Monday, July 4, 2022

ဘယ်သူလဲ (သုခ)

ကိုဘိုးသီးက မျက်စောင်းတစ်ချက် အထိုးခံရသူသည် လတ်တလောအားဖြင့် အရိုက်သော်လည်း ခံရသည်။ အထိုးသော်လည်း ခံရသည်။ 


“ဟောဒီကောင် တော်တော် မျက်စိစပါးမွေး စူးတယ်” ဟု ပါးစပ်က ထွက်လာလျှင်ကား ထိုခမျာမှာ အလွန်ဆုံး ဆယ်ရက် ဆယ့်ငါးရက်၊ အကြာဆုံး တစ်လ-နှစ်လ၊ ထိုအချိန်အတွင်း သူ လူ့လောကမှ ပျောက်ခြင်းမလှ ပျောက်သွားရှာ ကြရသည်။


ကိုဘိုးသီးအဖို့မှာ စူးနေသောစပါးမွေးကို နုတ်ပေးမည့်သူတွေ ဘေးတွင် ဝိုင်းနေကြသည် မှန်၏။ ကိုဘိုးသီးမှာ မိုက်ခဲ လက်မရွံ့ တပည့်တပန်း များရုံသာမဟုတ်၊ သူကိုယ်တိုင်ကလည်း အတော်သတ္တိရှိသည်။ တစ်နည်းဆိုသော် မိုက်သည်၊ ဆိုးသည်၊ ကျောင်းသား အရွယ်က စ၍ ရိုက်မှု၊ ထိုးမှု၊ ဓားခုတ်မှုတွေ ဗရပွေနှင့် သူ အသက်ရှည်ခဲ့ခြင်း ဖြစ်ရာ တစ်ခါနှစ်ခါ မိုက်သောသူသာ တရားဥပဒေနှင့် အကျဉ်းထောင်တို့က ဆုံးမနှိပ်ကွပ်ရန် လွယ်ကူ၍ အထိကြာ မိုက်ပင် မိုက်စပျိုး၍ မိုက်ဆိုးခဲ့တာ ယခုလည်းမိုက်ဆဲမှန်စွာ ရှေ့ကိုတိုးထမ်းပိုး မိုက်ဦးမှာ ဆိုသည့် လူမျိုးအတွက်ကား ထိုအရာတို့က လက်လျှော့ လိုက်ရသလို ရှိသည်မှာ ဓမ္မတာပင် ဖြစ်သည်။


ထောင်ကျခြင်း၊ ကြိမ်ဒဏ် အရိုက်ခံရခြင်းတို့မှာ ကိုဘိုးသီးအဖို့က ခပ်ငယ်က အပျင်းပြေ ကစားသကဲ့သို့ ရှိသည်။


ပညာတတ်သူသည် ပညာကြောင့် မာနရှိကြ၏။ ဥစ္စာရှိသူသည် ဥစ္စာကြောင့် မာနတက်ကြ၏။ ထို့အတူ မိုက်သောသူသည် သူ၏ မိုက်ဆိုးမှုကိုပင် ဂုဏ်တစ်ခု ပြုကာ မာနရှိလာ တတ်ကြသည်။ လူတိုင်း ပညာမတတ်၊ လူတိုင်း ဥစ္စာမရှိ၊ လူတိုင်း မမိုက်ဝံ့ကြသော ခေတ်၌ မိုက်ဝံ့သူသည်လည်း ဂုဏ်ယူစရာပင် မဟုတ်လော။


အသေဝနာစ ဗာလာနံ၊ လူမိုက်ကို မမှီဝဲ မဆည်းကပ်လေနှင့်၊ ထိုတရားမှာ မင်္ဂလာ တရားတော်၏ အစပထမ သိက္ခာပုဒ် ဖြစ်သည်။ မင်္ဂလာ တရားတော်ကို အမွန်အမြတ် ထားသော ဗုဒ္ဓဘာသာ ဗမာလူမျိုးတို့ ကြားဝယ် ထိုလူမိုက် ကိုဘိုးသီးမှာ ပေါင်းမည့် သင်းမည့်သူ၊ ခေါ်မည့် ပြောမည့်သူ၊ မှီဝဲဆည်းကပ်မည့်သူ တစ်ဦးတလေမှ မရှိတော့လေ တကားဟု ထင်မှားစရာရှိလျှင် လွဲတော့မည်။


