Friday, June 3, 2016

ဝတ္ထုတစ်ပုဒ် ရေးပေးပါ (မောင်ရင့်မာ (ကျောင်းကုန်း))


ခက်လိုက်တာ ကိုရင့်မာရယ်။

ကိုယ်ရေးလို့ ဖြစ်မှတော့ အညောင်းခံပြီး ကိုရင့်ကို ဘယ်လာ ပြောနေတော့ မှာလဲ။ ပြီးတော့ ကိုယ့်အသက်မွေး ဝမ်းကျောင်းက ကိုရင်တို့ စာရေးဆရာတွေနဲ့ ဆန့်ကျင်ဘက်။ ကိုရင်တို့က ဖြစ်ရပ်တစ်ခုအပေါ် စိတ်ကူးစိတ်သန်းတွေ၊ အလင်္ကာတွေနဲ့ မွမ်းမံခြယ်သ ရတာမျိုး။ သိပ် လက်တွေ့ ဆန်လွန်းရင်တောင် ဘာတဲ့၊ ပုံတူကူးတယ်၊ အနုပညာ အားနည်းတယ်လို့ အဝေဖန်ခံ ရတာမျိုး။ ခံစားမှုကို အလေးကဲရတဲ့ သဘာဝမျိုး။ ကိုယ်တို့က ငါ့ကို တိမ်းညွှတ်သွားအောင် ဘယ်လို အလင်္ကာတွေ ရောမွှေပြီး မြူဆွယ်သိမ်းသွင်း နေသလဲ၊ တကယ့်ဖြစ်ရပ်က ဘာလဲ၊ အလင်္ကာတွေ ဖယ်ရှား၊ ဆင်ခြင်တုံ တရားကို သတိကပ်ထား ရတာမျိုး။ အမှန်ကို ရှာဖွေရတဲ့ အခါမှာ ခံစားမှုကို ဥပေက္ခာ ထားရတဲ့ သဘာဝမျိုး။

စာရေးလို့ ကိုယ် ဘယ်လိုလုပ် "ဖြစ်"နိုင်တော့မလဲ။

ထားပါ။ ကိုယ် ကြုံတွေ့ရတာ လေးက ကိုရင့် အတတ်ပညာနဲ့ သိပ်မွမ်းမံ ခြယ်သစရာ မလိုဘဲနဲ့တောင် စိတ်ဝင်စားဖို့ ကောင်းတဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်တယ် ထင်မိတယ်။

ပြောပါကော။ ထူးထူးဆန်းဆန်း မဖြစ်ဘူးထား။ ထူးထူးခြားခြား ဖြစ်ခဲ့တာတော့ သေချာတယ်လို့။

* * *

ကိုရင် မှတ်မိနိုင်ပါဦးမလား မသိဘူး။

ကိုရင့်ကို ကိုယ် မကြာမကြာ ဇာတ်ကြောင်းလှန်ခဲ့ဖူးတဲ့ မိုးညိုလေ။ စိုးစိုးနဲ့ ကိုသိန်းတန်တို့ရဲ့ လွမ်းဆွတ်စရာ ဓာတ်ပြားဇာတ်ထဲက မိုးညိူပေါ့။

အကြောင်း အားလျော်စွာပဲ ဆိုပါတော့။ ကိုယ် မင်းလှမှာ တာဝန် ထမ်းဆောင်တုန်း၊ မိုးညိုကို တစ်ပတ်မှာ နှစ်ရက် ရုံးထိုင် ပေးရတယ်။

ညနေပိုင်း ရုံးအလုပ်တွေ ပြီးလို့ ကားကြုံရင်လည်း မင်းလှကို ပြန်တယ်။ ကားကြုံ မရှိရင်လည်း ဧရာဝတီကမ်း နံဘေးက မိုးညိုရဲ့ ညနေခင်းလေးတွေ ခံစား။ ညရှစ်နာရီလောက်ဆို စည်ပင် အင်ဂျင်နီယာ လုပ်နေတဲ့ စာရေးဆရာ ကိုတိုးမရတို့၊ ကိုမျိုးနောင်တို့ ကိုယ် အင်မတန် ခင်မင်လေးစားတဲ့ အလွတ်သင်ဆရာ ကိုသိန်းမြင့်တို့တွေနဲ့ လက်ဖက်ရည်ဆိုင်မှာ နာရီပေါင်းများစွာ ထိုင်ပြီး စာအကြောင်း ပေအကြောင်း ရောက်တတ်ရာရာ ပြောတယ်။

