Sunday, August 7, 2022

မော်တင်ဂရက်တိုက်ပွဲ

 (၂၀၀၈ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ကွယ်လွန်သွားသော သတင်းစာဆရာ ကြေးမုံဦးသောင်း (အောင်ဗလ) ရဲ့ ငယ်လက်ရာ ၀တ္ထုတပုဒ်ကို ၁၉၄၉ ခုနှစ်၊ စက်တင်ဘာထုတ် တာရာမဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၂၀ မှ ကူးယူ ဖော်ပြလိုက်ပါတယ်။)

(ရည်ညွှန်းချက်။ ငြိမ်းချမ်းစွာ ဖြစ်ပေါ်ရေးသို့)


ကျွန်တော် ကောင်းစွာ မှတ်မိပါသေးသည်။ ကျွန်တော်တို့တပ်ဟာ မော်တင်ဂရက် (မှတ်ချက်။ မော်တင်ဂရက်အမည်မှာ ကွယ်လွန်သူ အလံနီခေါင်းဆောင်ကြီး ကိုမော်တင် အမည်ကို အစွဲပြု၍ မှည့်သည့်အမည်ဟု သတင်းစာတွင် ဘတ်ရသည်။ အလံနီများက အကယ်ပင် ဤအမည်မှည့်ခေါ်သည် မခေါ်သည်ကို မသိရ) အမည်ပေးထားတဲ့ ရေစကြိုမြို့ကို ပြန်တိုက်ဘို့ ချီတက်ခဲ့တယ် ဆိုတာက စပြီး မှတ်မိပါသည်။


နောက်ပြီးတော့ ... ကျွန်တော်တို့တပ်စုဟာ ဆူးတွေပေါလှတဲ့ အညာချုံပုတ်တွေကို ဘယ်လိုဖြတ်ပြီး ချီတက်ခဲ့ရတယ် ဆိုတာကိုပါ ကျွန်တော် ကောင်းစွာမှတ်မိပါ၏။ ဒါပေမဲ့ ကျွန်တော် ဒီနေရာကို ဘာကြောင့်ရောက်နေတယ် ဆိုတာတော့ မမှတ်မိပါ။


ယခုအချိန်သည် ညအချိန် ဖြစ်ပါ၏။ အညာကောင်းကင်၌ မျက်တောင်ခတ်နေသော ကြယ်ကလေးများသည်လည်း အညာဆန်လှပါ၏။ ဒီမိုးနဲ့ ဒီကြယ်အောက်မှာ အညာချုံပုတ်အနီး၀ယ် မိုးကာမပါဘဲ ကျွန်တော် ဘာကြောင့် ရောက်နေတယ်ဆိုတာ မသိပါ။ ထိုကြောင့် ကျွန်တော်သည် မတ်တပ်ရပ်ရန် ထလိုက်ရာ ... ထ၍ မရတော့ဘဲ အောက်ပိုင်းတခုလုံး လှုပ်ရှားမရရုံမျှမက လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း ပြင်းထန်စွာ နာကျင်နေပါသည်။


ဤတွင် ကျွန်တော် သတိရလာပြန်ပါသည်။ ကျွန်တော် တိုက်ပွဲတွင် ဒဏ်ရာရကာ ကျန်ရစ်သည်ကို သတိရလာပါ၏။ ထိုမှ နေ့လည်ကဖြစ်ခဲ့သော တိုက်ပွဲကို သတိရပါတော့၏။ ကျွန်တော်တို့တပ်ကို အလံနီကွန်မြူနစ်သူပုန်တပ်တတပ်က ရေစကြို (မော်တင်ဂရက်) သွား လှည်းလမ်းမှ ဆီးကြိုတိုက်ခိုက်ပါသည်။ သူတို့လူအင်အားသည် တပ်စုတစုသာရှိသောကျွန်တော်တို့ထက် နှစ်ဆမျှ များပါ၏။ သို့သော် သူတို့တွင် လက်နက်ကောင်းမရှိပါ။ 


