“ဟေ့- ဟေ့- ဘာလာလုပ်တာလဲ...သွား... နင်တို့မျက်နှာ ငါမကြည့်ချင်ဘူး”
“အို- ကိုကလည်း တော်”
“ဘာ ကိုကလည်း လဲ၊ မလိုချင်ဘူး လာမညာနဲ့”
ခင်မေနှင့် ဘဆွေမှာ မျက်စိမျက်နှာပျက်၍ ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ ရုတ်တရက် ဆိုတော့ ဇွတ်ထိုင်ရမလိုလို ပြန်ထွက်သွားရမလိုလို ယောင်ချာချာဖြစ်နေသည့်အချိန်တွင် ဘဆွေ၏မိခင် ဒေါ်သန်းမြမှာ လင်ကိုလည်း မပြောဝံ့၊ သားကိုလည်း သနား၊ ချွေးမ အသစ်စက်စက်ကလေးကိုလည်း မျက်နှာပူ၊ မနေတတ် မထိုင်တတ် အတော်ကြီး ကသိကအောက်ဖြစ်နေရလေသည်။
“ကဲပါလေ... ရောက်ခါမှတော့ မြန်မြန်ကန်တော့၊ မြန်မြန်ပြန်ကြ”
“အောင်မာ-မင်းကပါ ရေလာမြောင်းပေး လုပ်ပေးနေပြန်ပြီ၊ မညာနဲ့ မညာနဲ့ နင်တို့ဟာတွေ လမ်းမ ရောက်ကုန်မယ်၊ ငါ့ဘာမှတ်သလဲ”
ဦးထွန်းဦးက ဒေါ်သန်းမြကိုပါ မာန်ကာ ကုလားထိုင်ပေါ်မှ ဆတ်ခနဲထ,၍ ချာခနဲ အိမ်ထဲ ဝင်သွားသည်။ ကျန်ရစ်ခဲ့သော ဒေါ်သန်းမြမှာ အရှက်ပြေ ပြုံးပြရတော့မယောင်ယောင် ဘာပြော၍ ဘာလုပ်ရမည်မှ မသိ၊ ထို့ထက် ဆိုးတာက သူစိမ်းမိန်းကလေးဖြစ်သော ခင်မေ ရှိနေသည်။ ဘဆွေမှာတော့ ယောက်ျားကလေးလည်း ဖြစ်သည်။ သားအဖချင်းလည်း ဖြစ်၍ မထောင်းတာလှ။
“ကဲလေ- မေမေ့ကို ကန်တော့ပြီး ပြန်ပေါ့ သားရယ်”
ဒေါ်သန်းမြက သူတတ်နိုင်သမျှ အခွင့်အရေးကိုပဲ ပေးရရှာတော့သည်။ ဘဆွေကား သူ့ဇနီးကလေးကိုပင် သူပြန်၍ မျက်နှာပူသောကြောင့် ဘာစကားမှ မပြောတော့ဘဲ ဆောင့်ကြောင့်ထိုင်၍ ကန်တော့လိုက်သောအခါ ခင်မေကပါ အနားက ပုဆစ်ဒူးကျ ကန်တော့လိုက်ရလေ၏။ မျက်လုံးကလေးများတော့ ရှက်ငွေ့သန်းသော မျက်ရည်ကလေး တစမ်းစမ်းပင် ရှိသည်။
“သာဓု- သာဓု... ဘုန်းကြီးပါစေ၊ အသက်ရှည်ပါစေကွယ်၊ အန္တရာယ်မျိုး ကိုးဆယ့်ခြောက်ပါး ကင်းပါစေ၊ မင်းကလည်း မင်းပဲကိုး၊ တယ်မိုက်တာပဲ၊ ကဲ- ကဲ- ပြန်ကြ၊ မင့်အဖေ ထွက်လာလို့ ဒေါသကြီးနေဦးမယ်"
ဒေါ်သန်းမြက ဆုပေးရင်း အပြစ်တင်ကာ မြန်မြန်ပြန်ရန် နှင်လိုက်သေးသည်။
