Saturday, August 6, 2022

သုခမြို့တော် (အပိုင်း - ၆)

 ညတိုင်း ဆယ့်တစ်နာရီလောက်ရောက်သည်နှင့် ထိုအသံသည် ပေါ်လာတတ်၏။ ပထမတွင် မျက်ရည်တွေ ကျလာသည်။ ထို့နောက် ရင်ထဲတွင် တဖြည်းဖြည်းကျပ်လာသည်။ အသက်ရှူသံသည် တဖြည်းဖြည်း ပြင်း၍လာကာ

အော်သံသည် တစ်ဘက်နံရံကို ဖောက်ထွင်း၍ ပေါ်လာသည်။ သူ့အခန်းနှင့် ကပ်လျက် တစ်ဘက်ခန်းမှ ဆယ်နှစ်ရွယ် သူငယ်ကလေးမှာ အဆုတ်ရောဂါ ဖြစ်နေသည်။ သူငယ်၏နာမည်မှာ ဆဘီးယားဖြစ်သည်။


“ဒီလောက် ဒုက္ခဆင်းရဲဖြစ်ရတဲ့အထဲမှာ အပြစ်မဲ့တဲ့ ဒီကလေးကို ဘာဖြစ်လို့များ ရောဂါကပ်ရတာလဲ” ဟု ကိုဗာစကီး တွေးသည်။


စောစောပိုင်းညများတွင် ကိုဗာစကီးသည် ထိုအော်သံကို နားမထောင်ရဲ။ ​အော်သံကျယ်လာသည်နှင့် သူ့နား​တွေကို ဂွမ်း​တွေ ဆို့ထားလိုက်သည်။ ညပေါင်းများစွာကြာလာသည့်အခါတွင်မှ ဆဘီးယား၏ငိုသံကို သူနားထောင်ရဲလာသည်။ သို့ဖြင့် သူ့အိမ်နားမှ ကလေး၏ရောဂါသည် ဆိုးသည်ထက် ဆိုးလာကာ ငိုသံသည် ပို၍ကျယ်သည်ထက် ကျယ်လာသည်။ 


တစ်မနက်တွင်မူ ကိုဗာစကီးသည် ဘတ်စ်ကားတစ်စီးပေါ်သို့ တက်လာခဲ့ကာ ဆေးရုံသို့ လာခဲ့၏။


ဆေးရုံမှ ဆေးဆိုင်သို့ ရောက်သည့်အခါတွင် အကျိုးအကြောင်းကို ပြောပြကာ ငွေသုံးဆယ်ကို ထုတ်ပေးလိုက်ပြီးနောက်... "ဆေးထိုးအပ်တစ်ချောင်းနဲ့ မော်ဖိန်းနည်းနည်း လိုချင်တယ်ဗျာ” ဟု ပြောသည်။


ကိုဗာစကီးသည် ထိုသူငယ်ကလေး ရောဂါပျောက်ကင်းစေရန် ဘုရားသခင်ထံ ဆုတောင်း၏။ သို့ရာတွင် ဘုရားသခင်လည်း မတတ်နိုင်တော့ပြီ။


“သူ့ရောဂါက ပျောက်မယ့်ရောဂါလဲမဟုတ်ဘူး။ ဒီတော့ ငါဆုတောင်းပေးလို့လဲ ဘာမှ အကျိုးမထူးဘူး။ ဒီတော့ သေရင်လဲ ညင်ညင်သာသာ သေပါစေတော့” ဟု နောင်တွင် ကိုဗာစကီးသည် သူ့ကိုယ်သူ ဖြေသိမ့်သည်။


ဆဘီးယား၏အမေသည် မုဆိုးမဖြစ်၏။ ငါးနှစ်၊ ရှစ်နှစ်နှင့် ဆယ့်တစ်နှစ်အရွယ် သမီးသုံးယောက် အကူအညီဖြင့် လမ်းကြားကလေးထဲတွင် ထိုင်ကာ သတင်းစာစက္ကူဟောင်းများဖြင့် စက္ကူအိတ်များ ချိုးသည်။ သူတို့သားအမိတတွေသည် ထိုစက္ကူအိတ်များရောင်း၍ ရသည့်ငွေကလေးဖြင့် စားသောက်နေကြခြင်းဖြစ်သည်။ စက္ကူအိတ်ချိုးနေရင်းကလည်း လမ်းကြားထဲသို့ ဘိုင်စကယ်တို့၊ လှည်းတို့ ဝင်လာလျှင် လမ်းဖယ်ပေးနေရသေးသည်။ ဤသို့ လမ်းဖယ်ပေးရသည်မှာ တစ်နေ့လျှင် အခါတစ်ရာလောက်ရှိလိမ့်မည် ထင်သည်။ သို့တိုင် သူ့မျက်နှာပေါ်တွင် အပြုံးသည် ပျောက်ကွယ်သွားခြင်းမရှိ။


ဆဘီးယားတို့ တဲကလေးရှေ့သို့ သူရပ်လိုက်သည့်အခါတွင် အချို့က မလိုတမာအကြည့်ဖြင့် လှမ်းကြည့်ကြသည်။ သည်တိတ္ထိက မူဆလင် လူမမာအိမ်ရှေ့မှာ ဘာသွားလုပ်နေတာလဲဆိုသည့် အကြည့်မျိုးဖြစ်သည်။ သူတို့ဘာသာထဲသို့ ဆွဲသွင်းမည်လော။ ရပ်ကွက်ကလေးထဲတွင် သူ့ကို မယုံသင်္ကာဖြစ်နေသူကလည်း အများအပြား။ တချို့ကလည်း ခရစ်ယာန်သာသနာပြုတွေ နေရာတကာမှာ ဝင်ရှုပ်နေသည်ဟု ပြောကြသည်။ ယခုလည်း ဘုန်းကြီးဝတ်ရုံကို ခြုံလာလျှင် လူတွေ လက်မခံမည်စိုးသဖြင့် သာမန်အရပ်သားလိုလာသည်ဟု ပြောသူက ပြောကုန်ကြပြီ။


မည်သူက မည်သို့ပြောစေ၊ ဆဘီးယား၏ အမေကမူ သူ့ကို အပြုံးဖြင့် ဆီးကြိုသည်။ သမီးကလေးကို ဟိန္ဒူအဘိုးကြီးဆိုင်သို့သွား၍ လက်ဖက်ရည် အဝယ်ခိုင်းပြီး သူ့ကို တဲထဲသို့ ဖိတ်ခေါ်သည်။ တဲဝသို့ ရောက်သည့်အခါတွင်

ထောင်းခနဲ ပုပ်စော်နံသဖြင့် ခဏရပ်လိုက်၏။ ထို့နောက် အသက်ကို ကြိုးစား၍ ရှူကာ မှောင်ရီရီ တဲကလေးထဲသို့ ဝင်လာခဲ့သည်။


ဆဘီးယားက အိတ်စုတ်တွေ ခင်းထားသည့် ကြမ်းပြင်ပေါ်တွင် အိပ်နေသည်။ လက်နှစ်ဖက်က ရင်ဘတ်ပေါ်တွင် ယှက်လျက်။ အရေပြားပေါ် တွင်လည်း အနာကြီးတွေဖြစ်နေလေပြီ။ အချို့ နေရာများတွင် လောက်တွေ တက်နေလေပြီ။ 


ကိုဗာစကီးသည် သူ့အနားသို့ တိုးလာခဲ့၏။ လူမမာကလေးငယ်က မျက်လုံးကို ဖွင့်ကြည့်သည်။ သူ့မျက်လုံးသည် အရောင်တောက်စပြုလာ၏။ ကိုဗာစကီး ဝမ်းသာသွားသည်။ ကလေးငယ်တစ်ယောက်ထံမှ တည်ငြိမ်မှုကို တွေ့လိုက်ရသဖြင့် သူအံ့သြနေသည်။ ကိုဗာစကီးသည် မော်ဖိန်းပုလင်းကို လက်ဖြင့် ဆုပ်ထားလိုက်သည်။ 


“ဆလံ ဆဘီးယား” ဟု ကိုဗာစကီးက ပြုံး၍ နှုတ်ဆက်သည်။ 


“ဆလံ ဆရာကြီး၊ ဆရာကြီး လက်ထဲက ဘာလဲဟင်၊ ချိုချဉ်လား”


ကိုဗာစကီးသည် လန့်ဖျတ်သွားကာ လက်ထဲက ​မော်ဖိန်းဆေးပုလင်းကို လွှတ်ချလိုက်၏။ ဆေးပုလင်းသည် အစိတ်စိတ် အမြွာမြွာ ကွဲသွားသည်။


“ဆဘီးယားကို မော်ဖိန်းထိုးပေးဖို့ မလိုပါဘူး။ ဒီလောက် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားနေရတာတောင် အရှုံးမပေးဘူး၊ ဆဘီးယားဟာ ငါ့ကို အဖိုးအတန်ဆုံး သင်ခန်းစာကို ပေးလိုက်တာပဲ၊ ဘယ်တော့မှ စိတ်မပျက်နဲ့၊ ဘယ်တော့မှ အရှုံးမပေးနဲ့ဆိုတဲ့ သင်ခန်းစာ၊ အမှောင်ထဲမှာ ထွန်းပေးလိုက်တဲ့အလင်းရောင်"


