“မနက်ကလေ ကျမကိုယ်တိုင် စျေးသွားတယ်။ မဂျိုးဥတို့အညာမှာ ရှားတာတွေ စားစေချင်လို့...."
ညနေစာ စားပွဲတွင် ဒေါ်သန်းဌေးသည် သူ ဒေါ်ဂျိုးဥအပေါ်တွင် အထူးလေးစားစွာနှင့် ချက်ပြုတ်ကြောင်းကို ပြောပြနေ၏။
“ဟောဒါက ငါးမြင်းဗိုက်သား၊ ဆူလိုက်တာ ဝင်းနေတာဘဲ။ ပုဇွန်ထုတ်ကြီးကလဲ ဒီနေ့ စိမ်းလို့ လတ်လတ်ဆတ်ဆတ် ရတာနဲ့ ဝယ်လာပြီး ဆီပြန်ချက်ထားတယ်။ ခါတိုင်းဆိုရင် ရေခဲစိမ်စားရတာ။ အအီပြေအောင် ငါးဖယ်ခြစ်သုပ်နဲ့ စားစမ်းပါ ဒေါ်ဂျိုးဥရဲ့။ မော်လီ ကြီးကြီးရဲ့ ကြာဆန်ဟင်းခါးပန်းကန်ထဲကို ငရုတ်ကောင်း ခပ်ပေးလိုက်အုံးလေ...”
မော်လီသည် ဒေါ်ဂျိုးဥဘေးက သီးသန့်ဟင်းချိုပန်းကန်ငယ်ထဲသို့ ငရုတ်ကောင်းခပ်လိုက်၏။ ဒေါ်သန်းဌေး ထည့်ပေးသော ဟင်းများကို စားရင်း ဟင်းများတွင် အဆီတဝင်းဝင်း ဆီ ဒါလောက်သုံးသည်ကို ဒေါ်ဂျိုးဥသည် အံ့ဩနေ၏။
“မသန်းဌေးရယ် ကျမဖာသာ ယူစားပါ့မယ်။ ဟဲ ဟဲ ဟင်းတွေက ကောင်းလွန်းနေတော့ ဘယ်ဟာစားရမယ်မှန်းတောင် မသိဘူး။ ဒါနဲ့ ဒါနဲ့ ဆီဈေးက ဒီမှာ တရာကျော်ဆို"
အမှန်တော့ သူတို့အညာတွင် ဆီဈေး ဒါလောက်မရှိ။ အထူးသဖြင့် ဒေါ်ဂျိုးဥတွင် ပို၍ပြေလည်နေသည်က သူ့ယာမှ ပဲနှင့်နှမ်းထွက်နေသည်ဖြစ်၍ ဆီကို နှစ်လုံးပေါက် ရာဝင်အိုးတွင် လှောင်စားသူဖြစ်သည်။ သို့သော် သူသည် ဆီပြန်ဟင်းကို တပတ်မှာ တခါလောက်သာ စားခဲ့၏။
“ဟုတ်ကဲ့၊ အို..တခါတလေလာလို့ ကျမတို့မှာ ဧည့်သည်ကို အမြတ်တနိုးကျွေးရတာ မြိန်မြိန်သာစားစမ်းပါ။ ရန်ကုန် ကုန်ဈေးတွေကိုတော့ မေးမနေပါနဲ့၊ အခု ဆီဈေး ကျသွားပါပြီ"
ဒေါ်သန်းဌေးက ငါးဖယ်သုပ်ကို ဒေါ်ဂျိုးဥပန်းကန်ထဲ ထည့်ရင်း ပြောလိုက်၏။
“ဟင်းခါးလေးက ချိုလိုက်တာ၊ ငါးဖယ်သုပ်နဲ့ သိပ်လိုက်တာဘဲ...”
မော်လီကို မော်ကြည့်ရင်း ဒေါ်ဂျိုးဥက ပြုံး၍ပြော၏။
“မော်လီ့ယောက်ျားရော... “
"ကိုကိုကလေ သူ့အမှုသည်တွေနဲ့ တွေ့စရာရှိရင် အေးအေးဆေးဆေး တနေရာရာမှာတွေ့ပြီး စကားပြောတတ်တယ်။ ဒီနေ့လဲ အမှုအတွက် အိမ်ပြန်နောက်ကျမယ်ကြီးကြီးဂျိုး ”
မော်လီသည် အိမ်မှာနေရင်းပင် ကြော့ကြော့မော့မော့ဝတ်၏။
ဒေါ်ဂျိုးဥသည် ဝတ်စားပုံ ခေတ်ဆန်တာတခုသာ သဘောမကျသော်လည်း မော်လီ၏စိန်ဆွဲကြိုး၊ စိန်ကြယ်သီးနှင့် နားတွင် ယိုးဒယားပန်းခက်များ နွယ်ယှက်နေဟန် စိန်သေးသေးလေးများနှင့် စီခြယ်ထားသော နောက်ဆုံးပေါ် နားကပ်ပုံစံများကို ထမင်းစားရင်း စားရင်း မျက်စိရောက်သွား၏။
“မော်လီကလေ တခါ လာတာနဲ့ တခါ မတူဘူး၊ လှပြီး ကျော့နေတာဘဲ။ စိန်လေးတွေကလဲ အသားကောင်းလိုက်တာနော်၊ ခဲသားဆိုတော့ မီးရောင်မှာ ဝင်းနေတာဘဲ”
သူ့ရင်ထဲမှာ မအောင့်နိုင်တော့ပေ။ စိန်များကို ဖွင့်၍ ချီးကျူးလိုက်၏။
“အိမ်က မရွှေစိန်တို့တော့ နာမည်ကသာ မြမြစိန်တဲ့၊ သူ့မှာ စိန်တလုံးမှလဲ မတွေရဘူး၊ မြတလုံးမှလဲ မရှိဘူး။ တခါလာ မဲပြာပုဆိုး၊ နားမှာလဲ ပုလဲဖြူကြီးငုတ်တုပ် တလုံးဘဲ။ စက္ကူတွေကတော့ လင်မယားနှစ်ယောက်လုံး စုရဲ့၊ တအိမ်လုံး စက္ကူချည်းဘဲ ”
“ကြီးကြီးဂျိုးကြယ်သီးက စိန်တွေကမှ တကယ့်ရှေးစိန်ကြီးတွေ။ အလုံးလဲ ကြီး၊ ခဲသား အပါးအဝိုင်း။ ကိုယ့်ချွေးမလေးဘဲ၊ ဝတ်စေချင်ရင် ကြီးကြီးဂျိုးက တဆင်စာမဟုတ်တောင် နားကပ်တရံ လုပ်ပေးလိုက်ပေါ့၊ ဟဲဟဲ..ဟဲဟဲ.. "
မော်လီသည် ရယ်ကာမောကာ ပြောလိုက်၏။
“လုပ်ပေးနိုင်ပေါင်၊ လင်မယားနှစ်ယောက်ဝင်ငွေနဲ့ စိန်နားကပ်တရံတော့ စုမိအောင်စုမှပေါ့၊ မော်လီတို့မှာ ကားတောင် ရှိလာပြီ...”
ဒေါ်ဂျိုးဥသည် ပြုံးပြုံးနှင့်ပင် ငေါ့တော့တော့ ပြောလိုက်၏။
“ကြီးကြီးဂျိုးကလဲ မော်လီက စီးပွားရေးသမားသက်သက်။ ဘီကွမ်းအောင်တော့ အာရ်-အေ ခေါ်တဲ့ စာရင်းကိုင်သင်တန်းတက်တယ်။ လိုင်စင်ခေတ်က သူငယ်ချင်းတွေနဲ့ အစုစပ်ကုမ္ပဏီထောင်၊ လိုင်စင်လဲ လုပ်တယ်၊ စာရင်းကိုင်လဲလုပ်တယ်၊ ဒီတော့ ငွေက လက်ဖျားသီးနေတာပေါ့။ မြမြစိန်တို့လင်မယားနှစ်ယောက်စလုံး လုပ်တဲ့အလုပ်က ချမ်းသာကောင်းတဲ့အလုပ်မှ မဟုတ်ဘဲ...”
“ချမ်းသာကောင်းတဲ့ အလုပ် မဟုတ်ဘူး.....”
ဒေါ် ဂျိုးဥသည် စကားလုံး ထပ်တူလိုက်၍ ရွတ်လိုက်၏။
“ဟုတ်ကဲ့၊ ဆရာမအလုပ်ဆိုတာ ကိုယ်က ပညာရှာပြီး ကိုယ့်ရင်ထဲရှိတဲ့ပညာကို တပည့်တွေကို သွန်ချပေးရတာ။ ငွေရှာချင်တာနဲ့တပြိုင်နက် ဆရာ့ကို မဟုတ်တော့ဘူး။ စာရေးဆရာဆိုတာရော ဘာထူးလဲ၊ ဒါကြောင့် မော်လီတော့ သူတို့လို ရတာနဲ့ မတင်းတိမ်နိုင်ဘူး။ ပြောင်ပြောင်ရှင်းရှင်းဘဲ။ ငွေကို ရှာတယ်၊ သုံးတယ်၊ ဇိမ်နဲ့နေတယ်...”
မော်လီသည် သူ့ဟန်ပန်အတိုင်း ခပ်ကြော့ကြော့ ခပ်မော့မော့ပင် ပြောလိုက်၏။
“ဒီလိုပါ မဂျိုးဥရယ်၊ တခုကလဲ မော်လီက ခလေးမရှိဘူး။ မြမြစိန်မှာတော့ ကလေးကလဲ ခြောက်ယောက်၊ ရန်ကုန်ရဲ့ ကလေးတွေစရိတ်ကလဲ မနဲဘူး။ ဒါတောင်မှ ငြိမ်းဟာ သူ့ရွှေဒင်္ဂါးလေးတွေကို ဖဲ့ဖဲ့ရောင်းပြီး မောင်သန်းချိန်တို့ အိမ်စရိတ်ထဲ ထည့်ရှာပါတယ်။ မော်လီ ပြောသလိုဘဲ၊ သူတို့ဝင်ငွေကလဲ ပုံမှန်ဝင်ငွေတွေလား။ မော်လီတို့ ခင်မောင်ရင်တို့ ဝင်ငွေကသာ ရရင် တလုံးထဲတခဲထဲကို။ လိုင်စင်ခေတ်က ခင်မောင်ရင် ဝတ်လုံလိုက်ရတာကလဲ တချို့ အမှုဆို ထောင်နဲ့ သောင်းနဲ့ ချီပြီး ရတာ"
ဒေါ်သန်းဌေးသည် သူ့သူငယ်ချင်းဖြစ်သူ ငြိမ်းသည်လည်း အလကား ထိုင်စားနေသူ မဟုတ်ပါ၊ တဖက်တလမ်းအားဖြင့် ကိုသန်းချိန်၏အိမ်ထောင်စုတွင် လူအားရော ငွေအားရော ကူသည်ကို ပေါ်ထင်စေချင်သည်။ သူသည် တခြား စကားလုံးများကိုပါ လှပစွာ ရော၍ပြောလိုက်၏။
ဒေါ်ဂျိုးဥ အနည်းငယ် ခံပြင်းသွား၏။ သက်ကြီးပိုင်းတို့ ထုံးစံအတိုင်း ဒေါ်ငြိမ်းမယ်ကို သက်သက်လာစားနေတာဟူ၍ ခနဲ့ချင်သည်။ သူ့သား ယခုလို နေရသည်ကလည်း ဒေါ်ငြိမ်းမယ် ဦးစီးပုံ မဟန်၍ ဟူ၍ ပုံချလိုသည်။ သို့သော် ဒေါ်သန်းဌေးက “ငြိမ်းသည် ရွှေဒင်္ဂါးများကိုရောင်းချ၍ သူ့သမီးနှင့် သားမက်ထံတွင် နေသည်ကို ဖေါ်ထုတ်လိုက်သောအခါ သူမ ပစ်ရန် ချိန်ထားသောမျှားတံကို ဖြုတ်လိုက်ဖို့ လက်တွန့်သွား၏။
“အိုလေ.. မော်လီပြောသလိုသာ လုပ်လိုက်ပါ။ ကားတစီး ဆိုလဲ ကြီးကြီးဂျိုးအနေနဲ့ ဝယ်ပေးနိုင်သားဘဲ၊ ဝယ်ပေးပေါ့၊ ဟဲ ...ဟဲ..ဟဲ"
မော်လီက ဆက်ပြောပြန်သည်။ ဒေါ်ဂျိုးဥသည် ဒေါ်သန်းဌေး ထပ်၍ထည့်ပေးသော ထမင်းကို လက်ကာလိုက်၏။
“တော်ပါပြီ မသန်းဌေးရယ်၊ ဟင်းခါးက သိပ်အဆင်ပြောတာဘဲ...”
