Friday, June 3, 2016

အချစ်တရားစီရင်ခန်း (တင်မောင်မြင့်)


ဇူလေခါကို သင်းအုပ်ဆရာ တွမ်လင်ဆန် ပထမဦးဆုံးအကြိမ် မြင်ခဲ့ဖူးစက ဆယ့်ခြောက်နှစ်သမီး မျှသာ ရှိသေးသည်။ ထိုစဉ်က ဇူလေခါကလေးမှာ မြူးမြူးကြွကြွ အပျိုသွေးကြွစ ချစ်စဖွယ် ကောင်မလေးတစ်ယောက် ဖြစ်သည်။

သူ့ကို သဲကန္တာရထဲမှ ကုလားအုပ်များ အစာကျွေးမည့် ဒစ်ကန် ရွာကလေးတွင် တွေ့ခဲ့ခြင်း ဖြစ်သည်။ ကွက်လပ် တစ်ခုထဲတွင် အာရပ် ကာလသား တစ်သိုက်နှင့် လုံမငယ် ကလေးများ စုဝေးကခုန်နေသည့် မြင်ကွင်းထဲမှ ဒီကလေးမကို ထူးထူးခြားခြား စိတ်ဝင်စားပြီး စကားပြန် လုပ်သူထံတွင် စပ်စုမိလိုက်ခြင်း ဖြစ်သည်။

စကားပြန် လုပ်သူမှာ ပါရှန်လူမျိုး ဆာဒူဒင် ဖြစ်၏။ အေဒင်နှင့် အိုမန် အကြားရှိ သဲကန္တာရ တစ်ခွင်မှ ကုလားအုပ် အားလုံး၏ အမည်ကို အလွတ်ရသူ ဖြစ်သည်။

“အဲဒီ တစ်ယောက်လား ဆရာ၊ လက်သမားဆရာ အိုမာရဲ့ သမီးလေ။ အလီဘတ် ဆိုတဲ့ ကောင်လေးနဲ့ ဖြစ်နေတယ် ကြားတယ်။ ဟောဟိုဘက် အစွန်မှာ ရပ်နေတဲ့ အရပ်မြင့်မြင့် ကောင်လေးပေါ့ ဆရာ”

သင်းအုပ်ဆရာ တွမ်လင်ဆန် ပြုံးလိုက်သည်။ သူက ခုမှ ရောက်လာသည့် သာသနာပြု အဖွဲ့ဝင်။ ဆော်ဒီအာရေဗျ တောင်ပိုင်း ကမ်းခြေဒေသ၏ အထာကို မကျွမ်းသေး။ ဒေသကိုတော့ သူ သဘောကျနေပြီ။ ရွာသားတွေက ချစ်စရာ ကောင်းသည်။ ဖော်ရွေသည်။ အနောက်တိုင်း ဆန်သည့် မြို့နေ အာရပ်တွေနှင့် တခြားစီ။

“ကောင်လေး ကြည့်ရတာ သမင်တစ်ကောင်နဲ့ မတူဘူးလား။ ကောင်မလေးနဲ့ သူနဲ့ နှစ်ယောက်တည်း ဆိုရင် သမင်ဖိုကလေးနဲ့ ဒရယ်မကလေး တွဲကသလို နေမှာပဲ။ ဒါထက် နေပါဦးကွ ... ဒီရွာက ဒစ်ကန် နော်။ ဥဒါလီ လူမျိုးစုဝင်တွေပဲလား”

သင်းအုပ်ဆရာက စကားပြန်ကို မေးလိုက်သည်။

“ဟုတ်ပါတယ် ဆရာ၊ ဒါပေမယ့် သူတို့က ခဲပစ်သမားတွေပါ၊ ခု က နေတာလည်း 'ခဲပစ်တရားစီရင်ပွဲ' ပဲလေ။ သူတို့ ဝိုင်းကနေတဲ့ အလယ်မှာ ကျောက်တုံးတွေ တွေ့တယ် မဟုတ်လား ဆရာ၊ အဲဒါဟာ သူတို့အတွက် တရားခံရဲ့ ဦးခေါင်းပဲ ဆရာ။ တစ်ကိုယ်လုံး လည်ပင်းအထိ သဲထဲ မြှုပ်ထားရတယ်လေ”

သင်းအုပ်ဆရာ တွမ်လင်ဆန် တစ်ချက် တွန့်သွားသည်။ ထူးဆန်းအံ့ဩဖွယ်များဖြင့် ပြီးသည့် တိုင်းပြည်တွင် ချစ်စရာ အလှအပတွေ များပြားသလောက် ရက်စက်မှု ထူပြောလှကြာင်း ပြန်သတိရလိုက်သည်။ အေဒင် သာသနာရေး အသင်းတော်မှ အထက်အရာရှိ တစ်ဦး ပြောလိုက်သည့် ခဲပစ် တရားစီရင်ရေး အကြောင်းများကို ပြန်လည် ကြားယောင်လာသည်။ အလွန်ရှေးကျပြီး ရက်စက် ကြမ်းကြုတ်သည့် ဓမ္မသတ်ဟု သင်းအုပ်ဆရာက မြင်သည်။

“သိပ်ကြောက်စရာ ကောင်းတဲ့ အပြစ်ပေးနည်းပဲ။ လူတစ်ကိုယ်လုံး မြေကြီးထဲ မတ်တတ်မြှုပ် ခံလိုက်ရပြီ ဆိုကတည်းက သေတာနဲ့ ဘာထူးတော့လဲ။ ဒါဟာ လူသတ်မှုပဲ။ တရားစီရင်မှု မဟုတ်ဘူး။ ကျုပ် ကြားဖူးသလောက် ဆိုရင် အဲဒီ အာရပ်တွေဟာ ခဲပစ်ကို ဘယ်လောက် လေ့ကျင့်ထားသလဲ ဆိုရင် ပျံနေတဲ့ ငှက်တစ်ကောင်ကို ဖုတ်ခနဲ ကျအောင် ပစ်နိုင်သတဲ့။ ပြေးနေတဲ့ မြင်းတစ်ကောင်ကို ကျွမ်းပြန်ကျသွားအောင် ခြေထောက်ကို ပစ်ချိုးနိုင်သတဲ့”