ကိုရင်တို့ လေထန်ကုန်း ထက်ကိုပဲ စာသံပေသံ ဝေဖန် ချေချွတ်သံတွေ စီစီညံတဲ့ ဝိုင်းပေါ့။

အဲဒီ ကိုသိန်းမြင့် ဆိုတာ(ခုတော့ ကွယ်လွန် ရှာပါပြီ) သူက စာသာ မရေးတာ၊ အလွန် စာဖတ်နိုင်တဲ့လူ။ ဆရာ ဦးအောင်သင်းရဲ့ အန္တဝေါသိကပေါ့။ စာအကြောင်းများ ပြောရရင် ပါးစပ်က အမြှုပ်ထွက်အောင်ကို ပြောတော့တာ။ ဝီလျံဝဒ်စ်ဝပ်ရဲ့ ကဗျာတွေ ရွတ်သလား မမေးနဲ့။ ထားပါလေ။

အဲသလို လူတွေနဲ့ဆုံ၊ ပါးစပ်က အမြှုပ်ထွက်အောင် ပြောနဲ့၊ တစ်ညတော့ ...။

ည ဆယ်နာရီလောက် မင်းလှကားကြုံ ရှိတာကို လေကြော မပြတ်တာနဲ့ မင်းလှ မပြန်ဘဲ မိုးညို လေထန်ကုန်းမှာ တုံးမောင်း ခေါက်လုနီးထိ ထိုင်လိုက်မိတယ်။ အဲဒီ ညက မင်းလှက ကိုယ်နေတဲ့အိမ် သူခိုး ခိုးခံရပါရောလား။

တရားသူကြီး တစ်ယောက်ရဲ့အိမ်ကို သူခိုး ခိုးခံရရုံမျှနဲ့ ဝတ္ထုတစ်ပုဒ် ဖြစ်မလာနိုင်သေးဘူး ဆိုတာ ကိုယ်လည်း အသိသားပေါ့ ကိုရင့်မာရယ်။

ဒီလောက်နဲ့တော့ ကိုယ်လည်း ဘယ် စကားလုပ် ပြောနေပါ့မလဲ။ အဲဒီ သူခိုးဟာ ကိုယ့်ရုံးမှာ ကိုယ်ကိုယ်တိုင် ပြစ်ဒဏ် စီရင်ခဲ့ဖူးတဲ့ သူခိုးတစ်ယောက် ဖြစ်တယ် ဆိုတာနဲ့တောင် ခု အဖြစ်အပျက်ကို ကိုယ် မပြောသေးဘူး။

ခု အဖြစ်အပျက်က အဲဒါထက် ပိုပြီး ထူးခြားနေသေးတယ်။

ဒီလို၊ ဒီလို။ နေဦး၊ ကိုယ့်စကား ဘယ်ရောက်သွားပါလိမ့်။

အဲ ... ဆိုပါတော့လေ။ ကိုယ်ပြောချင်တာလေးဆီ မြန်မြန်ရောက်အောင် သွားရရင်။

အဲဒီ ည မိုးညိုမှာ ပါးစပ် အမြှုပ်ထွက်အောင် ပြောတတ်တဲ့ ဆရာ ဦးသိန်းမြင့်တို့နဲ့ သန်းခေါင်ကျော် လင်းအားကြီး နာရီပြန် နှစ်ချက်လောက်အထိ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့ကြတယ်လို့ ကိုယ် ပြောပြီနော်။ အဲဒါလေး အရေးတယူ ပြောရတာက အဲဒီ အချိန်ဟာ ကိုယ့်အိမ် သူခိုးဝင်နေတဲ့ အချိန်မို့လို့ပေါ့။ နောင်မှ ပြန်သိရတာလေ။

နောက်တစ်နေ့ နံနက် ကိုယ် မင်းလှကို ပြန်ရောက်တော့ ကိုယ့်အိမ် သူခိုး ဝင်ခိုးခံရကြောင်း သိရပြီ ဆိုပါတော့။

