မြမြစိန် ရင်ထဲတွင် မိန်းမတွေ ကိုးကွယ်သည့်ဘုရားမှာ များလွန်းလှသည်ဟု ထင်ပါသည်။ “သားကိုသခင် လင်ကိုဘုရား”တဲ့၊ ရှိစေတော့ မိဘ ငုတ်တုတ်ရှိသည်ဆိုတောင် လင်ဆိုသည်မှာ မိန်းမတို့၏မှီခိုရာ အားထားရာ လဲလျောင်းရာဖြစ်၏။ အိမ်ဦးနတ်လည်း ဖြစ်သည်ဟု ဆိုသည်။ သူသည် အလယ်တန်းတွင် မြန်မာစာပြ ဆရာမဖြစ်၍ ဝေဿန္တရာစာအုပ်ကို ခဏခဏ ပြရလွန်းသောကြောင့် မဒ္ဒီဒေဝီ၏စကားလုံးများမှာ ကျက်စရာမလို ပါးစပ်ထဲတွင် "အခိုးအလျှံမရှိသော မီး၊ အလံမရှိသောရထား၊ လင်မရှိသောမိန်းမ” စသော မတင့်တယ်သောအရာများကို ဖော်ပြသော စကားလုံးများမှာ နှုတ်တက်ရနေပေပြီ။
အမှန်တော့ လင်ချစ်လွန်းသော မဒ္ဒီသည် ခပ်ရှင်းရှင်း ခေတ်မှီမှီသာပြောရလျှင်တော့ စာရေးဆရာမလုပ်ဖို့ကောင်းသည်။ မြေပေါ် ခြေမချရသော နန်းတွင်းသူက ဟိမဝန္တာကို စိတ်ကူးနှင့် ချီးမွမ်းပြလိုက်သည်မှာ စာရေးဆရာ မမှီပါချေ။ အမှန်တော့ မမြင်ဘူးသော ဟိမဝန္တာကို ချီးမွမ်းချင်သည်က တော်တော်၊ လင်တော်မောင် ဝေသန္တရာမင်းကြီးနောက် လိုက်ချင်လွန်းသောကြောင့် ဟိမဝန္တာကို တခန်းတနားဖွဲ့နွဲ့ ၍ ယောက္ခမများကို ချီးမွမ်းပြနေရ၏။
သူသည် ကိုကို့ကိုချစ်ပါ၏။ လင်ချစ်သော မဒ္ဒီဒေဝီကိုလည်း ထောက်ခံပါ၏။ သို့သော် ယခုတဖန် မေမေက ယောက္ခမဆိုသည်မှာလဲ မိဘနှင့်တဂိုဏ်းထဲထား၍ ရိုသေရမည်တဲ့။
“မဟုတ်ဘူးလား သမီးရယ်၊ သူ့ခမျာ မေမေဆေးရုံတက်တုန်း အိမ်မှာလာပြီး မေမေ့ကိုယ်စား သမီးတို့ကို စောင့်ရှောက်ပေးနေတာ ကျေးဇူးတင်ရမယ်၊ ကိုယ့်မိဘလိုပဲ ပြုစုရိုသေရမယ်၊ သမီးက စိတ်မြန်တယ်၊ ပါးစပ်မြန်တယ်၊ သတိ
ထားနော်..”
“ဟင်း.."
မြမြစိန်သည် သက်ပြင်းချလိုက်၏။ အိမ်မှာသာဆိုလျှင်လား မေမေ့ကို ဒိုးဒေါက်နှင့် ပြန်ပြောလိုက်ပြီးပေပြီ။
“မိဘဟာ ဘုရားနဲ့ တဂိုဏ်းထဲဆိုတော့ ယောက္ခမကိုလဲ မိဘလိုဘဲ ရိုသေရမယ်ဆိုရင်၊ လင်ကလဲ ဘုရားဆိုတော့ သမီးတို့အိမ်မှာ ကြာရင် နှစ်ကျိပ်ရှစ်ဆူ ဖြစ်တော့မှာပေါ့နော်...” ဟု သူပြောမိမည် ဖြစ်သည်။ ယခုတော့ ဘာမျှမပြောချင်။ ဆေးရုံပေါ်မှာလည်းဖြစ်ပြန်၊ မေမေ့မှာ တင်ပဆုံရိုး ပြုတ်ထွက်သွား၍ ကိရိယာတန်ဆာပလာတွေနှင့် ချည်နှောင်ထားသလို ငြိမ်ငြိမ်သက်သက်နေရချိန်ဖြစ်၍ မေမေ့ကို ကြည့်ရင်း သနားနေသည်။ အသက်အန္တရာယ်ကိုတော့ စိုးရိမ်ရသောအပိုင်းမှ လွန်လာခဲ့ပြီ။ သို့သော် အရိုးကုဆရာဝန်ကြီး ဒေါက်တာဘပုက တလလောက် ဆေးရုံမှာ ငြိမ်သက်စွာ နေရဦးမည်။ ဆေးရုံက ဆင်းလျှင်တောင် အိမ်တွင် တလခန့် နားနေအုံးမည်ဟု ဆိုသည်။
ဘယ်လောက်ပင် နားရနားရ၊ မေမေ၏ငြိမ်သက်စွာ နားနေချိန်တွင် စိတ်၏သက်သာမှုကိုရော၊ ခန္ဓာကိုယ်၏သက်သာမှုကိုရာ သူ အစွမ်းကုန်လုပ်ပေးလိုပါသည်။ သူသည် မေမေ၏ တဦးတည်းသောသမီးဖြစ်သလို သူ့တွင် နောက်ဆုံး ပြုစုရမည်မှာ မေမေတယောက်သာ ရှိတော့သည်။ သို့သော် သူ့စဉ်းစားခန်းထဲတွင် 'သို့သော်'တွေ များလှချည့်။ မေမေ့ကို နှစ်လ မက နှစ်နှစ် သို့မဟုတ် တသက်လုံးပင် ပြုစုရပါစေ၊ သူ ဘယ်လိုမျှ သဘောမထား။ ဒီယောက္ခမ ဒေါ်ဂျိုးဥနှင့် နှစ်လ နေရမည်ကို တွေးမိတိုင်း နှစ်ကမ္ဘာလောက်ထင်ကာ ရင်မောသွားသည်။
“စိန်စိန်ရယ် ကိုကို အကြံတခု ပေးချင်တယ်၊ စိန် အခု ရသင့်သမျှ လစာအပြည့်နဲ့ ခွင့်တလရချိန်မှာ အိမ်ကို ထိန်းသိမ်းရမှာပေါ့၊ ခလေးတွေလဲ ကြည့်ရမယ်၊ ဒီတော့ စိန် မပင်ပန်းအောင် တနေ့လုံး အိမ်အလုပ်လုပ်နေရတော့ ညမှာကောင်းကောင်းနားဘို့ လိုတယ်။ ညဘက် မေမေ့ကိုကြည့်ဘို ညစောင့် သူနာပြုဆရာမလေးတယောက် ငှားပါ။ ငွေအတွက် စိတ်မညစ်ပါနဲ့ စိန်ရယ်၊ ဒို့များ စုဆောင်းထားတဲ့ငွေဟာ ဒီလိုအရေးအခင်းမှာ အသုံးချရတာပေါ့။ တည နှစ်ဆယ့်ကိုးကျပ်ဆိုတော့ သုံးဆယ်ဘဲထားပါတော့လေ၊ သေရောကြရော တလမှာ ငွေကိုးရာပေါ့"
ကိုကိုက သူ့အမေအပေါ်တွင် ငွေကို ပဓာနမထား၊ စိတ်စေတနာသက်ရောက်စွာနှင့် ညစောင့်စပယ်ရှယ် သူနာပြုဆရာမတယောက် စီစဉ်ပေးခဲ့၏။ သူ့အမေအပေါ်တွင် ကိုကိုက ယခုလို ကောင်းပါလျက်နှင့် သူက ကိုကို့မေမေကြီးနှင့် ဒီနှစ်လအတွင်း မနေနိုင်ပေ ဟူ၍ ခါးခါးသီးသီး သူဘယ်လိုလုပ် ပြောရက်ပါမည်နည်း။ ဒေါ်ဂျိုးဥကိုခေါ်ရန် စီစဉ်တုန်းကလည်း ကိုသန်းချိန်သည် တိုင်တိုင်ပင်ပင်နှင့် သူ့သဘောတူညီချက်နှင့် ခေါ်ခြင်းဖြစ်၏။ လင်ကိုလဲ စိတ်ချမ်းသာ မေမေလဲ စိတ်အေးရင် ပြီးပါပြီလေ။ သူသည် သူ့စိတ်သူ လျှော့လိုက်၏။ မိခင်စိတ်ချမ်းသာအောင်သာ ဖြေ၍ပြောလိုက်သည်။
“မေမေရာ အိမ်အတွက် ဘာမှမပူနဲ့။ မေမေ အခု အနားယူသလို သဘောထားနေ။ မေမေကြီးနဲ့ သူ့မြေးတွေနဲ့ အဆင်ပြေပါတယ်။ သမီးနဲ့လဲ အဆင်ပြေပါတယ်....."
သူသည် ဆေးရုံတွင် လုပ်စရာရှိသည်များကို လုပ်ပေးခဲ့ကာ ဧည့်သည် ပြန်ရန် ခေါင်းလောင်းထိုးချိန်တွင် ဆေးရုံကြီးမှ ပြန်လာခဲ့၏။ ဘတ်စ်ကားပေါ် တွင် စီးရင်း မနက်က အကြောင်းမှာ ခေါင်းထဲတွင် ဖျောက်မရ။ ဒေါ်ဂျိုးဥက နောက်ရက်များတွင် သူ နေ့တိုင်း ဈေးသွားပေးမည်ဟု ဆိုသည်။ သို့သော် မသွားတတ်သေး၍ ယနေ့မနက် လိုက်ပို့ပါဟုဆို၏။ သူသည် ၃၈ လမ်းဈေးရော၊ ၂၆ လမ်းဈေးရော အချိန်သင့်သလို ယနေ့တော့ ယောက္ခမနောက်က ဈေးခြင်းကိုင်ကာ သူတို့ ၂၆ လမ်းဈေးသို့ သွား၏။ မေမေမှာသော ဩဝါဒအတိုင်း ဘာတလုံးမျှမပြော၊ ယောက္ခမကြီးလက်ထဲ ငွေထည့်၍ သူ့နောက်က တကောက်ကောက်လိုက်၏။
“ကြက် တပိဿာ ဘယ်ဈေးလဲ....”
“ရေလွတ် ကိုးကျပ် “
"အမလေး....ဘုရားရေ၊ ကျုပ်တို့အညာမှာ တပိသာ ခုနစ်ကျပ်....”
“ဒါ ရန်ကုန်၊ ဒါ ..ရန်ကုန်......”
ကြက်သည်က ခပ်တည်တည် အသံမာမာနှင့် ပြောလိုက်၏။ ဘုရား ..ဘုရား၊ မြမြစိန်သည် စိတ်ညစ်သွားသည်။
“တစိတ် ရောင်းသလား....”
ယောက္ခမကြီးက မေးပြန်သည်။
“တခြမ်းဘဲ ရောင်းတယ်....”
“တခြမ်းဘဲဝယ်လိုက်ပါ မေမေကြီးရယ်၊ ပိုတော့လဲ ပြုတ်ကြော်လုပ်ထားရတာပေါ့..”
ဒေါ်ဂျိုးဥသည် မကျေမနပ်နှင့် ကြက်တခြမ်း ဝယ်လိုက်၏။ ရှေ့ဆက်လျှောက်သွားပြန်သည်။
“ပုဇွန်ဖော့ချိတ် တပိသာ ဘယ်ဈေးလဲ.. "
“တဆယ်သား တကျပ်၊ ငါးကျည်း ၁၆ ကျပ်၊ ငါးရံ့ ၁၄ ကျပ်....”
ဒေါ်ဂျိုးဥသည် သက်ပြင်းချပြန်၏။ ပုဇွန် တဆယ်သား ဝယ်သည်။ ပြီးတော့ ချဉ်ပေါင်ရွက် ခြောက်စီး ဝယ်သည်။
“လာ ပြန်ကြစို့ ၊ ဒီရန်ကုန်ကကောင်မတွေ ဈေးရောင်းပုံက ဝန်ကတော်တွေကျနေတာဘဲ...”
ယောက္ခမသည် ဖျစ်တောက်ဖျစ်တောက်ပြောကာ ရှေ့မှ သွား၏။
မြမြစိန်သည် ဘာတလုံးမျှမပြော၊ သူ့စိတ်ကူးနှင့်သူ မောနေသည်။ ၂၆ လမ်းစျေးနှင့် အိမ်မှာ မဝေးလှ၍ လမ်းလျှောက်ပြန်လာကြ၏။ ကြက်တခြမ်းကို ဘယ်လိုလုပ် စားရပါ့။ သားကြီးတို့အတွက် မနက်ထမင်း သုံးချိုင့်ကို ဟင်းထည့် ပေးရအုံးမည်။ ကိုကိုတယောက်ထဲပင် ကြက်သား တစိတ်လောက် ကုန်မည်။ ညစာ၊ မနက်စာဆိုတော့ ...။ " ဟင်း" ။ သူသည် သက်ပြင်းချမိပြန်၏။
လမ်း ၃ဝ အနားတွင် တိုက်တခု ပြင်နေ၏။ ဖြုတ်ကနဲ ယောက္ခမကြီးသည် သဲပုံနား ကပ်သွားကာ တစုံတခုကို ရှာနေပုံရသည်။ မြမြစိန် ရင်ထဲမှာလည်း ထိတ်ကနဲ ဖြစ်သွား၏။
“မေမေကြီး ဘာရှာလဲ ဟင်....”
မြမြစိန်၏အမေးကို မဖြေသေးဘဲ သဲပုံနားရှိ နို့ဆီခွက် ဟောင်းလောင်းတခုကို ယူလိုက်ကာ ဒေါ်ဂျိုးဥသည် သဲကို ကျုံးထည့်၍ ပြန်လာခဲ့သည်။ သူသည် ဘာမျှ ယောက္ခမကြီးကို မမေး။ အိမ်ရောက်လျှင် ဈေးခြင်းတောင်း ချကာ ယောက္ခမကြီး အမိန့်ကို စောင့်နေ၏။
“မနေ့က ခရမ်းချဉ်သီးဝယ်ထားတာနဲ့ အဲဒီကြက်တစိတ် မောင်သန်းချိန်ဘို့ ချက်၊ ကျန်တဲ့တစိတ် ပြုတ်ကြော်လုပ်ထား၊ အဲဒါက မငြိမ်းမယ်ဆီ ပို့ဘို့။ ပုဇွန်တဆယ်သားနဲ့ ချဉ်ပေါင်ရွက်ခြောက်စီး အရေသောက် ချက်တာကတော့ တအိမ်လုံး စားဖို့ ”
မြမြစိန်သည် “မိဘအပေါ် ဆိုးခဲ့လေသမျှ သူနဲ့ကျမှ ဝဋ်လည်တယ်ထင်”ဟူသော မေရှင်ကြီး၏သီချင်းကိုသာ ဟစ်ဆိုလိုက်ချင်သည်။ သို့သော် သူသည် စကားနည်းရန်စဲဝါဒကို လက်ကိုင်ထားရမည်။ ယောက္ခမကြီးသည် မေမေမဟုတ်ဆိုသည်ကို ဖောင်းတယ်ပိန်တယ် ဝိပဿနာရှုသလိုကို ရှုနေရမည်။ လက်က ယောက္ခမ ခိုင်းသည်ကိုသာ လုပ်နေရသော်လည်း စိတ်ထဲတွင် မနက် သားလေးတွေ ထမင်းချိုင့်ထဲ ဘာဟင်းထည့်ပေးရမလဲ ဆိုသည်ကိုသာ သူ စိတ်စောနေသည်။ သူ ချက်ပြုတ်နေဆဲ ယောက္ခမကြီး ဘာလုပ်နေသည်ကို တစေ့တစောင်း ကြည့်နေ၏။
အိမ်ရှေ့ ဝရံတာပေါ်တွင် ထင်းရှူးပုံး အဟောင်းတခု ရှိသည်။ ထိုအထဲတွင် ကလေးများ ဆော့ထားသော သဲရောနေသည့်မြေကြီးရှိသည်။ ဒေါ်ဂျိုးဥသည် ယူလာသောနို့ဆီခွက်ထဲမှ သဲများကို လောင်းထည့်ကာ သမအောင် မွှေလိုက်၏။ ပြီးလျှင် သူ အညာမှယူလာသော စွန်တာနီပဲများကို သဲပေါ်ကို ကြဲလိုက်၏။ အပေါ်မှ တောင်းအစုတ်တခုနှင့် အုပ်ထားလိုက်သည်။
မြမြစိန်သည် ထမင်းဟင်း ချက်ပြုတ်ပြီးသည်များကို လက်စသတ်ရင်း “မေမေကြီး၊ အဲဒါ ဘာလုပ်ဖို့လဲဟင်”ဟု မေးလိုက်၏။ အငယ်ဆုံး နို့စို့ကောင်အား ထမင်းခြေပြီးသားကို ဆားနှင့် နယ်ကျွေးရန် သူသည် ဆက်၍လုပ်နေ၏။ ပူစူးနှင့် မာလေးကတော့ ယခင်က သူတို့ဖွားဖွားလို သူတို့ကို တခမ်းတနား ကျွေးမည့်သူမရှိ၍ သံပန်းကန်ပြားကိုယ်စီနှင့် သူတို့ဖါသာ ထမင်းစားနေ၏။
“သုံးလေးရက်ကြာမှ ဒီတောင်းကိုဖွင့်၊ ဒို့ဆီမှာတော့ ပဲညှောက်ပေါက်ပေါ့အေ၊ အဒါ ပဲကြီးဆီပြန်ချက်သလို ချက်စားစမ်း၊ အင်မတန် အရသာရှိ။ တပတ် နှစ်ခါလောက် ချက်။ ခရမ်းချဉ်သီး ပေါတုန်း များများဝယ် ဖြန့်ထား၊ ခရမ်းချဥ် သီးကြော်နဲ့ ဟင်းချိုအရေသောက်တခွက်ဆို ပြီးရော။ ဘယ့်နှယ် နေ့တိုင်း စျေးသွား၊ ဒီကလေးတွေလဲ အသားဟင်း နေ့တိုင်းကျွေးနဲ့၊ ညည်းတို့ စိန် မစုတာ ကားမဝယ်နိုင်တာ အဆန်းမဟုတ်ပါဘူး.....”
မြမြစိန်သည် ပထမတော့ သူ့ ပြန်ပက်အုံးမည်ဟု ပါးစပ်ပြင်မိသေးသည်။ နောက်တော့ ရယ်ချင်လာပြန်၏။ ဘာမျှ ဆက်မပြောတော့။ တော်ပါသေး၏။ ကိုကိုက ညက ချက်ထားသော ဆိတ်သားလုံးကြော်နှင့် ထမင်းစားကာ အစောကြီး ရုံးသွားနှင့်ပေပြီ။ သူသည် စားပွဲပေါ် ခူးခပ်ပြင်ဆင်ပြီးသော ထမင်းဟင်းများကို သံဇကာနှင့် အုပ်လိုက်၏။
“မေမေကြီး ဆာရင် စားနှင့်တော့နော်၊ ကလေးသုံးယောက်လုံးကို သိပ်လိုက်တော့မယ်....”
သူသည် တကယ်တော့ ဒေါ်ဂျိုးဥကို မျက်နှာချင်းမဆိုင်မိအောင် မျက်နှာလွှဲနေလိုခြင်းဖြစ်သည်။ သူ့နားထဲတွင် မော်လီ၏ ဖိုးဖိုးကြီး၏ 'ငါးနုသန်း လေးကောင်စီမံကိန်း'၊ သူ့ဖွားအေ၏ (ဒေါ်ငြိမ်းမယ် အမေ)'ခေါင်းတရာ ရှိသော စီမံကိန်း'တွေ ထပ်တလဲလဲနှင့် မကြားချင်အဆုံး ဖြစ်နေသည့်အထဲ လာပြန်ချေပြီ၊ 'စွန်တာနီ ပဲညှောက်ပေါက်စီမံကိန်းကြီး'။ သူသည် ပြုံးလိုက်၏။
"အမကြီး လမ်း ၃၀ မှတ်တိုင် ရောက်ပြီ..”
ဘတ်စ်ကားစပယ်ရာ အော်သံကြားမှ ပြုံးနေမိသောသူ့မျက်နှာကို ပြင်လိုက်ရ၏။
“မေ့သွားလို့ပါနော်”
သူသည် ဘတ်စ်ကားပေါ်မှ ကမန်းကတန်း ဆင်းလိုက်ရ၏။ ဘတ်စ်ကားပေါ်မှာသာ တယောက်တည်း ရယ်နေလျှင်တော့ သူ့ကို အရူးဟူ၍ထင်ကြတော့မည်။ မနက်က ယောက္ခမနှင့် စခန်းသွားခဲ့ပုံကို ဆေးရုံပေါ်ရှိ မေမေ့အား သူ ဘာမျှမပြောခဲ့။ အိမ်အရောက် လှေကားပေါ် တက်ခါနီး ဒေါ်သန်းဌေးနှင့် ဆုံမိနေသည်။
“စိန်စိန် ဆေးရုံကပြန်လာပြီလား၊ လာ အိမ်ခန်းထဲ ဝင်ထိုင်ဦး။ ငါ့သူငယ်ချင်းကြီး ငြိမ်း ဘယ်လိုနေသေးလဲ”
“သက်သာပြီ ကြီးကြီးဌေး၊ ဒီလကုန်ရင် ဆင်းရမယ်။ အိမ်မှာ သက်သက်သာသာ တလလောက် ဆက်နားနေရဦးမှာပေါ့လေ...”
မြမြစိန်သည် ဒေါ် သန်းဌေး၏အခန်းဧည့်ခန်းတွင် အမောပြေ ဝင်ထိုင်ရင်း ဖြေလိုက်၏။
" ကြီးကြီး ဒီနေ့ လာမလို့။ မပြောချင်ပါဘူး၊ မင်းကွန်းဥပုသ်ဇရပ်ကအပြန် ဘောင်ဒရီကွေ့မှာ ကလေးတယောက် ကားတိုက်ခံရတယ်၊ တိုက်တဲ့ကားက ရပ်မပေးပြန်တော့ ကျုပ်မှာ အနီးအနား အသိနဲ့ ကားစီမံပေးလိုက်လို့ ဆေးရုံရောက်သွားလေရဲ့၊ အိမ်ရောက်ရောက်ခြင်းဘဲ ပုမက နေ့ခင်းက မမစိန်လာပြီး ငါးဝယ်ခိုင်းသွားတယ်ဆို ..."
မြမြစိန်သည် အမောကြီး မောသလို သက်ပြင်းရှည်လျားစွာ ချလိုက်၏။ ပြီးမှ သူသည် ဖြေးဖြေးခြင်း မနက်က ယောက္ခမကြီးနှင့်ခင်းခဲ့သော ဇာတ်လမ်းကို ပြောပြ၏။
“အေး... ကြီးကြီးဌေးကလဲ ငါးဈေးကြီးမှန်းသိရတော့ ရတဲ့ အမဲသားဘဲ ဝယ်၊ ပြုတ်ကြော်သာ လုပ်ထားပါအေလို့ ပုမပြောထားရတယ်။ ပင်လယ်ငါးက တန်းစီရတာ အချိန်ကုန်လွန်းလို့....”
“ဘာဘဲရရ ကြီးကြီးဌေးရယ်၊ မနက် ကလေးတွေ ထမင်းချိုင့်ထဲထည့်ပေးဘို့ ဟင်းရရင် ပြီးတာပါဘဲ....”
“ပုမက အပြင်ကပြန်ရောက်ရောက်ခြင်း မမစိန် မှာသွားတာတွေဆိုပြီး ပြောပြတော့ ကြီးကြီးဌေး ရယ်လိုက်တာလေ ပုမတောင် အံ့အားသင့်သွားတယ်.."
“ဘာဖြစ်လို့ ရယ်တာလဲ ဟင်”
မြမြစိန်သည် သူ့မှာတော့ ခံစားရသည်မှာ အမောတကော၊ ကြီးကြီးက ရယ်ရက်လေခြင်းဟူသော အတွေးနှင့် အံ့သြစွာ မေးလိုက်၏။
“စိတ်မဆိုးပါနဲ့ တူမကြီးစိန်စိန်ရယ်၊ စိတ်ထဲက ပုမကလဲ ပြောရော မငြိမ်းမယ်ကို ချက်ချင်းသတိရပြီး ငြိမ်းရဲ့ ဇာတ်ထုပ်ကို မရွှေစိန်တော့ ဝင်ကနေရပြီလို့ တွေးမိပြီး ရယ်တာပါ။ စိန်စိန်တို့ကလဲ ငြိမ်းလက်ထဲ လခပုံအပ်တာပါဘဲ၊ စားစရိတ် စားခငွေ မလောက်ရင် ငြိမ်းရယ်လေ သူ့ရွှေဒင်္ဂါးလေးတွေ တပြားပြီး တပြား ကြီးကြီးဌေးကို ရောင်းခိုင်းပြီး ဖြည့်ဖြည့် သုံးသွားရှာတယ်"
ဤနေရာအရောက်တွင်တော့ ဒေါ်သန်းဌေးသည် လေသံကိုနှိမ့်၍ ငြိမ်သက်တည်ငြိမ်စွာ ပြောပြ၏။ မြမြစိန်သည် အတော်လေးပင် ငိုင်ကာ တွေးနေသည်။ သူ့ရင်ထဲတွင် သနားကြေကွဲခြင်းနှင့် ဖြစ်ရလေခြင်း ဟူသော အတွေးနှင့်အတူ တဖက်ကလည်း “ ယောက္ခမ”ဆိုသော လူတန်းစားတရပ်အပေါ် ဒေါသစိတ်က ဝင်လာကာ သူ့ရင်ထဲ တိုက်ခိုက်နေကြသည်။
“စိန်စိန်ကို ကြီးကြီး အပြစ်တင်ချင်လဲ တင်နော်၊ မေမေ ပေါင်ကျိုးလိုက်တာဟာ ယောက္ခမဆိုတာနဲ့ မိခင်ဆိုတာရဲ့ ခြားနားချက်ကို သင်ခဏ်းစာပေးလိုက်သလို စိန်စိန့်အဖို့ ဖြစ်သွားတယ်။ အိမ်မှုကိစ္စ ဗာဟီရများရတာချင်းတူတူဘဲ၊ မေမေကတော့ ပြသနာတွေဟာ သူ့ဆီမှာဘဲ ပြီးပြတ်သွားစေတယ်၊ စိန်တို့ဆီ ရောက်မလာဘူး။ မေမေကြီးကတော့ တယ်ပြသနာတက်တာကိုး..."
“ဒီလိုလဲ ဟုတ်သေးဘူးလေ”
ဒေါ်သန်းဌေးသည် သူ့ဝါဒအတိုင်း တရားဟောလေပြီ။
“မောင်သန်းချိန်ဟာ သူ့သားဘဲ၊ ဒေါ်ဂျိုးဥစေတနာကလဲ သားကို ကားစီးစေချင်တယ်၊ ချွေးမလဲ စိန်နားကပ် ပန်စေချင်တယ်ဆိုတဲ့ စေတနာလေးတွေရှိတယ်ဆိုတာ သတိပြုလိုက်ပါအုံး တူမကြီးရယ်၊ ဒေါ်ဂျိုးဥဟာ ယောက္ခမ မဟုတ် ဘဲ အမေဆိုရင် စိန် တမျိုးတွေးမှာ"
“သူ ပန်စေချင်တဲ့ စိန်နားကပ်လဲ မပန်ပါရစေနဲ့၊ မော်တော်ကား မစီးရလဲ စိန့်ခြေထောက် မတိုသွားပါဘူး။ ဒီစွန်တာနီ ပဲညှောက်ပေါက် စီမံကိန်းကြီးကိုတော့ မလိုက်နာပါရစေနဲ့ ကြီးကြီးရယ်။ နှစ်ဆယ့်ငါးပြားပေးရင် ပဲပင်ပေါက် အစိတ်သားရတယ်၊ အချိန်ကုန်ခံပြီး ဒီပဲပင်ပေါက် ဘယ်သူလုပ်နေနိုင်မလဲ၊ စိန် ဘယ်လိုလုပ်ရမယ်ဆိုတာ အကြံဥဏ်ပေးပါအုံး၊ ယောက္ခမကြီးကို ပြန်ပို့လိုက်ပါလို့လဲ ကိုကို့ကို စိန်စိန် ဘယ်ပြောရက်ပါ့မလဲ..”
ဒေါ်သန်းဌေးသည် ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်၏။
“ဒို့များမိန်းမမှာ အာဝေနိက ဒုက္ခငါးပါးဆိုတာ ဒါဘဲနော်၊ ဒါတောင် စိန်ဟာ ယောက္ခမအိမ်ကို လိုက်နေရခြင်းဆိုတဲ့အဖြစ် မရောက်သေးဘူး။ စိတ်ဖြေပါအုံးသမီးရယ်၊ တဖြည်းဖြည်းတော့ ပြဿနာဟာ ပြေလည်လာမှာပေါ့။ ခုခေတ် ကြီးကြီးဌေးတို့ ငြိမ်းတို့ ငါးဆယ်ကျော် ခြောက်ဆယ်ဆိုတာတွေဟာ အရင်ခေတ်လို ဘင်္ဂလီအင်္ကျီကြီးတွေ ခါးချပ်ဝတ်လို့ ဆံပင်ကို ထိပ်တင်ပတ်ပြီး အဖွားအိုဂိုက်နဲ့ နေကြတာမှုတ်ဘူး၊ ဒို့လဲ ပညာတွေသင် အလုပ်တွေ လုပ်လာကြတာ။ ဒို့မြန်မာမမှာမှ တော်သေးတာ၊ အိန္ဒိယတို့ တရုပ်တို့မှာဆိုရင် ရှေးခေတ်က ချွေးမတယောက် လက်ထပ်ဖိုရွေးရင် ယောက္ခမတွေက ကျွန်တယောက်ရသလို နွားဝယ်သလို ပြုမူကြတယ်၊ သွားဘယ်နှချောင်း ပေါက်တယ်ဆိုတာ ပါးစပ်ကအစ ဖြဲကြည့်တာ။ အိန္ဒိယတိုင်းသူတွေကဆို ယောက္ခမအိမ်ကို လိုက်သွားရမယ့်ဘဝကို ထောင်နဲ့တောင် နှိုင်းတယ်။ မြန်မာမ ဖြစ်ရတာ အများကြီးကံကောင်းတယ် အောက်မေ့၊ ယောက္ခမထဲမှာ မိခင်လိုကောင်းတဲ့သူတွေ ရှိပါသေးတယ်လေ”
“ကိုကို့ကိုသာ စိန် အားလုံးဖွင့်ပြောချင်တယ်...”
