ဗီရိုအံဆွဲထဲမှာ ထားတတ်တဲ့ မီးခြစ်နဲ့ ဖယောင်းတိုင်ကို မီးညှိလိုက်တဲ့အခါ မီးစွဲစ ဝိုးတဝါး မီးစာလေးက တဖြည်းဖြည်း လင်းလိုက်လာတယ်။ မီးပြတ်လို့ မှောင်မိုက်နေတဲ့အခါ ဖယောင်းတိုင်မီးလေး ဖြစ်ဖြစ် လိုအပ်တာပဲ။ ပြတင်းပေါက်က တိုက်နေတဲ့ လေအရှိန်နဲ့ ဖယောင်းတိုင် မီးတောက်ကလေး ယိမ်းခါနေတယ်။
နွေဦးရဲ့ လေရူးအောက်မှာ မှိန်တော့မယောင် ... ငြိမ်းတော့မယောင်နဲ့ တောက်လောင်နေတဲ့ မီးညွန့်ကလေးကိုပဲ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေမိတာ ရင်ထဲကို အတွေးတစ်ခု ဝင်လာတဲ့အထိ ပါပဲ။
မိသားစုဘဝ၊ အိမ်ထောင်သည်တွေမှာ အမှောင်နဲ့ ကြုံတွေ့ ကြရတဲ့အခါ မီးထွန်းတတ်၊ မီးအလင်းရောင် ရှာတတ်ကြတာ သဘာဝပဲ ထင်ပါရဲ့။ ဒါပေမယ့် "လူ" ဆိုတာ အဲဒီ သဘာဝတွေကို တွန်းလှန် ကျော်ဖြတ်နိုင်မှ၊ ရိုက်ချိုး ထိုးဖောက်နိုင်မှ လူ့တန်ဖိုး၊ လူ့ကျင့်ဝတ်သိက္ခာ ဆိုတာ ရှိတော့မပေါ့။
လက်ထဲက ယပ်တောင်ကလေးနဲ့ ဖယောင်းတိုင်မီးကို လှမ်းငြိမ်းလိုက်ရင်း ပြုံးမိတယ်။ ဟုတ်တယ်လေ။ ကျွန်မအတွက် အမှောင်ထဲမှာ နေရလည်း ဖြစ်တာပဲ။ ဒီလိုနဲ့ နေလာခဲ့တာ နှစ်တွေပဲ ကြာလှပေါ့ ...
ချစ်ခင်မြတ်နိုးလှစွာ လက်တွဲခဲ့တဲ့ ခင်ပွန်းဟာ ကျွန်မဘဝအတွက် အလင်းရောင် ...။ မေတ္တာတရားနဲ့ ယုံကြည် အားကိုးမှုများ အရင်းခံတဲ့ ချစ်ခြင်းနဲ့ ဘောင်ကျက် နှောင်ရက်ခဲ့တဲ့ သိုက်မြုံကလေးရဲ့ ဦးစီးခေါင်းဆောင် သံသရာခရီးကို ထွက်သွားခဲ့တော့ ကျွန်မအသက် (၃၆) နှစ်။ ဒိုင်ယာရီ ထဲမှာ 'သားနဲ့ သမီးတို့ရဲ့ မြင်းမိုရ် ပြိုတဲ့နေ့' လို့ ခေါင်းစဉ် တပ်မိတဲ့နေ့ ...
ကြာခဲ့ပါပြီ။ အလင်းရောင် ပျောက်သွားခဲ့တာ ကြာပါပြီ။ ကွယ်သွားတဲ့ အလင်းရောင်ကို တမ်းတရင်း မှောင်ထဲမှာ တစ်ယောက်တည်း ကြိုးစား ရုန်းကန်လာခဲ့တာ မီးမီး ဆရာဝန်မကြီး ဖြစ်တဲ့အထိ အနှစ်နှစ်ဆယ် ရှိခဲ့ပြီ။
အခုဆိုရင် သားကြီးက တနင်္သာရီတိုင်း တံတား ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ AE ၊ မီးမီးကလေးက ဆရာဝန်မကြီး ဖြစ်နေပြီ။ သားနဲ့ သမီးကို အဲဒီ အမှောင်ကြီးထဲကနေ ရုန်းကန် လှုပ်ရှားပြီး မဖြစ်မနေ ပြုစုပျိုးထောင် ပေးခဲ့တာ။ အရိုးက လုပ်ကျွေးတယ် ဆိုတဲ့ စကားလေးလိုပဲ သွားလေသူ အလင်းရှင်ရဲ့ ထားရစ်ခဲ့မှုတွေနဲ့ ဘဝကို သတ္တိရှိရှိ ရင်ဆိုင်ခဲ့တာ အရွယ်ကောင်းစဉ်ကနေ အခု အသက်ကလေး ရလာတဲ့အထိ။
ဖယောင်းတိုင် မီးညွန့်ကလေးက စ,လိုက်တဲ့ အတွေးက ဆေးရုံအုပ်ကြီး မိသားစုဆီမှာ တန့်သွားပြန်ရော။ သားကလေး နှစ်ယောက်၊ သမီးကလေး တစ်ယောက်နဲ့ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ကလေး၊ သီရိဂေဟာပေါ့။ မကောင်းတဲ့ ဂြိုဟ်ဆိုးက ဒီမိသားစု ကလေးကိုမှ ဘာကြောင့် ကပ်ငြိရပါလိမ့်။ သားကလေးတွေနဲ့ သမီးကလေးကို သနားတဲ့စိတ်က ဆရာဝန်ကြီးအပေါ် ထားတဲ့ ကရုဏာစိတ်နဲ့ တစ်ထပ်တည်း ကျတယ်။ အသက်ကြီးခါမှ ပင်ပန်းရလေတဲ့ ဆေးရုံအုပ်ကြီး။
တာဝန်နဲ့ ဝတ္တရားက ထိန်းကွပ်ထားပေမယ့် လောကကို ရင်မဆိုင်ရဲတော့တဲ့ ပုံနဲ့ အမြဲတမ်း ခေါင်းငိုက်စိုက် ချလို့ အမြဲတမ်း ယစ်မူးဝေသီလို့ အမြဲတမ်း ရှက်ရွံ့ငြိမ်သက်လို့ ...
