Friday, June 3, 2016

တောကျီးကန်း (နေမျိုး)

ကျွန်ုပ်တို့အားလုံး ရိုးသားခဲ့ကြဖူးသူများ ဖြစ်နိုင်သည်။ မဖြစ်နိုင်သော်လည်း ဖြစ်သင့်သည်မှာ ကျွန်ုပ်တို့ အားလုံး ရိုးသားခဲ့ကြပါသည် ဟူသော အချက်ဖြစ်၏။ သို့သော် ရိုးသားလိုလျှင် ကျွန်ုပ်တို့ ဝန်ခံရမည်မှာ ကျွန်ုပ်တို့ မရိုးသား နိုင်ကြတော့ကြောင်းပင် ဖြစ်သည်။ မည်သို့ပင် ဖြစ်ပါစေ ဤကမ္ဘာ၌ ရိုးသားမှုဟူသည် အမှန်တကယ်ပင် ရှိခဲ့ဖူးကြောင်း ကျွန်ုပ်တို့ အစွမ်းကုန် အော်ဟစ် ပြောဆိုကြပါစို့။

သံလမ်းဘေးရှိ ဝါကျတိုတို တစ်ကြောင်းက တရိပ်ရိပ် ခုတ်မောင်းဝင်လာသော မီးရထားကြီးကို ညှို့ငင်လိုက်ဟန် တူသည်။ တဝုန်းဝုန်း တဂျုန်းဂျုန်း ခုတ်မောင်းဝင်လာသော မီးရထားကြီးက တဖြည်းဖြည်း နှေးကွေးလေးလံလာပြီး ဝါကျတိုတို ရေးထိုးထားသော မှတ်တိုင်ရှေ့မှာ တရှူးရှူးမြည်ကာ တုန်တုန်ယင်ယင် ရပ်တန့် သွားတော့သည်။ မှတ်တိုင်တွင် ရေးထိုးတပ်ဆင်ထားသော ဝါကျမှာ မည်သည့် အက္ခရာတွေ ပါဝင်ကြောင်း သူ မသိ၊ သိအောင်လည်း မကြိုးစား၊ ကြိုးစားရ ကောင်းမှန်းလည်း မသိတော့ပြန်ပေ။ သူ သိသည်မှာ ထို ဘူတာ မှတ်တိုင်အောက်တွင် ရောက်လာတတ်သော အဖော်တွေ အကြောင်းပင် ဖြစ်သည်။ အဖော်တွေဆိုရာ၌ ဝဲစားနေသော ခွေးခါးကျိုးကြီးမှ အစ ညှီတစိုစို ယင်တလောင်းလောင်း ဖြစ်နေသော “ပတ်တီး” အပါအဝင် ညနေတိုင်း မိမိကိုယ်ကို အစွမ်းကုန် ပြုပြင်မွမ်းမံထားသော “ပေါင်တံရှည်မ” အထိ ပါဝင်သည်။ “ရဲဘော်” ဟု သူက ယုံကြည်နှစ်လိုစွာ ခေါ်တတ်သော ခွေးခါးကျိုးကြီးကို နောက်ထပ် ဘယ်တော့မှ ဘူတာမှတ်တိုင် အောက်မှာ သူ တွေ့မြင်နိုင်ခွင့် မရတော့ပြီလေ။ ကုန်လွန်ခဲ့သော ရက်များအတွင်းက ခုတ်မောင်းဝင်လာသော မီးရထား တစ်စင်းပေါ်မှ ပစ်ချလိုက်သော (သို့မဟုတ်) လွတ်ကျလာသော အသားတုံး တစ်တုံးက ခွေးခါးကျိုးကြီးကို အပြီးတိုင် ခေါ်ငင်သွားခဲ့သည်။ အသားတုံးက တစ်နည်းနည်းဖြင့် အောက်သို့ ကျလာလိမ့်မည်။ ထိုမှ အရှိန်အဟုန်ဖြင့် တလိမ့်လိမ့် လိမ့်ကာလိမ့်ကာ ပြေးကောင်း ပြေးပေလိမ့်မည်။ သူ၏ ငတ်မွတ်မှုက သူ၏ ချည့်နဲ့မှုတို့ကို ရွေ့လျားနိုင်သော နောက်ဆုံးခွန်အား ဖြစ်စေခဲ့ပြီး ခွေးခါးကျိုးကြီး အာသာငမ်းငမ်း တရွတ်ဆွဲ လိုက်ခဲ့ပေမည်။ ရထားဘီးများထက်ရှိ အေးစက်သောကံကြမ္မာက တဝီဝီမွှတ်ကာ ဂျုံးခနဲ ... နောက်ထပ် ဂျုံးခနဲ ... ထပ်ပြီး ဂျုံးခနဲ ... ဂျုံးခနဲ ... ဂျုံးခနဲ ... ဂျုံးခနဲ။ ပြူးအစ် ကျွံထွက်လာတဲ့ မျက်လုံးတွေ။ စေးထန်းထန်းသွေးတို့ ဖျင်းခနဲ။ ဝဲစားနေတဲ့ အရေပြားကြီးကို တစ်စစီ စုတ်ပြဲလို့။ ဇလီဖားတုံးတွေကြားမှာ အသားတုံးကို ခဲထားတဲ့ ခေါင်းပြတ်ကြီး။ ခွေးခါးကျိုးရဲ့ နောက်ဆုံးနေ့မှာ ဘူတာထဲတွင် သူ မရှိခဲ့။ (ထိုနေ့မှာ သူ့ဘဝတွင် ကြေကွဲဖွယ် အမှတ်တရ နေ့တစ်နေ့ ဖြစ်လာခဲ့သည်။)

