“ကျွန်တော်ဖြင့် အားနာလိုက်တာဗျာ၊ သူက ကိုတူးကို စိတ်မမှန်ဘူးတဲ့၊ အဖေတစ်ယောက်လုံးကို မမှတ်မိလို့တဲ့၊ သတိထားပြီး ချော့ချော့မော့မော့ ဆက်ဆံပါလို့ ပြောနေတော့ အားလဲနာ၊ ရယ်လဲရယ်ချင်နဲ့ ဒုက္ခကိုရောက်နေတာပဲ”
“ကိစ္စမရှိပါဘူး ကိုအောင်ဝင်းရယ်၊ ကိုတူးလေးက ငယ်ပေမဲ့ လူကြီးစိတ်ရှိပါတယ်၊ မေမေကလဲ ဦးလေးသွင်အဖြစ်ကို သိရတော့ စိတ်မကောင်းလွန်းလို့တဲ့၊ ကိုတူးလေးကို အလိုက်သင့် သည်းခံပြီး ဆက်ဆံဖို့ပြောထားပါတယ်”
“ကျေးဇူးတင်ပါတယ် စပယ်ရယ်”
စူးမာသည် သူ့လက်ထဲမှ ယောက်မသေးသေးလေးကို လှည့်ကစားနေရင်း မမကြီးကို ငေးကြည့်နေမိသည်။ မမကြီးဝတ်ထားသော အင်္ကျီဝါဝါသည် မမကြီး၏အသားကိုဟပ်ကာ ဝင်းအိနေသည်။ ဆံပင်ကိုရစ်ခွေပြီး ပန်ဆင်ထားသော စပယ်ကုံးဖြူဖြူမှရနံ့သည် မွှေးပျံ့နေလေသည်။ မမကြီး ခါတိုင်း ကျောင်းမှပြန်ရောက်လျှင် အပေါ်ထပ်သို့တန်းပြီး တက်သွားမြဲဖြစ်သည်။ ယနေ့မှ ထူးထူးခြားခြား စူးမာတို့စံပျော်ရာ မန်ကျည်းပင်ရိပ်သို့ လျှောက်လာလေသည်။ စူးမာ ရုတ်တရက်ပျော်သွားသည်။ ဒန်အိုးသေးသေးနှင့် စူးမာကြော်ထားသော ကန်စွန်းရွက်ကြော်ကို မြည်းစမ်းစေချင်သောကြောင့်ဖြစ်သည်။ စူးမာကြော်ချင်သည်မှာ ဝက်အူချောင်းဖြစ်သော်လည်း မီးဖိုချောင်ကိုအပိုင်စားရသော ဒေါ်ကြီးသက် မလစ်သဖြင့် ရရာကန်စွန်းရွက်လေးများကိုပင် ယူခဲ့ရသည်။ ကန်စွန်းရွက်ကြော်ရန်အတွက် ပဲဆီကိုကား ဒေါ်ကြီးသက်သည် ဇွန်းဖျားလေးနှင့်ခပ်ကာ စူးမာ၏ဒယ်အိုးထဲ ထည့်ပေးလိုက်သည်။ "ဆီဈေးက ကြီးတယ် စူးမာရဲ့ ၊ အလကား ဆော့မပစ်နဲ့ "ဟု ပြောလိုက်သေးသည်။ မေမေသာဆိုလျှင် စူးမာ ဆီတစ်စက်မျှ ရမည်မဟုတ်သဖြင့် ဒေါ်ကြီးသက်ဆီမှ ရသမျှဆီကလေးနှင့်ပင် ကျေနပ်ခဲ့ရသည်။
စူးမာ ကြော်၍လှော်၍ ကောင်းနေစဉ်တွင် ဘဘသွင် ရောက်လာသည်။ ကိုတူးကို ခေါ်သည်။ စူးမာ အချက်အပြုတ်ကောင်းနေ၍ လိုက်မသွားဖြစ်။ ကန်စွန်းရွက်ကြော်လေးသည် နူးပြီးအိနေသည်။ ဆားထည့်ရန်မေ့သွားသဖြင့် ပေါ့ရွှတ်ရွှတ်ဖြစ်နေမည်ကား အမှန်ပင်။ ကျွေးရန်ဧည့်သည်ရှာနေစဉ်တွင် ကိုကိုအောင်ရောက်လာသည်။ စူးမာ၏ကန်စွန်းရွက်ကို စားလိုပုံမရ။ ဟော မမကြီးရောက်လာပြန်သည်။ စူးမာ၏ကန်စွန်းရွက်ကို လှည့်စောင်း၍ပင် မကြည့်။
"စပယ်ကို ကျောင်းမှာတွေ့နေကတည်းက စိတ်ဝင်စား အဲ အဲ မျက်မှန်းတန်းမိနေတာ၊ ဒီမှာနေမှန်း မသိဘူး”
“ဘာလဲ စပယ် ဒီမှာဆိုတော့ ပြောင်းလာမိတာ မှားတယ်လို့ ပြောမလို့လား”
“မဟုတ်ရပါဘူးဗျာ၊ အိမ်အပြောင်းနောက်ကျတယ်လို့ ပြောမလို့ပါ၊ ဟား ဟား ဟား”
စူးမာသည် ငုတ်တုတ်ကလေးထိုင်ကာ ငေးနေရင်း ပျင်းရိလာသည်။ ကိုယ့်ကန်စွန်းရွက်ကြော် ကိုယ့်ဟာကိုယ်စားမှ ကုန်တော့မည်ထင်သည်။ အဖတ်သေးသေးကို ယောက်မငယ်ငယ်နှင့်ကော်ကာ ပါးစပ်ထဲ ထည့်လိုက်၏။ ဆားမပါသဖြင့် ပေါ့ရွှတ်ရွှတ်ဖြစ်နေသည်။ သဲဝင်သဖြင့် ကျလိကျလိဖြစ်နေသည်။ လုံးဝစားမကောင်းသဖြင့် စိတ်ညစ်သွားသည်။
“ဖေဖေကတော့ ရှာပေးပါတယ်၊ ဒါပေမဲ့ တချို့ စာအုပ်တွေ စပယ်ဆီမှာမရှိဘူး၊ နောက်ပြီး ချက်ပ်တာတွေက အသစ်အသစ်တိုးနေတာ၊ စပယ်က စာအုပ်ဆိုရင် သိပ်ပြီး လောဘကြီးတယ်၊ စာအုပ်စုံမှလဲ စိတ်ချမ်းသာတယ်၊ စာဖတ်ရင် ဖတ်ချင်တဲ့စာအုပ်ကို အချိန်မရွေး ထုတ်ဖတ်နိုင်မှ ကောင်းတာ”
စူးမာသည် ပျင်းရိစွာ သမ်းဝေရင်း ထိုင်ရာမှ ထလိုက်သည်။ ကိုတူးဆီလိုက်သွားရ ကောင်းမလားဟု စဉ်းစားမိသည်။ ဘဘသွင်ကျွေးသမျှစားပြီး ပြောသမျှနားထောင်နေရသည်မှာ တခါတရံ ရယ်စရာကောင်းသော်လည်း တခါတရံတွင်ကား ပျင်းဖွယ်ကောင်းမည်ဖြစ်သည်။ ကားရုံဘေးတွင်ထောင်ထားသော ကိုဘိုထွေးစီးနေကျ စက်ဘီးကြီးကို မြင်သောအခါ စူးမာ ရုတ်တရက် သွက်လက်သွားသည်။ ကိုတူးဆီလိုက်သွားရန် စိတ်မပါတော့။ ဘဘသွင်ကျွေးမည့်ချိုချဉ်များကိုလည်း မမက်တော့။ စူးမာ စက်ဘီးစီးချင်နေသည်မှာ ကြာလှချေပြီ။
မမကြီး သူ့နားမှ စူးမာ ဖျတ်ခနဲ ထပြေးသည်ကိုပင် သိလိုက်ပုံမရချေ။ စူးမာ၏ကန်စွန်းရွက်ကြော်အိုးလေးသည်လည်း စားမည့်သူမရှိဘဲ မျက်နှာငယ်လေးနှင့် ကျန်ခဲ့ရှာသည်။
