Tuesday, March 3, 2015

ဖြစ်ရပလေတယ် (မိုးနွယ်)

(၁)

ကျွန်တော့်နာမည် ကိုတိုးပါ။ ကျွန်တော် ဒီမြို့ကလေးကို အရာရှိ အဖြစ်နဲ့ ပြောင်းလာတာ သိပ်တော့ မကြာသေးပါဘူး။ အစကတော့ ကျွန်တော် ရန်ကုန်မှာ နေပါတယ်။ ရှုပ်ထွေး ဆူညံနေတဲ့ မြို့ပြရဲ့ လူနေမှု စနစ်ကို စိတ်ကုန် လာတာရယ်၊ အသက် ၃ဝ ကျော် စွန်းစပြုလာတဲ့ ကျွန်တော့်ကို အိမ်ထောင်ပြုဖို့ ခဏခဏ နားပူနားဆာ လုပ်နေတဲ့ ကျွန်တော့် အမေရယ်ကြောင့် ပေါ့လေ။ ကျွန်တော် ဒီမြို့ကလေးကို ပြောင်းလာခဲ့ ဖြစ်တာပါ။

ကျွန်တော် ဒီမြို့ကလေးကို ရောက်ခါစ ကတော့ ရေမြေအသစ်မှာ လူစိမ်း တစ်ယောက်လို ဖြစ်နေတဲ့အတွက် နေရထိုင်ရတာ သိပ်တော့ အဆင်မပြေ ခဲ့ဘူးဗျာ။ ဒါပေမယ့် အခုတော့ အထာကျလာ လို့လား မသိဘူး။ ကျွန်တော့်ရဲ့ အကြိုက် အေးဆေး ငြိမ်သက်တဲ့ ပတ်ဝန်းကျင်တွေ စိမ်းလန်းတဲ့ ရှုခင်းတွေ ရှိတဲ့ ဒီမြို့ကလေးမှာ ကျွန်တော် ပျော်နေပါပြီ။ တစ်သက်လုံးတောင် နေဖို့ ရည်ရွယ်ထားတယ်။

ဒါပေမယ့် ခက်နေတာက ကျွန်တော့် အမေဗျ။ ဝေးနေလို့ နားအေးမလား အောက်မေ့ပါတယ်။ စာတွေ ခဏခဏ ရေးပြီး ကျွန်တော့်ကို မိန်းမယူဖို့နဲ့ ရန်ကုန် ပြန်လာဖို့ နားချနေတယ်။ အစကတော့ အေးအေးဆေးဆေး နားချပေမယ့် အခုတော့ အမေ့ရဲ့ စာတွေထဲမှာ ရာဇသံတွေ ပါလာတယ်။ ကျွန်တော့်ကို ကိုယ့် အစွမ်းအစနဲ့ ကိုယ် ရအောင် ရှာရင် ရှာ၊ မရှာရင် သူ သဘောတူတဲ့ သူနဲ့ လက်ထပ်ပေးဖို့ စီစဉ်တာကို နာခံရမယ်တဲ့။

ဒုက္ခပါပဲဗျာ။ ကျွန်တော်က နားအေးပါးအေး နေချင်တဲ့ သူဗျ။ အိမ်ထောင် ကျသွားတဲ့ သူငယ်ချင်းတွေရဲ့ ခြူသံပါအောင် ညည်းပြတဲ့ အသံတွေကိုလည်း ခဏခဏ ကြားနေရတော့ ကျွန်တော် အိမ်ထောင် ပြုရမှာ ကြောက်နေမိတယ်။ ကျွန်တော့် အသက်အရွယ်၊ ကျွန်တော့် ရာထူးဂုဏ်နဲ့ မိန်းကလေး တစ်ယောက်ကို လိုက်ပြီး ရည်းစားစကား ပြောရမှာ ရှက်စရာကြီးဗျ။ ဒါပေမယ့် အမေရှာပြီး ပေးစားမယ့် ကိုယ့်အကြောင်း သူမသိ၊ သူ့အကြောင်း ကိုယ်မသိ မိန်းမ တစ်ယောက်ကို ယူရမှာထက် စာရင် ကိုယ့်ဖာသာကိုယ် ရှာတာက နည်းနည်း တော်ဦးမယ် ဆိုပြီး ကျွန်တော့် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လက်ကျန် အပျိုစာရင်းဝင် မိန်းကလေးတွေထဲက တစ်ယောက်ကို ရွေးဖို့ ကျွန်တော် စိုင်းပြင်းရတော့တာပဲ။

ဒါနဲ့ ကျွန်တော်လည်း ကျွန်တော်နဲ့ သိတဲ့ မိန်းကလေးတွေ နာမည်ကို စာရွက်အလွတ် တစ်ရွက်ပေါ်မှာ ချရေး၊ အိမ်ထောင် ကျသွားတဲ့ သူတွေနဲ့ ကျအံ့ဆဲဆဲတွေကို ဖယ်လိုက်တော့ အပျိုကြီး၊ အပျိုလတ် စုစုပေါင်း ၁၅ ယောက်လောက် ပါတဲ့ စာရင်းတစ်ခု ကျွန်တော် ရလာတယ်။

အဲဒီအထဲက ရုပ်ဆိုးလွန်းတဲ့ သူတွေ၊ စကားပြောရင် ဘုကျတတ်တဲ့ ဂွစာတွေ၊ “ပဲ” များလွန်းတယ်လို့ ကျွန်တော် ထင်တဲ့ သူတွေကို ဖယ်လိုက်တော့ ၅ ယောက်လောက်ပဲ ကျန်တော့တယ်။

အဲဒီလို ရွေးရင်း၊ ဖယ်ထုတ်ရင်းနဲ့ နောက်ဆုံးကျတော့ ကျွန်တော် ငှားနေတဲ့ အိမ်နဲ့ ခြောက်အိမ်ကျော်လောက်က မအေးဆိုတဲ့ အပျိုကြီး တစ်ယောက်ပဲ ကျန်တော့တယ်။ တကယ်တော့ မအေးကို အပျိုကြီးလို့သာ ပြောရတာပါ။ သူ့အသက်က ကျွန်တော့်ထက် ၂ နှစ်လောက်တောင် ငယ်ချင်သေးတယ်။ ရုပ်ကလည်း မဆိုးပါဘူး။ ကျွန်တော်နဲ့ စသိတာ သိပ်မကြာသေးပေမယ့် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှုနဲ့ ခင်ကြပါတယ်။ တိုတို ပြောရရင်ဗျာ နောက်ဆုံးမှာ ကျွန်တော် မအေးကို ရွေးဖြစ်သွားတယ်။

အစ ပထမတော့ ကျွန်တော် မအေးကို လက်ထပ်ဖို့သာ ရွေးထားတာ၊ ဘယ်လိုစပြီး ပိုးလို့ ပိုးရမှန်း မသိဘူးဗျ။ ကျွန်တော်လည်း ကြံရာမရတဲ့ အဆုံး ကျွန်တော့်ရုံးက စာရေးကြီး ဦးအောင်ဖေကို တိုးတိုးတိတ်တိတ် ဖွင့်ပြောပြီး အကူအညီ တောင်းရတယ်။ ဦးအောင်ဖေက အိမ်ကို သွားလည်ရတယ်လို့ အကြံပေးတာနဲ့ ကျွန်တော်လည်း အကြောင်းမရှိ အကြောင်းရှာပြီး မအေးတို့ အိမ်ကို မျက်နှာပူပူနဲ့ပဲ အလည် သွားရတော့ တာပေါ့။ ဒါပေမယ့် ၃ ခါလောက် ဆက်တိုက်နီးပါး သွားလည်ပြီးတော့လည်း မျက်နှာမပူတော့ ပါဘူး။ မအေးက ကျွန်တော့်ကို ပျူပျူငှာငှာ ဧည့်ခံတာလည်း ပါတာပေါ့ဗျာ။

ဒီလိုနဲ့ ၂ လလောက် ကြာတော့ အခြေအနေ တော်တော် ကောင်းလာတယ် ဆိုပါတော့ဗျာ။ ညနေတိုင်း ရုံးဆင်းလို့ အိမ်ပြန်ရောက်၊ ရေမိုးချိုး၊ ထမင်းစား ပြီးရင် မအေးဆီကို အလည် မသွားရရင် ကျွန်တော် မနေတတ်သလို ဖြစ်လာတယ်။

မအေးကလည်း ကျွန်တော် မအားလို့ တစ်ညနေလောက်သူ့ဆီ မရောက်ဖြစ်ရင် နောက်နေ့တွေမှာ ပြောလို့ကို မဆုံးတော့ဘူး။ ဒါပေမယ့် ခက်နေတာက ကျွန်တော်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတွေ့အကြုံ မရှိဖူးတော့ မအေးကို ရည်းစားစကား ပြောဖို့ကျ သတ္တိမရှိဘူး ဖြစ်နေတာ။ ပတ်ဝန်းကျင် ကလည်း ကျွန်တော်နဲ့ မအေး အကြောင်းကို တီးတိုးတီးတိုး သဖန်းပိုး လုပ်နေကြပြီ။ အမေကလည်း ပူညံပူ့ညံ လုပ်လှပြီ။ ဒါနဲ့ ထုံးစံအတိုင်း ကျွန်တော် စာရေးကြီး ဦးအောင်ဖေနဲ့ တိုင်ပင်ရ ပြန်တယ်။

ဦးအောင်ဖေက ကျွန်တော် ဒီအတိုင်း မပြောရဲရင် နည်းနည်းလောက် ရဲဆေး တင်ရတယ်လို့ အကြံပေးတယ်ဗျ။ ကျွန်တော်က အရက်ဆို အနံ့တောင် ခံနိုင်တာ မဟုတ်ဘူး။ ဒါပေမယ့် မပြောလို့ ကလည်း မပြီးတော့ ကျွန်တော် ဘီယာသောက်ပြီး ရဲဆေးတင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒါနဲ့ တစ်ညနေ ရုံးဆင်းချိန်မှာ စာရေးကြီး ဦးအောင်ဖေနဲ့ အတူ ဘီယာသောက်ပြီး အိမ်ကိုတောင် မပြန်ဘဲ မအေးဆီကို ကျွန်တော် ရောက်သွားတယ်။ မအေးက ကျွန်တော် ဘီယာ သောက်လာတာကို ရိပ်မိပုံ ရပေမယ့် ဘာမှ မပြောပါဘူး။ ခါတိုင်းလိုပဲ ဧည့်ခံပါတယ်။ ကျွန်တော်လည်း ဘီယာ တန်ခိုးနဲ့ မအေးကို လက်ထပ်ချင်တဲ့ အကြောင်း တဲ့တိုးကြီးပဲ ပြောချပစ် လိုက်တယ်။ ကျွန်တော် အဲဒီလို ပြောတာကို မအေးက အံ့အားသင့်တဲ့ ပုံစံနဲ့ နားထောင်နေပြီး စကားလည်း ဆုံးရော ဖြုန်းဆို အိမ်ပေါ်က ဆင်းပြီး ခြံအပြင်ဘက် ထွက်သွားတယ်ဗျ။ ကျွန်တော် ဘာလုပ်ရမှန်း မသိဘဲ ဧည့်ခန်းထဲမှာပဲ ထိုင်နေရစ်ခဲ့တယ်။ ခဏကြာတော့ မအေး ပြန်ရောက်လာပြီး ဘာမှ မပြောဘဲ ကျွန်တော့်ကို ကွမ်းယာတစ်ယာ လာပေးတယ်။ ကျွန်တော်လည်း မအေးပေးတဲ့ ကွမ်းယာကို စားပြီး ဘာဆက် ပြောရမှန်း မသိတာနဲ့ မအေးကို နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။ နောက်ပိုင်းတော့ ဘယ်လိုဖြစ်မှန်း မသိဘူး။ မအေးတို့အိမ်ကို ကျွန်တော် မသွားဖြစ်တော့ ပါဘူးဗျာ။