ခုတ်မောင်းနေသော ရထားကြီးတစ်စင်း အရှိန်ကောင်းကောင်း ရလာသည်နှင့် တွဲပေါ်မှ သူခုန်ချခဲ့ပုံကို အမှတ်ရနေသည်။ သူ့လက်ထဲမှာ ပိုက်ဆံအိတ် ခပ်ထူထူ ပါလာတာရော၊ သူ့နောက်ကို ဘူတာရဲ တစ်ယောက် ပြေးလိုက်လာတာကိုရော တွဲပြီး မှတ်မိနေသည်။ ဘူတာရဲရဲ့ ခြေလှမ်းကျဲကြီးတွေ တစ်ခုကိုတစ်ခု အလုအယက် မြန်ဆန်သွက်လက်စွာ လိုက်ပါလာပုံ၊ သံလမ်းခွဲ မောင်းခလုတ်ခုံကို လွှားခနဲ ခုန်အကျော်မှာ ဘူတာရဲက ကျောက်ခဲချွန်ချွန်တစ်လုံး ကောက်ယူလိုက်ပုံ။ “ခွေးမသားလေး ... မပြေးနဲ့” ဟူသော အော်သံအဆုံးမှာ တွဲဟောင်း တစ်ခုပေါ်က (နောင်တွင် သူ့ ရဲဘော် ဖြစ်လာသည့်) ခွေးကြီး ဝေါခနဲ ထိုးဆင်းလာပုံ မြန်ဆန်စွာ လှုပ်ရှားနေတဲ့ အဖြစ်အပျက်ဟာ ခွေခနဲ ညွှတ်ပြီး တအိအိလဲပြိုကျသွားတဲ့ ဘူတာရဲရဲ့ တအင်းအင်း တအဲအဲ ညည်းတွားသံတွေနဲ့အတူ ငြိမ်သက် ရပ်ဆိုင်းသွားပုံတွေ ... အသေးစိတ် မှတ်မိနေသည်။ ခွေးတစ်ကောင်ရဲ့ သွားချွန်ချွန်တွေက သူ့ကို မိမိရရ ကယ်တင်လိုက်တာ သေချာပါသည်။ အဲဒီ သွားချွန်ချွန်တွေကပဲ ဘူတာရဲကို “ထော့ကျိုး” လို့ အမည်တွင်စေခဲ့ပါသည်။ တစ်ရက်မှာတော့ ထော့ကျိုးရဲ့ နံပါတ်တုတ်က သူ့ရဲဘော် ခွေးကြီးရဲ့ ခါးကို ရိုက်ချိုးပစ်ခဲ့သည်။ သူတွေ့ဖူးသမျှထဲမှာတော့ အရက်စက်ဆုံး၊ အညှာတာ ကင်းမဲ့ဆုံး အပြုအမူ တစ်ခုပါပဲ။ နေ့ရက်ကို သူ အတိအကျ မှတ်သားထားနိုင်ခြင်း မရှိသော်လည်း တော်သလင်းလ၏ နေ့လယ်ခင်းတစ်ခု ဖြစ်ကြောင်းကိုတော့ ကောင်းစွာ မှတ်မိနေခဲ့သည်။ တွဲပျက်တစ်ခုအောက်မှာ ခွေးကြီးနဲ့ သူ့အဖော် ခွေးမတစ်ကောင်တို့ အတူတကွ ပူးတွဲတည်ရှိနေကြစဉ် ထော့ကျိုး၏ ရက်စက်ရမ်းကားသော နံပါတ်တုတ်က ခွေးကြီးရဲ့ ခါးရိုးကို အပြင်းအထန် ရိုက်ချိုးပစ်ခဲ့သည်လေ။ နာနာကျင်ကျင် အော်လိုက်သော အူသံရှည်ကြီး ထွက်ပေါ်လာပြီး ခွေးကြီးရဲ့ ခန္ဓာကိုယ်တစ်ဝက်က မြေပေါ်ကို ဘုန်းဘုန်းလဲ တရွတ်ဆွဲ ကျသွားခဲ့ရပါတော့သည်။ ခုတော့ ရထားသံလမ်းရဲ့ ကြမ်းတမ်းချွန်ရှတဲ့ ကျောက်တုံးတွေထက်မှာ သူ့ခန္ဓာကိုယ်တစ်ဝက် တရွတ်ဆွဲလို့ တရှဲရှဲခုတ်မောင်း သွားလာနေတတ်တဲ့ ခွေး ခါးကျိုးကြီး။ ရဲဘော် ... မင်း မရှိတော့ဘူး၊ သူငယ်ချင်း။

ကျွန်တော့်မှာ လွမ်းစရာဆိုလို့ ခွေးတစ်ကောင်ပဲ ရှိခဲ့ပါတယ်။ (ခွေးဆိုတာတောင်မှ မစွမ်းမသန်ရှာတော့တဲ့ ခွေးခါးကျိုးကြီးပါဗျာ။) ခု သူသေသွားပြီဆိုတော့ ပိုပြီး လွမ်းတတ်ဖို့ ဖြစ်လာရပြီပေါ့။ သူများ စုပ်ပြီး ပစ်ထားတဲ့ အရိုးတစ်ချောင်း တွေ့ရင်တောင်မှ ကျွန်တော် သူ့ကို ကောင်းကောင်းကြီး လွမ်းနိုင်ခဲ့ရပြီလေ။ တဂျွတ်ဂျွတ် မြည်သံတွေတောင် နားထဲမှာ ကြားယောင်လာမိတဲ့ အထိပါပဲ။ သူ့မေးရိုးကြီးတွေထဲမှာ ကမ္ဘာကြီး တစ်ခုလုံးတောင် ကြေမွသွားနိုင်လောက်သတဲ့၊ ခေါင်းကြီး ပြောတဲ့ စကားတွေလည်း ကြားမိပြန်တယ်။ သူသေဆုံးရပုံနဲ့ ပတ်သက်ပြီး မီးရထားတွေကို ကျွန်တော် အမုန်းကြီး မုန်းခဲ့ပေါ့။ ကျွန်တော့်အဖြစ်က မီးရထားတွေကို အမှီသဟဲပြုနေရတာမို့ တတ်နိုင်သမျှ အောင့်အည်းသည်းခံပြီး ကျင်လည်နေခဲ့ရတယ်ဗျာ။ ခွေးခါးကျိုးကြီး အပြင် တစ်ခါတလေမှာ ကျွန်တော့်ကို “သား”လို့ ခေါ်ဖူးတဲ့ မိန်းမကြီး တစ်ယောက်ကို သတိရမိတယ်။ အထူးသဖြင့် ဘူတာတစ်ခုလုံး မိုးသားတွေ အုံ့ဆိုင်းလာတဲ့အခါ (ဒါမှမဟုတ်) အခုလို နှင်းတွေ အလကားနေရင်း တဖွဲဖွဲ ကျဆင်းလာတဲ့ အခါမျိုးမှာပေါ့။ လွမ်းတယ် ... ဆိုတာ ကောင်းတဲ့အလုပ် မဟုတ်ဘူးလို့ ခေါင်းကြီးက ပြောဖူးပေမယ့် အဲဒီ မကောင်းတဲ့အလုပ်ကိုပဲ တစ်ညနေလုံး ကျွန်တော်လုပ်နေမိ “သား” တဲ့၊ အဲသလို ကျွန်တော့်ကို ခေါ်ဖူးတဲ့ မိန်းမကြီးက ခပ်ဝဝပါ။ ကျွန်တော်သူ့ကို တစ်နေရာရာမှာ မြင်ဖူးသိဖူးသလိုလို ထင်မိပေမယ့် သေသေချာချာ ပြန်စဉ်းစားကြည့်မိတဲ့အခါ တစ်ခါမှ မသိခဲ့ဖူးဘူးဆိုတာ သေချာလာခဲ့တယ်။ ဒါပေမဲ့ သစ်သီးတစ်လုံးလို အဲဒီ ခပ်ဝဝ မျက်နှာ ပိုင်းဝိုင်းကြီးက ကျွန်တော့်မျက်စိထဲမှာ စွဲနေခဲ့ပါတယ်။ ဒါကြောင့် ခပ်ဝဝ မိန်းမကြီးတွေဆို ဘယ်တော့မှ ကျွန်တော်မလုပ်ဘူး။ စ,တွေ့တဲ့နေ့က အဲဒီမိန်းမဝဝကြီးရဲ့အိတ် ကျွန်တော့်လက်ထဲ ရောက်ပြီးသား ခုန်ဆင်းဖို့ လမ်းကြောကြည့်နေတုန်းမှာ ဟောဒီလို သူက ပြောလိုက်တယ်။