ထိုဆင်းရဲသားရပ်ကွက်ကလေးမှ လူပေါင်းများစွာတို့သည် သူ့အား ဆဘီးယားကဲ့သို့ အလင်းရောင်ကို ထွန်းညှိပေးလိုက်ကြ၏။ သူက ဆေးဝါးကလေးယူသွားရုံ၊ စားစရာကလေး ယူသွားရုံ၊ နှစ်သိမ့်အားပေးရုံမျှဖြင့် သူတို့သည် သူ့အား အဖိုးတန်သည့် သင်ခန်းစာများကို ပေးခဲ့ကြသည် မဟုတ်လော။


မျက်မမြင် ကိုယ့်ရေရောဂါသည် ခရစ်ယာန်အမျိုးသမီးကြီးထံသို့ ရောက်သည့်အခါတွင်လည်း ကိုဗာစကီးသည် စိတ်ဓာတ်အားတက်ရပြန်သည်။ ထိုအမျိုးသမီးကြီးမှာ မီးရထားလမ်းဘေး တဲကုတ်ကလေးတစ်လုံးတွင် နေသည်။ ရောဂါရင့်နေသည့်တိုင် သူ့စိတ်ဓာတ်သည် တည်ငြိမ်လျက်။ ထိုအမျိုးသမီးကြီးသည် အလင်းရောင်မရှိ၊ လေကောင်းလေသန့် မရသော တဲတွင် တစ်နေကုန် လဲလျောင်းကာ ဘုရားစာကို ရွတ်ဖတ်နေတတ်သည်။ သူ့နောက် နံရံပေါ်တွင်မူ လက်ဝါးကပ်တိုင်တစ်ခုကို ချိတ်ဆွဲထား၏။ တံခါးဝရှိ စင်ကလေးတစ်ခုပေါ်တွင်မူ မယ်တော်မာရီ၏ပုံတော်ကို ချိတ်ဆွဲထားသည်။ ပုံတော်မှာ ကြပ်ခိုးတို့ စွဲနေလေပြီ။ 


ကိုယ်ရေရောဂါသည် အမျိုးသမီးမှာ ပိန်ချုံးကာ အရိုးတွေ ငေါငေါကြီး ပေါ်နေကြသည်။ အသက်ဘယ်လောက်ရှိမည်ကိုမူ သူမပြောနိုင်။ သို့ရာတွင် သူထင်သည်ထက် ငယ်ပေလိမ့်မည်။ အလွန်ဆုံးရှိလျှင် လေးဆယ်ခန့်မျှသာ ရှိပေလိမ့်မည်။ မျက်စိကွယ်ရုံမျှဖြင့် မလုံလောက်သေးဟု ထင်သည်လော မပြောတတ်၊ ကိုယ်ရေရောဂါ စွဲနေလိုက်သေးသည်။ ကိုယ်ရေပြားရောဂါကြောင့် လက်ချောင်းများသည် ငုံးတိတိ ဖြစ်လျက်ရှိကာ မျက်နှာမှာလည်း မြင်မကောင်း

အောင် ဖြစ်နေလေပြီ။ 


ထိုအမျိုးသမီးသည် မြူနီစီပယ်အလုပ်သမားတစ်ဦး၏ ဇနီးသည် မုဆိုးမဖြစ်ပြီး ထိုရပ်ကွက်ကလေးထဲတွင် နေလာခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော်ခဲ့လေပြီ။ သူ ကိုယ်ရေပြားရောဂါ မည်သို့စွဲကပ်လာသည်ကို မည်သူမျှမသိ။ သို့ရာတွင် ရောဂါကမူ ကုမရအောင် ရင့်နေလေပြီ။ အခန်းထောင့်တွင်မူ နှစ်နှစ်နှင့်ခြောက်နှစ်အကြားရှိ သူ့မြေးငယ် လေးယောက်တို့သည် ဖွာလန်ကြဲနေသော ဘာဘူစောင်ကလေး တစ်ထည်ပေါ်တွင် အိပ်ပျော်နေကြသည်။


ဆင်းရဲသားရပ်ကွက်ကလေးထဲတွင် နေရသည့်တိုင် သူတို့တွင် ကူညီစောင်မသူတွေ ဒုနဲ့ဒေးရှိသည်။ သူတို့ကို ကူညီသူများမှာ ဟိန္ဒူများဖြစ်သဖြင့် ပို၍ထူးခြားနေသည်။ အိမ်နားနီးချင်း ဟိန္ဒူများသည် သူတို့ကိုလာ၍ထမင်းဟင်း ကျွေးကြသည်။ ရေချိုးရာတွင် လာ၍ကူညီကြသည်။ ကလေးငယ်များကို ထိန်းကျောင်းပေးကြသည်။ ထိုဆင်းရဲသားရပ်ကွက်ကလေးသည် အခြားအရာတို့ ကင်းမဲ့သော်လည်း မည်သည့်ဆေးရုံကမျှ မပေးနိုင်သော အရာကို သူတို့ရနေကြသည်။ ထိုအရာမှာ အခြားမဟုတ်၊ မေတ္တာဖြစ်သည်။


မျက်မမြင် အမျိုးသမီးသည် ကိုဗာစကီး ရောက်လာသည်ကို အလိုလို သိလိုက်ပုံရ၏။ အနားသို့ သူရောက်လာသည်ကိုသိသည်နှင့် သူ့ကိုယ်သူ သန့်ရှင်းသပ်ရပ်အောင် ပြုပြင်သည်။ ငုံးတိတိဖြစ်နေသော လက်ချောင်းတိုကလေးများဖြင့် သူဆံပင်ကလေးများကို သပ်သည်။ ထိုမျှ ဆင်းရဲနုံချာ၍ ဒုက္ခတွေဝေနေသော ပတ်ဝန်းကျင်တွင် ထိုအပြုအမူသည် စိတ်ထိခိုက်စရာကောင်းနေသည်။ ထို့နောက် အမျိုးသမီးသည် လက်ဖြင့်စမ်းကာ စုတ်ပြတ်နေသော ကူရှင်တစ်လုံးကို ထိုးပေးပြီး ပုတီးကို ဆက်စိပ်နေသည်။ 


“မင်္ဂလာပါ ဆရာကြီး” 


သူ့ခြေသံကို ကြားသည်နှင့် အမျိုးသမီးက လှမ်း၍ နှုတ်ဆက်သည်။ 


“မင်္ဂလာပါ အမေကြီး၊ ဒီနေ့ အမေကြီး နေလို့ ထိုင်လို့ ကောင်းတယ်နော်”


သူ့ထံမှ တစ်ခါမျှ ညည်းတွားသံမကြားဖူးခဲ့။ ယနေ့တွင်မူ ရောဂါဝေဒနာခံစားနေရသော မျက်နှာပေါ်မှ ရွှင်လန်းသည့်အမူအရာကြောင့် ကိုဗာစကီး ပို၍ပင် အံ့အားသင့်နေသည်။


အမျိုးသမီးကြီးသည် သူ့ကို အနီးတွင် ထိုင်ရန် လက်ပြ၏။ သူထိုင်မိသည်နှင့် အမျိုးသမီးသည် သူ့မျက်နှာကို လက်ဖြင့် စမ်းကြည့်သည်။ 


“အစကတော့ နည်းနည်း အနေရခက်သွားသေးတယ်ဗျာ။ ဒါပေမယ့် နောက်တော့ သူ့အတွေ့အထိဟာ မိခင်အတွေ့လို နူးညံ့တယ်လို့ ထင်လိုက်မိတယ်။ ပုပ်သိုးနေတဲ့ သူ့အသားနဲ့ ထိလိုက်ရတာဟာ ကမ္ဘာကြီးတစ်ခုလုံးရဲ့ အပွေ့အဖက်ကို ခံလိုက်ရသလိုပဲ” ဟု နောင်တွင် ကိုဗာစကီးက ပြောသည်။


“ဆရာကြီးရယ်... ကျွန်မကို ဘုရားသခင် မြန်မြန်ခေါ်စေချင်လှပြီ၊ မြန်မြန်ခေါ်အောင် ဆုတောင်းပေးပါလား”


“ဘုရားသခင်က အမေကြီးကို မခေါ်သေးဘူးဆိုရင် အမေကြီး ဒီမှာ ရှိနေသင့်သေးလို့ ဖြစ်မှာပေါ့ အမေကြီးရယ်၊ ဘာဖြစ်လို့ ခေါ်စေချင်ရတာလဲ”


“ဘုရားက အမေကြီးကို ဒုက္ခဝေဒနာတွေကို ခံဦးဆိုရင်လဲ ခံရမှာပေါ့လေ၊ အမေကတော့ ဒီပြင်လူတွေရဲ့ ဒုက္ခတွေကိုလဲ မျှဝေပြီး ခံချင်ပါတယ်၊ သူတို့ဒုက္ခဝေဒနာတွေကို အမေကြီးကို ပေးပါလား၊ သူတို့ကို ကူညီနိုင်အောင် ဘုရားသခင်ဆီမှာ ဆုတောင်းပေးပါနော် ဆရာကြီး”