တချီတွင် ကမူကလေးတခုအနီးတွင် ကွန်မြူနစ်အဖိုးကြီးတဦးသည် ကျွန်တော်နှင့် ၁၀ ဂိုက်မျှ ကွာဝေးသော နေရာမှ ဂျပန်ရိုင်ဖယ်သေနတ်နှင့် ကျွန်တော့်ကို လှမ်းပစ်ပါသည်။ သို့သော် ကံအားလျော်စွာ ထိုသေနတ်မှာ ကျည်ဆံမထွက်သဖြင့် ကျွန်တော့်ကို မထိခဲ့ပါ။ သို့သော် ကျွန်တော်၏ ရိုင်ဖယ်သေနတ်ကျည်ဆံကမူ... ချောချောမောမော ထွက်သွားသဖြင့် သူသည် လဲကျသွားပါသည်။ ထိုအခိုက်မှာပင် လက်ပစ်ဗုံးတလုံး ပေါက်ကွဲသဖြင့် ကျွန်တော့်ခြေထောက်ကို ထိမှန်ပြီး ကျွန်တော်လည်း လဲကျသွားခဲ့ပါတော့သည်။


ဤသို့ တိုက်ပွဲမှ ဒဏ်ရာရရှိသွားသည်ဟူသော အသိကို ကျွန်တော် သိရှိသွားသောအခါ ကျွန်တော်သည် အကြောက်ကြီး ကြောက်မိပါ၏။ ထို့ကြောင့်  "ဟေ ရဲဘော်တို့ .... ဟေ့ ရဲဘော်တို့" ဟု အော်မိပါ၏။


သို့သော် ကျွန်တော်၏အသံများသည် ပီသစွာ ထွက်မလာဘဲ ကျွန်တော်သာ မိုက်ကနဲ ဖြစ်လာပြီး လောကကြီးသည် ကျွန်တော်၏အသိမှ ပျောက်ကွယ်သွားပါ၏။ ကျွန်တော် မေ့မြောသွားပြန်ပါတော့သည်။


* * * * * 


ကျွန်တော် သတိရလာပြန်ပါပြီ။ လောကကြီးကို ကျွန်တော် သိလာပြန်ပါပြီ။ သို့သော် ကျွန်တော်သည် ကျွန်တော်၏မျက်စိကို မဖွင့်သေးဘဲ မျက်စိမှိတ်လျက် ကျွန်တော်၏ဖြစ်စဉ်ကို တွေးတောမိပါ၏။ ကျွန်တော်သည် တိုက်ပွဲ၌ ဒဏ်ရာရခဲ့ချေပြီ။ ဒဏ်ရာကြောင့် ယခုအချိန်ထိ ပြင်းထန်စွာ ဝေဒနာမခံစားရသေးသော်လည်း ကျွန်တော်အဘို့ အစာငတ် ရေငတ်နှင့် သေရန် သေချာနေပေပြီ။ နက်ဖန်သဘက် ထုတ်ဝေမည့် သတင်းစာများ၌ဆိုလျှင် မော်တင်ဂရက်တိုက်ပွဲတွင် ရန်သူ မည်၍မည်မျှ ကျဆုံးသွားပြီး ကျွန်ပ်တို့ဘက်မှ မပြောပလောက်အောင် ထိခိုက်ကြောင်းဟု ရေးသားကြတော့မည်။ ကျွန်ပ်တို့တပ်များမှ ဒဏ်ရာရသူ (မည်၍မည်မျှ) ရှိပြီး၊ တပ်သားကလေး မောင်တင်မောင် ကျဆုံးကျန်ရစ်ကြောင်းဟု ရေးကြချေမည်။ ဒီလိုတောင် ရေးကြမည် မဟုတ်ပါ။ "တပ်သားတယောက် ကျဆုံးခဲ့ကြောင်း" ဟုသာ ခွေးတကောင် သေသောသတင်း ကဲ့သို့ ရေးကြချေမည်။ သို့ဖြင့် ကျွန်တော်၏ဘ၀သည် လူ့လောကမှ ပျောက်ကွယ်သွားချေတော့မည်။


ဤသို့ တသီတတန်းကြီး တွေးတောမိရာမှ ကျွန်တော်သည် မျက်စေ့ကို တဖြည်းဖြည်း ဖွင့်ကြည့်လိုက်ပါသည်။ မနေ့ညက ကျွန်တော်မြင်ရသော အညာချုံပုတ်သည် ယနေ့အဘို့ ပို၍သဲကွဲစွာ မြင်ရပါ၏။ 