ရပ်ရွာ၊ ဝန်ထမ်းနဲ့ လူနာတွေပေါ်မှာ အမြဲတမ်း စာနာသဘော ပြည့်ဝခဲ့တဲ့ ဆရာဝန်ကြီး ဝတ္တရားဆိုတာကို အမြဲတမ်း ဦးထိပ်ရွက်ခဲ့တော့ အိမ်ထောင်ရေးမှာ လစ်ဟင်းခဲ့ဟန် တူပါရဲ့။
မိန်းကလေးက ဆရာဝန်ကြီးထက် ၁၂ နှစ် ငယ်သတဲ့။ အိမ်မှာ ပျင်းကျန်ရစ်တဲ့ အချိန်တွေမှာ အေရိုးဗစ်သင်တန်း တက်ပါရစေတဲ့။ နောက်တော့ အေရိုးဗစ်သင်တဲ့ ဆရာနဲ့ အမြင်မတော် ဖြစ်လာတော့မှ ဆရာဝန်ကြီး ကိုယ်တိုင် ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးခိုင်း လိုက်ရသတဲ့။ ဪ ... ခင်ပွန်းသည်ရယ်၊ သားကလေးတွေရယ်၊ သမီးလေးရယ်၊ ဘဝ ၄ ခုလုံးကို တစ်ပြိုင်နက် သတ်ခဲ့တဲ့ အဖြစ်။ ဘဝ ၄ ခုလုံးကို လောင်ကျွမ်း သွားစေခဲ့တဲ့ "မီး"။ အလင်းရောင် ရှိနေခဲ့ရဲ့သားနဲ့ နောက်ထပ် မီးတစ်မီး ဘာလို့ မွှေးရတာပါလိမ့်။
မိန်းကလေးက ပြည့်စုံ လုံလောက်တဲ့ ဓနဥစ္စာတွေတဲ့ ပိုနေတဲ့ အချိန်တွေမှာ စိတ်ကူးယဉ်ချင်တိုင်း ယဉ်ခဲ့တယ်။ ငြှိမ်း မရနိုင်တဲ့ မီးရဲ့အလောင်ကို ခံခဲ့တယ်ပဲ ထားပါတော့။ လစာနဲ့ မလောက်ငလို့ တစ်နေ့ရှာစာ တစ်နေ့စားရတဲ့ ခွဲစိတ်ခန်းအကူ မောင်သန်းရဲ့ မိန်းမကတော့ကော။
ဂျူတီကျတဲ့နေ့ ဒရိုင်ဘာကားရုံရှေ့က ဖြတ်ရတိုင်း "သူများနဲ့ညားတဲ့ ငါ့ရည်းစား" တို့၊ "မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးရဲ့" တို့ အော်အော်ဆိုတာ ကြားရသတဲ့။ ပထမတော့ အမှတ်တမဲ့ ... နောက်တော့ အမှတ်ထင်ထင်။ အဲဒီလိုနဲ့ တစ်ရက်တော့ လက်သည်နဲ့ နှိပ်ချပြီးမှ သွေးလွန်တဲ့ လူနာတစ်ယောက် ရောက်လာသတဲ့။ သူ့သွေးက O သွေး၊ အဲဒီအချိန်က ဆေးရုံကလေးမှာ သွေးအလုံအလောက် မရှိတဲ့အချိန် ဆိုတော့ မောင်သန်းကပဲ O သွေး တစ်ပုလင်း လှူလိုက်တယ်ပေါ့။ သွေးသာ မလှူဖြစ်ခဲ့ရင် ခွဲခန်းထဲမှာ အလုပ်ရှုပ်လို့ ကောင်းတုန်း။ သွေးလှူပြီးလို့ နားဖို့ အိမ်ပြန်အလာ ကားရုံဘေးက ဖြတ်အလျှောက် စကားပြောသံ ကြားရတော့ တစ်ယောက်တည်း နေတဲ့ ဒရိုင်ဘာအကြောင်း တွေးပြီးတောင် ပြုံးမိသတဲ့။ အိမ်ပြန်ရောက်တော့ ကလေးတွေက အိပ်မောကျလို့။ ဆေးလိပ်တစ်လိပ် ကုန်တော့မှ အိမ်တံခါးကို သာသာကလေး ဖွင့်ဝင်လာသူကို ငေးကြည့်နေတုန်း တစ်ခါမှ မမြင်ဖူးတဲ့လူစိမ်း တစ်ယောက်ကို ကြည့်သလို ဝေးကွာ သွားလိုက်တာ။ ဘာခံစားချက်မှကို မဖြစ်လာတော့တာတဲ့။
