Saturday, August 6, 2022

မြသန်းတင့်



 #မြသန်းတင့် (၁၉၂၉ ခုနှစ်၊ မေလ ၂၃ - ၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈) သည် ဗမာလူမျိုး စာရေးဆရာနှင့် ဘာသာပြန်ဆိုရေးသားသူတဦး ဖြစ်သည်။


ဦးမြသန်းခေါ် စာရေးဆရာမြသန်းတင့်ကို အဘ ဦးပေါတင့်၊ အမိ ဒေါ်လှိုင်တို့က ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် ၁၉၂၉ ခုနှစ်၊ မေလ ၂၃ ရက်၊ ကြာသပတေးနေ့၌ မွေးဖွားသည်။ မွေးချင်းခုနစ်ယောက်တွင် အကြီးဆုံးဖြစ်သည်။


ငယ်စဉ် ၁၉၄၃ခုနှစ်တွင် အာရှလူငယ်အဖွဲ့၌ တက်ကြွစွာ ပါဝင်ခဲ့သည်။ ၁၉၄၄ ခုနှစ်တွင် ဖက်ဆစ်တော်လှန်ရေး မြေအောက်ကလာပ်စည်းများနှင့် ဆက်သွယ်၍ ဖက်ဆစ်တော်လှန်ရေးကြီးတွင် ပါဝင်ခဲ့သည်။ ဂျပန်တော်လှန်ရေးကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး (တော်လှန်ရေးတွင် ကျဆုံး)၊ သခင်မောင်တင်(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် မြိုင်မြို့ ဘုန်းတော်ကြီး ဦးစရိယ (မြိုင်ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှုအောက်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်တွင် အချိန်ပြည့် တာဝန်ထမ်းဆောင်ခဲ့သည်။


၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၅၄ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၁၉၅၆ ခုနှစ်တွင် ဥပဒေဘွဲ့တို့ကို ရရှိခဲ့သည်။


ကျောက်ပန်းတောင်းတွင် အက်တူး သခင်အုန်းဖေ (ပြည်တွင်းစစ်တွင် ကျဆုံး) နှင့်အတူ လယ်သမားများ သီးစားခ မပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ်ပြန်ထွန်ရေးတိုက်ပွဲ၊ မြေရှင်ကြီးများ၏လယ်များကို အတင်းဝင်ထွန်ရေး တိုက်ပွဲများကို ဦးဆောင်ခဲ့သည်။ သီးစားခ မပေးရေး တိုက်ပွဲတွင် အင်္ဂလိပ်အစိုးရသိမ်းယူထားသော လယ်သမားများ၏ပစ္စည်းများကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) အပြစ်ဒဏ်ကျခြင်း ခံခဲ့ရသည်။ မြင်းခြံခရိုင်တွင် တခြားသော ခေါင်းဆောင်များနှင့်အတူ မြသန်းတင့်ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည်ဟု အင်္ဂလိပ်အလိုတော်ရိနှင့် မြေရှင်တို့က တိတ်တဆိတ် ဆုငွေထုတ်ခဲ့သည်။ 


အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလသင်္ဘောကျင်း အလုပ်သမားထုကြီး ပါဝင်ရေးအတွက် တာဝန်ယူခဲ့သည်။ မြင်းခြံခရိုင် အလုပ်သမားသမဂ္ဂနှင့် လယ်သမားသမဂ္ဂတို့တွင် အလုပ်အမှုဆောင်အဖြစ်ဆောင်ရွက်ရင်း ဖြူးမြို့တွင်ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။


၁၉၄၉ ခုနှစ်တွင် ပထမဆုံးရေးသည့် 'ဒုက္ခသည်' ဝတ္ထုကို တာရာမဂ္ဂဇင်း (အတွဲ-၃၊ အမှတ် ၂၁)တွင် ပုံနှိပ် ဖော်ပြခြင်းခံရသည်။ ၁၉၅ဝ ပြည့်နှစ်တွင် စာပေသည် ပြည်သူ့အတွက်ဟူသော ကြွေးကြော်သံဖြင့် 'စာပေမဂ္ဂဇင်း'ကို ကိုသန်းတင့်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်း၊ ကျော်အောင်တို့နှင့်အတူ ဦးဆောင်ထုတ်ဝေခဲ့သည်။ ၁၉၅၁ ခုနှစ် တွင် ဂေါ်ကီ၏ 'မာလိဖောနှင့်အခြားဝတ္ထုတိုများ'ကို ပထမဆုံး ဘာသာပြန်ဆို ရေးသားထုတ်ဝေခဲ့သည်။


