Tuesday, March 3, 2015

ငယ်ချစ်တို့ရဲ့ကုတ်အင်္ကျီ (ပီယံ(​ချောင်းဦး))


ညနေခင်း မိုးသက်လေကလေး တိုက်စ အချိန်ကတော့ အသောက်သမားတွေရဲ့ လက်သုံးစကား ဖြစ်တဲ့ 'ရာသီဥတုက ကိုယ့်ဘက် ပါသဟေ့' လို့ ရေရွတ်ရင်း တပြုံးပြုံးနဲ့ အကျေနပ်ကြီး ကျေနပ်နေတဲ့ ပုံပဲ။

ခုတော့ သင်းမျက်နှာက ဆီးစေ့လောက်တောင် မရှိချင်တော့ဘူး။ အဆက်မပြတ် ရွာချနေတဲ့ မိုးကြောင့် ဆိုင်မှာ အရောင်းပါး နေပေမယ့် ကျုပ်ကတော့ ကိုဘဒင် ဖြစ်ပျက်နေပုံကို ကြည့်ပြီး ဝမ်းတောင် သာနေမိသေး။ မိုးရွာစက ကျုပ်ရှေ့မှာတင် ဖန်ခွက် တစ်ခွက်စာ သူမော့ပြီးပြီ။ အဲသည်လောက်ကလေး မစို့မပို့ မျိုရ ဆို့ရယုံနဲ့ သူ့အာသီသ မပြေနိုင်ဘူး ဆိုတာ ကျုပ်က သိပြီးသား။ ကျုပ်အနေနဲ့ အဲသည်လောက်ထက် ပိုပြီး မသဒ္ဓါနိုင်ဘူး ဆိုတာ သူကလည်း သိပြီးသား။ စဉ်းစားကြည့်လေ၊ လွန်ခဲ့တဲ့ အနှစ် လေးဆယ်ကျော် လောက်က ကျုပ်ကို ပစ်ပြီး ကုန်စိမ်းသည် တစ်ခုလပ်မကို ယူသွားအားတဲ့ဒီသောက်ကမြင်း ထီးကြီးကို ကျုပ်ဆိုင်ပေါ် တင်ကျွေးထားရတာတောင် လွန်လှပြီ။

အိုကြီးအိုမ အရွယ်ကျမှ ပြန်ဆုံဖို့ အကြောင်းက ဖန်ချင်တော့ သူ့ မယားပါသား မောင်မွှေးနီက ကျုပ် မွေးစားသမီး မခင်ဆင့်နဲ့မှ လာပြီး အိမ်ထောင်ကျသလေ။ မယားပါသားနဲ့ မွေးစားသမီး ညားကြတာက အရေးမကြီးဘူး။ ကျုပ်နဲ့ ကိုဘဒင်က မခည်းခမက် လိုလို ဘာလိုလိုမျိုး လာတော်နေရတာက ခက်တယ်။ မခေါ်ချင်လွန်း၊ မတော်ချင်လွန်းလှတဲ့ ဒီမေတ္တာတုံးကြီးကို ကျုပ်ဆိုင်ပေါ် တင်ကျွေးထားရဖို့ ကိန်းကလည်း ဆိုက်ချင်တော့ မန္တလေးမှာ သင်းတို့ ငှားနေတဲ့ အိမ်က မီးထဲ ပါသွားပါလေရော။

"ဒွေးလေးမြင့်ရယ်၊ အမေ ရှိစဉ်ကရော- အမေ ဆုံးပြီးတဲ့ နောက်မှာပါ ကျွန်တော့်အပေါ် သားအရင်းသဖွယ် ပြုစု ကျွေးမွေးခဲ့တာမို့ ကျွေးသဖခင် အဖြစ် ကျေးဇူးတွေ ကျွန်တော့် အပေါ်မှာ ရှိပါတယ်။ သူ့ခမျာ အိုစာမင်းစာကလေး ကလည်း မီးထဲ ပါသွားပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ကသီလင်တ ဖြစ်နေရရှာတာမို့ ဒီမှာပဲ အတူ ခေါ်ထားပါရစေ" လို့ မောင်မွှေးနီက သူ့ပထွေးကြီး ကိုဘဒင်အတွက် အကြိမ်ကြိမ် အသနားခံတာကြောင့် ဒီ ကာလနာတိုက်ကြီး ကျုပ်ဆိုင်ပေါ် ရောက်လာခဲ့တာပေါ့။

