"ဟွန်း....ကောင်မကိုက နံနံစော်စော် ငါးပိရောင်းနေရလို့သာတော်တော့တယ်"
အဖုံးမဲ့ ကရင်ပတ်(ဖ်)ဘူးကို ဖွင့်ကာ တို့ပတ်ရိုက်နေသော ခင်မိကို ဘဲဥသည် ဒေါ်ကျေးက မျက်စောင်းနှင့် ကြည့်သည်။ ဒီမိန်းမကို သူ မကျေမနပ် ဖြစ်နေသည်မှာ ကြာလှပေပြီ။
"ကျေနပ်နိုင်ပါ့မလား၊ သူ့ကြောင့် တို့ဈေးသည်တွေ အကုန်လုံးရောပြီး သိက္ခာကျနေရတဲ့ဟာကို"
ဟုတ်သည်၊ ခင်မိကြောင့် သူတို့တွေ သိက္ခာကျရသည်မှာ အမှန်ပင်၊ ခင်မိက သိက္ခာရှိသည့်မိန်းမ မဟုတ်၊ အကျင့်ကောင်းသည့်မိန်းမ မဟုတ်။
"အလကား ငါးပိစော်နံတဲ့ ကြက်မ"
ဒေါ်ကျေးက ပါးစပ်ထဲမှ ကွမ်းတံတွေးများကို မြေပြင်ပေါ်သို့ ပျစ်ခနဲ ထွေးချသည်။ ကွမ်းဖတ်များက စေ့ထားသောသွားများ၏ နောက်ဘက်တွင် ကျန်ခဲ့ကာ အရည်ချည်းသက်သက်ကသာ သွားကြားထဲမှနေပြီး အပြင်ဘက်သို့ ထွက်သွားသည်။
"ဟို...နားလေးပါးလေး မိန်းမကြီးကလည်း ဘာမှမပြောဘဲ ကြည့်ကောင်းနေသလားမသိ"
ခင်မိနှင့်အတူ ဆိုင်ထိုင်သည်က သူ၏အဒေါ် ဒေါ်စိန်ဥ ဖြစ်သည်။ သူက စိပ်ပုတီး တချောက်ချောက်စိပ်ရန်အပြင် ဘာကိုမှလည်း စိတ်မဝင်စား၊ ဘာလာပြောပြောလည်း မကြား၊ သို့သော်လည်း သူက ဈေးရောင်းရာတွင်တော့ တော်သည်။ ဈေးဝယ်သူက ငါးပိ၊ ငါးခြောက်၊ ပုဇွန်ခြောက် ကြိုက်ရာကို လက်ညှိုး ထိုး၊ သူက တက်ဈေး ကျဈေး တစ်လုံးမှမလွဲဘဲ ဖျတ်ခနဲ ပြောနိုင်သည်။ အချိန်အတွယ်ကိုကား နှုတ်ခမ်းလှုပ်သည်ကိုကြည့်ပြီး သူ သိသည်။ အတိအကျ ချိန်တွယ်ပေးတတ်သည်။ ငွေကိုလည်း မမှားမယွင်း တောင်းနိုင် အမ်းနိုင်သည်။
