Wednesday, July 20, 2022

နွားတ​ထောင်(အပိုင်း - ၁)

ပတ်ဝန်းကျင် အခြေအနေများသည် အားလုံးပင် တူညီနေကြ၏။ မိသည် ဝမ်းမှကျွတ်စ အသံကုန် ဟစ်ငိုသလို ဟစ်၍ငို၏။ ငယ်ငယ်တုန်းက လက်ခြေများကို ကလန်ကလန်နှင့် လှုပ်ရှားနေသလို ယခုလည်း ခေါင်းအုံးကို ပုတ်ခတ်တွန်း၍ ငို၏။


မိ၏မေမေကမူ အနားတွင် ငြိမ်သက်စွာရပ်၍ မတုန်မလှုပ် ကြည့်နေလေ၏။


မိကို မွေးဖွားစဉ်က မွေးခန်း၏အပြင်ဘက်တွင် မမကြီးသည် ရင်တထိတ်ထိတ်နှင့် စောင့်လင့်သလို ယခုလည်း မေမေနှင့် မိတို့ တွေ့ဆုံကြခြင်းအတွက် ဘယ်လိုအဖြေထွက်လာမည်ကို မမကြီးသည် ရင်တဖိုဖိုနှင့် စောင့်လင့်၏။


တဖက်ခန်းတွင်လည်း ဖေဖေသည် မိမွေးဖွားချိန်တွင် ပင့်သက်ဖြာ၍ အသက်ရှူမှားမိသလို ယခုလည်း သမီးမရွှေမိအတွက် ပင့်သက်လှိုက်ဖို၍ စောင့်လင့်၏။


မေမေတယောက်သာ အားလုံးနှင့် မတူပေ။ မိ မမွေးဖွားခင်ကတော့ အမှန်ပင် သူသည် ဝမ်းမှကျွတ်ချိန်အတွက် ရင်တထိတ်ထိတ်နှင့် မျှော်လင့်မိသော်လည်း ယခုတချိန်တွင်မူ မေမေသည် ဘယ်တုန်းကနှင့်မျှ မတူအောင် တည်ငြိမ်လှ၏။ မိကို စူးစိုက်၍ ကြည့်နေ၏။ ခုတင်ဘေးရှိ ကုလားထိုင်တွင် ဝင်ထိုင်၍ သမီးကို ငြိမ်သက်စွာ ကြည့်မြဲ ကြည့်နေ၏။ မေမေက ယခုလို ငြိမ်နေလေလေ မိက ငိုလေလေ ပို၍ဆူလေလေဖြစ်၏။


“မေမေ မတရားဘူး”


မိသည် ရှိုက်၍ငိုရာမှ တချက်တချက် မေမေ့ကို လှမ်း၍ပြော၏။


“ဟုတ်ချင်လည်း ဟုတ်မှာပေါ့။ မငိုပါနဲ့တော့ သမီးလေးရယ်၊ မငိုပါနဲ့တော့။ မေမေရဲ့အမှားတွေလည်း အများကြီးပါတယ်ဆိုတာ မေမေဝန်ခံပါတယ်။ မငိုပါနဲ့တော့”


မေမေသည် တွတ်တွတ်နီနေသော မိမျက်နှာကို ကြည့်ရင်း သူ့ရင်ခွင်ထဲတွင် နီနီထွေးထွေးနှင့် မွေးစဖြစ်သော မိမျက်နှာကို ပြန်၍မြင်လာ၏။ ယခင်ကတော့ သူ့ရင်ခွင်ထဲတွင် သူလုပ်သမျှ ငြိမ်သက်စွာ ခံနေရ၏။ ယခုတော့ သူနှင့်ကိုယ်နှင့် အတူဖြစ်လာပါပကော။


ယခုလိုအချိန်တွင် ကလေးလို ဆက်ဆံ၍မရတော့။ မိသည် တောင်းလည်း တောင်းဆိုတတ်၏။ ချေလည်း ချေပတတ်၏။ သူ့ရဲ့အခွင့်အရေးကိုလည်း သူ နားလည်လာလေပြီ။


ခင်ခင်လေးသည် အမေတယောက်အနေနှင့် ဣနြေ္ဒရရပြောနေသော်လည်း သူ့ကိုယ်သူ စိတ်ထဲမှ အပြစ်တင်နေမိ၏။ မိခင်တယောက်အနေနှင့် တစ်နေ့သောအခါ ရင်ဆိုင်ရမည့်အရေးကို ရှောင်ရှားနောက်တွန့်နေခဲ့မိသော သူ့အဖြစ်များကို တကွက်စီ တကွက်စီ ပြန်၍မြင်လာ၏။


အတိတ်များအားလုံးသည် အနာဂတ်အကြောင်းအရာတို့၏ ဖြစ်ပေါ်ရာအကြောင်းရင်းများ မဟုတ်ပါလား…။


အမှန်မှာ မိကို မမွေးဖွားမီကပင် ခင်ခင်လေးသည် စိတ်ကူးထဲတွင် အားလုံးကို ရင်ဆိုင်မိပါ၏။ အတွေးမျိုးစုံကိုလည်း တွေးထားပေသည်။ သားဖွားရခြင်းဆိုသည်မှာ ဘယ်လိုပါလိမ့်…။


‘သားတို့ ရုပ်ရည်၊ သီတာမည်သား’ ဟူ၍လည်း အဆိုရှိ၏။ မိကို ကိုယ်ဝန်ရှိကတည်းက သီတာရေယဉ်၏ အရသာကို ခင်ခင်လေးက စဉ်းစားခဲ့ပါ၏။


လရောင်၏အောက်တွင် ကုမုဒြာကြာသည် ပွင့်အာ၍လာသကဲ့သို့ပင် သားသမီးမွေးဖွားရခြင်းသည်လည်း ရွှင်လန်းနှစ်သိမ့်ဖွယ် ကောင်းလေသလော။


ပြာသောကောင်းကင်တွင် ထွက်ပြူစ လဝန်းကို ရှုမြင်ရသကဲ့သို့ ကြည်လင်ချမ်းမြေ့လေသလော။


ပန်းပေါင်းစုံရနံ့ကို ဆောင်ယူလာသော လေညင်း၏ ဖြေးဆေးညံ့သက်စွာ တိုက်ခတ်ခြင်းဖြင့် အိပ်ရာမှ နိုးလာသူကဲ့သို့ ချမ်းမြေ့အားတက်ဖွယ် ကောင်းလေသလော။


ဘယ်လိုများပါလိမ့်… ဘယ်လိုများပါလိမ့်။ ခင်ခင်လေးသည် အမြဲတွေး၏။ တယောက်တည်းတွေး၍ အားမရသောအခါတွင်မူ သူသည် ကိုအောင်မြင့်ကို မေး၏။


“ကိုရယ် ကလေးရလာရင် မွေးလာရင် ဆိုပါတော့ စိတ်ထဲမှာ ဘယ်လိုဖြစ်လဲဟင်”


ကိုသည် ပြုံး၏။


“ကိုယ်လည်း ဘယ်သိမလဲ ခင်ခင်လေးရယ်။ ယောက်ျားလည်း ဖြစ်ပြန်၊ ကလေးလည်း မမွေးဘူးတော့ ဘယ်နဲ့လုပ်သိမလဲ”


ခင်ခင်လေးသည် သူ့မေးခွန်းအတွက် စိတ်ပျက်သွားပြန်၏။


“ကိုကလည်း နောင်ဆိုရင် မိဘဖြစ်ရတော့မှာပဲဟာ၊ ဘယ်လိုနေမလဲဆိုတာ စိတ်မှ မကူးကြည့်တော့ဘူးလား”


“ကူးတော့ ကူးတာပေါ့ ခင်ခင်လေးရယ်”


ကိုသည် ခပ်အေးအေးပင် ပြန်၍ပြော၏။ အမှန်တော့လည်း ကိုအောင်မြင့်သည် လူအေးဖြစ်၏။ တွေးစရာရှိရှိ၊ လုပ်စရာရှိရှိ ခပ်အေးအေးပင် လုပ်၏။ တွေး၏။ သူတွေးသော အတွေးအတွက်လည်း သောကများကို မဖြစ်ပွားစေပေ။


ခင်ခင်လေးသည် ကို့ကို အားမရ၍ မမကြီးထံသို့ သွားပြန်၏။


“မမကြီးရယ်၊ ကလေးမွေးရင် ဘယ်လိုဖြစ်လာလဲ။ စာတွေထဲမှာပါသလို တကယ်ပဲ ရင်ထဲမှာ အေးချမ်းနှစ်သိမ့်သွားလား၊ ပြီးတော့ ဘာဖြစ်လာဦးမှာလဲ”


မမကြီးသည် ဟက်ဟက်ပက်ပက်ရယ်၏။


“ခင်ခင်လေးရယ်၊ မမကြီးက အပျိုကြီးပဲဟာ ဘယ်နှယ်လုပ် သိမလဲ၊ တနေ့… တနေ့ ဒါပဲတွေးနေတာပဲ။ မိလတ်တို့များ သူ့လိုမဟုတ်ပါဘူး။ သူ့မှာဖြင့် ကလေးတယောက်ရတာ နေစရာပဲ မရှိတော့ဘူး။ သုံးလပဲ လိုတော့တာဟာ သိမှာပေါ့၊ တွေးမနေနဲ့တော့…”


မမကြီးကိုလည်း သူဘာမှ ပြန်မပြောရဲ၍ သူ့တယောက်တည်း မမွေးဖွားသေးသော ကလေးကို တွေး၍နေ၏။ မမကြီးပြောသည်မှာ မှန်၏။ ခင်ခင်လေးသည် သောကများလွန်းလှသည်။


ခင်ခင်လေးတို့ ညီမသုံးယောက်တွင် မမကြီးက အကြီးဆုံးဖြစ်၍ ခင်ခင်လေးက အငယ်ဆုံးဖြစ်၏။ ခင်ခင်လတ်မှာ အလတ်ဖြစ်၏။


တခေတ်တုန်းကမူ ပင်စင်စား အရေးပိုင်ကြီး၏ သမီးများအဖြစ် ခင်ခင်ကြီး၊ ခင်ခင်လတ်နှင့် ခင်ခင်လေးတို့သည် ကြယ်ရောင်လရောင်လို တောက်ပခဲ့၏။ ကောင်းစားခဲ့ကြ၏ ဆိုလျှင် ပို၍မှန်ပေမည်။


သုံးယောက်ထဲတွင် ခင်ခင်လတ်သည် ခေတ်ကောင်းကို အမှီပြု၍ အသုံးချတတ်၏ ဆိုလျှင် မမှားပေ။ ခင်ခင်လတ်ခေတ်သည် အိုင်စီအက်များ ကောင်းစားချိန်ဖြစ်၍ ခင်ခင်လတ်သည် အိုင်စီအက် နယ်ပိုင်တယောက်ကို ရလိုက်၏။ ခင်ခင်လတ်တို့ဘက်မှ စိန်တဆင်စာ၊ မင်္ဂလာအခမ်းအနားအတွက် ကုန်ကျသမျှနှင့် ငွေတစ်သောင်းတိတိ လက်ဖွဲ့ရလေသည်။


ခင်ခင်ကြီးကမူ “ငါတော့ လင်ကိုများ ဝယ်ယူရမယ်ဆိုရင် တသက် လင်မယူဘူးဟေ့” ဟုဆို၏။ မှန်၏။ မမကြီးသည် ယခုထိ လင်မယူသေးပေ။ သူ့တသက်တာတွင် ယူတော့မည် မဟုတ်ပေ။ အချိန်များ လွန်ခဲ့လေပြီ။


ခင်ခင်လေးအတွက်မူ လင်ကို မဝယ်နိုင်ခဲ့ပေ။ ခင်ခင်လေး အရွယ်ရောက်စတွင် ခင်ခင်လေး ဖေဖေသည် ကွယ်လွန်ခဲ့၏။ ခင်ခင်လေးတွင် အဖေ၏ အရောင်ထင်ဟပ်ခြင်းကို မခံရတော့ပေ။ အစစ ငွေကိုလည်း သတိထားလာရ၏။ မေမေကိုယ်တိုင်ကပင် “ခင်ခင်လေးအတွက်တော့ မေတ္တာနဲ့လာပြီး တောင်းခံတဲ့လူကိုပဲ ပေးစားနိုင်မှာပဲ၊ တို့ကတော့ဖြင့် ငွေကုန်ကြေးကျခံပြီး မပေးစားနိုင်တော့ဘူး” ဟူ၍ သူတို့အထက်လွှာ လူဒလံ၊ လူပွဲစားလုပ်နေသည့် ကြီးကြီးမြိုင်တို့အား လေသံလွှင့်လိုက်၏။ မှန်၏။ ခင်ခင်လေးတို့ မေမေတွင် လက်ဝတ်လက်စားနှင့် ယခုနေသော ကုက္ကိုင်းက အိမ်သာရှိ၏။ ကျန်ရစ်သောငွေကိုလည်း ယခုနေသွားကြသော အချိန်တွင် ဘာမျှမလုပ်ဘဲ အေးအေးစားသုံးသွားရမည် မဟုတ်ပါလား။


မရွှေလတ်ကမူ ဝင်းဝင်းတောက်၍ နေပေ၏။ သူအရေးပိုင်ကတော် ဖြစ်ချိန်တွင် ခင်ခင်လေးကို မေမေတို့ လက်ထပ်ပေးစားရ၏။ ခင်ခင်လေးကိုမူ ကိုအောင်မြင့်တို့မိဘက တောင်းရမ်း၍ အားလုံးအကုန်အကျခံ၏။ ကိုအောင်မြင့် မိဘတွေမှာလည်း ရိုး၍ ရှေးဆန်၏။


“တမိသားနဲ့ တမိသားဆက်ဆံရေးမှာ ကျွန်မတို့ကလည်း မေတ္တာကိုပဲ လိုချင်ပါတယ်” ဟူ၍ ကိုအောင်မြင့်မေမေက ပြော၏။


ခင်ခင်လေးမေမေကလည်း… “ကျွန်မသမီးကို မေတ္တာနဲ့ တန်ဖိုးဖြတ်ရတဲ့အတွက် ပိုပြီးဝမ်းသာပါတယ်” ဟု ပြန်ပြော၏။


ခင်ခင်လတ်၏ မင်္ဂလာဆောင်လို လျှမ်းလျှမ်းမတောက်သော်လည်း ခင်ခင်လေးမင်္ဂလာဆောင်သည် ငြိမ်းချမ်းသာယာစွာပင် ပြီးဆုံးခဲ့၏။