၁၉၅၂ ခုနှစ် တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) နှင့် မြန်မာနိုင်ငံစာရေးဆရာများအသင်း အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီး စာရေးဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း' တွင် တာဝန်ခံအယ်ဒီတာအဖြစ်လည်းကောင်း၊ 'ပြည်တော်သစ်ဂျာနယ်'တွင် အယ်ဒီတာချုပ်အဖြစ်လည်းကောင်း၊ 'တိုးတက်ရေးသတင်းစာ'တွင် နိုင်ငံခြားရေးအယ်ဒီတာအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ထိုနှစ်မှာပင် ဂေါ်ကီ၏အတ္ထုပ္ပတ္တိ 'ဂေါ်ကီ'ကို ဒုတိယမြောက် ဘာသာပြန်လက်ရာအဖြစ် ထုတ်ဝေခဲ့သည်။


၁၉၅၃ ခုနှစ်တွင် ပင်ကိုရေး လုံးချင်းဝတ္ထုအဖြစ် 'မေတ္တာအသင်္ချေ'ကို ရေးသားခဲ့သည်။


၁၉၅၅ ခုနှစ်က သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် (မြန်မာနိုင်ငံ) အတွင်းရေးမှူးချုပ်နှင့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ဌာနချုပ်တည်ရှိသည့် 'ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'၏ ဗျူရိုအဖွဲ့ဝင် လူကြီးဖြစ်ခဲ့သည်။


၁၉၆ဝ ပြည့်နှစ်တွင် ရေးသားသော 'နွံထဲကကြာ' ဝတ္ထုမှစ၍ ကလောင်အမည်ကို မြသန်းမှ မြသန်းတင့်သို့ ပြောင်းခဲ့သည်။ ထိုဝတ္ထုကို စာရေးဆရာ သိန်းဖေမြင့်နှင့် ပူးတွဲရေးသား၍ ဗိုလ်တထောင်သတင်းစာတွင် အခန်းဆက် ဖော်ပြရာ နှစ်နှစ်နီးပါး ဖော်ပြခဲ့ရသည်။


၁၉၆၁ ခုနှစ်တွင် ဆွီဒင်နိုင်ငံ၊ စကော့ဟုမ်းမြို့တွင် ကျင်းပသော ငြိမ်းချမ်းရေးကောင်စီ အစည်းအဝေးသို့ ကမ္ဘာ့ ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ)၏ ကိုယ်စားလှယ် အဖြစ် တက်ရောက်ခဲ့သည်။ ညီလာခံမှအပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးကော်မတီများ၏ဖိတ်ကြားချက်အရ ဒဂုန်တာရာ၊ ပါမောက္ခဦးအောင်လှတို့နှင့်အတူ သွားရောက်ခဲ့သည်။


မြသန်းတင့်၏ထင်ရှားသော ပင်ကိုရေးဝတ္ထုများမှာ မေတ္တာအသင်္ချေ၊ လိုက်ခဲ့တော့မြနန္ဒာ၊ အမှောင်ရိပ်ဝယ်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်း၊ နှင်းနု၊ မမ၊ နွံထဲက ကြာ၊ ထားကျွန်မလင်၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်၊ လေညင်းနှင့်လရောင်၊ ဆယ်ကြိမ်မြောက် အလည်ရောက်ခြင်းတို့ဖြစ်ပြီး နေထွက်သောည (ပြဇာတ်)ကိုလည်း ရေးသားခဲ့သည်။


စာပေဝေဖန်ရေးအဖြစ် 'ကျွန်တော် ဆက်၍ ရေးချင်သော ဝတ္ထုများ'နှင့် 'မြန်မာကျေးတောနေတို့၏ ကဗျာများ'၊ ခရီးသွားဆောင်းပါးအဖြစ် အရှေ့လေတိုက်သောအခါ 'ဟွန်ဒါယဉ်ကျေးမှု'၊ 'မေရီပိုဗေးနှင့်အီကွေတာညများ' တို့ကို ရေးသားခဲ့သည်။


ဘာသာပြန်လက်ရာများမှာ အထူးထင်ရှားခဲ့ရာ နိုင်ငံရေးစာအုပ် ခြောက်အုပ်၊ အတ္ထုပ္ပတ္တိ တစ်အုပ်၊ သမိုင်း၊ ဒဿနိကဗေဒနှင့် အထွေထွေ ၁၄ အုပ်၊ ဝတ္ထု၃ဝ ကျော် ပြန်ဆိုခဲ့သည်။ ဘာသာပြန်များတွင် ပါရီကျဆုံးခန်း၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သောယွန်းခင်ခင် စသည်တို့မှာလည်း ထင်ရှားခဲ့သည်။ နိုင်ငံတကာ ကဗျာများကိုလည်း ဘာသာပြန် ရေးသားခဲ့ရာ ရာဗင်ဒြာနတ်တဂိုး၏ကဗျာများအပါအဝင် စုစုပေါင်း ၁၄ အုပ်မျှ ထုတ်ဝေခဲ့သည်။


