Friday, June 3, 2016

မှောင်ကာမည်းလေမှ လင်းလက်လာသည့် ရောင်စဉ်ဖြာ (မသီတာ (စမ်းချောင်း))


"ဟေ့ ပလာတာကို ငါယူမှာနော်" သူ့ကိုယ်သူ ဘောလုံးဘုရင်ဟု ယူဆထားသော 'လီပီ'က ဦးဦးဖျားဖျား ကြေညာလိုက်သည်။

"ဒါဆို ငါက 'အဘိုးကြီး' ယူမယ်"

တစ်ဖက် အသင်းခေါင်းဆောင် 'စိန်တံဆိပ်' ကလည်း အပြိုင် ကြေညာလိုက် ပြန်သည်။

"ငါတော့ လီပီဘက် သွားမယ်ဟေ့"

'မြဦး (ခေါ်) မျောက်' ကတော့ လီပီ၏ ဘောလုံးပညာကို ရိုသေရင်းစွဲမို့ ကိုယ့်ဘာသာကိုယ် အသင်းရွေးလိုက်သည်။

"ဟေ့ကောင် ... မျောက် ... မင်းဘာလို့ စိန်တံဆိပ်ဘက် မသွားလဲ၊ ငါတော့ စိန်တံဆိပ် ဘက်ကပဲ နေမယ်။ မင်းလဲ သည်ဘက် လာဟာ"

'စာကလေး' ကတော့ အငြင်းသန်တာချင်း တူသည့် စိန်တံဆိပ် ဘက်ကပင် နေလိုသည်။ သူ နေလိုသည်တင်မက မျောက်ကိုပါ မြူဆွယ်လိုက်သည်။

"အံ့မယ် ... မလာပါဘူး၊ စိန်တံဆိပ်က ညစ်တယ်"
"တော်ကွာ ... ငြင်းနေတာနဲ့ပဲ မှောင်တော့မယ် ... ကဲ ... ကဲ ငါ့ဆီမှာ ပလာတာရယ်၊ မျောက်ရယ်၊ ဖိုးမန်းချူးရယ် ... ဟုတ်လား"

လီပီက အသက် အကြီးဆုံးပီပီ ဖြန်ဖြေလိုက်သည်။

"နာကကော ဘယ်ဒူ့ဘက် တွားရမှာလဲ"

'အပလို့' က အူကြောင်ကြောင် ဝင်မေးလိုက်သည်။

"ဟ ... အပလို့ဂျိရ၊ နင်က ငါတို့ဘက်ကပေါ့"

အဘိုးကြီးက အပလို့ကို နောက်လိုက်ပြန်သည်။ အပလို့ကတော့ "နင်နော် ... နင်" ဟုဆိုကာ လက်သီးထောင်ပြသည်။

ကဲ ... ဘောလုံးပွဲ စပြီ။ ဘောလုံးပွဲ ကျင်းပရာ ကွင်းပြင်။ အဲ ... ကွင်းပြင်ဟု ဆိုလျှင် မုသား ပါရော့မည်၊ ကတ္တရာလမ်း။ တစ်နည်းအားဖြင့် စမ်းချောင်း တောင်ရပ်ကွက် ဆီဆုံလမ်း၏ အလယ်ပိုင်း။

အဘိုးကြီးတို့ အိမ်က အိမ်ရှေ့ရှိ မြေကပြင်ကို အင်္ဂတေ ကိုင်ထားသဖြင့် ဘောလုံးပွဲ ကျင်းပဖို့ မြေအခြေအနေ ကောင်းသွား လေသည်။ ထားတော့။ ဘောလုံးပွဲတွင် ဒိုင်လူကြီး မရှိ။ ဘာစည်း ညာမျဉ်း မရေးထား။ ဂိုးတိုင်ကိုကား အမျိုးအစား မတူသော ဖိနပ် လေးရံစီဖြင့် သတ်မှတ်ထားသည်။

"ဟေ့ ဖိုးမန်းချူးနော် ... ဂိုးမခိုးနဲ့ သိလား"
"ဘယ်မှာ ခိုးလို့လဲကွာ၊ ခုနက ကားဖြတ်သွားလို့ တိုက်မိတဲ့ ဖိနပ်ကို ပြန်စုထားတာပဲကွ"
"အေး ... အဲဒီမှာ ဂိုးကို နည်းနည်း ကျဉ်းလိုက်တယ် မဟုတ်လား၊ ငါ့မှာလဲ မျက်စိ ပါပါတယ်ကွ"
"မင်းမှာ မျက်စိပါမှန်း ငါသိသားပဲ"
"အံမယ် ... မင်း ညစ်ပတ်ထားလည်း ငါသိတယ်ကွ"

