Tuesday, February 24, 2015

King of the Writers စာရေးဆရာ (နေမျိုး)


(၁)

( ဂေါ်ဇီလာ စာအုပ်တိုက်ထုတ် ကမ္ဘာ့အကျော်ကြားဆုံး လက်ရာမွန်များ ဝတ္ထုတိုပေါင်းချုပ် စာအုပ်မှ Myanmar ခေတ်သစ် လူငယ် စာရေးဆရာ Nay Myo ၏ 'ကင်းအော့သည်ရိုက်တာစ်' King of the Writers ကို မြန်မာ ဘာသာမှ တိုက်ရိုက် ပြန်ဆိုပါသည်။ ။)
(စာရေးသူ)

(၂)

တစ်ချိန်မှာ ကမ္ဘာကျော် စာရေးဆရာ တစ်ဦး ဖြစ်လာမည့်သူ ရေးတဲ့ စာတွေကို ဖတ်နေမိမှန်း ခင်ဗျားကိုယ် ခင်ဗျား ခုလောလောဆယ်မှာ သတိထားမိနိုင်မယ် မထင်ဘူး။ အံ့ဩ မသွားနဲ့ မိတ်ဆွေ၊ ခု ခင်ဗျား ဖတ်နေတဲ့ စာတွေဟာ စကားလုံး တစ်လုံးကို အနည်းဆုံး တစ်ဒေါ်လာလောက် တန်လာမယ့် ကမ္ဘာကျော် စာရေးဆရာရဲ့ လက်ရာစစ်စစ်တွေ ဖြစ်တယ်။ အခုဆိုရင်ပဲ ခင်ဗျားဟာ အနည်းဆုံး ဒေါ်လာ ၁၀၀ ဖိုးလောက် သက်သာ သွားခဲ့ပြီဆိုတာ ကျွန်တော် ပြောရင် ယုံပါ။

(၃)

ကိုယ့် အစွမ်းအစကို ထုတ်ဖော်ပြောဖို့ အခွင့် မရရှိခင်မှာ လူတိုင်းဟာ သာမန်လူတွေချည်းပါပဲ။ ဒါပေမဲ့ သေချာတာ တစ်ခုက ကျွန်တော်ဟာ သာမန်လူတစ်ယောက် မဟုတ်ဘူး။ ဒီအချက်ကို ချက်ချင်း ခင်ဗျား လက်ခံဖို့ မလိုဘူး။ ကျွန်တော်က ငြင်းပယ်ခွင့် အလုံအလောက် ပေးလိုက်ပါတယ်။ ဘီကလင်တန်တောင် သူ့ အမေရိကန်တွေ အပေါ် ဒီလို သဘောမျိုး မထားနိုင်ခဲ့ဘူး။ ဘယ်သူဟာ အရေးပါတဲ့ သူ့ရဲ့ ပြောကြားချက်တွေကို၊ သူ့ရဲ့ အစွမ်းအစတွေကို ငြင်းပယ်စေချင်လိမ့်မလဲ။ ကျွန်တော်ကတော့ အခွင့်အရေး ပြည့်ပြည့်ဝဝ ပေးရေးကိုပဲ ဦးတည် ကျင့်သုံးခဲ့တယ်။ ဥပမာ- ကဖီးဆိုင်မှာ ကော်ဖီပူပူ တစ်ခွက်ကို ကျွန်တော် မှာယူလိုက်ပြီ ဆိုပါစို့။ ကျွန်တော်က ဒီလို ထပ်ပြောတယ်။

"ကျွန်တော့်အတွက် ကော်ဖီကို ဖျော်မပေးဘဲ ကျွန်တော့်ရဲ့ မှာကြားချက်ကို ငြင်းပယ်နိုင်ပါတယ် ခင်ဗျား" လို့။ ဆိုင်ရှင်က ပြုံးတယ်။ ကျွန်တော့်ရဲ့ လူစွမ်းလူစကို အကင်းပါးသူ ပီပီ နည်းနည်းတော့ ရိပ်စားမိလိုက်ပြီ ထင်ပါရဲ့။ ကျွန်တော်က အပြန်အလှန် လေးစားမှုကိုလည်း တန်ဖိုး ထားတတ်သူပါ။ ကျွန်တော့်အတွက် လာပို့သွားတဲ့ ကော်ဖီခွက်ထဲမှာပင် ယင်ကောင်တစ်ကောင် ပါလာပြီ ဆိုပါတော့။ (တစ်ခါတလေ အထီး, အမ နှစ်ကောင်ဗျ၊ အချစ်ဒုက္ခကြောင့် သူတို့ နှစ်ဦး ခုန်ချ အဆုံးစီရင် လိုက်ကြသလား မသိဘူး။) အဲဒီ အခါမျိုးမှာ ကျွန်တော်က မေးတယ်။

"ကိုယ့်လူရေ ... ဟောဒီ ယင်ကောင်အတွက် ကျသင့်ငွေ ဘယ်လောက် ထပ်ပေးရဦးမလဲ" လို့ပေါ့။ အိတ်ထဲမှာ ပိုက်ဆံ မပြတ်သေးသမျှ ကျွန်တော်က လူကြီးလူကောင်း ဆန်ဆန် နေပြတတ်ပါတယ်။ သူတို့ကလည်း ကျွန်တော် လူကြီးလူကောင်းမှန်း ပိုက်ဆံ မပြတ်သေးသရွေ့ အသိအမှတ် ပြုခဲ့ကြတာပါပဲ။ ကော်ဖီတစ်ခွက် အရသာ ထက်မြက်ဖို့ပဲ ဖြစ်ဖြစ်၊ ကဖီးဆိုင်မှာ (မှော်အတတ်နဲ့) လူတွေ ကျိတ်ကျိတ်တိုး စည်ကားနေဖို့ပဲ အတွက်ပဲ ဖြစ်ဖြစ် ယင်ကောင်ကို ယဇ်ကောင်အဖြစ်နဲ့ ကော်ဖီ ပူပူထဲမှာ အဆုံးစီရင် ယဇ်ပူဇော်တာမျိုး ဆိုရင်တော့ ကျွန်တော် သဘောမကျနိုင်ဘူး။ သက်ရှိ သတ္တဝါတိုင်းရဲ့ အသက်ဇီဝကို တန်ဖိုး ထားရမယ် ဆိုတာ ကျွန်တော့် မူပဲ။ ဒီအချက်ကြောင့် ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး အသက်ရှင် နေထိုင် နိုင်ခဲ့တာပဲ။ နို့မို့ဆိုရင်တော့ ရုရှား ကဗျာဆရာ ပေါက်စ 'ယက်စနင်' လို ဓာတ်ငွေ့ပိုက်လိုင်းမှာ ချည်ထားတဲ့ ကြိုးနဲ့ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်ပြီး နွားလို ဆောင့်ဆောင့်ရုန်းရင်း ကိုယ့်ကိုယ်ကို သေကြောင်း ကြံလိုက်တာ ကြာပေါ့။ သတင်းစာတွေက ကျွန်တော့်အကြောင်း စာလုံးမည်းကြီးတွေနဲ့ ကြေကြေကွဲကွဲ ဖော်ပြကြရမယ့် အချိန်က စောနေသေးတာလည်း ပါတယ်။ 'ဟဲမင်းဝေး' လို ဒါမှမဟုတ် ပန်းချီဆရာ 'ဗင်းဆင့် ဗင်ဂိုး' လို ဦးခေါင်းထဲ ခြောက်လုံးပြူး တစ်လက်နဲ့ ကျည်ဆန်တွေ ပစ်သွင်းဖို့ကလည်း ခုလောလောဆယ်မှာ မဖြစ်နိုင်သေးဘူး။

