Wednesday, July 20, 2022

ဘုရင်ခံ မလိုချင်​ပေါင်(အပိုင်း - ၁)


“မေမေ...ဒီနေ့ ငါးဘတ် ဝယ်လို့ ရခဲ့တယ်။ ဒီမှာ စျေးခြင်း၊ ငါးဘတ်တောင် တဆယ်တဲ့ မေမေရယ်။ ခေါင်းပါ ထည့်ချိန်တာ ငါးဘတ်သား ငါးဆယ်သားမှာ ခေါင်းက တဆယ်သားလောက်ရှိတယ်။ ခေါင်းရယ်၊ အရိုးရယ် ကင်ပွန်းချဉ်ရွက်နဲ့ ချဉ်ရေချက်မယ်၊ အသားကို အ​ကြေမွှေပေတော့....


ဆရာမ မြမြစိန်သည် သူဝယ်လာသော ဈေးခြင်းတောင်းကို မိခင်လက်သို့ အပ်လိုက်၏။ ပြီးလျှင် ပန်းကန်စင်​ပေါ်ရှိ သတ္တုထမင်းချိုင့် လေးထောင့်ပုံ သုံးခုကို ဖွင့်ကြည့်၏။ ထမင်းချိုင့်အတွင်းတွင် အမဲသားပြုတ်ကြော်နှင့် ထမင်းအပြည့် တွေ့ရသည်။ ထမင်းချိုင့်လေးများကို လက်သုတ်ပုဝါနှင့် သေသေချာချာ ချည်နှောင်လိုက်သည်။ 


“ဘမောင်ချိန်၊ လှမောင်ချိန်၊ သူဇာချိန် လာကြစမ်း... လွယ်အိတ် အဆင်သင့်ဖြစ်ပြီလား။ ကဲ..မင်းတို့ ထမင်းချိုင့် လာယူ၊ ကျောင်းကားလာရင် စောင့်စောင့်နေရတာ မေမေ မကြိုက်ဘူး၊ သွား တခါထဲ အိမ်ရှေ့မှာ တန်းစီစောင့်နေ၊ ကားလာလာချင်း မင်းတို့ ကားပေါ် ချက်ချင်းတက်၊ ရော့ ယူသွားစမ်း"


ကလေးသုံးယောက်သည် မြမြစိန် အော်ခေါ်လိုက်သော အသံကြောင့် ပြေးလာကာ သူ့ရှေ့တွင် အဆင်သင့် ရပ်နေကြသည်။ မအေဖြစ်သူလက်ထဲမှ ထမင်းချိုင့်ကလေးများကို ဆွဲယူ၍ လွယ်အိတ်ကိုယ်စီနှင့် အောက်ထပ်သို့ ပြေးဆင်းသွားကြသည်။ 


ဈေးခြင်းတောင်းထဲရှိ ပစ္စည်းများကို တခုစီချကာ ဟင်းချက်ရန် ပြင်နေသော မေမေသည် သူ့ကိုလှမ်းကြည့်၏။ 


“စိန်စိန်ရယ်၊ ကလေးတွေကို စကားပြောရင် တိုးတိုးသက်သာ ပြောပါ၊ ခုနစ်သံနဲ့ မအော်ပါနဲ့၊ ဟိုအငယ်ကောင် နိုးသွားအုံးမယ်၊ မောင်သန်းချိန် နို့တိုက်နေတာ ခုမှအိပ်သွားတယ်။ ဒါနဲ့ မောင်သန်းချိန်ဘို့ရော ဘာပါလဲ...”


မေမေက သူ့ထုံးစံအတိုင်း သားမက်ကို ဦးစားပေးသော သဘောနှင့် မေး၏။


“ဘာပါရမလဲမေမေ၊ ငါးဘတ်ဆီမွှေ သူကြိုက်ပါတယ်၊ ပြီးတော့ သူကြိုက်တဲ့ဒညင်းသီး ဝယ်လာတယ်၊ အရေကျိုငပိနဲ့ မိုး​မျှော်ငရုတ်သီးစိမ်း မွှေးမွှေး ထောင်းပြီး ဒညင်းသီးတို့နဲ့ဆို သူသိပ်ကြိုက်တယ်။ ဒညင်းသီးတောင် ပေါ်စဆိုတော့ ဒီ လက်မလောက်ကလေးတွေကို လေးလုံး တမတ် ပေးရတယ်၊ တကျပ်ဖိုး ဝယ်လာတယ်။ မနက် ရှစ်လုံး ညရှစ်လုံး သူ တို့ပစေပေါ့၊ မေမေလဲကြိုက်တယ်မို့လား၊ တိုစရာမှာ ​ငွေတကျပ်ဖိုးကုန်အောင် သုံးတယ်ဆို နဲလား.....”


“ ငါက တခါတလေ ပုဇွန်ဆီပြန် သူကြိုက်တတ်လို့... “


“ကြိုက်တတ်တာတော့ သိတာပေါ့ မေမေရ၊ တနေ့က ပုဇွန်ထုတ် ငါးကောင် နှစ်ကျပ်ခွဲကျတယ်၊ မေမေ ယုံလား၊ အဲဒီတော့ ပုဇွန်ကို တလမှာ နှစ်ခါလောက်ဘဲကျွေးနိုင်တယ်။ သူ့ကျွေးရင် သူ့သားတွေက လူကဲ​တွေ၊ စကားတတ်တွေ။ ဖေဖေ့ကိုဘဲ ကျွေးတယ်၊ ကျွန်​တော့်ကိုတော့ မကျွေးဘူးနဲ့၊ မေမေ့မြေးတွေကိုပါ နေ့စဉ်လိုလို ပုဇွန်​ကျွေးရရင် လဝက်နဲ့ ဗိုက်မှောက်နေရမှာ။ သူတို့လား တယောက် နှစ်ကောင်လောက်နဲ့ ဝမှာမဟုတ်ဘူး၊ ဒီတော့ တလတခါလောက် စားရ တော်​ရော​ပေါ့။ မေမေ့သားမက်ကလဲ ရှည်တော်မူပါတယ်၊ ပုဇွန်တပိသာကို ခြောက်ကျပ်၊ ခုနစ်ကျပ် ပေါချိန်က စားတော်မူပါဆို ဘာဖြစ်သလေး ညာဖြစ်သလေးနဲ့၊ ခု တဆယ်ဈေး ဖြစ်တော့မှ စားလို့ အရသာရှိတော်မူတယ်"


“ဟဲ့....ယောက်ျားဆိုတာ ဒီလိုဘဲ​ပေါ့၊ ညည်းက အော်ကျယ် အော်ကျယ် လုပ်မနေပါနဲ့အုံး။ နှစ်ဦးတူတူ ရှာကြပေမယ်လို့ သူ့ခမျာ မျိုမကျဖြစ်နေမယ်။ ဒါနဲ့ မနက်က အငယ်ဆုံးကောင်အတွက် ငါ နို့​ဖျော်တော့ နို့မှုန့် တနေ့စာဘဲရှိတော့တယ်နော်၊ ညနေကျ ဝယ်လာခဲ့အုံး"


“ဝယ်ခဲ့ပါ့မယ် မေမေရယ်၊ အဲဒီကောင်ကလဲ နို့ဖြတ်ခါမှ ဒီနို့ဘဲ စို့ချင်​နေတယ်။ သမီးက မှောင်ခိုဈေး အားမပေးချင်လို့ ဟိုနေ့က နို့မှုန့်ဝေတဲ့ ကော်မီတီလူကြီးတွေ သွားတွေ့တော့ 'ကလေးကို တနှစ်နဲ့ခြောက်လသားအထိဘဲ နို့မှုန့်ပေးမယ်။ ခု ခင်ဗျားသား နှစ်နှစ်တောင်ရှိအောင် ကျွန်တော်တို့ ပေးလာခဲ့လို့ ခြောက်လတောင် လွန်လာခဲ့ပြီ'တဲ့။ ဥပဒေနဲ့တောင် သမီးက ငြိစွန်းနေသေးတယ်။ 'ဒါကြောင့် ခင်ဗျား ဘယ်ရုံးမှာ အလုပ်လုပ်တယ်ဆိုတာ ထောက်ခံစာ ယူလာပြီး ပြရဦးမယ်'တဲ့၊ ညနေကျ ကိုယ့်ဖာသာဘဲ ဈေးထဲက ဝယ်လာခဲ့တော့မယ် မေမေ၊ ပူစူးနဲ့ မာလေးရော...” 


“အောက်ဆင်း ကစားနေကြတယ် ...” 


​ဒေါ်ငြိမ်းမယ်သည် သမီးဖြစ်သူကို ဘာမှဆက်မပြောတော့ဘဲ သူ၏မီးဖိုချောင်ကိစ္စကို စ၍လုပ်တော့သည်။ ကိုးနာရီတွင် ထမင်းအပြီးစားကာ သမီးနှင့်သားမက် အလုပ်သွားကြမည်ဖြစ်သည်။ ထွေထွေရာရာ ပါးစပ်က ဘာမျှမ​ပြောပေမင့် မောင်သန်းချိန် သူကြိုက်သော ဟင်း၊ အတို့၊ ငါးပိရေကျိုများနှင့် အားပါးတရ စားတာမြင်လျှင် ဒေါ်ငြိမ်းမယ်သည် စိတ်ချမ်းသာ၏။ မြမြစိန် မအားလျှင် သူကိုယ်တိုင် ​စျေးသွား၏။ သူတို့က ရှာကျွေးသူများဖြစ်၍ သူကထိုင်စားသူဖြစ်သည်ဟု သူ့ကိုယ်သူ သဘောပေါက်ထားသည်။ ယူဆသည်။ 


သားမက်နှင့်သမီး ရုံးသွားမှ ပူစူးနှင့် မာလေးကို ရေချိုးပေးကာ နံနက်စာကျွေးရသည်။ ကလေးများကို ထမင်းကျွေးနေစဉ်ဖြစ်ဖြစ်၊ အကြီး ယောကျ်ားလေးနှစ်ယောက်နှင့် မိန်းကလေးနှစ်ယောက်အတွက် ထမင်းချိုင့် ပြင်ပေးစဉ် ဖြစ်ဖြစ် များသောအားဖြင့် ဒီအမဲသားကို နုပ်နုပ်စင်း​ကြော်၊ ခရမ်းချဉ်သီးနှင့် ရော၍ အရေစပ်စပ်နှင့် နယ်ဖတ်စား၍လည်း ရအောင် ဟင်းအဖြစ်​ကျွေးရတိုင်း သူစိတ်မကောင်း။ 


“ဖွားဖွား ပုဇွန်စားမယ်၊ ငါးကြော်.. ငါးကြော်..” 


ကလေးဆိုသည်က ဘာမျှနားမလည်၊ သူတို့စားချင်သည်ကိုသာ ​အော်တတ်သည်။ ​ဒေါ်ငြိမ်းမယ်သည် ထိုအချိန်တွင် ရင်ထဲ နင့်တင့်တင့် ဖြစ်သွားတတ်၏။ ငါးခူ​စျေးမှာ ပေါချိန်တွင် ခြောက်ကျပ် ခုနစ်ကျပ်ဖြစ်၍ ရှားချိန်တွင် ကိုးကျပ် တဆယ်ဆိုသည်ကိုလည်း ဘာမျှမပြောချင်ပေ။ ငါးချင်းတူသော်လည်း ငါးခူနှင့် ငါးကျည်းတွင် အာဟာရဓာတ်သည် ငါးခူတွင် ပို၍ပါသည်။ ငါးခူကို ကျွတ်ကျွတ်ကြီး မ​ကြော်ဘဲ အပတ်ရစ်ကြော်၍ဖြစ်စေ၊ ပုဇွန်ကြော်ဖြစ်စေ၊ ရက်ခြားလောက် အသီးအနှံနှင့်ရော၍ မြေးများကို ကျွေးချင်သည်။ ဟင်းအာဟာရဖြစ်အောင် တခွက်ကောင်းချက်၍ ထမင်းဗူးလေးနှင့် ပေးလိုက်ရသည်က မုံ့ဖိုး သွားရည်စာဖိုး ပေးသည်ထက် ကလေးများအဖို့ ကျန်းမာရေးနှင့်သင့်တော်သည်။ ထို့​ကြောင့်ပင် ထမင်းဗူးထည့်ပေးသောစနစ်ကို သူက လုပ်ခဲ့၏။ 


ပူစူးနှင့်မာလေးကို ထမင်းကျွေးပြီး တရေးအိပ်ခိုင်းရ၏။ သူကိုယ်တိုင်လည်း ထမင်းစားပြီး တရေးတော့ မှိန်းချင်သည်။ အသက် ငါးဆယ်ကျော် ခြောက်ဆယ်အတွင်း လူကြီးပိုင်းရောက်လာလျှင် နံနက်စာထမင်းစားပြီးချိန် အနည်းဆုံး နာရီဝက်လောက်တော့ အိပ်ရာပေါ်လှဲ၍ အနားယူသင့်သည်။ မှိန်း၍ နေသင့်သည်။ သို့သော် နို့စို့ အပါက နိုး၍လာပြန်သည်။ သူသည် မြေးငယ်ကိုချီ၍ အောက်ခန်းသို့ ဆင်းလာ၏။


“မသန်းဌေး တယောက်​ကော  ပုမ..."


ပုမသည် ဒေါ်ငြိမ်းမယ်အသံကို ကြားမှ မီးဖိုမှပြေးထွက်လာသည်။


“ကြီးကြီးဌေး ဒီမနက် ဥပုသ်ဇရပ်သွားတယ်၊ ဘုန်းတော်ကြီးလဲ ဆွမ်းချိုင့်ပို့ရင်း သီလယူမယ်တဲ့။ ဒါပေမင့် ဒီနေ့ ဇရပ်မှာ တနေ့လုံး မနေဘူးတဲ့၊ မွန်းလွဲရင် ပြန်လာလိမ့်မယ်။ ကြီးကြီးငြိမ်း ကိစ္စရှိလို့လား...” 


ပုမသည် ဒေါ်သန်းဌေး အစီအစဉ်ကို ချက်ချက်ချာချာ ​ပြောပြ၏။ 


“အေး... သူပြန်လာရင် ကြီးကြီးငြိမ်းတို့အိမ်ဘက် ခဏ ကူးလာပါလို့"


“ဟုတ်ကဲ့..ဆက်ဆက် ပြောလိုက်ပါမယ်....” 


