(၁)
ရွှေငါးဟု ဘာကြောင့် ခေါ်သည်ကို တိတိပပ မသိခဲ့ရ။ အဖေကသာ ရွှေငါး သားကြီးဟု အမြဲခေါ်တတ်၍ ရွှေငါးပဲ ခေါ်ကြသည်။ ရွှေငါးဟု ဆိုသော်လည်း အရောင်က ရွှေရောင်မရှိ၊ ညိုပြာပြာသာ ဖြစ်သည်။ အလုံးအထည် တုတ်တုတ်နှင့် မနိမ့်မမြင့် ရှိသည်။ သူနှင့် တွဲဖက်ကိုတော့ အရူးဟု ခေါ်သည်။ အရူးကမှ ရွှေရောင် ပြေးနေသည်။ အဖေ အမည်မှည့် မှားလေသလားဟု တွေးဖူးသော်လည်း အဖေ မမှားပါ။
“ သားရေ ရေတိုက်ပြီး ကြိုးဖြေ လွှတ်လိုက်တော့... ”
မြို့က မောမောပန်းပန်း ပြန်လာသည့် ရွှေငါးနှင့် အရူးကို အဝတ်ဟောင်းနှင့် ဖုန်တွေ ခါပေးနေစဉ် အဖေက ပြောသည်။ ခုနှစ်မိုင် ခရီးကို ဖုန်တထောင်းထောင်းနှင့် ခရီးနှင် လာရ၍ သူတို့ ကိုယ်ပေါ်မှာ ဖုန်တွေ ဖွေးနေသည်။မျက်ကွင်း မည်းမည်းတွေက လွဲ၍ ဖုန်တွေ ဖွေးနေသည်။ နှာခေါင်းနဲ့ ပါးစပ်မှာတော့ နှာရည် သွားရည်နှင့် ဖုန်တို့ရောကာ မည်းညစ်နေသည်။
ရေတိုက်ပြီး ကြိုးဖြေ လွှတ်လိုက်တော့ အရူးက အဖေပေးထားသည့် နာမည်အတိုင်း အမြီးထောင် ကဆုန်စိုင်းကာ ရူးကြောင်ကြောင် လျှောက်ပြေးတော့သည်။
ခရီးပြင်း နှင်ခဲ့ရသည်ကို သူမှ မမောသေး။ ဟိုပြေး သည်ပြေး ပတ်ချာလှည့် ပြေးသည်။ အဖော်တွေ ရှိရာ လယ်ကွင်းတစ်လျှောက် ခုန်လိုက်ပေါက်လိုက် အမြီးထောင်လိုက် ရုတ်တရက် ရပ်လိုက်နှင့် သွားနေသည်။ အရူးမှ တကယ့် အရူး။
ရွှေငါးကတော့ ဣန္ဒြေရသည်။ စားကျက်ကို ဣန္ဒြေ ရရသာ သွားသည်။ ခပ်လေးလေး သွားရင်း မြက်ခင်း စိမ်းစိမ်းတွေကို နုတ်စားသွားသည်။ လှည်းမှာ တပ်လျှင်လည်း ရွှေငါးက ခပ်မှန်မှန်သာ သွားတတ်သည်။ ကြိမ်နှင့် တို့လျှင်တောင်မှ အပြေး သွားခြင်းမျိုး မရှိ။ ခြေလှမ်းကျဲ၍ ခပ်သွက်သွက်သာ သွားသည်။ အရူးက အတိုင်ဘက်မှ ပြေးနေသော်လည်း ရွှေငါးက မပြေး။ ပြေးနေသော အရူး ခြေလှမ်းနှင့် ညီရန်သာ ကျဲကျဲနှင့် သွက်သွက် လျှောက်သည်။
တစ်ရှဉ်းမှာ လာဖြစ်ရသည့် နွားနှစ်ကောင်မှာ တစ်ကောင်နှင့် တစ်ကောင် ဆန့်ကျင်ဘက် အစစ ကွာနေသည်။ သို့သော်လည်း ခိုင်းရာမှာတော့ အတိုင်အဖောက် ညီသည်။ အရူးက တစ်ခါတစ်ခါ ရွတ်ချင်သော်လည်း ရွှေငါးက ထိန်းပေးထားသည်။ အင်အားကလည်း ရွှေငါးက သာ၍ အရူး မရွတ်သာ။ ရွတ်၍ လမ်းဘေးဆွဲရန် ပြင်တိုင်း တောင့်ရပ်ခံထားသည့် ရွှေငါး အင်အားကို မတိုးသာ။ တစ်ကောင်နှင့် တစ်ကောင် ကွာခြားနေရသည်မှာ အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သည်။