ပင်လယ်ကမ်းခြေက သေနတ်သံထက် ပြောင်းခင်းထဲက သေနတ်သံကို ကျွန်တော်ပိုပြီး သဘောကျမိတယ်။ နေရာ ရွေးချယ်မှုမှာတော့ 'ဗန်ဂိုး' ဟာ 'ဟဲမင်းဝေး' ထက် သာတယ်လို့ ဆိုရမယ်။ သူက ပန်းချီဆရာမို့ ထင်ရဲ့၊ ပြောင်းခင်းထဲမှာ သူ့ဦးခေါင်းကြီး ပွင့်ထွက်လို့ မျက်လုံးကြီး လန်လို့ ကားရားလဲကျနေမယ့် အဖြစ်ဟာ သူ့ကို ကမ္ဘာကျော် သတိရချက်တွေ ဖြစ်စေခဲ့တယ်။ သူ ပစ်သွင်းလိုက်တဲ့ သေနတ် တစ်ချက်ဟာ နောင်လာမယ့် ရာစုနှစ်တွေဆီ အထိ ညံနေတော့မှာ အလွန် သေချာပါတယ်။ ဒေါ်လာငွေ သန်းပေါင်းများစွာ တန်တဲ့ ပြောင်းခင်းထဲက သေနတ်သံပါ။ သူဟာ ထူးခြားတဲ့ ပါရမီရှင် ဖြစ်ကြောင်း ကမ္ဘာကို အချက်ပေးလိုက်တဲ့ သေနတ်သံပါ။ အသက်ရှင်နေရစဉ်မှာ သူ့အကြောင်း ချီးကျူးဖို့ မေ့လျော့နေကြတဲ့ လူ့အဖွဲ့အစည်းကို ဒဏ်ခတ်လိုက်တဲ့ သေနတ်သံပါ။ ပါရီမြို့ကြီးရဲ့ နှလုံးသား တည့်တည့် ပစ်သွင်းလိုက်တဲ့ သေနတ်သံပါ။ (သူ့အဆို အရ) ဂြိုဟ်ကမ္ဘာ တစ်ခုဆီကို ခရီးထွက်ခွာတဲ့ ယာဉ်တစ်စီးရဲ့ စက်နှိုးသံ၊ သူ့ဘဝ တစ်ခုလုံးနဲ့ လဲပြီး အမြင့်မားဆုံး၊ အကျယ်လောင်ဆုံး ဟစ်အော်လိုက်တဲ့ အသံပါလေ။ အဲဒီ သေနတ်သံကြောင့်ပဲ စတုရန်းပေ အနည်းငယ်သာ ရှိတဲ့ သူ့ ပန်းချီကား တစ်ချပ်ဟာ တန်ချိန် များစွာရှိတဲ့ ဇိမ်ခံ သင်္ဘောကြီး တစ်စင်းထက်မက တန်ဖိုး မြင့်တက်ခဲ့ရတာပါပဲ။ သူ့ နေကြာပန်းတွေ၊ သူ့ အိုင်းရစ်ပန်းတွေ၊ သူ့ ဆိုက်ပရပ်ပင်တွေဟာ ဘဏ်တိုက်ကြီးတွေကို ကောင်းကောင်း ညှို့ငင်ထားနိုင်ခဲ့ကြပြီပေါ့။ ကျွန်တော့် ဘဝရဲ့ အစောပိုင်း ကာလတွေမှာ ကျွန်တော်ဟာလည်း ပန်းချီ ရေးဆွဲကြည့်ခဲ့ဖူး ပါတယ်။ ကျွန်တော့် ပန်းချီလက်ရာက ကြောင်တစ်ကောင်ကို ခွေးတစ်ကောင် ဖြစ်စေပြီး ပန်းပွင့်ကို အဝတ်စုတ်တွေ အဖြစ် ပြောင်းလဲစေတာ ငါးတွေကို (ကျွန်တော် တစ်ခါမျှ မမြင်ဖူးသေးတဲ့) ခြင်းတောင်းစုတ်တွေ ဖြစ်သွားအောင် စွမ်းတာကြောင့် နောက်ထပ် ဆက်မရေးဆွဲတော့ ပါဘူး။ (အမှန်အတိုင်း ဝန်ခံရရင် ကျွန်တော့် လက်ရာကို ကျွန်တော်ကိုယ်တိုင် ကြည့်လို့ မရခဲ့ဘူးဗျ။) ဒါတွေဟာ ကျွန်တော့်ရဲ့ အစွမ်းအစကို စာရေးသားတဲ့ ဘက်မှာ ရှိနေကြောင်း မတွေ့ရှိ မသိခင် ကာလတွေက ဆိုပါတော့။ အဲဒီ အတွေ့အကြုံက ကျွန်တော့် စာရေးသားမှုကို အထောက်အကူ ပြုခဲ့တယ် ဆိုရင်တော့ ဝန်ခံဖို့ ရှိတာပေါ့လေ။

သူ မသေဆုံးခင်မှာ 'ယက်စနင်' က သူ့လက်ကို ဓားနဲ့ ခွဲပြီး သူ့ အခန်းနံရံမှာ ထင်တဲ့ သွေးတွေနဲ့ ကဗျာ စာကြောင်းတွေ ရေးသွားခဲ့တယ်။ ဒါဟာ နောက်လူတွေ အတွက် သူ့ အတ္ထုပ္ပတ္တိကို ဖတ်ကောင်းအောင် ဆောင်ရွက်ပြုမူ သွားတာက လွဲလို့ တခြား ဘာမျှ မဖြစ်နိုင်ဘူး။ ဒီအတိုင်းပဲ ရုရှားပြည်မှာ အဲဒီခေတ်က အဲဒီလောက်တောင် မင်တွေ ရှားပါး ပြတ်လပ်နေခဲ့တယ်လို့ ဘယ်စာအုပ်တွေ ထဲမှာမှ မဖော်ပြထားဘူး။ ဒါပေမဲ့ လူတချို့က သူ့ကို ချီးကျူး ဩဘာ ပေးခဲ့ကြတယ်။ ပြောင်ပြောင်ပဲ ဖွင့်ပြော ပါရစေတော့။ ဒါတွေဟာ အန္တရာယ် ကြီးတဲ့ လက်ခုပ်သံတွေ ဖြစ်တယ်ဆိုတာ ကျွန်တော် ပြောရင် ယုံပါလေ။ ဘယ်စက်ရုံတွေကများ လူ့သွေးကို မင်အဖြစ် ထုတ်လုပ် ရောင်းချ ခဲ့ကြလို့လဲ။ တစ်ခုတော့ဖြင့် ရှိရဲ့။ လွန်ခဲ့တဲ့ လမှာ ကျွန်တော် ကိုယ်တွေ့ ကြုံခဲ့ရပုံ၊ ကျွန်တော့် ခန္ဓာကိုယ် ထက်မှာ ဧရာမ ဝဲနာကြီးတွေ အမြောင်းလိုက် အဖီးလိုက်၊ အဆုပ်လိုက် သီးထ, စိုရွှဲလို့ ပေါက်နေကြချိန်ပေါ့။ ယောင်ကိုင်းကိုင်း ဖောင်းကားကား ရွှေရောင် ဝနေတဲ့ အနာကြီး တစ်လုံးကို ဖောက်လို့ ပြည်တွေ၊ သွေးပုပ်တွေနဲ့ ကျွန်တော့် နံရံထက်မှာ ဝါကျတချို့ ရေးခဲ့ဖူးတယ် ဆိုတာပါပဲ။ ဟောဒီလို ဝါကျတွေပေါ့။

