စစ်တွေတွင် ဆန်ဈေးတက်ရခြင်းသည် သူ့ကြောင့်ဟူ၍ စောနုက ထင်ပေသည်။ စောနုသည် သူ၏ ထင်မြင်ချက်ကို သာအောင်မှလွဲ၍ တပါးသူတို့အား ထုတ်ဖော်၍ မပြောဆိုရဲ၊ အကယ်၍ ပြောဆိုသည်ပင် ထားဦးတော့ အနုညာတ မိန်းကလေးတစ်ဦးကြောင့် စစ်တွေတွင် ဆန်ဈေး တက်ရသည်ဆိုလျှင် ကြားရသူတို့က ဝိုင်းဝန်း ရယ်မောကြမည် ဖြစ်လေသည်။
အဖကလည်း အလုပ်မှ ပြန်လာတိုင်း ခဏခဏ ညည်းညူတတ်သည်။
အဖသည် အလုပ် လုပ်ခအတွက် ငွေကို မလိုချင်။ ဆန်ကိုသာ လိုချင်ပေသည်။ ဆန်ဈေးသည် အဖတို့လို စောနုတို့လို လူတန်းစားအတွက် ကြောက်မက်ဖွယ်ရာ ထိပ်ပေါက်ထွက်မတတ် တက်နေသည်ဟု အဖက ပြော၏။
အဖတွင် ကလေး များလွန်းသည်။ ဇနီးသည် မရှိသည့်နောက် စောနုသည် အမေကြီးလိုပင် မောင်ငယ်၊ ညီမငယ်များကို ထိန်းသိမ်းရသည်။ အားလပ်ချိန်တွင် စောနုသည် ဝင်ငွေရအောင် တစ်ဖက်တစ်လမ်း လုပ်သေး၏။ အမှန်တော့ ဆန်ရှာပေးသည် ဆိုလျှင် ပို၍ပင် မှန်ပေမည်။
ဦးစောသာဖြူ၏ လယ်များကို ယခင်က အဖကိုယ်တိုင် လုပ်ကိုင်ခဲ့ဖူး၏။ ဝေးကွာလှသော အတိတ်တွင် အဖ၏ လယ်သမား ဘဝသည် မှုန်မွှားလှပေသည်။ စောနုကလည်း ငယ်ပေသေးသည်။
ယခုလို လယ်များကို တွင်ကျယ်စွာ မလုပ်နိုင်သော အချိန်တွင် လယ်တောများဆီမှ အဖတို့ မိသားစုသည် စစ်တွေသို့ ပြောင်း၍လာသည်။
စစ်တွေမြို့တွင် အတည်တကျ နေသောအချိန်၌ စောနု၏ အမေ ကွယ်လွန်ခဲ့လေသည်။
"အမိရေ အမိရဲ့"
အဖက တလွမ်းတတ ငိုကြွေးချိန်တွင် စောနုသည်လည်း တရှိုက်ရှိုက် ငို၏။ ကလေးများကတော့ ကြမ်းပြင်ပေါ်တွင် လှိမ့်၍ ဆော့သူက ဆော့၏။ အိမ်ရှေ့မြက်ခက်းပြင်တွင် ပြေးသူက ပြေးနေလေသည်။ အမေ သေဆုံးခြင်းအတွက် ငိုကြွေးရမည်၊ လွမ်းဆွတ်ရမည်ကို သူတို့ မသိပေ။ တစ်ခါတစ်ရံ အကြီးကောင်လေးကပင် သူ့ညီမ ငါးယောက်ကို အမေ့အကြောင်း ပုံပြော၍ ပြတတ်သည်။ ကလေးတို့သည် အမေ့ကို မမြင်လျှင် စောနုကို လည်းကောင်း၊ အစ်ကိုလတ်စံသာကို လည်းကောင်း မေးကြသော်လည်း ငိုတော့ မငိုပေ။ အမေသည် ဘယ်တော့မှ ပြန်မလာတော့ပြီကိုလည်း သူတို့ မသိကြပေ။
သူတို့ အမေအကြောင်းကို မေးတိုင်း စံသာသည် "အလွန်ဝေးသော ခရီးရှည်ကြီး တစ်ခုကို အမေ ထွက်သွားကြောင်း" ပုံလုပ်၍ ပြောပြတတ်ပေသည်။ အဖသည် တစ်ခါတစ်ရံ သင်္ဘောကြီးကူလီ လုပ်၏။ ဦးစောသာဖြူ၏ စပါးများ ရောက်ချိန်တွင်လည်း သယ်ယူ၍ ပေးပေသည်။ ဦးစောသာဖြူသည် ယခုအခါတွင် စစ်တွေမြို့၌ ဆန်ကုန်သည်ကြီး လုပ်၍နေပေသည်။
အဖက ဆန်ဈေးတက်ကြောင်း ညည်းလျှင် စောနုသည် တစ်ခုခု လုပ်ချင်သည်။ အဖကို ကူချင်သည်။ ကလေးများကလည်း အစားကြီးလွန်းလှသည်။ အမှန်တော့ စားရိုးစားစဉ် စားကြသော်လည်း နေ့လယ်တွင် သူတို့ မုန့်မစားရပေ။ မုန့်အစား ထမင်းတစ်နပ် စားသောအခါ နေ့လယ်တွင် ဆန်နို့ဆီဘူး (၂)လုံးက အပိုကုန်ရပေသည်။
စံသာက ဘုန်းကြီးကျောင်းတွင် သွား၍ နေချင်သည်။ သူ ဘုန်းကြီးကျောင်းသို့ သွားနေလျှင် အိမ်မှာလည်း ဆန်ကုန် သက်သာသည်။ စာလည်းတတ်မည် မဟုတ်ပါလား။ သို့သော် စောနုက မလွှတ်ပေ။
"ငါ မြို့ထဲမှာ အလုပ်တစ်ခုခု သွားလုပ်မယ်၊ နင် ကလေးတွေကို ကြည့်ပါဟယ်။ သူတို့ နည်းနည်းကြီးလာလို့ သူတို့ဘာသာ လုပ်တတ်ကိုင်တတ် လာရင် နင် ဘုန်းကြီးကျောင်းကို သွားပေါ့"
စံသာသည် အစ်မကို ဘာမှ ပြန်မပြောပေ။ စောနုအစား သောက်ရေကန်တွင် ရေသွား၍ ခပ်ရ၏။ ရေခပ်က အပြန်တွင် ကန်ဘေးရှိ ဘုန်းကြီးကျောင်းကို ငေး၍ ငေး၍ သွားသည်မှာ သူ၏ အလုပ်တစ်ခု ဖြစ်၏။
စောနုသည် အဖနှင့် မြို့ထဲသို့ လိုက်သွားသောနေ့တွင်ပင် အလုပ်ရလေသည်။ ဦးစောသာဖြူနှင့် ဒေါ်ရွှေဇံဦးတို့က စောနုကို အိမ်ဖော်အဖြစ် ခေါ်ယူထား၏။ ညဉ့်တွင်တော့ စောနုကို အဖနှင့်အတူ အိမ်ပြန်အိပ်ခွင့် ပြုပေသည်။
စောနုသည် ရေခပ်၏။ ထမင်းချက်၊ အိမ်ဗာဟီရ လုပ်၏။ နောက်ဆုံး ပြီးခါနီးတွင် သနပ်ခါး သွေးခဲ့ရသည်။ ဦးစောသာဖြူ၏ သမီးများသည် ရန်ကုန်တွင် ကျောင်းနေ၍ ကျောင်းပိတ်ရက်များမှ ပြန်လာတတ်သည်။ ကျောင်းဖွင့်ချိန်တွင် စောနုသည် အလုပ်နည်းပါး၍ သွားလေသည်။ ဦးစောသာဖြူ၏ ဇနီးနှင့် အိမ်သားတစ်ယောက် နှစ်ယောက်အတွက်သာ အလုပ်များရပေသည်။