"အန်တီရယ် ... ကျွန်တော့်စိတ်ကို ကျွန်တော်အံ့ရော။ အဲသလောက် ပြတ်သားနိုင်မယ်မှန်း ထင်ကို မထင်တာ။ သူ့ခမျာ ဒုက္ခကြီးလိုက်တာ လို့ပဲ တွေးမိတယ်။ တစ်ချိန်တည်းမှာ ကျွန်တော့် သမီးကလေး မျက်နှာကို မြင်နေတာ။ သမီးလေးအတွက် ကျွန်တော် ရှိနေမှ ဖြစ်မှာဆိုတဲ့ အတွေး ဝင်လာတော့ သူ့ကို လျစ်လျှူရှုဖို့ပဲ ဆုံးဖြတ် လိုက်တော့တယ်။ သံသရာ မရှည်ချင်တော့ဘူး အန်တီရယ်။ ကျွန်တော့် ကုသိုလ်၊ သမီးရဲ့ ကုသိုလ်ပေါ့။ ချက်ချင်းပဲ ဒီဆေးရုံကို ပြောင်းမိန့်တောင်းပြီး တစ်ခါတည်း ပြောင်းလာ ခဲ့တော့တာပဲ"
"ဖြစ်ရလေ" လို့ ကူညည်းပေးရုံပဲ တတ်နိုင်တာ မဟုတ်လား။
"ဆရာ ... ဆရာ"
ချိုအေးနွဲ့သော အသံကလေးကို ကြားလိုက်တာနဲ့ ဆရာမလေး နန်းမူမှန်း သိလိုက်တယ်။ သမီးဆီ လာတာ။
"နန်းရေ ... လာဟေ့။ သမီးတော့ မရှိဘူး"
"ဪ ... အန်တီ မှောင်ကြီးထဲ ထိုင်နေတယ်လား"
"ဟုတ်ပါရဲ့ နန်းရယ် ... အန်တီလဲ ထိုင်လက်စနဲ့ ဆေးရုံဆိုတော့ မီးပြတ် ခဏပဲ မဟုတ်လား"
"ဟော ... ဟော ... တွေ့လား။ နန်းလာတာနဲ့ မီးပြန်လာပြီ။ နန်းက မီးကို ခေါ်လာတာ။ နန်းသာ မလာသေးရင် အန်တီ မှောင်ကြီးထဲ ထိုင်နေရဦးမှာ"
ဖြာကနဲ လင်းသွားသော မီးရောင်အောက်မှာ သနပ်ခါး အဖွေးသား ပန်းရောင် ဝမ်းဆက်ကလေးနဲ့ လှချင်တိုင်း လှနေတဲ့ နန်း၊ ရှမ်းမလေးပီပီ ဖြူဥသော အသားအရေက ဘာဝတ်ဝတ် ကြည့်လို့ကောင်းမြဲ။ ချိုအေးဖော်ရွေ သွက်လက်တဲ့ ဟန်ပန်က လူတကာကို ရင်အေးစမြဲ။
အဲဒီလို ယဉ်ကျေးဖော်ရွေ သွက်လက်တဲ့၊ ချစ်စရာကောင်းတဲ့၊ ရင်အေးဖွယ် အလှပိုင်ရှင် နန်းမှာ "မနာလိုလို့ ပြောကြတာတွေပါ အန်တီရယ်" လို့ ပြောတတ်တဲ့ အဖြစ်တစ်ခု ရှိတယ်။
နန်းရဲ့ဆရာဝန်လေးက ဂျူတီက ထွက်တာနဲ့ ပုလင်းထောင်တော့ တာပဲ။ တာဝန်ကိုလည်း အလေးအနက် မထားတတ်ဘူး။ နယ်မြို့ကလေးရဲ့ ဆေးရုံကလေးမှာ နယ်စိတ်နဲ့ ဝိုင်းဝန်း ကူညီတတ်တဲ့ ပတ်ဝန်းကျင်သာ မရှိရင် အခုချိန် လမ်းပေါ် ရောက်နေရောပေါ့။ အခုတော့ အလုပ်ကိုလည်း မလေးစား။ ကိုယ့်ဘဝကိုလည်း မလေးစား။ အဲဒီလိုလူက "ချစ်သူ" ဆိုတာကို အလေးအနက် ထားမတဲ့လား။
အမြဲတမ်း မလောက်မင ဖြစ်နေတဲ့ ငွေကြေးအတွက် သူ့ရဲ့အဖော်မဲ့ အချိန်တွေမှာ အပျင်းဖြေဖို့အတွက် နန်းကိုအသုံး ချနေတာပါလို့ အားလုံးက တညီတညွတ်တည်း ယုံကြည် လက်ခံနေချိန်ထိ နန်းက မျက်လုံး စုံမှိတ်ပြီး "ချစ်သူ" လို့ ယုံစားနေတုန်း။
"အလကားပါဗျာ ... ကျုပ်ကိုတောင် ဒီလောက် လိုက်လျောနေတာ ... ကျန်တဲ့ကောင်တွေနဲ့ ဘယ်ပြော ကောင်းမတုန်း။ လှည်းကျိုး ထမ်းဖို့တော့ ဝါသနာမပါဘူး ကိုယ့်လူရေ ..."
