မြန်မာတွေ လွတ်လပ်ရေးရပြီး တစ်ပြည်လုံး ပျော်ကြသည်။ ကျွန်တော်တို့လည်း ပျော်သည်။ လွတ်လပ်ရေးရဲ့ အရသာကို ခံစားလိုက်ကြမဟဲ့ ဆိုပြီး ပျော်တပြုံးပြုံး မော်မဆုံး ရှိကြသည်။ ကိုယ့်တိုင်း ကိုယ့်ပြည်မှာ ကိုယ်သာလျှင် အရှင်သခင် ဖြစ်ရမှာ ဘယ်သူမပျော် ရှိလိမ့်မတုန်း။ လွတ်လပ်ရေး ရခါစ မြန်မာတွေ လွတ်လပ်ရေး အရသာကို ဘယ်လို ခံစားရမှန်း အစရှာမရ ဖြစ်ခဲ့သည်။ လမ်းပေါ်ပဲ အဝတ်ထွက်လှမ်းရမလား၊ ငရုတ်သီးခြောက်ပဲ လှမ်းရမလား၊ သီချင်း တကြော်ကြော် အော်ဆိုရမလား၊ လွတ်လပ်တယ် ဆိုတာ ကျွန်ဘဝက ရုန်းထွက်လာတာ၊ သူ့ကျွန်ဘဝက အရှင်သခင်ဘဝ ရောက်လာတာ၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ်သာ အရှင်သခင်၊ ခုတော့ ကိုယ်က သခင်ပေါ့။ ဒါဖြင့် ကျွန်က ဘယ်မှာလဲ၊ သူ့ကျွန်ဘဝတုန်းက ခေါ်လိုက်ရတဲ့ 'အရှင်ကြီး၊ သခင်ကြီး၊ မင်းကြီး' ထူးလိုက်ရတဲ့ 'ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား'
အဖေတို့လည်း လွတ်လပ်ရေးအတွက် အတော် ရုန်းကန်လိုက်ရသည်။ ဂျပန်ခေတ်တစ်လျှောက် 'ခုတစ်ခါ၊ နောက်တစ်ခါ' နဲ့ ပါးရိုက်ခံရတာလည်း အကြိမ်ပေါင်း မနည်း။ အင်္ဂလိပ် လက်ထက်တွင်လည်း 'သခင်ပေါက်စ ထောင်ခြောက်လ' ဆိုတာနဲ့ပါ ရင်ဆိုင်ခဲ့ရသည်။ အခုတော့ လွတ်လပ်ရေး ရပြီ၊ အဖေလည်း အင်္ဂလိပ်ပေးခဲ့တဲ့ ဝန်ထောက်တန်း ရာထူးရပြီ။ ဘင်္ဂလားက ခေါ်လာတဲ့ ကုလားတွေ၊ မြန်မာပြည်မှာ ကျွန်သက်ရှည်နေကြသည်။ အဖေ့ကို 'ဝန်ထောက်မင်း'၊ အမေ့ကို 'ဝန်ထောက်ကတော်'၊ အဖေရော၊ အမေရော အလျှင်ကတော့ ရိုးလိုက်၊ အလိုက်ကြတာ၊ ဟော... ခုတော့ ဝန်ထောက်ရာထူး ရပြီ။ 'ဝန်ထောက်မင်း၊ ဝန်ထောက်မင်းနဲ့ တမင်းထဲ မင်းနေကြတော့... '
အဖေရော၊ အမေရော စိတ်ကြီးတွေ ဝင်ပြီး မျက်စိတောင် မဖွင့်ကြတော့။ အဘိုးအဘွားတွေ ဆိုတာလည်း အဖေ့ဘက်ကလည်း အဖေ့ဘက်မို့၊ သူတို့ သားလေးကို ယခုလို ဖြစ်လာအောင်၊ တော်လာအောင် ဘယ်လို ကျွေးမွေးခဲ့ရကြောင်း၊ သူတို့ သားလေးမှာ ငယ်ငယ်ကတည်းက တောက်မည့် မီးခဲရဲရဲ ဆိုတာလို ဘယ်လို တော်ကြောင်း၊ စသည်စသည်ဖြင့်၊ အမေ့ဘက်ကလည်း သူတို့ သမီးလေးမှာ မွေးလာကတည်းက မွေးထူးနေခြား ရှိပုံ၊ လိမ္မာပုံ၊ အနေအထိုင်က အစ မိန်းမပီသပြီး ပိရိပုံ၊ ပုဏ္ဏားကပင် ကြိုတင်ဟောကိန်း ထုတ်ထားပုံ၊ ဘာတဲ့... ၊ ကတော်ဆယ်ပါး တစ်ပါး ဖြစ်ရမယ်တဲ့၊ အနည်းဆုံး ဝန်ထောက်ကတော် ဆိုတာ အောက်တန်းတဲ့။
အဖေက အိမ်မှာ အစစခိုင်းဖို့ ကျွန်လိုလာပြီဟု ပြောသည်။ ထမင်းဝိုင်းမှာ တစ်နေ့ အဖေက အမေ့ကို
"ဟဲ့... မတင်... ကျွန်ကုလား... မယား... "
"တော်... တော်ပါပြီ... ဝန်ထောက်မင်းရယ်
'ကျွန်ကုလား'ဆို လုံလောက်ပါပြီ၊ 'မယားတောသူ' ဆိုတာကြီး ထည့်မပြောနေပါနဲ့တော့... "
အမေက သူတောသူ ဆိုတာ လူသိမှာ သိပ်ကြောက်တာ။ အဖေက တဟဲဟဲ ရယ်ရင်း...
"ကဲပါဗျာ၊ စကားက ကာရန်အတိုင်း လိုက်သွားမိလို့ပါ... ဟဲ... ဟဲ"
"ဒါနဲ့၊ ရှင့်ကျွန်ကုလားက ဘယ်တော့ရမှာလဲ"
"တစ်ရက်နှစ်ရက်ကြာ ရောက်လာမှာပါ။ တစ်ကောင်ထဲ မဟုတ်ဘူး။ နှစ်ကောင်ဗျ"
"လခ... အဖိုးစားနားကော ပေးရဦးမှာလား"
"အိုကွာ... ဝန်ထောက်ကတော်ကလည်း... ကျွန်ပါဆိုမှ"
"ကောင်းပါလေ့တော်၊ ကောင်းပါလေ့"
* * *
"မူတူး"
"ဆပ်"
"ဆာမိ"
"မန်... ဆပ်"
ဘင်္ဂလားက ကုလားညီနောင် အိမ်ရောက်လာသည်။ အကြီးက မူတူး၊ အငယ်က ဆာမိ၊ မျက်လုံးနဲ့ သွားကလွဲလျှင် တစ်ကိုယ်လုံး မီးသွေးတုံး၊ ကျွန်တော်နဲ့ ရွယ်တူတွေ။ အဖေက ခေါ်လျှင် "ဆပ်" တဲ့၊ အမေက ခေါ်လျှင် "မန်... ဆပ်" တဲ့။ အရိုအသေပေးတဲ့ စကားလုံးတွေ၊ ခါးကလေး ကုန်းကုန်းပြီး တဆပ်တည်း ဆပ်နေလိုက်ကြတာ။ ဘယ်တော့ကြည့်ကြည့် အင်္ကျီမရှိ၊ လန်ကွတ်တီခေါ်တဲ့ ပိတ်ဖြူစလေး မလုံ့တလုံ ပတ်ထားတာ၊ သူတို့ကို ကြည့်ကြည့်ပြီး ကျွန်တော် ရယ်မိသည်။ သူတို့ မျက်နှာကို ကြည့်လိုက်တိုင်း သွားအဖွေးသားဖြင့် တပြုံးပြုံး။
"မင်းက ဝန်ထောက်သား၊ ကျွန်နဲ့ မကစားနဲ့တဲ့" ကျွန်တော်ကလည်း မျောက်ရှုံးအောင်ဆော့တာ၊ တစ်အိမ်တည်းနေပြီး မကစားရတော့ အတော်စိတ်ညစ် သွားတယ်။ မူတူးနဲ့ ဆာမိမှာ မနက်မိုးလင်း မျက်စိနှစ်လုံး ပွင့်ကတည်းက တစ်ချက်ကလေးမျှ မအားရရှာကြ။ အားလို့တောင် မကုတ်နိုင်ကြ။ မူတူးက အဖေ့ကျွန်၊ ဆာမိက အမေ့ကျွန်။ အဖေ့ ဝေယျာဝစ္စအားလုံး ဖိနပ်တိုက်တာက အစ ရုံးသွားသည်အထိ မူတူးတာဝန်။ အမေ ဈေးဝယ်သွားတဲ့အခါ ဆွဲခြင်းကိုင်၊ ရေခပ်၊ သနပ်ခါးသွေး၊ တံမြက်စည်းလှည်း၊ အောက်ခြေသိမ်းအားလုံး သိမ်းကျုံးလုပ်ရတာက ဆာမိ။ ကျွန်တော်တို့ သားသမီးတွေ အားလုံးအတွက်ကတော့ နှစ်ဦးစလုံး ဘုံကျွန်၊ ပန်းကန်တွေ ပြောင်အောင်တိုက်သည်။ ခိုင်းသမျှ မညည်းမညူ၊ ထဆိုတဲ့အချိန် ထပြီး၊ အိပ်ဆိုတဲ့အချိန်မှ အိပ်ကြသည်။ ရေချိုးချင်လျှင် ချောင်းထဲ ခုန်ဆင်းပြီး ပြန်တက်လာရုံနှင့် ပြီးသည်။ ညဘက် ခြင်ထောင်မရှိ၊ ပူတာ မသိ၊ အေးတာ မရှိ၊ ခြင်ကိုက်တာ မသိ။ ကျွန်တော်တို့ကြောင့် ပန်းကန်ခွက်ယောက် တစ်ခုခုကွဲလျှင် မူတူး၊ ဆာမိတို့ တစ်လှည့်စီ အဆော်ခံကြရသည်။ ကျွန်တော်တို့က ကြုံတဲ့ကောင်ရဲ့ နာမည်ကို အော်လိုက်ရုံနဲ့ လုံလောက်သွားတာ။ မူတူးနဲ့ ဆာမိတို့ နှစ်ယောက်က ဘယ်တော့မှ တရားခံ မချ။ ခေါင်းငုံ့ခံသွားတာ ချည်းပဲ။
ကျွန်တော်တို့ စားပြီးသမျှ အကြွင်းအကျန်တွေကို ဇလုံကြီးတစ်လုံးထဲ ထည့်ပြီး အဲဒီ ထမင်းကျန် ဟင်းကျန်တွေကို အမေကျွေးတာ။ ဘာနဲ့ ကျွေးကျွေး တပြုံးပြုံးပဲ။ အဲ... သူတို့ရဲ့ မပါမဖြစ်တဲ့ ပွဲတော်ဟင်းလျာကတော့ 'ငရုတ်သီးစိမ်းနဲ့ဆား'၊ ငရုတ်သီးစိမ်းလေး ကိုက်လိုက်၊ ဆားကလေးကို လက်ညှိုးနဲ့ ကော်ပြီး စုပ်လိုက်နဲ့ အားရပါးရ စားကြသည်။ ပျော်ပျော်ကြီး စားကြသည်။ အာဟာရကလည်း ဘာဖြစ်သလဲ မမေးနဲ့။ တစ်ကြိမ်တစ်ခါတောင် ကျောပူခေါင်းပူ မထခဲ့ကြ။ ဖျားနာဖို့တော့ ဝေလာဝေး။
ကျွန်တော်တို့ ဒီလိုနဲ့ မူတူးနဲ့ ဆာမိ ခိုင်းလာခဲ့တာ နှစ်တွေပင် အတော်ကြာညောင်းခဲ့ပြီ။ ကျွန်တော်ပင် လူပျိုပေါက် ဖြစ်လာသည်။ သူတို့ နှစ်ယောက်စလုံး အရွယ်တွေသာ ကြီးလာသည်။ ဘာတစ်ခုမှ ပြောင်းလဲမှု မရှိ။ မြန်မာစကား ကောင်းကောင်း ပြောတတ်လာသည်။ တစ်နေ့တစ်နေ့ တမာရိုးနှင့် တိုက်ထားသော သူတို့ သွားကလေးတွေမှာ ညီညာဖြူဖွေးနေသည်။ အဖေနဲ့ အမေ့ကိုလည်း ချစ်ကြသည်။ ကျွန်တော်တို့ကိုလည်း ချစ်လည်း ချစ်၊စေတနာလည်း ရှိကြသည်။ သူတို့ ညီအစ်ကိုတွေ တစ်ခါမျှ ရန်မဖြစ်ကြ။
တစ်နေ့ အဖေက အမေ့ကို
"မတင်၊ ငါ ဆာမိတို့ ညီအစ်ကိုကို လခနည်းနည်း ပေးချင်တယ်"
"တော်က ဘယ်လောက် ပေးမှာလဲ၊ ဒီမှာ ကလေးတွေ တစ်ပြုံကြီးနော်"