ဖိုးမန်းချူး၏ ဖြူဖြူဖွေးဖွေး မျက်နှာသည် တဖြည်းဖြည်း နီသည်ထက် နီလာ၏။ ပလာတာကလည်း ခါးတောင်းကြိုက် လိုက်သည်။ ဗလာကျင်းနေသော ကိုယ်ကို ခန့်ခန့်ကြီး လုပ်ပြီး လက်ခမောင်း ခတ်ရင်း သမန်းကျား အိုက်တင် ဖမ်းလိုက်သည်။

"ဟေ့ ... ဟုတ်တယ်ကွ၊ ဖိုးမန်းချူး ငပုတ်ကြီး"

အပလို့ကပါ ဝင်ထောင်သည်။

"ဟေ့ ... ကိုယ့်လူကို ကိုယ်ကြည့်ပြောဦးကွ၊ ကိုယ့်ဘက်က မှန်မှ သူများကိုပြော၊ မဆိုင်ရင် လာမကိုင်နဲ့၊ သိသွားမယ်"

မျောက်လည်း သွေးကြွလာ၏။

"တော်ကြစမ်းပါကွာ၊ ငါမြင်ပါတယ်၊ ဖိုးမန်းချူး မှန်ပါတယ်ကွ၊ သူ့ဘာသာသူ ဖိနပ်ကို သေချာ ပြန်ထားသားပဲ၊ မခိုးပါဘူး"

လီပီ ငြိမ်မနေနိုင်တော့ဘဲ ဝင်ပြောလိုက်သည်။ သည်ကောင်တွေ ခက်ကိုခက်သည်။ ကစားတောင် မကစားရသေးဘူး။ ပြဿနာက စပြီ။

"ကဲ ...ကဲ ... စမယ်နော်"

စိန်တံဆိပ်က ပြောပြောဆိုဆိုနှင့် ဘောလုံးကို အဘိုးကြီးထံ လှမ်းပေးသည်။ အဘိုးကြီးက စာကလေးထံ လှမ်းအပေးတွင် ပလာတာက ဖြတ်ယူလိုက်သည်။

"ဟုတ်ပြီကွ၊ ပလာတာကွ၊ ရိုက်ထားကွ၊ ပလာတာ ပူပူလေးနော်။ ပဲပလာတာ ကြွပ်ကြွပ် ရွရွလေး"

ဖိုးမန်းချူးက ဂိုးနားတွင် ခုန်ဆွခုန်ဆွ လုပ်ရင်း လှမ်းအော်သည်။ ပလာတာ အားတက် သွားသည်။ အဘိုးကြီး လည်သွားအောင် လှည့်ပစ်လိုက်သည်။ ဘောလုံးသည် အဘိုးကြီး၏ ဘယ်ခြေနား ရောက်လိုက်၊ ညာခြေထောက် ဘေးမှ ပွတ်သွားလျက်။ ခြေနှစ်ချောင်း ကြားမှ ထွက်လာလိုက်နှင့် ပလာတာ၏ ညာခြေထောက်တွင် လှလှပပ လှုပ်ရှား ဆော့ကစားနေသည်။ "သည်ကောင် သည်လို ရှုပ်ရှုပ်ခတ်ခတ် လုပ်လွန်းလို့ ပလာတာ အခေါ်ခံရတာတောင် မမှတ်ဘူး" ဟု လီပီက တွေးနေမိသည်။

"ပလာတာ၊ နင် ပလာတာ ရိုက်တာ ကြာပြီနော်။ မြန်မြန်ပေးကွာ။ ဟေ့ကောင် ပလာတာ ငါ့ဘက်ကို ပေးကွာ။ ပေးစမ်းပါ ဟ၊ ဒီမှာ အချောင်ကြီးကွ၊ အလွတ်ကြီးမှ အလွတ်ကြီးရယ်"

မျောက်က စာကလေးကို အသေကပ်ထားရင်း လှမ်းအော်လိုက်သည်။

ဘောလုံးက အဘိုးကြီး ခြေထဲ ပြန်ရောက်သွားသည်။

"တွေ့လား၊ အလကား အချိန်ဆွဲတာ၊ မင်းသာ ပေးလိုက်ကြည့်၊ ငါ ဒီဘက်ထောင့်ကနေ ကစ်လိုက်ရင် အသာလေး တစ်ဂိုးကွာ"

မျောက် အခဲမကြေ ဖြစ်လာပြီ။

အဘိုးကြီးထံမှ ဘောလုံးသည် စိန်တံဆိပ်ထံ ရောက်သွား၏။ စိန်တံဆိပ်ကလည်း ရွှံ့ဗွက်ထဲ ဖင်ထိုင်လျက် လဲသွား၍သာ စိန်တံဆိပ် ထောပတ်ဟု အမည်တွင်နေ သော်လည်း ဘောလုံးကိုတော့ ကောင်းကောင်း ထိန်းနိုင်၏။ သည်ဘက် ကွင်းဝက်မှ ဟိုဘက် ကွင်းဝက်တိုင် ဆွဲလာနိုင်သည်။ လီပီ ကြည့်မနေနိုင်တော့။ လျှပ်တစ်ပြက် ဝင်ဖျက်သည်။ ဘောလုံးက တစ်ဖက်သို့ ဦးတည်သွားသည်။ စိန်တံဆိပ်က ရှေ့သို့ ငိုက်သွားပြီး နောက် ဘောလုံးမပါဘဲ ရှေ့ကို ဆက်ပြေးနေသေးသည် အတော်ကြာမှ လီပီနောက် ပြေးလိုက်သည်။