'အလို  ချုံပုတ်၏ဘေးမှာ အလောင်းတလောင်းပါလား ... '


ကျွန်တော် မှတ်မိပါပြီ။ ကျွန်တော်သတ်လိုက်သော အလောင်း ဖြစ်ပါသည်။ ကျွန်တော်၏ရိုင်ဖယ်သေနတ်မှ ၃၀၃ ကျည်ဆံသည် သူ၏ရင်ညွန့်တည့်တည့်ကို ထိမှန်သဖြင့် သူ၏အင်္ကျီတခုလုံး သွေးတို့ဖြင့် နီရဲနေခါ ကြေမွစုတ်ပြတ်နေ၏။

သူ၏ ရိုင်ဖယ်သေနတ်မှာ ဖြူဖွေးပြောင်လက်သော လှံစွပ်တပ်လျက် သူ၏အလောင်းဘေးတွင် ယှဉ်လျက် ရှိလေသည်။ ထိုသေနတ်က ကျည်ဆံမထွက်၍သာ ကျွန်တော် မသေရသည်ဟု ထိုသေနတ်ကိုပင် ကျေးဇူးတင်မိပါ၏။

သို့သော် ... ကျွန်တော့်ရိုင်ဖယ်သေနတ်ကြောင့် သူတော့ သေရရှာလေပြီ ...။


ရိုင်ဖယ်သေနတ်ချင်းအတူတူ မည်သို့ခြားနားသဖြင့် ဤသို့ ကျွန်တော်က အနိုင်ရလိုက်သနည်း။ 


ကျွန်တော်၏ရိုင်ဖယ်မှာ အမေရိကန်လုပ် ရိုင်ဖယ်အသစ်ဖြစ်ပြီး ကျည်ဆံမှာလည်း အင်္ဂလန်လုပ် အကောင်းစား ကြေးရောင်များ ပြောင်လက်နေသော ၃၀၃ ကျည်ဆံ ဖြစ်ပါသည်။ ထိုသေနတ်နှင့် ကျည်ဆံမှာလည်း အင်္ဂလိပ်နှင့် အမေရိကန်တို့ထံမှ ခေါင်းဆောင်ကြီးများ (၀ယ်ယူ၍) ရရှိလာသောအရာ ဖြစ်ပါ၏။ သူ၏ ရိုင်ဖယ်မှာမူ ဂျပန်ရိုင်ဖယ် သေနတ်ဟောင်းကြီးဖြစ်ပြီး ကျည်ဆံမှာလည်း ပစ်ပြီးသားအခွံကို ခဲနှင့်ယမ်း သွပ်ထားသည့် လက်လုပ်ကျည်ဆံဖြစ်ပါသည်။ ထိုသေနတ်နှင့်ကျည်ဆံကို သူ ရရှိပုံမှာ ကျွန်တော်ရသကဲ့သို့ လွယ်လွယ်နှင့်ရခဲ့ခြင်း မဟုတ်ပါ။ ဆိုးဝါးကြောက်မက်ဖွယ်ကောင်းသော ဖက်ဆစ်ဂျပန်ကို တော်လှန်သတ်ဖြတ်ပြီးမှ ရယူခဲ့ခြင်းဖြစ်ပါ၏။ သူ၏သေနတ်ဒင်မှာ နီညိုနေသည်ကို တွေ့ရခြင်းဖြင့် သူသည် ထိုရိုင်ဖယ်သေနတ်ကို သွေးဖြင့်စက်၍ ရယူခဲ့ကြောင်း ထင်ရှားပါ၏။ တဖန် သူ၏သေနတ်ပြောင်းတို့မှာ သံချေးတက်နေသည်ကို တွေ့ရခြင်းဖြင့် ထိုသေနတ်ကို ဂျပန်ပြေးပြီးနောက် ၀င်လာသော ကောက်ကျစ်မှုနှင့် ကြောက်မက်ဖွယ်ရာကောင်းသော အင်္ဂလိပ်တခေတ်လုံး မြေ၌ လျှို့ဝှက်စွာ မြုပ်နှံထားသည်ဟု ယူဆရပါ၏။