ဗြိတိသျှတို့ထံမှ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သော ၁၉၄၈ ခုနှစ်တွင် မြသန်းတင့်သည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီးနောက် ဒဿနိက ၊ နိုင်ငံရေးသိပ္ပံနှင့် အင်္ဂလိပ် အနုစာပေ စသော ဘာသာရပ်များဖြင့် ဘွဲ့ရရှိခဲ့ပါ သည်။ တာရာ မဂ္ဂဇင်း (အမှတ်စဉ် ၂၁ ၊ အတွဲ ၃ ၊ ၁၉၄၉) ၌ “ဒုက္ခသည်” ဟူသော သူ၏ ပထမဦးဆုံး ဝတ္ထုတိုဖြင့် မြသန်းတင့်သည် စာပေနယ်သို့ ၁၉၄၉ တွင် စတင်ဝင်ရောက်ခဲ့ပြီး သူ၏ စာရေးသက် အနှစ် ၅၀ အတွင်း ဝတ္ထုတိုနှင့် ဝတ္ထုရှည်များ၊ မှတ်တမ်းမှတ်ရာ များစွာ နှင့် ဘာသာပြန်ဆို ရေးသားမှုများကို ရေးသားထုတ်ဝေခဲ့သည်။ ၁၉၇၃ တွင် ရေးသားခဲ့သော ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် ဟူသော ဝတ္ထုသည် သူ၏ အကြီးကျယ်ဆုံး သော ပြောင်မြောက်သည့်လက်ရာဟုယူဆပြီး သူသည် “တောင်သမန် ရွှေအင်းကလေညင်းဆော်တော့” ကဲ့သို့သော သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာများကိုပါ ရေးသားခဲ့ပါသည်။ အနောက်တိုင်း စာပေများစွာကို မြန်မာဘာသာသို့ အရေးသွက်သွက်ဖြင့် ဘာသာပြန်ဆို ရေးသားသူဖြစ်သည့်အလျောက် မြသန်းတင့်သည် စစ်နှင့်ငြိမ်းချမ်းရေး၊ လေရူးသုန်သုန်၊ ခန်းဆောင်နီအိပ်မက် ကဲ့သို့သော ကမ္ဘာ့ဂန္ထဝင်စာအုပ်များနှင့် သူ၏စာဖတ်ပရိသတ်များကို မိတ်ဆက်ပေးခဲ့သည်။


မြသန်းတင့်သည် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းယူခဲ့သော ဗိုလ်ချုပ်ကြီː နေဝင်း၏ စစ်အစိုးရလက်ထက်တွင် ၁၉၆၃ ခုနှစ်မှ ၁၉၇၂ ခုနှစ်ထိ အကျဉ်းကျခံရသည်။ ကနဦး ရန်ကုန်အင်းစိန်ထောင်တွင် နေခဲ့ရပြီး ၁၉၆၉ ခုနှစ်မှ ၎င်းလွတ်မြောက်သည့်အချိန်ကာလအထိ အိန္ဒိယသမုဒ္ဒရာရှိ ပြစ်ဒဏ်ပေးခြင်းခံရသူများကို တစ်နေရာတည်းတွင်ထားရှိသည့် ကိုးကိုးကျွန်းတွင် ၃ နှစ်ကြာ နေထိုင်ခဲ့ရသည်။


ဘဝနိဂုံး ပြင်ဆင်

၁၉၉၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ည ၉ː၁၅ တွင် ဦးနှောက်၌ သွေးယိုစီးသည့်ရောဂါဖြင့် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဆုံးပါးချိန်တွင် ဇနီး ဒေါ်ခင်မမ နှင့် သားသမီးလေးဦး ကျန်ရစ်သည်။