မင်းလှမှာ ကိုယ် ငှားနေတဲ့ အိမ်က ဦးကြူဖေတိုက် ဆိုတော့ နှစ်ထပ်အိမ် ဟောင်းကြီးပေါ့။ အိမ်အောက်ထပ်က သုံးတစ်လက်မချောင်းတွေကို မြက်ခုတ်ဓားနဲ့ ထိုးခွာပြီး အထဲ ဝင်တာ။ အောက်ထပ် ဧည့်ခန်းထဲမှာ ထားတဲ့ ကက်ဆက် တစ်လုံးနဲ့တိပ်ခွေ တချို့ရယ်၊ ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်ရယ်၊ ဝန်ထမ်းကတ်ရယ်၊ ပြီးတော့ အိမ်ပေါ်ထပ် အခန်းထဲမှာ ထားတဲ့ သေတ္တာကို ဖွင့်ပြီး ယူလို့ ကိုယ့် အဝတ်အစား တချို့ရယ်၊ ကင်မရာ တစ်လုံးရယ် သူခိုးနောက်ကို ပါသွားတာ။ အဲဒီမှာ ကိုယ်က မျက်လုံး ပြူးတော့တာ။

ကိုရင်လည်း သိတဲ့အတိုင်း မင်းလှက နွေဆို သိပ်ပူတာ။ မြေလတ် ဆိုတော့လေ။

ဒီတော့ ကိုယ့်ဇနီးနဲ့ သုံးတန်းကျောင်းသား အကြီးကောင်နဲ့၊ သမီး အငယ်မနဲ့က အိမ်ပေါ်ထပ် သူခိုးခိုးခံရတဲ့ အခန်းအပြင်မှာ ဖြန့်အိပ်ကြတာ။ သူခိုးက သူတို့ အိပ်ရာကို ကျော်ပြီးမှ အိမ်ပေါ်ထပ် အခန်းထဲကို ဝင်လို့ရတာ။ လူကို အန္တရာယ် ပြုမသွားတာ တော်လှလို့ သူခိုးကို ကျေးဇူးတင်ရသေး။ တစ်ခုတော့ ရှိရဲ့။ အဲဒီ ညက မိုးညိုမှာ ည ဆယ်နာရီလောက် ကားကြုံရှိတုန်း ကိုသိန်းမြင့်တို့နဲ့လေကြော ဖြတ်ပြီးသာ ပြန်ခဲ့ရင် ကိုယ် မင်းလှ ပြန်ရောက်ချိန်နဲ့၊ သူခိုး အိမ်ထဲ ရောက်ချိန်နဲ့ ဒုတ်ဒုတ်ထိ တိုးလောက်တယ်။ အဲသလိုဆို အိမ်ထဲ အိပ်နေတဲ့ ကိုယ့်မိသားစုလည်း အသက်အန္တရာယ် မကင်းဖြစ်မှာ အသေအချာပဲ။ ထားပါလေ။

ကံအားလျော်စွာပဲ၊ နောက် ရက်သတ္တ တစ်ပတ်လောက် အကြာမှာ သူခိုးကို ပြန်ဖမ်းမိတယ်။

တိုတို ပြောရရင် သူက လက်ပံတန်း ဘူတာရုံနားက ထမင်းဆိုင်မှာ ကက်ဆက်တစ်လုံး ရောင်းဖို့ စပ်နေတာက သတင်းအစ ရခဲ့တာ။ လက်ပံတန်းက မင်းလှကို ပြောင်းလာတဲ့ လူတစ်ယောက်က သူတို့ ရယကနဲ့ စကားပြောရင်း အစပေါ်တော့ ကိုယ်ကိုယ်တိုင်ပဲ ရဲကို ဖုန်းဆက်ပြီး ဖမ်းခိုင်းလိုက်တာ။