သူ၏သေနတ်တန်ဘိုးမှာ အသက်နှင့်သွေးနှင့် တန်ဘိုးရှိသည်နှင့်အမျှ ကျွန်တော်၏သေနတ်တန်ဘိုးမှာ လွယ်ကူလှတော့၏။


ထိုမှတဆင့် သူ၏သေနတ်ကို ဂျပန်ဆီမှ အသက်နှင့်လဲကာ ယူခဲ့ရပုံမှာ သဘာ၀ကျလှသော်လည်း ကျွန်တော့်သေနတ်ကို အင်္ဂလိပ်နှင့်အမေရိကန်တို့က လွယ်လင့်တကူပေးပုံ၏ သဘာ၀ကိုမူ ကျွန်တော်တွေးတောကြည့်သောအခါ၌ အဖြေရှာမရပါ။


အင်္ဂလိပ်နှင့်အမေရိကန်သည် သူ့ကိုသတ်ရန်အတွက် ကျွန်တော့်အား လက်နက်ပေးခြင်းမှာ သူသည် သူတို့၏ရန်သူဖြစ်၍လော....။ ကျွန်တော်သည် အင်္ဂလိပ် အမေရိကန်တို့၏ မိတ်ဆွေဖြစ်သဖြင့် ဤသို့ လက်နက်ရခြင်းလော ...။ သို့ဖြစ်လျှင် ကျွန်တော်နှင့်သူမှာ သွေးသားတူ သွေးသားချင်း ဗမာများသာဖြစ်လျက် အဘယ်ကြောင့် သူသည် အမေရိကန်အင်္ဂလိပ်တို့၏ရန်သူဖြစ်ပြီး ကျွန်တော်သည် မိတ်ဆွေဖြစ်နေလေသနည်း ... စသည်ဖြင့် မေးခွန်းများ တစီတတန်းကြီး ကျွန်တော်၏ ဦးဏှောက်အတွင်းသို့ ၀င်ရောက်လာရာ ဤသို့ ဖြစ်နေခြင်းမှာ များစွာဆန်းကြယ်လှသည်ဟူသော အဖြေမှတပါး တိကျမှန်ကန်သောအဖြေကို ကျွန်တော် တွေးတော၍ မရပါ။


ကျွန်တော်သည် ထိုသို့ဤသို့ တွေးတောအဖြေရှာယင်း အညာနေမင်းသည် တဖြည်းဖြည်း မြင့်တက်လာသဖြင့် အညာနံနက်ခင်းသည် ပူပြင်းလာလေတော့သည်။


ဤတွင် အိုက်စပ်စပ် ဖြစ်လာသဖြင့် ကျွန်တော်သည် ရေငတ်လာပါသည်။ နှုတ်ခမ်းများ ခြောက်သွေ့နေပါသည်။ ကျွန်တော်၏ခေါင်းကို ထောင်ပြီး ကျွန်တော့်ကိုယ်ကျွန်တော်ကြည့်ရာ ရေဗူးမပါလာသည်ကို တွေ့ရပါ၏။ တဖက်ကို လှမ်းကြည့် လိုက်သောအခါ အလံနီ သူအိုကြီးတွင် ဗူးခါးခြောက်ကို ရှော်ကြိုးဖြင့် သီဆွဲထားသော ရေဗူးတဗူး သူ၏ဘေးတွင် တွေ့ရှိရလေသည်။


သူ၏အလောင်းသည် ကျွန်တော်နှင့် သုံးကိုက်မျှသာ ဝေးပါ၏။ သို့သော် အောက်ပိုင်းတခုလုံး ဒဏ်ရာဖြင့်ပြီးသော ကျွန်တော်မှာ ထို ၃ ကိုက်မျှသော ခရီးကို ဒရွတ်တိုက် တွား၍ တွား၍ သွားရသည်မှာ ၃ နာရီမျှပင် ကြာမြင့်ပါ၏။ နံနက် ၇ နာရီခန့်က စ၍သွားရာ နံနက် ၁၀ နာရီခန့်တွင်မှ သူ၏အနီးရှိ ရေဗူးနှင့် လက်လှမ်းမှီသော နေရာသို့ ရောက်သွားပါ၏။ ထို (၃) နာရီမျှ ကြာသော ခရီးစဉ်ကို ကျွန်တော်ရေးသားပါလျှင် စာတအုပ်မျှပင် ရပါမည်။ ထို (၃) နာရီမျှ တွား၍တွား၍ သွားရသော (၃) ဂိုက်မျှသော ခရီးတွင် ဒဏ်ရာများ နာကျင်လွန်းသဖြင့် အကြိမ်ကြိမ် နားရပါသည်။ ဒဏ်ရာများက မချိမဆန့် နာကျင်လွန်းလှသဖြင့် အကြိမ်ကြိမ် မေ့မျောသွားပါ၏။ အနာခံပြီး ဆက်မသွားတော့ဘဲ ရေငတ်ခံ၍ သေရန်ပင် ၃ နာရီအတွင်း အကြိမ် သုံးဆယ်မျှ ဆုံးဖြတ်မိပါသေးသည်။