ကိုဗာစကီးက အဆုတ်နာ စွဲကပ်နေသည့် ကလေးငယ်တစ်ယောက်ထံ သူရောက်ခဲ့ကြောင်းကို ပြောပြ၏။ အမေသည် မမြင်ရသော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်ရင်း တိတ်ဆိတ်စွာ နားထောင်နေသည်။


“သူ့အတွက် အမေဆုတောင်းပေးတယ်ဆိုတာ ပြောလိုက်ပါ ဆရာကြီးရယ်”


ကိုဗာစကီးသည် သူ့အိတ်ထဲတွင် လက်ကိုင်ပဝါတစ်ထည်ဖြင့် ထုပ်ယူလာခဲ့သော ချာပါတီကို ထုတ်သည်။ မနက် ဘုရားရှိခိုးစဉ်က အထွတ်အမြတ်ထား၍ တင်ခဲ့သော မုန့်ဖြစ်သည်။ 


အမျိုးသမီးကြီးက လှုပ်လှုပ်ရှားရှားဖြစ်သည့် အသံကို နားထောင်ရင်း

“ဆရာကြီး ဘာတွေလုပ်နေတာလဲ”


“အမေကြီးဖို့ ဘုရားသခင်က စွန့်လိုက်တဲ့ ပစ္စည်းကလေးတွေပါတယ်။ အမေကြီး လက်ခံပါ”


ကိုဗာစကီးသည် ချာပါတီကို ဖဲ့၍ သူ့ပါးစပ်ထဲသို့ ခွံ့သည်။ “အာမင်" ဟု အမေက ဆိုသည်။ သူ့မျက်နှာသည် ဝင်းထိန်ကြည်လင်လျက်ရှိ၏။ တဲထဲတွင် တိတ်ဆိတ်လျက်။ တဝီဝီ မြည်နေသော ယင်မြည်သံနှင့် အပြင်ဘက်မှ စကားပြောသံတို့ကို ကြားရသည်။ စောင်စုတ်ပေါ်တွင် အိပ်နေသည့် ကလေးလေးယောက်လည်း တုတ်တုတ်မျှမလှုပ်။


ကိုဗာစကီးက ပြန်ရန် ထ,သည့်အခါတွင် အမေသည် ပုတီးကို မြှောက်၍ ဆုတောင်းနေသည်။


“ဒုက္ခဝေဒနာကို ခံစားနေရတဲ့သူတွေ တွေ့ရင် အမေက သူတို့အတွက် ဆုတောင်းပေးတယ်လို့ ပြောလိုက်ပါနော်”


ထိုနေ့ည၌ ကိုဗာစကီးသည် သူ့နေစဉ်မှတ်တမ်းထဲတွင် ဤသို့ရေးသည်။


“အမေရဲ့ ဒုက္ခဝေဒနာဟာ ကားစင်ပေါ်ကို ရောက်နေတဲ့ သခင်ခရစ်တော် ဝေဒနာနဲ့ အတူတူပဲ။ အမေ့ဆီက ပြန်လာတိုင်း ငါ့မှာ ခွန်အားတွေ တိုးလာရတယ်။ သုခမြို့တော်က ဆင်းရဲသားရပ်ကွက်ထဲမှာ ဘာဖြစ်လို့ မျှော်လင့်ချက် ကင်းရမှာလဲ၊ ဘာဖြစ်လို့ စိတ်ပျက်အားငယ်ရမှာလဲ၊ ဒါကြောင့် ဒီ​နေရာကို သုခမြို့တော်လို့ ခေါ်တာ ထင်ပါရဲ့”


* * * 


ပြည့်တန်ဆာခေါင်းဆောင်သည် ပြည့်တန်ဆာမအပေါင်းတို့ကို အုပ်စိုးသကဲ့သို့ သူသည်လည်း သူ၏ရာပေါင်းများစွာသော လန်ချားတို့ကို အုပ်စိုးသည်။ သူ့ကို မည်သူမျှ မမြင်ဖူးကြ။ သို့ရာတွင် လန်ချားသမား ကိုယ်စားလှယ်များနှင့် ပုလိပ်များသည် လွန်ခဲ့သည့် နှစ်ပေါင်းငါးဆယ်လုံးလုံး သူ၏တန်ခိုးသြဇာအောက်တွင် နေလာခဲ့ကြရသည်။ ထိုသူကား အခြားမဟုတ်၊ ကာလကတ္တားမြို့ရှိ လန်ချားအပေါင်းတို့၏အရှင်သခင် လန်ချားသူဌေးကြီး ဗိပင်နာရိန္ဒရာဖြစ်သတည်း။


သူ၏ အုပ်ချုပ်မှုအောက်တွင် လန်ချားဘယ်နှစ်စီးရှိသည်ကို မည်သူမျှ မသိကြ။ ကောလာဟာလများအရဆိုလျှင် သူ့ကိုယ်ပိုင် လန်ချားအစီး လေးရာရှိပြီး တစ်ဝက်ကျော်ကျော်တို့မှာ နံပါတ်မရှိ လိုင်စင်မရှိဘဲ တရားမဝင် ပြေးဆွဲနေ

သော လန်ချားများဖြစ်သည်ဟု ဆိုကြသည်။ သို့တိုင်အောင် ကာလီနတ်သမီး၏ ဝတ်ကျောင်းအဆင်းတွင် တွေ့လျှင်မူ သူ့ကို သူတောင်းစား ထင်ကာ တစ်ပြားတစ်ချပ် စွန့်ကြဲမိကောင်း စွန့်ကြဲမိပေလိမ့်မည်။ 


သူ့ကိုယ်ပေါ်တွင် ဝတ်ထားသည့် ဘောင်းဘီက ပွယောင်းယောင်း၊ ဖိနပ်က နောက်မြီးတိုနေလေပြီ။ အပေါ်ပိုင်းတွင် ဝတ်ထားသည့် ရှပ်အင်္ကျီကလည်း အစွန်းအထင်းတွေနှင့်၊ ခြေတစ်ဖက်ဆာနေသဖြင့် ချိုင်းထောက်ကြီးကလည်း ပါလိုက်သေးသည်။ ထိုအဆင်အပြင်မျိုးဖြင့်ရှိသော နာရိန္ဒရာသည် လန်ချားသူဌေးနှင့် မတူဘဲ သူတောင်းစားတစ်ယောက်နှင့် တူနေသည်။ သူ၏ခေါင်းပြောင်ကြီးပေါ်တွင် အမြဲဆောင်းထားသည့် ကြက်လျှာစွန်း ဦးထုပ်ကလေးသာလျှင် သားသားနားနားရှိသည်။ သူ့အသက်ကို မည်သူမျှ မသိကြ။ သူကိုယ်တိုင်ပင်လျှင် တိတိကျကျ မပြောနိုင်။ နှစ်နှစ်, သုံးနှစ် ခွာပြီး ခန့်မှန်းခြေလောက်ကိုသာ ပြောနိုင်သည်။ အချို့ကလည်း သူ့အသက်သည် ကိုးဆယ်တွင်းသို့ ရောက်နေပြီဟု ပြောကြ၏။ 


သူ့တစ်သက်တွင် အရက်ဆို၍ တစ်စက်ကလေးကိုမျှ မသောက်စား၊ ဆေးလိပ်ဆို၍ တစ်ဖာမျှ မရှူစဖူး။ အသားဆို၍ တစ်ဖဲ့ကိုမျှ မစားစဖူး။ လန်ချားဆွဲသဖြင့် လူပေါင်းများစွာ သေဆုံးခဲ့ကြပြီး သူ ကျိကျိတက် ချမ်းသာလာခဲ့သည့်တိုင် လန်ချားလှည်းသန်ကြားထဲသို့ သူ တစ်ခါမှ မရောက်စဖူး။


ပြန်တွေးလိုက်လျှင် သူ့ဇာတိ ဘီဟာနယ်မှ ကာလကတ္တားသို့လာ၍ အလုပ်လုပ်ရသည့်အချိန်ကို ကောင်းကောင်းမှတ်မိသည်။


“အဲဒီတုန်းက ဥရောပတိုက်မှာ စစ်ကြီးဖြစ်နေတုန်းပေါ့၊ ကာလကတ္တားတစ်မြို့လုံးမှာလဲ စစ်သားတွေချည်းပဲ၊ တစ်နေ့တစ်နေ့ သင်္ဘောကြီးတွေနဲ့ ထွက်သွားတာကလဲ မနည်းဘူး။ မိုင်ဒန်ကွင်းထဲမှာ စစ်ရေးပြ အခမ်းအနားတွေလုပ်၊ ဘင်ခရာတွေ တီးလို့ တယ်ပျော်စရာကောင်းတာကိုး။ ကျုပ်မိဘတွေကတော့ မြေမဲ့ယာမဲ့ လယ်သမားတွေပါ၊ လယ်ကူလီတွေဆိုပါတော့ဗျာ။ ကျုပ်အဖေနဲ့ အစ်ကိုတွေက မြေပိုင်ရှင်ဆီမှာ စာရင်းငှားလုပ်ကြရတယ်။ ဒါပေမယ့် တစ်နှစ်မှာ လုပ်ချိန်က နည်းနည်းကလေးပါ၊ မသေရုံလောက် စားရတာပါ”