"အားပါး လေးလိုက်တာ”
စူးမာသည် စက်ဘီးကြီးကို လက်ကိုင်မှ တွန်းယူလိုက်သည်။ ယောက်ျားစီး စက်ဘီးကြီးပေမို့ လေးလံလှသည်။ စူးမာအားနှင့် မနည်းတွန်းယူရသည်။ တက်စီးရန်ကား လွယ်မည်မထင်ပေ။ စူးမာသည် စက်ဘီးကြီးကို မနိုင်မနင်းတွန်းပြီး ကားရုံကို ပတ်နေမိသည်။ တာတီးလေးသာရှိလျှင် စူမာဘေးတွင် ကန့်လန့် ကန့်လန့်နှင့် ရှုပ်နေမည်ဖြစ်လေသည်။ တာတီးလေး ကျောင်းမဆင်းသေးသောကြောင့်သာ အနှောင့်အယှက်ကင်းခြင်းဖြစ်သည်။
ကိုတူးနှင့်စူးမာသည် နံနက်ခင်းကျောင်းတက်ရပြီး တာတီးလေး၏ကျောင်းချိန်ကား မွန်းလွဲပိုင်းဖြစ်သည်။ ညနေခင်းမှကျောင်းဆင်းရသော တာတီးလေးအား မေမေသည် အစဉ်သွားကြိုလေ့ရှိသည်။ စူးမာသည် စက်ဘီးကြီးကို မနိုင်မနင်းနှင့် အပြေးတွန်းနေရင်း တစ်ခါတည်းခုန်တက်ရန် ကြိုးစားနေမိသည်။
“စူးမာရေ"
ကိုတူး၏ခေါ်သံကို ကြားရသည်။ ကားရုံနောက်ကွယ်တွင်ရောက်နေသော စူးမာကို မြင်ဟန်မရှိချေ။ စူးမာသည် အစွမ်းပြချင်သောစိတ်ကလေးနှင့် စက်ဘီးကိုအရှိန်ရအောင် တွန်းနေရာမှ တစ်ခါတည်း ကားရားခွကာ ခုန်တက်လိုက်သည်။ စက်ဘီးကြီးကို ဟန်ကျပန်ကျစီးပြီး ထွက်လာသောစူးမာကို ကြည့်ရင်း ကိုတူး၏မျက်လုံးများ စကောဝိုင်းလို ပြူးဝိုင်းလာမည်ကိုတွေးပြီး သဘောကျနေသည်။
“ဘုရား ဘုရား”
ကိုတူး၏မျက်လုံးများ စကောဝိုင်းလို ပြူးမပြူးတော့ မသိ။ စူးမာ၏နဂိုဝိုင်းသောမျက်လုံးလေးများသည်ကား ပြူးထွက်လာလေသည်။ အရှိန်နှင့်လိမ့်ပြေးသော စက်ဘီးပေါ်တွင် ကားရား ခွထိုင်နေသော စူးမာ၏ခြေထောက်တို့သည် ခြေနင်းကို ကောင်းစွာမမီသဖြင့် ယက်ကန် ယက်ကန် ဖြစ်နေကြကုန်သည်။
“ဟိုက် စူးမာ”
ကိုတူးသည် အလန့်တကြားအော်လိုက်သည်။ ကားရုံအနောက်ဘက်မှ ဘွားခနဲထိုးထွက်လာသော စက်ဘီးကြီးပေါ်တွင် မျက်လုံးအပြူးသားနှင့်ပါလာသော စူးမာကို တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ စက်ဘီးသည် ယိုင်ထိုးယိုင်ထိုးနှင့် ကားရုံအရှေ့ဘက် ကုန်းလျှောလမ်းကလေးအတိုင်း လိမ့်ဆင်းသွားလေသည်။ စက်ဘီးလက်ကိုင်ကို လက်နှစ်ဖက်နှင့် တင်းတင်းဆုပ်ထားသော စူးမာသည် အစွမ်းပြချင်စိတ်များ ပျောက်ကုန်ပေပြီ။ ဘုရားနှင့်တရားကိုပင် သတိမရနိုင်တော့။ တစ်ကိုယ်လုံးပူထူပြီး ဇောချွေးများပြန်လာလေသည်။
"စူးမာ စူမာရေ ကား ကားလာနေတယ်၊ အမလေး ကားလာနေတယ်ဟ”
ကိုတူး၏ စိုးရိမ်တကြီးအော်ပြောလိုက်သောအသံကို ကြားရသည်။ ခြံထဲသို့ အရှိန်နှင့် ချိုးကွေ့ဝင်လာသောကားသည် စူးမာနှင့် မျက်နှာချင်းဆိုင်မှ လျင်မြန်စွာ ချဉ်းကပ်လာလေသည်။ ပြာဝေနေသော စူးမာ၏မျက်လုံးများသည် မည်းမှောင်သွားလေသည်။
“ဘေးကို ဘေးကို ကလင် ကလင် စက်ဘီးလာနေတယ်၊ ဘေးကို ဘေး ဟေး ဟေး"
ပေါက်ကရ စွတ်ရွတ်ပြီး အော်နေမိစဉ်တွင်ပင် ဒုံးခနဲ အသံကြားလိုက်ရပြီး စူးမာတစ်ကိုယ်လုံး မြောက်တက်သွားလေသည်။ ထို့နောက် စူးမာ၏ကိုယ်လုံးပိန်ပိန်လေးသည် လမ်းဘေးရှိ ပုဏ္ဏရိပ်ချုံထဲသို့ ခေါင်းစိုက်၍ ဒိုင်ဗင်ထိုးဝင်သွားလေသည်။
“အမလေး စူးမာလေး “
"ဟဲ စူးမာ စူးမာ”
ဆူညံနေသောအသံများကို စူးမာ မကြားမိတော့ချေ။ ဘာမျှမကြားနိုင်သော်လည်း နားထဲတွင် ဆူဝေနေသည်။ ကောင်းကင်သို့ မတ်မတ်ထောင်နေသော စူးမာ၏ခြေထောက်နှစ်ချောင်း တို့သည်ကား ယက်ကန်ယက်ကန်နှင့် ကယ်ပါယူပါ အော်နေဟန်ရှိသည်။ အပြေးအလွှား ရောက်လာသော ကိုကိုအောင်နှင့်ဖေဖေတို့သည် စူးမာကို ပန်းချုံထဲမှ အားစိုက်ပြီး ဆွဲထုတ်ကြရလေသည်။ ရှေးဘဝက ကုသိုလ်ကံအကြွင်းအကျန်လေးကြောင့် စူးမာတစ်ယောက် မကျိုးမပဲ့၊ မကန်းဘဲ အကောင်းပကတိလေးအတိုင်း ပန်းချုံထဲမှ ပြန်ထွက်လာလေသည်။ သို့သော်လည်း တစ်ကိုယ်လုံးတွင် ခြစ်ရာ၊ ရှရာများနှင့် ပေပွနေသည်။ မျက်စိကိုမဖွင့်ဘဲ စုံမှိတ်ထားရင်းမှ ဝူးဝူးဝါးဝါး အော်နေသေးလေသည်။
"ဘေးကိုဆိုမှ ဘေးကို ဘေးကို ကလင်"
"စူးမာ တော်စမ်း”