ရေးသားလက်စ စာအုပ်များ ပြင်ဆင်

ကွန်လွန်ချိန်၌ အောက်ပါစာအုပ်များမှာ ရေးသားဆဲ ဖြစ်သည်။


ဒေါက်တာ မမိုးသူ

အရှေ့တစ်ခွင်လုံး နီ


ကလောင် အမည်ကွဲများ ပြင်ဆင်

စောယွမ်း

ဇောတိက

ထက်အောင်

ပါနောက်နဲ့ပါမောက်

မေမေလှိုင်

မင်းနန္ဒာ

မြသန်း

မြသန်းတင့်

ရဲအောင်ဇေ

မောင်သစ်တည်

ဥပဒေသုတေသီတစ်ဦး

အုတ်လှငယ်

မောင်သာမည


ဝတ္ထုများ ပြင်ဆင်

မြသန်းတင့်ရေးသားခဲ့သည့် ကျော်ကြားသော မြန်မာဝတ္ထုများမှာ အောက်ပါအတိုင်း ဖြစ်သည်။


ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည် (၁၉၇၃)

အမှောင်ရိပ်ဝယ် (၁၉၆၀)

အညတရ ရုပ်ပုံလွှာ

လိုက်ခဲ့တော့ မြနန္ဒာ (၁၉၆၀)

ခေတ်ပြိုင်ရုပ်ပုံလွှာ

ပုံတောင်ပုံညာတောလား

တောင်သမန် ရွှေအင်းက လေညင်း ဆော်တော့ (၁၉၉၉)

သူ၏ဝတ္ထုတိုများကို စုစည်းထုတ်ဝေသော အညတရရုပ်ပုံလွှာ (သာမန်လူတို့၏ ပုံရိပ်များ) အမည်ရှိ ဝတ္ထုတိုပေါင်းချုပ် စာအုပ်ကို မန္တလေးသို့ သွားသောလမ်းတစ်လျှောက်ဝယ် ခေါင်းစဉ်ဖြင့် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။


ရေးသားထုတ်ဝေခဲ့သောစာအုပ်များ ပြင်ဆင်

မြသန်းတင့် ရေးသားခဲ့သည့် စာအုပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။


၁။ စစ်နှင့် ငြိမ်ချမ်းရေး( ၁၂ အုပ်တွဲ)( War and Peace) လီယိုတော်စတွိုင်း ၁၉၇၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု

၂ ။ လေရူးသုန်သုန်( ၂ အုပ်တွဲ)( Gone with the Wind Margaret Mitchell ) ၁၉၇၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု

၃ ။ ပါရီကျဆုံးခန်း (၃အုပ်တွဲ)( The Fall of Paris Ilya Ehrenburg) 

၄။  ရွှေပြည်တော်မျှော်တိုင်းဝေး (၈အုပ်တွဲ)( The Far Pavillions M. M. Kaye )

၅ ။ လေလွင့်သူ (The Catcher in the Rye J. D. Salinger) 

၆။  မိန်းမတို့ အကြောင်း (၂ အုပ်တွဲ)( The Second Sex Simone de Beauvoir) 

၇ ။ ခန်းဆောင်နီ အိပ်မက် (၉အုပ်တွဲ)( Dream of the Red Chamber Cao Xueqin) ၁၉၈၈ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု

၈ ။ သုခမြို့တော် (၂အုပ်တွဲ) The City of Joy Dominique Lapierre ၁၉၉၂ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု

၉။  အချစ်မိုးကောင်းကင် (၂ အုပ်တွဲ) Beyond Love Dominique Lapierre ၁၉၉၅ အကောင်းဆုံးအမျိုးသားဘာသာပြန်စာပေဆု

၁၀။  လွမ်းမောခဲ့ရသော တက္ကသိုလ်နွေညများ (၃အုပ်တွဲ) The Class Erich Segal 

၁၁။ လူများသက္ကရာဇ်နှင့်ဘဝ (၅အုပ်တွဲ) People, Years, Life Ilya Ehrenburg 

၁၂။ ဧကရီဖွားစော - She Was a Queen Maurice Collis 

၁၃။ ချစ်သောယွန်းခင်ခင် - The Lacquer Lady F. Tennyson Jesse 

၁၄။ အရွယ်မတိုင်မီ - The Childhood of Maxim Gorky Maxim Gorky 

၁၅။  ဘုံလေ့တခွင် - My Apprenticeship Maxim Gorky 

၁၆။  ဘဝတက်ကသိုလျ - My Universities Maxim Gorky 

၁၇။  မက္ကဇင်းဂေါ်ကီ၏ အတ္ထုပ္ပတ္တိ - The Life of Maxim Gorky A. Roskin 

၁၈။ ခေတ်သစ် ပုတ္တောဝါဒ - A Father's Book of Wisdom H. Jackson Brown Jr. 