နာရိန္ဒရာက သူ့အကြောင်းကို ပြန်ပြောတတ်သည်။ 


နာရိန္ဒရာသည် သူတို့ရွာမှ ဘတ်စ်ကားတစ်စီးတွင် စပယ်ယာနောက်လိုက် လုပ်သည်။ သူ့အလုပ်မှာ ကားရပ်သည့်အခါတွင် ခရီးသည်များ အဆင်းအတက် လုပ်ရန် ကားတံခါးဖွင့်ပေးခြင်း၊ ပစ္စည်းတို့ကို ကူညီတင်ချပေးခြင်းဖြစ်သည်။ သူ့အပြင် စပယ်ယာတစ်ယောက်လည်း ရှိသေးသည်။ စပယ်ယာက ခရီးလမ်းပန်းကိုလိုက်၍ ကျသင့်သည့် ကားခကို တောင်းရသည်။ ကားရပ်ရန်၊ ကားထွက်ရန်အတွက် ခေါင်းလောင်းကြိုးကလေးကို ဆွဲရသည်။


“အဲဒီတုန်းက စပယ်ယာကို အားကျလိုက်တာ မပြောပါနဲ့တော့၊ ပိုက်ဆံသိမ်းတော့လဲ သူပဲသိမ်းရတာကိုး၊ အပိုကလေး ဘာလေးရရင် သူနဲ့ဒရိုင်ဘာ ခွဲဝေယူကြရသေးတယ်။ လမ်းမှာ ကားတစ်စီးနဲ့တစ်စီး လုပြီး အပိုတင်လို့ရတာတွေလဲရှိသေးတယ်” 


သုံးနှစ်ကြာသည့်အခါတွင် သူတို့ကားပိုင်ရှင်သည် နောက်ထပ် ဘတ်စ်ကားတစ်စီး ထောင်ပြန်သည်။ ထိုကားတွင် နာရိန္ဒရာသည် စပယ်ယာရာထူးကို ရခဲ့၏။ ကာလကတ္တားမြို့ထဲတွင် ဘတ်စ်ကားဖြင့် ခေါက်တုံ့ခေါက်ပြန် ပြေးရသည်မှာ မိုင်ပေါင်း မရေတွက်နိုင်တော့။ သို့ရာတွင် ထိုစဉ်က ကာလကတ္တားသည် ယခုကဲ့သို့ မဟုတ်သေး။ လူတွေကလည်း သည်လောက် မများသေး။ လမ်းတွေကလည်း သန့်ရှင်းကာ ကောင်းမွန်စွာ ထိန်းသိမ်းပြုပြင်ထားသည့် လမ်းများဖြစ်သည်။


“အင်္ဂလိပ်တွေက သိပ်ပြီး စည်းကမ်းရှိတာ၊ အလုပ်မလုပ်ဘဲ အချောင်စားတဲ့လူရယ်လို့ မရှိဘူး” ဟု ပြောတတ်သည်။


လန်ချားသည် စ၍ပေါ်ပေါက်ကတည်းက လူသုံးများခဲ့သည်။ တက္ကစီနှင့် မြင်းရထားတို့ထက် ဈေးပေါသောကြောင့်ဖြစ်သည်။ ၁၉၂၀ ခုနှစ် တစ်နေ့တွင်မူ နာရိန္ဒရာသည် ကိုယ်ပိုင် လန်ချားနှစ်စီး ဝယ်ထောင်သည်။ အသစ်တစ်စီး လျှင် နှစ်ရာလောက်သာ ပေါက်ဈေးရှိ၏။ သို့ရာတွင် နာရိန္ဒရာသည် အသစ်ကို မဝယ်။ အဟောင်းနှစ်စီးကို ငါးဆယ်ဖြင့် ဝယ်လိုက်သည်။ ထိုလန်ချားနှစ်စီးကို သူတို့ရွာမှ ကာလကတ္တားသို့ ပြေးလာသည့် ရွာသားနှစ်ယောက်ကို အဆွဲ ခိုင်းသည်။ ထို့နောက် နာရိန္ဒရာသည် သူ့သူဌေးထံမှ ငွေတစ်ထောင့်ခြောက်ရာ ချေးကာ ဂျပန်လုပ် အသစ်စက်စက် လန်ချားရှစ်စီး ဝယ်သည်။ ထိုအချိန်မှစ၍ နာရိန္ဒရာ စီးပွားဖြစ်လေပြီ။ 


နောက်နှစ် အနည်းငယ်အကြာ၌ ယခင်က “ဘီဟာနယ်သား” ဟု ခေါ်ကြသော နာရိန္ဒရာသည် လန်ချားအစီးသုံးဆယ် ပိုင်လာခဲ့သည်။ နေ့စဉ် လန်ချားငှားရသောငွေကို စုလာခဲ့ပြီးနောက် ကာလကတ္တားတောင်ပိုင်းရှိ ဘာလီဂန်ဂျီရပ်တွင် မြေတစ်ကွက်ဝယ်သည်။ ထိုမြေပေါ်တွင် အိမ်တစ်လုံးဆောက်သည်။ ဘာလီဂန်ဂျီသည် မူဆလင်နှင့် ဟိန္ဒူအလုပ်သမားများ နေသည့် ဆင်းရဲသားရပ်ကွက်တစ်ခုဖြစ်သည်။ မြေဈေးကလည်း ချိုသည်။ ထိုအတောအတွင်း နာရိန္ဒရာသည် အိမ်ထောင်ပြုသည်။ သူ့ဇနီးတွင် ကလေးတစ်ယောက် ကိုယ်ဝန်ရှိတိုင်း အိမ်ကို နောက်ထပ် အခန်းတစ်ခန်း တိုးချဲ့သည်။ ယခုအချိန်တွင်မူ နာရိန္ဒရာ၏အိမ်ကြီးသည် လေးထပ်တိုက်ကြီးဖြစ်နေပြီး ထိုရပ်ကွက်ထဲတွင် အကြီးဆုံး၊ အမြင့်ဆုံးအိမ်ကြီးတစ်အိမ်ဖြစ်နေလေပြီ။ သူ့တွင် သားသုံးယောက်၊ သမီးခြောက်ယောက်နှင့် သားသမီး စုစုပေါင်း ကိုးယောက်ရှိခဲ့လေပြီ။


နာရိန္ဒရာသည် အလုပ်ကြိုးစားသူတစ်ယောက်ဖြစ်၏။ နှစ်ပေါင်း နှစ်ဆယ့်ငါးနှစ်လုံးလုံး သူသည် မနက်ငါးနာရီ အိပ်ရာမှထသည်။ ဘိုင်စကယ်ကလေးကို စီးကာ လန်ချားဆိပ်သို့လာပြီး သူ့လန်ချား ငှားခများကို ကောက်သည်။


“ကျုပ်က စာလဲ မရေးတတ်ဘူး၊ ဖတ်လဲ မဖတ်တတ်ဘူး။ ဒါပေမယ့် ဂဏန်းတော့ ပေါင်းတတ်တယ်။ ကျုပ်ရစရာရှိတဲ့ ပိုက်ဆံကို တစ်ပြားမှ မမှားဖူးဘူး” ဟု သူ ဂုဏ်ယူစွာ ပြောတတ်သည်။


သူ့သားတွေ အရွယ်ရောက်လာသည့်အခါတွင် နာရိန္ဒရာသည် လုပ်ငန်းကို တိုးချဲ့သည်။ သားအကြီးကို သူနှင့်အတူခေါ်ပြီး လန်ချားလုပ်ငန်းတွင် လုပ်ခိုင်းသည်။ ယခုအချိန်၌ လန်ချားအစီးပေါင်း သုံးရာကျော်နေလေပြီ။ ဒုတိယသားကို မီးရထားဌာနသို့ သွင်းရန်အတွက် မူလီလုပ်သည့် အလုပ်ရုံတစ်ခု ထောင်ပေးသည်။ တတိယသားကို ဘတ်စ်ကားထောင်ပေးကာ ဒါလဟိုဇီပန်းခြံမှ မြို့စွန် ဂါရီယားရပ်ကွက်သို့ ပြေးသည့်လိုင်းတွင် သွင်းပေးထားသည်။ ထိုဘတ်စ်ကားလိုင်းမှာ အလွန်လူစီးများ၍ ဝင်ငွေကောင်းသည့်အတွက် ထိုလိုင်းကိုရရန် မြူနီစပယ်မှ ဘာဘူတစ်ယောက်ကို လာဘ်ကောင်းကောင်းထိုးခဲ့ရသည်။ 