ဖေဖေသည် စူးမာ၏ပခုံးကို တင်းတင်းဆုပ်ကာ ရုတ်တရက် အော်လိုက်လေသည်။ ထိုအခါ စူးမာ၏မျက်လုံးများလည်း ဖြန်းခနဲ ပွင့်လာလေသည်။ ဖေဖေ့ကို ကြောင်စီစီလေးကြည့်တော့သည်။
"ကြည့်စမ်း၊ ကံကောင်းလွန်းလို့မသေတာ၊ ကားအောက်များရောက်သွားရင် တစ်ချက်ထဲ အသက်ထွက်မှာ သိလား စူးမာ၊ ဆော့စရာ ဒီလောက်ရှားလို့လား၊ ကျိုးတမ်း ပြဲတမ်း ကစားချင်လို့လား ဟင်၊ အမေမွေးတုန်းက အကောင်း၊ ခုမှ ကျိုးချင်လို့လား၊ မိန်းကလေးပီပီမနေဘူး၊ ကြည့်စမ်းပါဦး၊ ကားမီးသီးလဲ အက်သွားပြီ၊ စက်ဘီးလဲ ခွေသွားပြီ။ ဒီကောင်မလေးကိုက မျောက်ရှုံးအောင် ဆော့လွန်းတယ်”
စူးမာသည် ဖေဖေ့ကို မျက်လုံးကလေး ကလယ်ကလယ်နှင့် မော့ကြည့်မိသည်။ လူကြီးများသည် ဆူရန်ပူရန်သာ စိတ်ဝင်စားတတ်ကြသည်။ အစကတည်းက ဒီလိုဖြစ်မည်မှန်းသိလျှင် အဆူအပူခံ၍ မည်သူမျှ လုပ်မည်မဟုတ်ချေ။
စူးမာ ကုန်းခေါင်ခေါင်တွင် ဒိုင်ဗင်ကျင့်ရမည်၊ ဖေဖေ့ကား မီးသီးအက်သွားမည်၊ ကိုဘိုထွေး စက်ဘီးပျက်သွားမည်များကို သိလျှင် စူးမာကို အတင်းစီးခိုင်းလျှင်ပင် ထိုစက်ဘီးကြီးကို စီးလိမ့်မည်မဟုတ်၊ လှည့်စောင်း၍ပင် ကြည့်လိမ့်မည်မဟုတ်ကြောင်း ဖေဖေသိစေချင်သည်။
"နေရာတကာ ကဲလွန်းတယ်၊ ဟိုတနေ့ကလဲ အတန်းထဲမှာ ရန်ဖြစ်တယ်ဆို”
"အယ်”
"ကွန်ပါဘူးနဲ့များ အသားလွတ်ကြီး ထပေါက်ရတယ်လို့၊ မိန်းကလေးမို့သာပဲ၊ ယောက်ျားလေးများဆိုရင် လမ်းသရဲဖြစ်မှာသေချာတယ်”
စူးမာသည် မျက်လုံးလေးအောက်စိုက်ပြီး မြေကြီးညိုညိုကို ငေးကြည့်နေမိသည်။ စူးမာ ရန်ဖြစ်သည့်အကြောင်းကို ဖေဖေ ဘယ်ကကြားလာသည် မသိရချေ။ စူးမာတို့အတန်းထဲတွင် ဖေဖေ့သူငယ်ချင်း မိတ်ဆွေများ၏သားသမီးများရှိသည်။ သူ့တို့မိဘများမှတစ်ဆင့် ဖေဖေ့ဆီသို့ စူးမာသတင်းရောက်သွားသည် ထင်ရသည်။ ကေသွယ်မြင့်လည်းဖြစ်နိုင်သည်။ သူ့အဖေသည် ဖေဖေ့ဆီ၌ ဆေးစစ်ဖူးသည်။ တိုးတိုးအောင်၏အဖေကလည်း သူငယ်ချင်းဆရာဝန်ဖြစ်သည်။
“ကို တူး"
စူးမာအတွေးမဆုံးမီ မိုးချုန်းသလိုအော်လိုက်သော ဖေဖေ့အသံကို ကြားလိုက်ရသည်။ စူးမာ တစ်ကိုယ်လုံး တုန်သွားသည်။ ဖေဖေ့ဒေါသသည် ကိုတူးဆီသို့များ ကူးစက်သွားလေပြီလားဟု စိုးရိမ်မကင်းဖြစ်သွားသည်။
“ဟာ”
စူးမာသည် ကိုတူးကိုကြည့်ပြီး မျက်လုံးကလေးဝိုင်းသွားလေသည်။ စူးမာ၏ဘေးတွင် ခပ်ကြောင်ကြောင်လေးရပ်နေသော ကိုတူးခမျာ ရုပ်ပျက်ဆင်းပျက်နှင့် လူပြက်ရုပ်ပေါက်နေရှာသည်။ သူ့ဆံပင်များသည် ကြွက်ကိုက်ထားသလို အထစ်လိုက်ဖြစ်နေလေသည်။ နဖူးပြင်ပေါ် သို့ ဝန်းဝဲကျနေလေ့ရှိသော ဆံခွေလေးသည်လည်း တိတိရိရိပြတ်ပြီး ကြောင်စီစီဖြစ်နေသည်။
“ကိုတူး ပြောစမ်း၊ မင်းဆံပင်တွေ ဘာဖြစ်နေတာလဲ”
“အဲ ညှပ် ညှပ် လာတာပါ”
"ဘုရားရေ ဘယ်က ဆံပင်ညှပ်ဆိုင်လဲ၊ ဒီလောက်ရုပ်ပျက်ဆင်းပျက်ညှပ်တာ၊ ဘယ်သူလဲ”
“ဘ ဘ သွင်”
“ဘာ”
‘ဆံပင်ရှည်ရင် လမ်းသရဲနဲ့တူတယ်တဲ့၊ မြန်မာပြည်က ပူတယ် အိုက်တယ်တဲ့၊ ခေါင်း ချွေးထွက်တယ်တဲ့၊ ဉာဏ်ရွှင်အောင် စာတော်အောင် ဆံပင်ကို တိုတိုထားရမယ်တဲ့၊ လူရည်ချွန်တွေဆိုရင် ဆံပင်ကို တိုတိုပဲ ထား ထား"
“တော်စမ်း၊ တိတ်စမ်း”
ဖေဖေသည် လက်ကိုဝှေ့ယမ်းရင်း အော်လိုက်သည်။ ကိုတူး၏အသံသည် တိခနဲ ပြတ်ကျသွားပြီး မျက်တောင်လေး တဖျတ်ဖျတ်ခတ်နေလေသည်။ ကိုကိုအောင်သည် မျက်စိမျက်နှာပျက်နေသည်။ သူ့ဦးလေး လက်စွမ်းပြသမှုခံလာရသော ကိုတူးကိုကြည့်ပြီး အားတုံ့အားနာ ဖြစ်နေပုံရလေသည်။
စက်ဘီးပျက်ပျက်၊ ကားမီးအက်အက်နှင့် လူပုံအလည်တွင် တရားခံဘဝရောက်နေသော စူးမာနှင့်ကိုတူးတို့သည် စိတ်အိုက်ပြီး ချွေးတွေပြန်နေကြသည်။ ကိုတူးသည် သူ့ဆံပင် တိုစိစိကို လက်နှင့်စမ်းရင်း ဆင်ခြေတက်ရန် စဉ်းစားနေပုံရသည်။
“သားရေ အငယ်လေး၊ ရော့ ရော့ သားကြိုက်တဲ့ မာလကာသီးတွေကို ဘာလို့မေ့ခဲ့တာတုံး”
ထိုစဉ်တွင် ဘဘသွင်သည် ကယ်တင်ရှင်အဖြစ် ပေါ်ထွက်လာသည်။ မာလကာသီး ဖြူဖြူပွပွကြီးများကို ကိုင်ရင်း ကိုတူးဆီသို့ တန်းပြီးလျှောက်လာလေသည်။
“ဟောတော့ ဘ ဘ သွင်”