ခက်သည်က မခင်မိ။ သူက ငါးပိငါးခြောက်ဆိုင်တွင် ထိုင်နေသော်လည်း ငါးပိတစ်ခုတည်း ရောင်းသူမဟုတ်၊ နံနက်ပိုင်းတွင် ဟန်မပျက်ဈေးရောင်းသော်လည်း ယခုလို ဆွမ်းခံချိန်ရောက်ပြီး ဈေးကွဲစပြုလျှင် တို့ပတ်ကလေးတပြင်ပြင်၊ နှုတ်ခမ်းနီကလေး တသသ လုပ်တတ်သည်။ ဆိုက်ကားသမား အောင်ချိန်က ဆိုင်ရှေ့တွင် ဖြတ်လျှောက်ပြီး မျက်ရိပ်ပြလိုက်လျှင် သူကလည်း ဟိုလိုလို ဒီလိုလိုနှင့် ဆိုင်ပေါ်မှ လှစ်ခနဲ ဆင်းတတ်သည်။ ထို့နောက် အောင် ချိန်၏ ဆိုက်ကားပေါ်တွင် ပါသွားတတ်သည်ကို ဂရုစိုက်ကြည့်နေသော ဒေါ်ကျေးက ကောင်းကောင်းသိသည်။
"ကောင်မ သူ့ကိုယ်သူ လုံလှပြီထင်နေ၊ ဟင်း.. သူ ဘယ်ကိုသွားပြီး ဘာရောင်းနေသလဲ၊ မိကျေးတို့က သိလိုက်တာမှ နောလို့"
ဒေါ်ကျေးက ကွမ်းတံတွေးများကို ပျစ်ခနဲ ထွေးချလိုက်ပြန်သည်။ အနီရောင် ကွမ်းတံတွေးများကြားထဲတွင် အင်္ကျီအနီ ဝတ်ထားသော ခင်မိပါ တလိမ့်ခေါက်ကွေး ရောပါသွားသည်ဟု ထင်လိုက်မိပြီး စိတ်ထဲတွင် အားရကျေနပ်သွားသည်။
"ဘဲဥ ဘယ်လောက်လဲ"
ဘဲဥဈေးမေးသံကြားတော့ ခင်မိဆီရောက်နေသော ဒေါ်ကျေး၏စိတ်သည် သူ့ရှေ့မှ ဘဲဥဗန်းဆီသို့ ဒိုင်းခနဲ ပြန်ရောက်လာသည်။
"ဒီဘက်က သုံးဆယ်၊ ဟိုဘက်က သုံးဆယ့်နှစ် "
ဝယ်သူ၏မျက်နှာကို မကြည့်မိသေး၊ ဘဲဥရွေးနေသော လက်ချောင်းဖြူဖြူတုတ်တုတ်တွင် ဆင့်ပြီးဝတ်ထားသော အနီရောင်၊ အပြာရောင်၊ အစိမ်းရောင် လက်စွပ်သုံးကွင်းကို ကြည့်ရင်း "ဆယ်ကွင်းလုံးယူရင်တော့ ငါးမူးလျော့ပေးသွား' ဟု အယောင်ယောင်အမှားမှားနှင့် ဆက်ပြောသည်။
"ကြက်ဥကရော"
"ဆယ်ကွင်း ... အဲ... ဆယ်လုံး သုံးဆယ်"
"အလုံးလေးတွေက သေးလိုက်တာ"
"သေးပေမယ့် လတ်တယ်ကွဲ့၊ မနက်ကမှ ခြံကလာပို့တာ၊ ခြံဥတွေ"
"ဘဲဥ ကြက်ဥများ ဒီလောက်အထိ ဈေးကြီးသွားလိမ့်မယ်လို့ မထင်ပေါင်၊ အရင်တုန်းကဆိုရင် ပေါမှပေါ"
"အရင်တုန်းကဈေး ဒီနေ့ လာမပြောနဲ့ ညီမရေ၊ ဒီနေ့ဈေးလည်း မနက်ဖြန်ကျရင် ပြန်မပြောနဲ့၊ နှလုံးရောဂါ ဖြစ်တတ်တယ်"
ကိုယ့်အတွေးနှင့်ကိုယ် စိတ်ချဉ်ပေါက်နေသဖြင့် ဒေါ်ကျေးသည် အရင်တုန်းကလို ....