စကားပြန် ဆာဒူဒင်က ထပ်ပြီး အလေးအနက် ပြုပြန်၏။

“ခဲပစ်သမားတွေ လက်ဖြောင့်တယ် ဆိုတာ အမြဲတမ်း မဟုတ်ပါဘူး ဆရာ။ အလ္လာအရှင်မြတ်ရဲ့ အလိုတော်နဲ့ ကိုက်ညီတဲ့ အခါမှပါ။ အပြစ်မရှိတဲ့လူ ဆိုရင် ကျောက်ခဲဟာ ဘယ်တော့မှ မထိပါဘူး”

သင်းအုပ်ဆရာ ဘဝင်မကျနိုင်ဘဲ ဖြစ်နေ၏။ ဘာမှ ပြန်ပြောဖို့ မလိုဘဲ အာရုံပြောင်းစရာ တစ်ခု ပေါ်လာ၍ သူ့အတွက် ခံသာသွားသည်။

ဇူလေခါ ကနေရင်း ကုလားအုပ်ချေး တစ်ဆုပ် ကောက်ယူ လုံးတဲ့ပြီး အလီဘတ်ကို ပေါက်လိုက်သည်။ အပစ်အခတ်တွင် လေ့ကျင့် ကျွမ်းကျင်ပြီးသား မျိုးဆက်သွေး ဖြစ်၍ ဇူလေခါ လက်ဖြောင့်လှ၏။

အလီဘတ်က ရယ်ပြီး ဇူလေခါကို လိုက်ဖမ်းသည်။ သိန်းငှက်တစ်ကောင် သားကောင်ကို လိုက်လံ ထိုးသုတ်သည်နှင့် တူလှ၏။ ဇူလေခါကလည်း လျင်မြန်စွာ တိမ်းရှောင်သည်။ ဒူးချင်းရိုက်ကာ ... လက်ခုပ်တီးကာဖြင့် သံပြိုင်တေးကို သီကြွေးရင်း ကခုန်နေကြသည့် လုလင်ပျို၊ လုံမပျိုတို့၏ အတန်း နှစ်တန်းကြားတွင် ပြေးလွှား ရှောင်ပုန်း၏။

မိလုမိခင် ဆဲဆဲတွင် အထိတ်တလန့် ဟန်မျိုးဖြင့် ဇူလေခါ အတန်းထဲမှ ထွက်ပြေးသည်။ သာမန်အားဖြင့် အာရပ် မိန်းကလေးများသည် မျက်နှာဖြူများအား ကြောက်ရွံ့တတ်ကြသော်လည်း စိတ်လှုပ်ရှား ပျော်ရွှင်နေသည့် ဇူလေခါသည် ရှက်ရွံ့ ကြောက်လန့်ရမှန်း မသိတော့ဘဲ တွမ်လင်ဆန် ဆီသို့ တန်းပြေးလာပြီး အရပ်ရှည်ရှည် မျက်နှာဖြူ သင်းအုပ်ဆရာအား သဲထဲတွင် စိုက်ထားသည့် ဓာတ်တိုင် တစ်ခုအလား လှည့်ပတ်ဝေ့ဝိုက် ပြေးလွှားနေလေတော့၏။

သင်းအုပ်ဆရာ တွမ်လင်ဆန်အဖို့ အလွန် အံ့ဩစရာ တဒင်္ဂ ဖြစ်သည်။ ရင်ထဲတွင် လှုပ်လှုပ်ရှားရှားလည်း ဖြစ်ရသည်။ အမည်တပ်၍ မရသော ခံစားမှု တစ်မျိုးဖြင့် ကြည်နူးသလိုလို ဖြစ်ရသည်။ ေဩာ် ... ကန္တာရ ကလေးငယ်များ ပါကလား။ သူတို့ကလေးတွေကို အကာအကွယ် ပေးရမည်။ မေတ္တာ ထားရမည်။ မေတ္တာတရားနှင့် တရားမျှတခြင်းတို့၏ အဓိပ္ပါယ်ကို သင်ကြားပေးရမည်။

ပြီးတော့ ...

နောက် တစ်နှစ်အကြာတွင် ကံကြမ္မာက တွမ်လင်ဆန်အား သည်ဒေသသို့ ဒုတိယအကြိမ် ပို့လိုက်ပြန်သည်။ (စင်စစ် အသင်းတော်က ငယ်ရွယ်နုပျိုသည့် သာသနာပြုများကို သည်ဒေသနှင့် အံဝင်သည်ဟု ယုံကြည်ကြခြင်းကြောင့် ဖြစ်၏။)

သည်တစ်ခေါက်တော့ သူ့အတွဲမှာ စကားပြန် မဟုတ်ဘဲ အင်္ဂလိပ်လူမျိုး တစ်ယောက် ဖြစ်သည်။ သို့သော် သူတွဲချင်၍ တွဲလာရသူတော့ မဟုတ်။ တောင်ပိုင်း အာရေဗျ စစ်တပ်မှ ဗိုလ်မှူးဂရန့်မှာ သူနှင့် အမြင်ချင်း မတူလှ။ ပိန်ပိန်ရှည်ရှည်နှင့် အလွန် စကားနည်းသူ ဖြစ်သည်။ မျက်လုံးများက ခံစားမှု နည်းလွန်းဟန် ရှိပြီး သဲကန္တာရရောင် ပေါက်နေ၏။

စကား နည်းနည်း ပြောသလောက် အရက်ကိုမူ အလွန်အကျွံ သောက်သည်။ သို့သော် အာရပ်လူမျိုး များကို အုပ်ချုပ်ရာတွင် အလွန်ပါးနပ် လိမ္မာသူ တစ်ယောက်အဖြစ် နာမည်ကြီးသူ ဖြစ်၏။

မော်တော်ကားနှင့် အထမ်းသမားများကို စခန်း၌ ထားခဲ့ပြီး ဒစ်ကန်ရွာထဲ သူတို့နှစ်ယောက် လျှောက်လာခဲ့ကြ၏။ သူက ဗိုလ်မှူးဂရန့် ဘက်သို့ လှည့်ပြီး ...