ခင်ခင်လေးသည် မမကြီးကို မင်္ဂလာမဆောင်ခင်က မေး၏။


“မမကြီး မေမေက ခင်ခင်လေးကိုတော့ လာတောင်းတဲ့လူရှိမှ ပေးစားတယ်၊ မမလတ်တုန်းကတော့ ဘာဖြစ်လို့ ရှာပေးစားတာလဲ။ ပြီးတော့ မမလတ်တုန်းက မိန်းကလေးဘက်က တင်တောင်းလိုက်ရတာ အများကြီးပဲ။ ခင်ခင်လေးကျတော့ ယောက်ျားလေးက တင်တောင်းတယ်”


မမကြီးသည် ညီမကို စိုက်၍ကြည့်ရင်း…

“မိဘဆိုတာ နားလည်ရတယ်။ ကိုယ့်သားသမီး အခြေအနေကို ကြည့်ရတယ်။ မိလတ်ကတော့ သိတဲ့အတိုင်း ဆတ်ကော့လတ်ကော့ မဟုတ်လား၊ ကြာရှည် အပျိုဘဝနဲ့နေလို့ တစ်ခုခုဖြစ်သွားရင် ကိုယ့်သမီးမှာ တန်ဖိုးလျော့သွားမှာပေါ့။ သည်တော့သည်လို ကိုယ်ပိုင်ပုံမရတဲ့ သမီးမျိုးကျတော့ သင့်တော်တဲ့သူ မြန်မြန်ရှာပြီး မိဘက နေရာချပေးရတယ်။ ကိုယ်က တင်တောင်းသင့်လည်း တောင်းရတာပဲ။ လက်ထပ်ပြီးတော့ စိတ်အေးရတာပေါ့။ ပြီးတော့လည်း အမှန်အတိုင်းပြောရရင် အိနြ္ဒရပြီး ပိပြားတဲ့ မိန်းကလေးတွေအဖို့ လိုချင်သူ မရှားဘူးပေါ့။ ကိုယ်ကလည်း လိုက်ရှာဖို့ မလိုဘူး”


ခင်ခင်လေးသည် ငြိမ်၍နားထောင်နေ၏။ အမှန်တော့ သူလက်ထပ်ရခြင်းကိုမူ ခင်ခင်လေးက မကျေနပ်ပေ။ ကိုအောင်မြင့်ကို ခင်ခင်လေးက မကြိုက်၊ ခင်ခင်လေး ချစ်သူကိုလည်း မေမေတို့က သဘောမတူပေ။ မေမေ့စကားကို နားထောင်ရသော်လည်း ခင်ခင်လေးသည် ရင်ထဲမှာတော့ ကသိကအောင့် ဖြစ်နေ၏။


“ခင်ခင်လေးဟာ ယောက်ျားမယူဘဲ မမကြီးလိုနေတော့ကော မဖြစ်ဘူးတဲ့လား။ ခင်ခင်လေးက ပျံတန်တန် နန့်တန့်တန့်ဖြစ်နေလို့ လင်ပေးစားတာလားဟင်”


ခင်ခင်လေးသည် မေမေ့ကိုလည်း ယခုလို မေးလိုက်ပြန်၏။


“တနေ့တော့ သမီးသိလာမှာပေါ့။ သမီးအိမ်ထောင်ကျပြီး သားသမီးရလာတဲ့အခါ မိဘများဟာ ဘာကြောင့် သားသမီးတွေကို အိမ်ထောင်ချချင်ကြသလဲဆိုတာ သမီးသိလာလိမ့်မယ်”


မေမေသည် သူ့ကို ဒါပဲပြော၏။


* * *


မေမေသည် အချိန်ကိုကြိုတင်၍ တွက်တတ်လေသလားမသိ။ ခင်ခင်လေးတို့ လက်ထပ်ပြီး၍ တနှစ်အကြာတွင် ကွယ်လွန်ခဲ့လေသည်။ မမကြီးသည် ခင်ခင်လေးနှင့်ပင် အတူနေ၏။ ကိုအောင်မြင့်သည် အဆောက်အအုံ အင်ဂျင်နီယာဖြစ်၍ ကိုယ်ပိုင်အလုပ် လုပ်၏။ အစိုးရထံမှာ အလုပ်မလုပ်ပေ။ ကုက္ကိုင်းအိမ်မှ မပြောင်းကြဘဲ အတူပင် နေကြ၏။


ကုက္ကိုင်းအိမ်လေးသည် နေထိုင်ကြသော အိမ်ထောင်စုလိုပင် တိတ်ဆိတ်အေးချမ်းလှ၏။ တခါတရံမှသာ ခင်ခင်လတ်သည် ဘယ်မြို့ကို ပြောင်းသွားရသည်၊ ခင်ခင်လတ်ယောက်ျား အရေးပိုင်ဖြစ်သွားပြီဟူသော သတင်းလောက်သာ သူတို့အိမ်လေးဆီသို့ အထူးသဖွယ် ပျံလွင့်လာ၏။ ခဏလောက်တွင်မူ အိမ်လေးသည် လှုပ်ရှား၍သွားတတ်သည်။ ထိုလှုပ်ရှားမှုသည် ညနေမစောင်းခင်ပင် ပြန်လည်ငြိမ်သက်၍ အိမ်လေးမှာ ယခင်ကလိုပင် တိတ်ဆိတ်နေ၏။


ကိုသည် အလုပ်အတွက် အဆောက်အအုံကြည့်ရန်အတွက် တစ်နေ့လုံးလိုလို မြို့ထဲကို ထွက်နေရ၏။ ခင်ခင်လေးကမူ ခုတင်ပေါ်တွင် ခွေခွေလေး နေချင်ရင်လည်းနေ၏။ တခါတရံတွင်လည်း သူပျိုးထားသော သစ္စာပန်းပင်တို့ဘေးတွင် ငြိမ်ငြိမ်လေး ထိုင်နေ၏။


သူ့စိတ်ထဲမှာ ထင်သည်၊ သူ့ဘဝတွင် နောက်ထပ် ဘာမျှဆန်းသစ်လာလိမ့်မည်ဟူ၍ မထင်ပေ။ ပန်းခက်လေးများကို ခူးနေချိန်တွင် နှေးကွေးလွန်းလှ၍ မမကြီးက သူ့ကို အားမရပေ။


“သည်နေ့လည် မောင်အောင်မြင့် ပြန်လာမယ် မဟုတ်လား ခင်ခင်လေး”


“ဟုတ်ကဲ့ မမကြီး”


“အေး မနက်ကပြောတာ ကြားသလို ရှိတယ်။ အတော်ပဲ၊ မနက်က ဈေးကို မှာလိုက်ရတယ်။ သည်နေ့ နေ့လည် အိမ်မှာ ကြာဇံဟင်းခါး သောက်ရမယ်။ ဟင်းအိုး ဆူနေတာကိုက ငရုတ်ကောင်းနံ့နဲ့ ကြက်သွန်ဖြူနံ့ သင်းနေတာပဲ” 


မမကြီးသည် ဇွန်းများကို တိုက်ရင်း ထမင်းစားခန်းထဲမှ လှမ်း၍ ပြောနေ၏။ ခင်ခင်လေးစိတ်ထဲတွင်မူ ဟင်းခါးမှာ သူနှင့် တည့်မှတည့်ပါ့မလားဟု တွေးနေ၏။ သူ့လက်ချောင်းလေးများကိုလည်း ထောင်၍ကြည့်မိပြန်၏။ လက်ချောင်းများသည် ဖြူလျော်လျော်နှင့် ထွေးထွေးနွေးနွေး မရှိပေ။


“ဟေ့ မရွှေရေ ပန်းကန်တွေ ချတော့ဟေ့။ တစ်ချက်ခွဲနေပြီ။ လာချိန်နီးနေပြီ၊ မီးခဲတော့ နည်းနည်းချဲထားလိုက် ဆူလွန်းရင် ခမ်းပြီး ငန်သွားဦးမယ်”


မမကြီးအသံသည် နောက်ထပ်ပေါ်လာပြန်၏။ ခင်ခင်လေးသည် ထမင်းစားခန်းထဲသို့ ခပ်နွဲ့နွဲ့ လျှောက်၍လာ၏။ စားပွဲပေါ်မှ ပန်းအိုးကို ပန်းပွင့်များလှအောင် ပြင်လိုက်၏။


“ခင်ခင်လေး ဟင်းခါးကို မြည်းကြည့်ပါဦးလား”


“နေပါစေတော့ မမကြီး၊ ကိုလာမှပဲ တူတူသောက်တော့မယ်။ ခင်ခင်လေးနဲ့ကော တည့်ရဲ့လား”


“တည့်ပါတယ် ခင်ခင်လေးရယ်၊ မိုးအေးတုန်း ဟင်းခါးနဲ့ ရှောက်သီးသုပ်စပ်စပ် သုပ်စားရင် အပူတောင်ထွက်သေးတယ်”


“ခင်ခင်လေးရဲ့လက်တွေကလည်း အေးလို့”


“အဲ အတော်ပဲ၊ ဟင်းခါးသောက်၊ ချွေးထွက်လာရော”


ခင်ခင်လေးသည် ပြုံးလာ၏။ မမကြီး စကားပြောပုံမှာ အားရပါးရ ရှိ၏။


“တစ်နေ့က မင်းကတော်တယောက်က ပြောတယ်။ ခင်ခင်လေး ချူချာနေတာက ကလေးမရလို့တဲ့”


“အို… ရချင်တဲ့အခါကျရင် ရမှာပေါ့ ခင်ခင်လေးရယ်။ ဒါတွေ တွေးမနေစမ်းပါနဲ့။ ကဲ ကဲ… ဟေ့… မယ်ရွှေရေ ငန်ပြာရည်ရယ်၊ ငရုတ်ကောင်းရယ် တပန်းကန်စီ ထည့်ထားဦးဟေ့၊ အပေါ့အငန်ကြိုက်သလိုပေါ့၊ ခင်ခင်လေး နင့်အစ်ကို သွားစောင့်နေဦးလေ”


ခင်ခင်လေးသည် ဧည့်ခန်းကို ပြန်ထွက်လာ၏။ အိမ်အဝင်ဝဘက် မျက်နှာပြုထားသော ဆိုဖာပေါ်တွင် ထိုင်ရင်း သူ့ခြေထောက်များအကြောင်းကို စဉ်းစား၏။ ညာဘက်ခြေဖဝါးသည် မနက်ကရောင်၍ တင်းလာ၏။ ထမင်းစားတုန်းကလည်း ခေါင်းကမူးလာသည်။ ခြေထောက် ထောက်ကြည့်ရသည်မှာ ယခုတော့ နည်းနည်းပင် တင်းတော့သည်။ ဒါပေမယ့် ခြေဖျားများသည် ရေလိုအေးစက်နေပြန်၏။ ထမင်းစားပြီးချိန်ကတည်းက ရင်ထဲ၌ လှပ်လှပ်လှပ်လှပ်နဲ့ ရင်တုန်သလို ဖြစ်နေပြန်သည်။


ကားလေး အိမ်ရှေ့မြေနီလမ်းပေါ် မောင်းလာပေမယ့် သူသည် ထဖို့ သတိမရ၊ ဆင်ဝင်အောက်ရောက်မှ ထသွားမိသည်။


ကိုသည် မော်တော်ကားတံခါးကို ဖွင့်၍ဆင်းလာ၏။


“ကဲ ခင်ခင်လေးတယောက် သည်နေ့ တော်တော်မှ နေမှကောင်းရဲ့လားဟေ့။ ခြေထောက်တွေ နာသေးလား။ ရင်ခုန်တာရော ရပ်သွားပလား၊ ခေါင်းမူးသေးလား၊ လက်ဖျားတွေကော နွေးလာပြီလား”


ကိုသည် တံခါးဝ ရောက်ရောက်ချင်း ခင်ခင်လေး လက်ဖျားကို ဆုပ်ကိုင်ရင်း မေး၏။ ခင်ခင်လေးသည် ပြုံး၍နေ၏။


ကိုက သူ့ဇနီးအကြောင်းကို အကုန်သိ၏။ ရောဂါပေါင်းသည် ကိုးဆယ့်ခြောက်ပါးမကပေ။ အိမ်ထဲရောက်ချိန်တွင်လည်း ကိုကသာ ပျာပျာသလဲ ဖြစ်ပေမယ့် မရွှေခင်ခင်လေးကမူ လှုပ်လှုပ်ရှားရှား မရှိလှပေ။


ယနေ့ ဟင်းခါးသောက်ချိန်တွင်လည်း မမကြီးသာ ရှမ်းကြက်သွန်ဖြူ အနံ့မရှိကြောင်း၊ ဟင်းခါးကို မြောင်းမြမှာနေစဉ်က ပုစွန်နှင့်ချက်ရသည်မှာ ချိုကြောင်း၊ တခါတခါ ငရုတ်ကောင်းများများ ခပ်သောက်ရသည်မှာ အရသာရှိကြောင်းများကို ရွှန်းရွှန်းဝေအောင် ပြောနေတတ်ပေသည်။


* * *


ခင်ခင်လေးမှာ ကလေးကိုယ်ဝန်ရှိကြောင်း စသိကြသောအချိန်တွင်မူ ယခင်လို တိတ်ဆိတ်၍မနေကြတော့၊ တအိမ်လုံးသည် စိုစိုပြည်ပြည် ရွှင်ရွှင်လန်းလန်းဖြစ်၏။ အင်မတန်အေး၍ နွဲ့သော ခင်ခင်လေးပင် ဖျပ်ဖျပ်လတ်လတ် လှုပ်လှုပ်ရှားရှားဖြစ်လာ၏။ မမကြီးကလည်း လုပ်ရင်းကိုင်ရင်း သူတို့အိမ်ထောင်တွင် မကြာခင် လူသစ်တယောက်တိုးလာမည်ကို ဝမ်းသာအားရပြောနေ၏။ သူ့တွင်လည်း ကလေးတာဝန် ပိုလာတော့မည်ကို မမကြီးက အားရပါးရ ပြောပြန်၏။