သူသည် ဒေါ်သန်းဌေးကို အားကိုးစွာ မေးလိုက်၏။
“အေး...ပြောတဲ့နေရာမှာ လိမ္မာပါးနပ်ပေစေနော်၊ ငါ့သမီး တရားခံပြန်ဖြစ်မှာစိုးလို့ ကြီးကြီးဌေး သတိပေးတာ။ နက်ဖြန် တရားအားထုတ်နေတဲ့ တချို့ ယောဂီအသစ်တွေအတွက် လိုတဲ့ဆေးလေးဝါးလေး ဝယ်ခြမ်း သွားပို့အုံးမယ်။ ပြီးတော့မှ မဂျိုးဥဆီလာပြီး တရားချရသေးတာပေါ့.."
“အမလေး မချပါနဲ့၊ ငါက သီလရှင် ခြောက်နှစ်ဝတ်လာတဲ့ ကောင်မတဲ့၊ ငါ့ကို ဘယ်သူမှ တရားပြစရာမလိုဘူးတဲ့....”
“ဪ.....အဲဒါတွေ ခက်တာပေါ့။ ခြောက်နှစ်မကလို့ တသက်လုံးဝတ်လာတဲ့ ငယ်ဖြူသီလရှင်တွေ ဘုန်းတော်ကြီးတွေတောင် ဒီဝိပဿနာကို အားထုတ်ရသေးတာဘဲ။ အေးလေ ဒါကတော့ ကြီးကြီးဌေး ကြည့်ပြောပါမယ်။ ဒါကြောင့် ထင်တယ်၊ တနေ့က လှေကားရင်း တွေ့ကြတော့ “ယောဂီထဘီဝတ် ကြည့်ရတာ ပူဇာစကျနေတာဘဲတဲ့။ ဟိုစပ်စပ် ဒီစပ်စပ် အခု ဘယ်သွားအုံးမလို့လဲတဲ့” ကြီးကြီးလဲ ပထမ အားသင့်သွားတယ်၊ နောက်မှဘဲ “အသစ်ရောက်လာတဲ့ ယောဂီတွေအတွက် မြို့ထဲ လိုအပ်တာလေးတွေ ဝယ်ပေးမလို့" လို့ ဖြေလိုက်ရတယ်။ ယောဂီသစ်ဆိုတာ အမှတ်စိပ်ဖို့၊ သမာဓိရဘို့ မနဲကြိုးစားရတာကွယ့်။ အေးလေ ဒီတရားကို ဥာဏ်စဉ်နာပြီးအထိ မထိုင်ရသေးသူတွေအတွက် သဘောပေါက်ဖို ခဲယဉ်းသား။ သူ့မျက်စိထဲ ယောဂီထဘီဝတ်ပြီး လမ်းသလားနေတယ် ထင်ချင်ထင်နေမှာ။ ကဲလေ စိန် သွားနိုင်ပါပြီ။ ကြီးကြီးဌေးပြောသလိုသာ စကားပြောရင် သတိထား....”
ဒေါ်သန်းဌေး၏ ရှည်လျားသော ဆုံးမစကား ပြီးပြတ်မှပင် မြမြစိန်သည် ဖြည်းညှင်းစွာ အိမ်ပေါ်သို့ တက်ခဲ့၏။
* * *
ညဥ့်နက်ပေပြီ။ ဒေါ်ဂျိုးဥသည်လည်း နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ကလေးများသိပ်ပြီးသော မြမြစိန်သည် စာကြည့်စားပွဲရှိရာသို့ ထလာသည်။ စာကြည့်စားပွဲနားတွင် သားကြီးတို့ သမီးတို့ ကျောင်းသင်ခဏ်းစာများ လုပ်ပြီး၍ ဖရိုဖရဲ တချို့ကျန်ရစ်သော ခဲတံအတိုအစ၊ စာအုပ်များကို သိမ်းလိုက်သည်။
ကိုသန်းချိန်သည် ပက်လက်ကုလားထိုင်ပေါ်တွင် ခေါင်းမှီထိုင်ရင်း စာတအုပ်ကို စိတ်ဝင်စားစွာ ဖတ်နေသည်။ စာကြည့်စားပွဲပေါ်ရှိ စာဖတ်ရန် မီးပွင့်သည် စားပွဲပတ်ဝန်းကျင်တွင်သာ ခပ်အုပ်အုပ် လင်းနေသည်။ ခေါင်းရင်းရှိ ဘုရားစင်လေးထောင့်ပေါ်က မီးပြာလေးတလုံးထဲ၏ အရောင်ကတော့ ငြိမ်သက်အေးမြနေပုံရ၏။ ပြာလဲ့လဲလေး လင်းနေသည်။ မြမြစိန်သည် ဘုရားစင်ကိုကြည့်ရင်း ရင်ထဲတွင် အမောပြေသွားသည်။
ကိုသန်းချိန်နှင့် မျက်နှာချင်းဆိုင် တဖက်စွန်းရှိ ကုလားထိုင်တခုတွင် သူသည် ဖြည်းညှင်းစွာ ဝင်ထိုင်လိုက်၏။ စားပွဲပေါ် ခေါင်းတင်၍ သူ့မျက်လုံးကို မှိတ်ထားသည်။
ရွက်နုတောသည် စိမ်း၍မနေ၊ သစ်ကိုင်းများတွင် အညွန့်သည် ပန်းရောင်သွေး ကြွနေသည်။ ပန်းရောင်အနားကွပ်နှင့် ကံ့ကော်ပွင့်ဖတ်များ ပွင့်ပြီးမှ ဤရွက်နုတို့ ထွက်လာကြ၏။ ကံ့ကော်တောသည် နွေနွေမိုးမိုး လှပနေသလိုပင်တည်း။
ကံ့ကော်မြိုင်တန်းကို တက္ကသိုလ်တွင် ကွန်းခိုခဲ့သူတို့က စာတွေ ကဗျာတွေ့ ဖွဲ့ခဲ့ကြသည်။ သို့သော် ဤကွန်းက ခွာခဲ့ပြီးသည်မှ တနှစ်တခေါက် အရောက်လာကြဘို့တော့ ဝေးခဲ့ကြပြီ။
နွေကို ချစ်သော စာဆိုသူ မောင်ဥဩသာ နွေစ,ခါနီး ဆောင်း၏နှုတ်ဆက်ပွဲတွင် သူမှန်မှန်ရောက်လာသည်။ တနွေလုံး ကံ့ကော်တော၏အလှကဗျာကိုလည်း ဖွဲ့ခဲ့သည်။ ဆောင်းကိုနှုတ်ဆက်သောအခါ သူသည် ကြေကွဲသံကိုပြု၍ သူ့တေးတွင် လွမ်းဆွတ်ပါကြောင်းကို ဖွဲ့နွဲ့သီကျူး၏။ နွေလာတော့မည်ကို ကြိုဆိုချိန်ရောက်တော့လည်း လောကတွင် သူသည်သာလျှင် အိမ်ကြီးရှင်ဖြစ်သလို ဝမ်းပန်းတသာ ကြိုဆိုလေဟန်၊ တက်ကြွသောတေးသံဖြင့် သူကြွေးကြော်နှုတ်ဆက်၏။ သူလွန်သော် သူ့မြေးမြစ်၊ အို.... သားစဉ်မြေးဆက် အဆက်ဆက် ရောက်လာ၍ သူတို့ဘိုးဘွားများ၏ တာဝန်များကို ဆက်လက်ထမ်းဆောင်ကြသည်မှာ ဤတက္ကသိုလ်ပင် နှစ်ငါးဆယ်မြောက်ပေတော့မည်။
“ဒီလိုဘဲပေါ့၊ ဒီလိုဘဲပေါ့”
မြမြစိန်သည် အသံမထွက်ဘဲ ရင်ထဲမှ ရေရွတ်လိုက်၏။ သူ့နဖူးပေါ် တွင် ညင်သာသော လက်ချောင်းငယ်များ ရောက်လာသည်။ သူသည် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။
“စိန် အိပ်ပျော်နေပြီလားလို့ ၊ အိပ်ချင်ရင် သွားအိပ်လေ၊ နဖူးမှာ ခြင်ကိုက်နေတယ်”
မြမြစိန်သည် ကိုသန်းချိန်လက်ကို ညင်သာစွာ ဆုပ်လိုက်၏။ ကိုသန်းချိန်သည် သူ့ရှေ့ရှိ သစ်သားကုလားထိုင်ပေါ် ထိုင်လိုက်သည်။ မြမြစိန် မျက်လုံးများသည် မီးရောင်အောက်တွင် စိန်လိုပင် တဖိတ်ဖိတ် တောက်ပနေသူဖြစ်၏။ နားထင်နှင့် ပါးမို့များမှာတော့ ယခင်လို ပြည့်ပြည့်ဝဝ မဟုတ်တော့ပေ။ ပါးမို့များ လျော့ကျသွား၏။ နှာတံသည် အပျိုတုန်းကထက် ပို၍ပေါ်လာ၏။
“စိန်တို့လေ မေမေ ဆေးရုံက ဆင်းရင် တနေ့လောက် အနားယူရအောင်၊ ကလေးတွေကိုလဲ ဆရာမတယောက် နေ့တွက်ဘယ်လောက်ပေးရပေးရ ပေးပြီး အပ်ခဲ့မယ်”
ကိုသန်းချိန်မှာ မြမြစိန်စကားကြောင့် အံ့အားသင့်သွား၏။
"ဖြစ်သင့်တာက မေမေ အိမ်ပြန်ရောက်ရင် သူနာပြုဆရာမ နေ့ရော ညရော ငှားထားခဲ့ပြီး သားတို့ သမီးတို့ပါ ခေါ် ၊ ငပလီဖြစ်ဖြစ် မောင်းမကန်ဖြစ်ဖြစ် ကိုကိုတို့ တပတ်လောက် သွားနားမယ်လေ၊ အဲဒါ မကောင်းဘူးလား.....”
“အို.. အဲလောက်ကြီးလဲ ဇိမ်မခံချင်ဘူး၊ အဲဒါလောက် နားနိုင်လောက်အောင်လဲ ငွေမလွယ်လှဘူး၊ မေမေ့အတွက် သုံးရအုံးမှာ။ တနေ့ထဲ ... တနေ့ထဲရယ်...”
“တနေ့ထဲ ဘာလုပ်မှာလဲ....”
“စိန်နဲ့ ကိုကိုနဲ့ နှစ်ယောက်ထဲ လှေကလေးတစင်း ငှားပြီး အင်းလျားကန်အလယ် ကျွန်းတခုခုကို သွားရအောင်။ စိန်တို့လေ ကျောင်းတုန်းကလို ကြည်နူးတာလေးတွေ၊ အို... ဟိုတုန်းက ရင်ခုန်သံကိုက ဂီတသံပါတယ်နော်....”
“ဘုရားရေ... စိန် ဘာတွေလျှောက်ပြောနေတာလဲ... "
ကိုသန်းချိန်သည် အံ့ဩစွာ မေးလိုက်၏။ စိတ်ရင်းကောင်းသော်လည်း ခပ်စွာစွာ ပြောတတ်သော သူ့ဇနီးသည်သည် ယနေ့ လေသံပြောင်းလို့ပါတကား။
“အို.. စိန် အတည် ပြောနေတာပါ၊ စိန်တို့လေ အဲဒီလိုအချိန်မှာ ဘယ်လိုခံစားမှုတွေ ရှိနေတယ်၊ အရင်နဲ့ တူသေးလား ဆိုတာရယ်၊ ပြန်ပြီးစမ်းသပ်ဖို့ ကောင်းတယ်နော်"
အတည်ပေါက် မြမြစိန်က ပြောနေ၍ ကိုသန်းချိန်သည် ဇနီးသည်ကို အကဲခတ်သလိုသာ ငြိမ်သက်စွာ ကြည့်နေ၏။
“ဘယ်တူတော့မှာလဲ....”
“မတူတော့ဘူး ဟုတ်လား...”
-
“ဟုတ်တယ်လေ၊ ဒီလှေကလေးနဲ့ ဒီရေပြင်ပေါ်မှာ လှော်ခတ်သွားပေမယ့် မြမြစိန်နဲ့ကိုသန်းချိန်ဆိုတဲ့ လူသတ္တဝါနှစ်ယောက်က ကျောင်းသူလေးနဲ့ ကျောင်းသားလေးမှ မဟုတ်တော့ဘဲ"
“အင်းပေါ့လေ၊ ဥဩလေးတွေတောင် တက္ကသိုလ်ရဲ့ ကံ့ကော်ပင်ပေါ်မှာ သူတို့ အချိန်မှန် လာခဲ့ကြပေမင့် ဒီနှစ် လာတဲ့ ဥဩလေးတွေဟာ မနှစ်ကလာပြီး ကံ့ကော်ပင်ပေါ်မှာ အော်မြည်ထားကြတဲ့ ဥဩလေးတွေ ဟုတ်ချင်မှ ဟုတ်တော့မှာနော်။ ဒါပေမင့် ဒါပေမင့် ....ကိုကို မလိုက်ချင်နေ၊ စိန်လေ တနေ့တော့ တယောက်ထဲ အင်းလျားရေပြင်မှာ လှေသွားလှော်အုံးမယ်။ ပြီးတော့...ပြီးတော့ လှိုင်းဂယက်သံကလေးတွေကို ပြန်နားထောင်မယ်၊ သူတို့ ပုံပြင်တွေအများကြီး ပြောကြလိမ့်မယ်။ နှစ်ပေါင်းငါးဆယ်ပုံပြင်တွေ စိန်တို့အကြောင်းကိုရော သူတို့မေ့ကြပြီလား.."