မီးမီးလေးက သူ့နားနဲ့ ဆတ်ဆတ် ကြားခဲ့တဲ့ ဆရာဝန်ရဲ့စကားတွေကို ပြန်ပြောပြရင်း
"မေမေ ဘယ်လို လုပ်မလဲ။ မီး နန်းကို ပြောပြချင်လိုက်တာ။ ဒီလောက် နိမ့်ကျတဲ့ လူမျိုးကို မီးရွံလိုက်တာ။ မီးဘယ်လို ပြောလိုက်ရင် ကောင်းမလဲဟင် မေမေ"
ဒါပေမယ့် ဘယ်သူတွေ ဘာပြောပြော နန်းရဲ့အသိဉာဏ်တွေကို ပိတ်ဆီးထားတာက "အချစ်" နဲ့ "ယုံကြည်မှု" ပဲ။ ချစ်သူကိုချစ်တဲ့ အချစ်ရယ်။ ချစ်သူအပေါ် ထားရှိနေတဲ့ ယုံကြည်မှုရယ်။ အဲဒါတွေက တံတိုင်းကြီးလို ကာရံထားမှတော့ အသိဉာဏ်ထဲမှာ ကျန်ခဲ့တဲ့ စကားတွေကို လက်ခံနိုင်လောက်တဲ့ နေရာ မရှိတော့ဘူးပေါ့။
"ဟင့်အင်း ... သမီး မပြောရဘူး။ သမီးက နန်းဘက်က တကယ်နာလို့ ဖွင့်ပြောပြီး တားပေမယ့် နန်းက သမီးကို အထင်လွဲသွား လိမ့်မယ်။ အခု နန်းက သမီးကို ယုံကြည်လေးစား ချစ်နေတယ် မဟုတ်လား။ သမီး နန်းကို သတိပေးလိုက်တာနဲ့ သမီးကို အထင်လွဲမှာ သေချာတယ်။ မေမေ ရှင်းရှင်းပဲ ပြောမယ်။ သူ့ကို မနာလိုလို့ ပြောတာပဲ ထင်သွားလိမ့်မယ်။ ဘာဖြစ်လို့ မေမေ ဒီလိုပြောလဲ သိလား။သမီးပြောမယ့် စကားမျိုး မေမေ ပြောခဲ့ပြီးပြီ"
"ရှင်"
"မေမေ ကြားရသမျှတွေကို သွယ်သွယ် ဝိုက်ဝိုက်ကလေး သူနားဝင်အောင် သတိပေးခဲ့တယ်။ နန်းက ဘာပြောတယ် မှတ်လဲ"
"မနာလိုလို့ ပြောကြတဲ့ စကားတွေပါ အန်တီရယ်။ အနိမ့်အမြင့် မတူတဲ့ ဘဝတွေအတွက် ဒါတွေက ကြုံရမှာပဲ မဟုတ်လား။ နန်း ခံနိုင်ရည် ရှိပါတယ်" တဲ့။
နန်းကို ရှေ့ထားပြီး နန်းအကြောင်း တွေးနေတဲ့ ကျွန်မကို နန်းအသံက လှုပ်နှိုးတယ်။
"အန်တီ တစ်ယောက်တည်း ပျင်းနေမှာပေါ့။ နန်း အဖော်လုပ်ပေး မယ်လေ။ ဆရာ့ကိုလည်း စောင့်ရင်း"
"အန်တီ့အတွက်တော့ ပျင်းတယ်လည်း မဟုတ်ပါဘူး နန်းရယ်။ အန်တီတို့ အသက်အရွယ် မှာတော့ ဘုရား၊ တရားအလုပ်က နန်းတို့ ဆေးရုံတွေလိုပေါ့။ ၂၄ နာရီ တာဝန် ရှိနေတာပဲ မဟုတ်လား"
"အယ် ... တို့အန်တီက အပြောကောင်း"
"ဟုတ်တယ် ...နန်းရဲ့ တစ်ခုတော့ ရှိတာပေါ့။ နန်းတို့ဆရာ ပြန်မလာမချင်း အန်တီ ဘာမှလုပ်လို့ မရဘူး။ မီးမီး ပြန်လာမှ။ မီးမီးကို ထမင်းခူးကျွေး။ သူထမင်းစားတာ ထိုင်စောင့်။ မီးမီးနဲ့ အန်တီနဲ့ ပြောစရာရှိတာ ပြောဆိုပြီး သူလည်း စာအုပ်ကိုင်၊ အန်တီလည်း ဘုရားခန်းဝင်။ အဲ ... မီးမီး ပြန်မလာသေးခင်တော့ ဘုရားရှိခိုးရတာ၊ ဘုရားစာ ရွတ်ရတာကို စိတ်မဖြောင့်ဘူး"
"အန်တီ့လို အမေမျိုးနဲ့ ကြုံရတာ ဆရာ ကံကောင်းလို့ပေါ့နော် အန်တီ။ နန်းတို့ မောင်နှမတွေကတော့ အမေ့ကို မှတ်မိတယ် ဆိုရုံပဲ ... နန်းတို့ ငယ်ငယ်လေး ကတည်းက ဆုံးသွားတာလေ"