အသေ၀နာစ ဗာလာနံက အစ ဧတံမင်္ဂလမုတ္တမံ အထိ အလွတ်ရနေကြသော လူကြီးလူကောင်းတွေပင် ကိုဘိုးသီးကိုတော့ ချော့၍ ပေါင်းနေကြပါသေးသည်။ အရပ်သား လူကြီးလူကောင်းတွေသာ မက အစိုးရကပါ သူကြီးလျှောက်၍ ထားပါသေးသည်၊ ရဲကလည်း အကူအညီ တောင်းရသေးသည်။ တရုတ်၊ ကုလား အရင်းရှင်တို့ ကလည်း သူ့အလုပ် သူ့စီးပွား သူ့ဆိုင်ကနားများ အတွက် စောင့်ရှောက်တော်မူပါဟု လခအသပြာများနှင့် ခစားပူဇော် ကြရသည်။ နိုင်ငံရေးသမားတွေ ကလည်း အားကိုးကြရသည်။ လူမိုက်စကားနှင့် ပြောရလျှင် ကိုဘိုးသီးမှာ အရာရာတွင် “မီးသေ” ပါသည်။


ဆူးရှိသော အပင်ကအပွင့်မှာ ပို၍လှသကဲ့သို့ ထို ကိုဘိုးသီးမှာမှ လှပသော သမီးကလေး ခင်မြင့်ဟုရှိသည်။ ကုမ္ဘာဏ်တစ်ထောင် ဝန်းရံခ,နေသော မဉ္ဇူသက ပန်းပွင့်ကလေးနှင့် တူသော ဤအလှမယ် ကလေးအား ကြိုက်ဖို့ချစ်ဖို့ မဆိုထားနှင့် မျက်မွေး‌ထော်၍ မော်မကြည့်ဝံ့သူတွေသာ များသည်။


ဤကြားထဲ အလွန် ကံဆိုးရှာသော လုလင်ပျိုကလေး တစ်ဦး ပေါ်ပေါက် လာခဲ့သည်။ ထိုသူငယ်မှာ ပစ္စည်းကင်းမဲ့၍ ဆွေနည်းမျိုးနည်း ဖြစ်သော မုဆိုးမ တစ်ဦး၏သား လူရိုးကလေး မောင်သွင် ဖြစ်သည်။ မခင်မြင့်သည် အိမ်နီးချင်း ဖြစ်သော မောင်သွင်အား မျက်လုံးများဖြင့် ဖိတ်ခေါ်သည်။ နှုတ်ခမ်းပါး ကလေးက အပြုံးတို့ဖြင့် ဆက်သွယ်သည်။


မောင်းသွင်မှာ ဇာခြင်ထောင် မီးလောင် ပေါက်တယ်၊ မလာချင်ပေါင် ညီးမောင် ကြောက်တယ် ဟူသော အဖြစ်ထက် ဆိုးသော ကိုဘိုးသီးကို ကြောက်လွန်းမှုကြောင့် မျိုသိပ် နေခဲ့ရရှာသည်။ တကယ်ဆိုတော့ ကိုဘိုးသီးသာမက သူ့တပည့်များက ခွေးလှေးပျား တောအနှံ့ရှိသည်။ မင်းနားတစ်ထောင် ဆိုသကဲ့သို့ ကိုဘိုးသီး၏ နားတွေက နေရာမရွေး အခါမရွေး ရှိကြသောကြောင့် လဲ့ဝင်းကို အချူခက်၍ နီးရက်နှင့်ဝေး နေရရှာသည်။ သို့သော် ရွှေမြင်းမိုရ် တစ်တောင်လုံးကို တုံးမှတ်၍ခုန်ဝံ့သော အချစ်သည် ကြောက်စရာလည်း မမြင်၊ လန့်စရာကိုလည်း မထင်နိုင်တော့ဘဲ သူ့ပိုင်နက် သူ့သမီးကို ဇွတ်ခူး၍ ကြိုက်မိရှာတော့သည်။


“တစ်ရက်- နှစ်ရက်”

“တစ်လ- နှစ်လ”


လောကသည် ဆိတ်ကွယ်ရာ အရပ်မရှိ- ဟူသော စကားအတိုင်း နောက်ဆုံးတစ်နေ့ ကိုဘိုးသီးထံ ပေါက်ရောက် လာတော့ရာ ကိုဘိုးသီးအတွက် တစ်သက်လုံး တစ်ခါမှ မထွက်ခဲ့ဖူးသေးသော ဒေါသမီးတွေ တဟုန်းဟုန်း တောက်လောင်တော့လေ၏။