"စကားလဲပြော၊ စားလဲစားပေါ့။ ငါးဖယ်သုပ်နဲ့ ဟင်းခါးနဲ့ သတ်သတ်သောက်ပေါ့၊ သိပ်လိုက်တာဘဲ။ ကျမသမီး မော်လီကတော့ အမြဲစကားများတာဘဲ၊ ထမင်းစားတိုင်း သူ့စကားသံချည်းဘဲ..”
ဒေါ်သန်းဌေးသည် မော်လီကို ဘရိတ်အုပ်လိုက်သည်။
“စားပါတယ်၊ တနေ့က ဗိုလ်ချုပ်ဈေး ရောက်သွားတော့ ဟင်းခါးဝင်သောက်ကြတာ ငါးဖယ်ကြော်ပါရင် တခွက် တကျပ်တဲ့၊ ဟင်းခါးချည်းသက်သက်ဆိုရင် ငါးမူးတဲ့ မသန်းဌေးရယ်.....”
ဒေါ်ဂျိုးဥသည် ထမင်းကို လက်စသတ်လိုက်ရင်း ပြောလိုက်၏။
“မော်လီ လက်ဘက်နဲ့ ရေနွေးကြမ်း ချစမ်း။ ပုဇွန်ခြောက်ကလေ လက်ဘက်စား ရွှေပုဇွန်ခြောက်၊ ငါးရံ့ခြောက်ကလဲ ဆားပေါ့သေး၊ ဝါးခယ်မက မှာယူတာ။ ဒေါ်ဂျိုးဥ ပြန်ရင်လဲ လက်ဆောင်ပေးလိုက်ရအုံးမယ်.....”
လက်ဘက်ဝိုင်းတွင်မူ ဒေါ်ဂျိုးဥသည် ထွေထွေရာရာ စကားမဆိုတော့ပေ။ ရွှေစက်တော်ဘုရားပွဲစချိန် တပို့တွဲလဆန်းရောက်လျှင်သာ ဘုရားဖူးလာကြဘို့၊ မင်းဘူးရှိ သူ့အိမ်တွင် တည်းခိုဘို့ သွားဘို့ သူစီစဉ်ပေးမည့်အကြောင်း ဒေါ်ဂျိုးဥက ပြန်လည်ဖိတ်ခေါ်လိုက်၏။
ညစာစားပွဲပြီး၍ ဒေါ်ဂျိုးဥပြန်သွားမှပင် ဒေါ်သန်းဌေးသည် မော်လီကို ကြိမ်းလိုက်၏။
“သမီးကတော့လေ၊ ငါ့သမီးတယောက် ဆိုဆိုသလောက်ဘဲ။ ဒေါ်ဂျိုးဥကြီးအကြောင်း သိတန်သလောက် သိထားရက်နဲ့။ တကတည်း သူ့ထမင်း တခါစားရပါတယ်၊ ထမင်းမှ မျိုကျရဲ့လားမသိဘူးဟဲ့။ ဒီစိန်တွေကိုဘဲ ထိထိပြီး ပြောနေ
တာဘဲ”
မော်လီသည် လက်ခုပ် လက်ဝါးတီးကာ ရယ်လိုက်၏။ ပြီးမှ ငြိမ်သက်သွားရင်း..."မော်လီ ပြောတာ ရိုင်းသွားသလား မေမေ”ဟု မေးလိုက်၏။
"ရိုင်းတော့ မရိုင်းပါဘူး၊ သူက စိန်မက်တဲ့သူဆိုတော့လဲ အိမ်ရှင်ဆိုတာ အလိုက်အထိုက် ဧည့်သည်ကို လိုက်ပြောလိုက်ပေါ့ ”
“အောင်မယ် မေမေလဲ တူတူဘဲ၊ မေမေ့သူငယ်ချင်း ကြီးကြီးငြိမ်း ထိမှာစိုးလို့ ကာကွယ်လိုက်တာ.....”
“ဒါကတော့ သိစေချင်လို့ ပြောတာပါ သမီးရယ်...”
“အောက်သူတွေ ရိုင်းတယ်လို့များ ထင်သွားမလား၊ နောက်မှဘဲ တောင်းပန်ရအုံးမယ်။ မော်လီကတော့ တမင်ပြောတာပါ...”
“တမင် “
“အဟုတ်ကို တမင်ပြောတာပါ မေမေ၊ သူ့စိန်တွေ တထုပ်ထုပ်နဲ့ဟာ ဘာလုပ်ဖို့မှန်းလဲမသိဘူး။ တော်ကြာ ဟိုကန်တော်ကြီးစောင်းမှာ အသတ်ခံရတဲ့ သားအမိလိုဖြစ်နေမှာ။ စိန်ကြီးတွေမှ သတင်းစာထဲဖတ်ရတာ မနဲပါဘူး။ ဇီးဖြူသီးလောက် ဆိုတာ သမီးဖြင့် မြင်တောင်မြင်ဘူးပါဘူး ”
“ဟဲ့ သူတို့အညာမှာက တချို့ ဒီလိုဘဲ၊ ရွှေနဲ့စိန်သာ အဓိကထား စုတတ်ကြတယ်။ အဝတ်နဲ့အစားကို သင့်ရုံဘဲ။ သားသမီးကိုလဲ ပညာသင်ပေးကြပါရဲ့။ ဒါလဲ ကိုယ်အကျင့်နဲ့ကိုယ် အညာသူအညာသားတိုင်း မဟုတ်ပါဘူး...”
“ကြီးကြီးဂျိုးကတော့ ပိုသဲပုံရပါတယ်။ သမီးတို့ကျောင်းမှာကထဲက မင်းဘူးက လာနေတဲ့ သူငယ်ချင်းတွေဆီက သတင်းကြားပြီးသား။ ကိုသန်းချိန်ကြီး အဆောင်မှာ လာလာပြီး မြမြစိန်ကိုလာတွေ့တော့ သူငယ်ချင်းတွေက ဝိုင်းနောက်တယ်။ ကြီးကြီးက “သူကောင်းမျိုး" ́ ဆိုလား၊ ကိုသန်းချိန်တို့အဖေက ရေနံတွင်းစား သူဌေးဆိုလား၊ သိပ်ချမ်းသာတာဘဲတဲ့မေမေရ၊ ဒါပေမဲ့ “စိန်စိန်ရေ ကိုသန်းချိန်ကို မချိန်လေနဲ့၊ စိန်ကိုရမှာ မဟုတ်ဘူး” ဆိုဆိုပြီးတော့ ဟိုကဗျာစပ် ဝါသနာပါတဲ့ မော်လီတို့သူငယ်ချင်း ပိုက်ပိုက်က ခဏ ခဏ နောက်တယ်။ စိန်စိန်ကလဲ ဒီကတည်းက ပြန်ဖြေပါတယ်။ "ငါချစ်တာ ကိုသန်းချိန်ကိုဟေ့"တဲ့။ ဒီလိုအဒေါ်ကြီးတွေ ရှိလဲရှိတတ်တယ်နော်။ မော်လီတို့များ အဲဒီလောက် စိန်တွေရှိရင်လား ကားကို ထဘီနဲ့ဆင်တူ ထည်လဲဝယ်ပြီး ထယ်လဲစီးမယ်။ ဖိုးဖိုးကြီးနဲ့ ဒေါ်ဂျိုးဥနဲ့ အတူထားဘို့ကောင်းတယ်....”
“ယုံပါတယ် မရွှေမော်ရယ် ယုံပါတယ်၊ တကယ်တော့ ငါ့သမီးဟာလေ မြမြစိန် ခြေဖျားတောင် မမှီဘူး၊ မြမြစိန် နေပုံထိုင်ပုံ အတုခိုးဘို့ ကောင်းတယ်.....”
“မခိုးနိုင်ဘူး မေမေရေ၊ မခိုးနိုင်ဘူး။ နဂိုရ်ကလည်း သူငယ်ချင်းတွေ ကျောင်းမှာ ကျောင်းထွက်ရင် ဘာလုပ်မလဲ တိုင်ပင်ကြတော့ “ငါကတော့ ငွေကိုသုံးချင်တယ်၊ မက်တာမဟုတ်ဘူး၊ ဒီတော့ ငွေရလမ်းစဉ် ငွေရတဲ့အလုပ်ဘဲ လုပ်မှာဘဲ” လို့ သူငယ်ချင်းတွေကို ဗြောင်ဘဲ ပြောတာဘဲ။ အကျင့်ပျက်အောင် ငွေရှာမှာတော့မဟုတ်ဘူး။ တခုကလဲ မေမေရာ၊ မြမြစိန်က ပိုးစိုးပက်စက်သုံးနေရင်တော့ အပြစ်တင်စရာပေါ့၊ ကိုသန်းချိန်မှာဖြင့် စပယ်ရှယ်ဆိုလို့ နဂါးလိပ်အဝါပတ်တခုဘဲ သူ ထူးထူးထွေထွေ သောက်ပြီး စာရေးစာဖတ်နေတာဘဲ။ မော်လီတို့လိုများ အဏ္ဏဝါလှိုင်းကြီးလှိုင်းငယ်တွေ မြမြစိန် ဝတ်နေရင် ဒေါ်ဂျိုးဥကြီး လဲသေမလားမသိ....”
မော်လီသည် ယခုလို ရှင်းရှင်းပြောတော့လည်း ချစ်စရာကောင်းပေသား။ ဒေါ်သန်းဌေးကမူ သမီးလမ်းစဉ်ကို မကြိုက်သော်လည်း မတားခဲ့ပေ။
“တခုတော့ မေမေ အံ့သြတယ်၊ သမီးမှာ သမီးဖေဖေရဲ့အဖိုးဘက်က စရိုက်ဓလေ့ တစက်မှ ပါမလာတာ အံ့သြစရာကြီး"
“မအံ့သြနဲ့မေမေ၊ ဘုရားသခင်ကျေးဇူးလို့ မှတ်ပါ။ တော်ပါတော့ ဖေဖေတို့မောင်နှမနဲ့ အဖေ့အဖိုး နေခဲ့ပုံကို သမီးက ပုံပြင်လိုဘဲ နားထောင်ချင်တယ်။ “ငါးနုသန်းလေးကောင် စီမံကိန်းကြီး" ၀ါးခယ်မဌာနေက လူအိုလူဟောင်းကြီးတွေရဲ့ ဘာခေါ်မလဲ၊ သက်ကြီးစကားလောက်ဘဲ ထားလိုက်ပါတော့။ သမီးကံက တနေ့ ငါးနုသန်းနှစ်ကောင်းစားပြီး သေသွားရမယ့်ဇာတာ ပါလာတာမှ မဟုတ်ဘဲ...”
မော်လီသည် ခပ်ရွှင်ရွှင်ပင် ရယ်မောကာ သူ့စကားကို အဆုံးသတ်ရင်း ထမင်းစားပွဲကို ပုမနှင့်အတူ ကူညီသိမ်းရန် ထွက်သွားတော့သည်။
မော်လီ ပြောသည်မှာ ဟုတ်တော့လည်း ဟုတ်ပေသား။ ဒေါ်သန်းဌေးသည် ခဏခဏပင် သူ့ယောက္ခမကြီး၏ဖခင် ဦးဖန်ဖူး၏ ငါးနုသန်းလေးကောင် စီမံကိန်းကို မော်လီကို ပြောပြတတ်၍ မော်လီမှာ ပုံပြင်သဖွယ်ဖြစ်နေပေပြီ။
စစ်မဖြစ်ခင်က အဖြစ်တွေကို ပြန်ပြောပြရခြင်းမှာလည်း လက်ရှိခေတ်လူငယ်တွေအတွက် ပုံပြင်သဖွယ် ဖြစ်နေသည်မှာလည်း အံ့ဩစရာမဟုတ်ပေ။ ထို့အတူ စစ်မဖြစ်ခင်က ကွယ်လွန်သွားသော ဒေါ်သန်းဌေး၊ ဒေါ်ငြိမ်းမယ်တို့၏ဘိုးဘွားများကို အသက်သွင်း၍ လက်ရှိခေတ်ကို ပြလိုက်လျှင်လည်း သူတို့သည် ရင်ကို မ,ကာ သဲကန္တာရအတွင်းရှိ မိသားစုထံ သွားရောက်လည်ပတ်မိကြလေသလားဟု ထင်ကောင်း ထင်ကြပေလိမ့်မည်။
မော်လီကတော့ မိခင်ထံမှရသော သူ့အဖေ၏အဖိုးအကြောင်းကို ဒန္တာရီဟူ၍ သူငယ်ချင်းများကို ပြောပြ၏။
"ဒန္တာရီ လို့ ဆိုရင် မော်လီ့စိတ်ထဲမှာ သက်သာတယ်ကွယ့်။ တကယ်တော့ မေမေပြောပြတဲ့အခါ အိပ်ရာထဲ ဝင်ခါနီး ပြောတဲ့ပုံတောင် သနားစရာအကြောင်းရောက်ရင် ကိုယ်တို့ကလေးဘဝက ဝမ်းနည်းကြသေးတာဘဲ။ ဖိုးဖိုးကြီးတို့ အကြောင်းကတော့ ပုံပြင်ဆံဆံသာ နားထောင်လိုက်ရတယ်၊ စိတ်ထဲကတော့ သူတို့ဟာ လူ့ဘဝမှာ တကယ်နေပြီး တကယ် ဒီလိုစားသောက်သွားကြရပါလားလို့ တွေးလိုက်မိရင် သနားသလိုလဲ ဖြစ်ပါရဲ့၊ ရင်ထဲမှာလဲ နင့်တင့်တင့်ကြီး။ ဒီတော့ ပုံလိုဘဲ သဘောထားပြီး မေ့ပစ်တယ်....”
