အဘွားကြီး။
အဘွားကြီး၏ဘဝက ရိုးစင်းလှသည်။ မရှိမရှား၊ မထင်မရှား မိဘတို့မှ ပေါက်ဖွားဆင်းသက်လာခဲ့ပြီး ဆယ်တန်းအထိ ပညာသင်ဖူးလေသည်။ မိဘလက်ထဲတွင် အေးအေးကုပ်ကုပ်နေခဲ့သူမို့ ငယ်စဉ်က ရည်းစားပင် မထားဖူးခဲ့ပေ။ ဆယ်တန်းနှစ်ကျတော့ အမေက ယောက်ျားပေးစားသည်။ ကြားပေါက်ဝင်ငွေ သိပ်မရှိသော အစိုးရဌာနတစ်ခုမှ အရာရှိငယ်တစ်ဦးနှင့် ဖြစ်လေသည်။ သူကလည်း ရိုးရိုး၊ ကိုယ်ကလည်းအေးအေးမို့ ဘဝကို ငြိမ်ငြိမ်သက်သက်၊ ချွေချွေတာတာ ဖြတ်သန်းရင်း သားတစ်ယောက် ရခဲ့သည်။ ထို့နောက် သားကိုအကြောင်းပြုပြီး ချွေးမတစ်ယောက်နှင့် မြေးကလေးတစ်ယောက် ထပ်၍ ရရှိခဲ့ပြန်သည်။ မြေးကလေး ငါးနှစ်သားအရွယ်တွင် ချွေးမဆုံးသွားသည်။ သားက နောက်အိမ်ထောင်မပြုဘဲ မိသားစုလေးဦး စုစုစည်းစည်း နေခဲ့ကြသည်မှာ ယနေ့အထိပင်။
ငယ်စဉ်က အရာရှိငယ်ဖြစ်သော အဘိုးကြီးသည် ကြီးလာတော့ အရာရှိကြီးဖြစ်မလာခဲ့ပေ။ ခပ်လတ်လတ်အရာရှိဘဝနှင့်ပင် အငြိမ်းစားယူခဲ့ရသည်။ အဘိုးကြီး အငြိမ်းစားဖြစ်တော့ ဝန်ထမ်းအိမ်ရာတွင် နေခွင့်မရှိတော့၍ ခြောက်ထပ်တိုက်၊ ခြောက်လွှာကို ရောက်ခဲ့ကြရသည်။ စုမိဆောင်းမိသော ကျန်ငွေကလေးနှင့် သားအတွက် ကားတစ်စီးတော့ ဝယ်ပေးနိုင်ခဲ့သည်။ သားက ကားကို နံပါတ်အနီပြောင်းကာ တက္ကစီဆွဲခဲ့သည်။ ထိုအချက်အလက်များသည် အဘွားကြီး၏ ဘဝအကျဉ်းချုပ်ဖြစ်လေသည်။
ထို့ကြောင့် အဘွားကြီး၏ ကိုယ်ရေးရာဇဝင်ကို ပြောပါဟုဆိုလျှင်-
အမည် - ဒေါ်ကောက်၊
အသက် - ခြောက်ဆယ့်ခြောက်၊
ခင်ပွန်း - ဦးကျောက်၊
သား - ဘိုတောက်၊
မြေး - စိန်မျောက်မျောက်၊
နေထိုင်သည်က - အထပ်တိုက်ခြောက်၊ အလွှာခြောက်၊ အခန်းခြောက်၊ တိုက်နံပါတ် - ၁၆၆။
ထိုမျှလောက်ဆိုလျှင် ပြီးပြည့်စုံပြီဖြစ်သည်။
အဘွားကြီးက အလိုလောဘကြီးသူမဟုတ်၍ ဘုရားရှိခိုးလိုက်၊ ပုတီးစိပ်လိုက်၊ ကိုရီးယားကားလေးကြည့်လိုက်၊ ယောက်ျားအကြိုက်၊ သားအကြိုက်၊ မြေးအကြိုက်လေးများကို ကောင်းနိုးရာရာ ချက်ပြုတ် ကျွေးမွေးလိုက်နှင့် သူ့ဘဝကိုသူ ကျေနပ်ရောင့်ရဲစွာ ဖြတ်သန်းနိုင်သူဖြစ်သည်။ တစ်ခုပဲရှိသည်။ လွန်ခဲ့သော ဆယ်နှစ်ကျော်ကျော် ခြောက်လွှာကို စ၍ရောက်စဉ်က အဆင်းအတက်ကို သိပ်မမှုလှ။ ခပ်သွက်သွက်ဆင်း၍ ခပ်သွက်သွက် ပြန်တက်နိုင်သေးသည်။ ခန္ဓာကိုယ်ကြီးက ဝ,သော်လည်း အထိုင်အထ မြန်သည်။ အကြွအလှမ်း သွက်သည်။ ရေမော်တာ လေခိုပြီး ရေမတက်လျှင် အောက်ထပ်သို့ ချက်ချင်းရောက်သွားတတ်သူမှာလည်း အဘွားကြီးသာဖြစ်သည်။ မော်တာခန်းထဲ ကုန်းကုန်းကွကွဝင်ပြီး မော်တာထဲသို့ ရေလောင်းထည့်ကာ ရေချူသောအလုပ်
ကိုလည်း မြန်မြန်ဆန်ဆန်၊ ကျွမ်းကျွမ်းကျင်ကျင်လုပ်နိုင်သူ ဖြစ်လေသည်။
အခုတော့... အခုတော့ ပြောင်းလဲခြင်းနိယာမအရ ပြောင်းလဲခြင်းတွေရှိခဲ့ပြီမို့ ယခင်တုန်းကလို မမြန်မဆန်၊ မသွက်နိုင်တော့ဘဲ လေးကန်လာခဲ့ပြီဖြစ်သည်။ အသက်ကို စစ်လိုက်တော့လည်း ခြောက်ဆယ်ကျော်၍ ခြောက်နှစ်စွန်းပြီမို့ ခြောက်ဆယ့်ခြောက်။
ခြောက်ဆယ့်ခြောက်ဟူသော အသက်ကို ကြီးလှချည့်ဟု ဆို၍မရသော်လည်း တတိယအရွယ်ရောက်ပြီမို့ အကျဘက်သို့ လှမ်းနေသည်မှာလည်း သဘာဝကျပါသည်။ ဟော်မုန်းအားဆေးတွေ၊ ဂျင်ဆင်းအားဆေးတွေကိုလည်း တစ်ခါမျှ မသောက်ဖူးတော့ အဘွားကြီး၏အသားအရေများက တင်းတင်းရင်းရင်းမရှိရှာပေ။ လက်မောင်းတုတ်တုတ်ကြီးများကလည်း ပျော့နေလေသည်။ မြေးကလေး စိန်မျောက်မျောက်ကတော့ ထိုလက်မောင်းကြီးများကို ကိုင်ကြည့်ရင်း တခစ်ခစ်ရယ်တတ်လေသည်။
ယခင်က ခပ်သွက်သွက်၊ ခပ်မှန်မှန် ဆင်းခဲ့၊ တက်ခဲ့သော လှေကားအထစ်ပေါင်း ရှစ်ဆယ်ကျော်သည် အဘွားကြီးကို စိန်ခေါ်နေကြပြီဖြစ်သည်။ လမ်းဟိုဘက် လမ်းကြားထဲမှ ပျံကျဈေးလေးကို ယခင်က ဖြုတ်ခနဲ ဆင်းသွားတတ်သော်လည်း ယခုတော့ တစ်ခါတစ်ခါ သွားဖို့အရေး အားတင်းနေရပြီဖြစ်သည်။ လှေကားထစ်အဆင်းများက အတော့်ကို ဒူးနာစေလေသည်။ အောက်ရောက်ပြန်တော့ လမ်းကူးရန် ခက်ပြန်သည်။ သူက လမ်းအလယ်ကောင်မှာလည်း မရပ်ရဲ။ ကိုယ်လေးယိမ်းလိုက်၊ ခါးကလေး