ဒေါ်ငြိမ်းမယ်သည် မြေးငယ်နှင့်အတူ သူ့အိမ်ကို ပြန်လာသည်။ အိမ်ရောက်လျှင် ကော်ဖီတခွက်ကို ကော်ဖီမှုန့်ပေါ့​ပေါ့ ​ဖျော်၍ ဘီစကစ်ချပ်နှင့်အတူ အပါကို ​ကျွေးသည်။


ဒေါ်သန်းဌေး ဥပုသ်ဇရပ် သွားသည်ဆိုမှ ယနေ့ ဥပုသ်နေ့မှန်း သူသတိပြုမိသည်။ သူ့မြေးငယ်ကို ကော်ဖီတိုက်နေစဉ်တွင်ပင် ဒေါ်သန်းဌေး ရောက်လာသည်။


“အို...ကျမစိတ်ထဲ မသန်းဌေး ဒါလောက် မြန်မြန် ပြန်လာမယ်မထင်ဘူး..”


“ကိစ္စလေးတခု တစ်နာရီချိန်းထားလို့ ငြိမ်းရေ ၊ ဒါကြောင့် မွန်းလွဲတယ်ဆို ပြန်လာတာ၊ ငြိမ်း ဘာကိစ္စရှိလို့လဲ...”


ဒေါ်သန်းဌေးသည် ငယ်ငယ်ကခေါ်သလိုပင် ​ဒေါ်ငြိမ်းမယ်ကို“ငြိမ်း”ဟူ၍ တလုံးတည်း ခေါ်သည်။


“ကိစ္စက သိပ်အရေးမကြီးပါဘူး မသန်းဌေးရယ်၊ ထုံးစံအတိုင်းပေါ့။ ခဏလေး အပါ့ကို ကြည့်လိုက်စမ်းပါ...."


ဒေါ်ငြိမ်းမယ်သည် သူ့အိပ်ခန်းသို့ ဝင်သွား၏။ ပြန်ထွက်လာ၏။ ဒေါ်သန်းဌေး၏အနားတွင် ထိုင်လိုက်ကာ သူ့လက်ဖဝါးလေးကို ဖြန့်ပြလိုက်သည်။


“ဟော... ငြိမ်းကလဲလေ ဝါမဝင်ခင်တုန်းက တပြား ရောင်းသေးတယ်မို့လား...”


ဒေါ်ငြိမ်းမယ် လက်ဖဝါးပေါ်တွင် ဝင်းဝါနေသော ရွှေဒင်္ဂါးပြားလေးကိုကြည့်ရင်း ဒေါ်သန်းဌေးက မေးလိုက်၏။


“အင်းပေါ့ .....ဒီတော့ ကိုယ်လှူချင်တဲ့ ဝါဆိုသင်္ကန်းလေးလဲ ကပ်ရ။ ပြီးတော့ အဲဒီတုန်းက ကျမ ဆီတပုံး တရာ့တဆယ်နဲ့ ဆွဲထားလိုက်ပေလို့၊ မိစိန်စိန်တို့ တရာ့နှစ်ဆယ် မထိလိုက်တာပေါ့၊ နို့မို့ရင်လား...”


“ဟုတ်တယ် ဟုတ်တယ်၊ အိမ်မှာလဲ တရာ့​ခြောက်ဆယ်နဲ့ တပုံး ဝယ်စားခဲ့ရသေး။ ခုတော့ လက်လီ ၁ ပိဿာ ရှစ်ကျပ်ခွဲ ဖြစ်သွားလို့ အသက်ရှူရ ​ချောင်သွားတယ် ငြိမ်း​ရေ့။ ရှေ့လ ဒါထက် ဈေးကျမယ် ဆိုတယ်"


“ဪ ....မသန်းဌေးရဲ့၊ သူတို့ရှာစာကို ထိုင်စားနေတယ် ဆိုပေမင့် အခါခပ်သိမ်း ကိုယ်လှူချင် တန်းချင်သရွေ့၊ ကိုယ် သုံးစွဲချင်သရွေ့ လက်ဝါးဖြန့်ခံပြီး မတောင်းချင်ဘူးလေ”


“အမလေး တူလိုက်လေ ငြိမ်းရဲ့၊ တူလိုက်လေ၊ ကျမက ငြိမ်းလို ​မြေးကလည်းမရှိ၊ အိမ်​ဖော် ပုမတယောက် ရှိနေလို့ပေါ့။ သမီးကတော့ မေမေလှူချင်တာလှူ၊ စိတ်ချမ်းသာအောင် နေဆိုပေမင့် ကိုယ်အထုပ်လေးဘဲ ကိုယ်​ဖြေစားချင်တာဘဲ။ ငြိမ်းတို့ ကျမတို့မှာ ကိုယ်အထုပ်လေး ကိုယ်​ဖြေစားစရာရှိသေးလို့ ကံကောင်းတယ်အောက်မေ့။ ဥပုသ်ဇရပ်မှာမှ လူစုံ တွေ့ရတာ၊  တချို့ ကျတော့ သားသမီးကလဲ ဆောင့်ကာ ​အောင့်ကာနဲ့ အဖွားလုပ်တဲ့လူက ကိုယ့်မြေးတောင် ကိုယ်ဆွဲ​ဖော် လွှဲ​ဖော် မရဘူး ဆိုပြီး နှုတ်ထွက်ကြမ်းတဲ့ သားသမီးတွေနဲ့​တွေ့ရတဲ့ မိဘ​တွေ ပြည့်လို့။ လူအိုရုံ အားကိုးချင်​ပေမယ့် သားသမီးရှိ​တော့လဲ လူအိုရုံက လက်မခံဘူး ငြိမ်း၊ လူအိုတယောက်ဟာ သူ့ငြိမ်းချမ်းမှုကို သူ ဘယ်လိုရှာချင်တယ်ဆိုတာ သူ့ဆန္ဒကို သူဘဲသိတာ။ ကျမတို့လဲ အိုလာမှ သိတာမို့လား ငြိမ်းရဲ့"


​ဒေါ်ငြိမ်းမယ်သည် ရှည်လျားစွာ ပြောပြနေသော ​ဒေါ်သန်း​ဌေးစကားကို ပြုံး၍ နားထောင်နေ၏။


“အ​တော်ဘဲလေ၊ မော်လီနဲ့တွေ့ဘို တနာရီထိုးရင် မတင်ရီ လာလိမ့်မယ်။ ပေါက်ဈေးနဲ့ ရောင်းခိုင်းလိုက်မယ်။ နက်ဖြန်ရရင် ပြီးရောမို့လား ငြိမ်း"


“ဖြေးဖြေးပါဘဲ မသန်းဌေး၊ နက်ဖြန် ပုမ ဈေးသွားရင်သာ ပုဇွန်ထုတ် အရွယ်ခတ်လတ်လတ် ငါးဆယ်သားလောက် ဝယ်ခဲ့စမ်းပါလို့၊ ရော့ ပုဇွန်အတွက် ငွေတဆယ်ယူသွားပါ...”


​ဒေါ်ငြိမ်းမယ် လှမ်းပေးသော ​ငွေတဆယ်နှင့် ရွှေဒင်္ဂါး တပြားကို လှမ်းယူရင်း ဒေါ်သန်းဌေးသည် စကားဆက်ပြော၏။


“ကျွန်မမှာလဲ ပုမ ရှိနေပေလို့၊ အိမ်ဖော်ပြဿနာက ရန်ကုန်မှာမလွယ်ဘူး။ ပုမတောင် သွေးသား​တော်နေလို့၊ ကျမဖြင့်လေ ခဏခဏဆုံးမရတယ်။ “ ဒို့ကိုယ်ကျိုး မဟုတ်ပါဘူး နင်တို့အကျိုးပါပဲ၊ ကြိုက်သူ​တွေ့ရင်ပြော ကြီးကြီး​ဌေး ပေးစားမယ်”လို့။ လင်ယူတာ​ကော ရည်းစားထားတာရော အပြစ်မဟုတ်ပါဘူး၊ ဒိုကိုယ်ချင်းစာပါတယ်။ မတော်တ​ရော်ဖြစ်သွားရင် ဗိုက်တလုံးနဲ့ ကျန်ရစ်ခဲ့မှာစိုးရ၊ ဒို့မှာလဲ နာမည်လဲပျက် တာဝန်လဲ ရှိတယ်မို့လား”လို့ ဆိုပြီး နားရှင်းအောင် တတွတ်တွတ် ဆုံးမရတယ် ငြိမ်းရေ"


“ဟုတ်တယ် မသန်းဌေးရယ်၊ တခါတလေလဲ ငါ့ခြံ​လေး ငါ့ပင်စင်လေးနဲ့ ကိုယ်မြို့ကိုယ်ပြန်ပြီး အေးအေးနေမယ် စိတ်ကူးပြန်တော့ မိစိန်စိန်တယောက် တဗိုက်ပြီးတဗိုက် မွေးနဲ့ ပတ်ချာလည်​နေမှာကိုမြင်ယောင်၊ အိမ်ဖော်ခေါ်

ထားပြန်​တော့လဲ ခုန မသန်းဌေး​ပြောတဲ့ ပြဿနာတွေ တက်မှာစိုးတော့ ကိုယ်ကိုယ်တိုင်ဘဲ နေပေးရတော့တယ်.....” 


ဒေါ်သန်းဌေးသည် ပုခုံး​ပေါ်မှ ယောဂီတဘက်ကလေးကို ယူ၍ ယပ်ခတ်ရင်း ဒေါ်ငြိမ်းမယ်ပြောသမျှ ခေါင်းတညိတ်ညိတ်နှင့် ပြုံးလျက်နားထောင်နေ၏။


“ငြိမ်းတို့ ကျမတို့ သမီးဘဝ နေခဲ့ရတဲ့အချိန်ကို ပြန်မလွမ်းနဲ့တော့ ငြိမ်း၊ ကျမတို့သမီးဘဝတုန်းက ကိုယ့်အမေ စားစေချင်လို့ သပျစ်သီး တပိသာ နှစ်ဆယ်ဆိုရင် ဝယ်ပြီးညာရတယ်၊ 'အမေရဲ့  သပျစ်သီး​တွေ​ပေါလို့ တပိသာမှ တဆယ်ထဲရယ်၊ စားကြည့်စမ်းပါ။ လိမ္မော်သီးဆယ်လုံး နှစ်ကျပ်ထဲရယ်နဲ့ အဖိုးလျော့ပြီး မအေ မျိုမကျမှာစိုးလို့ ညာကျွေးရတယ်။ ခုတော့လဲ ကျမတို့ အမေဖြစ်လာတဲ့ဘဝမှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဘဲ ညာရသေး၊ 'သမီးရယ် ဒုက္ခရှာလို့ မေမေ သပျစ်သီး မကြိုက်ဘူး၊ လိမ္မော်သီး မစားချင်ဘူး ́နဲ့။ ပြီးတော့မှ ကိုယ့်အထုပ် ကိုယ်​ဖြေ၊ ကိုယ်ကြိုက်တာ ကိုယ်ဝယ်ရတာလား"


"ငြိမ်းကို ကိုယ်ချင်းစာပါတယ်။ သူတို့က လိမ္မော်သီး ဆယ်လုံး ခြောက်ကျပ်ဈေးကို သိနေတဲ့ အမေက စားရက်မလား၊ သူတို့ရတဲ့လခနဲ့ သူတို့သုံးစွဲရတာ ကြည့်ကြည့်ပြီး စိတ်မောလွန်းလို့။ ဒါပေမင့် ငြိမ်းရေ... အထုပ်ကလေးလဲ ကြည့်ဖြေနော်၊ မသေခင် ရွှေဒင်္ဂါးလေးတွေကုန်သွားလို့ ဟုတ်​ပေ့ဖြစ်နေမယ်။ ငါ့မိဘ ငါ အေးအေးချမ်းချမ်း လုပ်ကျွေးခဲ့လို့ ငါ့သားသမီးကလဲ ငါ့ကိုလုပ်ကျွေးလိမ့်မယ်လို့ မထင်နဲ့ ..မထင်နဲ့။ ဘယ်သူကမှ ဒီလိုဖြစ်ရပါစေ့မယ်လို့ ကျမတို့ ဘာအာမခံချက် ပေးထားတာမဟုတ်ဘူး။ ကေဒါရ​ကျေးမင်းလို အခုလုပ်တာတွေက နောက်ဘဝအတွက် ရွှေအိုးမြှုပ်ရတာလား၊ ကဲ..သွားဦးမယ်၊ မတင်ရီလဲ ချိန်းထားသေးတယ်"


ဒေါ်သန်းဌေးသည် ရွှန်းရွှန်းဝေအောင်ပြောကာ ထပြန်သွား၏။ မတင်ရီဆိုသည်မှာ ဟိုကသည်က ရွှေတိုရွှေစမှသည် စိန်ထည်အထိ ဖလှယ်ကာ ပွဲစားလုပ်လိုက် ရောင်းဝယ်လုပ်လိုက် လုပ်နေသူဖြစ်၏။ ဒေါ်သန်းဌေးသမီး မော်လီနှင့် အလုပ်ချင်း ဆက်သွယ်နေသူဖြစ်သည်။


​ဒေါ်ငြိမ်းမယ်သည် လှေကားမှ ဆင်းသွားသော ဒေါ် သန်းဌေးကို ငေးကြည့်နေမိသည်။ ​ယောဂီထဘီကိုမှ မလဲနိုင်၊ သူခေါ်သည်ဆိုလျှင် ဥပုသ်ဇရပ်မှ ရောက်ရောက်ချင်း အပြေးအလွှားလာသော သူငယ်ချင်းဖြစ်သူကို ကျေးဇူးတင်နေမိသည်။


သူတို့နှစ်ယောက်သည် ဝါးခယ်မမြို့လေးတွင် ကျောင်းနေစဉ်ကလည်း အတူတူ၊ ဆရာမ လုပ်တော့လည်း အတူတူ၊ သမီးများ ကြီးလာ၍ ရန်ကုန်လိုက်လာပြန်တော့လည်း အတူတူပင်။ နယ်မြို့လေးများတွင် နေရသောဘဝကို နှစ်ယောက်သား အားလပ်ချိန်တွင် ပြန်နှူးကြကာ သူတို့ဘဝကို သူတို့ နှစ်သိမ့်ကြရသည်။ ထို့ကြောင့်ပင် တခြားရပ်ကွက်တွင် အိမ်​ကောင်း​တွေ ဘယ်လိုပင်​တွေ့​တွေ့၊ သူတို့သူငယ်ချင်းနှစ်ယောက် မခွဲချင်သောကြောင့် ဤမြို့လယ်တိုက်ခန်းမှ ပြောင်းရွှေ့ မသွားဘို့ သမီးနှစ်ယောက်ကို တောင်းပန်ထားသည်။