သူငယ်ချင်းများ ကျောင်းဆောင်တွင် အပျင်းပြေ ဝိုင်း၍ သူ့အကြောင်း ကိုယ့်အကြောင်းရော၊ ရည်းစားအကြောင်း၊ မိမိတို့ဌာနေအကြောင်းများကို စပ်မိစပ်ရာပြောမိကြလျှင် မော်လီက သူ၏ဖိုးဖိုးကြီးအကြောင်းကို ဤသို့ပင် ပြော၏။ မှန်၏။ မော်လီ၏ဖိုးဖိုးကြီးမှာ ဦးဖန်ဖူးဖြစ်သည်။ ဦးဖန်ဖူး ကွယ်လွန်စဉ်က ၀ါးခယ်မတွင် တိုက်ကြီးတလုံးနှင့် အိမ်ငါးလုံး၊ ရန်ကုန်မြို့လယ်တွင် သုံးထပ်တိုက် သုံးလုံး ကျန်ရစ်ခဲ့သည် ဆိုသည်။ ငွေသားကမူ ရှေးငွေ တသိန်းကျော် ကျန်ရစ်ခဲ့သည်။(ရွှေအင်္ဂါးတပြား ၁၅ ကျပ် တန်ဖိုးနှင့် တွက်ကြည့်လျှင် ရှေးငွေ တသိန်း၏ ငွေတန်ဖိုးကို မှန်းဆနိုင်သည်။)
ဦးဖန်ဖူးသည် သူ့အချစ်ဆုံးမြေး(မော်လီ၏အဖေ)နှင့် ထမင်းစားသည်။ သူ့ဇနီးသည်က ဈေးဝယ်လျှင် ငါးနုသန်း သို့မဟုတ် ငါးရံ့ပနော် အစရှိသော ငါး လေးကောင် ဝယ်ရသည်။ ထိုငါးဆီပြန် လေးကောင်ကို မနက်
ညနေနှစ်ကောင်၊ မြေးအဖိုးနှစ်ယောက် စားသည်။ ကျန်အိမ်သားများသည် ငါးပိရေကောင်းကောင်း၊ ဟင်းချိုတခွက်နှင့် ပဲသီး ကန်စွန်းရွက် ခပ်ပေါပေါ အသီးအရွက်များကို တအိမ်လုံး စားလောက်အောင် ကြော်စားရသည်။
ဘိုးဘိုးကြီးမှာ တဦးတည်းသောသမီး ဒေါ်ရင်တယောက်သာ မွေးခဲ့သည်။ ထိုဒေါ်ရင်မှ မော်လီ၏အဖေကို မွေးခဲ့သည်။ သို့သော် ဘာဖြစ်ကြမှန်းမသိ။ ဖိုးဖိုးကြီးဦးဖန်ဖူး ကွယ်လွန်သောအခါ ဦးဖန်ဖူး၏တူ မွေးစားသားများ၊ ဆွေမျိုးများနှင့် သမီးအရင်း ဒေါ်ရင် အမှုဖြစ်လိုက်ကြသည်မှာ ဆွေစဉ်မျိုးဆက် မဆုံးတော့ပေ။
မော်လီ့လက်ထက်တွင် သူ့ဖိုးဖိုးကြီး၏ငယ်ငယ်က ရွှေထီးဆောင်းခဲ့သောခေတ်ကို ပုံပြင်လိုသာ ကြားဘူးသည်။ မော်လီသည် ခပ်ရွှတ်ရွှတ်လည်း ပြောတတ်၏။ “ဒို့ဖိုးဖိုးကြီး ဆောင်းခဲ့တာ ရွှေရောင်ပြားစက္ကူနဲ့လုပ်တဲ့ ထီးစုတ်ကြီး ထင်ပါ့ကွာ”ဟု ပြောတတ်၏။ ဒေါ်သန်းဌေးနှင့် လက်ထပ်သောအခါ မော်လီ့အဖေ ဦးရွှေသွင်တွင် တိုက်တလုံးမှလွှဲ၍ ဘာမျှပါမလာပေ။ ဒေါ်သန်းဌေးကလည်း ဒေါ်ငြိမ်းမယ်သာသာတည်း။ ဦးဖန်ဖူးချမ်းသာပုံများကို ဧဝံ - ဤသို့၊ သုတံ-ကြားလိုက်ရ၏ ဆိုသည်ကလွဲ၍ သူတို့အမွေကိစ္စများတွင် သူ့ခင်ပွန်းသည် မပါအောင် ဆွဲထုတ်ခဲ့သည်။
“ခုခေတ် စာရေးဆရာတွေ ရေးတော့ လယ်သမားများ ဆင်းရဲလွန်းလို့ ငါးပိရေ တို့စရာနဲ့ ဆူးပုတ် ကင်းပုံဟင်းချိုကို လယ်ငါးလေးတွေနဲ့ ဟင်းချက်စားတယ်ဆိုတော့ သနားစရာလေးလိုဘဲ၊ ငါတို့ဖိုးဖိုးကြီးတို့ကတော့ သူတို့ဝဋ်ရှိလို့ ကိုယ်ဝဋ်ကိုယ်ခံကြရတာပါဘဲကွာ....”
မော်လီသည် ဤသို့ပင် သူ့စကားကို လက်စသတ်တတ်သည်။ ထို့ကြောင့်ပင် ဖိုးဖိုးကြီး ဦးဖန်ဖူးတို့၏ စရိုက်ဓလေ့ နည်းနည်းမှ သူ့သမီး မော်လီတွင် မပါသည်ကို ဒေါ်သန်းဌေးက တအံ့တဩ ပြောတတ်ခြင်း ဖြစ်ပေသည်။
* * *
ဒေါ်ဂျိုးဥမှာ ဒေါ်သန်းဌေး အိမ်က ညစာစားပြီး အပြန်မှ သားဖြစ်သူ ကိုသန်းချိန်နှင့် ဝရံတာတွင် အေးအေးဆေးဆေး စကားပြောရတော့သည်။ မြမြစိန်ကတော့ သားအမိနှစ်ယောက် တီးတိုးဆွေးနွေးနေ၍ ဝရံတာဘက် ထွက်မထိုင်သော်လည်း ဧည့်ခန်းတွင် သူ့အမေ ဒေါ်ငြိမ်းမယ်နှင့် ထိုင်နေသည်။
“မေမေ နားထောင်စမ်း၊ ကိုကိုနဲ့မေမေကြီး ပြောပြောနေတဲ့ စကားလုံးတွေထဲမှာ စိန်စိန်ဆိုတဲ့ စကားလုံးတွေ ခဏ ခဏ ပါတယ်မေမေ"
မြမြစိန်သည် အနားမှာ ထိုင်နေသူ သူ့မိခင် ဒေါ်ငြိမ်းမယ်ကို တိုးတိုးလေး ပြောလိုက်၏။ မေမေသာ အနားမှာမရှိခဲ့လျှင် သူသည် သူ့ယောက္ခမ ဒေါ်ဂျိုးဥနှင့် လင်တော်မောင် ကိုသန်းချိန်တို့ စကားပြောနေသော ဝရံတာအနီး
ပုဏ္ဏားကွယ်တွင် သွားရောက်ထိုင်နေမည်ဖြစ်သည်။
ကိုသန်းချိန်တို့သားအမိနှစ်ယောက်သည် အပြင်ဖက် ၀ရံတာတွင် ထိုင်ကာ တီးတိုးစွာနှင့် တစုံတရာကို တိုင်ပင်နေကြဟန် ရှိသည်။ အမြဲလိုလို အော်ကျယ်ကျယ်ပြောနေကျ ဒေါ်ဂျိုးဥမှာ ယခုတခါ အင်မတန် လျှို့ဝှက်သိပ်သည်းစွာ ပြောရမည့်အကြောင်းဖြစ်၍သာ တီးတိုးပြောနေခြင်းဖြစ်၏။ သို့သော် သူသည် တခါတရံ မထိန်းနိုင် မသိမ်းနိုင်ဖြစ်သွား၍လားမသိ၊ လေသံမှာ တချီတချီကျယ်၍ မြမြစိန်တို့သားအမိ ထိုင်နေသော ဧည့်ခန်းဆီသို့ လွင့်လာ၏။ မြမြစိန်ပြောသလိုပင် လွင့်ပျံလာသော စကားလုံးများတွင် စိန်စိန် ဟူသော စကားလုံးများ ခပ်များများ ပါလာသည်ကို ဒေါ်ငြိမ်းမယ်လည်း သတိပြုမိ၏။
သမီး၏အမူအရာကို ကြည့်ရုံနှင့်သိသော ဒေါ်ငြိမ်းမယ်မှာ သမီးဖြစ်သူကို ကြာကြာထိန်းထားနိုင်ဘို့ မလွယ်သည်ကို သူသိသည်။ သူ့သမီးသည် စိတ်မြန်လက်မြန် ပွင့်ပွင့်လင်းလင်း။ စကားပြောလျှင် ယောက္ခမဒေါ်ဂျိုးဥနှင့် အပြိုင် ဖြစ်သည်ကိုလည်း သူသိပြီးဖြစ်သည်။ ယခုအချိန်မှာ ကလေးများအားလုံး အိပ်၍၊ လမ်းပေါ်ဆော့နေသော ကလေးများလည်း အိမ်ထဲဝင်အိပ်ကြချိန်ဖြစ်သည်။ ထို့ကြောင့် ဒေါ်ဂျိုးဥတို့သားအမိ စကားပြာသံမှာ တိုးတိုးလေးပင်ဖြစ်သော်လည်း တချီတချီ တိတ်ဆိတ်သောပတ်ဝန်းကျင်ကြောင့် ကျယ်၍ ကျယ်၍ ထွက်လာခြင်းဖြစ်၏။
ဒေါ်ငြိမ်းမယ်သည် မြမြစိန်ကို လက်ကုတ်ခေါ်ကာ မီးဖိုထဲသို့ ခေါ်သွား၏။ မီးဖိုတံခါးကို အသာပိတ်၍ ဂျက်ထိုးလိုက်သည်။ ပြီးတော့မှ သူသည် ဖင်ထိုင်ခုံတခု ဆွဲထိုင်ရင်း သမီးဖြစ်သူကိုလည်း ရှေ့တွင် ထိုင်ခိုင်းလိုက်၏။
“နေပါအုံးသမီးရယ်၊ စိန်စိန်ဆိုတဲ့စကားလုံးတွေ ပါတော့ကော ဘာဖြစ်သလဲ”
မြမြစိန်သည် မကျေမနပ်ဖြစ်နေသော သူ့ရင်တွင်း အခံဝေဒနာမှာ မျက်နှာပေါ်တွင် ပွင့်ပွင့်လင်းလင်း အထင်းသား ပေါ်လာ၏။
“သမီးအကြောင်း သူ ကိုကို့ကို အတင်းပြောနေမှာပေါ့ မေမေရ၊ သမီးနာမည်က မြမြစိန်မို့လား၊ သူက သမီးကို ခေါ်ရင် စိန်စိန်လို့ဘဲ ခေါ်နေတာဘဲဟာ..."