“အရင်တစ်ခေါက်တုန်းက ဒီရွာကို ကျွန်တော် ရောက်ဖူးတယ် ဗိုလ်မှူး။ နေဝင်ချိန် သဲကန္တာရ ထဲမှာ အာရပ် လူငယ် လုံမတွေ ကနေကြတဲ့ မြင်ကွင်းကို ခုထိ မြင်ယောင်နေသေးတယ်။ တယ် ကြည့်လို့ ကောင်းတာပဲ။ အဲဒီအထဲက ကောင်လေး တစ်ယောက်နဲ့ ကောင်မလေး တစ်ယောက်ကို ကျွန်တော် သိပ် သဘောကျ သွားတယ်။ အဲဒီ ကပွဲရဲ့ အဓိပ္ပါယ်ကို စကားပြန်က ပြောပြတော့မှ ကောင်းကင်ဘုံမှာ မြွေတစ်ကောင်ကို တွေ့လိုက်ရသလို ကျွန်တော် လန့်သွားမိတယ်ဗျ”
“သူတို့ အကတိုင်းမှာ အဓိပ္ပါယ် ရှိတယ် ဆရာ။ ဘယ်လို အကမျိုးကို ဆရာ ကြည့်ခဲ့တာလဲ။ 'သတို့သမီး ပွဲထုတ်' အက လား”
“မဟုတ်ဘူး ဗိုလ်မှူး၊ 'ခဲပစ်တရား စီရင်ခန်း အက' တဲ့။ ကွက်လပ်ထဲမှာ ကျောက်ခဲတွေ စုပုံထားတယ်။ အဲဒါကို လူတစ်ယောက်ရဲ့ ဦးခေါင်းလို့ သဘောထားပြီး ကျောက်ခဲနဲ့ အသေ ဝိုင်းပစ်ကြတာတဲ့”
“အဲဒါ ဘာဖြစ်တုန်း ဆရာ။ တရားခံကို ခဲနဲ့ ပစ်ပြီး စီရင်တဲ့ အလေ့အထ အာရပ်ကမ္ဘာမှာ ရှိခဲ့တာ ကြာပြီပဲ။ သူတို့ ပစ်တဲ့ ကျောက်ခဲတွေရဲ့ အသက်လောက်တောင် ရှိရော့မယ်”
“အို ... ဘယ်လောက် ကြာကြာ အဓိပ္ပါယ် မရှိပါဘူး ဗိုလ်မှူး။ ကျွန်ော် တွေ့ဖူးသမျှထဲမှာ အယုတ်မာ အရိုင်းစိုင်း ဆုံးပဲ။ အင်္ဂလိပ် အာဏာပိုင်တွေက ဒီစနစ်ကို ဘာလို့ လက်ပိုက် ကြည့်နေတာလဲ။ ဖျက်သိမ်း ပစ်ရမှာပေါ့”
“မလုပ်ရဲလို့ပေါ့ ဆရာရဲ့။ ဒီဘက်မှာ အစိုးရ အာဏာ သက်ရောက်မှု သိပ်ရှိတာ မဟုတ်ဘူးလေ။ နောက်တစ်ခုက သူ့ဓလေ့နဲ့သူ ဟုတ်နေတာပဲ။ ဦးခေါင်းခွံ ထူလို့ တော်ရုံတန်ရုံ ခဲချက်နဲ့ ခေါင်းကွဲ မသေတဲ့ လူကို အလ္လာ အရှင်မြတ်က အပြစ် မရှိဘူး ဆိုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်လေ။ ဒီလိုဆိုတော့လည်း သူတို့ဟာက ဟုတ်နေပြန်ရောလေ ဆရာ”
“ဗိုလ်မှူးက ဒီလောက် ရိုင်းစိုင်း ယုတ်မာတဲ့ ဓလေ့ကို ထောက်ခံတယ်ပေါ့ ဟုတ်လား”

တွမ်လင်ဆန်က အေးစက်စက် လေသံဖြင့် မေးလိုက်သည်။

“ဘာပဲဖြစ်ဖြစ် သူတို့ လုပ်တာ လက်တွေ့ ကျတယ်လေ၊ သူတို့ အယူအဆနဲ့ သူတို့ကိုး။ သစ်သားအား ကြိုးစင်တိုင် ဖြစ်ရမှာ ကြောက်တယ်တဲ့။ လက်တက် ခဲယမ်း မီးကျောက်ဟာ စိန်၊ ရွှေ၊ ရတနာလိုပဲ တန်ဖိုး ရှိသတဲ့။ ကျောက်တုံးသာ တရားခံကို ဖော်ဖို့ အထိရောက်ဆုံး လက်နက် ပစ္စည်းတဲ့။ ဘာတတ်နိုင်မှာလဲ၊ ဒါက သူတို့ အရိုးထဲထိ စွဲနေတဲ့ ယုံကြည်မှုတွေ”
“အို ... ဒီလို အပြစ်ပေးတဲ့ ပုံသဏ္ဌာန် အားလုံးကို ကျွန်တော် ဆန့်ကျင်တယ် ဗိုလ်မှူး”
“သဲကန္တာရ အာရပ်တွေက အကျဉ်းထောင်တွေကို သေဒဏ်ထက် ရက်စက်တယ်လို့ ထင်တာ ဆရာ၊ ဒါကြောင့် သူတို့ရဲ့ လူမျိုးစု ဓလေ့ထုံးတမ်း ကိစ္စတွေမှာ ကမန်တော် ဘယ်တော့မှ ဝင်မစွက်ဘူး”

