ဂါစီယာမားကွက်(စ)
နိုဘယ်ဆုရ ကိုလံဘီယာနိုင်ငံသား စာရေးဆရာ ဖြစ်သည်။ ၁၉၂၈ ခုနှစ်တွင် ကိုလံဘီယာနိုင်ငံ အရာကာတကာ၌ မွေးဖွားသည်။ သို့သော် မက္ကဆီကို နှင့် ဥရောပ၌ အနေများသည်။ ဘိုဂိုတာ တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး EL Espectador အမည်ရှိ ကိုလံဘီယာ သတင်းစာ၌ သတင်းထောက်နှင့် ရုပ်ရှင်ဝေဖန်သူအဖြစ် လုပ်ကိုင်ခဲ့ဖူးသည်။ သူ၏ “အထီးကျန်နှစ်တစ်ရာ” One Hundred years of solitude ဝတ္ထုမှာ အကောင်းဆုံး ခေတ်ပေါ်ဝတ္ထုဟု အသိအမှတ်ပြုကြသည်။ No one writes to the colonel, Leaf Storm နှင့် ဝတ္ထုတိုအများအပြား ရေးသားခဲ့သည်။
သူ၏ ဝတ္ထုတိုများတွင် လက်တင်အမေရိက၏ ပုံရိပ်များဖြစ်သည့် ပူပြင်းသော နေ့လယ်ခင်းများ၊ တစ်နေရာနှင့် တစ်နေရာ မိုင်များစွာ ဝေးကွာသည့် မြို့များ၊ သွေးဆူသည့် စရိုက်များ၊ အာဏာရှင်များ စသည်တို့ကို ရေးဖွဲ့လေ့ရှိသည်။
ယခု သူ့ခေတ်နှင့် သူ့အခါ “ one of these days ” ကို ဘာသာပြန် ဖော်ပြလိုက်ပါသည်။
ဤဝတ္ထုတိုတွင် လက်တင်အမေရိကသားတို့၏ စရိုက်နှင့် အာဏာရှင် စနစ်အောက်မှ လူတို့၏ နှလုံးသားကို တွေ့မြင်နိုင်သည်။
-------
တနင်းလာနေ့ နံနက်ခင်း။
မိုးရိပ်ကင်းစင် ကြည်လင်ဝင်းပ။
အော်ရီလီယို အက်စကိုဗာက ထုံးစံအတိုင်း စောစောစီးစီးထပြီး သူ့ဆိုင်ကို ခြောက်နာရီမှာ ဖွင့်လိုက်တယ်။ သူက သွားစိုက်ဆရာ။ ဒါပေမယ့် အသိအမှတ်ပြု လက်မှတ် တစ်စုံတစ်ရာတော့ မရှိဘူး။ လူပုံက ပိန်လှီလှီ ရှည်မျောမျော။ လည်ကတုံး အင်္ကျီစင်းကြီးကို ကုပ်ပိုးမှာ ရွှေရောင်နှိပ်ကြယ်သီး တပ်ထားတယ်။ ဘောင်းဘီကို ပခုံးသိုင်းကြိုးနဲ့ ပင့်ထားတယ်။ သူ့ကြည့်ရတာ နားထိုင်းနေသလိုပဲ။ ဒါကလည်း ဒီနေ့ အခြေအနေနဲ့တော့ ခပ်ကိုက်ကိုက်လို့ ဆိုရမယ်။
မှန်ဗီရိုထဲက ပလာစတာ ပုံလောင်းထားတဲ့ သွားတုတွေကို ထုတ်ပြီး စားပွဲပေါ် တင်တယ်။ ကိရိယာ တန်ဆာပလာ လက်တစ်ဆုပ်စာကို အရွယ်အစားအလိုက် စီပြီးဖြန့်တယ်။ ခြေနင်း ကျောက်စက်ကို သွားနုတ်ကုလားထိုင်နား ဆွဲယူလိုက်ပြီး သူကကျကျနန ထိုင်လိုက်တယ်။ သွားတုတွေကို ပြုပြင် အရောင်တင်တော့မယ်လေ။ သူလုပ်နေတာကတော့ ဖြည်းဖြည်းမှန်မှန်ပဲ။ ဒါပေမယ့် လုပ်နေပုံက အသိမဲ့ လုပ်ကိုင်နေပုံမျိုး။ ကိုယ်ဘာလုပ်နေတယ် ဆိုတာကို အာရုံ မဝင်စားတဲ့ပုံမျိုး။ ကြည့်လေ - ကျောက်စက်သုံးဖို့ မလိုတဲ့ အချိန်မှာတောင် ခြေထောက်တွေက ကျောက်စက်ကို နင်းပြီး လှည့်နေတာ။