ယခုတလော မိုးကျလာချိန်တွင် ဆန်ဈေးသည် ကြောက်မက်ဖွယ်ရာ တက်လာပြန်သည်ဟု အဖက ဆိုပြန်သည်။ တစ်ခါတစ်ရံ စောနုသည် အဖ အလုပ်ပြန်ချိန်၌ စကားပင် မပြောလိုတော့ပေ။ အဖသည် အနိဋ္ဌာရုံ၊ စိတ်မချမ်းသာစရာတွေ ကိုသာ ပြောတတ်လွန်းသည်ဟု စောနုက ထင်၏။ တစ်ခါတစ်ရံတော့လည်း သာတောင့်သာယာလေးတွေ တွေးချင်၊ ာကားချင်ပေ၏။ ဦးစောသာဖြူ အိမ်ကတော့ မြင်ခင်း ကောင်းသည်ဟု ဆိုရပေမည်။ တိုက်ခံ နှစ်ထပ်အိမ် ဖြစ်၍ ဝင်းကြီးမှာ ကျယ်ပြန့်ရုံတွင်မက အုတ်ဝင်းနံရံကြီးများနှင့် ခိုင်ခန့်စွာ ဝင်းခတ်၍ ထားပေသည်။ တိုက်ပန်းအဖြူများ ဝင်းတံတိုင်းပေါ်တွင် ဖွေးဖွေးလှုပ် ပွင့်ကြသောအခါ စောနုသည် အလုပ်လုပ်ရသည်ကို ပျော်၏။ သို့သော် ညနေစောင်း၍ အိမ်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူ့တဲစုတ်၏ အမှိုက်ရှုပ်ရှုပ် ဝန်းကျင်ကိုသာ သူမြင်ရတော့သည်။ ဦးစောသာဖြူ၏ အိမ်ကို သွားရောက် အလုပ်လုပ်ရခြင်းသည် အိပ်မက်တိုင်းပြည် တစ်ခုသို့ သွားရောက် လည်ပတ်ရသလို ပျော်စရာ ကောင်းပေသည်။
မိုးဦးကျပြီး နောက်လတွင် အဖသည် အဖျားရောဂါ စွဲကပ်လာပြန်သည်။
"ဘယ်နှယ့် လုပ်မလဲ။ ငါ အလုပ် မလုပ်နိုင်ဘူး မိန်းကလေး။ သူဌေးဆီမှာ ဆန်ပိုတောင်းပါ"
အဖသည် ဆန်အကြောင်း ပြောလာပြန်သည်။
စောနုအတွက် အဖပြောသည်မှာ စိတ်ညစ်စရာ ဖြစ်သော်လည်း အမှန်တော့ အဖသည် ဖခင်ကောင်း ပီသပေသည်။ သူ နေမကောင်း၍ လဲနေစဉ်တွင် သားငယ်တို့ကို ဝဝလင်လင် စားစေချင်ပေသည်။ ယခင်က စောနု တစ်နေ့တွက် လုပ်ခကို ဈေးဝယ်စေ၍ အဖ လုပ်ခအတွက်ကို ဆန်ဝယ်ပေသည်။ ယခုအချိန်တွင်လည်း စောနုသည် ဖြစ်သလို ကြံဖန်ဝယ်ချက်၏။
"အဖလိုသာ ပူနေရရင် ရင်ကွဲသေလိမ့်မယ်" ဟူ၍ စောနုက ဆိုပေသည်။
ယနေ့ အလုပ်ဆင်းချိန်တွင် သူသည် အဖ နေမကောင်းကြောင်းကို ဦးစောသာဖြူ ဇနီးအား ပြော၍ပြ၏။
"အဖဟာ ဆန်အတွက် သိပ်ပူတတ်တာပဲ၊ တစ်နေ့တစ်နေ့ ဆန်အကြောင်းပဲ ပြောတာပဲ။ ကျွန်မ အလုပ်ပိုလုပ်ရင် ဆန်အတွက် မပူရဘူးလို့ အဖက ပြောတာပဲ"
"အေး ဘာအလုပ် ပိုလုပ်ရမယ် ဆိုတာကတော့ ကိုစောသာဖြူ ပြန်လာရင် ညည်းကို ပြောလိမ့်မယ်။ ညည်းအဖေ မမာတဲ့အကြောင်း ငါပြောပါ့မယ်"
ညနေတွင် ဦးစောသာဖြူနှင့်အတူ ဧည့်သည်တစ်ယောက် ပါလာလေသည်။ ဧည့်သည်ကြီးမှာ ဖြူဖြူမြင့်မြင့် လူချောကြီးတစ်ယောက် ဟူ၍ စောနုက အကဲခတ်လိုက်မိ၏။ ဘယ်သူဘယ်ဝါမှန်းတော့ မသိ။ ဧည့်သည်ကြီးရှေ့တွင် ဖျော်ရည်နှင့် မုန့်များ သူကိုယ်တိုင် သွား၍ ထားပေးရလေသည်။
ထိုနေ့ညနေ သူ့ပန်ခါနီးတွင် ဦးစောသာဖြူက သူ့ကို ခေါ်လိုက်၏။
"မင်း အဖေကို ပြောလိုက်၊ တစ်လစာအတွက် ငါ ဆန်တစ်အိတ် ပေးထားမယ်လို့နော်။ တစ်ခုတော့ ရှိတယ်ကွဲ့။ အဲဒီ ဆန်တစ်အိတ်အတွက် အလုပ်ပိုလုပ်ပေးရမယ်"
"ဆန်တစ်အိတ်"
စောနုသည် အလန့်တကြား အော်လိုက်၏။
"အေး ဆန်တစ်အိတ်ပေါ့"
"အို အဖက သိပ်ဝမ်းသာနေမှာ ဆန်ရှားနေတုန်းသာ အဖသေသွားရင် ဆန်တွေကို စွဲလန်းနေမှာတောင် စိုးရိမ်ရသေးတယ်၊ ကျွန်မ ကျွန်မ အလုပ်ပိုလုပ်ပေးပါ့မယ်"
ယနေ့ညနေ အိမ်ပြန်ချိန်တွင် သူ့ခြေလှမ်းများသည် သွက်လှ၏။ ဝမ်းသာသွာားမည့် အဖ၏ မျက်နှာကို မြင်ယောင်ကာ ပျော်၍လာသည်။
"ဒို့ ငွေမလိုချင်ဘူး။ ဆန်ပဲ လိုချင်တယ်ကွ"
လမ်းတွင် ရပ်၍ စကားပြောနေသော ကားစပယ်ယာတစ်စု တို့သည် အဖလိုပင် ဆန်အကြောင်း ပြောကြပြန်သည်။
"သူတို့က ယောက်ျားသာ ဖြစ်တယ်။ ငါ့လိုမှ အလုပ် မလုပ်ပဲ၊ ဘယ်မှာ ဆန်ရမလဲ။ ခု ငါ ဆန်တစ်အိတ် ရတော့မယ်" စောနုသည် သူ့စိတ်ထဲမှ သူ့တစ်ယောက်တည်းပြောကာ လမ်းလျှောက်ရင်း ပျော်၍ လာလေသည်။
အိမ်ရောက်ရောက်ခြင်း သူသည် အမောပင် မဖြေနိုင်။ အဖေ့ အိပ်ရာနားသို့ အပြေးအလွှား ရောက်၍ သွား၏။
"အဖ အဖ ကျွန်မတို့ဖို့ ဆန်တစ်အိတ် ရတော့မယ်"
"ဟေ"
တခွေခွေနေသော အဖသည် ငုတ်တုတ်ထ၍ ထိုင်၏။ အဖမျက်နှာသည် ဝမ်းသာလွန်း၍ ရွှန်းရွှန်းစိုလာပုံ ရလေသည်။
"ဘယ်သူက ပေးမှာလဲ"
"အရီးဇံတို့က ပေးမယ်တဲ့ ဦးကြီး စောသာဖြူက အလုပ်နည်းနည်း ပိုလုပ်ပေးရမယ်လို့ ပြောတယ်။ အရီးဇံကို ကြည့်ရတာ ခုတလော ကောင်းကောင်း နေမကောင်းဘူး မဟုတ်လား။ အဲဒါ ပြုစုရမယ် ထင်တယ်။ ဒီအတွက် ဆန်တစ်အိတ် ပေးတာပဲ ဖြစ်မှာပဲ"
သူသည် သူ၏ အတွေးကို ပိုမိုခိုင်လုံအောင် ပြောလိုက်၏။ သူပြောသော စကားတို့သည် ခိုင်လုံသည် ဖြစ်စေ၊ မခိုင်လုံသည် ဖြစ်စေ အဖအဖို့ အတော် စိတ်ချမ်းသာ၍ သွားပေသည်။ ဒီလိုမှ မဖြစ်လာလျှင် နေမကောင်းရသည်ကိုပင် စိတ်ထင့်နေပေသည်။
ညတွင် ကလေးတို့သည် ဂျွမ်းပြန်အောင် ဆော့သော်လည်း အဖက တစ်စုံတစ်ရာ မဆိုမြည်တော့။ အဖပင်လျှင် အိပ်ရာထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ သွားပေပြီ။