ငါ့ အရေပြားပေါ် အခြေချ ငါ့ အသွေးအသားကို စုပ်ယူကြီးထွား
ဗိုင်းရပ်စ် ပိုးမွှားတို့ရဲ့ မြို့ကြီးတွေ
သင်တို့ရဲ့ ရွှေရောင်တောက်ပ ညတွေက
အိပ်မရအောင် နှိပ်စက်နေကြပေါ့
... တဲ့။

ခေတ်ပေါ် ကဗျာဆရာ တစ်ယောက်က ကျွန်တော့် အခန်းကို လာရင်း တွေ့သွားတော့ အဲဒီ ဝါကျတွေကို သူ ခံစားရမိကြောင်း ပြောပြီး မှတ်စုစာအုပ်ထဲ ကူးယူသွားပါတယ်။ ခင်ဗျားဟာ အစောကြီးကတည်းက မော်ဒန် ဖြစ်နေပြီပဲ လို့လည်း တအံ့တဩနဲ့ မှတ်ချက် ပေးသွားပါတယ်။ ကျွန်တော့် အတွေ့အကြုံအရ ဆိုရင်တော့ အဲဒီလို ကဗျာတွေ စာအုပ် တစ်အုပ်စာ အနာထဲက ပြည်တွေ ညှစ်ထုတ်ပြီးမှ သက်သာရာ ရခဲ့၊ ညည ကောင်းကောင်း အိပ်ပျော်နိုင်ခဲ့တယ် ဆိုတာပါပဲ။

(၄)

အေးစက်စက် ဆောင်းရာသီ တစ်ခုလုံး ကျွန်တော်တို့ဟာ ရေခဲတုံးတွေကို မေ့နေခဲ့ကြတယ်။ နေကျက်ကျက် ဆူလို့ ပူပြင်း ကြွပ်ဆတ်လှတဲ့ နွေရာသီကို ရောက်ခဲ့ပြီလေ။ သူတို့ရဲ့ အသုံးဝင်မှုကို ပြန်ပြီး သတိရခဲ့ကြပေါ့။ ရေခဲတုံးတွေ၊ ရေခဲတုံးတွေ ...။ ဟောဒီ မတ်လရဲ့ နေ့တစ်နေ့မှာ မလွဲမသွေ ပြန်ပြီး သတိရခဲ့ကြပါပေါ့။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ဒီနေ့ဟာ ပူအိုက်သော တနင်္ဂနွေနေ့။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ဘုံဘိုင်က ရေမလာဘူး၊ ကန်ထဲမှာလည်း အငွေ့ပြန် နေတယ်။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ချွေးစေး ပြိုက်ပြိုက်ကျလို့ လေပူပူတွေ ရှူသွင်းနေရတယ်။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ နေရောင်ခြည်က လောင်ကျွမ်း တောက်ပလို့။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ပလက်ဖောင်း ပူပူတွေ ပေါ်မှာ ဗာဒံရွက်တွေ ကြွေနေတယ်။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ကျွန်တော့်မှာ လေအေး တစ်စက်မှ မရှိဘူး။ ရေခဲတုံးတွေ ရေခဲတုံးတွေ ...။ ဝှူး ... ရေခဲတုံးတွေ ရေခဲတုံးတွေ ...။

မင်းရဲ့ ဆောင်းကာလ တစ်ခုလုံး မေ့လျော့ခြင်း ခံရတဲ့ ရေခဲတုံးကြီး ပါကွာလို့ ဆာလောင်နေတဲ့ မိတ်ဆွေကို ကျွန်တော် ပြောလိုက်တယ်။ အကြီးအကျယ် ဖဲရှုံးလာတဲ့ အမူအရာမျိုးနဲ့ ကျွန်တော့်ဆီ ရောက်လာတဲ့ သူ့ပုံစံက အပေါင်ဆုံး ပစ္စည်းဘဝ သူကိုယ်တိုင် ကျရောက်နေတဲ့ ရုပ်မျိုးပ။ ကျွန်တော်လည်း အစာအိမ်ထဲ အစာ မရှိပါမှ မိတ်ဆွေတွေကို တဖွားဖွား သတိရမိဖူးတယ် ဆိုတာ ဝန်ခံပါရဲ့။ ဒါပေမဲ့ ကျွန်တော့်ကို သတိ မရချင် နေပါစေ။ (မိတ်ဆွေများ) သူတို့ အစာအိမ်တွေ ထဲမှာ အာဟာရ တစ်ခုခုတော့ အမြဲ ရှိနေစေချင် ပါရဲ့။

"ငါ ဘာမှ မစားရသေးဘူး"

အဲဒီလို ပြောပြီး ကျွန်တော့်မိတ်ဆွေ စိုက်ကြည့်နေပုံဟာ ကျွန်တော်သာ မုန့်တစ်ခုခု ဖြစ်ခဲ့ရင် ခုပဲ ကိုက်ဝါး စားပစ်တော့ မလိုမျိုး။ (ခရစ်တော် မပေါ်မီ ဘီစီ-၁ လောက်ကတည်းက အစာ မစားရတဲ့ ရုပ်မျိုးလို့ ဝါကျတစ်ကြောင်း တိုးပြီး စဉ်းစားမိလိုက်တယ်။) သူနဲ့ ကျွန်တော့်မှာ တူလွန်းတဲ့ အချက်တွေ အတော်များများ ရှိတယ်။ အဓိက နှစ်ချက်ကတော့ (၁) ဆာလောင်မှုကို ယုံကြည်တာနဲ့ (၂) နေမျိုးရေးတဲ့ ဝတ္ထုတွေကို ကြိုက်တာပဲ။ လူဟာ ဆာလောင်တဲ့ အခါ အမျှော်အမြင် ပိုရှိလာတယ်။ အစွမ်းအစကိုလည်း ပိုထုတ်သုံးလာတယ်။ အတွေးအခေါ်လည်း ပိုပြီး ပြတ်သားလာတယ်။ တစ်နည်းအားဖြင့် ရန်သူ မိတ်ဆွေလည်း ပိုပြီး ကွဲပြားလာတယ်လို့ ကျွန်တော်က ပြောတော့ သူကလည်း ဟုတ်တယ်၊ ဒီအကြောင်းတွေ နေမျိုးရဲ့ ဝတ္ထုထဲမှာ ငါ ဖတ်ဖူးလိုက်တယ်လို့ ဆိုပါတယ်။ သူပြောတာကို ကျွန်တော် မငြင်းပါဘူး။ ကျွန်တော်ကလည်း စာရေးဆရာတွေ ထဲမှာ ကျွန်တော်ပြီးရင် နေမျိုးကို အကြိုက်ဆုံး မဟုတ်လား။ အစာအိမ်ဟာ ကိုယ်ကျင့်တရားရဲ့ မှတ်ကျောက်ဖြစ်တယ် ဆိုတဲ့ အယူအဆကို ကျောရိုးယူပြီး ဝတ္ထုတစ်ပုဒ်တောင် ကျွန်တော် စိတ်ကူး ထားပါတယ်။ ထားပါ့လေ၊ အဲဒီနေ့က သူနဲ့ ကျွန်တော်ဟာ အချိန် အတော်စီးမယ့် စာအုပ်အဟောင်းတွေ စုပြီး ဈေးလမ်းထောင့်က ကုလားဆိုင်မှာ သွားသွင်းခဲ့ကြ၊ လမ်းထိပ်က ကဖီးဆိုင်မှာ ထိုင်ခဲ့ကြတယ်။

