အမှန်တော့ ကျုပ်လုပ်ရမည့် အလုပ်ကို ကျုပ်လုပ်တာပါပဲဗျာ။
ဘာမှ ကြီးကြီးကျယ်ကျယ် ပြောစရာလည်း မရှိပါဘူး။ ပြောလဲ မပြောတတ်ပါဘူး။ ပြောလဲ ဘယ်သူကမှ ကျုပ်စကားကို အရာသွင်းမှာ မဟုတ်ပါဘူး။ ဇာတ်ပို့ဆိုင်းထဲက စည်းတီး တစ်ယောက်ရဲ့ စကား ဘာများ အရေးပါမှာမို့လဲ။ အဲ... စည်းတီးလည်း ဖြစ်ပြန်၊ ဘိန်းကလဲ စားပြန်ဆိုတော့ ပိုတောင် အဖက်မလုပ်ချင်ကြသေး။
တတ်နိုင်ပါဘူးဗျာ ကျုပ်စည်းတီးတတ်တယ်။ ပြီးတော့ ဘိန်းစားတယ်၊ ဒီနှစ်ခုနဲ့ပဲ 'ကိုဇီးယို' ဆိုတဲ့ ကျုပ်ဟာ ရုပ်လုံးပေါ်သွားပါပြီ။ ဇာတ်ဆိုင်းထဲမှာ စည်းတီး ဘာကြောင့် လုပ်သလဲတဲ့။ စည်းတီးအလုပ်ကို ကျုပ် ဝါသနာပါတယ်ဗျာ။ စည်းတီးနေရတာ ပျော်တယ်ဗျာ။ ဒါပါပဲ၊ အင်း... ဘိန်းကော ဘာကြောင့် စားသလဲတဲ့။ ဒါလဲ ရှင်းပါတယ်၊ ကြိုက်လို့ပေါ့ဗျာ။ ဘိန်းမှိန်းနေရတဲ့ အရသာလောက် ကောင်းတာ လူ့ဘဝမှာ မရှိတော့ဘူးလို့ ကျုပ်ထင်တယ်။ တစ်ခုတော့ ရှိတယ်ဗျာ၊ ဘိန်းစား ဘိန်းစားဆိုပြီး ကျုပ်ဟာ သူတကာ ဘိန်းစားတွေလို အလုပ်မရှိ အကိုင်မရှိ ဟိုကဆွဲ၊ ဒီကတောင်း၊ ဟိုက အလစ်သုတ်၊ ဒီက ချေးငှားနှင့် ဘိန်းဖိုးရှာသူတော့ မဟုတ်ရေးချ မဟုတ်လေဘူး။ ဘိန်းဝယ်ဖို့ ပိုက်ဆံကို စည်းတီးအလုပ်နဲ့ ကျုပ်ရှာတယ်။ ဘယ်သူမှ အပူမကပ်ဘူး။
ပြီးတော့ ဘိန်းမှိန်းပြီးတော့များ အလုပ်ထဲမှာ ပေါ့လျော့ပျက်ကွက် လိမ့်မယ် မထင်ပါနဲ့။ ခုနစ်သံချီ ဧည့်ခံကနေ တစ်ညဉ့်လုံးလုံး နောက်တစ်နေ့ မိုးလင်း ဇာတ်သိမ်းတဲ့အထိ ဇာတ်ပေါင်းခန်း သီချင်းဆိုတဲ့အထိ ကျုပ် စည်းတီးပါတယ်။ တစ်ချက်ကလေးမှ မပျက်ကွက်ပါဘူး။
***
အံမာ စည်းတီးသမား ဘိန်းစားဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့နော်။ မင်္ဂလာ ဦးအောင်မောင်းကြီးရဲ့ နာမည်ကျော် ခြေထိုးအကမှာ ပတ်မကြီးနဲ့ အပေးအယူ လုပ်သွားရတဲ့ စည်းတီးသမားဗျ။ သီချင်း တီးလုံး အဆုံးနဲ့ ခြေထိုးပြီး အကဆုံးတာနဲ့ အံကျ ဖြစ်ဖို့ ပတ်မတီးက "ဗြထီးပိုး ဂျေထိ" လို့ ဆွဲအချမှာ ကျုပ်ရဲ့စည်းကလည်း ကွက်တိ ခွင်ကျ၊ "ချွင်... ခေါက်" လိုက်ပေးရတာ လွယ်သမှတ်လို့။