သမီး​ခြောက်ယောက်ကိုလည်း အိမ်ထောင်ချပေးခဲ့ပြီးပြီ။ သူတို့ရသည့် အိမ်ထောင်များကလည်း ဟန်ကျပန်ကျတွေချည်းဖြစ်သည်။ နာရိန္ဒရာသည် သားသမီး ကံကောင်းသည်ဟု ဆိုရမည်။ သမီးအကြီးမှာ ဒုတိယ ဗိုလ်မှူးကြီးကတော်၊ ဒုတိယသမီးမှာ ရေတပ်ဗိုလ်မှူးကတော်၊ နောက်နှစ်ယောက်မှာ လုပ်ငန်းပိုင်ရှင်ကြီးများ၏ဇနီး၊ နောက်တစ်ယောက်မှာ မြေပိုင်ရှင်တစ်ဦး၏ဇနီးဖြစ်ပြီး၊ အငယ်ဆုံးသမီးမှာ ဘင်္ဂလားပြည်နယ် အစိုးရထံတွင် လုပ်နေသည့်အင်ဂျင်နီယာကတော်ဖြစ်နေသည်။ ချုပ်၍ပြောရလျှင် ဘီဟာနယ်မှ လက်ချည်းသက်သက် လာခဲ့သည့် လယ်ကူလီတစ်ယောက်၏သားသမီးများသည် “အကောင်” တွေချည်းဖြစ်နေပြီဟု ဆိုရလိမ့်မည်။ သို့ရာတွင် ဘဝဆည်းဆာရောက်လာသည့်အချိန်တွင်မူ နာရိန္ဒရာသည် ငယ်ငယ်တုန်းကလို ထက်သန်မှုတို့ မရှိတော့။


“အရောင်းအဝယ် လုပ်ငန်းကလဲ အရင်ကလို လုပ်လို့မကောင်းတော့ပါဘူးဗျာ၊ ခုခေတ်မှာ ပိုက်ဆံရှာရတာက ကျီးလန့်စာ စားနေရသလိုပါ။ ပိုက်ဆံရှာတာ၊ အောင်မြင်တာ၊ စီးပွားဖြစ်တာတွေဟာ ရာဇဝတ်မှုဖြစ်နေပြီ။ တက်လာတဲ့ အစိုးရတွေကလဲ ချမ်းသာတဲ့လူတွေကိုပဲ မျက်စောင်းထိုးနေပြီး ချမ်းသာတဲ့လူဆိုရင် သိပ်သဘောမကျချင်ကြဘူး။ လူမွဲပြောင်၊ လူပြောင်မွဲ ဆိုတာ ဒီခေတ်မျိုးပေါ့။ တခြားမကြည့်နဲ့၊ ကျုပ်တို့ဘင်္ဂလားနယ်ကိုပဲကြည့်လေ၊ လွှတ်တော်ထဲမှာ ကွန်မြူနစ်တွေ အာဏာရလာတော့ ပုဂ္ဂလိကပစ္စည်းတွေနဲ့ပတ်သက်လို့ ကန့်သတ်ဥပဒေတွေ ဘာတွေ ထုတ်တယ်။ လန်ချားပိုင်ရှင်ဆိုရင်လဲ ဆယ်စီးထက်ပိုပြီး မပိုင်ရဘူးတဲ့။ ကြည့်ပါဦးဗျာ၊ လန်ချားကလေး ဆယ်စီး ပိုင်ရုံနဲ့ ဘယ့်နှယ်လုပ်ပြီး ထမင်းစားလောက်မှာလဲ။ လန်ချားတွေကို ပြင်ရသေးတယ်၊ တိုက်မှုတို့ ဘာတို့ဖြစ်ရင် လျော်ကြေးပေးရတာတွေ ရှိသေးတယ်။ ဒီတော့ ကိုယ်လဲ ကိုယ့်စီးပွားရေးကို ကိုယ်ပြန်ကြည့်ရတာပေါ့။ ဒီတော့ ကျုပ်

ဘာလုပ်သလဲ၊ လယ်ပိုင်ရှင်တွေလိုလုပ်တယ်၊ လယ်ပိုင်ရှင်တွေမှာ တစ်ယောက်ကို ဧကလေးဆယ်ထက်ပိုပြီး မပိုင်ရဘူးလို့ ပြဋ္ဌာန်းလိုက်တော့ ဆွေမျိုးသားချင်းတွေ နာမည်နဲ့ ဦးပိုင်ပြောင်းလျှောက်ကြသလိုပေါ့၊ ကျုပ်လဲ လူတစ်ယောက်ကို လန်ချားဆယ်စီးထက်ပိုပြီး မပိုင်ရဘူးလို့ဆိုတော့ ကျုပ်သားသမီးကိုးယောက် နာမည်၊ မြေးနှစ်ဆယ့်နှစ်ယောက် နာမည်နဲ့ ပြောင်းထားရတော့တာပေါ့။ ကျန်တာတွေကိုလဲ ကျုပ်တူတွေနာမည်တွေနဲ့ ထားရတာပေါ့။ ဒီတော့ တရားဝင်ကြည့်လိုက်ရင် ကျုပ်လန်ချား သုံးရာလေးဆယ့်ခြောက်စီးဟာ ပိုင်ရှင် သုံးဆယ့်ငါးယောက်နာမည်နဲ့ စာရင်းပေါက်နေတာပေါ့”


စင်စစ်တွင်မူ ထိုလန်ချားတပ်ကြီး တစ်တပ်လုံးသည် နာရိန္ဒရာ၏ပစ္စည်းများသာဖြစ်၏။


လန်ချားသူဌေးကြီး နာရိန္ဒရာ၏မျက်နှာကို လန်ချားသမားတိုင်း မြင်ဖူးကြသည်မဟုတ်။ အချို့ကဆိုလျှင် လူကို မြင်ဖူးသည့်တိုင် သူမှန်းမသိကြ။ သူကိုယ်တိုင် လန်ချားငှားခတို့ကို လိုက်၍ မတောင်းသည်မှာ ဆယ်နှစ်လောက်ရှိပြီ။


“ခုတော့ ကျုပ်လဲ အဘိုးအိုကြီးဖြစ်ပြီလေ၊ တောင်ဝှေးကိုင်နေရပြီ။ သေခါနီးမှာ ဒါတွေ သိပ်မလုပ်ချင်တော့ဘူး။ အေးအေးဆေးဆေးပဲ နေချင်တော့တယ်။ ဒါပေမယ့် ကျုပ်လိပ်ပြာသန့်ပါတယ်။ ကျုပ် လန်ချားသမားတွေအပေါ်မှာ တစ်သက်လုံး ကြင်ကြင်နာနာ သဘောထားကြီးကြီး ဆက်ဆံခဲ့တာချည်းပဲ။ တကယ်လို့ လန်ချားသမားတစ်ယောက် လန်ချားငှားခပေးစရာမရှိဘူး ဆိုရင် တစ်ရက်နှစ်ရက်ကို အကြွေးထားလိုက်တာချည်းပဲ။ ဒါပေမယ့် ထုံးစံအတိုင်း အတိုးကလေး ဘာလေးတော့ ယူတာပေါ့ဗျာ။ အတိုးဆိုပေမယ့် သိပ်မများပါဘူး။ အတိုးက တစ်နေ့ကို နှစ်ဆယ့်ငါး ရာခိုင်နှုန်းပဲရှိပါတယ်။ 


တကယ်လို့ လန်ချားသမားတစ်ယောက်ယောက် နေထိုင်မကောင်းဖြစ်တယ်၊ တိုက်မှုတို့ ဘာတို့ဖြစ်လို့ ဒဏ်ရာရတယ်ဆိုရင်လဲ ကျုပ်ပဲ ငွေကြိုတင်စိုက်ထုတ်ပြီး သူ့ကို ဆေးရုံတို့ ဘာတို့ ပို့၊ ဆေးဖိုးဝါးခတို့ ဘာတို့ကို ထုတ်ပေးရတာပဲမဟုတ်လား။ ပြန်ကျန်းမာလာလို့ လန်ချားပြန်ဆွဲတဲ့အခါကျတော့ သူ့ကို ငှားတဲ့ လန်ချားငှားခကို ပိုတင်ရတာပေါ့။ ဒါမှ ကျုပ်ကြိုတင်စိုက်ထားရတဲ့ကြွေး​ ကျေမှာကိုး။ ခုတော့ ဒါတွေကို ကျုပ်ကိုယ်တိုင် မကြည့်တော့ပါဘူး။ ကျုပ်ကိုယ်စားလှယ်ကပဲ ကြည့်ပါတော့တယ်။ 