နွဲ့လိုက်နှင့်လည်း မရှောင်တတ်။ ခပ်သုတ်သုတ်လေး ကူးရအောင်ကလည်း ခြေထောက်ကမခိုင်၊ သက်စွန့်ကြိုးပမ်းကူးပြီး လမ်းတစ်ဖက်သို့ ရောက်ပြန်တော့ ဈေးခြင်းတောင်းအလေးချိန်က ပိုလာသည်။ အဓိက အခက်ဆုံးသည်ကား သူ၏ခန္ဓာကိုယ်
ကိုရော၊ ဈေးခြင်းတောင်းကိုပါ မြေဆွဲအားကို ဆန့်ကျင်ပြီး အပေါ်ခြောက်ထပ်သို့ တက်ရသောအခါတွင် ဖြစ်လေသည်။
“နိဗ္ဗာန်မရောက်မီစပ်ကြား ဖြစ်လေရာဘဝမှာ အထပ်မြင့်မြင့်တွေမှာ အဆင့်နိမ့်နိမ့်နှင့် နေရသောသူ မဖြစ်ရပါလို၏ဘုရား”
အဘွားကြီးက မကြာခဏ ဆုတောင်းနေမိတတ်သည်။ အခုနောက်ပိုင်းတော့ ဈေးခြင်းတောင်းထဲမှ ပစ္စည်းများကို ကြိုးတန်းလန်းနှင့်ချထားသော ပလတ်စတစ်ခြင်းလေးထဲသို့ တန်သလောက်ခွဲထည့်ပြီး အပေါ်မှဆွဲတင်သောနည်းစနစ်ကို ကျင့်သုံးရရှာသည်။ သားကလည်း နေကုန်နေခန်း အိမ်မှာရှိသူမဟုတ်။ မြေးကလေးကလည်း အိမ်မမြဲတော့ ကြိုးဆွဲတာဝန်သည် အဘိုးကြီးပေါ်သို့ လုံးလုံးလျားလျား ကျရောက်ရှာလေသည်။ ထို့ကြောင့် အဘွားကြီးဈေးသွားသောနေ့များတွင် အဘိုးကြီး
ခမျာ ဈေးမသွားဘဲနှင့် တော်တော်မောရရှာလေသည်။
နည်းပညာတိုးတက်မှုများသည် သူနှင့် ဘာမျှမဆိုင်ဟု သတ်မှတ်ထားသော အဘွားကြီးသည် ဒီတစ်ခါတော့ နည်းပညာ၏အကျိုးကို လက်တွေ့သိရလေသည်။ သူတို့မှာ သားဝယ်ပေးထားသဖြင့် လက်ကိုင်ဖုန်းလေးတစ်လုံးရှိသည်။ ဈေးထဲမှ ကြက်သားသည်၊ ဝက်သားသည်၊ ငါးစိမ်းသည်၊ ကုန်ခြောက်သည်၊ ကုန်စိမ်းသည်တွေဆီမှာလည်း လက်ကိုင်ဖုန်းကိုယ်စီရှိကြသည်။ ကိုယ်လိုသော ပစ္စည်းအမျိုးအစား၊ အရေအတွက်နှင့် အချိန်အတွယ်ကို ဈေးသည်များဆီသို့ ဖုန်းဆက်၍ မှာနိုင်သည်။ ထိုပစ္စည်းက ကြိုးနှင့်ဆွဲထားသော ခြင်းတောင်းထဲသို့ ရောက်လျှင် အပေါ်ဆွဲတင်လိုက်ရုံသာ။ ပြီးလျှင် ထိုခြင်းနှင့်ပင် ပိုက်ဆံပြန်ချပေးလိုက်ရုံပင်။ သို့သော် မည်သူက ခြင်းတောင်းထဲသို့ တကူးတက လာ၍ ထည့်ပေးမည်နည်း။
ထိုကွက်လပ်ကို ဖြည့်ပေးသူက ဂျမ်းဘုံတို့မောင်နှမဖြစ်သည်။ အစ်မက ရှစ်တန်း၊ မောင်လေးက ငါးတန်းဖြစ်သည်။ ညနေပိုင်း ကျောင်းတက်ပြီး အမေနှင့်အတူ မနက်ပိုင်းတွင် ကုန်စိမ်း ကူရောင်းသည်။ အခုနောက်ပိုင်းတော့ အဘွားကြီးက ဂျမ်းဘုံဆီ ဖုန်းဆက်ကာ “ကြက်ရင်ပုံလေးတစ်ခြမ်းနဲ့ ချဉ်ပေါင်ရွက်နှစ်စည်း၊ မျှစ်က တစ်ရာဖိုး၊ မုန့်ဟင်းခါး ပဲကြော်နဲ့နှစ်ပွဲ၊ ရုံးပတီသီး တစ်ရာဖိုး၊ ဘဲဥ ငါးလုံး” ဟု မှာလိုက်လျှင် မကြာမီ ထိုပစ္စည်းများနှင့်အတူ ဈေးစာရင်းလေးပါ ကြိုးဆွဲခြင်းတောင်းထဲ ရောက်လာသည်။ ခြင်းတောင်းကို ဆွဲတင်ပြီး ဈေးဖိုးနှင့်အတူ ဂျမ်းဘုံအတွက် ပိုက်ဆံနှစ်ရာကိုပါ ပြန်ချပေးလိုက်ရသည်။ အဘွားကြီးလည်း ကျေနပ်၊ ဂျမ်းဘုံလည်း မုန့်ဖိုးရနှင့်မို့ နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြသည်။ အခုနောက်ပိုင်း အဘွားကြီးလိုသူတွေ များလာတော့ သူတို့မောင်နှမ လမ်းကို အခါခါကူးပြီး အဝယ်တော် လုပ်ကြရသည်မှာ အားပင်မအားကြရရှာတော့ပေ။ သူတို့၏စီးပွားရေးလုပ်ငန်းကို ယှဉ်ပြိုင်ပြီး လုယူမည့်သူတွေ ပေါ်လာမှာကိုပင် စိုးရိမ်နေကြရရှာလေသည်။
ယခင်က နံနက်အိပ်ရာနိုးလျှင် အဘွားကြီးက ဆီမီး၊ ရေချမ်းကပ်ပြီး ဘုရားရှိခိုးကာ ဓမ္မစကြာကို ရွတ်ဖတ်ပူဇော်မြဲဖြစ်သည်။ အခုတော့ သူ့မှာ ဘုရားတရားအလုပ်ကို ဖြောင့်အောင်မလုပ်နိုင်၊ ဂျမ်းဘုံ၏ စီးပွားရေးလုပ်ငန်းက ကောင်းနေတော့ သူများထက်ဦးအောင် ဈေးမှာရန် အရေးကြီးနေသည်။ နောက်ကျသွားလျှင် သားနှင့်မြေးတို့အတွက် ထမင်းစားမမီဘဲ ဖြစ်သွားနိုင်သည်။
ထို့ကြောင့် သူ့ခမျာ မျက်လုံးနှစ်လုံးဖွင့်သည်နှင့်
“ဟဲလို... ဟဲလို... ဂျမ်းဘုံလား... ကြားလား..ကြားလား.. ကြားပြီလား...”