“သမီးနှယ်....ခက်လိုက်တာ၊ တခြားအကြောင်းလဲ ဖြစ်ချင်ဖြစ်မှာပေါ့၊ အဲဒီလို သင်္ကာမကင်းစိတ် မရှိရဘူးလေ။ သူတို့မှာလဲ သူတို့သားအမိနှစ်ယောက်ထဲ တီးတိုးတိုင်ပင်ရမယ့်အကြောင်း ရှိချင်ရှိမှာပေါ့..”
ဒေါ်ငြိမ်းမယ်က သမီးကို နှစ်သိမ့်လိုက်၏။
“မေမေဘဲ ခဏခဏ ပြောတယ်။ စကားပြောရင်သာ ညင်ညင်သာသာပြောရမယ်။ တအိမ်ထဲသားချင်းဟာ အတင်းပြောသလို တီးတိုး တီးတိုးနဲ့ ကျိတ်ကျိတ် ကျိတ်ကျိတ် မပြောရဘူးဆို။ ဝေသာလီပြည် ပျက်တာဟာ တီးတိုးတွေ များလို့ ဆို...”
“အဲဒါက ဟုတ်တာပေါ့၊ ခုကိစ္စက ဘာကိစ္စမှန်းမှမသိ။ မဂျိုးဥ အရင်အခေါက်တွေ လာတုန်းက ကျယ်ကျယ် ကျယ်ကျယ်နဲ့ဘဲ ပြောဆိုပြီး ပြန်သွားတတ်တာ။ ခုတခါ သူတို့မှာ အရေးတကြီးကိစ္စရှိလို့ ဖြစ်မှာဘဲ"
မြမြစိန်သည် ခေါင်းကုတ်လိုက်၏။ မကျေနပ်နိုင်သေး။ မိခင်ကို မလွန်ဆန်ချင်၍သာ အောင့်အည်းနေပုံရ၏။
“အဲဒီ ကိုကိုကလဲလေ...ကိုယ့်မိန်းမအကြောင်း ကိုယ်သိသားနဲ့။ သမီးဟာ ဘာမဆို ပွင့်ပွင့်လင်းလင်း သူ့ကို ဆက်ဆံခဲ့တယ်။ အခုဆိုရင် သူ့အမေဟာ ဘာကိစ္စ ဘယ်လိုပြဿနာ ဖြစ်လာတယ်ဆိုတာ သမီးကိုသာ ဖွင့်ပြောရင် သမီးလဲ တဖက်တလမ်းက ကူညီနိုင်တာပေါ့။ ခုတော့ သမီး အတင်းတွေကို သူ့အမေကြီးက ပြောနေလို့သာ သူပါရောပြီး လျှို့ဝှက်နေတာ မေမေ”
“ကဲ..ကဲ...မေမေ တခုမေးမယ်၊ သမီး အတင်းကိုဘဲ သူတို့ပြောနေကြတယ်ထား၊ သူတို့ အတင်းပြောလောက်အောင် သမီးကရော တိတ်တိတ်ပုန်း ကျိတ်လုပ်ထားတာ ရှိလို့လား..”
“သမီး ခုချိန်ထိ ကိုယ်ကိုယ်ကို ပြန်တွေးကြည့်တာဖြင့် ဘာမှ ယုတ်ယုတ်မာမာ အတင်းဖွဲ့ပြောလောက်အောင်ကိစ္စ မလုပ်ခဲ့မိသေးဘူး မေမေ.....”
မမြစိန်သည် ခေါင်းခါခါ လည်ခါခါနှင့် ဖြေ၏။
“အဲဒီလိုဆို ပြီးတာပေါ့။ ကိုယ်က လုပ်ခဲ့မိရင်သာ ကိုယ့်လိပ်ပြာ ကိုယ်မလုံပြီး ငါ့အတင်းများ ပြောနေကြသလားလို့ ယိုးစွပ်ရမှာပေါ့ သမီး။ မေမေတော့ ဘယ်သူ့မှ အထင်မလွဲပေါင်၊ ဘာဖြစ်လို့လဲဆိုတော့ မေမေကမှ ဘာမှမလုပ်ဘဲ...”
“မေမေကလဲ ကမ္ဘာကြီးတခုလုံး သူ့လိုချည်း အောက်မေ့နေတာဘဲ။ သမီးတော့ မနေနိုင်ဘူး၊ မနက်ကျရင် ကိုကို့ကို ဗြောင်ဖွင့်မေးမယ်၊ ဒါဘဲ...”
“ဟော...သမီးဟာလေ ပြောလေကဲလေဘဲ၊ ကြားထဲက ကိုယ့်လင်ကို ဦးနှောက်မခြောက်ပါစေနဲ့။ တနေ့ သိချိန်တန်လို့ အသိပေးချိန်တန်ရင် မောင်သန်းချိန်ဟာ သမီးကို အသိပေးမယ့်လူစားမျိုးပါ။ ကိုယ့်ယောက်ျားဟာ ဘယ်လို လူစား၊ သူများပြောတိုင်းယုံ၊ တိုက်ပေးတိုင်း ယုံလွယ်တဲ့ လူတယောက် မဟုတ်ဘူးဆိုတာ မေမေ သိတာထက် သမီးက ပိုသိမှာပေါ့။ ကဲ သူတို့ အသိပေးလာလို့ ပြဿနာဝင်ရှင်းပေးပါလို့ တောင်းဆိုလာတဲ့တနေ့ ကိုယ်ကဝင်ပြီး ကူလုပ်ပေးလိုက်ဖို့ဘဲ ရှိတယ်။ ကာယကံရှင်တွေကမှ မတောင်းဆိုဘဲ ကိုယ်က ဝင်ပါရင် စပ်စုတယ်၊ ဝင်ရှုပ်တယ်ဆိုပြီး နောက်ဆုံး တရားခံ ပြန်ဖြစ်တတ်တယ်။ ဒို့များ ရှေးလူကြီးတွေ အဆိုရှိတယ်မို့လား၊ ကြား သုံးကြား မဝင်ရဘူးဆိုတာလေ..”
မြမြစိန်သည် မိခင်ဖြစ်သူ စကားကို မဖြေ။ သူ့မေမေသည် သူ့တဖက်ထဲကိုသာ ဆန်ရင်း နာနာဖွပ်လွန်းသည် ဟူသော အဓိပ္ပါယ်ကို ဟန်နှင့် ပြသလို ဟင်းကနဲ သက်ပြင်းချကာ ခေါင်းကို စုံကုတ်လိုက်၏။ ဒေါ်ငြိမ်းမယ်ကတော့ ခပ် တိုးတိုးပင် သူ၏စကားစကို ပြန်ဆက်၍ ပြောမြဲ ပြောနေသည်။
“သားအမိကြား၊ လင်မယားကြား၊ ဆွေမျိုးကြားထဲ ဝင်မပါရဘူး။ အဲဒီကြားတွေထဲ ကိုယ်က ဝင်ပါမိရော။ ဒေါသတွေဖြစ်နေကြဆဲ၊ မာန်တွေ တက်နေကြဆဲတော့ အရပ်ကူပါ လူထပ်ပါနဲ့ ပရိသတ်က အဟုတ်မှတ်လို့ ဝင်ကူရော။ သူတို့အချင်းချင်း အဆင်ပြေသွားကြတဲ့တနေ့လဲ ရောက်ရော ဘေးလူတွေက ဝင်တိုက်ကြတာပါနဲ့ ကူမိတဲ့လူတောင် တရားခံဖြစ်သေး...”
“မေမေကလဲ မေမေ့သားမက်လိုဘဲ လူများကိုချည်း တရားဟောပါ။ ခုကိစ္စက သမီးနဲ့ ကိုကိုနဲ့ကရော လင်မယား မဟုတ်ဘူးလား။ ဒီဒေါ်ဂျိုးဥက သမီးနဲ့ကိုကို လင်မယားကြား ဝင်ရှုပ်တာကော မဖြစ်နိုင်ဘူးလား.....”
“မိစိန်စိန် တော်တော့၊ မေမေစိတ်ထွက်လာပြီနော်။ သမီး ဆရာမတယောက် လုပ်နေပြီး ဒီလောက် နားမဝေးစမ်းနဲ့။ ခုကိစ္စက ဘာမှန်းကို မသိသေးပါဘူးဆိုနေ။ ကိစ္စတခုကို ပြီးအောင် ဆုံးအောင် လေ့လာ။ ညည်းစိတ်ကူးနဲ့ညည်း ငါ့အကြောင်းများ ပြောကြလေမလားလို့ ညည်းဖာသာ တဖက်သတ် ဒေါပွနေတာမို့ လား၊ ကိုယ့်ကိုယ်ကို မညှာဘဲ စဉ်းစားကြည့်စမ်း...”
ဒေါ်ငြိမ်းမယ် အသံမာ၍ ခပ်ငေါက်ငေါက် ပြောလာတော့မှ မြမြစိန်သည် မျက်နှာထားကို တင်းရာမှ လျှော့ပစ်လိုက်၏။
“သွားအိပ်တော့၊ မနက်ကျ ကိုယ်မှာ အလုပ်သွားရမယ်၊ ကိုယ့်လင်သားကိုလဲ အပူရှာပြီး အိပ်ရာထဲ ရောက်ရင် တွတ်တွတ်တွတ်တွတ် လုပ်မနေနဲ့အုံး။ အလွန်ဆုံး ဖုံးနိုင်ဖိနိုင် သုံးလေးရက်ပေါ့။ သိဖိုလိုလာရင် ဖွင့်ပြောမှာဘဲ။ တကယ် မတရားသဖြင့် ငါ့သမီးအပေါ် စော်ကားမော်ကား တို့မီးရှို့မီးလုပ်ရင်တော့ မေမေက ခံနေမတဲ့လား၊ သမီးဘက်က ဝင်ကူမှာပေါ့..”
မြမြစိန်သည် မအေကိုသာ လေးစားစိတ်ဖြင့် ဘာမျှဆက်မပြောတော့ဘဲ နေလိုက်သည်။ စိတ်ထဲက အောင့်သက်သက်ဟန်မှာ မျက်နှာပေါ်တွင် အထင်အရှား ကျန်ရစ်နေသေးသည်။ သူသည် တံခါးမင်းတုံးကို ဆွဲဖွင့်ကာ အိပ်ခန်းထဲသို့ ဝင်သွား၏။ ထန်းခေါက်ဖာကြီးကို ဖွင့်လိုက်ပြီး အထဲတွင် ထည့်ထားသော ခြင်ထောင်၊ ခေါင်းအုံး၊ စောင်းအပို အိပ်ရာတစုံစာကို မ,ယူ၍ ဧည့်ခန်းဘက် သယ်သွားသည်။ ဧည့်ခန်း ခေါင်းရင်းဘက်တွင် ဧည့်သည်များထိုင်သော ကုလားထိုင်များကို ဘေးဖယ်၍ ယောက္ခမဘို့ ခပ်ဆောင့်ဆောင့် ဟန်နှင့်ပင် အိပ်ရာပြင်ပေးပြီး သူ့အိပ်ခန်းသို့ ဝင်သွားတော့သည်။
ဒေါ်ဂျိုးဥနှင့် ကိုသန်းချိန်မှာတော့ တီးတိုးဆွေးနွေးပွဲကို ဆက်လက်ဆွေးနွေးဆဲဖြစ်၏။
* * *
နောက်နေ့တွင် ယောက္ခမကြီးဒေါ်ဂျိုးဥသည် ရွှေတောင်ကြားလမ်း အိမ်သို့ ပြန်သွား၏။ မေမေပြောသလိုပင် ညက သံသယစိတ်များကို သူမေ့ထားလိုက်၏။ သူနှင့်ဆိုင်လာလျှင် ကိုကိုသည် သူတို့မိသားစုအကြောင်းကို သူ့အား ပြောကြားလိမ့်မည်။ သူက စတင်မမေးတော့ပေ။
ထုံးစံအတိုင်း ကျောင်းကို ထွက်လာခဲ့၏။ သားများနှင့် သမီးကို ယခင်ကတည်းက မြို့မကျောင်းတွင်ထား၍ ယခုလည်း ဆက်ထားသည်။ သူသာ တာမွေအမှတ်(၂)ကျောင်းတွင်လုပ်၍ မြို့ထဲမှ ကျောင်းသို့ ကျောင်းတက်ကျောင်းဆင်း အသွားအလာ အဆင်ပြေလှသည်မဟုတ်။ သို့သော် ယခုတော့ ရိုးနေပေပြီ။
ယနေ့ စာသင်ခန်းတွင် စာပြနေဆဲ၊ သူ့မိတ်ဆွေ ဆရာမလေးတယောက်သည် ပုမကို ကျောင်းခန်းထဲ ခေါ်လာသည်။
“မမစိန်၊ ကြီးကြီးငြိမ်း ရေချိုးခန်းထဲ ချော်လဲလို့....”
