Saturday, March 14, 2015

သခွတ်ပွင့်မှတ်တမ်း (ချစ်လှိုင်)



(၁)

ကနဦးပိုင်းက အတော် အချိန်ကြာကြာ အထိတော့ 'ဦးဘဖိုး' ဇနီးနဲ့ သား,သမီးတွေက မသိကျိုးကျွံ ပြုပြီး အောင့်အည်း သည်းညည်း ခံကြသေးတယ်။
'ဦးဘဖိုး' ဇနီးက စိတ်ဆိုးမယ် ကြံရင် သား,သမီးတွေက ဖျောင်းဖျကြတယ်။ 'ဦးဘဖိုး' ဖနီး 'ဒေါ်မယ်ရင်'က သူက စဖြစ်ရင် သား,သမီးတွေကို မအုပ်နိုင် မဆီးနိုင်နဲ့ တုတ်တပြက် ဓားတပြက် ဖြစ်ကုန်မှာ စိုးလို့ အတော် ကြိတ်မှိတ် နေရတယ်။ တစ်ခါ တစ်ခါများ မျက်ရည်များတောင် ကျတယ်။ အဲ့သဟာလောက် ခံရချက် နာတာ မရှိဘူး။
'ဦးဘဖိုး' သားအကြီး 'ဖိုးသီလ'ဆို တစ်ခါ တစ်ခါ ထန်းရည်လေးများ နည်းနည်း ထွေလာရင် အံတကြိတ်ကြိတ် ဓားတပြင်ပြင်နဲ့ ...
"ရိုင်းချက်ကလည်း နာ, ရှင်းရလည်း အခက်ပါလား ... အဘရဲ့"လို့ တအော်တည်း အော်နေတတ်တယ်။ သူ့ မိသားစု ကြားရုံ အော်ရာက အရှိန် ရလာတော့ ပတ်ဝန်းကျင်ကပါ ကြားရတတ်လာတယ်။
ဝန်းကျင်က အကောင်း အဆိုး အမှား အမှန် ဘာမှ ဝင်မပါဘူး။
"အဘက ရဟန်းဒကာ, ကျောင်းဒကာ ပဲဟာ ... ဥပုသ်သီတင်း မှန်မှန် ဆောက်တည်ပြီး အလှူနဲ့လက် ပြတ်တယ်မှ မရှိဘဲ ... တမင် လုပ်ကြံနေတာပါ ... ဘာသိဘာသာ နေစမ်းပါ ... ဖိုးသီလရယ် ... အဘ နောင်ဘဝမှာ ကောင်းရာမွန်ရာ ဘုံမှာ ရှိနေမှာပါ"လို့ အလတ်မ 'တိုးရီ'က သူ့ အစ်ကိုကို ဖျောင်းဖျယူတယ်။
တစ်ယောက် စိတ်ဆိုးရင် တစ်ယောက်ယောက်က ဖျောင်းဖျ နေကြရပေမယ့် ... အားလုံး စိတ်ထဲမှာတော့ ဒီကိစ္စကို အစိုင်အခဲ အတော် ကြီးကြီးနဲ့ကို မကျေနပ် ကြတာတော့ အမှန်ပဲ။

(၂)