"ဪ ... ဖြစ်ရလေ မီးမီးတို့ မောင်နှမလည်း နန်းတို့လိုပါပဲ။ မီးမီး သူငယ်တန်း တက်တဲ့နှစ် သူတို့အဖေ ဆုံးတာလေ။ အဲဒါကြောင့်လည်း အန်တီက မီးမီးတို့ မောင်နှမကို ပိုသနားတာ။ မီးမီး ဆေးကျောင်း တက်တဲ့အထိ အန်တီက အိတ်လွယ်ပြီး ကျောင်းလိုက်ပို့တာ။ မီးမီးတို့ ခုနစ်တန်း၊ ရှစ်တန်းတွေတုန်းက ဆိုရင် အန်တီ ကျောတွေအောင့်တာ ဆေးလိမ်းယူရတယ်။ သူတို့ မောင်နှမ နှစ်ယောက်ရဲ့ အိတ်တွေ အန်တီ ဒိုင်ခံ လွယ်ပေးတာ။ လက်တစ်ဖက်က သူတို့ ထမင်းချိုင့်ခြင်းကို ကိုင်ရသေးတာလေ။ ပုံနှိပ်စာအုပ်ဆို ဘာသာရပ်ပေါင်းစုံ ထည့်ရတာ မဟုတ်လား။ သားနဲ့သမီးကို လွယ်အိတ် မလွယ်ခိုင်းရက်ဘူး။ သူများမိဘတွေ တတ်နိုင်လို့ ကိုယ်ပိုင်ကားနဲ့ ကျောင်းပို့တယ်။ အန်တီက မုဆိုးမ မဟုတ်လား။ ကိုယ်ပိုင်ကားနဲ့ မပို့နိုင်ပေမယ့် သားနဲ့သမီးကို တတ်နိုင်သမျှ သက်တောင့်သက်သာ ကျောင်းတက် စေချင်တာ"
ကျွန်မ စကားပြောတာကို ငေးနေတဲ့ နန်းရဲ့ မျက်ဝန်းထဲမှာ တစ်ခုခု ပြောချင်နေတဲ့ ပုံရိပ်တွေ ...
"အန်တီ တစ်ယောက်တည်း ပေါ့နော် ..."
ကျွန်မ နှစ်နှစ်ခြိုက်ခြိုက် လိုက်မိတယ်။ အခုပဲ အဲဒီအကြောင်းတွေ တွေးနေမိတာ မဟုတ်လား။
"အန်တီ့အတွက် သားနဲ့သမီးထက် ကောင်းတဲ့ ဘဝအဖော် မတွေ့ဖူးဘူး။ သားနဲ့သမီးထက် လုံခြုံတဲ့ မေတ္တာရိပ် မကြုံဖူးဘူး။ သားနဲ့သမီးထက် အားကိုးနိုင်မယ့်သူ စိတ်ကူးထဲတောင် မပေါ်ဖူးပါဘူး နန်းရယ်"
"အန်တီ့ရဲ့ စိတ်ကို အားကျလိုက်တာ ... နန်းကတော့ ..."
အသံလေး မှိန်ဖျော့ပြီး စကားတန်းလန်းနဲ့ ရပ်သွားတဲ့ နန်းကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ အလုပ်ကိုယ်စီနဲ့ ၂ နှစ်ကျော် လက်တွဲလာခဲ့တဲ့ ချစ်သူဆီက လက်ထပ်ခွင့်ကို မျှော်နေတဲ့ နန်းအတွက် ကျွန်မစကားတွေက ခံစားစရာတွေများ ဖြစ်နေလေရော့ သလား။ အားလုံးရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသလို၊ စိတ်ဝင်စားစရာ မကျန်တော့လောက်အောင် "အတွင်းရေး" တွေ ဖွင့်ချ၊ ပတ်ဝန်းကျင်က မသိချင်မှအဆုံး ဖြစ်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းကို နန်းကိုယ်တိုင်က ဘာမှမသိဘူး ထင်ပါ့။ ပြောပြရင်လည်း "မနာလိုကြလို့ ပြောစကားတွေ" ဖြစ်ဦးမယ် မဟုတ်လား။
"နန်းဆရာက မြို့ထဲ ဆေးသွားဝယ်တာ နန်းရဲ့ ... ခဏနေ ပြန်ရောက်တော့မှာပါ"
"ဪ ...နန်းလည်း ဆရာ့ကို တိုင်ပင်စရာရှိလို့ လာခဲ့တာ။ အန်တီ့ကိုပဲ အရင်တိုင်ပင်ရဦးမယ်"
"ပြောပါနန်းရဲ့ ... အားမနာပါနဲ့"
"ဒီလို အန်တီရယ် ... နန်းအစ်မ တစ်ဝမ်းကွဲက စင်္ကာပူမှာ။ နန်းကို ခေါ်နေတာ ကြာပြီ။ အဲဒါ နန်း သွားရင် ကောင်းမလားလို့"
