Wednesday, March 4, 2015

ယောက်ျားပရိယယ် (ကောင်းညွန့်)


(၁)

ဦးမြင့်သန်းသည် ဆေးလိပ်နှင့် မီးခြစ်ကို ကောက်ယူလိုက်ပြီးနောက် မီးဖိုချောင် ဘက်သို့ ထွက်လာခဲ့၏။

မီးဖိုချောင်ထဲတွင် ဇနီးသည် ဒေါ်မြင့်မြင့်ဦးသည် ညနေစာ အတွက် ချက်ပြုတ် နေလေသည်။

"မဦးရေ၊ ငါ့ကို ငါးကျပ်လောက် ပေးစမ်းပါကွာ၊ လမ်းထိပ်မှာ လက်ဖက်ရည် သွားသောက်မလို့"

ဒေါ်မြင့်မြင့်ဦးသည် ဦးမြင့်သန်း၏ အပြောကို သဘောကျ သွားသလို ဟက်ဟက်ပက်ပက် တစ်ချက် ရယ်လိုက်ပြီးနောက် ဦးမြင့်သန်း ဘက်သို့ ဆတ်ကနဲ လှည့်လိုက်သည်။

"ဘာ ငါးကျပ်လဲ၊ ဟင်း ... မသိရင် ခက်မယ်၊ အင်္ကျီလက်ခေါက်ထဲက ငါးကျပ်က ဘယ်ရောက်သွားလို့လဲ"

ဦးမြင့်သန်းမှာ လူမိသွားသော ကြောင်တစ်ကောင်လို တကယ့်ကို ကြောင်စီစီ ဖြစ်သွားပြီးမှ မျက်နှာပိုးကို ကမန်းကတန်း ပြန်သတ်လိုက်ကာ အဆီအငေါ်မတဲ့ ဖြေရှင်းချက် ထုတ်လိုက်သည်။

"ေဩာ် ... အေး၊ ဟုတ်တယ်၊ ဟုတ်သားပဲ၊ ဒီလိုကွာ၊ ဟို ကားက ကျပ်တော့ ပိုလုံခြုံအောင် ဆိုပြီး အင်္ကျီလက်ခေါက်ထဲ ထည့်လာခဲ့တာ၊ မင်းကို ပြန်ပေးမလို့ဘဲ၊ မေ့နေလို့"

"ဒါဖြင့် ရုံးဒိုင်ယာရီ စာအုပ်ကြားထဲက တစ်ဆယ်ကရော၊ မေ့နေတာပဲလား"

ဒေါ်မြင့်မြင့်ဦးက အပိုင်အနိုင် ချည်ပြီးတုတ်ပြီး ပြောလိုက်ပြန်၏။

"မင်းကတော့ အကုန်လုံး လျှောက်မွှေလိုက်ပြန်ပြီ ထင်တယ်၊ အဲဒါ တစ်နေ့ထဲက ကျန်နေတာ ဖြစ်မယ်၊ ဟုတ်တာပေါ့၊ ရုံးမှာ လက်ဖက်ရည် သောက်မယ် ဆိုပြီး ယူသွားတာ ဟိုကောင် သိန်းအောင် ပေးလိုက်တာနဲ့ ငါ မပေးဖြစ်တော့တာ၊ ကဲ- ကဲ မတောင်းတော့ ပါဘူးတဲ့ အမိရယ်"

"တောင်းလည်း ရဖို့ ဝေးပါသေးတယ် ဦးမေ့တတ်ကြီးရေ"

ဒေါ်မြင့်မြင့်ဦးက ဦးမြင့်သန်း၏ စကားကို ပြန်ပက်လိုက်ပြီးနောက် သူ့ကိုယ်သူ ကျေနပ်သွားသလို တဟင်းဟင်း ရယ်နေလေသည်။

ဦးမြင့်သန်းသည် ဒိုင်ယာရီ စာအုပ်ကြားထဲမှ တစ်ဆယ်တန်နှင့် အင်္ကျီလက်ခေါက်ထဲမှ ငါးကျပ်တန်ကို အင်္ကျီအိတ်ကပ်ထဲသို့ ပြောင်းထည့်လိုက်ပြီးနောက် အိမ်ပေါ်မှ ခပ်ကုပ်ကုပ် ဆင်းလာခဲ့တော့သည်။

အိမ်ရှေ့သို့ ရောက်သောအခါ ပါလာသော ဆေးပေါ့လိပ်ကို ထက်ပိုင်း ချိုးပစ်လိုက်၏။ ဆေးပေါ့လိပ်ထဲတွင် ဆေးများကို ထုတ်၍ မနက်ခင်းထဲက သူထည့်ထားသည့် လေးဆယ့်ငါးကျပ်တန် နှစ်ရွက်မှာ ကျစ်လစ်သိပ်သည်းစွာ ရှိနေပေသည်။

ဦးမြင့်သန်းသည် အိမ်ဘက်သို့ မသိမသာ တစ်ချက် အကဲခတ်လိုက်ပြီးနောက် ပိုက်ဆံ နှစ်ရွက်လိပ်ကလေးကို အိတ်ကပ်ထဲသို့ ခပ်သွက်သွက် ထည့်လိုက်လေသည်။

ယခုဆိုလျှင် တစ်ရာ့ငါးကျပ်သော ပိုက်ဆံများမှာ သူ့အိတ်ကပ်ထဲတွင် ရှိနေလေပြီ။ သူပိုင် ဖြစ်နေလေပြီ။ ရုံးတွင် ဆုကြေး ရပြီးကတည်းက အကြွေး ဆပ်တန်ဆပ်၊ နေ့ဖို့ ညစာအတွက် ရုံးတွင် ချန်တန်ချန်၊ ပြီးနောက် တစ်နေရာစီ ခွဲယူလာခဲ့သော ပိုက်ဆံများ။

အင်္ကျီလက်ခေါက်အတွင်း ဖွက်ယူလာသော ပိုက်ဆံမှာ သူ့ဇနီးအတွက် ငါးစာချထားသည့် သဘော သက်သက်သာ။ ထိုငါးစာကို ဟပ်မိလျှင် သူ့အဖို့ ငါးကျပ် ဆုံးရုံအပြင် ပိုမရှိ။

အကယ်၍ မကျေနပ်သေးဘဲ ထပ်မံ ရှာဖွေမိပါက ဒိုင်ယာရီ စာအုပ်ကြားထဲက တစ်ဆယ်လိုမျိုးတော့ တွေ့သွားနိုင်သည်။ သည်အတွက်လည်း မထောင်းသာ။

အကယ်စင်စစ် ဇနီးသည်က သူ့ပစ္စည်း မှန်သမျှ လှန်လှော ရှာဖွေမည်ကို မဆွကပင် ကြိုတင်ခန့်မှန်း မျှော်ထားပြီး ဖြစ်သဖြင့်လည်း တမင်ပင် ဖွက်ထားခြင် ယောင်ဆောင်ခဲ့ခြင်း မဟုတ်လားလေ။

သူထင်ထားသည့် အကွက်ထဲသို့ သူထွင်ထားသည့် လမ်းကြောင်း အတွင်းသို့ ဇနီးသည် ခမျာမှာ မသိရှာစွာ ပါခဲ့လေပြီ။

သူ့အဖို့မူ ယခု ပိုင်ဆိုင်သွားသော ပိုက်ဆံများမှာ ဖဲရိုက်ရန် လုံလောက် သွားလေပြီ။

ဦးမြင့်သန်းသည် သူ့လုပ်ရပ်ကို သူ ကျေနပ်သွားကာ အားပါးတရ တစ်ချက် ပြုံးလိုက်မိ၏။ ဖဲချပ်ကလေးများကလည်း သူ့ကို ပြန်လည် ပြုံးပြနေသည်ဟု ထင်မိသည်။

ယခုလောက် ဆိုလျှင်ပင် စိန်မြင့်တို့ အဖွဲ့သားများမှာ သူ့အလာကို မျှော်နေလောက်ပေပြီ။

(၂)

"ဘာတွေများ သဘောကျပြီး တစ်ယောက်တည်း ပြုံးလာရတာလဲဗျ"

အိမ်ထဲဘက်မှ ဦးမြင့်သန်း ထွက်လာသည်ကို လှမ်းတွေ့လိုက်သဖြင့် ဒေါက်တာ ခင်ဇော်ဦးသည် ပစ္စည်းများသိမ်းရင်း လှမ်းနှုတ်ဆက်လိုက်၏။

"ေဩာ် ... ဆရာ၊ ဘာမှ မဟုတ်ပါဘူးဗျာ၊ ဒါနဲ့ ဆရာက ဒီနေ့ အစောကြီး ပိတ်တော့ မလို့လား၊ အမယ် ဆရာကတော်ပါ ရောက်နေတာကိုး၊ တန်တော့ သွားချိန်းတွေ့ကြ မလို့နဲ့ တူတယ်"

"မဟုတ်ရပါဘူးဗျာ၊ ဦးမြင့်သန်းတို့ လင်မယား လွတ်လွတ်လပ်လပ် နေရအောင်လို့ တစ်နေ့တလေ စောစော ပိတ်လိုက်တာပါ"

ဒေါက်တာ ခင်ဇော်ဦးသည် ဦးမြင့်သန်း၏ အပြောကို လှမ်းခြေပ နောက်ပြောင်လိုက်ပြီးနောက် ဆေးအိတ်ကို ကားပေါ်သို့ လှမ်းတင်လိုက်၏။

ဦးမြင့်သန်း ကဲ့သို့ ခပ်ပျော်ပျော် နေတတ်သော သူနှင့် သူ့ကဲ့သို့ ခပ်ရွှင်ရွှင် နေတတ်သော သူတို့ အကြောင်းအပေါင်း သင့်သွားခဲ့ကြ သဖြင့်လည်း ဦးမြင့်သန်း၏ ခြံဝင်းထောင့် မြေကွက်ကလေးတွင် ဆေးခန်း ဖွင့်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ယခု ထိုကိစ္စကို ရည်ရွယ်၍ လှမ်းနောက်လိုက် သဖြင့်လည်း ဦးမြင့်သန်း တစ်ယောက် သဘော အကျကြီး ကျသွားကာ တဟားဟား ရယ်ရင်း ထွက်ခွာသွားလေသည်။

ဒေါက်တာ ခင်ဇော်ဦးသည် ဆေးခန်းကို သော့ခတ်လိုက်ပြီးနောက် ကားပေါ်သို့ လှမ်းတက်လိုက်၏။ ကားထဲတွင် ဇနီးသည် မခင်စန်းဝေက အဆင်သင့် ထိုင်စောင့်နေလေသည်။

ဒေါက်တာ ခင်ဇော်ဦးသည် ကားစက်ကို နှိုးလိုက်ပြီးနောက် ခပ်သွက်သွက်ပင် မောင်းထွက်လာခဲ့၏။ လူက ကားကို ခပ်သွက်သွက် မောင်းနေသကဲ့သို့ပင် အတွေးကိုလည်း ခပ်သွက်သွက် တွေးနေမိသည်။ အတွေးထဲတွင် အိမ်ရောက်လျှင် ပြုလုပ်ရမည့် ကိစ္စများ၊ ယခု လောလောဆယ် ပြင်ဆင်ရမည့် ကိစ္စများက တစ်ခုပြီး တစ်ခု အစီအရီ ပေါ်နေပေသည်။

ဒေါက်တာ ခင်ဇော်ဦးသည် ဇနီးသည် ဘက်သို့ တစ်ချက် အကဲခတ် လိုက်ပြီးနောက် ဂီယာကို လွှတ်၍ ကားဘရိတ်ကို နှစ်ချက် သုံးချက်မျှ တော့နင်း နင်းကာ လီဇာကိုပါ ဆက်တိုက် ဆိုသလို နင်းရင်း ကားကို ထိုးရပ်ပစ်လိုက်၏။ ဇနီးသည်က 'ဘာဖြစ်တာလဲ' ဟူသော အမူအရာမျိုးဖြင့် လှမ်းကြည့်နေသည်ကို တွေ့ရသည်။

"ဝှူး ... ဆီပိတ်ပြန်ပြီ ထင်တယ်ကွာ၊ ဒီကားကြောင့်လည်း ခက်ပါတယ်"

ညည်းညည်းညူညူ ပြောလိုက်ရင်းဖြင့်ပင် ကား ဘောနပ် အဖုံးကို ဆင်းဖွင့်လိုက်၏။ အထဲဘက် တစ်နေရာတွင် ကြိုးဖြင့် အကျအန ချည်တုတ်ထားသော ပလတ်စတစ် ပုံးငယ်ကလေးမှာ သခင် အလာကို စောင့်မျှော်နေဟန် တည်ငြိမ်စွာ ရှိနေပေသည်။

ဒေါက်တာ ခင်ဇော်ဦးသည် ပုံးငယ်၏ အဖုံးကို လှည့်ဖွင့်လိုက်ပြီးနောက် အသင့် ပါလာသော ပလတ်စတစ် ပိုက်ကလေးကို ထိုးသွင်းကာ အားပါးတရ စုပ်မျိုချလိုက်၏။ အစကတည်းက ရေရောပြီးသား အရက်များမှာ အာခံတွင်းမှ တစ်ဆင့် ရှိန်းမြမြလေး စီးဝင်သွားလေသည်။

သည်နည်းဖြင့် သုံးလေးငုံမျှ စုပ်ယူ သောက်ပြီးသော အခါမှ အဖုံးကို နေသားတကျ ပြန်ပိတ်လိုက်ကာ ဘောနပ် အဖုံးကိုပါ ပိတ်၍ ကားထဲသို့ ပြန်ဝင်ထိုင်လိုက်၏။ ဇနီးသည် အရက်နံ့ မရစေရန် အတွက်လည်း အရက် စုပ်ယူ သောက်စဉ်ကပင် ဓာတ်ဆီဆွတ်ခဲ့သော အဝတ်တစ်စကို ဇနီးသည်ဘက်သို့ မသိမသာ တိုးထားလိုက်၏။

ထို့နောက် ကားဂီယာကို လွှတ်ကာ လီဗာကို ခပ်ပြင်းပြင်း နင်းလိုက်ပြီးမှ ဂီယာ ပြန်သွင်း၍ ခပ်ဆောင့်ဆောင့်ကလေး ထွက်ပစ်လိုက်၏။ ဇနီးသည်ကမူ ဘာမျှ မသိသလို တစ်ဖက်သို့ ငေးရင်း ပါလာသည်။ ဖြစ်နိုင်သမျှ စကား မပြောမိစေရန် အတွက်မူ သတိထား နေလိုက်လေသည်။

အိမ်သို့ ရောက်သောအခါ ဇနီးသည်က ဦးစွာဆင်းပြီး နောက်မှ လိုက်ဆင်းလာခဲ့သည်။

"မောင် ရေချိုးလိုက်ဦးလေ၊ ဝေ ထမင်းပွဲ ပြင်လိုက်ဦးမယ်၊ ထမင်းစားပြီးမှ သွားရမယ်နော်"

သူငယ်ချင်း တစ်ယောက် နယ်မှ လာမည်ဆို၍ ဘူတာဆင်းကြိုရန် ရှိသည်ကိုပင် ဇနီးသည်က ထမင်း အရင်စားရန် တိုက်တွန်းနေသည်။ သည်အချိန် အပြင်ထွက်လျှင် အပေါင်းအသင်းများနှင့် အရက်သောက်ဖြစ်သွားမည်။ ထမင်းစားပြီးမှ သွားလျှင် အရက်သောက်၍ ရတော့မည် မဟုတ်မှန်း သူ့ဇနီးက သည်လောက်တော့ နားလည်ထား သဖြင့်လည်း ထမင်းစားသွားရန် အတွင် တိုက်တွန်းနေခြင်း ဖြစ်သည်။

တကယ်တော့လည်း ဆေးခန်းသို့ တစ်နေ့ကစ၍ လာကြိုသည် ဆိုကတည်းက သူ့ကို စိတ်မချ၍ ဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ပြီး ဖြစ်ပါသည်။

"မောင်က ဆရာဝန် မို့လား၊ ဆိုင်တွေမှာ သွားသောက်တော့ ကိုယ့်လူနာတွေ တွေ့သွားရင် မူးမူး မမူးမူး မကောင်းဘူးပေါ့၊ မောင် ဒီလောက်ကြိုက်ရင် အိမ်မှာပဲ သောက်၊ ထမင်းမစားခင် နှစ်ပက်လောက် သောက်၊ ဝေကိုယ်တိုင် ငှဲ့ထည့်ပေးမယ်၊ အဲဒီလောက် ဆိုရင် မောင်ပြောသလို ဆေးဖြစ်ဝါးဖြစ်လဲ ဖြစ်တာပေါ့"

အပြင်မှ သောက်လာတိုင်း 'နှစ်ပက်တည်းပါကွာ' ၊ 'ငြင်းမကောင်းလို့ပါကွာ' ၊ 'ဒီလောက်က ဆေးဖြစ်ဝါးဖြစ်ပါကွာ' စသည်ဖြင့် ဘယ်လောက် သောက်ခဲ့ သောက်ခဲ့ ပြောတတ်သော စကားများကို နင်း၍ ဇနီးသည်က တစ်နေ့ကစ၍ စီစဉ်လိုက်ခြင်း ဖြစ်လေသည်။

ဇနီးသည်၏ အစီအစဉ်ကို သဘောတူပြီးသည်နှင့် ဒေါက်တာ ခင်ဇော်ဦး အဖို့လည်း အစစ အရာရာ ကြိုတင် ပြင်ဆင်ထားရတော့သည်။ ပြင်ဆင်ထားသည့် အတိုင်းလည်း လမ်း၌ပင် သွေးနွှေးနိုင်ခဲ့သည် မဟုတ်လား။ အရှိန်ရရန် အတွက်မူ ...

ဒေါက်တာ ခင်ဇော်ဦးသည် ရေကို တဝကြီး ချိုးပစ်လိုက်ပြီးနောက် အင်္ကျီ အဝတ်အစား လဲကာ ဇနီးသည်ကို လှမ်း၍ အကဲခတ်လိုက်၏။ ဇနီးသည်ကမူ မီးဖိုချောင်ထဲတွင် စားသောက်ရန် ပြင်နေလေသည်။

ဇနီးသည် ရုတ်တရက် မလာနိုင်မှန်း သိသဖြင့် ဒေါက်တာ ခင်ဇော်ဦးသည် အဝတ်ဗီရို နောက်ဘက်တွင် မနေ့ညနေ ကတည်းက ဖွက်ထားခဲ့သော ရေရောပြီးသား အရက်ပုလင်းကို လှမ်းယူလိုက်၏။ ထို့နောက် အဖုံးကို ဖွင့်ကာ တစ်ကျိုက် နှစ်ကျိုက်မျှ မော့သောက် လိုက်ပြီးနောက် ပုလင်းကို နေသားတကျ ပြန်ထားလိုက်ကာ အခန်း အပြင်ဘက်သို့ ပြန်ထွက်လာခဲ့၏။ ဇနီးသည်ကမူ ယခုအထိပင် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေဆဲ ဖြစ်သည်။

"ကဲ ... ခူးတော့လေကွာ၊ စားကြရအောင်"

"ပြီးပါပြီ မောင်ရဲ့၊ ကြက်ဥကြော် ပြီးရင် ရပါပြီ၊ ဘာလဲ သောက်ချင်နေပြီ ပေါ့လေ"

"မဟုတ်ပါဘူးကွာ၊ ရထား မမီမှာ စိုးလို့ပါ"

ဒေါက်တာ ခင်ဇော်ဦးသည် ဇနီးသည်ကို မီးဖိုခန်းဝကပင် စကား လှမ်းပြောပြီးနောက် အခန်းထဲသို့ ပြန်ဝင်လာခဲ့ပြန်၏။

သည်တစ်ခါတော့မူ ကြက်ဥကြော်သံ တရှဲရှဲကို နားစွင့်ရင်း နောက်ထပ် သုံးလေးမော့မျှ မော့ပစ်လိုက်ပြန်သည်။ လမ်းတွင် သောက်ခဲ့ခြင်း အပါအဝင် ပထမ သောက်ထားသည်နှင့် ဆိုလျှင် အတော်တော့ ရေချိန်ကိုက်သွားလေပြီ။

"မောင်ရေ ... လာလေ၊ ရပြီ"

ဇနီးသည် အသံ ကြားသဖြင့် ပုလင်းကို ကမန်းကတမ်း ပြန်ဖွက်ကာ ထမင်းစားခန်း ဘက်သို့ ထွက်လာခဲ့ရ၏။

ထမင်းစားပွဲပေါ်တွင် ယခင်နေ့များကလိုပင် သူ့အတွက် အရက်နှစ်ပက်မျှ ထည့်ထားသော ဖန်ခွက်က အဆင်သင့်။

ဒေါက်တာ ခင်ဇော်ဦးသည် မထိုင်ရသေးမီ အတွင်းမှာပင် ဖန်ခွက်ကို ကောက်ကိုင်၍ အရက် အနည်းငယ်မျှ စုပ်ယူလိုက်၏။

"ထိုင်ပြီးမှ အေးအေးဆေးဆေး သောက်စမ်းပါ မောင်ရဲ့"

သူ ရယ်ချင်သွားသည်။ အရက် နှစ်ပက်လောက်ကို သူကဲ့သို့ အရက်သောက်တတ်သော သူက မည်သို့လျှင် အချိန်ဆွဲ၍ အေးအေးဆေးဆေး သောက်ရမည်နည်း။

"အေးပါကွာ၊ သောက်မှာပါ၊ နည်းနည်းကလေး အချမ်းပြေသွားအောင် အာအရင် စွတ်လိုက်တာပါ"

သည်တစ်ခါတော့မူ ဒေါက်တာ ခင်ဇော်ဦး အဖို့ သူ့ဇနီးသည်၏ နှာခေါင်းဝ နားနားသို့ တိုး၍ပင် စကား ပြောရဲပါသည်။ သူ့ပါးစပ်က အရက်နံ့ ရသည်ဟု ပြောဆိုသည့်တိုင် ဇနီးသည်ကိုယ်တိုင် တိုက်သော အရက်ကို သူသောက်ပြီးပြီ မဟုတ်လားလေ။ ပထမက သောက်ထားသည့် အနံ့များနျင့် ရောသွားပြီ မဟုတ်လား။

မည်သို့ပင် ဖြစ်စေ လက်ရှိ အခြေအနေ အရမူ တရှိန်ရှိန် တက်နေသော အရက်ရှိန်ကြောင့် သူကိုယ်တိုင်လည်း အချိန်စောင့်၍ အေးအေးဆေးဆေး သောက်ချင်ပြီ ဖြစ်ပါသည်။

ထို့ကြောင့်လည်း ဒေါက်တာ ခင်ဇော်ဦးသည် ဇနီးသည် စိတ်ကြိုက်ပင် အရက်နှစ်ပက်ကို ဇိမ်ဆွဲကာ သောက်လိုက်ပြီး နောက်မှ ထမင်းကို ဆက်စားလိုက်လေတော့သည်။

(၃)

ထမင်းစားပြီးသော အခါ ဇနီးသည်က စိတ်ချလက်ချပင် ဘူတာရုံသို့ လွှတ်လိုက်သည်။ အိမ်နှင့် ဘူတာရုံ နီးသဖြင့်လည်း ကား မယူတော့ဘဲ ဇရက်မင်း စည်းဇိမ်ပြည့်ဖြင့် လမ်းလျှောက်လာခဲ့သည်။

သူငယ်ချင်း ဖြစ်သူ တင်ညို လာမည်ဆိုတော့ လန့်တော့ အလန့်သား။ သည်ကောင်လာလျှင် ပြဿနာ တစ်ခုမဟုတ် တစ်ခုတော့ ပါလာတတ်သည်။ ကုန်သည် ဖြစ်သည့်အလျောက် အပေါင်းအသင်းကလည်း စုံသည်။ တစ်ခုတော့ ရှိသည်။ သည်ကောင်က အရက်သေစာ လောင်းကစားတော့ လုံးဝ စိတ်မဝင်စား။ စိတ်မဝင်စား ဆိုသည်ထက် ကင်းသည်ဟု ပြော၍ရသည်။ သို့သော် ...

တင်ညိုအကြောင်း တွေးလာရင်း ဘူတာရုံသို့ ရောက်လာသည်။ အချိန်မီပါပဲ။ ရထားလည်း ဆိုက်လာသည်။

ရထားပေါ်မှ ကိုတင်ညိုသည် လူအုပ်ကြားထဲမှ ဒေါက်တာ ခင်ဇော်ဦးကို သိပ်မရှာလိုက်ရဘဲ လှမ်းတွေ့သွားသဖြင့် လက်လှမ်းပြလိုက်သည်။ ခင်ဇော်ဦး တစ်ယောက် သံဇကာ အပေါက်ဝမှ လာကြိုနေသည်ကို တွေ့ရသည်။

ရထားပေါ်မှ ဆင်းလာကတည်းက ဘေးနားမှ စကား တတွတ်တွတ် ပြောလာသော မူမူကို ခင်ဇော်ဦး တစ်ယောက် အကဲခတ်နေကြောင်း ကိုတင်ညို သိပြီး ဖြစ်ပါသည်။ သိသိကြီးနှင့်ပင် လောလောဆယ် မသိချင် ဟန်ဆောင်၍ လှမ်းနှုတ်ဆက်လိုက်သည်။

"ဟေ့ကောင် ခင်ဇော်ဦး၊ မင်း မဝေကြီး နေကောင်းရဲ့လား၊ လာလေကွာ၊ ဘာငိုင်နေတာလဲ၊ သွားစို့"

ခင်ဇော်ဦး တစ်ယောက် ယောင်တိယောင်အဖြင့် လိုက်လာသည်။ မူမူကမူ အလိုက်တသိဖြင့် နောက်မှ ချန်ရင်း လိုက်လာသည်။ သည်ကောင့်ကို စ, ချင်သဖြင့်လည်း မူမူနှင့် တမင်ပင် မိတ်မဆက် ပေးသေးခြင်း ဖြစ်သည်။

"ဟေ့ကောင် ... တင်ညို"

"အင်"

"နောက်က ဟာလေးက ဘယ်သူလဲကွ"

ထင်ထားသည့်အတိုင်း ခင်ဇော်ဦးတစ်ယောက် မအောင့်နိုင်စွာ မေးနေလေပြီ။ အနားကို ကပ်မေးလိုက် သဖြင့်လည်း အရက်နံ့များ ထောင်းခနဲ ထသွားသည်။

"ခွီးတဲ့မှပဲ၊ မင်း တစ်ကိုယ်လုံးလဲ နံဟောင်နေတာပဲ၊ ခုထက်ထိ မဝေက ဘာမှ မပြောဘူးလား"

"အဲဒါ အသာထားစမ်းပါ၊ ခုန ငါမေးတာ ပြောပါဦး"

"ဘာပြောရမှာတုန်း၊ ငါနဲ့ အတူလာတာပဲ၊ ငါ့မိန်းမ ပေါ့ဟ"

ခင်ဇော်ဦး သည်လောက်တော့ နားမဝေးပါ။ စပ်ဖြီးဖြီး ရယ်ကျဲကျဲဖြင့် မူမူ့ကို လည်ပြန်တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

"အေးလေ၊ အိမ်ရောက်လို့ ဝေနဲ့ တွေ့ရင်သာ မင်းဟာမင်း ကြည့်ပြော၊ ငါတော့ မပါဘူး မောင်"

"ဟေ့ကောင်ရယ်၊ စိတ်ချစမ်းပါ တင်ညိုပါကွ"

အိမ်ရောက်၍ မူမူ့ကိုပါ လှမ်းတွေ့လိုက်သော အခါ ခင်ဇော်ဦးထက်ပင် မဝေတစ်ယောက် ပို၍ တအံ့တဩ ဖြစ်သွားသည်ကို ကိုတင်ညို တွေ့လိုက်ရသည်။ နှစ်ဦးစလုံး အနေမခက်မီ မိတ်ဆက် ပေးလိုက်ရသည်။

"မဝေ ... ဒါ ကျွန်တော့် မိန်းမပဲ၊ မူမူတဲ့၊ မူမူ ဒါက ဒီကောင်ကြီး ခင်ဇော်ဦးရဲ့ မိန်းမ မခင်စန်းဝေ တဲ့၊ ကိုကိုကတော့ မဝေလို့ပဲ ခေါ်တယ်"

"တွေ့ရတာ ဝမ်းသာပါတယ်ရှင်၊ ကိုကို ပြောထားလို့ ကိုခင်ဇော်ဦးကိုရော မဝေကိုပါ မူမူက အစကတည်းက သိကျွမ်း ရင်းနှီးပြီးသားပါ"

တတ်လိုက်တဲ့ မူမူ၊ မိတ်ဆက် ပေးပြီးပြီးချင်း သွက်လက်ချက်ချာစွာ စကားတုန့်ပြန် နေသည်။ အိမ်က မိစိန်နှင့်တော့ ကွာပါ့။

မဝေကမူ အလိုက်အထိုက် စကားများ ပြန်လည် ပြောနေသော်လည်း မေးခွန်းပေါင်းများစွာ သူ့ရင်ထဲတွင် ရှိနေသည်ကို ကိုတင်ညို ခန့်မှန်း သိရှိပြီး ဖြစ်ပါသည်။

"ကဲ ... မဝေ၊ ဆာလှပြီဗျာ၊ ဘာတွေ ချက်ထားသလဲ၊ မဝေလက်ရာ မစားရတာ ကြာလို့ လမ်းမှာတောင် ဘာမှ မစားခဲ့ကြဘူး"

"ရပါတယ်ရှင် ဒီအကြောင်းတွေ သိလို့ လာမယ် ဆိုကတည်းက အဆင်သင့် လုပ်ထားပါတာယ်နော်၊ ကဲ ... လာ ညီမလေး အဝတ်အစား လဲလိုက်ဦး"

မဝေတစ်ယောက် မမူ့ကို အိပ်ခန်းထဲသို့ အဝတ်အစား လဲရန် ခေါ်သွားသည်နှင့် ခင်ဇော်ဦးကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်း အသာနေဟု အချက်ပြလိုက်သည်။ မကြာမတင်မှာပင် မူမူ့ကို အိပ်ခန်းထဲမှာပင် ထားခဲ့ကာ မီးဖိုချောင်ဘက်သို့ ထွက်သွားသော မဝေကို တွေ့ရသဖြင့် မဝေနောက်သို့ အသာ လိုက်ခဲ့သည်။

"မဝေ၊ ခင်ဗျားကတော့ မျက်စိလည် သွားမှာပဲနော်"

"အင်းပေါ့ ကိုတင်ညိုရဲ့ ရှေ့မှာဆိုတော့ မေးလို့ကလဲ မကောင်းဘူးလေ၊ ဒါနဲ့ မစိန် ..."

"အဲဒါ ပြောမလို့ပေါ့"

ဒီမေးခွန်း လာမည်ကို ကိုတင်ညို သိပြီး ဖြစ်ပါသည်။ မေးရအောင်လည်း မီးဖိုခန်း ဘက်သို့ တမင် လိုက်လာခဲ့ပြီ မဟုတ်လား။

"ဒီလို မဝေရယ်၊ အတိုချုပ် ပြောရရင်တော့ စိန်စိန်နဲ့ ကျွန်တော် နှစ်ဦး သဘောတူ ကွာရှင်းပြီးတာ ကြာလှပြီ"

စိန်စိန်သာ ကြားလျှင် ဘယ်လောက် စိတ်ဆိုး လိုက်မည်နည်း။ ကိုတင်ညိုသည် လူက မျက်နှာငယ်ဖြင့် ပြောပြနေသော်လည်း စိတ်ထဲကမူ ရယ်ချင်နေသည်။

"ဟောတော့ ဖြစ်မှ ဖြစ်ရလေ၊ ဒီလောက် အထိတောင် ဖြစ်ရအောင် ဘာပြဿနာတွေများ ရှိကြလို့လဲ ရှင်"

မဝေ တကယ် ယုံကြည်သွားပုံ ရသည်။ ကိုတင်ညိုသည် မျက်နှာကို ပို၍ အိုစာစွာ ထားပစ်လိုက်သည်။

"ပြောရရင်တော့ အရှည်ကြီးပေါ့ဗျာ၊ ပြီးတာတွေလဲ ပြီးခဲ့ပါပြီ ကျွန်တော်လဲ ပြန်မပြောချင်တော့ပါဘူး၊ အဲ ... မူမူနဲ့က လက်ထပ်တာ မကြာသေးဘူး"

"ဟုတ်လား၊ အေးလေ၊ ဝေလဲ စိတ်မကောင်းမိတာက လွဲလို့ ဘာမှ မပြောတတ်တော့ပါဘူး၊ ခုလို ဆိုတော့လဲ မူမူ့ကို မစိန်လိုပဲ ခင်ရတော့မှာပေါ့ရှင်၊ ဒါနဲ့ မိစိန်နဲ့ ဖြစ်ပျက်ခဲ့တာတွေ မူမူ သိသလား"

"မသိ ရှိပါ့မလား မဝေရယ်၊ တစ်နယ်တည်းသားတွေ ပဲလို့၊ ဒါပေမယ့် မူမူ့ကို မေးမနေပါနဲ့တော့လေ၊ သူလဲ ဒီနာမည်ကအစ မေ့ထားချင် ရှာမှာပေါ့"

"အို ... ဟုတ်တာပေါ့၊ မမေးပါဘူး၊ ဘယ်မေးလို့ ကောင်းမှာလဲ၊ ကိုတင်ညို မို့လို့ မေးကြည့်တာပါ၊ အခုတောင် မူမူ ကြားသွားရင် အနေရ ခက်သွားမှာပေါ့"

ကိုတင်ညိုသည် အကျေနပ်ကြီး ကျေနပ်စွာ စိတ်ထဲမှ အားပါးတရ ပြုံးလိုက်မိ၏။ မဝေ ပြောသကဲ့သို့ပင် မူမူသာ သည်အကြောင်းများ ကြားသွားလျှင် အနေရခက်မှာ အသာထား၊ လူပျိုယောင် ဆောင်ထားသမျှ ပေါ်သွားတော့မည် ဖြစ်၍ ဝုန်းဒိုင်းပင် ကြဲနိုင်လောက် ပေသည်။

စကားပြောနေစဉ် အတွင်း မူမူတစ်ယောက် အလှဆုံး ပြုံး၍ အနားသို့ ရောက်လာလေသည်။


ကောင်းညွန့်
ချယ်ရီ မဂ္ဂဇင်း၊ ဇွန်၊ ၁၉၉၁။
သရုပ်ဖော်ပန်းချီ - ဝင်းမော်ဟန်


No comments:

Post a Comment