မန္တလေး ဘက်က ကားတွေ ဝင်လာမယ့် လမ်းကိုပဲ လည်တဆန့်ဆန့် မျှော်ကြည့်ရင်း ကိုဘဒင်က "အာလကပ္ပရွာ နားမှာ လမ်းပေါ် ရေကျော်နေလို့ ကားတွေ ဝင်မလာနိုင်တာ များလားနော်" တဲ့။ ကျုပ်က အင်း-အဲ မလှုပ်ပါဘူး။ ဆေးပေါ့လိပ် ကိုပဲ အရသာ ခံပြီး ဖွာနေလိုက်တယ်။ တော်တော်လေး နေတော့ သူ့ ရှိစုမဲ့စု ကျပ်တန်လေး နှစ်ရွက်ကို ကျုပ်ရှေ့ လာချတယ်။ အရက်ပုလင်းကိုတော့ သူ့ဘာသာ ဆွဲယူပြီး ဖန်ခွက်ထဲကို ခပ်ပြည့်ပြည့် ငှဲ့ယူသွားတယ်။ ခါတိုင်း သည်လောက် သောက်လိုက်ရရင် သူ့အတွက် ရေချိန် ကိုက်ပြီပေါ့။ ခုတော့ ရာသီဥတုက သူ့ဘက် ပါချင်တိုင်း ပါနေတာမို့ ထမင်း ထ, မစားနိုင်သေးတာသာ ကြည့်။

"မယ်မြင့်၊ ကျုပ်- ကျုပ်၊ ကုတ်အင်္ကျီ"

"ဘာ-တော့် ကုတ်အင်္ကျီ၊ ဟုတ်လား ကိုဘဒင်၊ အဲဒီ အင်္ကျီနဲ့ ရွာထဲသွားပြီး-"

သူ့စကား မဆုံးခင် ကျုပ်က ဖြတ်အော်လိုက်သလို ကျုပ်စကား မဆုံးခင်မှာဘဲ-

"မဟုတ်ပါဘူးကွာ၊ ချမ်းစိမ့်စိမ့် ဖြစ်လာလို့ ကုတ်အင်္ကျီ ခဏ ယူဝတ်ဦးမယ် ပြောမလို့ပါ"

အမှန်တကယ်လည်း မိုးအေးလွန်းလို့သာ ဗီရိုထဲမှာ သော့ခတ် သိမ်းထားတဲ့ ကုတ်အင်္ကျီကို ထုတ်ပေးလိုက်တာ။ ဒီကုတ်အင်္ကျီကို မြင်တိုင်း သင်းကို ဒေါသဖြစ်လို့ မဆုံးဘူး။ ဟိုတလောက ကိုသာယာတို့ အရက်ဖိုမှာ ကုတ်အင်္ကျီကို ဆယ့်ငါးကျပ်နဲ့ ချွတ်ပေါင်ပြီး အရက် သောက်သတဲ့လေ။ မွှေးနီတို့ လင်မယား မသိခင် ကျုပ် သွားရွေးခဲ့ရတာ။ ဘာကြာသေးလို့လဲ။ ကုတ်အင်္ကျီ ဝတ်နေတဲ့ သင်းကိုကြည့်ရင်း ဒေါသတွေ အလိပ်လိုက် တက်လာတာမို့ "ကိုယ့် အသက်အရွယ်မှ မထောက်၊ နောက်ထပ် အဲသလို အပေါက်မျိုး ချိုးလို့ကတော့ ခေါင်းနဲ့ ဆင်းရပြီသာမှတ်" လို့ ပြောလိုက်မယ် ဟန်ပြင်နေတုန်းမှာပဲ ဆိုင်ရှေ့ကို အဝေးပြေး ဟီးနိုးကားကြီး တစ်စီး ထိုးဆိုက်လာတယ်။ ကားပေါ်က ဆင်းလာတဲ့ လူရွယ်သုံးယောက်ကို သင်းက ပျာပျာသလဲ ထွက်ကြိုနေပြီလေ။

"မောင်ရင်လေးတို့ ကား အာလကပ္ပရွာ နားမှာ ရေကျော်တာနဲ့ တိုးနေလို့ ညဉ့်နက်သွားပုံ ရတယ်"

"ဟုတ်တယ် အဘရာ၊ ကျွန်တော်တို့ ကားတောင် မနည်းရုန်းပြီး ဖြတ်ကူး လာရတာ၊ နောက်က ကားတွေတော့ ရေကျမယ့် အချိန်အထိ စောင့်နေကြလေရဲ့"

"မောင်ရင်လေးတို့ ကားက အားကောင်း မောင်းသန်ကြီး မို့သာ ဖြတ်ကူး နိုင်တာပေါ့။ ကြည့်စမ်းပါဦး၊ ငွေမင်ရောင် အောက်ခံမှာ ချောကလက်ရောင် လိုင်းစင်းကြီးတွေနဲ့ ကျက်သရေ ရှိမှရှိ၊ ဘရိတ်အိုးက လေပိုတွေ တရှူးရှူး မှုတ်ထုတ်နေပုံကလဲ မာန်ဖီနေတဲ့ သံမဏိ နွားရိုင်းကြီးနဲ့တောင် တူနေသေးတော့"

ကားသမားလေးတွေက ကိုဘဒင် အပြောကို သဘောကျ သွားကြပြီလေ။ ဘယ်ကားသမား မဆို ကိုယ်မောင်းတဲ့ ကားကို ကောင်းကြောင်း ချီးကျူး ခံရလျှင် အင်မတန် ပီတိ ဖြစ်တယ်ဆိုတာ ကိုဘဒင်က နောကျေပြီးသား။ သူ ကိုယ်တိုင်ကလည်း ကားမောင်းစား လာခဲ့တဲ့ လူပဲဟာ။ အခုလို ဝင်းပြောင်နေတဲ့ ကားကောင်းကြီးတွေ မပြောနဲ့ ခပ်ညံ့ညံ့ ခပ်စုတ်စုတ် ကားတွေကိုတောင်-