"ဪ ... ဒါများ နန်းရယ်။ ဟိုမှာ လူခံလည်း ရှိပြီးသား။ ကိုယ့်ဘဝ တက်လမ်းကို ဘာတွေများ စဉ်းစားနေရတာလဲ"
နန်းက ပြုံးပြုံးကလေးနဲ့ ငြိမ်နေတယ်။ ပြီးတော့မှ ရွံ့တွန့်တွန့် အမူအယာနဲ့
"နန်းက ကိုအောင့်ကို ခေါ်နေတာ အန်တီ။ သူရော၊ နန်းရော အနည်းဆုံး ၅ နှစ်လောက် နေလိုက်ရင် နန်းတို့နောင်ရေး စိတ်အေးရပြီ။ ပြီးတော့မှ မြန်မာပြည် ပြန်လာ ဆေးခန်းပဲ ဖွင့်ဖွင့်၊ သူလုပ်ချင်တယ်ဆိုတဲ့ နယ်စွန်နယ်ဖျားပဲ သွားကုကု၊ နန်းတို့မှာ ခိုင်နေလောက်ပြီ မဟုတ်လား"
"မလိုက်ဘူးတဲ့လား"
"ဟုတ်တယ် ... စင်္ကာပူမှာ နန်းအတွက် အဆင်အပြေဆုံးပဲတဲ့။ သူနဲ့ဆို သိပ်အဆင်ပြေမှာ မဟုတ်ဘူးတဲ့။ နန်း ဖွင့်ချင်တဲ့ ဆေးခန်းကို သူ စ,ထားနှင့်မယ်တဲ့။ နန်းပို့တဲ့ငွေနဲ့ အရှိန်ယူထားနှင့်မယ်။ နန်းပြန်လာတဲ့အခါ အောင်မြင်တဲ့ဆေးခန်းကြီး ဖြစ်နေပြီပေါ့။ ဟိုမှာ ၅ နှစ်လောက် နေပြီးမှ ဒီပြန်လာရင် အစကနေ စ,ဖို့ခက်နေ၊ ကြာနေလိမ့်မယ်တဲ့။ ပတ်ဝန်းကျင်၊ အဆက် အသွယ် အားလုံးပဲ တစ်က ပြန်စ,နေရ လိမ့်မယ်တဲ့။ အဲဒါလည်း ဟုတ်တာပဲနော် အန်တီ"
"နန်းက အန်တီ့ကို တိုင်ပင်တယ်။ နန်းမှာလည်း အမေဆုံးသွားပြီး ဆိုတော့ နန်းအမေ နေရာက မေးခွန်းတစ်ခု အန်တီ မေးမယ်နော်"
"အော ... မေးပါ အန်တီ မေးပါ"
"နန်းတို့ လက်ထပ်ပြီးမှ သွားမှာလား"
"အော" ဆိုတာ ရှမ်းလိုဟုတ်ကဲ့လို့ ပြောတာတဲ့။ အကျင့်ပါနေတဲ့ ရှမ်းမလေးက အရင်စကားတွေတိုင်း တအောအောနဲ့ ဟုတ်ကဲ့ ခဲ့သမျှ ဒီစကားမှာ ငိုင်နေတော့တာ။ ငါဘာတွေ စပ်စုမိနေပါလိမ့်။ ဝင်ပါမိနေပါလိမ့်လို့ တွေးမိတဲ့အတွေးကို ရိုးသား အေးချမ်းတဲ့ နန်းကို သနားစိတ်က အာခံတုံ့ပြန်တယ်။
ယောက်ျား တစ်ယောက်က ကိုယ့်ကို ဘာအတွက် ပတ်သက်နေသလဲ။ အဲဒီယောက်ျားရဲ့ ရည်ရွယ်ချက်က ဘာလဲ သိနိုင်နေတယ်။ ပတ်ဝန်းကျင်ကလည်း သတိပေးနေတယ်။ ဒါပေမယ့် အဖြစ်မှန်ကို မမြင်နိုင်လောက်အောင် လောင်ကျွမ်းနေတဲ့မီး ... ဒီမီးကိုကော ဘယ်လို သတ်မှတ်ရမလဲ။ အင်း ... နောက်တီးနောက်တောက် သတ်မှတ်ရရင် ရှေ့မီးပေါ့။ မီးတော့မီးပဲ။ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ ပတ်ဝန်းကျင်က သတိထား စုတ်သပ်မိလောက်အောင် လောင်တဲ့မီး။ ရှေ့မီး ဟုတ်တယ်။
အရေးပေါ်ကြောင့်ပဲ ဖြစ်ဖြစ်။ မေ့လို့ပဲ ဖြစ်ဖြစ်။ ရှေ့မီးကြီးဖွင့်ပြီး မောင်းလာတဲ့ ကားတစ်စီးအပေါ် ပတ်ဝန်းကျင်က အာရုံစိုက်မိ တတ်ကြတာ သဘာဝပဲ မဟုတ်လား။