ခုခေတ်မှာ လန်ချားသမားတွေကလည်း အရင်ကလို လူရိုးလူကောင်းရယ်လို့ သိပ်မရှိတော့ဘူးလေ၊ ပိုင်ရှင်ဆီက အခွင့်အရေးတောင်းဖို့လောက်ပဲ နားလည်ကြတော့တယ်။ ပြီးတော့ သူတို့ ကိုယ်ပိုင်လန်ချား ထောင်ချင်ကြသတဲ့။ ဒါကြောင့် သူတို့မှာ လန်ချားသမဂ္ဂ ဆိုလား ဘာလား ဖွဲ့ထားတယ် ထင်ပါရဲ့။ တစ်ခါတလေလဲ တောင်းဆိုချက် မရရင် သပိတ်မှောက်တတ်သေးတယ်။ အင်း... လောကကြီးက ဇောက်ထိုးပြောင်းပြန် ဖြစ်နေပြီကိုး။ ဒီတော့ ကျုပ်မှာလဲ ကိုယ့်အခွင့်အရေးကို ကာကွယ်ဖို့အတွက် အသင်းအပင်းတို့ ဘာတို့ ဖွဲ့ရတော့တာပေါ့။ ကျုပ်တို့မှာ ဘင်္ဂလားနယ်လုံးဆိုင်ရာ လန်ချားပိုင်ရှင်များအသင်းဆိုပြီး ဖွဲ့ထားတယ်။ ပြီးတော့ ကျုပ်တို့အခွင့်အရေးတွေကို ကာကွယ်ဖို့ လူမိုက်တို့ ဘာတို့ကိုလဲ မွေးထားရတယ်။ ဒီပြင်နည်းလမ်း မရှိတော့ဘူးလေ။ 


အစိုးရကလဲ အားအားရှိရင် လန်ချားသမားတွေကို မြှောက်ပေးပြီး ကျုပ်တို့ကို အတိုက်ခိုင်းနေတာကိုး။ သူတို့ကတော့ လူတန်းစားတိုက်ပွဲတဲ့လေ။ ပြီးတော့ သူတို့ခေါင်းဆောင်တွေကလဲ လန်ချားကို ပိတ်ချင်နေကြတယ်။ လန်ချားဆွဲတာဟာ လူလူချင်း သွေးစုပ်တာတဲ့၊ လူ့ဂုဏ်သိက္ခာကို စော်ကားတာတဲ့၊ လူတွေကို မြင်းလို နွားလို ခိုင်းတာတဲ့။ အလကားဟာတွေပါဗျာ၊ အော်စမ်းပါစေ။ သူတို့ပြောတဲ့ လူ့ဂုဏ်သိက္ခာတို့ ဘာတို့ ဆိုတာတွေအကြောင်းကို ပါးစပ်က အမြှုပ်ထွက်အောင် ပြောစမ်းပါစေ၊ သူတို့ လျှာထွက်သေရုံပေါ့။ ဘယ့်နှယ်ဗျာ၊ ကာလကတ္တားမြို့ကြီးမှာ လန်ချားကို ပိတ်လိုက်ရင် လူပေါင်း တစ်သိန်းလောက်ကို သူတို့ ဘယ့်နှယ်လုပ်ပြီး အလုပ်ပေးမှာလဲ၊ ဒီလူတစ်သိန်း အလုပ်လက်မဲ့ ဖြစ်သွားရင် လူကိုးသိန်းလောက် ထိုင်ငတ်ကြတော့မှာကိုတော့ သူတို့ မကြည့်ဘူး၊ ဒါဟာ သာမန်စဉ်းစားဉာဏ်နဲ့ စဉ်းစားလိုက်ရင် ရပါတယ်။ တစ်ခုတော့ရှိတယ်လေ၊ နိုင်ငံရေးနဲ့ သာမန်စဉ်းစားဥာဏ်ဟာ နွားမတစ်ကောင်တည်းရဲ့ နို့အုံမှမဟုတ်ဘဲကိုး။ ဒီတော့ ကျုပ်တို့လဲ ရတုန်းမှာ တတ်နိုင်သလောက် စီးပွားရှာရတာပဲ”


ညနေမိုးချုပ်၍ သူ့ကိုယ်စားလှယ်က တစ်နေ့တာ လန်ချားငှားခကို  သိမ်းလာသည်နှင့် လောကကြီးသည် ဘာမှပြောင်းလဲခြင်း မရှိသေးကြောင်း နာရိန္ဒရာသိရသည်။ နာရိန္ဒရာသည် ဘဝဆည်းဆာချိန်သို့ ရောက်နေသည့်တိုင် သူ့ကိုယ်စားလှယ်၏ ရှပ်အင်္ကျီအိတ်ထဲတွင် ပိုက်ဆံတွေ ဖောင်းပြည့်လာသည်ကို မြင်ရလျှင် ကျေနပ်သည်။


“နိဗ္ဗာန်ဆိုတာ ချမ်းသာသုခကို ရတဲ့နေရာတဲ့၊ ရှေးက အရိယာပုဂ္ဂိုလ်တွေ ပြောဖူးတယ်။ ကျုပ်အဖို့တော့ အခု အသက်ကိုးဆယ်ကျော်မှာ ညနေ မိုးချုပ်လို့ ကာလကတ္တားမြို့ လမ်းမကြီးတွေပေါ်မှာ ပြေးလွှားနေတဲ့ ကျုပ်လန်ချား သုံးရာ လေးဆယ့်ခြောက်စီးက ရလာတဲ့ ငွေဒင်္ဂါးတွေကို ရေနိုင်နေသေးရင် သုခဘုံပဲဗျ”


* * * 


နောက်တစ်နေ့တွင် ဟာစရီပါးသည် ချိန်းထားသည့်အတိုင်း ပန်းခြံအဝိုင်းကြီးနားက လန်ချားဆိပ်သို့ လာခဲ့၏။ သို့ရာတွင် သူ့မိတ်ဆွေ လန်ချားသမား ရမ်ကျန္ဒကို မတွေ့ရ။ ထိုနေရာမှာပင် စောင့်မည်ဟု ဟာစရီပါး စိတ်ကူးသည်။


“ငါ့အဖို့တော့ သူ့ပဲ အားကိုးရတော့မှာပဲ၊ ဒီငရဲပြည်ကြီးထဲမှာ အားထားစရာဆိုလို့ သူတစ်ယောက်ပဲရှိတယ်၊ ညနေထိအောင် စောင့်ဆိုလဲ စောင့်ရမှာပဲ။ ဒီညကုန်လို့ မနက်လင်းသည်အထိ စောင့်ဆိုလဲ စောင့်ရမှာပဲ” ဟု ဟာစရီပါး တွေးသည်။


မွန်းလွဲပိုင်းလောက်တွင် ရမ်ကျန္ဒ ရောက်လာသည်။ သူ့တွင် လန်ချား ပါမလာတော့။ ကြည့်ရသည်ကလဲ စိတ်ပျက်လက်ပျက်ဖြစ်နေပုံရသည်။


“ငါ့လန်ချားကိုတော့ ဖမ်းသွားပြီကွာ၊ မနေ့ညက မင်း တင်ပေးလိုက်တဲ့ အဘွားကြီးကို လိုက်ပို့လိုက်ပြီးတော့ အိမ်ကို ပြန်လာတယ်၊ မိုးတော့ ချုပ်နေပြီပေါ့ကွာ၊ လမ်းရောက်တော့ ပုလိပ်က ဆီးပြီး မင်းလန်ချားမှာ မီးမပါဘူးတဲ့၊ ငါကလဲ တောင်းပန်ပါသေးတယ်၊ မနက်ကထွက်လာလို့ မီးအိမ်မေ့ခဲ့လို့ပါဆိုပြီး တောင်းပန်တာပဲ၊ ဒါပေမယ့် မရဘူးကွာ၊ ထုံးစံအတိုင်း အစီအစဉ်လုပ်ပါတဲ့”


“ထုံးစံအတိုင်း အစီအစဉ်လုပ်ပါဆိုတာ ဘာလဲဗျာ”


“သူ့ကို ဆယ့်ငါးကျပ် ပေးရမှာတဲ့၊ ဆယ့်ငါးကျပ်မပေးရင် ဖမ်းမယ်တဲ့၊ ဆယ့်ငါးကျပ် မရှိလို့ပါဗျာ၊ ပါတာကလေးနဲ့ပဲ ကျေနပ်ပါဆိုတော့ မရဘူးဆိုပြီး ဂါတ်တဲကို ခေါ်သွားတယ်ကွာ။ ဟိုရောက်တော့ လန်ချားကို သိမ်းထားလိုက်ပြီး မနက်ဖြန်ကျရင် ပုလိပ်ရုံးကြီးကို လာအမှုဆိုင်လှည့်ဆိုပြီး ပြန်လွှတ်လိုက်တယ်၊ ဒဏ်ငွေသုံးဆယ်တော့ အေးအေးကလေးပဲ”


ရမ်ကျန္ဒလက်တွင် ညှပ်ထားသည့် ဗီဒီဆေးလိပ်တိုကို လက်ခုပ်ဖြင့် အုပ်၍ ရှူလိုက်ပြီးနောက်....