စူးမာသည် ဘဘသွင်ကို အမှတ်မဲ့လှမ်းကြည့်ရင်းမှ ပါးစပ်လေးဟသွားသည်။ ထို့နောက် ခွီးခနဲ ရယ်ချလိုက်မိလေသည်။ သူ့ဆံပင်များသည်ကား ကိုတူးထက်ပင် ဆိုးဦးမည် ထင်သည်။ ဖြူတစ်ဝက်၊ နက်တစ်ဝက် ကျားနေရသည့်အထဲ အထစ်လိုက် အထစ်လိုက်ဖြစ်နေသည်မှာ စူးမာတို့ တခါ ကလောသွားစဉ်က မြင်ခဲ့ရသော လှေကားထစ်စိုက်ခင်းများနှင့်ပင် သဏ္ဌာန်တူသေးတော့သည်။
“ဘ ဘ အဲ ပါ ပါ ညှပ်မှညှပ်မယ်ဆိုလို့ သူ့ဆံပင်ကိုလဲ ကျွန် ကျွန်တော်ပြန်ပြီး ညှပ် ညှပ်ပေးခဲ့ရသေးတယ်”
ကိုတူးက တုန်ယင်စွာ ပြောသောအခါ ဖေဖေ့မျက်နှာသည် နီလာလေသည်။ စိတ်ဆိုး၍နီခြင်းလော၊ ရယ်ချင်သဖြင့် နီခြင်းလောကိုမူ စူးမာ အသေအချာမသိ၊ သို့သော်လည်း ဆူပူပွဲကြီးမှာ ရပ်နားသွားသည်။ ဖေဖေ အိမ်ဘက်သို့လျှောက်သွားသောအခါ ကိုကိုအောင်၏သက်ပြင်းချသံကို ကြားရလေသည်။
"အလတ် နှစ်ကောင်ကို လွှတ်ထားလို့တော့ မဖြစ်ဘူး၊ တစ်ယောက်ကလဲ စိတ်မနှံ့တဲ့လူနဲ့ပေါင်းပြီး အရူးပုံပေါက်တော့မယ်၊ နောက်တစ်ယောက်ကတော့ မျောက်ရှုံးတဲ့ပေါက်ကျော်မ၊ နှစ်ယောက်စလုံးကို ညနေတိုင်းခေါ်ပြီး ဆေးတိုက်မှာ ထိုင်ခိုင်းထားမှဖြစ်မယ်”
ထိုနေ့ညတွင် ဖေဖေက အမိန့်ချမှတ်လိုက်လေသည်။ စူးမာတို့ ဘာမျှ စောဒကမတက်နိုင်၊ ဆေးတိုက်မှာထိုင်ဆိုလျှင်လည်း ထိုင်ရုံသာရှိတော့သည်။
* * *
“ဆေးတိုက်ဆိုရင် ဘယ်လာချင်ပါ့မလဲ ခလေးတို့ရယ်၊ ဖျားလို့ နာလို့ မတတ်သာလို့သာ လာကြရတာ၊ အစိုးရဆေးခန်းတွေကျတော့ တမေ့တမောကြီး စောင့်ရတယ်၊ အလုပ်အကိုင်ပျက်လွန်းတော့ ဆေးတိုက်ကို ပိုက်ဆံအကုန်ခံပြီး လာရတာပေါ့”
စူးမာတို့ရှေ့ခုံတန်းလျားတွင်ထိုင်နေသော လူကြီးက ခပ်ငြီးငြီးပြောလေသည်။ အဝတ်အစားနွမ်းနွမ်းနှင့် ဖနောင့်ဘက်က ပါးနေသော ဂျပန်ဖိနပ်တို့ကိုကြည့်၍ လူချမ်းသာမဟုတ်ကြောင်း သိနိုင်လေသည်။ အစိုးရဆေးခန်းတွင် တမေ့တမောစောင့်၍ အလုပ်အကိုင်ပျက်သည်ဟု ဆိုသော်လည်း ဖေဖေဆေးတိုက်တွင်လည်း စောင့်တော့ စောင့်ရသည်သာဖြစ်၏။ လူနာများစောင့်နေစဉ် ထိုင်ရန် ချထားသော ခုံတန်းလျားလေးတွင် လူသုံးလေးဦး မပြတ်ရှိတတ်လေသည်။ ဆင်းရဲသူလည်းပါသည်။ ချမ်းသာသူလည်းပါသည်။
ခုံစွန်းတွင် ဘာစကားမျှမပြောဘဲ ငြိမ်ငြိမ်သက်သက်ထိုင်နေသူကား စူးမာတို့ကျောင်းနားရှိစာအုပ်ဆိုင်မှ ဦးလေးကြီးဖြစ်သည်။ စူးမာတို့ကိုကား မှတ်မိပုံမရ။ တခါတရံ စူးမာတို့ ကာတွန်းစာအုပ်သွားငှားလျှင် စကားချိုချိုပြောရင်း ကာတွန်းစာအုပ်များယူပေးတတ်သည်။ သူ့မိန်းမသည် နေမကောင်းသဖြင့် အိပ်ရာထဲတွင်လဲနေသော နာတာရှည်ရောဂါသည် ဖြစ်၏။ "တောင်ဝှေးလဲရင် ဖိုးသူတော် ထူနိုင်တယ်ကွဲ့၊ ဖိုးသူတော်လဲရင် ခက်မယ်။ ဦးလေးမိန်းမ နေမကောင်းတဲ့ကြားထဲ ဦးလေးပါရောဂါရပြီး အိပ်ရာထဲလဲမှာကြောက်တယ်၊ ဒီကလေးတွေကို စိတ်မချလွန်းလို့ပါ "ဟု သူသည် တခါက ညည်းဖူးလေသည်။ သူ့တွင် သားသမီးသုံးယောက်လောက်လည်း ရှိမည်ထင်သည်။ စူးမာ အသေအချာတော့ မမှတ်မိ။ ယခုလည်း သူဖျားပြီး အိပ်ရာထဲလဲမည်ကိုတွေးရင်း စိုးရိမ်နေပုံရသည်။ သူ့ဘေးတွင် ခပ်ခွာခွာထိုင်နေသော မိန်းမကြီးသည်ကား မျက်နှာထားမချိုလှပေ။ အနွေးအင်္ကျီအမွေးပွပွကြီးကို ထပ်ဝတ်ပြီး ရှူဆေးရှူနေသဖြင့် ဖျားချင်ချင်ဖြစ်နေဟန် ရှိသည်။ နှုတ်ခမ်းနီခြယ်သပြီး အဖျားကော့ကာ ဆွဲထားသော မျက်ခုံးနက်နက်တို့ကြောင့် ဖျားနေသည့်သူနှင့်ကား လုံးဝမတူပေ။ နားတွင် ပန်ထားသော စိန်နားကပ်ကြီးသည်ကား တဖျတ်ဖျတ်လက်နေသည်။
ဖေဖေ့အခန်းထဲမှ လူနာထွက်လာသောအခါ မိန်းမကြီးသည် သူ့အရွယ်နှင့်မလိုက်အောင် ပေါ့ပါးစွာ ထလိုက်လေသည်။ ထို့နောက် ဆေးခန်းထဲသို့ ခပ်သုတ်သုတ်ဝင်သွားသည်။
“အာ ဒီ အန်တီကြီး အားကြီးဗိုလ်ကျတာပဲ၊ ဦးလေးကြီးတွေက သူ့အရင်ရောက်တာ”