"ဟေ့ ... တို့မြို့မှာ အရည်အချင်း ရှိတဲ့ လူဆိုလို့ သိပ်မရှိဘူးကွ၊ မင်းရယ်၊ ငါရယ်၊ ဟိုကောင်ကြီးရယ်ကွာ ... ဒီလောက်ပဲကွ" တဲ့။

ကျွန်တော့် မိတ်ဆွေက လက်ဖက်ရည် တစ်ခွက်ကို ကွတ်ခနဲ မော့ချလိုက်ပြီး ပြောတယ်။ သူ့စကား မှားခဲ့ရင်တောင်မှ ကျွန်တော် အရည်အချင်း ရှိတယ်ဆိုတာ အမှန်ပါ။ ဟောဒီမြို့မှာ တော်လွန်းအားကြီးလို့ ညံ့ချင်ယောင် ဆောင်နေရတယ်လို့ ကျွန်တော်က သူ့ကို မကြာ မကြာ ပြောခဲ့ဖူးတာပေါ့။ ဒီအချက်ဟာ သူနဲ့ ကျွန်တော်ရဲ့ ကျင့်စဉ်ဆိုလည်း မမှားပါဘူး။ ကျွန်တော့် အပေါ် သူ အကဲဖြတ်ချက် တစ်ခုမှာ သူများတွေ တော်တာဟာ မင်း ညံ့နေသလောက် ရှိတာပါကွာ တဲ့လေ။ သူပြောတာ ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော်ပြောရင် ယုံပါ။ (ကျွန်တော် ပြောတာကို ယုံခြင်းအားဖြင့် ခင်ဗျားရဲ့ ထိုးထွင်း သိမြင်မှု ဉာဏ်စွမ်း ကြီးမားပုံကို ကမ္ဘာအား ပြလိုက်ပါ မိတ်ဆွေ။)

(၅)

ကျွန်တော့် စားပွဲပေါ်မှာ မနေ့က လက်ဆောင် ရလိုက်တဲ့ ထမင်းကြမ်းခဲကြီး ရှိတယ်။ ကြည့်ပါ၊ ဟောဒီ ထမင်းကြမ်းခဲကြီးဟာ ကျွန်တော့်ရဲ့ ပုံတူ ရုပ်တုပေါ့။ မှောင်ထဲမှာ တစ်ညလုံး သူ့ကို ဆာလောင်နေသူတွေနဲ့ ဝေးနေရရှာတဲ့ ထမင်းကြမ်းခဲကြီး။ သူ့အပေါ် အရသာ မခံတတ်သူတွေ ကြားမှာ မျက်နှာမွဲနေရ ရှာတဲ့ ထမင်းကြမ်းခဲကြီး။

(နေမျိုးရဲ့ ဇာတ်လိုက်တွေလို) အရမ်း ဆာလောင်နေတဲ့ အစာအိမ်တွေ အပေါ် အစွဲအလမ်း ကြီးရှာတဲ့ ထမင်းကြမ်းခဲကြီး။ နံနက်ခင်းရဲ့ ပွဲတော်အုပ်မှာ ဇာတ်လိုက်အဖြစ် သရုပ်ဆောင် ကပြခွင့် မရရှာတဲ့ ထမင်းကြမ်းခဲကြီး။ သူ့ကိုယ်သူ ဗီလိန်တစ်ယောက်လို ရုပ်ဖျက်။ နူးညံ့မှုကို ဖွက်ထားရှာတဲ့ ထမင်းကြမ်းခဲကြီး။ ခေတ်သစ်ရဲ့ အမှိုက်ပုံထက်က ဝဲစားနေတဲ့ ခွေးအိုကြီး တစ်ကောင်ရဲ့ ဇွဲကောင်းကောင်း စောင့်ဆိုင်း ချောင်းမြောင်း ခံနေရတဲ့ ထမင်းကြမ်းခဲကြီး။ တရှဲရှဲ အော်မြည်နေတဲ့ ဆီပူတွေထဲ ပစ်ချလိုက်၊ မီးပြင်းတွေ မြှိုက်လိုက်စမ်းပ။ (ဒုတိယ နတ်သုဒ္ဓါတမျှ) အရသာ ပြည့်နှက် ကြွယ်ဝလာမယ့် ထမင်းကြမ်းခဲကြီး။ ကျေးလက်အကြောင်း၊ မိုးဥတုနဲ့ နွားမကြီးတွေ အကြောင်း ပုံပြောကောင်းလှတဲ့ ထမင်းကြမ်းခဲကြီး။ ဒုတိယ ကမ္ဘာစစ် အတွင်းက မြို့တိုင်း၊ ရွာတိုင်း၊ နယ်ပယ်တိုင်းမှာ နာမည်ကျော်ကြား လူကြိုက်များလှတဲ့ ထမင်းကြမ်းခဲကြီး။ မိုက်ကယ် အိန်ဂျလို၊ ဟင်နရီ မိုး၊ ပေါ ကလီးတို့ ဝင်စားတဲ့ ကြွက်စုတ်တွေက အငမ်းမရ ကိုက်ဖြတ် ပုံဖော်ပေးလိုက်ကြတဲ့ သရီးဒီ ရုပ်ကြွ ထမင်းကြမ်းခဲကြီး။ မြို့တစ်မြို့စာ ကယ်လိုရီတွေ သိပ်သည်း သိုမှီးရာ ကွန်ပျူတာ ထမင်းကြမ်းခဲကြီး။ မသိသူ ကျော်သွား သိသူ ဖော်စားဖို့ တစ်ညလုံး၊ တစ်ဘဝလုံး စောင့်ကြိုနေခဲ့တဲ့ ထမင်းကြမ်းခဲကြီး ပါဗျာ။

ကျွန်တော်ဟာ စားပွဲပေါ်က ထမင်းကြမ်းခဲကြီး ပါဗျာ။

ကျွန်တော်ဟာ ထမင်းကြမ်းခဲကြီးကို ကျွန်တော့်ရဲ့ ပုံတူရုပ်တု အဖြစ် မမှိတ်မသုန် ကြည့်ကာ ကြည်ကြည်ညိုညို ရိုရိုသေသေ လေးလေးစားစား အလေးပြုခဲ့ ပါတယ်။ ဒါဟာ နောင်တစ်နေ့မှာ ကျွန်တော် ရေးဖြစ်ခဲ့တဲ့ မိမိကိုယ်ကို ပြန်လည် စားသောက်ခြင်း ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ရဲ့ အစ ဇာတ်ဝင်ခန်း တစ်ခု ဆိုကြပါစို့။ ဒီနေရာမှာ ကျွန်တော်ဟာ ကိုယ့်ဝတ္ထုတွေ ထုတ်ထုတ်ပြီး ခဏခဏ မကြော်ငြာချင်ဘူး။ (ဥပမာ- မိမိကိုယ်ကို ပြန်လည်စားသောက်ခြင်း တို့၊ တွားသွား သက္ကရာဇ်နဲ့ ခေတ်ပေါ် ကဗျာဆရာ တို့၊ သွားတု မတပ်ရသေးတဲ့ ပင်လယ် တို့၊ အိမ်နံပါတ် ၁၈ တို့လို ကျော်ကြားအောင်မြင် ပြီးသား ဝတ္ထုတွေရဲ့ အမည်ကို ထုတ်ဖော် မပြောချင်ဘူး။) ဒါမျိုးက သိချင်ဝယ်ဖတ် ဘယ်နှစ်ကျပ် ဆိုတဲ့ လမ်းဘေးဈေးသည်တွေရဲ့ အလုပ် မဟုတ်လား။ ကျွန်တော်ရဲ့ အလုပ်က ဘာလဲ။ အစကတည်းက ဒီအချက်ကို ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောပေါက်ခဲ့ ပြီးပါပြီ။