ဟုတ်တယ်။ သူ့နာမည် `နေထွေး´ တဲ့။ ကိုယ်တို့ မင်းလှမြို့နယ် သရောဂျီ ရွာဘက်က ဇာတိ။

လွန်ခဲ့တဲ့ တစ်နှစ်လောက်က ကိုယ့်ရုံးက တရားသူကြီး တစ်ယောက်က သူ့ကို ခိုးမှုနဲ့ ပြစ်ဒဏ် စီရင်ဖူးတယ်။ သူက လွတ်ရက် မရောက်ခင် ရဲဘက်စခန်းက ထွက်ပြေးလာပြီး ပထမဆုံး ကိုယ့်အိမ် ဝင်ခိုးတာ။ ကိုယ့်အိမ် ခိုးပြီးရင် နောက် အစီအစဉ်က သူ့ကို ပြစ်ဒဏ် စီရင်ခဲ့တဲ့ တရားသူကြီး အိမ်ကို ခိုးဦးမှာဆိုပဲ။ ဒီ နေထွေး ဆိုတဲ့ ငတိက အရိုက်အနှက် မခံရဘဲ ပြောနေတာနော်။ အံမယ် သူက တရားသူကြီးအိမ် ခိုးလို့ရတယ် ဆိုပြီး ဂုဏ်များတောင် ယူလို့။
သူ့ကို ကိုယ့်ရုံးမှာ မစစ်ဆေးခဲ့ပါဘူး။ မသင့်လျော်ဘူးလေ။ ကိုယ့်ဇနီးက တရားလို လုပ်ပြီး တိုင်ချက် ဖွင့်ခဲ့တာ မဟုတ်လား။ `အမှန်တရားကို အများ မြင်စေရာ၏´ ဆိုသလိုပဲ လက်ပံတန်းရုံးမှာ ကိုယ့်ဇနီး တိုင်တဲ့အမှုကို ရုံးပြောင်း စစ်ဆေးခဲ့တာပါ။

ပြောရမယ် ဆိုရင်တော့ ကိုယ်လည်း အဲဒီ အချိန်တုန်းက သူ့အပေါ် အမျက်မထားခဲ့ပါဘူး။ ကိုယ့်ရဲ့ ဇနီး သားသမီးတွေကို အန္တရာယ် ပြုမသွားတာ တော်လှလို့ ကျေးဇူးတောင် တင်ခဲ့ရပါတယ် ဆိုမှ။ လက်ပံတန်းကို ရုံးမပြောင်းခင် ကိုယ့်ဆီမှာ သူ့ကို ရမန် ယူတော့တောင် ထွေထွေထူးထူး သူ့ကို ဘာမှ မမေးခဲ့ပါဘူး။ အလကား နေရင်း သူ ထိတ်လန့်နေမှာ စိုးလို့လေ။

အဲဒါနဲ့ ...။

ဆိုပါတော့။ ကိုယ့်အိမ် ခိုးတဲ့ အမှုနဲ့ပဲ လက်ပံတန်းရုံးက သူ့ကို ပြစ်ဒဏ် စီရင်လိုက်တယ်။

ဇာတ်လမ်းက ပြီးမသွားသေးဘူး ကိုရင်ရဲ့။ ခုမှ ဇာတ်လမ်းစတာ။

ဒီလို။

ကိုနေထွေးဆီက ကိုယ့်ရဲ့ ကက်ဆက်နဲ့ တိပ်ခွေ တချို့ရယ်၊ ကင်မရာရယ်၊ အဝတ်အစား တချို့ရယ် ပြန်ရခဲ့တယ်။ ကိုယ့်ရဲ့ နိုင်ငံသား စိစစ်ရေးကတ်နဲ့ ဝန်ထမ်းကတ်နဲ့ကတော့ ပြန်မရဘူး။ အမှုစစ် ရဲအရာရှိ စခန်းမှူး ကိုဝင်းမြင့်ကို မေးခိုင်းတော့လည်း ကိုယ့် ကတ်ပြားတွေ သူ ယူမသွားဘူးလို့ နေထွေးက ပြောသတဲ့။ ထားပါလေ။ ကိုယ်တို့ ပြန်ရတဲ့ တိပ်ခွေတွေထဲမှာ ကိုယ်တို့ပစ္စည်း မဟုတ်တဲ့ တိပ်ခွေတစ်ခွေ ပါလာတယ်။ ကိုယ် မှတ်မိသလောက် ပြောရရင် အဲဒါ ရက်ပ် သီချင်းခွေ တစ်ခွေပဲ။ ကိုယ့်ဇနီးက အဲဒီ ရက်ပ်သီချင်းခွေဟာ ကိုယ်တို့ ပစ္စည်း မဟုတ်ကြောင်း ပြောပြီး ရဲကို ပြန်ပေးတယ်။ အဲ ...အဲသမှာ နောက်တစ်မှု ပေါ်တော့တာပဲ။