ကိုတူးက မကျေမနပ်ပြောလေသည်။ ကိုဘိုးထွေးသည် ကိုတူးကို ကြည့်ပြီး ရယ်လေသည်။ ကိုတူးသည် မကျေမနပ်စကား ပြောခဲလှသောကြောင့်ဖြစ်သည်။ စူးမာနှင့် ကိုတူးတို့နှစ်ဦးသား ကိုဘိုထွေးကို ဝဲယာခြံရံလျက် ထိုင်နေကြရသည်။ ကိုဘိုထွေးသည် ဖေဖေ့လက်ရုံးဖြစ်သည်။ မေမေ့ကို ကူရသည်။ သူ့အလုပ်ကို မယ်မယ်ရရပြလျှင် ခဲယဥ်းသည်။ အသေအချာတွေးလျှင်ကား တစ်အိမ်လုံး သူမပါလျှင် သိပ်မပြီးချေ။ ဖေဖေ့ဆေးခန်းတွင် ငွေသိမ်းသူ၊ ဆေးပေးသူမှာလည်း သူဖြစ်သည်။ အိမ်တွင်လည်း အအားမနေဘဲ ခြံရှင်း၊ သစ်ပင်စိုက်နေတတ်သည်။ တခါတရံ မေမေ မအားလျှင် စက်ဘီးလေးဆွဲပြီး ဈေးသို့ပြေးရတတ်သေးသည်။ ယခုအခါတွင်ကား စူးမာကျေးဇူးကြောင့် ပျက်သွားသော စက်ဘီးကို စက်ဘီးပြင်ဆိုင်သို့ ပို့ထားရသဖြင့် သူ့ခမျာ တခါတရံ ခြေလျင် ကျိတ်ရရှာသည်။
သူ့အိမ်ဂေဟာသည် ကားရုံနှင့်တွဲလျက်ရှိသော တစ်ယောက်ခန်းလေးဖြစ်သည်။ ဖေဖေရော မေမေပါ ကိုဘိုထွေးကို သွေးသားရင်းချာတစ်ယောက်လို ယုံကြည်စိတ်ချကြသည်။ စူးမာတို့ လူမှန်းသိကတည်းက ကိုဘိုထွေးကို အိမ်သားတစ်ဦးအနေနှင့် အကျွမ်းဝင်ခဲ့ရသည်။ ကိုဘိုထွေးအနေနှင့်လည်း စူးမာတို့ကို တူရင်းသားရင်းလို ချစ်ခင်အလိုလိုက်လေ့ရှိသည်။ သို့သော် နေရာတကာ စပ်စပ်စုစုနိုင်သော စူးမာထက် တွေးတွေးဆဆ ပြောတတ်ဆိုတတ်သော ကိုတူးကို ပိုပြီးချစ်ခင်ဟန်ရှိလေသည်။
“ဟေ့ ကိုတူး ဒီလိုမပြောရဘူးကွ၊ အဲဒီလိုရောဂါမရှိ ရောဂါရှာနေတဲ့ မိန်းမကြီးတွေရှိလို့ ဆေးတိုက်တွေ စားသာတာ၊ သူတို့ကို ကျေးဇူးတင်ရမယ်"
“သူက ဘာဖြစ်တာလဲ”
"နှာစေးတာ၊ ခေါင်းကိုက်တာလောက်ပါကွာ”
"အို ဒီလောက်လေးများ”
“သူတို့က အဲဒီလောက်ကိုလဲ အကြီးကြီးချဲ့ တာပဲကွ၊ ဆေးတိုက်လာပြီး ဆေးထိုးတော့ အလကားနေရင်း ဖင်နာတာပေါ့”
“သူတို့ ဖင်နာမှ ပျောက်တယ်ထင်တာကိုး၊ နေဦး ကိုတူး စကားသိပ်မများနဲ့"
ကိုဘိုးထွေးသည် ဆေးခန်းထဲမှထွက်လာသူ ကမ်းပေးသော စာရွက်ဖြူလေးကို လှမ်းယူလိုက်သည်။ စာရွက်ပေါ်တွင် ရေးခြစ်ထားသော စာလုံးများကို စူးမာနားမလည်၊ လုံးဝမသိ။ သို့သော် ကိုဘိုးထွေးကမူ အလွယ်တကူပင် သိပုံရသည်။ အညိုရောင်ဆေးပုလင်းကြီးထဲမှ ဆေးလုံးဖြူဖြူလေး??? သေသပ်စွာ ထုပ်လိုက်လေသည်။ ထို့နောက် ဆေးလုံးဝါဝါလေးများကို ယူပြန်သည်။
"မနက်ထမင်းစားပြီး တစ်ခါ၊ ညနေထမင်းစားပြီး တစ်ခါ၊ ဆေးနှစ်မျိုးကို တစ်လုံးစီ ရောသောက်ပါ”
ကမ်းလာသောအစိတ်တန်ကို ပြန်၍အမ်းရင်း မှာလိုက်သည်။ တန်းစီနေသောဆေးပုလင်းများကိုလည်းကောင်း၊ စောင့်နေသောလူများကိုလည်းကောင်း၊ အံဆွဲထဲမှ ငွေစက္ကူများကိုလည်းကောင်း၊ စူးမာသည် တစ်လှည့်စီ ကြည့်နေမိလေသည်။ ခန်းဆီးဖြူဖြူကာထားသော ဆေးခန်းထဲတွင်လည်း ဖေဖေ့ကို တခါတရံ လှမ်းမြင်ရလေသည်။ ညင်သွက်လက်စွာလှုပ်ရှားနေသော ထမီနီနှင့် သူနာပြုဆရာမလေးကိုလည်း ရိပ်ခနဲ ရိပ်ခနဲ တွေ့ရတတ်သည်။ စူးမာသည် ဟိုကြည့်ဒီကြည့်နှင့် ငြိမ်သက်စွာထိုင်နေရသည်ကို ပျင်းရိလာလေသည်။ စူးမာတို့စံပျော်ရာ မန်ကျည်းပင်ရိပ်ညိုညိုကို သတိရမိသည်။ ငြိမ်သက်စွာထိုင်နေရမည့်အစား မန်ကျည်းကိုင်းကို ဆွဲခိုနေရလျှင် မည်မျှကောင်းလေမည်နည်းဟု တမ်းတမ်းတတလေး တွေးနေမိလေသည်။
ဘဘသွင်တစ်ယောက်လည်း ဒီအချိန်ဆိုလျှင် မန်ကျည်းပင်အောက်သို့ ရောက်နေကျဖြစ်သော ကိုတူးကို လာစောင့်နေလိမ့်မည်ထင်သည်။ သူ့လက်ထဲတွင်လည်း မာလကာသီးပွပွကြီးများ ပါလာဖို့ရာ ကျိန်းသေသည်။ သို့တည်း မဟုတ် လိမ္မော်ချိုချဉ်မွှေးမွှေးလေးများကို ယူလာမည်ဖြစ်သည်။ ယုတ်စွအဆုံး ဘာမျှမပါလျှင် ဘဘသွင်သည် စူးမာတို့အား မုန့်ဝယ်စားရန် မုန့်ဖိုးတစ်မတ်စီ ပေးတတ်လေသည်။
“ကိုတူးရေ ... ဘဘသွင်ကြီးတော့ မန်ကျည်းပင်အောက်ကို ရောက်နေပြီထင်တယ်”
“အေးကွာ သနားပါတယ်”
“သူလာရင် မာလကာသီးတွေ ပါလာမှာ”
“နင်ကတော့ ဒါပဲ”
“ဘာဖြစ်လဲ၊ သူ့မာလကာသီးက ပွလဲပွတယ်၊ ချိုလဲချိုတယ်၊ ခုနေစားရရင် ဇိမ်ပဲ”
“ငါကတော့ မာလကာသီးမစားရရင်နေပါစေ၊ ဘဘသွင်ဆီ ခဏလောက်တော့ သွားချင်တယ်”
“ဘာဖြစ်လို့”
`သနားလို့ပါ၊ ငါ့ကိုမတွေ့ရရင် သူ့ခမျာ စိတ်ကောင်းမှာမဟုတ်ဘူး။ သူ့ကိုများ ပါပါလို့ ခေါ်လိုက်ရင် သူ့မျက်နှာကို ပြုံးပြုံးသွားတာပဲ"
" သေသွားတဲ့ ကိုငယ်လေး ကံကောင်းတယ်နော်”
“ဪ သူ့အဖေက သူ့ကို ဒီလောက်ချစ်တာ ကံကောင်းတာပေါ့။ ဒို့များကျတော့ ဖေဖေတို့မေမေတို့က ချစ်မှမချစ်တာ”