ဒါကြောင့် သခင် အောင်မောင်းကြီးက ကျုပ်ကို လက်မလွှတ်တာ၊
"ဇီးယို မင်းမလဲ ဘိန်းဖြတ်ဖို့ စိတ်မကူးတော့ဘူးလား" လို့ ခဏခဏ မေးရှာတယ်။ ကျုပ်က အဟင်း... ဟင်း လို့ပဲ ရယ်ပြပြီး သူ့ရှေ့က ရှောင်ထွက်ခဲ့တယ်။ ကျုပ် အဲဒီလို ဘိန်းစွဲနေမှန်း သိရက်နဲ့ ကျုပ်ကို ဇာတ်ထဲက ထုတ်မပစ်တာဟာ ကျုပ်ရဲ့ စည်းတီးပညာကို သူ သဘောကျလို့ပဲပေါ့။ လက်မလွှတ်နိုင်လို့ပေါ့။
ပြောကြစတမ်းဆိုရင် ကျုပ်ကလဲ မင်္ဂလာ ဦးအောင်မောင်းကြီးရဲ့ ဇာတ်ထဲမှာပဲ အလုပ်လုပ်ချင်တယ်။ ဘယ်မှ မပြောင်းချင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ကို ကြည်ညိုလို့ပဲ။ ဒီနေရာမှာလဲ သူ့ကို ကြည်ညိုတယ်ဆိုတာ နာမည်ကြီး ခြေထိုးအကနဲ့ ပရိသတ်ကြိုက်လှတဲ့ ပန်းပဲမောင်တင့်တယ် ဇာတ်ထုပ်တွေကြောင့် မဟုတ်ပါဘူး။ ဒါတွေက သူ့ အနုပညာ အစွမ်းတွေ။ အနုပညာ အစွမ်းကို ကျုပ် လေးစားပါတယ်။ ချီးကျူးပါတယ်။ ဒါပေမယ့် မင်္ဂလာ ဦးအောင်မောင်းကြီးကို ကျုပ်တကယ် ကြည်ညိုမိတာ သူ့ရဲ့ စိတ်ဓာတ်ပါ။
သူက လူရွတ်ကြီးဗျ။ ရွတ်ပုံကလည်း စာတင်လောက်တယ်။
တစ်နေ့၊ ဇာတ်ရုံထဲကို ညနေဘက် ငါးနာရီလောက် စတိုင်ကောင်းကောင်းနဲ့ လူကြီး နှစ်ယောက် ပေါက်ချလာပြီး ဦးအောင်မောင်း ဘယ်နှနာရီ ပွဲစထွက်မှာလဲလို့ မေးတယ်။ ထုံးစံအတိုင်း ကိုးနာရီ ပွဲစထွက်ကြောင်း ပြောတော့ အဲဒီ လူကြီးတွေက မနက်ဖြန် ခုနစ်နာရီ စထွက်ပါ၊ ပွဲစတာနဲ့ ဦးအောင်မောင်း ကိုယ်တိုင် ထွက်ကပါ။ အရေးပိုင် ပွဲလာကြည့်မယ်၊ အရေးပိုင်မင်းက ညဉ့်နက်ထိ မနေနိုင်ဘူးတဲ့။
ဘေးနားမှာ ကျုပ်က ရှိနေတာကိုး။ ပြဿနာပဲ။ သုံးရောင်ခြယ်အလံ၊ ဒေါင်းအလံနဲ့ ယိမ်းကတဲ့ သခင်အောင်မောင်း ဘာများ ပြန်ပြောလိုက်မလဲပေါ့။ ပက်ခနဲ ပြန်တွယ်လိုက်မယ် ထင်တာ။ မဟုတ်ဘူးဗျာ။ ကျုပ်ရဲ့ ဇာတ်ဆရာက ကောင်းပါပြီ... ကောင်းပါပြီတဲ့။ ဟ ဘယ်လို ဖြစ်သွားတာတုန်းပေါ့။ ကျုပ် ဘိန်းယစ်ယစ်နဲ့ တွေးကြည့်တယ်။ အဖြေ မထွက်လာဘူး။