“လာကွာ...တစ်ခုခု သွားစားချေရအောင်။ ဗိုက်ကလေး ဘာလေး ပြည့်သွားတော့ ဒုက္ခကို နည်းနည်းပါးပါး ခံနိုင်တာပေါ့”


ရမ်ကျန္ဒက ဒူရ်ဂါလမ်းရှိ အပေါစား ထမင်းဆိုင်တစ်ဆိုင်သို့ ခေါ်သွား၏။ ထိုနေရာမှာ ရမ်ကျန္ဒစားသောက်နေကျဆိုင်ဖြစ်သည်။ ဆိုင်ကလေးက ကျဉ်းကျဉ်းကလေး၊ ကျောက်ဖြူခင်းထားသည့် စားပွဲငါးလုံးသာ ဆံ့သည်။ မူဆလင် ဘာသာဝင် ဆိုင်ပိုင်ရှင်သည် အပေါ်ပိုင်း ဟာလာဟင်းလင်းဖြင့် ဟင်းအိုးများအနောက်တွင် ရပ်နေသည်။ သူ့နောက်ဘက်နံရံတွင် မက္ကာရှိ ကျောက်တုံးနက်ကို ထုထားသည့် ပုံတူတစ်ခု ချိတ်ထားသည်။ စားပွဲတိုင်းတွင် ဆားပန်းကန် တစ်ပန်းကန်နှင့် ငရုတ်သီးမှုန့် တစ်ပန်းကန်စီ ချထား၏။ မျက်နှာကြက်မှ ပန်ကာအိုကြီးသည် အားကုန်၍ ပြုတ်ကျတော့မည့်နှယ် တအီအီ လည်လျက်ရှိ၏။ ချက်ပြုတ်ကြော်လှော်သည့်အနံ့က မွှန်ထူလျက်။ 


သူငယ်ကလေးတစ်ယောက်က သူတို့အတွက် ထမင်းပန်းကန်နှင့် ပဲဟင်း တစ်ပန်းကန်စီ လာချပေးသည်။ သူတို့နှစ်ယောက်သည် ထမင်းပန်းကန်ထဲသို့ ပဲဟင်းကိုလောင်းချကာ တိတ်ဆိတ်စွာ စားနေကြသည်။ ဟာစရီပါးအဖို့ကား ပွဲတော်ကြီးပေတည်း။ ကာလကတ္တားသို့ ရောက်ပြီးနောက် ပထမဆုံးအကြိမ် ထမင်းစားရခြင်းပေတည်း။ ထမင်းစားပြီးသွားသည့်အခါ ရမ်ကျန္ဒသည် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသွားဟန်တူ၏။


“ကာလကတ္တားမြို့ကြီး ဒီလောက်ချမ်းသာနေတာပဲကွာ၊ လူတိုင်းအတွက် စားစရာတော့ ရှိတာပေါ့၊ တကယ်ပါကွာ၊ မယုံမရှိနဲ့၊ အေး...မင်းကတော့ တောသားလိုပဲ တွေးနေသေးတာကိုးကွ၊ နည်းနည်းနေသားကျသွားတော့ မင်းလဲ ကာလကတ္တားဝါလားဖြစ်ပြီး လူရည်လည်လာမှာပါ”


ရမ်ကျန္ဒသည် စားပွဲပေါ်သို့ ငွေသုံးကျပ် တင်ထားခဲ့၏။ သူတို့နှစ်ယောက်သည် ဆေးရုံသို့ တွက်လာခဲ့ကြသည်။ ဓာတ်ရထားလမ်းမကြီးအတိုင်း လျှောက်လာခဲ့ကြရာ ခဏကြာလျှင် ဆီလဒါး ဘူတာရုံကြီးသို့ ရောက်လာခဲ့ကြသည်။ ဘူတာရုံအလွန် ဈေးထဲသို့ဝင်ပြီး ဆေးရုံတက်နေသည့် လူမမာကို ပေးရန် လိမ္မော်သီးနှင့် ငှက်ပျောသီးတွေ ဝယ်ခဲ့ကြသည်။ ဆေးရုံရှေ့က လူအုပ်ကြီးမှာ မနေ့ကထက်ပင် များသေးသည်။ 


“ဆေးရုံထဲဝင်မလို့ တန်းစီနေကြတာလေ။ အပြင်နဲ့ အတွင်းနဲ့ အော်ပြောနေကြတာကလဲ ညံနေတာပဲဗျ။ မနေ့က ကျွန်တော်တို့ လူနာသွားပို့တဲ့ အရေးပေါ်ခန်းနားရောက်တော့ ကြက်ခြေနီတံဆိပ်ရေးထားတဲ့ သူနာတင်ကားကြီးက အတင်းမောင်းဝင်လာတာဗျာ၊ ကံကောင်းလို့ လူတွေဝင်တိုက်မိတော့မလို့။ လူအုပ်ကြီးက စိတ်ဆိုးပြီး ဒရိုင်ဘာကို ဝိုင်းရိုက်မယ်လုပ်တော့ ဒရိုင်ဘာလဲ အတင်းထွက်ပြေးတယ်၊ မိများမိရင် ဆုတ်ဖြဲပစ်ကြမလား မပြောတတ်ဘူး။ ကားနောက်ခန်းထဲမှာတော့ လူနာတွေ တစ်ပုံကြီးဗျ၊ သွေးတွေကလဲ ရဲနေတာပဲ၊ မီးလောင်ထားတာလား ဘာလား မသိဘူး၊ ခြေသလုံးတွေဆိုရင်လဲ အသားနီတွေလန်ပြီး စုတ်ပြတ်လို့၊ တကယ့် အနိဋ္ဌာရုံတွေချည်းပါပဲဗျာ။ ဒါပေမယ့် ကျွန်တော်တို့ရောက်နေတာ ဆေးရုံလေ၊ လယ်ကွင်းထဲ ရောက်နေတာမှ မဟုတ်တာ၊ ဆေးရုံထောင့်တစ်ထောင့်မှာ သံချေးတက်ပြီး မှန်တွေကွဲနေတဲ့ သူနာတင်ကားအပျက်တွေရှိတယ်၊ ကားဘော်ဒီမှာ ရေးထားတဲ့ ကြက်ခြေနီက ကောင်းကောင်းတောင် မပေါ်တော့ဘူး၊ ဆေးရောင်တွေ ပြယ်နေပြီ၊ အဲဒီမှာ ကိုယ်ရေရောဂါသည်တွေ အိုးအိမ်လုပ်နေကြတယ်"


“ကျွန်တော်တို့နှစ်ယောက်လဲ ဆေးရုံစင်ကြံတွေမှာ လျှောက်ပြီး ကျွန်တော်တို့မိတ်​ဆွေကို လိုက်ရှာကြတယ်။ သူနာပြုဆရာမတစ်ယောက်ကို မေးတော့ အခန်းတစ်ခန်းကို ညွှန်လိုက်တယ်ဗျ၊ ကြည့်ရတာက သူနာပြုဆရာမကြီးတစ်

ယောက်နဲ့ တူတာပဲ၊ ခါးမှာ ခါးပတ်အပြားကြီးပတ်ထားပြီး သော့တွဲကြီးတွေကို ချိတ်ထားတယ်၊ ပခုံးမှာလဲ တံဆိပ်တွေနဲ့၊ သူ့ကြည့်ရတာကိုက ကြောက်စရာကြီး။ ကျွန်တော်တို့ ဘေးတစ်ဖက်တစ်ချက် အခန်းတွေမှာလဲ ဆေးရုံအမှုထမ်းတွေ ထင်ပါရဲ့၊ တချို့က စာရေးလို့၊ တချို့က စကားပြောလို့၊ တချို့က လက်ဖက်ရည်သောက်လို့။ သူတို့ရှေ့က စားပွဲတွေပေါ်မှာလဲ ကြိုးကလေးတွေ စည်းထားတဲ့ စာရွက်တွေက တောင်ပုံရာပုံပဲ။ တချို့ စာရွက်တွေကတော့ အဲဒီစားပွဲတွေပေါ်မှာ ရောက်နေတာကြာပြီထင်တယ်၊ စာရွက်တွေက ဟောင်းနွမ်းဝါကျင့်ပြီး ကြွေကျတော့မလား ထင်ရတယ်။ တချို့လဲ ကြွက်ကိုက်ထားလို့ အနားတွေ စုတ်ပြတ်နေပြီ။ ကြွက်ဆိုလို့ ပြေးလွှားနေတာကို မြင်ရတယ်၊ ကြွက်တွေကတော့ ဇိမ်ကျနေတာပေါ့ဗျာ။ တစ်ခါတလေတော့ ကြွက်တွေက လူနာတွေ၊ ဒဏ်ရာရနေတဲ့ လူတွေ အိပ်ပျော်နေတုန်း ဝင်ပြီး ကိုက်တယ်ဆိုကိုး။ ရမ်ကျန္ဒက ပြောတယ်၊ မိန်းမကြီးတစ်ယောက်ဆိုရင် အိပ်ပျော်နေတုန်း လက်နဲ့ခြေကို ကြွက်တွေ တက်ကိုက်သွားလို့ ကိုယ်တစ်ပိုင်းတောင် သေသွားသတဲ့"