"အဘကလဲ နှစ်ပေါင်းများစွာ ကားမောင်းစား ခဲ့တာကွဲ့၊ ဒီ ချက်ပက်လက်တို့ ဘက်ဖို့တို့ ဆိုတာ အဘတို့ ငယ်ချစ် ကားအမျိုးအစား တွေပေါ့၊ လူလေးတို့ ကားတွေက သက်တမ်းကြာလို့ အရောင်အဆင်း မရှိတော့ပေမယ့် သိပ် ဆွဲအား ကောင်းတယ်ဆိုတာ အဘက မြင်ရုံနဲ့ သိတာပေါ့၊ မျက်စိက မှုန်၊ လက်က တုန်တဲ့အရွယ် ဖြစ်နေလို့ သာပေါ့ကွယ်၊ နို့မို့ဆိုရင် ခုခေတ် ကားတွေနဲ့ အပြိုင် အဘငယ်ချစ် ချက်ပက်လက်ကြီးကို မောင်းပြလိုက် ချင်သေးတယ်" ဆိုတဲ့ အပြောမျိုးတွေနဲ့ ဆိုင်မှာဝင်ပြီး စားကြသောက်ကြတဲ့ ကားသမား ဝိုင်းတွေထဲ ဝင်ရောတော့တာပါပဲ။ အဲဒီနောက်တော့ ဖန်တစ်ရာ တေနေပြီ ဖြစ်တဲ့ သူ့ အတွေ့အကြုံ ဓာတ်ပြားဟောင်းကြီးကို ဖွင့်ပြီး ကားသမားတွေ ဆီက အရက် ကပ်သောက်တယ်လေ။ ခုလည်း ကားသမားလေး သုံးယောက်ကို ကျုပ်တို့ အဖို့တော့ နားအော်ဂလီ ဆန်လှပြီ ဖြစ်တဲ့ ရှေးဟောင်း နှောင်းဖြစ်တွေ ပြောနေပြန်လေရဲ့။

"အဘတို့ ခေတ်က ကားသမားတွေ အကြောင်း ပြောရရင် မောင်ရင်လေးတို့ အတွက်တော့ ရယ်စရာတွေ ဖြစ်နေမှာပေါ့ကွယ်၊ ကားလောက ထဲကို အဘ ရောက်စ,တုန်းက ဒီ ချောင်းဦး မြို့လေးပေါ်မှာ ဦးသိန်းဖေ၊ ဦးချစ်ဖေ၊ ဦးဗိုတို့ ပိုင်တဲ့ လော်ရီကား သုံးစီးလောက်ပဲ ရှိသေးတာပေါ့၊ အဘက ဦးချစ်ဖေတို့ ကားမှာ စပယ်ယာ လိုက်တယ်၊ အဲဒီတုန်းက ကားတစ်စီးမှာ စပယ်ယာတွေက လေးငါးယောက်တောင် ရှိတယ်၊ လခ တစ်ပြားမှ ရတာ မဟုတ်ပေမယ့် ကားပညာ တတ်ချင်လွန်းလို့ ရှိခိုးဦးတင် လိုက်နေ ကြရတာပေါ့၊ ကားတွေကလဲ ဟွန်းကလွဲရင် အကုန်မြည်တယ် ဆိုတာမျိုးတွေ လမ်းမှာ ရပ်ပြီး မပြင်ရတဲ့ အခေါက်ကို မရှိသလောက် ပါဘဲ၊ လမ်းတွေကလဲ ခုလို ဘယ်ဟုတ်လိမ့်မလဲ၊ ကျင်းတွေ၊ ချိုင့်တွေ ဗလပြတ်နဲ့ ဆိုတော့ ကားခမျာ ရွေ့ရွေ့ ရွေ့ရွေ့နဲ့ သွားနေတယ် ဆိုနိုင်ယုံလောက် မောင်းလို့ရတယ်၊ ချောင်းဦးနဲ့ မုံရွာ ဆယ့်လေးမိုင် ခရီးကိုတောင် လေးနာရီလောက် ကြာမှ ရောက်တယ်"