မြမြစိန်သည် ပြောရင်း မျက်ရည်တွေစီးကျလာ၏။ ကိုသန်းချိန်သည် ဇနီးသည်၏ပါးပေါ်မှ မျက်ရည်များကို တယုတယ သုတ်လိုက်၏။
"ကိုကို နားလည်ပါတယ်၊ စိန်စိန် ဘာဆိုလိုတယ်ဆိုတာ ကိုကိုနားလည်ပါတယ်။ ကဲ..ထပါ အချစ်ရယ်၊ ကိုယ်တို့ အိပ်ရအောင်နော်"
မြမြစိန်သည် ညင်သာစွာ ထရင်းမှ သူ့မျက်နှာကို ကိုသန်းချိန် ရင်ခွင်တွင် အပ်ကာ အသံမထွက်ဘဲ တီးတိုးရှိုက်၍ ငိုလိုက်၏။ သူကသာ အင်းလျားကန်ရေပြင်၏ လှိုင်းဂယက်များသည် ကမ်းခြေအပါးသို့ကပ်ကာ၊ နှစ်ပေါင်းငါးဆယ် အတွင်း ဤပတ်ဝန်းကျင်ရှိပုံပြင်များကို ပြောကြလိမ့်မည်ဟု ထင်၏။ ပုံပြင်များသည် တထောင့်တည မက မဆုံးသောပုံပြင်များသာတည်း။ ဘယ်တော့မှ မဆုံးသလို ဘယ်တော့မှလည်း ဆွေးမြေ့မသွား။ သို့သော် လူ့အဖြစ် ဆိုသည်က သမိုင်းဘဲ။ သမိုင်းသည် ထပ်ကာ ထပ်ကာ ဖြစ်သလို၊ အမှန်တော့ အင်းလျားပုံပြင်များသည် မသစ်ဆန်းတော့သော ပုံပြင်များ ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ ဇာတ်လိုက်လုပ်သူတွေကသာ တနှစ်တွင် တမျက်နှာပြောင်းကြ၍ သူတို့ပုံပြင်များကို အသစ်စက်စက် ဟု ထင်ကြသည်။ အင်းလျားကန်ကသာ စကားဆိုတတ်ပါလျှင် “ရိုးလှပါပကော... ရိုးလှပါပကော၊ ရွှေယုန်နှင့် ရွှေကျား သက်ငယ်ရိတ်သွားသည့် ပုံကမှ ဆန်းသစ်သေးသည်”ဟု ဆိုကောင်းဆိုပေမည်။
ယခုလည်း မြမြစိန်သည် ရေဂယက်သံများ ပြောစကားကို သွား၍နားမထောင်ခင်၊ သူ့မျက်ရည်တို့သည် သွင်သွင်စီး၍ ကိုသန်းချိန် စွပ်ကျယ်မှစိမ့်ကာ ရင်အုံကိုထိ၍ သူ့ဝေဒနာကို ဖွင့်လှစ်ပြောကြား၏။ သူ့စိတ်ဝေဒနာသည် အချစ်အကြောင်းလည်း မဟုတ်၊ နွေအိပ်မက်ခန်းလည်း မဟုတ်တော့။ အိမ်ရှင်မတယောက်၏ လက်တွေ့ မျိုသိပ်ခံစားရချက်များသာတည်း။ သူသည် အားရစွာ ရှိုက်၏။ သူ့ပါးနှင့် ကိုသန်းချိန်ပခုံးကို ထိထား၏။ သူ့လက်များသည် လင်တော်မောင်၏ပါးမှ ခပ်ဖွဖွလေး နားထင်တိုင် စမ်းနေသည်။
ကိုသန်းချိန်သည် တင်းကြပ်စွာ ပွေ့ဖက်ထားရင်း မြမြစိန် ငိုချင်သမျှ ငိုခွင့်ပြု၏။ သူတို့သည် ပြည်ကိုစိုးသော ဘုရင်မပင်ဖြစ်လင့်ကစား ဒီလိုသာ လင့်ရင်ခွင်ကို မျက်နှာအပ်၍ မျက်ရည်သွန်ချရလျှင် စိတ်ပေါ့ပါးမြဲသာတည်း။
“ကိုကိုက နားထင်တွေတော့ ကျသွားပြီနော်၊ ကိုကိုရဲ့ နဖူးထောင့်ကြီးတွေကလေ မေမေကြီးလိုဘဲ လေးထောင့်ကျကျနဲ့၊ အင်း...ဒါပေမင့် နားထင်က ဆံစတွေကလဲ ဖြူလာပြီနော်....”
ရှိုက်သံ ဝေးသွားသောအခါ စိန်စိန်သည် တီးတိုးစွာ ပြော၏။
“ကိုကို လေးဆယ်ပြည့်တော့မယ်လေ၊ ပြီးတော့ စာပေလိုက်စားသူတွေဟာ ဆံပင်ဖြူလွယ်တယ်”
ကိုသန်းချိန်က ဖြေလိုက်သည်။
“ကိုကို အိမ်ကိစ္စတွေအတွက် စိတ်ညစ်လို့ မဟုတ်ပါဘူးနော်... ၊ စိန် ငိုတာလေ... ကိုကို စိတ်ညစ်လား.....”
ကိုသန်းချိန်သည် မြမြစိန်၏မေးစေ့ကို ကိုင်၍ မျက်နှာကို ပင့်လိုက်သည်။ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။ သူသည် ပြီးတော့ ပြုံး၍ပြလိုက်၏။
ဪ.....ချစ်ဇနီးပါးစပ်သည် သူ့ပခုံးဝယ် ထိလာသောအခါ သူသည်လည်း အပြုံးနှင့် သနားဖွယ်သော မိန်းမငယ်၏နှုတ်ခမ်းကို ဖိရတော့သည်။ သနားဖွယ်ကောင်းသော ဤသတ္တဝါမလေးများသည် တခါတရံ အဏ္ဏဝါကိုပင် ပစ်ကူးကာ ချစ်သူနောက်သို့ လိုက်ကြ၏။ မယ်ဟေမာ၏ အချစ်ဒန္တာရီဖြင့် သူတို့သတ္တိကို စံတင်၍ပြောကြ၏။ လျော့ချင်သောအခါတွင်မူ ချစ်သူ၏ရင်ခွင်ကို မဟာပထဝီမြေကြီးလို အားထား၏။ တင်းကြပ်စွာ ဆုပ်ကိုင်ထား၏။
အလှူရှင်သည် ရေစက်ခွက်ကို ကိုင်ကာ ဒါနကို ဝသုန္ဓရေနတ်မင်းအား တိုင်တည်၏။ ရေဖြင့် မြေကို သွန်းလောင်း၏။ မြမြစိန်သည် မျက်ရည်ဖြင့် ချစ်သူ့ရင်ခွင်ကို သွန်းလောင်းကာ သူ့စိတ်ခံစားချက်ကို ဖွင့်ဟဆို၏။ ပါးစပ်ဖြင့်တော့ မပြောရက်၊ ဤရင်ခွင်ကိုစောင့်သော နတ်မင်းသည် ဝသုန္ဓရေ နတ်မင်းလို ခင်ပွန်းသည်အား ပြောကြားပါမည်လော။
လူရိုင်းကြီးမဟုတ်သော ကိုသန်းချိန်သည် ချစ်ဇနီးအား ညင်သာစွာ တွဲကာ အိပ်ခန်းသို့ ခေါ်ယူသွား၏။ ယနေ့ညတွင်မူ သူသည် မိခင်တယောက်က သားငယ်ကို ဆက်ဆံသလို ချစ်ဇနီးအား သိမ်မွေ့စွာ ရင်ခွင်ထက်တွင် သိပ်၏။ တော်ပေသေး၏။ ယနေ့ည မြမြစိန် ငိုခြင်းသည် ရမက်ကြောင့် ငိုခြင်းမဟုတ်သည်ကို ကိုသန်းချိန် နားလည်သောအခါ အားလုံးသည် ပြေလည်သွားသည်ကား။
နောက်နေ့ ညနေဘက်တွင် မြမြစိန်သည် ဆေးရုံမှ ပြန်မလာသေး၊ ကိုခင်မောင်ရင်က ကိုးနာရီခွဲပွဲ ရုပ်ရှင်ကြည့်ရန် ကိုသန်းချိန်ကို အဖော်စပ်နေသည်။
“ကျွန်တော်က တမင် ၉-နာရီခွဲ ရွေးလိုက်တာက မြမြစိန် ပါစေချင်လို့ဘဲ...”
ခင်မောင်ရင်က ဆို၏။
“ဟုတ်တယ်၊ စိန့်ကို ကျွန်တော်လဲ နားနားနေနေ အနားပေးချင်တယ်လေ၊ ဟိုတုန်းက သူ အလုပ်လုပ်တာတောင် သီချင်းလေး တညည်းညည်းဆိုပြီးတော့ လုပ်တယ်။ ခုတော့ သူ သိပ်ပြီး စိတ်ကို အလုပ်ပေးနေရသလိုဘဲ..”
“ကျွန်တော်တို့လိုဘဲ သူတို့မှာလဲ နားချိန်ဆိုတာ လိုတယ်။ ဒါကြောင့် မော်လီကို ဝိုင်းထိုင် (ဖဲချခြင်းကို ဆိုလိုသည်) မိန်းမစားမျိုးတွေ အလုပ်ကလွဲရင် မော်လီ ပျော်ပျော်နေတာကို လွှတ်ပေးတယ်။ သားကို လင်ကို ချစ်တယ်ဆိုပေမဲ့၊ ကြာကြာနေတော့လဲ ကျွန်တော် ကြည့်ကြည့်နေတယ်၊ အိမ်ရှင်မအလုပ်ဟာ ညည်းငွေ့စရာကောင်းသား.....”
ခင်မောင်ရင့်စကားကို နားထောင်ရင်း ကိုသန်းချိန်သည် သူ့နဂါးဆေးလိပ်ကြီးကို ရှိုက်၍ရှိုက်၍ ဖွာပြန်သည်။ ညက မြမြစိန် ငိုသည်ကို သတိရပြန်သည်။
“ဒေါက်..ဒေါက်..ဒေါက်..”
ခင်မောင်ရင်က တံခါး ထဖွင့်ပေးလိုက်၏။ ဝင်လာသူမှာ အန်ကယ် ဦးကောင်းဇံ ဖြစ်၏။ သူက သူ့ပုံစံမပျက် ပန်းရောင်နှင့်အဖြူစင်း မန္တလေးလုံချည်၊ ပိုးအပေါ်ဖုံးအင်္ကျီအနက်၊ ပန်းရောင်ခေါင်းပေါင်းနှင့် ဖြစ်၏။ ကိုသန်းချိန်လို ပင် အရပ်မြင့်မား၍ ကိုသန်းချိန်လိုတော့ မပိန်ပေ။ သူ့နှုတ်ခမ်းမွှေးကြီးသည် သူ့မျက်နှာ၏ကျက်သရေဖြစ်၏။ ဒေါ် ဂျိုးဥက အသားဖြူသော်လည်း ဦးကောင်းဇံလောက် စိုစိုပြေပြေ ဝင်းဝင်းပပ မနေပေ။ ခုနှစ်ဆယ်တွင်း ရောက်နေ သော သူ့အသက်နှင့်ဆိုသော် နုပျိုသည်ဟု ဆိုရမည်။
“မဂျိုးဥ တယောက်ကောဟေ့....”
ကုလားထိုင်တခုတွင် ဝင်ထိုင်ရင်း မေးလိုက်၏။
“မေမေ အထဲမှာ ရှိပါတယ်.....”
ကိုသန်းချိန် ဖြေ၍မှ မဆုံးခင် ဒေါ်ဂျိုးဥသည် အိမ်ခန်းထဲမှ ထွက်လာ၏။
“နက်ဖြန် မနက် ဆယ်နာရီလောက် ငါ ဝင်ခေါ်မယ်။ ဒီမှာ မအေးပိုနဲ့ စိန်စိန်နဲ့ တရက် နှစ်ရက်တော့ အဆင်ပြေတယ်မို့လား.....”
“ပြေပါတယ် အကိုကြီး.....”
“ပြေပါတယ် အန်ကယ်၊ မေမေလိုက်သွားတာပေါ့..”
“ ငါ အေးပုံကို ကော်ဖီဖျော်ခိုင်းအုံးမယ်....”
ဒေါ်ဂျိုးဥ မီးဖိုထဲ ထသွားစဉ် ဆေးတံကြီးကို ခဲကာ ဦးကောင်းဇံသည် ခင်မောင်ရင်ကို စကားဆက်ပြောနေ၏။ တခါက ခင်မောင်ရင် ဘီ-အယ်လ် တက်စဉ်က ဦးကောင်းဇံသည် တက္ကသိုလ်တွင် ဆရာဖြစ်ခဲ့ဘူးသည်။
“လောလောဆယ် ဘာမှု လိုက်နေလဲ ခင်မောင်ရင်...”
ဒေါ်ဂျိုးဥသည် ခုံဝိုင်းလေးများကို ဧည့်သည်များရှေ့ ချကာ သူက ကုလားထိုင်တလုံးတွင် ဝင်ထိုင်ရင်း သူတို့ပြောစကားများကို နားထောင်နေသည်။
“အမှုရယ်လို့လဲ မဟုတ်သေးဘူး အန်ကယ်၊ မနေ့ကဘဲ စစ်တွေက ကျွန်တော့်သူငယ်ချင်း ကိုအောင်ဇော်ရဲ့ မိတ်ဆွေဘဲ ဆိုပါတော့၊ ဒေါ်လှကြာဖြူဆိုတာ လာတယ်။ ကိုအောင်ဇော်ဘဲ ခေါ်လာတယ်။ အဒေါ်ကြီးက သားသမီးမရှိတော့ သူ့သွေးသားထဲက မိန်းကလေးတယောက် မွေးစားထားတယ်၊ အမွေစား အမွေခံဘဲ။ မိန်းကလေးက အကောက်ခွန်အရာရှိတယောက်နဲ့ လက်ထပ်ထားတယ်။ တလောက အဖွားကြီး စစ်တွေ လေဘေးအပြီးလောက် နေပါလိမ့်မယ် ရန်ကုန်လာနေတယ်၊ တနေ့ မင်္ဂလာဆောင်ရှိတော့ သူ့သမီးကို ဒေါ်လှက လက်ဝတ်လက်စားတွေ ထုတ်ဆင်တယ်။ စိန်လက်ကောက်ရော၊ စိန်နားကပ်ရော၊ စိန်ကြယ်သီး၊ စိန်ဆွဲကြိုးတွေပေါ့လေ..”
ဒေါ်ဂျိုးဥသည် ခင်မောင်ရင့်စကားကို နားထောင်ရင်း သူ့လက်မှ ဆေးလိပ်ပင် လွတ်ကျသွား၏။ ပြီးမှ ပြန်ကောက်ကာ မီးပွားများကို ငြိမ်းသတ်နေ၏။
“အဲဒါ..မင်္ဂလာဆောင်ကပြန်သာလာရော တခုမှ သမီးက အမေ့ကိုပြန်မအပ်ဘူး၊ အခု စစ်တွေကို ဒေါ်လှကြာဖြူက ပြန်ချင်ပြီ၊ ဒီလက်ဝတ်လက်စားတွေ ပြန်ပေးပေါ့၊ သွားဘို့ လာဘို့ ဝတ်စရာလိုတယ်ဆိုရင်လဲ စိန်နားကပ်လောက်တော့ ယူထားလိုက်ပေါ့.."
“အင်း..”