"အဘိုးကြီး၊ ကပ်ထားကွ၊ ကပ်ထား"

ပါးစပ်မှလည်း အဘိုးကြီးကို သတိပေးသည်။ လီပီကလည်း ကမ္ဘာ့ ဘောလုံးဘုရင် ပီလီကို ကြိုက်လွန်း၊ ပီလီ့အကြောင်း ပြောလွန်း၍ လီပီဟူသော ဤအမည်ကို ရခဲ့သူ ဖြစ်သည်မို့ မခေလှ။ မခေဆို ဤရှစ်ယောက် အဖွဲ့တွင် လီပီ အတော်ဆုံး၊ အသက် အကြီးဆုံး၊ အရပ် အရှည်ဆုံး၊ နောက် စိတ်အရှည်ဆုံး။

အဘိုးကြီးလည်း ကျိုးနေသော သွားများပေါ်အောင် ပါးစပ်ဟရင်း အပြေး လိုက်ဖျက်သည်။ မရ။ လီပီ ဆက်ဆွဲသွားသည်။ နောက်က လိုက်လာသော စိန်တံဆိပ်ကလည်း ခြေဝင်ထိုးသည်။ လီပီ အသာ ခုန်ရှောင်ရင်းမှ ဘောလုံးကို ဂိုးတိုင်ဆီသို့ လေးဆယ့်ငါး ဒီဂရီ ထောင့်ချိုးမှ ခပ်ပြင်းပြင်း ကန်သွင်းသည်။

"ဂိုး ..."
"လီပီကွ၊ ပီလီ့ဆရာ လီပီကွ"
"ဟေ့ ကလေး၊ ဘေးကို ... ဘေးကို၊ ကလင် ... ကလင်"

ဂိုးဝင်သွားသည်။ မျောက်၊ ပလာတာနှင့် ဖိုးမန်းချူးတို့ ဝိုင်းအော်လိုက်ကြသည်။ မျောက်နှင့် ဖိုးမန်းချူး လက်ဆွဲနှုတ်ဆက်သည်။ လက်မောင်းကို တစ်လှည့်စီ ထိုးလိုက်ကြသည်။ ဖိုးမန်းချူး အနား ရောက်လာသော ဆိုက်ကားဆရာက ပါးစပ်ရော လက်ပါ တစ်ပြိုင်နက် အလုပ် လုပ်လိုက်ရသည်။ ဖိုးမန်းချူးက ခါးကိုတွန့်ရင်း လမ်းဘေး ပြေးကပ်သည်။ တစ်ဖက် ဂိုးတိုင်နားမှ ပြန်ပြေးလာသော လီပီနှင့် တိုက်မိမလို ဖြစ်သွားသည်။ ကြုံတုန်းဆုံတုန်း လက်ဆွဲနှုတ်ဆက် လိုက်သည်။ မြောင်းထဲမှ ဘောလုံးကို လိုက်ကောက်နေရာမှ ပလာတာက "ဂုဏ်ယူပါတယ် ရဲဘော်လီပီ" ဟု လှမ်းအော်သည်။

"လူမချနဲ့ကွ"

အပလို့ တစ်စခန်း ထသည်။

"ဘယ်သူ လူချလို့လဲကွ"

ဖိုးမန်းချူးက ဝင်ငေါက်သည်။ 'သည်ကောင် ဟုတ်ကို မဟုတ်ဘူး၊ ရှာကြံပြီး ပြဿနာ ဖန်တီးဦးမည်။ အလကား။ သည်ကောင်တွေ ဘက်က တစ်ဂိုးမှ မရသေးလို့ သက်သက်ညစ်တာ' ဟု ဖိုးမန်းချူး စိတ်ထဲ အတင်းပြော လိုက်သည်။

"လီပီ ပေါ့ကွ၊ စိန်တံဆိပ် ခြေထောက်ကို တက်နင်းတာ"
"အံမာ၊ ငါ့ကို စိန်တံဆိပ်က ခြေရိုက်လို့ ရှောင်လိုက်တာ။ သူ့ဘာသာသူ ခြေချင်းတိုက်မိတာ ဖြစ်မှာပေါ့"

လီပီ စိတ်ညစ်သွားသည်။ ငါးဖယ်က ပြောင်းပြန်။ သူတို့ဘက်ကလည်း ညစ်သေး။ ကိုယ့်ကိုလည်း ပြဿနာ ရှာသေး။

