"ဟော ...ဒေါ်ခင်စောမူပါလား၊ ကြွပါ၊ ကြွပါ...”
ဆရာဝန် မီမီခိုင်က ခန်းဆီးကိုဆွဲဖယ်ကာ ဝင်လာသူ ဧည့်သည်ကို လှမ်းခေါ်လိုက်၏။ ဒေါ်မီမီခိုင်၏ နံဘေးကုလားထိုင်တွင် ထိုင်နှင့်နေသော မြမြစိန်သည် ရုတ်တရက် ကြောင်ကြောင်တောင်တောင်ဖြစ်သွား၏။ အဘယ်ကြောင့်ဆိုသော် ခင်စောမူဟူ၍ အခေါ်ခံရသော ဧည့်သည်တော်မှာ နနွင်းမှုန့်များ ဝင်းနေအောင် လူးထားသော အသားမဲမဲနှင့် ဆာလီဝတ် အိန္ဒိယတိုင်းသူတဦးဖြစ်၏။ သူ့လက်ကောက်မှ ဖန်လက်ကောက်သံ၊ ကြေးခြေကျင်းသံ၊ တချွင်ချွင် မြည်လျက်ရှိရုံမက နှာခေါင်းနှင့် နားတွင် ဆင်ယင်ထားသော ကြေးကွင်းငယ်များကလည်း ပြောင်လက်တောက်ပနေသည်။ ဝတ်ရုံထားသော ဆာလီသည် ဟောင်းနွမ်းနေသည်မှတပါး ဆံပင်ကအစ ဆီနှင့် သပ်သပ်ရပ်ရပ် ထုံးထား၏။
“ဟုတ်ကဲ့ရှင့်၊ ဆရာဝန်မကြီးရော ကျန်းမာပါရဲ့ လား...”
ဘုရားရေ..။ မြမြစိန်သည် စိတ်ထဲမှ ရေရွတ်မိ၏။ ဒုတိယမ္မိ အံ့ဩသည်မှာ ဒေါ်ခင်စောမူ၏အသံကလည်း ရုပ်သာ မမြင်ရပါလျှင် အလွန်သိမ်မွေ့သော မြန်မာအမျိုးသမီးတယောက်၏ စကားသံအတိုင်းဖြစ်၏။
“ကျန်းမာပါတယ် ဒေါ်ခင်စောမူ၊ ထိုင်ပါအုံးလေ..”
“မထိုင်တော့ဘူး၊ သွားစရာ ရှိသေးတယ်...”
သူ့လက်ထဲရှိ ပန်းပွင့်များကို မေးငေါ့ပြရင်း.....
“ပန်းတွေလဲ ဘုရားသွားတင်ရအုံးမယ်လေ၊ ကျမအကို ကိုစောနောင်လည်း နောက်ကပါလာတယ်။ သိပ်ဒုက္ခရှာတဲ့လူတွေ၊ ဘုရားသခင်က ဆရာဝန်မကြီးကို ဝင်နှုတ်ဆက်ပါအုံးတဲ့....”
မကြာခင် လုံချည်အညိုဝတ်ထားသော အမျိုးသမီးနှစ်ယောက် ဝင်လာ၍ ဒေါ်ခင်စောမူအမည်ခံ ဆာလီဝတ် အမျိုးသမီးနောက်တွင် ရပ်နေကြ၏။
“ဪ ...ကိုစောနောင်လဲ ပါသကိုး၊ ဒေါ်ခင်စောမူတို့အမျိုးတွေက စော ဆိုတဲ့ စကားလုံး သိပ်ကြိုက်တာဘဲနော်...”
“ကျမတို့က ရှမ်းမင်းမျိုး မင်းဆက်နွယ်ပါ၊ ကဲ..သွားအုံးမယ်...”
“ကျမကို နှုတ်ဆက်သလို လူနာဟောင်းတွေကိုလဲ နှုတ်ဆက်သွားပါအုံး၊ သူတို့က ဒေါ်ခင်စောမူကိုမြင်ရတာ စိတ်ဓါတ်တက်ကြွလို့၊ ကဲ..ကဲ...သူတို့နောက် လိုက်သွားပါ..."
ထဘီညိုဝတ် အမျိုးသမီးနှစ်ယောက်က ညင်သာစွာ ခေါ်သွား၍ ဒေါ်ခင်စောမူသည် လိုက်ပါသွားသည်။ ထိုအချိန်ကျမှပင် ဆရာဝန် ဒေါ်မီမီခိုင်သည် ရယ်မောရင်း
“ကဲ..ကိုအပ္ပနားရေ ဘယ်လိုဖြစ်လာရတာလဲ”
ကိုစောနောင် အမည်ခံ ကိုအပ္ပနားသည် မီမီခိုင် ညွှန်ပြသော ကုလားထိုင်တွင် ဝင်ထိုင်၏။
“ညက တညလုံး မအိပ်ဘူး၊ စကားချည်း ပြောနေတာဘဲ၊ ပဲခူးဘုရားသွားမယ်ဆိုပြီး ပန်းတွေစုနေတာ။ ညက ကျွန်တော်လဲ စိတ်ညစ်လာတာနဲ့ ဒေါက်တာဆင်းကိုပြောတော့ မီမီခိုင်ဆီ ခေါ်သွားအုံးကွာ၊ ဟိုမှာ သုံးလေးရက် နားပစေဦး ဆိုတာနဲ့ ခေါ်လာတာ"
“ကဲ ကဲ...မဟာမျိုး မဟာနွယ်တွေ ထားခဲ့ ထားခဲ့။ ကျွန်မလဲ ဒေါက်တာဆင်း မနက်က ပြောထားလို့ စီစဉ်ထားပါတယ်..”
အပ္ပနားသည် ထိုင်ရာမှ ထသွားတော့၏။
“ဒေါ်မြမြစိန် မီမီ့အဖို့တော့ ဘာမှမထူးတော့ဘူး။ ဒေါ်မြမြစိန်ကတော့ အံ့ဩနေမှာဘဲ။ အပ္ပနားက ဒီစိတ္တဇဆေးရုံက အလုပ်သမား လက်ချမီးနဲ့က လင်မယားတယ်။ တနေ့ လက်ချမီး ပျောက်သွားလို့ လိုက်ရှာရတာ၊ နောက်ဆုံး ပဲခူးရွှေသာလျောင်းဘုရားမှာ အဲဒီ ပန်းမျိုးစုံနဲ့ ရှိခိုးရက်တွေ့တာဘဲ။ သူ့ရောဂါကလဲ ယဉ်ယဉ်လေးဘဲ၊ သူ့ကို ရူးတယ်လို့ပြောရင် မကြိုက်ဘူး။ သူ့ကိုအိမ်ပြန်ခေါ်လာပြီး ဒီမှာ ဆေးကုရတယ်၊ အဲဒီကတည်းက အပ္ပနားလဲ မောင်စောနောင်ဘဝ ရောက်၊ သူလဲ ခင်စောမူဖြစ်ပြီး ရှမ်းမင်းမျိုး မင်းဆက်နွယ်တွေ ဖြစ်နေတာပဲ။ အပ္ပနားကိုလဲ သူ့လင်လို့ မပြောတော့ဘူး၊ မောင်တဲ့။ လူနာဟောင်းပေါ့၊ သက်သာလို့ အိမ်ပြန်ခေါ်သွားတာ၊ တနှစ်တခါလောက်တော့ ရောဂါက ပြန်ထတတ်တယ်.....”
“အံ့ဩစရာဘဲနော်.......”
မြမြစိန်သည် တကယ်လည်း စိတ်ဝင်စားသွား၏။ အံ့ဩနေ၏။
“ဟုတ်ကဲ့..စိတ်ဆိုတာဟာ အံ့ဩစရာပါဘဲ။ ဒါကို (ဆိုက်ကိုအနာလိုက်စ်)လုပ်တယ်၊ မြန်မာလိုတော့ စိတ်သဘောကို ခွဲခြမ်းစိတ်ဖြာ လေ့လာယူရတာပေါ့”
“မေမေကြီး ရောဂါရော ကုလို့ ရပါအုံးမလား..”
မြမြစိန်သည် ယောက္ခမကြီးအတွက် စိတ်ပူသွားပြန်၏။
“ဒေါ်ဂျိုးဥက လူနာသစ် ဖြစ်နေတော့ ဆရာဝန်ကြီး ဦးနေဝင်းကိုယ်တိုင် ဦးစီးပြီး တခြားဆရာဝန်သုံးလေးယောက်နဲ့ လူနာအခြေအနေကို လေ့လာတိုင်ပင် ကုကြပါတယ်။ ဦးနှောက်နဲ့ အာရုံကြောကုတဲ့ ဆရာဝန်များနဲ့လဲ
ကျမတို့ဆေးရုံက အဆက်အသွယ်ရှိပါတယ်၊ မီမီဆီ ရောက်လာတာတွေကတော့ လူနာဟောင်းတွေပါ...”
"ဪ ...ဪ ...အဲဒီဆေးကုသပုံတွေကို ကျမ စိတ်ဝင်စားလိုက်တာ....”
မြမြစိန်သည် တကယ်ပင် စိတ်ဝင်စားစွာ ပြောလိုက်၏။ သူ့စကားမှ မဆုံးခင် ခန်းဆီးကို မ,၍ ဧည့်သည်တယောက် ဖြည်းညှင်းစွာ ဝင်လာ၏။ မြမြစိန်သည် ရင်သပ်ရှုမော အံ့ဩ၍နေရပြန်သည်။
“ဒေါ်ခင်မေသွယ် ကြွပါ ကြွပါ၊ ထိုင်ပါအုံး..”
ဆရာဝန် မီမီခိုင်သည် ညင်သာစွာပင် လက်ချမီး မခင်စောမူ ထိုင်သွားသော ကုလားထိုင်ကို ညွှန်ပြလိုက်၏။ မြမြစိန် အံ့ဩသည်က ဧည့်သည်၏ရူပါရုံ ဖြစ်၏။ ခင်မေသွယ်ဆိုသော နာမည်နှင့် လိုက်အောင်ပင် အရပ်အမောင်းက သွယ်သွယ်လျလျရှိလှ၏။ ချိတ်ထဘီမှာ အဖြူခံပေါ်တွင် အဖြူ အချိတ်များ၍ ဗေဒါရောင် အချိတ်ကလေး ပါသည် ဆိုရုံလောက်ပါသည်။ နိုင်လွန်အင်္ကျီ အဖြူပေါ်တွင် ပုဝါမှာ ဗေဒါရောင်ဖျော့ဖျော့ကို ဒူးဆစ်ကျော်မျှ ရှည်ရှည်ခြုံ ထား၏။ မျက်နှာသည် သွယ်လျ၍ ဖြူဆွတ်နေသည်။ နှုတ်ခမ်းလေးမှာ ပါးသလောက် ပြုံးထားပုံမှာမူ သိမ်မွေ့လွန်းလှသည်။ မျက်လုံးသည် ကြည်လင် တောက်ပသော်လည်း အားရှိပုံ မပေါ်။ ခန္ဓာကိုယ်ကလည်း အတော်ပင်ပိန်၏။ ဆံပင်မှာ ရိုးသားစွာပင် ထုံးဖွဲ့ထား၏။ သူ လမ်းလျှောက်ပုံသည် လေပြေလေညှင်းတွင် ပန်းအဖြူနွယ်လေးတခု ဖြည်းညှင်းစွာ နွဲ့နေပုံဟန်မျိုးဖြစ်၏။ ပုံတော်ဖိနပ်ကိုစီး၍ တကယ့်ကို မြန်မာဆန်သောဟန်ဖြစ်၏။ သူသည် မီမီခိုင်ကိုရော မြမြစိန်ကိုရော ထိုင်ကာနီးဆဲဆဲတွင်မူ စိတ်ပါလက်ပါပြုံး၍ နှုတ်ဆက်ကာ ထိုင်လိုက်၏။
"ခေါ် ခင်မေသွယ် နေကောင်းတယ်မို့လား..”
“ကောင်းပါတယ် မီမီ၊ တလတခါ လာရမယ်ဆိုတော့ လာခဲ့တာပေါ့။ ဒီမလာလဲ နှစ်ပတ် တခါတော့ ဒေါက်တာ ဦးမြင့်မောင်အိမ်ကို သွားရတာပါဘဲ၊ ဘာထူးသေးလဲ။ ခုထိလဲ သွယ်ရဲ့ စိတ်ကို သူတို့မှာ ခွဲခြမ်းစိပ်ဖြာ လေ့လာလို့ မပြီးသေးဘူးပေါ့နော်..."