“ဆရာ- စပါးမွေး စူးနေသလား ဆရာ”


တပည့်ကျော်တွေက ဤသို့ သူ့ထက်ငါ မေးလိုက်သည်။ သူတို့က နုတ်ပစ်ရန် အဆင်သင့် ရှိကြသည်။ သူတို့ နုတ်ပစ်ခဲ့ဖူးသော စပါးမွေးများမှာ များခဲ့လှပြီဖြစ်ရာ ထို သူငယ်ကလေးထက် ဂုဏ်ပစ္စည်း၊ အခြွေအရံ၊ အာဏာ၊ ဆွေမျိုး ရှိသူတွေပင် ပါဝင်ခဲ့သောကြောင့် မျက်နှာမဲ့ ဆင်းရဲသား အညတရကလေး တစ်ဦးအတွက်မှာ ဘာမှဝန်မလေး၊ လံချားကုလားကို စော်ကားရမည်ကမှ ခက်ခဲလှပေဦးမည်။


“မင်းတို့ ဘာမှ မလုပ်ကြပါနဲ့ကွာ...ငါ တွေ့ချင်တယ်”


ထိုစကားကို တပည့်များက နားလည်ကြသည်။


နောက်တစ်နေ့ ရန်ကုန်မြို့ဆင်ခြေဖုံး ကိုဘိုးသီး၏ စတည်းချရာ ခြံကြီးတစ်ခြံထဲက အိမ်ကလေး အတွင်းဝယ် တစ်ကိုယ်လုံးကို ဓားနှင့်မွှမ်းထားသော မောင်သွင်၏ အလောင်းနံဘေးက အရက်သောက်ကာ စိန်ပြေနားပြေ ဆေးပြင်းလိပ် ခဲနေသော ကိုဘိုးသီး၏ မျက်နှာထားကို သူ့တပည့်များက ကြောက်ရွံ့ ရိုသေစွာ ကြည့်နေကြတော့သည်။ ကိုဘိုးသီး၏ မျက်နှာထား ခက်ထန်ကြမ်းကြုတ် နေသည်မဟုတ်၊ ထမင်းစားပြီး၍ လက်ဆေးနေသော မျက်နှာထားလို ခပ်အေးအေးပင် ရှိသည်။


ညဦး ရှစ်နာရီက နံနက်မိုးလင်းခါစ အထိ ကိုဘိုးသီးသည် ခပ်အေးအေးပင် ဓားနှင့် တစ်ချက်ချင်း မွှမ်းလာခဲ့သည်။ စကားတစ်ခွန်းလောက် ပြောလိုက် အရက်တစ်ကျိုက် သောက်လိုက်။ သူကိုယ်တိုင် ဓားနှင့်တစ်ချက် မွှမ်းလိုက်၊ ဤနည်းအတိုင်း ခပ်အေးအေး လုပ်ခဲ့သည်။ အကူအညီမရှိ၊ ကယ်မည့်သူ ကင်းဝေးသော သူငယ်ကလေးက ပါးစပ်ကို အဝတ်နှင့်စည်း လက်ခြေတုပ်ထားရာက သူဆိုလိုသော အဓိပ္ပာယ်မျိုး ပေါက်အောင် အသနား ခံခဲ့ရှာသည်။


သူ ဆိုလိုသည်မှာ “ကျေးဇူးပြု၍ မြန်မြန်သတ်ပါတော့ ခင်ဗျာ” ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်။ ဤစကားတို့ကို ကိုဘိုးသီးသာမက သူ့အနားက တပည့်ကျော်တွေ နားလည်ခဲ့ကြပါသည်။ သို့သော် ကိုဘိုးသီးကို သြဇာပေး၍ မရ၊ တောင်းပန် အသနားခံ၍ မရ၊ သူလုပ်ချင်သလို လုပ်ပြီးမှ “ကဲ-ကြည့်လုပ် လိုက်ကြပါကွာ”


နောက်ဆုံး ထမင်းစားပွဲ သိမ်းရန် အစေခံတွေကို ပြောသော လေသံမျိုးနှင့် ခပ်အေးအေးပင် ပြောလိုက်သေးသည်။


"ဟဲ- ဟဲ- ဒီတစ်ခါ အမြိန်ဆုံးပဲဟေ့”