"ဟေ့ကောင် လီပီ၊ မင်းမညစ်နဲ့နော်။ မင်း မှန်တာကို ဝန်မခံဘူးလား။ ငကြောက် ခွေးကြောက်"

စိန်တံဆိပ်တို့ ဇာတိပြလာပြီ။ မနိုင်လျှင် အညှာကိုင်ကြေး။

"ဟေ့ကောင် စိန်တံဆိပ်၊ မင်းလို အချောက်များ မှတ်နေသလား။ သတ္တိရှိရင် လာခဲ့။ တစ်ယောက်ချင်းပဲ။ လက်နက်မဲ့"
"လုပ်လိုက်လေ ကြာသလားလို့"
"အကြော် ကုန်ပြီဗျို့"

အပလို့က ဝင်နောက်သည်။

"မင်းတို့ကလဲကွာ၊ အချင်းချင်းတွေဟာကို ရန်မဖြစ်ချင်စမ်းပါနဲ့။ အချင်းချင်း ရန်ဖြစ်တဲ့လူကမှ တကယ့်ကို သတ္တိမရှိတဲ့ ကောင်ကွ"

အဘိုးကြီးက ငြိမ်းချမ်းရေးစကား ဆိုသည်။

"ဟေး ... မှန်တယ်ကွ၊ မဟာသုထမိန် အဘိုးကြီးကွ"

မျောက်က လက်ခုပ်လက်ဝါး တီးကာ ဩဘာပေးသည်။ အားလုံး ဝိုင်းရယ်သော်လည်း အဘိုးကြီး မရယ်။ ပြုံးဖြီးဖြီးနှင့် မနည်းကြီး ထိန်းချုပ်ထားသည်။ လီပီလည်း ဒေါသ လျော့သွားသည်။ ဘာပဲပြောပြော၊ သည်လို မှောင်လာသည့် အချိန်မှာတော့ အဘိုးကြီးစကား နားထောင်လိုက်လျှင် ကောင်းမည်။ အိမ်ထဲ ပြန်ဝင်ခါနီးမှ အကွဲအပြဲ မဖြစ်ချင်။ နောက် ကိုယ်ကလည်း အကြီးဆုံး မဟုတ်လား။ သည်သို့ပင် လီပီ တွေးလိုက်သည်။

"ကဲ၊ ဒီနေ့တော့ တော်ပြီ။ ငါ ပြန်တော့မယ်"
လီပီက မသိမသာနှင့် ပြေအေးရေးစကား ဆို၏။

"ဟေ့ကောင် ငကြောက်၊ အလကားကွာ၊ အဘိုးကြီး ပြောတာများ ဂရုစိုက်လို့။ ငကြောက်၊ လီပီ ငကြောက်"

စိန်တံဆိပ်က မကျေမနပ် ပြောပြီး ဂိုးတိုင်နားသွားကာ ဖိနပ်ပုံထဲမှ ကိုယ့်ဖိနပ်ကို ကိုယ်ယူစီးရင်း ကျန်ဖိနပ်များကို ကန်ထည့်လိုက်သည်။ သွားလေရော့။

ဘောလုံးပွဲကား ပြီးသွားသည်။ လီပီတို့ ဘက်က တစ်ဂိုး ဂိုးမရှိနှင့် နိုင်သည်။ သို့သော် ပျော်စရာမကောင်း။

* * *

"ဟေ့၊ ငါတို့နေရာမှာ ဘယ်ကောင်တွေ လာရှုပ်နေတာလဲ"

ဒီနေ့ ဘောလုံးကန်ရန် လူစုပြီးသည်နှင့် ကစားနေကျ ဆီဆုံလမ်း အလယ်ဘက် အဘိုးကြီး အိမ်ရှေ့သို့ လာခဲ့ကြသည်။ ဒီမှာတင် ဟိုကောင်တွေ အုပ်စုကို တွေ့ရ၏။ စုစုပေါင်း ရှစ်ယောက်။ ခြောက်ယောက်က မျက်နှာစိမ်း။

ကျန်နှစ်ယောက်က လမ်းထိပ် မုန့်ဆိုင်နားက ကောင်တွေ။ ဘောလုံးကွင်းကို အပိုင်စီးထား၏။ ဒါမျိုးတော့ မရ။ ကတ္တရာလမ်းပေမယ့် အဘိုးကြီးတို့ ပိုင်သည်။ အဘိုးကြီးနှင့် အဖွဲ့ ပိုင်သည်။ ဒါက ရပ်ကွက်လမ်းနှင့် လမ်းကြားမြေနေရာ ဆိုင်ရာ ကလေးတို့၏ ဥပဒေသ။

"ဟေ့၊ ဒါ ငါတို့နေရာကွ၊ ခါတိုင်း ငါတို့ ကစားနေကျ"