“အိမ်နီးချင်းကောင်းဘို့ ရပ်ကွက်ကောင်းဘို့ ဆိုတာ အိမ်ကောင်းဘို့ထက် ပိုပြီးအရေးကြီးပါတယ် သမီးတို့ရယ်”ဆိုသောစကားလုံးများနှင့် သူတို့သမီးများကို သူတို့က တောင်းပန်ထားကြသည်။ ဒေါ်သန်း​ဌေးမှာတော့ သမီးက တယောက်တည်း၊ မြေးကလည်းမရှိသည်မို့ ကသီကရီ မနိုင်လှ​ပေ။ သူ့မှာတော့ တယောက်တည်းသမီးက မွေးလိုက်သည်မှာ မြေးခြောက်ယောက်၊ နောက်ကိုလည်း လာဆဲ လာလတ္တံ့၊ အရိပ်အ​ယောင်များက ပြနေ၏။


သူ ပင်စင်ယူစက သာသနာ့ရိပ်သာတွင် တရားထိုင်ခဲ့သည်မှာ ဥာဏ်စဉ်နာခဲ့ရသည်အထိ အချိန်ရခဲ့၏။ ယခုတော့ ဒေါ် သန်း​ဌေးတို့လို့ အိမ်ပစ်၍ မသွားနိုင်သော်လည်း သူတို့ကို တရားစစ်​နေ​သော ဆရာတော် ဦးသုဇာတ၏ ဟောပြောသံကို အမြဲ ကြား​ယောင်၏။


“တကာမကြီးရဲ့၊ လူ့ဘောင်မှာနေရဆဲအခါမှာ ကိုယ့်အသုံးအဝိုင်း ကိုယ့်အဆောက်အအုံဆိုတာက ရှိသေးတယ်။ ဒီအနှောင်အဖွဲ့တွေကို ကိုယ်ကပစ်ပြီး ထွက်မသွားနိုင်သေးလဲ ဒီတရား အခံရှိနေရင် အေးမြဲအေးတာဘဲ။ သစ်တပင်ရိပ် ဝါးတပင်အောက် သွားနိုင်မှ မဟုတ်ပါဘူး။ နောက်ဆုံး အိပ်ချိန် ဒါမှမဟုတ် အိပ်ရာက နိုးချိန်၊ တနာရီလောက် အချိန်ရရ ဆီပွတ်ကျည်ပွေ့လို အဖန်တလဲလဲ ရှုမှတ်ရင်၊ မှတ်ဆဲအချိန် ကုသိုလ် အကုသိုလ်ပြတ်ပြီး ငြိမ်းချမ်းနေတာဘဲ။ ဘာတာဝန်မှ မရှိတော့လို့ လုံးဝ ဝတ်ကြောင်စွန့်ပြီး ​ရှေးပါရမီရှင်တွေလို ကျောင်းသင်္ခမ်းလေးမှာ နေနိုင်ရင်တော့ အကောင်းဆုံးပေါ့"


"မြတ်စွာဘုရားသခင်ဟာ သတ္တ၀ါတွေကို တာဝန်​ကြောက်ပြီး ကိုယ်လွတ်ရုန်းအောင်လို့ ဒီတရားတွေပြခဲ့တာ မဟုက်ပါဘူး။ လူ့ဘ၀လူ့ဘောင်မှာ နေဆဲလဲ နေတတ် စားတတ်အောင် မိမိကိုယ်ကို ကောင်းစွာဆောက်တည်နိုင်တဲ့သူ ဖြစ်အောင် ဟောပြောခဲ့တာ။ ဒါကြောင့် နိဗ္ဗာန်သို့သွားရာခရီးမှာ သမာအာဇီဝကို ထည့်ခဲ့တာပေါ့။ ပြီးတော့ လူ့ဘဝ ဆိုတာ ဒုက္ခဘုံ၊ ဘယ်သတ္တဝါမဆို ဘဝရဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရမယ်။ မလွဲမသွေ တွေ့ရမယ်။၊ ဒီဒုက္ခကို ရင်ဆိုင်တွေ့ရတဲ့အခါမှာ ဒီတရားကို နှလုံးသွင်းထားရင် ခံနိုင်ရည်ရှိတာပေါ့..”


မှန်၏။ သူ့မှာ ယခု မီးတွေ ပတ်လည်ဝိုင်းနေသည်ဟု ဆိုရမည်။ သို့သော် သူသည် ဘုရားလောင်းယုန်မင်းကို သတိရ၏။ သီလစမ်းလို၍ သိကြားမင်းက ပုဏ္ဏယောင်ဆောင်ကာ ယုန်မင်း၏အသားကို အလှူခံ၏။ ပုဏ္ဏလုပ်ပေးသော မီးပုံတွင်းသို့ ခုန်ဆင်းသော်လည်း မီးတောက် မီးလျှံတို့သည် ယုန်မင်း၏ မွေးညှင်းတပင်ကိုသော်မျှ မလောင်ပေ။


​ဒေါ်ငြိမ်းမယ်သည် မီးပတ်လည်ဝိုင်းနေ၏။ ဤသတ္တ​လောကတွင် သတ္တဝါတို့သည် ကိုယ့်အ​တောင်နှင့်ကိုယ် မီးလောင်ခံနေရသည်ချည်း ဖြစ်၏။ တချို့ကလည်း မီး ကိုယ့်ကို​လောင်နေသည်ကို သိ၍ ​ကြောက်အားနှင့်သာ အော်နေသည်။ မီးငြိမ်းသည့် လမ်းစဉ်ကို မရှာဖွေမိ။ တချို့ကလည်း ကိုယ်တယောက်တည်းသာ ဤမီးက ကွက်လောင်သည် ထင်၏။ ကိုယ့်ကိုကိုယ် ဇာတ်လိုက်ထင်ကာ ကိုယ့်ကိုကိုယ်သာ ကွက်သနားနေသည်။


တချို့ကတော့လည်း လောင်သည်ကိုလည်း မသိ၍ ပူသည်ဟူ၍လည်း မထင်​သောကြောင့် မ​အော်ခြင်းသာဖြစ်သည်။ တချို့ကတော့လည်း လောင်သည်ကိုသိ၏။ ငြိမ်းသောတရားကိုလည်း ရှာ၍တွေ့၏။ တာဝန်နှင့် သမုဒယနှောင်ကြိုးလေးများကို မပြတ်နိုင်သေးသောအခါ တရားကို ရှုမှတ်ရင်းပင် ဤဘဝတည်းဟူသော မြစ်ရေယဉ်ဝယ်​ မျောခဲ့ကြသည်။ 


* * *


တခါတလေလည်း ​ဒေါ်ငြိမ်းမယ်သည် အမေ့ကို လွမ်းမိသည်။ ခုလို ဝယ်ခြမ်းစားရပုံမျိုးကို အမေသာကြုံလျှင် ထမင်းမျိုကျမည်မဟုတ်။ အမေသည် စည်းကမ်းစနစ်ကြီး၏။ ကြက်သွန်ကို မြစ်သားအမျိုးအစားကို မသုံး။ မင်းဘူးကြက်သွန်ကို အညာလှေကြီးများဆိုက်လျှင် အချိန်တဆယ်လောက်ကို ဝယ်၍ မီးဖိုချောင်တွင် ဖြန့်ထားသည်။ သူကတော့ လူငယ်ဖြစ်၍ စိတ်မြန်လက်မြန်ဖြစ်၏။ ဒီမင်းဘူးကြက်သွန် အမြွာသေးသေးလေးများကို ခွာနေရသည်ကို စိတ်မရှည်။ မြစ်သားကြက်သွန်လို ဥတလုံးကြီးတွေကိုသာ မြန်မြန်ထက်ထက် နွှာ ထုထောင်း ချက်ပြုတ်လိုက်ချင်သည်။


“ဟဲ့သမီးရဲ့၊ နဲနဲတော့ ပင်ပန်းတာပေါ့အေ၊ မင်းဘူးကြက်သွန်ကလေ အနှစ်လဲ များများရ၊ ဟင်းခပ်ရာမှာလဲ မွှေးတယ်။ ပြီးတော့ အဖိုးကလဲ ခေါက်ချိုးနီးနီးလောက် ကွာတာ...”


ဆီသုံးသည့်နေရာမှာလည်း တပုံးကို သုံးဆယ် သုံးဆယ့်ငါးကျပ် ဝယ်ရချိန်ကို ကြုံလိုက်ရ၏။ ဒီလောက်ဈေးကိုသော်မှ အ​မေက ရင်မ,နေ၏။


“ဟဲ့...ငြိမ်း၊ နင့်အဖေ (ကိုအကောင်းကြိုက်)ကိုသာ ဆီအိမ့်အိမ့် ချက်ပေး၊ ဆီပြန်ဆိုရင် နှစ်ကျပ်ခွဲမှုတ် တမှုက်ဘဲ သုံးနော်။ ငါးကို ဆီပြန်နေအောင် ချက်ပြီး ချကာနီးတော့ ရေလေး နဲနဲရော၊ ခရမ်းချဉ်သီးခပ်လိုက်ရင် ဆီထွေး ရေ​ထွေး နယ်လို့ ဖတ်လို့လဲ အနှစ်များများ ရတယ်။ နို့မို့ရင်လေ ညည်းအဖေက ထမင်းဝိုင်းထိုင်မိရင် ဘယ်မှာလဲ အနှစ်ဆိုပြီး စကားရှည်အုံးမယ်....”


ငြိမ်းသည် ဟင်းချက်ရင်း ပြုံးမိ၏။ သူတို့ဌာနေ မြစ်ဝကျွန်းပေါ်လို သားငါးအစုံပေါသည့် နေရာတွင်တောင် အမေသည် အိမ်သားများနှင့်အတူ ငါးသံချိတ်၊ ငါးနုသန်း၊ ငါးဘဲဖြူ စသည့် ငါးသေးနုတ်လေးများကိုသာ စားလေ့ စားထရှိသည်။ 


“ဒိုများစားဘို့ ငါးသံချိတ်ဆီပြန် ခြောက်ခြောက်လေး ချက်၊ ငပိထောင်းလေး သံပုရာရေညှစ်၊ ဆိတ်ဖူး တို့မယ်။ ကင်းပုံရွက်ဟင်းချိုချက်၊ တော်ရောပေါ့။ သမီးတို့အဖေဘို့ ငါးမြင်းဆီပြန်တခွက် ချက်ပေးလိုက်ပေါ့”


လင်ကိုတော့ ဦးစားပေး စေတနာလေးမှာ အ​မေ့တွင် အမြဲရှိသည်။ ဒါတောင် အမေ့ခေတ်က ငါးမြင်းရင်းတပိသာ သုံးကျပ် လေးကျပ်ရှိ၏။ ရန်ကုန်လိုသာ ငါးမြင်းရင်း ရှစ်ကျပ်မှသည် ဆယ့်ငါးကျပ်ဈေးအထိ ဝယ်စားရလျှင် အမေ တယောက် ထမင်းကို ဟင်းနဲ့တောင် စားချင်မှစားပေတော့မည်။ 


အမေ့ လက်သုံးစကားကမူ

“ဝမ်းတထွာသာ ဆိုတယ်၊ တနေ့ထဲ တခါထဲ စားလို့ ပြီးတာမှမဟုတ်ဘဲ သမီး၊ နေ့စဉ် စားနေရတဲ့ကိစ္စ၊ ဘယ်သူမဆို မျက်မျက်ကလေးတော့ စားချင်ကြတာပေါ့။ ကျန်တဲ့ရက်တွေမှာ တော်ရုံတန်ရုံပေါ့သမီးရယ်.....”


အမေသည် ချက်ရင်းပြုတ်ရင်း သည်လိုဘဲ ငြိမ်းကို မသိမသာ ဆုံးမသွား၏။ သို့သော် အမေသည် သူကသာ ခေါင်းတရာရှိသော ငါးသေး ငါးမွှားလေးများကို ဆီခြောက်ခြောက်ချက်လိုက်၊ ရေစပ်စပ်ချက်လိုက်နှင့် ဆီအကုန်နဲအောင် ကြံဖန်ချက်စားသည်။ အဖေဘို့တော့ ဦးစားအနေနှင့် ဟင်းတခွက်ကောင်း ချက်ပေးခဲ့သည်။


ငြိမ်းသည်လဲ မြမြစိန်တို့အဖေနှင့် ရပြီးချိန်တွင် ဦးစားဆိုသည့် လင့်အပေါ် စေတနာသည် အမေလို ဖြစ်လာပြန်အခါ၊ အမေတူ သမီးငြိမ်းတွင် လင်ကိုဦးစားပေးသောစိတ် ဝင်လာရတော့သည်မှာ မဆန်းပေ။ 


အမေ့စီမံကိန်း အောင်မြင်အောင် အခြေအနေကလည်း အမေဖန်တီးယူ၍ရ၏။


ကင်းပုံရွက်၊ မန်ကျည်းရွက်၊ ကင်ပွန်းချဉ်ရွက်ဆိုသည်က ပိုက်ဆံနှင့် တပြားမှ ပေးမဝယ်ရ။ သူတို့အိမ်မှာ ခြံစောင့်ဖထီးတို့လင်မယားက မြေပိုတွင် စိုက်ရင်းပျိုးရင်း ရောင်းစားသည့်အထဲက အမြဲခူးစားနေရသည်။


ယခု သူနေသော မြို့လယ်တိုက်ခန်းကျဉ်းလေးမှာ မြေပို တလက်မ မရှိ။ ​မြေက ပိုပို၊ မပိုပို သစ်ပင်တပင် ရေလောင်းဘို့ မဆိုထားနှင့်။ နွေပေါက်လျှင် မီးဖိုချောင်အတွက်ရော အိမ်သားများ ရေချိုးဘို့ရော ရေခံရသည်မှာ အခါတရံ ညသန်းခေါင်တိုင်အောင်ပင်ဖြစ်သည်။


“မေမေရာ အိပ်သာအိပ်ပါ၊ သမီး ကျောင်းက ပါလာတဲ့ လေ့ကျင့်ခန်းတွေ ပြင်ရင်း ရေစောင့်မယ်....."