“အာ ကိုတူးရာ နည်းနည်းပါးပါးတော့ ချစ်မှာပေါ့”
“အေးလေ အနည်းအပါးတော့ ချစ်မှာပေါ့။ ဒါပေမဲ့ ဘဘသွင်လောက်တောင် ငါ့ကိုဂရုမစိုက်ဘူး"
စူးမာသည် ဘာပြန်ပြောရမည်မသိသည့်အတွက် ကိုတူး၏ဆံပင်တိုကပ်ကပ်လေးကို ငေးကြည့်နေမိလေသည်။ ကိုတူးခမျာ ဘဘသွင်ကောင်းမှုကြောင့် ကတုံးသာသာ ဘဲမြီးလေးနှင့် ဖြစ်သွားရလေသည်။ ဆံပင်တိုတိုကို ကြည့်နေမကျသဖြင့် ဘဲမြီးနှင့်ကိုတူးကိုကြည့်ရသည်မှာ ပြောင်စီစီဖြစ်နေသည်။ ဘဘသွင်နှင့်ကိုတူးတို့နှစ်ဦး တစ်ဦးဆံပင်ကို တစ်ဦး တပျော်တပါးနှင့် တလှည့်စီညှပ်ခဲ့ကြသည် ထင်သည်။ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော်လည်း နှစ်ဦးစလုံး ကျေနပ်နေကြသည်။
“ဘာလဲ ကိုတူးက ကိုတူးဆံပင်ကို လှေကားထစ်စိုက်ပျိုးခင်းတွေလို အထစ်လိုက် အထစ်လိုက် လုပ်ပစ်တာကို ဂရုစိုက်တယ်ပြောတာလား”
"မဟုတ်ပါဘူး စူးမာရ၊ နင်ကလဲ နားဝေးလိုက်တာ။ သူ ဘာပဲလုပ်လုပ် စေတနာနဲ့ လုပ်တာဟ၊ သူ့စိတ်ကကို မကောင်းတော့ တစ်လွဲလဲ ဖြစ်ချင်ဖြစ်တာပေါ့။ ဒါပေမဲ့ ငါ့ကိုသိပ်ဂရုစိုက်တယ်။ မေမေတို့က ဘဘသွင်ချစ်သလောက်တောင် ငါ့ကိုမချစ်ဘူး၊ ဂရုမစိုက်ဘူး”
"အင်းနော်၊ အဲဒါဘာဖြစ်လို့လဲ၊ အလတ်ဖြစ်လို့လားဟင်။ ဒါမှမဟုတ် စူးမာတို့ စာမကျက်လို့၊ ဆော့လို့၊ ဆိုးလို့လား”
စူးမာသည် မေးမေးပြောပြောနှင့် ??ရင်း ပေါ်လစ်ရောင်တောက်နေသော စားပွဲပေါ်ရှိ သစ်သားကွက်လေးများကို လက်ညှိုးနှင့် လျှောက်ဆွဲနေမိသည်။ အလယ်တွင် ရစ်ပြီး ဝိုင်းသွားသော သစ်သားအကွက်လေးများသည် ချစ်ဖွယ်ကောင်းလှသည်။ မှိုင်းညိုညိုနှင့် အရစ်ထနေသောအကွက်လေးများကို မမကြီးမြင်လျှင် အကျီချုပ်ဝတ်ချင်သည်ဟု ပြောဦးမည်ဖြစ်သည်။
“ကိုဘိုထွေးရဲ့ ... ပေးလေ ကျွန်တော်ပိုက်ဆံအမ်းပေးမယ်လေ။ ဒီတိုင်းထိုင်နေရတာ ပျင်းလာပြီ"
ကိုတူးသည် ပျင်းရိလာဟန်နှင့် ကိုဘိုထွေးဘေးသို့ ပြန်ကပ်သွားသည်။ ငွေအမ်းရန် ဟန်ပြင်နေသည့်ကိုတူးကို ငေးကြည့်ရင်း စူးမာသည် မန်ကျည်းပင်ရိပ်ကိုသာ သတိရနေသည်။ ဖေဖေ့ဆေးခန်းတွင် ဘယ်နှရက်ကြာအောင် အကျယ်ချုပ် ချုပ်ခံနေရဦးမည် မသိ။ စူးမာ စိတ်ကျဉ်းကျပ်လှသည်။ ပြေးလွှားခုန်ပေါက်ကစားရန် မဆိုထားနှင့်၊ စကားကိုပင် ကျယ်ကျယ်မပြောနိုင်သော အရပ်တွင် ကြာရှည်နေရပါက ပျင်း၍သေသော မသာဟူသည် မြန်မာပြည်တွင် ဦးဦးဖျားဖျား ပထမဆုံး ပေါ်လာမည်ဖြစ်ပေသည်။
"စူးမာလဲ ပျင်းလှပြီ”
"လာ ပျင်းရင် ဒီမှာဆေးလုံးတွေလာပြီး ထုပ်ပေးလှဲ့။ ကဲ လာ ဒီပုလင်းထဲက ဆေးအဖြူ ရှစ်လုံး၊ ဒီထဲက ဆေးအတောင့်လေးတွေက လေးလုံး၊ ဦးလေးရေ အဲဒါ ခြောက်နာရီခြားတစ်ခါ သောက်၊ နှစ်ရက်စာပဲ”
ကိုဘိုထွေးသည် စူးမာကိုခိုင်းရင်း တစ်ဆက်တည်း ဆေးအညွန်းကိုပါ ပြောနေသည်။ စူးမာသည် ဆေးယူမည့်လူနာကိုကြည့်ပြီး အတန်ငယ် အပျင်းပြေသွားသည်။ စူးမာတို့ကျောင်းနားက စာအုပ်ဆိုင်မှ ဦးလေးကြီးဖြစ်သောကြောင့်ဖြစ်၏။ သူ ဘယ်အချိန်က ဆေးခန်းထဲ ဝင်သွားသည်ကိုပင် စူးမာ မသိလိုက်။ ပြန်ထွက်လာမှပင် သတိထားမိတော့သည်။
စူးမာသည် ပြုံးစပ်စပ်လေးဖြစ်သွားသည်။ ကိုဘိုထွေးညွှန်ပြသောပုလင်းများအထဲမှ ဆေးအဖြူ ဆယ့်ခြောက်လုံးနှင့် ဆေးတောင့်ရှစ်လုံးကို သွက်သွက်လေး ထုတ်ယူလိုက်လေသည်။ ထို့နောက် ကိုဘိုးထွေးထုပ်သည့်အတိုင်း အနားလေးများချိုးကာ သေသေသပ်သပ် ထုပ်လိုက်သည်။
"အဲဒါတွေကို ခြောက်နာရီခြား တစ်ခါသောက်၊ လေးရက်စာပဲ”
ဆေးထုပ်ကလေးကို ကမ်းပေးလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ ဦးလေးကြီးခမျာတော့ ဘာမျှမသိရှာ။ ကြားထဲမှ စူးမာတစ်ယောက်က စေတနာမိုးတွေ ဝေဖြာဖြိုးပြီး မြန်မာ့တန်ခိုးနှင့် ဆေးတွေကို နှစ်ဆတိုးပေးလိုက်မှန်းလည်း သိပုံမရ။ ဆေးထုပ်လေးကိုလှမ်းယူပြီး ကိုတူးကို ဆယ်တန်နှစ်ရွက် ကမ်းပေးလိုက်သည်။ ကိုဘိုးထွေးသည် ဆေးစာရွက်ဖြူလေးကိုဖတ်ရင်း "ငါးကျပ် ပြန်အမ်းလိုက် ကိုတူး” ဟုပြောလိုက်သည်။