မျောက်က စတင်၍ စိန်ခေါ်သံ ပြုသည်။ ဒီဘက် ဂိုးတိုင်နားက ဖက်တီးလေးက မိုက်ကြည့် ပြန်ကြည့်သည်။ မျောက် စိတ်ထဲတွင် ဒီကောင့်ကို နာမည်လှလှ ပေးလိုက်သည်။ ရွက်ဝါ၊ ရွာဝက်။

ရွက်ဝါက "ဒါ ပြည်သူပိုင်မြေ" ဟု ပြန်ပြောသည်။

"ဘယ်သူပိုင်ပိုင်၊ ငါတို့ ကစားနေကျ နေရာဟာ ငါတို့လာရင် ဖယ်ပေးရမှာပဲ"

ပလာတာက ထုံးတမ်းစဉ်လာ အကြောင်း ပြောသည်။ "ဘာဖြစ်တာလဲ" ဟု တစ်ယောက် တစ်ပေါက် မေးကြသည်။

"တခြားသွားကန်ကြကွာ" ဟု အဘိုးကြီးက ရွက်ဝါအစား ဝင်ဖြေသည်။

"ဘယ်ရမလဲ"

သူတို့ထဲမှ အရပ်ပုပုနှင့် ကောင်က မိုက်ကန်းကန်း ပြန်ပြောသည်။ မျောက်နာမည် ပေးလိုက်ပြန်သည်။ ခွေးပစ်တဲ့တုတ်။

"ဒီမှာ ... မင်းတို့ ဘယ်ကလဲ" "မင်းလမ်းက၊ ဘာလုပ်မလို့လဲ" "မင်းတို့လမ်းမှာ ဘောလုံးကန်ဖို့ နေရာ ရှားလို့လား"

စိန်တံဆိပ်က လမ်းကိုပါ စော်ကားလိုက်သည်။

"ဘာ ..."

ခွေးပစ်တဲ့တုတ်က လှမ်းအော်သည်။

"နေကြပါဦးကွာ ပြေပြေလည်လည်ပေါ့"

လီပီက ဝင်ဟန့်၏။ လီပီ၏ ရှည်သောအရပ်၊ တုတ်ခိုင်သော ကိုယ်ခန္ဓာနှင့် တည်ပြီး တင်းမာသော မျက်နှာထားတို့ကြောင့် အားလုံး ငြိမ်သွားသည်။ သို့သော် အမူအရာတွေက 'ဘာလဲ၊ အချောင်တော့ မကြောနဲ့' ဟု ပြောနေကြသည်။

"ဒီလို လုပ်ရအောင်၊ ငါတို့ရော မင်းတို့ရော ကစားရအောင်။ တစ်ဖက်စီ လူခွဲကန်မယ်။ ရှုံးသူ ဆက်မကစားကြေး၊ တစ်ဖက် လေးယောက်၊ ဘယ့်နှယ်ရှိစ"
"အေး၊ အဲဒါ ကောင်းတယ်"
"စိန်လိုက်လေ ..."

ခေါင်းပြောင်ပြောင်နှင့် ကောင်ကတော့ တော်တော်သဘောကျ နေပုံရသည်။ မျောက်၏ စိတ်ထဲက အမည်သည် အုန်းမောင်။

"ဒါဆို မင်းတို့ထဲက ကြိုက်တဲ့လူ လေးယောက် ရွေး"

လီပီ့ စကား ဆုံးသည်နှင့် ဟိုကောင်တွေက တစ်ဖက်ဂိုးနား သွားပြီး အခြေအတင် ငြင်းခုန်ကာ လူရွေးသည်။ သည်ဘက်ကကော။

"ကဲ၊ ငါတို့ ဘယ်သူတွေ ကန်မလဲ"

ဒီတစ်ခါ အားလုံး တိတ်နေသည်။ အားလုံးကန်ချင်၊ ကစားချင်နေမှန်း လီပီ သိသည်။ သို့သော် ဝင်ကန်၍ မနိုင်လျှင် ဟူသော အတွေးကိုယ်စီနှင့် ငြိမ်နေကြခြင်းသာ ဖြစ်သည်။

"ကဲ ... ဒါဖြင့် ငါရယ်၊ စိန်တံဆိပ်ရယ်၊ အဘိုးကြီးရယ်၊ ဖိုးမန်းချူးရယ်၊ ဟုတ်ပြီလား"

နည်းနည်းတော့ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

"ငါလဲ ကန်ချင်တာပေါ့ကွ၊ ငါ့ကို အရပ်ပုလို့ ချန်ထားကြတာလား"

စာကလေးက ပွင့်လင်းစွာ ပြောလေသည်။

"ဒါဆိုလဲ ကစားလေ။ ငါလဲ ခြေထောက် နည်းနည်း နာနေတာပဲ"

ဖိုးမန်းချူးက အတန်ငယ် စဉ်းစားပြီးမှ ပြောသည်။

"ဟာ ... မင်းမပါလို့ ဘယ်ဖြစ်မလဲ။ ဂိုးဖမ်းရင် မင်းက ပိုကောင်းတယ်ကွ"