သမီးက ကရုဏာနှင့်ပြောသော်လည်း ညဘက် အိပ်ရေးဝဝအိပ်ရမှ သမီးလေး မနက်ကျောင်းတက် စာသင် အလုပ်ကောင်းကောင်း လုပ်နိုင်မည်။ ဆရာမအလုပ်က ပင်ပန်းပေသား။


သားမက်ကျတော့လည်း သူက အယ်ဒီတာ၊ ဦးနှောက်သုံးရတဲ့သူမို့ အေးအေးချမ်းချမ်းရှိစေချင်သည်။ အိမ်ရောက်လျှင် စာအုပ်နှင့်မျက်နှာနှင့်မခွာသော သားမက်ကို ကိုယ်ရေးကိုယ်တာအိမ်ကိစ္စများ ဘာမျှအပူမပေးချင်။ သို့သော် သူ့သားမက်သည် စာတဖက် ဖတ်ရင်း ကလေးနို့တိုက်၊ ပုခက်လွှဲဖော်ရသေး၏။


ဒါတောင် တနေ့က သူ့သမီး မြမြစိန်သည် လင်ကို စွာကျယ် စွာကျယ်နှင့် ရန်ထောင်လိုက်သေးသည်။ ဒေါ်ငြိမ်းမယ်က အိပ်ခန်းထဲတွင် ကလေးကိုသိပ်ရင်း ကြားလိုက်ရ၏။


“ကိုကိုက တခါလာ ဒို့မဂ္ဂဇင်းမှာ​ရေးတဲ့ ​ဒေါ်အာဝဇ္ဇန်းရဲ့ ဝတ္ထုတွေ၊ ဆောင်းပါးတွေများ ဖတ်ပါအုံးစိန်ရယ်။ စိန်စိန်လိုသာ ရတဲ့လခနဲ့ မလောက်တာ ညည်းတွားနေရင် ဒီမဂ္ဂဇင်းတိုက်က ကိုရေခဲ တလရှစ်ဆယ့်နှစ်ကျပ်နဲ့ ဘယ်လိုလုပ်နေမလဲနဲ့၊ ဒါဘဲ ထပ်ခါထပ်ခါ ပြောနေတာဘဲ။ စိန်ကလေ ကိုရေခဲ ရှစ်ဆယ့်နှစ်ကျပ်နဲ့ ဘယ်လိုနေသလဲ၊ ​ဒေါ်အာဝဇ္ဇန်း ဆိုတဲ့ ဆရာမကြီးဟာ ဘာလဲဆိုတာ စိန်အကုန်သိတယ်....."


“အမယ် ဆိုစမ်းပါအုံး...” 


ကိုသန်းချိန်သည် အသံစေးစေးနှင့်ပင် မေး၏။


“ကိုရေခဲ လမ်းကြုံလို့ ဝင်လာတိုင်း စိန်က စပ်စုတာပေါ့။ ကိုရေခဲ ရှင့်ဆရာကတော့ စိန်ဟာ အင်မတန်ညည်းတယ်၊ လေရှည်တယ်နဲ့ သိပ်ပြောတာဘဲ။ ကိုရေခဲတို့များ ရှစ်ဆယ့်နှစ်ကျပ်နဲ့ လောက်အောင်သုံးတဲ့ ကိုရေခဲအကြောင်းတောင် ဒေါ်အာဝဇ္ဇန်းက ဝတ္ထုတိုလေးလိုရေးထားတာ မင်းက မဖတ်ဘဲကိုးတဲ့၊ ကျမကို ဏခဏဆူတယ်။ ရှင် ရှစ်ဆယ့်နှစ်ကျပ်နဲ့လောက်အောင် သုံးတဲ့နည်း ကျမကို ပြောစမ်းပါရှင် ဆိုတော့ ...ကိုရေခဲက ဘာ​ပြောလဲ သိလား..”


မြမြစိန်သည် ဆရာမပီပီ သူ့စကားကို စိတ်ဝင်စားမှုပိုရှိအောင် မေးခွန်းလေးနှင့် ရပ်ထားပြီးမှ ဆက်ပြော၏။


“ဟောဒီမှာကြည့် ဆရာကတော်ရေ၊ ဒါ ဘာလဲတဲ့၊ သူ့လွယ်အိတ်ထဲက ဆွဲထုတ်ပြတာကို ကြည့်တော့ ဘာ​အောက်​မေ့လဲ၊ ခေါက်ထီး ခေါက်ထီး၊ တလက်ကို ခြောက်ဆယ်ကနေ တရာ့ငါးဆယ်လောက် ပေးရတယ်။ အဲဒီပစ္စည်းမျိုးတွေကို သူကလဲ သူ့နည်းသူ့ဟန်နဲ့ ရှာလာခဲ့ပြီး၊ သူ့နည်းသူ့ဟန်နဲ့ဘဲ အမြတ်တင် ပြန်ရောင်းနေတယ်၊ အဲဒီအမြတ်အစွန်းလေးတွေနဲ့ ရောဖက်စားလို့ ကျုပ်တို့ ခလေး လေးယောက် ရှစ်ဆယ့်နှစ်ကျပ်နဲ့ ထမင်းစားနေရပေါ့တဲ့၊ အဲဒီထီးက ဘယ်သူမှာထားတယ်ဆိုတာ ကိုကိုသိလား..” 


“သိပါဘူး” 


ကိုသန်းချိန်က ဖြေ၏။


“ဒေါ်အာဝဇ္ဇန်း မှာထားတာတဲ့ရှင်၊ ကဲ ကဲ..သိပလား စာရေးဆရာကြီး အယ်ဒီတာကြီးရဲ့။ စိန့်ကို လေရှည်တယ် ပြောအုံးမယ်၊ ဆရာမဆိုတော့ လေရှည်ရှည် ပြောရအုံးမယ်။ စိန်တို့ကျောင်းက ဆရာမတွေကို ကျောင်းအုပ်ကြီးက တနေ့ ခေါ်ပြောတယ်၊ အိမ်တွင်းသိပ္ပံ ချွေတာရေး သင်ခဏ်းစာအတွက် စာရေးဆရာမကြီး ဒေါ်အာဝဇ္ဇန်းက ဟောပြောမယ်တဲ့၊ နားထောင်ကြရမယ်ဆိုလို့ စနေနေ့မနက်ပိုင်း စိန်တို့ နားထောင်ကြရတယ်၊ သူ့ကိုလဲ မမြင်ဘူးတော့ ကြည့်ချင်ကြတာ​ပေါ့။ ​ဒေါ်အာဝဇ္ဇန်းကလေ ကရိနိုင်လွန် နံ့သာရောင်နဲ့ အင်္ကျီလေးဝတ်လို့၊ ရှမ်းတူတယ် နက်ပြာမှာ အဝါပွင့် ​ဖော်ထားတဲ့ထဘီနဲ့၊ ခေါင်းကလဲ သဗြုသီးဖက်ရှင်ဆံထုံးနဲ့။ လက်ထဲက ကိုရေခဲ ပြသွားတဲ့ ခေါက်ထီးလေးကိုင်ထားပြီး စိန်တွေ တလက်လက်နဲ့ စာသင်ခန်းမကြီးထဲ ဝင်လာပုံကို ရောင်စုံ ရုပ်ရှင်ရိုက်ပြီးတော့သာ စိန်က ပြလိုက်ချင်တယ်"


"စိန်တို့ကျောင်းဆရာမတွေသာ တကတည်း ကျောင်းသူတွေ နည်းယူဘွယ်ဖြစ်အောင် ဆိုပြီး တခါလာ ပိတ်အင်္ကျီလက်ရှည်၊ မာစရိုက်ထဘီစိမ်းနဲ့ ပြီးနေရတာလား။ ကိုကို့ဒေါ်အာဝဇွန်းလိုသာ ကရိနိုင်လွန်နဲ့ ခေါက်ထီးဆောင်းရင်လေ ရှစ်ဆယ့်နှစ်ကျပ် မပြောနဲ့၊ ကိုကို့လခ အကုန်ကို ကလေးတွေမပါ စိန်တယောက်ထဲ သုံးရင်တောင် မလောက်ဘူး။ ကိုကိုတို့ရဲ့ ဒေါ်အာဝဇ္ဇန်းကို ပြောလိုက်စမ်းပါ၊ ကိုယ်မထိန်းနိုင်တဲ့ အကျင့်ကို သူများကို ကျင့်ပါလို့ တရားမဟောစမ်းပါနဲ့လို့"


"ကိုကိုလဲ တူတူဘဲ၊ စိန် ရှစ်ဆယ့်နှစ်ကျပ်နဲ့ ​လောက်အောင် သုံးပြမယ်။ တော်ကြာရင်သာ “စိန်ရယ် ကိုကိုတို့က ညာဏအလုပ်သမား၊ ဦးနှောက်သုံးရတော့ အစာအိမ်ဒုက္ခပေးမှာမို့ ဆန်ကလေးတော့ ငကျွဲစစ်စစ် ပျော့ပျော့ပျောင်းပျောင်း စားပါရစေနဲ့ မပြောနဲ့။ မိစိန်စိန်တို့မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူခိုးဖြစ်​နေတယ်။ ငကျွဲဆန်စစ်စစ် တတင်း နှစ်ဆယ့်လေးကျပ်ကို ​တောသည်နဲ့ အဆက်လုပ်ပြီး ကိုကိုနဲ့ ကိုကို့သားတွေသမီးတွေကို ကျွေးနေရတာ သိလား။ လိမ်းချင်လိုက်တဲ့ ရပ်ဒလီမျက်နှာလိမ်းပေါင်ဒါ၊ စိန်လဲ မိန်းမဘဲ လှချင်တာပေါ့၊ အောင့်ထားရတယ်။ တဗူး လေးဆယ့်ငါးကျပ်၊ မှောင်ခိုဈေးမှာ ဝယ်လို့ရတယ်။ ငါ့လင် သိရင် မှောင်ခိုဈေး အားပေးရမလားဆိုပြီး ငါ အဆူခံရမယ်။ ဒီဈေးနဲ့လဲ မလိမ်းရက်ပါဘူး၊ လိမ်းလို့ ဒီဝင်​ငွေနဲ့ လောက်မလား။ စိန် အခု ဘာလူးနေလဲ သိရဲ့လား၊ ချောင်းဦးက သနပ်ခါးမှုန့်ကို ကံ့ကော်ဝတ်ဆံနဲ့ ရောလူးနေရဘယ် မင်းဘုရား​ရေ"


“ဟား...ဟား....ဟား...ဟား..တော်ပါတော့ ​ကျောင်းဆရာမကြီး ဒေါ်ရှာရှည် မောလှရော့မယ်၊ ကျွန်တော် ခင်ဗျား အတန်းက ကျောင်းသားတွေ မဟုတ်ပါဘူး....”


မောင်သန်းချိန် ရယ်သံနှင့် လင်မယား စကားပြောခန်း ရပ်သွားမှ ဒေါ်ငြိမ်းမယ်မှာ အိပ်ခန်းတွင်းမှ အသက်ရှူချောင်သွားသည်။ သူသည် အိမ်ဆူဆူ ဆူဆူနှင့် လင်မယား ရန်ဖြစ်မည်ကို အလွန်ကြောက်သည်။


နောက်နေ့ မောင်သန်းချိန်ကွယ်ရာတွင်မူ ဒေါ်ငြိမ်းမယ် သမီးဖြစ်သူကို တိုးတိုးတိတ်တိတ် ကျိတ်ဆုံးမပြန်၏။


“ညက မေမေဖြင့် သမီးတို့လင်မယား ရန်ဖြစ်မလားလို့ ရင်တထိတ်ထိတ်နဲ့၊ သမီးကလဲ စကားပြောတာ ခုနစ်သံချီဘဲ၊ တိုးတိုးပြောလဲ ဒီစကား၊ ကျယ်ကျယ်ပြောလဲ ဒီစကားဘဲဟာ။ မေမေ ခဏခဏ ​ပြောရက်သားနဲ့။ ညင်ညင်သာသာ ပြောပါအေရယ်၊ စကားကလဲ ရှည်လိုက်တာ.....” 


မြမြစိန်သည် ရယ်လိုက်ရင်း..... “အရှိန်သတ်မရလို့ မေမေရေ့၊ ကျောင်းက အရှိန်က အိမ်မှာ စကားပြောရင် ပါပါသွားတယ်။ တခုကလဲ မေ​မေ့သားမက်က သူ့ကိုယ်သူ အယ်ဒီတာကြီးဆိုပြီး အားလုံးသိတယ် ထင်နေတာ။ ဒီတော့ သမီးကလဲ အယ်ဒီတာကြီး မသိ တာတွေ ရှိသေးတယ်လို့ ​ပြောပြရတာ မေမေရဲ့” ဟု ဆို၏။


“ဒီလိုပေါ့ သမီးရယ်၊ ယောက်ျားဆိုတာ ဘယ့်နှယ် အစုံအလင်သိနိုင်မလဲ။ ဂျပန်ခေတ်ကဆိုရင် သမီးတို့ဖေဖေက ချည်​ချောလုံချည်ဝတ်တတ်တော့ မေမေ့မှာ မနဲ ဖန်တီးရတယ်။ သမီးဖေဖေက ဟင်းလေးလဲကောင်းမှ၊ ဆန်လဲ ပျော့

ပျောင်းမှ၊ အဝတ်ကျလဲ ​ချောမှ။ မောင်သန်းချိန်လို လူ​အေး မဟုတ်ဘူး.......”