“ဟဲ့ သား ... လိမ့်ကျဦးမယ်” တဲ့။

ကျွန်တော် တစ်ကိုယ်လုံး ကျင်သွားသလိုပဲ။ ကျွန်တော့်ဦးခေါင်းထဲ ဗျောက်အိုးကြီးတစ်လုံး ပစ်သွင်းလိုက်သလိုပဲ။ စိတ်တွေ ဘာဖြစ်သွားမှန်းမသိဘူးဗျာ၊ အဲဒီနေ့က ရည်ရွယ်မထားတဲ့ အလုပ်တစ်ခုကို ကျွန်တော် လုပ်ခဲ့တယ်။ မိန်းမကြီးရဲ့ ကြွပ်ကြွပ်အိတ်ထဲကို ဖတ်ခနဲ ပိုက်ဆံအိတ် ပြန်ပစ်ပေးခဲ့ပြီး ရထားပေါ်က ဝှီးခနဲ ခုန်ချနေရစ် ခဲ့တာလေ။ ကံဆိုးချင်တော့ အစိမ်းရောင်ပုလင်းကွဲက ကျွန်တော့် ခြေမကို ဆီးဖြဲပစ်လိုက်တယ်။ သွေးတွေ ... ရဲခနဲ ... နှစ်လက်မလောက် ဟက်တက်ကွဲတာပဲ။ (ဒါတောင် ခြေမက နှစ်လက်မလောက်ပဲ ရှိလို့၊ နို့မို့ဆိုရင် ဒဏ်ရာက သည့်ထက်က,မှာ မဟုတ်ဘူး) ဒါပေမဲ့ ကျွန်တော် စိတ်ချမ်းသာပါတယ်။ ဘယ်တုန်းကများ ဘယ်သူဟာ ကျွန်တော် ရထားပေါ်က လိမ့်ကျမှာကို စိုးရိမ်ခဲ့ဖူးသလဲ။ ကျွန်တော့်ကို တွန်းချဖို့ ကြိုးစားသူတွေနဲ့သာ စင်းလုံးပြည့် တွေ့ခဲ့ရတာပါ။

“ဟဲ့ သား ... လိမ့်ကျဦးမယ်” တဲ့။

စိတ်ချပါ မေမေ၊ ကျွန်တော်ဘယ်တော့မှ လိမ့်မကျစေရဘူး။

တကယ်လို့ လိမ့်ကျခဲ့တယ် ဆိုရင်တောင်မှ ကျွန်တော်က မနာတတ်ပါဘူး။ အဲဒီနေ့တွေမှာ ကျွန်တော်ဟာ သုံးရက်လောက် ထော့နင်း ထော့နင်း ဖြစ်ခဲ့ရပါတယ်။ မညာတမ်း ပြောရရင် အဲဒီမိန်းမကြီးကို အမေအဖြစ် ကျွန်တော် မွေးစားချင်မိတယ်ဗျာ။ စိတ်ချပါ။ ကျွန်တော်က မုန့်ဖိုးတွေ ဘာတွေ မတောင်းတတ်ပါဘူး။ ကျွန်တော်သာ ပိုက်ဆံ ချမ်းသာရင် တကယ့်ကို မွေးစားမိမှာပဲ (ခေါင်းကြီး ဟောတဲ့ ကျွန်တော့်အတွက် ဗေဒင် တစ်ဝက်လောက်ပဲ မှန်ခဲ့ရင်ကို ကျွန်တော်ဖြစ်ချင်တာတွေ ဖြစ်လာမှာ သေချာပါတယ်။) ဒီအကြောင်းတွေ “ရွှဲကြီး” ကို ကျွန်တော် ဖွင့်ပြောပြဖူးတယ်။ ရွှဲကြီးက မီးဖုတ်ထားတဲ့ ပေသီးလိုပြူးနေတဲ့ မျက်လုံးကြီးတွေနဲ့ စိုက်ကြည့်ကာ အသေအချာနားထောင်ပြီး ဟောသလို ပြန်ပြောခဲ့တယ်ဗျာ။

“ဟေ့ကောင် ... ငါလဲ မင်းကို သားလို့ ခေါ်မယ်လေ” တဲ့၊ ပြီးတော့ ... 

“ပြီးတော့ မင်း ငါ့ကို အဲသလို သတိရနေအောင်လို့” တဲ့။

ထွီခနဲ တံတွေးနဲ့ သူ့မျက်နှာကို ကျွန်တော် ထွေးပစ်ခဲ့တယ်။ ဒီကောင်ကြီး မိုက်ရိုင်းလိုက်တာလေ။ ညှီစို့စို့ သူ့ကိုယ်ပေါ် ဝဲနေတဲ့ ယင်ကောင်တွေ တစ်ဒါဇင်လောက် ဖမ်းပြီး ဒင်းရဲ့ ပုပ်ပွနေတဲ့ ပါးစပ်ကြီးထဲ လွှတ်ပစ်လိုက်ချင်တာ။ ကျွန်တော့်ကိုများ စော်စော်ကားကား။ ကျွန်တော်ဟာ မိကောင်းဖခင် သားသမီး တစ်ယောက် မဟုတ်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲဗျာ။ ကျွန်တော်ဟာ သူဌေးသားတစ်ယောက် မဟုတ်ဘူးလို့ကော ဘယ်သူက အပြတ်ပြောနိုင်မှာလဲ။ (ခေါင်းကြီး ပြောသလို ပိုက်ဆံချမ်းသာလာတဲ့ တစ်နေ့မှာ ကျွန်တော့်ဓာတ်ပုံ သတင်းစာထဲ ထည့်ပြီး ဤဓာတ်ပုံရှင်၏ အဖေနှင့်အမေ ငယ်ငယ်လေးကတည်းက ပျောက်သွားပါသည်။ တွေ့ရှိသူများ ကျွန်တော့်ထံ အကြောင်းကြားပါက ကျေးဇူးဆပ်ပါမည် ... လို့ ကြော်ငြာလိုက်ရင် အဖေနဲ့အမေဟာ သူတို့ချစ်တဲ့ ကျွန်တော့်ဆီကို ရောက်လာနိုင်တာပဲ မဟုတ်လားဗျာ။) ရွှဲကြီးကို ဒီအကြံတွေ ဖွင့်မပြောတော့ဘူး။ ဒါ့အပြင် သူ့ကို စကား မပြောဘဲနဲ့ သုံးရက်လောက် ရှောင်နေလိုက်တယ်။ ညနေ ညနေ သူ့အတွက် အရည်ဝယ်ပေးတဲ့ အလုပ်လည်း မလုပ်တော့ဘူး။ သူ့လောက်လည်း ကျွန်တော်က အရည်ကို မကြိုက်သေးဘူးလေ။ ဒါပေမဲ့ ကျွန်တော့်ရဲ့ တင်းမာမှုဟာ သုံးလေးရက်ထက်ပိုပြီး မခံပါဘူး။ လေးရက်မြောက် နေ့မှာတော့ သူ့ဘက်က စတင်လာတယ်။

“အဖေလေး”... တဲ့။

ကျွန်တော့်ကို အဲသလို ခေါ်လိုက်တယ်။ ကျွန်တော်ကလည်း သူနဲ့ စကားပြန်ပြောချင်နေပါပြီ။ သူ့ခြေထောက် အက်ကွဲကြောင်း ရောင်ကိုင်းကိုင်းတွေပေါ်မှာ တရုန်းရုန်းဖြစ်နေတဲ့ ယင်ကောင်တွေကို လက်တစ်ဖက်နဲ့ မောင်းထုတ်ပေးရင်း သူ့ဘေး ဝင်ထိုင်လိုက်တယ်။ ပဲ့ရွှဲ့ ချိုင့်ဝင်ပြီး အငယ်စား ကြွက်တွင်း တစ်တွင်းလို နက်မှောင်နေတဲ့ သူ့နှာခေါင်းပေါက်ထဲက ယင်ကောင်နှစ်ကောင် ဝီခနဲ ပျံထွက်လာတယ်။ (သုံးလေးကောင် ဖြစ်ချင်လည်း ဖြစ်မယ်။) ရွှဲကြီးက ရောင်ကိုင်းကိုင်း စိုပွပွ သူ့မျက်နှာကြီးကို တစ်ချက်တွန့်လိုက်တယ်။ ပြီးမှ သူ့လွယ်အိတ်ထဲက တစ်ထွာသာသာရှိမယ့် (သူ့အထွာနဲ့ ဆိုရင်တော့ နှစ်ထွာကျော်ကျော် ရှိမှာပေါ့လေ။) ဝက်အူချောင်း တစ်ချောင်းကို ခဲရာခဲဆစ် ထုတ်ယူပြီးတော့ ကျွန်တော့်ကို ကျွေးတယ်။