ဒေါ်ဂျိုးဥက အင်း လိုက်၏။
“အဲဒါကို သမီးကရော၊ သားမက်ကရော တခုမှ ပြန်မပေးနိုင်ဘူးတဲ့၊ တရားရုံးမှာ ရင်ဆိုင်ရရင်လဲ ရင်ဆိုင်ပေစေတဲ့၊ ပြောင်ပြောင်ဘဲ ပြောတယ်ခင်ဗျာ.... “
"ဟောတော့”
ဒေါ်ဂျိုးဥကပင် မျက်လုံးပြူး မျက်ဆံပြူးနှင့် အသံပြု၏။
“ဒေါ်လှကြာဖြူကတော့ အသိဆွေမျိုးထဲက ရခိုင်လူကြီးလူကောင်းတွေကတဆင့် သူ့သမီးကို ပြောပေးကြပါပေါ့၊ သားအမိ မသေခင် တရားတဘောင် မဖြစ်ချင်ဘူးပေါ့။ သားမက်ကလဲ ခပ်တင်းတင်းဘဲ။ အဲဒါ မနေ့က ဘာလုပ်ရမလဲဆိုတာ လာတိုင်ပင်တယ် အန်ကယ်ရေ...”
“အင်း ”
ဦးကောင်းဇံသည် ဆေးတံကြီးကို ရှူလိုက်၏။
“တရားတွေ ပျက်ကုန်ပြီနော်....”
“မွေခံထိုက်စေ ဆိုပေတဲ့ မိဘ ကွယ်လွန်မှ ပေးချင်သသောက် ပေးတာကို သားသမီးကလဲ ယူသင့်တာဘဲ၊ သားသမီး လုပ်ကျွေးတာကို မိဘက ခံယူရင်လဲ သူတို့သားသမီး သဒ္ဓါသလောက် ပေးတာဘဲ မိဘက ခံယူသင့်တာပါဘဲ။ ခုတော့ သားသမီးကလဲ အမွေတောင်းတာကအစ လည်ပင်းညှစ်ယူသလိုဘဲ။ မိဘဘက်ကလဲ လခမှန်မှန်မပို့ရင် ကျိန်ဆဲတဲ့မိဘ ရှိတယ်ကွယ့်။ ဒါပေမင့် ဒီလိုမိဘမျိုးက နဲပါတယ်လေ၊ ဒါက ဥပဒေသဘော ပြောတာမဟုတ်ပါဘူး၊ လူ့ ဝတ္တရားသဘော ပြောတာ၊ အင်း..အခက်အခဲရှိလဲ လာတိုင်ပင်တာပေါ့။ အန်ကယ်.. မနက်မှ မဂျိုးဥ လာခေါ် တော့မယ်။ မောင်သန်းချိန်ရေ ..ကဲ မဂျိုးဥ သွားမယ်... "
ဦးကောင်းဇံသည် ထ ပြန်သွားတော့သည်။ ဒေါ် ဂျိုးဥတယောက်တည်းသာ စိတ်လှုပ်ရှားသလို ဝရန်တာဘွင် ခေါက်တုံ့ ခေါက်ပြန် လျှောက်နေ၏။ ခင်မောင်ရင်နှင့် ကိုသန်းချိန်ကတော့ ပြောလက်စ စကားများကို ဆက်ပြောနေ၏။
“ကျွန်တော်လဲ ခင်ဗျားလိုဘဲ စာရေးဆရာလုပ်အုံးမယ်”
ကိုသန်းချိန်က ခင်မောင်ရင့်စကားကို နားထောင်ရင်း ပြုံး၏။
“တကယ်တော့ ခင်ဗျားနဲ့ကျွန်တော်လဲ အလုပ်ချင်းဆက်နေတာဘဲ၊ ကျွန်တော် လိုက်နေတဲ့ အမှုတွေကို ကျွန်တော် ဒိုင်ယာရီရေးပြီး အနားယူချိန်လောက်မှာ စာအုပ်ရေးချင်တယ်...”
“ဟုတ်တယ်၊ တကယ့်အဖြစ်တွေဟာ အချစ်ဝတ္ထုတွေထက် စီတ်ဝင်စားစရာကောင်းတယ်။ ခင်ဗျားတို့အဖို့ အမှုစစ်တဲ့ရုံးတွေ နယ်မြေအလိုက် ခွဲပစ်လိုက်တော့ ရှေ့နေတွေ ဝတ်လုံတွေအဖို့ သွားရလာရ စိတ်ညစ်စရာဘဲနော်။ ဒါပေမင့် ကျွန်တော်တော့ အဲဒီပုလိပ်ရုံးကြီး လူရှင်းသွားတာတခုတော့ သိပ်သဘောကျတာဘဲ.."
“ဟုတ်တာပေါ့ ကိုသန်းချိန်ရာ၊ ကျွန်တော်တို့ အသိဆုံးပေါ့။ ရှေ့နေထဲမလဲ လူရှုပ်ရှိတာဘဲ။ အမှုပွဲစား၊ ဆွဲချ အရာရှိတွေ၊ အို ...တချို့လာဘ်စားတဲ့ တရားသူကြီးတွေ အမှုထမ်းတွေနဲ့၊ တကယ်ကို အကုသိုလ်အမှုပေါင်းစုံ စုဝေးရာကြီးဘဲဗျာ။ ကျွန်တော်တောင် ခဏခဏ မော်လီကို ပြောမိတယ်။ ဒီရုံးကြီးမှာ အမှုလိုက်ပြီး ရုံးတက်ရုံးဆင်း လုပ်သာနေရတယ်၊ “ပွန်ပီအိုင်မြို့၏ နောက်ဆုံးနေ့” ဇာတ်ကား ကြည့်နေရသလို၊ ဝတ္ထုဖတ်နေရသလိုပဲ"
ကိုသန်းချိန်သည် ခေါင်းတညိတ်ညိတ် လုပ်နေရာမှ “ကျွန်တော်ပြောပြရအုံးမယ်”ဟု ဆို၏။
“တနေ့ကမှ (၂၉-၆-၇ဝ) နေ့ထုတ် သတင်းစာထဲမှာ အောင်ဗလ၏ ကြည့်သောသူမြင်၏” ဆိုတဲ့ အခန်းမှာ "ရင်နင့်အောင် လွမ်း” ဆိုတာ ခင်ဗျား ဖတ်လိုက်ရသေးလား။ အထူးအယူခံ ခုံရုံးက လက်ခံစစ်တဲ့ ခလေးမလေးနှစ်ယောက် အယူခံလွှာ နှစ်ခုအကြောင်းလေ၊ သတ္တ၀ါတွေရဲ့ စိတ်ဓာတ် ညစ်ညမ်းလာတာတွေဟာ သောင်းကျန်းလာလွန်းအားကြီးတော့ သူတို့ကြမ္မာကလဲ သူတို့ကို ဖန်တီးဘို့ အကြောင်းပေါ်လာရတယ်နော်၊ အဲ.... သူတို့တွေကြားထဲမှာ အပြစ်မဲ့သူတွေ ဝင်ဓားစာခံရတာ တယ်ဆိုး။ အောင်ဗလရေးတဲ့ ပပက စာရေး မအူပင်က မခင်ညွန့်ကြည်နဲ့ မန္တလေးက မထွန်းထွန်းမေဆို အပြစ်ပေးမခံရခင် ခုနစ်နှစ်၊ ရှစ်နှစ် ထောင်ထဲ အချုပ်ခံနေရတဲ့အဖြစ်တွေဟာ မဖြစ်သင့်တာတွေပေါ့...”
ကိုသန်းချိန်သည် ဆေးလိပ်ကို ရှိုက်ဖွာ၍ သူ့စကားသူ ဆက်ပြန်၏။
“တနေ့ စာရေးဆရာခင်နှင်းယု ကျွန်တော့်တိုက်လာရင်း ဂန္ဓမာမဂ္ဂဇင်းမှာလဲ ဝတ္ထုရေးပေးဘို့ ကျွန်တော်ပြောတယ်။ သူပြောပြတာလဲ စိတ်ဝင်စားစရာဘဲ၊ ကျန်းမာရေးကြောင့်သာ နားနေရတယ်တဲ့။ အဲဒီပုလိပ်မင်းကြီးရုံး (ရဲချုပ်ရုံး) ကို မြင်ရတိုင်း(စန္ဒယားတလုံး)ဆိုဘဲ ဝတ္ထုတပုဒ်ရေးဖို့ သူ အမြဲသတိရတယ်တဲ့။ သူ့ကိုယ်တွေ့ ဆိုတော့ နေကောင်းလာရင် သူ သေသေချာချာ ရေးအုံးမယ်တဲ့။ အမှုတခုကို ဘယ်လောက်ကြာအောင် ဆွဲပြီး လုပ်စားနေကြလဲဆိုရင် ပထမ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရတဲ့ဗျာ၊ နောက် ဒုတိယ သန့်ရှင်းအစိုးရ၊ နောက်ဆုံး တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၄-ခုနှစ်မှ ပြီးတယ်။ အောင်မယ်လေး စုစုပေါင်း ခြောက်နှစ်ကြာသတဲ့။ သူကိုယ်တိုင်ကလဲ အဲဒီတုန်းကများ ဒီပုလိပ်ရုံးကြီးကိုကြည့်ရတာ မကောင်းမှုတွေ အနိုင်ကျင့်မှုတွေနဲ့ စုဝေးရာ ဗဟိုဌာနချုပ်ကြီးလိုဘဲတဲ့၊ ခုမှ သူလဲ စိတ်ချမ်းသာသွားတယ်။ ခု အောင်ဗလ ရေးတဲ့ အဖြစ်မျိုးကျပြန်တော့လဲ မဖြစ်စေချင်ဘူး။ အခုတလော(အထူးရာဇဝတ်ရုံးတော် အယူခံအဖွဲ့) ဖွဲ့ပြီး အမှုတွေကို လက်ခံ၊ မြန်နိုင်သလောက် မြန်မြန်စစ်၊ တရားခံကို တရားသေ မြန်မြန်လွှတ်ပေလို့ပေါ့၊ နို့မို့ရင် တခါထဲကို ဒီမိန်းကလေးနှစ်ယောက် ဘဝဆုံးမှာဘဲ"
" စာရေးတဲ့သူတွေလဲ မသက်သာဘူး၊ စွန့်စားရတာဘဲ ”
ခင်မောင်ရင်က ညည်းညည်းလေး ဆို၏။
အဲဒီလိုမှ ထောက်မပြရင်လဲ ကျွန်တော်တို့ ကလောင်ကိုင်နေကာ အပိုပေါ့ဗျာ၊ ရင်ထဲမှာ အာဃာတမရှိပါဘူးဆိုတဲ့ သစ္စာဆိုပြီး ကျွန်တော်တို့လဲ ဘယ်သူအုပ်ချုပ်အုပ်ချုပ် လွဲမှားမယ်ထင်တာကိုတော့ ထောက်ပြရတာဘဲ”
“အေးပေါ့လေဗျာ၊ ကျွန်တော်လဲ ခဏခဏ ကိုယ့်ဟာကိုယ် သတိပေးရတယ်။ ကိုယ့်ဝင်ငွေ များရေးအတွက်တော့ အမှုကိုရှည်အောင် လုပ်မစားဘူးဆိုတာ၊ လူစိတ်က ဥပဒေကို ထိန်းသိမ်း၊ ဥပဒေက လူ့စိတ်ကို တဖန်ထိန်းသိမ်းနဲ့ အပြန်အလှန် ဆက်သွယ်နေတာဘဲ။ လူဆိုတာကလဲ ပုထုဇဉ်။ ဥပဒေ ဆိုတဲ့ ဘောင်ကလဲ ကျယ်ပြန့်သား၊ လူသားရဲ့ စိတ် လိုအပ်သလို ဥပဒေက ဆန့်ယူဆွဲယူလို့ ရတယ်။ ဒီလိုပေါ့လေ အတတ်နိုင်ဆုံး ကျွန်တော်တော့ ကြိုးစားတာဘဲ...”
မြမြစိန်တို့လူစု ဆေးရုံကပြန်လာ၍ သူတို့စကားစ ပြတ်သွားတော့၏။ မြမြစိန်အဖို့တော့ ရုပ်ရှင်ကြည့်ဘို့ထက် နက်ဖြန် မေမေကြီး ရွှေတောင်ကြားအိမ် ခဏသွားနေမည်ဆိုသည်ကို ကြားရ၍ စိတ်လက်ပေါ့ပါးသွားလေသည်။
* * *
“သွားရေကျလိုက်တာ၊ ခြောက်တောင့်ထဲ... ခြောက်တောင့်ထဲဘဲ လိုချင်တယ်"
အရင်းမရှိအဖျားမရှိ၊ ဆရာမဒေါ်ညိုဦး၏ ပြောသံကြောင့် ဆရာမလေးတွေက သူ့ကို မော့်ကြည့်၏။
“ဘာကိုသဘောကျနေတာလဲ”
ဆရာမလေးတယောက်က လှမ်းမေး၏။
“ဟောဒီမှာ တော်ရေ၊ ကုန်ချောတန်ဖိုး သိန်း ၂၀၀ ကျော် လှိုင်ဒေသစိပ်စက်ရုံ အလုပ်ရုံတွေမှာ စုပုံနေသတဲ့”
ဆရာမ ညိုဦးသည် ၆-၅-၇၁ နေ့ထုတ် ကြေးမုံသတင်းစာမှ သတင်းတခုကို အော်ကျယ်ဟစ်ကျယ် ဖတ်ရင်း ပြောလိုက်၏။
“အဲဒီအထဲ ကျုပ် သွားရေအကျဆုံးက ပြည်သူပိုင် မဒါးဆပ်ပြာစက်နဲ့ ရွှေတီးဆပ်ပြာစက်မှာ ပုံနေတဲ့ ဆပ်ပြာတွေဘဲ။ များများမလိုပါဘူးတော်၊ ခြောက်တောင့်ထဲ ခြောက်တောင့်ထဲ။ တလမှာ ခြောက်တောင့်ရရင် ကျုပ်တို့အိမ် သုံး
လောက်ရော။ ခုတော့ ဒီလဆန်း သုံးတောင့်ဘဲရတယ်၊ ခလေးများတော့ တလ တလ မလောက်လို့။ မှောင်ခိုက ဆပ်ပြာမှုန့်အပြာတထုပ်ကို ငါးကျပ်ခွဲ ပေးဝယ်ရတယ်၊ ဟင်း...”
သူသည် သတင်းစာကို စားပွဲပေါ် ပစ်ချရင်း ထိုင်ရာမှ ထလိုက်၏။ မိမိတို့သင်ရသော အတန်းများ သင်တန်းဆင်းချိန် ရပ်နားဆဲတွင် ပါလာသော ထမင်း၊ မုံ့၊ ကော်ဖီတို့ကို သောက်နေသော ဆရာမလေးများမှာ ဆရာမဒေါ်ညိုဦးကိုကြည့်ကာ ရယ်နေကြ၏။ ဒေါ်ညိုဦးသည် ဆရာမများထဲတွင် အသက်ငါးဆယ်တွင်း ရောက်ပြီဖြစ်သော်လည်း ပျော်ပျော်ရွှင်ရွှင်နေတတ်၍ အားလုံးက ချစ်သည်။
“အခု ဒါ.. ဘယ်သွားမလို့လဲ....”