အင်း ... ဗြိတိသျှ အစိုးရ အရာရှိ တစ်ဦးရဲ့ ခပ်ပေါ့ပေါ့ အမြင်ပဲဟု သင်းအုပ်ဆရာ ထင်လိုက်၏။ ဟုတ်မှာပေါ့လေ။ ဗိုလ်မှူး တစ်ယောက် အနေနဲ့ ဌာနေ စစ်သား စုဆောင်းရေး ကိစ္စကလည်း ရှိနေသေးတော့ နယ်ခံတွေနဲ့ ဘယ် ပြဿနာ အဖြစ် ခံမလဲ။ ထုံးစံအတိုင်းပါပဲ။ အမှန်တရားက အဓိက မကျဘဲ ရိုးရာဓလေ့က အရေးကြီးနေတဲ့ သဘောပေါ့။

ညနေပိုင်းတွင် ရွာထဲသို့ တစ်ယောက်တည်း လမ်းလျှောက် ထွက်လာခဲ့သည်။ ဇူလေခါနှင့် အလီဘတ်တို့ နှစ်ယောက် သူငယ်ချင်း တစ်သိုက်နှင့် ကခုန်နေသည့် မြင်ကွင်းကို မြင်ရလို မြင်ရငြား ဟူသည့် မျှော်လင့်ချက်ဖြင့် ...

သို့သော် မျှော်လင့်ထားသည့် မြင်ကွင်းကို မတွေ့ရသဖြင့် စိတ်ပျက်သွားသည်။ အာရပ် ရွာကလေးသည် ထူးထူးခြားခြား တိတ်ဆိတ်နေ၏။ ရွာသား အချို့သည် မျက်နှာဖြူ တစ်ဦးကို ခါတိုင်းလို လိုက်ကြည့်နေချိန် မရအောင် တစ်စုံတစ်ခုတွင် အာရုံ စိုက်နေကြ၏။

မနှစ်က သူတို့ တပျော်တပါး ကခုန်ခဲ့ကြသည့် ကွက်လပ်ထဲတွင် လူတစ်စု တွင်းတူးနေကြ၏။ ဒါကို လူအုပ်ကြီးက တိတ်ဆိတ်စွာ စောင့်ကြည့်နေကြသည်။ တူးနေကြသည့် တွင်းနှစ်တွင်းမှာ တစ်တွင်းနှင့် တစ်တွင်း ပေအနည်းငယ်သာ ကွာသည်။

တွင်းများမှာ အာရပ် သချုႋင်းများတွင် အလောင်းကောင်ကို မြေမြှုပ်သည့် တွင်းများနှင့် တစ်ပုံစံတည်း ဖြစ်ကြောင်း တွမ်လင်ဆန် သတိထားမိလိုက်သည်။ ဥဒါလီ အာရပ်တို့သည် အလောင်းကို မက္ကာ ဝတ်ကျောင်းတော် ရှိရာဘက်သို့ မျက်နှာမူ၍ မတ်တတ် မြှုပ်တတ်ကြ၏။

သိချင်စိတ် ပြင်းပြနေသော်လည်း သူ မမေးရဲ။ အာရပ် တိုင်းပြည်တွင် စပ်စုခြင်းကို အလွန် ရိုင်းပျသည်ဟု ယူဆကြသည် မဟုတ်လား။

ခပ်လှမ်းလှမ်းမှ အသာ စောင့်ကြည့်နေလိုက်သည်။ အင်း ... တော်တော် ဆန်းတာပဲ။ ပလီနောက်က ရွာသချုႋင်းမှာ မမြှုပ်ဘဲ ဘာလို့ ရွာထဲမှာ မြှုပ်ကြမှာပါလိမ့်။

ဝင်လုလု နေရောင်ခြည်သည် သဲကန္တာရ တစ်ခွင်ကို ပန်းနုရောင် ဆိုးလေပြီ။ မှောင်စ ပြုသည်နှင့် အာရပ် တစ်ယောက်သည် ကုလားအုပ် နှစ်ကောင်ကို ဆွဲကာ လူအုပ်ကြီး ရှိရာ ကွက်လပ်ဆီသို့ လျှောက်လာသည်။

ကွက်လပ် အလယ်သို့ အရောက်တွင် ကုလားအုပ် နှစ်ကောင်ကို ဒူးထောက်စေပြီး သူတို့ ကျောပေါ်မှ လေးလံလှသည့် အိတ်တစ်လုံးစီကို လူအချို့က ဆွဲချကြသည်။ ပြီးတော့ အိတ်နှစ်လုံးကို မြေပေါ်သို့ သွန်ချကြ၏။

မီးသွေးအိတ်တွေတော့ ဟုတ်ဟန်မတူ။ လူတစ်ယောက်က ကုန်းကောက်ယူပြီး သချုႋင်းဆီသို့ လက်တည့် စမ်းလိုက်သည်။ လူအချို့က ဓါးခနဲ ဝိုင်းရယ်ကြသည်။ ဟင် ... ကျောက်ခဲတွေ ပါလား။ ဘုရား ... ဘုရား ... ခဲပစ်တရား စီရင်ပွဲ လုပ်ကြတော့မှာပါလား။

စိတ်ထဲတွင် ဆောက်တည်ရာမရ ဖြစ်လာပြီး စခန်းချထားသည့် တဲရှိရာသို့ ပြန်လာခဲ့သည်။ တစ်တဲတည်းနေ ဗိုလ်မှူးဂရန့်က ဝီစကီကလေး တမြမြနှင့် ဆေးတံခဲလျက် သူနှင့်အတူ ဧည့်သည် တစ်ယောက်လည်း ရှိနေ၏။ ဧည့်သည်မှာ ဒစ်ကန့် ရွာသူကြီး အဒူခမ်း ဖြစ်သည်။ မုတ်ဆိတ်ရှည်နှင့် အလွန် တုတ်ခိုင်သည့် အာရပ်ကြီး။ မျက်လုံး အစုံက အရောင် တဖျပ်ဖျပ် တောက်လို့။ ခါးတွင် ကနုတ်ပန်းနွယ် ဖောင်းကြွ အရိုးဖြင့် ဓားကောက်ကြီးက တွဲလဲ။