“ရော့ ... စား” တဲ့။

ခေါင်းကြီးရဲ့ ဘုရားသခင် ကြွချီတော်မူလာပြီ ထင်တယ်လို့ ကျွန်တော် ပြောလိုက်တယ်။ မီးမြိုက်ထားပုံရတဲ့ ဝက်အူချောင်းဟာ လေထဲမှာ တန်းလန်းကြီး ရပ်သွားပေါ့။ ရွှဲကြီးက ကျွန်တော့် စကားကို သဘောမပေါက်ဘူး။ ကျွန်တော်ကလည်း ရှင်းပြမနေတော့ဘူးဗျာ။ (ဘုရားသခင်နဲ့ ပတ်သက်ပြီး ကျွန်တော်က သိပ်ပြီး သိသေးတာ မဟုတ်ဘူး။) ရွှဲကြီးရဲ့ မီးလောင်ထားတဲ့ ပေသီးလို ပြူးပြဲပြဲ မျက်လုံးတွေကတော့ လိမ့်ကာလိမ့်ကာနဲ့ ကျွန်တော့် အိတ်ထောင်ထဲ ကျင်းဝင်လာတော့မလိုပဲ ထင်ရရဲ့။ ကျွန်တော် ငွေစကြေးစ နည်းနည်း ရွှင်နေပုံရတာ သူ ရိပ်မိသွားတယ်။ အိတ်ထောင်ထဲမှာ အကောင်ကြီးနှစ်ရွက် ရှိနေတာ သူမြင်သွားမှာပေါ့။ ခေါင်းကြီးက ပြောဖူးတယ်၊ ရွှဲကြီးရဲ့ မျက်လုံးပြူးပြူးတွေ အကြောင်း။ ဆင်ကြီးတစ်ကောင်လုံး သူ့ရှေ့ ဖြတ်သွားလို့ မမြင်ချင်သာရှိမယ်၊ ငွေကိုတော့ ငါးပြားစေ့ကလေး တစ်စေ့ကအစ ကိုက်တစ်ရာ အကွာအဝေးလောက်က လှမ်းမြင်နိုင်တာတဲ့လေ။ ဟုတ်မှာပါ၊ အကြိမ်ကြိမ်ပါပဲ၊ ရွှဲကြီးကို ကျွန်တော် ရွံလည်း ရွံမိ၊ သနားလည်း သနားမိတယ်။ ကျွန်တော်က သူ့ကို တစ်ခါတလေ ရောင်ကိုင်းနေတဲ့ အိတ်ကြီးလို့ မြင်မိတယ်။ ပိုပြီး ထင်မိတာက ငုတ်တုတ်ထိုင်နေတဲ့ အခါမှာ ...။ ပြည်တွေ၊ အသားပုပ်၊ အသားဆွေးတွေ၊ အရိုးအတိုအစတွေ၊ တံတွေးတွေ၊ နှပ်တွေ ရောထွေးပြီး ဟောင်းနွမ်းနွမ်း အရေပြားနဲ့ ထုပ်ထားတဲ့ အိတ်ကြီး။ အဲဒီ အိတ်ကြီးထဲမှာ တစ်နေ့တစ်နေ့ အရည်တွေ လောင်းထည့်လိုက်၊ ထမင်းကြမ်းခဲတွေ ပစ်ချလိုက်၊ ဆေးလိပ်မီးခိုးတွေ မှုတ်သွင်းလိုက်နဲ့ တရိရိ ပုပ်သိုး ဆွေးမြည့်လာတဲ့ အိတ်ကြီးပါ။ သနားစရာကောင်းလှတဲ့ အိတ်ကြီး၊ ကံမကောင်း အကြောင်းမလှတဲ့ အိတ်ကြီး။ အသုံးမကျတာတွေ အလေးချိန် စီးနေတဲ့ အိတ်ကြီး၊ လူနဲ့တူတဲ့အိတ်ကြီး၊ အမြဲတမ်းဆာလောင် နေပါတဲ့ အိတ်ကြီး၊ ရူးသွပ်မှုတွေ ဆူညံနေတဲ့ အိတ်ကြီးပါ။ အကုသိုလ်တွေ မှီတင်းနေထိုင်တဲ့ မျိုးပွားရာ အိတ်ကြီး။ အပြင်းစား ကျိန်စာတွေ ဆူပွက်နေတဲ့ အိတ်ကြီး၊ ဘဝဟောင်းက ကြွေးမြီတွေ အမြှုပ်တစီစီ တက်နေတဲ့ အိတ်ကြီး။ ဘုရားရှိခိုးနဲ့ ကျမ်းစာတွေ မေ့လျော့ရာ အိတ်ကြီး၊ ပွန်းပဲ့စုတ်ပြတ် ဒဏ်ရာဒွါရ အပေါက်တွေက အညစ်အကြေးတွေ ယိုစိမ့်ရွှဲကျနေတဲ့ အိတ်ကြီးပါ။ အဲဒီ အိတ်ကြီးဟာ ထင်တာထက် စောပြီး မြန်မြန်ဆန်ဆန်ကြီး လဲပြိုသွားခဲ့ရတယ်။ 

အမှန်အတိုင်း ဝန်ခံရမယ် ဆိုရင်တော့ ကျွန်တော့်အပြစ်လည်း မကင်းဘူးဆိုတာ သေချာလှပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ကာ အဲဒီ အရည်တွေ ဝယ်ပေးခဲ့တာ ကျွန်တော်ကိုယ်တိုင် ဖြစ်နေလို့ပါပဲ။ ပုလ်းအကြီးတစ်လုံးနဲ့ ဆီးဖြူသီးငါးလုံး သူ့အတွက် ကျွန်တော် ဝယ်ပေးခဲ့တယ်လေ။ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးနဲ့ သင့်မြတ်မှု အထိမ်းအမှတ်ပေါ့။ ကျောက်ခွဲစက်ရဲ့ ဟိုဘက် စေတီပျက်ကြားမှာ ရော့ဗျာဆိုပြီး သူ့ကို ပုလင်းကြီး တစ်လုံး ချပေးရင်း ဟောဒီ ပုလင်းထဲမှာ ဘုရားသခင် ကြွချီတော်မူလာပြီ ထင်တယ်လို့တောင် ကျွန်တော်က ခေါင်းကြီးလေနဲ့ ခပ်နောက်နောက် ပြောခဲ့ပါသေးတယ်။ သူ့အတွက် ကံဆိုးတဲ့ညလို့ ကျွန်တော့်အတွက် ဝမ်းနည်းဖွယ်ကောင်းတဲ့ နံနက်ခင်းအရောက် သံလမ်းရဲ့ ဝေးဝေး ဟိုဘက် စေတီပျက်နောက်က တုန်တုန်ယင်ယင် ဖူးပွင့်နေကြတဲ့ ခွေးသေးပန်းပင်တွေ ကြားထဲမှာ သူ့ခန္ဓာကိုယ်ကြီး ဗုန်းဗုန်းလဲ ငြိမ်သက်နေခဲ့ ရတော့တာပါပဲ။ ပါးစပ်ထဲက အမြှုပ်တွေ တစီစီဟာ တစ်ညလုံးလုံး အဆီးအတားမဲ့ ထင်တိုင်း ထွက်ကျနေခဲ့ပုံရတယ်။ သူနဲ့ မနီးမဝေးမှာတော့ သူ့ပုလင်းကြီးကလည်း သူ့ပုံစံအတိုင်း လဲလျောင်းလို့ (ဒီတစ်ခါတော့ ဘုရားသခင်ဟာ တကယ်ပဲ ကြွချီတော်မူလာပြီလို့ ကျွန်တော်ထင်ပါတယ်။) ရွှဲကြီးအတွက် ဝမ်းနည်းပက်လက် ဖြစ်ပြီး ခွေးတစ်ကောင်တလေကတောင်မှ မအူကြပါဘူး။ အဲဒီနေ့ နံနက်ခင်း တစ်ခုလုံးမှာ လမ်းဘေးဆိုင်က အရက်ကြောင့် အတုံးအရုံး တစ်စုတဝေးကြီး သေဆုံးသူတွေ မနည်းခဲ့ပါဘူးလေ။ ဒီ ဆိုင်စုတ်ကလေးကို သွားသွား ညှဉ်းတတ်တဲ့ ကျွန်တော်တို့ရဲ့ ရန်သူတော် ထော့ကျိုးလည်း အဲဒီအထဲ ပါဝင်သွားခဲ့ရရှာတယ်။ (မေခလာ နတ်သမီးလို) ပေါင်တံရှည်မ,က ကျွန်တော့်ကို အဲဒီ ကပ်ဘေးဆိုးကြီး ထဲကနေ အနမ်းတွေနဲ့ ကယ်မခဲ့တာပါကလား။ နောက်တစ်နေ့တောင် မကူးဘူး ‘ငှက်ကြီး’ကို သူတို့ ဖမ်းသွားကြပါတော့တယ်။ လူသတ်မှုနဲ့လား၊ အရက်ပုန်း ရောင်းမှုနဲ့လား၊ ဒါမှမဟုတ် နှစ်ခုစလုံးနဲ့လား မသိဘူး။ အဲဒီ ညနေမှာ ခေါင်းကြီး ကျွန်တော့်ဆီကို ရောက်လာတယ်။