မြမြစိန်သည် ရင်ထဲ ထိတ်သွား၏။ တော်ရုံ လဲကျရုံနှင့် ကျောင်းသို့ လိုက်မခေါ်ပေ။
“ကြီးကြီးဌေးက ဘာမှမပူနဲ့တဲ့၊ ဆူးလေဘုရားလမ်း ဗဟိုမီးသတ်စက်က သူနာတင်ကားနဲ့ ကြီးကြီးငြိမ်းကို ဆေးရုံကြီး သူခေါ်သွားပြီတဲ့။ ဆေးရုံကြီးကိုသာ လိုက်ခဲ့ပါတဲ့....”
“အေး...အေး..”
သူသည် ကျောင်းအုပ်ဆရာကြီးကို အကျိုးအကြောင်း ပြောပြပြီး၊ ဘတ်စ်ကားမှတ်တိုင်သို့ ထွက်လာခဲ့ကြ၏။
“မေမေ သတိကောရရဲ့ ယား၊ ဦးနှောက်သွေးကြောပြတ်ပြီး လဲသွားတာဆို ဒုက္ခ..”
“သတိရတယ် မမစိန်၊ စကားပြောနိုင်တယ်။ ခြေထောက်သာ မထောက်နိုင်တာ"
တော်ပါသေး၏။ မြမြစိန်သည် ပုမပုခုံးကို လက်ကကိုင်ထားရင်း လျှောက်လာ၏။ စိတ်တင်းထားသော်လည်း လမ်းလျှောက်နေရသည်ကို ခြေထောက်က ဘယ်နင်းနေမိမှန်း မသိသလို ဖြစ်နေ၏။
“အကိုခင်မောင်ရင် ထွက်သွားစလေးမို့ လွဲသွားတာ၊ နို့မိုရင် အကို့ကားနဲ့ ကြီးကြီးငြိမ်း ဆေးရုံသွားနိုင်မှာ။ ခလေးတွေ့တော့ မမမော်လီက အကုန်အိမ်ခေါ်ထားလိုက်တယ်.....”
တော်ပါသေး၏။ တော်ပါသေး၏။ ဒါကြောင့် မေမေက အိမ်နားနီးချင်း ကောင်းဘို့လိုသည်ဟု ပြောခြင်းဖြစ်၏။
“တကတည်းဗျာ အကုန်လုံးက ဘဝင်ကိုင်နေကြတယ်.."
ဘတ်စ်ကားမှတ်တိုင်မရောက်ခင် လူတယောက်သည် ဘာကိုဒေါပွလာသည်မသိ၊ တယောက်တည်း အော်ကြီးဟစ်ကျယ် ပြောလာသည်။ သူတို့ကိုမြင်သော် စကားပြောဖော်ရသလို အားရပါးရ ပိုပြော၏။
“ဒီနေ့တမနက်လုံးလေ ဘာမှ အဆင်မပြေဘူး၊ ကဲ.. မော်တော်ကားဘဲ စက်မပျက်ဘူးလို့ ဘယ်သူ အာမ,ခံမလဲ။ လူတောင်ပျက်သေးတာ၊ စက်လဲ ပျက်တာပေါ့။ မနက်က သူ့သမီးတွေ ကျောင်းတက်နောက်ကျပြီဆိုပြီး ကျွန်တော့်ချည်း ဖိကြိမ်းတယ်။ သုံးဘီးငှားပြီး ကျောင်းအရောက်ပို့ပါတယ်။ သုံးဘီးသမားက တနာရီလောက်စောင့်ပြီး ရှိခိုးခေါ်ရတာ၊ မင်းဘုရားတို့က ဘဝင်ကိုင်တာကတမျိုး၊ အိမ်မှာတော့ အဖိုးကြီးနဲ့အဖွားကြီး နောင်ဂျိန်ဘဲ။ အခုကော ခင်ဗျားတို့ မြို့ထဲ သွားမလို့လား”ဟု ဒေါထလာသောသူက မြမြစိန်ကို လှမ်းမေး၏။
“ဟုတ်ကဲ့....”
“ဘတ်စ်ကားလဲ အားမထားနဲ့၊ သုံးဘီးလဲ သိပ်မမျှော်လင့်နဲ့။ ဖြစ်တာကို ဖြစ်သလို စီးမယ်လို့ သဘောထား။ အဲဒီကောင်တွေကို လမ်းသွားရင်း ဒေါထရင် ကိုယ်သာ ကားကြိတ်သေမှာ။ ကျွန်တော်လဲ မြို့ထဲသွားမှာဘဲ...”
ဟုတ်၏။ ဘတ်စ်ကား လူကြပ်ရင်လည်း တဒုက္ခ။ သူတို့ မခေါ်ချင်လျှင် သုံးဘီးကားကလည်း ခြေတခါခါ လက်တခါခါနှင့် မခေါ်။ မြမြစိန် စိတ်ထဲမှာလည်း ဆေးရုံကို တလှမ်းထဲနှင့်သာ ရောက်သွားချင်သည်။
“ဒရိုင်ဘာလုပ်တဲ့လူက အသစ်စက်စက် မြူးပျံနေတဲ့ကားသာ မောင်းချင်တာပေါ့။ ရမှမရနိုင်တာ။ မနက်ကလေ ကားပျက်လို့ ပြင်မရတဲ့အထဲ သုံးဘီးပြေးခေါ်ရသေးတယ်။ အဲဒါ ကြာတယ်လို့ အဖွားကြီးက ကြိမ်းသေး။ အဖိုးကြီးက တိုက်ပေါ်ကနေ အော်နေသံတော့ ကြားခဲ့တယ်။ 'သဗ္ဗေသင်္ခါရ အနိစ္စမကြီးရေ၊ ကားလဲ ပျက်တာဘဲဟဲ့၊ မယောဂီရဲ့”တဲ့။ ကျွန်တော်တော့ ခလေးတွေ သုံးဘီးပေါ် တင် ထွက်လာခဲ့ရော ကျောင်းပို့ခဲ့ပြီ။ ဟော ...ဟော...လေးဘီး...လေးဘီး...တက္ကစီ..."
ထိုသူမှာ ပြောပြောဆိုဆို လက်ခုပ်ကျယ်ကျယ်တီးကာ တက္ကစီနောက် ပြေးလိုက်သွား၏။ တော်ပါသေး၏။ တက္ကစီကားက အသံကြား၍ ရပ်ပေး၏။ ထိုခေါ်ပေးသူက မြမြစိန်တို့ကိုပါ လက်ယပ်ခေါ်၏။ ပုမနှင့်မြမြစိန်သည် ပြေးသွားရ၏။
“တက်ကြ ..တက်ကြ၊ ကျန်တော့်ကိုတော့ လွစ္စလမ်း ချခဲ့...”
မြမြစိန်တို့နှစ်ယောက် ကားနောက်ပိုင်းတွင် ဝင်ထိုင်၏။
“ကျမကိုတော့ ဆေးရုံရောက်အောင်ပို့ပေးပါရှင်၊ ကျမအမေ ချော်လဲတာ ဆေးရုံရောက်နေပြီ။ အိမ်ကလာခေါ်လို့"
ကားသည် ဝူးကနဲ ထွက်သွား၏။ ဘုန်းတန်ခိုးပေဘဲ။ အမည်မသိ ဒေါထလာသော ဤရှေ့ကလူကို ကျေးဇူးတင်ရသေး။ သူသည် ရင်ထဲကဒေါသကို ပါးစပ်က တတွတ်တွတ် ပြောလာ၏။ ထိုသူမှာ အိမ်တအိမ်အိမ်တွင် ကားမောင်းသူဖြစ်ဟန် တူသည်။
“အိမ်တိုင်း ပြသနာကိုယ်စီနဲ့ဟာ၊ သူတယောက်ထဲ ကွက်ခံနေရတာကျနေတာဘဲ။ ခြံရော၊ တိုက်ရော၊ ကားရော အပြည့်။ ဒီကားပျက်တာ ကျွန်တော်လဲ ဘယ်တတ်နိုင်မလဲ၊ ကျွန်တော်တို့လိုများ ဆင်းရဲရင် ဒီအဖွားကြီး ရူးမယ်..... ရူးမယ်”
ထိုသူသည် ပြောပြောဆိုဆိုနှင့် လစ္စလမ်းအရောက်တွင် ဆင်းနေရစ်ခဲ့၏။ တက္ကစီမောင်းသူအား ထိုသူအတွက် ကားခကို မြမြစိန်က မယူပါနှင့်ဟုပြော၍ သူကပင် ဆေးရုံအရောက်တွင် ပေးလိုက်သည်။ ဤဒေါထလာသော အမည်မသိသူကိုပင် ကျေးဇူးတင်ရသေး၏။
ဆေးရုံရောက်သောအခါ ခွဲစိတ်ခန်းရှေ့၌ ဒေါ်သန်းဌေးကို တွေရသည်။
“မပူနဲ့ စိန်စိန်၊ တာဝန်ကျဆရာဝန်ရော၊ အရိုးကု အထူး ဆရာဝန်ကြီး ဒေါက်တာ ဘပုရော၊ ကြီးကြီးဌေးနဲ့သိတဲ့ မိတ်ဆွေဟောင်းတွေ၊ တင်ပဆုံရိုး ပြုတ်ထွက်သွားတော့ မေ့ဆေးပေးပြီး ဂွင်ကျအောင် နေရာတကျ ပြန်လုပ်မယ်လေ။ ဒူးခေါင်းကိုတော့ ဝက်အူစုပ်မယ်ထင်တယ်။ ကျောက်ပတ်တီးလဲ စီးမှာပေါ့။ ရေညှိနဲ့ချောသွားတာ၊ ပူစူးလာခေါ်လို့ ဒို့များ စောစောစီးစီးသိရတာ သိပ်ကံကောင်းသွားတယ်....”
“ဟင် ”
မြမြစိန်သည် ဘာမှ မပြောတော့။ ခုမှ သမန်တလင်း ပေါ် ထိုင်ချလိုက်၏။ ဆေးရုံ အလုပ်သမားတယောက်က ခွေးခြေလေး ချပေး၏။ ကြီးကြီးဌေး စည်းရုံးကောင်းပေလို့။ ဆူးလေဘုရားလမ်းက မီးသတ်သမားများကိုလည်း သူပေါင်းသင်းထားသည်။ ဆရာဝန်များ ဆိုလည်း သူ မသိသူ ခပ်ရှားရှား။ ဘယ်သူ ဘာရောဂါဖြစ်ဖြစ် ဆေးရုံအပေါက်စေ့ လိုက်ပို့တတ်၏။
“စိန်ကဖြင့်လေ အသက်ကြီးတော့ ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသွားတာဆိုရင်တော့ ပြီးရော၊ မေမေ့တော့ ငါမတွေရတော့ဘူး ထင်နေတာ”
မြမြစိန်က ပြော၏။
“အေးပေါ့လေ၊ ကြီးကြီးဌေးလဲ ထူပူသွားတာပဲ၊ ခုတော့ ကုသရတာ ကြာတာကလွဲလို့ အသက်မသေတော့ဘူ"
“စိန် ကိုကိုတို့မဂ္ဂဇင်းတိုက် တယ်လီဖုန်း လှမ်းဆက်လိုက်မယ်၊ ဒါနဲ့ ပုမကို ပြန်လွှတ်လိုက်မယ်။ မော်လီ ကလေးတွေနဲ့ ဒုက္ခများနေမယ်...”
“အေး ကောင်းသားဘဲ၊ မော်လီ့ကိုလဲ မပူနဲ့လို့၊ စိန်စိန်လဲ ရောက်နေပြီလို့ .... “
ပုမကို ပြန်လွှတ်လိုက်ကြ၏။ ကိုသန်းချိန်ထံ မြမြစိန်သည် တယ်လီဖုန်းဆက်လိုက်၏။ ကိုသန်းချိန် ရောက်လာချိန်တွင် ကိုသန်းချိန်သည် သူ့အစီအစဉ်ကို ပြောပြသည်။
“ခု...ကိုကို၊ ဒီက ဆရာမတွေအကူအညီနဲ့ လိပ်စာတွေတောင်းပြီး နေ့ရောညရော စောင့်ဘို့ စပယ်ရှယ်နာ့စ် ငှားလိုက်မယ် စိန်၊ စိန်က အိမ်မှာ ကလေးတွေ ကြည့်ရအုံးမှာ။ ရသင့်ရထိုက်တဲ့ခွင့်တော့ စိန် အကုန်ယူလိုက်ပေတော့။ ခွင့်ကိစ္စ နက်ဖန်မှ စိန် စီစဉ်၊ ကဲ...ကိုကို သွားမယ်....”