အဲဗျာ။ နောက်တစ်နေ့ညမှာ အဖြေ ထွက်လာတာပါပဲ။
အရေးပိုင်မင်းက သူ့တပည့် လက်သားတွေနဲ့ ပွဲလယ်ခေါင် ပွဲခင်းထဲမှာ အကျအန နေရာယူထားတယ်။ အစောင့်အရှောက်တွေ၊ သက်တော်စောင့်တွေကလည်း တစ်ရုံလုံးမှာ ဟိုနေရာ ဒီနေရာ ချထားလိုက်တာ။
ခုနစ်နာရီ ပွဲထွက်ပါမယ် ဆိုပြီး ကျုပ်တို့ကိုလဲ ဘာမှ ပြောမထားဘူး။ ဘာတစ်ခုမှလည်း ကားလိပ်တွေ ဘာတွေ ပြင်ဆင်ထားတာ မရှိဘူး။ အဲ ခုနစ်နာရီလည်း ထိုးရော၊ ကားလိပ်ဆွဲတင် လိုက်တယ်။ လူတစ်ယောက် ထွက်လာတယ်။ ဦးအောင်မောင်းရဲ့ တပည့်... ။
"ပရိသတ်များ ခင်ဗျား။ မင်္ဂလာ ဦးအောင်မောင်းဟာ ဗြုန်းစားကြီးပဲ ဘေးထိုးရင်ကြပ် ဖြစ်သွားလို့ ဒီည ပွဲမကနိုင်တော့ပါဘူး။ ဒီနေ့ည အစီအစဉ် ဖျက်လိုက်ရပါတယ်။ လက်မှတ်ရောင်းထား ငွေများကို ရုံပေါက်မှာ ပြန်လည် ထုတ်ယူနိုင်ကြပါတယ် ခင်ဗျား" လို့ ကြေညာလိုက်ရော...
ဘာပြောကောင်းမလဲ။ တစ်ရုံလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားတာပေါ့။
အရေးပိုင်မင်း ဆိုတာလဲ မျက်နှာကြီး နီရဲပြီး ရုံထဲက ပြန်ထွက်သွားရတယ်။ တကယ် ဘေးထိုးရင်ကျပ် ဖြစ်တာ မဟုတ်ဘူးဆိုတာ ရိပ်မိနေပုံ ရတယ်။ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ။ ပရိသတ်ကတော့ ပြုံးစေ့စေ့နဲ့။ ကျေကျေနပ်နပ်ကြီးပဲ။ လက်မှတ်ခ ပြန်မထုတ်ကြဘူး။ နောက်နေ့ည ဆက်ကြည့်ကြမှာတဲ့။
ကျုပ် ဦးအောင်မောင်းကြီးကို ကြည်ညိုတယ် ဆိုတာ၊ အဲလိုမျိုးကြောင့်ဗျ။
***
တစ်ခု ပြောလိုက်ရဦးမယ်။ စည်းတီး ဆိုပြီးတော့ ပညာနုံ့တယ်လို့ မထင်လိုက်နဲ့။ "သဘင်မှာ စည်း၊ ထီးမှာ ခရိုင်၊ နိုင်ငံမှာ အမတ်" တဲ့ဗျ။ စည်းက အချုပ်နော်။ အဟင်း... ဟင်း
ဘိန်းစားဆိုတော့ ဘိန်းစားပေါ့ဗျာ။ ဒါပေမယ့် မင်္ဂလာ ဦးအောင်မောင်းရဲ့ ဇာတ်ပို့ဆိုင်းထဲက စည်းတီး ဘိန်းစားနော်။ ဇီးယိုတို့က အဲဒီလို။ အင်း ကျုပ်အရေးပါပုံလေး ကြွားလိုက်ရဦးမယ်။ ကျုပ်တို့ ဆိုင်းဆရာက ဦးဒါနတဲ့။ ရွာစားကြီး ဦးဒါနကလည်း သူ့နာမည်နဲ့ လိုက်ဖက်စွာပေါ့လေ။ အလှူဒါန ဘယ်လောက် ရှိမရှိတော့ မသိဘူး။ ပညာမာနကြတော့ အကြီးသား။ ကြီးလောက်အောင်လည်း သူက ဇာတ်ပို့ကောင်းတာကလား။ လူရွတ်ကြီး ဦးအောင်မောင်း သူ့ကို လက်မလွှတ်နိုင်တာဘဲ ကြည့်။ နှစ်ကျွတ်အထိ၊ တွဲကကြတာ။