အဘ သူငယ်ချင်း စပယ်ယာ တစ်ယောက်က ဘယ်လို ညည်းရှာသလဲ ဆိုတော့ 'ငါ ကား လိုက်လာတာ နှစ်လကျော်ပြီ၊ တစ်ခါမှ ကားမစီး ဖူးသေးဘူး၊ ရှေ့က ကြိုပြေးနှင့်ပြီး ရေပုံးနဲ့ ထိုင်စောင့်နေရတာ ချည်းပဲ' တဲ့ ကားတွေက ရေခဏခဏ ဆူသကိုးကွယ့်။ ရေပြန် တိုင်ကီတွေ ဘာတွေ တပ်ဖို့ ဆိုတာကလည်း မစဉ်းစားမိကြ သေးဘူးလေ။ စပယ်ယာ လိုက်စတုန်းက အဘ နုံပုံလေး တစ်ခုလည်း ပြောရဦးမယ်။ မုံရွာက အပြန်လမ်းမှာ မိုးကလည်း ချုပ်နေပြီ၊ ဘက်ထရီညှပ် ကလစ်ကလည်း ပြုတ်ကျနေခဲ့ ပါလေရော။ အဲဒါ ဘယ့်နှယ့် လုပ်ရမလဲလို့ ဒရိုင်ဘာ ကိုဖိုးရီကို မေးတော့ ဆရာသမား ပညာပြလိုက်ပုံက 'ဘဒင် ဒီခြေနင်း ခုံပေါ်မှာ ထိုင်ပြီး ဝိုင်ယာစ ထိပ်ကို ဘက်ထရီ ငုတ်နဲ့ ထိနေအောင် ဖိကိုင်လိုက်မှ ဖြစ်မယ်။ ပူမှာစိုးရင် အဝတ်စုတ်နဲ့ ကိုင်၊ လိမ့်မကျအောင်လဲ ပုဆိုး ကွင်းသိုင်းပြီး ကားနံထောင်နဲ့ ချည်လိုက်ခဲ့' ဆိုတာနဲ့ အဘလည်း သူပြောသလို တစ်လမ်းလုံး ကားဘေးက တွဲလောင်းကြီး လိုက်ခဲ့ရတာပေါ့။ အမှန်က ဝိုင်ယာစ,လေး ရှည်အောင် ထုတ်ပြီး ဘက်ထရီငုတ်မှာ ချည်လိုက်ရင် ပြီးတာပဲ မဟုတ်လား။ အဲဒီ အကြောင်းကို ကိုဖိုးရီတို့က ပြောပြောပြီး ရယ်ကြတာ ကားပိုင် ဦးလေးချစ် ကြားတော့ ဒီလောက် နုံရမလား ဆိုပြီး အဘကို ဆူလိုက်ပုံများကွယ်။

ဟုတ်ပါ့တော်၊ ကျုပ်နဲ့ ကြိုက်ခဲ့ကြတဲ့ အရွယ်တုန်းကတော့ နုံချာချာ စပယ်ယာလေး ကိုဘဒင်ပေါ့။ ထမင်းဆိုင် ပိုင်ရှင် ကျုပ် မိဘတွေက တယ်တောင် သဘော မတူချင် ကြဘူး။ ဒီတော့ မျက်နှာငယ်လေးနဲ့ ကိုဘဒင် ပြောပုံက 'မယ်မြင့်ရယ်၊ ငါ ဒရိုင်ဘာ ဖြစ်လာရင် နင့်ကို တင့်တင့်တယ်တယ် တောင်းရမ်းယူနိုင်မှာပါ၊ ငါ ကြိုးစားပါ့မယ်' တဲ့။ ဒရိုင်ဘာ ဖြစ်လို့ လခလေးလည်း ရ၊ လူရည်လေးလည်း လည်လာရော သူ့ထက်လည်တဲ့ မန္တလေးသူ ကုန်စိမ်းသည် တစ်ခုလပ်မနောက် ပါသွားတော့တာပါပဲ။ ဖျပ်ဖျပ်လူးအောင် ခံစားခဲ့ရဖူးတဲ့နောက် ယောကျ်ားမှန်လျှင် အနားတောင် အသီ မခံတော့ဘူး။ အထူးသဖြင့် ကားသမားတွေပေါ့။

"အဘတို့ စပယ်ယာ ဘဝတုန်းက ကားတွေ အိမ်ပြန်ရောက်မှာကို သေမလောက် ကြောက်ကြတဲ့ ကိစ္စတစ်ခုကလဲ ရှိသေးတယ်၊ အိမ်ကို ကား ပြန်ရောက်ရောက်ချင်း ရှိသမျှ ဘီးတွေကို လေကုန်အောင် လျှော့ပစ်လိုက်ရတယ်၊ ပြီးမှ စက်ဘီး လေထိုးတံနဲ့ တာယာ တစ်လုံးကို အချက်ပေါင်း သုံးထောင့်ခြောက်ရာ တိတိ ပြန်ထိုးကြရတာ၊ ကားဘေးမှာ စပယ်ယာတွေရဲ့ တစ်၊ နှစ်၊ သုံး၊ လေး ကနေ စပြီး ရေတွက်နေတဲ့ အသံတွေ ညံလို့ပေါ့၊ ကားပိုင်တွေက တာယာ ကွဲမှာစိုးလို့ လေပူ၊ လေအေး လဲခိုင်းတာတဲ့ကွာ၊ ဒဏ်မခံနိုင်တဲ့ စပယ်ယာ တချို့တော့ အဲဒီ လေပူလေအေး လဲတာကြီးကြောင့် ထွက်ပြေးကြရော၊ ဒီလောက် ပင်ပင်ပန်းပန်း လုပ်ကိုင်နေကြတဲ့ ကြားက ကားသမားတွေ အတွက် စိတ်ပျက်စရာ အကောင်းဆုံးကတော့ ကားမို့ ထွက်ရင် လူဆိုးနဲ့ တိုးမလား၊ ဓားပြနဲ့ တိုးမလား ဆိုတာပါပဲ၊ အဲဒီတုန်းက ရောင်စုံ လူဆိုးကလဲ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ ခေတ်။ ဓားပြကလဲ ရပ်သိရွာသိ အချင်းချင်းတောင် တိုက်ချင်တိုက်တဲ့ ကာလပျက်ကြီးကိုးကွယ့်။ မောင်ရင်လေးတို့ကတော့ မှီလိုက်မှာ မဟုတ်လို့ အဲဒီ ဒုက္ခတွေကို မကြုံဖူးဘူးပေါ့။ အဲသလို ဓားပြနဲ့ ကားသမား လင်မယားထက်တောင် မျက်နှာချင်း ဆိုင်ရချိန် များနေရတဲ့ အကြောင်းတွေထဲက ရယ်စရာ အဖြစ်ကလေး တစ်ခုကိုလဲ ပြောပြရဦးမယ်"