မြမြစိန်သည် သူတို့ချင်းစကားအရ ယခုမှပင် ဒေါ်ခင်မေသွယ်ကို လူနာတယောက်ဟု သူရိပ်မိသည်။ အို သူ မရူးပါဘူး။ သူ့ကို ဘယ်သူက ရူးတယ်ထင်ပြီး ဆေးကုကြတာလဲ။ သူဟာ ရူးတဲ့အသွင် ဘာမှမရှိဘူး။ ငါ ......ငါ... ဘာမှ သူတို့ပညာအကြောင်း မသိဘဲနဲ့ ထင်မြင်ချက်ကို ပေးမနေပါနဲ့လေ။ မြမြစိန်သည် ရင်ထဲမှာ တယောက်တည်း စကားဆိုနေ၏။
“ဒီလိုပါ၊ ဦးသောင်းထိုက်က အလွန်ဘဲ ပူပန်သောကရောက်နေလို့ တလတခါလောက်တော့ ရောဂါကို စိစစ်ကြည့်ဘို့ လာပြခိုင်းတာပါ။ ခင်မေသွယ်ကိုလဲ မီမီကတော့ ဝေဒနာသည်တယောက်လို့ မထင်ပါဘူး”
"ကျေးဇူးတင်ပါတယ်မီမီ၊ သူတို့ကို မဆန့်ကျင်တာဟာ အကောင်းဆုံးပေါ့...”
“ဟုတ်ကဲ့ “
"သွားဆိုသွားလိုက်၊ စားဆို စားလိုက်ဆိုတော့ အားလုံးကို ပြေပြေလျောလျော လိုက်သွားနိုင်ရင် ဒီနှလုံးကလဲ ငြိမ်သက်လာမှာပေါ့”
“ဟုတ်ကဲ့...ဟုတ်ကဲ့၊ ဦးသောင်းထိုက်ဟာ ဒေါ်ခင်မေသွယ်အပေါ်မှာ အင်မတန်ကြင်နာရှာပါတယ်.....”
သူသည် မီမီပြောသည်ကို နားထောင်ရင်း လူက နွမ်းလျသွားပုံရပေမင့် အားယူထားသော အပြုံးလေးမှာ သူ့မျက်နှာပေါ်တွင် သနားစရာ ကျန်ရစ်နေသည်။
“ကြင်နာတယ်... ကြင်နာတယ်၊ မေတ္တာကလဲ ကြီးမားရှာပါတယ်၊ ဒါပေမင့် သူ့မေတ္တာတုံးကြီးက ကြီးလွန်းတော့ လက်ခံရတဲ့ သွယ်ရဲ့ နှလုံးသားပေါ် ရောက်တဲ့အခါ မေတ္တာအစိုင်အခဲကြီးရဲ့အလေးချိန် ပစ်ပေါက်လိုက်မှုရဲ့အရှိန်ကို မခံနိုင်တော့ သွယ်ရဲ့ နှလုံးသားတွေဟာ အစိတ်စိတ်အမွှာမွှာ ကွဲကုန်တာပေါ့၊ ဒါပေမင့်လေ... ”
သူသည် သက်ပြင်းလေး ရှိုက်ကာ ဖြည်းညှင်းစွာ ဆက်ပြော၏။
“ဆရာဝန်ကြီးတွေ သာမန်မျက်စိနဲ့ မမြင်ရတဲ့ အချစ်ဆိုတဲ့ အကြောမျှင်လေးတွေနဲ့ သွယ်လေ နှလုံးသားကိုပေါင်းစပ်ပြီး ချုပ်ရိုးလှလှနဲ့ပြန်ချုပ်ထားတော့ သွယ်ရဲ့ နှလုံးသားတွေ ကွဲပြတ်နေတာ၊ ရှင်တို့ဓာတ်မှန်မှာ မမြင်ရဘူးမို့လား ...
ဘုရား ဘုရား နုလိုက်တဲ့စကားလုံးတွေ၊ လှပလိုက်တာ။ ဒေါ်ခင်မေသွယ်သည် စာရေးဆရာမလား၊ ကဗျာဆရာမလား။ မြမြစိန်က စိတ်ထဲကပင် မေးမိ၏။
“ကျမတယောက်ထဲ ခရီးသွားခွင့် ကျမကို သူ မပြုသေးဘူးပေါ့နော် မီမီ..”
“ဆရာဝန်ဦးမြင့်မောင်က ဒေါ်ခင်မေသွယ်ခန္ဓါကိုယ်ကို ဒါထက် အားရှိစေချင်လို့ပါ။ ဒါကြောင့် ဆရာဝန်ဦးမြင့်မောင်ဆန္ဒအရ ဆိုင်းထားတာပါ၊ ဦးသောင်းထိုက်အနေနဲ့ ဒေါ်ခင်မေသွယ်ကို အစစ လိုက်လျောချင်ပါတယ်...."
သူသည် လှပစွာ ပြုံးမြဲ ပြုံးနေ၏။ ပြတင်းအပြင်ကို မျှော်ငေး၍ ဒေါ်ခင်မေသွယ်သည် ခပ်တိုးတိုး ဆက်ပြော၏။
“သူတို့မျက်နှာတွေသာ ပြုံးခဲ့ရင် ကျမ အိမ်ကလွဲလို့ ဘယ်မှ မသွားချင်ဘူး။ ကျမ သားသမီးတွေကိုလဲ ချစ်တယ်၊ ကျမ ပန်းပွင့်လေးတွေကိုလဲချစ်တယ်။ ညဉ့်တိုင်ကြရင်လဲ ခြံထဲကသစ်ရွက်တွေမှာလေ စိန်တုံးလေးတွေ တဖိတ်ဖိတ်တောက်နေကြတာဘဲ၊ လိုက်ကောက်ရတာ ပျော်စရာပါ၊ ဒါပေမင့် ဒါပေမင့် ကျမ... ကျမ အလိုကြီးတာပေါ့လေ။ ဘာကြောင့်များ ကျမဟာ သူ့ရဲ့ ပြုံးတဲ့မျက်နှာကို လိုချင်မှန်းမသိဘူး။ လိုချင်တာမရသောဆင်းရဲ၊ တကယ်လို့များ ခုနေ ယဇ်နတ်တပါးပါးက “မင်းခင်ပွန်းသည်ရဲ့ အပြုံးကို ရပါစေမယ်၊ မင်းရဲ့ နှလုံးသားနဲ့ ပူဇော်ပါဆို ကျမပူဇော်ပါတယ်။ ခုတော့လေ ..."
ခင်မေသွယ် စကားပြောသံသည် သွက်လက်လာ၏။
“ကျမ .. ကျမ အလှူရှင် ဖြစ်နေတယ်၊ ဟိုဘဝက သူတပါးအပေါ် မပြုံးခဲ့လို့ အကြီးဆုံး သမီးဦးရော၊ ကျမခင်ပွန်းသည်ရော ကျမကို ပြုံးပြီး စကားမပြောကြဘူး။ ဒါကြောင့် ခုတော့ မြင်မြင်သမျှ ပြုံးတယ်၊ အို...အပြုံးကို ဒါနလုပ်
လှူနေတယ်..”
တကယ့်ကိုပင် ဒေါ်ခင်မေသွယ်သည် လှိုက်လှိုက်လှဲလှဲ ပြုံး၍ပြုံး၍ ပြော၏။
“လူတယောက်ဟာ ကိုယ့်အပြုံးကိုမြင်လို့ စိတ်ချမ်းသာပါတယ်ဆိုရင် အဲဒီအပြုံးကို အလှူလိုသဘောထားပြီး မလှူနိုင်ဘူးလားရှင်၊ ဒါလောက်မှ မရက်ရော မလှူနိုင်ကြဘူးလား....."
“လှူနိုင်ပါတယ်၊ ကျမ ..ကျမ လှူပါ့မယ်လေ..”
ဒေါ်ခင်မေသွယ် စကားပြောဟန်တွင် မည်မျှ စိတ်ဝင်စားသွားသည်မသိ၊ မြမြစိန်သည် ရုတ်တရက် လွှတ်ကနဲ ဖြေလိုက်၏။
“ဟေး...မြမြစိန်ရေ သွားကြစို့ ၊ ကဲ..ဒီကဆရာဝန်မကြီးလဲ ခွင့်ပြုပါအုံး၊ မကြာခင် မဂျိုးဥလဲ ဆရာဝန်မကြီးဆီ ရောက်လာပါလိမ့်မယ်...”
ကောင်းခန်းတွင်မှ ဇာတ်လမ်းပြတ်သွားသလို ဖြစ်သွား၏။ အဘယ့်ကြောင့်ဆိုသော် အန်ကယ်ဦးကောင်းဇံက ခန်းဆီး မ,၍ မြမြစိန်အား ခေါ် လိုက်သောကြောင့်ဖြစ်၏။ မြမြစိန်သည် မီမီခိုင်အား နှုတ်ဆက်၍ ထသာလာခဲ့ရသည်။ သူသည် ဒေါ်ခင်မေသွယ်အား သမင်လည်ပြန် ကြည့်ကာကြည့်ကာနှင့် အခန်းအပြင်ရောက်မှပင် ဦးကောင်းဇံ နောက်သို့ ဖြောင့်ဖြောင့်လိုက်သွားနိုင်တော့သည်။
သေးသွယ်၍ အားနွဲ့လှသောခန္ဓာကိုယ်၊ လှပသောမျက်နှာ၊ ယဉ်ကျေးသော ဟန်အမူအရာ၊ သိမ်မွေ့သော စကားလုံးလေးများ၊ မချိတရိဖြစ်သော မျက်နှာထားပေါ်မှ နှုတ်ခမ်းပါးများပေါ်တွင် ပြုံးထားသော အပြုံး၊ ထိုအပြုံးသည် စိတ်ထိခိုက်စရာကောင်းလှ၏။ မြမြစိန်သည် မျက်စိတွင်းမှ မပျောက်၊ ဖျောက်၍လည်း ရမည်မဟုတ်၊ အို....သူ့ကို ရူးနေသတဲ့။ အင်း..... ခက်တာပါဘဲလေ၊ ဘယ်သူက ရူးလို့ ဘယ်သူတွေက ကောင်းနေကြမှန်းလဲ မသိဘူး။ မြမြစိန်သည် စိတ်ထဲမှပင် တယောက်တည်း စကားဆိုမိ၏။
ဧည့်သည်ကားများကို ဆေးရုံဝင်းအပြင်တွင် ရပ်ထား၍ ဝင်းအပြင်အထိ သူတို့ လမ်းလျှောက်သွား၏။ ကားထဲတွင် ဒေါက်တာဦးမြင့်မောင် ရောက်နှင့်နေသည်။
“စိန်စိန် ကားပေါ်တက်၊ မဂျိုးဥအတွက် ထမင်းပို့ဘို့ရော၊ အထွေထွေကိစ္စတွေ အန်ကယ်တာဝန်ယူတယ်။ မောင်မြင့်မောင်လဲ သွားစရာကိစ္စရှိလို့ အန်ကယ် ပြန်လာခဲ့တာ။ ဟေ့ ဘိုးဆင်... ကားကို ကမ္ဘာအေးလမ်းက မောင်းဟေ့၊ မောင်မြင့်မောင် ချခဲ့ပြီးမှ ဒို့ အိမ်သွားမယ်"
ကားပေါ်တက်ကြ၍ ကားထွက်လာမှ ဦးကောင်းဇံသည် စကားဆက်၏။
“မြမြစိန်ရေ... ဒို့ အရင်ပြန်လာတာ ဘာကြောင့်မှမဟုတ်ဘူး၊ မောင်သန်းရှိန် အန်ကယ့်အိမ် ရောက်နေပြီ... "
မြမြစိန်သည် ခုမှ သက်ဝင်လှုပ်ရှားလာသလို ဖြစ်လာ၏။
“ဝမ်းသာလိုက်တာ၊ ပြဿနာတွေပြေလည်ပါစေလို့ စိန် ဆုတောင်းပါတယ်....”
“သူ့စိန်တွေကိုသာ ပြန်ရရင်တော့ အခြေအနေ ဆိုးဆိုးဝါးဝါး ဖြစ်မသွားပါဘူးတဲ့။ ဟုတ်တယ်နော် မောင်မြင့်မောင်၊ ဦးနေဝင်းက ဒီလိုဘဲပြောတယ်..”
“ဟုတ်ပါတယ်ခင်ဗျာ၊ မြမြစိန်လဲ သိပ်စိတ်ရှုပ်မခံပါနဲ့လေ"
"စိန်လေ စိတ်ရှုပ်ရမှာကြောက်လို့ ဘာမှ ပြဿနာမတက်အောင်နေပါတယ် ဦးမြင့်မောင်ရယ်။ အန်ကယ့်ကို မေးကြည့်ပါ၊ စိန်တို့လင်မယားနှစ်ယောက် စာအုပ် ခေါင်းအုံးအိပ်ပြီး ဖြစ်သမျှကို ဖြစ်သလို လိုက်လိုက်လျောလျောနေကာမှ ဒီစိန်သေတ္တာပြသနာက အိမ်ပေါ် တက်လာရတယ်"
မြမြစိန် စကားသံဆုံးလျှင် ဦးမြင့်မောင်သည် ဖြည်းညှင်းစွာ ရယ်မောလိုက်၏။
“ဒီလိုဘဲ မြမြစိန်ရေ၊ အိမ်ထောင်တိုင်းမှာ ပြသနာ ကိုယ်စီဘဲ၊ ဆင်းရဲတယ် ချမ်းသာတယ် မဟုတ်ဘူး၊ ဦးသောင်းထိုက်ဆို ဘယ်လိုမှ တရားချမရဘူး....”