“ငှက်ကြီး အထဲဝင်ရပြန်ပြီ” တဲ့။

“ရွှဲကြီးတော့ ဂိန်းသွားပြီ၊ အမြစ်ပြတ်ပဲ” တဲ့။ ပြီးတော့ ... 

“ငါတို့ ကြီးလေးကြီးထဲက ခေါကြီးနဲ့ ငါပဲ ကျန်တော့တယ်” တဲ့လေ။ ခေါကြီးကတော့ ငှက်ကြီးကို ကျေးဇူးတင်နေတယ်။ သူတို့ ကျင်းတွေ ဖောဖောသီသီ တူးလိုက်ရလို့, လို့လည်း ပြောပါတယ်။ အဲဒီနေ့ညက ရွှဲကြီးအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်ဆိုပြီး ခေါင်းကြီးနဲ့ ကျွန်တော် သောက်ကြတယ်။ ကြီးလေးကြီးထဲမှာ ရွှဲကြီး မရှိတော့ (ခေါကြီးရယ်၊ ခေါင်းကြီးရယ်၊ ငှက်ကြီးရယ်) ကြီးသုံးကြီးပဲ ကျန်ပါတော့တယ်။ ခေါင်းကြီးတစ်ယောက် အတတ်ဆန်းပုံက မြေကြီးပေါ်ကို အရက်တွေ သွင်သွင်လောင်းချပြီး ... 

“ရွှဲကြီးရေ ... ဟောဒီ မဟာပထဝီ မြေကြီးကို သက်သေတည်ပြီး မင်းအတွက်ငါ အရက်တစ်ပုလင်းတိတိ ကောင်းမှုကုသိုလ် ပြုပါကွာ၊ ရောက်ရာဘဝက အားရပါးရ မူးပစ်လိုက်စမ်းကွ သူငယ်ချင်း” တဲ့။ သူ့စကားလည်း ဆုံးရော ပုလင်းထဲက အရက်တွေ ကုန်ရောပဲ။ ကျွန်တော့် စိတ်ထဲမှာ ဖျင်းခနဲ ဖြစ်သွားမိတယ်။ ရွှဲကြီးကို ဟောဟို ဘုရားကြို ဘုရားကြား မှောင်ရိပ်ထဲမှာ ပြုံးပြုံးကြီး တွေ့လိုက်ရသလိုပါပဲလား။ ရွှဲကြီးရဲ့ ပုံသဏ္ဍာန်ဟာ ဖျတ်ခနဲ ပေါ်လာပြီး လေထဲမှာ ဇောက်ထိုးမိုးမျှော် ဖြစ်ကာ ခပ်မြန်မြန်ပဲ ပြန်ပျောက်သွားတယ်။ ကျွန်တော်လည်း မျက်စိ စုံမှိတ်ပြီး ရှေ့က ဖန်ခွက်ကို တစ်ရှိန်ထိုး မော့ချ လိုက်တော့တယ်ဗျာ။ ခေါင်းကြီးတစ်ယောက် တော်တော်ဖြစ်လာပုံ ရပါတယ်။ စားချင်ရာ မှာစားစမ်းလို့လည်း ကျွန်တော့်ကို ခွင့်ပေးတယ်။ အမဲအူပြုတ်တွေ သုံးပွဲလား လေးပွဲလား မဆိုနိုင်ဘူး၊ ကျွန်တော် တစ်ဝကြီး စားပစ်ခဲ့တယ်။ ခေါင်းကြီးအိတ်ထဲမှာ ငွေစက္ကူတွေဟာ မယုံနိုင်စရာကောင်းအောင် အထပ်လိုက် အထပ်လိုက်ပါ။

“မင်း ကံကိုယုံလား” တဲ့၊ သူက ကောက်ကာငင်ကာ ကျွန်တော့်ကို မေးလိုက်တယ်။ ကျွန်တော်က ခုလောလောဆယ် အမဲအူပြုတ်ကိုတော့ ယုံတယ်လို့ ပြန်ပြောလိုက်မိတယ် ထင်တာပဲ။ သူက နောက်ထပ် မမေးတော့ဘဲ ကျွန်တော့်အိတ်ထဲကို ငွေစက္ကူတချို့ ထိုးထည့်ပေးခဲ့တယ်။ ခေါင်းကြီးအကျင့်က ဒီလိုပဲ။ သူ့မှာရှိနေရင် နည်းမျိုးစုံနဲ့ ကုန်အောင် ဖြုန်းပစ်တတ်သလို သူ့မှာ ပြတ်နေပြီဆိုရင်လည်း နည်းမျိုးစုံနဲ့ ရအောင် ဖန်တော့တာ၊ တွေ့ကရာကို အရေခွာတော့တာပဲလေ။ ခေါင်းကြီးဟာ ပညာတတ်တစ်ယောက် ဖြစ်တယ်ဆိုတာ ကျွန်တော် မှာ သံသယ မရှိဘူး။ (သူ့မှာ ကြမ်းပိုးတစ်ကောင် ပက်လက်လှန် စေနိုင်တာက စပြီး ဆင်ကြီးတွေ ကျွမ်းထိုးစေနိုင်တဲ့အထိ နည်းတွေ ရှိသတဲ့။ မလိုအပ်သေးလို့သာ သူ့နည်းပညာတွေကို ထုတ်မသုံးသေးတာလို့ ဆိုပါတယ်။) ဟိုး လွန်ခဲ့တဲ့ လထဲ ကျွန်တော်နဲ့ နောက်ဆုံး တွေ့ကြတုန်းက မန္တန်တစ်ခု ကျွန်တော့်ကို လက်တွေ့ ရွတ်ပြဖူးသေးတယ်၊ အဲဒီ မန္တန်ရဲ့ အစွမ်းဟာ ပုတ်သင်ညိုတွေကို ခေါင်းညိတ်စေတယ် ဆိုတာ မျက်မြင်လက်တွေ့မှာ ကျွန်တော်ယုံခဲ့ရ ပြီးပြီလေ။ အဲဒီတုန်းကပေါ့၊ ကျွန်တော်နဲ့ ခေါင်းကြီး တွဲဟောင်းတစ်ခုပေါ်မှာ ဆုံမိကြတယ်။ တကယ်က ကျွန်တော့်ကို ခေါင်းကြီး ရှာတွေ့သွားတာပါ။ အထက် ရတားတစ်စီးပေါ်က ရလာတဲ့အိတ်ကို  တွဲပျက်ပေါ်မှာ ကျွန်တော် ခွာနေတုန်း ဖြုန်းဆို သူဝင်ချလာတာ။ သူရောက်လာတော့ ပိုက်ဆံတွေတောင် ရေလို့ မပြီးသေးဘူးဗျ။