တစ်နေ့တော့ ဆရာကိုဖိုးရီနဲ့ အဘတို့ နှစ်ယောက်တည်း မုံရွာကို သွားကြတဲ့ အခေါက်မှာ မအူပင်နား ရောက်တော့ ဓားပြနဲ့ တိုးရော။ ရပ်မပေးလို့လည်း မဖြစ်ဘူး၊ ဓားပြခေါင်းဆောင်လို့ ထင်ရတဲ့ လူကြီး လက်ထဲမှာ လက်ပစ်ဗုံးတွေ ဘယ်တစ်လုံး၊ ညာတစ်လုံး ကိုင်ထားတာ၊ ဆရာကိုဖိုးရီက 'ဘဒင်- အသာနေ ငါ့ဟာငါ ကြည့်လှိမ့်မယ်' ဆိုပြီး ကားပေါ်က ဆင်းသွားတယ်။ ဓားပြတွေရှေ့ ရောက်တော့ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး မထူးပါဘူး အစ်ကိုကြီးတို့ရယ် သတ်သာ သတ်လိုက်ပါတော့၊ ခင်မွန်ရွာ အထွက်မှာလည်း ခုလေးတင် တစ်ဖွဲ့က ထွက်တိုက်လို့ ကျွန်တော်တို့ ထမင်းစရိတ်လေးတောင် ပါသွားပါပြီ၊ အစ်ကိုကြီးတို့က ဒီလို ဂရီးဂရီး ထွက်တိုက်နေကြမှတော့ ကျွန်တော်တို့လည်း ဘာ လုပ်ကိုင်စားရမှန်း မသိတော့ပါဘူး၊ သေလဲ အေးတာပါပဲ ဆိုတော့ ဓားပြတွေကလည်း သူတို့ အချင်းချင်း ဒါ- ဘယ်အဖွဲ့က ကောင်တွေ လက်ချက် ဖြစ်နိုင်တယ် ဘာညာနဲ့ ပြောနေကြပြီး 'ကိုင်း ကားဆရာ သွားတော့' တဲ့။ ကိုဖိုးရီက မျက်နှာငယ် ပုံစံလေးနဲ့ 'အစ်ကိုကြီးတို့ရယ် ကျွန်တော်တို့ ကားက တွန်းနှိုးမှ ရတာပါ ခင်ဗျာ' လို့ ပြောတော့ ဓားပြတွေလည်း ဗျစ်တောက် ဗျစ်တောက်နဲ့ ဝိုင်းတွန်းပေးကြ ရတာပေါ့။ အဘဖြင့် ရယ်ချင်လွန်းလို့ ပုဆိုး ခါးပုံစကို ပါးစပ်ထဲ လုံးထွေး ထည့်ထားရတယ်။ ခင်မွန်အထွက် ဓားပြတိုက် ခံခဲ့ရတယ် ဆိုတာလည်း မဟုတ်ဘူး၊ ကားကလည်း ဂေါက်လှည့်နှိုးရင် ရတယ်။ ဆရာကိုဖိုးရီက ဓားပြတွေကို ဓာတ်တိုင် သုံးတိုင်စာလောက် ပညာပေးခဲ့တာပေါ့ကွယ်။ ဟဲ- ဟဲ"

အဲသလို တစ်ပတ်ရိုက် သွားတာကို ဓားပြတွေက သိပြီး နောက်တစ်ခါ ဆုံတော့ ကြိမ်တံဖျာနဲ့ ကျွဲရိုက်၊ နွားရိုက် အရိုက်ခံခဲ့ ကြရတာကော ထည့်ပြောပါဦးလားလို့ လှမ်းအော်လိုက်ချင်တယ်။ တစ်ကိုယ်လုံး ကြိမ်ရာတွေ အရှိုး အရှိုး ထနေတဲ့ သင်းကိုကြည့်ပြီး မျက်ရည်ကျခဲ့မိတဲ့ ကျုပ်ကို ကျုပ်တောင် ခုတော့ တယ် မသတီချင်ဘူး။

"ဓားပြအကြောင်း ပြောမိရင် အဘ သူငယ်ချင်းကြီး တာဇံ ဗို ရွှေမိုးကို အင်မတန် သတိရတယ်၊ ရွှေမိုးက ချောင်းဦး ဇာတိတော့ မဟုတ်ဘူး၊ အရာတော် နယ်ဘက်က လာတာ၊ သူ့ကို ကြည့်လိုက်ရင် ဆယ့်နှစ်ရာသီ လုံးလုံး ကိုယ်ပေါ်မှာ အင်္ကျီကပ်တယ် ရယ်ကို မရှိဘူး။ ဟေးလေး ဝါးလားနဲ့ ပျော်ပျော်ပဲ နေတတ်တယ်၊ နောက်ပြီး သူက လူစုံကွယ့်၊ ဓားပြ အဖွဲ့တွေနဲ့လဲ လိုက်ဖူးတယ်၊ ဒါပေမယ့် ဓားပြသွားတိုက်တဲ့ အချိန်မှာ အိမ်ရှင်တွေကို ရိုက်လိုက်ရမလား နှက်လိုက်ရမလားလို့ သူ့လူတွေက ကြိမ်းမောင်းလျှင် ဘေးကနေ တခွိခွိ ရယ်လွန်းလို့၊ နောက်တော့ သူ့ကို ဘယ်ဓားပြ အဖွဲ့ကမှ မသုံးတော့ဘူးတဲ့။ ဒါနဲ့ပဲ ရွှေမိုးက ဦးဗို ပိုင်တဲ့ တာဇံဗို ဆိုတဲ့ ကားမှာ စပယ်ယာ လာလိုက်တယ်။ ဒါကြောင့်လည်း တာဇံဗို ရွှေမိုးလို့ အမည်တွင် သွားတာပေါ့။ ဦးဗို က ရွှေမိုးကို 'မင်းနဲ့ခင်တဲ့ ဓားပြတွေကို ကောင်းရောင်းကောင်းဝယ် လုပ်ကိုင် စားကြဖို့ တိုက်တွန်း ကြည့်ပါလားကွာ၊ သူတစ်ပါး မျက်ရည်ကြီးငယ် ကျမှ ထမင်းစားရတဲ့ အလုပ်ကို ဘာကြောင့် လုပ်ချင်ကြသလဲ မသိဘူး' တစ်နေ့တော့ တာဇံဗို ရွှေမိုးတို့ ကားနဲ့ အဘတို့ကား မန္တလေးကို ည မောင်းထွက်လာကြတာ နတ်ရေကန်ကုန်း အတက် ရောက်ခါ ရှိသေး ဓားပြနဲ့ တွေ့တော့တာပါပဲ။ အဘတို့ ရှေ့က ခရီးသည်တင် ကားတစ်စီးလည်း ဓားပြတိုက် ခံနေရတယ်၊ ဓားပြတွေ လက်နှိပ်ဓာတ်မီး တဝင်းဝင်းနဲ့ အဘတို့ ကားနှစ်စီးနား ပြေးလာကြတော့ 'ဟေ့ကောင်တွေ ငါ ရွှေမိုးပါဟ၊ ဒီကားတွေက ငါ့ ဆရာသမား ကားတွေ' လို့ ဆီးပြောတယ်။ ဓားပြက မျက်နှာကို ဓာတ်မီးနဲ့ ထိုးကြည့်ပြီး 'ဟာ ဒီအေပေးက ကားတွေ ဘာတွေ လိုက်လို့ပါလား' တဲ့။ 'မိုးချုပ်လှပြီကွာ ငါ့ကားတွေ သွားတော့မယ်' ဆိုတော့ ဓားပြတွေက တော်တော်ကြာ စဉ်းစားနေတယ်။ ရှေ့ကားက ခရီးသည်တွေ ရိပ်မိမှာလည်း စိုးတာကိုး။

နောက်တော့မှ 'ဒီကားစုတ်တွေ တိုက်နေလို့ လာဘ်တိတ်တာပဲ အဖတ်တင်မယ် သွားကြစမ်း' လို့ အော်ပြောရင်း ကားတာယာကိုလည်း ဓားနှောင့်နဲ့ ဒုန်းခနဲ ဟန်ပါပါ ထုလိုက်သေးတယ်။ အဘတို့လည်း ဝမ်းသာအားရနဲ့ မောင်းထွက်မယ် လုပ်တော့ ရွှေမိုးက 'ဦးလေးဗို တို့ သွားနှင့် ကျွန်တော် ခဏလေး နေခဲ့ဦးမယ်။ ကုန်း အတက်ဆိုတော့ ပြေးလိုက်လာရင် မှီပါတယ်' တဲ့။ အဘတို့လည်း ဒီကောင် ဓားပြများ ကူတိုက်ပေးမလို့ နေရစ်ခဲ့တာလေလားလို့ တွေးရင်း ဇဝေဇဝါနဲ့ မောင်းခဲ့ကြရတာပေါ့၊ ရွှေမိုးက လက်စလက်န ရှိခဲ့ဖူးတယ် မို့လား၊ ကုန်းထိပ်ရောက်တော့ ဒီကောင် အဘတို့ ကားဆီ ပြေးလိုက်လာတယ်။ ကားပေါ် လှမ်းတက်ရင်းနဲ့ 'အဟီး... ကြုံတုန်း ဒီကောင်တွေ ဆီက ပိုက်ဆံ နည်းနည်းပါးပါး ဝင်ညှဉ်းလာတာကွ၊ ဒါကြီးကတော့ ချမ်းလွန်းလို့ ပေးလိုက်စမ်းပါ ဆိုပြီး အတင်း ဆွဲလုလာတာ၊ ရော့... မင်းအတွက် လက်ဆောင်ပေါ့' တဲ့၊ အဘ လက်ထဲကို ကုတ်အင်္ကျီ တစ်ထည် ထိုးထည့် ပေးလိုက်တယ်၊ အခု အဘဝတ်ထားတဲ့ ကုတ်အင်္ကျီဟာ တာဇံဗို ရွှေမိုး ပေးသွားတာပေါ့၊ သူငယ်ချင်းကြီး ပေးသွားတဲ့ လက်ဆောင်မို့ ခုထိ တရိုတသေ ဝတ်နေတာပေါ့ကွယ်"