“ ဦးသောင်းထိုက်၊ ဒီလူ့ကို ဒေါက်တာဦးမြင့်မောင် သိလား”
မြမြစိန်သည် ဦးမြင့်မောင်အား အလန့်တကြား မေး၏။
“မြမြစိန်နဲ့ရော ရင်းနှီးလား..”
“မရင်းနှီးပါဘူး၊ ခုဘဲ ဒေါ်မီမီခိုင် ဆေးခန်းထဲမှာ ဒေါ်ခင်မေသွယ်ဆိုတဲ့ လူနာ တွေခဲ့လို့၊ သူက ဦးသောင်းထိုက်ဇနီးတဲ့ ”
“ဟုတ်ပါ့ဗျာ .. ဟုတ်ပါ့..”
“သူ ရူးနေတယ်၊ သူ ရူးနေတယ်ဆိုတာ စိန် မယုံပါဘူး။ အိုလေ...တခုတော့ရှိတယ်၊ စိန်လဲ ရူးများနေလို့လား”
ဦးမြင့်မောင်ရော ဦးကောင်းဇံပါ ကားထဲတွင် ရယ်လိုက်ကြသည်မှာ ဟက်ဟက်ပက်ပက်ပင်တည်း။
“သူက ယဉ်ယဉ်လေးပါလေ၊ ခုတော့ အတော်ကောင်းလာပါပြီ။ သူတယောက်ထဲ နေချင်တယ်၊ သူ့ကလေးတွေနဲ့ရော၊ သူ့ယောက်ျားနဲ့ရော သူ လုံးဝ အတွေ့မခံချင်ဘူး၊ စကားလဲမပြောတော့ဘူး။ ကျွန်တော့်ဆီ လူနာအဖြစ် လွန်ခဲ့တဲ့ ခြောက်လကျော်လောက်က ရောက်လာမှ ကျွန်တော့်ကို စကားပြောတော့တယ်...”
“အရူးလို့သာဆိုတယ်၊ သူ့စကားလုံးနဲ့ သူ့ပြောဟန်တွေက စိတ်ဝင်စားစရာကောင်းလိုက်တာ။ ပြီးတော့လေ လက်ချမီးကိုလဲ တွေ့ခဲ့သေး....”
“အင်း.....စိတ်ပညာဆိုတဲ့အတိုင်း စိတ်ပညာသဘောတွေဟာ အံ့သြစရာပါဘဲလေ၊ တနေ့နေ့မှ ကျွန်တော်လဲ စာတအုပ် ပြုစုအုံးမယ်...”
ကားမှာ ဦးမြင့်မောင်ခြံဝ ရောက်၍ ဦးမြင့်မောင်အား ထားခဲ့ကာ သူတို့တူဝရီးသည် ရွှေတောင်ကြားလမ်းရှိ ဦးကောင်းဇံအိမ်သို့ ဆက်လက်မောင်းလာခဲ့ကြသည်။
အိမ်ဝတွင် ဦးဖေ၊ ဦးရွှေနှင့် မောင်သန်းရှိန်တို့ ဆီးကြိုနေကြ၏။ မောင်သန်းရှိန်သည် ကားတံခါးကို ပျာပျာသလဲ ဆီးကြိုဖွင့်ပေး၏။
“ကိုကိုရော....”
ပါးစပ်ကလည်း အကိုလုပ်သူကို အလောတကြီး မေး၏။
“ဘိုးဆင်ရေ..ငါက သွားကြို ဆိုတော့မှ တံတားလေးဆေးရုံကို သွားကြိုပြီး မောင်သန်းချိန်ကိုခေါ်ခဲ့၊ အခု ဆင်ဝင်အောက်မှာဘဲ ကားကိုထား..”
ဦးကောင်းဇံသည် ဒရိုင်ဘာအား မှာ၍ မောင်သန်းရှိန်ကို ပခုံးဖက်လိုက်၏။ အားလုံးပင် ဧည့်ခန်းမှာ ဝင်ထိုင်ကြသည်။
“အင်း... ရွှေမင်းသားကလေးရယ်၊ အချိန်မှီ ကြွလာပေလို့ပေါ့၊ နို့မို့ရင်လား မင်းအကိုလေ မင်းကိုလိုက်သတ်မှာ.."
ဦးကောင်းဇံသည် သူ့ထုံးစံအတိုင်း ပြုံးပြုံးနှင့် ဖြည်းဖြည်းပင် ပြော၏။
“ဟုတ်တယ်၊ ဒီလောက် ကိုကိုဒေါသဖြစ်တာလေ စိန် ဒီတခါဘဲ မြင်ဘူးတယ်.....”
မြမြစိန်က ဝင်ပြော၏။
“ကိုကိုကလဲဗျာ.. ကျွန်တော့်ကို အထင်သေးလိုက်တာ ”
မောင်သန်းရှိန်သည် မျက်နှာငယ်ငယ်နှင့်။
“အို....မင်းကို စိန်တွေ ရွှေတွေအတွက် အထင်သေးတာမဟုတ်ဘူး၊ အမေတယောက်လုံး အရူးထောင်ပို့ရတဲ့အဖြစ်ရောက်တော့ ဒေါထတော့တာပေါ့”
ဦးကောင်းဇံက ဖြေ၏။
“ဒို့မလဲ အချောင်စိန်သူခိုးတွေဖြစ်ရတယ် မောင်ရင်ရေ၊ မောင်ရင် လုပ်ပုံ ကောင်းလိုက်တာ... "
ဦးဖေကပါ ဝင်နှောလိုက်၏။
“ကဲ အဖြစ်စုံကို အန်ကယ့်ကို အရင်ပြော၊ တမင် မင်းတို့ညီအကိုနှစ်ယောက်ကို ချက်ခြင်း တွေ့မပေးတာ၊ နို့မို့ရင် ခြေလွန်လက်လွန်ဖြစ်မှာစိုးလို့ ”
ဦးကောင်းဇံက မေးလိုက်၏။
“အတိုဆုံး အရှင်းဆုံး ကျွန်တော်ပြောပြမယ်။ အဖြစ်ကတော့ ကျွန်တော်ဟာ သူသတ်ကုန်းကို တက်ရတဲ့အချိန်ရောက်တော့မှ မွေးတဲ့အမေကို နားရွက်ကိုက်ဖြတ်တဲ့ သားအဖြစ် မရောက်ချင်လို့ဘဲ...”
“ရှင်းတော်မူပါအုံး စာရေးဆရာ အယ်ဒီတာရဲ့ ညီတော်ဘုရားရယ်၊ ကျုပ်တို့တော့ နားဝေးလှပါတယ်"
ဦးရွှေက ခပ်ငေါ့ငေါ့ ပြောလိုက်၏။ မောင်သန်းရှိန်သည် သူ့စကားကို ဆက်ရှင်း၏။
“မေမေ စိန်မက်တာရော၊ ရွှေမက်တာပါ အန်ကယ်နဲ့ ဦးလေးတို့အသိ၊ ကျွန်တော် ဘာမှ ထပ်မပြောတော့ဘူး။ မေမေ့ကို ကျွန်တော်ချွတ်ချင်တယ်၊ ကျွန်တော်ကိုယ်တိုင် ဘာတရားမှမသိတော့ မချွတ်တတ်ဘူး။ သူကလဲ အန်ကယ် သိတဲ့အတိုင်း တရားစကားပြောဘို့ နေနေသာသာ “ငါက နှစ်နှစ်သမီးက သီလရှင်ဝတ်လာတာ၊ ဆယ့်လေးနှစ်သမီးကျမှ လူဝတ်လဲတာဟေ့" ဆိုတဲ့ စကားလုံးနဲ့ ကိုင်ပေါက်တာဘဲ။ ခုပဲ ကျနော် လက်ထပ်ပြီးကတည်းက တနှစ်ကို နှစ်ကျပ်သားရှိတဲ့ ရွှေဆွဲကြိုး ၂ ကုံး မှန်မှန်ပို့ရမတဲ့။ ဒီနှစ်မှာ အထူးအမိန့်က ယိုးဒယားဘတ်ကြိုးဆိုလားဘဲ။ ကျွန်တော်က ကျွန်တော့်မိန်းမကို ပြောကိုထားတယ်။ မင်းကလဲ သူဌေးသမီး၊ ငါကလဲ သူဌေးသား။ ပစ္စည်းအတွက် ဘာမှပူစရာမရှိဘူး။ ငါ့ပညာနဲ့ပတ်သက်ပြီး မင်း နောက်ပိုင်းက ငွေလှည့်ယူလား ဘာလား မလုပ်ရ။ ဒို့ရတာနဲ့ လောက်အောင်သုံး။ ကုန်ဈေးနှုန်းတွေကြီးလာ ခလေးတွေများလာလို့ အိမ်စားစရိတ် တက်လာရင် ဒို့ကိုလက်ဖွဲ့လိုက်တဲ့ ပစ္စည်းတွေထဲက ရောင်းစားမယ်လို့ အပြတ်ပြောထားတာ..”
နားထောင်နေသူသည် သက်ပြင်းချလိုက်၏။
“ခုတော့....မေမေရဲ့ ရွှေကြိုးနှစ်ကုံးစီမံကိန်းက တရားတဲ့နည်းနဲ့ ဖြစ်ဖြစ်၊ မတရားတဲ့နည်းနဲ့ဖြစ်ဖြစ် တနှစ် ရွှေကြိုး နှစ်ကုံး၊ တကုံးကလဲ ၂ ကျပ်သားရှိရမတဲ့၊ အဲဒါကို ရအောင်ရှာပြီး ငါ့ဆီပို့ရမယ် လို့ မပြောသော်လဲ ပြောသလို ဖြစ်မနေဘူးလား။ ဘာကြောင့်လဲဆိုတော့ ခုခေတ်စားစရိတ်နဲ့ ကျွန်တော်တို့ခလေးတွေနဲ့ ကျွန်တော့်ဝင်ငွေနဲ့ ဘယ်နှယ့် စုမိနိုင်မလဲ။ ပြီးတော့ ကျွန်တော်ဟာ ငွေရှာတဲ့ဆရာဝန်လဲ မဖြစ်ချင်ဘူး၊ မေမေ့သားပေမင့် မေမေ့လို ပဲကို အမျိုးမျိုးလုပ် မစားနိုင်ဘူး၊ ပဲစားပြီး ငွေမစုနိုင်ဘူး"
နားထောင်သူတို့သည် ခေါင်းတညိတ်ညိတ် လုပ်ကြပြန်၏။
“အင်မတန် ကျေးဇူးကြီးမားလှတဲ့မိခင်ကိုလဲ ကျွန်တော် ... ကျေးဇူးပြန်ဆပ်ချင်ပါတယ်၊ မေမေသင်ပေးလို့ ကျွန်တော် ပညာရတာဘဲ။ ဒီတော့ ကျွန်တော် တနေ့ စဉ်းစားမိတယ်၊ အေးအေးဆေးဆေး မေမေ့ဆီ သွားမယ်၊ လက်ရှိကျွန်တော်တို့စားဝတ်နေရတဲ့ အခြေအနေကို ပြောပြမယ်၊ ပြီးတော့ တောင်းပန်မယ်။ “ရွှေဘတ်ကြိုးနှစ်ကုး စီမံကိန်းကြီးကို ခန ရပ်ထားပါအုံး၊ အဲဒီလို ပြောပြီးတော့မှ “တနေ့နေ့ကျရင် မေမေဟာ သားတို့နှစ်ယောက်ကို အမွေဝေပေးမှာဘဲ၊ အဲဒီအခါကျရင် သားရဲ့ ဝေစုကို တပြားမှ မပေးပါနဲ့တော့။ မေမေသင်ပေးတဲ့ပညာနဲ့ပဲ သားတို့ လုံလောက်ပါပြီ၊ ရွှေကြိုးနှစ်ကုံးအစား ကျွန်တော့်ပေးမယ့် ဝေစုကိုဘဲ မေမေပြန်သိမ်းပါတော့"လို့ ပြောမယ်ဆိုပြီး စိတ်ကူးထားတာ"
ဒေါက်တာ သန်းရှိန်သည် စိတ်မောစွာ အသက်ကို ပြင်းပြင်းရှူပြီးမှ သူ့စကားကို ဆက်ပြော၏။
“ဖြစ်ချင်တော့ အဖ်-အာရ်-စီ-အက်စ် ဘွဲ့ ယူဘို့ စင်္ကာပူ အရင်သွားပြီး စာမေးပွဲဖြေရမယ်၊ စင်္ကာပူမသွားခင် သတ်မှတ်ထားတဲ့ ဆရာဝန်တွေ ရန်ကုန်လာပြီး စာမေးပွဲဖြေရအုံးမယ်၊ ဒီတော့ ဒီကိစ္စလဲပြောရင်း၊ မေမေ့ကိုလဲ ရွှေကြိုးနှစ်ကုံးကိစ္စ ပြောရအောင်လို့ မင်းဘူးကို ကျွန်တော်လာတာ။ မင်းဘူးကျတော့ ဦးလေးရွှေတို့နဲ့ တွေရော၊ ဒီတော့ ရန်ကုန်မှာ မေမေတို့မောင်နှမတွေ အမွေဝေတဲ့ကိစ္စ ကျွန်တော်သိရတာဘဲ။ ဦးလေးရွှေတို့ကလဲ ဒို့ ချိန်းထားတဲ့ရက် ရန်ကုန်မရောက်နိုင်သေးဘူးတဲ့။ အမြတ်တော်ကြေးကိစ္စ မပြီးပြတ်လို့တဲ့။ ဒီတော့ မင်းက အရင်ရောက်နှင့်မှာ၊ ဒီစိန်သေတ္တာ ယူသွားပါ ဆိုလို့ မန္တလေးကိုအပြန် စိန်သေတ္တာ ယူခဲ့တယ်။ မန္တလေးရောက်တော့ ခရိုင်ဆရာဝန်က အဖ်-အာရ်-စီ-အက်စ်အတွက် မင်းတို့စာမေးပွဲ ခဏဆိုင်းထားတယ်၊ မလွှတ်ဖြစ်သေးဘူး၊ ခု ရောက်လာတဲ့ အထူးကုဆရာဝန်အဖွဲ့နဲ့ ခန္တီးဘက်ကို နက်ဖြန်ကစပြီး ခရီးထွက်ရမယ်ဆိုတော့ ကျွန်တော်လဲ စိန်သေတ္တာ သိမ်းခဲ့ပြီး ဗြုန်းစားကြီး ခရီးထွက်သွားမိတယ်။ ခုတော့ မရှုမလှနဲ့ ကျွန်တော်တရားခံဖြစ်ရတာပေါ့လေ..”