အလျင် တစ်ခေါက်က သင်းအုပ်ဆရာ တွမ်လင်ဆန်သည် ရွာသူကြီးနှင့် စကားပြောဖူးသည်။ သိပ် သဘော မတွေ့လှ။ လောကွတ် များလွန်းပြီး ပြုံးချိုလွန်းသည်။ အင်္ဂလိပ်စကားကို ကပေါက်တိ ကပေါက်ချာ ပြောပြီး အင်္ဂလိပ် စီးကရက်ကို အလွန် ကြိုက်သူ ဖြစ်၏။

ခုလည်း ပါးစပ်တွင် စီးကရက် ခဲလျက်။ သူ သောက်နေသည့် မတ်ခွက်ထဲက အရည်တွေကကော ... လက်ဖက်ရည်မှ ဟုတ်ရဲ့လား မသိ။

သင်းအုပ်ဆရာကို မြင်တော့ ရွာသူကြီးက မတ်တတ်ထပြီး ကန္တာရ အာရပ်တို့၏ ထုံးစံအတိုင်း အလွန်အကျူး ယဉ်ကျေးပြကာ ခါးကို အရမ်းညွှတ်လျက် နေရာဖယ်ပေးသည်။

တွမ်လင်ဆန်က ကုလားထိုင်တွင် ဝင်မထိုင်ဘဲ ဗိုလ်မှူးဂရန့်ကို လှမ်းပြီး အရေးဆိုသည်။ သူ့မျက်နှာမှာ မှန်အိမ် အလင်းရောင်တွင် ဖြူဖပ် ဖြူရော် ဖြစ်နေ၏။

“သူတို့ ခဲပစ်တရား စီရင်ခန်း တစ်ခု လုပ်တော့မယ် ဗိုလ်မှူး၊ အဲဒါ ခင်ဗျား တားပေးပါ”

တဲထဲတွင် ခဏငယ်မှ တိတ်ဆိတ်သွား၏။ အာရပ်ကြီး မျက်နှာပေါ်မှ အပြုံးရိပ်တွေ ချက်ချင်း ပျောက်ကွယ်သွား၏။ ဗိုလ်မှူးဂရန့်၏ မျက်နှာမှာမူ ခါတိုင်းလိုပင် အဓိပ္ပါယ် ကောက်ရ ခက်ခဲလျက် ...

“ကျွန်တော် ဘာမှ မလုပ်နိုင်ပါဘူး ဆရာ။ ဟောဒီ ကျွန်တော့် မိတ်ဆွေ ဒစ်ကန် ရွာသူကြီး ဆီက ကျွန်တော် သိရသလောက် ပြစ်မှုက သိပ် ထင်ရှားနေတယ်လေ၊ အလ္လာ အရှင်မြတ်ရဲ့ အလိုတော်အတိုင်း ဖြစ်ရတော့မှာပဲ”
“မဟုတ်ဘူး ... ဒါဟာ မိစ္ဆာဒိဋ္ဌိ အယူဝါဒ သက်သက်ပဲ၊ ဒါလောက် သွေးအေးအေးနဲ့ ရက်စက်တဲ့ လူသတ်မှုကို ခင်ဗျားက ဘုရားသခင် အလိုတော်အရလို့ ဇွတ်ပြောနေတာလား ဗိုလ်မှူး”

ဗိုလ်မှူးက သင်းအုပ်ဆရာကို စိုက်ကြည့်နေသည်။ သူ့ အမူအရာတွေ သဲကန္တာရလိုပင် ဘာမှ လှုပ်ရှားမှု မရှိ။ ပြောင်းလဲမှု မရှိ။ ဤတွင်မှ အာရပ် ရွာသူကြီးက ဝင်ပြီး မဝံ့မရဲ လေသံဖြင့် -

“ဒီလို ရှိပါတယ် ဆရာ။ ဒီနှစ်ယောက်ဟာ ကျွန်တော်တို့ ရိုးရာဓလေ့ကို ပြောင်ပြောင်တင်းတင်း စော်ကားကြပါတယ်။ မိန်းကလေးကို သူ့အဖေက မြို့က ကုန်သည်ကြီး တစ်ဦးရဲ့ သားနဲ့ ပေးစားဖို့ သဘောတူထားပြီးသားပါ။ ကောင်မလေးက သိပ်ဆိုးတယ် ဆရာရဲ့။ အဖေစကား နားမထောင်ဘူး။ အဖေ လုပ်တဲ့သူက တံခါးပိတ်ပြီး လှောင်ထားလည်း အလျှော့မပေးဘူး။ အစာငတ်ခံပြီး ဆန္ဒပြတယ်လေ။ အဲဒီမှာ တစ်ရွာတည်းသား သူ့ရည်းစားက ခိုးပြေးတယ်။ သူတို့ ပြေးတဲ့ ကုလားအုတ်ထက် မြန်တဲ့ ကုလားအုတ်တွေနဲ့ ရွာသားတွေက ဝိုင်းလိုက်တော့ မိတာပေါ့။ ဂူထဲမှာ ဝင်ပုန်းပြီး ကျားသစ် နှစ်ကောင်လို ပြန်ခုခံတယ်လေ။ ရွာသား နှစ်ယောက် ဓားထိုး ခံလိုက်ရတယ် ဆရာ။ ဒါထက် ဆိုးတဲ့ ရာဇဝတ်မှု ဘယ်မှာ ရှိပါတော့မလဲ ဆရာ”

သင်းအုပ်ဆရာ ပါးစပ် အဟောင်းသား ဖြစ်နေသည်။ ခေါင်းထဲတွင် ရုတ်ခြည်း အလင်းတန်းတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရ၏။ အထိတ်တလန့် အမူအရာဖြင့် ...