လူတွေဟာ မိမိတို့ရဲ့ လောဘစိတ်ကို ဒေါ်လာငွေစက္ကူတွေ အဖြစ် တီထွင်ခဲ့ကြ၊ မိမိတို့ရဲ့ မရိုးသားမှုကို ချိန်ခွင်တွေ အဖြစ် ဖန်တီးခဲ့ကြ၊ မိမိတို့ရဲ့ မသေချာမှုများကို နာရီတွေ အဖြစ် တီထွင်ကြလို့။ သေခြင်းတရားနဲ့ ငတ်မွတ်မှုကို ပျစ်ပျစ်နှစ်နှစ် ရောစပ်ပြီး မီဂါတန် ဗုံးကြီးတွေ အဖြစ် တီထွင် ဖန်တီးလိုက်ကြတော့တယ်။ လူတွေဟာ မိမိတို့ တီထွင်ထားတဲ့ ငွေစက္ကူတွေနဲ့ပဲ မိမိကိုယ်ကို ရောင်းစားကြ။ အခြေအနေမှန်နဲ့ လွဲချော်ကြ။ မိမိတို့ တီထွင်ထားတဲ့ ချိန်ခွင်တွေထဲမှာပဲ မှားယွင်းမှုတွေနဲ့ ကိုယ်ဖော့ကြ။ အခြေအနေမှန်နဲ့ လွဲချော်ကြ။ မိမိတို့ တီထွင်ထားတဲ့ နာရီထဲမှာပဲ လက်တံတွေကို ခိုစီးကြ။ သံပတ်တွေကို နောက်ပြန်ပေးကြ။ အခြေအနေမှန်နဲ့ လွဲချော်ကြ။ အဆိုးဆုံးကတော့ မိမိတို့ တီထွင်ထားတဲ့ ဧရာမ ဗုံးကြီးတွေထဲမှာ အစုလိုက် အပြုံလိုက် သေဆုံးကြ၊ အစုလိုက် အပြုံလိုက် ငတ်မွတ်နေခဲ့ ကြတာပဲပေါ့။ ကျွန်တော်ဟာ အစောကြီးကတည်းက ကိုယ့်အလုပ်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်ခဲ့သူပါ။ ကျွန်တော့်ရဲ့ မွေးရာပါ အတွေးအခေါ်ဟာ ခေတ်၊ သက္ကရာဇ်၊ ရာစုနှစ်တွေ အလိုက် (အလျားလိုက် ဖြန့်ခင်းပြီး) ကမ္ဘာကြီးကို အပေါ်စီးကနေ အားရ ကျေနပ်အောင် ကြည့်ခဲ့ ပြီးပြီလေ။ နောင်လာနောက်သားတွေ မှတ်သားဖို့ ကျွန်တော် စကားတချို့ ချန်ခဲ့ပါ့မယ်။ စာရေးဆရာ လုပ်တဲ့ကောင်ဟာ လူဖြစ်နေတဲ့ အတွက် လူကို အခြေခံကျကျ နားလည် သဘောပေါက်အောင် အားထုတ်ရပါလိမ့်မယ်။ (ကိုယ့်ကိုယ်ကို ဘာမှန်း မသိဘဲ ဘာမှ လုပ်လို့ မဖြစ်ဘူး) ဒါဟာ အခက်ခဲဆုံး (၁) ပဲ။ လူ့ဘဝရဲ့ အနှစ်သာရဟာ လူလုပ် ဝါဒတွေ၊ လူလုပ် ရုပ်ဝတ္ထု စက်ကိရိယာတွေ အားလုံးထက် သာလွန် ထက်မြက်တယ် ဆိုတာ သိအောင် အားထုတ်ရမယ်။ ဒါဟာ အခက်ခဲဆုံး (၂) ပဲ။ ခု ပြောချင်တာ နှစ်ခုတည်း၊ ဒီနှစ်ချက်ဟာ ငတုံးတွေအဖို့ အနှစ် ၂၀ လုံးလုံး ဦးခေါင်း မီးဟုန်းဟုန်း ထအောင် ဆင်ခြင် အားထုတ်တောင်မှ သိကောင်းမှ သိချင်မယ့် ကိစ္စတွေပါ။ ဒါပေမဲ့ ငတုံးတွေကို ကျွန်တော်တို့ ကဲ့ရဲ့ ပြစ်တင်ဖို့ မလိုဘူး။ သိမှု (ဉာဏ်) ကြောင့် သောကတွေ ဗလောင်ဆူရ တတ်ပြီး မသိမှု (အဝိဇ္ဇာ) ကြောင့် သောကကင်းကင်း နေထိုင်နိုင်တာဟာ ဟောဒီ လူ့ကမ္ဘာကြီးရဲ့ ခြွင်းချက်ထက် ပိုတဲ့ ထူးခြားချက်တစ်ခု ဖြစ်နေလို့ပါပဲ။

(၆)