သို့ဖြင့် ခက်ခဲပင်ပမ်းစွာနှင့် သူ၏အနီးရှိ ရေဗူးနှင့် လက်လှမ်းမီသောနေရာသို့ ရောက်ရှိသည့်တိုင် ကျွန်တော်သည် ရေဗူးကို လှမ်းမယူနိုင်သေးဘဲ ခေတ္တ အပမ်းဖြေပြီးမှ ရေဗူးကို လှမ်းယူလိုက်ကာ သောက်ရပါ၏။ ဗူးခါရေနှင့် ကြမ်းကြားလေသည် အညာနွေအဘို့ တန်ဘိုးအရှိဆုံး အရသာအရှိဆုံးများ ဖြစ်လေသည့်အတိုင်း သူ၏ဗူးခါးထဲမှ ရေသည် ဧစိမ့်ကာ အရသာနှင့် ပြည့်စုံလှသဖြင့် ကျွန်တော်၏ဒဏ်ရာများပင် သက်သာသယောင် ဖြစ်လာတော့၏။


ရေ၀သဖြင့် နှုတ်ခမ်းများ စိုလာသောအခါ ... ကျွန်တော်သည် ဟိုဟိုဒီဒီ တွေးတောမိပြန်၏။ အကယ်၍သာ ဤ အလံနီအဘိုးအိုကြီးသည် ထုံးစံအတိုင်း သူ၏လယ်ယာများ လုပ်ကိုင်နေစဉ် တောရွာများကို စျေးလည်ရောင်းနေမည့် (ကျွန်တော်သည် စျေးသည် ကုန်သည်လုပ်ရန် ဝါသနာပါလှသော်လည်း အခြေအနေမကောင်းသဖြင့် ဤသို့ စစ်သားဖြစ်နေရပါ၏) ကျွန်တော် တောစျေးသည် သည် ခရီးကြုံသဖြင့် သူ၏ယာခင်းတွင်းသို့ ၀င်နားကာ ရေတောင်းသောက်ပါက သူသည် ကြည်ကြည်ဖြူဖြူပင် စေတနာ ဗလ၀နှင့် ဤဗူးခါးရေကို ထုတ်ပေးချေမည် ...။


ထိုသို့ ဖြူစင်သောစေတနာသန့်ဖြင့် ပေးမည့်ရေသည် ယခုထက် အဆပေါင်းများစွာ ပို၍ ပို၍ အရသာရှိမည်မှာ မုချပင်။


သို့သော် .... ယခု ကျွန်တော်သောက်ရသော ဗူးခါးရေမှာ သူ့ကို အင်္ဂလိပ် အမေရိကန်လုပ် လက်နက်များနှင့် သတ်၍ရရှိသော ဗူးခါးရေဖြစ်သဖြင့် မည်သို့ပင် အရသာရှိသော်လည်း အဆိပ်ကဲ့သို့သာ။


သူသည် အဘယ်ကြောင့် ဂျပန်ထံက အသက်ဖြင့် လဲယူရရှိခဲ့သော ရိုင်ဖယ်သေနတ်ကို မြေမြှုပ်ထားရာမှ ဖော်ကာ ကျွန်တော့်အား တိုက်ခိုက်ပါသနည်း ...။ သူ ဘာကို ယုံကြည်သဖြင့် ဤသို့ အသက်စွန့်သွားပါသနည်း ...။