ဒေါသ ... မီး။ လောဘ ... မီး။ မောဟ ... မီး။ ဒီကိလေသာ ရမ္မက်မီးတွေဟာ ပုထုဇဉ် မှန်သမျှကို တစ်နည်းမဟုတ် တစ်နည်းတော့ လောင်ကျွမ်းတတ် စမြဲပဲ။ အဲဒီ လောင်ကျွမ်းမြဲ မီးတွေကို သတိလေး ထိန်းကွပ်၊ အသိဉာဏ်လေးနဲ့ ယှဉ်ပြီး ငြှိမ်းသတ်နိုင်ပါမှ ပစ္စုုပ္ပန်ရော၊ သံသရာပါ အေးချမ်းနိုင်မယ် မဟုတ်လား။ ဆန္ဒနောက်ကို လိုက်ပြီး လိုလိုချင်ချင် အလောင်ကျွမ်း ခံလိုက်တဲ့ တဒင်္ဂမှာ အရာရာ ဆုံးရှုံးသွားနိုင်တယ် ဆိုတာ ဘာလို့များ သတိမမူနိုင်ကြပါလိမ့်။
ဆရာဝန်ကြီးကတော်၊ ခွဲစိတ်ခန်းအကူ မောင်သန်းရဲ့မိန်းမ၊ သူတို့တွေကို မှန်းဆ မြင်ယောင်ကြည့်ရင်း ချစ်စရာ ကောင်းလှတဲ့ နန်းရဲ့အပြုံးကို ကရုဏာသက်ရင်း နောက်ထပ် မြင်လာတဲ့ မျက်နှာတစ်ခု။ ဆေးရုံရှေ့ စတိုးဆိုင်က "မျိုးမျိုးဆွေ"။ ကံမကောင်း အကြောင်းမလှစွာဘဲ အိမ်ထောင်နှစ်ဆက် တည်ဆောက်မိခဲ့သူ။ တရားဝင်လက်ထပ်၊ တရားဝင်ကွာရှင်း ပြီးခဲ့တဲ့ နှစ်ခုလပ်မလေး။ ဘဝအတွက် အလုံခြုံဆုံးက ယောက်ျား တစ်ယောက်ရဲ့ ရင်ခွင်လို့ သတ်မှတ်ပြီး လုံခြုံရာရင်ခွင် ရှာနေခဲ့တာ မောရောပေါ့။ ချမ်းသာသမျှ ငွေကြေးနဲ့ ဘဝကို သက်သောင့်သက်သာ ကျော်ဖြတ်နိုင်ရဲ့သားနဲ့ ပိုးဖလံမျိုး မီးကိုတိုး ဆိုသလိုပဲ မီးတောထဲမှာမှ ပျော်မွေ့လေသူ။
မိန်းမတို့ အဆင်းဟာ ငွေကြေးဥစ္စာ ဆိုတဲ့ စကားကို ပြောင်းပြန်လှန်ပြီး ကိုယ်ပိုင်ဆိုင်တဲ့ ငွေကြေးနဲ့ အဆင်းသဏ္ဍာန် လှပမှုကို ဖန်တီးပြီးမှ အဖော်ရှာသူ။ ဒါပေမယ့် သူရှာတဲ့ အဖော်က ...။
မျိုးမျိုးဆွေက ပင်ကိုယ်ချော။ ဒါပေမယ့် ၄၀ ကျော်ဆိုတဲ့ အသက် အတိုင်းအတာမှာ တည်ငြိမ်အေးချမ်းတဲ့ အလှထက် ပူလောင်တဲ့ အလှကိုမှ ဖန်တီးသူ။ တင်းကျပ်တဲ့ အဝတ်အစားတွေက ခန္ဓာကိုယ်ကို ရုန်းကြွစေတယ်။ အရောင်မျိုးစုံတဲ့ မျက်နှာရဲ့ အလှတရားက မြင်ရသူကို စိတ်ပင်ပန်း စေတယ်။ မျိုးမျိုးဆွေ ဆိုတာ အလှနဲ့ ငြိမ်းချမ်းမှုထက် အလှနဲ့ မြှူဆွယ်မှုရဲ့ ပြယုဂ်ပဲ။
မျိုးမျိုးဆွေရဲ့ ပိုင်ဆိုင်မှုက သူလုပ်ချင်တာ လုပ်ခွင့် ရလောက်အောင် ပြီးပြည့်စုံတယ်။ နောက် သတ္တိရှိတယ်။ သူ့ရဲ့ တွဲဖော် ကိုမျိုးသန်းကို အစစအရာရာ ထောက်ပံ့ရုံတင် မကဘူး။ ကိုမျိုးသန်းရဲ့ အရင်မိသားစု အတွက်ပါ စဉ်းစားနေရသေးတာ။
"ကွာတော့ မပေးပါရစေနဲ့ ... အပြိုင်ပေါ့။ ဖြစ်တယ် မဟုတ်လား"
မြို့ကလေးမှာ ရေပန်းစားနေတဲ့ စကားလုံးလေးပေါ့။ ပျော်ရွှင်စွာ နေထိုင်ကြလေသတည်း ဆိုတဲ့ ပုံပြင်လေးလို အဆုံးသတ်ချင်ပေမယ့် မျိုးမျိုးဆွေမှာ ဒူးနဲ့မျက်ရည် သုတ်နေရတာ ရင်းနှီးသူတွေပဲ သိတယ်။ တစ်ဖက်က လိမ္မာတော့ မျိုးမျိုးဆွေရဲ့ ပိုင်ဆိုင်မှုတွေ ကိုမျိုးသန်းလက်က တစ်ဆင့် တစ်ဖက်ကို ပုံစံအမျိုးမျိုးနဲ့ ရောက်ကုန်ရော။ သိတဲ့အချိန်မှာ လောင်မှန်းမသိ လောင်တဲ့မီးက ငြှိမ်းမရနိုင်တော့ဘူး ... ငြှိမ်းမနိုင်တော့ဘူး ...