* * *
အဘိုးကြီး။
အခါတိုင်းကြားနေကျ ဓမ္မစကြာရွတ်သံကို မကြားရတော့ဘဲ ဟဲလို.. ဟဲလို.. ကြားပြီလားတွေ ဖြစ်နေတော့ အဘိုးကြီးခမျာ တော်တော်လေး စိတ်ညစ်ရှာလေသည်။ အဲဒါမျိုးတွေ မကြားချင်လို့ အဘွားကြီးကို ကိုယ်တိုင်ဈေးသွားပါလားဟု ပြောရလျှင်လည်း လူသားချင်းမစာနာရာ ကျပေတော့မည်။
သူက အဘွားကြီးထက် ခြောက်နှစ်ကြီးတော့ အသက်ခုနစ်ဆယ်ကျော်ပြီ ဖြစ်သည်။ အဘွားကြီးနှင့်လုံးဝဆန့်ကျင်ဘက် ပိန်ပိန်ကုန်းကုန်းလေးဖြစ်ပြီး တော်တော်လေး အိုစာရှာသည်။ သူ့ဆံပင်လေး ကျဲတောက်တောက်ကိုကား စိန်မျောက်မျောက်က မကြာခဏ ဆေးဆိုးပေးရသည်။ ထို့ကြောင့် သူ့တစ်ကိုယ်လုံးနှင့် မလိုက်ဖက်လှစွာ ခြောက်ဆယ့်ခြောက်ချောင်းလောက်သာရှိသော ဆံပင်မွေးလေးများက မည်းမည်းနက်နက်နှင့် ငယ်ရုပ်ဆင်နေလေသည်။ ဆံပင်ဆေးဆိုးပြီးခါစ ဘိုကေလေးများ အကျအန ဖြီးထားလျှင် အဘွားကြီးခမျာ သူ၏အိမ်ဦးနတ်ကြီးကို ကြည့်၍ ရယ်ချင်စိတ်ကို မနည်းကြီး ထိန်းထားရတတ်လေသည်။
“ကြည့်ရတာ ပြောင်ဖြဲဖြဲနဲ့ အချိုးမပြေပါဘူးဟယ်” ဟူ၍လည်း ကျိတ်ပြီး တွေးမိတတ်လေသည်။
အဘိုးကြီးကတော့ အဘွားကြီးကို ကြည့်ရင်း “ေဩာ်... တော်တော်ကို အိုစာသွားရှာပြီပဲ” ဟု တွေးမိတတ်လေသည်။ အဘွားကြီးအသက်အရွယ် အချို့သောအမျိုးသမီးကြီးများ မိတ်ကပ်လိမ်းဆဲ၊ နှုတ်ခမ်းနီဆိုးဆဲ။ ဒေါက်ဖိနပ်စီးဆဲဖြစ်သော်လည်း အဘွားကြီးက ရင်ဖုံးအကျီပွပွကြီးဝတ်ကာ ဆံပင်ကို ဝါးဘီးကြီးနှင့် ပတ်ထားတတ်လေသည်။ ငါးပိအိုး၊ ဆားအိုးတွေကို ဘေးတွင် ဗုံစီသလို ချရင်း လင်အတွက်၊ သားအတွက်၊ မြေးလေးအတွက် ကောင်းနိုးရာရာလေးများကို စိတ်ပါလက်ပါ ချက်ပြုတ်နေဆဲ ဖြစ်လေသည်။ ထို့ကြောင့်လည်း သူ့အနားကပ်လျှင် ငါးပိနံ့၊ ငံပြာရည်နံ့၊ ကြက်သွန်နံ့၊ ငါးညှီနံ့ တစ်မျိုးမျိုးကို ရှူရှိုက်ရစမြဲပင်။
စိန်မျောက်မျောက်ကတော့ “အဘွားရဲ့ ခန္ဓာကိုယ်ကြီးက နံတယ်”ဟု ထောမနာ ပြုတတ်လေသည်။
သူ့မြေး၏စကားကိုကြားတော့ အဘွားကြီးက တသိမ့်သိမ့်ရယ်ရင်း “ခန္ဓာကိုယ်နံတာက ရေချိုးလို့ရပါတယ်မြေးရဲ့၊ တချို့လူတွေက စိတ်ခန္ဓာနံနေတာ။ အဲဒါက ရေချိုးလို့ မပျောက်ဘူး”ဟု ပြောသည်။
စိတ်မျောက်မျောက်ကတော့ သူပြောသည်ကို နားလည်ပုံ မရပေ။
“ရေချိုးလို့ ပျောက်တယ်ဆိုပေမဲ့ အဘွားက ငံပြာရည်တွေကို ခဏခဏပြန်ကိုင်တော့ ခဏခဏ ပြန်နံနေရော”
“အဲဒီတော့လည်း ခဏခဏ ရေချိုးမှာပေါ့ မျောက်ကလေးရဲ့ ... ငါ့မြေးရဲ့”
အဘိုးကြီးကတော့ သူ့မိန်းမ ပုံ့ပုံ့ဝဝကြီးကိုကြည့်ရင်း “အင်း... ရေချိုးတယ်ဆိုတာက ရေရှိမှ ချိုးလို့ရတာလေ” ဟု ဖြည့်စွက်၍ တွေးမိလေသည်။
သူတို့လို အထပ်မြင့်နေလူသားများအတွက် ရေပြဿနာက ခဏခဏတက်တတ်လေသည်။ အထူးသဖြင့် နွေရာသီတွင်ဖြစ်သည်။ ယခုလည်း နွေရောက်တော့မည်။ နွေရာသီရောက်လျှင် မီးပျက်တတ်သည်ကို သူတို့နားလည်ပြီးဖြစ်သည်မို့ စာဖွဲ့စရာမလိုပါ။ မပျက်ဘဲ လာသောအခါများတွင် မီးအားမပြည့်သည်ကိုလည်း သည်းခံနိုင်ပါသည်။ ထိုမပြည့်သောမီးအားကို အကြောင်းပြုပြီး အဝီစိတွင်းထဲမှရေကို မြေကြီးပေါ်ရောက်အောင် ဆွဲမတင်နိုင်သောအခါတွင်ကား သူတို့တစ်တိုက်လုံး ဒုက္ခရောက်ရ လေတော့သည်။ ကွန်ပရက်ဆာကြီးကလည်း အိုအို ဟောင်းဟောင်း၊ မီးအားကလည်း မပြည့်သောအခါ စက်ကြီးက တဂျုံးဂျုံးရုန်းနေသော်လည်း ရေမတက်လာဘဲ လေများသာ ထွက်နေသည်။ အနည်းအပါး တက်လာသောရေကိုလည်း အောက်ထပ်အခန်းများက ဦးအောင် စုပ်ယူတတ်ကြသည်မို့ အပေါ်ဆုံးထပ်အတွက် အလှည့်မရောက်နိုင်အောင် ဖြစ်နေတတ်သည်။ ကိုယ့်ရေတင်စက်ကလည်း တစ်ခါပျက်ပြီးသားမို့ ကွိုင်ပြန်ပတ်ထားရတော့ အားမကောင်းလှသည်လည်းဖြစ်နိုင်ပါသည်။