အဲဒီ အချိန်တုန်းက ရက်ပ် သီချင်းတွေ ကလည်း ခုလောက် ခေတ်မစား သေးဘူး။

ပြောပါကော။ ကိုယ်တောင် တစ်ခါမှ ဝယ်ပြီး နားမထောင် ပါဘူးဆို။ ဒီတော့ ကိုယ့်အိမ် ခိုးမှု မဖြစ်ခင် သစ်တောအရာရှိအိမ် ခိုးမှု ဖြစ်ခဲ့တော့ ပျောက်ဆုံး သွားကြောင်း တိုင်တန်းတဲ့ ပစ္စည်းစာရင်းမှာ အဲဒီ ရက်ပ် သီချင်းခွေက ပါနေတယ်။ နေထွေးကို ရဲက သွားစစ်တော့လည်း သစ်တောအရာရှိ ဦးခင်မောင်အေး အိမ်က ခိုးယူခဲ့တဲ့ ပစ္စည်းတွေထဲမှာ အဲဒီ တိပ်ခွေ ပါခဲ့မယ် ထင်ကြောင်း နေထွေး ကိုယ်တိုင် က ဝန်ခံခဲ့သတဲ့။

ဆိုပါတော့ နေထွေးရဲ့ အဲဒီ အမှုကို ကိုယ့်ရုံးမှာ ကိုယ်ကိုယ်တိုင် စစ်ဆေး စီရင်ရတော့တယ်။

ကိုယ်က တရားသူကြီး၊ နေထွေးက တရားခံ။

* * *

ကိုယ်က တရားသူကြီး နေထွေးက တရားခံ ဆိုရုံနဲ့ မကသေးဘူး ကိုရင့်မာရေ။ အဲဒီ အမှုရဲ့ အဓိက သက်သေက ကိုယ့်ဇနီး ဖြစ်မနေပေဘူးလား။

အဲဒီ အချိန်က မင်းလှ မြို့သားတွေ အဲဒီ အမှုလေးကို စိတ်ဝင်စား ခဲ့ကြသေးတာပေါ့။

ဘယ်လို စိတ်ဝင်စားမှုမျိုး ဖြစ်နိုင်မလဲလို့လည်း ကိုရင် တွေးနိုင်မှာပေါ့။

စစ်ရတဲ့ တရားလိုပြ သက်သေက ၄ ယောက်တည်းပါ။ တရားလို (အိမ်ရှင် ဦးခင်မောင်အေး) က သူ့အိမ် ဘယ်နေ့က အခိုးခံရပြီး ဘာပစ္စည်းတွေ ပါသွားကြောင်း၊ အဲဒီ အထဲမှာ ခု ရုံးရှေ့ တင်ပြထားတဲ့ ရက်ပ် သီချင်းခွေလည်း ပါကြောင်း ဒီလောက်ပါပဲ။ နောက် သက်သေ တစ်ယောက်က အဲဒီ ရက်ပ် သီချင်းခွေဟာ တရားလိုရဲ့သားကို သူက လက်မှတ်ထိုးပြီး လက်ဆောင် ပေးထားတဲ့ အခွေဖြစ်ကြောင်း ထွက်ဆိုပြီး ကိုယ့်ဇနီးက သူမအိမ် အခိုးခံရတုန်းက ရဲက ရှာဖွေပုံစံနဲ့ သိမ်းဆည်းလို့ တရားခံက လက်မှတ်ရေးထိုး အပ်နှံတဲ့ ပစ္စည်းတွေထဲက အဲဒီ ရက်ပ် သီချင်းခွေဟာ သူမအိမ်က ပစ္စည်းမဟုတ်ကြောင်း ထွက်ဆိုတယ်။ အမှုစစ် ရဲအရာရှိကတော့ သူ့ရဲ့လုပ်ငန်းတွေ ဘယ်လို ဆောင်ရွက်တယ် ဆိုတာ ထွက်ဆိုတာပေါ့လေ။

