Sunday, July 10, 2022

ကွက်လပ်ကလေးဖြည့်ပေးပါ (အပိုင်း - ၁)

 


"စူးမာရေ"


"အင်း” 


"ငါ တွေးမိတယ်” 


“အင်း” 


“နင့်အသက် ဆယ်နှစ်နော်” 


"အင်း"


“ငါ့အသက်ကျတော့ ဆယ့်သုံး” 


“အင်း” 


"မမကြီးနဲ့ ငါနဲ့ ငါးနှစ်တောင်ကွာတယ်” 


"အင်း”


“တာတီးလေးနဲ့ နင်ကလဲ ခြောက်နှစ်တောင်ကွာတယ်နော်”


"အင်း” 


“ဒို့နှစ်ယောက်ကျတော့ မေမေက ကပ်ပြီးမွေးထားတယ်” 


"အင်း “


"ဘာဖြစ်လို့လဲ မသိဘူးနော်”


“မမကြီးကိုမွေးပြီးတော့ ဖေဖေ နိုင်ငံခြားမှာ ပညာသွားသင်တာ အကြာကြီးတဲ့၊ စူးမာကို မွေးပြီးတော့လဲ မေမေ နေမကောင်းလို့ ခလေး မယူချင်ပြန်ဘူးတဲ့ ကိုတူးရဲ့။ အကြာကြီးနေမှ ခလေး ယူတာတဲ့၊ မမကြီးက ပြောဖူးတယ်”


ကိုတူးသည် မျက်မှောင်ကြုတ်ရင်း လဝန်းဝါဝါကို အ​ငေးသားကြည့်နေလေသည်။ ရွှန်းမြမြလရောင်ကြောင့် ကိုတူး၏အသားများသည် ဝင်းဝါနေသည်။ နှုတ်ခမ်းဖျားရှိ မှဲ့လေးကိုမူ ခပ်ရိပ်ရိပ်တွေ့ ရသည်။ ထိုမှဲ့လေးပါသောကြောင့်များ ကိုတူးတစ်ယောက် တွေ့ကရာတွေးပြီး တွေ့ကရာပြောတတ်နေသလားဟု စူးမာ မရေမရာလေး စဉ်းစားနေမိလေသည်။ 


ကိုတူးနှင့်စူးမာသည် အသက်တစ်နှစ်သာကွာသော်လည်း တစ်ခါတစ်ရံ စူးမာမတွေးမိသည်များကို ကိုတူးသည် နက်နက်နဲနဲ စဉ်းစားပြီး အတွေးနယ်ချဲ့ လေ့ရှိလေသည်။ စူးမာကမူ ပျော်ပျော်နေပြီး ပေါ့ပေါ့လေးပင် တွေးတတ်သည်။ သကြားလုံးစားသည်ကအစ စူးမာနှင့် ကိုတူး မတူချေ။


သင်းပျံ့ပျံ့ လိမ္မော်နံ့ မွှေးပြီး ချိုမြနေသော သကြားလုံးကို စူးမာရလျှင် ဖျတ်ခနဲ ပါးစပ်ထဲထည့်ကာ ဇိမ်ဆွဲစုပ်ရင်း အရသာခံနေလိုက်မည်သာဖြစ်သည်။ ကိုတူးကမူ သကြားလုံးကို မည်သည့်ဝတ္ထုပစ္စည်းနှင့်လုပ်သနည်း၊ လိမ္မော်နံ့ ဘာကြောင့်မွှေးသနည်း၊ လုံးတူရွယ်တူ ညီညီညာညာလေးဖြစ်အောင် လုပ်နိုင်သော စက်မျိုးကား မည်သည့်စက်မျိုးနည်းဟူ၍ ရှေးသရောအခါကစပြီး ဗာရာဏသီချဲ့ကာ တွေးလေ့ရှိသည်။ ထို့ကြောင့်လည်း သူ့ထက်အရင် စားစရာကုန်သွားသော စူးမာကို သူ့ဝေစုထဲမှ တစ်ဝက်ခွဲပေးရလေ့ရှိလေသည်။ 


တကယ့်တကယ်တော့လည်း ကိုတူးပြောသည်မှာ ဟုတ်ပေသည်။ မေမေ့အနေနှင့် သားသမီးလေးယောက်ကို အသက်ချင်းခြားကာ မွေးထားခဲ့သည်ကတော့ သိပ်မကောင်းပေ။ မမကြီးနှင့်စူးမာသည် ညီအစ်မဖြစ်သော်လည်း သိပ်တွဲလို့ မရချေ။ မမကြီးစိတ်ဝင်စားသော ရွှေဘိုသနပ်ခါးနှင့်မဉ္ဇူနံပါတ်ငါး၊ ရက်ဗလွန်နှုတ်ခမ်းဆိုးဆေး စသည်များကို စူးမာ စိတ်မဝင်စားသေးချေ။ စူးမာ နှစ်သက်သော သားရေကွင်း၊ ဂေါ်လီလုံး ရောင်စုံလေးများနှင့် အိုးခွက်ပန်းကန် သေးသေးလေးများကိုလည်း မမကြီး လုံးဝ လှည်မကြည်တော့ချေ။


ကိုတူးနှင့်တာတီးလေးကျပြန်တော့လည်း အသက်ထက်ဝက် ကွာသည်။ သူတို့နှစ်ဦးသည် မမကြီးနှင့်စူးမာလောက် စိတ်ဝင်စားမှုချင်း မခြားနားကြချေ။ တွဲ၍ဖြစ်သေးသည်ဟု ဆိုရမည်။ ကိုတူးနှစ်သက်သော သားရေကွင်း၊ လောက်လေးဂွ၊ သေနတ်၊ ဖန်ဂေါ်လီ စသည်များကို တာတီးလေးလည်း နှစ်သက်သည်သာဖြစ်၏။ ထို့ကြောင့် အကုန်ယူဆော့လေသည်။ ထို့နောက် ဖျောက်ပစ်သည်။ ကိုတူးသစ်ပင်တက်လျှင်လည်း တာတီးလေးတက်ချင်သည်။ ကိုတူး ငါးမျှားလျှင်လည်း တာတီးလေး လိုက်ချင်သည်။ သူ့အရွယ် ငယ်ငယ်မို့ ကိုတူးလုပ်သမျှ ရှုပ်နေသည်။ တာတီးလေး ကိုတူးနောက်တကောက်ကောက်လိုက်ပြီး ပွန်းပဲ့ပြန်ပါကလည်း မေမေသည် သားထွေးကို ပျာပျာသလဲ ပွေ့ ပိုက်ကာကိုတူးကို ဆူတတ်သည်။ ကိုတူး မကြာခဏ အဆူခံရသဖြင့် ညီအစ်ကိုချင်းပင်ဖြစ်သော်လည်း ဖိုးတာတီးလေးနှင့်ကိုတူး သိပ်ပြီးမတွဲနိုင်ချေ။


စူးမာနှင့်ကိုတူးကျတော့ တွဲဖက်ညီသည်။ ကိုတူး သားရေကွင်းပစ်လျှင် စူးမာလည်းပစ်သည်။ ကိုတူး သစ်ပင်တက်လျှင် စူးမာလည်းတက်သည်။ တစ်ခါတစ်ရံ စူးမာက မိန်းကလေးဆန်ဆန် ရောင်းတမ်းဝယ်တမ်းကစားချင်လျှင်လည်း ကိုတူးက ဈေးဝယ်သူလုပ်သည်။ မီးနှင့်ချက်ပြုတ်တမ်းကစားချင်ပါကလည်း ခြံစပ်က မန်ကျည်းပင်ကြီးအောက်တွင် နှစ်ဦးသဘောတူ မီးမွှေးပြီး ဒန်အိုးသေးသေးလေးများနှင့် ချက်ကြသည်။ ထိုကြောင့် မိန်းကလေးနှင့်ယောက်ျားလေးပင်ဖြစ်သော်လည်း စူးမာတို့မောင်နှမနှစ်ဦး တတွဲတွဲနှင့် ခွဲမရချေ။ ဒီလိုဆိုပြန်တော့လည်း စူးမာတို့နှစ်ဦးကို အတူတူကစား၍ရအောင် ဆက်တိုက်မွေးပေးထားသော မေမေ့ကိုပင် ကျေးဇူးတင်ရမည် ထင်သည်။


“တော်သေးတာပေါ့ ကိုတူးရယ်၊ စူးမာတို့နှစ်ယောက်ကို မေမေက ဆက်တိုက်မွေးပေးထားလို့ တူတူကစားလို့ ရတာပေါ့၊ စူးမာကိုသာ တာတီးလေးနဲ့ကပ်မွေးထားရင် ကိုတူး ဘယ်သူနဲ့ကစားမလဲ၊ ကိုတူးကိုသာ မမကြီးနဲ့ကပ်မွေးထားပြန်ရင်လဲ စူးမာ ဘယ်သူနဲ့ကစားရမလဲ”


စူးမာက လူကြီးလေးသဖွယ် ဖျောင်းဖျောင်းဖျဖျ ပြောလိုက်သည်။ ကိုတူးသည် ဘာမှ ပြန်မပြောဘဲ ငြိမ်နေလေသည်။ လေပြည်အေးသည် ညမွှေးပန်းရနံ့ကို သယ်ဆောင်ကာ အပြေးလေးဖြတ်သန်းသွားသည်။ လသာသောညများတွင် စာကြည့်စားပွဲကိုသပိတ်မှောက်ကာ လရောင်ထဲ ဆင်းလာလေ့ရှိသည်ကား စူးမာတို့နှစ်ဦးလုံးအကျင့်ပင်ဖြစ်သည်။ ထို့ကြောင့်လည်း မကြာခဏ အဆူခံကြရသည်။ သို့သော်လည်း လရောင်လဲ့လဲ့သည် မြက်ခင်းပေါ်သို့ ဖြာဝေကျလာသောအခါများတွင် သူတို့နှစ်ဦးလုံး တိတ်တဆိတ်ဆင်းလာမိကြသည်သာဖြစ်၏။


"မမကြီး စာကျက်နေတယ်၊ ဒို့နှစ်ယောက်ပျောက်နေတာ သတိမထားမိသေးဘူး”


ကိုတူးက ခပ်တိုးတိုးပြောသည်။ အပေါ်ထပ်ရှိ စူးမာတို့အခန်းတွင် မီးလင်းနေသည်။ မီးရောင်တွင်လှုပ်ရှားနေသော မမကြီး၏အရိပ်ကိုလည်း တွေ့ ရသည်။ မီးရောင်နှင့် အနီးအဝေးကိုလိုက်ပြီး သွယ်နွဲ့သော မမကြီး၏ကိုယ်ဟန်သည် ကြီးလာလိုက်၊ ငယ်သွားလိုက်၊ ရှည်လာလိုက်နှင့် အမျိုးမျိုးပြောင်းလဲနေလေသည်။ မမကြီးသည် ထိုင်ရသည်ကို ညောင်းသဖြင့် လမ်းလျှောက်ရင်း စာကျက်နေပြန်ပြီထင်ရ၏။ မမကြီးစာကျက်သလောက် စူးမာနှင့်ကိုတူးတို့သည်ကား စာကျက်ပျင်းကြသည်ဟု မေမေက မကြာခဏပြောသည်။ တကယ့်တကယ်ဆိုလျှင် ခြောက်တန်းကျောင်းသူ စူးမာနှင့် ခုနှစ်တန်းကျောင်းသား ကိုတူးတို့သည် ဆေးကျောင်းသူမမကြီးလောက် စာကျက်ဖို့ မလိုသည်ကို မေမေတို့ မေ့နေသည်ထင်သည်။ 


ကိုတူးသည် စိမ်းမြသောမြက်ခင်းပြင်ပေါ်သို့ ပက်လက်လှန် လှဲချလိုက်သည်။ ပုစဉ်းရင်ကွဲလေးများ၏အသံသည် နားဝတွင်လာပြီး ကပ်အော်နေသလို တစီစီ ညံနေသည်။ ပုစဉ်းလေးများနှင့်အတူ အပြိုင်အော်နေသူကား တာတီးလေးဖြစ်သည်။ အိပ်ရာဝင်ခါနီး နို့မသောက်ချင်သော တာတီးလေးသည် ဒေါ်ကြီးသက်ကို ဆန္ဒပြနေပြန်ချေပြီ ထင်သည်။


“တာတီးလေးကလဲကွာ နွားနို့သောက်ရင် ဘယ်တော့မှ အေးအေး မသောက်ဘူး။ အမြဲဆူတာပဲ၊ စူးမာတို့လို မဆူတဲ့သူကျတော့လဲ မေမေက နွားနို့မတိုက်ဘူး”


“နွားနို့က ဈေးကြီးတယ်ဟ"


"အေးလေ၊ သူက အငယ်ကိုး"


စူးမာသည် လေပျော့လေးနှင့် ပြောလိုက်လေသည်။ တာတီးလေးကို နေရာတကာ ညှာရမည်၊ ကြင်နာရမည်ဟူသောအသိက စူးမာရင်ထဲတွင် စွဲနေသည်။ ချိုမြရွှင်ပြုံးသော တာတီးလေး၏မျက်နှာကိုမြင်လျှင် စူးမာရော ကိုတူးပါ စိတ်နှလုံးပျော့ပျောင်းသွားမြဲဖြစ်သည်။ တာတီးလေး လက်ညှိုးထိုးသမျှ သူတို့ပိုင်ပစ္စည်းလေးများကို ရက်ရက်ရောရော ပေးကမ်းမြဲဖြစ်ကြလေသည်။


“ငါ ဒီနေ့ည ဒီမြက်ခင်းပေါ်မှာပဲ အိပ်ချင်လိုက်တာဟာ၊ ဇိမ်ပဲ၊ ကြည့်စမ်း စူးမာ၊ ကောင်းကင်ကြီးက အကျယ်ကြီး၊ ကြယ်တွေကလဲ ပြန့်လို့၊ လရောင်ကလဲ အေးတယ်၊ ဟာ ... ဘာပန်းနံ့လေးလဲမသိဘူး၊ ပန်းနံ့ရော မမွှေးဘူးလား”


“ညမွှေးပန်းနံ့ပါ ကိုတူးရာ၊ ဒါပေမဲ့ ဒီမှာအိပ်ရင် မေမေဆူမှာပေါ့”


“မေမေဆူမှာက နောက်၊ မိုးမိမှာက အရင်၊ ညကျရင် မိုးရွာလိမ့်မယ် ငါသိတယ်” 


“အာ ဒီလောက်လသာတာ”


"လောင်းမလား စူးမာ၊ လေထဲမှာ ရေငွေ့ပါတယ်၊ အေးအေးစိမ့်စိမ့်လေး၊ အဲဒီလိုအေးပုံမျိုးက မိုးရွာခါနီးအေးတာ” 


"မရွာရင်” 


"အို မိုးမရွာရင် နင် ငါ့ဆီက ကြိုက်တဲ့ကာတွန်းစာအုပ်ယူလေ” 


“တကယ်နော်”


"အေး... ရွာရင်ကော” 


“ရွာရင်လား” 


“နင့်ဆီက ကားချပ် ဆက်ကစားတာလေး ပေးရမယ်”


" အင်း ပေးချင်ပါဘူး"


“ဒီလိုဆို မလောင်းနဲ့လေ” 


စူးမာသည် ကောင်းကင်ကိုမော့ကြည့်ရင်း ပြုံးနေမိသည်။ ကိုတူးဆီမှ ကာတွန်းစာအုပ်များကို လိုချင်သော်လည်း ကားချပ်ဆက်ပြီး ရုပ်လုံးဖော်ကစားသော သူ့ပစ္စည်းကိုမူ နှမျောနေသည်။


“မိုးမရွာရင် လောင်းတယ်လေ၊ ရွာရင်မလောင်းဘူး” 


"တယ်သိတတ်တယ် ခွေးစူးမာ” 


ကိုတူးသည် သူ့လက်ထဲမှ ကျောက်စရစ်ခဲလေးနှင့် စူးမာကို လှမ်းပေါက်လိုက်သည်။ စူးမာသည် ခေါင်းငုံ့၍ရှောင်လိုက်ရင်း ဟက်ဟက်ပက်ပက် ရယ်နေမိသည်။ 


“ရှူးတိုးတိုး ဖေဖေထွက်လာတယ်”


ကိုတူးက လှမ်းပြောသည်။ လသာဆောင်သို့ထွက်လာသော ​ဖေဖေ့သဏ္ဍာန်ကို တွေ့ရသည်။ လက်ရမ်းတွင်လက်ထောက်ပြီး ခြံထဲသို့ မျှော်ကြည့်သည်။ စူးမာနှင့်ကိုတူးသည် စကားပြောရပ်ပြီး ငြိမ်နေလိုက်ကြသည်။ စာကြည့်စားပွဲမှလစ်ပြေးသွားသော သူတို့နှစ်ဦးကို လိုက်ရှာလေရော့သလားဟူသော အတွေးလေးနှင့် ရင်ခုန်နေသည်။ ဖေဖေ့အော်ခေါ်သံကို နားစွင့်နေမိကြသည်။ နိုင်ငံခြားပြန်ဆရာဝန်ကြီးတစ်ဦးဖြစ်၍ ဆေးရုံနှင့်ဆေးတိုက်တို့တွင်သာအချိန်ကုန်ပြီး အလုပ်ထဲတွင် နစ်မြုပ်နေလေ့ရှိသည်။ ယနေ့ အလုပ်ပါးသဖြင့် စောစောပြန်လာသောကြောင့်သာ စိတ်အေးလက်အေးနှင့် လသာဆောင်သို့ ထွက်လာနိုင်ခြင်းဖြစ်သည်။


“ဒို့တွေ စာမကျက်တာ ဆူမလို့လား မသိဘူး” 


"အိုကွာ အခုမှ ကျောင်းဖွင့်စလေးရယ်၊ ဘာစာမှ ကျက်စရာမရှိသေးပါဘူး”


စူးမာက ဖြေသိမ့်သလိုပြောသည်။ နောက်ကွယ်တွင် မေမေ့ကို တွေ့ရသည်။ တာတီးလေးသည်လည်း မေမေ့ထမီစကို ဆွဲပြီး လိုက်လာလေသည်။ သူတို့သုံးဦးဆီမှ ရယ်သံလွင်လွင်လေးသည် လွင့်ပျံ့လာလေသည်။ ရွှေလတွင်ယုန်ဝပ်ပြီး လပြည်ဝန်းကို လက်ညှိုးညွှန်ပြနေလေသည်။ ရွှေလတွင်ယုန်ဝပ်ပြီး ဆန်ဖွပ်သည်အဖိုးအိုအကြောင်းကို သီကုံးပြောပြနေသည်ထင်ရ၏။ စူးမာသည် သက်ပြင်းလေး ဟင်းခနဲချလိုက်ရင်း ထိုင်ရာမှ ထလိုက်သည်။ ဖေဖေသည် သူတို့နှစ်ဦးကို သတိထားမိပုံပင်မပေါ်ချေ။ ဖေဖေ့ခေါ်သံကိုလည်း ကြားရမည်မထင်တော့။


“ကိုတူးရယ် လာကွာ၊ အိမ်ထဲဝင်ကြပါစို့၊ ပုံသွားနားထောင်ရအောင်”


ကိုတူးသည် အိပ်နေရာမှ ဖြုန်းခနဲ ထလိုက်သည်။ လေတိုက်ထဲတွင် တော်ကြာအောင် နေခဲ့ကြသဖြင့် အကြောအချင်များ တောင့်တင်းနေသည်။ ကိုတူးသည် ကျင်နေသောခြေသလုံးကို ပွတ်သပ်နေစဉ် စူးမာသည် နေရာမှ အပြေးထွက်ခဲ့သည်။ ကိုတူးကိုစောင့်နေလျှင် ဖေဖေ့ပုံကို မှီတော့မည်မထင်။ အပေါ်ထပ်မှဆင်းလာသော ဒေါ်ကြီးသက်ကိုပင် ဝရုန်းသုန်းကား ဝင်ပြီးတိုက်မိသေးသည်။ မြည်တွန်တောက်တီးကျန်ခဲ့သောအသံကိုပင် ဂရုမပြုအား၊ ထစ်ကျော်နင်းပြီး ခုန်တက်ခဲ့လေသည်။


"အဲဒါနဲ့ သိကြားမင်းကြီးကလဲ ယုန်ကလေးရဲ့ သီလနဲ့စေတနာ၊ သဒ္ဓါတရားကို နောင်လာနောက်သားတွေသိအောင်ဆိုပြီး လထဲမှာရှိတဲ့ တောတွေ၊ တောင်တွေကို အဝေးကနေကြည့်ရင် ယုန်ရုပ်သဏ္ဍာန်လေးပေါ်နေအောင် ဖန်တီးခဲ့တယ်တဲ့၊ ကဲ ပြီးရော"


"ဟင်"


စူးမာ မောသွားသည်။ စူမာ အမီပြေးလာခဲ့သော်လည်း ဖေဖေ့ပုံပြင်သည် အဆုံးသတ်သွားပေပြီ။ မေမေ့ခြေရင်း သမံတလင်းပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ချလိုက်ပြီး အသက်ပြင်းပြင်းရှုနေမိလေသည်။


"ကြည့်စမ်း၊ အလတ်နှစ်ကောင် စာမကျက်ဘဲ ဘယ်ပျောက်နေကြလဲ၊ ဪ စူးမာရယ် သံမံတလင်းပေါ်မှာ ဒီလိုပဲထိုင်ချရသလား”


မေမေက ဆီးပြောသည်။ စူးမာသည် မေမေ့ခြေသလုံးကို မှီထိုင်ရင်း မေမေ့ပေါင်ပေါ် တွင် မျက်နှာအပ်ထားလိုက်သည်။ ကိုတူးသည် စူးမာ၏ဘေးတွင်ပင် ကပ်ထိုင်ချလိုက်ပြီး သူ့လက်ထဲမှ ညမွှေးပန်းခက်ကလေးကို မေမေ့အားလှမ်းပေးလိုက်သည်။ မေမေသည် ညမွှေးပန်းခက်ကလေးကို အမှတ်တမဲ့လှမ်းယူပြီး ရှိုက်နမ်းလိုက်သည်။ စိမ်းရင့်ရင့်ပန်းခက်ကလေးမှ ရနံ့သည် ကြိုင်နေသည်။


"ဖေဖေ ပုံပြောပြ “


"ဟောဗျာ အခုပဲ ပြောပြီးတယ်” 


"ထပ်ပြောပြ"


“ဘယ်ဖြစ်မလဲ” 


“ပြန်ပြောပြ “


"တော်စမ်းပါကွယ်၊ ကလေးလဲမဟုတ်ဘဲနဲ့"


ဖေဖေသည် တာတီးလေးကို အောက်ဘက်သို့ ချလိုက်သည်။ မေမေ့ပေါင်ပေါ်သို့ တာတီးရောက်သောအခါ စူးမာသည် နောက်ဘက်သို့ ဆုတ်လိုက်ရသည်။ မဆုတ်၍လည်းမဖြစ်၊ တော်ကြာနေ မေမေက “စူးမာရယ် လွတ်လွတ်နေစမ်ပါ၊ အိုက်ရတဲ့အထဲ "ဟုပြောပြီး ဖယ်ခိုင်းမည်ဖြစ်သည်ကို စူးမာကြို၍သိထားသည်။


"လထဲကယုန်ရုပ်လေးအကြောင်း ပြောပြတယ်၊ ပေပေက ပြောပြတယ်၊ သိလား မမစူး”


တာတီးလေးက ပြောသည်။ ပါးချိုင့်လေးပေါ်အောင် ပြုံးရင်း မေမေ့လည်ပင်းကို သိုင်းဖက်ထားသော တာတီးလေးကို စူးမာသည် ငေးငေးလေး ကြည့်နေမိလေသည်။


“ဒီလိုဆို မေမေပြောပြ “


"ဘာရယ်” 


"ပုံပြောပြ"


"အို မအားပါဘူး မစူးရယ်၊ သားသားကိုလဲ သိပ်ရဦးမယ်၊ ပုတီးလဲစိပ်ရဦးမယ်” 


“အင်း ပြောပြ"


“တော်စမ်း စူးမာ၊ သွား ခြေဆေးလက်ဆေး မျက်နှာသစ်၊ အိပ်ရာဝင်ခါနီး သွားတိုက်ဖို့လဲ မမေ့နဲ့၊ မေမေမအားတာကို ဘာလို့ရှုပ်ချင်နေတာလဲ”


ဖေဖေက ခပ်တင်းတင်းလေး ဝင်ပြောသည်။ စူးမာမျက်လုံးဝိုင်းဝိုင်းလေးများတွင် မျက်ရည် စိမ့်ခနဲ ဝဲလာသည်။ မှုန်တေတေမျက်နှာလေးကို အောက်ဘက် ငုံ့ထားပြီး မျက်တောင်တဖျတ်ဖျတ် ခတ်နေမိစဉ်တွင် ကိုတူးဆီမှ ပင့်သက်ရှိုက်သံလေးကို မသဲမကွဲ ကြားရလေသည်။ 


တစ်ချိန်လုံး ငြိမ်နေသော ကိုတူးသည် စူးမာ၏ပုခုံးကို ခပ်တင်းတင်းလေးဖက်ပြီး ညင်သာစွာ ပြောလေသည်။


"စူးမာရာ... လာဟာ၊ ခြေထောက်ဆေးကြပါစို့၊ နက်ဖြန်ကျရင် ငါ ပုံအသစ်တစ်ခု ပြောပြပါ့မယ်”


အပိုင်း(၂) ဆက်ရန်

မစန္ဒာ

No comments:

Post a Comment