ခရစ်တော်ကို ကားစင် တင်သလို ခွေးတစ်ကောင်ကို လက်ဝါးကပ်တိုင်မှာ သံမှိုနှက်ပြီး ကွပ်မျက်လိုက်ပေမယ့် သေချာတာကတော့ အဲဒီခွေးဟာ ခရစ်တော် ဖြစ်မလာနိုင်ဘူး ဆိုတာပါပဲ။ ကျွန်တော့်ရဲ့ အဲဒီလို ဖြေလိုက်တဲ့ အသံလည်း ဆုံးရော သူ့မျက်နှာကြီး အုန်းခနဲ မည်းပြီး ပွင့်ထွက်သွားတယ် လို့တောင် ထင်လိုက်ရရဲ့။ ရှုံ့မဲ့ စုတ်ပြတ် ညိုမည်း သွားလိုက်ပုံများ မီးခိုးတွေ အူထ,လို့ ဆေးလိပ်တိုကို ရှူးခနဲဆို ဖွာလိုက်တယ်။ စုတ်ချွန်းချွန်း မျက်နှာပေါ်က နှုတ်ခမ်းမွေး စစ ပေါက်နေတဲ့ ရုပ်သွင်က စနက်တံ နှစ်ခု တပ်ထားတဲ့ ဒိုင်းနမိုက် လိုပဲ။ ဇောက်ထိုး မိုးမျှော် ဖြစ်နေတဲ့ အဲဒီ ဒိုင်းနမိုက်ကြီးရဲ့ စနက်တံတွေကို ကျွန်တော် မီးရှို့ပစ်ချင်နေတာ ကြာပါပြီ။ ခုလောက် ဆိုရင်တော့ သူ့အတွေးတွေ တစ်စစီ စုတ်ပြတ် လွင့်စင် ထွက်သွားလောက်ရောပေါ့။ တကယ်က သူမေးတဲ့ မေးခွန်းက ပါးစပ်ညောင်းစေတဲ့ မေးခွန်း အမျိုးအစားပါ။ အဲဒီလို မလိုအပ်ဘဲ ချဲ့ထွင်ထားတဲ့ မေးခွန်းတွေနဲ့ အသိဉာဏ်ကို အလဟဿ ဖြုန်းတီး ပစ်ရမှာ နှမြောစရာ ကောင်းလှတယ်။ တကယ် အဖြေမှန်မှာ မေးခွန်း မလိုအပ်ဘူး ဆိုတာ ကျွန်တော်ပြောရင် ယုံပါလေ။ ဘဝမှာ တစ်သက်လုံး မေးခွန်းတွေနဲ့ နေထိုင်သွားလို့ မဖြစ်ဘူး။ တစ်သက်တာလုံး မေးခွန်းတွေနဲ့ နေထိုင်မိသူဟာ မိမိကိုယ်တိုင် အဖြေမရှိတဲ့ မေးခွန်းတစ်ခု အဖြစ် ကြောက်မက်ဖွယ် ရောက်ရှိသွားနိုင်တယ် ဆိုတာ စောစောစီးစီး ကပဲ သတိပေး ပြောကြားလိုက်ပါတယ်။ ၃၃ လမ်းထဲက မှိုတက်နေတဲ့ မေးခွန်းတွေ၊ နီကယ် စိမ်ထားတဲ့ မေးခွန်းတွေဟာ ကျွန်တော့်အတွက် ဘာမှ အသုံးမဝင်တာကြောင့် ငြင်းပယ် ပစ်ခဲ့တာ ကြာလှပါပြီလေ။ သူက မေးတယ်။

"အကြောင်းအရာနဲ့ ပုံသဏ္ဌာန် ဘယ်ဟာကို ခင်ဗျား အဓိက ထားသလဲ" တဲ့။ "ခင်ဗျားဟာ အကြောင်းအရာ သမားလား၊ ပုံသဏ္ဌာန် သမားလား" တဲ့။

သူဟာ ဒီမေးခွန်းတွေနဲ့ ပုံသဏ္ဌာန် ဆိုတာကိုက အကြောင်းအရာ တစ်ခု ဖြစ်ပြီး အကြောင်းအရာတိုင်းမှာမှ သီးခြား ပုံသဏ္ဌာန်ဆောင်မှု ရှိတယ် ဆိုတာကို မသိကြောင်း ပြသလိုက်တာ ပါပဲ။ မှိုတက်နေတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် သူ့ကို ခပ်ပြတ်ပြတ်ပဲ ပြောလိုက်တယ်။

"တစ်ရက်မှာ နှစ်ဆယ့်လေးနာရီပဲ ရှိတယ် ကိုယ့်လူ" "တကယ်လို့ တစ်ရက်မှာ နှစ်ဆယ့်ငါးနာရီ ရှိလာခဲ့ရင်တော့ မောင်ရင့်အတွက် တစ်နာရီလောက် အချိန်ပေးပြီး ဆွေးနွေးပေးတာပေါ့" လို့။

အဲဒီနေ့က စတင်ပြီး အဲဒီ ဒိုင်းနမိုက်ဟာ ရောက်လေရာ စားပွဲဝိုင်းတိုင်းမှာ ကျွန်တော်နဲ့ ပတ်သက်ပြီး တဒိုင်းဒိုင်း ပေါက်ကွဲလေ့ ရှိပါတော့တယ်။

(၇)

ကမ္ဘာပေါ်မှာ ဘာသာစကား အမျိုးပေါင်း ဘယ်လောက် ရှိမလဲ။ ကျွန်တော် သိထားတာကတော့ ရင်းမြစ် ဘာသာစကား ၁၂ မျိုးနဲ့ မျိုးပွား ၁၀၂ မျိုးလောက် ရှိတယ် ဆိုတာပါပဲ။ လာမယ့် ဆယ်စုနှစ်တွေ အတွင်းမှာ ကမ္ဘာပေါ် ရှိသမျှ ဘာသာစကား အားလုံးနဲ့ (အူရဒူ ဘာသာစကားက လွဲလို့) ကျွန်တော့်ဝတ္ထုတွေကို ပြန်ဆို ရိုက်နှိပ် ထုတ်ဝေပြီး ဖြစ်နေလိမ့်မယ်။ ခြွင်းချက်အဖြစ် အူရဒူ ဘာသာစကားကို ချန်လှပ် ခဲ့ရမှာပ။ (ကျွန်တော့်ဘက်က ခွင့်မပြုနိုင်တာက ကျွန်တော့် ဝတ္ထုတွေက အူတူတူ ဝတ္ထုတွေမှ မဟုတ်ဘဲလေ။) ကမ္ဘာပေါ်မှာ ရှိတဲ့ အကြီးဆုံး စာအုပ်တိုက်ကြီးတွေ တိုင်းမှာ ကျွန်တော့်ဝတ္ထုတွေ အကြောင်း ပေးစာတွေဟာ ကမ္ဘာ့ နေရာ အနှံ့အပြားကနေ နေ့စဉ် ထောင်သောင်းချီပြီး တဖွဲဖွဲ ရောက်ရှိလာလိမ့်မယ်။ ချီးကျူးစာ၊ ဝေဖန်စာ၊ အကြံပေး ဆွေးနွေးစာတွေဟာ ကမ္ဘာကို နေ့စဉ် ပတ်နေကြမှာပဲ။ စောင်ရေ သန်းနဲ့ချီပြီး ရိုက်နှိပ် ထုတ်ဝေရတဲ့ ဂျာနယ် မဂ္ဂဇင်းတွေကလည်း ကျွန်တော့် ဝတ္ထုတွေကိုပဲ အလုအယက် ဖော်ပြကြလို့ ကျွန်တော့်ရဲ့ ဘဝ၊ ကျွန်တော့်ရဲ့ အတ္ထုပ္ပတ္တိ၊ ကျွန်တော့်ရဲ့ အတွေးအခေါ်တွေကို ကမ္ဘာက အံ့ဩမဆုံး ဖြစ်လို့ အာရှတိုက်ကြီးဟာ ကျွန်တော့်ကြောင့် ဂုဏ်ယူ ဝမ်းသာမဆုံး ဖြစ်ရသည်ပေါ့။ ပါရီမြို့ရဲ့ ရှောင်ဇေးလီဇေး လမ်းမကြီးပေါ်က အခိုး တလူလူ ထွက်နေတဲ့ ကဖေးဆိုင်ကြီးတွေမှာ၊ အင်္ဂလန်နိုင်ငံ ဒင့်လမ်းက လူစည်ကားတဲ့ အပေါစား စားသောက်ဆိုင်တွေဆီမှာ၊ ဝင်ချက်စတာ မြို့က ခေါင်းလောင်းသံတွေ တညံညံ မြည်နေတဲ့ ဘုရားရှိခိုး ကျောင်းထဲမှာ၊ အစ္စရေးနိုင်ငံ တဲလ်အဗီး မြို့က ၂၄နာရီ နိုးကြားစေတဲ့ ကင်းမျှော်စင်တွေထက်မှာ၊ ဗောလ်တစ် ပင်လယ်ကမ်းခြေ အနားယူစခန်း ဘန်ဂလိုတွေထဲက ပေါင်တံရှည်ရှည်တွေ ကြားမှာ၊ နယူးယောက် မြို့ကြီးရဲ့ ဆူညံနေတဲ့ လမ်းတွေထက်က ဇိမ်ခံ ဟိုတယ်တွေထဲမှာ၊ တာရှ်ကင်း မြို့ရဲ့ အေးစက်စက် လမ်းပေါ်က အစိုးရ ဘီယာဆိုင်တွေထဲမှာ၊ ဆွစ်ဇာလန်က တချွမ်ချွမ် မြည်နေတဲ့ ဘဏ်တိုက်ကြီးတွေထဲမှာ၊ ရန်ကုန် မြို့ရဲ့ ၃၃လမ်းနဲ့ လေထန်ကုန်းမှာ ကျွန်တော့်ဝတ္ထုတွေ အကြောင်းကို လူတွေဟာ ဆွေးနွေးကြ၊ ပြောဆိုကြ၊ ငြင်းခုန်နေကြလိမ့်မယ်။ ဒေါသကြီးပြီး ခံစားမှု ထက်မြက်တဲ့ ကျွန်တော့်ရဲ့ စာဖတ် ပရိသတ် တစ်ဦးက စားပွဲခုံကို လက်ဝါးနဲ့ 'ဘုန်း'ခနဲ ရိုက်ပစ်ပြီး ...