အားလပ်ချိန်တွင် ခင်ခင်လေးသည် မွေးဖွားလာမည့် ကလေးအကြောင်းကို တွေးရသည်မှာ မဆုံးတော့ပေ။ ကလေးအတွက် ပုံများကိုလည်း ရှာထားရဦးမည်။ ခြံထဲရှိ ပန်းပင်လေးတွေလည်း ယခုနှစ်မှ ပို၍ပွင့်လာကြ၏။ ပန်းလေးတွေ လန်းဆတ်သလို ခင်ခင်လေးသည်လည်း ရွှင်လန်းလာ၏။ အစဉ်အဆက်မပြတ်သော မျိုးစေ့ကို ပြုစုပျိုးထောင်ရန်အတွက် ပန်းလေးများလည်း လှပစွာ ပွင့်ရခြင်းပေပဲ။ သူသည်လည်း ယခုအခါတွင် သူ၏မျိုးရိုးစဉ်ဆက်ဆို၍ လောကတွင် ထားရစ်ခဲ့နိုင်တော့မည်။ သူသည် တနေ့အခါ သူ့မျိုးရိုး၏ ပင်မမျိုးစေ့အဖြစ် ရောက်ရတော့မည်။ ဘဝဆိုတာ အဆန်းအသစ်တွေ အများကြီး တွေ့ရဦးမှာပါကလား။


ခင်ခင်လေးသည် တွေးရင်း ကျေနပ်နှစ်သိမ့်မိ၏။ ညဉ့်ဦးယံအိပ်ခါနီးတွင် ကို့အပါးဝယ် ခင်ခင်လေးသည် တိတ်ဆိတ်စွာ အိပ်မနေတော့ပေ။ မအိပ်ခင်လည်း လာလတံ့သော ကလေးအတွက် စီစဉ်ရ၏။ ညအိပ်နေဆဲတွင်လည်း ကလေးကို အိပ်မက်မက်ရသည်မှာ နှစ်သိမ့်စရာကောင်းလှပေ၏။


တကယ်မွေးဖွားချိန်တွင်သာ သီတာရေလို အေးမအေး ကုမုဒြာကြာလို ကျက်သရေရှိမရှိ သိရပေမည်။


* * *


ခင်ခင်လေး မွေးဖွားချိန်တွင် ခင်ခင်လတ်သည် ရန်ကုန်ပြောင်းလာရ၍ ခင်ခင်လေးကို လာမေး၏။ ခင်ခင်လေးသည် နံနက်က မွေးဖွားလိုက်ရ၍ နွမ်းနေသည်။ သူ့ရင်ထဲတွင်လည်း မောသလိုဖြစ်နေသည်။


ခင်ခင်လတ်ကမူ မမကြီးနှင့်ရော ဧည့်သည်တွေနှင့်ရော စကားဖောင်လောက်အောင် ပြောနေ၏။


“ကျွန်မမွေးတုန်းကဆို အရေးပိုင်ကတော်ဆိုတော့ ဆရာမတွေကလည်း သိပ်ဂရုစိုက်တာ၊ အားလုံးပေါင်း ငွေတစ်ထောင့်ငါးရာလောက် ကုန်တယ်၊ သိရဲ့လား မင်းကတော်ရဲ့။ ကလေးကလည်း အင်္ဂလိပ်ကလေးလေးလိုပဲ ဆံပင်လေးတွေ နီလို့၊ ထွေးထွေးလေး သိပ်ချစ်စရာကောင်းတာ”


မမကြီးသည် နှာခေါင်းရှုံ့လိုက်၏။ မှိန်းနေရာမှ ခင်ခင်လေးကလည်း တွေးမိ၏။


“အင်္ဂလိပ်ကလေးမှပဲ ချစ်စရာကောင်းတော့မှာလား မမလတ်ရယ်” ဟု တွေးနေမိ၏။


ခင်ခင်လတ်သည် စကားပြောရင်း စီးကရက်ကို အတွင်ဖွာ၏။ သူ့နှုတ်ခမ်းများမှာ တွတ်တွတ်နီလျှက် ပါးပါးလေးဖြစ်နေ၍ စီးကရက်ချိတ်ထားသောအခါ ပို၍လှပသလို ဖြစ်နေသည်။ နဖူးပေါ်တွင်လည်း ဆံနွယ်များမှာ ခွေကောက်တွန့်လိမ်၍နေ၏။ ပဒုမ္မာအပါးအောက်မှ လက်သိုင်းရွှေကြိုးကလည်း တစ်လက်လက်တောက်၍ စိန်ကြယ်သီးများကလည်း တဖျပ်ဖျပ် ဖြစ်နေသည်။


“ခုပဲ အရေးပိုင်မင်း လိုက်လာဦးမလို့၊ သမီးက သူ့ဒက်ဒီ မလိုက်ရဘူးဆိုလို့ အရေးပိုင်မင်း နေရစ်ခဲ့တယ်။ အရေးပိုင်မင်းက အင်မတန်အေးတာ”


အနားက နားထောင်နေသူ မင်းကတော်များမှာတော့ ဘယ်လိုနေမည် မသိပေ။ မမကြီးနားတွင်မူ ‘အရေးပိုင်’တွေ ထပ်နေလွန်း၏။ ကြာလျှင် လျှာထဲမှာ အရေးပိုင်မင်း မှောက်လျှက်လဲမှာစိုးရသည်။


ခင်ခင်လေးသည် သူ့မမလတ်အကြောင်းကို မတွေးတော့ပေ။ ပါးစုံ့ဖောင်းဖောင်းလေးနှင့် နီနီထွေးထွေးလေးဖြစ်သော သမီးလေးမျက်နှာကို တွေးလိုက်ရသောအခါတွင်မူ စိတ်မှာချမ်းမြေ့၍သွားတော့၏။ မွေးစဉ်က မောခြင်း၊ နာခြင်းများမှာ အားလုံးပျောက်၍ သွားတော့သည်။


မမလတ်ပြန်သွား၍ ဧည့်သည်များ ရှင်းချိန်တွင်မူ မမကြီးနှင့်ခင်ခင်လေးသာ နှစ်ယောက်တည်း ကျန်ရစ်တော့၏။


“ခင်ခင်လေး ငါတော့ နင့်မမလတ်ဟာ စိတ်မှကောင်းသေးရဲ့လား မသိဘူး။ ပြောပုံဆိုပုံရော၊ ဝတ်ပုံရော အပျိုတုန်းကလို မဟုတ်တော့ဘူး။ ပြီးတော့လည်း တို့ဆီလာတာတောင် သူ့သမီးကို မခေါ်ခဲ့ဘူး။ မမကြီးဖြင့် သူစကားပြောတာ နားထောင်ရင်း မောလာတယ်။ အရေးပိုင်မင်း အရေးပိုင်မင်းတွေ ထပ်နေတာပဲ။ အရင်က သူ့ယောက်ျားကို ကိုကိုလို့ ခေါ်တယ်မဟုတ်လား ခင်ခင်လေး”


“ဟုတ်တယ် မမကြီး၊ ခုခေတ်က ဖက်ရှင်၊ မိန်းမတွေတွေ့ရင် ကိုယ့်ယောက်ျားနာမည်ထက် ဂုဏ်ကို လူသိအောင် မင်းကြီးဆိုလည်း ‘မင်းကြီးကလေ၊ မင်းကြီးကလေ’လို့ပြောရတယ်။ ဝန်မင်းဆိုလည်း ဝန်မင်းက ဘယ်သို့ ဘယ်ညာ ပြောရတယ် မမကြီးရဲ့”


“ဟားဟား ရယ်စရာကောင်းလိုက်တာဟယ်၊ ငါလည်း ဒါကြောင့် အပျိုကြီးဖြစ်နေတာပဲ”


မမကြီးသည် သူ့တယောက်တည်း ရယ်နေပြန်၏။


“ကျွန်မသမီးလေးသာ လောကမှာ ကျိုးကျိုးနွံနွံနဲ့ လိမ္မာလေး ဖြစ်စေချင်တာပါပဲ” 


ခင်ခင်လေးသည် မမကြီးအား တလုံးချင်း ပြောနေ၏။ မမကြီးသည် ရယ်နေရာမှ သူ့ညီမကို အံ့အားသင့်သလို ကြည့်နေ၏။


“အေးဟေ့ ငါ့ညီမ ဒါတွေ တွေးလာပြီကိုး။ တွေးရမယ် တွေးရမယ်။ ဟုတ်တယ် ခင်ခင်လေးဟာ ခင်ခင်လေး မဟုတ်တော့ဘူး။ ကလေးတယောက်မိခင် ဒေါ်ခင်ခင်လေး ဖြစ်လာပြီ သိလား”


မမကြီစကားကို နားထောင်ရင်းပင် ခင်ခင်လေးသည် သူ့သမီးကို ပြန်၍တွေး၏။


ကိုအောင်မြင့်သည် တော်တော် နောက်ကျမှ ရောက်လာ၏။ မနက် မမွေးခင်ကတော့ သူသည် မွေးခန်းအပြင်ဘက်မှာ ရှိ၏။


“ခင်လေးရာ သည်နေ့မှ အလုပ်များလိုက်တာကွယ်။ ဒါပေမယ့် ဘာမှလုပ်လို့မရဘူး။ ကိုယ်ရင်တွေလေ တုန်နေတယ်သိလား၊ လက်ကလည်း ဖောင်တိန်ကိုတောင် ကိုင်လို့မရဘူး။ မွေးခန်းအပြင်ဘက်မှာ ကိုဖြင့် အသက်တောင် မရှူရဲသလိုပဲ။ ခုတောင် ရင်က တုန်ချင်တယ်။ ခင်လေး သည်မှာ ကိုင်ကြည့်စမ်း…”


ကိုသည် ခင်ခင်လေးကို အားရဝမ်းသာပြောရင်း ခင်ခင်လေးလက်ကို ဆွဲ၍ သူ့ရင်ကို ကပ်ပြ၏။


“ကိုတို့သမီးလေးကလည်း တော်တော်ချောတာနော်။ ပါးလေးတွေကကွယ် ပေါင်မုန့်ဖုတ်ပြီးစလို နွေးနွေးပုံ့ပုံ့ကြီးတွေနော်”


ခင်ခင်လေးရော မမကြီးပါ ကို့ကို ဝိုင်း၍ရယ်ကြ၏။


* * * 


သမီးလေး သုံးနှစ်လောက်တွင် ပို၍ချစ်စရာကောင်းလာ၏။ ခင်ခင်လေးက သူ့မေမေကို လေးစားသည့်အနေနှင့် သမီးလေးနာမည်ကို ‘မိ’ဟု မှည့်၏။ ခင်ခင်လေး၏မေမေနာမည်မှာ ဒေါ်မိမိဖြစ်၏။


မိ လှုပ်ရှားသွားလာသမျှသည် တအိမ်သားလုံး၏ လှုပ်ရှားခြင်းပင်ဖြစ်၏။ တအိမ်သားလုံး၏ကမ္ဘာသည် မိပင် ဖြစ်၏။ မိ ရယ်လျှင် အားလုံး ဝိုင်းရယ်၍ မိ နေမကောင်း၍ ညှိုးနေလျှင်လည်း တအိမ်လုံး ညှိုး၍ မရယ်နိုင်တော့ပေ။


ကိုအောင်မြင့်သည် လောကတွင် မျှော်လင့်ချက်တွေ အများကြီး ထားလာ၏။ ညနေပြန်ချိန်တွင်လည်း မိနှင့် ခြံထဲတွင် လမ်းလျှောက်သည်။ နေ့လည်က စိတ္တဒုက္ခ၊ ကာယဒုက္ခတွေမှာ အကုန်ပျောက်၏။


“ဪ… သမီးလေးဟာ တကယ်တော့ စမ်းရေယဉ်ပဲ”


ခင်ခင်လေးသည် မိအတွက် ချုပ်ရ၊ လုပ်ရ၊ သန့်ရှင်းအောင် ဆောင်ရွက်ရနှင့် ငြိမ်နေရသည်မရှိပေ။


မနက်လက်ဖက်ရည်ဝိုင်းတွင်လည်း မိသည် အိမ်သားကြီးတယောက်ပမာ ပါဝင်ခဲ့၏။ မိ သွက်သွက်လက်လက် စကားပြောတတ်ချိန်တွင် မိသည် သူ၏ဆန္ဒများကို တစ်ခုစီ ဖော်ပြစပြုလာလေသည်။


“ပေါင်မုန့်ကို အလယ်က အသားချည်းပဲ ပေးပါ”


မိစားဖို့အတွက် အလယ်ပေါင်မုန့်သားကို သတ်သတ်ပေးရ၏။ ပေါင်မုန့်ကို မီးကင်လျှင် မိက မကြိုက်၊ ပေါင်မုန့်အသားနုနုကိုမှ ကော်ဖီနှင့်သောက်၏။ မုန့်သေတ္တာမုန့်ဆိုလျှင်လည်း မိသောက်ရန်အတွက် ဟောလစ်ထဲတွင် စိမ်၍ ထားရ၏။ မိသည် ပျော့ဖတ်၍ နူးညံ့လာမှ ဇွန်းနှင့်ခပ်၍ လျှာပေါ်တင်၏။ ကော်ဖီသောက်ပြီးချိန်တွင် ခြံထဲသို့ သူ့ဒေါ်ကြီးနှင့်အတူ ဆင်း၍လမ်းလျှောက်၏။


ခင်ခင်လေးသည် ကိုနှင့် စားပွဲတွင် ကျန်ရစ်ရင်း သူ့စိတ်ထဲတွင် တခုခုဖြစ်နေသလို တွေးနေ၏။


“မရွှေခင်လေး ဘာဖြစ်ပြန်ပလဲ”


“ဘာဖြစ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မိဟာ မနုလွန်းဘူးလား”


“ဟင် ဘာဖြစ်တယ် ခင်လေး”


“သမီးလေးဟာ သိပ်ပြီး အနူးအညံ့ အသက်အသာကို ကြိုက်တာပဲ။ ဒါကြောင့် မနုလွန်းဘူးလားလို့၊ အမြဲပဲ မုန့်တောင် မကိုက်ချင်ဘူး။ သူ့လျှာပေါ်မှာ အရည်ပျော်သွားတာမျိုးကိုမှ စားတယ်။ ပြီးတော့ မနက်ကလည်း မျက်နှာသစ်ပြီး ခင်လေးက ပေါင်ဒါရိုက်ပေးတယ်။ ပေါင်ဒါက ‘ရပ်ဒလေ’ သက်သက် မဟုတ်ဘူး၊ သနပ်ခါးမှုန့်နည်းနည်း ရောထားတယ်။ အဲဒါ ကြမ်းလို့ မလူးချင်ဘူးတဲ့၊ ငိုလို့ ပေါင်ဒါသက်သက် လူးပေးရတယ်”


“ကလေးကိုး ခင်လေးရဲ့၊ ဒါများကွယ် စိုးရိမ်စရာ မဟုတ်ပါဘူး”