ရွှေငါးက အရူးထက် အသက် ကြီးသည်။ အလုံးအထည် ကြီးသည်။ အင်အားလည်း သာသည်။ နှစ်ကောင်စလုံး ခြံပေါက် ဖြစ်သော်လည်း အဖေက ရွှေငါးကို ပိုချစ်သည်။ ရိုက်တာချင်း အတူတူ အရူးကို ခပ်ပြင်းပြင်း ရိုက်သည်။ ရွှေငါးကိုတော့ ကျောပေါ် ကြိမ်တင်ရုံသာ တင်သည်။ သိပ် လေးလေးလံလံ ကုန်တွေနှင့် ချောင်းအတက် ကုန်းအတက် တွေမှာတော့ သား အရူးလေး ရုန်းထားနှင့် အဖေ ချော့ခိုင်း တတ်ပါသည်။
သို့သော်လည်း အရူးက တစ်ခါတစ်ရံ အစားကောင်းကောင်း မစားဘဲ နွားမတွေနောက် လိုက်နောက် နေတတ်သည်။ တခြားနွားအုပ်ထဲ သွား၍ ဆော့နေတတ်သည်။ နွားသွင်းချိန်ဆို အရူးကို ရှာရသည်မှာ အမော။ ရွာရိုးကိုးပေါက် ဟိုခြံတိုး သည်ခြံတိုးနှင့် နွားမတွေနောက် လျှောက်ပြေး နေတတ်သည်။ အဖေ မြင်ပြင်းကတ်လည်း ကတ်ချင်စရာပင်။
သို့သော်လည်း ဒိုးတူပေါင်ဖက် လုပ်ကိုင် စားလာရ၍ ရွှေငါးနှင့် အရူးကို အဖေ ချစ်တာပါပဲ။ သားလိမ္မာနှင့် သားဆိုး နှစ်ယောက်လုံး လိုပါပဲ။ လိမ္မာလွန်း၍ စိတ်အေးစွာ ချစ်ရခြင်းနှင့် သားဆိုးမို့ စိတ်ပူပန်မှု စွက်ကာ ချစ်ရခြင်းတို့သာ ကွာပါသည်။
( ၂ )
ငယ်စဉ်က နွေရာသီ ကျောင်းပိတ်လျှင် ရွာကို ပြန်ပါသည်။ ရွာရောက်လျှင် နွားကျောင်းရသည်။ အဖေမြို့ သွားစဉ်နှင့် တောင်ပေါ် ထင်းတိုက် သွားလျှင်သာ အရူးတို့ ရွှေငါးတို့နှင့် ခွဲနေရသည်။ ကျန်အချိန် မှာတော့ သူတို့ကို ကျောင်းရသည်။ သူတို့အတွက် ကောက်ရိုး စဉ်းရသည်။ နှမ်းဖတ်ရည် စိမ်ရသည်။ မနက်စောစော သူတို့ကို ရေချိုးပေးရသည်။ နွားသွင်းချိန်မှာ ရေတိုက်ရသည်။
ရေချိုးလျှင် ရွှေငါးကြီးက သဘောကောင်းသည်။ ရင်ကြား ပေါင်ကြားမကျန် ပွတ်သပ်၍ ရေချိုး၍ ရသည်။ အရူးက မရ။ ပေါင်ကြားနှိုက်လျှင် လန့်၍ ကန်သည်။ သူ့ကို ရေချိုးလျှင် စုတ်သပ် ချော့မော့၍ ချိုးပေးရမြဲ။ နေ့ခင်း တစ်ရေးမှေးပြီး စားမြုံ့ပြန်နေ ချိန်မှာတော့ ချော့ပြီး ပေါင်ကြားက မွှားတွေ နုတ်ပေးလျှင် ပေါင်ကားပြီး ငြိမ်နေတတ်သည်။
တစ်ကောင်နှင့် တစ်ကောင် စရိုက် မတူသော်လည်း ချစ်တော့ ချစ်ကြသည်။ ငယ်စဉ်ကတည်းက အဖေ့ဆီမှာပဲ အတူကြီးပြင်း လာသည့် ခြံပေါက်များမို့ ထင်ပါရဲ့။ တစ်ကောင်နှင့် တစ်ကောင်လည်း မျက်ခြည်ပြတ် မခံ။ တခြားနွားတွေရဲ့ ရန်လည်း အစောင်းမခံ။
ရွှေငါးကတော့ ခပ်အေးအေး နေတတ်သူမို့ နွားတစ်အုပ် ထဲမှာပင် သိပ်မရောနှော။ သည်အပိုင်းက နွားအုပ်ထဲမှာတော့ ရွှေငါးက ဒုတိယဗိုလ်၊ ခေါင်းဆောင်။ အေးအေးနေ၍ ရန်မလိုသော်လည်း ဆတ်ဆတ်ထိတော့ မခံ။ သူတို့အုပ်ထဲမှာ ဗိုလ်က ခေါင်းဖြူ။ ထိပ်တည့်တည့်မှာ ကြာရွက် ဖြူဖြူနှင့် ချိုက ခြောက်လက်မခန့်သာ ရှိသော်လည်း ခေါင်းဖြူက အဝှေ့သန်သည်။ သူတွန်သံပေးလျှင် အခြားနွားအုပ်က ဝေးဝေး ရှဲသွား တတ်သည်။ တခြား နွားအုပ်က ခပ်စွာစွာ နွားသိုးတွေ လာလျှင်လည်း အဆုတ်အကန် မရှိ ခပ်ရဲရဲ ဝင်ဝှေ့တတ်သည်။ သူ့နောက်က အမြဲ ပါသွားသူက ရွှေငါး။ တစ်ကာင်နှင့် တစ်ကောင် ဘယ်လောက် ဝေးဝေး စားနေပစေ၊ ခေါင်းဖြူနှင့် တစ်ကောင်ကောင် ဝှေ့တော့မည် ဆိုလျှင် ခပ်လေးလေး ခပ်အေးအေး ရွှေငါး ပြေးသွားတတ်သည်။