ညဉ့်နက်လျှင် ကလေးတို့သည်လည်း ကစဉ့်ကရဲနှင့် အိပ်ပျော်သွားကြလေသည်။ စံသာတစ်ယောက်သာ ရေနံဆီမီးတိုင် အောက်တွင် သင်ပုန်းကြီး စာအုပ်ကို ဖတ်နေပေသည်။
စောနုသည် ကလေးများ အားလုံးပေါ်သို့ စောင်ကြမ်းကြီးတစ်ခု လွှမ်းခြုံပေးလိုက်၏။ အဖတစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်သွားသောအခါ စောနုစိတ်ထဲတွင် စိတ်ချမ်းသာ၍ သွားပေသည်။
* * *
"ကျေးဇူးရှင်ကြီးများ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပါစေ။ ခုထက် အရောင်းအဝယ် ကောင်းပါစေ"
အဖသည် အစောကြီးထ၍ ဆုတောင်းနေပေသည်။ စောနုကလည်း ဦးစောသာဖြူတို့ လင်မယားအား အထူးမေတ္တာပို့မိလေသည်။ စောနု အလုပ်မဆင်းခင်လေးတွင် ဦးစောဖြူအိမ်မှ ဂျစ်ကားကလေးသည် သူတို့တဲရှေ့သို့ ပေါက်လာသည်။
"ဟေ့ စောနု အရီးက ဆန်တစ်အိတ် ပေူလိုက်တယ်။ နင် ဒီကားနဲ့ တစ်ခါတည်း လိုက်ခဲ့တဲ့။ အဖကိုလည်း ပြောခဲ့။ နင်ဟိုမှာ အိပ်ရမယ်တဲ့ အရီးက ပြောတယ်"
"ဟေ"
အဖသည် ဝါးထရံကို တုန်တုန်ချည့်ချည့်နှင့် တွယ်၍ လျှောက်ကာ အိမ်ရှေ့ အပေါက်ဝတွင် ထိုင်ချလိုက်သည်။ သူ့မျက်လုံးများသည် ဣန္ဒြေပင် ဆောင်၍ မရအောင် ပျော်ရွှင်ဝမ်းမြောက်ဟန် ပြ၍ နေပေသည်။
အဖအဖြစ်က သဲလွန်းသည် ဣန္ဒြေမဲ့လွန်းသည်ဟု စံသာရော စောနုကပါ ထင်လေသည်။
သူတို့နှစ်ယောက်သည် ခပ်ရှက်ရှက် အမူအရာနှင့် ဆန်အိတ်ကို တဲထဲသို့ သယ်ချလာကြသည်။ ဒရိုင်ဘာ ပါဝင်၍ ကူသော်လည်း ဆန်အိတ်မှာ လေးလွန်း၍ တဲရှေ့ ဖိနပ်ချွတ်အဆင့်လေးပေါ် အိကျသွားလေသည်။ ဖိနပ်ချွတ်ရှိ ဝါဒကြမ်းလေးများမှာ အောက်ဆင့်ယိုင်ကာ ညွှတ်ကျသွားလေသည်။
ဝါးထက် ဆန်က အရေးကြီးသည် မဟုတ်ပါလား။ အဖသည် တစ်စုံတစ်ရာ စိတ်မကောင်းဟန် မပြပေ။
စောနု ဂျစ်ကားနှင့် ပါသွားလျှင် စံသာသည် အစ်မကြီး တစ်ယောက်လို အလုပ်စ၍ လုပ်သည်။ ဆန်အိုးနှင့် သံပုံးများကို ဖုံမရှိအေယင် သုတ်လိုက်၍ မီးဖိုထဲမှာ စီထား၏။ ဆန်အိတ်ထဲမှ ကလေးတို့ နိုင်သလောက် သယ်ခိုင်းကာ အိုးနှင့်ပုံးများထဲသို့ ထည့်ခိုင်းလိုက်သည်။
"ကျေးဇူးရှင်ကြီးတွေ ချမ်းသာပါစေ" အဖကတော့ တစ်နေ့လုံးလိုလို ဆုတောင်း၍ နေတော့သည်။
* * *
ညနေမှောင်တရီတွင် စောနုသည် အလှပြင်၍ နေပေသည်။ အရီးဇံက ယနေ့ည သူနှင့်အတူ အိပ်ရန် ပြော၏။
ညတွင်မူ မိတ်ဆွေတစ်ယောက်ထံသို့ အလည်လိုက်ရန်အတွက် သူ့ကို အဖော်ခေါ်သည်။ အရီးဇံသည် သူ၏ သမီးအကြီး စံာသာနုမေ၏ အဝတ်တစ်ပတ်နွမ်းများကို စောနုအား ဝတ်ခိုင်း၏။
စောနုသည် အဝတ်များ ဝတ်ပြီးလျှင် သူ့ကိုယ်ကို တအံ့တဩ ကြည့်နေမိသည်။ ယခင်က သူ့ အင်္ကျီများသည် သရက်ထည်ဖျင်များ ဖြစ်၍ ဖားလျားပွရောင်းလှလေသည်။ ယခုတော့ အင်္ကျီမှာ ပုံကျ၍ သပ်သပ်ရပ်ရပ် ဖြစ်လာသောကြောင့် သူ၏ ခါးနွဲ့နွဲ့မှာ အထင်းသားပေါ်နေပေသည်။ နုထွားသော ရင်အုံသည် ဇာဘော်လီပုံကျကျကို ဝတ်လိုက်တော့မှ မို့မို့မောက်မောက်နှင့် ပုံပေါ်လာတော့၏။
ပျော့သော ပိုးတွန့်လုံချည်သည် သူ၏ ရှည်လျားနုထွားသော ပေါင်တံပေါ်တွင် အိအိစက်စက် ဖြစ်နေပေသည်။ ရုတ်တရက် မတွေ့ဘူးသော အတွေ့ထူးကို စောနုသည် လုံချည်ကို ပွတ်သပ်၍ နေပေသည်။
အမှန်တော့ စောနုသည် ပေါင်တံသွယ်သွယ် တင်မို့မို့နှင့် ချောမောကြော့ရှင်းသူ ဖြစ်၏။ တကယ် ရခိုင်သူ ချောပြီဆိုတော့ ရှုမော၍ မကုန်နိုင်အောင် တင့်လှပေသည်။ သို့သော် စောနုသည် ကပျစ်ကညစ် နေခဲ့ရလွန်း၍ သူလှမှန်း ဘယ်သူမှ မသိပါပေ။
သူ့နှာတံသည် ကုလားဆန်၍ မျက်လုံးကလည်း ဝန်းဝိုင်းပေသည်။ မျက်တောင်ကော့၏ ဝန်းကျင်သည် ရေးရေးလေး ညိုနေသောအခါ သူ့မျက်လုံးများသည် ညှို့ဓာတ်အားကြီးနေသလို ရွှန်းရွှန်းစို၍ နေပေသည်။
ယခုလို ပေါင်ဒါနှင့် သနပ်ခါးနှင့် သလိုက်တော့မှ အသားဝင်းဝင်းကလည်း လင်း၍လာပေသည်။
လက်ဝါးနှစ်ဖက်မှာ ကြမ်း၍ လက်သည်းရှည်ထဲတွင် ချေးဝင်နေသောကြောင့် စောနုသည် နည်းနည်း စိတ်ညစ်၍ သွားပေသည်။
သို့သော် သူသည် လက်သည်းထဲမှ ချေးများကို ဆံညှပ်ငယ်နှင့် ကလော်၍ ထုတ်ပစ်လိုက်၏။
"ကဲ လာဟေ့ စောနု သွားစို့"
အရီးခေါ်တော့မှ သူသည် အပြင်သွားရန် သတိရတော့၏။ အရီးသည် အပြင်သွားလျှင် ဟေးလ်မင်းကားသစ်ကို စီး၍ သွားလေ့ရှိသည်။ ကားလေး၏ အိသော ထိုင်ခုံ၊ ပိုးတွန့်၏ ပျော့နုနု အတွေ့၊ စောနုသည် ရင်ထဲတွင် တစ်မျိုးကြီး ဖြစ်နေတော့သည်။
မိုးချုပ်စ ပြုလာပြီဖြစ်၍ လမ်းမီးများ လင်းနေပေသည်။ မိုးမှာ ခပ်သဲသဲ ရွာနေ၍ လမ်းသွားလမ်းလာတို့ မရှိသလောက် ပါး၍ နေလေသည်။