ထူးခြားတာ တစ်ခုက နေထွေးဟာ တရားရုံး အတွေ့အကြုံ အနည်းဆုံး သုံးကြိမ်လောက် ရှိခဲ့တယ် ဆိုပေမယ့်လို့ တရားလိုပြ သက်သေ အားလုံးရဲ့ ထွက်ဆိုချက်တွေကို ငြင်းဆိုမေးမြန်းတဲ့ မေးခွန်းမျိုး တစ်ခွန်းမှ မမေးခဲ့ဘူး။ သူ သိပြီးသား ဖြစ်တဲ့ သူ့လုပ်ရပ်တွေကို ရိုတိုးရိပ်တိပ် ပြောနေတာ ကြားနေသလိုမျိုး ပျင်းပျင်းရိရိ နားထောင် နေတယ်။ သက်သေကို ဘာမေးချင်သလဲ ဆိုတိုင်း မေးစရာ မရှိပါဘူးပဲ ပြောတယ်။

သူ့အသက်က ရှိလှ သုံးဆယ်ပေါ့။ အသားဖြူဖြူ၊ မျက်လုံးမှေးမှေး၊ ခြေဖဝါးကြီးကြီး ထီမထင်တဲ့ မျက်နှာမျိုးနဲ့ ကိုယ် အမှုစစ်နေစဉ် တစ်လျှောက်လုံး ကိုယ့်ကို မျက်လုံးချင်းဆိုင်ပြီး တစ်ခါမှ မကြည့်ဘူး။

ကိုယ်က သူ့ကို ပုဒ်မ ၃၈၀ အရ စွဲချက်တင်ကြောင်း ပြောပြီး အပြစ်ရှိ မရှိ မေးတဲ့အခါကျတော့ သူက `ကျွန်တော့်မှာ အပြစ်မရှိပါဘူး´ တဲ့။ ကိုယ်တောင် နည်းနည်း အံ့ဩသွားတယ်။ သူက ပြန်လှန်မေးခွန်းတောင် မမေးခဲ့ဘူး ဆိုတော့ ဝန်ခံလိမ့်မယ်လို့ ထင်ထားတာ။ ထားပါလေ၊ ဒါ သူ့အခွင့်အရေးပဲ။ ငြင်းပိုင်ခွင့် ရှိပါတယ်။

`စစ်ပြီးခဲ့တဲ့ သက်သေတွေကို ပြန်ခေါ် စစ်ပေးရဦးမလား´ ကိုယ်က မေးတယ်။ သူက-

`ဟုတ်ကဲ့ စစ်ချင်ပါတယ်´ တဲ့။

ဒါလည်း သူ့အခွင့်အရေးပဲလေ။

`ဘယ်သူ့ကို ပြန်ခေါ်ပေးရမလဲ´
`ဆရာမကို ပြန်ခေါ်ပေးပါ´ တဲ့။
`ဟေ ... စောစောကတော့ ပြန်လှန်စစ်မေးစရာ မရှိတော့ပါဘူးဆို´
`ခု ... မေးချင်လို့ပါ´

မတတ်နိုင်ပါဘူးလေ။ ဒါလည်း တရားခံကို ဥပဒေက ပေးထားတဲ့ အခွင့်အရေးပဲလို့ စိတ်ကိုလျှော့၊ ကိုယ့်ရုံးဝန်ထမ်း တစ်ယောက်ကို ကိုယ့်အိမ်လွှတ်ပြီး ကိုယ့်ဇနီးကို ပြန်ခေါ်ခိုင်းရတာပေါ့။ နေပူကျဲကျဲထဲမှာ ကိုယ့်ဇနီး အိမ်ပြန်ရောက်ရုံ ရှိသေး၊ ရုံးက လိုက်ခေါ်လို့ ချွေးသံရွှဲရွှဲနဲ့ ပြန်လာရတယ်။