" ဘဲဥက ဟင်းဖြစ်ပါတယ် ညီမရဲ့ ၊ လွှင့်ပစ်စရာလည်း အခွံပါးပါးလေးပဲပါတာ၊ မန်ကျည်းနှစ်နဲ့ အချဉ်ဆီပြန်လေးကို မဆလာလေး အုပ်ပြီးချက်၊ ငံပြာရည်ဖျော်၊ ရေကနဖော့လေးတို့၊ အိုး ကြက်သား ဝက်သားနဲ့ မလဲဘူးကွယ့်နော်၊ အသားဟင်း သုံးဆယ်ဖိုးဆိုရင် ဘာရမှာလဲ၊ ဘဲဥ သုံးဆယ်ဖိုး ဆယ်လုံးချက်လိုက်ရင် ညဉ့်မနက်စာ ပြီးရော၊ ဟုတ်ဘူးလား ညီမရယ်၊ ဘာရယ်" နှင့်လည်း ဝေဝေဆာဆာ တိုက်တိုက်တွန်းတွန်း ပြောချင်စိတ်မရှိလှပေ။
မဝယ်ချင်လျှင်လည်း ထွက်သွားပါစေ၊ ဝယ်ချင်သူက လာဝယ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်ခေတ်ပဲရောက်ရောက် ဘဲဥကြက်ဥဟူသည်မှာ အိမ်ရှင်မတို့အကြိုက် တွက်ခြေကိုက်သောဟင်းလျာသာ ဖြစ်သည်။ မာဇဒါဂျစ်နှင့် ဈေးဝယ်လာသော အရာရှိကတော်ကြီးပင် တစ်ပတ်လျှင် တစ်ခါနှစ်ခါတော့ ဘဲဥဆိုင်ရှေ့မှာ ရပ်ရမြဲ ဖြစ်သည်။
"မစားဖြစ်လို့သာ စားနေရတယ်၊ ကိုယ့်ဗိုက်တောင် ကိုယ်မသဒ္ဓါချင်တော့ဘူး''
ပိုက်ဆံအိတ်ထဲမှ တွန့်ဆုတ်ဆုတ် ထွက်လာသော ဆယ့်ငါးကျပ်တန် နှစ်ရွက်ကို ခပ်သွက်သွက် လှမ်းယူရင်း ဒေါ်ကျေးက စိတ်ထဲမှနေ၍ "စိန်တွေ ရွှေတွေ ဝတ်ထားပြီး ကိုယ့်ဗိုက်တောင် ကိုယ်မသဒ္ဓါဘူးဆိုရင်လည်း အငတ်နေပေါ့တော်" ဟု အငေါ်တူးတူးနှင့် ပြောမိသည်။ သို့သော် နှုတ်ကမူ အကျင့်ပါနေသည့်အတိုင်း "ငါးမူးလျှော့ပေးလိုက်တယ်။ နောက် လာဝယ်နော်"ဟု ခပ်ချိုချို ပြောသည်။
"ဝယ်မှာ ဝယ်မှာ မပူနဲ့၊ စိတ်ချ လူတွေက ကြက်သားထက် ကြက်ဥကို ကြိုက်တယ်"
ဒေါ်ကျေး၏ဘေးတွင် ကပ်လျက်နေရာယူထားသော ကြက်သားသည် မောင်တိုးက သူ့ရှေ့တွင်ရှိသော ဗန်းထဲမှ ကြက်သုံးခြမ်းကို စိတ်ပျက်လက်ပျက်နှင့် ကြည့်ရင်းပြောသည်။ သူက ဆိုင်ခုံရှိသူမဟုတ်။ ဒေါ်ကျေးလိုပင် ဗန်းချပြီး ပျံကျရောင်းသူဖြစ်သည်။ ဒီကြက်ကလေး မနက်ဈေးတွင် ကုန်သွားလျှင် နေ့ခင်းပိုင်း ခဏတစ်ဖြုတ် နားနိုင်မည်။ မကုန်လျှင်တော့ ထိုင်ပေတော့ မကုန်မချင်း။ ယခုလည်း ဈေးကွဲနေပြီမို့ ဒီကြက်သုံးခြမ်း ကုန်ဖို့တော့ တယ်ပြီး လမ်းမမြင်။ ဈေးကွဲချိန်တွင် ဘာကလေးများ ပေါပေါရလိမ့်မလဲဟူသော အတွေးနှင့် ယောင်ပေပေရောက်လာတတ်သော အိမ်ရှင်မတို့ကလည်း ဈေးမေးလိုက် ထွက်သွားလိုက်၊ ကိုင်ကြည့်လိုက်၊ လှည့်သွားလိုက်ဆိုတော့ မောင်တိုး အတော်စိတ်ညစ်နေသည်။