ကားဝင်ဆိုက်သော အိမ်ကို စောနု တစ်ခါမှ မရောက်ဖူးပေ။ ဝင်းကြီး တစ်ခုလုံးသည် တိတ်ဆိတ်၍ မှောင်မည်းလှ၏။ အိမ်ထဲတွင်မူ မီးရောင် နည်းနည်းလင်းနေသည်ကို မြင်နေရပေသည်။ ဆင်ဝင်အောက်၌ ကားထိုးရပ်လိုက်လျှင် ဆင်ဝင်မီးသည် ပွင့်၍ သွားသည်။ ကုလားတစ်ယောက်က လာရောက်၍ သံဆွဲတံခါးကို ဖွင့်လိုက်လေသည်။
အရီးဇံ အရှေ့မှ ဆင်းသော် စောနုသည်လည်း နောက်မှ ဆင်းလိုက်သည်။ သူတို့သည် သံဆွဲတံခါး၏ အထဲသို့ ရောက်လျှင် အရီးဇံသည် အပေါ်ကို မော့ကြည့်ရင်း စောနုကို ပြောလိုက်၏။
"ကဲ ဒီဟာ ငါ့ညီမ အိမ်ပဲ ခဏ နေရစ်ခဲ့ဦး။ ငါအခုပဲ ပြန်လာမယ်နော်"
စောနု တစ်စုံတစ်ရာ မပြောခင် အရီးဇံသည် သံတံခါးမှ ထွက်၍ ကားပေါ် တက်သွားတော့သည်။ ကားနက်ကလေးသည် ဆင်ဝင်အောက်မှ ထွက်၍ သွားသောအခါ ဆင်ဝင်မီးပိတ်၍ တဝင်းလုံး ကြောက်စရာကောင်းအောင် မှောင်၍ သွားတော့သည်။ ကုလားသည် သံဆွဲတံခါးကို ပိတ်လိုက်လျှင် စောနုသည် သံတံခါးကိုင်၍ ငေးနေမိသည်။ သူ ဘာလုပ်ရမှန်း မသိ။ အိမ်ရှင်တို့ကလည်း ဆင်းမလာပေ။ ကုလားလေးက သူ့ကို အပေါ်တက်ရန် ပြော၍ သူရပ်နေသော နေရာမှ မီးကို ပိတ်လိုက်၏။
သူသည် လှေကားဝသို့ ကမန်းကတန်း သွားကာ ရပ်နေမိသည်။ လှေကားထိပ်တွင်မူ မီးများ လင်းလျက် ရှိပေသည်။ စောနုသည် လှေကားထိပ်ကို မော့ကြည့်လိုက်၏။
"ဟာ စောနုပါလားဟေ့။ အပေါ်တက်လေ"
လှေကားထိပ်တွင် တစ်နေ့က အိမ်ကို လာလည်သော ဖြူဖြူမြင့်မြင့် လူချောကြီး ရပ်နေပေသည်။ စောနု နာမည်ကို ဘယ်တုန်းကများ သိနေပါလိမ့်။ စောနုသည် လှေကားပေါ်သို့ တစ်လှမ်းခြင်း ဖြည်းဆေးစွာ တက်၍ သွား၏။
သူတစ်လှမ်းခြင်း တက်သွားတိုင်း လှေကားထိပ်မှ ပုဂ္ဂိုလ်ကြီးက ? တောင့်တောင့်ကြီး ရပ်နေမိသောအခါ လှေကားပေါ်ရှိ မီးသည် လုံးဝ ငြိမ်းသွားပြန်သည်။
ပုဂ္ဂိုလ်ကြီးသည် နံရံတွင် ကပ်ထားသော မီးပွင့်အောက်၌ မတ်တတ်ရပ်၍ နေပေသည်။ သူ့မျက်နှာသည် နီ၍ စိုဝင်းနေသလို ဖြစ်နေပေသည်။ ပူဖောင်းဖောင်း မျက်နှာကြီးက ပြုံး၍နေသော်လည်း မျက်လုံးများက အလျှံတပြောင်ပြောင် တောက်နေသည်ဟု စောနုက ထင်နေပေသည်။
"ထိုင်ဦးလေ စောနု"
ပုဂ္ဂိုလ်ကြီး အသံက လေးတွဲ့တွဲ့ ဖြစ်နေ၏။ စောနုသည် ဘာလုပ်ရမှန်း မသိ။ ဘာတွေ ဖြစ်နေ၍ ရှေ့ဆက်ကာ ဘာဇာတ်လမ်း ခင်းရမည်ကိုလည်း သူမတွေးတတ်ပေ။
အကယ်၍ တွေးတတ်လျှင်လည်း ကုလားထိုင် ရှိရာသို့ တိုး၍ သွားမည် မဟုတ်ပါပေ။ သူ ကုလားထိုင်ပေါ် ထိုင်လျှင်ထိုင်ခြင်း ဖျတ်ခနဲ အဖြူရောင် မီးလုံးသည် ငြိမ်း၍သွားကာ အပြာရောင် မီးလုံးတစ်ခုသာ မှိန်မှိန် ကျန်ရစ်တော့သည်။
"ဟင်" စောနုသည် ဗြုန်းခနဲ ထလိုက်လျှင် ပုဂ္ဂိုလ်ကြီးက "ကျား"တို့၏ လျင်မြန်ခြင်းနှင့် စောနု အနားသို့ ဖျတ်ခနဲ ရောက်လာ၏။
အပြင်တွင် မိုးများက သည်းထန်စွာ ရွာကျလာလေသည်။ စောနုသည် မော၍ နေပေသည်။
ပိုးတွန့်လုံချည် ကားကူရှင် အတွေ့တို့ထက် ပုဂ္ဂိုလ်ကြီး အတွေ့က ပို၍ စိတ်လှုပ်ရှား ချောက်ချားစရာ ကောင်းပါကလား။
ယခုတော့မူ စောနုသည် အားလုံးအကြောင်းတို့ကို ရိပ်မိတော့သည်။
ထိုည တစ်ညလုံး သူသည် ထို့ပုဂ္ဂိုလ်ကြီးနှင့်အတူ အိပ်နေတော့သည်။ မိုးများကလည်း သဲသဲမဲမဲ ရွာချ၍ နေပေသည်။
နောက်နေ့ မိုးမလင်းတလင်းတွင် အရီးဇံအိမ်မှ ဂျစ်ကားလေး ရောက်လာကာ သူ့ကို လာခေါ်၏။ သူ ဒီအိမ်တွင် ညက အိပ်ကြောင်း ဒရိုင်ဘာ ကိုသာအောင် သိသည်ကို စောနု ရှက်နေသည်။ ဒရိုင်ဘာကတော့ လုပ်ရိုးလုပ်စဉ် လုပ်နေရသလို ဘာမှ ထူးခြားပုံ မရပေ။
စောနုသည် ကားပေါ်မှာ ထိုင်ရင်း ကတုန်ကယင် ဖြစ်နေတော့သည်။ ညက မွေ့ရာ၏ အတွေ့ကို တွေးရင်း ကျောစိမ့်လာ၏။ အိပ်ရာပေါ်တွင် အရက်နံ့လှိုင်နေသော ပါးစပ်ကြီးကို ဟကာ အိပ်၍ ကျန်ရစ်သော ပုဂ္ဂိုလ်ကြီး မျက်နှာကို တွေးမိသောအခါ ကြက်သီးထ၍ ရွံသွားတော့သည်။
"ဒါ ဘယ်သူ့အိမ်လည်း ကိုသာအောင်"
စောနုသည် ကားပေါ်တွင် ငြိမ်သက်စွာ လိုက်ပါလာရာမှ မရဲတရဲ မေးလိုက်၏။
"ဟို အရာရှိကြီး အိမ်။ နင်ကလည်း အလိုက်တာ ကိုယ်အိပ်လာပြီး ဘယ်သူ့ အိမ်မှန်း မသိဘူးလား"
စောနုသည် သာအောင် ဆူသည်ကို အံကြိတ်ရင်း နားထောင်၍ နေပေသည်။
အိမ်ရောက်လျှင် အရီးဇံက ဘယ်သူ့မှ မပြောရ၊ ပြောလျှင် ဆန်တစ်အိတ်ကိုလည်း သိမ်းမည်။ အလုပ်လည်း ဖြုတ်မည်ဟု ဆို၏။ ယနေ့အဖို့တော့ အလုပ် မဆင်းပဲ အိမ်ပြန်အိပ်ရန် ပြော၍ သူ့ကို ဂျစ်ကားနှင့် ပြန်ပို့လိုက်သည်။
အိမ်တွင် အားလုံး သေသေသပ်သပ် ဖြစ်နေ၏။ အဖလည်း ညက ထမင်းစားကောင်းသည်ဟု ဆိုသည်။ သူ့ကို ညီမလေးတွေရော စံသာပါ ဝမ်းသာအားရ ကြိုဆိုသည်။
သူသည် ပြန်၍ ပြုံးလို့ပင် မရ၊ တဲပေါ်ကို ကသုတ်ကရက် ပြေးတက်လိုက်၏။ သူ၏ နောက်ခန်းလေးသို့ ဝင်ကာ ညာ ဝတ်လာသော ပိုးတွန့်ထဘီကို ချွတ်ပစ်လိုက်သည်။
ထဘီချွတ်လိုက်သော်လည်း စိတ်က ကျွတ်လွတ်၍ မသွားပါကလား။
အဖကို ဖွင့်ပြောရ ကောင်းမလား၊ ခုနေ အမိရှိလျှင် ပြောပြတိုင်ပင်မိမည် ဖြစ်သည်။ သူသည် ဖျာပေါ်တွင် ပစ်လဲလိုက်၏။ အဖသည် မနေ့ကတည်းက စိတ်ချမ်းသာသည့် အရှိန်နှင့် ဆက်၍ စိတ်ချမ်းသာပါစေတော့။ သူဘာမှ မပြောလိုတော့ပေ။
ခေါင်းအုံးကို ဆွဲယူ၍ မျက်နှာ အပ်လိုက်ကာ စောနုသည် ကြူကြူပါအောင် ငိုမိပေသည်။
ဤမျက်ရည်တို့သည် ရေပြင်အဖြစ်သို့ ပြောင်းလဲသွား၏။ စောသာဖြူ၏ ဆန်နှင့် စပါးတို့သည် ဤရေပြင်ပေါ်မှ ဖြတ်သန်းကာ ပါကစ္စတန်သို့ ရောက်ရှိသွားသည်ကိုမူ မည်သူမှ မသိလိုက်ကြပေ။
နောက်နေ့တွင် ဆန်ဈေးသည် တစ်ဟုန်ထိုး တက်သွားပြန်သည်။
"အမလေး ဆန်ဈေးတက်တုန်း ဒို့များ ဝယ်မစားရတာ ဘုရားကျေးဇူးပဲဟေ့။ ကျေးဇူးရှင်ကြီးများ စိတ်ချမ်းသာပါစေ"
အဖသည် ဆုတောင်းလိုက်ရသည့် ဖြစ်ခြင်း။ စောနုကတော့ အိမ်တွင် ကြာကြာမနေချင်ပေ။ မိုးလင်းလင်းခြင်း ဆိုသလို အလုပ်ဆင်း၏။ အရီးက တစ်ခါတလေ စောစောပြန်ခိုင်းလျှင် သူသည် စစ်တွေ လမ်းများပေါ်သို့ ငေးမောကာ လျှောက်၍ နေတတ်ပေသည်။ ဦးစောသာဖြူရော အရီးကပါ သူ့ကို အလွန်အကျွံ မခိုင်းပေ။ ယခင်ကထက် အလို ပိုလိုက်သည်။
နေ့လယ်ဘက် နေ့တစ်ဝက်နှင့် ပြန်ခိုင်းသောအခါတွင်မူ သူသည် လမ်းကို တမောတပန်းကြီး လျှောက်၍ပစ်၏။ မောလာလျှင် စိတ်သက်သာသလို ဖြစ်ရပါ၏။ ငြိမ်သက်၍ တွေနေလျှင် ငိုချင်သည်။ ငိုရသော ဝေဒနာကို မခံစားလိုပေ။
သူသည် ကမ်းနားကို လျှောက်ရင်းလျှောက်ရင်း စစ်တွေမြို့၏ အငူစွန်းသို့ ရောက်၍လာသည်။ မိုးတွင်းဖြစ်သော်လည်း ယနေ့ နေ့လယ်တွင် မိုးသက်မရှိ၍ ရာသီဥတုမှာ ကြည်လင်ပေသည်။ လှိုင်းသံသည် ရယ်မောသံလို သာလှပေသည်။ လေညင်းကလည်း တသုန်သုန် တိုက်ခတ်၍ နေပေသည်။ ခုံတန်းလေးများနှင့် လူထိုင်ရန် သပ်သပ်ရပ်ရပ် လုပ်ထားသော နေရာသို့ စောနု မသွားပေ။ နေ့လယ်ကြီး ဖြစ်နေ၍ ဤနေရာတွင်လည်း ဘယ်သူမှ မရှိပေ။
သူသည် ကမ်းစပ်သို့ သွားလိုက်၏။ ကျောက်ကမ်းပါး မည်းမည်းကြီးများသည် ရေစပ်တွင် ပေါ်နေပေသည်။ ကျောက်တုံးကြီးများကို မှီကာ ပင်လယ်ဆီသို့ ငေးနေမိသည်။ အဆုံးမရှိသည်ကို မြင်သောအခါ အားငယ်လာ၏။ အားငယ်လာလွန်း၍ တရှုံ့ရှုံ့ ငိုနေမိပြန်လေသည်။
"ဟင် မင်းဘာလုပ် ငိုနေသလဲ"
လူငယ်တစ်ယောက်သည် သူ့အနားတွင် ရပ်ကာ သူ့ကို မေးနေ၏။ သူသည် လူငယ်ကို လှည့်ကြည့်လိုက်၏။ သူ့မျက်လုံးမှ မျက်ရည်စများကိုမူ မသုတ်မိပေ။
ဤလူငယ်သည် ပုဂ္ဂိုလ်ကြီးလို အဆီစားလိုသူပဲလား။ သံသယကြီးစွာနှင့် ကြည့်ရင်း ပြီးတော့ ကြောက်လာ၏။ ဤရပ် ဤနေရာမှ အမြန် ဆုတ်ခွာသွားရန် ပြင်လိုက်၏။
"မပြေးပါနဲ့ကွယ်။ အကောင်းမေးတာပါ။ မပြောချင်လည်း နေပါ။ မင်း ငိုနေတာတွေ့လို့ ကိုယ်က ရေထဲ ဆင်းသေမှာစိုးလို့ မေးတာပါ"
သူသည် ရပ်တန့်နေရင်းမှ သက်ပြင်းချလိုက်၏။ သူငယ်မှာ ရှပ်အင်္ကျီအဖြူ ခပ်နွမ်းနွမ်းလေးနှင့် ကာကီရောင်ဘောင်းဘီ ဝတ်ထားလေသည်။ ဒေါက်ကောင်း၍ မျက်နှာကျ လှသော်လည်း အသားက ညိုလွန်းလှပေသည်။
"ပြန်တာ့မယ်"
"ပြန်ရင် လိုက်ပို့ရမလား"
"ကျွန်မဘာသာ ပြန်တတ်ပါတယ်"
လူငယ်သည် သူ့နောက်မှ လိုက်လာကာ လမ်းမပေါ်အထိ လိုက်၍ပို့၏။
တစ်ပတ်တစ်ခါ ဆိုသလို စောစောပြန်ရလျှင် ထိုအငူအစွန်းသို့ အမြဲရောက်၏။ ရောက်သည့်အခါတိုင်း လူငယ်နှင့် အမြဲတွေ့၏။ လူငယ်၏ နာမည်က ရဲဘော်ဝင်းမောင်ဟု ဆိုသည်။ စစ်တပ်မှ အားလပ်ချိန်နှင့် စောနု အားလပ်ချိန် ကြုံတိုင်း သူတို့နှစ်ဦး တွေ့ဆုံကြလေသည်။
ဝင်းမောင်နှင့် တွေ့ရချိန်များတွင် စောနုသည် စိတ်သက်သာရာ ရ၏။ ပျော်သလိုလို ကြည်နူးသလိုလိုနှင့် သူ့ဘဝကို မေ့စေသည်။ ကျောက်တန်းကြီးများကို မှီ၍ လည်းကောင်း၊ သဲပြင်လေးများပေါ်တွင် ထိုင်၍ လည်းကောင်း၊ သူတို့ စကားအရှည်ကြီး ပြောကြ၏။ ပြီးလျှင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဟက်ဟက်ပက်ပက် ရယ်မောကြပြန်သည်။ ဝင်းမောင်က စောနု၏ ကော့ဝန်းသော မျက်တောင် ဝိုင်းသော မျက်လုံးတို့ကို ပိုမို မက်မော၏။ ရခိုင်၏ "တန်ဆောင်" ဟု ချစ်သူကို ထင်မြင်လာပေသည်။ သို့သော် ရှင်တေဇောသာရ ကဲ့သို့ ရခိုင်သူ၏ အလှကို ထိုရဲဘော်က ကဗျာမဖွဲ့တတ်ပါပေ။
စစ်တွေ၏ လူကုံထံများနှင့် အရာရှိကြီးများ လာရောက် အပန်းဖြေသော ညနေချိန်တွင်မူ သူတို့ နှစ်ဦးအား ဘယ်သူမှ မတွေ့ပေ။
* * *
စောနုသည် ပါးပေါ်သို့ ပေါင်ဒါဖို့လိုက်တိုင်း ပေါင်ဒါများသည် ကွက်၍ ကွက်၍ သွားသည်။ မျက်ရည်သည် ပေါင်ဒါနှင့် လိမ်းကပ်၍ ပါးပြင်တွင် ကွက်သွားကြခြင်း ဖြစ်၏။ မဆည်နိုင်သော မျက်ရည်ကြားမှ သူ့မျက်နှာ မို့မို့ကို မှန်ထဲတွင် ဝိုးတဝါး မြင်နေရသည်။
သူသည် အံကြိတ်၍ ငိုလိုက်၏။ မျက်ရည်များကို သုတ်ပစ်လိုက်ပြန်၏။ ကွက်နေသော ပေါင်ဒါတို့ကို ပြန်၍ ညှိလိုက်၏။
ယခင်ညတုန်းက ပုဂ္ဂိုလ်ကြီးနှင့်အတူ အိပ်ခဲ့ရသည်ကို ဝမ်းနည်းခဲ့သော်လည်း ယခုလောက် စိတ်ထဲတွင် မထိခိုက်ပေ။
ယခု ဝင်းမောင်နှင့် တွေ့ပြီး ပုဂ္ဂိုလ်ကြီးထံ သွားရမည်ကို သူ့ခြေထောက် တွန့်နေပေသည်။ ဘဝက မသွားလျှင် မဖြစ်တော့သည့် အခြေဟု သူ့ကိုယ်သူ တွေးမိသောအခါ ရင်ထဲတွင် ဆို့လာ၏။ မျက်ရည်တို့က သွန်၍ သွန်၍ ကျလာရပြန်သည်။
"မြန်မြန်လုပ် စောနုရေ ညည်းကို သာအောင် လိုက်ပို့လိမ့်မယ်။ ပြီးတော့ မနက်စောစော ပြန်လာခဲ့။ ငါတို့နှင့်အတူ ညည်း ဘူးသီးတောင်ကို လိုက်ရလိမ့်မယ်"
ထူးမှ မထူးတော့ပဲနှင့် ငိုနေ၍လည်း ဤအဖြစ်က လွတ်တေည့မည် မဟုတ်ပေ။ ကမန်းကတန်း သူ့ကိုယ်ကို ပြင်ဆင်၍ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့သည်။
သာအောင် ဂျစ်ကားပေါ်တွင် ထိုင်၍ သူ့ကို စောင့်နေ၏။ ညနေမှောင်တရီ ဖြစ်၍ ဘာကိုမှ သဲကွဲစွာ မမြင်ရပေ။
သူကားပေါ်ရောက်လျှင် သာအောင်သည် ကားကို ဖြည်းညင်းစွာ မောင်း၍သွား၏။ စောျနု၏ သက်မချသော အသံသည် စက်သံကြားထဲမှ တစ်ခါတစ်ခါ ပေါ်၍ လာသည်။
"ဘာလို့ ငါ ခဏခဏ သွားရတာလဲ သာအောင် ရယ်"
သူသည် စိတ်ပျက်စွာနှင့် မေးလိုက်၏။
"နင်က ချောတာကိုး၊ ချောတဲ့ မိန်းမများ တယ်ပြီး မာနကြီးတယ်နော်။ ဒါပေမယ့် ပုဂ္ဂိုလ်ကြီးတွေနဲ့ကျတော့ သူတို့ဟာ ခြေတော်တင် ခံရတာပါပဲ"
သာအောင့် စကားက ခနဲ့တဲ့တဲ့ ရိသဲ့သဲ့ ဖြစ်၏။ စောနုသည် ထောင်းခနဲ ဒေါသ ထွက်သွားသော်လည်း သူသည် ရုတ်တရက် ပြန်၍ ရန်မတွေ့တတ်ပေ။
"အဲဒီ ပုဂ္ဂိုလ်ကြီးဆီ ငါ့ကိုဘာလို့ ခဏခဏ လွှတ်ရတာလည်းလို့ မေးတာ။ ဒီလူကြီးက အရီးရွှေဇံတို့ကို ဘာလုပ်ပေးလို့လဲ"
"ဒီလူကြီး ဆီမှာ နင့်ကို လာဘ်ထိုးတာပေါ့။ ဒီတော့ ဒီလူကြီးက အရီးရွှေဇံတို့ ပါကစ္စတန်ကို ခိုးထုတ်ရောင်းတဲ့ စပါးတွေကို မဖမ်းဘူးပေါ့ဟ။ ဒီနည်းနဲ့ အရီးတို့ သူဌေး ဖြစ်လာတာပေါ့"
"ဟင်"
"မဟင်နဲ့လေ။ သူများကိုလည်း ဖွင့်မပြောနဲ့နော်။ ဒီမှာ အောက်ပိုင်းက အာဏာနည်းနည်းရှိတဲ့ လူတွေကို အရီးရွှေဇံတို့က ငွေနဲ့ ဝယ်ထားတာချည်းပဲ။ င်က နငိ့ကို ချစ်လို့ ပြောပြတာ"
"ဘာပြောတယ်"
စောနုသည် ဆတ်ဆတ်တုန်လာ၏။ ပြီးတော့ ငိုမိပြန်သည်။ သူသည် ကတုန်ကယင်နှင့် သာအောင်ကို ရန်တွေ့နေပြန်၏။
"နင့်ကို ငါ မချစ်နိုင်ဘူး။ နင်တို့တွေ ဘယ်သူမှ မကောင်းပါဘူးဟယ်။ ငါလည်း မကောင်းပါဘူး။ ဆန်ဈေးတက်လို့ ငါ အလုပ် လုပ်ရတာပါ။ အလုပ်လုပ်လို့ ဒီဘဝ ရောက်ရတာ။ ငါ ဒီလို လုပ်လို့ စစ်တွေက စပါးတွေ တခြားရောက်ပြီး ဆန်ဈေး တက်ပြန်ရော။ ငါ့ဟာ ငါလုပ် ငါ့ဟာ ငါဖြစ်"
ဗလုံးဗထွေးနှင့် တွတ်တွတ် တွတ်တွတ်ပြောရင်း သူသည် ငိုမိပြန်သည်။
"မငိုပါနဲ့ဟယ်။ တော်ကြာ ဟိုမင်းဘုရားကြီးက စိတ်တော် ညိုနေဦးမယ်။ နင်ဘယ်လိုပဲ ငါ့ကို ချစ်ချစ်၊ မချစ်ချစ် ငါ့လက်ထဲ ရောက်မှာပါပဲ"
စောနုသည် မျက်နှာကို လက်ကိုင်ပဝါနှင့် တို့ရင်း ချစ်သူဝင်းမောင် မျက်နှာမှာ မျက်လုံးထဲတွင် ပေါ်လာပြန်သည်။ သာအောင်၏ ကားသည် ပုဂ္ဂိုလ်ကြီး၏ ဆင်ဝင်အောက်သို့ ထိုးရပ်လိုက်၏။ စောနုသည် မထူးတော့သော လုပ်နေကျ အလုပ်တစ်ခုကို မတုန်မလှုပ်နှင့် လှေကားကြီးပေါ်သို့ တက်၍သွား၏။
ယခုအခါတွင် မြတ်နိုးသူ ပေါ်လာပြီ ဖြစ်၍ အချစ်၏ တန်ဖိုး၊ ခန္ဓာကိုယ်၏ တန်ဖိုးကို ပိုမို နားလည်လာသောကြောင့် စောနုသည် ပိုမို၍ ဆွေးမိ၏။ အသည်းနှလုံးများက ဖျစ်ဖျစ်မြည်မတတ် ပြိုကွဲသလို ဝေဒနာကို ခံစားရပါ၏။ ပုဂ္ဂိုလ်ကြီးကမူ စောနု၏ အသည်းနှလုံးများ ချစ်မေတ္တာကြောင်းများကို ယောင်၍မျှပင် မတွေးမိပေ။
နံနက်တွင် အဆီရွှဲရွှဲ ပြန်နေသော မျက်နှာကြီးသည် ပါးစပ်ကို အမြဲဟကာ အိပ်၍ ကျန်ရစ်မြဲ ကျန်ရစ်ခဲ့ပေ၏။
* * *
ဘူးသီးတောင်သို့ ထွက်လာသော သင်္ဘောပေါ်တွင် စောနုသည် ငို၍ နေသည်။ ညဉ့်က အာရုံသည် ခေါင်းထဲတွင် မရှိပေ။ ဝင်းမောင် တစ်ယောက်များ စစ်တွေအငူစွန်းတွင် ယနေ့နေ့လယ် သူ့ကိုများ စောင့်နေမည်လား။ သူ့ကိုများ မတွေ့လျှင် ဝင်းမောင်တစ်ယောက်တည်း ပျင်း၍များ နေသလား။ သူသည် လွမ်း၍ လာ၏။ စစ်တွေမြို့ကလည်း ဝေး၍ ဝေး၍ သွားကာ သူ့မျက်လုံးထဲတွင် ပျပျလေး မြင်နေရတော့သည်။
မြစ်ငယ်မြစ်ပေါ်ကို ဖြတ်၍ ပြေးလိုက်ရ ကောင်းမလား။ တစ်ယောက်တည်း စောင့်နေမည့် ချစ်သူကို ပြေး၍ ပြောလိုက်ချင်သည်။ ချစ်လာပြီဆိုတော့ စိတ်ကူးတို့သည်လည်း ယဉ်ကျေးနုနယ် လာကြ၏။ ဘူးသီးတောင် အပြန်မှပင် ချစ်သူကို တွေ့ရတော့မည်ဟု စိတ်တင်းလိုက်၏။ သောင်ပြင်ပေါ်တွင် ချစ်သူအပါးဝယ် ထိုင်ကာ သူ့ဘဝကို ပြောပြမည်။ ချစ်သူက ကျေနပ်လျှင် သူတို့ လက်ထပ်မည်။ ဤမျှ စက်ဆုပ်ဖွယ်ကောင်းသော ဘဝသို့ ဘယ်တော့မှ ပြန်မလာတော့ဟု စောနုက တွေး၏။
သူ့အသည်းနှလုံးများသည် ချစ်သူကို မညာချင်ပေ။ သို့သော် သူ့ဘဝ၏ နွမ်းပုံ၊ မသန့်တော့ပုံကို ချစ်သူကများ သိ၍သွားလျှင် ချစ်သူ၏ နှလုံးသားတို့သည် ဘယ်လိုများ ဖြစ်၍ သွားရှာမည်လဲ။ စောနု၏ မျက်ရည်ပေါက်များသည် သွန်ကျ၍ လာပြန်တော့သည်။
"မငိုပါရစေနဲ့တော့ ဘုရား။ မငိုပါရစေနဲ့တော့"
စောနုသည် ဘုရားကိုလည်း ငိုကြွေးရခြင်း ဆင်းရဲကို မခံစားရအောင် ဆုတောင်းမိပြန်သည်။
* * *
ဘူးသီးတောင်ကို ညနေတွင် ဆိုက်ရောက်ခဲ့လေသည်။ အရီးရွှေဖံတို့ လူစုသည် ဧည့်သည်များ ပါလာ၍ တပျော်တပါးကြီး ဖြစ်နေလေသည်။ အရီးဇံ၏ မောင်များ အိမ်တွင် တည်းခိုကြသည်။
စောနုသည် တည်းခိုအိမ် ရောက်ရောက်ခြင်း ထိုး၍ အန်၏။ အိမ်သားများကတော့ သင်္ဘောမူးသည်ဟု ဆိုပေလိမ့်မည်။ စောနုသည် ထမင်းမစား အိပ်ရာထဲတွင် ခွေနေလေသည်။ ရင်ထဲက အစာကို မဆာပေ။ တွေး၍သာ နေချင်ပေသည်။
"ကလေးမ"
အရီးရွှေဖံသည် သူ့အနား ရောက်လာလေသည်။
"ညည်း ကလေးရှိလားမှ မသိပဲ"
"ဘာ ဘယ်လို"
စောနု၏ အသားများသည် ဆတ်ဆတ်တုန်၍ လာလေသည်။
"ကလေး ရှိချင်လည်း ရှိမယ်။ ညည်းက ကျန်းမာလို့ အစားမပျက်တာပဲ။ ဘယ်သူ့မှ မပြောနဲ့နော်။ ငါ သာအောင်နဲ့ ညည်းကို ပေးစားမယ်"
အရီးရွှေဇံသည် ပေါ့ပေါ့လေးပင် ပြောကာ သူ့အနားမှ ထွက်သွားတော့သည်။
ဘုရား ... ဘုရား စောနု၏ မျက်လုံးများသည် ပြာ၍ ဝေလာ၏။ ယခင့် ယခင်က ဒီလိုပင် ဖြစ်ခဲ့သော အလားအလာ ရှိ၍ သာအောင်သည် "ငါ့လက်ထဲ နင်ရောက်မှာ" ဟု မလွဲတမ်း ပြောရဲသည်ကို သူ သဘောပေါက်၍ လာပေသည်။
* * *
နောက်တစ်နေ့တွင် အရီးရွှေဇံတို့သည် စိုင်းဒန်း (ခေါ်) စိုင်တင် ရေတံခွန်ကြီး ရှိရာသို့ ပျော်ပွဲစား ထွက်လာကြသည်။ ဘူးသီးတောင်မှ ရေတံခွန်သို့ မော်တော်လေးနှင့် (၃)နာရီလောက် လာကြရသည်။ မြစ်ကြောင်းမှာ မကျယ်လှပေ။ ဝင်္ကပါတောင် ခရီးကဲ့သို့ ကွေ့ကာ ဝိုက်ကာ သွားကြရ၏။ ထိုမြစ်ငယ်မှာ စိုင်တင် ရေတံခွန်ကြီးမှ စတင်စီးလာခြင်းပင် ဖြစ်ပေသည်။ မော်တော်လေးသည် တောင်ကမ်းပါးယံ၏ ခြေရင်းတွင် ဆိုက်ကပ်လိုက်၏။ ရေတံခွန်ရှိရာသို့ တောင်ကမ်းပါး၏ ဘေးမှ ခြေသွားလမ်းလေးအတိုင်း သွားကြရသည်။
စိုင်တင် ရေတံခွန်သည် တောင်ကမ်းပါး၏ ဘေးတွင် တဝေါဝေါ သွန်ကျနေပေသည်။ ကျောက်တောင် ကမ်းပါးနှင့် ရေတံခွန်ကြားရှိ မြေပြန့်တွင် အမေရိကန်တို့ ဆောက်လုပ်ထားခဲ့သော တဲငယ်လေးများ ကျန်ရစ်ခဲ့ပေသည်။
ဧည့်သည်များ အားလုံးသည် တဲများပေါ်တွင် နားနေမည် ဖြစ်၍ စောနုသည် ပစ္စည်းများ အားလုံးကို တဲရှိရာသို့ ခေါက်တုံ့ခေါက်ပြန် သာ်ယူကာ နေလေသည်။ ဧည့်သည်များကတော့ အဝတ်အစားများ လဲကာ ရေတံခွန် ရှိရာသို့ ပြေး၍ ဆင်းသွားကြ၏။ ကျောက်တုံး ကျောက်ဖျာများ ကြားထဲရှိ ရေများကို တချို့က ခပ်ယူချိုးကြသည်။ သတ္တိရှိသူတို့က တဝေါဝေါ သွန်နေကြသော ရေတံခွန် အနားသို့ တိုးကပ်၍ သွားကြသည်။ တိတိရိရိ ညီနေသော ပေ(၅၀)လောက် ကျယ်သည့် ကျောက်ခုံမြင့် အပေါ်မှ အားသွန်စီးဆင်းလာသော ရေတံခွန်ကြီးသည် ဖွေးဖွေးဖြူ၍ နေပေသည်။ ရေမှုန်များ ရေခိုးများမှာလည်း ကျောက်ဖျာအစွန်းတွင် မှိုင်းမှုန်၍ နေပေသည်။
ပတ်ဝန်းကျင်ကမူ စိမ်းစိုသော တောကြီးဖြစ်၍ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ စိုင်တင် ရေတံခွန်ကြီးသည်သာ တောကြီး၏ အလယ်တွင် မင်းမူနေသလို တဝုန်းဝုန်း မြည်နေပေသည်။ သွန်ကျလာသော ရေရှိန်ပြန့်ကျယ်ကြီးသည် ပန်းဖြူဆုပ်များလို ဖွားရရားကြဲ၍ ကျလာတတ်သည်။
စောနုသည် ဧည့်သည်များ ရေချိုးအပြီးတွင် ထမင်းစားရန် အဆင်သင့် ခူးခပ်ပြင်ဆင် နေရပေသည်။ ရေချိုးသူများ အားလုံး တဲပေါ်ရောက်လာမှ သူသည် ရေတံခွန် ရှိရာသို့ တစ်ယောက်တည်း ရေသွားချိုး၏။
စိုင်တင် ရေတံခွန်ကြီးသည် လှပ၍ ပြန့်ကျယ်သည့် ကျောက်ခုံမြင့်ပေါ်မှ သူတို့ ရေချိုးရာ ကျောက်ဖျာပေါ်သို့ စီးသွန်ကျလာပြီး ထောင်ချောက်ထဲသို့ စီးဆင်းသွားပေသည်။ ကျောက်ငူစွန်းမှ ငုံ့ကြည့်လျှင် အောက်ထောင်ချောက်ထဲရှိ ရေစီးထဲ၌ ဝဲလည်လှည့်နေသေသာ သစ်တိုသစ်စ ဝါးလုံးများကို မြင်နေရပေသည်။
"ဒီကပြန်လျှင် သာအောင်ကို ယူရမည်။ မယူလျှင်လည်း ဝင်းမောင်ကို ယူရမည်။ ပုဂ္ဂိုလ်ကြီး၏ ကလေးကို ဗိုက်ထဲထာကာ ချစ်သူကို ဘယ်လိုလုပ်၍ ယူရပါမည်နည်း" သူ့အတွေးများသည် တောင်စောက်ထဲရှိ ဝါးလုံးတို့ကဲ့သို့ ပတ်လည်လည်၍ နေပေသည်။
သူသည် ချစ်သူကို လိမ်ကောက်ရဲလောက်အောင် မယုတ်မာရဲသေးပေ။ သတ္တိ မရှိသေးပေ။
သူသည် ရေတံခွန် သွန်၍ ကျလာရာ အောက်ခံ ကျောက်ဖျာနားသို့ ကပ်၍ သွားပြန်သည်။ အကယ်၍ ချစ်သူဝင်းမောင်နှင့်သာ အတူလာခဲ့ပါမူ စိုင်တင် ရေတံခွန်ကြီးသည် ပျော်မွေ့ကြည်နူးစရာကြီး ဖြစ်ခဲ့ပေလိမ့်မည်။
ယခုတော့ ဘီလူးကြီး အော်နေသလို ကြောက်စရာကောင်းသည်ဟု စောနုက ထင်ပေသည်။ ပြန်သွားလျှင် သာအောင်ကို ယူမည်ထားဦး ပုဂ္ဂိုလ်ကြီးနှင့်ကတော့ ဆက်နေရဦးမည်။ ဒီမှာဘက်တွင် သူ့ပုဂ္ဂိုလ်ကြီးကို ခစားနေရသည်နှင့်အမျှ ဟိုမှာဘက်တွင် အဖတို့လို လူစားတွေက ဆန်ဈေးကြီးပေး၍ ဝယ်စားရပေဦးမည်။
တကယ်ဆိုတော့ စောနုသည် အလွန်မုန်းတီးစရာ ကောင်းသူ မိန်းကလေး တစ်ယောက်။ သူ့ကြောင့် ဆန်ဈေးများ တက်ရပြန်သည်ဟု သူ့ကိုယ်သူ တွေးထင်ပြန်သည်။
သူသည် ရေများကို လက်နှင့် ခပ်၍ ကိုယ်ပေါ်သို့ ပက်လိုက်၏။ ယခုလို နေ့လယ်တွင် ရဲဘော်ဝင်းမောင် တစ်ယောက် စစ်တွေ အငူစွန်းတွင် သူ့ကို စောင့်၍ နေပေလိမ့်မည်။ တဖွေးဖွေး လှိမ့်နေသော လှိုင်းလုံးများဆီသို့ ငေးမော၍ပင် နေမည်လား။
တဝုန်းဝုန်း သွန်ကျလာသော ရေပွင့်ရေပန်းခင်းကြီးများဆီသို့ သူမော်၍ ကြည့်လိုက်၏။ ရေတံခွန်နှင့် ကျောက်ဖျာတို့ ထိတွေ့သောနေရာတွင် ရေသည် အရှိန်ပြင်းစွာ စီးဆင်း၍ သွား၏။ စောနုသည် စေ့စေ့တင်းသော နှုတ်ခမ်းတို့ကို ကြိတ်လိုက်ရင်း ရေတံခွန်ကြီး၏ ခြေရင်းဆီသို့ တိုး၍ သွားပေသည်။ ရေတံခွန်က တဝုန်းဝုန်း မြည်သလို သူ့ရင်ထဲတွင်လည်း တဝုန်းဝုန်း မြည်နေပေသည်။
"ဟဲ့ စောနု ... စောနု"
တဲဘက်ဆီမှ တစ်ပြိုင်နက် အော်သံတို့ ပေါ်ထွက်၍ လာပေသည်။ စောနုကမူ အားသွန်၍ ကျလာသော ရေလုံးဖွေးဖွေးတို့ အနီးသို့ မရောက်ခင် ပြင်းထန်သော ရေစီးကြောင်းပေါ်သို့ ခွေလှဲယိုင်ကျ၍ သွားတော့သည်။ ရေပန်းပွင့်သည် ချောမွေ့သူလေး အပေါ်သို့ သွန်ကျ၍ လာကြလေသည်။
* * *
စစ်တွေအငူစွန်းတွင် မိုးဖွဲဖွဲလေး ရွာကျနေပေသည်။ မိုးဖွဲဖွဲကြားမှ နေခြည်သည် ပင်လယ်ပြင် ပေါ်သို့ ကြဲကြဲလေး သွန်ကျ၍ နေပေသည်။
လှိုင်းလုံးများသည် တလှိမ့်လှိမ့်လူးရင်း သဲပြင်ကမ်းပါးကို ထိတွေ့လာ၏။
ရဲဘော်ဝင်းမောင်သည် ကျောက်ဆောင်ဘေးတွင် ချစ်သူကို စောင့်၍ နေပေသည်။ သူ့ကာကီဘောင်းဘီ ပေါ်တွင် မိုးစက်ရာများ ပြည့်၍ လာကြ၏။
သဲပြင်ပေါ်တွင် သူသည် လက်နှင့်ခြစ်၍ ချစ်သူနာမည်ကို ရေး၍ ထားလေသည်။ ပင်လယ်ရေသည် မြင့်၍ မြင့်၍ တက်လာသောအခါ သဲပြင်ပေါ်ရှိ "စောနု"၏ အမည်လေးသည်လည်း တဖြည်းဖြည်း ပျောက်ကွယ်၍ သွားတော့သည်။
အဝေးကြီးကို မျှော်လေလေ မြင်ကွင်းက မှုန်၍ မှုန်၍ လာလေသည်။
တစ်နေ့သောအခါ စိုင်တင် ရေတံခွန်မှ ရေအယဉ်နှင့် ဤပင်လယ်ပြင်မှ လှိုင်းတို့ တွေ့ဆုံကြပါမူ စိုင်တင် ရေတံခွန်၏ အရှိန်ကို လက်နှင့် ကာဆီးလိုသော ချောမွေ့သူ စောနု၏ အဖြစ်ကို တီးတိုး ပြောဆိုကြပေလိမ့်မည်။ အကယ်၍သာ ပင်လယ်လှိုင်းလေးတို့ စကားပြောတတ်လျှင်မူကား စောနု၏ သတင်းကို ရဲဘော်ထံသို့ ပေးပို့ကြမည် ဖြစ်လေသည်။
ဘယ်သောအခါမှ ပင်လယ်ပြာတို့သည် စကားပြောကြမည်နည်း။
ဘယ်သောအခါမှ စောနုအကြောင်းကို ရဲဘော် သိရှိပါမည်နည်း။
ဘယ်သောအခါမှ စိုင်တင် ရေတံခွန်ကဲ့သို့ အရှိန်ပြင်းထန်လှသော အဓမ္မမှုတို့ကို ကာကွယ်နိုင်ပါမည်နည်း။
ခင်နှင်းယု
ရှုမဝ၊ စက်တင်ဘာ၊ ၁၉၅၆။
ရှုမဝ၊ စက်တင်ဘာ၊ ၁၉၅၆။
No comments:
Post a Comment