လူကြီးတွေ အမြင်ကတော့ ဘဆွေ အတော်မိုက်ပေသည်။ ဘဆွေမှာ သူဌေးသား ဖြစ်သည်။ သူဌေးသား ဆိုလျှင် သူဌေးသမီးနှင့် ညားမှ လူလိမ္မာ ဖြစ်ရမည်။ ယခုတော့ ဆင်းရဲသားကို ယူခြင်းကြောင့် အတော် မိုက်လုံးကြီးသည်။ ခင်မေမှာ လခစား သားသမီးသာ ဖြစ်သည်။ သူ့အဖေ စာရေးကြီး ကိုဘမုန်းမှာ လခကလေး နှစ်ရာကျော် ရသည်။ ခင်မေ့ထက်အကြီး မိန်းကလေး တစ်ယောက်၊ ခင်မေ့အောက် ကျောင်းသားလေး တစ်ယောက်နှင့် ခြစ်ခြစ်ကုတ်ကုတ် စားသုံးနေရရှာသည်။ ဘဆွေယောက္ခမ ကိုဘမုန်း လခလောက်မှာ ဦးထွန်းဦးက သူ့သားကို သူပေးသော မုန့်ဖိုးသာသာပင် ရှိသည်။ ထို့ကြောင့် ဒေါသမီး ဟုန်းဟုန်းတောက်ခဲ့ရသည်။
ဘဆွေ အမြင်ကတော့ ခင်မေမှာ ချောဂုဏ် လှဂုဏ် ရှိသည်။ လိမ္မာရေးခြား ရှိသည်။ ထို့ထက် ထူးချွန်တာ တစ်ခုက ခင်မေမှာ ကဗျာသမား၊ စာသမားကလေး ဖြစ်သည်။ ဘဆွေကိုယ်တိုင် ကဗျာသမား၊ စာသမား ဖြစ်သောကြောင့် ယုဝတီ၊ တိုင်းရင်းမေ၊ ရှုမဝတို့တွင် ဝတ္ထုကဗျာ ဆောင်းပါးများ ရေးသားနေသည့် ခင်မေကို တစ်နေ့တခြား လေးစားချစ်ခင်လာသောကြောင့် အရကုတ်ကတ် ပိုးပြီး သူ့မိဘ သဘောမတူဘဲ ရုံးမှာ လက်ထပ်၍ယူခဲ့ရသည်။
လောကထဲမှာ လူလုပ်ဖို့ကျတော့ စာသမားမှသာ ဒူပေနာပေ ခံနိုင်ရည်ရှိသည်။
တကယ့် အိမ်ထောင်ရေးကျတော့လည်း စာသမားအချင်းချင်းမှ ငြိမ်းချမ်းခြင်း ရနိုင်သည်။ စာသမား ဆိုသည်မှာ အခေါ်သာ လွယ်ကူသည်။ တကယ့်တကယ် ဆိုတော့ ငွေရှိမှ သူဌေးဟု အခေါ်ခံနိုင်သလို ဗဟုသုတ သဘာဝပညာတွေ ပြည့်စုံမှ စာသမား ဖြစ်လာနိုင်ကြသည်။ ဤလိုသာ အတူနှိုင်းရသော်လည်း မတူတာ အချက်တစ်ခု ရှိပါသေးသည်။ သူဌေးကမွေးလျှင် သူဌေးသား အခေါ်ခံခဲ့ရာက သူဌေးသေ၍ အမွေရလျှင် သူဌေးသားက သူဌေးတက်ဖြစ် နိုင်သလို စာရေးဆရာ စာပေသမား သားသမီးက စာရေးဆရာ တက်ဖြစ်ဖို့ ခဲယဉ်းကြသေးသည်။ သူများက ငွေပုံပေး၍ သူဌေးဟု အခေါ်ခံနိုင်စေကာမူ၊ ကံကောင်းထောက်မ၍ ထီပေါက်ကာ သူဌေးဖြစ်နိုင်စေကာမူ စာပေ ဗဟုသုတ ပညာရတနာတွေ ရဖို့က ကိုယ်ဆည်းပူးခဲ့မှ ကိုယ်ရနိုင်သည်။ ထိုသဘောတရားနှင့် ကျသောအခါ ခင်မေမှာ ငွေမရှိသော်လည်း ရတနာတွေ ရှိပါသည်။
“ကဲ...မကြီးရွှေစာ… အတော် နေသာထိုင်သာ ရှိသွားပလား”
ဘဆွေက သူ့အဖေ အိမ်ပေါ်မှ ဆင်းလျှင်ဆင်းခြင်း ဤစကားကို စ,လိုက်သည်။
“အို မောင်ကလည်း၊ မိဘဆိုတာ စိတ်ဆိုးတုန်း ဒီလိုပဲ ပြောမှာပေါ့၊ ဒါနာစရာလား”
ဘဆွေ၏စိတ်မှာ အတော်ပေါ့ပါးသွားမိသည်။ ခင်မေကို မရ-အရ ယူခဲ့ရခြင်းအတွက် ဤအချက်နှင့်ပင် ကျေနပ်သွားမိသည်။ တကယ့်တကယ် ဆိုလျှင် ယောက္ခမ ဂုဏ်ကြီးရှင်က ဝါကျွတ်၍ အကန်တော့လာသော မျက်နှာငယ် ချွေးမကို မောင်းချလိုက်ခြင်းသာ ဖြစ်သောကြောင့်...