"ဟွန်း.. ခုနေသာ ထီပေါက်ကြည့်၊ ဒီကြက်သုံးခြမ်းကို ဘယ်သူ့မှ မရောင်းဘဲ ခွေးချကျွေးပစ်လိုက်မယ်" ဟု စိတ်ပေါက်ပေါက်နှင့် တွေးနေသည်။
"နင့်ကြက်က ဘယ်ဈေးလဲ"
"ဆယ့်ငါးကျပ်"
"အမယ်လေးတော်၊ သူများဆိုင်က ဆယ့်သုံးကျပ်၊ ဆယ့်လေးကျပ်နဲ့ ရောင်းတာကို"
"တူမလားဗျ၊ သူတို့ကြက်နဲ့ ကျုပ်ကြက်၊ ဟောဒီမှာကြည့် ခြောက်သလောက်နေတဲ့ကြက်၊ ရေတစ်စက်ဆို တစ်စက်မှမပါတဲ့ကြက်၊ ဒီမှာ အလေးရော ကြည့်ဦးမလား၊ ဒီလိုအလေး ဘယ်ဆိုင်က သုံးသလဲ၊ ယှဉ်ကြည့်စမ်းပါဗျာ၊ ကြိုက်သလောက် ယှဉ်ကြည့်စမ်းပါ၊ ဘယ်တော့မှ အလေးမခိုး၊ ရေမထိုးတဲ့ ကြက်သည်မောင်တိုး လူပျိုသိုးတို့ အဟတ်... ဟတ်"
မောင်တိုးက ခပ်ကြွားကြွားရယ်တော့ ဒေါ်ကျေးက မြင်ပြင်းကတ်ဟန်နှင့် မျက်စောင်းထိုးသည်။
'နင် သိုးတာ အကုန်သိတယ်၊ ကြော်ငြာမနေနဲ့'
"ကြော်ငြာရတယ် အစ်မရေ၊ ကျုပ်တို့ကတော့ သိုးတယ်ဆိုသိုးတယ် ရှင်းရှင်းပဲ၊ သူများတကာလိုတော့ လတ်ဆတ်ချင်ယောင် ဆောင်မနေဘူး"
မောင်တိုးက သဘောရိုးနှင့် ပြောသော်လည်း နားစွန်နားဖျားကြားလိုက်သော ခင်မိကတော့ မျက်နှာပျက်သွားသည်။ သူ့လက်ထဲမှ ကရင်ပတ်(ဖ်)ဘူးကို ဖျတ်ခနဲ ပိတ်ကာ တစ်ဖက်သို့ ဆတ်ခနဲ လှည့်သွားသည်။
ကြက်သားရောင်းရန်ကလွဲပြီး ဘာကိုမှ စိတ်မဝင်စားသော မောင်တိုးကမူ ခင်မိမျက်နှာပျက်သွားသည်ကို သတိထားမိဟန် မတူပေ။ ခုတ်ထစ်ပြီး ပစ်ထားသော ကြက်နှုတ်သီးများ၊ စလုတ်များ၊ အစာအိမ်ဖတ်များကို အင်ဖက်ကြီးကြီးတစ်ခုထဲ စုထည့်ရင်း ထင်ရာမြင်ရာသီချင်းတစ်ပုဒ်ကို ကောက်ဆိုသည်။
"မခင်နှမ်းဆီ နှမ်းဆီ ဈေးကလေးကိုကျနေတာပဲ ကြည့်နေချင်သည်။ ဈေးကလေးတွေ တက်မှာကိုလည်း စိုးရိမ်ပါသည်"
"အင်း... နှမ်းဆီ ဆိုလို့ အချိုမှုန့်နယ်ပြီး နှပ်ထားတဲ့ လက်ဖက်သားအိအိလေးကို နှမ်းဆီစစ်စစ်လေးဆမ်းပြီး စားချင်လိုက်တာဟယ်"