* * *


တစ်ရက်- နှစ်ရက်။

တစ်လ- နှစ်လ။

တစ်နှစ်- နှစ်နှစ်။


ကိုဘိုးသီးသည် သူ့တပည့် ဆွေမျိုးများ အလယ်တွင် မျက်စိကလေး ကလယ် ကလယ်နှင့် ကယ်မည့်သူကို လိုက်ရှာ နေတော့သည်။ သို့သော် ကယ်မည့်သူ တစ်ဦးတစ်ယောက်မျှ မရှိ၊ ခါတိုင်း ခါတိုင်း ခေါင်းကလေးတစ်ချက် ညိတ်ပြရုံနှင့် သူ့ရန်သူဟူသမျှကို ထုံးလိုချေ ရေလိုနှောက် လက်စပါ ဖျောက်ပစ်နိုင်ကြ စေကာမူ ယခုကားသူ့ကို ဓားနှင့် တစ်ချက်ချင်း မွှမ်းနေသည့် ရန်သူအား ကာကွယ်မည့်အစား ဝိုင်း၍ပင်ကြည့်နေ ကြတော့သည်။


တကယ်ဆိုတော့လည်း ကိုဘိုးသီးမှာ သူ့တပည့်ကို အချက်ပြလိုက်ရန် ခေါင်းကိုမှ လက်တစ်ဝါးလောက် စောင်းငဲ့၍ မပြနိုင်တော့ပါ။ သို့သော် သူ့ခေါင်းကို မည်သူကမှ ချုပ်ချယ်၍ မထား၊ စကားနှင့် ပြောလိုက်ချင်သည်။ သို့သော် အဝတ်မဆို့ထား‌သော သူ့ပါးစပ်က လွတ်လပ်လျက်နှင့် စကားပြော၍ မထွက်၊ လက်ဟန်ခြေဟန်နှင့် ပြရကလည်း ကြိုးနှောင်တစ်မျှင်နှင့်မျှ တုပ်နှောင်ထားခြင်း မရှိပါဘဲလျက် ရွှေ့၍မရ။


“ငါခက်ပြီ… ငါခက်ပြီ၊ အမလေး ငါခက်ပါပေါ့လား”


စိတ်တွင်းက ပြောလိုက်ခြင်းသာ ဖြစ်ပါသည်။ ချွေးသီးချွေးပေါက် တို့သည် တစ်ကိုယ်လုံး နစ်တော့မလောက် ရွှဲနေကြသည်။ ကြောက်လွန်း လန့်လွန်းလှသော မျက်နှာပေါ်တွင် အကြောကလေး အမျှင်ကလေးများမှာ တဆတ်ဆတ် တုန်နေကြသည်။ မနိုင်မှန်းသိသော်လည်း လူမိုက်ကြီး ကိုဘိုးသီးသည် ကြောက်ကန် ကန်လိုက်ချင်သည်။ ဒါမှမဟုတ် နေရာကထ၍ ထွက်ပြေးလိုက်ချင်သည်။


“မင်း တကယ် သတ္တိရှိရင် အားလုံးကို ချုပ်ကိုင်ပြီးမှ နှိပ်စက်ရသလား ဓား... ဓားချင်း၊ သေနတ်- သေနတ်ချင်း၊ အား- အားချင်း ပြိုင်ပါတော့လား...အခုတော့ လချီး”


သူ ဤလိုသာ ရေရွတ်တိုင်းထွာ၍ လူမိုက်ကြိမ်း ကြိမ်းလိုက်မိသည်။ သို့သော် သူ့ကိုသတ်နေသော ရန်သူကား၊ မျက်နှာထားမှ မပြောင်း၊ ခပ်အေးအေးပင် လက်ပိုက်၍ ကြည့်နေသည်။ ထိုနောက် ဓားနှင့် တစ်ချက် မွှမ်းလိုက်ပြန်သည်။ အန်တု၍ မရသည့်အဆုံး၌ ကိုဘိုးသီးသည် မျက်ရည်လည်ရွဲနှင့် တောင်းပန်လိုက်ရ ရှာတော့သည်။


“ကျေးဇူးပြု၍ မြန်မြန်သတ်ပါတော့ ခင်ဗျာ”


ထိုစကား အဓိပ္ပာယ်မျိုးကို သူ့ရန်သူသာမက သူ့အနားက တပည့်ကျော်တွေပါ နားလည်ကြပါသည်။ သို့သော် သူ့ ရန်သူက လုပ်ချင်သလိုသာ လုပ်တော့မည်။


-----------

သုခ

သုခဝတ္ထုတိုများ

ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။

(စာမျက်နှာ ၂၈-၃၁)


No comments:

Post a Comment