“ဟေ့ကောင် ... ငါ့ဖို့ရော ပါပါစေ” တဲ့။ အချင်းချင်း ကပ်ပြီး အရေခွာတယ်။ ခေါင်းကြီး သူပြတ်ရင် အဲဒီလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်က သိတတ်မှု ရှိပါတယ်။ သူ့ကို ခွဲပြီးပေးလိုက်တာကို လှမ်းယူရင်း ချက်ချင်းကြီး သူစိတ်ပြောင်း သွားတယ်။

“ငါ မင်းဆီက ဒီလောက်ကြီး မလိုချင်ပါဘူးကွာ” တဲ့လေ။ သူ့လက်ထဲက ငွေစက္ကူတွေ ကျွန်တော့်ကို ပြန်ပေးတယ်၊ တစ်ရွက်တည်းပဲ သူယူမယ်တဲ့၊ ပြီးတော့မှ ဟောဒီဟာ ငါယူသွားမယ်လို့ ပြေပါတယ်။ သူ့လက်ထဲမှာ ကိုင်ထားတာက ထီလက်မှတ် နှစ်စောင်နဲ့ ထီပေါက်စဉ် တစ်ရွက်လေ။ ကျွန်တော် ပိုက်ဆံတွေ ရေနေတုန်းကတည်းက အဲဒါတွေ သူ လှန်ကြည့်နေတာ။ ခု သူက အဲဒါကိုပဲ ယူမယ်တဲ့။ ကျွန်တော်ကလည်း ပြွတ်သိပ်နေတဲ့ ဂဏန်းတွေကို မျက်စိနောက်နေတဲ့ ကောင်ဆိုတော့ တစ်ခါတည်း ပေးလိုက်တာပေါ့ဗျာ။ သူက ဝမ်းသာအားရနဲ့ “ငါကလဲ မင်းကို လက်ဆောင်တစ်ခု ပြန်ပေးမယ်” လို့ ဆိုပြီး စာအုပ်ပါးပါးလေး တစ်အုပ် ခါးကြားက ဆွဲထုတ်ပြီး ပေးတယ်။ (ဘာတွေ ရေးထားတဲ့ စာအုပ်ဆိုတာ မပြောပါရစေနဲ့၊ ရွှဲကြီးက ကျွန်တော့်ကို ဖတ်ဖတ်ပြလွန်းလို့ တချို့ဟာတွေဆို ကျွန်တော်တောင် မှတ်မိနေပြီ။) 

ခု ပြန်တွေ့ကြတော့ ခေါင်းကြီးဟာ တော်တော် သားသားနားနား ဖြစ်နေပါပြီ။ လက်ပတ်နာရီတွေ၊ စီးကရက်ဘူးတွေ၊ ကောင်းဘွိုင် ဦးထုပ်တွေ ဘာတွေနဲ့ ခေါင်းကြီးပါ။ ခေါင်းကြီးက ကျွန်တော့်ကို မေးတယ်၊ အဲဒီစာအုပ် ရှိသေးလားတဲ့။ ကျွန်တော်က အင်္ကျီအိတ်ထဲကို လက်ညှိုးထိုးပြ လိုက်တယ်။ ကျွန်တော် နည်းနည်းမူးလာပြီး သူလည်း အရှိန် တော်တော်လေး ရလာပုံပဲ၊ အမဲအူပြုတ်ကလည်း အရသာရှိလှချည့်။

“မင်းလိုကောင်မျိုးတွေကို ဖန်ဆင်းပေးတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်” တဲ့။ အဲဒီတုန်းက သူပြောတာတွေကို ကျွန်တော် မှတ်မိသေးတယ်။ ဘာအဓိပ္ပါယ်နဲ့ ပြောမှန်းကျွန်တော် ကောင်းကောင်း မသိဘူး။ တစ်ခါတလေ အဲဒီလို ရူးကြောင်ကြောင် စကားတွေ ခေါင်းကြီး ပြောလေ့ပြောထ ရှိတယ်။

“ဘယ်က ဘုရားသခင်လဲ”

ကျွန်တော်က သူ့ကို နည်းနည်းပါးပါး မေးကြည့်ခဲ့တယ်။

“ငါ့ရဲ့ ဘုရားသခင်ပေါ့ကွာ” တဲ့။ ကျွန်တော် နည်းနည်းတော့ အံ့သြသွားတယ်၊ ခေါင်းကြီးမှာ ဘုရားသခင်ရှိမှန်း အစက ကျွန်တော် မသိဘူး၊ ဘယ်တုန်းကမှလည်း သူ ဖွင့်မပြောခဲ့ဘူးလေ။ ပိုပြီး သေချာအောင် ကျွန်တော်က ထပ်ပြီး မေးလိုက်တယ်။

“မင်းမှာ ဘုရားသခင် ရှိလား” ဆိုတော့ ... 

“အေးကွ ... ငါ့မှာ ဘုရားသခင် ရှိတယ်” တဲ့၊ သူ့သခင်က ဘုရား ဆိုတော့ သူ ပွတာပေါ့ဗျာ။ ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော့်မှာ ဘုရားသခင် မရှိဘူး။ ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက ကျွန်တော်ဟာ သူ့ဘုရားသခင်က ဖန်ဆင်းထားတာတဲ့လေ။ ဒါတွေ ကျွန်တော် မေ့လိုက်ပါ့မယ်၊ သူ့ ဘုရားသခင်ဟာ ဘာတွေပဲ ဖန်ဆင်း ဖန်ဆင်း အရေးမကြီးပါဘူး။ (ပိုက်ဆံအိတ်တွေကို အခွံကြီး ဖြစ်အောင် ဖန်ဆင်းတာ ဆိုရင်တော့ နည်းနည်းတော့ ရက်စက်တာပေါ့ဗျာ) အရေးကြီးတာက သူဖန်ဆင်းထားတဲ့ ကျွန်တော့် အစာအိမ်ထဲမှာ အရသာ ရှိတာ တစ်ခုခု ရှိနေဖို့ပါပဲ ဘုရားသခင်ဟာ သူ ဖန်ဆင်းထားတဲ့ အစာအိမ်အတွက် သူ့မှာ တာဝန်ရှိတာပေါ့။ ခေါင်းကြီးကတော့ သူအပြောကို နည်းနည်းလေးမှ မလျှော့ဘူး။