ကိုဘဒင်သာ ကျုပ်နဲ့ လက်တစ်ကမ်း အကွာလောက်မှာ ရှိနေမယ် ဆိုလျှင် သင်းနောက်စေ့ ပြောင်ကြီးကို ဇလုံစောင်းနဲ့ ခုတ်လိုက်မိမှာ အမှန်ပဲ။ 'အရက်ဖိုမှာ ပေါင်သောက်တာကော ထည့်ပြောပါဦးလား၊ ကျုပ်ကလဲ ဒီ ကုတ်အင်္ကျီ စုတ်ကြီးကို ဘာကြောင့် သွားရွေးတယ် ထင်သလဲ၊ ကိုရွှေမိုးက တော့်ကို ပေးခဲ့တယ် ဆိုလို့ ရွေးလာတာ၊ တော် မိန်းမ ယူသွားတဲ့ နောက်ပိုင်းမှာ ကိုရွှေမိုးက ကျုပ်ကို မေတ္တာရှိတဲ့ အကြောင်း ပြောဖူးတယ်၊ ကျုပ်ကလဲ သူ့ကို မေတ္တာ ရှိချင်ချင်ရယ်၊ ဒါပေမယ့် သူကလည်း ကားသမား ဖြစ်နေလို့ လက်သင့် မခံခဲ့တာ တော်ရေ' လို့ သင်း သိအောင် ဟစ်ချလိုက်ချင်တယ်။

"ဓားပြတွေထက် အဆ တစ်ရာလောက် ပိုယုတ်မာတာကတော့ ရောင်စုံလူဆိုး တွေပဲကွယ့်၊ ဘယ်လောက်များ ကမ်းကုန်အောင် ရက်စက်သလဲ ဆိုတော့ ကားလမ်းပေါ်က ကျင်းတွေ ချိုင့်တွေထဲမှာ မိုင်းဗုံးတွေ လာမြှုပ်ထား တတ်တယ်လေ၊ ဘယ်သူက ဘယ်သူ့ကို ရည်စူးပြီး မိုင်းထောင်ထားကြ သလဲတော့ မသိဘူး၊ တကယ်တမ်း ထိတော့ ကားသမားတွေနဲ့ ခရီးသည်တွေ ချည်းပါပဲ၊ လမ်းပေါ်မှာ မြေသစ်ကလေးများ ခပ်ပုံ့ပုံ့တွေ့ရင် အမှိုက်ပုံလေးများ ခပ်စုစုတွေ့ရင် အဲဒီအောက်မှာ သေမင်းများ ငုတ်တုတ် ထိုင်နေမလားလို့ အသာအယာ သွားလှန် ကြည့်ရသေးတယ်။ ခရီးဖင့်ပေမယ့် မတတ်နိုင်ဘူး၊ ကိုယ့်ရှေ့မှာ သင်ခန်းစာ ပေးသွားကြရှာတဲ့ ကားသမားနဲ့ ခရီးသည်တွေက ဒုနဲ့ဒေး မဟုတ်လား၊ အင်း... အဲဒီအထဲမှာ တာဇံဗို ရွှေမိုးလဲ တစ်ယောက် အပါအဝင်ပေါ့၊ သေနေ့ စေ့ချင်တော့ 'ဦးလေးဗို ရဲရဲသာ မောင်း၊ ကျွန်တော် ကားရှေ့ ဘီးဖုံးပေါ်ကနေ တစ်လမ်းလုံး ကြည့်လိုက်ခဲ့မယ်' ဆိုပြီး ကားရဲ့ ဘယ်ဘက် ရှေ့ဘီးဖုံးပေါ်မှာ အားလျားမှောက် လိုက်လာခဲ့ သတဲ့၊ မိုင်းရှာတာပေါ့လေ၊ အဲဒီ ဘယ်ဘက် ရှေ့ဘီးနဲ့ကို မိုင်းတက်နင်း မိတော့တာ ပါပဲ၊ တာယာကြီးလဲ ပြုတ် ပျက် လွင့် ထွက် သွားသလို ရွှေမိုး ခမျာလဲ အစ ရှာမရသလောက် ဖြစ်သွားရှာတယ်ကွယ့်၊ ေဩာ်... ရွှေမိုး... ရွှေမိုး..."