"ဟေ့ အရူးတွေ ... တိတ်ကြစမ်း" လို့ ခပ်ကြမ်းကြမ်း စကားတစ်ခွန်း ဆိုလိမ့်မယ်။ ပြီးမှ သူဟာ ကျွန်တော့် ဝတ္ထုထဲက ဇာတ်ကောင်လို ခါးကြားမှာ ဆောင်ထားတဲ့ ဓားမြှောင်ကို ဆွဲထုတ်ပြီး စားပွဲခုံ အလယ်တည့်တည့်ဆီ ဒုတ်ခနဲ တစ်ဟုန်ထိုး စိုက်ပစ်လိုက်တယ်။ ကဖေးဆိုင်ရှင်ရဲ့ မျက်ခုံးနှစ်ဖက်ဟာ ဆတ်ခနဲ ရုန်းတွန့်ပြီး နှုတ်ခမ်းနှစ်ခုက ညွတ်ခနဲ ပြုံးပြလိမ့်မယ်။ သူကလည်း ကျွန်တော့်ရဲ့ အမာခံ စာဖတ်ပရိသတ် တစ်ဦး ဖြစ်လေတော့ ကျွန်တော့် ဝတ္ထုတိုတွေဘက်က ခုခံကာကွယ်တာကို ကျေနပ် အားရနေမှာပဲပေါ့။ သူ့ကဖေးဆိုင်ရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ စားပွဲခုံပေါ်မှာ ဓားမြှောင်တစ်ချောင်း ဝင်စိုက်တာကို နည်းနည်းလေးမှ အပြုံးမပျက်ဘူး။ ဖြစ်နိုင်လို့ စားပွဲကြီး ထက်ခြမ်း ဂျွမ်းခနဲ ကွဲသွားစေဦး၊ ဒီအတွက်တော့ဖြင့် သူက ဝမ်းနည်းလိမ့်မယ် မဟုတ်ဘူး။ စားပွဲဝိုင်း ဆွေးနွေးပုံကြောင့် လိုအပ်လာခဲ့ရင် သူကိုယ်တိုင် ဝင်ပြီး စစ်ကူပေးဦးမှာ မလွဲဘူး။ ကောင်တာနောက် ထင်းရှူးပုံးထဲက မီးသွေးခဲတုံးကြီးနဲ့ ဝှီးခနဲ ထုပစ်လိုက်နိုင်တယ်။ သည့်ထက် လိုအပ်လာရင် ဖိုထဲက တရှိန်ရှိန် တညီးညီး မီးစွဲနေတဲ့ နီနီရဲရဲ မီးသွေးတုံးကြီးကို ညှပ်ယူပြီး ဝှီးခနဲ ပစ်ပေါက်လိုက်နိုင်သေးတယ်။ ကျွန်တော့် ဝတ္ထုတိုတွေကို ဆန့်ကျင် စော်ကားသူ မှန်သမျှ လောင်ကျွမ်း ပြာကျသွားစေချင်ဟန် တူရဲ့။ ၃၃လမ်းထဲမှာ မီးသတ်ကားတွေဟာ ဒီနည်းနဲ့ အကြိမ်ကြိမ် အော်မြည် ရောက်ရှိလာခဲ့မှာပဲ။ 'ကူးစက် လောင်ကျွမ်းမှု ထိန်းချုပ်ရေး ဗဟိုအဖွဲ့' က ကျွန်တော့် ဝတ္ထုတွေကို တားမြစ် ပိတ်ပင်ဖို့ ကန့်ကွက်လိမ့်မယ်။ မပူပါနဲ့၊ ပူစရာ မရှိဘူး။ ကဖေးဆိုင်တွေမှာ စာကြည့်တိုက်တွေမှာ မီးသတ်ဘူးတွေ ဆောင်ထားဖို့ ညွှန်ကြားတာက လွဲလို့ ကျွန်တော့် ဝတ္ထုတွေကို တားမြစ် ပိတ်ပင်ဖို့ လုံလောက်တဲ့ အန္တရာယ် မရှိသေးကြောင်း သက်ဆိုင်ရာက ထုတ်ပြန် ကြေညာပါလိမ့်မယ်။ အကြို ပွင့်လင်းရာသီ ရောက်ခဲ့ပြီ မဟုတ်လား။ အသိဉာဏ် ရှိပြီး အဆင့်မြင့် စာပေလက်ရာတွေကို နားလည် ခံစားနိုင်စွမ်း ရှိသူတွေက ဦးစီးလို့ ကျွန်တော့် ဝတ္ထုတိုတွေအကြောင်း ဆွေးနွေးပွဲတွေ ကျင်းပ ပြုလုပ်ကြလိမ့်မယ်။ ပရိသတ်တွေဟာ ကျွန်တော့် ဝတ္ထုတိုတွေထဲက ဇာတ်ကောင်တွေရဲ့ စကားတွေအတိုင်း အချင်းချင်း ပြန်လှန် ပြောဆိုနေကြလိမ့်မယ်။

"ရင်သားတွေဟာ မိန်းမတွေကို မိခင်ဘဝ ပို့ဆောင်ပေးဖို့၊ ရင်သွေးနဲ့ ကလေးငယ်တွေအဖို့ မေတ္တာဓာတ်နဲ့ အာဟာရတွေ ဝေငှဖို့အတွက် သဘာဝတရားက တပ်ဆင်ပေးလိုက်တဲ့ ကိရိယာတွေ ဖြစ်တယ်။ ဆန့်ကျင်ဘက် လိင်တွေကို ရူးသွပ်စေတဲ့ နတ်မိစ္ဆာတို့ရဲ့ စက်ခလုတ် မဖြစ်သင့်ဘူးကွ" တဲ့။

အဘိုးကြီး တစ်ယောက်က အာဂုံ ဆောင်ထားတဲ့ အတိုင်း ထရွတ်လိုက်တယ်။ သူနဲ့ အနီးဆုံးမှာ ရှိတဲ့ အမျိုးသမီး တစ်ယောက်က ချက်ချင်းပဲ ...