၁၉။ ဂျူပီတာဖိုက် - Jupiter Five Arthur C. Clarke 

၂၀။ စာရေးခြင်း အတတ်ပညာ - The Art of Writing Andre Maurois 

၂၁။ တိမ်းရှောင်သူ − The Fugitive Rabindranath Tagore 

၂၂။ ဘဝနေနည်း အနုပညာ - The Art of Living Andrew Maurois 

၂၃။ မှောင်မိုက်မှာ ငို - The Man Who Was Afraid Maxim Gorky 

၂၄။ မှော်ရုံတောမှာ မောလှပြီ - The Gold of Their Bodies Charles O. Gorham 

၂၅။ ရေပွက်ပမာ - A Very Easy Death Simone de Beauvoir 

၂၆။ လက်ဖက်ရည်ဆိုင် - Teahouse Lao She 

၂၇။ လာခြင်းကောင်းသော အရှင် - The Lord Comes Robert Payne 

၂၈။ လူကလေးသို့ ပေးစာများ - Lord Chesterfield's Letters to His Son and Others Earl of Philip Dormer Stanhope Chesterfield 

၂၉။ အကြာဆုံးစစ်ပွဲ မြန်မာပြည် - Burma: The Longest War, 1941-1945 Louis Allen 

၃၀ ။ မာ့က်စ်ဝါဒနှင့် တွေးခေါ်မျှော်မြင်ရေးTheory of Knowledge Maurice Cornforth 

၃၁ ။ သမိုင်းဆိုင်ရာရုပ်ဝါဒ Historical Materialism Maurice Cornforth 

၃၂။ အနုပဋိလောမ ရုပ်ဝါဒ [အလုပ်သမားလူတန်းစား အဘိဓမ္မာ] (၁၉၆၃) Dialectic Materialism and Science (1949) Materialism and the Dialectical Method (1953) Maurice Cornforth 

၃၃။  ခေတ်သစ်သမိုင်းဋီကာ What is History? E.H.Carr 

၃၄။  မိုးအဆုံး မြေအဆုံး Chinghing Aitmatov Jamila 

၃၅ ။ တောင်များ၏ တောင်ဖက်မှ ပင်လယ်များ၏ မြောက်ဖက်သို့ The Long Revolution Edgar Snow 

၃၆။  မီးလောင်မြေ Scorched Earth Edgar Snow 

၃၇ ။ ခေတ်ပေါ်နိုင်ငံတကာကဗျာရှည်သုံးပုဒ် (မောင်သစ်တည်) အမည်ဖြင့်

၃၈။ ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ် (ထက်အောင်) အမည်ဖြင့်

၃၉။  တော်စတွိုင်း၏ ဖွင့်ဟဝန်ခံချက်စာတန်း 

၄၀။ ဒီရေမြင့်သစ် (သို့) မော်စီတုန်းနှင့် တရုတ်တော်လှန်ရေး The Morning Deluge: Mao Tsetung and the Chinese Revolution Han Suyin 

၄၁။ တွိုင်ဘီ-အီကေဒါ ဆွေးနွေးခန်း မောင်သာမည နှင့် တွဲဖက်၍ ရေးသည်

၄၂။ ပြိုကွဲသွားသော သိုက်မြုံကလေးနှင့် အမေ့သား The Broken Nest and Rashmani's Son Rabindranath Tagore 

၄၃။ နွံထဲကကြာ(သိန်းဖေမြင့် နှင့် တွဲဖက်၍ ရေးသည်)

၄၄။ ထားကျွန်မလင် 

၄၅။ ဇာခန်းဆီး လေညှင်းနှင့်လရောင် 

၄၆။ ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း 

၄၇။ ကောင်းမြတ်ခြင်းနှင့်ဆိုးယုတ်ခြင်း 

၄၈။ ကြာညိုနံ့သင်းသောရေ၀တီမ 


ရေးသားပြုစုခဲ့သောဇာတ်လမ်းတွဲများ ပြင်ဆင်

ရှားလော့ဟုမ်း(စ်) ဇာတ်လမ်းတွဲကို အတွဲ ၅ တွဲ ရေးသားပြုစုခဲ့သည်-


ရှားလော့ဟုမ်း(စ်)၏ စွန့်စားခန်းများ

ရှားလော့ဟုမ်း(စ်)၏ ကိုယ်တွေ့မှတ်တမ်းများ

ရှားလော့ဟုမ်း(စ်) ပြန်လာပြီ

ရှားလော့ဟုမ်း(စ်)၏ နောက်ဆုံးဦးညွှတ်ခြင်း

ရှားလော့ဟုမ်း(စ်)၏ အမှုမှတ်တမ်း


crd 👉https://my.m.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%9E%E1%80%94%E1%80%BA%E1%80%B8%E1%80%90%E1%80%84%E1%80%B7%E1%80%BA

No comments:

Post a Comment