ကိုတူးသည် ပါးစပ်က "ဟုတ်ကဲ့" ဟုပြောရင်း ဆယ်တန်နှစ်ရွက်ကိုယူကာ အံဆွဲထဲရှိ နှစ်ဆယ်တန်တစ်ရွက်ကို ပြန်ပေးလိုက်သည်။ ကိုဘိုးထွေးက အမှတ်မဲ့မို့ မမြင်သော်လည်း စူးမာသည် ကိုတူး ငွေပြန်အမ်းပုံကိုကြည့်ပြီး မျက်လုံးလေးပြူးသွားသည်။ ကိုတူးများ မှားသလားဟု ပြောမည့်ဟန်ပြင်မိသည်။ ဦးလေးကြီးသည်လည်း နှစ်ဆယ်တန်ကို အမှတ်မဲ့လှမ်းယူပြီး အိတ်ထဲထည့်ခါနီးမှ သတိထားမိပုံရသည်။ တအံ့တဩနှင့် ကိုတူးအား လှမ်းပြောမည်ပြုသည်။
“ဒါ ဖေဖေ့ဆေးတိုက်ပါ။ ကျွန်တော်တို့ ကုသိုလ်လုပ်တာပါ ဦး။ ဆေးခမပေးပါနဲ့"
ကိုတူးက လက်ကာပြီး ခပ်တိုးတိုးပြောလိုက်သည်။ ကိုဘိုးထွေးကမူ ကြားပုံမရ။ နားကို ကားနေအောင်ဖွင့်ထားသော စူးမာကမူ ကြားဖြစ်အောင် ကြားလိုက်လေသည်။
“သာဓုဗျာ ... သာဓု သာဓု၊ သူတော်ကောင်းကြီးတို့တတွေ ဘုန်းကြီးပါစေ.. သက်ရှည်ပါစေ”
တချိန်လုံး စကားလုံးဝမပြောဘဲ ငြိမ်ချက်သားကောင်းနေသော ဦးလေးကြီးသည် နှစ်ဆယ်တန်ကို အိတ်ထဲထည့်ရင်း လှိုက်လဲစွာ သာဓုခေါ်နေလေသည်။ ဘာမျှနားမလည်လိုက်သော ကိုဘိုးထွေးသည် အခြောက်တိုက် သာဓုခေါ်ပြီး ဆုတွေ တစ်ပုံတစ်ခေါင်းကြီး ပေးနေသော ဦးလေးကြီးအား အူကြောင်ကြောင်ကြည့်နေလေသည်။ ကိုတူးကတော့ မှင်သေလှသည်။ တကယ့်အလုပ်ကြီးအကိုင်ကြီးကို လုပ်နေသူကဲ့သို့ ခံ့ထည်ထည်ထိုင်ရင်း ကိုဘိုထွေးကိုပင် ပြုံးပြလိုက်သေးသည်။
စာအုပ်ဆိုင်မှဦးလေးကြီးကို စူးမာကဲ့သို့ ကိုတူးလည်း မှတ်မိပုံရသည်။ စူးမာက ကာတွန်းလောက်သာအဖတ်များသူမို့ ဝတ္ထုကိုပါဖတ်သော ကိုတူးလောက် စာအုပ်ဆိုင်သို့မရောက်တတ်ပေ။ ကိုတူးက စူးမာထက် ပိုမိုအရောက်များသည်။ ထို့ကြောင့်လည်း သူတို့တစ်တွေ၏မပြည့်စုံသောဘဝနှင့် နွမ်းပါးသောအခြေအနေကို သဘောပေါက်ခဲ့ဟန်ရှိသည်။ စူးမာက ဘိုးဘိုးအောင်လုပ်ပြီး ဆေးကို နှစ်ဆတိုးပေးရုံရှိသေးသည်။ ကိုတူးကမူ ဘိုးဘိုးပြောင်ဟန် ဖန်ဆင်းပြီး တစ်ဆယ်တန်နှစ်ရွက်ကို နှစ်ဆယ်တန်တစ်ရွက်အသွင် ဖန်တီးပြီး အမ်းလိုက်ပေပြီ။ ကိုဘိုးထွေးသာသိလျှင် နဂိုမှေးသောမျက်လုံးများသည် ငါးမျက်လုံးများလို ပြူးထွက်လာလိမ့်မည်ထင်သည်။ သို့တည်းမဟုတ် ခေါင်းကို စုံကုတ်ကာ ဝုန်းခနဲ ထခုန်မည်ဖြစ်သည်။ စူးမာသည် တစ်ဦးတည်းတွေးရင်း ပြုံးကျဲကျဲလေးဖြစ်လာသည်။
"စူးမာနော်”
ကိုတူးသည် စူးမာအား လက်သီးဆုပ်ပြလေသည်။ အလိုက်ကန်းဆိုးမသိ ထအော်လိုက်မည်ကို စိုးရိမ်နေသည်။ စူးမာက လျှာထုတ်ပြသောအခါမှ ဇတ်လိုက်မင်းသားဟန်နှင့် မျက်စိတစ်ဖက်မှိတ်ပြသည်။ မျက်စိတစ်ဖက်တည်း မမှိတ်တတ်သည့်အတွက် နှစ်ဖက်စလုံးစုံမှိတ်သွားသော ကိုတူးသည် မင်းသားနှင့်မတူသည်ကား အမှန်ပါပေ။
“ဘာရယ်နေကြတာလဲ”
ကိုဘိုထွေးက မေးလေသည်။ ကိုဘိုထွေးက အူကြောင်ကြောင်မေးသောအခါမှ စူးမာ ပိုပြီးရယ်ချင်သည်။ လက်ဝဲလက်ယာရံပြီး ထင်ရာလုပ်လိုက်ကြသည်ကို ကြားမှ ကိုဘိုထွေးခမျာ ဘာမျှမသိလိုက်။ သူ့ခမျာ သိသာသိလျှင် အတော်ကြီး စိတ်ညစ်သွားရှာမည်ဖြစ်သည်။
“ပြောစမ်း စူးမာ၊ ဘာလို့ စပ်ဖြဲဖြဲ ဖြစ်နေရတာလဲ”
“အဟက် စူးမာ စဉ်းစားမိလို့ “
"ဘာကိုလဲ”
“ကိုဘိုထွေး မိန်းမရရင် အဲဒီမိန်းမက ဟင်းချက်မှကောင်းပါ့မလားလို့”
“ဘာဆိုင်လို့လဲ”
“အင်း ဘာမျှမဆိုင်ဘူး၊ အဟင်း”
ကိုဘိုထွေးသည် စူးမာအား မျက်မှောင်ကြီးကုတ်၍ ကြည့်နေလေသည်။ စူးမာသည် ကိုဘိုထွေးအား ပြုံးစပ်စပ်လေးကြည့်နေရင်း ဘာဆက်ပြောရမည်ကို အပြေးအလွှား စဉ်းစားနေမိလေသည်။ တော်ပါသေးသည်။ ကိုဘိုထွေးခမျာ ကြာကြာစိတ်မရှုပ်လိုက်ရ။ ဖေဖေ့ဆေးခန်းထဲမှ ထွက်လာသောလူများ ထပ်ရောက်လာ၍ အလုပ်ရှုပ်သွားသည်။ စူးမာသည် ဆေးလုံးများကို ထုပ်မပေးတော့ဘဲ နံရံကိုမှီရင်း ရပ်နေမိလေသည်။ မန်ကျည်းပင်ရိပ်ညိုညိုနှင့် မာလကာသီးချိုချိုကိုသာ စိတ်ထဲတွင် တွေးရင်း တမ်းတနေမိသည်။
“သာဓုဗျာ သာဓု သာဓု "