“သည်လိုလေ၊ သမီးလေးက လေးနှစ်ကျော်လာပြီ၊ သည်အတိုင်းသာ သွားရင် သူက သက်တောင့်သက်သာနဲ့ နူးနူးညံ့ညံ့လေးတွေကိုပဲ အစဉ်ခံစားသွားချင်ရင် ဘယ့်နဲ့လုပ်မလဲ”


“အို သူ့ဘဝကလည်း ဘာများ ပင်ပန်းစရာရှိလို့လဲ ခင်လေးရယ်။ တို့များ သည်တစ်ယောက်တောင် ကံစွပ်လို့ရတာ၊ နောင် ရဖို့ ခဲယဉ်းပါတယ်။ ဆရာဝန်ကလည်း ပြောတယ်မဟုတ်လား။ သည်တော့ ခု ကိုတို့ ရှာဖွေထားတဲ့ ပစ္စည်းနဲ့ဆို သမီးတစ်ဘဝတော့ အေးအေးလေး သွားနိုင်ပါတယ်”


“မဟုတ်ဘူးလေ ကိုရဲ့၊ ဘဝဆိုတာ အစဉ်ပဲ သာယာပြေပြစ်လိမ့်မယ်လို့ ဘယ်သူ တာဝန်ခံနိုင်မလဲ။ သည်တော့ နောင်ခါ ဆင်းရဲတွေ့တွေ့ ချမ်းသာတွေ့တွေ့ ဒူပေနာပေ ခံနိုင်အောင် ခုကတည်းက လေ့ကျင့်ထားရ ကောင်းမလားလို့”


“အေးဟေ့ ခင်ခင်လေးစကားကတော့ ဆန်းသား၊ ဒါပေမယ့် ဒါလောက် ကလေးလေးကို လေ့ကျင့်ပေးရမှာကတော့ စောများစောလွန်းသလား။ ပြီးတော့ တို့များ စိုးရိမ်လွန်းနေသလား။ အဲဒါလည်း တွေးကြည့်ရဦးမယ်”


ခင်ခင်လေးသည် ပြတင်းဘက်ကို ငေးနေ၏။ အပြင်တွင် နေခြည်များ အပူရှိန်နုသေးသည်။ ညက မိုးရွာထား၍ နံနက်ခင်းနေခြည်တွင် သစ်ရွက်များသည် စိမ်း၍ တောက်ပနေ၏။ ခင်ခင်လေးသည် စားပွဲမှထ၍ ပြတင်းမှာ သွားရပ်၏။ မြက်ခင်းပေါ်တွင် မိသည် ပြေးလွှား၍ ဆော့နေ၏။ တော်ပါသေး၏။ သူ့သမီးသည် ပြေးဖော်ဆော့ဖော်ရ၏။ သို့သော် သမီးသည် သက်သာနူးညံ့မှုကို ဒါလောက် ကြိုက်သည်ကို သဘောမကျပေ။


အမှန်တော့ မိကို အားလုံး ဝိုင်း၍ချစ်လာသောအခါ မိသည် ဤအိမ်ထောင်စုတွင် အရှင်သခင်လို ဖြစ်လာ၏။ မမကြီးအဖို့တော့ မိသည် သူ၏ကြေးမုံပေပဲ။


“ဒေါ်ကြီး”ဟု မိခေါ်သံသည် သူ့အသည်းနှလုံးကို အစဉ်အေးမြစေ၏။ အိပ်ချိန်တွင်တောင် မိသည် ဒေါ်ကြီးနှင့်အတူ အိပ်၏။


မိုးကုန်စ တညနေတွင် မမလတ်သည် ခင်ခင်လေးတို့အိမ်သို့ လာရောက်လည်ပတ်၏။ သမီးဖြစ်သူ မြင့်မှာ သူနှင့်အတူ ပါလာသည်။


မမကြီးသည် ညီမနှင့်တွေ့ရ၍ ဝမ်းသာသည့်အပြင် တူမချောကို မြင်သောအခါ ပို၍ဝမ်းသာမိ၏။


“မြင့်ကလည်းနော် သိပ်ထွားလာတာပဲ။ ခု မြင့်ရဲ့အသက် ဘယ်လောက်ရှိသွားပြီလဲ မလတ်”


“ဆယ့်သုံးနှစ်ကျော်သွားပြီ မမကြီးရဲ့”


မမကြီးသည် မြင့်၏တကိုယ်လုံးကို အသေးစိပ် ကြည့်၏။ နီ၍ကောက်သောဆံပင်ကို ဖဲကြိုးအပြာနှင့် သိုင်း၍ ချည်ထားလေသည်။ နှုတ်ခမ်းလေးတွေမှာ တွတ်တွတ်ရဲ၍ ပါးမို့လေးများသည် နှင်းဆီရောင်ပြေးနေသည်။ ဂျော်ဂျက်အပြာနုပါးပါးလေးနှင့် မြင့်အသား ဝင်းဝင်းမှာ ပနာရလှသည်။ ခါးသေး၍ မြင့်သောဖိနပ်နှင့် ခြေထောက်များလှမ်းပုံမှာ ကြွကြွရွရွရှိ၏။


“ငါ့တူမတွေဟာ အပျိုဖြစ်ရင် အားလုံးချောမှာပဲ” 


ဒေါ်ကြီးသည် ဝမ်းထဲမှ တွေး၍ ကျေနပ်နေ၏။ ခင်ခင်လေးသာ အိမ်ထောင်ကျကျချင်း ကလေးရလျှင် ခုလောက်တွင် အသက် ၁၀ နှစ်တော့ ရှိနိုင်ပြီဟူ၍လည်း တွေးမိ၏။


မမလတ်သည် ညီမ၊ အစ်မများထဲသို့ အလည်အပတ်အလာနည်း၏။ ရောက်လာတိုင်းလည်း သူသည် ခင်ခင်လေးတို့အိမ်ထောင်အကြောင်းထက် သူ့အိမ်ထောင်အကြောင်းကို ပို၍ပြောသည်။ သူပြောသမျှကို ခင်ခင်လေးသည် ငြိမ်၍နားထောင်နေရ၏။ အရေးပိုင်မင်းအကြောင်းမှာ ရာခိုင်နှုန်းပြည့်ပါ၏။ ဥယျာဉ်ပွဲအကြောင်းတွေ အပျင်းပြေသဖွယ် ပါလာတတ်၏။ သို့သော် စကားလုံးများသည် ထပ်လွန်းပြန်သောအခါ ခင်ခင်လေးသည် ငြီးငွေ့၍လာ၏။


သူတို့အိမ်တွင် ပြုလုပ်သော မြက်ခင်းပေါ် လက်ဖက်ရည်ပွဲနှင့် ညစာစားပွဲအကြောင်းသည် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှ၏။ မင်းကတော်တို့၏ ဝတ်ပုံစားပုံကို အသေးစိတ်မြင်တတ်သော မမလတ်မျက်စိသည် အံ့ဩစရာပင်။


“ဘယ်လိုဟာမတွေလဲ မသိပါဘူး။ ဘော်လီလက်ကြီးကလည်း ရှည်သေး၊ ပြီးတော့ အပေါ်က အင်္ကျီက ဇာနားမှာ အပေါက်တွေနဲ့၊ မင်းကတော် ခင်ခင်စိန်က အသည်းဆုံး။ သည်းမှာပေါ့၊ သူက ရေဝန်ရုံးက အတွင်းဝန်ကလေးကို ဖမ်းနေတာကလား…”


မမလတ်ပြောပုံသည် အားရပါးရရှိ၍ ပိုပက်စက်လာ၏။


“ကောင်မတွေ မျက်လုံးကိုက အိမ်က အရေးပိုင်မင်းကို ကြည့်တာတောင် ခပ်ညုညု သိလား”


အရေးပိုင်မင်းအကြောင်း စကားစလာပြန်လေသည်။ သူ၏ပါတီသို့ တက်လာသော ကတော်တို့သည် များသောအားဖြင့် မကောင်းပေ။ ဘယ်သူ့ကောင်းကြောင်းကိုမှ မမလတ်သည် မပြောပေ။


“မင်းကြီး ဦးကြာဇံသမီးအကြောင်းလည်း ကြားပြီးပြီလား။ အိမ်က မြင့်ဆီကိုတောင် မလာရဲတော့ဘူး။ မိန်းကလေးတွေကိုက ပျံတန်တန်”


ခင်ခင်လေးသည် မင်းကြီးဦးကြာဇံကိုလည်း မသိ၊ ဦးကြာဇံ၏သမီးကိုလည်း မသိ၊ ဒါလောက် သူတပါးသားသမီးအကြောင်း ခရေစေ့တွင်းကျ ပြောနေသည်ကိုလည်း ခင်ခင်လေးက စိတ်ပျက်လာ၏။ ပြီးတော့ ပြောသည့်အထဲတွင်လည်း မြင့်မှတပါး ကျန်အရာရှိသမီးများသည် အပျိုမစစ်ကြပေ။ ဖြစ်မှဖြစ်ရလေခြင်း၊ နှစ်ပါးသွားအခန်းများကို ပြောရလျှင် မမလတ်သည် ပို၍နိုင်နင်း၏။


ခင်ခင်လေးသည် နားထောင်နေရာမှ ထသွား၍ နေ့လယ်စာအတွက် ပြင်ဆင်နေသည်။ နောက်တခေါက် ဧည့်ခန်းကို ပြန်ဝင်လာချိန်တွင်မူ မမလတ်သည် မိန်းကလေးတွေ ပျံကြောင်း၊ နံ့ကြောင်းကို မပြောတော့။ သူ၏ အရေးပိုင်မင်း ကြိုက်နှစ်သက်သော ရိုးတိုက်မှ ဖန်ပြာခွက်များအကြောင်းကို ရောက်၍လာပြန်၏။


ထုံးစံအတိုင်း ‘အရေးပိုင်မင်း’ကို ပါးစပ်နှင့် တလုံးတလုံး အပြည့်ပြော၏။ မမကြီးသည် အရေးပိုင်မင်းအကြောင်းကိုတော့ နားမထောင်လိုတော့ပေ။


“မြင့်ကို ဘာလို့ကျောင်းနှုတ်လိုက်လဲ”


မမကြီးက စကားစကို ဝင်၍ဖြတ်လိုက်၏။


“သည်နှစ်ပဲ ခုနစ်တန်းအောင်လို့ နှုတ်လိုက်တယ်”


“ဆက်ထားပါလား မလတ်ရယ်”


“မဖြစ်ပါဘူး၊ မိန်းကလေးပဲ သည်လောက်တတ်ရင် တော်ပါပြီ”


ခင်ခင်လေးသည် ကော်ဖီကိုငှဲ့ပေးရင်း ငြိမ်၍နားထောင်နေ၏။ စိတ်ထဲမှာလည်း သမီးလေး ငါးနှစ်ရောက်လာ၍ ကျောင်းထားဖို့ စဉ်းစားမိ၏။ မြင့်ကမူ မိနှင့်သွား၍ ကစားနေ၏။


“ကျွန်မသမီးက တခြားလူနဲ့ တူတာမဟုတ်ဘူး။ ရုပ်ကလည်း သိပ်ချောတာ မမကြီးရဲ့။ ကျောင်းမှာထားရတာ အန္တရာယ်များတယ်။ ပြီးတော့ သူက သိပ်နုတာ၊ သူများနဲ့တူတာမဟုတ်ဘူး။ အရေးပိုင်မင်းကလည်း သူ့သမီး အရွယ်ရောက်စပြုလာတော့ စိတ်မချဘူး။ မြင့်က တခြားလူတွေလို မဟုတ်ဘူး။ ပိုးတဲ့လူတွေက သိပ်ပေါတာ”


စကားလုံးဆယ်လုံးတွင် “သမီးက တခြားလူနဲ့ တူတာမဟုတ်ဘူး”ဆိုသော စကားမှာ ခုနစ်လုံးခန့်ပါ၏။ ကြာတော့ မမကြီးသည် သူ့ညီမနှင့် စကားပြောရသည်ကို ငြီးငွေ့လာ၏။


ခင်ခင်လေးသည် ရုတ်တရက် ကရားကို လက်မှလွှတ်ချရင်း…“မြင့် အပျို ဖြစ်ပြီလား”ဟု အလန့်တကြား မေးလိုက်၏။


“ဟုတ်တယ် ဖြစ်ပြီ။ ၁၄ နှစ်ထဲ ဝင်စကတည်းက”


“အိုး…”


ခင်ခင်လေးမှာ သူ့အတွေးနှင့်သူ အံ့ဩလိုက်ခြင်းဖြစ်၏။ အမှန်တော့ မြင့်သည် သက်တမ်းအလျောက် အပျိုဖြစ်လာခြင်းမှာ အံ့ဩစရာမဟုတ်ပေ။ သို့သော် ခင်ခင်လေးအတွက်မှာမူ သူ့သမီး မရွှေမိသည်လည်း တနေ့သောအခါတွင် အပျိုဖြစ်လာဦးမှာပါကလားဟူသော အတွေးက ရင်ထဲမှာ ဝင်၍ဆောင့်လိုက်သောကြောင့် “အိုး”ဟူသော အသံထွက်လာခြင်းဖြစ်၏။


မမလတ်မှာ မမကြီးနှင့် စကားလက်ဆုံကျနေ၏။ သူ့အိမ်က ရွှေရောင်ခန်းဆီးများအကြောင်း၊ ကြာပွင့်ဖော်ကြွေအိုးများအကြောင်း၊ ရေညှိရောင်ဆိုဖာအကြောင်းများကို ရေပက်မဝင်အောင် မမလတ် ပြောနေ၏။ ခင်ခင်လေးကမူ သူပြောသမျှ ဘာမျှမကြားပေ။


မမလတ် စကားလုံးထဲတွင် မြင့်၏ လိမ္မာရေးခြားရှိပုံနှင့် တော်ပုံများကလည်း တပုံကြီး ပါလိုက်သေး၏။ မြင့်အား တိုင်းမင်းကြီး သမီးများ၊ အတွင်းဝန်၏ သမီးများက လွဲ၍ ဘယ်သူနှင့်မျှ မတွဲစေကြောင်းကိုလည်း ပါလိုက်သေး၏။


ခင်ခင်လေး ခေါင်းထဲတွင်မူ မိတယောက်ကိုပဲ တွေး၍နေပေသည်။


* * *


“မိ ကျောင်းနေရတော့မယ်”


မမကြီးသည် မိအတွက် ဂါဝန်အပြာလေးကို ချုပ်နေရင်းပြော၏။


“မိ ကျောင်းနေရတော့မယ်”