ဆရာမလေးတယောက်က မေးလိုက်၏။
“ဘယ်သွားရမှာလဲ၊ ညက မမဗိုက်က မွေးတော်မူတယ်လေ၊ တညလုံးလဲ မအိပ်ရ၊ ခုမနက်လဲ လိုအပ်တာတွေ စီစဉ်ဖို့ ဒပ်ဖရင်သွားရအုံးမယ်လေ၊ ဒါကြောင့် ကျောင်းအုပ်ကြီးဆီ ခွင့်သုံးရက် လာတောင်းတာ.....”
သူထိုင်ရာမှ အထလိုက်တွင် သူ့မျက်စိသည် ညာဘက်စားပွဲအစွန်ရှိ စာတရွက်ကို ကုန်းရေးနေသော မြမြစိန်ဆီသို့ ရောက်သွား၏။
“ဟော...မြမြစိန်၊ အမေကြီး ဘယ့်နှယ်နေသေးလဲ။ ဒို့များလဲ ဒို့ဒုက္ခတွေနဲ့မို့ ဆေးရုံ တခေါက်ဘဲ လာကြည့်နိုင်တယ်။ ခု သက်သာရဲ့လား....”
“ဟုတ်ကဲ့..ဒီလကုန် ဆေးရုံက ဆင်းရမယ်။ အိမ်မှာ နားရအုံးမယ်ဆိုတော့ စိန် ခွင့်ဆက်ယူဖို့ လာစီစဉ်တာ.."
“သာဓုတော် .သာဓု၊ စိတ်မညစ်နဲ့ မြမြစိန်ရေ ... မိဘပြုစုရတာ အမြတ်ကြီးဘဲ။ ကျွန်တော်မသာ အဲဒီသမီးတော် မမဗိုက်က ကိုးတန်းနဲ့ လင်ယူ။ စာမေးပွဲသာ မအောင်ရှိရမယ်၊ ညက မွေးတော်မူတော့ ဒပ်ဖရင် ပြေးရသေး၊ တော်သေးတာပေါ့၊ သမက်က အလုပ်မရှိတော့ မိညိုဦးတယောက်ထဲ စုပုံပြီး အခု မြေးပါ ကျွေးမွေးပြုစုရမှာပေါ့”
သူ့ရင်ဘတ်လေး သူပုတ်ကာ ပုတ်ကာနှင့် ပြောနေ၏။
“အောင်မယ် ဆရာမကြီးကလဲ ညည်းလိုက်တာ၊ နှစ်ယောက် ရှာစာဘဲဟာ၊ ကျမတို့အပျိုတွေ ညည်းဘို့ ချန်ပါအုံး....”
ဆရာမ အပျိုလေးတယောက်က ပြောလိုက်၏။
“အပျိုလို မနေမိလို့ ကိုယ်ရိတာပေါ့၊ အိမ်က ကျောက်ဖြစ်ရုပ်ကြွင်းကြီးကလေ..."
“ဘာ... ကျောက်ဖြစ်ရုပ်ကြွင်း...”
“ဟုတ်တယ် ခုတော့ အိမ်က ကျုပ်လင်တော်မောင်ကို ကျောက်ဖြစ်ရုပ်ကြွင်းလို့ဘဲ ခေါ်တယ်.....”
ဒေါ်ညိုဦးယောကျ်ားမှာ တက္ကသိုလ်ပထဝီဗေဒဌာနတွင် လက်ထောက်ကထိကဖြစ်၍ ကျောက်ဖြစ်ရုပ်ကြွင်းဘာသာရပ်ကို အထူးယူထားသူဖြစ်သည်။
“ခုမှ တွဲမိတယ်လေ၊ သူငယ်ချင်း ပြတိုက် ညွှန်ကြားရေးဝန် ကိုပေါလှနဲ့ပေါ့။ တနေ့က ကိုပေါလှနဲ့တွေလို့ ပြောရသေး။ ရှင်လဲ ရှင့်ပြတိုက်ထဲက ရှေးဟောင်းပစ္စည်းတွေနဲ့အတူ နေနေလွန်းလို့လားမသိ၊ ပြတိုက်ထဲက ရုပ်တုတွေလို မတုန်လှုပ် ငုတ်တုပ်ကြီးလို့။ သူတို့နှစ်ယောက်လေ ဘာဆိုဘာမှ တိုင်ပင်လည်းမရ၊ ပြောမရ၊ အိမ်အကြောင်းလဲ ဆွေးနွေးမရ။ ကျုပ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကြီးက သာပြီးဆိုးသေး။ သူ့တပည့်တွေ စာသင်ချိန်ဘဲ လှုပ်ရှားတာကို ကျုပ်တွေ့မိတာဘဲ။ အင်း... လခထုတ်ရင်သာ လခကိုတော့ အကုန်အပ်ပါတယ်။ ပထဝီဘာသာ အဓိကထားတဲ့ တပည့်တွေကို ကျူရှင်အခမယူဘဲ အားလပ်ချိန်မှာ အလကား သင်ပေးတဲ့အပြင် သူ့တပည့်တွေကို ချက်ပြုတ်ကျွေးမွေးမှလဲကြိုက်တယ်လေ။ သူ့ရုပ်ကလဲ တနေ့တခြား အရိုးပိန်ညောင့်ကျနေလို့ ကျုပ်ကတော့ သူသင်တဲ့ အထူးဘာသာထဲက စကားလုံးအတိုင်း သူ့ကို ကျောက်ဖြစ်ရုပ်ကြွင်းလို့ဘဲ ခေါ်တယ်။ အင်း...အနှီးကိစ္စနဲ့ နို့မှုန့်ကိစ္စ၊ နို့သီးခေါင်းကိစ္စ၊ မိညိုဦး လိုက်လုပ်ရအုံးမယ်လေ...”
သူ့စကားကို သူ့ဖါသာ ဖျစ်တောက်ဖျစ်တောက်ပြောရင်း လျှောက်လွှာစာရွက်ကြီးကိုင်ကာ ဆရာမ ဒေါ်ညိုဦးသည် ကျောင်းခန်းမကြီးဘက်သို့ ဝင်သွားတော့သည်။ ကျန်ရစ်သောဆရာမလေးများမှာ ဆရာမ ဒေါ်ညိုဦး၏ စကားလုံး အထွင်ကောင်းပုံကို သဘောကျ၍ ရယ်မောကျန်ရစ်ခဲ့သည်။
မြမြစိန်သာ မရယ်ရက်သလို ကြောင်၍ ကြည့်နေမိသည်။ ဒေါ်ညိုဦးတွင် အိမ်ထောင်ကျသွားသော သမီးဦးအပြင် သုံးယောက်လား လေးယောက်လား ကလေးကျန်သေးသည်။
ဘမောင်ချိန် အရွယ်ရောက်လျှင် ဘာဘဲ လုပ်စားလုပ်စား ပညာကိုတော့ ဒီဂရီတခုရအောင် သင်ပါစေဟု ဆုတောင်းမိ၏၊ ဒေါ်ညိုဦး သမီးလေးလို ကိုးတန်းမှမအောင်ခင် အိမ်ထောင်ပြုလျှင် ဒုက္ခ။
“အေးလေ...လူဆိုတာ တဖြည်းဖြည်းနဲ့ သတ္တိရှိလာရတာပါဘဲ၊ ကိုယ်လဲ ဘာမှဖန်တီးလို့ မရပါဘူး။ ဒို့ကို ဘယ်သူကမှ ဘဝအာမခံချက်နဲ့ လူဖြစ်လာတာမှ မဟုတ်ဘဲ၊ ပျော်ခဲ့စဉ်တချိန်တုန်းကတော့ နွေအိပ်မက်လေး ဆောင်းအိပ်မက်
လေးနဲ့၊ သက်တန့်ကိုဘဲ ရတနာခုနစ်ပါးစီခြယ်ထားတဲ့ ဒန်းလို သဘောထားပြီး ပျော်ပျော်စီးခဲ့ပြီးမှ ဒန်းပြတ်ကျတဲ့အခိုက်၊ တလှည့်တခါ ကြုံရတဲ့ဒုက္ခကို တွေ့တော့ ဘဝကို စက်ဆုတ်စရာကောင်းအောင် ညည်းညူနေတော့ ဘဝဆိုတာကသာ အကောင်အထည်ရှိရင် ဒို့ကို သရော်မှာပဲ၊ ရယ်မှာပါဘဲ။ အို...တခါတုန်းက ပျော်စရာတွေ အပြည့်ပါဘဲလေ၊ ခုလဲ ပျော်စရာကောင်းပါသေးတယ်။ ဒေါ်ညိုဦးထက်စာရင် ငါက သိပ်အဆင်ပြေပါတယ်”
သူ့ကိုယ်သူ တရားချကာ လက်ထဲမှာ စာရွက်ကိုကိုင်၍ ဒေါ်ညိုဦးနောက်ကို မြမြစိန်က လိုက်သွားတော့သည်။ ခွင့်တင်သောကိစ္စပြီးခဲ့၍ အိမ်ပြန်လာခဲ့သည်။ မနက်က ချက်မှုပြုတ်မှု ပြီးခဲ့၍ စိတ်အေးနေသည်။ နောင်ကို နို့စို့ အပါသာ အိမ်မှာကျန်ရစ်ခဲ့မည်။ ပူစူးနှင့်မာလေးတို့ကို ရင်ခွင်ပိုက်ကျောင်းများတွင် အပ်ခွင့်ရပြီ။ ထိုကိစ္စကိုတော့ နက်ဖြန်မှ ဆက်လုပ်မည်။
တော်ပေသေးသည်။ ခွင့်ရက်ကုန်ဆုံးချိန်တွင် အစစ အဆင်ပြေလာစရာရှိသည်။ မအေးပိုကလည်း ယောက္ခမကြီး၏လက်ကတုံးတောင်ဝှေးဖြစ်၍ မေမေကြီး အညာပြန်လျှင် ထည့်လိုက်ရမည်။ မေမေသာ အိပ်ရာပေါ်တွင် တလအနားယူဖို့ရှိသည်။ ကလေးဆို၍ အငယ်ဆုံး အပါသာ အိမ်တွင် ကျန်ရစ်မည်။ သူတို့အလုပ်သွားချိန်တွင် ကလေးနှင့်မေမေ့ကိုရော အိမ်ကိုပါ အုပ်ချုပ်ဖို့ ကျွမ်းကျင်သောမိန်းကလေးတယောက်သာ လိုမည်။ ကြီးကြီးဌေးကတော့ ဒီအတွက် မပူပါနှင့်ဟု ဆိုသည်။ လခ တရာလောက်ပေးလျှင် သဘောထားကောင်းကောင်းနှင့် ကျွမ်းကျင်သူ မိန်းကလေးတယောက်ရဖို့ သူ တာဝန်ယူသည်ဟုဆိုသည်။
ကြီးကြီးဌေးသည် ဘာမဆိုအားကိုးရသော ကြီးကြီးဌေပါတကား။ သူသည် စိတ်ကူးထဲတွင် အလုပ်ကို ဇယားချရင်း တဖြည်းဖြည်း အိမ်လှေကားကို တက်လာ၏။
နှုတ်ခမ်းလေး ချွန်ချွန်နှင့် အလွန်စွာပါသည်ဆိုသော မြမြစိန်၏ပါးစပ်ကို ဘယ်သူသည် အာစေး ထည့်ထားသည် မသိ၊ သူသည် စကားလုံးများကို ညင်သာ ဖြည်းညှင်းစွာပင် ပြောတတ်လာသည်။ ယခင်က အလုပ်လုပ်ရင်း အထူးသဖြင့် ခေတ်ဟောင်း အဆိုကျော်ကြီး မအေးမိ သီချင်းများကို ဆိုတတ်၏။ "ဖဲရိုက်တာ၊ မြင်းလောင်းတာတွေစုံလင်၊ ဒါထက်ပင် ကဲအုံးမရှင်၊ ဆယ်ဆပင်၊ သို့ပေတဲ့၊ အေးမေတ္တာမပျက်ပေါင်ရှင်" ဤသီချင်းသံများမှာ သူ့ပါးစပ်မှ ဝေဝေဆာထွက်လာမြဲဖြစ်၏။ ယခုတော့ တေးသံလည်း ဆိတ်နေပေပြီ။ ထို့အတူ ကျောင်းဆင်းကျောင်းတက်၌ ဤအိမ်၏လှေကားကို သုံးလေးထစ်ကျော် ပြေးတက်လာတတ်သော မြမြစိန်၏သွက်သော ခြေလှမ်းများသည် ယခုတော့ မှန်မှန်ပင်တည်း။
တံခါးခေါက်လိုက်လျှင် မအေးပို တံခါးလာဖွင့်ပေးသည်။ ပူစူးနှင့်မာလေးသည် ၀ရံတာတွင် ဆော့နေသည်။ အပါသာ ပုခက်ပေါ်တွင် အိပ်နေ၏။
သူသည် အိပ်ခန်းထဲ ဝင်သွားကာ အဝတ်အစားလဲနေသည်။ မအေးပိုသည် တစုံတခုပြောစရာရှိသလို သူ့အနားတွင် ရစ်ဝဲရစ်ဝဲ လုပ်နေသည်။
“မအေးပို ဘာကိစ္စရှိလို့လဲ...”
“ဟိုဒင်း.. ဟိုဒင်းလေ မမလေး မနက်က မမလေး မှာခဲ့တယ်မို့လား၊ ငါးဆားနယ်လုပ်ချင်လို့ ဈေးမှာ ငါးဘတ် ငါးဆယ်သား ဝယ်ခဲ့ရမယ်ဆိုတာ....”
“အဲဒါ ဘာဖြစ်သလဲ၊ ငါတောင် မေ့နေတယ်...”
“မေ့နေတာဘဲ တော်ပါသေး
“ဘာဖြစ်လို့ .... ”
“မမလေး ရေးလိုက်တဲ့ စျေးစာရင်းထဲမှာ ငါးဘတ်ကို ဘကုန်း တသတ်နဲ့ (ဘတ်)ရမယ့်အစား ဖဦးထုပ် တသတ်နဲ့ (ဖတ်)ထားလို့”
“အောင်မလေး.. အဲဒါ ဘာဖြစ်လဲ မအေးပိုရယ်။ ဘကုန်းနဲ့ဘဲ ဘတ်ဘတ်၊ ဖဦးထုပ်နဲ့ပဲ ဖတ်ဖတ်၊ ငါးဘတ်ဟာ ငါးဘတ်ပေါ့"
မြမြစိန်မှာ ငိုရအခက် ရယ်ရအခက်။
ခေါင်းရှုပ်ရှုပ်နှင့် ဈေးဝယ်ရန် စာရင်းစာရွက်ကောက်၍ မနက်က ရေးပေးမိသည်။ သူ့ဖာသာ ဖဦးထုပ်လား ဘကုန်းလားတောင် သတိမထားမိ။
“ဈေးထဲကျတော့ ကျမက မေးတာပေါ့ ငါးစိမ်းသယ်တွေကို၊ ရှင်တို့ ရန်ကုန်မှာ ငါးဖတ်ဆိုတာ ရှိလား ဆိုတော့ သူတို့က မရှိဘူးတဲ့။ ငါးဘတ်ဘဲရှိသတဲ့။ ကျမကလဲ မဟုတ်ဘူး၊ ဟောဒီစာရွက်ကို ဖတ်ကြည့်၊ ဖဦးထုပ်နဲ့ကို ဖတ်ထား
တာလို့ ပြတော့ အမလေး.....ကြားဘူးပေါင်တော်တဲ့၊ ပင်လယ်ငါးမှာတောင် ငါးဖတ်ဆိုတာ မရှိဘူးဆိုလို့ ကျမ အဲဒီငါး မဝယ်ဘဲ ပြန်လာတယ်.."