“ကဲ..စိတ်ညစ်မနေပါနဲ့တော့။ တခုဘဲ၊ ကျွန်တော် အလာနောက်ကျမယ်၊ စိတ်မပူနဲ့ ဆိုပြီး သံကြိုးတစောင်လောက်တော့ ရိုက်သင့်တယ် မောင်သန်းရှိန်...”
ဦးကောင်းဇံက ပြော၏။
“ကျွန်တော် ဒါကို ခေါင်းထဲကို မဝင်လာဘူး။ ပြီးတော့ အချိန်လဲမရ၊ အလုပ်ကလဲ သိပ်များ။ အိုလေ..မေမေ... မေမေ ကျွန်တော် ထင်တာထက် သူ့စိန်တွေကို ပိုမက်နေပါလား၊ ဘုရား...ဘုရား...။ သူ့ကို ဘယ်သူများ တရားပြပါ့မလဲ"
မောင်သန်းရှိန်သည် မောလျစွာ ဆိုရင်း ဆိုဖါနောက်ကို မှီလိုက်၏။
“ကဲပါလေကွယ်၊ စိတ်မကောင်းမဖြစ်နဲ့တော့။ အန်ကယ် ပြောမယ်၊ မင်းနဲ့ စိန်စိန် အိမ်ပေါ်ထပ်မှာနေကြ။ ငါ အခု ကားလွှတ်ပြီး မောင်သန်းချိန်ကို အခေါ် လွှတ်လိုက်မယ်။ သူရောက်လာပြီး ဖြစ်သမျှအကြောင်း အရင်ရှင်းပြပြီး
သက်တောင့်သက်သာဖြစ်သွားမှ မင်းတို့ကို ငါ မောင်ဖေလွှတ်ပြီး ခေါ်ခိုင်းလိုက်မယ်၊ ဒီတော့မှ အိမ်ပေါ်က ဆင်းလာကြ၊ ဟုတ်လား...”
ဦးကောင်းဇံက သူ့အစီအစဉ်ကို ရှင်းလင်း ပြောပြ၏။
“ဟုတ်တယ်၊ အန်ကယ်ရဲ့ အစီအစဉ်ကို စိန်စိန်လဲ သဘောကျတယ်။ ပြီးတော့လဲလေ ကိုကိုဘာပြောပြော ကိုသန်းရှိန်ရယ် ခေါင်းငုံ့ခံပါနော်...”
မြမြစိန်သည် မတ်ဖြစ်သူကို ရှိခိုးတော့မလို တောင်းပန်၏။
"ခေါင်းငုံ့ရုံတင်မကဘူး၊ ကျွန်တော် ခွင့်တင်မယ်။ မေမေ ကျန်းမာရေးမကောင်းစဉ်အတွင်း ဆရာဝန်ကြီး ဦးနေဝင်း ညွှန်ကြားသမျှ မေမေ နေကောင်းတဲ့အထိ ကျွန်တော်ပြုစုမယ်။ ကုသမယ်။ ကဲ..ဂြိုဟ်မွှေတဲ့စိန်သေတ္တာကြီးရော တခါထဲ ပါလာတယ်။ ဘယ်သူ့ ပေးရမလဲ...”
“ထားပါ... ထားပါ။ ချက်ချင်း ပြန်တွေ့ရတော့လဲ ဝမ်းသာလုံးဆို့ပြီး ရောဂါတိုးသွားပါအုံးမယ်။ မင်းအမေ ဒေါ် သဲသဲလှုပ်ကို ကြောက်လွန်လွန်းလို့...”
ဦးရွှေက သောလုံးလေးထုတ်ကာ နိဂုံးချုပ်စကား အဆုံးသတ်မှပင် အားလုံးမှာ အနည်းငယ် စိတ်မောပြေသွား၍ ပြုံးနိုင်ကြတော့သည်။
* * *
“ကိုယ်တော့လေ မော်လီရယ်၊ ဒါရိုက်တာ မြတ်လေးလိုပဲ နာမည်ပေးချင်တယ်၊ ရုပ်ရှင်မရိုက်ချင်ဘူး”
မိခင်ဖြစ်သူအတွက် ခေါင်းရင်းဘက်တွင် အိပ်ရာကို သပ်သပ်ရပ်ရပ်ပြင်ရင်း မြမြစိန်က ပြော၏။
“အောင်မယ် မချောစိန်က ဒါလောက်ဗျာများနေတဲ့ကြားထဲ ဘာဇာတ်ထုပ်ကို ဘာနာမည်ပေးချင်နေသေးသလဲ....”
မော်လီသည် မြမြစိန်ဘေးတွင် ထိုင်ရင်း ခေါင်းအုံးစွပ်အသစ်ကို ကူ၍လဲပေးနေ၏။ ဒေါ်သန်းဌေးကတော့ ကုလားထိုင်ပေါ်တွင် ထိုင်ရင်း သူတို့နှစ်ယောက် ပြောသည်ကို နားထောင်နေသည်။
“မြတ်လေးက ရုပ်ရှင်နာမည်ပေး တယ်ကောင်း၊ အခုလဲ ကိုကိုတို့မိသားစုပြဿနာကို စိန်စိန်က "သူတို့မှာ တလ ကိုယ့်မှာတော့ တနှစ်”လို့ နာမည်ပေးချင်တယ်၊ တကယ်ပါဘဲ။ မောလိုက်တဲ့စိတ် ဆိုတာလေ၊ အရင်ကတော့ မေမေကြီးကို ယောက္ခမဆိုတဲ့ စိတ်နဲ့ တကယ့်ကို ဒေါပွမိ စိတ်ဆိုးမိတာ ဝန်ခံပါတယ်။ မေမေက မိခင်အရင်းပါဘဲ။ ဒါပေမင့် မေမေကြီးကို အရူးထောင်ထဲ ပို့တဲ့အဖြစ်လဲရောက်ရော၊ မေမေ့အတွက် သောကတွေ ဘယ်ရောက်ကုန်လဲမသိ၊ သူ့အပေါ် ယောက္ခမဆိုတဲ့ အာဃာတစိတ်လဲ မရှိတော့ဘူး။ စိန် စိတ်ပူလိုက်တာ။ နောက်များ ခြောက်လလောက် ပြသနာမရှင်းရင်လား၊ မိစိန်စိန်လဲ အရူးထောင်ရောက်မှာဘဲ"
မော်လီသည် ဟက်ဟက်ပက်ပက် ရယ်၏။
“အေး... သမီး ကြပ်ကြပ် ရယ်၊ ဟင်း...သမီးလဲ တနေ့တော့ တံတားလေးရောက်လိမ့်မယ်။ လောဘ၊ ဒေါသဆိုတာ သတ္တဝါတွေမှာ ဘယ်သူမှမကင်းဘူး။ အဲဒီမှာ လိုအပ်တာထက် ပိုမိုစွဲလန်းလာပြီဆိုရင် ရူးမှာချည်းဘဲ။ မေမေတို့တောင် ငယ်ငယ်က ဓမ္မစကြာအသင်းဝင်တော့ လိုချင်တာ မရသော ဆင်းရဲကို ကိုယ့်ချစ်တဲ့သူနဲ့ မရတဲ့ဆင်းရဲလို့ဘဲ ခပ်တိမ်တိမ်ဘဲ အဓိပ္ပါယ်ကောက်မိတယ်။ လူငယ်ကိုး။ နောက်မှ စာတွေရော၊ လက်တွေ့ရော တရားဘက် လေ့လာတော့ နိဗ္ဗာန်ရောက်ကြောင်း ဝိပဿနာတရားကိုတောင် ဘာလို့ မရရမှာလဲ ဆိုပြီး လွန်ကဲတဲ့စိတ်နဲ့ အားထုတ်ကြည့်၊ လောဘ ဒေါသ ပါလာပြီး ရူးတော့တာဘဲ။ ဒါကြောင့် တရားအားထုတ်ရာမှာလဲ အသင့်အတင့် နှလုံးသွင်းပြီး အားထုတ်ရတာဘဲ၊ အေး... ခုလဲ မြမြစိန်ရေ.. ဒါလောက်နဲ့ပြီးသွားတာ ရတနာသုံးပါး ဂုဏ်ကျေးဇူးဘဲ အောက်မေ့...”
ဒေါ်သန်းဌေးသည် ထုံးစံအတိုင်း သူ့သမီးကို ဦးတည်၍ တရားဟောပြန်၏။
“ဟုတ်တာပေါ့ ကြီးကြီးဌေးရယ်၊ ကိုသန်းရှိန်နဲ့ ကိုကိုနဲ့ တွေ့တဲ့နေ့ကဖြင့်လေ အန်ကယ်ဦးကောင်းဇံကလဲ အစီအမံကောင်းလို့ဘဲ၊ စိန်ဖြင့် ရင်တွေဘာတွေတုန်၊ ရွတ်ဖတ်လိုက်ရတဲ့ ပရိတ်တွေဆိုတာလဲ ကုန်ရော။ ကိုကိုရဲ့ ဒေါသ အရှိန်ကို အန်ကယ်ဦးကောင်းဇံက ဆီးကြိုပြီး အရင်ခံလိုက်ပေလို့။ တဖြည်းဖြည်း ပြေလောက်မှ စိန်နဲ့ ကိုသန်းရှိန်ရယ် အပေါ်ထပ်က ဆင်းလာပြီး တွေ့ရတယ်။ နို့မို့ရင်လား ညီအကို သတ်ပွဲဘဲ...”
“ခုတော့ကော....”
“သူ့စိန်သေတ္တာပြန်ရတော့ တော်တော်လေး စိတ်ငြိမ်သွားပြီပေါ့။ တပတ်ဘဲ ဆေးရုံမှာသွားတယ်။ အန်ကယ့်အိမ်မှာနေပြီး နှစ်ပတ်တခါလောက် သွားပြီး ဓာတ်နှိပ် ခံရအုံးမယ်။ စကားပြော တခါ တခါ ဖောက်တယ်။ ဦးလေးဖေတို့ ဦးလေးရွှေတို့ကို ဆက်ဆံတာကလဲ ကျေကျေနပ်နပ်ဘဲ။ အန်ကယ် ဦးကောင်းဇံနဲ့ ဆရာဝန်ကြီးတွေရှေ့မှာ သူ့စိန်တွေ ရွှေတွေ ခွဲဝေပေးပါတယ်တဲ့၊ ကိုကိုနဲ့ ကိုသန်းရှိန်ကတော့ မေမေ့ ပြန်အပ်ပါတယ်လို့ဘဲ ပြောလိုက်တယ်.....”
“စိန် အဲဒီ အမွေခွဲတဲ့နေ့က လိုက်သွားသေးလား..”
မော်လီက မေး၏။
“အောင်မလေး... ကြောက်လွန်လွန်းလို့ ကိုကို့ကို ပြောရတယ်၊ မစားဘူးတဲ့အရသာကို ဘယ်သူမှ မတောင့်တပါဘူးလို့၊ ကိုကို့မေမေရဲ့ စိန်တွေကိုလဲ အမွေအဖြစ်ရဘို့ မပြောနဲ့၊ ကြည့်တောင် မကြည့်ပါရစေနဲ့လို့ ပြောလိုက်တယ်။ ဟုတ်တယ်လေ၊ ကိုယ့်စိတ်လဲ ကိုယ်နိုင်ချင်မှ နိုင်မှာ။ ကိုယ်တွေ့ကျရင် စိတ်မထိန်းနိုင်လို့ ရူးကြတာတွေ ပြည့်လို့။ မြတွေ၊ စိန်တွေ၊ ရွှေတွေကို ကြောက်လွန်းလို့ မြမြစိန်ဆိုတဲ့ နာမယ်ကိုတောင် ပြောင်းချင်တယ်...”