“မေမေကလဲ အလိုလိုက်လွန်းပါလိမ့်မယ်။ သူတို့ယောက်ျားတွေကလေ အလိုလိုက်တဲ့မိန်းမနဲ့ တွေ့ရင် ရောင့်တက်တယ်။ ကဲ....ခု ကြည့်လေ ရိုးရိုးသားသားနဲ့ ခြိုးခြိုးချန်ချန်နေမယ်ဆိုတဲ့ သမီးလိုမိန်းမမျိုးရတော့ ကိုကိုက နင်းကန် တရားဟောနေတာဘဲ။ သမီးကလေ ကျောင်းမှာနေကထဲက ငါကြိုက်တဲ့ လူဟာ စာရေးဆရာအဖြစ် ၀ါသနာပါတယ်လို့ သိတယ်။ ဒီ​တော့ ထမင်းနပ်ကျော် မစားရအောင်၊ ကိုယ့်ထဘီ ကိုယ်ဝယ်ဝတ်နိုင်အောင်၊ ဒီ ဘီ အေ အီး ဒီ ဒီဂရီကို ရအောင် ယူခဲ့တာ မေမေရဲ့။ သူက ကျိတ်ကျိတ်ပြီး သမီးကို တိုးတိုးလေး တရားဟောနေတာ မေမေမှ မကြားဘဲ။ အကျယ်ကြီး ပြန်ပြောတဲ့သမီးက အဆိုးဖြစ်နေတယ်။ သမီး ဘယ်နေရာမှ ပိုးစိုးပက်စက် မသုံးပါဘူး”


မြမြစိန်ပြောသည်မှာလည်း မှန်၏။ ကျောင်းသားများ၏လေ့ကျင့်ခန်းစာရွက်များ မဖျက်ရ၊ မစစ်ဆေးရ​သော တချို့သော ညဘက်တွင် သမီးသည် ငယ်ခြမ်းထားသော ပိတ်စလေးများကို ကလေးခြောက်ယောက်အတွက် ကျောင်းဝတ်စုံရော၊ အိမ်နေရင်းဝတ်​ဖို့ရော ကိုက်ညှပ်ထားတတ်၏။ ကြိုကြားကြိုကြားပြီးအောင် စက်တလုံးနှင့် ချုပ်သွားသည်။ ကိုသန်းချိန် စွပ်ကျယ်အင်္ကျီနှစ်ထည်အစုတ်ကို တထည် အကောင်းရ​အောင် ချုပ်၏။ ဒေါ်ငြိမ်းမယ်သည် ယခင်ကတော့ ကူချုပ်ပေးသည်။ ယခုတော့ သူ့မျက်လုံးများသည် စာကြည့်မျက်မှန်နှင့်ပင် အပ်​ပေါက်ကို မသဲကွဲ၍ သမီးအပ်ချုပ်ခြင်းကို မကူညီနိုင်ပေ။ ရန်ကုန်မြို့ အပ်ချုပ်သမား အခက ကလေးခြောက်ယောက်ဝတ်စုံ တစုံစီဘဲ အပ်အုံး၊ ခြောက်စုံဆိုလျှင် လက်ခသည် ငွေ ၂၅-ကျပ်၊ အဝတ်တစ်စုံစာပင် ပြန်၍ ဝယ်လောက်​ပေသည်။ သို့သော်လည်း အိမ်ဆူမည်၊ သမီးဖြစ်သူက လင်နိုင်သော မိန်းမတယောက်အဖြစ် ရောက်မည်ကို မလိုလားသော ​ဒေါ်ငြိမ်းမယ်သည် မြမြစိန်ကို ခဏခဏ လက်ကုတ်ရသည်။


“အေးပေါ့ သမီးရယ်၊ မေမေ မဂ္ဂဇင်းတွေထဲ ဖတ်သလို တချို့ စာရေးဆရာတွေလိုသာ အသောက်အစားလေးနဲ့ဆိုရင် သမီး မခက်ပါလား"


“အဲဒီလိုဆိုတော့ လန်ကွတ်တီဝတ်နေတာပေါ့ မေ​မေရ” 


မြမြစိန်သည် ရယ်မောရင်း ပြန်ပြောလိုက်သည်။


“မေမက ဘယ်သူနဲ့တူလဲ ဆိုတော့ စိန်တို့ကျောင်းက ဆရာမနဲ့ တူနေပြီ။ သူကလေ နာမယ်နဲ့လိုက်အောင် အေးတယ်။ စကားပြောလဲ နွဲ့နွဲ့ အေးအေးလေးရယ်။ သူ့ယောက်ျားက စစ်ဗိုလ်၊ သူ့ယောက်ျားပြောင်းရာ နယ်ကို တခါတလေ လိုက်သွားရတာပေါ့။ သူက သူ့လင်ကို ပြောသတဲ့၊ “မောင်ရယ် စကားပြောရင် မောင့်စကားလုံးတွေက သိပ်ကြမ်းတာဘဲ၊ အေးအေးနဲ့ ယဉ်ယဉ်ကျေးကျေး ပြောပါ။ မြတ်စွာဘုရားဟာ ကောင်းသောစကားကို ဆိုတတ်လို့ “သုဂတော ဆိုတဲ့ဂုဏ်နဲ့ညီတာ”လို့ ပြောသတဲ့။ ဒီတော့ သူ့ယောက်ျားက ပြန်ပြောတယ်တဲ့ မေမေရ...၊ “ဟ အေးအေးရ၊ ဘုရားပရိသတ်နဲ့ ငါ့ပရိသတ် တူတာမှမဟုတ်ဘဲ၊ ဘုရားက​တော့ ဘိက္ခဝေ ချစ်သားတို့လို့ ဥဒါန်းကျူးနိုင်ပေါ့။ သူ တရားဟောရတာ ရဟန်းပရိသတ်လဲ ဖြစ်ပြန်၊ တရားလာနာကတည်းက တရားနာပရိသတ်က ဥပသကာတွေ။ ငါ့မှာက မ,တရာသား လူပေါင်းစုံကိုဘဲ ဘိက္ခဝေ... ချစ်သားတို့သာ လုပ်နေရင် ပြီးပါရော...ပြီးပါရော” လို့ ဆိုသတဲ့....” 


စိန်စိန်သည် သူ့စကား သူပြောရင်း ရယ်ပြန်ပါသည်။ ​ဒေါ်ငြိမ်းမယ်ပင် မနေနိုင်၊ လိုက်၍ရယ်မောမိ၏။


“အခုလဲ သမီးက ဖြစ်လာတဲ့ အခြေအနေကို ဖြစ်သမျှ အေးအေးချမ်းချမ်း ရင်ဆိုင်နိုင်အောင် ကြိုးစားပါတယ် မေမေ။ ဒါကိုဘဲ ကတွတ်တွတ်နဲ့ သူများကိုဘဲ သူက တရား​ဟောနေတယ်။ သမီး ကျောင်းမှာလဲ သမီး ပြသာနာနဲ့ပဲ။ မေမေတို ဆရာမလုပ်တုန်းကလိုမှ မဟုတ်ဘဲ။ တတန်းတတန်း ကျောင်းသား တရာလောက်ကို အာပြဲအောင် ​အော်၊ ကျောင်းဆင်းတော့ ကျောင်းကနေ အိမ်ရောက်မယ့်အရေး ဘုရားတ,ပြီး ဘတ်စ်ကားမှာ ဂျွမ်းပစ် စီးလာခဲ့ရတော့ ကုန်းအော်ချင်တာပေါ့။ မေ​မေ့သားမက်ကိုကလဲ သမီးတို့လို မိန်းမနဲ့ တွေ့လို့ပါ၊ ထင်တိုင်းသုံးတဲ့ မိန်းမတွေနဲ့ ​တွေ့ရင် ဝပ်နေမှာပါ ..”


ဒေါ်ငြိမ်းမယ်သည် ရင်ထဲက ပြုံးမိ၏။ 


“ကကယ်တော့ ဒို့မိန်းမတွေလဲ တူတူပါဘဲ..၊ အလိုလိုက်တဲ့လင်နဲ့ တွေ့ရင် နွဲ့ဆိုး ဆိုးတာပါဘဲ.....”


သမီးအား ဖြေ၍ပြောလိုက်ရင်း သူ့ရှေ့တွင်ပုံထားသော အင်္ကျီဖွပ်ပြီးသားများကို တထည်စီ ရေဆွတ်ကာ မီးပူတိုက်ရန် ဒေါ်ငြိမ်းမယ်က ပြင်ဆပ်နေသည်။ တနင်္ဂနွေနေ့ဖြစ်၍ မြမြစိန်သည် မီးဖိုချောင်ကို သူကိုယ်တိုင် ဝင်ချက်၏။


“သူဇာချိန်က ငရုတ်သီး ဆယ်တောင့် ထောင်း၊ ဘမောင်ချိန်က မေမေ့ကို ကန်းဇွန်းရွက် ကူပြီး ခြွေပေးစမ်း၊ လှ​မောင်ချိန် ကြက်သွန် အဖြူ အနီ အခွံခွာပေး၊ မေမေ ငါးကိုင်ပြီးရင် တခါထဲ ဟင်းတအိုးပြီးအောင်နော်....”


မီးဖိုမှ အသံဘလံများကို နားထောင်ရင်း ဒေါ်ငြိမ်းမယ်သည် သွားလေသူကို သတိရနေသည်။ ခြောက်နေသော အင်္ကျီများကို ရေ​တောက်၍ အတွန့်လေးများကို ပြန့်သွား​အောင် လက်နှင့်​ပြေ​အောင် ပွတ်၍ပွတ်၍ဖြေလိုက်၏။ ပုံကျ​အောင် ​ခေါက်ကာ ပုဆိုးထဲတွင်ထည့်၍ ပတ်ထားပြီးမှ တထည်စီယူကာ ဓာတ်မီးပူနှင့် တိုက်နေသည်။ သူ့စိတ်ကူးကတော့ အဝေးသို့ ပျံဝဲနေသည်။


“ငြိမ်းရေ... အဲဒီ မန္တလေးလုံချည်ကို ဖြန့်ဝတ်ရင် ခေါက်ရိုးနေရာကလေးက တြိဂံ​တွေ စတုဂံတွေ ဖြစ်နေရင် မောင် မကြိုက်ဘူးကွယ်၊ မီးပူထိုးလိုက်ပါအုံး...”


​မောင်က မြူနီစီပယ်ရုံး အတွင်းရေးမှူးဖြစ်၏။ ရုံးသွားခါနီးမှ ဖြစ်ပေစေ၊ မောင်သည် သူဝတ်လိုသောလုံချည်၏ ခေါက်ရိုးတနေရာရာမှာ လေးထောင့်ချိုး၊ သုံးထောင့်ချိုးများပုံပေါ်လျှင် ချက်ခြင်း မီးပူတိုက်ခိုင်းသည်။ ရုံးသွားလျှင် ဘန်ကောက်တပတ်ရစ် မန္တလေးပိုးမြောက်ပြင်လုံချည်များကိုသာ ဝတ်တတ်၏။ အိမ်တွင်မူ ပလေကပ် မာစရိုက်ချည်​​ချောလုံချည်မှ မောင်က ဝတ်တတ်သည်။ ယခုလို ဓာတ်မီးပူကို အမေက မသုံး၍ ငြိမ်းကလည်း မသုံးရ။ ဟင်းချက်၍ ကနစိုထင်းမှ ကျသော မီးကျီခဲများကို မြေအိုးတလုံးတွင် ထည့်ကာ မီးသေ​အောင် အဖုံးလုံလုံ ပိတ်ထားရ၏။ မီးပူတိုက်မည့်အခါမှ ထိုထင်းမှဖြစ်သော မီးသွေးများကို ကြေးမီးပူထဲတွင်ထည့်၍ တိုက်ရသည်။ ဖထီးဇနီးမှာ ​နေ့လယ်ပိုင်းက အားလပ်ချိန်တွင် ငြိမ်းတို့အိမ်သားများဝတ်သော အဝတ်များကို ဖွပ်​လျှော်ပေးသည်။ မီးပူတိုက်ပေးသည်။ ​မောင့်အဝတ်များကိုတော့ ငြိမ်းကိုယ်တိုင် မီးပူတိုက်ပေးသည်။ တခါတလေတော့လဲ မောင့်ကိုချော့ရသည်။


“မီးကျီးခဲမကျသေးဘူးမောင်ရယ်၊ တခြားအသစ်တထည် လဲဝတ်သွားနော်....။ ညကျရင် ခေါက်ရိုးကျေတဲ့ မောင့်ပုဆိုးတွေကိုရွေးပြီး ငြိမ်း ပြန့်အောင် တိုက်ထားလိုက်မယ်.....”


“လာပါအုံး ငြိမ်း၊ လည်ပင်းကြယ်သီး တပ်ပေးပါဦး။ အဲ... အဲ... ဟုတ်ပြီ၊ ဒီနေ့ မြူနီစီပယ်လူကြီးတွေ အစည်းအဝေး ရှိတယ်ကွယ့် .....”


“ငြိမ်းသိပါတယ်။ ဒီနေ့ စောစော မောင်တ​ယောက်ထဲ ထမင်းစားသွားမယ်ဆိုတာ သိလို့ အမဲသားနှပ် ဖထီးကို ညကတည်းက နှပ်ခိုင်းထားတယ်....”


“ကျေးဇူးတင်လိုက်တာ၊ မေမေတို့ကလဲနော် အမဲသားနှပ်အရသာ မသိဘူးထင်ပါရဲ့ ” 


​မောင်သည် အမဲသားနှပ် ဆိတ်ကလီစာ စသည်များကို ကြိုက်တတ်သည်။ မောင့်ကို ထမင်းစောစောကျွေးရမည့် ရက်များတွင် ကြိုတင်မှန်းဆ၍ ငြိမ်းသည် မောင်ကြိုက်သောဟင်းများကို ဖထီးကို တိတ်တဆိတ် ချက်ခိုင်းထားရသည်။ အဖေအမေတို့နှင့် တဝိုင်းထဲ စားချိန်တွင် ထိုဟင်းများကို အမေက ညှီစော်နံသည်ဆို၍ စားပွဲပေါ်ကို တင်သည်ကိုမှ သည်းမခံနိုင်ပေ။ အမေတို့လဲ ​ကျေနပ်အောင် မောင့်အဖို့ သူကြိုက်သော ဟင်းများကိုလဲ စားရအောင် ငြိမ်းသည် အေးအေးဆေးဆေးပင် ဖန်တီးလိုက်၏။


မောင်သည် ငြိမ်းနှင့် ကြာရှည်စွာ မပေါင်းလိုက်ရ။ မြမြစိန်မွေးပြီး နှစ်နှစ်အကြာတွင် ဆုံးသွားရှာသည်။ ဒေါ် ငြိမ်းမယ် အတွေးသည် လင်တော်မောင်ကို တွေးနေရာမှ သားမက် မောင်သန်းချိန်ဆီသို့ ရောက်လာပြန်သည်။ သားမက်တော် မောင်သန်းချိန်မှာတော့ လုံချည်အချောကို နှစ်ရှစ်ဆယ် နှစ်တရာကိုမှ ရွေးမနေနိုင်၊ ပပကပေးသမျှ လုံချည်ကိုကောက်ဝတ်ကာ အလုပ်သွားရ၏။ 


အင်္ကျီများ​ပေါ် မီးပူထိုးရင်းမှ ဒေါ်ငြိမ်းမယ်မျက်စိထဲတွင် မီးပူပျောက်သွားကာ ငြိမ်းဆိုသော မိန်းမငယ်၏လက်ကလေးကို ပြန်မြင်ယောင်လာပြန်သည်။ သူသည် နုပျိုစဉ်က ဤလှပသော လက်ကလေးများဖြင့် မောင် မနက်ရုံးအသွားတွင် စီးရန် ရှူးဖိနပ်အနက်ကို ပြောင်လက်နေအောင် ညဦးက ဆေးနှင့်တိုက်ထားရသည်။ မောင်သည် ရုံးသွားလျှင် ရှူးဖိနပ်၊ တခါတရံ ဓါးမောက်ခြေညှပ်ဖိနပ်ကို စီး၍ သွားတတ်၏။ မင်္ဂလာဆောင် ပွဲ​နေပွဲထိုင်ဆိုလျှင် ကတ္တီပါပိန်းတန်း ယောက်ျားစီးကို စီး၍သွားတတ်သည်။ 


ယခုတော့ သူ့ သားမက်ကလေး အယ်ဒီတာ မောင်သန်းချိန်သည် ငါးသုံးလုံး ဂျပန်ဖိနပ်ကိုဘဲ စီးသွားရသည်။ ​မောင့်လို မဟာဆံချင်နေ၍ကော အခြေအနေသည် ဖန်တီး၍ပေးပါမည်လား။ ဒေါ်ငြိမ်းမယ်သည် မိခင်ဝတ္တရားအတိုင်း မြမြစိန်ကိုတော့ ဆုံးမချင်သည်။ သူက မောင့်အ​ပေါ်တွင် တခမ်းတနား ယုယပြုစုသလို မြမြစိန်က မောင်သန်းချိန်ကို တခမ်းတနား မပြုစုသည်ကို ရင်ထဲက မ​ကျေနပ်လှ။ သူ့သမီးသည် မောင်သန်းချိန်အပေါ် လျစ်လျူရှုလွန်းလေသလား။ 


“အို...သူ့လင်ကို သူလဲ ငါ့လင် ငါချစ်သလို ချစ်ရှာမှာပါ” 


သူ့စိတ် ​ဖြေလိုက်၏။ သေသေချာချာ အခြေအနေကို တွေးကြည့်ပြန်တော့ မြမြစိန်အဖို့လည်း သူ့အလုပ်ကို အချိန်မှီ အပြေးအလွှားတက်ဖို့၊ မိုးလင်းသည်နှင့်တပြိုင်နက် လေးခင်း ပြနေရသည်။


ငြိမ်း ဆရာမအဖြစ် ကျောင်းတက်ရသည်ဆိုသည်က အဖေတို့ အမေတို့ ထမင်းကျွေးပြီးမှ ကျောင်းခေါင်းလောင်းထိုးခါနီး လျှောက်သွားလိုက်လျှင် ကျောင်းကို ချွေးမထွက်ရဘဲ ရောက်သည်။ ရန်ကုန်မှာက မြမြစိန် ကျောင်းရောက် ​အောင် သွားရပုံကို မတွေးချင်။ ​ဒေါ်ငြိမ်းမယ်သော်မှ အပြင်ကို ထွက်ချင်သောစိတ်မရှိ။ တခါတရံ ထွက်မိသောအခါ ကားမှတ်တိုင်များတွင် ကားစောင့်သော လူအုပ်စုကြီးကို မြင်ရတိုင်း စိတ်မာလှသည်။ 


“ဖွားဖွား မေမေက အဝတ်ဟောင်းတွေပေးလိုက်ပါ တဲ့....” 


သွားလေသူကို တွေးနေသော ဒေါ်ငြိမ်းမယ်၏အတွေးမှာ မြေး လှမောင်ချိန် အသံကြောင့် ရပ်သွားသည်။ 


“ဟို အဟောင်းခြင်းထဲမှာ ယူသွား၊ ဖွားဖွား မနက်က ဆပ်ပြာတောင့်ကို ရေနွေးဖျောထားတာ နှစ်ဖက်ဂိုင်းနဲ့ သံစည်ပိုင်းထဲမှာရှိတယ်။ အဲဒီအထဲမှာ အဝတ်တွေ အရင်နှစ်ပြီး စိမ်ထားလိုက်၊ ကုလားမ ဒီအချိန် မရောက်လာသေးပါဘူး..."


“ဟုတ်ကဲ့...”


လှမောင်ချိန်သည် အဝတ်ဟောင်းများကို ယူသွားသည်။ ကုလားမကို ဆပ်ပြာတောင့်နှင့် အဝတ်များကို တိုက်ခိုင်းလျှင် ရေစင်အောင် မ​လျှော်သောကြောင့် ခဏခဏ ဖွပ်ပြီးသား အဝတ်ခြောက်များတွင် ဆပ်ပြာမာ​ကျော​ကျော အဖတ်များကို တွေ့ရသည်။ 


“ကဲ..ကိုကိုရေ၊ ပူစူးတို့ မာလေးတို့ကို ခေါ်၊ ​ရေချိုး​တော့။ သားကြီး၊ အပါ... မေမေ့ဆီ ​လာ၊ မေမေ ထမင်းကျွေးမယ်....."


မြမြစိန်၏ မီးဖိုမှ အော်ကာ ထွက်လာသံကို ကြားလိုက်ရ၏။ နောက် ဆယ်နှစ်ဆိုလျှင် မြမြစိန်သည် ​ဒေါ်မြမြစိန်ဖြစ်ကာ ​ဒေါ်ငြိမ်းမယ်​နေရာတွင် ဝင်၍ ကရအုံးတော့မည်။ ဒေါ်ငြိမ်းမယ်သည် သူ့အတွေးကို ရပ်လိုက်၏။


* * * 


“ကျမလင်ကို အလှဆုံးထင်တယ် မောင်၊ ကိုမိုးကျရွှေကိုယ် ဆိုလောက်အောင် ယဉ်တယ် မောင်။ နန်းတော်ရှေ့ ... နန်းတော်ရှေ့ ပြောပါများရင်၊ မအေးမိ မောင်မောင်...”


"တွေးကြည့်ပါ၊ သူဌေးကြီးတွေ စပ်တာတောင် မိ​တော့ မယူဘူးမောင်၊ ကျမတော့ မယူဘူးမောင်၊ ရည်းစားတထောင်၊ ချစ်တဲ့သူကလွဲ ဖွဲ့နဲ့ ဆန်ကွဲမောင်၊ ချစ်ပါသမောင်၊ မောင်တဦးတည်းဘဲ၊ ချစ်ချစ်သမောင်၊ ယောင်ယောင် ပေါင် ပေါင် မစလာနဲ့၊ တွေးကြည့်ပါ၊ အေးမိ ကျမသဝန်ကြောင်၊ တိုက်ကြီးလဲ တည်မယ်မောင်၊ စိန်ဘီးလဲ ပန်ချင်သမောင်၊ အဲဒါ​တွေကို ကိုယ်​ယောကျ်ားမို့၊ ဒုက္ခများသမို့၊ အပူမရှာချင်ပေါင်၊ လူတို့ခင်မင်အောင်၊ သူတို့ ခင်မင်အောင်၊ ဖြစ်သ၍နေပြီမရှောင်၊ ရွှေကို မခင်၊ လူကိုခင်တယ်၊ ချစ်တဲ့လူကလွဲ၊ အကုန်လုံး ဖွဲနဲ့ဆန်ကွဲမောင်၊ ဘုရင်ခံ မလိုချင်ပေါင်.....” 


ထိုသီချင်းကို ရှေးအဆိုတော်ကြီး မအေးမိ ဆိုသွား၏။ မြမြစိန်တို့နှင့်ဆိုသော် တခေတ်လောက် ကွာနေမည်။ သို့သော် မြမြစိန်သည် ထိုသီချင်းကို တဆင့် ကြားဘူးကတည်းက အလွန်ကြိုက်သည်။ ကြိုက်၍လည်း သူ ခဏခဏဆိုသည်။ စကားလုံးများမှာတော့ လွဲချင်လွဲနေမည်။ အလိုက်ကတော့ မှန်ပေသည်။


ကိုသန်းချိန် (တိပ်-ရီကော်ဒါ) အသံဖမ်းစက် စ,ဝယ်သည့်နေ့က အသံသွင်းခွေများကို အစမ်းဖမ်းကြည့်မည် ဆိုသည်။ မြမြစိန်က သူ့အကြိုက်ဆုံးသီချင်း ဆိုကြည့်မည် ဆို၏။ သူ့ဇနီးသည်၏အသံကို ကိုသန်းချိန်သည် ဖမ်းယူထား သည်။ ထိုသီချင်းပါသောအသံသွင်းခွေကို အမှတ်တရ ကိုသန်းချိန်ကလည်း သိမ်းထားသည်။ ဘယ်လောက်များ ထိုသီချင်းကို ဖွင့်ကြသည်မသိ၊ ခုတော့ ဘမောင်ချိန်ရော၊ လှမောင်ချိန်၊ သူဇာချိန်ကအစ၊ အို.. စကားပြောစ မာလေးပင် မပီကလာ ပီကလာ ဆိုတတ်၍နေပေပြီ။


ဘမောင်ချိန်က ယနေ့လာလည်သော ကိုသန်းချိန်အမေ ဖွားဖွားကြီး ဒေါ်ဂျိုးဥကို သူ့တိပ်ခွေ ဖွင့်ပြ၏။ သူတို့ပါ ဝိုင်းဆိုသည်။ ယခင် ဒေါ်ဂျိုးဥ ခဏတဖြုတ် လာလည်စဉ်က ဤအသံဖမ်းတိပ်ခွေ မဝယ်ရသေးပေ။ အသံသွင်းထားသော တိပ်ခွေမှာ သီချင်းဆုံး၍ ရပ်သွား၏။ ကလေးများလိုက်ဆိုနေသောအသံလည်း ရပ်သွား၏။


“သားကြီး ဘမောင်ချိန် ပိတ်လိုက်တော့၊ ညီလေးတို့ ညီမလေးတို့ကို ခေါ်သွား၊ ထမင်းစား။ မင်းတို့စားပြီးတော့မှ ဖွားဖွား မာလေးတို့ကို ထမင်းကျွေးမယ်” 


​ဒေါ်ငြိမ်းမယ်သည် အသံသွင်းစက်ကို ရပ်ခိုင်းလိုက်၏။ ဘမောင်ချိန်သည် ကျွမ်းကျင်စွာပင် စက်ကိုပိတ်ကာ မီးဖိုထဲ ဝင်သွားသည်။ 


အသံသွင်းခွေမှ သီချင်းဖွင့်စဉ်က ကလေးများက စိတ်ဝင်စားစွာ နားထောင်ရင်း လိုက်၍ ဆိုနေကြသော်လည်း ဒေါ်ဂျိုးဥသည် သီချင်းသံကိုရော စာသားကိုရော စိတ်ပါပုံ မရပေ။ သူ့ရင်ထဲတွင် မကျေမနပ်သော ခံစားချက် မျက်နှာထားနှင့် အသံသွင်းစက်ကို ကြည့်နေ၏။ ပြီးတော့ ရေဒီယိုဆီ မျက်လုံးရောက်သွားပြန်သည်။ ရေဒီယိုနှင့် အသံသွင်းစက် နှစ်လုံးကြားရှိ စာအုပ်ဘီဒိုကြီးသို့ မျက်စိရောက်သွားပြန်သည်။ ဘီဒိုမှာ တံခါးများ မှန်တပ်ထား၍ အထဲမှစာအုပ်များကို မြင်နေရသည်။


ဒေါ်ဂျိုးဥသည် ရန်ကုန်လဲရောက်ခဲ၊ ရောက်ပြန်လည်း ဘယ်တော့မှ ကိုသန်းချိန်အိမ်မှာ မတည်း။ သူ့အကိုအကြီးဆုံး ဝတ်လုံတော်ရ ဦးကောင်းဇံ အိမ်မှာ တည်းသည်။ သားဖြစ်သူအိမ်တွင် အလွန်ဆုံး တညအိပ်သည်။

တခါတရံ ထမင်းတနပ်လောက်သာ စားရုံစား၍ ပြန်သွားတတ်သည်။


ယခုလည်း ကိစ္စတခုနှင့်လာစဉ် သားအိမ်တွင် တညလာအိပ်ခြင်းဖြစ်သည်။ ယခင် သူ တခေါက်လာစဉ်က မ​တွေ့​သော ဤအသံသွင်းစက်ကို မကျေမနပ်ဟန်ဖြင့် ကြည့်နေသည်။ စာအုပ်ဘီဒိုမှာတော့ ယခင်တခါ လာကတည်းက ​တွေ့ထား၍ သူ့စိတ်ထဲတွင် မထူးခြားလှပေ။ သို့သော် ဘုရားစင်အောက်တည့်တည့် ကျွန်းသားဘီဒို အသစ်စက်စက်တလုံးကို သိချင်စိတ်ဖြင့် ကြည့်သည်။ ဘီဒိုတံခါးကလည်း မှန်တပ်၍မထား၊ သစ်သားတံခါးဖြစ်၏။ အထဲမှာ ဘာများ ရှိနေသလဲဆိုသည်ကို သူသိချင်နေပေသည်။ 


“ဒေါ်ဂျိုးဥရော အခု ထမင်းနှင့်မလား...”


ဒေါ်ငြိမ်းမယ်သည် အတွေးတွင်နစ်နေသော ​ဒေါ်ဂျိုးဥကို လှမ်း၍မေးလိုက်၏။ ဒေါ်ငြိမ်းမယ် မေးသံကို ကြားမှ ဒေါ်ဂျိုးဥသည် သူ့အတွေးကို ရပ်လိုက်သည်။


“မစားသေးပါဘူး မငြိမ်းမယ်ရယ်၊ မောင်သန်းချိန်တို့ လာတဲ့အထိ စောင့်အုံးမယ်...”


“ဟုတ်ကဲ့... သိပ်များ နေမြင့်နေမလားလို့၊ ရန်ကုန်ကလေ တနင်္ဂနွေနေ့မှာဘဲ နေ့အားရတော့ ဆွမ်းကျွေးတို့၊ မင်္ဂလာဆောင်တို့၊ ကင်ပွန်းတပ်တို့ ဆိုတာ​တွေကို တနင်္ဂနွေနေ့မှ လုပ်တတ်ဘယ်။ ပေါင်းရေးသင်းရေးကလဲ ရှိသေးတော့ တနင်္ဂနွေနေ့ မအားရပြန်ဘူး။ တခါတလေများ မောင်သန်းချိန်တို့ တယောက်တပွဲစီ ခွဲသွားရတယ်။ တော်ရုံတန်ရုံ ရင်းနှီးရုံနဲ့တော့ သွားခဲပါတယ်။ ခုပွဲကတော့ မောင်သန်းချိန်တို့ သတင်းစာတိုက်က တိုက်အုပ်ရဲ့​မြေးဦး ကင်ပွန်းတပ်မို့ နှစ်ယောက်လုံး သွားတာ...” 