"တစ်ယောက်ကို တစ်လ ဆယ့်ငါးကျပ်လောက်စီ ပေးချင်တယ်။ သူတို့လည်း ခုထိ ကိုယ်တို့ အလကားခိုင်းလာတာ ကြာပြီပဲ။ ဘင်္ဂလားက သူတို့မိဘတွေဆီလည်း ပို့ချင်မှာပေါ့ကွာ"
အမေက မလွဲမရှောင်သာ သဘောတူသည်။ မူတူးဆာမိတို့ ညီအစ်ကို နှစ်ယောက်ပေါင်းပြီး ငွေစုလိုက်၊ မိဘတွေဆီ ပို့လိုက်ဖြင့် ပျော်နေကြသည်။ ကျွန်တော် ကျောင်းပိတ်တဲ့ တစ်နေ့ ဆာမိကို ခေါ်ပြီး
"ဟေ့ ဆာမိ၊ မင်းငါတို့နဲ့ နေရတာ ပျော်ရဲ့လားကွ"
"ပျော်တယ်... ဆပ်"
"မင်း... ဘင်္ဂလားက အမျိုးတွေ၊ မိဘတွေကို မလွမ်းဘူးလားကွ"
"မလွမ်းဘူး... ဆပ်"
"ဟ ဆာမိရ၊ မိဘကိုတော့ လွမ်းရမှာပေါ့ကွ"
"မလွမ်းပါဘူး... ဆပ်"
"ဒါဖြင့် မင်းတို့ ဘင်္ဂလားကိုကော မပြန်ချင်ဘူးလား"
"မပြန်ချင်ဘူး... ဆပ်"
"ဘာဖြစ်လို့လဲကွ"
"ဘင်္ဂလား ပြန်တယ်နော်၊ ဆာမိနဲ့ မူတူးကို ထမင်းကျွေးဖို့ ပါးပါး၊ မားမား အားကြီးစိတ်ညစ်မယ်... ဆပ်... စိတ်ညစ်စရာ ပေးတယ်နော်... မဂန်းဘူး ဆပ်"
"မင်းတို့ ဘင်္ဂလားကို ငွေဘယ်လောက် ပို့သလဲ"
"ငါတို့လခ အားလုံးနော် ပို့တာပဲ"
"မင်းတို့ကို ဒို့အဖေနဲ့ အမေက ဆူတာ စိတ်မညစ်ဘူးလား"
"အားဖေ... အားမေ... ဆူတယ် ကိစ္စမရှိဘူး
"ပါးစပ်နဲ့ ဆူတယ်နော်၊ လေထဲမှာပဲ ပါသွားတယ်။ ဆာမိတို့နော် ဘာမှ မဖြစ်ဘူး"
"ပါးစပ်နဲ့ ဆူတယ်နော်၊ လေထဲမှာပဲ ပါသွားတယ်။ ဆာမိတို့နော် ဘာမှ မဖြစ်ဘူး"
"မင်းတို့ ဘင်္ဂလားကို ဘယ်တော့ ပြန်မှာလဲ"
"ဆာမိတို့နော်... အစ်ကိုတို့ဆီမှာ ပျော်တယ်... ဆပ်"
* * *
ခေတ်တွေလည်း ပြောင်းခဲ့ပြီ။ ကျွန်တော်ပင်လျှင် တက္ကသိုလ်က ဘွဲ့ရခဲ့ပြီ။ မူတူးနဲ့ ဆာမိတို့ ဘင်္ဂလား ပြန်သွားကြတာ ကြာခဲ့ပြီ။ ကျွန်တော်တို့ အိမ်မှာလည်း အလျှင်လို ကျွန်ကုလား မရှိတော့၊ တောက ခေါ်ထားသော အိမ်ဖော်မလေးပဲ ရှိသည်။ အဖေတောင် ဝန်ထောက် တစ်ဖြစ်လဲ ညွှန်ကြားရေးမှူးဘဝ ရောက်လာသည်။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမများမှာ အပြိုင်းအရိုင်း ကြီးလာကြသည်။ တက္ကသိုလ် ကျောင်းသား၊ အထက်တန်း ကျောင်းသားများချည်း ဖြစ်၍ အမေမှာ အတော်ပင် ရင်ပူနေရှာသည်။ အဖေ့လခ ထောင်ကျော်ပါသည်။ သို့သော် သားသမီး ငါးယောက် မိသားစုအတွက် အတော် ဟန်လုပ် စားနေရသည်။ ဒီကြားထဲ အဖေက မကြာခင် အငြိမ်းစား ယူတော့မည်။ ခုထိ ကိုယ်ပိုင်အိမ်ရာက မရှိသေး။ အမေ့မှာလည်း ဝန်ထောက်ကတော်တုန်းက စရိုက်ကလေးတွေက မပျောက်နိုင်။ ကောင်းပေ့၊ ညွန့်ပေ့ ဆိုတာမှ စားချင်၊ ဝတ်ချင်တာ။ ဒီတစ်အုပ်တစ်မကြီးနဲ့ ရှေ့ဆက်ရမဲ့ ခရီးအတွက် ရင်မအေးနိုင်ကြ။ အဖေရော အမေရော သိလျက်နဲ့ ဘာမှ မတတ်နိုင်၍ ရှေ့ရေးကို မတွေးဘဲ မေ့ထားကြဟန် တူသည်။ ရင်ထဲ မအေးနိုင်သူက အစ်ကိုကြီး ဖြစ်တဲ့ ကျွန်တော်၊ မိဘတွေ အိုမင်းမစွမ်း ရောက်လာချိန်မှာ ကိုယ်ကတစ်လှည့် တစ်ပြန် လုပ်ကျွေးဖို့ အချိန်တန်လာခဲ့ပြီ။
"ကျွန်တော်တို့ အဖေနဲ့အမေကို တစ်လှည့် ရှာကျွေးကြမယ် အဖေရယ်"
"ရပါတယ် သားရယ်၊ ဖေဖေ တတ်နိုင်သလောက်တော့ သားတို့ မျက်နှာမငယ် စေရပါဘူး"
"မျက်နှာငယ်တာ၊ အောက်ကျတာ အရေးမကြီးပါဘူး အဖေရယ်၊ ကျွန်တော်တို့ တစ်လှည့်ပြန် ကျေးဇူးဆပ်ပါမယ်"
* * *
"ဒီနေ့တော့ ရေရေလည်လည် ပြဲတာပဲကွာ"
ကျွန်တော်သည် အထပ်လိုက်အထပ်လိုက် အဆက်မပြတ် ရောက်လာသော ပန်းကန်ပုံကြီးကို ကြည့်ပြီး ညည်းတွားခြင်း ဖြစ်ပါသည်။ ပန်းကန်တွေကို ရေနွေးကန်ထဲ ဆပ်ပြာရည်ဖြင့် ဆေးပြီး ရေအေးကန်ထဲ အချော တစ်ခါဆေး၊ ရေစစ်ပြီးသော ပန်းကန်တွေ၊ ဖန်ခွက်တွေ၊ ဇွန်း ခက်ရင်းတွေကို အဝတ်နှင့် သုတ်ရင်း အလုပ်ရှုပ်လျက် ရှိပါသည်။ ဒီနေ့က သောကြာနေ့၊ ကိုရွှေဂျပန်တို့ရဲ့ အလုပ်နောက်ဆုံးရက်၊ စနေ တနင်္ဂနွေ ရုံးပိတ်လိုက်တာကြောင့် သောကြာနေ့ဟာ သူတို့ အသေအလဲ ပျော်တဲ့နေ့။ ရုံးက ပြန်တာနဲ့ ပျော်ပွဲစားရုံတွေ၊ စားသောက်ဆိုင်တွေမှာ စားသောက်ပျော်ပါးကြသည်။
ကျွန်တော်တို့ အလုပ်လုပ်သော ဆိုင်မှာ တိုကျိုမြို့ရဲ့ အစည်ကားဆုံး ဂင်ဇာရပ်ကွက်ရှိ နာမည်ကြီး စားသောက်ဆိုင်၊ ယနေ့ညမျိုးတွင် ညဆိုင်းဝင်ရသော ကျွန်တော်တို့ အလုပ်သမားများ တစ်ချက်ကလေးမျှ မနားရအောင် အလုပ်များသောည ဖြစ်ပါနယ်။ ဂျပန်မှာ မြန်မာတွေ အလုပ်ပင်ပန်းတာကို 'ပြဲ' တယ်လို့ တင်စားကြတယ်။ ကျွန်တော်နှင့် ကျွန်တော့်ညီမှာ တစ်ဆိုင်ထဲတွင်၊ အလုပ်ချိန်ကလည်း တစ်ချိန်တည်း။ ကျွန်တော်တို့ ကံကောင်းသည်။ ကျွန်တော်က ဂျပန်စကား မတတ်၊ စာမတတ်။ ကျွန်တော့်ညီက စာလည်းတတ်၊ စကားလည်းတတ်။ ခန်းကြီးစာလုံးပင် တော်တော် ရေးနိုင်၍ အတော် အလုပ်ဖြစ်သည်။ ကျွန်တော်က မြန်မာပြည်က သိပ္ပံဘွဲ့ရထားတာ။ ကျွန်တော့်ညီက ဆယ်တန်း တဖုန်းဖုန်းကျထား၍ ကျောင်းထွက်ထားရတာ။ အဲ... ဒီမှာတော့ သူက ဂျပန်လို 'ဟောလူ' လို့ ခေါ်တဲ့ စားပွဲထိုး၊ တစ်နာရီ ယန်းတစ်ထောင့်နှစ်ရာ စား၊ ကျွန်တော်က ပန်းကန်ဆေး၊ တစ်နာရီ ယန်းရှစ်ရာ စား။ သူက ရှေ့ထွက်၊ ကျွန်တော်က နောက်ပိုင်း၊ ရှေ့ထွက်တဲ့သူက စားပွဲထိုးဝတ်စုံ အကောင်းစားနဲ့၊ နောက်ပိုင်းက ကျွန်တော်က ပိတ်ဖြူဝတ်စုံ၊ ဦးထုပ်ရှည် အဖြူနဲ့။ တော်တော်တော့ ရယ်စရာ ကောင်းတယ်။ သူကတော့ ရှေ့ဘက်မှာ ကျော့လို့၊ ကျွန်တော်ကတော့ မီးဖိုထဲမှာ ပျော့လို့။ တစ်ခါတစ်ခါ ကျွန်တော် စဉ်းစားပြီး ဟက်ဟက်ပက်ပက် ရယ်မိတယ်။ ေဩာ်... ကောသလမင်း အိပ်မက် တစ်ဆယ့်ခြောက်ချက် ဆိုတာလေ။ ဒါတောင် ကောသလမင်းက စောစော အိပ်ရာက လန့်နိုးသွားလို့ တော်သေးရဲ့၊ ဆက်များ မက်နေသေးလျှင်တော့...
အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ရထားပေါ် လိုက်ခဲ့ရသော ကျွန်တော့်မှာ ဘူတာစဉ် ကြေညာသံကလေးကို နားထောင်ရင်း လုပ်ငန်းခွင်သို့ နေ့စဉ် လာရပါသည်။ တစ်နေ့တစ်နေ့ အိပ်ချိန် လေးငါးနာရီရဖို့ အတော်ပင် ကြိုးစားနေရသည်။ နှိုးစက်သံရဲ့ အမိန့်ကို နာခံရင်း အိပ်ရာက ထရသည်။ စက်ရုပ်လို လှုပ်ရှားမှ အားလုံး အံဝင်ခွင်ကျသည်။ စိတ်လွတ်ကိုယ်လွတ် ဘာမှ မလုပ်နိုင်၊ မနေနိုင်။ စိတ်နဲ့ ရုပ်ကို အမြဲကပ်ပြီးထားနိုင်မှ တစ်နေ့တာ လုပ်ငန်းခွင် ချောမွေ့သည်။ ဆိုင်ကျွေးတဲ့ ဂျပန်ထမင်းမှာ ကြာတော့ အန်ချင်လာသည်။ ရေလုံပြုတ်၊ အကင်၊ အဖုတ်၊ အသုပ်၊ သားစိမ်း၊ ငါးစိမ်း ကျွန်တော်တို့ ပါးစပ်နဲ့ ဘယ်လိုမှ မဟပ်၊ ငါးပိနဲ့ တို့စရာကလေးသာ လွေးလိုက်ရပါက မြိန်လိုက်မည့် ဖြစ်ခြင်း။ ကျွန်တော်တို့မှာ ဂျပန်ကျွေးသော ထမင်းကို မြိန်ရေရှက်ရေ မစားနိုင်ပါ။ မဲ့ကာရွဲ့ကာဖြင့် ပါးစပ်မှ အမျိုးမျိုး ဝေဖန်ရင်း ကြိတ်မှိတ် စားခဲ့ကြရသည်။ တစ်ခါတစ်ရံ ကျွန်တော် ဆာမိနဲ့ မူတူးတို့ ညီအစ်ကိုကို သွားသတိရမိသည်။ ကျွန်တော့်အမေ ကျွေးသော ဟင်းကျန် ထမင်းကျန်များကို တပြုံးပြုံးဖြင့် စားရင်း ရတဲ့ ဝင်ငွေကလေးကို တစ်ပြားမကျန် ဘင်္ဂလားက အဖေအမေတွေဆီကို ငွေပို့ပေးခဲ့ကြတယ်။ ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိတယ်။ သူတို့ စားနေကြ ဆားနဲ့ ငရုတ်သီးတောင့်ကလေး။
"ကိုကြီး တစ်ယောက်တည်း လာပေါက်နေတာလဲ။ ဟိုမှာ အားလုံး ဝိုင်းကြည့်နေကြတယ်။ ရှက်စရာကြီး... ဟီး ဟီး"
ကျွန်တော် ချက်ချင်း မျက်နှာပိုးသတ်လိုက်ရတယ်။ ထမင်းစားချိန် တစ်နာရီ နားကြရသည်။ ထမင်းကို အားရပါးရ အရသာခံ မစားနိုင်။ တာဝန်လို စားနေရသည်။ တစ်နေ့တစ်နေ့ 'အချိန်ဟာ ငွေ' (Time is Money) ဆိုသော အသိနဲ့ နာရီလက်တံလို လည်နေရသည်။ မျက်စိထဲမှာ နေ့စဉ်နဲ့အမျှ ဒေါ်လာတွေ၊ ယန်းတွေပဲ မြင်မြင်နေသည်။ အိပ်လည်း ဒီစိတ်၊ စားလည်း ဒီစိတ်။ မြန်မာပြည်က အဖေနဲ့ အမေ့ရဲ့ မျက်နှာ၊ ညီအစ်ကို မောင်နှမတွေရဲ့ မျက်နှာက ဝဲလည်လည်။ အသက်အရွယ်ကြီးနေတဲ့ မိဘတွေ ဒုက္ခမရောက်စေချင်။ ကျွန်တော်တို့ ဒီမှာ ကုန်းရုန်းပြီး ရှာတဲ့ငွေနဲ့ မိဘများရဲ့ ကျေးဇူးဆပ်နေနိုင်တာကိုပဲ တအား။ ကျွန်တော့်ခေါင်းထဲ မူတူးနဲ့ ဆာမိတို့အကြောင်း အမြဲဝင်နေသည်။ ကျွန်တော်တို့ အမေပေးတဲ့ မဖြစ်စလောက် ငွေကလေးကို စုစုပြီး ဘင်္ဂလားရှိ မိဘတွေဆီ ပို့တဲ့ သူတို့ ညီအစ်ကိုနှစ်ယောက်နဲ့ အခု ဂျပန်ရောက်နေတဲ့ ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်အကြောင်း...။
"ကိုကြီး... မန်နေဂျာ ခေါ်နေတယ်"
ကျွန်တော် အတွေးကောင်းနေစဉ် မန်နေဂျာက ခေါ်နေကြောင်း ကျွန်တော့်ညီ လာပြောသည်။ ဂျပန်ရောက်မှ ကျွန်တော်တတ်ထားသော ပညာဆိုတာတွေ၊ ဘွဲ့နဲ့ ပတ်သက်တာတွေ အသာခေါက်ထားရသည်။ တစ်နေ့တစ်နေ့ တဟိုက်တည်း ဟိုက်နေရသည်။ ခါးကလေး တကုန်းကုန်းဖြင့် ပြုံးပြုံးပြပြီး တဟိုက်တည်း ဟိုက်နေရတာ ကြာတော့ မိုက်ခနဲ မိုက်ခနဲတောင် ဖြစ်လို့။ ကျွန်တော် အခန်းထဲ ဝင်လိုက်သည်နှင့် မန်နေဂျာရှေ့တွင် ကျွန်တော့်ညီက အသင့်စောင့်လျက်။ သူက စကားပြန်၊ ကျွန်တော် ခေါင်းနားပန်း ကြီးသွားသည်။ မန်နေဂျာဆီကို အထူးကိစ္စ မရှိဘဲ မရောက်ကြ။ ယခုတလော ဂျပန်တွေ စီးပွားရေးကျတယ်ဆိုပြီး နိုင်ငံခြားသား အလုပ်သမားများကို တဖြုတ်တည်း ဖြုတ်နေသည်။ မန်နေဂျာက ကျွန်တော့်ကို ကြည့်ပြီး
"ဂျပန်မှာ အလုပ်လုပ်ရတာ ပျော်ရဲ့လား"
"ဟိုက် (ဟုတ်ကဲ့)"
"မြန်မာပြည်ကို မလွမ်းဘူးလား"
"မလွမ်းပါဘူး"
"မြန်မာပြည်က မိဘတွေဆီကော ငွေမှန်မှန် ပို့သလား"
"ဟိုက် (ဟုတ်ကဲ့)"
ဆိုင်မှာလည်း အရောင်းပါး၍ လူတွေ လျှော့နေသည်။ အထူးသဖြင့် ကျွန်တော့်လို အရေးမပါသော အလုပ်သမားတွေကို ဖြုတ်နေသည်။ အခု မန်နေဂျာ ခေါ်တွေ့တယ်ဆိုတာ အလကား မဟုတ်နိုင်ပါ။ ဂျပန်က ဉာဏ်ခပ်များများ။ သူ့မေးခွန်းတွေကို ဂရုတစိုက် ဖြေနေရသည်။ တစ်ချက် အဖြေမှားလျှင် အလုပ်ပြုတ်နိုင်သည်။ မြန်မာပြည်ကို လွမ်းပါတယ်ဆိုလျှင် ဂျပန်က
"ဒီလိုဆိုလည်း တစ်ခါတည်း အနားယူလိုက်ပါ
(အိုယာစုမိ) ဆိုပြီး ယဉ်ယဉ်ကျေးကျေး အလုပ်က ဖြုတ်လိုက်မည်"
(အိုယာစုမိ) ဆိုပြီး ယဉ်ယဉ်ကျေးကျေး အလုပ်က ဖြုတ်လိုက်မည်"
ကျွန်တော့် မျက်စိထဲ မူတူး၊ ဆာမိတို့ ညီအစ်ကို နှစ်ယောက် မျက်နှာပဲ တဝဲလည်လည် မြင်ယောင်နေသည်။ ချွေးသီးချွေးပေါက်တွေ ကျနေသည်။
"အစ်ကို... မန်နေဂျာက နာမည် မေးနေတယ်"
ကျွန်တော့် ခေါင်းတွေ ချာချာလည် နေသည်။ မူတူးနှင့် ဆာမိတို့ရဲ့ ဖြူဖွေးသော သွားကိုယ်စီဖြင့် ကျွန်တော့်ကို ပြုံးကြည့်နေသည့် မျက်နှာ။ ကျွန်တော့် မျက်လုံးတွေ ဝေဝါးနေသည်၊ ရုတ်တရက် ကျွန်တော့်ညီက လက်နဲ့လှမ်းတို့ပြီး
"အစ်ကို... နာမည် ဘယ်သူတဲ့လဲ"
ကျွန်တော်နာမည်ကို အပြည့်အစုံ အားရပါးရ ပြောချလိုက်သည်။ ဂျပန်မန်နေဂျာက တအံ့တဩဖြင့် ကျွန်တော့်ကို ကြည့်ပြီး ကျွန်တော် ပြောလိုက်မိသော နာမည်အပြည့်အစုံကို အောက်ပါအတိုင်း ပြောချလိုက်သည်။
"မူတူး... ဆာမိ... စံ တဲ့လား"
"ဟိုက်"
"ဟိုက်"
မောင်စံသိန်း(ဒဿနိက)
ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၆။
credit to Mg Shwe Roe @ mmcybermedia.com
ရုပ်ရှင်အောင်လံ မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၆။
No comments:
Post a Comment