“သူတို့ နှစ်ယောက် နာမည်တွေက ဘယ်သူတွေလဲ”
“လက်သမားဆရာ အိုမာရဲ့ သမီး ဇူလေခါနဲ့ အလီဘတ် ဆိုတဲ့ ကောင်လေးပါ။ ဘာပြုလို့လဲ ဆရာ”
“ကျုပ် သူတို့ နှစ်ယောက်ကို သိတယ်။ မနှစ်က ကျုပ် ဒီကို ရောက်တုန်းက သူတို့ နှစ်ယောက်ဟာ ... နေပါဦး၊ သူတို့ ဘာ ပြစ်မှု ကျူးလွန်လဲ၊ အင်္ဂလန်မှာ ဆိုရင် ...”

ဗိုလ်မှူးက အေးစက်စက် လေသံဖြင့် ...

“ဒါ အင်္ဂလန် မဟုတ်ဘူး ဆရာ၊ ကျွန်တော် ဆရာ့ကို တောင်းပန်ပါရစေ။ ဒီကိစ္စမှာ လုံးဝ ဝင်မစွက်ပါနဲ့၊ ပြဿနာတွေ ပိုရှုပ်ပြီး လူမျိုးရေး အဓိကရုဏ်းအထိ ဖြစ်လာနိုင်တယ်”

သင်းအုပ်ဆရာက သက်ပြင်းချရ ပြန်သည်။ ဗိုလ်မှူးဂရန့်ဟာ အာရပ်တွေကို အုပ်ချုပ်တဲ့ နေရာမှာ ပုံစံကျ အင်္ဂလိပ် စစ်ဗိုလ် တစ်ယောက်ပါကလား။ ဒီဗိုလ်မှူး၏ အကူအညီ မပါဘဲ မိမိ အနေဖြင့် ဘာမှ လုပ်လို့ မရနိုင်ကြောင်း တွမ်လင်ဆန် သဘောပေါက်လိုက်၏။ သို့သော် မိမိက သာသနာပြု ဝန်ထမ်း။ တစ်စုံတစ်ခုတော့ လုပ်ရမည်။ ရွာသူကြီးဘက်သို့ လှည့်ပြီး ...

“ကျုပ် ဒီကလေး နှစ်ယောက်ကို မသေခင် တွေ့ချင်တယ်။ ကျုပ် သူတို့အတွက် ဘုရားသခင်ထံမှာ ဆုတောင်း ပေးရဦးမယ်”

ရွာသူကြီး ခေတ္တ တွေသွားသည်။ ပြီးမှ ...

“ရပါတယ်လေ။ ကျွန်တော်တို့ ဘာသာဝင် မဟုတ်သည့်တိုင်အောင် ဆုတောင်းခြင်းဟာ ဆုတောင်းသူရဲ့ အသည်းနှလုံးထဲက လာရင် ကောင်းမြတ်ခြင်းကို ဖြစ်စေပါတယ်။ လာ ... ဆရာ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”

ဒစ်ကန် ရွာကလေးသည် အမင်္ဂလာနှင့် တိတ်ဆိတ် ငြိမ်သက်နေ၏။ ညငှက်ကလေးများနှင့် ပုရစ်အော်သံမှအပ ဘာသံမျှ မကြားရ။

တရားခံ နှစ်ယောက်ကို တဲတစ်လုံးထဲတွင် ချုပ်နှောင်ထားသည်။ လက်နက်ကိုင် အစောင့် နှစ်ယောက် ချထား၏။ တဲတံခါး ဖွင့်ပေးတော့ မှန်အိမ် မီးရောင်အောက်တွင် ခွေခွေကလေး အိပ်ပျော်နေသော ဇူလေခါကို မြင်ရသည်။ ဦးခေါင်းကို ချစ်သူ၏ ရင်ခွင်ထဲတွင် မြှုပ်နှံလျက်။

ဖိနပ် မပါသည့် ခြေထောက်ကလေးမှာ သွေးသံတို့ဖြင့် ခြောက်ကပ် မည်းပေနေ၏။ အလီဘတ်က နိုးနေသည်။ သူတို့ကို မျက်လုံးရွဲကြီးများဖြင့် မျှော်လင့်ချက် ကင်းစွာ စိုက်ကြည့်နေ၏။ လှောင်အိမ်တွင် အမိခံရသည့် သမင်တစ်ကောင် အလား။

သင်းအုပ်ဆရာ စကားပြောဖို့ ကြိုးစားနေသည်။ သို့သော် လည်ချောင်းထဲတွင် စကားလုံးများ တစ်ဆို့နေသဖြင့် ဘာသံမှ ထွက်မလာ။ အလီဘတ်၏ မျက်လုံးများနှင့် ဆက်ပြီး ရင်မဆိုင်နိုင်တော့သဖြင့် ဒူးထောက်ထိုင်ချ လိုက်၏။

ကောက်ရိုး ကြမ်းပြင်ပေါ်တွင် ရေတကောင်း တစ်ခု ချထား၏။ ရေတကောင်းကို ငှဲ့ပြီး လက်ကိုင်ပဝါကို ရေဆွတ်ကာ ဇူလေခါ၏ ခြေထောက်မှ ဒဏ်ရာများကို အသာအယာ ပါတ်သပ် သန့်ရှင်းပေးသည်။

တစ်ခါတုန်းက အလွန် လှပစွာ ပြေးလွှားကခုန်ခဲ့သည့် ခြေထောက်ကလေးတွေ။ မကြာခင် မြေကြီးထဲသို့ နက်ရှိုင်းစွာ အမြှုပ် ခံရတော့မည်။ သည် ဦးခေါင်း လှလှကလေးကို ခွေးရူးတစ်ကောင်လို သူတို့ ကျောက်တုံး ကျောက်ခဲများဖြင့် ပစ်ခတ်ကြတော့မည်။