“အင်း..ဒါလဲ ဟုတ်တာဘဲ။ မော်လီဖြင့် မော်လီ့ဖေဖေဘက်က ဘိုးတော်ကြီးတွေရဲ့ “ငါးနုသန်းလေးကောင် စီမံကိန်း” ကို စံတင်ထားလောက်တဲ့ ဒဏ္ဍာရီအနေနဲ့ သောစရာလုပ်ပြီး ပြောနေလိုက်တာ၊ ကြီးကြီးဒေါ်ဂျိုးဥရဲ့ “စွန်တာနီ ပဲပင်ပေါက် စီမံကိန်းမှဘဲ လက်မြှောက်ရတော့တယ်...”
“အင်း...ဟုတ်ကဲ့ မရွှေမော်ရယ်၊ ရှင်တို့ကလဲ သားသမီးအနေနဲ့ ပြောအားရှိသပေါ့၊ ခုကိစ္စမှာ မဂျိုးဥက တဖက်စွန်းရောက်လွန်းသွားလို့ အပြစ်ပြောရတာကိုး၊ ရှင်တို့သားသမီးများကရော ကြောက်စရာ”
ဒေါ်သန်းဌေးက ပြုံး၍ ပြောလာ၏။
“ဓမ္မပဒမှာ မတွေ့ဘူးလား၊ သာဝတ္ထိပြည်က ပုဏ္ဏားကြီးလေ၊ ငါအိုလာပြီ၊ အေးအေးချမ်းချမ်းနေမယ် စိတ်ထားနဲ့ သူ့ဖို့တောင် သူ မချန်ဘူး၊ သား လေးယောက်ကို အသပြာ ရှစ်သိန်း အမွေခွဲဝေပေးလိုက်တယ်။ ငါအိုလာရင်လဲ ငါ့ကို ပြန်ကြည့်မှာဘဲလို့ ထင်တာကိုး၊ ဝတ်ရုံနဲ့ တောင်ဝှေးဘဲ ချန်ထားတယ်။ သူထင်သလို နောက်ပိုင်းတော့ သားတွေက ပြန်မကြည့်၊ ချွေးမတွေက ငြူစူတော့ ဆင်းရဲဒုက္ခ အကြီးအကျယ်ရောက်ပြီး၊ လက်ထဲက တောင်ဝှေးဘဲ အဖော်ပြုပြီး ဘုရားသခင်ဆီ ပြေးရတယ်။ ဒို့များတော့ တရားဘယ်လိုရရ သားသမီးများ မယုံပေါင်၊ အထူးသဖြင့် မိမော်လီကို သာပြီး မယုံသေး...”
မော်လီနှင့် မြမြစိန်သည် ကျိတ်၍ရယ်ကြ၏။
“ဒါနဲ့ သမီးတို့စကားတွေ ရပ်စမ်း၊ မနေ့က အာ၀ါးရဲ့ ကြားသင်းဘောနဲ့ ပါလာတဲ့ ၀ါးခယ်မအနောက်ပိုင်းက တင်တင်ပုက လမ်းတွေ့လို့ ပြောသွားတယ်၊ ဖထီးက ကြုံရင် ဒေါ်ငြိမ်းမယ်ကို ပြောလိုက်ပါ၊ သူတို့မိသားစု နောက်တပတ် အတွင်း အရောက်လာမယ်လို့တဲ့၊ စာလဲ ထည့်လိုက်တယ်ဆိုလား”
ဒေါ်သန်းဌေးက ပြောလိုက်၏။ မြမြစိန်သည် အိပ်ရာပြင်ဆင်ပြီး၍ ဒေါ်သန်းဌေးအနား လာထိုင်၏။
“ဟုတ်တယ်၊ မနေ့က စိန်ရဲ့ နာမည်တပ်ပြီး ဖထီးဆီက စာလာတယ်၊ မေမေ စီမံထားတာတွေ သူ အားလုံး လုပ်ထားတယ်တဲ့၊ လကုန်လောက် မှန်းပြီး သူတို့ လာခဲ့မယ်တဲ့။ မေမေ စိတ်ချမ်းချမ်းသာသာ နေပါတဲ့။ မေမေ ဘာများ စီထားလဲ မသိဘူးနော် ကြီးကြီးဌေးရယ်..”
မြမြစိန်သည် ခပ်ငေးငေးလေး တွေးရင်း မေး၏။
“အေးပေါ့လေ၊ သူ့မှာလဲ သူ့အစီအစဉ် ရှိမပေါ့။ ကြီးကြီးဌေးလဲ ပြောမလို့ မပြောဖြစ်ဘူး၊ ဒီမှာ မဂျိုးဥ ရုတ်ရုတ်ရက်ရက်ဖြစ်တဲ့နေ့က ကြီးကြီးဌေး ဆေးရုံသွားတယ်မို့လား”
“ဟုတ်ကဲ့၊ စိန် မအားလို့”
“အဲဒီနေ့က ဖထီးဆီ စာတစောင် ထည့်ခိုင်းလို့ ကြီးကြီးဌေး စာတိုက်ကနေ ထည့်လိုက်တယ်...”
"အော်"
“ဒါနဲ့ ညနေကျရင် ကြီးကြီးဌေး ဆေးရုံလိုက်ခဲ့ရအုံးမလား၊ ဒီအိမ်ကဘဲ စောင့်ရမလား...”
“အိမ်ကဘဲစောင့်နေ ကြီးကြီးဌေး"
“အေးအေး... သူငယ်ချင်းကြီး ဆေးရုံမှာ နှစ်လနေရတာ စိတ်တော့ ကျဉ်းကျပ်မယ်၊ အသားတော့ ဖွေးနုနေတာဘဲ၊ ကဲ... စိန် လိုတာရှိပြော ကြီးကြီးဌေး သွားတော့မယ်။ ညနေကျမှဘဲ လာမယ်..”
ကြီးကြီးဌေးသည် ထပြန်သွား၏။
“မေမေသွားမှ မော်လီက အတင်းချရအုံးမယ်...”
မော်လီသည် စိန်စိန့်အနား လာထိုင်ကာ အားရပါးရ ပြော၏။
“ကိုယ်တို့ မှားတော့လေ လူကြီးတွေက ငယ်ငယ်ထဲက တုတ်နဲ့လဲ ဆော်လိုက်သေး၊ ပေါင်တွင်းကြာလိမ်ဆွဲ၊ ခေါင်းခေါက်နဲ့ ဝပ်နေရတာ။ သူတို့လူကြီးတွေ မှားရင် သိပ်အပြောရခက်တာ၊ မော်လီသာ အဲဒီဒေါ်ဂျိုးဥကြီးကို ယောက္ခမ တော်ရရင် ဒုက္ခဘဲ၊ သူမှားနေလို့ မှားတယ်လို့ ထောက်ပြရင်လဲ ယောက္ခမမို့လို့ အဃာတနဲ့ပြောတယ်လို့ စွပ်စွဲအုံးမယ်၊ စိန့်ကို ကိုယ်ချင်းစားပါတယ်၊ မလွယ်ဘူး... မလွယ်ဘူး”
မော်လီက သက်ပြင်းရှိုက်၍ ဒီတခါ လေးလေးနက်နက် တည်တည်ကြည်ကြည် ပြော၏။
“အေးပေါ့လေကွာ၊ အိမ်ထောင်ကိုယ်စီမှာ ဒုက္ခကိုယ်စီ ရှိကြတာဘဲနော်။ ကိုယ်လေ စိတ္တဇဆေးရုံမှာတွေ့ခဲ့တဲ့ ဒေါ်ခင်မေသွယ်ကို ခုထိမမေ့ဘူး၊ ဒေါက်တာ ဦးမြင့်မောင်ကြီးကို တွေ့တိုင်း စိန်ကလဲ စပ်စုတယ်လေ၊ ဦးမြင့်မောင်ဟာ ဦးနှောက်နဲ့ အာရုံကြော အထူးကု ဆရာဝန်ကြီးကိုး။ အဲ.. ဒေါ်ခင်မေသွယ်တို့အိမ်ကြီးကိုလဲ ဒေါ်ခင်မေသွယ်ရဲ့ အဖေရယ်၊ သူ့ယောက်ျား ဦးသောင်းထိုက်ရယ်၊ နှမ အမကြီးတွေရယ်၊ စုနေသတဲ့။ ဒေါ်ခင်မေသွယ်ကလဲ ကလေး ရှစ်
ယောက်၊ အိမ်ကြီးကလဲ အကြီးကြီး၊ ပိုက်ဆံလဲချမ်းသာပါရဲ့ ကွာ။ နောက်ဆုံးတော့ ဒေါ်ခင်မေသွယ်ဟာ လုံးဝစကားမပြောဘဲ တယောက်ဘဲ နေတော့တယ်၊ ခုလဲ ဆရာဝန်နဲ့တွေ့ရင်သာ စကားပြောတာ၊ အိမ်ရောက်ရင်တော့ သူတို့ အိမ်ကြီးရဲ့ နောက်ဆုံးခန်းမှာ တယောက်ထဲ ချက်ထိုးနေတယ်.....”
“အင်း..ယဉ်ယဉ်လေးနဲ့ ရူးရရှာတာဘဲ၊ မော်လီလဲ စိတ်ဝင်စားမိတယ်...”
“ကဲ...သူကတော့လဲ ချမ်းသာလို့တဲ့၊ လက်ချမီး ဆနွင်းမှုန့်ရောင်းတဲ့ မကုလားမကလဲ စော်ဘွားအမျိုးအနွယ် ဒေါ်ခင်စောမူဖြစ်ပြီး အဲဒီပဲခူးဘုရားကြီးမှာဘဲ နေချင်သတဲ့ကွာ။ အချိန်အားရရင် လက်ချမီးကို ကိုယ် သိပ်လေ့လာချင် တာဘဲ...”
“အေးလေ...ရူးနေတယ်ဆိုတဲ့ သူတို့ဘ၀မှာ သူတို့ရဲ့ ဆန္ဒတွေအားလုံး ပြည့်စုံနေတယ် ထင်ပါရဲ့နော်....”
မော်လီသည် သက်ပြင်းလေးရှူကာ သူ့စကားကို နိဂုံးသတ်လိုက်သည်။
* * *
ဒေါ်ငြိမ်းမယ်ကို မြေးများက ဆီးကြို၍ မနက်က မြမြစိန် ပြင်ဆင်ထားသော အိပ်ရာဖွေးဖွေးလေးပေါ်တွင် မေမေသည် သက်တောင့်သက်သာစွာ အိပ်ချလိုက်သည်။ ပူစူးနှင့် မာလေးသည် သူတို့ဖွားအေ၏ပါးကို ညင်သာစွာ နမ်း၏။ ဒေါ်ငြိမ်းမယ်သည် ပြုံးနေ၏။
“ငြိမ်းတော့ စိတ်လွတ်လက်လွတ် ပျော်သွားပြီ...”
ဒေါ်သန်းဌေးသည် အိပ်ရာဘေးတွင် ကပ်၍ထိုင်ရင်း ပြော၏။
“ဘာတွေစားချင်လဲ ပြော၊ ကျမ အားလုံးစီမံပေးမယ်..."
“တော်ပါပြီ မသန်းဌေးရယ်၊ အိမ်ရောက်တယ်ဆို အလိုလို စိတ်ချမ်းမြေ့သွားတာဘဲ၊ ကုသမှုကျတော့လဲ ဆေးရုံကမှ ကိရိယာစုံစုံလင်လင်နဲ့ ကျွမ်းကျင်တော့ ဆေးရုံရဲ့ ကျေးဇူးတရားကလဲ မကင်းဘူးပေါ့လေ...”
“အင်း... ကျမတို့ကတော့လဲ ဗုဒ္ဓဘာသာအယူနဲ့ ဝေဒနာကို ရှုမှတ်ရင်း၊ သက်သာအောင် ကြံဖန်နေတတ်အောင် ဝိပဿနာတရားကို အားထုတ်ကြတယ်။ တနေ့က ခရစ်ယာန် ဆရာဝန်မလေးကလဲ ကျမကို အင်္ဂလိပ်လို ရှင်းပြတယ်၊ ပေးရှင့် patient လို့ လူနာကို အင်္ဂလိပ်လို ဘာကြောင့်ခေါ်လဲ ဆိုတော့ ဖြစ်လာတဲ့ဝေဒနာကို နှစ်ရှည်လများ ကြာတော့လဲ သည်းခံပြီး စိတ်ရှည်လက်ရှည် ကုသခံကြရတယ်တဲ့။ ဝေဒနာကို သည်းခံတဲ့အတွက် သည်းခံခြင်းကို အစွဲပြုပြီး ဝေဒနာရှင်ကိုလဲ patient လို့ ခေါ်တာပါတဲ့လေ...”