မိသည် ဒေါ်ကြီးကို ပြန်မေးလိုက်၏။ သူ့ပါးစပ်လေးသည် ကျဉ်းကျဉ်းနှင့် နှုတ်ခမ်းပါးလေးဖြစ်၏။


“ကျောင်းကို ဒေါ်ကြီးလည်းလိုက်ရမယ်”


“လိုက်မှာပေါ့။ သမီးနဲ့အတူတူ စာလိုက်သင်မှာပေါ့”


“ကျောင်းမှာ စာသင်ရမယ်လား”


မိသည် စာအကြောင်းကိုတော့ ဘာမျှမသိပေ။


သို့သော် မနက်တိုင်း မြေနီလမ်းပေါ်တွင် ဒေါ်ကြီးနှင့်တူတူလျှောက်၍ ကျောင်းသွားရသည်ကို မိက ပျော်၏။ ကျောင်းဘေးရှိ ပန်းပင်များအနီးတွင် လိပ်ပြာလေးများနှင့်အတူ ပြေးလွှားရသည်ကိုလည်း မိက နှစ်သက်၏။ မိ နေသောကျောင်းမှာ ခရစ်ယာန်ဆရာမတဦး၏ ကိုယ်ပိုင်ကျောင်းလေးဖြစ်၏။ မိကို အခြေခံရအောင် အပျော်သဘောမျိုးနှင့် ကျောင်းလေးမှာ ထားချင်၏။ ကျောင်းလေးမှာ အိမ်နှင့် မနီးမဝေး အင်းလျားကန်စောင်းမှာပင်ဖြစ်၏။


ကျောင်းမှာ လေးတန်းအထိရှိ၍ ထိုကျောင်းကထွက်မှ မြို့ထဲသို့ ပြောင်းထားရန် ခင်ခင်လေးက စီစဉ်ထားသည်။


မိ ကျောင်းဆင်းလာချိန်တွင် ခင်ခင်လေးသည် ခြံဝက အမြဲကြိုရ၏။ ယနေ့မှာမူ မိသည် သူ့ကိုဆီးဖက်ရင်း တခုခု အလိုမကျသလို ဖြစ်နေသည်။


“သမီးလေး သည်နေ့ ဘာတွေသင်ရလဲ မေမေ့ကို ပြောပြနော်”


“ပြောပြမှာပေါ့၊ မိ နာမည်ပြောင်းချင်တယ် မေမေ”


“အိုး… သမီးလေးနာမည် လှသားနဲ့ကွယ်”


“ကျောင်းမှာ တီချာခေါ်တဲ့ နာမည်လေးတွေက လှတယ် မေမေရဲ့။ အိုင်းရစ်၊ အော်လစ်ဖ်တဲ့။ ပြီးတော့ မိအနားက မိန်းကလေး ပဂ္ဂီတဲ့၊ ရိုစီလည်း ရှိတာပဲ၊ မိ နာမည်လည်း ‘မေရီနိုင်လူ’လို့ ပြောင်းချင်တယ်”


“ဟားဟား” 


ခင်ခင်လေးသည် ရယ်လိုက်၏။


“မမကြီးရေ မရွှေမိ တတ်လာလိုက်တာတွေ ကြည့်စမ်းပါဦး၊ သူ့နာမည်ကို မေရီနိုင်လူလို့ ပြောင်းချင်တယ်တဲ့”


မမကြီးသည် အင်္ကျီများကို သိမ်းရင်းမှ သူတို့အနားကို ရောက်လာ၏။


“ကျောင်းမှာက အားလုံး ခရစ်ယာန်နာမည်တွေပဲ မဟုတ်လား။ သည်တော့ သူလည်း အားကျတာပေါ့”


ခင်ခင်လေးသည် မိကို ပေါင်ပေါ် ပွေ့၍တင်လိုက်၏။ မိသည် ခင်ခင်လေး လည်ပင်းကို ဖက်ရင်း…


“ပြီးတော့ မေမေရဲ့၊ သူတို့က အမေကို မာမီတဲ့၊ အဖေကို ဒက်ဒီတဲ့၊ တီချာကလည်း ပြောတယ်၊ သည်လိုပဲ ခေါ်ရမယ်တဲ့”


ခင်ခင်လေးသည် မိ၏ နှုတ်ခမ်းပါးပါးလေးကို သူ့ပါးနှင့် ဖိလိုက်၏။


“သမီးလေးက မြန်မာ၊ သူတို့က အင်္ဂလိပ်တွေ၊ ကုလားတွေကွယ့်။ အဲသည် အော်လစ်ဖ်တို့၊ စန်သီရာတို့၊ မဂ္ဂီတို့က အင်္ဂလိပ်တို့ ဘာတို့မှ မှည့်တယ်။ သမီးက မြန်မာဆိုတော့ မြန်မာလိုပဲ မှည့်ရတယ်။ သမီးနာမည်လေးက ‘မိ’ဆိုတာ သိပ်ချစ်စရာကောင်းတာပဲ၊ ရှေးရှေးတုန်းက မင်းသမီးလေးတွေနာမည်က ချစ်လို့ခေါ်ရင် ‘မိ’လို့ ခေါ်တယ်”


မိသည် သူ့နာမည်မှာ မင်းသမီးလေးနာမည်နှင့် တူသည်ဆို၍ ကျေနပ်သွား၏။


“ပြီးတော့လည်း သမီးက မေမေတို့ကို မေမေ၊ ဖေဖေပဲ ခေါ်ရတယ်။ အင်္ဂလိပ်တွေမှ ဒက်ဒီ၊ မာမီလို့ ခေါ်တာ”


မိသည် ဘာမှမပြောတော့ဘဲ ကစားရန် ပြေးထွက်သွား၏။ ခင်ခင်လေးရင်ထဲမှာမူ အလွန်မော၍နေ၏။ သူ့ဒေါ်ကြီးကို လှမ်း၍ကြည့်ရင်း…


“မမကြီးရေ မိကို ကျောင်းထားလို့ ကောင်းပါ့မလား…”


“ဘာဖြစ်လို့လဲ ခင်ခင်လေး၊ စာအသင်အပြတော်သားပဲ”


“တော်တော့ တော်ပါရဲ့၊ ဒါပေမယ့် ကြာရင် သူတို့ဓလေ့ထုံးစံတွေ သမီးလေးကို လွှမ်းလာမှာ၊ ခုတောင် ခရစ်ယာန်နာမည်တွေကို အတော်ကြိုက်နေပြီ”


“ဒါက မိဘတွေ ပဓာနပါ ခင်ခင်လေးရယ်။ အိမ်က မိဘက အသွန်အသင်ကောင်းရင် ကလေးဟာ ကိုယ့်ဓလေ့ထုံးစံကို မမေ့ပါဘူး”


ခင်ခင်လေးသည် မမလတ်သမီး မြင့်ကို သွားသတိရ၏။


“မမလတ်သမီးကျတော့ ခုနစ်တန်းအထိပဲ ထားတယ်။ ဒါတောင် ခုထိ နေပုံထိုင်ပုံက အနောက်သိပ်ဆံတာပဲ မဟုတ်လား။ အဖေလုပ်တဲ့လူက သိပ်ချုပ်ချယ်လို့၊ နို့မို့ရင် အပြင်မှာ ဘယ်လောက်ခေတ်ဆန်လိုက်မလဲ”


“ဒါတော့ မပြောနဲ့ ခင်ခင်လေး၊ မရွှေလတ်က သမီးကို အိမ်ထဲကသာ အိမ်ပြင်မထွက်စေရတာ၊ အနောက်ဓလေ့ထုံးစံကျတော့ သူက ဘိုကတော်ထက် သဲသေးတာ၊ မြင့်အဖြစ်တောင် နည်းသေးတယ်”


“အင်းလေ တနေ့ မိရွှေခင်ခင်လေးတယောက် အသွန်အသင်မကောင်းလို့ မိတယောက် ပျက်စီးရတယ်ဆိုတာတော့ အဖြစ်မခံချင်ဘူး မမကြီး”


“ဒါတော့ ဝိုင်းဝန်းပြီး ကြိုးစားရမှာပဲ၊ တခြား မြန်မာကျောင်းတွေက သိပ်ဝေးနေတယ် မဟုတ်လား”


ခင်ခင်လေးသည် ပင့်သက်ရှူရင်း ငြိမ်ငြိမ်မထိုင်နိုင်ပေ။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်၏။ မရွှေခင်ခင်လေးနှင့်တော့ မိခင်ဘဝတွင် နဖူးတွေ့ဒူးတွေ့ တွေ့ကြလေပြီ။ မျက်နှာမြင်တုန်းက နာကျင်ရခြင်း၊ ဝေဒနာခံစားရခြင်းတို့သည် တကယ်တော့ ကြီးသောဒုက္ခမဟုတ်ပေ။ ပင်ကိုယ်ကျန်းမာလျှင် ကလေးမွေးရခြင်းသည် ထမင်းစားရေသောက်လို လွယ်ကူလှ၏။ ဆေးလည်းကုနိုင်၏။


ကလေးတယောက် ဝမ်းကကျွတ်ချိန်မှစ၍ အရွယ်ရောက်သည်အထိ သားကောင်းသမီးကောင်းတယောက်ဖြစ်အောင် မွေးမြူရခြင်းကား မွေးဖွားရခြင်း၏ အဆတထောင်မက ခက်ပါကလား…။


“မေမေက ခင်ခင်လေးကို အဲဒါတွေ သင်ခဲ့ဖို့ကောင်းတယ်”


ခင်ခင်လေးက မမကြီးကို လှမ်းပြောပြန်၏။


“ဘာကိုသင်ခဲ့ရမှာလဲ ခင်ခင်လေး”


"ဪ… ကလေးတယောက် ဘယ်လိုအုပ်ထိန်းရမယ်၊ ဘယ်လိုသွန်သင်ရမယ်။ သားကောင်းအမိအဖြစ်ကိုရော၊ အမိကောင်းသားသမီးအဖြစ်ကိုရော ဘယ်လိုဖြစ်အောင် လုပ်ရမယ်ဆိုတာ သင်ခဲ့ဖို့ ကောင်းပါတယ်”


“သင်ခဲ့ပါတယ် ခင်ခင်လေးရယ်၊ သင်ခဲ့လို့ပဲ သူ့သမီးတွေဟာလည်း ဘေးမသီ ရန်မခဘဲ ခုချိန်ထိ ကြီးပြင်းလာခဲ့ကြတာပေါ့”


“အင်း… ဟုတ်မှာပါပဲလေ”


ခင်ခင်လေးသည် ဝန်ခံမိပြန်၏။ ကို ပြန်လာချိန်တွင်လည်း ခင်ခင်လေးသည် မိ၏ အပြောင်းအလဲများကို ပြောပြမိပြန်၏။


မိကလည်း ပြောင်းလဲသည်မှ အတော်ကို ပြောင်းလဲ၏။ ခြောက်နှစ်ရွယ်လေး ရေချိုးနေစဉ်တောင်မှ မရွှေစာသည် ဆိုနေကျမြန်မာသီချင်းကို မဆို၊ အင်္ဂလိပ်သီချင်းကိုမှ ငြီးတတ်သည်။


ကိုအောင်မြင့်က ကလေးအတွက် မိဘသာ ပဓာနဟု ဆိုထားသဖြင့်သာ ခင်ခင်လေးသည် သူ့ဆန္ဒကို လက်လျှော့လိုက်ရ၏။


မိ လေးတန်းအောင်၍ ကျောင်းပြောင်းရချိန်တွင်လည်း ခင်ခင်လေးသည် စိတ်မချလှပေ။ ကုက္ကိုင်းအိမ်မှာ ကျောင်းသွားကျောင်းပြန် ဝေး၏။ ကားမှာလည်း ကိုအောင်မြင့် အလုပ်က အချိန်မမှန်၍ မိအတွက် အမြဲတမ်း မစီစဉ်နိုင်ပေ။ ထို့ကြောင့် မြို့ထဲရှိ အင်္ဂလိပ်မယ်သီလရင်ကျောင်းသို့ မိအား ကျောင်းအိပ်ကျောင်းစား ပို့လိုက်ရ၏။ မိသည် အင်္ဂလိပ်စကားကို သွက်သွက်ပြော၏။ တခုတော့ စိတ်ချမ်းသာရသည်။ အိမ်တွင် ဘုရားမှန်မှန်ရှိခိုးပြီးမှ အိပ်၏။ ခင်ခင်လေးသည် မင်္ဂလသုတ်ကိုရအောင် သမီးလေးအား နှုတ်တက်သင်ပေးရ၏။


* * *


“ဟယ်လို မာမီ”


ဘုရား… ဘုရား။ ခင်ခင်လေးသည် တယ်လီဖုန်း ကိုင်ရင်း လက်ဖျား တုန်သွား၏။


“သမီးလေးလား”


“ရက်စ် မာမီ၊ သည်နေ့ညနေ အိမ်ပြန်ချင်လို့ ဒက်ဒီကို အခေါ်လွှတ်ပါ။ ညကျရင်လည်း ပစ်ချာပြရမယ်”


“အေးအေး အခေါ်လွှတ်လိုက်မယ် သမီး”


“ချဲရီယို မာမီ”


ခင်ခင်လေးသည် စကားပြောခွက်ကို ရုတ်တရက် မချနိုင်သေးဘဲ ကြောင်၍ နေမိ၏။ တဖက်မှ အင်္ဂလိပ်လို သွက်လက်စွာ နှုတ်ဆက်သွားသော သမီးလေးအသံမှာ နားထဲက မထွက်ပေ။ ဖြေးဆေးစွာ ချလိုက်ရင်း ကိုအောင်မြင့် စာဖတ်နေရာသို့ လျှောက်လာ၏။ ယနေ့မှာ စနေနေ့ဖြစ်၍ မိက တယ်လီဖုန်းဆက်ခေါ်ခြင်း ဖြစ်ပေသည်။


“ကိုရေ”


“ဟင်”


“သမီးလေးဆီက ဖုန်းဆက်တယ်။ သမီးက ခင်ခင်လေးတို့ကို မာမီ၊ ဒက်ဒီဆိုပါလား။ အိမ်တုန်းက သင်ထားတာတွေ သူမေ့ကုန်ပြီ ထင်ပါရဲ့”


“ကျောင်းမှာက တခြားသူတွေ ပြောနေတာကိုး။ သည်လိုကျောင်းတွေမှာ ထားရင် သည်လိုပဲ ဖြစ်မှာပဲ ခင်ခင်လေးရယ်”


“မြန်မာကျောင်းကောင်းကောင်း စဉ်းစားစမ်းပါ ကိုရယ်၊ တကယ်လို့များ သမီးလေးဟာ သူတို့အလေ့အထတွေ သိပ်ဝင်ပြီး အနောက်သိပ်ဆန်သွားမှဖြင့် ခင်ခင်လေးရည်ရွယ်ချက်တွေဟာ အလကားဖြစ်တော့မှာပဲ”


ခင်လေးသည် ထိတ်လန့်တုန်လှုပ်သလို ဖြစ်နေ၏။ ကိုအောင်မြင့်သည်လည်း ဖတ်လက်စစာအုပ်ကို ဘေးသို့ ချလိုက်၏။


“ခု သမီးက ဘာလုပ်မလို့ ဖုန်းဆက်တာလဲ”


“ညနေကျရင် ရုပ်ရှင်ကြည့်ချင်လို့ လာခေါ်ပါတဲ့”


“သွားခေါ်တာပေါ့၊ သိပ်စိတ်ပူမနေပါနဲ့ ခင်လေးရယ်။ ကျောင်းပိတ်တဲ့အချိန်တွေကျတော့ သူ့ကို ပြုပြင်ရတာပေါ့။ ပြီးတော့ မိက ငယ်ပါသေးတယ်”


“အဲသည် ငယ်ငယ်လေးမို့လို့ ပိုပြီးစိုးရိမ်တာပေါ့။ သည်အရွယ်မှာမှ ပုံမသွင်းရင် ဘယ်အရွယ်မှာ သွားပြီး ပုံသွင်းလို့ရမလဲ။ စိတ်ထဲမှာ အလွန်စိုးရိမ်နေတာကတော့ မိဘ ဘိုးဘွားအစဉ်အဆက်ရဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုတွေကို ကလေးဟာ အထင်သေးသွားမှာစိုးတယ်”


မိဘဖြစ်သူနှစ်ဦးသည် အတွေးကိုယ်စီနှင့် ငြိမ်သက်၍နေကြပြန်သည်။ ညနေမှ မိပြန်ရောက်ချိန်တွင်မူ တအိမ်လုံးသည် ချူတစ်ရာလောက် တစ်ပြိုင်နက် လှုပ်ဆွဲလိုက်သလို ဆူဆူညံညံနှင့် အသက်ဝင်လာ၏။ မမကြီးမှာလည်း မိအတွက် ဟင်းများကို အထူးချက်ပြုတ်နေပြန်၏။ မိသည် ဝက်သားသွတ်ထားသော အာလူးကတ်တလိတ်ကို အထူးကြိုက်၏။


ခင်ခင်လေးသည် မီးဖိုချောင်ကို ဝင်ကြည့်မိ၏။


“ဒါလောက်ငယ်တဲ့ ကလေးလေးအတွက် အထူးသီးသန့် ချက်ပြုတ်နေရတာကတော့ နည်းနည်းချဲ့လွန်းတယ် ထင်ပါရဲ့”


သူသည် စိတ်ထဲမှ ရေရွတ်မိ၏။ အိမ်ရှေ့ဘက်ပြန်ထွက်ချိန်တွင်မူ ရေချိုးခန်းမှ မိ သီချင်းသံသည် တအိမ်လုံးကို လွှမ်းနေ၏။


မိသည် ဆွဲ၍ဆွဲ၍ ဆို၏။ ခင်ခင်လေးသည် ဧည့်ခန်းထဲမှ ဆိုဖာတွေကို တခုစီ စေ့သွားမတတ် ပြောင်း၍ပြောင်း၍ ထိုင်၏။ သီချင်းသံ တိတ်သွားပြန်၏။ ခင်ခင်လေးသည် သူ့အတွေးနှင့်သူ နစ်နေ၏။ သူ့အနားတွင် စူးရှသင်းပျံ့သော ပေါင်ဒါနံ့သည် မွှေးလာမှ သူသည် ပတ်ဝန်းကျင်ကို သတိရလာ၏။ သူ့ဘေးတွင် မိသည် လှပစွာ ဝတ်စား၍ ရပ်နေ၏။ မျက်နှာသည် ဖွေးနုကာ ပါးစုံနှစ်ဖက်သည် မို့မို့ဖောင်းဖောင်းကလေး ဖြစ်နေ၏။ ဆံပင်ကိုမူ ကျစ်ဆံမြီးကျစ်၍ အရှည်လိုက်ချထား၏။


“မာမီ ရေချိုးခန်းထဲမှာ ကြွေရေသုတ်တဲ့ ဘေစင်ထားပါ။ ဒါမှ ရေချိုးလို့ကောင်းတယ်။ အိုင်လေ အတန်းထဲမှာ ဖတ်စ်ရတယ် သိလား။ အိမ်နေရင်း ဝတ်ဖို့ ဂါဝန်လှလှလေးတွေလည်း ချုပ်ပေးပါဦး မာမီရယ်။ ပြီးတော့ သနပ်ခါးက သိပ်ညစ်ပတ်တာပဲ၊ အိုင် မကြိုက်ဘူး။ ပေါင်ဒါများများ ဝယ်ပေးပါ”


ခင်ခင်လေးသည် ပါးစပ်အဟောင်းသားနှင့် ငေးနေ၏။


“အိမ်ပြန်ရောက်ရင် ခုလိုပဲ ထဘီနဲ့ အင်္ကျီပဲ ဝတ်ရမယ်။ စကားပြောရင် ‘မိ’လို့ပြောပါ သမီးရယ်။ အိုင်လေ အိုင်လေနဲ့ မလုပ်စမ်းပါနဲ့၊ အင်္ဂလိပ်စကားပြောရတဲ့အခါကျတော့ အင်္ဂလိပ်လိုကြီး ပြောပေါ့”


မိသည် နှုတ်ခမ်းလေးကို စုံ့စုံ့လေး စူလိုက်၏။ နောက်ဖေးချောင်သို့ လှည့်ဝင်သွားရင်း ဒေါ်ကြီးကို ပြေး၍ ဖက်လိုက်၏။


“မာမီဟာ သိပ်ဆူတတ်တာပဲနော်”


ဒေါ်ကြီးကမူ ပြုံးမြဲပြုံးနေ၏။ ညစာထမင်းဝိုင်းတွင် မိသည် စကားကို သတိထားပြောနေရ၏။ ခင်ခင်လေးကလည်း သူ့ကိုယ်သူ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလို ဟန်ပန်နှင့် နေ၏။ ကိုကမူ သည်သားအမိ ဘာဖြစ်နေပါလိမ့်ဟူ၍ နားမလည်သလို ကြည့်နေ၏။


မိသည် ပန်းကန်ထဲမှ အာလူးကတ်တလိတ်ကို ကျင်လည်စွာ ဓားနှင့်လှီးဖြတ်ရင်း စားသောက်နေ၏။


“ဒက်ဒီကို ပြောရဦးမယ်”


မိသည် ဒက်ဒီဘက်လှည့်ရင်း…


“မိ ဆံပင်ကောက်ချင်တယ်”


ကိုသည် ပြုံး၍ ခင်ခင်လေးကို လှည့်ကြည့်၏။ ခင်ခင်လေးသည် စူးရှသော မျက်လုံးများနှင့် မိကို လှမ်းကြည့်၏။ ကို့စိတ်ထဲတွင်မူ ခင်ခင်လေးသည် ၁၁ နှစ်သာသာ ရှိသေးသော ကလေးတယောက်ကို သည်လိုမကြည့်သင့်သေးဟူ၍ ထင်၏။


“သမီးရဲ့ဆံပင်လေးတွေဟာ နွယ်ပြီးတော့ ပျော့ကျနေတာ ဘယ်လောက်လှလဲ၊ ပြီးတော့  နက်ပြီးချောနေတာပဲ”


“ဟင် နက်တာ လှတယ်၊ နီနီကောက်ကောက်မှ လှတာ မာမီရဲ့၊ ကျောင်းမှာ အားလုံးလိုလို ကောက်တာပဲ”


ခင်ခင်လေးသည် ပင့်သက်ရှူမိ၏။ အလှအပတွင်တောင်မှ သူ့သမီးလေးသည် အနောက်၏အလှကို ပို၍ အရေးပေးနေပါပကော။


ညပွဲရုပ်ရှင်ကြည့်နေရပေမယ့် ခင်ခင်လေးစိတ်များသည် စိုးရိမ်သောကများသာ လွှမ်းနေ၏။ ညဥ့်အိပ်ချိန်တွင် ခင်ခင်လေးသည် မမကြီးအိပ်ခန်းသို့ ရောက်သွား၏။ အိပ်ခန်းထဲတွင် မိသည် အဝတ်လဲရင်း ဒေါ်ကြီးနှင့်စကားပြောနေ၏။


“မာမီက ကပ်စေးနည်းလိုက်တာလွန်ရော၊ အိမ်နေရင်းဝတ်ဖို့ ဂါဝန်လှလှလေးတွေ ချုပ်မပေးဘူးတဲ့”


“သမီးက ကြီးလာလို့ ချုပ်မပေးတာပါ။ အပိုတွေ ချုပ်တော့ ခင်ခင်လေးတို့မှာ ပိုက်ဆံကုန်တာပေါ့”


ဒေါ်ကြီးသည် မိအဝတ်များကို သိမ်းဆည်းရင်း တူမကို လှမ်းပြော၏။


“ပိုက်ဆံက မပူရပါဘူး။ ဘုရားသခင်က အားလုံးကို ဖန်ဆင်းတာပဲ၊ ပိုက်ဆံမရှိလည်း ဘုရားသခင်က ပေးမှာပေါ့”


“ဘုရားရေ”


ဒေါ်ကြီးသည် ပါးစပ်​ဟောင်း​လောင်း ဖြစ်သွား၏။


“မရွှေမိ ရှင့်မေမေရှေ့မှာ သည်စကားတွေ မပြောနဲ့၊ တခါတည်း ကျောင်းက ထွက်ရလိမ့်မယ်”


ခင်ခင်လေးသည် အခန်းထဲမှာ ပြောနေသံတွေကို အကုန်ကြား၏။ တံခါးဝတွင် ရပ်နေသောအခါမှာမူ မိသည် ငြိမ်၍ တိတ်နေ၏။


“မိ ဘုရားရှိခိုးနော်”


မိသည် ခင်ခင်လေးကို တချက်လှမ်းကြည့်၍ ဘုရားရှိခိုးရန် ခုတင်ပေါ်တွင် ကျုံ့ကျုံ့ထိုင်၏။ သမီးဖြစ်သူ ဘုရားရှိခိုးများကို အစီအစဉ် ကျကျနန ရွတ်နေသည်ကို မြင်ရ၍ ခင်ခင်လေးရင်ထဲမှာ အေးသွား၏။


“မမကြီး အိပ်ခါနီးရင် သူ့ကို ပုံပြောလိုက်ပါ မမကြီးရယ်။ ပုံတွေက မြန်မာရာဇဝင်ထဲကနဲ့ ဘုရားဟောပုံတွေ များများ ပြောပါ”


ခင်ခင်လေးသည် သမီးလေးကို တစ်ချက်လှမ်းကြည့်၍ အသာထွက်သွား၏။ မမကြီးကမူ ခင်ခင်လေးသည် မိကို တိုက်ရိုက်မဆက်ဆံခြင်းအတွက် အံ့ဩ၍နေ၏။ မိသည် ဘုရားရှိခိုးအပြီးတွင် ဒေါ်ကြီးရင်ခွင်ထဲသို့ ဝင်၍ခွေ၏။


“မာမီ ထွက်သွားပလား။ ဂွတ်နိုက် (GOOD NIGHT)တောင် နှုတ်မဆက်ရသေးဘူး”


မမကြီးက ရယ်ချင်၏။ မအေက မြန်မာဆံချင်လိုက်သည့်ဖြစ်ခြင်း၊ သမီးကလည်း မြန်မာပြည်မှာ မွေးပေ၍ တော်ပေသေး၏။ မိကို အသာဖက်လိုက်ပြန်သည်။


“ညဉ့်အိပ်ခါနီးမှာ ဖေဖေတို့ မေမေတို့ကို ကန်တော့ရင် ပြီးတာပဲ။ ဂွတ်နိုက်တွေ ဘာတွေ မလုပ်ရပါဘူး။ အင်္ဂလိပ်တွေမှ လုပ်ရတယ်”


“ကျောင်းမှာဆို လုပ်ရတယ်ဒေါ်ကြီးရဲ့။ မိတို့က GOOD NIGHT လို့ဆိုရင် အခန်းစောင့်တီချာက SWEET DREAM လို့ ပြန်ပြောတယ် သိလား”


“အေး ကျောင်းကဟာတွေ မေ့ပစ်၊ ဒေါ်ကြီး ပုံပြောပြမယ်”


မိသည် ဒေါ်ကြီး၏ပုံများထဲ ဇာတ်လိုက်များ သူ့စိတ်ထဲတွင် မြင်ချင်သလို မြင်နေ၏။ ကျန်စစ်သားသည် KNIGHT တို့ကဲ့သို့ ဝတ်ရုံကြီးကို ဝတ်ထား၏။ အင်္ဂလိပ်ဓားရှည်ကို ခါးတွင်ချိတ်ထား၏။ သံခမောက်ပေါ်တွင် ငှက်မွှေးတောင်ကြီးမှာ လှပစွာ ထောင်၍ ကြွားကြွားရားရား ရှိလှ၏။ ဖြစ်မှဖြစ်ရလေခြင်း၊ ဒေါ်ရွှေခင်ခင်လေးသာ သိပါက သူ့သမီးလေး၏စိတ်ကူးအတွက် ရင်ကျိုးရရှာဦးမည်။


တခါတရံ သူခိုးကြီး ငတက်ပြားသည် လည်းကောင်း၊ တကောင်းခေတ်နှောင်းပိုင်း၏ ဝက်ကြီးကို လိုက်သော ခေပဒူပသည်လည်းကောင်း၊ ရော်ဘင်ဟုကဲ့သို့ လေးမြားများကို စွဲကိုင်၍ ဘောင်းဘီကို ဝတ်ထားလိုက်၏။ မိ စိတ်ကူးထဲတွင် ထိုအတိုင်းသာ မြင်နိုင်ပေမည်။ မိ၏ပတ်ဝန်းကျင်သည် ‘ရော်ဘင်ဟု’ ရဲတိုက်ကြီးများ၊ မြို့စားကြီးများနှင့် တခါတရံ ဝံပုလွေများသာ ပါဝင်နိုင်လေသည်။ သူသည် မြန်မာပြည်ရှိ ရွှေရောင်တောက်သော စပါးပင်များ၊ စိမ်းလန်းသော သစ်တောများအကြောင်းထက် ‘ရှားဝု’သစ်တောနှင့် ဂျုံစိုက်ခင်းများ၊ ထင်းရှူးပင်များ၊ နှင်းဖွေးသော တောင်ကုန်းတောင်တန်းများအကြောင်းကို သူ့ဆရာမထံမှ ပိုမို၍ သိရပေသည်။