မြမြစိန်သည် စိတ်မညစ်နိုင်တော့၊ အားရပါးရ ရယ်၏။ မအေးပို လန့်ဖျပ်သွားအောင်ကို ရယ်၏။
“အယ်ဒီတာမင်းရဲ့ နှမရယ်၊ ကြွပါတော့ ကြွပါတော့၊ ကဲ...အပြင်မှာ လုပ်စရာရှိတာသာ သွားလုပ်တော့...”
သူသည် ကုတင်ပေါ် ပစ်လှဲရင်း ပြုံးမိနေသည်။ ညနေ ကိုကိုပြန်လာရင် ဒီငါးဖတ်နှင့် ငါးဘတ် ပြဿနာကိုသာ ပြောပြလျှင်တော့ “စိန်ကလဲ ကျောင်းဆရာမကြီးတယောက်လုံး လုပ်နေပြီး ဖဦးထုပ်နဲ့ ဘကုန်းများ မှားပလေ” ဟု သူ့ကိုသာ အပြစ်ဘင်မည်။ ဖြစ်ဘဲ ဖြစ်တတ်လွန်းပါဘိ။ အေးလေ...အစကလဲ အေးပိုသည် အလွန်မေ့တတ်၍ ခိုင်းလျှင် စာနှင့်ခိုင်းပါ ဟူ၍ ကိုကိုက မှာထားပေသည်။ သတ်ပုံမှားသည်မှာ မိမိအပြစ်ဖြစ်၏။ ကိုယ်ဒုက္ခရောက်နေတုန်း
လာရောက်ကူသည်ကိုဘဲ ကျေးဇူးတင်ရအုံးမည်။
သူသည် စိတ်ကို လျော့ချကာ ကိုယ်ကို လျော့၍ထိုင်လိုက်၏။ အသက်ကို ဖြည်းညှင်းစွာ မှန်မှန်ရှူနေလိုက်သည်။
* * *
ယနေ့ညနေပိုင်းတွင်တော့ သူ ဆေးရုံသို့မသွား။ ပေးစရာ မှာစရာရှိသမျှကို ကြီးကြီးဌေးက ယူသွားမည်ဟု ဆိုသည်။ ဒေါ်ငြိမ်းမယ်အခြေအနေကလည်း သက်တောင့်သက်သာ ဖြစ်လာ၏။ ခြေထောက်တွင် ကျောက်ပတ်တီး စည်းနှောင်ထားခြင်း၊ ဝက်အူစုပ်ထားရခြင်း စသော အနှောင်အဖွဲ့ များကို ဖြေလိုက်ရပြီ။ ထိုင်၍လည်းရလာပြီ။ ထို့ကြောင့်ပင် ဒီလကုန်တွင် ဆေးရုံမှ ဆင်းခွင့်ရတော့မည် ဖြစ်၏။
မြမြစိန်နှင့် သားအငယ်ဆုံး အပါ၊ ဒေါ်ဂျိုးဥ၏တူမလေး မအေးပိုတို့သာ အိမ်ပေါ်တွင် စကားပြောနေကြသည်။ အပါသည် စကားတတ်စဖြစ်၍ မအေးပိုနှင့် ဝရံတာတွင် ထိုင်ရင်း သူမေးချင်သည်များကို မေးနေသည်။ မြမြစိန်သည် ကလေးများကို ကစားရာမှ ခေါ်၍ ညစာ စောစောကျွေးမည် စိတ်ကူးလိုက်၏။ ကိုသန်းချိန်သည် ယနေ့ညနေ သူ့ဦးကြီး ဦးကောင်းဇံ အိမ် လှည့်ဝင်အုံးမည်ဆိုတော့ အပြန်နောက်ကျမည်ဖြစ်သည်။
သူ့ စိတ်ကူးနှင့်သူ ကလေးများခေါ်ရန် တံခါးကိုဖွင့်ဘို့အတွက် ပက်လက်ကုလားထိုင်မှ အထ လှေကားမှ လူခြေသံများ၊ သီချင်းသံ၊ သားကြီး ဘမောင်ချိန်၊ လှမောင်ချိန်တို့၏အသံတွေ ဆူဆူညံညံကြား၍ သူက ကမန်းကတန်း တံခါးကို ဖွင့်လိုက်သည်။
“စိန်ဘီးလဲ ပန်ချင်သမောင်၊ တိုက်ကြီးလဲ တည်မယ် မောင်"
“ဘုရားဘုရား ဘာတွေများ ဖြစ်လာပါလိမ့်"
ရှေ့ဆုံးတွင် ဒေါ်ဂျိုးဥသည် သီချင်းဆို၏။ လက်ကလေးမြှောက်ကာ၊ မျက်စ ပစ်ကာ၊ မေးကိုလည်း ရှေ့ကို ဆတ်ကနဲ ဆတ်ကနဲ ထိုးကာ က,ရင်း ဆိုရင်း ဝင်လာ၏။
"မေမေကြီး သိပ်အကကောင်းတာဘဲဟေ့ ...”
နောက်မှ ဘမောင်ချိန်တို့က လက်ခုပ်လက်ဝါး တီးကာ လိုက်လာကြ၏။ ကိုသန်းချိန်တယောက် အကြီးအကျယ် မျက်နှာပျက်စွာနှင့် သူ့အမေလက်ကို လိုက်ဆွဲနေ၏။
“စိန်... မင်းရဲ့သားတွေကိုသာ ငြိမ်အောင် ထိန်းလိုက်စမ်း။ ကိုကို မေမေ့ကို အိပ်ခန်းထဲ ခေါ်သွားမယ်....”
ကိုသန်းချိန်သည် ဒေါ်ဂျိုးဥကို အိပ်ခန်းထဲ ခေါ်သွား၏။
“ဟေ့ .. သားတို့ တိတ်စမ်း...”
မြမြစိန်သည် အိုးများကိုခေါက်သလို သားတွေခေါင်းကို ခေါက်လိုက်ရာ သူတို့သည် တိတ်သွားကြ၏။ နောက်ဆုံးမှ ဦးကောင်းဇံ ဝင်လာ၏။
“အောင်မလေး.....မိမြစိန်ရယ်.. ညည်းလဲ ဒီအထဲ အလိုတူ အလိုပါ ပါ။ ကျုပ် အကုန်သိ၊ ကျုပ် အကုန်သိ... ”
သားလုပ်သူ ခေါ်သွားသည့်နောက်ကို ဒေါ်ဂျိုးဥသည် ဒရွတ် ဒရွတ်နှင့် လိုက်သွားရင်း လက်ညှိုးလေး ထောင်ကာ ထောင်ကာနှင့် မြမြစိန်ကို ရန်တွေ့သွား၏။
"မြမြစိန် အိပ်ခန်းထဲ လိုက်မသွားနဲ့၊ ဆရာဝန်လာရင်သာ လာခဲ့၊ နောက်မှ အန်ကယ်ရှင်းပြမယ်၊ အန်ကယ် အိပ်ခန်းထဲ ဝင်သွားအုံးမယ်"
ဦးကောင်းဇံက မြမြစိန်ကို မှာရင်း အိပ်ခန်းထဲလိုက်သွား၏။ မြမြစိန်သည် မျက်ရည်တွေသာ တွေတွေ တွေတွေ ကျ၏။ မိမိ၏ယောက်ျား မျက်စိမျက်နှာ ဒီလောက်ပျက်သည်ကို သူ တခါမျှ မမြင်ဘူးပေ။ ယခုတခါ အလွန်စိတ် ထိခိုက်ရှာသည် ထင်သည်။ ဘုရား...ဘုရား မေမေကိစ္စ ပြေလည်မည်ကြံကာရှိသေး၊ ယောက္ခမကြီးက ဘာဖြစ်လာတာပါလိမ့်။
“ဒေါက်တာကလဲ လာခဲလိုက်တာ...”
သူသည် တံခါးကိုမပိတ်မိ၊ တံခါးဝမှာ မတ်တတ်ကြီး ရပ်နေမိ၏။ အကုသိုလ်ဆိုတာ အတုံးလိုက် အခဲလိုက် ဝင်တတ်သည်ဆိုသည်မှာ ဒီလိုများလား။ အမယ်လေး...၊ ဆရာဝန်ကလဲ ကြာလိုက်တာ။ အမှန်တော့ ဦးကောင်းဇံက အိမ်မှာ ကတည်းက တယ်လီဖုန်းနဲ့ ဆက်ပြောထား၍ ဆရာဝန်က နောက်က လိုက်လာနေပေပြီ။ သူတို့အိမ်လှေကားကိုပင် ပြေးတက်လာနေပေပြီ။ သူ့ရင်ထဲမှာသာ ကြာနေသည်ဟု ထင်သည်။
ဆရာဝန်မှာ ဦးကောင်းဇံ၏လက်စွဲဆရာဝန်ကြီး ဦးမြင့်မောင် ဖြစ်၏။ မြမြစိန်သည် ဆရာဝန်ကို အိပ်ခန်းထဲပို့လိုက်ကာ သူက အပြင်မှ အားလုံး စီစဉ်ပေး၏။ မကြာခင်ပင် အိပ်ခန်းတွင်းမှ စကားသံများ၊ သီချင်းသံများ တိတ်သွား၏။
ကိုသန်းချိန်သည် အပြင်ထွက်လာသည်။
“စိန်...အပါကို အေးပိုလက်ထဲက ယူထားလိုက်၊ အေးပို... မေမေအိပ်နေတယ်။ မေမေ့အနားက နင် ဘယ်မှာ မသွားနဲ့၊ ငြိမ်ငြိမ်စောင့်နေနော်....”
မြမြစိန်သည် ကိုသန်းချိန် ခိုင်းသမျှ လုပ်ကာ မျက်နှာလေး ဇီးစေ့လောက်ဖြင့် လင်၏မျက်နှာရိပ်မျက်နှာကဲကို ကြည့်နေသည်။ နောက်မှ ဦးကောင်းဇံရော ဒေါက်တာမြင့်မောင်ပါ ဧည့်ခန်းသို့ ထွက်လာကြ၏။
“အန်ကယ်.. လူနာကို ခု ည စောင့်အိပ်ဖို့ ကျွန်တော် ဆေးတိုက်က သူနာပြုဆရာမလေးဘဲ လွှတ်လိုက်မယ်။ အသေးစိတ် ဘာတွေလုပ်ရမယ်ဆိုတာလဲ ပြောလိုက်မယ်။ ခုတော့ စိတ္တဇဆေးရုံအုပ်ကြီး ဒေါက်တာဦးနေဝင်းနဲ့ တိုင်ပင်ပြီး နက်ဖြန် အဆင်ပြေရင် ဆေးရုံမှာထားတာ အကောင်းဆုံးပဲ"
"အို ..မောင်မြင့်မောင် စီစဥ်သမျှ အန်ကယ် လက်ခံပါတယ်"
“ကဲ...ကျွန်တော်လဲ အရေးကြီးကိစ္စတခုရှိလို့ ခွင့်ပြုပါဦး"
မြမြစိန်သည် ကလေးတဖက်နှင့်ပင် ဆရာဝန့်ဆေးအိတ် ယူကာ လှေကားရင်းအထိ လိုက်ပို့လိုက်၏။ သူ ဧည့်ခန်းဝရောက်လျှင် ကိုကိုသည် နဂါးအဝါပတ်ကြီးကို နင်းကန် ဖွာနေသည်ကို မြင်ရ၏။ ထိုအမြင်အားဖြင့် ကိုသန်းချိန်မည်မျှ စိတ်ရှုပ်နေသည်ကို ဖော်ပြနေ၏။
“ကဲ..တူမကြီး ထိုင်၊ တူမကြီးလဲ ဘာမှန်းညာမှန်းမသိ သိပ်စိတ်ရှုပ်သွားမှာဘဲ၊ အန်ကယ် နားလည်ပါတယ်။ ဒေါ်ငြိမ်းမယ်မှ ဆေးရုံကဆင်းရသေးခင် မဂျိုးဥကို ငါ မြမြစိန်တို့အိမ် ခေါ်သွားရင် မြမြစိန် ဦးနှောက်ခြောက်မယ်ဆိုတာ သိတယ်။ ဒါပေမင့် အန်ကယ့်အိမ်မှာထားရင် မောင်ဖေနဲ့ မောင်ရွှေမျက်နှာမြင်ရတိုင်း မဂျိုးဥ ပိုဆိုးမှာစိုးလို့ ခေါ်လာခဲ့တာ.....”
“အဆင်ပြေတာသာ လိုရင်းပါ အန်ကယ်ရယ်၊ စိန်စိန်ရဲ့မေမေက သိပ်ကိုအခြေအနေကောင်းနေတာ၊ မပူပါနဲ့"
မြမြစိန်သည် ဝင်၍သာ စကားကို နှောလိုက်ရသည်။ အကြောင်းရင်းကို ခုထိ နားမလည်။
“စိန်စိန့်မေမေရောဂါက ပေါင်ပြတ်သွားပြီ၊ ထားပါတော့၊ ဒီခန္ဓာကိုယ်ကို အစားထိုးလို့ ရတယ်။ ခု မေမေကသာ နှလုံးသွေးပါ ပျက်သွားရင်တော့ ဒုက္ခပါဘဲ ၊ဒုက္ခပါဘဲ၊ ခွေးကောင် ခွေးကောင် မအေတယောက်လုံး ရူးအောင်လုပ်ရက် တယ်။ သံကြိုးတွေရော၊ တယ်လီဖုန်းရော အဆင့်ဆင် ဆက်ပါရက်နဲ့၊ ကျွန်တော်ချိန်းတဲ့ရက်ကို အချိန်မီ မရောက်လာရင် ကျွန်တော်ကိုယ်တိုင်လိုက်သွားပြီး ဒီကောင့်ကို သတ်ကိုသတ်မယ်..”