“ဟုတ်ပါတယ်လေ၊ နာတာရှည်တော့လဲ ဝေဒနာခံစားရတာထက် သေရတာက ကောင်းသေးလို့ ထင်တယ်၊ ဒါပေမယ့် ကိုယ်ဇာတ်ကိုယ်မပိုင်ကြလေတော့ ဇာတ်သိမ်းခန်းက သိမ်းချင်သလို သိမ်းလို့မရဘူးပေါ့လေ...”
ဒေါ်ငြိမ်းမယ်သည် သူ့အကျင့်အတိုင်း လေအေးလေးနှင့် ပြောနေ၏။
“မေမေ မိုးချုပ်သွားမယ်၊ သမီး ထမင်းပြင်လာခဲ့ပြီ”
မြမြစိန်သည် ယွန်းဗန်းကို သယ်လာ၏။ ဘမောင်ချိန်သည် စာပွဲဝိုင်းခုံမြင့်အငယ်လေးကို ဖွားအေအပါးသို့ ရွှေ့လာ၏။ မြမြစိန်သည် သူပြင်လာသော ထမင်းပွဲကို ဘမောင်ချိန် သယ်လာသော ခုံပေါ် တင်လိုက်၏။
“မေမေ လမ်းလျှောက်လို့ ရပြီ၊ ကြမ်းကြမ်းတမ်းတမ်းသာ မလုပ်ခိုင်းတာ။ မီးဖိုမှာဘဲ ဝင်စားလို့ ရတယ်၊ သမီးတို့ ဒုက္ခပိုမယ်....”
“မပိုပါဘူးမေမေ..”
သားမက်ဖြစ်သူ ကိုသန်းချိန်သည် အနားလာထိုင်၏။
“အကြောင်းမထူးတော့ဘူး မေမေရေ၊ ကိုယ်စိတ် သက်သာအောင်နေ၊ ကျွန်တော်လေ မြမြစိန်ကို ပြောထားတယ်၊ ညဆရာမကိုလဲ မဖြတ်သေးဘူး၊ အိမ်အထိ ခေါ်လာတယ်၊ ညဘက် မေမေ အပေါ့အပါး သွားရ လွယ်ကူအောင်လို့။ နေ့ခင်းတော့ စိန်စိန်ရှိနေပြီ၊ စိန်စိန် ကျောင်းပြန်တက်လဲ မေမေ့အနားမှာ အားလုံးအဆင်ပြေအောင် ကြီးကြီးနဲ့ တိုင်ပင်ပြီး ကျွန်တော်တို့ အမျိုးသမီးတယောက်ထားဘို့ စီစဉ်ထားတယ်....”
ဒေါ်ငြိမ်းမယ်သည် ထထိုင်ကာ သားမက် စကားကို ခေါင်းညိတ်နားထောင်ရင်း ဟင်းချိုကို သောက်ကြည့်နေ၏။
“မဂျိုးဥ အခြေအနေရော.....”
“အားလုံးကောင်းတယ်မေမေ၊ မပူနဲ့၊ မပူနဲ့တော့....”
“အေးပေါ့လေ...မေမေလဲ ဆေးရုံကနေ မေးလျက်ပါ၊ အကုသိုလ်ကံတပါးပါးဟာ အကျိုးပေးလာရင် ဆုံတဲ့ပြီး ဖြစ်တတ်တယ်။ အကုသိုလ်တရားကို ကုသိုလ်တရားနဲ့ဘဲ ငြိမ်းသတ်နိုင်တယ်။ ဝဋ်ရှိလို့ ခံရ၊ ဖြစ်ကြ၊ ပျက်ကြရတောင် ကုသိုလ်အစဉ်ပွားနေသူတို့အဖို့ ကစဉ့်ကရဲ မဖြစ်ဘူးပေါ့..”
“ဟုတ်ကဲ့.. မုန်တိုင်းကတော့ တိုက်ရိုက်ကို အတိုက်ခံတာဘဲ၊ မပျက်မစီးကျန်ရစ်ခဲ့တာ အမြတ်ပေါ့လေ....”
ကိုသန်းချိန်သည် ယောက္ခမကြီး စားသောက်နေသည်ကို ကြည့်ရင်း ပြောပြနေ၏။
စင်စစ်တော့လည်း မုန်တိုင်းစဲ၍သွားပေပြီ။ မုန်တိုင်းဆိုသည်မှာ အဖျားခတ်ခံရသည်တောင်မှ မရှုမလှပေတည်း။ ယခုတောင် အိုးအိမ်မပျက် ကိုသန်းချိန်တို့လင်မယား နှစ်ယောက်မှာတော့ ဆယ်နှစ်လောက် အိုစနာသွားသည်ထင်ရ လောက်အောင် ဤအလနှစ်လက ဒုက္ခအကြီးအကျယ်ပေးလိုက်သည်။
ညဉ့်နက်လာပြီဖြစ်၍ တလမ်းလုံး တိတ်ဆိတ်နေပြီ။ အနော်ရထာလမ်းမှ ဘတ်စ်ကားများ ပြေးသံသာ ကြားနေရ၏။ ကိုသန်းချိန်သည် ဝရံတာတွင်ထိုင်ကာ နဂါးအဝါပတ်ကြီးကို ဖွာရှိုက်နေသည်။ ဒီတခါ အေးချမ်းစွာ စိတ်လွတ် လက်လွှတ် သောက်နေခြင်းဖြစ်၏။ အိမ်ထဲတွင်လည်း မြမြစိန်သည် ကလေးများစာကျက်ပြီးသွား၍ ကလေးများနှင့်အတူ အိပ်ရာဝင်ကြပြီ။ ဒေါ်ငြိမ်းမယ်သည် ညနေစာစားပြီးကတည်းက အိပ်ရာပေါ်လှဲရင်း ငြိမ်သက်စွာ အနားယူနေ၏။ ညစောင့်ဆရာမလေးသာ စာပွဲတင် မီးပွင့်နားတွင် ကုလားထိုင်တလုံးပေါ်ထိုင်၍ စာဖတ်နေ၏။
မြို့ပြင်လို ညဉ့်ဦးယံလေများက လတ်ဆတ်ခြင်း မရှိသော်လည်း ဝရံတာသည် တိုက်ကြိုတိုက်ကြားမှတိုက်ခတ်လာသော လေအေးများအရှိန်ကြောင့် အေးမြနေသည်။
“ဘယ်နေရာရယ်လို့ မဟုတ်ပါဘူး၊ လေမရှိတဲ့နေရာကို မရှိအောင် ကမ္ဘာအနှံ့ လေကတော့ တသုန်သုန်တိုက်နေတာဘဲလေ၊ ခံယူတဲ့သတ္တဝါက လိုက်ပြီး လတ်ဆတ်တဲ့ညဉ့်ဦးလေပြေ မဟုတ်တာတော့ ကျုပ်တိုလဲ မတတ်နိုင်ဘူးပေါ့”ဟု လေညှင်းက စကားဆိုဟန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် တချီတချီ ရေမြောင်းပုပ်နံ့၊ အမှိုက်ပုံးမှ အနံ့များမှာ လေထဲတွင် ပါလာသည်။ သို့သော် ကိုသန်းချိန်၏စိတ်ကူးကို သူတို့ ဘယ်လိုမှ မလွှမ်းမိုးနိုင်ပေ။
ညဉ့်ဦးယံ လေညှင်းတွင် ပန်းရနံ့များကလည်း သင်းနေပြီဆိုပါတော့၊ တိုက်ကြိုတိုက်ကြားမှ မြင်ခဲ့ရသော ရှင်လမင်းကလည်း ကောင်းကင်တွင် ထိန်ထိန်သာနေဆဲဘဲဆိုပါတော့၊ လမင်း၏ ငွေရည်စက်များကို ပွင့်ဖတ်များ၊ မြရွက်များပေါ် တွင် မြင်နိုင်အောင် ခြံကြီးကလည်း ကျယ်ဝန်းပြီ ဆိုပါတော့...ဆိုပါတော့...ဆိုပါတော့...အမယ်လေး ဆိုပါတော့တွေ တရာလောက်ဘဲ ပုံနေပါစေ။ ဤခံစားနိုင်သော မနုဿလူသားကောင်၏ စိတ်ဓာတ်ခံက အေးမြချမ်းငြိမ်းခြင်းမရှိပါလျှင် ပန်းတွေ ကုဋေချီ ပွင့်၍နေပါစေ။ လမင်းက ပုလဲမိုး သွန်ချပါစေ။ လေညှင်းက မြသစ်ရွက်များကို ညင်သာစွာ လှုပ်ရှား၍ ညဉ့်ငှက်၏တေးများနှင့် အသံညှိကာ ဂီတကို သီကြူးပါစေ။ ဤလူသားသည် လမင်းကိုလည်း မမြင်နိုင်ပါ။ တေးသံကိုလည်း မကြားနိုင်ပါ။ ပန်းလေးများသာ ပွင့်ဖတ်လွှာ ဖွင့်၍ ကပြရင်း မောလျစွာ အိပ်ပျော်သွားမည်။ မနုဿလူသားကောင်ကတော့ ဤအလှများကို ခံစားနိုင်မည်မဟုတ်ပါပေ။
ကိုသန်းချိန်သည် ဆေးလိပ်ကိုဖွာရင်း မျက်စိမှေးထားရာမှ သူ နောက်လတွင် ပြုစုလိုသော အရှေ့တောင်အာရှ စစ်ပွဲများအကြောင်းစာအုပ်အတွက် စဉ်းစားနေ၏။
“အကိုကြီး..အကိုကြီး၊ ကြီးကြီးငြိမ်းက ခဏလာပါအုံးတဲ့...”
သူနာပြုဆရာမလေး ခေါ်၍ ကိုသန်းချိန်သည် ထ လိုက်သွား၏။
“မေမေ မအိပ်သေးဘဲကိုး”
သူသည် မေမေ့အပါးတွင် ထိုင်ရင်း မေးလိုက်၏။
“အစောကြီးက အိပ်ပျော်သွားတယ်၊ နှစ်နှစ်ခြိုက်ခြိုက် ရှိလိုက်တာ၊ တရေးနိုးတော့ တံခါးပွင့်နေလို့ ဆရာမလေး မေးကြည့်တော့ မောင်သန်းချိန် မအိပ်သေးဘူးတဲ့....”
“ဟုတ်ကဲ့ မေမေ၊ စာတအုပ်အကြောင်း စဉ်းစားနေတာနဲ့..”
“အင်း... အတော်ပါဘဲ၊ မြမြစိန်ကိုလဲ မနှိုးနဲ့၊ မေမေ မင်းကို စကားပြောချင်လို့...”
“ကျွန်တော့်ကို....”
“အေးလေကွယ်၊ ပြီးတော့ မြမြစိန်ကို မင်းပြောပြပေါ့၊ လျှို့ဝှက်တာမဟုတ်ပါဘူး...”
“ပြောစရာရှိတာ ပြောပါ မေမေ”
ကိုသန်းချိန်သည် စိတ်ဝင်စားစွာ နားထောင်နေ၏။
“ညနေက သားတို့အစီအစဥ် ပြောပြလို့ မေမေ အားလုံးကိုဘဲ ကျေးဇူးတင်ပါတယ်၊ ဒါပေမင့် ငွေကြေးမတတ်နိုင်တဲ့ လူအိုများကလွဲလို့ သူတို့ကိုယ်သူတို့ အားကိုးနိုင်တဲ့လူများဟာ သူတို့ရဲ့ အိုမင်းချိန်ကို သူတို့ကြိုက်သလိုဘဲ အသုံး ချချင်တယ်ကွယ်....."
မေမေ့စကားသည် တိုသော်လည်း စိတ်ဝင်စားစရာကောင်း၏။
“နောက် နှစ်ပတ်လောက်အတွင်း ဖထီးတို့လင်မယား ရောက်လာမယ်။ သူသမီးနဲ့ သားမက်လည်း ပါလာမယ်။ သူ့မှာ သားတယောက် သမီးတယောက်ရှိတယ်။ ဖထီးသားက မောင်းတီးမယ်ရှိတဲ့ သူတို့လယ်ဘဲဆိုပါတော့၊ မေမေပိုင်ပေတဲ့ သူတို့လုပ်ကိုင်စားပြီး သူတို့သဒ္ဓါသလောက်ဘဲ ပေးသမျှ မေမေ လက်ခံတယ်။ သားကတော့ အဲဒီလယ်ကို ဦးစီးလုပ်နေတယ်၊ ခု ဖထီးနဲ့အတူပါလာမယ့်သမီးကို မြမြစိန်ကိုကူဘို့ မေမေ ထားရစ်မယ်။ ဖထီးသားမက်ကို မင်းတို့အလုပ်ရှာပေးလိုက်ပါ၊ မင်းတို့လခနဲ့ ခေါ်ထားမယ့် မိန်းကလေးနဲ့စာရင် သွေးသားလိုဖြစ်နေတဲ့ ဖထီးသမီးဟာ ဒီအိမ်အပေါ် မှာ မေမေ့ကို သစ္စာရှိသလို သစ္စာရှိမှာပါ။ မေမေ ...မေမေကတော့လေ...”