ခင်ခင်လေးသည် သမီးလေး မမွေးဖွားခင်ကမူ ဖတ်လိုက်ရသောစာအုပ်များမှာ တစ်ပုံကြီးဖြစ်၏။ သမီးလေးကို ပြောပြရန်အတွက် ပုံပြင်လေးများကိုလည်း ရွေးချယ်ရသည်မှာလည်း အမောပင်။ စာအုပ်ကြီးများကလည်း ဆို၏။ ကလေးစိတ်ဓာတ်ပြုပြင်ရေးအတွက် ဘယ်လိုပြောရမည်။ သို့သော် တကယ်မွေးလာသောအခါ စာအုပ်ကြီးများအတိုင်း ခင်ခင်လေးသည် လုပ်၍မရပေ။


ပုံပြင်များကိုလည်း မြန်မာဆန်ချင်သည်။ များသောအားဖြင့် စပါးပင်များအကြောင်း၊ ရွာခွေးနှင့် နွားကျောင်းသားလေးအကြောင်း၊ နတ်သမီးလေးနှင့် မှန်စီနန်းတော်များအကြောင်း ပုံလေးများကိုလည်း ပြောချင်၏။ ပူနွေးသော နေခြည်ဖြင့် တဖျပ်ဖျပ်တောက်ပနေသော ဧရာဝတီမြစ်ရေပြင်အကြောင်းကိုလည်း ပြောပြဦးမှဖြစ်မည်။


သူ့သမီးလေးသည် နှင်းခဲများမကျသော မြန်မာပြည်ရာသီဥတုအတွက် စိတ်မချမ်းမသာ ဖြစ်နေသည်ကို သူမသိပေ။


အမှန်တော့လည်း ခင်ခင်လေးသည် စိတ်သာကူးနေသည်။ သမီးလေးအား ဘာပုံပြင်မှ ကိုယ်တိုင်ပြော၍မပြပေ။


ခင်ခင်လေးသည် လာမည့်ဆောင်းတွင်းမှာ မိ ဝတ်ရန်အတွက် ဆွယ်တာလက်တိုကို ထိုးနေသည်။ သိုးမွှေးချည်များသည် ရှည်လျားသွယ်ဖွဲ့၍ တတန်းပြီး တတန်း တက်၍လာ၏။ မကြာမီ လှပသော အင်္ကျီလေးတထည် ဖြစ်လာတော့မည်။ မမွေးခင်ကလည်း သည်နေရာတွင်ပင် ထိုင်၍ မမွေးဖွားသေးသော ကလေးအတွက် ရည်စူးကာ သိုးမွှေးဆွယ်တာလေးကို ချုပ်လုပ်ခဲ့ရ၏။ မွေးပြီးပြန်တော့လည်း မိအတွက် ပိုးစလေးများကို ချုပ်လုပ်ခဲ့ရ၏။ ကြီးထွားခြင်းမြန်သလောက် အရွယ်အပြောင်းအလဲ မြန်သော သမီးလေးအတွက် သိုးမွှေးဆွယ်တာကို လေးကြိမ်တိတိ ပြင်၍ ထိုးခဲ့ပြီးလေပြီ။


သိုးမွှေးချည်မျှင်တို့ကြားတွင် သူသည် မေမေ့မျက်နှာကို မြင်၍လာသည်။ မေမေတယောက်လည်းပဲ သမီးသုံးယောက်အတွက် ချုပ်ရင်း၊ လုပ်ရင်း၊ ပြင်ရင်း၊ ဆင်ရင်း၊ ပြုစုစောင့်ရှောက်ရင်းနှင့်ပင် မိခင်ဘဝကို ဖြတ်သန်းကျော်နင်း၍ သွားခဲ့၏။


ခင်ခင်လေးသည် သူကိုယ်တိုင် မိခင်ဖြစ်လာတော့မှ မိခင်ဖြတ်သန်းကျော်နင်းလာခဲ့သော ‘မိခင်ဘဝ’ကို သတိထားမိ၏။ သမီးသုံးယောက်ကို ဤဘဝတွင် တည့်မတ်စွာ ထိန်းကျောင်းလာနိုင်သော မေမေ၏ ဘဝစွန့်စားခန်းသည် မသေးလှပါလား။ မေမေသည် သူတို့ကို သိမ်မွေ့စွာ ထိန်းသိမ်းလာနိုင်သလို သူသည် သမီးလေး မိအား ထိန်းသိမ်းတတ်ပါမည်လော။


ရင်ထဲမှာ အနည်းငယ် တုန်လှုပ်သွား၏။


သူ့လက်ထဲမှ ထိုးလက်စသိုးမွှေးအင်္ကျီကို အောက်သို့ ချထားလိုက်၏။ ခြံထဲမှ ဖြတ်သန်းတိုက်ခတ်လာသော လေသည် ဆောင်းဟန် ပါနေသည်။ မိကို ကိုယ်ဝန်မရှိခင်က စိုက်ခဲ့သော ကရမက်ပင်လေးသည်လည်း ယခုတွင် အဖူးများ ပြည့်နှက်၍နေ၏။ နှင်းတပြိုက် ကျလိုက်လျှင် အစွမ်းကုန် ပွင့်ကြပေဦးမည်။


သမီးလေးသည် မကြာခင် အစွမ်းကုန်လှပ၍ ဖူးပွင့်ပေဦးမည်။ ကရမက်ပန်းသည် လှပသလိုပင် ရနံ့လည်း သင်းပျံ့၏။


သမီးလေးသည် လှပသလိုပင် ဂုဏ်သတင်းလည်း ကျော်စောပါစေ၊ ဣနြေ္ဒကို ထိန်းသိမ်းနိုင်ပါစေ။


ရနံ့မဲ့သောပန်းသည် အဖိုးမထိုက်သလို သူ့သမီးလေးသည် လှ၍ ရနံ့သာ မရှိပါက ....။


ခင်ခင်လေးသည် ဆက်မတွေးတော့ဘဲ ထိုင်ရာမှ ထသွားမိ၏။


ညနေထမင်းဝိုင်းတွင်မူ သူသည် ကိုအောင်မြင့်နှင့် မမကြီးကို ပြောပြမိ၏။


“သည်ကျောင်းတွေက ကောင်းတာတွေလည်း ကောင်းတာပါပဲ၊ ဒါပေမယ့် လူကြီးမိဘတွေကို ကျိုးနွံနာခံဖို့ သင်တဲ့နေရာကျတော့ မြန်မာကျောင်းတွေက ကောင်းလိမ့်မယ်ထင်တယ် ကိုရယ်။ ပြီးတော့လည်း မိဟာ အခု ရှစ်တန်းပေမယ့် မြန်မာစာရဲ့ နက်နဲတာတွေကို မသိသေးဘူး”


မမကြီးသည် ကိုအောင်မြင့်ကို လှမ်းကြည့်၏။ ကိုသည် ငြိမ်၍ပင်နေ၏။


“မိဟာ သိပ်ဆိုးပုံတော့မရပါဘူး။ ကျောင်းထွက်ရင်တော့ အသားကျပါလိမ့်မယ် ထင်တယ်”


မမကြီးသည် သူ့တူမလေး မိကို ဆွဲ၍တွေး၏။


“အဲဒါတွေ ခက်တာပေါ့။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကလေးအပေါ်မှာ အထင်ကြီးတတ်ကြတယ်။ ငါ့သမီးလေးဟာ သူများနဲ့မတူဘူး။ ငါ့သမီးဟာ သူများလိုမဟုတ်ဘူးဆိုတဲ့ ထင်တလုံးဟာ မိခင်တိုင်းလိုမှာ ရှိတတ်တာပဲ။ ပြီးတော့ မမကြီးရေ၊ မမလတ်ရဲ့ သမီးမြင့် အင်္ဂလိပ်လိုပြောရင် နားထဲမှာ ကလောတယ်။ ခုံမြင့်စီးရင် အမြင်ကပ်ပေမယ့် ကိုယ့်သမီးလေး အင်္ဂလိပ်သီချင်းဆိုတဲ့အခါကျတော့ စိတ်ထဲမှာ သာယာသလိုပဲ၊ ကိုယ့်သမီးလေး ဘိုဆန်ဆန်ဝတ်ပုံနေပုံကိုလည်း လှသလို သဘောကျသလိုလို ဖြစ်တတ်တယ်”


“အေးကွယ့် ဒါလဲ သတိထားသင့်တာပဲ”


ကိုသည် နောက်ဆုံးမှ “အေးကွယ့်” တလုံးကို ဝင်ပြော၏။


ခင်ခင်လေးသည် ရှေ့နှစ်တွင် မိကို မြို့မကျောင်းတွင် ပြောင်းထားရန် စီစဉ်သော်လည်း သူ့အကြံမှာ မဖြစ်မြောက်ပေ။ ထိုနှစ်ဆောင်းဦးတွင်ပင် စစ်သည် နှင်းမှုန်များနှင့်အတူ ဝင်ရောက်ခဲ့၍ မိ၏စာသင်ကြားခြင်းမှာ ရပ်ဆိုင်းသွားခဲ့ရသည်။


ကိုအောင်မြင့် စာကြည့်ခန်းသည် မိ၏စာကြည့်ခန်းအဖြစ်သို့ ပြောင်းလဲသွားပေပြီ။ မိသည် နူးညံ့ပျော့ပျောင်းသူ မဟုတ်ပါလား။ ကဗျာလေးများနှင့်အတူ နေရသည်ကို နှစ်သိမ့်၏။ ပန်းပွင့်လေးများတိုင်းပြည်တွင် လိပ်ပြာငယ်များ၊ ငှက်ငယ်များနှင့်အတူ ပျံသန်းသွားလာရင်း တေးဆိုရသည်မှာလည်း သာမောဖွယ်ကောင်းလေစွ။


အင်္ဂလိပ်ကဗျာဆရာတို့၏ ကဗျာလင်္ကာများသည် မိ မှေးစက်ရာ ပန်းမွေ့ရာတို့ပင် ဖြစ်၏။


“ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်၊ သမီးလေးရဲ့ အပြောင်းအလွဲအရွယ်မှာ စာအုပ်နဲ့ ပျော်တာကိုပဲ တို့က ကျေးဇူးတင်ရမယ်” ဟု ကိုက ခင်ခင်လေးကို ပြော၏။


မိသည် တခါတရံ သစ်ရွက်ဝါလေးဖြစ်၏။ ကဗျာဆရာတင်နီဆင် (TANNYSON)၏ ချောင်းလေးပေါ်တွင် ရွှေရွက်တိုင်ကိုလွှင့်၍ လှေလေးသည် ရေစုံမျှောခဲ့သလို သစ်ရွက်ဝါလေးသည် ငွေလှိုင်းတို့ရင်ခွင်ထက်တွင် လူးလာစုန်ဆန်မျောခဲ့၏။


ပီ၊ ဘီ၊ ရှယ်လီ (P.B.SHELLY)၏ ငှက်တေးသံတွင်လည်း သူသည် မိန်းမောခဲ့၏။


လူ့ဘဝအကြောင်းကိုလည်း ကဗျာဆရာကြီး ဘေကွန်ထံမှ လေ့လာခဲ့ရ၏။ တကယ်ဆိုတော့ မိသည် အနောက်တိုင်းကဗျာတို့ကိုသာ အရသာခံတတ်တော့၏။ တအိမ်သားလုံးတွင်မူ ခင်ခင်လေးမှလွဲ၍ ဘယ်သူကမျှ မိ၏စိတ်ကို တိကျစွာ မလေ့လာတတ်ကြပေ။


မိုးဦးတစ်နံနက်တွင် သူတို့တစ်အိမ်လုံးသည် စိတ်မကောင်းကြပေ။ မနက်လေးနာရီလောက်က မမလတ်၏ခင်ပွန်း အရေးပိုင်မင်း ရုတ်တရက် လေဖြတ်၍ ဆုံးကြောင်း တယ်လီဖုန်းမှ သိရ၏။ မမလတ်အိမ်သို့ အားလုံးသွားရန် ပြင်ဆင်နေကြ၏။


မိသည် ကော်ဖီသောက်ရင်း ဦးကြီးအတွက် စိတ်မကောင်းပေ။ မနေ့ညနေကပင် ဦးကြီးသည် ကားနှင့် မိတို့ထံသို့ ရောက်လာသေး၏။ မိ ခူးနေသော စပယ်ပန်းများကိုပင် တောင်းသွားသေး၏။ မိသည် ပင့်သက်ရှူရင်း ဘဝအကြောင်းကို စမ်း၍ တွေးကြည့်၏။ ပြီးတော့ ကြောက်လာ၏။


ခင်ခင်လေးအနားသို့ ကပ်ရပ်ရင်း ကတုန်ကယင်နှင့် ပြော၏။


“မနေ့ညနေကပဲ ဦးကြီး မိကို လာတွေ့သေးတယ်နော်”


“အေးကွယ် သနားစရာ သမီးရယ်၊ သေခြင်းတရားဆိုတာ သည်လိုပဲ မြန်တာပဲ”


“ဟုတ်တယ်၊ ဒါကြောင့် ဘေကွန်ကပြောတာ ဘဝဆိုတာ ရေပွက်လိုပဲတဲ့”


“ဘာ…”


ခင်ခင်လေး အဓိပ္ပာယ်နှင့် ပြန်မေးသည်ကို မိက နားမလည်ပေ။ မိသည် ဘေကွန်၏ ကဗျာလေးကို တိုးတိုး ရေရွတ်နေ၏။ ခင်ခင်လေးသည် ကမန်းကတန်း ကို့ထံသို့ ပြေးသွားပြန်၏။


“ကိုရေ သမီးတော့ တရားလွန်နေပြီ”


“ဘာဖြစ်လာပြန်လဲ မရွှေခင်ခင်လေး”


ခင်ခင်လေးသည် မိပြောပုံကို ပြန်ပြော၏။


“သမီးရဲ့အဖြစ်က အင်္ဂလိပ်ကဗျာတွေသာ နှစ်သိမ့်နေပြီ သိလား၊ ဘေကွန်တို့မပေါ်ခင် တခေတ်ကတည်းက အနန္တသူရိယအမတ်က စည်းစိမ်ချမ်းသာတွေနဲ့ ပြည့်နေတဲ့ဘဝဟာ ရေပွက်ပမာလောက်ပဲ၊ တခဏလေးပဲ သက်တမ်းရှိတယ်လို့ ပြောခဲ့တာတွေ ဘာတွေ သူသိမှာ မဟုတ်ဘူးထင်တယ်ကို”