ပခုံးပေါ်ကို လက်တစ်ဘက် လာတင်ကြောင်း သင်းအုပ်ဆရာ သတိထားလိုက်မိ၏။ ပြီးတော့ ဗိုလ်မှူးဂရန့်၏ တီးတိုးပြောသံကို ကြားလိုက်သည်။

“ကံစီမံရာပေါ့ ဆရာရယ်”

အခန်းထဲမှ ထွက်လာသည့်တိုင်အောင် အလီဘတ်၏ မျက်လုံးတွေက သူ့နောက်သို့ လိုက်နေသည်ဟု သင်းအုပ်ဆရာ ခံစားနေရ၏။

ညသည် ကြယ်ရောင်ဖြင် ဖျော့ဖျော့ လင်းနေ၏။ တဲထဲသို့ ဘယ်လို ဘယ်လို ပြန်ရောက်လာမှန်း မသိလိုက်၊ ဗိုလ်မှူးဂရန့် ရွာလူကြီးတွေနှင့် စကားပြော ကျန်ရစ်သည်။ တဲထဲတွင် တစ်ယောက်တည်း သူ ပါမလာသည်ကိုပင် ကြိတ် ကျေးဇူးတင်လိုက် မိသေးသည်။

သူ ကလေးနှစ်ယောက်အတွက် ဆုတောင်းပေးရဦးမည်။ ဆုတောင်းနေရင်း ကြောက်မက်ဖွယ် မြင်ကွင်းများကို မြင်ယောင်နေသဖြင့် အတင်း မောင်းထုတ်နေရ၏။ မြေပေါ် အုန်းသီးနှစ်လုံးလို ထင်းထင်းကြီး ရှိနေသည့် ဦးခေါင်းနှစ်လုံးကို ကျောက်ခဲတွေက ...

သွေးတွေ ဖြာခနဲ၊ ဖြာခနဲ။ သွားတွေ အချောင်းလိုက်၊ အချောင်းလိုက်။

ဒါပေမယ့် ချစ်သူ နှစ်ယောက်ရဲ့ နှုတ်ခမ်း အစုံဟာ ပြုံးနေလိမ့်မည်။ နောက်ဆုံး ထွက်သက်ရှူသည် အထိ အာကင်နာ မျက်လုံးများက တစ်ဦးကို တစ်ဦး ကြည့်ကာ ကြည်နူးနေကြလိမ့်မည်။

သင်းအုပ်ဆရာသည် ဆုတောင်းခြင်း၌ အာရုံမတည်ဘဲ ပြင်းထန်သည့် စိတ်လှုပ်ရှားမှုကို ဆောက်တည်ရာ မရ ခံစားနေရ၏။ ဗိုလ်မှူး၏ ဝီစကီ ပုလင်းက စားပွဲပေါ်တွင် သူထားခဲ့သည့်အတိုင်း ရှိနေဆဲ။

မတ်ခွက်ထဲကို အတိုင်းအဆ မရှိ လောင်းထည့်ပြီး မော့ချလိုက်သည်။ ထိုစဉ် တဲတွင်းမှ အမှောင်ထု ပါးလျလာ၏။

“အင်း ... မိုးလင်းတော့မှာ ပါကလား” အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်ပြီး နံနက်ခင်းကို နားစွင့်နေလိုက်သည်။ ဒစ်ကန် ရွာကလေး အိပ်ရာမှ နိုးလေပြီ။

ရွာဘက်ဆီမှ အသံဗလံတွေ ကြားရစ ပြုလာ၏။

ကွက်လပ်ထဲတွင် လူတွေ စုဝေးကြမည်။ နေထွက်ချိန်တွင် တရား စီရင်ကြကြောင်း သူကြားဖူးပြီးသား။

ဝီစကီ ထပ်မော့သည်။ ခုမှ အနိဋ္ဌာရုံ မြင်ကွင်းများကို အသိအာရုံထဲမှာ ဖယ်ရှား နိုင်တော့၏။ သည်တော့မှပင် ဆုတောင်းခြင်း အမှုကို ပြုနိုင်တော့သည်။

“အို အဖ ဘုရားသခင်၊ မရှုရက် မမြင်ရက်စရာ သည်အဖြစ်ဆိုးမှ အကာအကွယ် ပေးတော်မူပါ။ တန်ခိုး ပြာဋိဟာဖြင့် ကယ်မတော်မူပါ။ သနားတော်မူပါ ...”

အချိန်သည် အရွေ့အလျား မရှိ ရပ်တန့်နေဘိသို့ ရှိ၏။ မည်မျှ ကြာအောင် ဆုတောင်းနေမိသည်ကို မသိ။ ကွက်လပ်ဆီက အော်ဟစ်သံတွေ ကြားမှ သတိဝင်လာပြီး တဲပြင်သို့ ကမန်းကတန်း ထွက်ကြည့်သည်။

ကွက်လပ်ဆီမှ လူအုပ်ကြီးကို တစ်ပိုင်းတစ်စ လှမ်းမြင်နေရ၏။ ခရစ်ကတ်ပွဲ ကြည့်သလို တန်းစီပြီး ကြည့်နေကြခြင်း ဖြစ်သည်။ သူတို့ ဦးခေါင်းပေါ်မှ ကျော်၍ အရပ်မြင့်မြင့် အာရပ်တစ်ယောက် လက်လွှဲ၍ ပစ်လိုက်သည်ကို ရိပ်ခနဲ မြင်လိုက်ရ၏။ အော်ဟစ် အားပေးသံတွေ ဆူညံသွားသည်။ ခဲပစ်တရား စီရင်ခန်း စလေပြီ။