ရှစ်နာရီသာသာလောက် မှာတော့ သူခဏ နားတယ်။ ကောင်းကင်ပြင်ကို ပြတင်းပေါက်ကနေ မော့်ကြည့်တယ်။ နေ့လယ်စာ စားချိန် မရောက်ခင် မိုးရွာချင် ရွာဦးမှာ ဆိုတဲ့ အတွေးနဲ့ အလုပ်ကို ဆက်လုပ်တယ်။ အဲဒီ အချိန်မှာပဲ ဆယ့်တစ်နှစ်အရွယ် သူ့သားငယ်ရဲ့ အသံစူးစူးက သူ့အာရုံကို နှောင့်ယှက် လိုက်လေရဲ့။
‘ အဖေ ’
‘ ဘာတုန်း ’
‘ မြို့ဝန်ကြီး ရောက်နေတယ်ဗျ၊ သွားနုတ် ပေးမှာလားတဲ့ ’
‘ ငါမရှိဘူး ပြောလိုက်ကွာ ’
သူက ရွှေသွားကို အရောင်တင်နေတာ။ လက်ကို တစ်ဆုံးဆန့်၊ မျက်စိကို တစ်ဝက်မှေးပြီး ရွှေသွားကို စစ်ဆေးနေတယ်။ သားတော်မောင်ရဲ့ အသံက ဧည့်ခန်းကလေးဆီက ပေါ်လာပြန်ရော။
‘ မြို့ဝန်ကြီးက အဖေ ရှိတယ်တဲ့၊ အဖေပြောတာ သူကြားတယ် အဖေရ ’
သွားစိုက်ဆရာကတော့ သွားကို စစ်ဆေးနေတုန်းပဲ။ ကျေနပ်သွားတော့မှ သွားတုကို စားပွဲပေါ် ပြန်တင်တယ်။ ‘ တော်တော်လေး ကောင်းသွားပြီ ’ လို့လည်း ရေရွတ်တယ်။ ပြီးတော့ ကျောက်စက်ကို မောင်းပြန်ရော။ ဗီရိုအံဆွဲထဲက လိုသမျှ ပစ္စည်းတွေ ထုတ်ပြီး ရွှေသွားကို ဆက်လက် အရောင်တင် နေတယ်။
‘ အဖေ ’
‘ ဘာတုန်းဟ ’
သူ့အမူအရာက လုံးဝ အပြောင်းအလဲ မရှိဘူး။
‘ မြို့ဝန်ကြီးက သူ့သွားကို စိုက်မပေးရင် အဖေ့ကို ပစ်ထည့်လိုက်မတဲ့ ’
ကျောက်စက်လှည့်တဲ့ အလုပ်ကို သူ ရပ်ပစ်လိုက်တယ်။ ဖြည်းဖြည်းဆေးဆေး တကယ့်ကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးပါပဲ။
ကျောက်စက်ကို ကုလားထိုင်ဆီက ဝေးရာကို တွန်းပို့လိုက်တယ်။ စားပွဲရဲ့ အောက်ဆုံး အံဆွဲကို အဆုံးထိ ဆွဲထုတ်လိုက်တယ်။ အံဆွဲထဲမှာက ခြောက်လုံးပြူး တစ်လက်။
‘ အိုကေပဲဟေ့ ...။ ပြောလိုက်စမ်း၊ လာခဲ့လို့၊ ပစ်လှည့်လို့ ’
ကုလားထိုင်ကို တံခါးပေါက်နဲ့ မျက်နှာချင်းဆိုင် ဆွဲလှည့်လိုက်တယ်။ လက်က အံဆွဲအစွန်းပေါ် အသာတင်လို့။
မြို့ဝန်မင်းက တံခါးဝမှာ ပေါ်လာတယ်။ သူ့မျက်နှာ ဘယ်တစ်ခြမ်းမှာ အမွေးအမျှင် ပြောင်စင်နေပေမယ့် ... ယောင်ကိုင်း နာကျင်နေတဲ့ ညာဘက်ခြမ်းမှာတော့ မုတ်ဆိတ် ပါးမြိုင်းတွေက ငါးရက်သားလောက် အရွယ် ရနေတယ်။ မှုန်မှိုင်းမှိုင်း သူ့မျက်လုံးတွေထဲမှာ အိပ်ပျက်ညပေါင်း များစွာကို သွားစိုက်ဆရာက မြင်တွေ့လိုက်ရတယ်။ အံဆွဲကို လက်ချောင်းထိပ်နဲ့ အသာ ပြန်ပိတ်လိုက်ပြီး ‘ ထိုင်ပါ ’ လို့ ပြောလိုက်တယ်။ သိမ်သိမ်မွေ့မွေ့ပါပဲ။