“ခွဲစိတ်ပြီးတဲ့ လူနာတွေကို ထားတဲ့အခန်းနား ရောက်တော့ ရမ်ကျန္ဒက အမျိုးသားသူနာပြု လက်ထဲကို ငါးကျပ်တန်တစ်ရွက် ထည့်လိုက်တယ်။ အခန်းကြီးက အကျယ်ကြီးဗျ၊ ပြတင်းပေါက်ကြီးတွေကလဲ အမြင့်ကြီးတွေ၊ မျက်နှာကြက်မှာလဲ ပန်ကာတွေ တပ်ထားတယ်။ အခန်းထဲမှာ ပြွတ်သိပ်ထည့်ထားတာ ခုတင် အလုံး ငါးဆယ်ကျော်လောက် ရှိလိမ့်မယ် ထင်တယ်၊ ခုတင်တိုင်းလိုလိုပဲ ခေါင်းရင်းမှာ တိုင်ကလေးတွေ ထောင်ထားပြီး ပုလင်းတွေ ချိတ်ထားတယ်။ အဲဒီပုလင်းထဲက ဆေးရည်တွေကို ပိုက်ကလေးနဲ့ သွယ်ပြီး လူနာတွေရဲ့ လက်မောင်းမှာ စိုက်ထားတယ်။ တချို့ပုလင်းတွေမှာတော့ ရေလိုပဲ ကြည်လို့၊ တချို့ပုလင်းတွေမှာတော့ သွေးပုလင်းတွေ ထင်တာပဲ၊ ရဲလို့။ ကိုယ့်သားသမီးတွေကို ကျွေးဖို့ သွေးကို ဖောက်ရောင်းခဲ့ရတဲ့ ကျွန်တော့်လို ဆင်းရဲသားတွေရဲ့ သွေးတွေပဲ ဖြစ်မှာပေါ့"


" ကျွန်တော်တို့လဲ ခုတင်တွေကြား လျှောက်ပြီး ကျွန်တော်တို့မိတ်ဆွေကို လိုက်ရှာကြတယ်။ ကြည့်ရတာကတော့ စိတ်မချမ်းသာစရာပဲဗျာ၊ အဘိုးကြီးတစ်ယောက်ဆိုရင် ခေါင်းကနေ ခြေဖျားအထိ တစ်ကိုယ်လုံး ပလာစတာတွေ ကိုင်ထားတယ်၊ သူ့မျက်နှာ ကွယ်ကွက်ကလေးကိုပဲ မြင်ရတော့တယ်။ သူနာပြုဆရာမတွေက အရောင်မျိုးစုံရှိတဲ့ ပုလင်းမျိုးစုံတွေ၊ ဂွမ်းတွေ၊ ပတ်တီးတွေ၊ ကိရိယာတွေ တင်ထားတဲ့ လှည်းကလေးတွေကို တွန်းပြီး ခုတင်တစ်ခုက တစ်ခုဆီ သွားနေကြတယ်။ ဒီလိုအလုပ်မျိုးကို လုပ်နိုင်တဲ့ မိန်းမတွေဟာ တော်တော်စိတ်ကောင်း နှလုံးကောင်းရှိတဲ့ မိန်းမတွေပဲ ဖြစ်မှာပဲနော်။ တချို့ လူမမာတွေက သူတို့ဆာရီတွေကို ဆွဲထားကြတယ်၊ တချို့လူနာကျတော့လဲ သူတို့ကို အော်ဟစ်ဆဲဆို မောင်းထုတ်ကြတယ်"


“ကြိုးပုခက်ကလေးတစ်လုံးပေါ်မှာ ကျွန်တော်တို့မိတ်ဆွေကို သွားတွေ့ရတယ်။ ကြိုးပုခက်ပေါ် ရောက်နေတာကတော့ တခြားကြောင့် မဟုတ်ပါဘူး။ အခန်းထဲမှာ လူနာထားဖို့ သံခုတင်မရှိတော့လို့ပါ။ သူလဲ ကျွန်တော်တို့ကို မြင်တော့ ဝမ်းသာနေတယ်။ သူ့ခြေထောက်က သိပ်နာတာပဲတဲ့၊ သူ့မျက်လုံးမှာလဲ မျက်ရည်တွေဝဲလို့။ ဝဲမှာပေါ့လေ၊ သူ့ခြေထောက်ဖြတ်ပစ်လိုက်ရတာကို သူလဲ ဒီလောက်ဆို သိလောက်ရောပေါ့။ ရမ်ကျန္ဒက ပါလာတဲ့ သစ်သီးလေးတွေ ကို ထုတ်ပေးတယ်။ သူက ပြုံးပြီးတော့ လိမ္မော်သီးတစ်လုံးကိုယူပြီး သူနှင့် ခုတင်ချင်းကပ်လျက်မှာနေတဲ့ သူငယ်ကလေးတစ်ယောက်ကို အပေးခိုင်းတယ်။ သူငယ်ကလေးကလဲ တစ်ကိုယ်လုံး ပတ်တီးတွေ ဖွေးနေတာပဲ။ ရေနံဆီ မီးဖိုပေါက်ပြီး မီးလောင်တာတဲ့။ ကောင်လေးက ကောင်းကောင်းတောင် မညည်းနိုင်တော့ဘူး။ ယဲ့ယဲ့ပဲ အသံထွက်နိုင်တော့တယ်။ ကျွန်တော်လဲ သူအပေးခိုင်းလိုက်တဲ့ လိမ္မော်သီးကို အခွံနွှာပြီး ကောင်လေး ပါးစပ်နားကို တေ့ပေးတယ်။ ကောင်လေး ပါးစပ်ဟပြီး စားတယ်။ ဒါပေမယ့် စားလို့သာ စားတယ်။ သူ့ခမျာ ကောင်းကောင်းတောင် မမျိုနိုင်ရှာပါဘူး။ ကောင်လေးက ကျွန်တော့်သား ရှမ်ဘူးနဲ့ဆိုရင် ရွယ်တူလောက်ပဲ ရှိဦးမယ်"


“ကျွန်တော်တို့မိတ်ဆွေကို ကြည့်ရတာလဲ တော်တော်လေးကို ကြည့်ရဆိုးနေပြီ။ မုတ်ဆိတ်တွေလဲ ရှည်လို့၊ မျက်လုံးတွေကလဲ အထဲကို ချိုင့်ဝင်နေတယ်။ သူ့မျက်နှာကိုကြည့်လိုက်တော့လဲ တော်တော့ကို စိတ်ဓာတ်ကျပြီး အားငယ်နေတဲ့ပုံမျိုး။ ကျွန်တော်နဲ့ ရမ်ကျန္ဒတို့ကလဲ အားပေးပါတယ်၊ ဘာမှ အားမငယ်နဲ့ပေါ့၊ ကျွန်တော်တို့နှစ်ယောက် မကြာမကြာလာပြီး ကြည့်မယ်ပေါ့။ ကာလကတ္တားမှာ သူ့ကိုလာကြည့်မယ့်လူ ဆိုလို့ တစ်ယောက်မှ မရှိဘူးလေ။ ကျွန်တော်တို့ပဲ ဆွေမျိုးသားချင်းလို ဖြစ်နေပြီလေ။ ရမ်ကျန္ဒလို လူမျိုးကို ဆွေမျိုးသားချင်းတော်ရတာတော့ မပြောတတ်ဘူး၊ ကျွန်တော့်လိုကောင်ကို ဆွေမျိုးသားချင်းတော်ရလို့ကတော့ ဘာမှ ထူးမှာမဟုတ်ပါဘူး။ ကျွန်တော်က ဘာတတ်နိုင်တဲ့ ကောင်မှတ်လို့။ ကိုယ့်ဘာသာကိုယ်မှ အနိုင်နိုင်ရယ်"


“ကျွန်တော်တို့လဲ သူနဲ့ အတန်ကြာ ထိုင်နေကြတယ်။ သူ့ကြည့်ရတာ တော်တော်လဲ ဖျားနေပုံရတယ်။ သူ့နဖူးက အမြဲတမ်း စိုနေတာပဲ။ နောက်ဆုံးတော့ ကျွန်တော်တို့ကို အမျိုးသားသူနာပြုက လာပြီးနှင်တယ်။ ကျွန်တော်တို့ မိတ်ဆွေက ကျွန်တော်တို့ကို မပြန်စေချင်ဘူး၊ လက်ကို အတင်းဆွဲထားတယ်။ ဒါပေမယ့် နေလို့မရဘူးလေ၊ ပြန်ရမှာပေါ့။ ကျွန်တော်တို့ကလဲ နေကောင်းအောင် နေဖို့၊ စိတ်အားမငယ်ဖို့အကြောင်း၊ ကျွန်တော်တို့လဲ နောက်တစ်ခေါက်လာဦးမယ့်အကြောင်း ပြောပြီး ပြန်လာခဲ့ကြတယ်။ အခန်းထဲက ထွက်ခါနီးလို့ နောက်တစ်ခေါက် လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ကို လက်ကလေး လှုပ်ယမ်းပြီး ပြနေတယ်။ ကျွန်တော့်စိတ်ထဲမှာ လေထဲမှာ လှုပ်နေတဲ့ ကျူပင်ကလေးတစ်ပင်လို့ ထင်လိုက်မိတယ်"


အပိုင်း(၇)ဆက်ရန်

မြသန်းတင့်


No comments:

Post a Comment