ပလာတာက ဝင်ကန့်ကွက်၏။

"စာကလေးရာ၊ လီပီပြောတာ မှန်သားပဲ။ လာပါကွာ၊ ငါတို့ အဘိုးကြီးတို့ ကားဂိုဒေါင်ရှေ့မှာ ထိုင်ကြည့်မယ်။ နောက်ပြီး ဝိုင်းလှောင်တာပေါ့"

မျောက်က ဖြေသိမ့်စကား ပြော၏။ လီပီစိတ်ထဲမှာ 'ခုမှ စည်းလုံး နေလိုက်တာ၊ ညှာနေလိုက်တာ' ဟု အော်နေသည်။

"အဆင်သင့်ပဲဟေ့"

ဟိုဘက်က လှမ်းအော်သည်။

"မင်းနာမည် တူးတူးလား"

မျောက်တို့ စ,လောင်ပြီ။

"မျောက် ... မင်း ငြိမ်ငြိမ်နေကွာ"

လီပီက ဝင်ထိန်းရသည်။

ဘောလုံးပွဲ စပြီ။ ဟိုဘက်က ရွက်ဝါ၊ ခွေးပစ်တဲ့တုတ်၊ အုန်းမောင်နှင့် နောက်တစ်ယောက်။ နောက်တစ်ယောက်က ပိန်ပိန်ရှည်ရှည် ပုဆိုး ပတ်လည်စင်းကြီးနှင့်မို့ ဒိန်းဒေါင်ဟု မျောက်က နာမည် ကြိတ်ပေးသည်။

သည်နေ့ပွဲ တော်တော်သွက်သည်။ လီပီလည်း ခြေတွေ့သည် ထင်သည်။ ဘောလုံးကို သူ့ခြေထဲတွင်ချည်း။ ဂိုးသွင်းခွင့်ကလည်း အကြိမ်ကြိမ် အခါခါ။ ရွက်ဝါတို့ တော်လို့သာပေါ့။ စိန်တံဆိပ်ကလည်း သည်နေ့ အတော် သဘောကောင်း နေသည်။ ခါတိုင်းလို လီပီ့ကို အနိုင်ယူလို စိတ်နှင့် မညစ်တော့။ လီပီနှင့် စိန်တံဆိပ်တို့ အတွဲက ကြည့်၍ အကောင်းဆုံး ဖြစ်သည်။ ဒိန်းဒေါင်နှင့် ခွေးပစ်တဲ့တုတ်ကလည်း အပေးအယူ ကောင်းသည်။

အားပေးသည့် ပရိသတ်ကလည်း အားအင်တွေ အပြည့်။

"လီပီကွ၊ ပီလီ့ဆရာ လီပီ"
"စိန်တံဆိပ်ရေ၊ လုပ်ထားကွ၊ တွစ်(စ်)ကလေး။ တွစ်(စ်)ကလေး။ ခုနလို လုပ်ပါဦးဟေ့"
"လှမင်းကွ၊ လှမင်း"

ခုမှ သိရသည်။ ဒိန်းဒေါင် နာမည်က လှမင်းတဲ့။ ရှုပ်တယ်၊ ဒိန်းဒေါင်ဟာ ဒိန်းဒေါင်ပဲ။

"ဆီဆုံလမ်းကွ၊ လာမကြောနဲ့၊ မောသွားမယ်"
"မင်းလမ်းကွဟေ့၊ မပိုင်ရင် နယ်မကျော်ဘူးကွ"
"နယ်ကျော်ပြီး ကျယ်လို့ ရမယ်ကော ထင်လို့လားကွ၊ ဆီဆုံသားတွေ သွေးစည်းပြီးသား"
"ဟ ငါတို့တောင် မချရသေးဘူး သွေးထွက်ပြီလားကွ"
"ဟေ့၊ သဒတ်မတာ စတ်မတာတွေ ငြိမ်ငြိမ်နေစမ်း"
"ဟော ... ဟော အဘိုးကြီးကွ၊ ဟုတ်ပြီ ... ဟုတ်ပြီ"
"ဟေ့ ...မျိုးမင်း၊ လိုက်ထားကွ ... လိုက်ထား"

ခွေးပစ်တဲ့တုတ်သည် မျိုးမင်း မည်၏။

"ဂိုး ... ဟာ"
"ဖိုးမန်ချူးကွ၊ ကမ္ဘာကျော်မယ့် ဂိုးကီပါကွ၊ မစမ်းနဲ့၊ မစမ်းနဲ့"

ဒိန်းဒေါင်ကြောင့် ဂိုးမလို ဖြစ်သွားသည်။ ဖိုးမန်ချူး ကယ်ပေလို့ပေါ့။

"ဟေ့ ...ဟေ့၊ မညစ်ကြေးနော်၊ ခြေခုတ်တဲ့ကောင် ငကြောက်ဟေ့။ ဟိုက ရွက်ဝါ ဂိုးမခိုးနဲ့"
"ဘာ ... ဘာပြောတယ်"