‘ မင်္ဂလာနံနက်ပါ ’ လို့ မြို့ဝန်မင်းက ဆိုတယ်။
‘ မင်္ဂလာပါ ’လို့ သွားစိုက်ဆရာက တုံ့ပြန်တယ်။
သွားနုတ်ကိရိယာတွေကို မီးဖိုပေါ်တင်ပြီး ပြုတ်ထားတုန်းမှာတော့ မြို့ဝန်မင်းက ကုလားထိုင် ခေါင်းမှီမှာ သူ့ခေါင်းကို တင်ပြီး နည်းနည်း သက်သာရာ ရနေတယ်။ အသက်ရှူသံတွေတောင် လေးလို့၊ ဆိုင်ခန်းကတော့ စုတ်စုတ်ချာချာပါပဲ။ သစ်သား ကုလားထိုင်အိုကြီး တစ်လုံး၊ ခြေနင်းကျောက်စက်၊ ကြွေအိုးတွေ ထည့်ထားတဲ့ မှန်ဗီရို စုတ်စုတ်၊ ကုလားထိုင်နဲ့ မျက်နှာချင်းဆိုင်မှာ ပခုံးလောက်အမြင့် အဝတ်စ ခန်းဆီး ကာထားတဲ့ ပြတင်းပေါက်။
သွားစိုက်ဆရာ ချဉ်းကပ်လာတာနဲ့ မြို့ဝန်မင်းက ဖနောင့်နှစ်ဖက်ကို အားပြုပြီး ပါးစပ်ကို ဟထားပေးလိုက်တယ်။
သွားစိုက်ဆရာက မြို့ဝန်မင်းရဲ့ ခေါင်းကို အလင်းရောင်ဘက် ဆွဲလှည့်လိုက်တယ်။ ပါးစပ်ပေါက်ထဲက မကောင်းတဲ့သွားကို ကြည့်တယ်။ ကြည့်ရှုစစ်ဆေးပြီးတာနဲ့ မေးရိုးကို တမင်ဖိရိုက်ပြီး ပိတ်ပေးလိုက်တယ်။
‘ ထုံဆေး ပေးလို့ ဖြစ်မှာ မဟုတ်ဘူး ’
‘ ဘာ - ဘယ့်နှယ် ’
‘ ပြည်တွေ တည်နေတယ် ’
မြို့ဝန်မင်းက သူ့ကို စူးစိုက်ပြီး ကြည့်တယ်။ နောက်တော့ ‘ ကောင်းပြီလေ၊ လုပ်ပေါ့ ’လို့ ပြောပြီး ကြိုးစားပမ်းစား ပြုံးလိုက်တယ်။ မဲ့ပြုံးကြီး။ သွားစိုက်ဆရာက ပြန်မပြုံးဘူး။ ပိုးသတ်ထားတဲ့ ကရိယာတွေကို ဇလုံထဲ ထည့်ယူလာပြီး အလုပ်စားပွဲပေါ် တင်တယ်။ ဇာဂနာ တစ်စုံနဲ့ ရေနွေးထဲကနေ ဆယ်ယူတယ်။ လုပ်ပုံကိုင်ပုံကတော့ အေးအေးသက်သာပဲ။ ထွေးခံကို ဖိနပ်ဦးနဲ့ တွန်းရွှေ့လိုက်ပြီး လက်ဆေးကန်မှာ လက်သွားဆေးတယ်။ မြို့ဝန်ကို နည်းနည်းကလေးမှ ငဲ့စောင်းပြီး မကြည့်ဘူး။ မြို့ဝန်မင်းကတော့ သူ့ကို မခွာတမ်းကြည့်နေတယ်။
နုတ်ရမယ့်သွားက အောက်ဘက်အံသွား။ သွားစိုက်ဆရာ ခြေနှစ်ဖက်ကို ခွဲလိုက်ပြီ။ ရေနွေးထဲက ဆယ်ပြီးကာစ ဇာဂနာကြီးကို ကိုင်လိုက်ပြီ။ အဲ့ဒီ ဇာဂနာ ပူပူလောင်လောင်ကြီးနဲ့ သွားကို ဖမ်းညှပ်လိုက်တယ်။
မြို့ဝန်မင်း ကုလားထိုင် လက်တန်းကို အားကုန် ညှစ်ထားလိုက်မိတယ်။ ခြေထောက်ကို ကန်ပြီး တောင့်ထားလိုက်တဲ့အတွက် ခန္ဗာကိုယ်ကြီးက စန့်စန့်ကြီး။ ဗိုက်ထဲမှာ အူတွေ အသည်းတွေ ဆွဲနုတ်ခံရပြီး ပလာကျင်းသွားသလို ခံစားလိုက်ရပုံပဲ။ ဒါပေမယ့် တစ်စက်ကလေးမှ အသံမထွက်ဘူး။