ရွှေငါး ပြေးလျှင် နွားမတွေနား ပရောပရည် နေသည့် အရူးကလည်း ပြေးလိုက်သွား တတ်သည်။ ပြေးလိုက်ရမှာပေါ့၊ ရွှေငါးကြောင့် ဝှေ့ရသည် မရှိဘဲ အရူးကြောင့် မကြာမကြာ ဝှေ့ကြရသည်။ အရူးက တခြား နွားအုပ်များထဲ ဝင်၍ နောက်တတ်သဖြင့် ခဏခဏ အဝှေ့ခံရ တတ်သည်။ သူများ ဝှေ့လျှင်လည်း ခဏသာ ခံဝှေ့၍ ပြန်ပြေးလာ တတ်သည်။ အရူး ပြဿနာ ရှာတိုင်း ခေါင်းဖြူနှင့် ရွှေငါး အစာ ကောင်းကောင်း မစားကြရ။
နွားကျောင်းလျှင် အရူးကိုသာ ထိန်းနေရ တတ်သည်။ နွားအုပ်ထဲက အရူး လှစ်ခနဲ ထွက်သွားလျှင် ပြဿနာက မသေးတော့။ နွားကျောင်းသား အချင်းချင်း တိုင်ရသည်လည်း အခါခါ။ ခေါင်းဖြူကြီး အဝှေ့သန်လွန်း၍ တော်တော့သည်။ ခေါင်းဖြူကြီးကို တစ်ဖက်ရွာက နွားအုပ်ပင် လှန်နိုင်သူ မရှိ၍ နွားကျောင်းသား အချင်းချင်း ခေါင်းမော်နိုင် တော့သည်။
ထိုစဉ်က အဖေကလည်း ကျန်းမာရေး ကောင်းနေသည်။ ရွှေငါးတို့ အရူးတို့ကလည်း အားကောင်း မောင်းသန်တွေ။ ခြံထဲမှာ ထင်းတုံးတွေဆို အလုံအလောက်။ သစ်ဆွဲ၍ ရသော တုံးတွေကလည်း ပုံနေသည်။ အစာငတ် ရေငတ်နှင့် တောင်ပေါ်က အပြန် တုံးလေးလေးတွေ သယ်ခဲ့သည့် တစ်ရက်ခန့်သာ သူတို့ လေးကန်နေ တတ်သည်။ တစ်ရက်ခန့် နားပြီးလျှင်တော့ လန်းလန်းဆန်းဆန်း ဖြစ်ကုန်သည်။
ဇရာက မတိုးဝင်နိုင် သေးသည်မို့ ထင်ပါရဲ့။
( ၃)
ဆယ်တန်း ဖြေပြီးသည့် နွေရက်ရှည် မှာတော့ သူတို့ကို မကျောင်းရတော့။ အောက်ညီငယ်တွေက ကျောင်းနေကြပြီ။ သတိထား ကြည့်တော့ သူတို့ အသားတွေ သိပ်မပြည့်တော့။ နံရိုးတွေ ပေါ်နေကြပြီ။ တင်ပါးသား တွေလည်း ချိုင့်ဝင်ပြီ။ အရိုးတွေ ထောင်လာသည်။ ခါးရိုးနှင့် တင်ဆုံအောက် နံရိုးများ ကြားတွင်လည်း အချိုင့်က သိသိသာသာ နက်ဝင်နေပြီ။
ယခင်ကဆို အစာစားလျှင် ညာဘက်ချိုင့်က ပြန်ပြည့်သွားပြီး ရေသောက်လျှင် ဘယ်ဘက်ကပါ ပြန်ပြည့်နေသည်။ နံရိုးတွေကို မမြင်ရ။ တင်ပါးဆုံတွေ ဆိုလည်း ထစ်အိနေသည်။ အလုပ် ပင်ပန်း၍ ခဏပိန်သော်မှ နှစ်ရက်သုံးရက် နားပြီး အစာကျွေး လိုက်လျှင် ပြန်ပြည့် သွားတတ်သည်။ ယခုတော့ အရင်လို မဟုတ်တော့။
အလုပ် ပင်ပန်း၍လည်း မဖြစ်နိုင်။ အဖေ ကိုယ်တိုင်ပင် ချောင်း ခဏခဏ ဆိုးပြီး မောဟိုက်နေ တတ်၍ တောင်ပေါ် မတက်တော့။ ထင်းကို ရွာနှင့် မဝေးလှသည့် ကြိုးဝိုင်းထဲမှသာ ခုတ်တော့သည်။ ဆောင်းမြေပဲလည်း အရင်လို များများ မစိုက်တော့။ စားဖို့သာ မစို့မပို့ စိုက်သည်။ အစာကိုလည်း ခါတိုင်းလိုသာ ကျွေးသည်။ သို့သော်လည်း အရင်လို မဟုတ်တော့။