ဘုရား... ဘုရား၊ ဘယ်သူ့ကိုသတ်မှာပါလိမ့်။ ကိုကိုသည် အေးချမ်းသူတယောက်ဖြစ်သော်လည်း လုပ်မည်ဆိုလျှင် တကယ်လုပ်သည်။ မြမြစိန်သည် ဘာကိုမျှမပြောနိုင်။ မျက်ရည်တွေသာ တွေတွေကျလာ၏။ ဘမောင်ချိန်သည်ဖအေနှင့်မအေ အရိပ်အခြည်ကြည့်ကာ သူ့ညီငယ် ညီမငယ်လေးတွေကို မီးဖိုခန်းသို့ ခေါ်သွား၏။
“အန်ကယ် ပြောမယ် မောင်သန်းချိန်၊ မင်းလဲ စာရေးဆရာ အယ်ဒီတာတယောက်၊ ခေါင်းအေးအေးထား စဉ်းစားပါ၊ ဒီကိစ္စမှာ မင်းတွေးထင်ထားသလို မောင်သန်းရှိန်ဟာ အကြံပက်စက်မယ့်သူငယ် မဟုတ်ပါဘူး၊ သူဟာ ဆရာဝန် တယောက်ပါ။ ဘယ်လိုကြောင့် ဘယ်လိုဖြစ်တာမှန်းလဲ မသိဘူး၊ အန်ကယ်ကလဲ ဝတ်လုံတယောက်အနေနဲ့ အမှုသွား အမှုလာမျိုး သဘောထားပြီး သူတို့အတွက် ကြည့်ရတော့လည်း မဂျိုးဥရယ် ဒီမောင်ဖေနဲ့ မောင်ရွှေရယ် ပြောသမျှပဲ ကြားရသေးတာ။ မောင်သန်းရှိန် လာရင် အားလုံး အကြောင်းစုံ သိရမယ်၊ ဒီတော့ အကောင်းဆုံးဖြစ်အောင် စီစဉ်ကြတာပေါ့ ..”
“ဒါကိုတော့ ကျွန်တော် နားလည်ပါတယ် အန်ကယ်၊ ဘယ်လိုဘဲ အဆင်ပြေအောင် စီစဉ်စီစဉ် ရှင်းရှင်းရရင် မေမေရူးတာ ခုတော့ အဖတ်တင် ကျန်ရစ်တော့မယ်....."
“အို... ခုလောက် ခေတ်မှီဆေးတွေ ပေါ်နေတာမှာ ခဏ စိတ်ထိခိုက်သွားတာပါကွာ၊ သိပ်စိတ်ဓာတ်မကျပါနဲ့ မောင်သန်းချိန်ရယ်၊ အေး...မောင်သန်းရှိန် လာရင်သာ ဇာတ်မလည်သေးဘဲ မင်း ဘာမှမလုပ်ရဘူးနော်၊ ဒါကိုတော့ ငါ့ကို ကတိပေးပါကွယ်...”
“ဟုတ်ကဲ့ "
ကိုသန်းချိန်သည် သံပြတ်နှင့်ပြောကာ မအေကို စိတ်မချသလို အိပ်ခန်းထဲသို့ ဝင်သွား၏။ ခုမှပင် မြမြစိန်သည် အသက်ကို အားရပါးရ ရှူလိုက်ကာ ဦးကောင်းဇံအနား ကပ်သွားရင်း လေသံလေးနှင့် မေး၏။
“စိန်စိန်လဲ ခုထိ ဘာမှမသိဘူး အန်ကယ်၊ အသေးစိတ် စိန်စိန့်ကို မပြောချင်နေကြပါ။ ဟို....ကိုသန်းရှိန် လာရင်သာ သူတို့ညီအကို တွေ့တဲ့အချိန်မှာ စိန်အနားမှာ ရှိပါစေ..။ ကိုကို လူသတ်မှာစိုးလို့။ အေးတယ်၊ သဘောကောင်းတယ် ဆိုတဲ့လူတွေဟာ သူ့ကို တကယ်စိတ်ထွက်လာရင် ကြောက်စရာကောင်းတယ် "
ဦးကောင်းဇံသည် အမှုပေါင်းများစွာကို ကြုံတွေခဲ့ရသော ၀တ်လုံတော်ရကြီးပီပီ ဣန္ဒြေရစွာ ပြုံးလိုက်၏။ ယခုအဖြစ်လည်း ဒေါ်ဂျိုးဥထင်သလို အမှန်တကယ်ဖြစ်ငြားအံ့၊ သွေးရင်းသားရင်း အရှုပ်တော်ပုံဖြစ်၍ ငွေကုန်လူပန်း ရုံး ရောက်သည့်အဖြစ်မျိုး မရောက်အောင် သူကြိုးစားပေးဘို့မှလွဲ၍ သူ့အတွက် ထူးဆန်းသောအမှုမဟုတ်ပေ။
“မြမြစိန် မဂျိုးဥ ဒီလာတဲ့ကိစ္စတော့ သိပြီးရောပေါ့"
“အသေးစိတ်တော့ မသိပါဘူး၊ မေမေကြီးက ခါတိုင်း လာလို့ရှိရင်လဲ စိန်တို့အိမ်မှာ ထမင်းတနပ်စားရုံဘဲနေတာ၊ ဒီတခါဘဲ တညအိပ်ဘူးတာ အန်ကယ်အသိဘဲ၊ နောက် မေမေ့ကိစ္စ ဆက်ဖြစ်တာနဲ့ သူ စိန်စိန့်ကိုကူဘို့ လာနေတယ်လေ...”
“အေး ဒို့ကလဲ သူ့ကိုအလိုလိုက်ထားတယ်၊ အန်ကယ့်ကိုတောင် တဝမ်းကွဲအကိုပေမင့် သူ့ထက်ကြီးလို့ ပြောလို့ဆိုလို့ အနည်းအကျဉ်းရတာ။ မောင်ဖေနဲ့ မောင်ရွှေကတော့ သူ့ထက်အငယ်တွေ၊ အခြောက်တိုက် လူ့လောကမှာ ဒုက္ခ ရောက်နေတဲ့အုပ်စုလေ..”
“ဘယ် အုပ်စုလဲ....”
“အဲဒီ မောင်နှမသုံးယောက်လေ၊ ခုထိ မဂျိုးဥကို မေးကြည့်စမ်းပါလား၊ ဦးလေးဖေနဲ့ဦးလေးရွှေမှာ မိန်းမရှိလားလို့၊ မဂျိုးဥက ဖြေပါလိမ့်မယ်။ ငါ့မောင်တွေ လူပျိုတွေလို့ ”
အဖိုးကြီးသည် ပြုံးရင်း ဆက်ပြော၏။ ယခင်က ဤအကြောင်းကို ကိုသန်းချိန်ထံမှ မြမြစိန် တစိတ်တဒေသ ကြားခဲ့ဘူးသည်။
“မောင်ဖေနဲ့မောင်ရွှေဟာ ရေနံချောင်းမှာ အိမ်ထောင်ပြုပြီး ကိုယ့်အိမ်ထောင်နဲ့ကိုယ်နေတာ၊ မဂျိုးဥအိမ်ပေါ် ကို သူတို့သားမယားတွေ တယောက်မှမခေါ်ခဲ့ရဘူး၊ ဟဲဟဲ ခု ခေတ်စကားပြောရရင် ဒီသူငယ်နှစ်ယောက်ဟာ မဂျိုးဥ ကမ္ဘာ၌ရှိသောလူပျိုကြီးများပေါ့..”
ခေတ်မှီသော ဝတ်လုံတော်ရကြီးဖြစ်၍ စကားလုံးသုံးပုံမှာလည်း ခေတ်မှီလှသည်။
“လွန်ခဲ့တဲ့ နွေရာသီကတော့ အန်ကယ်လဲ အညာသွား အပန်းဖြေအလည်သွားရင်း မဂျိုးဥတိုမောင်နှမသုံးယောက် စီးပွားခွဲရင် ကောင်းမယ်လို့ ပြောရတယ်။ အမှန်တော့လဲ မောင်ဖေနဲ့ မောင်ရွှေက ကိုယ့်အိမ်ထောင်နဲ့ကိုယ်ဆိုတော့ သူတို့စီးပွားရေး သီးသန့် ထူထောင်ချင်တာပေါ့။ ဒီကောင်တွေရဲ့ ဆန္ဒရယ်လို့ မပြောဘဲ အန်ကယ်ကဘဲ ဖြစ်စေချင်တဲ့သဘောနဲ့ အကြံပေးရတယ်။ ဒါကို သူလက်ခံတယ်၊ သူ့မှာက ကိုယ်မှာ ဝတ်ထားတာမပါ၊ စိန်ရွှေ အများကြီးရှိတယ်။ သူ့မောင်တွေကို ချစ်လဲချစ်တယ်၊ ယုံလဲယုံတယ်။ စီးပွားကလဲ မောင်ဖေနဲ့ မောင်ရွှေကိုယ်တိုင် ဟိုခေတ်က မိဘလက်ငုတ်ကို ရေနံတွင်းစားလုပ်ပြီး သူတို့မိဘမရှိတဲ့နောက် ဆက်ပြီး ရှာဖွေခဲ့တာ မိဘအမွေလဲပါ၊ မောင်ဖေနဲ့ မောင်ရွှေ ကြိုးစားမှုလဲပါခဲ့တာကိုး”
ဦးကောင်းဇံသည် ခေတ္တနားလိုက်၏။ ဆေးတံကို သောက် ရှူ ဖွာလိုက်ပြီးမှ စကားဆက်သည်။
“မဂျိုးဥ အပြောဘဲ၊ သူကလဲ ရေလမ်းကနေ ဘုရားဖူးပြီး အေးအေးဆေးဆေးလာခဲ့တယ်၊ စိန်သေတ္တာသော့တော့ သူယူခဲ့တယ်။ စိန်သေတ္တာကိုတော့ မောင်ဖေနဲ့ မောင်ရွှေတို့က လေယာဉ်နဲ့ ယူလာဖို့ အပ်ခဲ့တယ်။ လုံခြုံရအောင်ပေါ့။ မောင်ရွှေတို့က မင်းဘူးက အထွက်နောက်ကျပေမင့် လေယာဉ်ပျံနဲ့လာတော့ မဂျိုးဥ သင်းဘောနဲ့ ဘယ်လောက်ဘဲ ကြာနေနေ သူတို့က တရက်ထဲနဲ့ ရန်ကုန်အရောက်လာဘို့ပေါ့လေ...”
"ဟို.. မင်းဘူးမှာ သူတို့ဖါသာ အမွေခွဲရင်ကော မဖြစ်ဘူးလား...."
“ဒီလိုတဲ့ မြမြစိန်၊ သူ့သားကြီး မောင်သန်းချိန်နဲ့လဲ တိုင်ပင်ချင်သေးတယ်။ ပြီးတော့ အန်ကယ်ရှေ့မှာ လုပ်မယ်။ ခုတော့ ကြားပေါက်က ဘယ်လိုဖြစ်သွားလဲဆိုရင် မောင်ရွှေတို့ မောင်ဖေတို့ ဒီလာခါနီးဆဲဆဲ အလုပ်ကိစ္စတွေ မပြီးပြတ်တော့ ချိန်းတဲ့ရက် မလာနိုင်။ ဒီကြားထဲ မောင်သန်းရှိန်ရယ်၊ ဟိုအငယ်ကောင်လေ၊ မင်းဘူးရောက်လာပြီး သူက အရင်ရန်ကုန်ရောက်မှာ၊ ဦးလေးတို့ဖာသာ ဖြေးဖြေးလိုက်လာ၊ သူ ဒီစိန်သေတ္တာ သူယူခဲ့မယ်ဆိုပြီး ယူသွားသတဲ့၊ အဲဒါ အဲဒါ မောင်ဖေနဲ့မောင်ရွှေသာ ဒီရောက်လာရော၊ ဖိုးသန်းရှိန်ရယ် မပေါ်လာဘူး။ ဒီနေ့ မောင်ဖေတို့က ခပ်ပေါ့ပေါ့ဘဲ ရောက်ရောက်ချင်း ဒီအကြောင်းပြောလိုက်တာ မဂျိုးဥ တခါထဲ စိတ်ထိခိုက်သွားတာဘဲ....”
“စိန့်အနေနဲ့တော့ ကိုသန်းရှိန်ရယ် မသမာစိတ်နဲ့ တခုခုလုပ်မယ့်လူစား မဟုတ်ပါဘူး...”
“အန်ကယ်လဲ မထင်ပါဘူး၊ အန်ကယ့်အိမ်မှာ နေသရွေ့ တော့ မောင်ဖေနဲ့မောင်ရွှေကို စိန်သူခိုးတွေ... ငါ့ကိုလိမ်တယ်.. ငါ့စိန်တွေ ပြန်ပေး... ဖြစ်နေလို့ ဒီခေါ်လာရတာ၊ သားအငယ်ကို လုံးဝသံသယမရှိဘူး။ မောင်ဖေတို့က လိမ်ကြတယ်ဘဲ ထင်နေတယ်...”
“ကိုသန်းရှိန်လာရင် ပြေလည်သွားမှာပါ”
“အန်ကယ်ကလဲ ဒီလိုဘဲထင်တယ်၊ ဒေါက်တာမြင့်မောင် အပြောတော့ ဒီည သူကောင်းကောင်းအိပ်မှာပါ။ မနက်ကျတော့လဲ စိတ္တဇဆေးရုံကို အန်ကယ်ခေါ်သွားမယ်၊ ဟိုမှာ တယောက်ထဲနေတဲ့ အခန်းသတ်သတ် ရှိတယ်။ ဒီကိစ္စတွေအားလုံး အန်ကယ်စီစဉ်တာ ဘာဖြစ်လို့လဲသိလား..”
မြမြစိန်သည် ရိုးရိုးသားသားပင် ခေါင်းလေးကို ဖြည်းညှင်းစွာ ခါ၍ ဦးကောင်းဇံကို ကြည့်နေသည်။
“မငြိမ်းမယ် ဆေးရုံတက်ကတည်းက မြမြစိန်ဟာ မိခင်အပူရော၊ ငွေကိစ္စ၊ အိမ်တွင်းမှုကိစ္စတွေရောနဲ့ အတော်လေး ကျန်းမာရေး ယိုင်သွားတာကို အန်ကယ်တွေ့ရတယ်။ မင်းကိုယ်မင်း မသိပေမင့် အန်ကယ်သိတယ်။ အန်ကယ်က ဒါကြောင့် မဂျိုးဥကို စိန်စိန်တို့အိမ်မှာမထားဘဲ ဆေးရုံပို့ဘို့ မောင်သန်းချိန်ကို အကြံဉာဏ်ပေးရတာ၊ ဟိုမှာလဲ ပိုအဆင်ပြေပါတယ်။ အိမ်မှာနေသရွေ့တော့ သူ့ရင်ထဲမှာ ချွေးမဆိုတာတွေဟာ ငါ့ပစ္စည်းလုမယ့်သူတွေ၊ မောင်ဖေတို့မောင်ရွှေတို့ဟာ သူခိုးတွေလို့ ဖြစ်နေတာ"
မြမြစိန်သည် ငိုင်နေ၏။ ကြောက်သလိုလည်းဖြစ်နေ၏။
“ဪ.. သုညသမားဆိုတာက ထပ်မံဆုံးရှုံးလို့လဲ အကြောင်းမထူးဘူး။ အဲဒါ အတုံးအခဲသမားတွေက နဲနဲပဲ့ထွက်သွားရင် သိပ်စိတ်ထိခိုက်တာဘဲ။ အန်ကယ့်အမှုသယ်တွေမှာ ချမ်းသာတဲ့လူတွေ ရူးရူးသွားတာ အများကြီးတွေ့ရတယ်”
“အင်းပေါ့လေ၊ ကိုယ်တွေ့မကြုံတော့လဲ ဘာကိုမှ မပြောရဲဘူး"
မြမြစိန်သည် မယုံမရဲ ဖြေလိုက်၏။
အပိုင်း(၄)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment