ဖခင်ဘက်မှ ဘကြီးတော်သူ တစ်ဦး ရှိပါသည်။ သူ့အမည်မှာ ဦးနီ ဖြစ်ပြီး ဇနီးဖြစ်သူမှာ ဒေါ်မြိုင် ဖြစ်သည်။ ကျွန်တော်တို့က `အပါနီ´နှင့် `အမေမြိုင်´ ဟု ခေါ်ကြသည်။
သူတို့ ၂ယောက်သည် တကယ့်ဆိုမှ တကယ့် ငယ်လင် ငယ်မယား စစ်စစ်တွေ ဖြစ်ကြသည်။ ဘကြီးနှင့် စတင် အကြောင်းပါခဲ့စဉ်က အမေမြိုင်သည် ၁၅ နှစ်ခန့်သာ ရှိသေးသည်ဟု သိရပါသည်။ သူတို့သည် သား,သမီး မထွန်းကားဘဲ နှစ်ပေါင်းများစွာ ပေါင်းသင်း နေခဲ့ကြပါသည်။
အိမ်ထောင်သက် နှစ် ၂၀ ကျော် ရှိသောအခါတွင် အဖြစ်အပျက် တစ်ခု ပေါ်ပေါက်လာခဲ့ လေသည်။
အမေမြိုင်သည် အိမ်တွင် ဝင်ထွက် သွားလာနေပြီး အပါနီက လက်တိုလက်တောင်း ခိုင်းစေနေသည့် တပည့်တစ်ဦးနှင့် ငြိစွန်းကာ လိုက်ပြေး သွားခဲ့လေသည်။
ထိုအချိန်က စ၍ အပါနီသည် အမေမြိုင် အကြောင်းကို စကားစပ်၍ပင် မပြောတော့။ လိုက်လည်း မရှာ။ ပြန်လည်း မခေါ်တော့ချေ။
သို့ရာတွင် .....
ထိုစဉ်က ညတိုင်ကျလျှင် အရက်ကို မူးအောင်သောက်ပြီး ခြံဝင်းထဲ၌ သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဟစ် နေတတ်သည့် အပါနီ့ကို မှတ်မိနေပါသည်။
နောင် ၁ နှစ် ကျော်ကျော်လောက် ရှိသောအခါ အပါနီသည် အိမ်ထောင်သစ် တစ်ခုကို ထူထောင်လိုက် ပါသည်။ ဒုတိယ ဇနီးနှင့် သား,သမီး ၅ ယောက် ရရှိပြီး ဖြစ်နေချိန်တွင် ဖြစ်သည်။
တစ်နေ့ .....
ကျွန်တော်နှင့် အပါနီ ကိစ္စတစ်ခုဖြင့် မြေနီကုန်း ဈေးဘက်သို့ အလာ၊ ရတနာပုံ ရုပ်ရှင်ရုံ ရှေ့နား အလွန်တွင် လုံးဝ မမျှော်လင့် မထင်မှတ်ဘဲ အမေမြိုင်နှင့် ဘွားခနဲ မျက်နှာချင်းဆိုင် ဆုံမိကြလေသည်။
သူတို့သည် တစ်ယောက်ကို တစ်ယောက် စက္ကန့်ပေါင်း များစွာ ငေးကြောင်၍ ကြည့်နေကြသေးသည်။ ထို့နောက် အမေမြိုင်က စတင်၍ လှုပ်ရှားလာခဲ့သည်။
"ကိုကို ... ကိုကိုရယ် ... မြိုင့်ကို ခွင့်လွှတ်ပါ"
"ဖြန်း"
အပါနီ၏ ညာလက်ဝါးသည် မြောက်တက်သွားပြီး အမေမြိုင်၏ မျက်နှာပေါ်သို့ ပြင်းထန်သော အရှိန်ဖြင့် ကျရောက်သွားခဲ့လေသည်။
အမေမြိုင်သည် ကြုံလှီသော ခန္ဓာကိုယ်လေးကို ယိမ်းယိုင်သွားရာမှ ကြိုးစား၍ တည့်မတ်လိုက်သည်။ ငိုချလိုက်တော့မည်ဟု ထင်သော်လည်း လုံးဝ မငိုခဲ့ချေ။ အပါနီ့ မျက်နှာကို မျက်တောင်မခတ် စူးစိုက်၍ ကြည့်နေလေသည်။ နှုတ်ခမ်းထောင့်မှ ယိုစီးကျနေသော သွေးတွေကို ထွေးလည်း မထုတ်။ သုတ်လည်း မပစ်ဘဲ အပါနီ့ မျက်နှာကိုသာ အငမ်းမရ စူးစူးစိုက်စိုက် ငေးကြည့် နေခဲ့လေသည်။
အပါနီကလည်း မေးကြောကြီးတွေ ထောင်နေအောင် အံကို တင်းတင်းကြိတ်လျက် အမေမြိုင့်ကို ခြေဆုံးခေါင်းဖျား စူးစမ်း၍ ကြည့်နေလေသည်။
အမေမြိုင်သည် ၇ နှစ် ၈ နှစ် အတွင်း၌ သနားစရာ ပြောင်းလဲနေခဲ့ လေပြီ။ ခန္ဓာကိုယ်သည် ညှိးချုံး ပိန်လှီလျက် အဝတ်အစားများမှာလည်း အရောင်အသွေး မပေါ်ဘဲ စုတ်ပြတ်ဟောင်းနွမ်းလှ ပေသည်။
"လာ ... ငါနဲ့ လိုက်ခဲ့"
အပါနီသည် ဘာမပြော ညာမပြောနှင့် အမေမြိုင့် လက်ကို ဆွဲလျက် လမ်းတစ်ဘက်သို့ ကူးသွားလေသည်။ မြေနီကုန်းဈေး အတွင်းက ဖိနပ်ဆိုင် တစ်ဆိုင်တွင် မိန်းမစီး ကတ္တီပါ ကြိုးတပ် ဖိနပ်တစ်ရံ ရွေးချယ်ပြီး .....
"ရော့ ... ဒါ စီးကြည့်"
အမေမြိုင်သည် ဖိနပ်လေးကို ချစီးကြည့်သည်။
ထိုအခါမှ သတိထား ကြည့်မိသည်။ အမေမြိုင့် ခြေထောက်မှာ ဖိနပ်ပင် မပါခဲ့ပေ။
"အတော်ပါပဲ ကိုကို"
"အေး ... တော်ရင် စီးသွားတော့ ..."
အပါနီသည် ဖိနပ်ဖိုး မေး၍ ပေးလိုက်ပြီး လှည့်ထွက်သွား လေသည်။
နောက်မှ ပြေးလိုက်လာသော အမေမြိုင်သည် အပါနီ့ကို ဈေးအပြင်ဘက် ရောက်မှ မီလာပြီး .....
"နေ ... နေပါဦး ကိုကို ... ခဏလေး နေပါဦး ... မြိုင်လေ ကိုကို့ကို ကန်တော့ချင်လို့ပါ ... ကန်တော့ပါရစေ ကိုကိုရယ်" ဟု တောင်းပန်ပြီး ပလက်ဖောင်း ပေါ်မှာပင် ဖိနပ်ချွတ်ကာ ဒူးတုပ်ထိုင်လျက် ကန်တော့ရှာ လေသည်။
ခေါင်းပြန်မော့ လိုက်သောအခါ အပါနီ့ ခြေထောက် အစုံကို မတွေ့ရတော့ချေ။
ခြေလှမ်းကျဲုကြီးများဖြင့် ကျောခိုင်း လျှောက်သွားသော အပါနီသည် အဝေးသို့ ရောက်သွားလေသည်။
အပါနီ့ ကျောပြင်ကို မျက်ရည်များနှင့် ဝေဝါးစွာ လှမ်းကြည့်နေရာမှ သူဝယ်ပေးခဲ့သော ဖိနပ်လေးကို စီးရန် ငုံ့ကြည့်လိုက်သည့်အခါ မျက်ရည်စများသည် ဖိနပ်သစ်လေးပေါ်သို့ ကြွေကျသွားလေသတည်း။
* * *
ထိုညက .....
အရက်တွေ မူးအောင် သောက်ပြီး သီချင်းတွေ တစ်ပုဒ်ပြီး တစ်ပုဒ် အော်ဆိုနေသော အပါနီ့ကို တွေ့ကြရပြန်ပါသည်။
စိုးလူ
မဟေသီ မဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၉၃။
သရုပ်ဖော်ပန်းချီ - ဝသုန်
Credit to Mg Shwe Roe @ mmcybermedia.com
No comments:
Post a Comment