ခြံအပြင် ထွက်၍ နွားအုပ်ဆီ ငေးကြည့်တော့လည်း ရွှေငါးနှင့် အရူးကို နွားအုပ်ရောလျက် မတွေ့။ နွားအုပ်နှင့် လွတ်ရာမှာ သီးခြား စားနေကြသည်။ အရူးကလည်း အရင်လို ခုန်ပေါက် ပြေးလွှား မနေတော့။ နွားမတွေကို လိုက်နောက်ခြင်း မရှိတော့။ ဣန္ဒြေ အရကြီး ရနေသည်။
ဇရာပဲ ဇရာ။
“ မင်း ကျောင်းပိတ်တာနဲ့ အတော်ပဲကွာ၊ ဒီနှစ်တော့ အိမ်လေး ခြံလေး ပြင်ဦးမှကွ။ ထရံတွေကလည်း ဆွေးနေကြပြီ။ ထရံကာဝါး သွားခုတ်ရမယ်။ နွားတွေက အား သိပ်မရှိတော့ ခိုင်းရမှာတောင် အားနာတယ်။ မတတ်နိုင်ဘူးကွာ၊ ခြံကာဖို့ ဝါးဖြူလဲ နှစ်ခေါက်လောက် တိုက်လိုက်ချင် သေးတယ်။ ငှက်ပျောတွေက ခုမှ တက်ခါစလေး၊ မိုးကျရင် ကျွဲတိုး နွားတိုးနဲ့ ပျက်ကုန်ဦးမယ်။ မင်းလဲ လိုက်ခဲ့၊ ဒါမှ မင်းကို ကျောင်းထားရတာ ဘယ်လောက် ဒုက္ခခံထားရတယ် ဆိုတာ မင်းသိမှာ...”
ရိုးမပေါ်ကို ရွှေငါးတို့ အရူးတို့ ကောင်းကောင်း တက်နိုင်သေးသည်။ အရူးက ပိန်သော်လည်း ပိုငယ်၍ ပိုသွက်သေးသည်။ ရွှေငါးကတော့ အတော် လေးသွားပြီ။ အဖော်တွေနှင့် အဖေ ဝါးခုတ်သွားစဉ်မှာ အရူးနှင့် ရွှေငါးကို အစားကောင်းကောင်း ကျွေးသည်။ ဝါးတောနှင့် သစ်အုပ်ကြား လျှိုထဲတွင် မြက်တောကောင်းကောင်း တွေ့၍ လိုက်ကျောင်းသည်။ ဘိုင်းဒါး ချောင်းထဲ ဆွဲ၍ ရေတိုက်ရသည်။ သူတို့ အားရှိမှ မဟုတ်လား။
သူတို့တွေ ဗိုက်ပြည့်တော့ စခန်းမှာ ထားခဲ့ပြီး အဖေ့နောက် လိုက်၍ ဝါးတွေ စုရသည်။ လျှိုကြားမှ စွပ်လမ်းရှိရာ တောင်ကုန်းပေါ် ထမ်းတင်ရသည်။ ခုတ်ပြီးတိုင်း ဝါးအဖျားမှာ ဖောက်ထားသည့် နဖားတွေကို ညီအောင် ချရသည်။ အဖေက နဖားတွေထဲ ဝါးခြမ်းသီပြီး ဖောင်ဖွဲ့နေစဉ် အရူးနှင့် ရွှေငါးကို လှည်းထမ်းပိုးတုံး ချွတ်၍ ထမ်းပိုးချည် ကောက်လာခဲ့သည်။
ဝါးတွေကို လှည်းစခန်းထိ စွပ်ရတော့မှ မချိစရာ။ စွပ်လမ်း တောင်ကြောပေါ် ဖြစ်သလို ဖောက်ထားရ၍ မညီညာ။ တချို့နေရာမှာ သစ်ဆုံတွေ ရှိသည်။ ကမူတွေ ရှိသည်။ ကျောက်တုံးကြီးတွေ ကန့်လန့် ခံနေသည်။ တောင်ကုန်းအတက် ရှိသည်။ ခြောက်ဆယ် ဒီဂရီ အစောင်းခုံးဆင်း ရှိသည်။ အတက်တွေမှာ ခါးကုန်းအောင် ရုန်းရသည်။ ရုန်းလိုက်တိုင်း နံရိုးတွေ ဖောင်းကား ထွက်လာသည်။ သားရေကို ထိုးဖောက် ထွက်လုမတတ် ဖြစ်လာသည်။ အတက်မှာ မနိုင်၍ တန်ပြန်တော့ ခြေတွေလက်တွေ တုန်နေသည်။ သည်မှာပင် အဖေ ရိုက်တော့သည်။ နှစ်ကောင်လုံးကို မညှာမတာ ရိုက်သည်။ သည်မျှ ရိုက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့။ ပေါင်သားတွေပါ တဆတ်ဆတ်တုန်ပြီး ရုန်းတက်ကြသည်။
တောင်ကုန်းထိပ် အရောက်မှာ အနားပေးတော့ ဖိုထိုးသလို အမောထနေကြပြီ။
“ အတက်မှာ မညှာရဘူး သားရဲ့၊ ပြန်ကျရင် သူတို့လဲ မသက်သာသလို လူလဲ ဒုက္ခ ရောက်တတ်တယ်။ ဒီလိုပဲကွာ၊ ချော့တစ်ခါ ခြောက်တစ်လှည့် ခိုင်းရတာပဲ... ”
ခပ်ငိုက်ငိုက် အဆင်းကျတော့လည်း မသက်သာ။ ဝါးဖောင်ကြီးက အားနှင့် လျှော၍ ရှေ့ငိုက်နေသည်။ ဝရုန်းသုန်းကား မဆင်းရအောင် အဖေက ကြိုးကို တင်းတင်းဆွဲထားသည်။ သည်မှာ ရွှေငါးနှင့် အရူးက အသိညီကြသည်။ ဘေးကို ကန်၍ ထိန်းဆင်းကြသည်။ ခက်ခက်ခဲခဲ အတက်တွေ ရောက်ပြန်တော့ ရှေ့ဒူးကို တုပ်ကာ ကုတ်ကတ်တက်ကြ ပြန်သည်။ ကျောပြင်မှာလည်း နံရိုးတွေပေါ် ကြိမ်စင်းရာ တွေနှင့်။
စခန်းရောက်၍ လှည်းပေါ်တင်ပြီး ခဏနားကြတော့ အဖေက နွားတွေကို ဝေဝါးစွာ ကြည့်ပြီး ပြောသည်။
“ အိုသွားကြလို့ကွ၊ အရင်ကဆို တောင်ပေါ်မှာ နာမည်ကြီးတွေ၊ ဆွဲဖို့ ဘယ်လောက်ခက်တဲ့ သစ်ဖြစ်ဖြစ် သူတို့ ဆွဲနိုင်တယ်။ အတူ သွားဖော်ချင်း သူတို့ မဆွဲပေးရတဲ့ သစ်က ခပ်ရှားရှားပဲ။ ရိုက်စရာတောင် မလိုဘူး။ အသာလေး ဆွဲတင်နိုင်တာ၊ တကယ်တော့ သူတို့ကို နားခိုင်းသင့်ပြီကွာ။ ခြံပေါက်မို့ ရောင်းထုတ်ပြီး အသစ်မလဲချင် တာကလဲ တစ်ကြောင်း၊ မရောင်းရက် တာကလဲ တစ်ကြောင်းနဲ့ ကြာနေတာ၊ မခိုင်းဘဲ ထားဖို့ကလဲ အသစ် မဝယ်နိုင်၊ နောက်ပြီး မင်း ဆယ်တန်း အောင်ရင်... ”
အဖေက ပြောရင်း အသံတိမ်သွားသည်။ လည်ချောင်းတွင် တံတွေးမျိုသည် ကိုလည်း နိမ့်ခနဲ မြင်လိုက်ရသည်။ အစာ ကျွေးထားသော်လည်း ရွှေငါးတို့က ကောက်ရိုးကို ကောင်းကောင်း မဝါး၊ မောနေ၍ မစားနိုင်ဘူး ထင်သည်။
အပြန်လမ်းမှာတော့ သူတို့သွားနိုင်သမျှ ခပ်လေးလေးသာ မောင်းခဲ့ကြသည်။
(၄)
ထိုနှစ်က မိုးမကျမီ နောက်နှစ်ခေါက် ဝါးဖြူ တိုက်သေးသည်။ ဝါးဖြူက တောင်ခြေမှာပဲ ခုတ်ကြရ၍ ရွှေငါးတို့ သိပ်မပင်ပန်းတော့။ သို့သော်လည်း အသားတွေ သိသိသာသာ ကျသွားပြီး အစားဖိသော်လည်း ပြန်မတက်လာတော့။
မိုးဦးကျ ပျိုးခင်းထွန်တော့ အရူးက ခြေမကျသေးသော်လည်း ရွှေငါးကြီးက ခြေနုတ် လေးနေ ချေပြီ။ ထွန်ကို ရုန်းရင်း မောမောနေ၍ ခဏခဏ ရပ်သည်။ ကြိမ်နှင့် တို့သော်လည်း မရုန်းတော့။ ခပ်ဆတ်ဆတ် ရိုက်မှ လေးငါးဆယ်လှမ်း လှမ်းသည်။ နေပူ မခံနိုင်၍ ဘဲလားဟု မနက် စောစောသာ ခိုင်းခဲ့သည်။