(၂)

ပြောရဦးမယ် ... ယောက်ျားတွေ အကြောင်းကို။ ကျွန်မဖြင့် သူတို့ကို နားကို မလည်နိုင်တော့ဘူး။ ကိုယ့်ဟာကိုယ် အပျိုကြီးလုပ်တာပဲ ကောင်းပါတယ်ရှင်။

ကျွန်မနာမည်က “မအေး” တဲ့။ . . . မြို့မှာ နေပါတယ်။ ကျွန်မ အသက်က ၂၈ နှစ် ထဲမှာပေါ့။ အခုချိန်ထိ ကျွန်မ ရည်းစားဆို မူးလို့ ရှူစရာတောင် မထားဖူးဘူး။ တက္ကသိုလ်မှာ တုန်းကလည်း အဆောင်နဲ့ စာသင်ခန်း၊ စာသင်ခန်းနဲ့ အဆောင် ကူးရင်းနဲ့ပဲ အချိန်ကုန်ခဲ့တာရှင့်။ ကျောင်းပြီးလို့ ကိုယ့်မြို့ကိုယ် ပြန်ရောက်တော့လည်း အိမ်ထဲမှာ အများဆုံး နေဖြစ်တော့ ကျွန်မ ရည်းစား မထားဖူးတာ အဆန်းတော့ မဟုတ်ဘူး ပေါ့ရှင်။ မေမေကတော့ ပြောပါတယ်။ သမီး ညည်း မငယ်တော့ဘူး။ အိမ်ထောင် ပြုသင့်ပြီတဲ့။ ဒါပေမယ့် ကျွန်မ စိတ်ဝင်စားတဲ့ ယောက်ျာလေးမ ှမရှိတာ။ ဘယ်လိုလုပ်ပြီး ကျွန်မက အိမ်ထောင်ပြုဖို့ စဉ်းစားလို့ ရမှာလဲ။ ဒီလိုနဲ့ပဲ ကျွန်မ အပျိုကြီး စာရင်းဝင် ဖြစ်မှန်းမသိ ဖြစ်လာခဲ့တယ် ပေါ့ရှင်။

ဒါပေမယ့် မနှစ်ကတော့ ကျွန်မတို့ နေတဲ့ လမ်းထဲကို . . . ဌာနက အရာရှိတစ်ယောက် ပြောင်းလာခဲ့တယ်။ ကျွန်မတို့အိမ်နဲ့ ခြောက်အိမ်ကျော် လောက်မှာ သူ အိမ်ဌားပြီး နေတယ်လို့ သိရတယ်။ အစကတော့ ကျွန်မက သူ့ကို သတိမထားမိဘူး။ သူက ရုံးသွားရုံးပြန် ကျွန်မတို့ အိမ်ရှေ့က အမြဲ ဖြတ်သွားတော့ ကျွန်မ သူ့ကို သတိထားမိ လာတာပေါ့။ သူက လူပျိုကြီးတဲ့ရှင့်။ နောက်ပိုင်း မြင်ပါများတော့ မျက်မှန်း တန်းမိရာကနေ ကိုတိုးဆိုတဲ့ သူနဲ့ ကျွန်မ ခင်သွားကြတယ် ပေါ့ရှင်။

ကိုတိုးနဲ့ကျမှ ကျွန်မ စိတ်တွေလည်း ဘယ်လိုဖြစ်မှန်း မသိပါဘူးရှင်။ ကိုတိုးနဲ့ ဆုံတိုင်း ကျွန်မ စိတ်တွေ လှုပ်ရှားနေ မိတယ်။ ပြောလို့ ပြောတာ မဟုတ်ဘူးရှင့်။ အရာရှိဆိုတဲ့ ဂုဏ်နဲ့ ဖြူဖြူ သန့်သန့် ထောင်ထောင် မောင်းမောင်း ကိုတိုးဟာ တကယ်ကို စိတ်လှုပ်ရှားစရာ ကောင်းတာ။ ပြီးတော့ ကိုတိုးက လူရိုးကြီးရှင့်။ အရက်မသောက်၊ ဖဲမရိုက်၊ အပျော်အပါး မရှိ၊ ယောက်ျားတွေထဲ မှာတော့ တကယ် စံပါပဲရှင်။ ဒါပေမယ့် ခက်နေတာက ကျွန်မက မိန်းကလေး ဆိုတော့ ကိုတိုးနဲ့ တွေ့တိုင်း ပြုံးပြရုံက လွဲပြီး ကျွန်မ ဘာမှ မတတ်နိုင်ခဲ့ ပါဘူး။

ဒီလိုနဲ့ တစ်နှစ်လောက် ကြာသွားပြီး တစ်နေ့မှာတော့ ကိုတိုး ကျွန်မတို့ အိမ်ကို ပေါက်ချလာတယ်။ သူလာတဲ့ အကြောင်းကလည်း ပြောရရင်တော့ ရယ်စရာကြီး ... သူ ပျင်းနေလို့ ကျွန်မဆီမှာ ဝတ္ထုစာအုပ်ကလေး ဘာလေးများ ရှိမလားလို့ လာငှားတာတဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်မကလည်း သူ့ကို စိတ်ဝင်စားနေတာ ကြာပြီဆိုတော့ ပျူပျူငှာငှာ ဧည့်ခံရတာ ပေါ့ရှင်။

နောက်ပိုင်းတော့ ကိုတိုးလည်း ကျွန်မတို့ အိမ်ကို နေ့တိုင်းနီးပါး လာတတ်တယ်။ ညနေ ကိုတိုး ရုံးဆင်းချိန် ဆိုရင် ကိုတိုး အပြန်ကို မျှော်ရတဲ့ကိစ္စကလည်း ကျွန်မအတွက် အလုပ်တစ်ခု ပေါ့ရှင်။ ကျွန်မကလည်း မိန်းကလေး တစ်ယောက် ဆိုတော့ ရွှေစွန်ညို ဘာကိုလိုလို့ ဝဲတယ်ဆိုတာ သိတာပေါ့ရှင်။ ကိုတိုး ပြောလာခဲ့ရင် ပေးစရာ အဖြေကလည်း ကျွန်မဆီမှာ အဆင်သင့် ရှိပြီးသားပါ။ ဒါပေမယ့် ကိုတိုးဆိုတဲ့ လူပျိုရိုးကြီးက “အ“ လည်း “အ” သေးတယ်ရှင့်။ ကျွန်မ ဘယ်လိုပဲ အရိပ်အယောင် ပြပြ ကျွန်မဆီကို လာလည်ပြီး ထွေရာလေးပါး စကားပြောတာက လွဲလို့ ရှေ့ဆက် မလာခဲ့ဘူး။ တွေ့တဲ့သူတိုင်းကလည်း “ဘယ်လိုလဲ” ၊ “ဘယ်လိုလဲ” နဲ့ မေးနေကြပြီ။ ကျွန်မဖြင့် ဘယ်လို ပြောရမှန်းတောင် မသိပါဘူး။

ဒါပေမယ့် တစ်ညနေမှာတော့ လူရိုးကြီး ကိုတိုး မသောက်စဖူး ဘီယာတွေ သောက်ပြီး ကျွန်မဆီ ရောက်လာခဲ့တယ်။ အဲဒီ ကိုတိုးဟာလေ ပြောမယ့် ပြောတော့လည်း ဆိုင်းမဆင့် ဗုံမဆင့်၊ ရောက်ရောက်ချင်းပဲ၊ ကျွန်မကို လက်ထပ်ပါရစေတဲ့၊ တဲ့တိုးကြီး ပြောတော့တာပဲ။ ကျွန်မလည်း အဲဒီကျတော့မှ ကိုတိုး ဘီယာတွေ ဘာလို့ သောက်လာသလဲ ဆိုတာ ရိပ်မိတော့တယ်။ မညာတမ်း ပြောရရင် ကိုတိုး ကျွန်မကို ဖွင့်ပြောလာမယ့် အချိန်ကို ကျွန်မ မျှော်လင့်ခဲ့မိတာ မှန်ပေမယ့် တကယ်တမ်းကျတော့ တစ်ခါမှ အတွေ့အကြုံ မရှိခဲ့ဘူးတဲ့ ကျွန်မ ကိုတိုး မျက်နှာကို စေ့စေ့တောင် မကြည့်ရဲတော့ဘူး။ စိတ်တွေ အရမ်းလှုပ်ရှား လာပြီး ရင်တွေ အရမ်း ခုန်နေခဲ့တယ်။ ဒါနဲ့ ကျွန်မလည်း သူ့ရှေ့မှာ ကြာကြာ ဆက်မနေရဲတာနဲ့ ဧည့်ခန်းထဲကနေ ထပြီး ခြံထဲ ဆင်းလာခဲ့တယ်။ ခြံထဲရောက်မှ ကျွန်မ စဉ်းစားမိတယ်။ ကျွန်မ ဘာမှ ပြန်မပြောဘဲ နေလိုက်ရင်၊ ကိုတိုး စိတ်ဓာတ်ကျပြီး နောက်ဆုတ် သွားမှာကလည်း စိုး၊ ဘာပြောလို့ ပြောရမှန်းလည်း မသိတာနဲ့ ကြံရာမရ ဖြစ်ပြီး လမ်းထိပ်က ကွမ်းယာဆိုင်မှာ ကွမ်းယာအချို တစ်ယာ မြန်မြန်လေး သွားဝယ်ပြီး ကိုတိုးကို ကျွေးလိုက်တယ်။ ကျွန်မက ဧည့်ခန်းထဲကို ပြန်သွားရ ခက်လို့ ကွမ်းယာ သွားဝယ်ပြီး ပြန်လာတဲ့ ပုံနဲ့ ကိုတိုးဆီ ပြန်သွားတာပါ။ ဒါပေမယ့် ကိုတိုးက ကျွန်မ လှမ်းပေးတဲ့ ကွမ်းယာကို ယူစားပြီးတာနဲ့ ကျွန်မ ဘာမှ မပြောရသေးခင်မှာပဲ နှုတ်ဆက်ပြီး ထပြန်သွားတယ်။

ယောက်ျားတွေများ ခက်ပါရဲ့ရှင်။ အဲဒီနေ့က စပြီး ကိုတိုးလည်း ကျွန်မဆီကို ရောက်မလာတော့ဘူး။ သူတို့တွေကို နားလည်ရကို ခက်ပါတယ်။

(၃)

ချွန်ဒေါ့ နားမယ်နော် ... စွပ်ပရားခေါ်တယ်။ ကုလားနော် ... အားသက် ၂၅ ရှိဘီ။ ရည်းစား မထားဖူးသေးဘူး။ အမားနော် ကုလားကို မိန်းမ ပေးဂျားတယ်။ ကုလား မယူဘူး ... ဘားလုပ်ဖို့လဲ။ အိမ်ထောင် ပြုတယ်နော် ... အချစ်ပါမှ ကောင်းတယ်။ လူးတွေပြောတာ ကုလား ကြားဖူးတယ်။

ကုလားမှာ ရင်းထဲစွဲတဲ့ ကောင်မလေး တစ်ယောက် ရှိတယ်။ ကုလား ပြောပြမယ်။ ကုလားနော် ... လမ်းထိပ်မှာ ကွမ်းယာ ရောင်းတယ်။ အယ်ဒီ လမ်းထဲမှာ ကောင်းမလေး တစ်ယောက် နေတယ်။ မအေးလို့ ခေါ်တယ်။ မအေး အားကြီး လှတယ်နော်။ ရည်းစားလည်း မရှိဘူး။

အမားက ကုလားကို မိန်းမ ပေးဂျားဂျင်တယ်။ ကုလား မအေးကို တောင်းပေးရင် ယူးမယ် ပြောတယ်။ အမား အားကြီး စိတ်ဆိုးတယ်။ မဖြစ်နိုင်တာကို ကုလား ပြောတယ်တဲ့။ ဘားလို့ မဖြစ်နိုင် ရမှာလဲ။ ကုလားမှာလည်း အသည်း ရှိတာပဲ။ ကုလား မအေးကို ရအောင် ယူးပြမယ်။

ကုလားမှာ သူငယ်ချင်း တစ်ယောက ်ရှိတယ်။ အားကြီးစွံတယ်။ သူ့ ပီးယဆေးနော် ... အားကြီးစွမ်းတယ်။ ကုလား သိတာနဲ့ သူငယ်ချင်းဆီက တောင်းတယ်။ တစ်ထောင်ရရင် ရောင်းမယ် သူပြောတယ်။ ကုလား တစ်လစုပြီး ပီးယဆေး ဝယ်တယ်။ ကုလား အခွင့်အရေး ရရင် သုံးမယ်။ ပီးယဆေး ဝယ်ပြီး ကုလား ကြာကြာ မစောင့်ရဘူး။ တစ်ညနေနော် မအေး ကုလားဆီက ကွမ်းယာ လာဝယ်တယ်။ အားရင်ကနော် တစ်ခါမှ မဝယ်ဖူးဘူး။ ဒါးကြောင့် ကုလား ပြောတာ။ ပီးယဆေး အားကြီး စွမ်းတယ်လို့။ ကုလားနော် အားခွင့်အရေးကို ဘယ်လက်လွတ် ခံမလဲ။ မအေးဝယ်တဲ့ ကွမ်းယာထဲမှာ ကုလား ပီးယဆေး ထည့်ပေးလိုက်တယ်။ နော်နိနော် သေးချာတယ် ကန်းမလေး ကုလားဆီ ပြေးလာမယ်။

ဒါးပေမယ့် ဘယ်လိုဖြစ်သလဲ မသိ။ နောက်တစ်နိမှာနော် ကုလား မအေးကို စောင့်တယ်။ မအေးနော် ... ကုလားဆီကို ရောက်မလာဘူး။ လမ်းထဲမှာ နေတဲ့ လူးပျိုကြီး ကိုတိုး ကုလားဆီ ရောက်လာတယ်။ လူးပျိုကြီးကနော် ... ကုလားကို ပြောတယ်။

“ ကောင်ကလေး၊ နင့်ကိုငါ ကောင်းကောင်း ခင်တယ် ” တဲ့။ ကုလား တိတ်စိတ်ညစ်တယ်။ လူးပျိုးကြီးနော် ကုလားဆီလာပြီး ဒါပဲ ပြောနေတယ်။

ဟရေး - အခုလဲ လူပျိုကြီး လားနေပြန်ပြီ။

“ ဟရေး - ဘုရား - ကယ်းတော်မူပါ။ ”


မိုးနွယ်
ကွန်ပျူတာတက္ကသိုလ် မဂ္ဂဇင်း၊ ၁၉၉၇။

Credit to ubuntu @ mmcpcommunity.net

No comments:

Post a Comment