ဒေါ်ကျေးက တမ်းတမ်းတတတွေးရင်း ဗိုက်ထဲက နာသလိုလိုရှိသဖြင့် ရင်ခေါင်းကို ညာလက်နှင့် အသာဖိထားလိုက်သည်။ ထို့နောက် တင်ပါးကို မသိမသာကြွကာ လေလည်သည်။ အရှိန်နှင့်ထွက်လာသောလေသံက အတော် အတန်ကျယ်သော်လည်း လမ်းမမှ ကားဟွန်းသံနှင့် ရောသွားသည်။ သို့သော် ခက်သည်က အနံ့၊ အသံက ရောသွားသော်လည်း စူးစူးရှရှထွက်လာသော အနံ့ကတော့ ဘာနှင့်မှမရော။ သူများဆီမရောက်မီ ကိုယ့်ဘာသာကိုယ် မြန်မြန်ရှူလိုက်သော်လည်း ကုန်အောင်တော့ မရှူနိုင်။
သူ၏လေကြေအရပ်မှနေပြီး "ကျစမ်းပါ ဈေးကလေးကို စောင့်ကြည့်ချင်သည်" ဟု သံနေသံထားနှင့် ဟစ်မည် ဟန်ပြင်နေသော မောင်တိုးခမျာ သူ့သီချင်းကို ဆက်မဆိုနိုင်ဘဲ ရပ်သွားသည်။
နှာခေါင်းကို သိသိသာသာ ရှုံ့ရင်း "ဘဲဥက ပုပ်တာလား၊ လူကပုပ်တာလား အစ်မကြီးရေ" ဟု စူအောင့်အောင့် လှမ်းမေးသည်။
"သေနာကောင်၊ သူဖြင့် တစ်သက်လုံး အီးတစ်ခါမှ မပေါက်ဖူးတာ ကျနေတာပဲ။ ရိုင်းလိုက်တာ"
ဒေါ်ကျေးက မျက်နှာထားတင်းတင်းနှင့် မကြားချင်ယောင်ဆောင်နေလိုက်သည်။ ထို့နောက် "အင်း..ငါ ဝမ်းချုပ်နေတာလည်း သုံးရက်ရှိပြီပဲ၊ ဒီတော့လည်း ဒီအနံ့ဆိုးတော့မှာပေါ့" ဟု ဆက်၍ တွေးကာ ရယ်ချင်သွားသည်။ ထိုစဉ်တွင် ဗိုက်ထဲမှ နာလာပြန်သည်။ ဒီတော့လည်း တင်ပါးကို ဒုတိယအကြိမ် ကြွလိုက်ရပြန်သည်။ အန္တရာယ်ကိုတော့ လွယ်မထားနိုင်ဘူး တော်ရေ။
ဒီတစ်ခါတော့ မောင်တိုးက ဘာမျှမပြောတော့ပေ။ သူ့ရှေ့မှ ကြက်သားပန်းကန်ကို ကုန်း၍ မကာ ခင်မိတို့ဆိုင်ခုံဘေးသို့ ခပ်သုတ်သုတ်သွားသည်။ ဈေးလည်းကွဲ၊ ကုန်လည်းကုန်ပြီမို့ ပြန်သွားပြီဖြစ်သော ဒိန်ချဉ်သည်၏နေရာတွင် ဝင်ထိုင်သည်။
"အင်း... နဂိုကတည်းက အဲဒီနားသွားချင်နေတဲ့ ကာလနာ၊ ခုတော့ အတော်ပဲ ဖြစ်သွားတာပေါ့"
ဒေါ်ကျေးက ဘဲဥဗန်းအောက်တွင် ထိုးထားသောကွမ်းယာကို ထုတ်ကာ ပါးစပ်ထဲသို့ ထပ်ထည့်သည်။ ပါးစပ်ထဲမှ လက်ကျန် ကွမ်းဖတ်နှင့် နောက်ရောက်လာသော ကွမ်းရွက် ကွမ်းသီးတို့နှင့်ရောပြီး သမသွားအောင် ခပ်သွက်သွက်ဝါးသည်။ မျက်စိနှင့်နားကတော့ ဆိုင်ခုံပေါ်မှ ခင်မိနှင့် ဆိုင်အောက်မှ မောင်တိုးတို့ဆီ ရောက်နေသည်။