`တရားခံ မောင်နေထွေး မေးနိုင်ပါပြီ´

ကိုယ့်ဇနီး ရုံးရှေ့ရောက် သက်သေခုံမှာ ထိုင်တော့ ကိုယ်က သူ့ကို မေးခွင့်ပြုလိုက်တယ်။ သူ့ဆီက မေးခွန်းမေးသံ ထွက်မလာဘူး။

ကိုယ် နောက်တစ်ကြိမ် ထပ်ပြီး သတိပေးလိုက်တယ်။

`ကျွန်တော် မေးစရာ မရှိတော့ပါဘူး´

`ဘာကွ´။ အဲဒါ ကိုယ့်ရင်ထဲမှာ ပြင်းထန်စွာ မြည်ဟည်းသွားတဲ့ အသံပဲ။ ဣန္ဒြေပျက်လုခမန်း ဟုန်းခနဲ ဒေါပွသွားတာ အမှန်ပဲ။ သူ့ကို ကိုယ် အခွင့်အာဏာ ရှိသလောက် အမြင့်ဆုံး ထောင်ဒဏ်တွေ ထပ်ပြန်တလဲလဲ ချမှတ်နေမိတယ်။ ဒါ ငါ့ကို သက်သက် မခန့်လေးစား လုပ်တာဆိုတဲ့ အတွေးနဲ့လေ။

ကိုရင့်မာရေ၊ ကိုယ့်မှာ ပုထုဇဉ်လူသား တစ်ယောက်မှာ ရှိတဲ့ ဒေါသ၊ မောဟ၊ မာန၊ အာဃာတ ဆိုတာတွေ တစ်ခါတစ်ရံ ငုပ်လျှိုးနေတာမျိုးက လွဲရင် အကုန်ရှိမှာပါ။ ကိုယ် သူတော်ကောင်းယောင် ဆောင်လိုက်တာလည်း မဟုတ်ပါ ဘူး။ ဒါပေမဲ့ ...

အဲဒီ နေ့က စီရင်ချက်ရေးဖို့ ကြိုးစားတော့ ဘောပင် ကိုင်ထားတဲ့ ကိုယ့် လက်တွေ တဆတ်ဆတ် တုန်နေတယ်။ ဒေါသ ဖြစ်လွန်းလို့လေ။ အဲဒီ ဒေါသစိတ် ကလေးကို သတိပြုမိ လိုက်တာနဲ့ ကိုယ် အဲဒီ နေ့မှာ စီရင်ချက် မချထိုက်ဘူးလို့ သတိရပြီး နောက်သုံးရက် ရွှေ့ဆိုင်း လိုက်တယ်။

တကယ် စီရင်ချက် ချမယ့်နေ့ ရောက်တော့ ကိုယ့်မှာ ဘာဒေါသမှ မကျန်တော့တာ အမှန်ပါ။

နေထွေးဟာ အသိဉာဏ် နုံ့နဲ့လို့ပဲ ဖြစ်ဖြစ်၊ တရားသူကြီး တစ်ယောက်ကို မခံချိစဖွယ် လုပ်ချင်လို့ပဲ ဖြစ်ဖြစ်၊ အဲသလို လုပ်ရတာကို ဂုဏ်ယူလို့ပဲ ဖြစ်ဖြစ်၊ ကိုယ် သူနဲ့အပြိုင် မမိုက်မဲထိုက်ဘူး မဟုတ်လား။ သူ့ကို ဒေါသဖြစ်တယ် ဆိုပြီး သူ တကယ် ကျခံထိုက်တဲ့ ပြစ်ဒဏ်ထက် ပိုချမှတ်ခြင်းမျိုးနဲ့ "အကုသိုလ် အပိုဆု" ကို ကိုယ် မယူလိုဘူး။

သူ့ကို ကိုယ် အပြစ်ပေးလိုက်တယ်။ သို့ပေမယ့် ကိုယ့်ရင်ထဲ ရှင်းရှင်းသန့်သန့် ထားပြီး သူ ကျူးလွန်ခဲ့တဲ့ ပြစ်မှု အတိုင်းအတာ အလျောက် ကြင်နာတတ်သော တရားသူကြီး တစ်ဦးက ဆင်ခြင်တုံ တရားနဲ့ အညီ ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်မျိုး ကိုယ် အမိန့်ချခဲ့တာပါ။