“အဲဒါ ကောင်းပါတယ်”
ဒေါ်သန်းဌေးက ထောက်ခံ၏။
ဒေါ်ငြိမ်းမယ်ကို မေ့ဆေးခန်းက ထုတ်လာပြီး သူ့နေရာတကျ ကုတင်ပေါ် ထင်ထားလိုက်၏။ တကိုယ်လုံး ကိရိယာတန်ဆာပလာတွေ့နှင့် ကိန္နရာစက်ကြိုး တပ်ထားသလား အောက်မေ့ရသည်။
ဒေါ်ငြိမ်းမယ် သတိရ၍ စပယ်ရှယ်နာ့စ် ရောက်မှပင် မြမြစိန်တို့ အိမ်ပြန်လာသည်။ ကြီးကြီးဌေးကို သူတို့ ကျေးဇူးတင်၍ မဆုံးနိုင်။ အိမ်ရောက်မှ ကလေးတအုပ်ကို အိမ်ပေါ် မ,တင်သွားရ၏။ လဟာပြင်က ဝယ်လာသော ဘဲကင် တကောင်နှင့် ပုမချက်ထားသော ထမင်းအိုးတလုံးကြောင့် သူတို့အိမ် ညစာကိစ္စ ပြီးသွားရသည်။
“သူနာပြုဆရာမလေးတွေ ရှာရတာ လွယ်ချင်တော့လဲ လွယ်လိုက်တာ၊ ခက်ချင်လဲ သိပ်ခက်။ ခုလဲ ကိုကိုက ကိုခင်မောင်ရင်ကို သတိရတာနဲ့ တယ်လီဖုန်းဆက်ကြည့်တော့ သူ့ရုံးချိန်း မရှိဘူး၊ အားနေတယ်ဆိုပြီး သူ့ကားနဲ့ လိုက်ရှာ
ပေလို့ပေါ့။ နေ့ဆရာမ ပင်စီက အလွယ်တကူ ရတယ်။ ညဆရာမတော့ ဟို အလုံ ဦးလူနီလမ်း၊ ဟိုချောင်ထဲ သွားရတယ်ကွယ်.....”
ကိုသန်းချိန်သည် ရှမ်းဖက်လိပ်ကြီး အားရပါးရ ဖွာကာ ပြောပြနေ၏။
“စိတ်ပင်ပန်းမနေပါနဲ့ စိန်ရယ်..”
ကိုသန်းချိန်သည် မိန်းမကိုလည်း အားပေးစကားပြောရင်း စိတ်ညစ်မှာ စိုးရိမ်ပုံရ၏။
“မညစ်ပါဘူး ကိုကိုရယ်၊ တခုတော့ရှိတယ်လေ၊ လစာအပြည့်နဲ့ဖြစ်ဖြစ် လစာမဲ့နဲ့ဖြစ်ဖြစ် စိန်တော့ မေမေ နေကောင်းတဲ့အထိ ခွင့်ယူမှာဘဲ။ အိမ်ကိုရော၊ ဒီကလေးတွေကိုရော နိုင်ပါတယ်။ ဒါပေမင့် တခါတလေ ဆေးရုံသွားချိန် ဘာချိန်မှာ အိမ်စောင့် အိမ်ဖော် မိန်းကလေးတယောက်တော့ ရှိမှ။ အခါခပ်သိမ်း မော်လီတို့ကို ဒုက္ခမပေးချင်ဘူးကွယ်.....”
မြမြစိန်သည် ခပ်အေးအေးပင် သူ့အစီအစဉ်ကို ပြောပြ၏။
“အင်း.......အဲဒါလဲ ဟုတ်တယ်။ ကိုကို နက်ဖြန် ကိုရေခဲနဲ့ တိုင်ပင်ပြီး ရှာခိုင်းမယ်။ သူက မော်လမြိုင်အဆက်တွေ ပေါသားပဲ"
လင်မယားနှစ်ယောက်သည် အတွေးကိုယ်စီနှင့် ငြိမ်သက်သွား၏။
* * * *
ကိုရေခဲ ရှာပေးသော ကလေးမလေးမှာ မဆိုးလှ။ အသက် နှစ်ဆယ်လောက်ရှိပြီ။ ဟင်းအိုးပြင်ပေးလျှင် ချက်တတ်သည်။ အဝတ်လျှော်တတ် မီးပူတိုက်တတ်၏။ စေတနာလည်းကောင်း၏။ တော်ပေသေး၏။ တွက်တွက်ကပ်ကပ် မဟုတ်။ သန့်ရှင်းသည်ကို မြမြစိန်က ပို၍သဘောကျသည်။ ဝဝလုံးလုံးနှင့် မျက်နှာပိမ့်ပိမ့် အကျည်းတန်တန်လေး ဖြစ်သည်။
သူတို့ကျောင်းက ဆရာမလေးတချို့ရသော မိန်းကလေးများနှင့် မတူသည်ကိုဘဲ ကျေးဇူးတင်ရသေး၏။ အထူးသဖြင့် ဣနြေ္ဒရှိသည်ကိုဘဲ မြမြစိန်က သဘောကျနေသည်။ အိမ်ကို ပစ်၍ အလုပ်ဆင်းရသော လင်မယားစုံတွဲမှာ ဤအိမ်ဖော်မိန်းကလေးတို့ကို မိမိတို့လုပ်ဖော်ကိုင်ဖက်လို သဘောထား၍ အကူအညီလိုသောကြောင့် ခေါ်ယူခြင်း ဖြစ်သည်။
မတတ်သည်ကို ပြပေးရသည်မှာ ပြဿနာမဟုတ်၊ အရေးကြီဆုံးက အိမ်ရှင် မရှိခိုက် ရည်းစားနှင့်ချိန်းတွေ့ပြီး ဗိုက်ပြသာနာပေါ်မှာသာစိုးသည်။ ကျန်တာက ကံတရားပေဘဲ။ အိမ်ရှင်မက စေတနာစုတ်ပဲ့လျှင် ဤအိမ်ရှင်မကို ဤ စေတနာက ချက်ခြင်းအကျိုးပေးမည်သာဖြစ်၏။ ထို့အတူ ခလေးမလေးတွေက စေတနာမဲ့လျှင်လည်း သူ့စေတနာ သူ့အကျိုးပေးလိမ့်မည်။
ဒါက မြမြစိန်၏ အိမ်စေကလေးမလေးများအပေါ် တွင် ထားရှိသော ၀ါဒဖြစ်၏။ သို့သော် မြမြစိန်ရသော သူငယ်မလေးက ပြသနာတမျိုးပါတကား။ တလဖြင့် မစေ့သေး၊ တနံနက်တွင် သူ့ကလေးမလေးသည် ငိုနေ၏။
“ဘာလို့ ငိုတာလဲ မဌေးအောင်....”
မဌေးအောင်သည် ငိုမြဲ ဆက်၍ ငိုရှိုက်နေ၏။
“ကျွန်မကို လခလေးဆယ်ဘဲ ပေးရတယ်လို့ ပြောပါနော်။ ကျွန်မ ဒီမှာ တနှစ်လောက် ကြာကြာလေးလုပ်ချင်တယ်....”
“ဘယ်သူ့ကို ပြောရမှာလဲ၊ ကိုရေခဲကို ပြောရမှာလား၊ နင်ကြာကြာလုပ်လေ ငါသဘောကျလေပေါ့ ...”
“ဟင့်အင်း.....ဟင့်အင်း...၊ ဦးကြီးရေခဲ ဒီကိစ္စတွေ ဘာမှ မသိပါဘူး၊ ပြီးတော့လေ သူလာရင် မဌေးအောင်ကို ပိုက်ဆံတပြားမှ ပေးမထားဘူးလို့ ပြောပါ၊ တနှစ်ကြာလို့ အမေ့ဆီပြန်မှ တနှစ်စာ လခရှင်းပေးမယ်လို့...”
“ဘယ်သူ့ပြောရမှာလဲ မဌေးအောင်ရယ်၊ နင်တို့ပြသနာကလဲ ရှုပ်လိုက်တာ.....”
“ဟို...ဟို..ကိုချစ်ထွေးရယ်..”
“ဘယ်က ကိုချစ်ထွေးလဲ....”
“ပွဲစား ကိုချစ်ထွေး၊ ကျမတို့ သံတောင်ဘက်က မိန်းလေးတွေရဲ့ ပွဲစား၊ အမေတို့က သူ့ကို အပ်ထည့်လိုက်တာ။ သူ ပထမ ထားပေးတာက တရုပ်ခေါက်ဆွဲကြော် ဆိုင်ရှင်အိမ်မှာ၊ ဆိုင်အလုပ်တော့ မလုပ်ရပါဘူး၊ အိမ်မှာဘဲလုပ်တယ်။ အိမ်က ကျဉ်းလဲကျဉ်း ညစ်လဲညစ်ပတ်တယ်။ အလုပ်သမားတွေ ထမင်းကျွေးဘို့လဲ ချက်ရ၊ ခလေးထိန်းရနဲ့ ည ဆယ်နှစ်နာရီထိုးမှ အိပ်ရတယ်။ မနက် လေးနာရီ ထရတယ်။ လခတော့ ခြောက်ဆယ် ပေးတယ်။ ကျမတို့က လခနဲချင် နဲပစေ၊ သန့်သန့်ရှင်းရှင်းနဲ့ စိတ်အေးလက်အေး အိမ်မှာ လုပ်ချင်တယ်။ ကိုချစ်ထွေးတို့က လခများတဲ့အိမ် ရွှေ့ရွှေ့ပေးတယ်။ ကျမတို့ စိတ်ဆင်းရဲရတာ အလုပ်ပင်ပန်းတာ သူတို့မသိဘူး"
.
“ကိုယ့်လက်နဲ့ကိုယ်လုပ်ရတာ ကိုယ်ပျော်တဲ့အိမ် ကိုယ်လုပ်မယ်လို့ ပြောပါလား..”
“အို...မရပါဘူး၊ အခု ခေါက်ဆွဲဆိုင်ရှင်က ပြောပြလို့ ကျမ ခေါက်ဆွဲဆိုင်က ထွက်ပြေးတာ သူသိသွားပြီ၊ ဒီအိမ်ကို သူလိုက်လာတော့မယ်။ ပထမဆုံး တလစာကို ကျမ သူ့ကိုပေးရတယ်"
“မတရားလိုက်တာဟယ်၊ သူလာရင် ငါနဲ့တွေ့မယ်၊ အခု နင်ဘယ်မှာလုပ်နေတယ်ဆိုတာ မပြောခဲ့ရင်ပြီးရော၊ ငါတော့ တွေ့မှာဘဲ"
“မတွေ့ပါနဲ့ ဆရာမရယ်။ မတွေ့ပါနဲ့၊ သူက ကြောက်စရာကြီး၊ ကျမတို့ ဘယ်အိမ်ရောက်သွားပြီ ဆိုတာလဲ သူတို့သိတာဘဲ...”
“အမလေး လူဆိုးဂိုဏ်းကျနေတာဘဲ၊ ဘာကြောက်ရမှာလဲ၊ မတရားတာလုပ်ရင် ငါဂတ်တိုင်မှာပေါ့..”
“ဟင့်အင်း မတိုင်ပါနဲ့။ အမေ အပ်ထည့်လိုက်တဲ့လူ ကျမကြောင့် ဂါတ်ရောက်ရတယ်ဆိုရင် ကျမရွာပြန်ရရော၊ သူတို့ မြို့ကို နောက်ခေါ်မလာတော့ဘူး။ အို..ကျမတို့အတွင်းရေးတွေ မသိချင်ပါနဲ့၊ ဖွားဖွားကြီး ဆေးရုံတက်နေတုန်း စိတ်မချမ်းသာစရာတွေ ဆရာမပြောပြရတာ ကျမလဲစိတ်မကောင်းပါဘူး..”
