သည် ဇာတ်လမ်းကို ကပ္ပိယကြီးက စ, လိုက်တာ …။
တကယ်တော့ ‘ညိုတုတ်’ ဆိုတာ ရွာထဲမှာ သူ့ဟာသူ နေတာ။ သူ့အလုပ်နဲ့ သူကို ရှုပ်လို့။ ဘုန်းကြီး ကျောင်းဝိုင်းထဲကို သိပ် အရောက်အပေါက် ရှိတာ မဟုတ်ဘူး။ ကုန်ကုန် ပြောရရင် အခါကြီး ရက်ကြီးတောင် ရောက်လာလေ့ မရှိဘူး။
ဖိုးသူတော်ကြီး ဆိုတာကလည်း တစ်နေကုန် ဖိုထိုးနေတာ။ ရွာထဲကို သိပ် အရောက် အပေါက်ရှိတာ မဟုတ်ဘူး။ ဘုန်းကြီး ဝေယျာဝစ္စတောင် ကပ္ပိယကြီးနဲ့ လွှဲထားတာ။ မိုးလင်း မိုးချုပ် ဆွမ်းစားကျောင်း အောက်က အဂ္ဂိရတ်ခန်း ကလေးထဲမှာပဲ တရှူးရှူး တလှုပ်လှုပ်နဲ့ ငုတ်တုတ်။
ကပ္ပိယကြီး ပယောဂသာ မပါရင် ဘယ် သည်ဇာတ်လမ်း ဖြစ်လာလိမ့်မလဲ။
* * *
ညိုတုတ်ရဲ့ နာမည်အရင်းက မောင်ညိုပဲ။ ကလေးတုန်းကတော့ ငညိုပေါ့လေ။ ငညို ဆိုပေမယ့် အသားက ညိုရုံတင် မကဘူး မည်းတဲ့ဘက် ရောက်နေတာ။ လူက ဂင်တို။ မျက်နှာက လေးထောင့်။ နှာခေါင်း ပြားပြား နှုတ်ခမ်းမွှေး ကျိုးတိုးကျဲတဲနဲ့။ ရွာက ကာလသားတွေထဲ အရုပ်ဆိုးတာ တန်းစီလိုက်ရင် ငညို ထိပ်ဆုံးက နေရာရမယ်။ လူက ဂင်တို။ လက်မောင်းအိုး၊ လက်ဖျန်ကြီးတွေ၊ လက်ချောင်းတွေက ရှည်လည်းရှည်၊ တုတ်လဲတုတ် ဆိုတော့ ညိုတုတ်လို့ တွင်ကရော။
အရပ်ပုပု၊ လက်တံရှည်ရှည်၊ ခြေဖဝါး လက်ဖဝါးကြီးကြီးနဲ့ ဆိုတော့ ညိုတုတ်ဟာ လူဝံကြီး တစ်ကောင်နဲ့ တူနေတယ်။ အရေးထဲ လမ်းလျှောက်ရင် ကုန်းကွကွ ခြေခွင်ခွင်နဲ့ ဆိုတော့ ပိုတူနေတာပေါ့။
ညိုတုတ် သည်လိုပုံ ဖြစ်သွားတာ ငယ်တုန်းက (အရိုးနုတုန်းက) ပျိုးနုတ်ဟယ် ၊ ကောက်စိုက်ဟယ်နဲ့ တစ်နေကုန် ကုန်းကုန်းကွကွ လုပ်ခဲ့ရလို့ လို့ ပြောကြတာပဲ။ ကြီးကောင် ဝင်လာတော့လည်း ထင်းပေါက်၊ ရေထမ်း၊ မနိုင်ဝန်နဲ့ အသက်မွေး ဝမ်းကျောင်း ရတော့ ခြေခွင်ခွင်၊ ခါးကုန်းကုန်း၊ လက်မောင်းအိုး တုတ်တုတ်ကြီးနဲ့ ညိုတုတ် ဖြစ်လာတော့တာပေါ့။
ရွာက ကာလသားတွေထဲ အားအသန်ဆုံး တန်းစီ လိုက်ရင်လည်း ညိုတုတ်ပဲ ပထမ စွဲမယ်။ ညိုတုတ်ဟာ သုံးတင်းဝင် ဆန်အိတ်ကို အကူ မပါဘဲ ပခုံးပေါ် စွေ့ခနဲ မြှောက်တင် ထမ်းနိုင်တယ်။ လေးပိသာလောက် စီးတဲ့ ပုဆိန်နဲ့ ထင်းအမျက်တုံးကို ခွမ်းခနဲ ခွမ်းခနဲ နေအောင် ပေါက်နိုင်တယ်။ တော်ရုံတန်ရုံ နွားသိုးဟာ သူခါးဖိ လိုက်တာနဲ့ လှဲအိပ်ပေးရတယ်။
ညိုတုတ် သန်တယ်ဆိုတဲ့ အထဲမှာမှာ သူ့လက်ချောင်းတွေက သတင်း အကြီးဆုံးပဲ။ သီးသီး အစိမ်း တစ်လုံးကို လက်တစ်ဖက်တည်းနဲ့ ကြေမွသွားအောင် ဖျစ်နိုင်တယ်။ သန်ပေ့ ဆိုတဲ့ ငှက်ပျောပင်ကို လက်ချောင်းတွေနဲ့ ထုတ်ချင်းပေါက် ကုပ်သွင်းနိုင်တယ်။ တရုတ်သိုင်းကား တွေထဲက အတွင်းအားတို့ ဘာတို့ ဆိုတာ ကင်မရာ လှည့်စား ထားတာ၊ ညိုတုတ်ကမှ တကယ့် ဘဝပေး အတွင်းအား။
အဲသလောက် သန်တဲ့၊ အလုပ် ဇွဲကောင်းတဲ့ ညိုတုတ်ခမျာ ချစ်မေတ္တာ ရေးရာမှာ ကံမကောင်း ရှာဘူး။ လူပျိုပေါက် ကတည်းက ပိုးလာတဲ့ အပျိုတွေ တစ်ရွာလုံး လူစေ့တော့မယ်။ ခု လူပျိုကြီး စာရင်း ဝင်နေပြီ။ တစ်ယောက်မှ စွံအောင် မပိုးနိုင်သေးဘူး။
‘အမလေးတော်၊ သူ့လက်ချောင်း တွေနဲ့များ အားရပါးရ ဖျစ်လိုက်မှဖြင့်’ လို့ တွေးပြီး အသည်းယားတဲ့ အပျိုက ယား။
‘မတော် စိတ်ဆိုးတဲ့အခါ အမျက်တုံး ပေါက်သလို ကိုင်ပေါက်လိုက်မှ အသက် ဘယ်က ထွက်လိုက်မှန်းတောင် သိမှာ မဟုတ်ဘူး’ လို့ တွေးပြီး ကြောက်တဲ့ အပျိုက ကြောက်။ တချို့လည်း လက်မောင်း အိုးကြီးတွေကို ကြောက်။ တချို့လည်း နှုတ်ခမ်းမွှေး ကျိုးတိုးကျဲတဲကို ကြောက်နဲ့ တစ်ရွာလုံး မကြောက်တဲ့ အပျိုကို မရှိတော့ဘူး။
ခု ညိုတုတ် နောက်ဆုံး မျက်စိကျနေတာက ဖိုးသူတော်ကြီးရဲ့ တူမ။ ကပ္ပိယကြီးနဲ့လည်း တူမတော်တဲ့ အပျိုပေါက်မလေးကို မျက်စိကျနေတာ။ ဖိုးသူတော်ကြီး တူမလေးကတည်း တောသူ ဆိုပေမယ့် အသားဖြူဖြူ ကိုယ်လုံးကိုယ်ထည် သွယ်သွယ်လေးနဲ့ တော်တော်လေး ယဉ်တယ်။ အလှူမှာ ကွမ်းတောင်ကိုင်ပြီး လမ်းလျှောက်ရင် တကယ့် နန်းတွင်းသူများလို ဆင်မ ယဉ်သာ။
ညိုတုတ် ဆိုတဲ့ ညိုတုတ်ဟာ သူ့လက်ချောင်းကြီးတွေမှ အားမနာ၊ သူ့ လက်မောင်းအိုးကြီး တွေမှ အားမနာ၊ အဲ့သည် ဆင်မယဉ်သာ ကလေးမှ သဘောကျတော် မူသတဲ့။
* * *
ဖိုးသူတော်ကြီးက တစ်မျိုး။ ကျောင်းထိုင်ဘုန်းကြီးက သူ့အစ်ကို ဝမ်းကွဲ။ ကပ္ပိယကြီးက သူ့ဝမ်းကွဲ ယောက်ဖ ဆိုတော့ ဆွမ်းစားကျောင်း အောက်ထပ်ကို အပိုင်စား ရထားပြီး အဲ့သည် အခန်းထဲမှာပဲ နေ့မနား၊ ညမနား ဖိုထိုးနေတာ။
အဂ္ဂိရတ် ပေါက်မပေါက်တော့ မသိဘူး။ သူ့လုံချည် အဖြူကတော့ မီးခိုးမှိုင်းတွေ၊ မီးပေါက်ရာ ဗလပွနဲ့။ တချို့ကတော့ လုံးပြောက် လုံချည်လို့ စ,ကြရဲ့။ ဒါတောင် အပေါ် ဝတ်ရုံက အမြဲချွတ် ထားလို့။ ဖိုးသူတော်ကြီးဟာ ဘာကို သတ်သတ်မှတ်မှတ် ထိုးနေမှန်းကို မသိကြဘူး။ တစ်ခါတလေ ရွှေဖြစ်ငွေဖြစ်တဲ့။ ထိုးနေတဲ့ ‘လုံ’ ပြီးစီးလို့ ခွဲလိုက် စီရင်လိုက်ရင်ပဲ ချက်ချင်း ရှင်အဇ္ဇဂေါဏ ဖြစ်သွားတော့ မလိုလို။ တစ်ခါတလေ ကျတော့လည်း တုတ်ပြီး၊ ဓားပြီး၊ ထမင်းပြီးမယ့် ဓာတ်လုံးတဲ့။ တစ်ခါတလေ ကျတော့လည်း မြေလျှိုး မိုးပျံ ရှိမ်းဆာယာ ပိုမောက်ပြီး ကိုယ်ပျောက်မယ့် ဆူပါမင်း ဓာတ်လုံးတဲ့။
နှစ်ပေါင်းများစွာ ထိုးလာလိုက်တာ အစားပျက်၊ အအိပ်ပျက်၊ မီးဖိုနား အမြဲ ထိုင်နေရလို့ အသားအရေ ခြောက်ခမ်းပြီး ကမ္မဋ္ဌာန်း မထိုင်ဘဲ ကမ္မဋ္ဌာန်းရုပ် ပေါက်နေပြီ။
ဘုန်းကြီးကျောင်း လာတဲ့ လူမှန်သမျှက ဆွမ်းစားကျောင်း အောက်က သူ့ ဖိုခန်းကို ဘီလူးစည်း သားထားတဲ့ ပိုင်နက်နယ်မြေကို ရှောင်သလိုမျိုး ရှောင်ကြတယ်။ ‘ဟောဒီ ဓာတ်လုံးကတော့ …’ လို့ အစချီတဲ့ အဂ္ဂိရတ်တရားကို ကြောက်ကြတာလည်း ပါရဲ့။ ဘာမဟုတ်၊ ညာမဟုတ် ဓာတ်ပြာတွေ အတင်းကျွေး။ ဓာတ်လုံး စိမ်ထားတဲ့ ရေတွေ အတင်း တိုက်မှာကို ကြောက်ကြတာလည်း ပါရဲ့။
အဲ … ရွာသားတွေ အကြောက်တကာ့ အကြောက်ဆုံး ကတော့ သူ့ကို ထုထောင်း နင်းနှိပ် ပေးရမှာကိုပဲ။ လူက ကမ္မဋ္ဌာန်းရုပ် ပေမယ့် မီးဖိုနံဘေးမှာ နှစ်ပေါင်းများစွာ ထိုင်လာလို့လား မသိဘူး။ ထူလိုက်တဲ့ အရေပြား၊ မာလိုက်တဲ့ အရိုးတွေ၊ တင်းလိုက်တဲ့ အကြောတွေ။ ဆင်နင်းလို့ မပြေတဲ့ အညောင်းဆိုသလို အဟုတ်ကို ဆင်က နင်းပေးတောင် အညောင်း ပြေပါ့မလား မသိဘူး။
သူ့ဆီ သွားလို့ကတော့ လာသမျှလူ ဖမ်းပြီး ထောင်းခိုင်း၊ နှိပ်ခိုင်း၊ အကြောလျှော့ခိုင်းတော့ တာပဲ။ အားကုန်နှိပ်၊ အားကုန်ကြိတ်၊ ဘယ်တော့မှ အားရတယ် မရှိဘူး။ တယ်ပျော့တဲ့ ကောင်ပါလား ဆိုပြီး အပြစ်တင် ခံရသေးတယ်။
ဒီတော့ ဘယ်သူမှ ဆွမ်းစားကျောင်း အောက်ကို မလာရဲကြ တော့ဘူး။ အထူးသဖြင့် ကာလသားတွေ၊ ကလေး ခပ်ကြီးကြီး တွေဟာ မလွှဲသာလို့ ဘုန်းကြီးကျောင်း လာရရင်တောင် ဖိုးသူတော်ကြီး အသံကြားလို့ကတော့ တစ်ချိုးတည်း လစ်ကြတော့တာပဲ။
* * *
တစ်နေ့တော့၊ ကပ္ပိယကြီး ရွာထဲအလာ၊ လမ်းမှာ ညိုတုတ်နဲ့ တွေ့ကြရော ...။ ညိုတုတ်က ဘာရယ် မဟုတ်ဘူး။ သူပိုးနေတဲ့ ဆင်မယဉ်သာလေးနဲ့ ဆွေမျိုးနီးစပ် တော်တဲ့ ကပ္ပိယကြီးကို မျက်နှာလို မျက်နှာရ၊ ‘ဘိုးတော် ... ဘယ်လဲ …’ ၊ လို့ လက်မောင်းကို ကိုင်ဆုပ်ပြီး နှုတ်ဆက်လိုက်တာ။ ကပ္ပိယကြီး ခမြာ နာလွန်းလို့ ငယ်သံပါအောင် အော်ယူရတယ်။
ညိုတုတ်ကတော့ ဟဲဟဲ ... ဟဲဟဲ နဲ့ ‘သာသာလေး ဆုပ်တာပါ ဘိုးတော်ရ တဲ့’ ‘အားစိုက် ဆုပ်လိုက်ရရင် ခင်ဗျား လက်တွေ ကြေသွားမှာပေါ့’ တဲ့။ သူ့လက်ချောင်ကြီး တွေကို တဂျွတ်ဂျွတ် မြည်အောင် ချိုးပြီး ဂုဏ်ယူနေတာ။
အဲသည်မှာ ကပ္ပိယကြီးဟာ လက်ကနဲ အကြံရသွားတယ်။ ‘မင်း လက်ချောင်းတွေ တကယ် သန်တယ်ဆိုရင်၊ ကျောင်းကို လိုက်ခဲ့စမ်းကွာ။ ဦးသူတော်ကြီးက အင်မတန် အနင်းအနှိပ် ခံနိုင်တာ။ ရွာထဲက ကာလသားတွေ အကုန် လူပျော့ချည်းပဲလို့ ပြောနေတာ။ မင်းဦးသူတော်ကြီး လူပျော့လို့ အပြောမခံရမှ တကယ့် လူသန်’ လို့ ဆွပေးလိုက်တယ်။
ညိုတုတ် ဖျဉ်းခနဲ ဖြစ်သွားတာပေါ့။ သီးသီးစိမ်းကို ဆုပ်ခြေ လာခဲ့တဲ့လက်။ ငှက်ပျောပင်ကို ထုတ်ချင်းပေါက် ကုပ်ဆွဲလာခဲ့တဲ့ လက်၊ ငါ့လက်ဒဏ် ဘယ်သူခံနိုင်မှာတုန်း ဆိုပြီး သွေးနားထင် ရောက်နေတာ။ ဦးသူတော်လို အပိန်လေးများ အပျော့ပေါ့လေ။ ပြီးတော့ သူ့တူမကို မျက်စိကျနေတာ ဆိုတော့ ဦးသူတော်ပါ မျက်နှာလုပ်ချင်သေး တာကလည်း ဆိုတော့ ‘လာဗျာ ခုသွားကြစို့’ ဆိုပြီး ကျောင်းကို လိုက်လာရော။
ကျောင်းရောက်တော့ ဦးသူတော်ကို ကြည့်ပြီး ညိုတုတ် စိတ်ညစ်သွားတယ်။ လက်စွမ်းပြဖို့ နေနေသာသာ၊ ဦးသူတော် ခမြာ လက်တင်တာမှ ခံနိုင်ပါ့မလားဆိုပြီး စိတ်ညစ်သွားတယ်။ ဒါနဲ့ သာသာ ဖွဖွလေးပဲ စ,နှိပ်တယ်။ ဦးသူတော်ကတော့ ‘ညိုတုတ်ရ ... ငါက အင်မတန် အညောင်းကြီးတာ ... ၊ အားပါပါ နှိပ်စမ်းလကွာ’ တဲ့။
ညိုတုတ်ဟာ သူ့အတွင်းအားကို လေးပုံတစ်ပုံလောက် ထည့်ပြီး စ,နှိပ်တယ်။ ဦးသူတော်က မဖြုံဘူး။ ‘လက်ပေါက်ရဲ့လား ဦးသူတော် …’ လို့ မေးတော့၊ ‘မပေါက်ဘူးကွ’ တဲ့။ ကပ္ပိယကြီး မျက်နှာက ပြုံးစိစိနဲ့။
ဒါနဲ့ ညိုတုတ် အတွင်းအားကို တစ်ဝက်ထည့်ပြီး နှိပ်လိုက်တယ်။ ဦးသူတော်က မဖြုံဘူး။ လက်ပေါက်ရဲ့လား ဦးသူတော်လို့ မေးတော့ မပေါက်ဘူးကွ တဲ့။ ှကပ္ပိယကြီးမျက်နှာက ပြုံးဖြီးဖြီးနဲ့။
ညိုတုတ် တော်တော် အံ့သြ သွားတယ်။ ဘယ့်နှယ်၊ ဒီလောက်နှိပ်ရင် တစ်ရွာလုံး ဘယ်သူမှ မခံနိုင်တော့ဘူး။ ဦးသူတော်နဲ့ တွေ့မှ။ ဟုတ်တော့လည်း ဟုတ်တယ်။ ဦးသူတော် အရေပြားတွေက ဆင်အရေပြားလို၊ ထူပြီး မာနေတာ။ အကြောတွေကလည်း နဖားကြိုးလိုကို တောင့်တင်းပြီး မာနေတာ။ အတွင်းအား သုံးပုံနှစ်ပုံတော့ ထည့်နှိပ်မှ ဖြစ်တော့မှာပဲ။
ညိုတုတ် ... အတွင်းအား သုံးပုံနှစ်ပုံ စိုက်ထုတ်လိုက်တယ်။ နာရင်ပြောနော် ... ဦးသူတော်လို့လည်း သတိပေးလိုက် သေးတယ်။ ဦးသူတော်က မဖြုံဘူး။ ‘မပေါက်သေးဘူးကွ’ တဲ့ ကပ္ပိယကြီးက ‘အဟက်’ ခနဲ ရယ်တယ်။
ညိုတုတ် ဒေါသ ဖြစ်သွားတယ်။ ဒါလောက်တောင် ...။ သီးသီး ခြေခဲ့တဲ့၊ ငှက်ပျောပင် ကုပ်ခဲ့တဲ့ လက်က ဦးသူတော်၊ အပိန်လေးနဲ့ကျမှ အရှုံးပေးရမလို ဖြစ်နေပြီ။ ဒါနဲ့ပဲ ‘ကိုင်း ... ကျွန်တော် အားအကုန် နှိပ်မယ်ဗျာ’ ဆိုပြီး မီးကုန်ယမ်းကုန် နှိပ်တော့တာပဲ။ အရေပြားပေါက်တော့မှ ပေါက်ကရော၊ အရိုးကျိုးတော့မှ ကျိုးကရော။ သီးသီးစိမ်း ခြေသလို၊ ငှက်ပျောပင် ကုပ်သလို၊ အတွင်းအားအကုန် ထည့်ပြီးတော့ကို နှိပ်ပစ်လိုက်တယ်။
အတော်လေးကြာတော့မှ၊ (သူလည်း လက်အန်သေပြီး အတွင်းဒဏ်ရာ ရချင်လာပြီ) လက်ပေါက်ပြီလား ဦးသူတော်လို့ မေးတော့ ဦးသူတော်ကြီးက ‘အင်း .... ဆိုးတော့ မဆိုးပါဘူး။ ဒါပေမယ့် ပျော့သေးတယ်ကွ တဲ့’။ ကပ္ပိယကြီးက ရယ်လိုက်တာလေ။ ခွက်ထိုးခွက်လန်။
ဘုန်းကြီးကျောင်းက ပြန်တော့ ညိုတုတ် မျက်နှာဟာ ရှက်သွေးနဲ့ မှောင်နေတာပဲ။ နောက်က ကပ်လိုက်လာတဲ့ ကပ္ပိယကြီးကလည်း တဟဲဟဲနဲ့။ ဒါနဲ့ ညိုတုတ်လည်း ရှက်ရမ်းရမ်းပြီး ပြောမိရော။ ခု လက်ချောင်းတွေ နာနေလို့။ ဒါ အားကုန် မဟုတ်သေးဘူးပေါ့။ ဒီနေ့ အဖိတ်နေ့ … တစ်ပတ်အချိန်ပေး၊ နောက်အဖိတ်နေ့ကျ အားမွေးပြီး လာခဲ့မယ်။ အဲဒီအခါ … ဦးသူတော် … အော်ရစေ့မယ်ပေါ့။
ကပ္ပိယကြီးကလည်း တော်တော် လက်လွတ်စပယ် ပြောတတ်တယ်။ ‘မင်းဟာမင်း တစ်ပတ်မကလို့ တစ်သက်လုံး အားမွေးပြီး နှိပ်။ ဦးသူတော်တို့က မဖြုံရေးချ မဖြုံ’ လို့ ကလိတယ်။
ညိုတုတ်ကလည်း သူ့သိက္ခာ လက်ချောင်းတွေကို ထိပါးလာတော့ မခံချင်တော့ဘူး။ ‘ကဲ ... နောက်အဖိတ်နေ့ လာနှိပ်လို့မှ ဦးသူတော်ကြီး မအော်ဘူး ဆိုရင် ခင်ဗျားတို့ဆီမှာ ကျုပ် တစ်သက်လုံး ကျွန်ခံမယ် ... ။ အော်ရင် ခင်ဗျားတို့ တူမကို ကျုပ်ပေးမလား’ လို့၊ စိန်ခေါ်လိုက်တယ်။
ကပ္ပိယကြီးကလည်း မဆိုင်းမတွ ‘စိန်လိုက်လေကွာ’ တဲ့။
* * *
‘ဪ ... ကျောင်းထိုင် ဘုန်းကြီး ဟောနေတဲ့ အနိစ္စဆိုတဲ့ တရားဟာ ... တယ် မှန်ပါကလား။ ဓာတ်ကြီး လေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ဒီခန္ဓာကြီးဟာလည်း မမြဲဘဲ၊ ဖောက်လွဲ ဖောက်ပြန်၊ ပျက်စီးယိုယွင်း နေတယ် ဆိုတာ တယ် မှန်ပါကလား’ လို့ ကပ္ပိယကြီး သံဝေဂ ရနေတယ်။
ကြည့်လေ …။ ညိုတုတ် အနှိပ်ခံပြီး သုံးလေးရက်ထိ၊ ဦးသူတော်ကြီးဟာ … အကောင်း။ နောက်တော့ တဖြည်းဖြည်း နေထိုင်မကောင်း ဖြစ်လာတယ်။ တေဇောပဲ လောင်သလား။ ပထဝီပဲ ပျက်သလား။ တစ်ကိုယ်လုံး ကိုက်ခဲလို့ ညည်းညူ နေရတယ်။ တစ်ခါ … တစ်ခါ အဖျား ဝင် ဝင်လာလို့၊ ဆွမ်းစားကျောင်းပေါ် အနားယူ ခိုင်းထားရတယ်။
သည်တစ်ခါ ဦးသူတော် ကိုက်ခဲ ညောင်းညာတာက တစ်မျိုး။ အထိမခံ နိုင်လောက်အောင်ကို အသားတွေ၊ အကြောတွေ၊ အရိုးတွေက နာနေတာ။ ကပ္ပိယကြီးက တွဲပြု၊ ထူမ, ပေးရင်တောင်၊ အကိုင်အတွယ် ကြမ်းလွန်းလို့ တဲ့။ နာလွန်းလို့ တဲ့။ တကျွတ် … ကျွတ် … စုပ်တသပ်သပ်နဲ့။
သည်ကြားထဲ ... ညိုတုတ် သတင်းကလည်း တစ်မှောင့်။ သူ့ လက်ချောင်းတွေ၊ လက်မောင်း လက်ဖျန်တွေ သန်လာအောင်၊ သဲအိတ်ကို အထိုးကျင့်သတဲ့။ အုတ်ခဲတွေ … ရိုက်ခွဲသတဲ့။ ပုစွန်ကျစ်စာခဲ အခြောက်ကို မှုန့်မှုန့်ညက်ညက် ကြေအောင် ဆုပ်ခြေသတဲ့။ အင်း … အဲသည် လက်နဲ့များ တူမလေး ဆုပ်ခြေလိုက်မှဖြင့် ...၊ ဘုရား … ဘုရား …။
သည်နေ့ အဖိတ်နေ့လေ။ ကပ္ပိယကြီး တစ်နေ့လုံး ဘုရားတ, နေရတယ်။ အဖိတ်နေ့ မတိုင်ခင်၊ ဦးသူတော် ရောဂါ ပျောက်ပါစေတော့ ဆိုပြီး၊ တိုက်ခဲ့တဲ့ ဆေးမီးတိုတွေလည်း စုံနေပြီ။ ဦးသူတော်ကတော့ အလှုပ်အလှည့်တောင် တကျွတ် … ကျွတ်နဲ့။
မကြာပါဘူး ‘ကပ္ပိယကြီးကော’ ဆိုတဲ့ ညိုတုတ်အသံ ဩဩကြီးကို ကြားလိုက်ရတယ်။ ကိုရင်လေး တစ်ပါးက၊ ဆွမ်းစားကျောင်း ပေါ်မှာလို့ ဖြေလိုက်သံလည်း ကြားလိုက်ရဲ့။
ကပ္ပိယကြီးကလည်း ဦးသူတော်ကို ကြည့်လိုက်၊ တံခါးပေါက်ကို ကြည့်လိုက်နဲ့ မျက်လုံးပြူး နေပြီ …။
ညိုတုတ် ကျောင်းပေါ် တက်လာတဲ့ ခြေသံကလည်း ကြမ်းလိုက်တာ။ တဒုန်းဒုန်းနဲ့။ သူ့ လက်ချောင်းတွေသူ တဂျွတ်ဂျွတ် … မြည်အောင် ချိုးနေလိုက်သေး။
ဂျိုဇော်
ရွှေလှိုင်းခတ်သံ မဂ္ဂဇင်း၊ စက်တင်ဘာ၊ ၁၉၉၁။
သရုပ်ဖော်ပန်းချီ - မျိုးမြင့်
No comments:
Post a Comment