"သေဌေး ... ရေဖိုး ..."
"ဘာရေဖိုးလဲ ... မောင်ဖိုးမောင်"
"ကျွန်တော် ရေခပ်ထည့် ထားတဲ့ ရေဖိုးပါ ... သေဌေး"
"မင်း ရေဖိုး ... မနေ့ကပဲ မယ်ရင် ပေးပြီးပြီ မို့လား"
"ကျွန်တော် မရသေးပါဘူး ... သေဌေး"
"ဟဲ့ ... ငါ့ အမယ်ကြီးက ပေးပြီးပြီလို့ ပြောပါတယ် ... ဒါဖြင့် နေဦး ... မယ်ရင် ... မယ်ရင်ရေ"
'ဦးဘဖိုး' ခေါ်သံကြောင့် 'ဒေါ်မယ်ရင်' 'ဦးဘဖိုး'နား ရောက်လာတယ်။
"မောင်ဖိုးမောင် ရေဖိုး လာတောင်းနေတယ် ... ညည်း ပေးပြီးရဲ့ဆို ..."
"ဟုတ်တယ်လေ ... မနေ့ကပဲ မောင်ဖိုးမောင်ကို မင်းရေဖိုး ယူချည်ဦး ဆိုပြီး ... ရာဝင်အိုးဖုံးပေါ် တင်ပေးခဲ့သားကို ..."
"ညည်းကလည်း ကွယ် ... လက်ရောက် ပေးတာ မဟုတ်ဘဲကို ..."
"ဆွမ်းခံကိုယ်တော် ကြွလာလို့ ဆွမ်းလောင်းဖို့ ကပျာကသီ အိမ်ပေါ် ပြန်တက်ရတာကြောင့် ကျွန်မ လက်ရောက် မပေးဖြစ်ခဲ့တာပါ ... ဒါပေမယ့် သေချာ ပြောပြီးမှ ရာဝင်အိုးပေါ် တင်ထားခဲ့တာပါ ... သူငယ်လည်း မြင်သားပဲဟာ ဟဲ့ ... မောင်ဖိုးမောင် ... မင်း ရပြီးပြီမို့လား ... မလီဆယ်နဲ့နော်"
"ကျွန်တော် မလီဆယ် တတ်ပါဘူး ... သေဌေးကတော် သေဌေးကတော်က ကျွန်တော့်ကို ရေဖိုးကိစ္စ ဘာမှ မပြောဘဲ ဆွမ်းခံကိုယ်တော် ကြွလာပြီ ငါ ဆွမ်းသွားလောင်းဦးမှ လို့ပဲ ... ပြောပြီး အိမ်ကြီးပေါ် ပြန်တက်သွားတာပါ"
"ဟဲ့ ... မင်း ပြောသလိုဖြင့် လူကြီးကပဲ လီဆယ်သလိုချည်း ဖြစ်နေပါပေါ့လား ... ကွဲ့"
"သေဌေးကတော်ကို ... ကျွန်တော် လီဆယ်တယ်လို့ မပြောရပါဘူး ခင်ဗျ ... ကျွန်တော်လည်း မလီဆယ်တာ အမှန်ပါပဲ"
ဆက်ပြောနေရင် ငြင်းကြ, ခုန်ကြအပြင် ဘာမှ အကျိုးရှိမှာ မဟုတ်ဘူးလို့ 'ဦးဘဖိုး' နားလည်လိုက်တယ်။
"ကဲပါကွယ် ... တစ်ယောက် မမှား တစ်ယောက်မှားပေါ့ ... ဘယ်သူမှန်မှန်, ဘယ်သူမှားမှား ရှိစေတော့ မောင်ဖိုးမောင် ရေဖိုးက ဘယ်လောက်လဲ"
"နှစ်မူးပါ ... သေဌေး"
"မယ်ရင်က မောင်ဖိုးမောင်ကို ကျေကျေနပ်နပ်နဲ့ နှစ်မူး ပေးလိုက်ပါကွယ် ... ခမျာတွေ ချို့တဲ့ ရှာပါတယ် ... ညည်းကလည်း နောင်ဆို လက်ရောက်ပေးပေါ့"
ခင်ပွန်းသည် 'ဦးဘဖိုး'က ပေးခိုင်းလို့သာ မလွန်ဆန်ဝံ့လို့ ပေးရမှာ သဒ္ဓါတော့ တယ် မပါလှဘူး။
"ကဲ ... ရော့ ... ရော့ ... ယူချည် ... ဆင်းရဲတော့ လီဆယ် လီဆယ်တော့ ဆင်းရဲနဲ့ မင်းတို့ကတော့ ဒီလိုပဲ သံသရာ လည်နေဦးတော့ မှာပဲ" လို့ ပြောပြောဆိုဆိုနဲ့ 'ဒေါ်မယ်ရင်'က 'ကိုဖိုးမောင်'ကို ငွေနှစ်မူး ပေးတယ်။
'ကိုဖိုးမောင်'က 'ဒေါ်မယ်ရင်' ပေးတဲ့ ငွေနှစ်မူးကို လက်ကမ်း မယူဘဲ ...
"ကျွန်တော် လီဆယ်တယ်လို့ သေဌေးကတော် ထင်ရင် ... ကျွန်တော် မယူတော့ပါဘူး ... ကျွန်တော် ဆင်းရဲပေမယ့် ရိုးဂုဏ်ကို အလွန် တပ်မက်တဲ့ လူပါ ... ကျွန်တော် လုံးဝ မလီဆယ် ပါဘူး ... မရသေးလို့သာ တောင်းတာပါ" လို့ ပြောပြီး စကားဆုံးတာနဲ့ လှည့်ထွက် သွားတော့တယ်။
'ဦးဘဖိုး'က ...
"ဟဲ့ ... ဟဲ့ ... မောင်ဖိုးမောင် ... နေဦး"လို့ ခေါ်ပေမယ့် 'ကိုဖိုးမောင်' လှည့်မလာတော့ဘူး။
"ခက်တာကိုးကွဲ့ ... ငွေစလေး မူး,ပဲနဲ့ စလုံးစခု ဖြစ်အောင် ... မယ်ရင်တို့က တယ် လုပ်တာပဲကိုး ... ခမျာတွေ မရှိရင်တောင် ဒီက ပေးရ, ကမ်းရ, လှူရဦးမယ့်ဟာ"
"ကျွန်မ သေချာပြောပြီး ရာဝင်အိုးဖုံးပေါ် တင်သွားခဲ့တာ ... သူ မြင်ရဲ့ ကြားရဲ့နဲ့ လီဆယ်တာကို မခံချင်လို့ပါ ငွေပေးရ နှမြောလို့ မဟုတ်ပါဘူး ... သူ မူမမှန်လို့ ငွေစကို မယူသွားတာပဲပေါ့ ... နို့မို့ ဒီသူငယ်တွေလား ..."
"နောက်နေ့ကျ ပေးဖြစ်အောင် ပေးလိုက်ပါကွယ်"လို့ ပြောပြီး 'ဦးဘဖိုး' အိမ်ဘက် လှည့်ထွက် သွားတော့တယ်။