အလှပြင် မပျက်ပေမယ့် နဂိုနေထက် အများကြီး အိုစာသွားတော့ ရင်းနှီးသူတွေက မခံချင်ကြဘူး။ ဒါပေမယ့် မျိုးမျိုးဆွေ ကိုယ်တိုင်က ပါဝင်နေမှတော့ ပတ်ဝန်းကျင်က ဘာတတ်နိုင်မတဲ့လဲ။
ကိုမျိုးသန်းတို့စုံတွဲ ထွက်တော်မူ နန်းကခွာလို့ ပွဲတက်ချိန်တွေမှာ ပိုးခန်းဆီးနောက်ကွယ်က မျိုးမျိုးဆွေရဲ့မျက်ရည်တွေ။ အထီးကျန်မှုတွေ ... စိတ်အားငယ်မှုတွေ ... အရှက်ရ သိမ်ငယ်မှုတွေ၊ ရင်ထဲမှာ ပူပြင်း တောက်လောင်နေတဲ့ မငြိမ်းနိုင်တဲ့ မီးတွေ၊ အသက်ရှင်ရုံကလေး ကျန်တော့တဲ့အဖြစ် ။ မာန၊ အရှက်သိက္ခာ၊ ငွေကြေး၊ စည်းစိမ်ဥစ္စာတင်မက ဘဝတစ်ခုလုံးကိုပါ လောင်မြိုက်နေတဲ့မီး။
ဝန်အပြည့်နဲ့ ဆိုက်ကားသမားတွေ မြင်မိတိုင်း မျိုးမျိုးဆွေကို သတိရမိတယ်။ ကိလေသာကုန်းတက်ကို ကိုမျိုးသန်းတို့ စုံတွဲဘေးမှာတင်ပြီး ရုန်းနေရတဲ့ အမျိုးသမီး၊ လွယ်အိတ်လို နောက်မှာမနေနိုင်၊ ရှေ့မှာမနေနိုင်၊ ဘေးက ကန့်လန့်လိုက်ရတဲ့ ဘဝ၊ တရှိန်ရှိန် တောက်လောင်နေတဲ့မီး၊ ဒီမီးကို ကျွန်မရဲ့အတွေးနဲ့ နာမည်ပေးရရင်တော့ ဘေးမီးလို့ပဲ ပေးလိုက်ချင်ပါ တော့တယ်။
နောက်မီး ... ရှေ့မီး ... ဘေးမီး ... အမျိုးမျိုးသော ကိလေသာ ရမ္မက်မီးတွေ လောင်ကျွမ်းနေကြတာဟာ အရင့် အရင်မှာလည်း ဘဝပေါင်းများစွာ နောင်သံသရာမှာလည်း ဘဝပေါင်းများစွာ ကမ္ဘာတည်သရွေ့ ဒီမီးတွေ တည်ရှိနေဦးမှာပါပဲ။
ဘဝတွေ ... ဘဝတွေမှာ အမှောင်နဲ့ ကြုံလာကြရတဲ့အခါ အလင်းရောင် ရှာတတ်ကြတာ သဘာဝတဲ့။ ဒါပေမယ့် အဲဒီ သဘာဝတွေကို တွန်းလှန် ကျော်ဖြတ်နိုင်မှ လေးစားစရာ ကောင်းတဲ့၊ အားကျအတုယူစရာ ကောင်းတဲ့ "လူ" တစ်ယောက် အဖြစ် စံတင်ဂုဏ်ယူ နေနိုင်မယ်လို့ ကျွန်မ ထင်ပါတယ်။
"အခြား ပုဂ္ဂိုလ်များရဲ့အားပျော့ချက်၊ ချို့ယွင်းချက် အပေါ်မှာ ကိုယ်ချင်းစာမှု၊ ငဲ့ညှာထောက်ထားမှု ထားတာဟာ လူရဲ့ တာဝန်ဝတ္တရား ဖြစ်တယ်"
"စိတ္တရလေခါ" ဝတ္ထုထဲက ဖတ်မှတ်ခဲ့ဖူးတဲ့ သဘောတရားအရ လူရဲ့ တာဝန်ဝတ္တရားတွေ ကြားထဲမှာ အကောင်းအဆိုး ဒွန်တွဲမှုတွေကို ဝေဖန်ပိုင်းခြား ဆန်းစစ်ရင်း အမှောင်ထဲမှာ ကျင့်သားရနေတဲ့၊ ဘယ်မီး အလင်းရောင်ကိုမှ မလိုအပ်တဲ့ သားနဲ့သမီးရဲ့ ပြီးပြည့်စုံသော ချစ်ခြင်းတွေနဲ့ သက်ဝင်ရှင်သန်နေတဲ့ မိန်းမတစ်ယောက် အဖြစ် ရပ်တည်နိုင်ခဲ့တာ ဆယ်စုနှစ် နှစ်ခုကို ကျော်လွန်ခဲ့ပြီ မဟုတ်ပါလား ...။
အဖြူရောင် (ရွှေ)
မဟေသီ၊ ဇန်နဝါရီ၊၂၀၀၈။
မဟေသီ၊ ဇန်နဝါရီ၊၂၀၀၈။
No comments:
Post a Comment