​ဒေါ်ငြိမ်းမယ်သည် ရန်ကုန်၏အားလပ်ချိန်ကို တစိတ်တ​ဒေသ ရှင်းပြနေ၏။ သို့သော် ဒေါ်ငြိမ်းမယ် ဘာတွေ​ပြော​ပြော ​ဒေါ်ဂျိုးဥက စိတ်မဝင်စား။ 


“ဒီမယ်.. မငြိမ်းမယ်၊ အဲဒီ ကြိုးခွေနဲ့ အသံသွင်းစက်က ဘာလုပ်ဝယ်ရပြန်တာလဲ။ ဒီသီချင်းတွေက ရေဒီယိုက ကြား​နေရတာပဲမဟုတ်လား...”


သူ သိလိုသော ကြားဖြတ်မေးခွန်းကိုသာ ဦးစားပေး၍ မေးလိုက်၏။ 


“ဘယ်လောက်ပေးရလဲ....”


နောက်ဆက်တွဲမေးခွန်းကိုပါ ထည့်လိုက်ပြန်သည်။ 


“အမျိုးအစားက အကောင်းစားဆိုတော့ အခုဈေး သုံး​ထောင်​ကျော်နေပြီထင်တယ်.....” 


“အမလေး သုံးထောင်​ကျော်...” 


အဖွားကြီးသည် ရင်မ,၍ မျက်လုံးပြူးကာ မေး၏။ 


“ဝယ်ရင်းဈေးက တထောင်​ကျော်ပါ...”


​ဒေါ်ငြိမ်းမယ်ကလည်း ကောက်ကာငင်ကာ ဝယ်ရင်းဈေးကို မြန်မြန် ပြောလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် ခမည်းခမက်တော်လာရပြီဖြစ်သော ဒေါ်ဂျိုးဥအကြောင်းကို သိတန်သ​လောက် သိပြီးဖြစ်သည်။


“တထောင်ကျော်ဆိုရော နဲလား မငြိမ်းမယ်ရယ်။ ရွှေ...​ရွှေ... ရွှေနှစ်ကျပ်သားဖိုးဘဲ....” 


“ဟုတ်ကဲ့..မောင်သန်းချိန်အတွက် လိုအပ်တဲ့ပစ္စည်း ဆိုတော့ သူတို့ရှာတဲ့ငွေနဲ့ သူတို့ဝယ်တာကို ကျမလဲ ကန့်ကွက်ဖို့ လိုတယ်မထင်တာနဲ့ ဘာမှဝင်မပြောပါဘူး...”


“မောင်သန်းချိန် ဟုတ်လား၊ မောင်သန်းချိန်လိုအပ်တဲ့ ပစ္စည်း...” 


အကယ်၍သာ ဤနေရာတွင် မောင်သန်းချိန် အမည်ကို ​ဒေါ်ငြိမ်းမယ်က စောစောစီးစီး မသုံးလိုက်လျှင် ဒေါ် ဂျိုးဥသည် ပထမဆုံး ​ဒေါ်ငြိမ်းမယ်ကို စွဲချက်တင်မည်။ မြေးများကို အလိုလိုက်လွန်းလို၍သာ ဤအသံသွင်းစက်ကို သမီးနှင့်သားမက်အား ဝယ်ခွင့်ပြုသည်။ တကယ်ဆိုလျှင် ဒေါ်ငြိမ်းမယ်သည် ဤအိမ်ထောင်၏ဦးစီးဖြစ်၍ ကန့်ကွက်ရမည်ဟု အစချီကာ ရန်မထောင်ရုံတမယ် လှည့်ပတ်သွယ်ဝိုက်၍ အပြစ်တင်ရန် မောင်းတင်ထားပြီးဖြစ်သည်။ ယခုတော့ သူ့သား မောင်သန်းချိန်အတွက် လိုအပ်သော ပစ္စည်းဆို၍ သူသည် ထွက်မည့်ဆဲဆဲ စကားလုံးများကို မျိုချလိုက်ရသည်။


“နေပါအုံး..အယ်ဒီတာတယောက်က အဲဒီ အသံသွင်းစက်နဲ့ ဘာလုပ်ရတာတုန်း..”


နောက်ထပ် ထပ်မံ၍ မေးခွန်းမေးလိုက်ပြန်သည်။ 


“ကျမ သိသလောက်တော့ မောင်သန်းချိန်ဟာ သူ အခု လုပ်နေတဲ့ မဂ္ဂဇင်းတိုက်တခုထဲမှာဘဲ တာဝန်ခံအယ်ဒီတာလုပ်နေတာ မဟုတ်ဘူးလေ။ တခြားမဂ္ဂဇင်းတွေ၊ သတင်းစာတွေမှာလဲ ကလောင်နာမည်နဲ့ သူ ဝတ္ထု ဆောင်းပါးတွေ ရေးနေတယ်။ စာရေးဆရာဆိုတာ ခက်သားလား၊ ညကြီးသန်းခေါင်ပေမင့် သူတို့ခေါင်းထဲ အတွေးတွေ ပေါ်လာရင် ထပြီး ရေးရသတဲ့။ အဲဒါ မရေးနိုင်တဲ့အခါ ပါးစပ်က​ပြော အသံသွင်းယူထားပြီး နောက်မှ လက်ရေးတိုနဲ့ လိုက်ယူတတ်ကြတယ်။ ရန်ကုန်မှာ ပိုက်ဆံရှိတဲ့ အယ်ဒီတာ၊ စာရေးဆရာတွေတော့ လက်နှိပ်စက် စာရေးမလေးတွေလဲ ခန့်ထားတယ်။ အသံသွင်းစက်လဲ ထားတာဘဲ...”


ဒေါ်ငြိမ်းမယ်သည် ခပ်အေးအေးပင် ဖြေ၏။


“အို..ကျမ သိသလောက်တော့ စာရေးဆရာတို့၊ အယ်ဒီတာတို့ ဆိုတာ ထမင်းနပ်မှန်အောင် စားရတယ်ကို မရှိပါဘူး.....” 


“ဟုတ်ကဲ့.. များသောအားဖြင့်တော့ ဆင်းရဲကြပါတယ်...”


“ဟင်း..” 


ဒေါသဖြင့် မကျေနပ်ချက်များကို နှာခေါင်းဖြင့် မှုတ်ထုတ်လိုက်သလို ဒေါ်ဂျိုးဥက လုပ်လိုက်၏။


“ဒီသူငယ်ကိုက ဆင်းရဲဇာတာပါတယ်။ စာရေးဆရာဆိုတာ ဘယ်တော့များ ချမ်းသာလို့လဲ။ ဆင်မြီးဆွဲက ကိုရာမြင့်ဟာ ​သေသာသွားရော တဲပုတ်နဲ့ နေသွားရတာ။ အခုလဲ မောင်သန်းချိန်ကို ဘီအေအောင်ကတည်းက ဝန်ထောက်စာမေးပွဲ ဝင်ပါဆို မဝင်ဘူး။ ဘီအယ်လ် ဆက်ပြီး နေရင်လဲ သူ့ဦးကြီး ဦးကောင်းဇံလို ဝတ်လုံမဖြစ်ပါလား။ ခုတော့ လုပ်ချင်လိုက်တဲ့ စာရေးဆရာ၊ လုပ်ချင်လိုက်တဲ့အယ်ဒီတာ...”


ဒေါ်ငြိမ်းမယ်သည် ဘာမျှဝင်မပြော။ သူ့သားကိစ္စ သူပြောနေခြင်းအတွက် တစုံတရာ ဝင်ရောက်စွက်ဖက်ပြောဘို့ လိုမည်မထင်ပေ။ သူ့သမီးမြမြစိန်က လူငယ်ချင်း ချစ်ကြ၍ ပေးစားပါဆိုသောကြောင့်၊ သူ ရန်ကုန်လိုက်လာ၍ သမီးဆန္ဒကို ဖြည့်ခဲ့ရသည်။ ထိုစဉ်ကတည်းက ဒေါ်ဂျိုးဥကို ခေတ္တဆုံခဲ့ရသော်လည်း စိတ်ဓာတ်ကို ရိပ်မိတန်သရွေ့ ရိပ်မိပြီးဖြစ်သည်။


ဒေါ်ဂျိုးဥသည် သားဖြစ်သူကို မလွန်ဆန်နိုင်လွန်း၍သာ ပေးစားရသည်။ မြမြစိန်လို မိန်းကလေးတယောက်နှင့် သူ့သားမှာ တူသည်တန်သည်မထင် ဟူသော မျက်နှာထားနှင့် ​ဒေါ်ဂျိုးဥသည် လက်ထပ်ပွဲကို လက်ထပ်ပွဲ ဆိုရုံလောက် ကျင်းပပေးခဲ့၏။ ဝတ်လုံတော်ရ ဦး​ကောင်းဇံကို အမှူးထား လက်မှတ်ထိုးယူကြသည်။ သမီးလေး၏လက်ထပ်ပွဲမှာ ဒါလောက်နှင့်ပင် ပြီးခဲ့သည်။


အမှန်တော့ သူ့တွင် တဦးတည်းသော သမီးမို့ တခန်းတနား သပ်သပ်ရပ်ရပ် ကျင်းပပေးနိုင်လောက်အောင် အခြေတော့ ရှိပါသည်။ မဟာမင်္ဂလာပွဲကြီးမျိုးကိုသာ လုပ်​မပေးနိုင်ပေ။ 


သို့သော် မြမြစိန်ကမူ

“မေမေ သမီးမင်္ဂလာပွဲအတွက် လုပ်ပေးမယ့်​ငွေကို မေမေ အိုချိန်မှာ အသုံးချဘို့ ထားပါ။ သမီးတို့ချင်း ချစ်လို့ယူတဲ့အတွက် မေမေ့ကို သမီး တာဝန်ထပ်ပေးဘို့ မလိုတော့ဘူး။ သမီးချစ်သူကို မကန့်ကွက်ဘဲ မေမေ လက်ထပ်ခွင့်ပြုတာဘဲ သမီးကျေးဇူးတင်လှပြီ” 


ဒါဘဲ သူ့ကိုပြော၏။


​ဒေါ်ငြိမ်းမယ်သည် သူ့သမီးနှင့် သူတော့ နားလည်မှုရှိပြီး ဖြစ်ပါသည်။ သို့သော် လက်ထပ်ပွဲတချိန်က ​ဒေါ်ဂျိုးဥမျက်နှာထား၊ ဟန်ပန်လေသံတို့ကိုတော့ နည်းနည်းခံပြင်းမိသည်။ ပုထုဇဉ်လူသားပေဘဲ။ 


သို့သော် လူငယ်များ၏အိမ်ထောင်ရေးမှာ အဓိကသည် ကိုသန်းချိန်သာဖြစ်၍ ဒေါ်ဂျိုးဥမဟုတ်သောကြောင့် ဒေါ် ငြိမ်းမယ်သည် တစုံတရာ မစွက်ဖက်ခဲ့ပေ။


“ဒေါက်...ဒေါက်...ဒေါက်...ဒေါက်.. ”


တံခါးခေါက်သံမှာ အမယ်ကြီးနှစ်ယောက် စကားပြောပွဲကို ရပ်သွားစေသည်။ ဒေါ်ငြိမ်းမယ်သည် အဝင်တံခါးမကြီးကို ဆွဲဖွင့်လိုက်၏။


“ဪ.. ​မော်လီပါလား၊ အထဲဝင်ထိုင်လေ....”


မော်လီသည် ဖျတ်လတ်သွက်လက်စွာပင် အိမ်ရှေ့ခန်းသို့ ဝင်လာ၏။ မော်လီ စဝင်လာကတည်းက ဖိနပ်ခုံမြင့်ကို အ၀င်ဝတွင် ချွတ်ထားပုံ၊ ခြေဖျားလေးထောက်ကာ အိပ်ရှေ့ခန်းသို့ ခပ်ရွရွ ခပ်ဖွဖွလေး လျှောက်လာခဲ့သောဟန်၊ ကြာရွက်လိပ်လို ဆံပင်ကို နောက်ဘက်တွင်လိပ်၍ ရှေ့ဆံများကိုမူ နဖူးပေါ် ခန်းဆီးချထားသလို ချထား​သော ထုံးဖွဲ့မှုများကို ​ဒေါ်ဂျိုးဥသည် စူးစူးစိုက်စိုက် ကြည့်နေပြန်၏။  ပြီးတော့ နှစ်ထပ်ဇာလက်တို အ၀ါနုနုအင်္ကျီ၊ ​ချောကလက်ရောင်ရင့်ရင့် ပါတိတ်လုံချည်ပါမကျန် အားလုံး သိမ်းကျုံးကြည့်လိုက်ပြန်သည်။ မော်လီသည် လှပစွာ ပြုံး၏။ အသံသာသာလေးနှင့် နှုတ်ဆက်လိုက်သည်။


“ကြီးကြီးဂျိုး၊ မော်လီ့ကို မမှတ်မိဘူးလား။ စူးစူးစိုက်စိုက် ကြည့်နေလိုက်တာ...."


​ဒေါ်ဂျိုးဥသည် စောစောက မျက်နှာထားကို ပြင်ကာ ပြုံးလိုက်၏။ 


“အောက်ခန်းက မသန်းဌေးသမီးမှုတ်လား...” 


“ဟုတ်ပါတယ် ကြီးကြီးဂျိုးရဲ့....”


“လှလာလို့ပါ။၊ ခုတလော ကြီးကြီးဂျိုးကလည်း အညာက မလာတာ တနှစ်နီးပါးရှိသွားပြီ၊ မော်လီက အသားလဲ ဖြူလာတာကိုး "


“ကြီးကြီးဂျိုးက မော်လီ့ကို ချီးကျူးနေပြန်ပြီ။ ဒါ​ကြောင့် မော်လီက ကြီးကြီးကို ထမင်းကျွေးမလို့ လာဖိတ်တာ။ ​မေ​မေက​လေ ညနေကျရင် မော်လီတို့အိမ်မှာ လာစားပါတဲ့။ ​မေ​မေကိုယ်တိုင်ချက်မှာပါ၊ မော်လီက​တော့ အသားယူရုံ လာာဖိတ်တာ။ ခု​တောင် မေမေက သူကိုယ်တိုင် လာမဖိတ်တာ စိတ်မရှိပါနဲ့ ခွင့်လွှတ်ပါတဲ့၊ ခုမနက်ပိုင်း မင်းကွန်းဓမ္မာရုံမှာ သူတို့ယောဂီတွေ အစည်းအဝေးရှိလို့တဲ့။ ညစာစားဖို့ ကြီးကြီးငြိမ်းလဲ လိုက်လာခဲ့ရမယ်နော်....”