* * *

လယ် ပတ်ကြားအက်, ရိုးပြတ်တွေ ကြားက ... ကန့်ကလာနဲ့ ကောက်ရိုးနွယ် တွေကို ရသလောက် တစ်ပွေ့တစ်ပိုက်ကို 'ကိုဖိုးမောင်' လိုက်နုတ်တယ်။ ရသမျှထဲက အချို့အဝက်ကို အရီးလေး 'မအောင်' အိမ်နဲ့ 'ဖိုးလွမ်းပြေ' အိမ် ဝင်ပေးမယ်လို့ 'ကိုဖိုးအောင်' စိတ်ကူးတယ်။
ဝင်ပေးရင်း ဆန်လေး ပဲလေး တစ်ခါချက် လောက်လည်း တောင်းရမယ်။ ဝင်မတောင်း လို့ကလည်း မဖြစ်ဘူး။ ကနေ့ အိမ်မှာက ချက်ဖို့ ဆန်မရှိဘူး။ ရေဖိုးလေး နှစ်မူးရရင် ဆန်လေးတစ်ပြည် ဝယ်ပြီး ဟင်းစားလေး တစ်ပဲဖိုးလောက်ကို အရောလေးနဲ့ ကလေးတွေနဲ့ တမြိန်စားမယ် တွက်ထားတာ ...။ ကံများ ဆိုးချင်တော့ လီဆယ်တယ်လို့တောင် ရိုးစွပ် ခံလိုက်ရသေးတယ်။
ဆင်းရဲတာများ အပြစ် ဖြစ်ရော့သလားလို့ 'ကိုဖိုးမောင်' တွေးမိတယ်။ ဆင်းရဲလို့သာ ချမ်းသာတဲ့ လူများရဲ့ အဖိစီး ခံရတာ ဖြစ်မယ်လို့ တွေးရင်း 'ကိုဖိုးမောင်' အတော် မကျေမနပ် ဖြစ်မိတယ်။
အရီးလေး 'မအောင်'ရဲ့ ဝင်းရောက်တော့ တွေးလက်စ အတွေးကို ရပ်ပြီး ... အရီးလေး 'မအောင်' အိမ်ထဲ ဝင်လိုက်တယ်။
"ဟဲ့ ... ဘယ်သူသဲ့တုန်း ကိုရင်ဖိုးမောင် မှတ်သယ်"
"ဟုတ်သယ် ... အရီး .... ကောက်ရိုးနွယ်နဲ့ ကန့်ကလာ ဝင်ပို့ရင်း ဆန်လေး ပဲလေး နည်းနည်း ရချင်လို့ သန်ဘက်ခါ, ဖိန်းနွှဲခါ ပြန်ပေးပါ့မယ်"
"ယူပါတော် ... ယူပါ ... ကနေ့ ရေထမ်းလို့ မကောင်းဘူး ... မှတ်သယ်"
"သေဌေး ဦးဘဖိုး အိမ်က ရေဖိုး ရမလာလို့ရယ်"
"ဟဲ့ ... ကိုရင့် သေဌေးက သေဌေးလုပ်ပြီး ရေဖိုးလေးတောင် မပေးလိုက်ချေ ဘူးလား"
"မနေ့က ... သေဌေးကတော်က ကျွန်တော့်ကို ရေဖိုး ရာဝင်အိုးဖုံးပေါ် တင်ပေးခဲ့တယ်လို့ ငြင်းတာနဲ့ သေဌေးက ပေးပေမယ့် ယူမလာတော့တာ ... အရီး"
"ကိုရင်ကော ... မရခဲ့တာ အဟုတ်ပဲလား"
"ဘုရားပေးပေး ကျမ်းပေးပေးပါ ... အရီးရယ် ... သေဌေးကတော် တင်လည်း တင်ပေးတာ မဟုတ်ပါဘူး ... ဆွမ်းခံကိုယ်တော် ကြွလာလို့ ဆွမ်းလောင်းရ ဦးမယ် ပြောပြီး အိမ်ပေါ် ပြန်တက်သွားတာပါ"
"ေဩာ် ... ဒါဖြင့် လူကြီးဆိုတော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်ကွယ် ... ကိုရင့်ကို ရေဖိုး ပေးဖို့ရယ်လို့ စိတ်အမှတ်နဲ့ လာရာက ဆွမ်းခံကိုယ်တော် ကြွလာလို့ ကသုတ်ကရက် အိမ်ပေါ် ပြန်တက်ပြီး သူ့စိတ်ထဲ ပေးပြီးပြီလို့ ထင်တာများပဲလား ... ဖြစ်မယ်"
"ဟုတ်ရင်လည်း ဟုတ်မှာပေါ့ ... အရီးရယ် ... ဒါပေမယ့် သေဌေးများဟာ သူတို့ ပေးဖို့သာ မေ့ရင် မေ့ရမယ် ... ရဖို့သာဆို မေ့မယ် မဟုတ်ပါဘူးလေ ... တစ်ထမ်းတစ်ပြားနဲ့ နှစ်မူးဖိုးထိ နှစ်ရက် ထမ်းထားရတော့ စိတ်ထဲ ကသိကအောင့် ဖြစ်တာပေါ့ ... အရီးရယ်"
"အေးပါလေကွယ် ... ဘာပဲဖြစ်ဖြစ် ခန္တီတရား လက်ကိုင်ထားပါ"
"ကျွန်တော်ကတော့ ခန္တီတရား လက်ကိုင်ထားပါတယ် ... ဒါပေမယ့် ဝဋ်ကတော့ နေမယ် မထင်ပါဘူး ... အရီးရယ်"
"ဟဲ့ ... ကိုရင်ရဲ့ ... မကျိန်ကောင်း မပြောကောင်းပါကွယ် ... ကဲ ... ကဲ ... ဆန်နဲ့ပဲလေး ယူပြီး ချက်ဖို့ သွားချေဦး ... ကလေးတွေကော နေကောင်းရဲ့ မဟုတ်လား"
"ကလေးတွေတော့ နေကောင်းပါရဲ့ ... အရီးတူမသာ တရှောင်ရှောင်နဲ့ ..."
"မိလုံး တစ်ယောက်ကလည်း တလှီလှီနဲ့ သွေးသားမှ မှန်ရဲ့လား မသိ ... ကန်တော့နော် ... ကိုရင် ... ကန်တော့ ... ကန်တော့"