ဦးဒါနကိုလည်း ကျုပ်က သဘောကျသဗျာ။ သူ့ခေါင်းက ဗိုလ်ချုပ်အောင်ဆန်း ခေါင်းပုံမျိုးဗျ။ အံမာ ဆံပင် ခေါင်းတုံးဆံတောက် ထားတာကအစ တူတာ။ ရွာစားဦးဒါနကလဲ ခေတာမဟုတ်ဘူး။ သူ့ဆိုင်းကို ဇာတ်နဲ့ လိုက်ဖို့ ဦးအောင်မောင်းက ငှားတော့ ဘာပြောတယ် မှတ်သလဲ။
"ဇာတ်ဆရာ။ ခင်ဗျားကလည်း ရွတ်ရွတ်ပဲလို့ ကြားဖူးတယ်။ ကျုပ်ကလည်း လူရွတ်ပဲ။ ကျုပ်အလုပ် ကျုပ်သိတယ်။ ဆိုင်းဆိုတာ ဇာတ်ဒဏ်ကို ခံရတာချည်းပဲ။ ဇာတ်ကောင်းတာနဲ့ ဆိုင်းကောင်းသွားရိုး မရှိဘူး။ ဆိုင်းကောင်းမှ ဇာတ်ကောင်းတာ။ ဇာတ်ဆရာတို့ ကောင်းအောင် ကျုပ်ပို့ပေးမယ် စိတ်ချ။ အဲ သူ့အလုပ် ကိုယ့်အလုပ်၊ သူ့စည်း ကိုယ့်စည်းတော့ ရှိထားမှ၊ ခုကတည်းက ကြိုပြောထားတာ။ အလုပ်လုပ်ကြပြီ ဆိုတော့မှ စကားမများချင်ဘူး။ များတဲ့နေ့ ကျုပ်ဆိုင်းဝိုင်း ဖြုတ်သိမ်းမှာပဲ။ ဟောဒီမှာ ကျုပ်လမ်းစရိတ် ကျုပ်အသင့်ပြင်ထားတယ်။ ငွေငါးရာ တွေ့လား"
အဲဒီလို ဗြောင်ပြောတဲ့ လူကြီးမျိုး။
မင်္ဂလာ ဦးအောင်မောင်းနဲ့ ရွာစား ဦးဒါနကြားမှာ လူမသိ သူမသိ ကြားဝင်စေ့ပေးရတဲ့ သူကတော့ ကျုပ် ဇီးယိုပေါ့။ ကလို့ကောင်းအောင် တီးလို့ကောင်းအောင် ကျုပ်က စည်းကို လေးသင့် လေးပေးရတယ်။ သွက်သင့် သွက်ပေးရတယ်။ ချွင် ချပ် ဆိုတာက သဘင့်အသက်ဗျ။ အဲ ဦးအောင်မောင်းကြီး နှစ်ပါးသွား ဝါးလပ်ထဲမှာ ကျုပ်က စည်းကစားပေးသလို ဦးဒါနရဲ့ ဆိုင်းသမားတွေ အိပ်ငိုက်ပြေအောင်၊ ခြောက်ပေါက်ကိုက် အသံနဲ့ ညာသံ အော်အော်ပေးရတယ်။
ဘိန်းစား ဇီးယိုရဲ့ အသံသေး အသံကြောင်ကို ကြားရရင် တစ်ဆိုင်းလုံး ပွဲကျကျသွားတယ်။ ဘာပဲဖြစ်ဖြစ် သူတို့ အိပ်ငိုက်ပြေတာပေါ့။ ကျုပ်က ဘိန်းမှိန်းနေရတဲ့ အရသာလေး အပျက်ခံပြီး ညာသံအော်ရတာ။