“မင်း အစာအိမ်ထဲမှာလည်း ငါ့ဘုရားသခင် ရှိတာပဲ၊ ကြွချီတော်မူလာတာ မင်းမသိလို့ ဖြစ်မှာပါ” တဲ့လေ။ သူ့ ဘုရားသခင်ဟာ တော်တော်ပဲ စွမ်းပါလား။

ကျွန်တော် တစ်ခု စဉ်းစားမိတယ်၊ လက်ထဲမှာ ငွေစ နည်းနည်း ရွှင်နေချိန်ဆိုတော့ ကျွန်တော်လည်း ခေါင်းကြီးလို ဣန္ဒြေရရ နေချင်မိတာကိုပဲပေါ့။ ခေါင်းကြီးကို ပြောပြတော့ သူ့ဆရာကြီး တစ်ယောက်နဲ့ တွေ့ပေးမယ်လို့ ပြောတယ်။ ကျွန်တော်လည်း နည်းနည်းတော့ စိတ်ဝင်စား သွားတယ်ဗျာ။ ဒါပေမဲ့ ခေါင်းကြီးရဲ့ ဆရာကြီးနဲ့ တကယ်တမ်း တွေ့ဖြစ်ကြတော့ ကျွန်တော့်စိတ်က မနေနိုင်ဘူး။ အဘိုးကြီးက ဖဲသမားကြီး တစ်ယောက်ပါ။ အဘိုးကြီးက ကျွန်တော့်အပေါ် စိတ်ကောင်း မွေးပုံရပါတယ်။ ကျွန်တော့်အတွက် စိုးရိမ်ပုံလည်း ရရဲ့။ ကိုယ့်ကို ကိုက်ထားတဲ့ ခွေး မြန်မြန်ဆန်ဆန်ကြီး ရူးသွားမှာ စိုးသလိုပေါ့။ အဘိုးကြီးဆီက ကျွန်တော် လိုချင်တာ ဘာတစ်ခုမှ မရလိုက်ဘူး (သူ့ ဦးထုပ်ကြီးကိုတော့ ကျွန်တော် လိုချင်တာ အူကို ယားနေတာပဲ။ ဒါပေမဲ့ ငနဲကြီးက ဒီနှစ် တစ်နှစ်လုံးတောင် မအိပ်ဘဲ နေမယ့်ပုံဗျ။ သူ အိပ်ပျော်တဲ့အထိ ကျွန်တော် မစောင့်နိုင်ဘူး။ နောင်အခါမှာ ခေါင်းကြီးဆီက အိပ်မွေ့ချနည်းကို လိုရမယ်ရ သင်ထားမယ်လို့တော့ စိတ်ကူးလိုက် မိပါတယ်။) ကျွန်တော့် ဆယ်ပြားစေ့က သူ့ စစ်ဂျာကင် ပွပွကြီးရဲ့ဘအတွင်းအိတ်ကို မိမိရရ ခွဲချလိုက်တယ်ဆိုတာ အမှန်ပဲ။ စိတ်ထဲမှာတော့ အပွပဲပေါ့။ သူက ရွှေတံဆိပ်ဆုတွေ ဘာတွေ ရခဲ့ဖူးတယ်ဆိုတော့ကာ အပိုင်တွက်မိတာပေါ့လေ။ အဘိုးကြီး ငြိမ်နေပုံက အတော် သဘာဝကျတာကလား။ အထုပ်ကလေး လက်ထဲ ရောက်လာတော့ တော်တော့်ကို ဝမ်းသာသွားတာပဲဗျ။ တံတားအောက် ရောက်လို့ ပြန်ဖြေကြည့်လိုက်မှ ကောင်းကောင်းထိမှန်း သိလိုက်ရတော့တယ်ဗျာ။ အလကား ဝက်နာကြီး။ ဆေးပြင်းလိပ် သုံးလိပ်၊ ခေါင်းကိုက်ပျောက် ဆေးပြားတွေနဲ့ နောက်တစ်ခုက သောက်ရူးကြီး ကျွန်တော် မပြောချင်တော့ပါဘူး၊ သောက်ရူးကြီး ကျွန်တော် မပြောချင်တော့ပါဘူး၊ မထူးတော့တဲ့အဆုံး ခေါင်းကိုက်ပျောက် ဆေးပြားတွေ အကုန်လုံး တဂျွတ်ဂျွတ် ဝါးစားပစ်လိုက်တယ်။ (ဒီနှစ်တစ်နှစ်စာ -ခေါင်းကိုက် မခံရဖို့) ဆေးပြင်းလိပ်တွေကို ဇွဲကောင်းကောင်းနဲ့ သောက်ကြည့်ပေမယ့် ကျွန်တော့်ကိုယ် ကျွန်တော် သနားလို့ လွှင့်ပစ်လိုက်ရတယ်။ ဝတ်လစ်စလစ် ဖဲထုပ်ကိုတော့ သိမ်းထားလိုက်ရဲ့။ တောက် ... .ဘရာစီယာကိုတော့ မီးလောင်တိုက် သွင်းပစ်လိုက်တယ်ဗျာ။ ကျွန်တော်လည်း ထိတာပဲ၊ ကျွန်တော့် စာအုပ်ပါးကလေးနဲ့ ပိုက်ဆံတချို့ ဘယ်အချိန်က သူ့ ဆီပါသွားသလဲ မဆိုနိုင်ဘူး။ အဘိုးကြီးက ကျွန်တော့်ကို မှတ်ချက်တစ်ခု ချတယ်၊ “မင်းဟာ ဝံပုလွေ ပေါက်စ တစ်ကောင်ပဲ” တဲ့၊ “ကြည့်လုပ်, ကြည့်ရှောင်, ကြည့်ပေါင်းပေါ့ကွာ” တဲ့။ ကျွန်တော် သူ့ကို လုပ်တာတွေ သူသိပေမယ့် စိတ်မဆိုးဘူး၊ကျွန်တော့် အရည်အချင်းကို စစ်ကြည့်တာလည်း ဖြစ်ချင် ဖြစ်မယ်လေ။

အဘိုးကြီး အကြောင်းကို ကော်းကောင်း သိလိုက်ရချိန်မှာ ကျွန်တော်ဟာ အချုပ်ခန်းထဲ ရောက်နေပါပြီ။ အဲဒီနေ့ ညနေကို ကျွန်တော် ကောင်းကောင်း မှတ်မိနေတယ်။ မှတ်မှတ်ရရ ပေါင်တံရှည်မ,က ဘူတာထဲမှာ “နင် မသွားလို့ မရဘူးလား” လို့တောင် တားသေးတဲ့နေ့၊ ပေါင်တံရှည်မ, စကား နားထောင်လိုက်ရင် အခြေအနေဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဖန်လာပုံက ကျွန်တော့်လက်ထဲမှာ ငွေ အရမ်း ပြတ်နေတယ်။ မနက်စာလည်း မစားရသေးဘူး၊ ခေါင်းကြီးနဲ့လည်း မဆုံဖြစ်ဘူး။ ပြတ်လပ်နေတဲ့ ကျွန်တော်ဟာ တစ်နည်းနည်းနဲ့ ရဖို့ ကြိုးစားခဲ့တယ်။ အထက်? ရထားတစ်စီးပေါ်ကို ကျွန်တော် လိုက်ပါသွားတယ်။ ကျွန်တော် ပါသွားတဲ့ တွဲထဲမှာ လူတွေ အပြည့်အသိပ်ပဲ။ သိပ်ကြာကြာ မစဉ်းစားလိုက်ရဘဲ ကျွန်တော် အလုပ်လုပ်ရမယ့်သူကို တွေ့တယ်၊ အဘွားကြီးပါ၊ တောင်းခွံကြီးတွေနဲ့ အဘွားကြီး၊ တောင်းခွံတွေကြားမှာ ငုတ်တုတ်ထိုင်နေတယ်။ သူ့ခါးကြားမှာက ကျွန်တော့်ကို မြှူဆွယ်နေတဲ့ ပိုက်ဆံအိတ်။ ကံကောင်းချင်တော့ အဘွားကြီး ငုတ်တုတ်ထိုင်နေတာက အတက်အဆင်းပေါက်နဲ့ နီးနေတယ်။ ကံဆိုးချင်တော့ အဘိုးကြီးက အဲဒီနောက်မှာ ရှိနေတာကို ကျွန်တော် မသိဘူး။ သိပ်စဉ်းစား မနေပါဘူး၊ ခပ်မြန်မြန်ပါပဲ၊ အဘွားကြီးရဲ့ ခါးကြားထဲက အိတ်ကို ဆတ်ခနဲ နှိုက်ယူပြီး ခုန်ချမယ် လုပ်တုန်း သန်မာတဲ့ လက်ကြီး တစ်ဖက်က ကျွန်တော့်ကို ဖမ်းဆုပ်ထားလိုက်တယ်။ ဗြုန်းဆို ကျွန်တော်လည်း အံ့အားသင့် သွားတာပေါ့ ။ အဘိုးကြီးရဲ့ လက်ကြီးမှန်း သိလိုက်ရတော့ ပိုပြီး အံ့အားသင့်သွားတယ်။ ဘယ်လို ဖြစ်ရတာလဲ။