"မေမေ့ ကလေးရေ ..." လို့ အဘိုးကြီးကို အော်ခေါ်လိုက်တယ်။ (သူမက လှမ်းမခေါ်ရင်လည်း တခြား တစ်ယောက်က လှမ်းခေါ်မှာ ပါပဲ။) အဘိုးကြီးက ပြုံးလို့ ကျွန်တော့် ဝတ္ထုတွေ ဖတ်ရှုရခြင်းရဲ့ ကျေးဇူးတင်ရမဲ့ အရသာတွေကို ကောင်းကောင်းကြီး လက်တွေ့ သိခွင့်ရပြန်ပြီပေါ့လေ။

"ပြီးတော့ ကျွန်တော့် လက်ထဲမှာ တစ်ပြားတစ်ချပ်မှ မရှိဘူး" ဘဝကလည်း အငတ်ငတ် အပြတ်ပြတ် ပါဗျာ တဲ့။ ဆံပင် စုတ်ဖွားနဲ့ ပေစုတ်စုတ် ညှင်းသိုးသိုး လူငယ်တစ်ယောက်က သူ့ကုတ်အင်္ကျီစုတ်ကြီးထဲ လက်နှိုက်ပြီး ကောက်ကာငင်ကာ ရွတ်လိုက်ပြန်တယ်။ စောစောက ပြုံးနေတဲ့ အဘိုးကြီးခမျာ အသာအယာ တစ်ချက် လှည့်ကြည့်ပြီး ...

"မင်းမှာ ပေးစရာ အကြွေး ဘယ်လောက်ရှိသလဲ ပြောစမ်း" ဆိုပြီး ငွေစက္ကူတစ်ရွက် သူ့လက်ထဲ ရွှပ်ခနဲ ထည့်ပေးလိုက်တယ်။ ဒါကတော့ ဝတ္ထုတိုတွေ ခုလို တန်ဖိုးကြီးမှန်း လူငယ်တွေ ထပ်ပြီး သဘောပေါက်ရပုံပါ။

ဒီအတွက် ကျွန်တော့်ဘက်က မူလကတည်းက စေတနာ ထားရှိခဲ့တယ်။ ကျွန်တော် ဝတ္ထုရေးတဲ့ အခါ အက္ခရာတစ်လုံး ထွက်ကျလာတိုင်း ဒင်္ဂါးပြား တစ်စေ့ ထွက်ကျလာတယ်လို့ သဘောထားခဲ့ပါတယ်။ ဝါကျတစ်ကြောင်း ဆုံးတိုင်း ဒင်္ဂါးပြားတွေ တစ်ပြားပြီး တစ်ပြား စုဆောင်း ရရှိထားပြီလို့လည်း ဝင်စားယူပါတယ်။ စာမျက်နှာ တစ်မျက်နှာ ရေးပြီးပြီ ဆိုပါတော့၊ ကျွန်တော့်အတွက် ငွေစက္ကူကြီး တစ်ချပ် ရရှိပြီပေါ့။ စာမျက်နှာတွေ တစ်ခုပြီး တစ်ခု ရေးပြီးတဲ့ အခါ ကျွန်တော့်အဖို့မှာတော့ ငွေစက္ကူကြီးတွေ တစ်ရွက်ပြီး တစ်ရွက် စုဆောင်း ရရှိနေပြီလို့ အလေးအနက် မှတ်ယူ ယုံကြည်ခဲ့ပါတယ်။ သာမန် ငွေစက္ကူတစ်ရွက်ဟာ သူ သတ်မှတ်ထားတဲ့ တန်ဖိုး အပြည့်ကို တစ်ကြိမ်ပဲ အသုံးခံပေမယ့် ကျွန်တော့်ရဲ့ ငွေစက္ကူတွေကတော့ အကြိမ်ကြိမ် အခါခါ သုံးမကုန် စွဲမကုန် တန်ဖိုးရှိတာတွေပါ။ အချိန်ကျလာရင်တော့ ကျွန်တော့်ရဲ့ ချမ်းသာကြွယ်ဝမှုကို ထုတ်ဖော် ကြေညာရမှာပေါ့ဗျာ။

(၈)

လမ်းဘေး ထမင်းဆိုင်က ကောင်မလေး သွန်ငှဲ့ ပစ်လိုက်တဲ့ ထမင်းရည်တွေကို ကျွန်တော့် ဇာတ်ကောင်က ဈေးအပေါဆုံးနဲ့ ဝယ်ယူ ရရှိလိုက်တယ်။ ဈေးအပေါဆုံးလို့ ဆိုရတာက အဖိုးအခ တစ်ပြားမှ မပေးရတဲ့ အလကားနီးနီး ရခဲ့လို့ ပါပဲ။ အခန်းထဲမှာ ကျွန်တော့် ဇာတ်လိုက်နဲ့ ကျွန်တော်ဟာ တစ်ကျပ်တန် ကြွပ်ကြွပ်အိတ်ထဲက စေးပျစ်ပျစ် ထမင်းရည်တွေကို အရသာရှိရှိ သောက်သုံးခဲ့ကြတယ်။ ကျွန်တော်နဲ့ ကျွန်တော့် ဇာတ်ကောင်လို့ ဆိုထားပေမယ့် တကယ်က ကျွန်တော် တစ်ယောက်တည်းပဲ စားသောက်ပစ်ခဲ့တာ ဖြစ်တယ်။ (ဒါမှမဟုတ်) ကျွန်တော့် ဇာတ်ကောင် တစ်ယောက်တည်း စားသောက် ပစ်ခဲ့တာလည်း ဖြစ်တယ်။ ကျွန်တော့် ဇာတ်ကောင်ရဲ့ အစာအိမ်ဟာ ကျွန်တော့်ရဲ့ အစာအိမ်ပဲ မဟုတ်လား။ ဇိမ်ခံ သင်္ဘောကြီး တစ်စီးပေါ်မှာ ဗီသိုဗင်ရဲ့ ဂီတတွေကို နားထောင်ရင်း နံနက်စာအဖြစ် ဆင်းဒဝစ်ချ်တွေ၊ ဟမ်ဘာဂါတွေ တစ်ဝတစ်ပြဲ စားနေတာလည်း ကျွန်တော့်ဇာတ်ကောင်ပါပဲ။ ကျွန်တော့် အစာအိမ်ထဲမှာ ဆင်းဒဝစ်ချ်တွေ၊ ဟမ်ဘာဂါတွေနဲ့ ဝိုင်ချိုတွေ ရှိနေတယ် ဆိုတာ မယုံချင်ရင်တောင်မှ ဗီသိုဗင်ရဲ့ ဂီတတွေ ရှိနေတယ်ဆိုတာ နားစွင့်ပြီး ယုံစမ်းပါ။ သမုဒ္ဒရာ တစ်စင်းကို တငြိမ့်ငြိမ့် ဖြတ်သန်းနေတဲ့ ဇိမ်ခံသင်္ဘောကြီး တစ်စင်းပေါ်မှာ ဗီသိုဗင်ရဲ့ ဓာတ်ပြားတစ်ချပ် မညည်းမညူ လည်ပတ်နေတယ် ဆိုတာက တကယ့် အဖြစ်အပျက် တစ်ခုပါလေ။


နေမျိုး
ဟန်သစ် မဂ္ဂဇင်း၊ အမှတ် ၃၆၊ ဇွန်၊ ၁၉၉၃။
သရုပ်ဖော်ပန်းချီ - နေမျိုး

No comments:

Post a Comment