ထားပါတော့လေ၊ ဇာတ်ပို့ ဆိုင်းပညာဆိုတာ နက်နဲပါတယ်။ အဲဒီထဲက စည်းတီးပညာ ဆိုတာလည်း သူ့နက်နဲမှုနဲ့ သူဗျ။ ဘိန်းစားစကားမို့ နောင်ကြီးတို့ အရေးတယူ မလုပ်ချင်ရင်လည်း သဘောပေါ့။
***
ကျုပ်တစ်သက် ဘယ်တော့မှ မမေ့နိုင်တဲ့ ကိစ္စကို ပြောပြပါမယ်။
ကျုပ်ဘဝမှာ အပြောင်းအလဲကြီး ပြောင်းသွားရတဲ့ အဖြစ်မို့ပါ။
အဲဒီညက နှစ်ပါးသွား စခန်းအချမှာ ဦးအောင်မောင်းကြီးက "ဇေယျာအောင်ချာ" ကို ဆိုတယ်။ ဇေယျာအောင်ချာ ဆိုတဲ့ စောင်းတော်ဘွဲ့ ကြိုးသီချင်း၊ သဘင်သမားတိုင်း သိပါတယ်။ မဟာဂီတထွက် သီချင်းကြီးပေါ့။
ဦးအောင်မောင်း ဒီသီချင်း မဆိုတာကြာပြီ။ ခုမှ ဘာစိတ်ကူးရပြီး နှစ်ပါး စခန်းအချ ကောက်ဆိုသလဲ မသိဘူး။
"ဇေယျာအောင်ချာ... စိုးမိုးသိမ်းမြန်း... ရွှေပြန်သာလှတိုင်းခန်း ဘုန်းမိုးရွာသွန်းဖြန်း... "
တစ်ပိုဒ်ဆိုလိုက် ကလိုက်၊ ဦဒါနက တီးပေးလိုက်နဲ့ ဟုတ်နေတယ်။ ကြိုးသီချင်း ဝါးလပ်စည်း မနှေးမမြန်။ ကျုပ်လည်း လိုက်ပေးနေရတယ်။
"စံခန်းမြန်းဘွေလယ်... ခဝပ်ရွှေညီဝယ်" တစ်ပိုဒ်ဆို။ ဖြတ်၊ ဒါကို အတီးပိုဒ် ကောက် ပြန်က။
"စံပယ်ငယ်... ခါတော်ချိန်ပြင်တည့်သာ ပဉ္စသိန်"
ကျုပ်လည်း စည်းတီးရင်း စိတ်ထဲက လိုက်ဆိုနေမိတယ်။
"ဝတိန်ညီလာ... နွဲ့နွဲ့လေး... စောင်းတော်ရွှေကြိုးသာဘွဲ့လေး"
"ရစ်ဘွဲ့ငယ်ကြူးလှိုင်... သံချင်းငယ်ပြိုင်"
ဆိုလိုက် တစ်ပိုဒ်ဖြတ်လိုက် တီးလိုက်၊ ကလိုက်၊ ဟုတ်လို့။
"ပြည်တော်ဝေမြိုင် မြပုလဲတိုင်"
စိတ်ထဲက လိုက်ဆိုရင်း စားထားတဲ့ ဘိန်းအရှိန်လေးနဲ့ မှိန်းကောင်းနေတုန်းမှာ၊ သီချင်းသံက တစ်ပိုင်းတန်းလန်းကြီး ရပ်သွားလို့ ဇာတ်ခုံပေါ် မော့ကြည့်လိုက်မိတယ်။
ဦးအောင်မောင်းက သီချင်းအဆို ရပ်ထားပြီး စကားပြောတယ်။ "အင်း အောင်မောင်း ဒီညကတာ မာဃဇာတ်ထုပ်၊ နက်ဖြန်တော့ မိဘပြည်သူတို့ ကြိုက်ကြတဲ့ ပန်းပဲဇာတ်ထုပ် ကမယ်" ပရိသတ် ဝေါဝေါနဲ့ပေါ့။ ပန်းပဲမောင်တင့်တယ် ဆိုတာ ဦးအောင်မောင်းရဲ့ အကောင်းဆုံး ဇာတ်ထုပ်ကိုး...