လက်ညှိုးကလေးထောင်ကာ လှပစွာပြောနေသော ​မော်လီကို ​ဒေါ်ငြိမ်းမယ် ပြုံး၍ကြည့်နေရာမှ ခေါင်းကို ​ဖြေးညှင်းစွာ ခါလိုက်၏။ 


“မသန်းဌေးကို ပြောလိုက်ပါကွယ်၊ ကြီးကြီးငြိမ်းက ဧည့်သည်မဟုတ်ပါဘူး။ ညနေကျ စိန်စိန်ရယ် မိဘဆရာအသင်းအတွက်ဆိုလား စာကြည့်တိုက်အတွက်ဆိုလား အစည်းအဝေးရှိလို့ သွားရမယ်၊ အပြန်မိုးချုပ်လိမ့်မယ်။ ဒီခလေးတွေတအုပ်နဲ့ဟာ မလိုက်လာနိုင်ဘူး၊ ​ဒေါ်ဂျိုးဥဘဲ လွှတ်လိုက်မယ်....” 


“ကဲ.. မော်လီ သွားအုံးမယ်။ ကိုကို့ကားနဲ့ အတူလိုက်သွားရမှာမို့ ကြီးကြီးဂျိုးရယ်၊ မော်လီကို ခွင့်ပြုပါအုံး” 


“အေး...အေး...”


သွက်လက်စွာ ထသွားသော မော်လီ၏နောက်ပိုင်းအလှကို ဒေါ်ဂျိုးဥသည် စိုက်၍ကြည့်နေပြန်သည်။ ဒေါ်ငြိမ်းမယ်က တံခါးကိုဆွဲပိတ်ရင်း သော့ခလောက် ချိတ်လိုက်၏။


“မငြိမ်းမယ်၊ ဒီမော်လီဟာ အရင်က ဆင်ပုံပြင်ပုံ ခုလိုမဟုတ်ဘူးထင်တယ်...”


​ဒေါ်ဂျိုးဥသည် မော်လီ့ဟန်ပန်ကို တဒင်္ဂ အမြင်အတွင်း သူ့ထင်မြင်ချက်ကို ပေးလိုက်၏။


“ရန်ကုန်မှာတော့ ထူးလှတယ်မဟုတ်ပါဘူး ဒေါ်ဂျိုးဥရယ်၊ သူတို့က တပတ်တခါ ဆံပင်ပုံစံ၊ အဝတ်အစားပုံစံ ပြောင်းနေကြတာကလား” 


“အဲဒီ သူ အခုဝတ်လာတဲ့ ပခုံးကအင်္ကျီဆက်ပုံဟာ ကျမတို့ဆီမှာ သီလရှင်ဝတ်တဲ့ပုံစံပါ..”


"အစုံပါဘဲလေ၊ သူတို့ခေတ်နဲ့ သူတို့ကိုး။ ဆံပင်ဆိုလဲ တခါထုံးရင် ငါးကျပ်ကနေ လေးဆယ့်ငါးကျပ် ငါးဆယ်အထိ ထုံးခအမျိုးမျိုး ပေးရတယ်။ ဆံပင်အလှပြင်ဆိုင်တွေက ထုံးပေးတယ်....” 


“အမလေး ငါးကျပ်၊ ငါးကျပ်ဆို ကျမတို့ဆီမှာ တပတ် ဟင်းချက်စရာ ဝယ်နိုင်တယ်။ ဆံပင်ကို လေးဆယ့်ငါးကျပ် ငါးဆယ်ပေးထုံးတာကတော့ ဒီသူငယ်မတွေ စိတ်မှနှံ့​သေးရဲ့လား၊ ရူးနေပြီထင်တယ်....”


​ဒေါ်ငြိမ်းမယ်သည် ဘာမျှပြန်မ​ဖြေ၊ ရယ်နေ၏။ 


“ဒါနဲ့ မော်လီ့ရင်ပပ်က ဆွဲပြားကိုဝိုင်းထားတဲ့ကျောက်ဟာ စိန်အစစ်ဟုတ်ကဲ့လား”


ရုတ်တရက် မျက်စိလျင်လွန်းသော ခမည်းခမက်ဒေါ်ဂျိုးဥကို အံ့ဩဟန်ဖြင့် ​ဒေါ်ငြိမ်းမယ်သည် ကြည့်ရင်း “ဒါတော့ မသိဘူး​ဒေါ်​ဂျိုးဥ၊ ကျမ သတိမထားလိုက်မိဘူး”ဟုဖြေလိုက်၏။ 


“အင်း...ခုတော့ မော်လီ့ယောကျ်ားက ကားဝယ်နိုင်ပြီထင်တယ်၊ ဒီကမောင်သန်းချိန်မှာသာ ကားလဲမတွေရ ဘာလဲမတွေ့ရ၊ ကျမတခါလာလဲ ဒီပုံစံအတိုင်းဘဲ...”


ဒေါ်ငြိမ်းမယ်သည် ဘာမျှ ပြန်မဖြေဘဲ နေပြန်သည်။ ​ဒေါ်ဂျိုးဥ စိတ်ထဲတွင်တော့ သူ့ကို စကားနည်းနည်းတော့ ပြန်​ပြောစေချင်သည်။ ဒေါ်ငြိမ်းမယ် ငြိမ်သက်နေ၍ သူ့စကား ဆက်ပြောဘို့ ပိတ်နေသလို ဖြစ်နေသည်။


“ ခု​ခေတ် မိန်းကလေးမိဘရှင်တွေက လူလည်​တွေ၊ မောင်သန်းချိန်အောက် သားငယ်မောင်သန်းရှိန် မင်္ဂလာ​ဆောင်တုန်းကများ ဒေါ်ငြိမ်းမယ် လိုက်လာစေချင်တယ်..."


“ဟုတ်ကဲ့ ကျမလဲ လိုက်လာမလို့ဘဲ၊ စိန်စိန့်သား​တွေ ကျမခြံထဲ လိုက်လည်ချင်တယ်ဆိုလို့ နွေရာသီကျောင်းပိတ်ရက် အလည်ခေါ် သွားရတာ။ ဟိုမှာတော့ သူတို့လဲ ကျယ်ကျယ်ပြန့်ပြန့် ဆော့ကစားရတယ်..”


“အဲဒီ မင်္ဂလာဆောင်တုန်းက ကျမစိတ်ဆိုးလိုက်တာ၊ လူကြီးတယောက်အနေနဲ့ စကားမပျက်ချင်လို့သာ လုပ်လိုက်ရတယ်။ မောင်သန်းရှိန်ကလဲ လူအေး...၊ မေမေရယ် ရှက်စရာကြီးဆိုလို့ လက်ထပ်ပွဲပြီးအောင် လုပ်ပေးရတယ်။ မိန်းကလေးဘက်ကလုပ်ပုံက ဘယ်လောက်မခံချင်စရာကောင်းလဲဆို ကျမကတော့ ကျမသားကို ဆရာဝန်ဖြစ်အောင် ခုနှစ်နှစ် ခုနှစ်မိုး သင်ပေးလိုက်ရတယ်၊ သူတို့ရဲ့ သမီးကို စိန်တဆင်စာ တင်ပါမယ်ဆိုပြီး ကတိထားတယ်။ အဲဒါ တကယ့်မင်္ဂလာ​ဆောင်ကျ​တော့ အလယ်က လော့ကက်သီး မြကို ဝိုင်းထားတာကသာ စိန်အစစ်၊ ကြိုးပေါ်မှာစီထားတဲ့ စိန်က အတုတွေ။ သူတို့လေ ဂျိုးဥကို စိန်အကြောင်း နားမလည်ဘူးအောက်​မေ့​နေတာကလား။ ကျမကလေ မြင်တာနဲ့သိတော့ တခါထဲ ထပြန်မလို့၊ မောင်သန်းရှိန်က မေမေရယ် ရုပ်ပျက်လှပါတယ်ဆိုလွန်းလို့ မင်္ဂလာပွဲပြီးအောင် အောင့်​နေရတယ်။ မနက်စာ​တောင် ကျမ မစားခဲ့ဘူး....”


“ဟုတ်ကဲ့"


“ဒေါ်ငြိမ်းမယ်သည် ထင်မြင်ချက်ကိုလည်း မပြော၊ ဝေဖန်ချက်ကိုလည်းမပြောပေ။


“ခုတော့လေ ဆရာဝန်ကြီးကတော်၊ ဆရာဝန်ကြီးယောက္ခမတွေအနေနဲ့ စားသောက်နေလိုက်ကြတာ၊ ညိမ့်လို့ ....” 


“သူတို့ရော မြင်းခြံမှာဘဲလား....”


​ဒေါ်ငြိမ်းမယ်က တခြားစကားကို ကောက်၍ မေးလိုက်ပြန်သည်။


“ဆေးခန်းဖွင့်ပါဆိုတာလဲ မဖွင့်ဘူး။ မြင်းခြံမြို့ပေါ်မနေချင်ဘူးဆိုပြီး အညာတခွင် လျှောက်ပြောင်းနေလေရဲ့...."


“အစိုးရ အလုပ်ကိုး.....” 


“ဒီလိုရှိတယ်လေ မငြိမ်းမယ်ရယ်၊ မောင်သန်းရှိန်ယောက္ခမ​တွေကိုက ညံ့ပါတယ်။ မြင်းခြံမှာ ဆေးဆိုင်ဖွင့်ပေးလိုက်ရင် ငြိမ်းငြိမ်းအေးအေး နေရရက်သားနဲ့၊ ခုတော့ အစိုးရလခစား ဆိုတော့ သွားနေရတာပေါ့...”


"လူငယ်တွေဆိုတော့ တနေရာထဲ ငြိမ်ငြိမ်မနေချင်ဘူးထင်ပါရဲ.” 


“ဘာဟုတ်မလဲရှင်၊ မြင်းခြံမှာနေတော့ မင်းဘူးကနေ ကျမ ခဏခဏလာနေမှာကို သူ့မိန်းမက မကြိုက်ဘူး ထင်ပါတယ်။ ဒါကြောင့်ပြောရတယ်။ ငါ့မှာ ငါ့အထုပ်၊ ငါ့အထည်နဲ့ မင်းတို့ဆီ လာမလည်ဘူး။ မင်းအကို မောင်သန်းချိန်ဟာ အယ်ဒီတာဖြစ်ပေမင့် တလတရာ ငါ့ဆီ ​ငွေမှန်မှန် ပို့ရတယ်။ မင်းက ဆရာဝန်ဆိုတော့ နှစ်ကျပ်သားရှိတဲ့ ရွှေကြိုးတကုံး မှန်မှန် တနှစ်တကုံး ပို့ရမယ်လို့ ကျမ တခါထဲ သတ်မှတ်ထားတယ်"


​ဒေါ်ငြိမ်းမယ်ကလည်း နေနိုင်လွန်းစွတကား။ တကယ်ဆို ရွှေစီမံကိန်း၊ စိန်စီမံကိန်းများကို တလုံးတလေ ဝင်ပြောသင့်သည်။ ဒေါ်ငြိမ်းမယ်က ဘာမျှမပြောလေလေ၊ ဒေါ်ဂျိုးဥသည် ရပ်သွားရမည့်အစား အသဲယားသလို ဖြစ်သွားဟန် တူသည်။


“မှန်မှန်ပို့ရတယ်ရှင့် မှန်မှန်ပို့ရတယ်၊ မပို့ရင်တော့လား ဂျိုးဥက နယ်ခြားမကလို့ နိုင်ငံခြားရောက်နေနေ အတင်းလိုက်မှာပဲ။ လာမယ့်နှစ်အတွက်တော့ ပြောထားလိုက်တယ်လေ၊ ခုခေတ်မိန်းကလေးတွေဆွဲတဲ့ ယိုးဒယားရွှေဘတ်ကြိုးဆိုတာ​လေ နှစ်ကျပ်သားတကုံး ပို့ရမယ်လို့၊ သားတွေမွေးထားပြီး အဲဒီလိုမှမနိုင်ရင် ဘယ်ဖြစ်မလဲ....”


“ဟုတ်ကဲ့၊ ဒါနဲ့ ဒေါ်ဂျိုးဥ ဆာရောပေါ့၊ ထမင်းစားစို့လား..."


“အို.. ဆာသေးပါဘူး ဖြေးဖြေးဘဲစားမယ်။ ညကျရင် ကျမအတွက် ထည့်မချက်နဲ့နော်၊ မသန်းဌေးဆီ သွားစားရမှာ။ မသန်းဌေးကလဲ မင်းကွန်းကျောင်းတိုက်မှာ သွားသွား ဥပုသ်စောင့်တယ်ထင်တယ်.....” -


"ဟုတ်ကဲ့"


“နေပါအုံး၊ သူကရော စွန်းလွန်းလမ်းစဉ်လား၊ မိုးကုတ် ဝိပဿနာလား၊ သဲအင်းဂူလား၊ မဟာစည်လား၊ မိုးညှင်းလား ”


“ကျမလဲ သေသေချာချာ မမေးမိပါဘူး။ ကျမမှာ အိမ်တာဝန်ကြောင့် ၀ါးခယ်မရိပ်သာမှာ တရားထိုင်ပြီးကတည်းက တခါမှ ရိပ်သာနား မကပ်ခဲ့ရဘူး၊ သူတို့တတွေ ဗာဟီရနဲ့ ရှုပ်နေတာဘဲ။ ဘယ်လမ်းစဉ်ရယ်လို့ မဟုတ်ပါဘူး၊ နိဗ္ဗာန် ရောက်ကြောင်း တရားဆိုတာ ဝိပဿနာပါဘဲ။ နောက်ဆုံးတော့လဲ ဒီဝိပဿနာတရားကို အားထုတ်ရင် တမဂ် တဖိုလ် ဆိုတာကတော့ ရောက်ရစမြဲပေါ့၊ နောက်ဆုံး နိဗ္ဗာန်မှာ နိဂုံးချုပ်ဘဲ။ ကျမ မာလေးတို့ကို ထမင်းကျွေးအုံးမယ်....” 


ဒေါ်ငြိမ်းမယ်သည် စကားစ ဖြတ်ကာ ကလေးများကို ထမင်းကျွေးဘို့ မီးဖိုချောင်သို့ ဝင်သွားတော့သည်။


ကိုသန်းချိန်တို့ ပြန်လာမှ နံနက်စာကို ဒေါ်ဂျိုးဥက သူ့သားနှင့်အတူ စားတော့သည်။


အပိုင်း(၂)ဆက်ရန်

ခင်နှင်းယု


No comments:

Post a Comment