ကိုတူး အနားတွင်တော့ ထိုအသံများကို မကြာခဏ ကြားနေရသည်။ ကိုတူးတစ်ယောက်ကတော့ စူးမာလို မာလကာသီးကို အတွေးနှင့် လွမ်းနေဟန်မရှိချေ။ သူ့အလုပ်ထဲတွင်သူ တပျော်တပါးနှင့် စိတ်ဝင်စားနေပုံရသည်။ တစ်ခုပဲထူးခြားသည်။ အံဆွဲခွက်ထဲတွင်ထည့်ထားသော ငွေစက္ကူများသည် ခါတိုင်းနေ့များလို တဖြည်းဖြည်းတိုးလာခြင်းတော့မရှိ။ နှစ်ဆယ်တန်သည် တစ်ဆယ်တန်နှစ်ရွက်အသွင်သို့ ကူးပြောင်းသွားသည်။ ငါးကျပ်တန်နှစ်ရွက်သည်လည်း တစ်ဆယ်တန်ဖြစ်သွား၏။ နွမ်းပျော့နေသော ကျပ်တန်ငါးရွက်ကိုလည်း ငါးကျပ်တန်အသစ်တစ်ချပ်နှင့် လဲပေးလိုက်သည်။ စူးမာသည် အလုပ်ကြီးအကိုင်ကြီးလုပ်နေသော ကိုတူးအား ငေးမောကြည့်နေမိလေသည်။
“ကိုတူး ဖေဖေ ဆူလိမ့်မယ်”
“အို ဆူဆူပေါ့။ သူတို့တွေ မရှိမဲ့ရှိမဲ့ လာပေးရတာ၊ အိမ်မှာ စားစရာရှိမှာမဟုတ်ဘူး၊ ငါက သိလို့ပြန်ပေးတာ။ ဖေဖေလဲ ကုသိုလ်ရတာပေါ့။ ရှင်းပြလိုက်ရင် စိတ်ဆိုးမှာမဟုတ်ပါဘူး”
စူးမာက စိုးရိမ်စိတ်ကလေးနှင့် ပြောသောအခါ ကိုတူးသည် မျက်နှာထားတည်တည်နှင့် ပြန်ပြောလေသည်။ သူ့ကိုကြည့်ရသည်မှာ စူးမာကဲ့သို့ ဖေဖေဆူမည်ကို စိုးရိမ်ဟန်မရှိချေ။ ဆူလိမ့်မည်၊ စိတ်ဆိုးလိမ့်မည်ဟုလည်း ထင်ပုံမရ။
စူးမာကမူ အံဆွဲထဲမှ ရုပ်ပြောင်းရုပ်လွှဲဖြစ်ကုန်ကြသော ငွေစက္ကူလေးများကို ကြည့်ရင်း ရင်ထဲတွင် မတင်မကျဖြစ်နေသည်။ ကိုတူးသည် ကုသိုလ်ရသည်ဟု အတွေးနှင့် ကျေနပ်နေသော်လည်း ဖေဖေသည် ကိုတူးတို့စူးမာတို့လို ကုသိုလ်တစ်ခုတည်းနှင့် ကျေနပ်လိမ့်မည်မဟုတ်ချေ။ ကုသိုလ်ဆိုသည့်အရာကို မက်မက်မောမောနှင့် လိုချင်လိမ့်မည်မဟုတ်ချေ။
* * *
“ကိုတူး”
စူးမာ စိုးရိမ်သည့်အတိုင်းပင်ဖြစ်သည်။ ညပိုင်း အိမ်ပြန်ရောက်၍ ငွေစစ်သောအခါ တွင် ဖေဖေသည် မိုးချုန်းသလို ထအော်လေတော့သည်။ ဖေဖေ့မျက်နှာသည် ရွာတော့မည့်မိုးလို သုန်မှုန်နေတော့သည်။ ကုသိုလ်ကောင်းမှုတွေ တစ်ပုံတစ်ခေါင်းကြီးပြုခဲ့သော ကိုတူးသည် မျက်လုံးလေးအဝိုင်းသားနှင့် ချောင်ကပ်နေလေသည်။ လူနာများက ထပ်ပြန်တလဲလဲ သာဓုခေါ်သွားသော သူ့လုပ်ရပ်ကို ဖေဖေတို့မေမေတို့က သာဓုမခေါ်သောအခါတွင် အတော်ကလေး စိတ်ညစ်သွားပုံရလေသည်။
“တကတဲဗျာ ဒီနေ့ လူနာတွေအများသားနဲ့ ငွေက နည်းလှချေကလား အောက်မေ့တယ်။ အကျိုးနည်း၊ ဘုရားဖြစ်မယ့်အုတ်ခဲလေးက ကုသိုလ်လုပ်ပြီး အလှူပေးနေတာကိုး"
"မ မ ဟုတ်ဘူး ဖေ ဖေ၊ သူ သူတို့တွေ တကယ်ဆင်းရဲတာ ကျွန်တော် တစ်ခါတွေ့ခဲ့တယ်။ ဘာဟင်းမှလဲ မရှိဘူး၊ ထမင်းချည်းပဲ ကလေးတွေရော လူကြီး တွေ ရော စား စား"
“တော်စမ်း တိတ်စမ်း”
ဖေဖေသည် လက်ကိုဝှေ့ယမ်းပြီး အော်လိုက်သည်။ ဖေဖေ စိတ်ဆိုးသည်ကို မြင်ရခဲလှသဖြင့် တာတီးလေးသည် မေမေ့ထဘီစကို ဆွဲပြီး ကပ်နေသည်။ ငိုမလို မဲ့နေသည်။ စူးမာကမူ စားပွဲစွန်းကိုမှီ၍ ရပ်ရင်း ငေးနေမိလေသည်။ သူ ဆေးတွေ ပိုပေးလိုက်သည်ကိုကား ဖေဖေ မသိသဖြင့် တော်ပေသေးသည်ဟု ဘုရားတ,ရင်း ရင်ခုန်နေလေသည်။ ကြားထဲမှ တရားခံဖြစ်ရသော ကိုဘိုထွေးသည်လည်း ခေါင်းကို စုံကုတ်နေရှာသည်။ တစ်ခါဖူးမျှ ငွေလျော့ခြင်း၊ လိုခြင်းမရှိဘဲ ဒီနေ့တွင် ငွေငါးဆယ်ကျော်လျော့နေသောအခါ သူ့ခမျာ အတော်ကြီး စိုးရိမ်သွားဟန် ရှိသည်။ တော်ပါသေးသည်၊ တရားခံစစ်စစ် ဖြစ်သော ကိုတူးက လျှောက်လဲချက်ပေးသောကြောင့်သာ သူ့ခမျာ အသက်ဝဝ ရှူရဲတော့သည်။
"အိမ်မှာလဲ တလွဲတွေလုပ်၊ ဆေးတိုက်ခေါ်သွားပြန်တော့လဲ ဘုရားလောင်းလေးက မွဲဆေးဖော်၊ ကောင်းဗျာ တယ်ကောင်း”
ဖေဖေက ဆောင့်ကြီးအောင့်ကြီးနှင့် ပြောသည်။ ကိုတူးကို မျက်လုံးကြီးပြူးကြည့်သည်။ ဖေဖေ လက်မြှောက်လိုက်၍ ရိုက်များရိုက်လေမလားဟု စူးမာကြောက်သွားသည်။ သို့သော် ဖေဖေ မရိုက်။ လက်ကိုယမ်းရင်း အော်သည်။
“သွားစမ်း သွားစမ်း၊ ငါစိတ်ပေါက်လာရင် ခေါက်မိလိမ့်မယ်၊ အကျိုးနည်း"
မည်သို့ပင်ဆိုစေ၊ စူးမာတော့ ကိုတူးကို ကျေးဇူးတင်သည်။ ဖေဖေသည် စူးမာတို့အား ဆေးတိုက်သို့ ထပ်ပြီး ခေါ်မသွားတော့ချေ။ ထို့ကြောင့် စူးမာ စိတ်ညစ်သော အကျယ်ချုပ်ဘဝမှ လွတ်ရလေတော့သည်။ ကိုတူး ကျေးဇူးကြောင့် တစ်ရက်တည်းနှင့် လွတ်ခဲ့ရသဖြင့် စူးမာတော့ ပျော်သည်သာဖြစ်၏။
အပိုင်း(၆) ဆက်ရန်
မစန္ဒာ
No comments:
Post a Comment