"ကိုဘဒင်...၊ တော့်စကားတွေက မဆုံးသေးဘူးလား၊ ကလေးတွေက မိုးတိတ်တုန်း ခရီး ဆက်ကြရဦးမှာ..."

ကျုပ်က ကိုဘဒင်ကို လှမ်း လှမ်းဟန့်ရင်းနဲ့ တစ်ဆက်တည်း မခင်ဆင့်ကို သူတို့ စားပွဲဘက် မေးငေါ့ ပြလိုက်တယ်၊ မခင်ဆင့်က အလိုက်တသိ ထ,သွားပြီး အဲဒီဝိုင်းက ကျသင့်ငွေကို တွက်ချက် ယူလာခဲ့တယ်။ ကားသမားလေးတွေက ကိုဘဒင် လက်ထဲကိုလည်း ပိုက်ဆံ လေး ငါးဆယ်လောက် ကျိတ်ပြီး ထိုးထည့် လိုက်တာကို ကျုပ်က မမြင်ချင်ယောင် ဆောင်နေလိုက်တယ်၊ တစ်ပတ်စာလောက်တော့ အရက်ဒကာ မျှော်စရာ မလိုဘဲ သင်း ဒူးနှံ့နေဦးမှာ မြင်သေး။ ကားထွက်သွားလို့ တော်တော်လေး နေတော့ ဒယီးဒယိုင်နဲ့ ကျုပ်ဆီ ထ,လာပြီး ကရုဏာကြေး ရလိုက်တဲ့ ပိုက်ဆံကို အပ်တယ်။ ဒါက ထုံးစံပဲလေ။ သူ့လက်ထဲမှာ ဆေးလိပ်ဖိုး၊ ကွမ်းယာဖိုးထက် ပိုထည့်ထားခွင့် မပေးဘူး။ ရွာထဲက ဖိုတွေ သွားသောက်မှာကိုတော့ ကျုပ် လုံးဝ သည်းမခံနိုင်ဘူးလေ။ သောက်ချင် ကျုပ်ဆီကပဲ ဝယ်သောက်။ အပ်ထားတဲ့ ပိုက်ဆံထဲက နှိမ်ယူမယ်။ အခုလည်း ကုတ်အင်္ကျီ ရွေးခကို ဖြတ်ယူလိုက်မယ်လို့ ပြောဖို့ ဟန်ပြင်ခါ ရှိသေး...

"အင်္ကျီ ရွေးခတော့ နောက်တစ်ခါ ရမှ နှိမ်ယူပါဟာ၊ ချွတ်ထားဆိုရင်လဲ ချွတ်ထားပါ့မယ်"

ပြောပြောဆိုဆိုနဲ့ သူက ကုတ်အင်္ကျီကို ချွတ်မယ်လို့ ဟန်ပြင်တယ်။

"ဒီလောက် မိုးအေးနေတာ တော်က သေချင်လို့လား၊ ခုချက်ချင်း ပြန်ဝတ်ထား"

ပါးစပ်က လွှတ်ခနဲ ထွက်မိပြီးမှ ကျုပ် အသံကို ကျုပ် မသင်္ကာတာနဲ့ ဘေးဘီကို မလုံမလဲ လှည့်ကြည့်ရသေးတယ်။ တော်ပါသေးရဲ့ မွှေးနီတို့ လင်မယားက ဆိုင်နောက်မှာ ပန်းကန် ဆေးနေကြ လို့သာ။

"ဒီမယ် ကိုဘဒင် ရသမျှ ပိုက်ဆံလေးတွေ အကုန်မျိုဆို့ မပစ်နဲ့ဦး၊ ကပ်သောက်တန် ကပ်သောက်ပေါ့။ ဆောင်း ဝင်ခါနီးရင် ကျုပ် ပိုက်ဆံပါ စိုက်ပြီး ကုတ်အင်္ကျီ အသစ်တစ်ထည် ဝယ်ပေးမယ် သိလား"

ခေါင်းကြီး တညိတ်ညိတ် လုပ်နေပေမယ့် ကိုဘဒင် မျက်လုံးတွေက မှေးလှ စင်းလှပြီမို့...

"မောင်မွှေးနီရေ၊ မင်း အဖေကို ထမင်း ခူးကျွေးပြီး သူ့အခန်းထဲ တွဲပို့လိုက်ပါဦးကွယ်" လို့ လှမ်း အော်ပြောလိုက် ရတယ်။


ပီယံ (ချောင်းဦး)
{ငယ်စဉ်က ထိန်းကျောင်း ချီပိုး ခဲ့ကြသော ကား ဆရာကြီးများသို့}
ဟန်သစ် မဂ္ဂဇင်း၊ ဧပြီလ၊ ၁၉၉၂။
သရုပ်ဖော်ပန်းချီ -မုတ်သုန်



No comments:

Post a Comment