`တရားခံ မောင်နေထွေးက ဒီအမိန့်ကို အထက် တရားရုံးမှာ အယူခံ တက်ရောက်ခွင့် ရှိပါတယ်´

ဒါလည်း ကိုယ့်ဝတ္တရားအလျောက် ကိုယ် ပြောရမယ့် စကားပါ။ ဒီတော့ နေထွေးက-

`ဆရာ ပေးတဲ့အပြစ်ကို ကျွန်တော် ကျေနပ်ပါတယ် ဆရာ´ တဲ့ ပြောပြီး တရားခွင်နားကို တိုးကပ်လာတယ်။ အဲသလို တိုးကပ်လာရင်း သူ့အိတ်ကပ်ထဲက တစ်စုံတစ်ခုကို ခဲခဲယဉ်းယဉ်း နှိုက်ထုတ်နေတယ်။ ကိုယ်ကလည်း ဒီကောင် ဘာလုပ်မလို့ပါလိမ့်လို့ သူ့ကို ကြောင်ကြည့် နေမိတယ်။ သူ့အိတ်ကပ်ထဲက ဆွဲထုတ် လိုက်တာက စာအိတ် တစ်အိတ်။ သူက တစ်စုံတစ်ရာ ထည့်ထားတဲ့ အဲဒီ စာအိတ်ကလေးကို ကိုယ့်ဘက် လှမ်းပေးတယ်။

`ယူပါ ဆရာ၊ ဒါ ဆရာ့အတွက် ကျွန်တော် ပေးတဲ့ လက်ဆောင်ပါ´

ရုတ်တရက် ကိုယ်က ဘယ်ယူရဲပါ့မလဲ။ သူ့ ဘေးက အစောင့်ကိုပဲ လှမ်းယူခိုင်းပြီး စာအိတ်ကို ဖောက်ခိုင်းလိုက်တယ်။ နေထွေးရဲ့ မျက်နှာကို လှမ်း ကြည့်လိုက်တော့လည်း မဟုတ်မဟတ် တစ်ခုခု လုပ်ထားတဲ့ ပုံစံမျိုး မဟုတ်ဘူး။ ကြည်ကြည်လင်လင်ပဲ။

စာအိတ်ထဲက လျှောခနဲ ထွက်လာတဲ့ ကတ်ပြားကလေး နှစ်ချပ်ကို မြင်လိုက်တော့ ကိုယ် ဝမ်းသာလိုက်တာ။ ကိုယ့်မျက်လုံးတွေ ဝင်းလက်သွားလိမ့်မယ် ထင်ပါရဲ့။ ကိုယ့်ပစ္စည်းတော့ ကိုယ့်ပစ္စည်းပါပဲ။ ဒါပေမဲ့ သူ မပေးရင် ပြန်မရနိုင်တော့မယ့် ပစ္စည်းလေ။ ပြီးတော့ ဒါဟာ ပြစ်ဒဏ်ကျခံရတဲ့ တရားခံ တစ်ယောက်က သူ့ကို ပြစ်ဒဏ် ချမှတ်တဲ့ တရားသူကြီး တစ်ယောက်ကို အကြီးကျယ်ဆုံး ဂုဏ်ပြု လိုက်တာပဲ မဟုတ်လား။

ခုဆိုရင် ကိုယ့်ရဲ့ ဝဲဘက် အိတ်ကပ်ထဲမှာ နေထွေး ပြန်ပေးထားတဲ့ ကတ်ပြားကလေး နှစ်ချပ်ရှိတယ်။ အဲဒီ စိစစ်ရေး ကတ်ပြားကလေး နှစ်ချပ်က ဘယ်အခြေအနေမျိုးမှာ မဆို လူတစ်ယောက်ကို လူတစ်ယောက်လိုပဲ တန်ဖိုးထားတတ်ဖို့ ကိုယ့်ရဲ့ နှလုံးသားနဲ့ အနီးဆုံး နေရာတစ်ဝိုက်ကို တံခါးခေါက် သတိပေးနေ တယ်လေ။

ကဲ ...။

မောင်ရင့်မာ (ကျောင်းကုန်း)
ရွှေအမြုတေ၊ စက်တင်ဘာ၊ ၂၀၀၂။

No comments:

Post a Comment