တော့ မမြတ်ထွေးနောက်မှာ ကပ်လျက် မျက်နှာသုတ်ပဝါကို ကိုယ်မှာပတ်၍ မတ်တပ်ရပ်နေသော ဂေါ်ရာကို မြင်သည်၌ လက်ညှိုးငေါက်ငေါက်ထိုးကာ
“သူကကော”
“သူက ကျွန်မသား အလတ်ကောင်ပေါ့”
“ဟင်...ဒီကောင်ကလည်း ညကြီးမင်းကြီး ကိုယ်လုံးတီးနှင့် ဘာလုပ်တာလဲ”
ဟု ရဲကြပ်ကြီးက မယုံသင်္ကာနှင့် မေးရာ မမြတ်ထွေးက
“အိုက်လို့ ရေချိုးတာတဲ့၊ သား အဝတ်သွားဝတ်ချေလေ၊ တော်ကြာ အအေးမိနေဦးမယ်”
မမြတ်ထွေးတို့အခန်းကို စိတ်တိုင်းကျမွှေနှောက်ပြီးသောအခါ ရဲကြပ်ကြီးက သော့ခလောက်ကြီး ချိတ်ထားသော နောက်တစ်ခန်းကို ညွှန်ပြလျက်
“အဲဒီအထဲမှာ ဘာရှိသလဲ”
“ကျွန်မ ယောက္ခမကြီး ရှိတယ်”
“သူ့ကို ဘာကြောင့် ပိတ်လှောင်ထားတာလဲ”
“ဒီလိုပါ၊ အဘိုးကြီးက အသက် ၉၀ ကျော်ပြီး သူငယ်ပြန်နေတော့ မတော်တဆ အပြင်ထွက်ရင် တစ်ခုခု ဖြစ်မှာစိုးလို့ပါ”
ဘာအကြောင်းကိုမှ ကိုယ်တွေ့မျက်မြင်မဟုတ်ဘဲ တော်ရုံတန်ရုံနှင့် မယုံတတ်သော ရဲကြပ်ကြီးက သူ့တပည့်တစ်ယောက်အား
“သွား. . .အဲဒီအခန်းတံခါး ဖွင့်စမ်းကွာ”
ဟု ပြောပြီး တံခါးလည်း ပွင့်သွားရော
“နေ နေ၊ ငါအရင် ဝင်မယ်”
ဟု ပြောပြောဆိုဆို အခန်းထဲ လှမ်းဝင်လိုက်သည်နှင့် ဖြောင်းခနဲ အသံနှင့်အတူ ရဲကြပ်ကြီးထိပ်မှာ ပူခနဲ ဖြစ်သွားပြီး အရိုးပြိုင်းပြိုင်းနှင့် လက်ငါးချောင်းက သူ့ဝမ်းဗိုက်က ခါးပတ်ကို တင်းတင်းကျပ်ကျပ်ကြီး ဆွဲထားလျက် သွားမရှိတော့သော အဘိုးအို၏ တုန်ခါခါ အသံဖြင့်
“သမီးရေ၊ ဟောဒီမှာ သူခိုးမိထားပြီ၊ ရဲတွေခေါ်၊ ရဲတွေခေါ်”
ရဲကြပ်ကြီးက ဖူးရောင်နေသော သူ့နဖူးကို လက်နှင့် စမ်းသပ်ရင်း မမြတ်ထွေးကို မေးခွန်းထုတ်သောမျက်စိနှင့် ကြည့်သည်။ မမြတ်ထွေးက အခန်းထဲ အပြေးကလေး ဝင်လာပြီး အဘိုးကြီး၏ မြဲမြံစွာဆုပ်ကိုင်ထားသော လက်များကို ရဲကြပ်ကြီးခါးပတ်မှ တပင်တပန်းဖြေပေးရင်း ရဲကြပ်ကြီးကို အားနာစွာကြည့်လျက်