"အစ်မလေး ကြက်သားမစားဘူးလား"
"စားချင်ရင် ရှင်က အလကားပေးမှာမို့လား"
"မရက်စက်ပါနဲ့ဗျာ၊ ထီပေါက်ရင်တော့ အလကားပေးပါ့မယ်၊ ဒီတစ်ခါတော့ ဝယ်ပါဗျာ.. နော် အစ်မ"
"ဝယ်ချင်တာပေါ့ ကိုမောင်တိုးရယ်။ မနက်ကတောင် အဖေက ကြက်သားပြုတ်ကြော်လေး စားချင်တယ်လို့ ပြောနေသေးတာ"
"ဒါဖြင့်ရင် ဒီလက်ကျန်လေး ယူသွားပါဗျာ၊ ဆယ့်လေးကျပ်ဈေးနဲ့ ပေးလိုက်မယ်လေ"
"အင်း"
ခင်မိက သက်ပြင်းရှည်ကို ဆွဲချကာ ဝင်းဝါနေသော ကြက်ရင်ပုံခြမ်းလေးကို ကြည့်နေသည်။
"အင်း.…. ကောင်မကို ငါက အမြင်ကတ်မယ့်သာကတ်နေတာ၊ တကယ်တော့လည်း သနားစရာပါလေ၊ အဖေက လေဖြတ်၊ တစ်ယောက်တည်းရှိတဲ့မောင်ကလည်း အရိုးပျော့ရောဂါ ရှိလို့တဲ့၊ ဖယ်ယမ်း ဖယ်ယမ်း ဆတ်တောက်နဲ့။
ဟော... အဒေါ်ကျပြန်တော့လည်း တစ်မျိုး၊ သူ့နား စကပ်ဒုံးကျည်ကွဲသွားရင်တောင် ဘယ်သူ အီးပေါက်လိုက်တာလဲ မေးချင်မေးနေဦးမှာ"
ဒီတစ်ခါတော့ ဒေါ်ကျေးက မေတ္တာရှေ့ထားပြီး ကရုဏာနှင့် တွေးမိသည်။
"ယူလိုက်စမ်းပါ အစ်မရာ၊ ကျွန်တော့်ကြက်က ရေလွတ်၊ အလေးပြည့်"
"ယူချင်ပါတယ်ဆိုမှ ဈေးကြီးလွန်းလို့ဟာကို"
"ဆယ့်လေးကျပ်ဈေးနဲ့ ယူလေဗျာ၊ ဒီထက်တော့ မလျှော့နိုင်ဘူး အစ်မလေးရေ၊ ကျွန်တော်တို့က စလုတ်ထိမှာ ဆန်အပြည့်နဲ့ အမွေးအတောင်မစင်တဲ့ကြက်ကို ဆယ့်သုံးကျပ်နဲ့ ဝယ်ရတာ၊ ပြန်ရောင်းတော့ စလုတ်ဖြုတ်ပါ ခြေထောက်ခုတ်ပါနဲ့၊ ရေမထိုးဘဲ မှန်မှန်ကန်ကန်ရောင်းတာ၊ ဒီထက် မလျော့နိုင်လို့ပါဗျာ"
ခင်မိက ဝယ်မည့်ပုံသိပ်မပြတော့ မောင်တိုးက စိတ်တိုချင်လာသည်။
"အခုနေသာ ထီပေါက်ကြည့်၊ ဒီကြက်သုံးခြမ်းလုံးကို အဟုတ်ကို ချပြီး ခွေးကျွေးမယ်"ဟု ဒုတိယအကြိမ် တွေးမိပြန်သည်။
"အခုနေသာ ငါက ဟို.. မောင်တိုး ဒီကြက်သုံးခြမ်းလုံးကို ချိန်လိုက်စမ်း၊ ငါ အကုန်ယူမယ်လို့ ပြောလိုက်ရရင် ဘယ်လောက်အရသာရှိလိုက်မလဲ" ဟုတွေးရင်း ဒေါ်ကျေးသည် ပါးစောင်ထဲတွင် ပြည့်လာသောကွမ်းတံတွေးများကို ယောင်ယမ်းပြီး မျိုချလိုက်သည်။