အို ... ဘုရား ဘုရား။ ငါ့ ဆုတောင်းသံကို ဘုရားသခင် ကြားတော် မမူပြီလော။ တဲထဲသို့ ပြန်ဝင်ပြီး အိပ်ရာပေါ်သို့ မျက်နှာမှောက်ချလိုက်သည်။ ဇူလေခါ၏ သနားစရာ ခြေထောက် ညိုညိုကလေးကို မျက်စိထဲက မထွက်နိုင်အောင် ဖြစ်နေ၏။ ခုလောက်ဆို သချုႋင်း တွင်းမြေထဲမှာ အရှင်လတ်လတ် အမြှုပ်ခံနေရပြီပေါ့။

အော်သံတွေ၊ အော်သံတွေ။ တစ်ခါပြီး တစ်ခါ ...။ နောက်ဆုံးတွင်မှ တိတ်ဆိတ်ငြိမ်သက် သွားတော့၏။

တဲထဲသို့ တစ်စုံတစ်ယောက် ဝင်လာသံ ကြား၍ ဆတ်ခနဲ ခေါင်းထောင် ကြည့်လိုက်သည်။ ဗိုလ်မှူးဂရန့်၏ ယီမင် အာရပ် လူမည်း တပ်ကြပ်ကြီး ဖြစ်၏။ မတ်ခွက်ကိုင် ဝင်လာပြီး ...

“လက်ဖက်ရည်ပါ ဆရာ။ ဗိုလ်မှူးက ခရီးဆက်ဖို့ အသင့် လုပ်ထားပါတဲ့ ဆရာ”

တွမ်လင်ဆန် အိပ်ရာပေါ်မှ ထထိုင်သည်။ လက်ဖက်ရည် တစ်ကျိုက် မော့ရင်း စကားစလိုက်၏။

“ပြီးသွားပြီလား”
“ဘာလဲ ဆရာ၊ လက်ဖက်ရည်လား”
“ဘယ်ကလာ၊ ဟိုက ခဲပစ်တရား စီရင်ခန်းကို ပြောတာကွ”
“ဟုတ်ကဲ့ ဆရာ၊ ပြီးပါပြီ။ ဟောဒီ အာရပ်တွေက သိပ် လူပါးဝတာ ဆရာ။ ဗိုလ်မှူးကလည်း ... ဗိုလ်မှူးပဲ။ ဗိုလ်မှူးဟာ တကယ် ဆိုရင် ကျွန်တော့် အဖေ ဆိုလည်း ဟုတ်၊ အမေဆိုလည်း ဟုတ်တာပါပဲ ဆရာ။ ဒါပေမယ့် တစ်ခါတလေ ကလေး တစ်ယောက် လိုပဲ။ ကျွန်တော့်ကို စောစော တိုင်ပင်ရင် ဒီလို ဘယ်ဖြစ်မလဲ”
“တရားစီရင်ခန်း အကြောင်းကို ပြောစမ်းပါကွ”

သင်းအုပ်ဆရာက စိတ်မရှည်ဘဲ အော်ပြောလိုက်သည်။ တပ်ကြပ်ကြီးက စိတ်ချဉ်ပေါက်နေသည့် လေသံဖြင့် ...

“တစ်ယောက်မှ မထိကြဘူးလေ။ သွေးတစ်စက်တောင် မထွက်ဘူး။ ဘယ်ကြည့်ကောင်းမလဲ ဆရာ။ ဗိုလ်မှူး ညံ့လို့ပါလေ။ ကျွန်တော့်ကို ကြိုတိုင်ပင်ရင် ဒီလို ဘယ်ဖြစ်ပါ့မလဲ။ သူက သဘောကောင်းပြီး ထိအောင် ပစ်နိုင်တဲ့ လူတိုင်း တစ်ချက်ကို တစ်ကျပ် ဆုချမယ်လို့ ပြောတယ်။ ဒီအထိ မဆိုးသေးဘူး ဆရာ။ ကျွန်တော့် ဗိုလ်မှူးက ထိအောင် မပစ်နိုင်တဲ့ သူတွေကိုလည်း နှစ်သိမ့်ဆုအဖြစ် ကျည်ဆန် တစ်တောင့်စီ ပေးမယ်လို့ ကြေညာ လိုက်သေးတယ်။ ကျည်ဆန်တစ်တောင့် နှစ်ကျပ်ရတယ် ဆိုတာ ဗိုလ်မှူး မသိဘူးလေ။ အဲဒီမှာ ပစ်တဲ့ လူတိုင်းဟာ အလ၁လာ အရှင်မြတ်ရဲ့ အလိုတော်ကြောင့် လွဲရတာ ဆိုပြီး လွှဲပစ်ကြတာပေါ့။ ခုလောက်ဆို ဇူလေခါနဲ့ အလီဘတ်တို့ နှစ်ယောက် တရားဝင် လက်ထပ်ခွင့် ရပြီ။ ဆရာ ... ဘာပြုလို့လဲဟင် ... နေမကောင်းဘူးလား”

သင်းအုပ်ဆရာ တွမ်လင်ဆန်သည် ကတုန်ကယင် ဖြစ်သွားသည်။ ဇူလေခါ တစ်ယောက် ရယ်ကာမောကာ ဝဲပျံ ကခုန်နေသည်ကို မြင်ရဦးမည်ပေါ့။

အင်း ... ဗိုလ်မှူး ... ဗိုလ်မှူး။ စကားနည်းသလောက် အာရပ်တို့၏ အထာကို ကျွမ်းပါပေ၏။ သူတို့ အားလုံး၏ စိတ်ကျေနပ်မှုကို အရယူပြီး ချစ်သူ နှစ်ဦး၏ အသက်ကို ကယ်လိုက်ခြင်းပါတကား။

သင်းအုပ်ဆရာ၏ ရင်ထဲတွင် ကြည်နူးမှုတို့ဖြင့် ဆွတ်ပျံ့လှုပ်ခါ၍ နေလေသည်။

(Judgement on Lover by Garnett Radcliffe)

တင်မောင်မြင့်
မဟေသီ၊ ဒီဇင်ဘာ၊ ၁၉၈၇။

No comments:

Post a Comment