ရွက်ဝါက သူ့နာမည်သစ်ကို မသိ၍ အူကြောင်ကြောင် ဖြစ်သွားသည်။

"ရွက်ဝါ ...ရွက်ဝါ၊ မင်းနာမည် ရွက်ဝါ မဟုတ်လား"

မျောက်က ပြန်အော်သည်။

"နိုင်လင်းကွ၊ နိုင်လင်း"

ရွက်ဝါ ပြန်အော်သည်။

"ရွက်ဝါ ပါကွာ၊ ရွက်ဝါ ... ရွက်ဝါ"

မျောက်အော်သံ ဆုံးတော့ ကျန်လူများ အားလုံး ရယ်လိုက်ကြသည်။ သူတို့ဘက်က ကောင်တွေပင် မနေနိုင်တော့။ ရွက်ဝါ စိတ်တိုသွးသည်။

"ဘာပြောတယ်၊ ပွဲပြီးလို့ကတော့ နိုင်လင်းအကြောင်း ပြရမှာပေါ့ကွာ" ဟု ပြန်အော်သည်။

ထိုစဉ်မှာပင် လီပီက အုန်းမောင်ကို ခေါက်ပြီး ဆွဲလာသည်။ နောက် အနီးကပ် ဂိုးသွင်းလိုက်သည်။ ရွက်ဝါ စိတ်တိုနေသည်မို့ ဘောလုံးက ဖိနပ်ပုံ ဂိုးတွင်းသို့ တလိမ့်လိမ့် ဝင်သွားသည်။

"ဂိုး"
"ဟေး"
"တောက်ကွာ"

လီပီတို့ဘက်က ကောင်တွေ တစ်အား ကြုံးအော်သည်။ မျောက်က ရွက်ဝါကို လျှာထုတ်ပြသည်။ ရွက်ဝါက စိတ်တိုတိုနှင့် ဖိနပ်ပုံကို ကြုံးကန်လိုက်သည်။ နောက်မှ မျောက်ဆီ ပြေးလာသည်။ မျောက်လည်း အသင့်ကြိုနှင့်သည်။

"ဟေ့ ... ဟေ့၊ ရန်မဖြစ်ကြနဲ့လေ"

လီပီနှင့် အုန်းမောင်က လှမ်းတားသည်။ သို့သော် မမီတော့။ ရွက်ဝါ လက်သီးက မြန်သည်။ မျောက်လည်း မြန်သည်။ ရွက်ဝါ လက်သီးက လေကိုသာ ထိသော်လည်း မျောက်ခေါင်းကတော့ ရွက်ဝါရင်ဘတ်ကို သွားဆောင့်သည်။ ဝိုင်းဆွဲလိုက်ကြ၍ မည်သူမျှ ထပ်မနာတော့။

အခြေနေ မဟန်မှန်း သိသည်နှင့် လမ်းထိပ်က နှစ်ယောက်က ပြေရာပြေကြောင်း ပြောပြီး သူတို့လူတွေ စုကာ ပြန်မည်ဟန် ပြင်သည်။ ချွတ်ပုံထားသော အင်္ကျီ၊ ပုဆိုးတို့ကို အသီးသီး ပြန်ယူကြသည်။

"လာမကြောနဲ့၊ မောသွားမယ်"

စာကလေးက မတိုးမကျယ်နှင့် တစ်စခန်း ထသည်။ နောက်ဆုံးတော့ လီပီတို့လည်း ဆက်မကစားဖြစ်ချေ။ မျောက်အမေ ရောက်လာပြီး သူ့အိမ် ပြန်ခေါ်သွား၍ ဖြစ်သည်။ မျောက် ပြန်သွားပြီးမှ အပလို့က "ဘာပဲပြောပြော နာတော့ ပျော်တယ်ကွာ၊ မျောက် လှောင်တာတွေ တကယ် ထိတယ်နော်" ဟု ပြောသည်။

ဟုတ်တော့လည်း ဟုတ်သည်။ သည်နေ့ လီပီတို့တွေ နည်းနည်းတော့ ကျေနပ်ကြသည်။ "ငါတို့သွေးကို ဟိုကောင်တွေ မြည်းဖူးပြီပေါ့။ နောင် နယ်ကျော်ရဲမှာ မဟုတ်ဘူး" ဆိုပြီး တွေးတိုင်း ကြည်နူးသည်။

လီပီက "နင်တို့တွေ ဒီနေ့လောက် ညီညာနေတာ ဒီနေ့ပဲ ရှိတယ်။ နောက်လဲ ဒီနေ့လို ညီညွတ်ရင် ကစားရတာ ပိုပျော်မှာပဲကွာ" ဟု ပြောသည်။ အဘိုးကြီးက ခေါင်းညိတ်ရင်းဖြင့် ထောက်ခံသည်။ ကျန်လူတွေက ဆိတ်ဆိတ်နေကြ၏။