“ခွေးကောင်လေး အိတ်ပြန်ပေးလိုက်” တဲ့။

အဘိုးကြီးက ခပ်ငေါက်ငေါက်ပဲ ပြောတယ်။ ကျွန်တော်လည်း အထစ်ထစ် အငေါ့ငေါ့နဲ့ ဘာလုပ်ရမှန်း မသိဘူး၊ အိတ်ကို အဘွားကြီးဆီ ပြန်ပစ်ပေးပြီး ခုန်ဆင်းနေခဲ့ရင် ကိစ္စက ဒီလောက်နဲ့ ပြီးပြီ။ ဖြစ်ချင်တော့ အစောင့်ရဲက နောက်နားဆီကနေ ပေါ်လာထာယ်။ လူတွေလည်း သဲသဲရုတ်ရုတ် ဖြစ်သွားတယ်လေ။ 

“ဟဲ့ အလစ်သမား ...”
“သတိထား ... သတိထား”
“ဟိုမှာ မိထားပြီ”
“မလွှတ်စေနဲ့”
“မလွတ်စေနဲ့”

အသံတွေညံနေတယ်။ အဘွားကြီးကတော့ “အမယ်လေးတော် ... အမယ်လေးတော်” နဲ့ အထိတ်တလန့် အော်နေတယ်။ အဘိုးကြီးက ပိုက်ဆံအိတ်ကို ဆွဲယူပြီး အဘွားကြီးကို ပြန်ပေးလိုက်တယ်။ အဘွားကြီးကတော့ အမယ်လေးတော် ... အမယ်လေးတော် တ,လို့ ကောင်းတုန်း။ အစောင့်ရဲက ကျွန်တော့်ဆီ ရောက်လာပြီး ကုပ်ပိုးကို မ,ဆွဲတယ်။

“ခွေးမသား” တဲ့။

ကျွန်တော်တော့ ထိပြီ။ အဘိုးကြီးက ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ... 

“မင်း ခုတော့ ငါ့ကို စိတ်ဆိုးလိမ့်မယ်၊ နောက်တော့ မင်း ငါ့ကို ကျေးဇူးတင်မှာပါကွာ” တဲ့၊ ဘာအဓိပ္ပါယ်နဲ့ ပြောမှန်း ကျွန်တော် မသိဘူး။ အဲဒီနေ့ ညနေက အဘိုးကြီးအကြောင်း ကောင်းကောင်း သိလိုက်ရတာပါပဲ။ အနီးဆုံး ဘူတာကနေ အနီးဆုံး အချုပ်ခန်းထဲကို ကျွန်တော် ရောက်ခဲ့ရပေါ့။

အချုပ်ခန်းထဲ ရောက်တော့ ကျွန်တော့်အရင် ရောက်နှင့်သူတွေက ဝိုင်းကြည့်ကြတယ်။ ကျွန်တော်လည်း ဘဝတူ လူတွေ ရှိနေပါသေးလား ဆိုပြီး အားတက်သွားတာ အမှန်ပဲ။ ကျွန်တော် ရောက်သွားတဲ့ အချိန်က ထမင်းချိန် ကျော်သွားလို့ အဲဒီနေ့က ထမင်းငတ်တယ်။ ဒါပေမဲ့ နောက်နေ့ မနက်မှာ ခေါင်းကြီးနဲ့ အဘိုးကြီး ရောက်လာကြတယ်။ ကျွန်တော့်ဖို့ ခေါက်ဆွဲကြော် တစ်ထုပ်လည်း ပါလာတယ်။ အဘိုးကြီးကို ကျွန်တော် တော်တော် အံ့ဩသွားတယ်။ ဘာဖြစ်လို့ ကျွန်တော့်ကို လာတွေ့ရသလဲပေါ့။ အဘိုးကြီးကို တွေ့တွေ့ချင်း ကျွန်တော် ပြောလိုက်တယ်။

“ခင်ဗျား တော်တော်ရက်စက်တာပဲ” လို့။

သူက ကျွန်တော့်စကားကို ကြားတော့ ပြုံးတယ်။

“ရက်စက်တာက မင်းပါကွာ”၊ “မှတ်ထား ... ရထားပေါ်က အဘွားကြီးမျိုးကို မင်းဘယ်တော့မှ မလုပ်ရဘူး” တဲ့။

ခေါင်းကြီးကတော့ ကျွန်တော့်ကို ကြည့်ရင်း ... 

“မင်း အဆင်ပြေ သွားမှာပါကွာ” လို့ပဲ ပြောတယ်။

အချုပ်ခန်းစောင့်ကနေ တစ်ဆင့် ခေါက်ဆွဲကြော်ထုပ်ကို ကျွန်တော့်ဆီ ပေးတယ်။ ကျွန်တော်လည်း ငတ်ငတ်နဲ့ စားလိုက်တာ ပြောင်ရောပဲ။ တစ်လုပ်စားဖူး သူ့ကျေးဇူးတဲ့။ ခေါင်းကြီးနဲ့ အဘိုးကြီးကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့ ပြန်သွားတော့ ကျွန်တော် တစ်ယောက်တည်း ကျန်ရစ်တယ်။ အတွေးတွေ တဝဲလည်လည်နဲ့ ခေါင်းကြီးတို့ ဘာတွေ လုပ်နေသလဲ၊ ကျွန်တော်ရော ဘာတွေ လုပ်ရဦးမှာလဲ။ ကျွန်တော် လုပ်ခဲ့တာတွေအတွက် နောင်တ, ရသင့်သလား ဆိုတာတွေပေါ့။ အဘိုးကြီး ပြောတဲ့ အဘွားကြီးကိုလည်း ခုတော့ ကျွန်တော် သနားစိတ် ဝင်မိပါတယ်။ သနားတယ် ဆိုတာကလည်း ဗိုက်ထဲ အစာပြည့်နေမှ သနားလို့ ရတာမျိုး မဟုတ်လား။ 

နေမျိုး
ဟန်သစ် မဂ္ဂဇင်း၊ အမှတ် ၆၅၊ ဒီဇင်ဘာ၊ ၁၉၉၅။

No comments:

Post a Comment