"ဟော... အောင်ချိန်"
စိတ်ကူးထဲတွင် ကြက်သားဟင်းစားရင်း မှေးစင်းနေသော ဒေါ်ကျေး၏မျက်လုံးအစုံသည် ဈေးတန်းထဲသို့ ခပ်ကိုင်းကိုင်း ဝင်လာသော အောင်ချိန်ကို လှမ်းတွေ့လိုက်တော့ ပြန်ပြီး ပြူးသွားသည်။
ဒီတစ်ခါတော့ အောင်ချိန်က မျက်ရိပ်ပြ၍ မခေါ်၊ ခင်မိဆီသို့ ယောင်လည်လည်နှင့် လျှောက်သွားသည်။ စိမ်းစားငါးပိကို ငုံ့ကြည့်သလိုလို၊ ငါးဖောင်ရိုးခြောက်ကို ကိုင်ကြည့်သလိုလိုနှင့် ခင်မိနား ကပ်ကာ တိုးတိုးပြောသည်။ ခါးကို ရှေ့သို့ ကိုင်းကာ အစွမ်းကုန် နားစွင့်သော်လည်း သူ ဘာပြောသနည်း။ ဒေါ်ကျေး လုံးဝမကြားလိုက်ပေ။
"အို... ဒီလောက်နဲ့တော့ ဘယ်ဖြစ်မလဲ"
ခင်မိအသံက တိုးသော်လည်း ဒေါ်ကျေး ကြားဖြစ်အောင် ကြားလိုက်သည်။ အောင်ချိန်က ခေါင်းကုတ်သည်။ ထို့နောက် ခါးကိုကိုင်းကာ တိုးတိုး ပြောပြန်သည်။ ခင်မိက နှုတ်ခမ်းကို တင်းတင်းစေ့ကာ ခေါင်းယမ်းသည်။
"ဒီလိုဆိုလည်း နေလေ၊ နင့်သဘောပဲ"
အောင်ချိန်က ပခုံးကိုတွန့်ကာ ပုစွန်ခြောက်တစ်ကောင် ကောက်ဝါးသည်။ နားရွက်ကြားတွင် ညှပ်ထားသောဆေးပေါ့လိပ်တိုတိုကို ဖြုတ်၍ ပါးစပ်တွင် တပ်သည်။ ထို့နောက် မီးမညှိဘဲဖွာရင်း ပြန်လှည့်ထွက်သွားသည်။
"ဟွန်း... အလကားအကောင်၊ ဒင်းလိုအကောင်တွေ ကာလနာ အပြန်တစ်ရာ တိုက်ပါစေတော် '
မလှုပ်တလှုပ်နှင့် ထွက်သွားသော အောင်ချိန်၏ကျောပြင်ရှည်ရှည်၊ ပြားပြားကြီးကို မုန်းတီးစွာ ကြည့်ရင်း ဒေါ်ကျေးက ကျိန်ဆဲသည်။ ခင်မကို သနားသလိုလိုဖြစ်နေသော ကရုဏာစိတ်ကလေးများသည်လည်း ဘယ်ဆီ ရောက်ကုန်သည်မသိ၊ အကုန်လုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားသည်။
"အဖေကြီးစားချင်တယ် ပြောနေတာ ဝယ်ကျွေးလိုက်ပါလား အစ်မလေးရာ"
အလိုက်ကန်းဆိုးမသိသော မောင်တိုးက သူ့ကြက်ကို အတင်းရောင်းနေပြန်သည်။ ဒီကြက်သား မကုန်လျှင် ဒီနေရာတွင် သူ ဆက်ထိုင်နေရဦးမည်၊ တွေ့ရာလူ နီးရာလူကို မရရအောင် အတင်းရောင်းတော့မည် ထင်သည်။
"ဒီလောက် ဖြစ်နေတာ ကိုယ့်ဘာသာကိုယ် ချက်စားလိုက်ပါလားလို့”