* * *

"ဟေ့ ... ဘာကြေးလဲ"
"ကြံရည်ကြေးဟာ"
"ပိုက်ဆံ မရှိဘူးကွ၊ ဒိုက်ထိုးကြေးကွာ"
"အေး ...ပြီးရော၊ တစ်ဂိုး ဒိုက်ငါးခါကြေး ဟုတ်လား"
"ကဲပါ၊ လူခွဲမယ်"
"ခါတိုင်းလိုပဲ လီပီရယ်၊ ငါရယ်၊ မျောက်ရယ်၊ ဖိုးမန်းချူးရယ်"
"ပလာတာ မင်း သိပ်လူလည် ကျတာပဲ။ မင်းတို့က အမြဲတမ်း လူကောင်းတွေချည်း ယူထားတယ်။ ဒါကြောင့် အမြဲနိုင်တာပေါ့။ မရဘူး။ ဒီတစ်ခါ လူပြောင်းမယ်"

စာကလေးက ကန့်ကွက်လိုက်သည်။

"အေး ... ဟုတ်တယ်၊ ငါ ဖိုးမန်းချူး ယူမယ်၊ အပလို့က အလကားပဲ"

စိန်တံဆိပ်က ဝင်ထောက်ခံသည်။

"အံမာ ... နာ ကောင်းကောင်း ဖမ်းပါတယ်နော်"

"အလကားပါ၊ နင် လုပ်တာနဲ့ပဲ ငါတို့ ရှုံးရှုံးနေတာ"

စာကလေးက ထပ်ကွန့်သည်။

"ဒါဆိုလဲ ပြီးရော၊ နာ မပါတော့ဘူး၊ နင်တို့ချည်းပဲ ကစား၊ နာ တွားတော့မယ်"

အပလို့ စိတ်ကောက်သွားသည်။ လူခုနစ်ယောက်နှင့် ကစား၍ မဖြစ်ချေ။

"ဟေ့ ... အပလို့ လာပါကွာ"

မျောက်က မကစားရမှာ စိုး၍ အပလို့ကို လှမ်းခေါ်သည်။ အပလို့က စိတ်ကောက် မပြေဟန်ဖြင့် ဘာမှပြန်မပြောဘဲ ထွက်သွားသည်။

"မူလကျီ လုပ်တာကွ"

စာကလေးက ကုန်းအော်သည်။ အပလို့ ခြေလှမ်း တုံ့သွားသော်လည်း ပြန်လှည့်မလာတော့။

"တော်တော့ကွာ၊ လူမှ မစုံတာ ... ငါလဲ သွားတော့မယ်"
"ငါလဲထွက်မယ်"

မျောက်နှင့် ဖိုးမန်းချူးကပါ ထွက်ကြသည်။

"ငါလဲ သွားတော့မယ်ဟေ့"

ပလာတာပါ ထွက်သွားပြန်သည်။

"ကဲ ... ဘယ်လိုလဲ၊ ဒီလောက် လူလေးနဲ့ ဘယ်လို ကန်ရမှာလဲ၊ ရှုပ်တယ်၊ ငါလဲ အိမ်ပြန် အိပ်တော့မယ်"

စာကလေးပါ ထွက်သွားလေသည်။

"ဟူး ..."

စိန်တံဆိပ် သက်ပြင်း မှုတ်ထုတ်ပြီး နီးရာတွင် ထိုင်ချလိုက်သည်။

"ကွာ ... ဒီကောင်တွေကလဲ သူများတကာနဲ့ ကန်တုန်းကတော့ ညီညီညွတ်ညွတ်နဲ့ ဘာပြဿနာမှ မဖြစ်ဘဲ ခုလို အချင်းချင်း ကန်မှ ပြဿနာ ရှာကြတယ်ကွာ"

အဘိုးကြီးက မကစားရတော့၍ စိတ်ညစ်သလို ပြောလိုက်သည်။ လီပီလည်း ခါးတစ်ချက် ချိုးကာ "အေးကွာ ... သူတို့ ညီညွတ်ဖို့ပဲ သူများတွေက ခဏခဏလာပြီး နယ်ကျော်ကြ၊ ချိန်းကန်ကြ လုပ်ပေးရမလို ဖြစ်နေပြီ" ဟု ပြောပြီး လမ်းထိပ်ဘက် ထွက်သွားသည်။

ကတ္တရာလမ်း တိတ်ဆိတ်စွာ ကျန်ရစ်ခဲ့သည်။ နေဝင်စပြုလာပြီ။

မသီတာ(စမ်းချောင်း)
သဘင် မဂ္ဂဇင်း၊ မတ်လ၊ ၁၉၈၆။

No comments:

Post a Comment