ကျွန်တော်က အဘယ်ကြောင့် အင်္ဂလိပ် အမေရိကန် ပေးသော ရိုင်ဖယ်သေနတ်ဖြင့် ဗမာအချင်းချင်းကို သတ်မိပါသနည်း ...။ ကျွန်တော် ဘာကို ယုံကြည်သဖြင့် ဤသို့ သတ်မိလေသနည်း ...။


ဤသို့ အချင်းချင်းသတ်ကြခြင်းသည် မည်သည့်အချိန်တွင်မှ ပြီးဆုံးရပ်နား ငြိမ်းအေးမည်နည်း။ "မိတ်ဆွေ" အင်္ဂလိပ် အမေရိကန်ထံမှ လက်နက်များ ပို၍ပို၍ များပြားစွာ ရပြီး၊ "ရန်သူ" ဗမာတွေကို ကျွန်တော်က ပို၍ပို၍ သတ်ပစ်လိုက်လျှင် ငြိမ်းချမ်း ပါမည်လော ...။


မေးခွန်းများသည် တသီတတန်းကြီး ပေါ်ထွက်လာပါ၏။ သို့သော် သာမန်ဗဟုသုတသာရှိသော သာမန်စစ်သားကလေးဖြစ်သူ ကျွန်တော့်အဘို့ အဖြေကို တွေးတော၍မရပါ။ ထိုသို့ မရနိုင်သောအဖြေကို တွေးတောရှာဖွေခိုက် "ဟိုမှာ တို့ဘက်က အလောင်းတလောင်း ဟေ့" ဟု ကျွန်တော့်တပ်စုမှ ရဲဘော်၏အသံတသံ ကြားရပါသည်။


"ရဲဘော်တို့ရေ ... ငါ မသေသေးပါဘူးကွ၊ ငါ့ကို သယ်လှည့်စမ်းပါ ..." ဟု ကျွန်တော်သည် အသံကုန် ဟစ်၍ ဟစ်၍ ခေါ်လိုက်ပါသည်။


ကျွန်တော့်အသံသည် မထွက်သဖြင့် သူတို့ မကြားပါ ...။


သို့သော် သူတို့သည် ကျွန်တော့်အနီးသို့ လာကြပြီး မျက်စိသာ ဖွင့်ချီ မှိတ်ချီ လုပ်နိုင်တော့သော ကျွန်တော့်ကို စမ်းသပ်ကြည့်ရာမှ "ရဲဘော်တင်မောင်ဟေ့၊ မသေဘူးကွ ... လာသယ် သွားကြစို့ ..." ဟု ကျွန်တော်၏ခန္ဓာကိုယ်ကြီးကို တပ်စခန်းသို့ သယ်ဆောင် ယူကြပါ၏။


ကျွန်တော်ကား မသေတော့ပါ ...။ တပ်စခန်းမှတဆင့် ဆေးရုံသို့ တင်ပို့ကာ ကုသပါက မကြာမီ ဒဏ်ရာများ ပျောက်ကင်းပါတော့မည်။ 


သို့သော် ... အလံနီ လယ်သမားကြီးမှာကား ပူပြင်းလှသော အညာနေ၏အောက်တွင် ဆူးတို့ဖြင့် ပြီးသော အညာချုံပုတ်အနီး၌ သေဆုံး ကျန်ရစ်ရှာပါသည်။


ကျွန်တော်သည် သူ၏အလောင်းနှင့် ၄ နာရီကြာမျှ ဆွေးနွေး နှီးနှောခဲ့ပါ၏။ သူ့ကို ကျွန်တော် ဘာကြောင့်သတ်မိလေသနည်း။ သူက ကျွန်တော့်အား ဘာကြောင့် သတ်ရန် ကြိုးစားပါသနည်း ဟူသော မေးခွန်းများကို သူ၏အလောင်းနှင့်ကျွန်တော် လေးနာရီကြာ ဆွေးနွေးခဲ့ပါ၏။ သို့သော် ... အဖြေရှာမရခဲ့ပါ ...။


အောင်ဗလ

(ဆိုဗီယက်စာရေးဆရာ ဂါရှင်၏ ၀တ္ထုတိုကို မှီးသည်။)

No comments:

Post a Comment