‘ ကိုင်း ... ကျဆုံးကုန်တဲ့ ကျုပ်တို့ လူနှစ်ဆယ်အတွက် ’
သွားစိုက်ဆရာရဲ့ ပြောသံထဲမှာ ရန်ငြိုး အာဃာတ အရိပ်အငွေ့ တစ်စိုးတစ်စိမှ မပါဘူး။ နူးညံ့သိမ်မွေ့မှုပဲ ပါတယ်။ ဒါပေမယ့် ခါးသည်း ပြင်းထန်လှတဲ့ နူးညံ့သိမ်မွေ့မှု -
သွားစိုက်ဆရာက သူ့လက်ကောက်ဝတ်ကို ဆတ်ခနဲ့ လှုပ်ရှားလိုက်တယ်။
မြို့ဝန်မင်းက သူ့မေးရိုးတွေ တကြွပ်ကြွပ် ကျိုးကြေကုန်ပြီ လို့တောင် ခံစားလိုက်ရတယ်။ မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျှံလာတယ်။ သွား ကျွတ်ထွက်သွားတာကို ခံစား သိရှိလိုက်ရတဲ့ အထိ အသက်မရှူနိုင်ဘူး။ နောက်တော့ ကျွတ်ထွက်လာတဲ့ သွားကို မျက်ရည်ကြားက မြင်လိုက်ရတယ်။ အလို … ငါးရက် ငါးညတိုင်တိုင် ခံစားခဲ့ရတဲ့ ဝေဒနာဟာ အခုတော့ဖြင့် သူနဲ့ လားလားမျှ မပတ်သက်ခဲ့သလို ပါပဲလား။
သည်းထန်တဲ့ ချွေးသီးချွေးပေါက်တွေနဲ့ မောမောဟိုက်ဟိုက်နဲ့ မြို့ဝန်မင်းဟာ ထွေးခံပေါ်မှာ ကုန်းကွကွကြီး၊ ယူနီဖောင်းကို ကြယ်သီးဖြုတ်ပြီး ဘောင်းဘီအိတ်ထဲက လက်ကိုင်ပဝါကို ဆွဲထုတ်ဖို့ ကြိုးစားနေတယ်။ သွားစိုက်ဆရာက အဝတ်သန့် တစ်ထည် ပေးလိုက်တယ်။
‘ သုတ်လိုက်စမ်းပါလေ၊ မျက်ရည်တွေကို ’
မြို့ဝန်မင်း မျက်ရည်သုတ်တယ်။ တစ်ကိုယ်လုံး တုန်လို့။ သွားစိုက်ဆရာကတော့ လက်ဆေးနေရင်း အပေါ်မော့ပြီး ပြိုကျလုလု မျက်နှာကျက်ကို ကြည့်တယ်။ ညစ်ထပ်ထပ် ပင့်ကူအိမ်တွေထဲက ပင့်ကူဥတွေကို ကြည့်တယ်။ ပိုးကောင်သေတွေကို ကြည့်တယ်။ ပြီးတော့ ပြန်လှည့်လာပြီး လက်သုတ်တယ်။
‘ အိပ်ရာထဲမှာနေ၊ ဆားရည်နဲ့ ပလုပ်ကျင်း ’
မြို့ဝန်မင်း မတ်တပ်ရပ်ပြီ။ သူ့ကို နှုတ်ဆက်စကားဆိုပြီး ဟန်ပါပါ အလေးပြုတယ်။ အကျင့်ပါနေသလိုပဲ။ နောက်တော့ ခြေလှမ်းကျဲကြီးတွေနဲ့ တံခါးပေါက်ဆီ လျှောက်သွားတယ်။
‘ ကျသင့်ငွေ စာရင်းပို့လိုက်ပါ ’
‘ ဘယ်ကိုပို့ရမှာလဲ၊ ခင်ဗျားဆီကိုလား၊ ဟောဒီမြို့ကိုလား ’
မြိ့ဝန်မင်းက သူ့ကို လှည့်မကြည့်ဘဲ တံခါးကို ပိတ်လိုက်တယ်။ ပြီးတော့ အပြင်ကနေ ပြန်ပြောလိုက်တယ်။
‘ အဲဒီ နင့်အမေလင် နှစ်ခုလုံးက အတူတူပဲပေါ့ ဟ ... ငတုံးရ ’ ဆိုပဲ။
(One of These Days by Gabriel Garcia Marquez)
ပြန်ဆိုသူ - မောင်သစ်ဆင်း
ဟန်သစ် မဂ္ဂဇင်း၊ ဇူလိုင်၊ ၁၉၉၁။
သရုပ်ဖော်ပန်းချီ - ပိုပို
No comments:
Post a Comment