“ဒါ သူငယ်ပြန်နေတဲ့ ကျွန်မယောက္ခမကြီးပါ၊ ဘာမှ အသိတရားရှိတော့တာ မဟုတ်ပါဘူး၊ ခွင့်လွှတ်ပါရှင်”
ဤတွင် အဘိုးကြီးက ရဲကြပ်ကြီးရော ချွေးမကိုပါ မကျေမနပ်နှင့်ကြည့်ပြီး
“ဟဲ့. . .မမြတ်ထွေးရဲ့၊ သူခိုးကို တောင်းပန်နေရသလားတဲ့၊ အပြင်ဘက်မှာ ဆူညံဆူညံနှင့် သူခိုးဆိုတဲ့အသံကြားကတည်းက ငါ ဒီအထဲက ဟောဒီတုတ်ကိုင်ပြီး စောင့်နေတာ”
ဟု သူ့လက်ထဲ ကျိုက်ထီးရိုးတောင်ဝှေးကို ထောင်ပြလေ၏။ ထို့နောက် လက်ရှိအဖြစ်အပျက်အားလုံး သူ့ဦးနှောက်ထဲက ပျောက်သွားကာ သူ့မြေးငယ်ကို မြင်သည်၌
“လာဟေ့ သူငယ်ချင်းရေ၊ တို့ ကျောက်ဒိုးပစ်ရအောင်”
ဟု သူ့အမေနောက်တွင် ရပ်၍ အခန်းထဲသို့ စိတ်ဝင်စားစွာ ကြည့်နေသော သူ့ကစားဖော် ပေါ်လာကို ခေါ်သည်တွင် အဘိုးနှင့် ကစားဖော်လုပ်ရမှာ ကြောက်နေသော ပေါ်လာသည် သူတို့အိပ်ခန်းထဲသို့ သုတ်ခနဲ ဝင်သွားလေ၏။
ဤတွင် အိပ်ရေးပျက်ရသည့်အထဲ ထိပ်ကိုပါ အချောင်အဆော်ခံလိုက်ရသော ရဲကြပ်ကြီးမှာ အကြီးအကျယ်ဒေါသထွက်လျက် အခန်းထဲကို ရှာဖွေခြင်း မပြုတော့ဘဲ အပြင်သို့ ဆောင့်ကြီးအောင့်ကြီးနှင့် ထွက်လာရာ သူ့အမေ ဘလောက်စ်အင်္ကျီဝတ်လျက် စောစောက မျက်နှာသုတ်ပဝါကို ခါးတွင် ပတ်ထားသော ဂေါ်ရာကို မြင်သည်၌ နှာခေါင်းကို ရှုံ့လျက် ဘယ်လို အူလူးပတ်ကလားအိမ်သားတွေနှင့် တွေ့ရပါလိမ့်ဟု သူ့နှုတ်မှ တီးတိုးပြောပြီး မမြတ်ထွေးကို စူအောင့်အောင့်မျက်နှာနှင့် ကြည့်၍ လှေကားအဆင်းတွင် ပြောသွားသည်မှာ...
“ကဲ ကျုပ်တို့ တာဝန်ရှိသလောက်တော့ ဆောင်ရွက်ပြီးပြီ၊ ဘာသူခိုးမှ မတွေ့တာတော့ အမှန်ပဲ၊ ဒါပေမဲ့ မနက်လင်းတော့ ကိုယ့်အိမ်က ပစ္စည်းကိုစစ်ဆေးကြည့်ပြီး အပျောက်အရှရှိရင် စာရင်းအင်းနှင့်တကွ ရဲစခန်းသို့ လာပို့ပါ”
သူတို့အားလုံး ပြန်သွားကြသောအခါ သားအမိနှစ်ယောက် အောက်ထပ် တံခါးများကို ပိတ်ကြရင်း ဂေါ်ရာက...
“ကဲ...မေမေ့ကို ကျွန်တော် မပြောလား၊ သူခိုးမရှိဘဲနှင့် ရဲတွေ မခေါ်ပါနှင့်လို့”
“ဟဲ့ မခေါ်လို့ မဖြစ်ဘူး၊ သူခိုးထက်ဆိုးတဲ့ဟာက ရှိနေတယ်”
“သူခိုးထက်ဆိုးတာက ဘာလဲ မေမေ့ရဲ့ ၊ ဓားပြလား”
“မဟုတ်ဘူး၊ တစ္ဆေဟဲ့ တစ္ဆေ၊ တို့အိမ်ပေါ်ထပ်ကနေ အောက်ထပ်မှာ ကြားရတဲ့ အသံတွေက တစ္ဆေခြောက်တာကွ၊ မင်းတို့အဖေက မင်းတို့မပြောပါနှင့်မှာသွားလို့၊ ဒီအိမ်မှာ တစ္ဆေ ရှိသတဲ့ သိရဲ့လား၊ အခုမှ ရဲတွေလာလို့ ပျောက်သွားတာ၊ နောက် ဘယ်တော့ခြောက်ဦးမလဲ မသိဘူး”
* * *
နောက်တစ်နေ့ နံနက်တွင် ညက အိပ်ရေးပျက်ခဲ့သောကြောင့် သားအမိတွေ နေမြင့်မှ အိပ်ရာက ထကြသည်။ ဈေးသွားရန် အချိန်မရှိတော့သဖြင့် အိမ်မှာ လိုရမယ်ရ ဝယ်ထားသည့် ဘဲဥနှင့် ဝက်အူချောင်း ကြော်စားမည်ဟု ကြောင်အိမ်ထဲ ထည့်ထားသော ဝက်အူချောင်းကို ယူရန်သွားတော့ ကြောင်အိမ်တံခါးက ခပ်ဟဟပွင့်နေလျက် ဝက်အူချောင်းကို အထုပ်ပါ ရှာမတွေ့တောသဖြင့်...
“ဟဲ့...ဂေါ်ရာ၊ ဒီထဲက ဝက်အူချောင်းထုပ်ကော”
“မေမေပဲ မနေ့ညနေက ဖေဖေတို့ လမ်းမှာ စားသွားဖို့ ကြော်ပေးလိုက်တယ် မဟုတ်လား”
“ဟဲ့၊ အဲဒါက လေးချောင်းတည်းယူတာ၊ ဝက်အူချောင်း အစိတ်သားက ခြောက်ချောင်း ကျန်နေသေးတယ်၊ အခု အထုပ်ပါ မရှိတော့ဘူး”
“ကဲ...ဒါဖြင့် ဝက်အူချောင်း (၆) ချောင်းတင်ပဲလား၊ ဒီပြင် ဘာပျောက်သေးလဲ။ သေသေချာချာ ကြည့်ဦး”
“ဟဲ့...ဘာလို့လဲ”
“ညက ရဲကြပ်ကြီးက မှာသွားတယ် ဟုတ်လား၊ မနက်လင်းတော့ အပျောက်အရှ ရှိရင် စာရင်းအင်းနှင့်လာပို့ပါတဲ့”
“တဲ့ အကောင် ငါ့ကို ဟာသ လာလုပ်မနေနှင့်၊ နင်တို့ပဲ ငတ်မှာ”
“ဘာလို့ ငတ်ရမလဲဗျ၊ ဈေးသွားဝယ် ရသားပဲ”
သို့နှင့် သူတို့ချည်း အိမ်မှာ မနေရဲတော့သဖြင့် နောက်ညမှစပြီး ဦးဌေးလှိုင်တို့ရုံးက မင်းစေလေးနှစ်ယောက်ကို အိမ်အောက်ထပ် ခေါ်၍ အိပ်စေခြင်းဖြင့် တစ္ဆေ ပြဿနာ နောက်ထပ်မပေါ်တော့။
ဦးဌေးလှိုင်တို့သားအဖ ပြန်ရောက်လာကြသောအခါ သားအမိသုံးယောက် တစ္ဆေခြောက်ပွဲကြီးကို သာသာထိုးထိုးပြောကြသည်။ ဤတွင် ဆယ်တန်းသိပ္ပံကျောင်း သားကြီး မောင်သော်တာက ဖြစ်ပုံပျက်ပုံကို သေသေချာချာ နားထောင်ပြီး မီးဖိုချောင်ထဲ သွား၍ လေ့လာသည်။
ထိုနောက် အောက်ထပ်သို့ ဆင်းသည့် လှေကားရင်းဆီသို့ သွားပြီး ကုန်းလိုက် ကွလိုက်နှင့် ထရံကြားကို ကြည့်နေရာမှ မီးဖိုချောင်ထဲသို့ ပြန်ဝင်လာကာ မီးညှပ်ကို ယူခဲ့၍ ထရံနှင့် လှေကားကြား အမှိုက်သရိုက်ထဲထိုးသွင်းလျက် တစ်စုံတစ်ရာကို ရှာဖွေသည်။ မကြာမီ မီးညှပ်ထဲ ပါလာသော တစ်ဆစ်ချိုး ခေါက်ကွေးကြိုး လေးငါးခြောက်ချောင်းကို ပြ၍
“မေမေတို့တစ္ဆေ ဒီမှာတွေ့ပြီ၊ ဒါ ဝက်အူချောင်းချည်တဲ့ လျှော်တွေမဟုတ်လား”
အမေ
“ဟုတ်တယ်”
ဂေါ်ရာ
“အစစ်ပေါ့”
သော်တာ
“မေမေတို့ တစ္ဆေခြောက်တယ်ဆိုတာကို ကျွန်တော် ပြောပြမယ်။ ဒါ ကြွက်ရဲ့ စနက်ပဲ၊ ကြွက်မှ ..”
အပေါက်တစ်ခု လက်ညှိုးထိုးပြ၍...
“ဟောဒီမှာ တွင်းထဲနေတဲ့ မြေကြွက်ကြီး၊ သူအိမ်ပေါ်တက်လာပြီး ပထမ ကြောင်အိမ်ပေါ်မှာ လမ်းလျှောက်တယ်၊ ဒီတော့ သူ့ကိုယ်နှင့် ခိုက်မိလို့ ကြောင်အိမ်သံချိတ်မှာ ချိတ်ထားတဲ့ လက်ဖက်ရည်ပန်းကန်လုံးလေးတွေ လှုပ်ပြီး အချင်းချင်းခိုက်မိတဲ့အသံ၊ ဂလောင်မြည်တယ်၊ နောက် ကြွက်က ကြောင်အိမ်ပေါ်က ဝက်အူချောင်းနံ့ ရပြီး အောက် ခုန်ဆင်းလိုက်တော့ မေမေ့စိတ်ထင် ဒုတ်ခနဲ ခြေနင်းသံ ကြားရတယ်၊ နောက်ပြီး တံခါးကို သေသေချာချာ မပိတ်မိဘဲ ခပ်ဟဟထားတဲ့ကြောင်အိမ်ထဲက ဝက်အူချောင်းထုပ်ကို ဆွဲသွားတော့ မေမေက ခြေဖဝါးတရွတ်ဆွဲသွားတယ်လို့ ထင်ရတဲ့ ကြမ်းပြင်နှင့် အင်ဖက်ထုပ် ပွတ်သွားတဲ့အသံ တရှဲရှဲရယ်၊ နောက်ပြီးတော့ ကြွက်ရော ဝက်အူချောင်းထုပ်ရော၊ လှေကားက တစ်ထစ်ပြီး တစ်ထစ်ကျတဲ့ တဒုတ်ဒုတ်အသံရယ် ကြားရတာပဲ၊ အခုတော့ ကြွက်မိသားစုက မေမေ့ဝက်အူချောင်းတွေ စားပြီးလို့ ဟောဒီမှာ လျှော်ကြိုးတွေပဲ ကျန်ပါတော့တယ်ခင်ဗျာ”
အားလုံး နားလည် သဘောပေါက်သွားတော့မှ
“ဟင်...ကြွက်ကလည်း လောဘကြီးလိုက်တာဗျာ၊ မသကာ တစ်ချောင်း နှစ်ချောင်းလောက် ယူရောပေါ့၊ အခုတော့ အကုန်ဆွဲသွားလို့၊ ကျွန်တော်တို့မှာ အဲဒီမနက်က ဘဲဥကြော်နှင့်ပဲ ထမင်းစားလိုက်ရတယ်ဗျာ”
ပေါ်လာက မကျေမချမ်းနှင့် ဝင်ပြောတော့ ဖအေလုပ်သူ ဦးဌေးလှိုင်က...
“အေး... ဘဲဥတောင် ချီရရင်ချီသွားဦးမှာ၊ ကိုယ့်ဟာကိုယ် အသုံးမကျလို့ ကြောင်အိမ်လုံအောင် မပိတ်မိတဲ့အတွက် ဝက်အူချောင်းထုပ် ကြွက်ဆွဲသွားတာပဲ တစ္ဆေခြောက်တယ်လုပ်ပြီး တစ်ခြားလူတွေလည်း ဒုက္ခပေးလိုက်သေးတယ်၊ ကဲ...အခုတော့ ဟိုဘက်အိမ် ခွလေးနှင့်ပစ်လို့ ပြတင်းမှန်ကွဲသွားတာ လျော်ရတာနှင့် အဘိုးကြီးရဲ့ ထီးရိုးဝါးအရိုက်ခံရတဲ့ ရဲကြပ်ကြီးနှင့်ရဲသားလေးတွေ ကျေနပ်အောင်ပြုစုလိုက်ရတာနှင့် ငွေနှစ်ရာကျော် ချောသွားပြီ။ ခုမှ လက ရက်က ၂ဝ ရှိသေးတယ် မဟုတ်လား၊ ကျန်တဲ့ ၁၀ ရက်တော့ မင်းတို့ ဘဲဥနားတောင် မကပ်နိုင်ဘူး၊ တို့က ခုမှ ဒီအရပ် ရောက်စဆိုတော့ အကြွေးဆွဲရမယ့်ဆိုင်လည်း မရှိသေးဘူး၊ အေး...ဒီတော့ လဆန်းရက်အထိ မင်းတို့ ငါးပိရည်နှင့် ပဲဟင်းနှင့် ကန်စွန်းရွက်ကြော်လောက်ပဲ စားကြတော့ဟေ့”
ယင်း၌ ဖိုးဝရုပ်ကြီးကိုင်၍ သူတို့အနီးသို့ မည်သည့်အချိန်က ရောက်နေမှန်းမသိ သူငယ်ပြန် အဘိုးကြီးသည်
“ဟေ့ အေ... ဟေ့ အေ... ငါတော့ ပဲဟင်းနှင့် ကန်စွန်းရွက်ကြော်တော့ မစားနိုင်ဘူး”
ဟုဆို၍ ဗြဲခနဲ အော်ငိုလေရာ၊ သူတို့ တစ္ဆေခြောက်ပွဲ ပျက်သွားလျက် ဦးဌေးလှိုင်က ပျာပျာသလဲ...
“အို...သူတို့ကို ပြောတာပါ၊ အဖေတော့ အဖေစားချင်တာ ကျွေးမှာပေါ့၊ အဖေ ဘာစားချင်လဲ ပြော”
“ထမင်းဆီဆမ်း ရွှေလင်ပန်းနှင့်”
“အို... ည ဖိုးလမင်းကြီး သာတော့ တောင်းပေးမှာပေါ့ ”
“ဒါဖြင့် အခု ငါ့သြဇာစေ့ဘူး ပေး”
ဟု ပြောပြီး သူ့မြေး အငယ်ဆုံး ပေါ်လာအား...
“လာဟေ့ သူငယ်ချင်း၊ တို့ စုံမ ဝှက်တမ်း ဂဂျားရအောင်ကွ၊ ဂဂျားမယ်၊ ဂဂျား မယ်၊ သက်တံပေါ်မှာ ဂဂျားရအောင်ကွယ်”
သော်တာဆွေ
ချယ်ရီ၊ အမှတ် ၂၉၊ နိုဝင်ဘာ၊ ၁၉၈၆။
crd 👉 https://m.facebook.com/story.php?story_fbid=806260559862797&id=100014365818991
No comments:
Post a Comment