စခန်းချဆိုတော့ ဆိုင်းက စိမ်ပေးနေရတယ်။ ကျုပ်ကလည်း စည်းကို ဖော့တီးပေးရင်း မှေးပေးထားရတယ်။ ဒီအစိမ်ထဲမှာ ဦးအောင်မောင်းက အဆိုရပ်ပြီး၊ စကားဖြတ်ပြောတာ။
ဦးအောင်မောင်းက အဆို ပြန်ကောက်တယ်။
"ဇေယျာအောင်ချာ စိုးမိုးသိမ်းမြန်း"
ဟ ဘယ့်နှာပါလိမ့်။ အစကနေ ပြန်ကောက်နေပါလား။ ထုံးစံမရှိပါဘူး။ တစ်ပိုဒ်ဆို ဖြတ်၊ တီးပိုဒ်မှာ က။ ဆက်ဆို၊ ပြည်ဝေမြိုင် အပိုဒ် ခုနင်က နေရာ ရောက်လာခဲ့ပြန်ရော။
"ပြည်တော်ဝေမြိုင် မြပုလဲတိုင် အင်း ပန်းပဲနော် ပရိသတ်ကြီးများ၊ အောင်မောင်းရဲ့ ပန်းပဲဇာတ်ထုပ် နက်ဖြန်ည" ဆိုနေရင်းနဲ့ စကားဖြတ်ပြောပြန်တယ်။
ကျုပ်သိလိုက်ပြီ၊ ဦးအောင်မောင်း ရှေ့စာသား မေ့နေပြီး စာသားကျက်နေပြီ။ ဒါ့ကြောင့် ဆိုနေရင်း ရပ်ပြီး စကားဖြတ်ပြောနေတာ။ ကျုပ်က ဆိုင်းဝိုင်းထဲ လှမ်းကြည့်လိုက်တယ်။ ကျုပ်တင် မဟုတ်ပါဘူး။ တစ်ဝိုင်းလုံးပါဘဲ။ ဦးဒါနကို လှမ်းကြည့်နေကြတယ်။ ဇာတ်ဆရာ စာသားပျောက်နေပြီလေ။ ဒါကို ဦးဒေါနက ပရိသတ် မသိစေရအောင် ပတ်လုံးလေးနဲ့ အသာလေး အသံပြပေးလိုက်ရင် ဦးအောင်မောင်းကြီး စာသားပြန်ပေါ်လာမှာပေါ့။
အဲ... သူတို့ချင်း ဘာစိတ်ခုထားသလဲ မသိဘူး။
ဦးဒါနက အသံမပြဘူးဗျာ။ ဖေါ်မပေးဘူးဗျာ။ သူက ပြမပေးတော့ ကြေးတို့ နှဲတို့ မောင်းတို့ အပီတီးတွေကလည်း ဘယ်လုပ်ရဲကြမလဲ။
ဦးအောင်မောင်းကလည်း မာနနဲ့ဗျ။ ဆိုင်းကို လှမ်းကြည့်တာတို့ ချောင်းဟန့်တာတို့ ဘာတို့နဲ့ အကူအညီ မတောင်းဘူး။
ဇေယျအောင်ချာကို အစကနေ ပြန်ဆိုတယ်လေ။
ဒီလိုနဲ့ ဆိုလာ တစ်ပိုဒ်ချင်း တစ်ပိုဒ်ချင်း အဲ... ပြည်တော်ဝေမြိုင် မြပုလဲတိုင် ရောက်တော့ ရပ်သွားပြန်ရောဗျာ။
"မိဘပြည်သူများရဲ့ မေတ္တာကြောင့် ပန်းပဲကို အောင်မောင်း ကရပါမယ်။ ကြွခဲ့ကြပါဦး ဟုတ်လား။ ပန်းပဲမောင်တင့်တယ်မှာ အောင်မောင်း ဘယ်လိုဆိုမယ်၊ ပြောမယ်ဆိုတာ သေသေချာချာကြီး ရှုစား နားဆင်ကြပါဦးလို့ ဟုတ်လား"
တစ်ခါနှစ်ခါ မဟုတ်ဘူး။ ဒီလိုနဲ့ချည်း လေးငါးခါ ပြန်ကျော့ ဒီအပိုဒ် အရောက်မှာ အဆိုရပ်၊ စကားဖြတ်ပြော ဖြစ်လာတော့ ပရိသတ်က သိလာကြပြီလေ။ တဝေါဝေါ ဖြစ်လာပြီ။
ကျုပ် မနေနိုင်တော့ဘူးဗျို့။
နောက်တစ်ခေါက် ပြန်အကျော့ ပြည်တော်ဝေမြိုင် မြပုလဲတိုင်လည်း ရောက်ရော စည်းတီးရင်းနဲ့ "ဆေးဆေးလေးလေး" ဆိုတဲ့ သီချင်းစာသားကို ကျုပ်ရဲ့ အသံသေး အသံကြောင်နဲ့ အော်ပေးလိုက်တယ်။
ဘာပြောကောင်းမလဲ။ ခုံပေါ်က ဦးအောင်မောင်းရော၊ ဆိုင်းထဲက ဦးဒါနေရော၊ ပွဲခင်းထဲက ပရိသတ်တွေရော အားလုံး ကျုပ်ကို ဝိုင်းကြည့်ကြတော့တယ်။ တတ်နိုင်ဘူးဗျာ။
ပြီးသေးဘူးဗျ။ သောက်ကျိုးနည်း အံ့ဩစရာကြီး။ ဦးအောင်မောင်းကြီး ရယ်လေ ခုံပေါ်ကနေ ကျုပ်ရှိရာဘက် လှည့်ထိုင်ချပြီး ကန်တော့နေလေရဲ့။ ကန်တော့ရင်းကနေ ပြောလိုက်ပုံက...
"ကိုဇီးယို ခင်ဗျားဆိုလိုက်တဲ့ ဆေးဆေးလေးလေး" ပြီးတော့မှ မတ်တတ်ပြန်ရပ်ပြီး
"အောင်မောင်း သီချင်းမေ့နေတာ။ ဇေယျာအောင်ချာကို ကြိုက်လို့ အမြတ်တနိုး ကောက်ဆိုတာပါပဲ။ မဆိုတာကြာလို့ စာသားပျောက်နေတယ်။ ဘယ်သူမှ ဝင်မကယ်ကြဘူး။ ကိုဇီးယိုသာ ဆက်မပေးရင် ပရိသတ်တို့ ဒီည ဇေယျာအောင်ချာနဲ့ပဲ မိုးလင်းတော့မှာ။ ဆိုင်းဆရာ မအေပေးကလည်း သိရဲ့သားနဲ့ ဖော်မပေးဘူး။ အောင်မောင်းကို ညစ်ထားတယ်။ ကိုဇီးယိုဟာ အောင်မောင်းရဲ့ ကျေးဇူးရှင်ပဲ ဒါကြောင့်"
ဦးအောင်မောင်း အထဲပြန်ဝင် သွားတယ်။ ဘာပါလိမ့်ပေါ့။ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ငွေဒင်္ဂါးအိတ်ကြီး...
"ကျေးဇူးရှင် ကိုဇီးယိုကို အောင်မောင်း ကန်တော့တာ၊ ပရိသတ်ကြီး ရှေ့မှောက်မှာပဲ ကန်တော့တာ၊ ဒီအထဲမှာ ဒင်္ဂါး သုံးရာ ပါပါတယ်"
ဘာပြောကောင်းမလဲ တစ်ရုံလုံး အုံးအုံး အုံးအုံး ဖြစ်သွားတာပေါ့။
ကြည့်ပါဦး။ အရေးပိုင်မင်း ပွဲကြည့်တုန်းက ခုနစ်နာရီ ထွက်ခိုင်းတာကို ဆန့်ကျင်ပြီး ဘေးထိုးရင်ကျပ် ဖြစ်လို့ ဒီည မကတော့ဘူးလို့ ကြေညာတဲ့ မင်္ဂလာ ဦးအောင်မောင်းကြီး အခု ဘိန်းစား စည်းတီး ဇီးယို ကျုပ်ကို ငွေသုံးရာနဲ့ ကန်တော့သတဲ့ဗျာ။
***
မိုးလင်းတော့ ဦးဒါနနဲ့ ဦးအောင်မောင်းတို့လည်း ဘာပြဿနာမှ မဖြစ်ကြပါဘူး။ ဦးဒါနက ကျုပ်ညစ်ပြီး သီချင်းထောက်မပေးတာ မှားတယ်၊ နက်ဖြန်ညမှာ ဇာတ်ဆရာနဲ့ ပရိသတ်ကို ကျုပ်တောင်းပန်မယ်တဲ့။
ပြီးတော့ ဦးဒေါနက ကျုပ်ကို လှမ်းမေးတယ်။
"ဟေ့ကောင် ဇီးယို မင်း ပြည်တော်ဝေမြိုင် အပိုဒ်ကို ဇာတ်ဆရာ မေ့နေတာ။ ဆက်ဖော်ပေးလိုက်တာ ဘာကြောင့်တုန်းကွ။ ငါတောင် ပေကပ်ပြီး မဖော်ဘဲထားတာ ငါ့ကိုကျော်ပြီး မင်းကလုပ်တာ ငါ့ကို မကြောက်ဘူးလား။ ဘာလဲ ဇာတ်ဆရာကို သနားလို့လား"
ကျုပ်လဲ စိတ်ထဲရှိတဲ့အတိုင်း ပြန်ပြောလိုက်မိတယ်။
"ရွာစားကိုလည်း ကြောက်ပါတယ်။ ဇာတ်ဆရာကိုလည်း သနားပါတယ်။ ဒါပေမယ့် ညကတော့ အဲဒီ ကြောက်တာတွေ သနားတာတွေကို သတိမရဘူး ခင်ဗျ။ သီချင်းအဆိုရပ် စကားတွေပြောနဲ့ ပရိသတ်ကြီးလည်း ခိုးလိုးခုလုဖြစ် အဲဒီလိုကြီး ဖြစ်နေတာကို ကျွန်တော့်စိတ်ထဲ မခံနိုင်လို့ ထအော်ပေးလိုက်တာပါ"
အနားမှာ ထိုင်နေတဲ့ မင်္ဂလာ ဦးအောင်မောင်းကြီးက တဟားဟား ရယ်လိုက်ပြီးနောက် အရယ်ရပ်ပြီး ပြောတယ်။
"အဲဒါ အနုပညာသမား စိတ်ဓာတ်ပဲကွ၊ တွေ့လား ကိုဒါန။ လောကကြီးထဲမှာ တစ်နေရာရာ တစ်ခုခု ကိုးလိုးကန့်လန့်နဲ့ မရေမရာ ဖြစ်နေတာမျိုး၊ အဆင်မပြေ ဖြစ်နေတာမျိုး၊ တစ်ဆို့ဆို့ ဖြစ်နေတာမျိုးဆိုရင် အနုပညာသမား စိတ်ဓာတ်က အလိုလို ယားကျိကျိ ဖြစ်လာတာဗျ။ ဒါမျိုးကို သူကြားလည်း မကြားချင်ဘူး။ မြင်လည်း မမြင်ချင်ဘူး။ အဲဒါကြီးကို ရှင်းပစ်ရမှ သူရင်ချောင်တာ။ ဇီးယိုဖြစ်တာ အဲဒါမျိုး"
ဦးဒါနကလည်း သူ့ပေါင်ကို ဖြန်းခနဲ ပုတ်ပြီး "ဟုတ်လိုက်လေခြင်း ဇာတ်ဆရာရယ်" တဲ့။
သူတို့ ပြောနေကြတဲ့ စကားကို ကျုပ်အသေအချာ နားမလည်ပါဘူးဗျာ။ ဒါပေမယ့် သေချာတာ တစ်ခုတော့ ရှိတယ်ဗျ။
မင်္ဂလာ ဦးအောင်မောင်း ကန်တော့တဲ့ ငွေနဲ့ ကျုပ်ဆေးဆရာကောင်းတွေကို စုံစမ်းပြီး ဘိန်းဖြတ်လိုက်တယ်။ တစ်ရာလောက်ပဲ ကုန်ပါတယ်။ ဘယ်တုန်းကမှ ဘိန်းဖြတ်ဖို့ စိတ်မကူးခဲ့တဲ့ ကျုပ် သေတဲ့အထိ ဘိန်းစားဘဝနဲ့ သေမယ်ထင်တဲ့ ကျုပ်။
ကျုပ် ဘိန်းစားဘဝ ကျွတ်ပြီ။
ဘိန်းစား ဇီးယို မဟုတ်တော့ဘူး။ စည်းတီး ဇီးယို။
ဝန်ခံချက်
၁၉၈၈ ခုနှစ် မေလထုတ်၊ သဘင်မဂ္ဂဇင်း၊ အမှတ် (၅၅) မှ (ရွာစားစိန်တင်ဟန်)၏ (ကိုဇီးယို) ဆောင်းပါးကို ဝတ္ထုတိုအဖြစ် ပြန်ရေးခြင်း ဖြစ်ပါသည်။
ချစ်ဦးညို
ပန်းဝေသီ မဂ္ဂဇင်း၊ ၁၉၉၅။
(လက်ရွေးစင် ဝတ္ထုတိုများ ... မှ)
No comments:
Post a Comment