“အဲသည်လိုဆိုရင် ခင်ခင်လေးက ပြောပါလား၊ ဘေကွန်လိုပဲ မြန်မာကဗျာဆရာကြီးတဦးဟာ ဘဝအကြောင်းကို ဘယ်လိုပြောခဲ့တယ်ဆိုတာ”


ဟုတ်သည်။ ခင်ခင်လေးသည် မိကို ရင်ဆိုင်ပြန်ပြောခဲ့ဖို့ကောင်း၏။ ဘာဖြစ်၍များ သူသည် သမီးလေးကို ဒိုးဒိုးဒေါက်ဒေါက်နှင့် ပြန်၍ မမေးခဲ့ပါလိမ့်။ ခင်ခင်လေးသည် မိအတွက် မြန်မာကဗျာနှင့် ပျို့အလင်္ကာများကို ရှာဖွေပေးဖို့ ဆုံးဖြတ်မိပြန်၏။


အရေးပိုင်မင်း၏ဈာပန ပြီးဆုံးပြီးနောက် မမလတ်အခြေအနေမှာ အပြောင်းအလဲများစွာ မရှိလှပေ။ သူ့တွင် ငွေကြေးရော၊ လက်ဝတ်လက်စားများပါ အမြောက်အမြား ကျန်ရှိသေး၏။ အရေးပိုင်မင်းမသေခင် ဝယ်ယူထားသော ပတ်လမ်းအိမ်တွင် နေကြ၏။


ယခင်ကလို ခပ်တန်းတန်းမနေဘဲ ခင်ခင်လေးတို့အိမ်သို့ ခဏခဏလာ၏။ မြင့်မှာမူ အပျိုကြီးတစ်ယောက်လိုပင် ထွားကျိုင်းလာ၏။ မမလတ် အပြင်ထွက်သလို မြင့် မထွက်ရပေ။ အိမ်မှာပင် သူ့မိတ်ဆွေများနှင့် တွေ့ဆုံ၏။


“မိန်းကလေးဆိုတာ ဒါလောက်ထိန်းသိမ်းထားနိုင်မှ တော်တယ် မမကြီးရဲ့”


မမလတ်သည် သူ့သမီးအုပ်ချုပ်ရေးကို တင်ပြ၏။ သူ့စိတ်ထဲတွင်လည်း အိမ်ထဲမှ အိမ်ပြင်မထွက်ရအောင် ထားခြင်းသည် သမီး၏လုံခြုံရေးဟူ၍ ထင်၏။


“ငါတော့ ဒါလောက်ချုပ်ချယ်တာကိုလည်း တော်မယ်မထင်ဘူး။ ညည်းတို့ ညီအစ်မနှစ်ယောက် ကလေးမွေးတာမြင်ရတာနဲ့ ငါတော့ လင်ယူဖို့ စိတ်ကုန်တယ်။ တယောက်ကလည်း သမီးဂုမ္ဘာန်တထောင် စောင့်သလို စောင့်လိုက်ရတာ။ တယောက်ကလည်း ရှာလိုက်ရတဲ့စာအုပ်၊ ကြည့်လိုက်ရတဲ့အရိပ်။ တကတည်း သမီးတယောက် မွေးရပါတယ်၊ ညည်းတို့အစား စိတ်မောလိုက်တာ။ ညည်းတို့လိုသာဆိုရင် သမီးသုံးယောက် မွေးလာခဲ့တဲ့ မေမေကတော့ ခါးမှာ ထဘီကပ်ဖို့တောင် မကောင်းတော့ဘူး”


မမကြီးသည် သူ့ညီမများအဖြစ်ကို စိတ်မောစွာပင် ပြောမိ၏။


ဂျပန်ခေတ်ကုန်ဆုံး၍ အင်္ဂလိပ်ပြန်ဝင်လာချိန်တွင်မူ မိသည် စာပြန်သင်၏။ ယခုလို အပျိုဘဝသို့ ပြောင်းလဲစအရွယ်တွင် စိတ်ကို အနားမပေးဘဲ စာသင်ထားသည်မှာ ကောင်း၏ဟု ခင်ခင်လေးက ပြော၏။ မမကြီးကမူ တူမလေး ပင်ပန်းလွန်း၍ သဘောမတူလှပေ။


တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသည့်နောက် ခင်ခင်လေးသည် ခေါင်းရှုပ်လာပြန်၏။


“ကဲ ကိုရေ၊ ပြဿနာတခုတော့ ရင်ဆိုင်ရဦးမယ်၊ ကောလိပ်မှာတော့ သမီးလေးကို ကျောင်းအိပ်ကျောင်းစားထားလို့ မသင့်ဘူးထင်တယ်”


“အေးကွယ့်၊ ခင်ခင်လေးပြောတာ ဟုတ်တယ်”


“ကျောင်းနဲ့လည်း နီးသားပဲ၊ ကားနဲ့ပဲပို့မယ်။ သမီးကို သည်အရွယ်မှာ လွတ်လပ်လွန်းရင် မကောင်းဘူးထင်တယ်နော်၊ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ မိဘမျက်စိရှေ့မှာဆို ကောင်းတာပေါ့။ ပြီးတော့ စစ်ပြီးခေတ်မှာ ကလေးတွေရဲ့ အကျင့်စာရိတ္တဟာလည်း သိပ်မကောင်းချင်ဘူး။ စာသင်ရင်း တခုခုဖြစ်မှဖြင့်”


“အေး ခင်ခင်လေးပြောသလိုပဲ အိမ်ကတက်ရင် ကောင်းပါတယ်”


မိကမူ ကျောင်းမှာပဲ နေချင်၏။ စာအုပ်များကို စီရင်း စူပွစူပွဖြစ်နေ၏။


“မိ မေမေကိုကြည့်ရတာ ဘိက္ခူနီမကြီးကျနေတာပဲ၊ သိပ်စိတ်ပျက်စရာကောင်းတာပဲ။ သည်အိမ်ကြီးကလည်း ဘယ်တော့မဆို ပုံသေကားကြီးပဲ၊ ဒေါ်ကြီးကလည်း မိမေမေပြီးရင် ပြီးနေတာပဲ”


မိသည် ဒေါ်ကြီးကိုပါ မဲ၏။


“ကျောင်းမှာဆို အစားအသောက်မကောင်းဘူး။ ချို့ငဲ့မှာ စိုးလို့ပါ သမီးရဲ့”


“ဟုတ်ပါဘူး၊ တခါထဲ လူကို စက်ကြီးလိုပဲ ဘာလုပ်လိုက်ဦး၊ ဘာစာအုပ်ဖတ်လိုက်၊ ဘာကို မဖတ်ရဘူး၊ တကတည်း အရုပ်ကျနေတာပဲ”


မိသည် ဘုန်းခနဲနေအောင် စာအုပ်အထပ်လိုက်ကြီးကို ကြမ်းပေါ်ပစ်ချလိုက်၏။ ခြေကို ဆောင့်နင်းကာ ခုတင်ဘက်ကို လျှောက်ရင်း အိပ်ရာပေါ်ပစ်လှဲလိုက်၏။


ဒေါ်ကြီးသည် တူမလေးကို သနားသွားမိသည်။ သို့သော် ယခုလိုအချိန် ချော့လိုက်လျှင်  ရောင့်တက်သွားမှာ စိုး၏။ အခန်းပြင်သို့ အသာပင် ထွက်၍လာ၏။ ခင်ခင်လေးကို လိုက်ရှာမိ၏။ ခင်ခင်လေးသည် မိအတွက် ဘော်လီဇာ တပ်နေ၏။


စက်နားကို မမကြီး ရောက်လာပြန်၏။


“ခင်ခင်လေးရယ် ကလေးကို ကျောင်းအိပ်ကျောင်းစား ပို့ပါလားကွယ်”


“ပို့တော့ပို့ချင်တာပေါ့။ အသက်နှစ်ဆယ်ကျော်သွားရင် ပို့မယ်။ ခုတော့ သူ့စိတ်ကိုသူ မနိုင်သေးဘူး။ ခက်သားပဲ မမကြီး၊ ခုခေတ်က ကပွဲတွေ ခေတ်စားလာချိန်မှာ သမီးကို လွှတ်မပေးချင်ဘူး။ ကိုယ့်သမီးက နဂိုကမှ အနောက်ဓလေ့ကို ခပ်ကြိုက်ကြိုက်ရယ်။ လွတ်လပ်လွန်းရင် အနောက်ဆန်သွားမှာ စိုးရတယ်”


“သည်လိုဆို ကျောင်းမှာ နယ်ကလာနေရတဲ့ ကလေးတွေ ဘယ့်နှယ်လုပ်မလဲ”


“နယ်ကလာတယ်ဆို နယ်ကျောင်းသူတွေဟာ များသောအားဖြင့် မြန်မာဆန်တတ်တယ် မဟုတ်လား။ မရွှေမိက မမကြီးလည်း အသိသားနဲ့နော်၊ သူ့အမေက ငပိစားမွေးပေလို့ပဲ၊ ထမင်းကြမ်းကြော်ကိုတောင် BREAKFAST လို့ ပြောကျွေးမှ အရသာရှိတယ် ထင်တာ၊ ထမင်းကြမ်းကြော်လို့ မြန်မာလိုခေါ်ရင် မမကြီးတူမက မစားချင်ဘူး”


မမကြီးသည် ငြိမ်သွားပြန်၏။


“ဒါနဲ့ ခင်ခင်လေး ညနေကျရင် ခင်ခင်လတ်တို့အိမ် သွားရအောင်၊ ခုတလော သားအမိနှစ်ယောက် မပေါ်လာတာ ကြာပြီ”


“ကိုနဲ့ တနေ့က မမလတ်နဲ့ လမ်းမှာတွေ့တော့ မြင့်တစ်ယောက် ကောင်းကောင်းနေမကောင်းဘူးတဲ့”


“ဟင် ဒီလိုဆို သွားဦးမှပဲ၊ စောစောကတော့ မပြောဘူး”


မမကြီးသည် ဟိုတူမတယောက် နေမကောင်းဘူးဆိုတော့လည်း ထိတ်ခနဲ ဖြစ်သွားပြန်၏။ စိတ်ပူသွားပြန်၏။


“ငါ့အပူငါ မရှာချင်လို့ လင်မယူပါတယ်၊ သူတို့လိုက်ပူနေရတာပဲ”


အပျိုကြီးများ ရေရွတ်နေကျ စကားလုံးကို မမကြီးက ရေရွတ်လိုက်၏။ ညနေတွင်မူ ကို့ဝေယျာဝစ္စများကြောင့် ခင်ခင်လေးသည် နေရစ်ခဲ့၏။ မိနှင့် ဒေါ်ကြီးသာ မြင့်တို့အိမ်သို့ ထွက်သွားကြသည်။


ထမင်းစားပြီးချိန်လောက်မှ မမကြီးနှင့်မိ ပြန်၍ရောက်လာ၏။ မမကြီးမျက်နှာသည် တခုခုဖြစ်လာသလို ဖြစ်နေ၏။ မိကတော့ နေ့ခင်းက အရှိန်နှင့် ခင်ခင်လေးအနား မကပ်ဘဲနေ၏။


“ခင်ခင်လေး ခြံထဲမှာ စကားပြောရအောင်”


မမကြီးသည် ခင်ခင်လေးကို တိုးတိုးလာခေါ်၍ ခင်ခင်လေးသည် ခြံထဲကို ဆင်းသွား၏။ အိမ်ထဲတွင်မူ မိသည် သူ့ကျောင်းအိပ်ကျောင်းစားပြဿနာအတွက် ဖေဖေ့ကို အပူကပ်နေရစ်၏။ ခြံထဲတွင်မူ ညီအစ်မနှစ်ယောက်သည် မထွေးနိုင် မအန်နိုင် ဖြစ်နေကြသည်။


“တကယ်ပဲလား မမကြီး”


“နက်ဖြန် ခင်ခင်လေးပါ လိုက်ခဲ့ပေါ့။ မရွှေလတ်ကတော့ ထုံးစံအတိုင်း သူ့သမီး သိပ်တော် သိပ်တတ်တာသာ ရွှန်းရွှန်းဝေအောင် ပြောနေတာပဲ”


“နေမကောင်းတာ ကြာပြီပေါ့”


“အစာမစားတာတော့ နှစ်လလောက်ရှိပြီတဲ့၊ တရှောင်ရှောင်ပေါ့။ ငါက သေသေချာချာ နောက်ဖေးက မယ်တင်ကို မေးခဲ့ စစ်ခဲ့ပါတယ်။ မရွှေလတ် မမြင်အောင် တနေ့တနေ့ ငှက်ပျောသီးဖီးကြမ်း မီးဖုတ်ပြီး ပေးရသတဲ့”


“ငှက်ပျောသီး မီးဖုတ်ပေးတယ်”


“အေးလေ”


“ဟင် အဲဒါ စားတာနဲ့ ဟုတ်ရောတဲ့လား။ ခင်ခင်လေး မိကို ကိုယ်ဝန်ရှိတုန်းကတော့ အချဉ်သာ စားချင်တာပဲ။ ဒါတွေ ဘာတွေ မစားချင်ပါဘူး”


“ချင်ခြင်းတပ်တာချင်း  ဘယ်တူမလဲ၊ တချို့က ငှက်ပျောသီး မီးဖုတ်ကိုပဲ စားတယ်”


“ဒုက္ခပါပဲ၊ ခင်ခင်လေးဖြင့် တော်တော်စိတ်ညစ်တယ်။ သေချာအောင် နက်ဖြန် စုံစမ်းသေးတာပေါ့ မမကြီးရယ်၊ တော်ကြာ သူ့သမီးလေး နုနုထွတ်ထွတ် မဟုတ်တရုတ် စွပ်စွဲပါတယ်ဆိုပြီး ညီအစ်မ ရန်ဖြစ်နေဦးမယ်။ ကောင်မလေးက အိမ်ထဲက အိမ်ပြင် မထွက်ဘဲနဲ့နော်”


မမကြီးသည် သက်ပြင်းရှည်ကြီး ချလိုက်၏။ သူ့တသက်တာတွင် ယခုလောက် တခါမှ စိတ်မညစ်ဘူးပေ။


အပိုင်း(၂)ဆက်ရန်

ခင်နှင်းယု



No comments:

Post a Comment