"မစားနိုင်လို့ ရောင်းနေရတာပေါ့ဗျာ"
"ဒီလိုဆို ဈေးလျှော့'
အချီအချပြောနေသော သူတို့ကို လှမ်းကြည့်ရင်း ဒေါ်ကျေးသည် "အင်း.. အခုနေ တတိယကမ္ဘာစစ်ကြီး ဖြစ်ရင်တောင် မောင်တိုးက သူ့ ကြက်သားကို မကုန်ကုန်အောင် ဆက်ရောင်းနေဦးမှာပဲ ထင်ပါရဲ့ "ဟု တွေးရင်း ပြုံးချင်လာသည်။
"သူများကြက်နဲ့ မတူပါဘူးဗျာ၊ ကျွန်တော့်ကြက်က ရေလွတ် အလေးပြည့်"
မောင်တိုးက သူ့ကြက်သားတွေကို အမွှမ်းတင်နေပြန်သည်။ အဝါရောင် ဝင်းဝင်း၊ ကြက်ရင်ပုံတင်းတင်းလေးများကို မဝယ်ချင် ဝယ်ချင်အောင် ထောင်ပြနေသည်။
နောက်ဆုံးတော့ ခင်မိက စိတ်ကို ဆုံးဖြတ်လိုက်သည့်ဟန်နှင့် နေရာမှ ဆတ်ခနဲ ထသည်။
"ကဲ... ကိုမောင်တိုး၊ ရှင့်ကြက်သားတွေ ချိန်ပြီး အဒေါ်စိန်ဥကို ပေးထားလိုက်၊ ပိုက်ဆံတော့ ပြန်မှယူ"
ခင်မိက ခပ်ပြတ်ပြတ်ပြောပြီး ဆိုင်ခုံပေါ်မှ ဆင်းသည်။ "ကိုအောင်ချိန် နေဦး" ဟု ခပ်အုပ်အုပ် လှမ်းခေါ်သည်။
"ဈေးကတော့ ဒီဈေးပဲနော် အစ်မ၊ လျှော့လို့မရဘူး"
"တော်ပါတော့ ကိုမောင်တိုးရယ်၊ ရှင့်ကြက်ဈေးမလျော့တာ နောင် နှစ်တစ်ရာအထိ ကျွန်မ မှတ်မိနေပါပြီ၊ ထပ်မပြောပါနဲ့တော့"
ခင်မိက စိတ်ပျက်ဟန်နှင့် ပြောသည်။ အနီရောင် အိရှန်အင်္ကျီကို ခါးမှနေ၍ ဆွဲဆန့်ရင်း သူ့ကို အထင်သေးစွာ ကြည့်နေသော ဒေါ်ကျေးအပါအဝင် မျက်လုံးသုံးလေးစုံကို သတိထားမိတော့ မျက်လွှာကို ဖျတ်ခနဲ ချလိုက်သည်။ ပင့်သက်ကိုလည်း မသိမသာရှိုက်သည်။ သို့သော် မျက်နှာကိုတော့ အောက်မငုံ့၊ ထီမထင်သောမျက်နှာပေးနှင့် ရင်ကို ချီကာ ခပ်သွက်သွက် လျှောက်သွားသည်။
"ရောင်းရတာလည်း အားနာတယ်ဗျာ၊ ကြက်ဈေးကလည်းမကျ"
စိတ်လက်ပေါ့ပါးသွားသော မောင်တိုးက ချိန်ခွင်နှင့်အလေးကို လှမ်းဆွဲသည်။
"ဘာပြောတယ်၊ ကြက်ဈေးမကျဘူးတဲ့လား၊ ဟုတ်ပါ့မလား မောင်တိုးရယ်"
ဒေါ်ကျေးသည် မျက်နှာမဲ့ရင်း ပြောသည်။ ထို့နောက် ပါးစပ်ထဲမှ ကွမ်းတံတွေးများကို မြေကြီးပေါ်သို့ ရွီးခနဲ မြည်အောင် အားရပါးရ ထွေးချလိုက်သည်။
မစန္ဒာ
ကလျာ၊ ၁၉၉၁၊ ဇန်နဝါရီ။
No comments:
Post a Comment