မိုးကျ၍ ထယ်ရေးဆင်းတော့ သုံးစက္ကန့်သာ ကောင်းကောင်း ရုန်းနိုင်တော့သည်။ အရူးခြေကို မီအောင် မလှမ်းနိုင်တော့။ ပေရပ်ခဲ့ပေါင်း များနေပြီ။ ရိုက်၍လည်း မဖြုံချင်တော့။ ကြေကွဲခြင်း တစ်ဝက် မျက်ဝန်းတွေနှင့် အဖေ့ ငေါက်သံတွေကို ထမင်းပို့ သွားတိုင်း ကြားလာရသည်။ တစ်လှမ်းချင်း ရုန်းနေသည့် ရွှေငါးကြီး မျက်ဝန်းမှာလည်း မျက်ရည်တွေ ဝဲနေသည်။ အရူးကလည်း အဖေငေါက်တိုင်း မရုန်းတော့။ ရွှေငါးကြီး အခြေကို စောင့်၍သာ ဖြည်းဖြည်းလှမ်းသည်။ ရွှေငါးကြီးဆီ ခေါင်း ခဏခဏ ငဲ့ကြည့် တတ်၍လည်း အရူး ခဏခဏ အရိုက်ခံရ တတ်သည်။
နောက်ဆုံး နွားတစ်ကောင် ငှားမှ ဖြစ်တော့မည်ဟု ဆုံးဖြတ်ကာ အဖေ နွားငှား ထွက်သွားသည်။ ရွှေငါးကြီးကိုတော့ အနားပေးထားပြီး ဖြစ်သည်။ ခြံထဲမှာ လယ်ထဲမှာ သွားလိုရာသွား စားလိုရာစား လွှတ်ပေးထားပြီး နွားငှားပြီး ပြန်လာသည့်နေ့က မှတ်မှတ်ရရပင် ဆယ်တန်း အောင်စာရင်း ထွက်သည့်နေ့ ဖြစ်သည်။ အဖေ ပြုံးပြီး ပြန်လာသည်။
“ ဟေ့ သိန်းမြ၊ နင့်သား ဆယ်တန်းအောင်တယ် ”
အဖေက လေကလေး တချွန်ချွန်နဲ့ ပျော်နေသည်။ တွေ့သမျှ သူတွေကို သား စာမေးပွဲ အောင်ကြောင်း ပြောသည်။ တက္ကသိုလ် ဆက်တက် ရမှာလား ဟုတော့ အဖေ့ကို မမေးရဲ၊ မမေးရက်။ အခြေအနေ အစစကို သိနေတော့လည်း ပြောမထွက်။
“ အမှတ်စာရင်းတွေနဲ့ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွေ သွားထုတ်ရမယ် အဖေ၊ သွားရမလား ”
“ သွားထုတ်ကွာ၊ ဘယ်လိုင်းရလဲ ကြည့်ရအောင်၊ တက္ကသိုလ်ကို တို့ရွာက တစ်ယောက်မှ မရောက်ဘူး။ မြို့အနောက်ဘက် တစ်လျှောက် ဘယ်ရွာမှ မရောက်သေးဘူး။ သားကို အဖေပို့မယ်။ စတိုင်ပင်လဲ ရမှာပါကွာ။ မင်းသာ လိမ်လိမ်မာမာနဲ့ ကြိုးစား၊ ဘွဲ့ရတဲ့အထိ အဖေထားမယ်... ”
အဖေ့စကား ကြားရ၍ အားရှိလာသော်လည်း အားက ကြာကြာမခံ၊ ဘယ်မှာလဲ ငွေ။ စတိုင်ပင် မရခင် ကျောင်းစရိတ်၊ မိုးတွင်း ဆိုသည်က လယ်သမားအဖို့ ငွေဝင်စရာ ဘယ်လမ်းမှ မရှိ။ အမတော်ကြေး ကလည်း မိုးစိုက်စရိတ်အတွက် သုံးရဦးမည်။ အမှတ်စာရင်းတွေ ထုတ်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်တော့လည်း အဖေက ပြုံးပြုံးပင်။ သီချင်း တအေးအေးနှင့် လယ်ထွန်နေသည်။
ငှားထားသည့် နွားနှင့် အရူးက တွဲဖက်ညီ၍ အဖေ ပျော်နေပုံ ရသည်။ လွှတ်ထားသည့် ရွှေငါးကြီးက ခြံထဲမှာလည်း မနေ၊ လယ်ဘက် ထွက်လိုက်လာပြီး ကန်သင်းပေါ်မှာသာ စားသည်။ မြက်နုလေးတွေချည်း ရွေးစားပြီး အဖေလယ်ထွန်နေသည့် အကွက်နှင့်မနီးမဝေး ကန်သင်းပေါ်တွင် ဝပ်ကာ အကြာကြီး စားမြုံ့ ပြန်နေသည်။ အဖေ ထွန်ဖြုတ်ပြီး အိမ်ပြန်လျှင် သူပါ လိုက်ပြန်သည်။ မနက် လယ်ထဲ ဆင်းလျှင် သူပါ လိုက်ဆင်းသည်။ ကြိုး မချည်ထားသော်လည်း ပျိုးခင်းတွေကို ဝင်မစား။ စပါးစိုက် ရာသီ တစ်ခုလုံး ရွှေငါးကြီး ဝတ်မပျက်ခဲ့။
တက္ကသိုလ် ဝင်ခွင့်တွေ စောင့်ရင်း မြို့မှာ သွားနေတော့လည်း ရွှေငါးကြီးကို သတိရ နေသည်။ လယ်စိုက်ပြီး၍ အရူးတို့ နားနေချိန်မှာကော သူလယ်ထဲ သွားနေသလား။တိရစ္ဆာန်ပေမယ့် သည်ခြံမှာ မွေး၊ သည်ခြံမှာ ကြီး၊ သည်လယ်မှာ ရုန်းရင်း အိုလာခဲ့ရ၍ သံယောဇဉ် တင်းနေသည် ထင်ပါရဲ့။ သည်လယ်မြေမှာပဲ သူ ရုန်းခဲ့သည့် လယ်ထဲမှာပဲ သေလေမည် ထင်ရဲ့။
( ၅ )
တက္ကသိုလ် ဝင်ခွင့်တွေ ကျလာတော့ ရွာကို ပြန်လာခဲ့သည်။ တက္ကသိုလ် တက်ရန် ပြင်စရာ ရှိသည်များကို ပြင်ရတော့မည်။ ဝယ်စရာ ရှိတာ ဝယ်ရတော့မည်။
ရွာရောက်တော့ အဖေက လယ်စိုက်ပြီး၍ နားနေပြီ။ ပစ္စည်းတွေ ပြင်ဆင်ဖို့ ပြောတော့ အဖေက အဆင်သင့် ရှိသလို ပြောသည်။
“ ချွေချွေတာတာနဲ့ မရှိမဖြစ်တာဘဲ ဝယ်တာပေါ့ကွာ၊ အဖေလဲ စရိတ်တွေ မေးပြီးပါပြီ။ မင်းအစ်မက ထောက်မှာနဲ့ ဘာနဲ့ဆို ငါးရာလောက် ဆိုရင် လောက်ပါတယ်။ မင်းတို့ ကျောင်းတက်မယ့် သူူတွေအတွက် ပစ္စည်းတွေ ဝယ်ခွင့်ပေးတာလဲ ထုတ်ပေါ့ကွာ။ မင်းချွေတာရင် နောက်စပါးပေါ်ချိန် ရောက်အောင် ကြည့်သုံးပေါ့။ ကြားထဲ အဘိုး၊ အဘွားတွေ ဦးလေးတွေနဲ့ ဘုန်းကြီးကျောင်းလဲ သွားကန်တော့ဦး၊ မင်းကို မုန့်ဖိုးပေးလိမ့်မယ်။ ငါကတော့ ငါးရာ ပေးလိုက်မယ်”
စိတ်ထဲက ဝမ်းသာမိသော်လည်း ငွေငါးရာကို အဖေ ဘယ်လို ရှာထားသည် မသိ။ ဘယ်လိုနည်းနဲ့ ရထားသည် မသိ။ တစ်ယောက်ယောက် ဆီက စပါးပေးများ ယူထားလေ သလား။
ရွာထဲလှည့်၍ မကန်တော့မီ နွားတင်းကုပ်ထဲ ဆင်း၍ ရွှေငါးတို့ အရူးတို့ကို နှုတ်ဆက် ကြည့်သည်။ အရူးက မှတ်မိဟန်နှင့် ခေါင်းနှင့် လာပွတ်သည်။ ရွှေငါးကြီး အိပ်နေရာ သွား၍ သူ့ခေါင်းကို ပွတ်တော့ လျှာနဲ့ ပြန်လျက်သည်။ ေဩာ် သူလည်း မှတ်မိသည် ထင်ပါရဲ့။ မင်းတို့ကိုလည်း နှုတ်ဆက်ခဲ့ပါတယ်ကွာ။
ရွာတစ်ပတ် အမျိုးတွေ လှည့်ကန်တော့ ပြီးတော့ အိတ်ထဲ ဖောင်းနေပြီ။ တတ်နိုင်သမျှ ပေးလိုက်သည့် ငွေတွေ၊ ခြစ်ကုတ် စုဆောင်းထားသည့် ငွေလေးတွေ။ ပညာတတ်ကြီး ဖြစ်အောင် ကြိုးစားဟု အားလုံး မှာလိုက်ကြသည်။
အားလုံး ကန်တော့ပြီး၍ အိမ်ပြန်လာတော့ ခြံဝမှာ ကသောင်းကနင်း ဖြစ်နေကြသည်။ ရွှေငါးကြီးကို ရှေ့က တစ်ယောက်က ဆွဲပြီး နောက်တစ်ယောက်က တုတ်နှင့် ရိုက်နေသည်။ ရွှေငါးကြီး မလိုက်။ ရှေ့လက်တွေကို အတင်းကုပ်တွယ် ထားသည်။ ရိုက်၍ မရ။ နောက်ကလူက အတင်း ဖင်ကို တွန်းပြန်သည်။ ခြေစုံကန်၍ ပေရပ်ပြီး လှဲဝပ်လိုက်သည်။ သိလိုက်ပါပြီ။ ကျောင်းစရိတ်အတွက် အဖေ ရှာထားသည့် ငွေငါးရာ ကိစ္စကို သိလိုက်ပါပြီ။ ေဩာ် ရွှေငါးကြီးရယ် မသွားဘူး။ မသွားတော့ဘူ။ ကျောင်းမနေတော့ဘူး။
“ မရိုက်ပါနဲ့တော့ဗျာ၊ သူမှ မလိုက်တာဘဲ၊ အတင်းရိုက်လဲ ထမှာ မဟုတ်တော့ဘူး။ တော်ကြ ပါတော့ဗျာ၊ သူ့ကို မဆွဲပါနဲ့တော့၊ ကျွန်တော် အဖေ့ကို ပြောပါဦးမယ်... ”
တဗုန်းဗုန်း ရိုက်နေသည်ကို မကြည့်ရက်တော့၍ ရှေ့ကလူထံမှ ကြိုးကို အတင်း ဝင်ဆွဲမိသည်။ ကြိုးဝင်ဆွဲတော့ ရွှေငါးကြီး မော့ကြည့်သည်။ ဟင် သူ့မျက်လုံးမှာ မျက်ရည်တွေနှင့် ပါလား။ သူ့ကိုလဲ ပြန်ကြည့်ရင်း မျက်ရည်တွေ ဝဲလာသည်။ ကြည့်ရင်း၊ ကြည့်ရင်း ရွှေငါးကြီးက ဝေဝါးလာသည်။ ထိုစဉ် ရွှေငါးက ဝပ်နေရာမှ ကုန်းထလိုက်သည်။ တစ်ဆက်တည်း အိမ်ဘက် ခေါင်းလှည့်၍ ပါးစပ်မှ နာနာကျင်ကျင် အော်လိုက်သည်။ အိမ်ဘက်မှလည်း ပြန်အော်သည်။
ကြည့်လိုက်တော့ အရူး။ တင်းကုပ်ဝမှာ ကြိုးအတင်း ရုန်းရင်း အော်နေသည်။ နွားဆွဲမည့် သူတွေက ဘာလုပ်ရမည် မသိဘဲ ပေရပ်နေရာမှ လက်ထဲမှ ကြိုးကို လာလုပြီး ဆွဲမည်ပြင်သည်။ ကြိုးကို ပြန်လည်လုရင်း အော်မိအော်ရာ အော်လိုက်မိသည်။
“ မရောင်းဘူး၊ ရွှေငါးကြီးကို မရောင်းဘူး၊ အဖေ ပိုက်ဆံတွေ ပြန်ပေးလိုက်ပါ။ ကျွန်တော် ကျောင်းမတက်တော့ဘူး။ ကျောင်းမတက်တော့ဘူး... ”
အော်ရင်း မျက်ရည်တွေ ကျလာသည်။ လက်ထဲမှာ ကိုင်ထားသည့် ကြိုးခေါက်နှင့် နွားဆွဲသူတွေကိုလည်း ရိုက်လိုက်မိသည်။ အရူးနှင့် ရွှေငါးအသံ အော်သံတွေကလည်း ဆွဲဆွဲငင်ငင်။ ထိုစဉ်မှာပဲ အဖေ အိမ်ထဲက ပြေးထွက် လာတာကို မြင်ရသည်။ အဖေ့ မျက်နှာမှာ ယူကျုံး မရဟန် တစ်ဝက်၊ ဒေါသ တစ်ဝက် ထွက်နေသည်။ ပြေးလာသော အဖေ့ လက်သီးက နားထင်ကိုလာထိသည်။
“ ဟေ့ကောင် လူမိုက်၊ ကြိုးကို ပေးလိုက်၊ မင်း နွား မဖြစ်အောင် ကျောင်းထားနိုင်ဖို့ ရောင်းရတာကွ... ”
အဖေ့ အသံကို လှိုင်းတစ်ခုသဖွယ် ကြားရင်း ဖင်ထိုင်လျက် လဲကျသွားသည်။ အဖေ့ကို မော့ကြည့်တော့ အဖေ အံကြိတ်၍ တစ်ဖက် လှည့်နေသည်။ ရွှေငါးကြီးကတော့ အဖေ့ကို မျက်ရည်တွေကျရင်း တွေတွေကြီး ကြည့်နေသည်။ အရူး၏ အသံ ကြားသော်လည်း ရွှေငါးကြီး ပြန်မအော်တော့... ။
“ သွားဗျာ၊ ဆွဲသွားကြတော့ဗျာ... ”
အဖေက နွားဆွဲသူတွေကို ပြောသည်။ ကြိုးကိုဆွဲတော့ ရွှေငါးက ပေခံနေပြန်သည်။ မျက်လုံးတွေကတော့ အဖေ့ထံမှာ အသနား ခံနေဆဲပင်။
“ တောက်... ”
အဖေ့ တက်ခေါက်သံက မိုးချုန်းသလို ထွက်လာသည်။ တက်ခေါက်သံ ကြား၍ ရွှေငါးကြီးက အဖေ့ကို မျက်နှာလွှဲလိုက်သည်။ ရှေ့မှဆွဲသူ၏ ကြိုးမတင်း ခင်မှာပင် သူစ၍ ခြေလှမ်းသည်။ နောက်ကလူ မရိုက်ရဘဲ ဗွက်ထဲ တစွပ်စွပ်နှင့် တစ်လှမ်းချင်း လှမ်းကာ လိုက်သွားသည်။ အရူး၏ အသံက ပို၍ ပို၍ ကျယ်လောင်လာ၏။
ရွှေငါးကြီးကား နောက်ကို လှည့်မကြည့်တော့။
ကိုခေး
မဟေသီ မဂ္ဂဇင်း၊ ဩဂုတ်လ၊ ၁၉၈၉။
မဟေသီ မဂ္ဂဇင်း၊ ဩဂုတ်လ၊ ၁၉၈၉။
Credit to Mg Shwe Roe @ mmcybermedia.com
No comments:
Post a Comment