"ကဲ…. ရှင့်အဖေ လုပ်ပုံ ကောင်းသေးရဲ့လား၊ သားချင်း သမီးချင်းမှ မစာဘူး၊ ရှက်စရာ ဘယ်လောက်ကောင်းသလဲ၊ ဒါ လူကြီးတဲ့လား၊ ကျုပ်ကတော့ တရိုတသေနဲ့ လာကန်တော့တာ၊ မျက်နှာနဲ့ အတန်သား အပြောခံရတာ ကောင်းသလား။ ဒါဟာ ကျုပ်မိဘမှာ ပိုက်ဆံမရှိလို့ အပြောခံရတာ၊ ရှင်နဲ့ညားလို့ ဒီလို အပြောခံရတာ၊ အထင်သေး အမြင်သေးနဲ့ နှင်အချခံရတာ၊ အမယ်လေး ကျုပ် ရှက်လှချည်ရဲ့” ဟု စကားတန်ထိုး၍ အမျိုးမျိုး ဆူပူစရာ ဖြစ်သည်။ ယခုတော့ မျက်ရည်ကလေး ဝဲလာသည်ကိုပင် လင်ကို အသိမပေး၊ ပုထုဇဉ်ပီပီ ရှက်ပေမယ့် အရှက်ကို အပြုံးနှင့်ဖုံး၍ စိတ်နှလုံး ဘာမှမထိခိုက်သလို ကာကွယ်ထားသည်။
“မဟုတ်ဘူး ခင်ရ... အဘိုးကြီးက ခွသမားကြီး၊ ဒါကြောင့် သူ့ကို လာညာတာပါလို့ ထင်လိမ့်မယ် ဆိုတာ ကိုယ် အပြောသား။ ခင်ကသာ ကိုယ့်ကို ဇွတ်ခေါ်လို့ လိုက်ခဲ့ရတာ”
“အို- ဒါမျိုး ဒီလိုဖြစ်မယ်လို့ ခင် တွေးပြီးသား၊ ဒါဟာ ဘာမှမဆန်းဘူး၊ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ။ သူပြောတာလည်း အမှန်သားပဲ၊ ခင်တို့ကလည်း သွားညာကြတာ မဟုတ်လား။ ခင်တို့တင် မဟုတ်ဘူး အားလုံး ညာကြတာပဲ။ ဒီအချိန်ဒီအခါ ဆိုတာ မိဘကို သားသမီးက ညာတယ်။ ယောက္ခမကို ချွေးမ သမက်တွေက ညာတယ်။ ဆရာကို တပည့်တွေက ညာတယ်။ အလုပ်ရှင်ကို အလုပ်သမားတွေက ညာတယ်။ အထက်အရာရှိကို အောက်အရာရှိတွေက ညာနေကြတဲ့ ပွဲတော်ကြီးပဲ။ ဘုန်းကြီးကိုတောင် ဒါယကာ ဒါယိကာမတွေက ညာကြလိမ့်ဦးမယ်။ ညာတယ့်လူက ညာတယ်ထား၊ ညာမှန်း သိရက်သားနဲ့ အညာခံချင်တဲ့ ပုဂ္ဂိုလ်ကလည်း အညာခံချင်ကြတာပဲ။ ဒီတော့ ညာရမှာက ခင်နဲ့မောင်နဲ့ တာဝန်၊ အညာခံရမှာက မောင့်မိဘ ခင့်မိဘတွေရဲ့ တာဝန်။ ဒီအခါမှာ သူတို့ ပြောချင်ပြော ကြိမ်းချင်ကြိမ်းနိုင်တာပဲ။ ခင်သာ မောင့်အဖေလောက် ပိုက်ဆံရှိပြီး မောင်သာ ခင့်သားကလေး ဖြစ်မယ်ဆိုလည်း ဒီလိုပဲ ကြိမ်းမှာပဲ၊ ပိုက်ဆံရှိတဲ့ သူဌေးသမီးနဲ့ ညားပြီး စတူဒီဘေကာ ကားကြီးနဲ့ လာကန်တော့ကြတာ ခံချင်ကြလိမ့်မယ်။ အခု ခင်တို့ လာတာက ဆိုက္ကားနဲ့ဆိုတော့ အကန်တော့ခံရတာ ဘယ်မှာ အရသာရှိမလဲ”
“ဒါဖြင့် ခင် စိတ်မဆိုးဘူးပေါ့လေ”
“အို... ဆိုးရင် ရူးတာပေါ့၊ ကိုယ့်တစ်သက်တာ ကိုယ့်လိုဘကိုသာ ကိုယ်ကြည့်တဲ့ မိန်းမစား ဖြစ်သွားမှာပေါ့၊ အခုလို အပြောခံရမှာကို ကြောက်ပြီး လာမကန်တော့ဘဲ နေစမ်းပါလား၊ ကွယ်ရာမှာ အခုထက် အပြောခံရဦးမယ်၊ ရစရာတောင် ရှိမှာ မဟုတ်ဘူး။ ဒါကြောင့် မောင့်ကို အတင်းပူဆာရတယ်”
“အင်း... ဟုတ်တော့ ဟုတ်တယ်၊ လာမကန်တော့ကြရင်တော့ မိမှန်းမသိ ဖမှန်းမသိ ဘာညာနဲ့ ပြောနေမှာပဲ။ အေးလေ ဖေဖေ ပြောလိုက်တာ ခင် အနာမယူဘူး ဆိုတာ ကြားရတာတော့ မောင် သိပ်ဝမ်းသာတာပဲ”
“မောင်ကတော့ ဝမ်းသာရမယ်လေ... တကယ်လို့ မောင့်အဖေကသာ ဒီလို ဆူဆူပူပူ မလုပ်ဘဲ ကျေကျေနပ်နပ် လက်ခံလိုက်စမ်း မောင် ဝမ်းသာမှာပဲ၊ ဒါပေမဲ့ ဒီလို ဝမ်းသာမှုမျိုးနဲ့တော့ ဝမ်းသာရမယ် မဟုတ်ဘူး မဟုတ်လား”
ဘဆွေက ခင်မေ့အား အဓိပ္ပာယ်ပါသော မျက်လုံးနှင့် ပြုံး၍ ကြည့်လိုက်မိသည်။
ခင်မေပြောတာ မှန်သည်။ ဖခင်ကြီးကသာ ဒီလို မလုပ်လိုက်လျှင် ခင်မေ၏အရည်အချင်းကို သိနိုင်တော့မည် မဟုတ်။ အခုသိရသော ခင်မေကား လောကဓံကို သိထားသည့် ခင်မေ၊ ကိုယ်ချင်းစာတတ်သော ခင်မေ၊ လင်ကို မြှောက်မပေးဘဲ ဒေါသကို ပြေနိုင်သော ခင်မေ၊ အကျိုးအကြောင်းနှင့် သည်းခံနိုင် သည်းခံတတ်သော ခင်မေ၏ သဘောကလေးတွေမှာ ချစ်စရာလေးတွေ မဟုတ်လော။ ချီးကျူးစရာကလေးတွေ ကျေနပ်စရာကလေးတွေ မဟုတ်လော။ ဘဆွေ၏ပီတိမှာ သူဌေးသမီး ပညာတတ် (ဤနေရာတွင် အင်္ဂလိပ်စာကို ပညာဟု ခေါ်သည်) တစ်ယောက်နှင့် လက်ထပ်မိခြင်းထက် သာလွန်မိသည်။
“ခင် ပြောတာ အမှန်ပဲ”
“ကဲ- ဒါဖြင့် ခင်က သွားပြီး ညာရအောင်လို့ ပြောတာ လွန်သလား”
“လွန်တော့ မလွန်ပါဘူး၊ ဒါပေမဲ့ နားထောင်ရတာ မကောင်းတာပေါ့”
“ဒါကတော့ မှန်လွန်းရင် နားဝင်ချိုချင်မှ ချိုမှာပေါ့။ ဟော-အခုလည်း ကြည့်စမ်း၊ လူတွေဟာ ကိုယ့်ကိုယ်ကို ညာပြီး ပိုက်ဆံဖြုန်းနေကြတာ၊ မီးပုံးတွေ အပြိုင်ထွန်းနေကြတာလေ။ သူတို့ကို မေးရင် သင်္ကဿနဂိုရ်ပြည်ကို နတ်ပြည်က ဆင်းလာမယ့် ဘုရားကိုယ်တော်မြတ်ကို ကြိုဆိုတာကို လွှဲချမှာပဲ။ အဲဒါမေးမှ သတိရပြီး ဖြေကြတာ။ အစဉ်အလာကတော့ ဂုဏ်တုဂုဏ်ပြိုင် လုပ်တာကလည်း အများကြီးပဲ၊ ကိုယ့်ကုန်ပစ္စည်းကို မီးနဲ့ ကြော်ငြာပြီး စီးပွားရှာကြတာတွေလဲ အပုံပဲ။ အပျော်အပါး မီးတွေထွန်းပြီး အပျော်အပါး လိုက်ကြည့်ကြရတာလည်း တမောတပန်းပဲ။ ဒီအခါမှာ ကိုယ့်ကိုညာဖို့ ပိုလာကြတာတွေက သီတင်းကျွတ်ပွဲတော်မီ ဆိုပြီး သုံးရမယ့်ငွေ၊ ဝယ်ရမယ့် အဝတ်အစား၊ လုပ်ရမယ့် စိန်ရွှေ ရတနာ၊ ဒါတွေဟာ ဘာသာရေး အရေခြုံပြီး အလဟဿ ကုန်ကြတာ မဟုတ်လား”
“အိုကွာ- ခင်ကလည်း ဒါတော့ လက်ဝဲဆန်လှတယ်”
“လက်ဝဲဆန်တာ မဟုတ်ဘူးလေ..လက်ယာ ဆန်လွန်းလို့ ပြောတာ။ လက်ဝဲ ဆိုတာက ဘာသာကို လုံးလုံး ပစ်ပယ်ကြတာဆို မဟုတ်လား။ ခင်ပြောတာက ဘာသာကို မပစ်ပယ်ဘူး၊ လေးစားစရာ အစစ်အမှန်ကို အပျော်အပါး ဂုဏ်တုဂုဏ်ပြိုင်စိတ်တွေက ဖုံးလွှမ်းနေတတ်ကြတာကို ပြောတာ။ ဥပမာ- ဘုရားကိုးဆူ ကျွေးတာကအစ ဘုရားကိုးဆူဆရာနဲ့ ဘုရားတွေကို ပစ်ထားပြီး လှူပါတယ်ဆိုတဲ့ ပုဂ္ဂိုလ်က အသိအကျွမ်း မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဘုရားကို ဘုဉ်းမပေးရသေးခင် တဝုန်းဝုန်း ဧည့်ခံ ကျွေးမွေး နေတတ်ကြတာ တီးပါတီ၊ ဒင်းနားပါတီ၊ အက်တဟုမ်းပါတီနဲ့ မတူဘူးလား၊ ဘုရားအတွက် စေတနာ အာရုံထားမိတာနဲ့ ဒီလို အပသံဝစ္စတွေ စိတ်ထဲ ဝင်လာတာနဲ့ ဘယ်သင်းက များသလဲ။ ဒီအထဲမှာ အခုပြောနေတဲ့ ခင်လည်း ပါပါသွားမိတာပဲ။ ဒါကြောင့် မောင့်အဖေကြီးကို သွားညာကြရအာင်လို့ ပြောတာပေါ့”
“အင်း- နို့ ခင့်အဖေကြီးဆီကိုကော သွားညာကြဦးစို့လား”
“ညာကြဦးစို့ပေါ့၊ တစ်နှစ်မှတစ်ခါ ညာရတာ”
အတိုင်အဖောက် ညီကြသော လင်မယားအသစ်ကလေးသည် ရှေ့သွားနောက်လိုက် ညီညွတ်စွာ အညာသွားကြပြန်လေသတည်း။
No comments:
Post a Comment