“အဝီစိတွင်း ရေခန်းတာ ဖြစ်နိုင်တယ်တဲ့။ ရေပိုက်ကို ပေတစ်ရာလောက် ဆက်ပြီးချပေးရမယ်တဲ့။ ပိုက်ဆံတော့ ကုန်မှာပဲတဲ့”
“ကွန်ပရက်ဆာကြီးကိုလည်း လဲဖို့ကောင်းပြီတဲ့”
“ပိုက်ဆံ ကုန်မှာပဲလား”
“ကုန်တာတော့ ကုန်မှာပေါ့။ အခန်းတိုင်းက စုရမှာ"
ပိုက်ဆံကိစ္စကြားတော့ မည်သူကမျှ မလှုပ်ကြတော့ချေ။
“စည်ပင်ရေက ညဆယ့်နှစ်နာရီကျော်ရင် နည်း နည်းလာတယ်”
“ကျွန်မတို့က အဲဒီရေကို စောင့်ခပ်လို့ ရတယ်”
“တွင်းရေခန်းတာကလည်း မိုးတွင်းကျရင် ပြန်ပြည့်လာမှာလေ၊ ခဏတော့ သည်းခံရမှာပေါ့”
သို့နှင့်ပင် ပိုက်ဆက်ချရန် အစီအစဉ်လည်း မဖြစ်၊ ကွန်ပရက်ဆာလည်း မလဲဖြစ်၊ မီးအားမြှင့်စက်လည်း မဝယ်ဖြစ်ဘဲ ရလာသမျှ ရေလေးကိုလု၍ တင်ကြရင်း နွေလလယ်သို့ ရောက်လာသည်။ အဘိုးကြီးတို့အခန်းကတော့ ရေကလေးတစ်ပုံး၊ နှစ်ပုံးလောက်ရအောင် မနည်းစောင့်တင်နေရသည်မို့ သုံးရေပင် အနိုင်နိုင်ဖြစ်သည်။ ချိုးရေကို မစဉ်းစားနိုင်၊ သောက်ရေကတော့ ရေသန့်ဘူးတစ်ဘူးလျှင် ခုနှစ်ရာဖြစ်သည်။ နာမည်ရှိသော တံဆိပ်ဆိုလျှင် ကိုးရာပေးရလေသည်။ တစ်ခါတလေ တစ်ထောင်ဖြစ်သွားတတ်သည်။
“ငါများ တတ်နိုင်ရင် အကုန်လုံးကို တစ်ယောက်တည်း အကုန်ခံပြီး လုပ်လိုက်ချင်တယ်”
အဘိုးကြီးက မကြာခဏပြောတတ်သည်။ တစ်ချီတည်း ခြောက်သိန်း၊ ခုနစ်သိန်းလောက် ကုန်မည့်ကိစ္စ ဆိုတော့ အဘိုးကြီးခမျာလည်း စိတ်သာရှိပြီး ငွေက မလိုက်နိုင်ပေ။
“ကိုယ့်မှာ တကယ်လို့ ငွေရှိရင်တောင် အများအတွက် တစ်ယောက်တည်း အကုန်ခံရမယ်ဆိုရင်တော့ ရှင်းရှင်းပဲ ပြောမယ်၊ မသဒ္ဓါဘူးတော်”
အဘွားကြီးက ခပ်ရှင်းရှင်းပင် ပြောသည်။ နေ့တိုင်း ရေမချိုးရလျှင် မနေနိုင်သော အဘွားကြီးခမျာ ခြေကလေး၊ လက်ကလေးကိုပင် ချွေချွေတာတာ ဆေးနေရရှာသည်။ မျက်နှာသစ်ရေ၊ ဆန်ဆေးရေ၊ ခြေလက်ဆေးကြောသောရေ၊ အဝတ်လျှော်သော ဆပ်ပြာရေ၊ ရေမှန်သမျှကိုလည်း အလဟဿမဖြစ်စေရ၊ သတိကြီးစွာထားပြီး ရေပုံးတစ်ပုံးနှင့် စုထားရသည်။ ထိုရေကတော့ အိမ်သာလောင်းရန်ဖြစ်လေသည်။
“အရင်ဆုံးကတော့ မီးဒုက္ခပဲ။ မီးဒုက္ခကြောင့် ရေဒုက္ခဖြစ်ရတယ်။ ရေဒုက္ခနဲ့ ဆက်နွယ်နေတာကတော့ အီး ဒုက္ခပဲ”
အဘိုးကြီးက ပျင်းလျှင် ဝရန်တာထွက်ရပ်ပြီး လမ်းမပေါ်တွင် ပြည့်နေသောကားများကို ငုံ့ကြည့်နေတတ်သည်။ ထို့နောက် ရောက်တတ်ရာရာ တွေးနေတတ်လေသည်။ ထို “အီး” ဟူသည့် ပစ္စည်းက အနံ့အသက် ဆိုးဝါးရသည့်အထဲ အိမ်သာခွက်ထဲ ရောက်ပြီးလျှင်လည်း သူ့အလိုလို အောက်သို့ကျသွားသည်မဟုတ်ချေ။ ကျဆင်းသွားတော်မူအောင် ရေနိုင်နိုင်လောင်းရလေသည်။ လောင်းစရာ ရေများများမရှိလျှင်တော့...။
"နံပေတော့... မစဉ်းစားနဲ့ အော့ဟာဟာ.. ရှူပေတော့ ဂျီးမများနဲ့... အော့ ဟာ... ဟ”
စိန်မျောက်မျောက်က သီချင်းလုပ်၍ ဆိုတတ်သည်။ သူက ကျောင်းသွားရသူဆိုတော့ သူ့ကိစ္စကိုသူ ကျောင်းမှာရှင်းနိုင်သည်။ ကျောင်းပိတ်နေလျှင်လည်း သူ့ပစ္စည်းကို သူ့ဗိုက်ထဲက မထုတ်သေးပဲ မြေကြီးပေါ် သယ်ဆင်းသွားကာ ဈေးအိမ်သာမှာ ထားခဲ့၍ရသည်။ ဘိုတောက်ကလည်း ရှစ်နာရီလောက်မှ အိမ်ပြန်ရောက်သူဖြစ်၍ ကြုံလျှင်ကြုံသလို ရှင်းခဲ့နိုင်သည်။ အိမ်မှာ ရေရှားမှန်းသိတော့ တစ်ခါတစ်ရံလည်း သူငယ်ချင်းအိမ်တွင် ရေချိုးလာတတ်သည်။ ထမင်းချိုင့်လေးကိုပါ ဆေးလာတတ်သည်။
အခက်ကြီးခက်သည်ကား အဘိုးကြီးနှင့် အဘွားကြီးဖြစ်လေသည်။ သူတို့က ဆီးဝမ်းကို ထိန်းနိုင်ကြသူများမဟုတ်။ အကယ်၍ ထိန်းနိုင်လျှင်ပင် အီးအီးတစ်ပါ အတွက် အောက်ဆုံးထိ မဆင်းနိုင်၊ လမ်းဖြတ်ပြီး ဈေးအိမ်သာသို့ ပြေးရလျှင် ပို၍ပင် ဆိုးချေတော့မည်။ ဒီတော့လည်း စိန်မျောက်မျောက် သီချင်းဆိုသလို
“နံပေတော့၊ မစဉ်းစားနဲ့... အော့... ဟာ... ဟ ရှူပေတော့ ဂျီးမများနဲ့.. အော့ဟာ.. ဟ”
* * *
စိန်မျောက်မျောက်။
စိန်မျောက်မျောက်၏ အသက်က ဆယ်နှစ်ကျော်ပြီဖြစ်သော်လည်း အဘွားက ထမင်းခွံ့ကျွေးနေတုန်း ဖြစ်လေသည်။ အဘွား၏ကိုယ်က ငံပြာရည်စော် ကြက်သွန်စော်နံသော်လည်း အဘွားနယ်ကျွေးသော ထမင်းကတော့ အလွန်စား၍ကောင်းလေသည်။ ထို့ကြောင့်လည်း စိန်မျောက်မျောက်က ထမင်းစားမည်ဆိုလေတိုင်း “အဘွားခွံ့ကျွေးနော်”ဟု ချွဲနွဲ့တတ်မြဲဖြစ်လေသည်။
အဘွား ကိုရီးယားကားကြည့်တော့ မျက်စိမှုန်သောအဘွားအတွက် စာတန်းထိုးသောမြန်မာစာများကို စိန်မျောက်မျောက်က ဖတ်ပြရသည်။
“ဂျမ်းမီတဲ့.... နင့်ကိုတဲ့...၊ ငါဘယ်တော့မှ မခွဲတော့ဘူးတဲ့...၊ ဘယ်လိုအခက်အခဲရှိရှိတဲ့... လက်တွဲမဖြုတ်ဘူးတဲ့”
ထိုသို့သော စာဖတ်သံကို အဘွားက ကျေကျေနပ်နပ် နားထောင်လေသည်။ အဘွားကတော့ သူဘာလုပ်လုပ် ကျေနပ်နေသည်သာမို့ စိန်မျောက်မျောက်က အဘွားကို အလွန်ချစ်သည်။ ကျောင်းကပေးလိုက်သော အိမ်စာများကိုကား အဘိုးနှင့်အတူ လုပ်ရသည်။ အဘိုးက အနေအထိုင်အေးသော်လည်း အဘွားလိုတော့ မချိုသာလှပေ။
“မျောက်ကလေး.. မှန်မှန်ဖြေနော်၊ အဘိုးနဲ့အဘွား ဘယ်သူ့ကို ပိုချစ်လဲ”
တစ်ခါတစ်ရံတော့ အဘွားက သိလျက်နှင့် မေးတတ်သည်။ ပက်လက်ကုလားထိုင်တွင် ထိုင်ပြီး ဂျာနယ်ဖတ်သလိုလိုနှင့် နားစွင့်နေတတ်သော အဘိုးအကြောင်းကို စိန်မျောက်မျောက် ကောင်းကောင်းသိသည်။ ထို့ကြောင့် အဘိုးကို မေးငေါ့ပြရင်း “အတူတူ ချစ်တာပေါ့ အဘွားရာ၊ သားမှာက ဒီအဘိုးနဲ့ ဒီအဘွားပဲရှိတဲ့ဟာ” ပြောကာ လက်ဝါးလေးကို မသိမသာ ခါပြတတ်သည်။ ခပ်ပြုံးပြုံးဖြစ်သွားသော အဘိုးမျက်နှာကို လှမ်း၍ကြည့်ရင်း သူတို့မြေးအဘွား ကျိတ်၍ ရယ်ကြရသည်။
ဒီနှစ်နွေမှာတော့ စိန်မျောက်မျောက်က အဘွားကို ခါတိုင်းထက်ပို၍ သနားမိလေသည်။ နွေက ပို၍ပူကာ ရေက ခါတိုင်းလောက်ပင် မရသောကြောင့် ဖြစ်လေသည်။ တစ်နေ့တစ်ခါ ရေမချိုးရလျှင် မနေနိုင်သော အဘွားခမျာ ချွေးတစိုစိုနှင့် ယပ်ခတ်နေရရှာလေသည်။
“ရေမချိုးရတာ ကိစ္စမရှိပါဘူး မျောက်ကလေးရယ်။ အိမ်သာလောင်းစရာ ရေမရှိတာက ပိုခက်တယ်”
“အဖေက မှာထားတယ်၊ ရေသန့်နဲ့သာ လောင်းပစ်တဲ့”
“ဟယ်... သောက်ရေကို အိမ်သာလောင်းရင် ရေစောင့်နတ် စိတ်ဆိုးလိမ့်မယ်”
အဘွားက စိတ်မချမ်းသာစွာ ပြောသည်။ ရေစောင့်နတ်ဆိုတာ တကယ်ရှိမရှိတော့ မသိ။ သောက်ရေသန့်ကို အိမ်ပေါ်ထမ်းတင်ပြီး အိမ်သာလောင်းရသည်မှာ သိပ်၍မကောင်းကြောင်းကိုတော့ စိန်မျောက်မျောက် နားလည်ပါသည်။
“ဒီလိုလေ အဘွားရ၊ အဘွားရေချိုးရင် အဲဒီရေကို ခံထားပေါ့တဲ့၊ အဖေက ပြောတယ်။ နောက်ပြီး အဲဒီရေကို အိမ်သာ လောင်းလိုက်ပေါ့တဲ့။ ဒါကြောင့် အိမ်သာ မနံချင်ရင် အဘွားကို ရေများများ ချိုးခိုင်းပါတဲ့”
ဒီစကားကို ကြားတော့ အဘွားကြီး ပြုံးစိစိဖြစ်သွားသည်။ သူလည်း ရေချိုးချင်နေသည်မှာ ကြာပါပြီ။ တိုက်ရှေ့သို့ တွန်းလှည်းနှင့် ရောက်လာတတ်သော ရေသန့်ဘူးများမှာ အမည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးနှင့် ဖြစ်လေသည်။ အထဲကရေက သန့်လား၊ မသန့်လားတော့ မသိ။ ဘူးတွေကြည့်လိုက်တော့ ပေပေရေရေတွေမို့ စိတ်ချချင်စရာတော့ သိပ်မရှိလှ။ ဘာရေတွေပဲဖြစ်ဖြစ် သူတို့ခမျာများမှာလည်း လှေကားထစ်ပေါင်းများစွာကို ထမ်း၍တင်ရသည်မို့ အထစ်များလေ၊ ဈေးများလေ ဖြစ်သည်။ အပေါ်ရောက်တော့မှ သောက်လိုက သောက်၊ သုံးလိုကသုံး၊ လောင်းချင်လျှင်လည်း လောင်းတော်မူ.... အဲ... အဲ... လောင်းတော်မူ။
အဘွားကြီးက တွေးရင်း ထစ်ငေါ့သွားသည်။ ထို့နောက် သားတော်မောင်ဘိုတောက်ကို ကျေးဇူးတင်သွားသည်။ သောက်ရေကို ချိုးရေအဖြစ် ပြောင်းခိုင်းပြီးမှ ထိုချိုးရေကို အိမ်သာလောင်းခိုင်းသည့်အတွက် ဖြစ်လေသည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ သူလည်း ရေချိုးရ၊ အိမ်သာလည်း လောင်းရ။
ထို့ကြောင့် ထိုနေ့နံနက်က အဘွားကြီး ရေချိုးဖြစ်လေသည်။ သို့သော် စိတ်ကူးကို လက်တွေ့အဖြစ် အကောင်အထည်ဖော်တော့ အတန်ငယ်လွဲချော်နေလေသည်။ အဘွားကြီးက ချိုးရေများကို အောက်က ခံထားနိုင်ရန်၊ ထဘီလျှော်သော ပလတ်စတစ်ဇလုံထဲတွင် ဝင်၍ရပ်ပြီး ရေလောင်းချိုးခြင်းဖြစ်သည်။ သို့သော် ဇလုံက သေးပြီး သူ့ခန္ဓာကိုယ်က ကြီးနေသည်။ ထို့ကြောင့် ခန္ဓာကိုယ်ပေါ်သို့ လောင်းချသောရေများသည် ဇလုံထဲသို့ မရောက်သေးဘဲ ဘေးဘက်သို့သာ ကျကုန်လေသည်။ ရေချိုးလိုက်ရသော်လည်း ဇလုံထဲရေမရောက်၍ အဘွားကြီးခမျာ ဘေးဘက်ကျကုန်သောရေများကို နှမြော၍ မဆုံးနိုင်အောင် ဖြစ်နေလေသည်။ ပို၍ ဆိုးသည်က သူ့ထဲ ဝင်ရပ်နေသော အဘွားကြီး၏ကိုယ်အလေးချိန်ကို မခံနိုင်၍ ပလတ်စတစ်ဇလုံ အောက်ခံပြား အက်သွားခြင်းဖြစ်လေသည်။
ဘာပဲပြောပြော ရေမိုးချိုးပြီး သနပ်ခါးအဖွေးသား လိမ်းကာ အဘွားကြီး လန်းလန်းဆန်းဆန်း ဖြစ်သွားသည်။ ကရမက်တွေ အားရပါးရ သွေးပေးသော စိန်မျောက်မျောက်ကိုလည်း ဆုတွေအများကြီး ပေးလေသည်။ ခဏနေတော့
“လာ... မျောက်ကလေး၊ သားနဲ့အဘွား ဈေးသွားကြရအောင်” ဟု ပြောသည်။
“ကိုးနာရီတောင် ထိုးခါနီးနေပြီ၊ ဈေးကွဲရောပေါ့ ”
အဘိုးကြီးက မသိမသာ တားသည်။ ပြန်တက်လာလျှင် တဟောဟောနှင့် မောနေဦးမည်ကို သိထားသောကြောင့် ဖြစ်သည်။
“အဲဒီလို ဈေးကွဲမှ ဝယ်လို့ကောင်းတာ၊ ဂျမ်းဘုံကို မှာရတာက စိတ်တိုင်းကိုမကျဘူး။ ဟိုနေ့က ကတ်သပိုးလေးတွေကလည်း ပျော့စိစိနဲ့ မလတ်ချင်တော့ဘူး။ ဂေါ်ရခါးညွန့်ကလည်း နွမ်းခါနီး၊ ကြက်ကလေးတစ်ခြမ်း ဝယ်လာတာကလည်း ရင့်လိုက်တာ ထော်နေတာပဲ။ ရှင်ပဲ စားမရဘူး၊ မာလိုက်တာဆို၊ မျောက်ကလေး အဖော်ပါနေတာပဲ။ ခဏပဲဟာ”
နွေရာသီကျောင်းပိတ်ထားသော စိန်မျောက်မျောက်က အဘွား၏လက်စွဲတော်ဖြစ်နေသည်။
“အဘိုးအတွက် ဂျာနယ်ဝယ်ခဲ့မယ်လေ၊ နောက်ပြီးတော့ ဖုန်းကတ်၊ အဘွား ဖုန်းကတ်ဝယ်ဖို့ ပိုက်ဆံပါရဲ့လားဟင်”
ဖုန်းကတ်ကတော့ အဘိုးကြီးအကြိုက်ဖြစ်သည်။ အပေါင်းအသင်းအဟောင်းများနှင့် အဆက်မပြတ်သည်မှာ ဖုန်းကလေးရှိသောကြောင့်သာ ဖြစ်သည်မို့ ဖုန်းကတ်သံကြားတော့ အဘိုးကြီးလည်း ငြိမ်သွားသည်။
သို့နှင့်ပင် မြေးအဘွားနှစ်ယောက် ဈေးလမ်းကြားထဲရောက်ပြီး မုန့်ဟင်းခါးစားကြသည်။ အဘိုးကြီးအတွက်လည်း ဝယ်သည်။ မျက်စိကပ်ရန် ကွမ်းရွက်ဝယ်သည်။ ဆီးဖြူသီးတွေ့တော့ အဘိုးအတွက်ပြုတ်ပြီး ထောင်းပေးမည်ဟု ဆိုကာ ဝယ်ပြန်သည်။ ကြက်သွန်ဖြူနီ၊ ငရုတ်သီးစိမ်း၊ တရုတ်နံနံ၊ ပဲပြားစသည် တိုတိုထွာထွာလေးများနှင့် ခြင်းတောင်းပြည့်သောအခါ မြေပေါ်တွင် ပလတ်စတစ်စခင်းပြီး ပလတ်စတစ်ပစ္စည်းလေးများ ရောင်းနေသည့်ဆိုင်ရှေ့တွင် ရပ်သည်။ ရေပုံးလေးတစ်ပုံး ခုနစ်ရာနှင့် ဝယ်သည်။
“ဘာလုပ်ဖို့လဲ အဘွားရ၊ အဲဒီထဲမှာ အဘွား ဝင်ရပ်ရင် ခြေထောက်တစ်ဖက်ပဲ ဆံ့မှာ”
“အဲဒီအထဲ ရေထည့်ပြီး သယ်သွားရအောင်ပေါ့ မျောက်ကလေးရဲ့ ”
“ဟာ.. အဘွားကလဲ”
စိန်မျောက်မျောက် မျက်လုံးပြူးသွားသည်။ မည်မျှပင် ရေရှားသည်ဆိုဆို မြေပေါ်မှရေကို ခြောက်ထပ်အထိရောက်အောင် ကိုယ်တိုင်မသယ်သင့်ဟု စိန်မျောက်မျောက်ထင်သည်။ ဘုရား.. ဘုရား..၊ ငါ့ကိုများ သယ်ခိုင်းမလို့လားဟု တွေးမိတော့ စိန်မျောက်မျောက် ပို၍ပင် ထိတ်လန့်သွားသည်။
“ရေက လေးတယ်နော် အဘွား”
“အောင်မလေးဟဲ့၊ နင့်ကို မသယ်ခိုင်းပါဘူး။ ငါ့ဟာငါ သယ်မှာပါ ငမျောက်ရဲ့”
“ဟာ... အဘွားကလဲ၊ အဘွားက ဘာလို့ သယ်ရမှာလဲ”
“အိမ်သာလောင်းမလို့ သယ်ရမှာပေါ့။ ရေသန့်တွေ အိမ်သာထဲ သွန်ချရမှာ စိတ်ဆင်းရဲလွန်းလို့”
အဘွားက ခေါင်းမာသည်။ ဘယ်လိုမှ ပြော၍မရ။ မြေးအဘွားနှစ်ယောက် ပူညံပူညံနှင့် လမ်းကူးခဲ့ကြပြီး တိုက်အောက် ပြန်ရောက်လာကြသည်။ အစွမ်းကုန်ဖွင့်သောအခါမှ သေးသေးမျှင်မျှင်လေး ကျလာသော စည်ပင်ရေကို ပုံးထိုး၍ ခံလေသည်။
“ရေကို အဘွားဆွဲသွားမယ်၊ အာလူးတွေကိုတော့ ဟိုခြင်းထဲထည့်။ အဘိုးဆွဲတင်လိမ့်မယ်။ ကျန်တာကို သားသယ်ခဲ့”
အဘွားက ရေပုံးကို ဇွတ်ဆွဲသည်။ စိန်မျောက်မျောက်က ပြန်၍ လုသည်။
“မလုပ်ပါနဲ့ အဘွားရာ၊ သားကို အဖေဆူလိမ့်မယ်”
“သူဆူရင် သူ့ကို အဘွားက ပြန်ဆူမယ်”
“အဘိုးကလည်း စိတ်ဆိုးမှာဗျ၊ အဘွား ဒီအတိုင်း တက်သွား၊ ရေပုံး ထားခဲ့။ အဘွားလိုချင်တဲ့ရေကို သား နောက်တစ်ခေါက် ဆင်းလာပြီး သယ်ပေးမယ်”
“ဟဲ့... လွှတ်စမ်းပါဟဲ့၊ မျောက်ကလေးနော် ငါ စိတ်ဆိုးလာပြီ”
အဘွားက ဇွတ်ဆွဲရင်း လှေကားကို တက်သည်။ စိတ်သာ ဆောင်နေသော်လည်း မနိုင်မနင်းမို့ ပုံးထဲမှရေမှာ ဘောင်ဘင်ခတ်ကာ တဗျတ်ဗျတ်နှင့် ဖိတ်ကျကုန်သည်။ စိန်မျောက်မျောက်က ဈေးခြင်းကြီးတယမ်းယမ်းနှင့် အဘွားနောက်မှ လိုက်သည်။
လှေကားထစ် ဆယ်ထစ်လောက် တက်ပြီးသောအခါတွင်ကား သူ့ရေနှင့်သူ ချော်ကာ လဲတော့သည်။ ဗိုင်းခနဲ မှောက်လျက်ကြီး လဲကျသွားသော အဘွား၏နဖူးက လှေကားစောင်းနှင့် ရိုက်မိသွားသည်။ ထို့နောက် သုံးလေးထစ် ပြန်လျှောကျလာသည်။ ရေပုံးကလည်း ဂွမ်းခနဲ လွတ်ကျသွား၍ လှေကားထစ်တစ်လျှောက် ရေများ စိုစိုရွှဲသွားလေသည်။
စိန်မျောက်မျောက်က ခြင်းတောင်းကို လွှတ်ချပြီး အဘွားကို ပွေ့ထူရန် ကြိုးစားသည်။ အဘွား၏နဖူးတွင် သွေးထွက်နေသည်ကို တွေ့ရတော့ ပိုပြီးထိတ်လန့်သွားလေသည်။ ထို့နောက်တွင်တော့ ဝူးဝူးဝါးဝါးနှင့် အသံကုန် အော်လေတော့သည်။
“အဘိုးရေ.. ဟီး... အဘိုးရဲ့ လုပ်ပါဦးဗျ၊ အဘွား ချော်လဲလို့ .. ကယ်ကြပါဦးဗျ”
* * *
ကိုဘိုတောက်။
မြောက်ဥက္ကလာလမ်းမကြီးပေါ်တွင် သူ ရောက်နေသည်။ ရှေ့ဘက်တွင် ကားတန်းကြီးကို တွေ့ရသည်။ သူ၏နောက်ဘက်တွင်လည်း ကားတွေပြည့်နေပြီဖြစ်သည်။ သူ၏တက္ကစီကားလေးသည် အမျိုးစုံလှစွာသော ကားများကြားထဲတွင် ညပ်နေသည်။
“မျှော်လင့်ချက်တစ်စုံတစ်ရာ မပါဝင်ပါတယ်... ပေးဆပ်ကာသာ ရင်မှာဖိုတယ်... ကျော်လွန်နိုင်တယ်... အခက်အခဲတိုင်း... ရင်ထဲက မေတ္တာတရားနဲ့....”
ရှေ့ဘက်ကားမှ ဖွင့်ထားဟန်ရှိသော သီချင်းသံကို ကြားရသည်။ ညာဘက်ဘေးက ကားထဲမှ လူဝကြီးကတော့ ပါမောက္ခချုပ်ဆရာတော်၏တရားတွေကို ဖွင့်ထားပြီး ငိုက်နေလေသည်။
“တစ်နေ့တစ်နေ့ အချိန်ကုန်သွားတယ်ဆိုတာ ဒီအချိန်ဟာ အလကားကုန်သွားတာမဟုတ်ဘူး။ ကိုယ့်ဆီက နုပျိုမှုတွေကို ယူသွားတာ။ ကိုယ့်သဏ္ဌာန်မှာရှိတဲ့ နုပျိုမှုတွေပါသွားတာ”
“ဟုတ်လိုက်တာနော်”
ကိုဘိုတောက်က စိတ်ထဲမှ ထောက်ခံလိုက်မိသည်။
“ဟုတ်တာပေါ့ ၊ အဖေနဲ့အမေကို ကြည့်ပါလား။ မျက်စိရှေ့မှာတင် တဖြည်းဖြည်းပြောင်းလဲပြီး အိုစာလာကြတာ”
သူ၏စိတ်က အဖေနှင့်အမေဆီ ရောက်သွားသည်။ သူ့အတွက် ထမင်းဘူးနှင့် ရေပုလင်းလေး ထည့်ထားသော ခြင်းလေးပေးရင်း “ကာလကြီးက မကောင်းဘူး၊ အစစအရာရာ သတိထားနော်။ မှောင်တဲ့အထိလည်း ဆွဲမနေနဲ့”ဟု နေ့စဉ်ပြောတတ်သောအဖေ၊ သူ မလာမချင်း ဝရန်တာလေးတွင် ထွက်ရပ်ကာ မျှော်တတ်သော အမေ။ သူတို့သားအဖ ထမင်းဘူး မမီမှာစိုးပြီး မနက်အစောကြီး ထ,ကာ “ဟဲလို... ဟဲလို... ကြားလား” နှင့် အော်နေတတ်သော အမေ။ အမေ၏ပုံရိပ်များကို ထင်ယောင်မြင်ယောင်ဖြစ်လာရင်း ရယ်ချင်ပြုံးချင်စိတ် ပေါ်လာသည်။ သူကလည်း သူ့သား စိန်မျောက်မျောက်လိုပင် အမေ့ကို ပို၍ချစ်မိသည်။
ရှေ့ကကား သုံးလေးလိမ့်လောက် လှိမ့်တော့ သူလည်း လိုက်လှိမ့်မည်ဟု ဟန်ပြင်လိုက်စဉ် တယ်လီဖုန်းမြည်လာသည်။ ဖန်သားမျက်နှာပြင်တွင် အဖေ၏မျက်နှာ ခပ်ပြုံးပြုံးပေါ်လာတော့ “အဖေတော့ ဂျာနယ်မှာမလို့ ထင်တယ်” ဟု တွေးလိုက်မိသည်။
“ဟုတ်ကဲ့ အဖေ၊ သားပါ”
အဖေ့အသံက ချက်ချင်း ထွက်မလာ။ နောက်တော့မှ တုန်တုန်ယင်ယင်နှင့် ပြောသည်။
“သား... မင်းအမေ ချော်လဲလို့”
“ဗျာ...”
“စိုးရိမ်ရတယ်၊ အခု အဖေတို့ ဆေးရုံသွားနေတယ်။ ဆေးရုံကြီးအရေးပေါ်ကို လိုက်ခဲ့...”
“နေ... နေ.. ပါဦး၊ အခု အဖေတို့က ဘယ်မှာလဲ”
“အင်းစိန်လမ်းမကြီးပေါ်မှာပဲ ရှိသေးတယ်၊ ကားတွေ ကျပ်နေတယ်”
အဖေက ခပ်တိုတိုပြောပြီး ဖုန်းချသွားသည်။
ကိုဘိုတောက်က ကားစတီယာရင်ကို တင်းတင်းဆုပ်ပြီး ရင်တွေ တဒိုင်းဒိုင်းခုန်နေသည်။ ရှေ့နောက် ဝဲယာတွင် ကျပ်ပြီး ညပ်နေသောကားများကို စောင်းကြည့်ရင်း ကြံရာမရဖြစ်သွားသည်။
“မြောက်ဥက္ကလာလမ်းမကြီးတစ်လျှောက်လည်း ယာဉ်ကြောတွေ ပိတ်ဆို့နေပါတယ်တဲ့။ ဒီသတင်းကိုတော့ ယာဉ်မောင်း ကိုသန်းဇော်က ဆယ်နာရီ ဆယ်မိနစ်က ပေးပို့ထားတာ ဖြစ်ပါတယ်။ အင်းစိန်လမ်းမကြီးတစ်လျှောက်လည်း စံရိပ်ငြိမ်ကနေပြီး လှည်းတန်းအထိ ပိတ်ဆို့နေပြီးတော့ ကုန်းတံတားအဆင်း ဟံသာဝတီအဝိုင်းနားမှာလည်း ယာဉ်ကြောများ ကျပ်နေပါတယ်တဲ့။ တာမွေမြို့နယ်အတွင်း ကုန်းတံတားအောက်နဲ့ ယုဇနပလာဇာအနီးမှာလည်း...”
“ကျပ်တာ မပြောပါနဲ့၊ ချောင်တာကို ပြောစမ်းပါ"
ကိုဘိုတောက်က ကားစတီယာရင်ကို ထုရင်း အော်လိုက်မိသည်။ ရေဒီယိုစီးတီးအက်ဖ်အမ်ကတော့ ဆက်လက် ကြေညာနေဆဲ ဖြစ်သည်။
“မြေနီကုန်း ဒဂုန်စင်တာရှေ့နဲ့ ဗားကရားလမ်းမကြီးတစ်လျှောက်မှာလည်း...”
* * *
အဘွားကြီးဒေါ်ကောက် ဆုံးပါးသွားသဖြင့် တိုက် နံပါတ် ၁၆၆ တွင်တော့ အတန်ငယ် လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ သေဆုံးရခြင်းအကြောင်းရင်းကိုလည်း တစ်ယောက်တစ်ပေါက် ပြောကြသည်။
“နံရိုးတစ်ချောင်းကကျိုးပြီး အသည်းကို စိုက်သွားတာတဲ့”
“နဂိုကလည်း နှလုံးရောဂါအခံရှိတယ် ထင်ပါရဲ့”
“နဖူးက ဒဏ်ရာကလည်း မသေးဘူးလေ၊ သတိမှ လည်မလာတော့တာ”
“နောက်ဆုံးတော့ မီးအားမပြည့်လို့ပါဗျာ။ အပေါ်ထပ်ကို ရေရောက်နေရင် ဒီပြဿနာ ဘယ်ဖြစ်မှာလဲ”
ဘိုတောက်ကတော့ “ဆရာဝန်က ပြောတယ်၊ ဆေးရုံကို စောစောရောက်ရင် ကယ်နိုင်မှာပါတဲ့ ။ အရောက်နောက်ကျတာကိုးတဲ့။ အမေဆုံးတာ ကားကျပ်လို့ ဆုံးရတာပါဗျာ” ဟု မချိတင်ကဲ ပြောရှာလေသည်။
(ရန်ကုန်မြို့ အထပ်မြင့်နေ လူသားများသို့)
မစန္ဒာ
ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၆။
No comments:
Post a Comment