"ရပါတယ် ... အရီးရဲ့ ကိုယ့် တူသားတွေပဲဟာ ... ကန်တော့ မခေါ်ရပါဘူး ... "ဟိုဘက်ရွာက ဆရာ ကောင်းလှဆိုလို့ ကျွန်တော် ပြကြည့်နေပါသယ် ... ဆေးပတ် မလည်သေးတော့ ဆေးချက် မကြွသေးဘူး ထင်ပါရဲ့ထူးတော့ မထူးသေးဘူး ... အရီးရဲ့"
"အေးပါလေ ... ကောင်းသွားမှာပါ ... ကျန်းမာချမ်းသာ ကြပါစေတော် ... ဆုတောင်းပါတယ်"
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေ အရီး ... ကျွန်တော် သွားဦးမယ်"
"အေးပါတော် ... အေးပါ ... အေးပါ"
အရီးလေး 'မအောင်' အိမ်က ဆန်လေးပဲလေး တစ်ခါချက် ယူခဲ့ပြီး နွားရိုင်းသွင်းချိန် မကျတကျ နေလေး ညိုကာစလေးပဲ ဆိုတော့ ချက်ချိန်ပြုတ်ချိန်လေး ရှိသေးတော့ 'ကိုဖိုးမောင်' ကုန်းရိုးလေး အတိုင်း စိတ်အေးအေးနဲ့ပဲ လျှောက်လာ ဖြစ်တော့တယ်။
'ဖိုးလွမ်းပြေ' ဝင်းထဲ အဝင်မှာ 'ဖိုးလွမ်းပြေ' မယား 'မိတုတ်'က ကသုတ်ကရက်နဲ့ ထွက်လာတာကို 'ကိုဖိုးမောင်' မြင်လိုက်ရတယ်။
"ကသုတ်ကရက်နဲ့ ဘယ်ကိုတဲ့တုန်း မိတုတ်ရဲ့ ..."
"ကိုရင်ဖိုးမောင် မယား မိလုံး တက်နေတယ်လို့ ကိုရင်လွမ်းပြေ ဟစ်သွားလို့ ... အဲဒါ သွားမလို့လေ"
"ဖိုးလွမ်းပြေကော ..."
"ငါ လိုက်ခဲ့မယ် ... သွားနှင့်လို့ ပြောပြီး အခင်းသွား ထင်ရဲ့"
"ရော့ ... ညည်းကလေးတွေ ခေါ်ပြီး ... ဒါလေး ပေးခဲ့ပြီး လိုက်ခဲ့ ... ငါ တက်သုတ် ရိုက်ဦးမယ်"
ကန့်ကလာနဲ့ ကောက်ရိုးနွယ်ကို တစ်ဝက် ခွဲပေးပြီး 'ကိုဖိုးမောင်' မပြေးရုံတမယ် သူ့အိမ်သူ တက်သုတ်ရိုက် တော့တယ်။
'ကိုဖိုးမောင်' သူ့အိမ်ရောက်တော့ သူ့မယား မိလုံး တက်နေရာက မကျသေးဘူး။ 'ကိုဖိုးမောင်' သူ့သမီး အကြီးမလေးကို ဆန်နဲ့ ပဲနဲ့ ကန့်ကလာနဲ့ ကောက်ရိုးနွယ်ကို ထိုးပေးလိုက်ပြီး သူ တတ်သလောက် မှတ်သလောက် အတက် ကျလိုကျငြား ခြေချိုးလက်ချိုး ဝင်လုပ်ပေးတယ်။ သူ့အရင် သူ့အိမ်ပေါ် ရောက်နေနှင့်တဲ့ မိန်းမချင်းတွေကလည်း ထိတ်ထိတ်ပျာပျာနဲ့ ကြိူးစားကြတယ်။
'ကိုဖိုးမောင်'နဲ့ သိပ် မရှေးမနှောင်း လောက်မှာပဲ 'ဖိုးလွမ်းပြေ'ရော 'မိတုတ်'ပါ ရောက်လာတယ်။ 'ဖိုးလွမ်းပြေ'ကတော့ အိမ်ပေါ် မတက်တော့ဘဲ နှင်းစင်အောက်က ကွပ်ပျစ်မှာ ထိုင်နေလိုက်တယ်။ အနီးအနားက မိန်းမချင်း တစ်ယောက်စ, နှစ်ယောက်စလည်း ထပ်ရောက်လာတယ်။
"သဂျီးကိုနင်း ... သဂျီးကိုနင်း ... ကိုရင်ဖိုးမောင် ... ဖယ် ... ဖယ်"
'မိတုတ်'က ပြောပြောတွန်းတွန်း 'ကိုဖိုးမောင်'ကို တွန်းလွှတ်တယ်။ 'ဖိုးလွမ်းပြေ' ထိုင်နေတဲ့ ကွပ်ပျစ်ပေါ်မှာ 'ဖိုးလွမ်းပြေ'နား ဝင်ထိုင် လိုက်ရတယ်။
'မိလုံး' တက်နေလိုက်တာ အမြှုပ်တစီစီနဲ့ တော်တော်နဲ့ကို မကျဘူး။
"တို့ ... စိတ်မချမ်းသာ ရသလို ... သင်းတို့လည်း ဝဋ်လိုက်ဦးမှာပါ" လို့ 'ကိုဖိုးမောင်'က ရုတ်ချည်း ပြောလိုက်တော့ 'ဖိုးလွမ်းပြေ' အံ့အားသင့် သွားတယ်။
"မိလုံး ... ပြုစား ခံရသယ်လို့ ကိုရင်က ပြောချင်တာလား"လို့ 'ဖိုးလွမ်းပြေ'က 'ကိုဖိုးမောင်'ကို ပြန်မေးတယ်။
ဒီလိုပြောတာ မဟုတ်ပါဘူးလို့ အစချီပြီး 'ဦးဘဖိုး' အိမ်နဲ့ သူ့ရေဖိုး ကိစ္စကို ပြန်ပြောပြတယ်။
"မိလုံး တက်တာနဲ့ ... ကိုရင့် ရေဖိုးကိစ္စနဲ့ ... ဝဋ်လိုက်ဦးမှာ ဆိုတဲ့ စကားကို ကိုရင် ဘယ်လိုလုပ် လုံးလိုက်တာလဲ ... ကိုရင့်ဟာ မဆိုင်တဲ့ အပေါက် ကလိုင်နဲ့ ခေါက်တာပဲ"လို့ 'ဖိုးလွမ်းပြေ'က ရယ်ရင်း ပြောတော့ ...
"ဝဋ်က မနေပါဘူး ... ကြည့်နေပါ ... ကိုရင်ရာ"လို့ 'ကိုဖိုးမောင်' တစ်ယောက် ညည်းပြော ပြောပြန်တယ်။
ဒီအချိန်လေးမှာပဲ ... 'မိလုံး' အတက်ကျသွားတယ်။

(၃)

ဆန်ဈေးတွေက တက်လိုက်သမှ ခေါင်ထိ ရောက်တော့မလား အောက်မေ့ရတယ်။ ဆန်တစ်ပြည်ကို သုံးပဲထိကို ဝယ်စား ကြရတယ်။ စားအိုးကြီးတဲ့ အိမ်များဆို ငိုရ, ရယ်ရတော့ မလိုကို ဖြစ်တယ်။
တစ်နေ့ တစ်နေ့ ရှာရသမျှ ဆန်ဖိုးနဲ့ချည်း ကုန်နေရ သလိုကို ဖြစ်လာတယ်။ ဆန်အတွက်ကိုပဲ အတော် တပင်တပန်း ရှာဖွေ ကြရတယ်။
မြန်မာပြည်မှာ ဆန်ကလည်း သုံးပဲထိ အတက် ဂျာမဏီကလည်း ဗုံးကြဲတဲ့ နှစ်နဲ့ ဆုံနေလို့ ...
"ဆန်တစ်ပြည် သုံးပဲ ... ဇာမဏီ ဗုံးကြဲ" ဆိုတဲ့ စကားတောင် ပေါ်လာခဲ့ သေးတယ်။
အဲသည့် ဆန်တစ်ပြည် သုံးပဲ အတက် နှစ်မှာပဲ ... 'ဦးဘဖိုး' ကွယ်လွန် သွားရှာတယ်။ 'ဦးဘဖိုး' ကွန်လွန်တော့ စည်သမှ မနှိုင်းကောင်း နှိုင်းကောင်း ဘုန်းကြီးပျံလား အောက်မေ့ရတယ်။
'ဦးဘဖိုး'က သေဌေးကလည်း သေဌေး, မိတ်ဆွေ သင်္ဂဟကလည်း ပေါပြန်။
သည်အထဲ သူ့ကျေးဇူး မကင်းရာ မကင်းကြောင်းတွေကလည်း များဆိုတော့ ရွာနီးချုပ်စပ် ရွာတွေတင် မဟုတ်ဘူး မုံရွာ, အရာတော်, ဒီပဲရင်း မြို့ပေါ်တွေက မြို့ မျက်နှာဖုံးတွေပါ မနေကြဘူး။ လာလိုက်ကြတာ ...။
လှည်းတွေ ကားတွေ ဆိုတာ ဘယ်ပြောကောင်းမလဲ။ ရွာပတ်ပတ်လည်ကို စည်နေတာပဲ။ စည်လွန်းလို့ ကလေးတွေတောင် ပျော်ကြတယ်။ အငြိမ့်တွေ ဆိုင်းတွေပဲ ခံဦးတော့မလို အချို့က ပြောဖြစ်ကြသေးတယ်။ အငြိမ့်တွေ ဆိုင်းတွေတော့ဖြင့် မခံပါဘူး။
ရွာက ရွာကြီးဆိုတော့ အိမ်ခြေ အောက်ထစ် သုံး, လေးရာလောက်ကို ရှိတယ်။ ရွာခံ အိမ်တွေက အိမ်စေ့ထောင့်စေ့ ဝိုင်းကူ လုပ်ပေးကြတော့ လာသမျှ ဧည့်ကို ဧည့်ဝတ်ကျေကျေ ပြုစုလိုက်နိုင်တယ်။
'ကိုဖိုးမောင်'ကလည်း 'ဦးဘဖိုး' နာရေးမှာ သူ နိုင်တဲ့ဝန် ဝင်ထမ်းတယ်။
ကာလသား လေး, ငါး, ဆယ်ယောက်နဲ့ အတူ ရေကို တွင်တွင် ထမ်းပေးတယ်။ ချက်ပြုတ် ဆေးကြောဖို့ ရေကနေ ချိုးရေထိ မလစ်ဟာ စေရဘူး။
ဒါပေမယ့် ဖြစ်ချင်တော့ 'ဦးဘဖိုး' မြေချပြီး နောက်နေ့မှာ 'ကိုဖိုးမောင်' ရေထမ်းရင်း ချော်လဲတော့မလို ဖြစ်သွားရာက ရေပုံးနဲ့ ပန်းကန်ပုံကို တိုက်မိလို့ ပန်းကန်တွေ အတော် ကွဲသွားတယ်။ 'ကိုဖိုးမောင်'လည်း ပျာပျာသလဲ ထိတ်သွားတယ်။ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားတယ်။
"မတော်တဆ ဖြစ်တာပါ"လို့ နှုတ်က ယောင်ထွက် သွားသေးတယ်။ နံဘေးက မြင်လိုက်တဲ့ လူအချို့ကလည်း "ဟုတ်ပါတယ် ... မတော်တဆ ဖြစ်တာပါ"လို့ လိုက်ပြော ဖြစ်ကြသေးတယ်။
ဒီအချိန်မှာပဲ ...
'ဦးဘဖိုး' ဇနီး 'ဒေါ်မယ်ရင်' မီးဖိုဆောင် တဲထဲ ရောက်လာပြီး ပန်းကန်ကွဲတွေကို မြင်တော့ ...
"ဟဲ့ ... ဘယ်လို ဖြစ်တာလဲ"လို့ မေးတယ်။
'ကိုဖိုးမောင်' အကျိုးအကြောင်း ပြောပြတယ်။ ဘေးလူတွေကလည်း 'ကိုဖိုးမောင်' ပြောသလို မတော်တဆ ဖြစ်သွားတဲ့ အကြောင်း လိုက်ပြောကြတယ်။
"မတော်တဆတော့ ... မတော်တဆပေါ့ကွယ် ... သို့ပေမယ့် သတိရှိရင် ဘယ်ဖြစ်မလဲ ... ပန်းကန်ပုံနား ကပ်ပြီး ရေမထမ်းဘဲ ကွင်းထမ်းရင် ချော်ဦးတော့ ခုလို ဘယ်ဖြစ်မလဲ ... ဒါကြောင့် ဦးဘဖိုးဆို မောင်ဖိုးမောင် အကြောင်းများ ရံခါ ပြောရင် မောင်ဖိုးမောင်က ရှပ်ပျာရှပ်ပျာနဲ့လို့ အမြဲပြောတာ ... မင်းတို့တော့ ခက်ဦးမယ်"လို့ ပြောပြောထွက်ထွက် မီးဖိုဆောင်ထဲက ပြန်လှည့် ထွက်သွားတယ်။
သူ့ကြောင့် ဖြစ်ရတာ ဆိုတော့ 'ကိုဖိုးမောင်' ပြန်မပြောသာဘူး။ ပြန်မပြောသာလို့သာ မပြောလိုက်ပေမယ့် စိတ်ထဲကတော့ မကျေနပ်ချင်ဘူး။
ဘယ်သူက ခုလိုကွဲတာမျိုး ဖြစ်ချင်ပါ့မလဲ။ တမင် လုပ်တာလည်း ဟုတ်မှ မဟုတ်ဘဲ။ ကူလည်း လုပ်ရသေး ... မတော်တဆ ဖြစ်တာကို လူသူရှေ့မှာ ချိုးချိုးနှိမ်နှိမ် ပြောတယ်လို့ပဲ 'ကိုဖိုးမောင်' နားလည်လိုက်တယ်။
မကောင်းတတ်လို့ ... ရက်လည် ပြီးတဲ့အထိ 'ကိုဖိုးမောင်' ဝိုင်းကူလိုက်တယ်။

* * *

အိမ်က ကျွဲမကြီးကို ဝါးဆစ်ပိုင်းနဲ့ ပစ်ပေါက်လိုက်မိတယ်။
"ဘယ်လို ဖြစ်တာလဲ ကိုရင်ဖိုးမောင် ... နေရင်း, ထိုင်ရင်း ကျွဲမကြီးကို တုတ်တိုနဲ့ ဘာလို့ လှမ်းပစ်တာလဲ"
"ရေဖိုးကိစ္စနဲ့ ဦးဘဖိုး အသုဘတုန်းက သူ့မယား ပြောတဲ့စကား နားထဲက မထွက်လွန်းလို့ စိတ်တိုပြီး ကျွဲမကြီးကို ယောင်ပေါက်လိုက် မိတာဟေ့"
"တော် ယောင်ပေါက်လိုက်တာက အကြောင်း မဟုတ်ဘူး ... ကျွဲမကြီးက ဇီးကြီးနဲ့ ... မတော် ဇီးလျှော သွားပါဦးမယ် ... တော်"
"အေးပါ ... အေးပါ ... ယောင်ပေါက်လိုက် မိလို့ပါ"

(၄)

လသား ကျွဲပေါက်လေးကို 'ကိုဖိုးမောင်'က 'ဦးဘဖိုး'ရေ ... လို့ ခေါ်တော့ ကျွဲပေါက်လေးက 'ညွံ့'လို့ ထူးတယ်။
'ကိုဖိုးမောင်' မိသားစုကလည်း ကျွဲပေါက်လေးကို 'ဦးဘဖိုး'လို့ လိုက်ခေါ်တယ်။
အစာကျွေးလည်း ... 'ဦးဘဖိုး'ရေ ... လို့ ခေါ်တယ်။
ရေတိုက်လည်း ... 'ဦးဘဖိုး'ရေ ... လို့ ခေါ်တယ်။
ခေါ်တိုင်းလည်း ကျွဲပေါက်လေးက 'ညွံ့'လို့ ပြန်ပြန် ထူးတယ်။
'ကိုဖိုးမောင်'က သူ့အိမ် ရောက်လာတဲ့ လူတွေကို ဒီကျွဲပေါက်လေးက 'ဦးဘဖိုး' သေလို့ ဝင်စားတာ ... သူ့ကို အိပ်မက် ပေးတယ်။ သူ့ရေဖိုး မပေးလို့ ဝဋ်လိုက်တာလို့ ပြောပြပြီး ကျွဲပေါက်လေးကို 'ဦးဘဖိုး'ရေ ... လို့ ခေါ်ပြတယ်။ ကျွဲပေါက်လေးက 'ဦးဘဖိုး'လို့ ခေါ်လိုက်တိုင်း ပြန်ထူးတယ်။
"မယုံရင် ... ဦးဘဖိုးလို့ ခင်ဗျားတို့ ကိုယ်တိုင် ခေါ်ကြည့် ထူးလိမ့်မယ်"လို့ ပြောတော့ ခေါ်ကြည့်ကြတယ်။ ကျွဲပေါက်လေးက 'ညွံ့'လို့ ပြန်ထူးတယ်။
တဖြည်းဖြည်းနဲ့ ဒီကျွဲလေး ကိစ္စက တစ်စတစ်စ ပျံ့လာတယ်။ ဟိုလူက ခေါ်ကြည့် ဒီလူက လာခေါ်ကြည့်နဲ့။ ခေါ်တိုင်းလည်း ကျွဲလေးက ထူးတယ်။ ကလေးတွေကလည်း လာခေါ်ကြည့် ကြတယ်။ ခေါ်တိုင်းလည်း ထူးတာပဲ။
ကလေး ပါးစပ်ထဲ ရောက်သွားတဲ့ စကားကတော့ သိတဲ့အတိုင်းပဲ 'မောင်း'ထက် စိတ်ချရတယ်။ မြည်လည်းမြည်, ကျယ်လည်း ကျယ်ပဲ။
'ဦးဘဖိုး' ရေဖိုး မပေးလို့ ဝဋ်လိုက်ပြီး 'ကိုရင်ဖိုးမောင်' အိမ်မှာ ကျွဲဖြစ်နေတာ ... ခေါ်တိုင်း ထူးတယ် ... ဆိုတဲ့ စကားက ကြာတော့ 'ဦးဘဖိုး' ဇနီး 'ဒေါ်မယ်ရင်'နဲ့ သား, သမီးတွေ နည်းအမျိုးမျိုးနဲ့ကို ကြားရတော့တာပဲ။
ကြားကြားချင်း ဝမ်းနည်းသွားတယ်။ နောက် ရှက်တယ်။ ဒေါသလည်း ထွက်တယ်။ အရှက်တကွဲ အကျိုးနည်းအောင် တမင် ယုတ်မာတာလို့ သဘောရပေမယ့် ခက်တာက ခေါ်တိုင်းလည်း ထူးနေတယ် ကြားတော့ ... 'ဦးဘဖိုး'များ တကယ် ဖြစ်နေရင်တော့လို့ ပြောပြီး ငိုကြတယ်။
ဘယ်လို လုပ်ရမှန်းကို မသိဘူး။ အတော် ကြိတ်မှိတ် နေရတယ်။ အဲသဟာလောက် ခံရချက် နာတာ မရှိဘူး။
'ဦးဘဖိုး' သားအကြီး 'ဖိုးသီလ'ဆို တစ်ခါ တစ်ခါ ထန်းရည်များ နည်းနည်း ထွေလာရင် အံတကြိတ်ကြိတ် ဓားတပြင်ပြင်နဲ့ ...။
"ရိုင်းချက်ကလည်း နာ, ရှင်းရလည်း အခက်ကြီးပါလား ... အဘရဲ့"လို့ တအော်တည်း အော်နေတတ်တယ်။
သူ့ မိသားစု ကြားရုံ အော်ရာက အရှိန် ရလာတော့ ဝန်းကျင်ကပါ ကြားရတတ်လာတယ်။
ဝန်းကျင်က အကောင်း အဆိုး, အမှားအမှန် ဘာမှ ဝင်မပါဘူး။
ဒီအတောအတွင်းမှာ ...
လူကြီးတွေက ကလေးတွေကို ဆုံးမရင် ငရဲတို့, ဝဋ်တို့နဲ့ ခြောက်ပြီး 'ဦးဘဖိုး' ကျွဲပေါက်လေး အကြောင်း ထည့်ထည့် ပြောကြတယ်။ ကလေးတွေက ကြောက်တာပေါ့။
အဲဒီ ကြောက်တဲ့ အကြောင်းကိုပဲ ကလေးချင်း ပြောပြီး ခြောက်ကြပြန်တယ်။ ခြောက်တယ် ဆိုတဲ့ နေရာမှာ ကနဦးပိုင်းက 'ဦးဘဖိုး' မိသားစု မကြားသာအောင် ဆင်ခြင်ကြပေမယ့် ဆင်ခြင်ပြီး ပြောနေရင်းက 'ဦးဘဖိုး' မိသားစု ဖြတ်သွားပြီး ကြားသွားတာတို့ ဘာတို့ ရှိလာဖန် များလာတော့ သူတို့လည်း သိပြီးသားပါ ... မထူးပါဘူး ဆိုပြီး အဆင်အခြင် မရှိကို ပြောကြ ဆိုကြ ခြောက်ကြတော့တယ်။
'ဦးဘဖိုး' မိသားစုကလည်း ပြန်ပြောရ ခက်လို့ မသိကျိုးကျွံ အောင့်အည်း နေရတယ်။
ခက်တာက ကျွဲပေါက်လေးက လသားက နှစ်သား ဖြစ်လာတော့ သတင်းကလည်း ပျံ့ပျံ့နှံ့နှံ့ ပိုပို ဖြစ်လာပြီး ကိုယ့်ရွာတင် မဟုတ်တော့ဘူး ... ရွာနီးချုပ်စပ် အပြင် မြို့ပေါ်တွေကပါ ကြားပြီး လာလာ စနည်း နာကြတော့တယ်။
'ဦးဘဖိုး' မိသားစုမှာ စားလည်း ဒီစိတ်, အိပ်လည်း ဒီစိတ်နဲ့ ပိန်လိန်ပြီး အသားအရေပါ ခြောက်လာတဲ့ အထိ အတော် စိတ် မချမ်းမသာ ဖြစ်ကြရတယ်။
'ကိုဖိုးမောင်' မိသားစုကို ရိုက်မယ်, သတ်မယ် ကြံကြည့်သေးတယ်။
ရာဇဝတ်က နေမှာ မဟုတ်ဘူး။ ထောင်ကျ တန်းကျနဲ့ တစ်ရှက်ကနေ နှစ်ရှက် ဖြစ်ဦးမှာကို တွေးကြည့်ပြီး လက်မလျှော့ချင် လျှော့ချင် ဒီအကြံကို လျှော့ထားရတယ်။
ကျွဲကို သတ်ဖို့ ကြံကြည့်တယ်။
မတော်လို့ 'ဦးဘဖိုး'များ တကယ် ဝင်စားတာများ ဖြစ်နေရင်လို့ စဉ်းစားမိပြီး ဒီ အကြံကိုလည်း မလုပ်ရက်ဘဲ လက်လျှော့ လိုက်ရတယ်။
'ကိုဖိုးမောင်'တို့ ဆီက ဒီကျွဲကို ဝယ်ဖို့ အကြံနဲ့ စကား ကမ်းလှမ်း ကြည့်သေးတယ်။ "မရောင်းဘူး ... ခိုင်းစားမယ်"လို့ စကားပြန်တယ်။
နောက်ဆုံးတော့ ...
ဖြစ်ချင်ရာ ဖြစ် ဒီထက်လည်း အရှက်ကွဲစရာ မရှိတော့ဘူး။ ရုံးတင် တရားစွဲမယ် ဆိုပြီး တရားစွဲတော့တယ်။

* * *

မြို့ပေါ်က ရာဇဝတ် ဝန်ထောက်လေးက အင်္ဂလိပ် လူမျိုး စစ်စစ်ပဲ။
ခေတ်ကလည်း အင်္ဂလိပ် အုပ်စိုးတဲ့ ခေတ်ကိုး။
ကျွဲကို ရုံးရှေ့မှာ ချည်တိုင်လုပ်ပြီး ချည်ထားတယ်။
အမှုစစ်တာကို လာနားထောင်တဲ့ လူတွေကလည်း နည်းနည်းနောနောကို မဟုတ်ဘူး။ ရုံးချိန်းရှိတဲ့ နေ့တိုင်း ပြည့်လျှံရုံမက ဖွေးနေတာပဲ။ နားထောင်ရုံတင် မဟုတ်ကြသေးဘူး။ ကျွဲကို ခေါ်ကြည့်ကြ သေးတယ်။
'ဦးဘဖိုး'လို့ ဘယ်က ခေါ်လိုက်, ခေါ်လိုက် ကျွဲကတော့ လိုက်ထူး ပြီးသားပဲ။
ဟိုက ခေါ်လည်းထူး, ဒီက ခေါ်လည်းထူးမို့ ... ကြာရင် ကျွဲ အမောဆို့ သေမှာစိုးလို့ ရုံးပြာတာလေးက မခေါ်ကြဖို့ တောင်းပန်တောင် ယူရတယ်။
ရာဇဝတ် ဝန်ထောက်လေးလည်း အမှုရဲ့ အကြောင်းချင်းရာတွေကို ကြားနာ စစ်ဆေး ပြီးတဲ့နောက် ဘယ်လို ဆုံးဖြတ်ရမှန်း မသိ ဖြစ်သွားပုံ ရတယ်။
နောက်ဆုံးတော့ ...
စီရင်ချက် လိုလို,
သုံးသပ်ချက် လိုလို,
မေတ္တာစာ လိုလိုနဲ့
ဆုံးဖြတ်ချက် တစ်ခုချတယ်။
ကျွဲလေးမှာ 'ဦးဘဖိုး'ဟု ခေါ်လျှင် အမှန်ပင် ထူးသည့်အကြောင်း, ထူးရုံနှင့် 'ဦးဘဖိုး' ဝင်စားသည်ဟု တစ်ထစ်ချ မှတ်ယူ၍ မရနိုင်ကြောင်း, 'ဦးဘဖိုး' ဝင်စားခြင်း ဟုတ်နိုင် မဟုတ်နိုင်ကို အဖြေထုတ်ရန် မိမိရုံးတွင် တာဝန် မရှိကြောင်းတို့ကို အဖွင့်နိဒါန်း ဖတ်ရှုပြီး ကျွဲလေးကို 'ကိုဖိုးမောင်' လက်မှာ ဆက်လက် ထားရှိခြင်းဖြင့် ရာဇဝတ်မှုခင်း တစ်ခုကို ဖိတ်ခေါ်ထားသလို ဖြစ်နေမှာ ဖြစ်တဲ့အကြောင်း, သို့အတွက် ကျွဲကို အစိုးရမှ သိမ်းယူပြီး အခြားအရပ် တစ်ခုခုမှာ ဘေးမဲ့ ပို့ပေးမယ့် အကြောင်းနဲ့ 'ဦးဘဖိုး' ဇနီး 'ဒေါ်မယ်ရင်'နဲ့ မိသားစုက 'ကိုဖိုးမောင်'သို့ ကျွဲအစားထိုး ပြန်ဝယ်ရန် ငွေနှစ်ဆယ်ကို ဤရုံးမှ တဆင့် ပေးရန်တို့ကို ဆုံးဖြတ်လိုက်တယ်။
နှစ်ဦးနှစ်ဘက် သူတို့ ဖြစ်ချင်တာတွေ တင်ပြကြသေးတယ်။
ဒါပေမယ့် ... ဘာကိုမှ လက်မခံတော့ဘဲ ဆုံးဖြတ်ချက် အတိုင်း အတည် ဖြစ်စေတယ်။
'ဦးဘဖိုး' သူ့ဆီ ဝဋ်ခံ နေရတာကို အစိုးရမင်းများ ကယ်ပေလို့ တော်သွားသေးတယ်လို့ 'ကိုဖိုးမောင်'က အမှု ပြီးတဲ့နောက်ပိုင်း အသံလွှင့်သေးလို့ တစ်ဘက်နဲ့ တစ်ဘက် ရိုက်မယ်, ပုတ်မယ် ဖြစ်ကြပြီး ရုံးရောက်, ဂါတ်ရောက် ရောက်ကြပြန်သေးတယ်။
ရုံးက နောက်နောင် အလားတူ အပြောမျိုး ထိခိုက်နိုင်တဲ့ စကားကို မပြောဖို့ 'ကိုဖိုးမောင်'ကို သတိပေးလိုက်တယ်။
ကျွဲကို ဘယ်ပို့တယ်လို့ ဘယ်သူ့ အစုံစမ်းမှ ရုံးက မခံဘူး။
ဘယ် ပို့လိုက်မှန်းလည်း ဘယ်သူမှ မသိလိုက်ဘူး။
'ဦးဘဖိုး' ဇနီး 'ဒေါ်မယ်ရင်'နဲ့ မိသားစုက တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါး စိတ်ဆင်းရဲခြင်း ကြီးစွာ ခံခဲ့ရတဲ့ ကိစ္စ မတင်မကျလေးနဲ့ ဖြေသာသွားတယ်။
'ကိုဖိုးမောင်' ကတော့ 'ဦးဘဖိုး' အကြောင်းနဲ့ ကျွဲအကြောင်း မပြောတော့ပေမယ့် ဝဋ်ဋီကာကိုတော့ သေတဲ့အထိ ကြုံရာမှာ ပြောတယ်။
သေတဲ့အထိ ဘယ်မှာမှ ဘယ်သူ့ကိုမှ ပြောမသွားတာ တစ်ခုတော့လည်း သူ့မှာ ရှိသွားနိုင်တယ်။

ချစ်လှိုင်
မဟေသီ မဂ္ဂဇင်း၊ အောက်တိုဘာလ၊ ၁၉၉၂။

No comments:

Post a Comment