သူသည် ရှိုက်ကာငင်ကာ ငိုနေ၍ မြမြစိန်သည် ဆက်မမေးတော့ပေ။ သူ့အပူကို ခေတ္တမေ့ကာ မဌေးအောင်အတွက် ဘာလုပ်ပေးရမည်ကို စဉ်းစားနေ၏။ သို့သော် ကာယကံရှင်က သူ့ကိစ္စကို ပွင့်ပွင့်လင်းလင်းမပြော။ ခက်ပါဘိ၏။
နောက်နေ့ မီးဖိုထဲတွင် သူ ဟင်းအိုးပြင်နေဆဲ မဌေးအောင်သည် အပြေးအလွှား မီးဖိုထဲသို့ ဝင်လာ၏။
“ဆရာမ.. ဆရာမ သူတို့ လာကြပြီ။ ဟိုဟာမကြီးပါ ပါလာတယ်။ သူတို့လာကြပြီ၊ ကျမသွားရတော့မယ် ဆရာမရဲ့....”
ဘာဟာမကြီးမှန်းမသိ၊ မြမြစိန် အိမ်ရှေ့ထွက်လာသောအခါ မျက်နှာလေးထောင့် အသားဖြူဖြူနှင့်လူ အသက်လေးဆယ်လောက်တယောက်၊ ကျောက်ပေါက်မထူထူ အလုံးအဖန် တောင့်တောင့်၊ အသားမဲမဲနှင့် တော်တော်ကြီးထွားပုံရသော မိန်းမကြီးတယောက်။
“ဘာကိစ္စရှိလို့ပါလဲရှင်..”
မြမြစိန်က ညင်သာစွာ မေးလိုက်၏။
“မဌေးအောင်ကို ပြန်ထည့်လိုက်ပါ၊ သူ ခေါက်ဆွဲဆိုင်က ငွေယူထားတာ မပြေသေးဘဲ ထွက်ပြေးလာတာ....”
ယောက်ျားလုပ်သူက ခပ်တည်တည်ပြော၏။
“အို.. ငွေက စိုက်ပေးလို့ ရပါတယ်။ ခုကိစ္စက သူ့အဖွားက အသဲအသန်ဖြစ်နေတယ်၊ နက်ဖြန်ကို ပြန်ရမယ်၊ ခုချက်ချင်း ထည့်လိုက်ပါ....”
မိန်းမကြီးက ပို၍ မာကြောစွာ ပြော၏။ မျက်နှာထား တခွဲသားတွေနှင့် တင်းတင်းမာမာကို ပြောနေကြသည်။ မြမြစိန်သည် ဤကြောက်မက်ဖွယ်ရာသတ္တဝါနှစ်ဦးကို ကြာကြာ ရင်မဆိုင်လို၊ သူ မီးဖိုခန်းသို့ ဝင်လာ၏။ မဌေးအောင်သည် ငိုကြီးချက်မနှင့် သူ့ကိုကန်တော့၏။
“ဆရာမ သူတို့ကို အမုန်းခံပြီး ဘာမှမပြောနဲ့၊ ကျမ သွားတော့မယ် .. “
“ဒါနဲ့ ငါက ဘယ်လောက်ပေးရမှာလဲ”
“လကုန်အောင်မှ ကျမ မနေတာ၊ သူတို့ရှေ့မှာ ငွေလေးဆယ်သာပေးပါ”
"အေး နင် သပ်သပ်သုံးဘို့ သူ့တို့မသိအောင် နှစ်ဆယ်ပေးလိုက်မယ် ဟုတ်လား၊ လာခဲ့"
မြမြစိန်သည် ငွေနှစ်ဆယ်တန် တရွက်ကို မဌေးအောင် လက်ထဲ ထည့်လိုက်၏။
“ဘဝဆက်တိုင်းဆက်တိုင်း ခုလို အဖြစ်ဆိုးက မဌေးအောင် လွတ်ပါစေ”ဟု မြမြစိန်သည် တီးတိုးစွာ ဆုပေးရင်း မဌေးအောင်ပုခုံးကို ဖက်၍ အိမ်ရှေ့ထွက်လာခဲ့၏။
“ကဲ...မဌေးအောင်အတွက် လဝက်ဘဲရှိသေးတော့ ကျမ လေးဆယ်ပေးလိုက်တယ်”
သူတို့နှစ်ယောက်ရှေ့တွင် မြမြစိန်သည် မဌေးအောင်လက်ထဲ ငွေလေးဆယ် တဖန်ထည့်လိုက်၏။ သူတို့အားလုံး အိမ်ပေါ် မှ ဆင်းသွားကြ၏။
“ဪ ဘာဇာတ်ထုပ်တွေများပါလိမ့်"
မြမြစိန်သည် စိတ်ထဲမှ ညည်းရင်း တံခါးပိတ်လိုက်ကာ ဧည့်ခန်းကုလားထိုင်တွင် စိတ်မောစွာ ထိုင်နေသည်။
ညနေတွင်တော့ ကိုသန်းချိန်နှင့် မျက်နှာချင်းဆိုင်ချိန်တွင် မဌေးအောင်ကိစ္စ ပြောပြရတော့သည်။
“သူတို့မိန်းကလေးတွေ ပြဿနာဟာ တော်တော်မတရားခံနေရတာ၊ ဘာတွေမှန်းတော့ မသိဘူး။ ကိုကိုတို့အယ်ဒီတာတွေ စေစေ့ငုငု စုံစမ်းပြီး စာအုပ်ရေးဘို့ကောင်းတယ်....”
“အမလေးမရွှေစိန်ရယ် ခဏနေပါအုံး၊ ခင်ဗျားပြဿနာကို အရင်ဆုံး စဉ်းစားပါအုံး၊ အဲဒီ အိမ်စေမလေးတွေအကြောင်းကလေ ဝတ္ထုရေးရင် အုပ်တွဲတရာလောက် ထွက်နိုင်တယ်။ ခဏ ခဏလောက် နေပါအုံး...”
မြမြစိန်သည် ခုမှပြုံးလာနိုင်ကာ သူ့ယောက်ျားသည် အိမ်ပြဿနာအတွက် ရင်မောနေသည်ကို သတိရမိ၏။ တကယ်လဲ ဟုတ်ပေသား။ နက်ဖြန်ခါကစ၍ ပတ်ချာလည် အလုပ်များနေမည်မှာ သူပင်ဖြစ်၏။
ညအိပ်ရာဝင်ခါနီးကျမှ လက်စွဲတော် နဂါးဆေးလိပ် အဝါပတ်ကို စဉ့်ရေသုတ် ပြာခွက်ထဲ ထည့်လိုက်ကာ ကိုသန်းချိန်က စကားဆို၏။
“တခုတော့ရှိတယ်စိန်ရေ့၊ မေမေ ဒီညနေ ဆေးရုံကို ဦးကြီး ဦးကောင်းဇံနဲ့အတူ လူနာလာမေးတယ်၊ စိန် ဘာဖြစ်လို့ မလာတာလဲတဲ့၊ မေမေက မေးတာနဲ့ အိမ်အခြေအနေ ကိုကို
ပြောလိုက်တယ်။ ဒီတော့ ကိုကို နက်ဖြန်သွားပြီး မေမေ့ကို ကိုကိုတို့အိမ်ရဲ့ အခြေအနေ၊ ကလေးတွေနဲ့ စိန်တယောက်ထဲ မနိုင်တာ ရှင်းပြမယ်လေ........”
မြမြစိန်သည် လင့်မျက်နှာကို ကြည့်ကာ နားထောင်နေ၏။
"ဒီတော့ အညာကပါလာတဲ့ သူ့တူမဝမ်းကွဲလေး မအေးပိုနဲ့အတူ အိမ်မှာ ခဏလာကူပေးပါလို့၊ ဒီကြားထဲ အိမ်ဖေါ် အသစ်တယောက် ရှာကြတာပေါ့။ တခုတော့ ရှိတယ်။ အဲ ကိုကိုတို့နှမဝမ်းကွဲ မအေးပိုကလေ သတိတော့ အင်မတန်
မေ့တယ်နော်၊ ခိုင်းချင်သမျှ စာရေးခိုင်းရလိမ့်မယ်၊ ခုနစ်တန်းလောက်အထိ သူစာသင်ဘူးတယ်။ မေမေကတော့ သူ့ အညာဂိုက်အတိုင်း လာပါလိမ့်မယ်၊ သည်းခံပေတော့"
ကိုသန်းချိန် စကားဆုံးလျှင် မြမြစိန်သည် သက်ပြင်းချမိ၏။
“မေမေကြီးက ဒီတခါ ရန်ကုန်မှာ ကြာကြာနေမယ်လား"
“မေမေနဲ့ဦးလေးတို့ သူတို့စီးပွားရေးကိစ္စတွေ ရှိတယ်တဲ့ကွယ်။ အဲဒါတွေပြီးမှ ပြန်မယ်ထင်တယ်။ ကိုကို နက်ဖြန် ဦးကြီးဦးကောင်းဇံအိမ် သွားပြီး မေမေ့ ခေါ်မယ်လေ။ ဒီကြားထဲ လူရှာကြသေးတာပေါ့..”
မြမြစိန်သည် လင့်အလိုကို သဘောတူစ္စာနှင့် ခေါင်းညိတ်ပြလိုက်၏။
* * *
စနစ်ချင်း ကွာကြသည်ကလွဲ၍ ဒေါ်ဂျိုးဥသည်လည်း သူ့အိမ်ထောင် သူဦးစီးခဲ့သောမိန်းမပေဘဲ။ ခေသောမိန်းမ မဟုတ်။ ယောက္ခမကြီးတော့ ရောက်လာပေပြီ၊ ဘာကြီးဖြစ်နေနေ အထိုက်အလျောက် မြမြစိန်သည် ယောက္ခမကြီးသဘောနှင့်ညီအောင် နေရပေအုံးမည်။
“ဟင်း...ဟိုတနေ့ လာကတည်းက မေးမယ်မေးမယ်နဲ့ မမေးဖြစ်ခဲ့ဘူး၊ ညည်းတို့မှာ လာတိုင်း ဘာတိုးတက်သလဲ ဆိုတာ အမြဲအကဲခတ်နေတာ..”
မြမြစိန်သည် နေ့လယ် နားချိန်ကလေးမှာ ဘောင်းဘီ ကြယ်သီးပြုတ်သမျှ တပ်နေရာက ယောက္ခမကြီး မိန့်ခွန်းကို စူးစိုက်စွာ နားထောင်လိုက်ရ၏။
“ဟိုအသံဖမ်းစက်အကြောင်းတော့ မငြိမ်းမယ်က ပြောပြတယ်၊ အဲဒီ ကျွန်းသားဘီဒို အသစ်စက်စက်က အထဲမှာ ဘာတွေလဲ....”
ယောက္ခမကြီးမေးခွန်းကို မြမြစိန်သည် သတိထား ဖြေ၏။
“ကိုကို့ရဲ့ စာအုပ်တွေ”
“အမလေး တော်ရုံတန်ရုံ စာအုပ်ဆို ထင်းရှူးပုံးနဲ့ ထား၊ သူသိပ်ပြီးတန်ဖိုးထားတဲ့ စာအုပ်ဆို သင့်ရုံ မှန်ဘီဒိုလေး ဝယ်ပေးလိုက် ပြီးရောပေါ့။ ခု ဘီဒိုက ဘယ်လောက်ပေးရလဲ....”
“သုံး...သုံးရာ့တဆယ်”
မြမြစိန်သည် ထစ်အဲ.. ထစ်အဲ ဖြေပါ၏။
“သေပါတော့အေ၊ ညည်းတို့ ဒါကြောင့် ရွှေမစုနိုင်တာ... "
“ကိုကိုကလဲ ရွှေထက် စက္ကူကို တန်ဖိုးထားတယ်....”
စွာလောင် စွာလောင်ပြောသော မြမြစိန်သည် အသံကို ညင်သာနိုင်သမျှ ညင်သာစွာ နှိမ့်၍ တလုံးချင်း ပြန်ပြော၏။
“ ငါမွေးထုတ်တဲ့သားအကြောင်း သိပါတယ်။ ငယ်ငယ်တုန်းကလဲ အိမ်မှာ သူ့စာအုပ်တွေနဲ့ဘဲ တခန်းလုံး ပြည့်နေတာ၊ ဒါပေမင့် ခု ညည်းနဲညားပြီး ခလေးခြောက်ယောက်ရပြီ။ လင်ဆိုတာ ကိုယ်ပြုပြင်ဖန်တီးယူရတယ်၊ ခု လင်ကလဲစက္ကူ၊ မယားကလဲ စက္ကူ။ ရွှေကိုစုဘို့ ကြိုးမှမကြိုးစားဘဲ။ နာဖျား မကျန်းမာတော့ ဘယ့်နှယ်လုပ်ပါ့“
"ကုဘို့ သဘို့တော့ ငွေစုပါတယ်၊ ရွှေတို့ စိန်တို့ဆိုတာကတော့ သိပ်ပိုလာရင် စိန်စိန်ဝယ်မှာပါ..."