မေမေသည် ဤနေရာတွင် ပင်ကိုယ်သံထက် နှိမ့်၍ ဖြည်းညှင်းစွာ ပြော၏။
“ပြန်ပါရစေတော့နော်၊ မေမေ့ခြံလေးမှာ မေမေပြန်ပြီး အနားယူတော့မယ်...”
ကိုသန်းချိန်သည် တကယ်ပင် ငိုချင်သလို ဖြစ်သွား၏။ သူ့ကိုမွေးသော အမေ ရူးသွားစဉ်က သူစိတ်ထိခိုက်လိုက်သော ဝေဒနာခံစားမှုသည် တမျိုး။ ရုတ်တရက် ကိုယ်ကို မီးလောင်ခံရတာမျိုးဖြစ်၏။ ယခု ယောက္ခမ၏စကား ကြား ချိန်တွင် ခံစားရသောဝေဒနာသည် ကြေကွဲခြင်းလား၊ ဆွေးမြေ့ခြင်းလား၊ သူသည် မဖေါ်ပြတတ်အောင်ပင် ဖြစ်သွား၏။
“မေမေ့ကို ဘယ်သူတွေကြည့်မလဲ....”
“မပူပါနဲ့ သား၊ ဖထီးဟာ မေမေနဲ့ အသက်တနှစ် နှစ်နှစ်ပဲ ကွာပေမယ့် သူတို့လင်မယားနဲ့အတူ မေမေ မွေးလာကတည်းက တခြံထဲမှာ လက်ရေတပြင်စီး ကြီးလာတာပါ။ မောင်းတီးလယ်ကို သူတို့အသက်ကြီးလို့ မလုပ်ဘဲ သားကို လွှဲထားတယ်၊ သူတို့ကတော့ ခုထိဘဲ မေမေ့ခြံမှာ အသီးအနှံစိုက်ပြီး စားနေကြတယ်။ မေမေ သူတို့နဲ့ နေမယ်၊ လက်တိုလက်တောင်း ကျောင်းလာနေတဲ့ သူတို့မြေးလေးတွေလဲ ရှိတယ်။ မေမေနဲ့ ဖထီးတို့ရဲ့ ကျေးဇူး အတုံ့အလှယ်တွေဟာ ခွဲခြားလို့မရဘူး။ မေမေ့ပင်စင်လစာနဲ့ မေမေ လုံလောက်ပါတယ်။ မေမေပြန်ချင်ပြီကွယ်။ သားတို့ မေမေ့ကို ခွင့်လွှတ်ပါ။ မေမေ ဒီမှာလာနေတာ လှမောင်ချိန်တသက်ဘဲ...”
မှန်၏။ ဘမောင်ချိန် မွေးပြီး မြမြစိန် ကသီမှာစိုး၍ မေမေ လာနေသည်မှာ လှမောင်ချိန် မွေးစကတည်းက ဖြစ်သည်။ ယခု လှမောင်ချိန် ဆယ်နှစ်ထဲဝင်လာခဲ့ပြီ။
“မေမေ့ကို ရက်စက်တယ်လို့ ထင်သလား၊ မေမေ့ကို ကိုယ်ကျိုးကြည့်တယ်လို့ ထင်သလား.....”
“မထင်... မထင်ပါဘူးမေမေ၊ ကျွန်တော်သဘောပေါက်ပါတယ်၊ ကျွန်တော် အများကြီးသဘောပေါက်ပါတယ်.....”
ကိုသန်းချိန်သည် တုန်ယင်စွာ ပြောရင်း၊ လေးလေးပင် အသက်ရှိုက်၍ ရှူမိ၏။
“ဒါပါဘဲ၊ သွားပြီးအိပ်တော့နော်...”
* * *
ဒေါ်သန်းဌေးအိမ်တွင် ညဉ့်က မေမေပြောသောစကားကို ကိုသန်းချိန်သည် မြမြစိန်ကို ပြောပြ၏။ မော်လီရော ဒေါ် သန်းဌေးပါ အနားတွင်ရှိကြသည်။ မြမြစိန်သည် ပထမတော့ ကြူကြူပါအောင် ငိုသည်။ ပြီးတော့ ရှိုက်၍ရှိုက်၍ ငိုသည်။ ကျန်လူသုံးယောက်မှာ ဘာစကားမျှဆို၊ ငြိမ်သက်၍ နေကြ၏။ မြမြစိန်သည် စကားပြောရန် အားယူလိုက်ရင်း မျက်ရည်က စကားပြောမရနိုင်လောက်အောင် တွေတွေ တွေတွေ ကျလာ၏။ ရှိုက်သံကတော့ တဖြည်းဖြည်း ဝေးသွားသည်။ ပြီးမှ သူ့အသံသည် တုန်ယင်စွာ ပေါ်လာ၏။
“စိန် နားလည်ပါတယ် ကိုကိုရယ်၊ အမှန်တော့ မေမေက မပြောဘဲနဲ့တောင် စိန်တို့ နားလည်သင့်ပါတယ်..”
မြမြစိန်သည် ဖြည်းညှင်းစွာ တလုံးချင်း ဆက်ပြော၏။
“ဘာလို့လဲဆိုတော့လေ စိန်တို့ကသာ စိတ်ထဲမှာ ထင်နေတာကိုး၊ မိခင်ကြီးကို ကိုယ်နဲ့အတူမခွာ ခေါ်ယူပြီး ကျွေးနေတယ်လို့၊ တကယ် ရိုင်းရိုင်းပြောရရင် သူအိုမကြီးကို စိန်စိန်တို့ ခေါ်ပြီး ခိုင်းထားသလိုပါဘဲ"
“အို.. ဒီလိုလဲ ဘယ်ဟုတ်မလဲလေ”
ဒေါ်သန်းဌေးက ဆို၏။
“ဟုတ်ပါတယ်လေ၊ စိန် စိတ်သက်သာအောင်လို့ ဖြေပြီးတော့ ကြီးကြီးဌေး ပြောမနေပါနဲ့တော့။ စိန်ဟာ သိတတ်ဘို့ ကောင်းတယ်။ မေမေ ဆေးရုံတက်တော့ ကလေးခြောက်ယောက်နဲ့ အိမ်တာဝန်၊ ငွေရေးကြေးရေးနဲ့ ပတ်လည်နေလိုက်တာလေ၊ ဒါပေမင့် စိန်က အရွယ်ငယ်တယ်၊ စိန်မွေးထားတဲ့ သားသမီးလေးတွေအတွက် စိန့်လျှာ အလျားသား ထွက်ပေစေ လုပ်ရမယ်။ မေမေ့အရွယ်က ထမင်း နံနက်စာစားပြီးရင် နာရီဝက်လောက်တော့ အနဲဆုံး နားရမယ်၊ အိပ်ရမယ်။ သူ့ခမျာ ဒီလိုနားနေမှုကို လုံးဝမရခဲ့ဘူး"
မြမြစိန်သည် မောလျစွာ အသက်ရှူလိုက်၏။
"ဖြစ်သမျှပြဿနာ သမီးဆီ တက်လာမှာစိုးလို့ လိုသမျှ အိမ်စရိတ်ကို သူ့ရွှေဒင်္ဂါးလေးတွေ ချွေရောင်းပြီး ဖြည့်တယ်။ စိန်ကတော့ ကိုယ့်စိတ် လှည့်စားပြီး အနားခေါ် လုပ်ကျွေးနေတယ်လို့ ထင်ခဲ့တယ်။ သူ့ဟာသူ နေနိုင်စားနိုင်တဲ့ မေမေ့အဖို့ ကျမတို့ လုပ်ကျွေးနေတာကို ခံယူနေရတာမှ မဟုတ်ဘဲ၊ သူက ပြန်လုပ်ကျွေးနေတဲ့ သဘောပါဘဲလေ..."
“မိခင်တွေရဲ့ စိတ်မှာ သူတို့သားသမီးတွေဟာ အိမ်ထောင်ရက်သားကျလို့ မြေးတွေရနေပါစေ၊ သူတို့ကတော့ ရင်ခွင်ထဲက မနေ့ကမှထွက်သွားသလို စိတ်မချနိုင်ဘူး စိန်စိန်...”
ဒေါ်သန်းဌေးက ဆို၏။
“ဟုတ်ကဲ့၊ ဒါပေမင့်... ဒါပေမင့် သားသမီးက နားလည်ရမှာ။ အို...ဘုရားတန်ခိုးတော်ဘဲ၊ မေမေ သေမှသာ စိန် ဒီလိုသဘောပေါက်မိရင်လား နောင်တရလို့ ဆုံးမှာမဟုတ်ဘူး"
စိန်စိန်သည် မငိုတော့၊ ငိုင်၍တော့နေသည်။ ကိုသန်းချိန် ရင်ခွင်ထဲတွင်လည်း တွေးစရာတွေ တသီကြီးလို ပေါ်လာ၏။ သူသည်လည်း သူ့မေမေအကြောင်းကို တွေးမိ၏။ မိခင်တိုင်းတွင် မေတ္တာကိုယ်စီရှိကြပါ၏။ သို့သော် ခံယူသောသဘောထားအယူအဆများမှာ ကိုယ်ပိုင်ခံယူချက်များနှင့် ကွဲလွဲချက်များရှိတတ်ကြသည်တကား...။
“ကြီးကြီးဌေးတောင်.... ”
ဒေါ်သန်းဌေးက ငြိမ်သက်နေခြင်းကို သူ့စကားစဖြင့် အသက်ဝင်လာစေ၏။
“မော်လီကို ခုထိ ခလေးလိုမြင်တယ်လို့ မင်းတို့ထင်မယ်။ ယောဂီထဘီဝတ်ပြီး မင်းကွန်းကျောင်းတိုက်နဲ့ ၃၂- လမ်း ကူးပြီး ဝီစိကိစ္စတွေနဲ့ ရှုပ်ထွေးနေတဲ့ မိန်းမကြီးလို့၊ သူ အားထုတ်နေတဲ့ တရားကလဲ ဘာတရားလဲလို့ ထင်မှာဘဲ။ ဟုတ်တယ်၊ အဲဒါ မော်လီကို စိတ်မချလို့..”
မော်လီသည် ယခုအခါ ဣနြေ္ဒရစွာ မိခင်မျက်နှာကို မော်ကြည့်၍ စူးစိုက်စွာ နားထောင်နေ၏။
“လိုင်စင်ခေတ် ကုန်ပြီး ဒီဘက်ပိုင်းမှာ သူ မတင်ရီတို့နဲ့ ပေါင်းပြီး ရိုးရိုးသားသား စိန့်ရွှေအရောင်းအဝယ် လုပ်တယ်။ တိုက်တွေ အိမ်တွေလဲ ပွဲစားလုပ်ရင်းက ငါ့သမီး ခြေလွန်သွားမလားဆိုတာ ကြီးကြီးဋ္ဌေး စောင့်ကြည့်နေတယ်။ လိုင်စင်ခေတ်ကတောင် တချို့ မိန်းမချော မိန်းမလှတွေ လင်ငုတ်တုပ် စိန်ရွှေအပြည့်နဲ့တောင် လောဘမသတ်နိုင်ဘဲ လိုင်စင်ရောင်းစားရာက ကုလား တရုပ်သူဌေးတွေရဲ့ ကြေးကြီးစား ခြေတာတင် ဖြစ်ခဲ့ကြတယ်..”
မော်လီသည် ခေါင်းငုံ့နေရာမှ ဆတ်ကနဲ မော့်လိုက်၏။
“မေမေကလဲ မော်လီ စီးပွားရေးဝါသနာပါလို့ လုပ်ခဲ့ပေမယ့် အဲဒီတုန်းကတောင် မော်လီ လိုင်စင်ရောင်းမစားခဲ့ဘူး...”
မော်လီသည် ညင်သာစွာ ဖြေ၏။
“ဟုတ်ပါတယ် သမီး၊ ခုလဲ တဖြည်းဖြည်း ခြေကျွံ လက်ကျွံနဲ့၊ မှောင်ခိုဂိုဏ်းတွေနဲ့ ပေါင်းမိသွားမှာစိုးလို့ ရင်တထိတ်ထိတ်နဲ့ မေမေ သမီးကို စောင့်ကြည်နေလာတာဘဲ။ ခုမှဘဲ ငြိမ်းတယောက် စကားဆိုသလို မေမေလဲ ဆိုပါရစေတော့၊ ကိုယ့်အားကိုယ်ကိုးနိုင်တဲ့ လူအိုတွေအဖို့ ကိုယ့်စိတ်ကြိုက် ကိုယ်နားခွင့်ကို ရွေးချယ်ချင်လာပြီ။ ဒီအတွက် ကိုယ်ကျိုးကြည့်တဲ့ မိခင်တွေလို့ အထင်လွဲရင်လဲ မေမေတို့ခံမယ်”
ဒီအခါ မော်လီ ငိုလေပြီ။ မြူးပျံကြွနေသော ငှက်ငယ်သည် ကမ်းပါးစောင်းတွင် နားရင်း သူ နေ့စဉ် ပျံသန်းနေသော ခရီးကို မျှော်ကြည့်မိ၏။ မေမေပြောခဲ့သလိုပင် တကယ်တော့ သူ ခေါက်တုံ့လူးလာ ပျံသန်းခဲ့သော ခရီးသည် အန္တရာယ်များလှသည်တကား။
"ဒီတော့ ရှိတာနဲ့စား၊ ရှိတာနဲ့ နေပါ မော်လီ။ မတင်ရီတို့နဲ့လဲ အဆက်ဖြတ်မယ်လို့ မေမေ့ကို ကတိပေးပါ..”
“ဟုတ်..ဟုတ်ကဲ့...”
မော်လီသည် ငိုရှိုက်ရင်းမှ အဖြေပေး၏။
“ ကျူရိုး တိုင်ထူနေရတဲ့ မိန်းမသားတွေ သူတို့ရဲ့ ပျက်စီးရတာ၊ ဆင်းရဲတဲ့ သားသမီးတွေရဲ့ ဝတ္တရား မကျေတာကို ခွင့်လွှတ်နိုင်ကြပေမယ့် သမီးတို့လို အခြေအနေရှိတဲ့ အမျိုးသမီးတွေရဲ့ ခြေလှမ်းမှားတာကိုတော့ ဘယ်သူကမှ ခွင့်လွှတ်မှာ မဟုတ်ဘူး...”
ဒေါ်သန်းဌေးက ဤတွင် သူ့စကားကို နိဂုံးချုပ်လိုက်၏။ ကိုသန်းချိန် ခေါင်းထဲတွင်မူ သူ့မေမေရော မည်သို့သော အနားယူခြင်းကို ရွေးချယ်မည်နည်း။ သူသည် စဉ်းစားနေမိ၏။
“အခုတော့ မေမေနဲ့ ငြိမ်းရဲ့ အခြေအနေက သားသမီးကို လက်ဝါးဖြန့်တောင်းရအောင် ဆင်းရဲတဲ့အခြေအနေ မဟုတ်လေတော့၊ ဒို့များရဲ့ အိမ်ပြန်ချိန်ကို ဒို့များဖာသာ ရွေးချယ်လိုက်ပြီဆိုတာ ဒို့နှစ်ယောက် တိုင်ပင်ပြီး သမီးတို့ သားတို့ကို အသိပေးတာဘဲ....”
”သူတို့သူငယ်ချင်းနှစ်ယောက် ကြိုတင်စီမံကြခြင်းပေကိုး"
လူငယ် သုံးယောက်သည် ဘာမျှ ပြန်မပြောတော့ပေ။
* * *
၃၂-လမ်းလို လမ်းကျဉ်းလေးမျိုးတွင် ဤဝရန်တာသည် လသာပြတင်းဖြစ်၏။ ဤလေသာဆောင်တွင် ထိုင်၍ ထိုင်၍ အပန်းဖြေကြရ၏။
“သူတို့ ပြန်သွားကြပြီ..”
မြမြစိန်သည် တီးတိုးစွာ ရေရွတ်၏။ မေမေ၏ အိမ်ပြန်ချိန်ဇာတ်လမ်းသည် သူ့ နှလုံးသားတွင် အမြဲထင်နေသည်။ ထိုနေ့က...မေမေ့ကို ၀ါးခယ်မအထိ သူ လိုက်ပို့ရန် ခွင့်မပြုခဲ့။ သင်္ဘောဆိပ်အထိသာ သူလိုက်ပို့ရသည်။ ဖထီးတို့ လင်မယားရော ဒေါ်သန်းဌေးပါ ပြုံးရွှင်ကြည်လင်သော မျက်နှာနှင့် ဗန္ဓက သင်းဘောဦး ဧည့်ခံခန်းတွင် ထိုင်နေ၏။ မေမေသည် သူတို့အလယ်တွင် ငြိမ်းအေးသော မျက်နှာနှင့် သူ့ကို ကြည့်နေသည်။ မြေးငယ်လေးများကို သင်္ဘောဆိပ်လိုက်ပို့ရန်ကိုလည်း ဒေါ်ငြိမ်းမယ်က ခွင့်မပြု။ ယခင်လိုမဟုတ်၊ ဗန္ဓကသည် ယခု အချိန်စောထွက်၏။ ဇင်ရော်များ ပျံသန်း၍ သင်းဘောဦးပတ်ဝန်းကျင်တွင် ဝဲနေကြသည်။ ကိုသန်းချိန် တယောက်တည်းသာ ပြတင်းမှာ မတ်တပ်ရပ်ကာ လက်ထဲမှ ပေါင်မုံ့ကို ဖဲ့၍ စင်ရော်များကို ကျွေးမွေးနေသည်။
.
သင်္ဘောထွက်တော့မည်။ သူ၊ မော်လီ၊ ကိုသန်းချိန်နှင့် ခင်မောင်ရင်တို့သည် ကြမ်းပြင်တွင်ထိုင်၍ မေမေနှင့်ကြီးကြီးဌေးကို ကန်တော့၏။ အစဉ်ထာဝရလိုပင် မြမြစိန်ထက် ပြုံးရွှင်မြူးပျံနေတတ်သော မော်လီသည် ယခု သူ့ထက် ရှိုက်၍ ငိုသည်။
ကျဉ်းကျပ်သောလှေကားမှ သူတို့ အောက်ကိုဆင်းခဲ့၏။ ဗန္ဓကသည် ဆည်းဆာချိန်တွင် ရန်ကုန်မြစ်ကို ခွာခဲ့ပြီ။ တံတားတွင် သူတို့သုံးယောက် မတ်တပ်ရပ်နေ၏။ သင်းဘောပေါ်က အဖွားကြီးနှစ်ယောက်သည် လက်ကို ဝှေ့ရမ်းနေ၏။ သူသည် လက်ကိုမြောက်၍မရ၊ တချို့ ဇင်ရော်လေးများသည် ခုတ်မောင်းသွားသော ဗန္ဓကသင်္ဘောနောက်သို့ ရောယောင်၍ ပျံသန်းလိုက်သွား၏။ တချို့ စင်ရော်လေးများကတော့ ဆည်းဆာချိန်ရောက်ပြီမို့ သူတို့လည်း အိမ်ပြန်ကြသည်။
မေမေတို့၏အိမ်ပြန်ချိန်သည် ကောင်းသောပြန်ခြင်းဖြစ်၏။ မေမေချစ်သော ၀ါးခယ်မ၏ခြံမြေလေးသည် သူ့ကို ဆီးကြိုနေမည်။ မိုးကျချိန် ဗွက်ထူသောဈေးအနီး ကမ်းနားလမ်းကသာ ညစ်ပတ်ပေရေနေပေမင့် မြို့ပြင် မေမေနေသော ကျောင်းကြီးအနားက ခြံမြေလေးသည် ယခုလည်း သာယာချမ်းမြေ့နေပေလိမ့်မည်။
ဪ တနေ့ သူသည်လည်း အိမ်ပြန်ရမည်။ သူ၏အိမ်ပြန်ခြင်းသည်လည်း ကောင်းသောပြန်ခြင်း ဖြစ်ပါစေသတည်း။
"အချိန်တန်ရင် အိမ်ပြန်ချင်သကို ချစ်သူနဲ့ လမ်းမှာတွေ့သကို"
သားသမီးများထဲတွင် သီချင်းဆို ဝါသနာပါလှသော လှမောင်ချိန်သည် သီချင်းအော်ဟစ်ဆိုရင်း သူ့ စဉ်းစားခန်းဝင်နေသော ဝရံတာသို့ ပြေးထွက်လာ၏။
“မေမေရေ...ဖေဖေကပြောတယ်၊ နောက်အပတ် စနေမှာ ရွှေတောင်ကြားက မေမေကြီး မင်းဘူး ပြန်မယ်တဲ့။ ဖေဖေကလေ ဦးလေး ဦးသန်းရှိန်နဲ့အတူ မင်းဘူးထိ လိုက်ပို့မယ်တဲ့၊ သားတို့က စနေနေ့မို့ ကျောင်းမတက်ရဘူး၊ လေယာဉ်ပျံကွင်းအထိ လိုက်ပို့မယ်နော်...”
“အေး ..အေး”
ထိုအစီအစဉ်ကို သူ့ခင်ပွန်းသည်သည် သူ့အား ပြောပြီးဖြစ်၏။
"ဪ....မေမေကြီးလဲ အိမ်ပြန်တော့မယ်"
သူသည် ယောက္ခမကြီး၏အိမ်ပြန်ချိန်ကို အမှတ်ရလာသည်။
* * *
ဒေါ်ဂျိုးဥ အိမ်ပြန်ချိန်မှာ စည်စည်ပင်ပင်ရှိ၏။ ဦးကောင်းဇံနှင့် ဒေါ်ဂျိုးဥ မိသားစုက ကားတစီး၊ ခင်မောင်ရင် မောင်းသောကားတွင် မော်လီ၊ မြမြစိန်နှင့် ဘမောင်ချိန်တို့အုပ်စုက တအုပ်စုဖြစ်၏။ လေယာဉ်ကွင်းတွင် ပွက်လောရိုက်နေသော သားသမီးတစုတို့ကို အတော်ထိန်းရ၏။
ဒေါ်ဂျိုးဥသည် သူ့စိန်သေတ္တာကို လက်မှာပိုက်ထား၏။ မျက်လုံးအကြည့်များ ငြိမ်သက်ကောင်းမွန်လာ၍ အားလုံး စိတ်ချမ်းသာကြသည်။
လေယာဉ်ထွက်သည်အထိ ဘမောင်ချိန်တို့အုပ်စုသည် လက်ဝှေ့ရမ်း အော်ဟစ်ရင်း နှုတ်ဆက်နေကြသည်။
“မေမေ.....မင်းဘူးက ဖွားဖွားကြီးကလေ ဖွားဖွားငြိမ်းလိုမဟုတ်ဘူး၊ အဆို အက သိပ်ကောင်းတာဘဲနော်”
လှမောင်ချိန်သည် ပြောရင်းဆိုရင်း အငြိမ်မနေ..။
“စိန်ဘီးလဲ ပန်ချင်သမောင်၊ တိုက်ကြီးလဲ တယ်မယ် မောင်၊ အဲဒါတွေကို ကိုယ့်ယောက်ျားမို့၊ ဒုက္ခများသမို့၊ အပိုမရှာချင်ပေါင်၊ လူတို့ခင်မင်အောင်၊ ဖြစ်သ၍နေပြီး မရှောင်၊ ရွှေကိုမင် လူကိုခင်တယ်၊ ချစ်တဲ့သူကလွဲ အကုန်လုံး ဖွဲနဲ့ဆန်ကွဲမောင်၊ ဘုရင်ခံမလိုချင်ပေါင်....”
သီချင်းကို သီဟစ်ဆိုရင်း ဒေါ်ဂျိုးဥ စိတ်ဖောက်ပြန်သည့်နေ့က က,သည့်အတိုင်း လှမောင်ချိန်က ရှေ့ဆုံးမှ က,၍ လေဆိပ်ဧည့်ခန်းဝ မှန်တံခါးကြီးရှိရာသို့ ပြန်ရန် ထွက်သွား၍၊ နောက်က မောင်နှမတစုက လက်ခုပ်တီးကာ လိုက်သွားကြသည်။ လေယာဉ်ပျံကွင်း ဧည့်ခန်းဆောင်ရှိ ခရီးသည်များမှာ သူတို့ကို ကြောင်၍ကြည့်နေသည်။
မြမြစိန်သည် ခလေးအုပ်ကို ထိန်းရင်း နောက်မှ အော်ဟစ်လိုက်သွား၏။
ဪ... ယောက္ခမကြီး၏ အိမ်ပြန်ချိန်သည်လည်း "ကောင်းသောပြန်ခြင်း ဖြစ်ပါစေသတည်း” ဟု ဆုပင် မတောင်းလိုက်ရ။ ခလေးများက ဆူလှပေသကိုး။
ပီကာဆို၏ ချိုးရုပ်သည် ငြိမ်းချမ်းရေး အထိမ်းအမှတ် အနေဖြင့် ရေးဆွဲသည်ဟု ဆို၏။ ဒေါ်ဂျိုးဥကတော့ ပညတ်သွားများ ဓာတ်သက်မပါ မည်သည့်ချိုးက အုသွားလေမှန်း မသိ။ နှလုံးသွေးဆူအောင် မငြိမ်းချမ်းနိုင်ဘဲ ပူပန်ခဲ့ရ သော ဒေါ်ဂျိုးဥပါတကား...။
ခင်နှင်းယု
(ဤဝတ္ထု ဖြစ်မြောက်ရန်အတွက် ကာယကံရှင်များ မသိဘဲ၊ ကျမ၌ အကူအညီများ ရရှိခဲ့ပါသည်။ သို့ပါ၍ အောက်ပါပုဂ္ဂိုလ်များအား အထူးကျေးဇူးတင်ရှိပါသည်။ စိတ္တဇဆေးရုံအုပ်ကြီး ဒေါက်တာဦးနေဝင်း၊ ဒေါက်တာ ဦးအုန်းမောင်၊ ဒေါက်တာ ဒေါ် ဂျေခိုင်၊ စာရေးဆရာ ဆွေမင်း၊ ဆရာ ကျော်ဘုန်းတို့ ဖြစ်ပါသည်။)
No comments:
Post a Comment