“ဝေးပါသေး၊ ဝေးပါသေး။ ဒီလိုသုံးစွဲပုံနဲ့ ညည်းတို့တော့ စက္ကူဝတ်ရမှာ မြင်ယောင်သေး...”
“ဒါကတော့ ကိုကို စက္ကူ ဝတ်ရင် စိန်လဲ ဝတ်ရမှာပေါ့၊ ကိုကိုက အပို ဘာမှမသုံးဘူး၊ အပျော်အပါးဆိုလို့ အောက်ထပ်က ကိုခင်မောင်ရင်နဲ့ တပတ်တခါ ရုပ်ရှင်ကြည့်တယ်၊ ဒါဘဲ..”
မြမြစိန်သည် လျှော့ထားသည်ဆိုသည့်ကြားက တလုံး ပြန်ပက်လိုက်၏။ အဖွားကြီးသည် “စိတ်ကုန်သည်” ဟူသော မျက်နှာထားမျိုးနှင့် အိပ်ခန်းထဲ ခပ်ဆောင့်ဆောင့် ဝင်သွား၏။
အေးပိုသည် သူ့အနား လာထိုင်သည်။
“နင် မီးဖိုချောင်မှာ ဘာတွေလုပ်နေလဲဟင်...
မြမြစိန်က မေးလိုက်၏။
“အညာက ပါလာတဲ့ ပဲကြားလေ။ မနက်ကပြုတ်ထားတာ ခု ကြော်နေတယ်။ ဘမောင်ချိန်တို့ ပြန်လာရင် ပဲကြားပြုတ် ကြော်ကျွေးတဲ့။ မမလေး ဘာလုပ်နေလဲ၊ ကျမလဲ ကူချုပ်ပေးမယ်"
မအေးပိုသည် တချို့ ကြယ်သီးပြုတ်များကို အပိုအပ်တချောင်းနှင့် ကူချုပ်ရင်း မြမြစိန်နား နား ကပ်၍မေး၏။
“အဖွားကြီး ဘာဒေါပွသွားလဲ၊ အိပ်ခန်းထဲမှာ ပွစိပွစိနဲ့..”
"ဒီဘီဒို ဝယ်လို့ ”
“အဲဒီဘီဒိုထဲ ဘာတွေရှိသလဲတဲ့၊ မနေ့ကလဲ ကျမကိုမေးတယ်။ ကျမကလဲ မသိဘူးလို့”
“စာအုပ်တွေပေါ့ဟ၊ နင်တို့အကိုလေး စာအုပ်တွေ....”
မအေးပိုသည် တွေးနေရာမှ... “တခါတုန်းက အကိုလေးဟာ ဘာစာအုပ်ဆိုလား၊ အဲဒါ ရေးလို့ တထောင်ဆုရဘူးတယ်ဆို”ဟု မေး၏။
“အေး..အဲဒါ နင်တို့မသိဘူးလား..”
အေးပိုသည် ခေါင်းခါ၏။
“အကိုလေး အလုပ်လုပ်တဲ့ ဂန္ဓမာမဂ္ဂဇင်းကိုတောင် ကျမ သူ့များဆီက တိတ်တိတ် ခိုးဖတ်ရတယ်။ သူများတွေက ပြောတာကိုး၊ ဒို့မင်းဘူးသားထဲမှာ စာပေထူးချွန်လို့ နင်တို့အကိုလေး ကိုသန်းချိန်အတွက် ဂုဏ်ယူသတဲ့၊ ဒါပေမင့် ကျမ ...ကျမ အကိုလေးရေးတာ တအုပ်မှ မဖတ်ဖူးဘူး...”
မြမြစိန်သည် တကယ်ပင် အေးပိုကို ကြောင်၍ ကြည့်နေ၏။
“သေလိုက်ပါတော့အေးပိုရယ်”
မြမြစိန်သည် စိတ်ပျက်စွာ ပြော၏။
“မသေနဲ့လေ၊ သတင်းစာတောင် ခေါင်းရင်းအိမ်က တင်တင်နုတို့အဖေဆီက ငှားဖတ်တာ...” .
“ဒီတော့ နင်အားရင် ဘာလုပ်နေလဲ....”
“ဘယ်အားမလဲ၊ ခုလိုဘဲ ပဲကြားကြော်ရတာတမျိုး၊ မပဲရေစိမ်၊ ဘယာကြော်လုပ်ပြီး ခရမ်းချဉ်သီးနဲ့ ပြန်ချက်ဖို့ ထောင်းရ၊ ဆီကြိတ်ဖို့ နှမ်းလှမ်းရ၊ အို တခါမှမအားပါဘူး။ အသားအတွက် တပတ်မှတခါလောက် စျေးသွားရတာ...”
“အေးလေ...ဒါကြောင့်လဲ သူ စိန်တွေ ရွှေတွေ စုမိတာပေါ့“
“ဟုတ်ကဲ့၊ ကြီးကြီးဂျိုးက ပြောတယ်၊ စာဖတ်ချင်ရင် ငါးရာ့ငါးဆယ်တွေ ဘာတွေ ဖတ်တဲ့၊ ခေတ်ပေါ် မဂ္ဂဇင်းတွေ ဝတ္တုတွေ မဖတ်နဲ့တဲ့၊ အလကားဟာတွေတဲ့။ ဆင်မြီးဆွဲက ကိုရာမြင့် သူ့ကိုယ်သူ စာရေးဆရာတဲ့၊ ငါ့ကြိုက်လို့ အပျို တုန်းက စာတွေ ပေးလိုက်တာတဲ့၊ အေးပို သူတို့ယောက်ျားတွေစကား မယုံနဲ့ဟဲ့တဲ့၊ ဘာ...ဘာ ဟိုဒင်း မြင့်မိုရ်တောင် ခုန်မယ်လို့ ဆိုတာလေ...”
မြမြစိန်သည် ရယ်ချင်လာ၏။
“မမလေး ချစ်ပါတဲ့အာရုံ မြင့်မိုရ်တောင် တောင်လုံးကိုကွယ် တုံးမှတ်လို့ ခုန်...အဲဒီသီချင်းကိုပြောတာလား.."
“ဟုတ်တယ် ဟုတ်တယ်၊ ကျမကလဲ မေ့တတ်လိုက်တာ၊ အဲဒါဘဲ။ အဲဒီသီချင်းကို ဦးရာမြင့်က ခဏခဏ ဆိုတယ်ဆိုလား၊ ဒီတော့ ကြီးကြီးဂျိုးက ပြန်ပြောလိုက်သတဲ့။ နင့်မျက်စိ ဘာထိုးထားလဲ၊ မြင့်မိုရ်တောင် တတောင်လုံးကို မမြင်လို့ ခုန်ရင် ခလုတ်တိုက်လဲပြီး သေလဲအေးရောလို့ ပြောခဲ့သတဲ့ ”
မြမြစိန်သည် အသံထွက်အောင် ရယ်မိ၏။ ဒီကိုကိုတို့သားအမိနှယ် ဆုံမှဆုံမိကြပလေ။
“နင့်ကိုလေးကပြောတော့ မအေးပိုဟာ သိပ်သတိမေ့တတ်တယ်ဆို၊ ခုတော့ နင်ပြန်ပြောနေတာတွေဟာ မေ့တတ်ပုံမရပါဘူး...”
“အို.... ခဏခဏ ကြီးကြီးဂျိုးက ပြောနေတော ကျမဘယ်မေ့မလဲ၊ ဦးကြီးဦးရာမြင့်ဟာ ကြီးကြီးဂျိုးစိတ်နဲ့ သေသွားသတဲ့။ ကျမကိုလဲလေ အချစ်ဝတ္ထုဖတ်ချင်ရင် စန္ဒကိန္နရီဖတ်ဟဲ့တဲ့။ သူတို့လောက် ချစ်တာ၊ သူတို့လောက် လွမ်းတာ
မရှိဘူးတဲ့။ ခုခေတ် စာရေးဆရာတွေရေးတာ အလကား ညှီစော်နံတယ်။ အသဲပြုတ်တာတို့၊ ဘာတို့၊ ဆိတ်ကလီစာဝယ်ချက်ရသလိုဘဲတဲ့။ ငါ့ကိုလေ...အဲဒီဦးရာမြင့်က အသဲစားဘုရင်မကြီးတဲ့၊ ငါက ပြန်ပြောလိုက်တာပေါ့၊ အသဲစားရအောင် ငါက စုန်းမ မဟုတ်ဘူးလို့ ”
မြမြစိန်မှာ သူ့ဒုက္ခတွေကို တဒင်္ဂ မေ့၍သွား၏။ အေးပိုစကား နားထောင်ရသည်မှာ ပျော်စရာကြီးဖြစ်လာ၏။
“စန္ဒကိန္နရီတွေ ဘာတွေ ဖတ်ခိုင်းတယ်ဆိုတော့ မေမေကြီးက ဘယ်မှာဆိုးလို့တုံး”
မြမြစိန်က ပြော၏။
“ဟုတ်ကဲ့၊ ခေတ်ပေါ် ဝတ္ထုတွေသာ မဖတ်စေချင်တာပါ။ သူဟာ ဦးရာမြင့်ကို မုန်းလွန်းလို့လား မသိဘူးတဲ့။ သူ့မွေးတဲ့သားဦး ကိုလေးကိုသန်းချိန်ဟာ သူ မကြိုက်ပါဘူးဆိုတဲ့ စာရေးဆရာအလုပ်ကိုမှ ၀ါသနာပါတဲ့ သားမျိုး မွေးမိ သတဲ့၊ ခဏခဏ ကြီးကြီးဂျိုးက အဲဒီလိုပြောတယ်.....”
“တကယ်တော့ဟယ်၊ နင်တို့ကြီးကြီးဂျိုးက သူ့စိတ်သူ လှည့်စားနေလားမှမသိ၊ ဦးရာမြင့်ကြီးကို သူ့စိတ်ထဲက ကြိုက်ချင်ကြိုက်နေမှာ"
“မသိဘူးလေ၊ ဒါပေမင့် မယူပါဘူး။ အဲဒီဆင်မြီးဆွဲ ဦးရာမြင့်ကလဲ စာရေးဆရာဆိုပြီး နာမည်သာကြီးတာ၊ ဆင်းရဲတာ အလွန်ဘဲတဲ့။ အကိုလေးအဖေက သိပ်ချမ်းသာတာ။ ကြီးကြီးကိုလေ စိန်တွေအများကြီး တင်တောင်းသတဲ့..."
အေးပိုသည် ရိုးရိုးပင် သူ့အတွေးကို ပြောပြ၏။
“ဘာ... အဲဒီ စန္ဒကိန္နရီလင်မယားဟာ တညကွဲတာ ရက်ပေါင်း ခုနစ်ရာ ငိုသတဲ့၊ ဟုတ်လားဟင် မမလေး...”
“အေး..ဟုတ်တယ်၊ နင်ကလဲ သူဖတ်ခိုင်းတာကျရင် ဖတ်ပေါ့"
“မအားတာများပါတယ်လေ၊ မဖတ်နိုင်ပါဘူး။ ပြီးတော့ ကြီးကြီးဂျိုးက ပြောတယ်။ ငါတော့ ဘယ်များအတွက်မှ ရက်ပေါင်း ခုနစ်ရာ မငိုနိုင်ပေါင်တဲ့။ သူတို့ယောကျ်ားတွေဆို တို့သေရင် ခုနစ်လပြည့်အောင်မနေဘူး၊ မိန်းမယူမှာတဲ့။ ငါ့စိန်တွေကိုလဲ နောက်မိန်းမကို ဆင်မှာဘဲ၊ ခု စာရေးဆရာတွေဟာလဲ လက်တွေ့ မရှိပါဘူး။ ရေးချင်တာ ရေးတာတဲ့။ ကျမ ဒီမှာရှိတုန်း အကိုလေးတို့တိုက်က မဂ္ဂဇင်းတွေ ဖတ်မယ်နော်...”
“ဖတ်ဖတ် နင်တို့ကြီးကြီးဂျိုးနဲ့ နင်တို့ဖာသာ ပြသနာပေါ်ရင်တော့ ငါနဲ့မဆိုင်ဘူးနော်....”
မြမြစိန်သည် ချုပ်ပြီးသားအင်္ကျီများကို ခေါက်ရင်း ဖြေလိုက်၏။
အပိုင်း(၃)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment