Sunday, July 10, 2022

ကွက်လပ်ကလေးဖြည့်ပေးပါ (အပိုင်း - ၂)

“ဟုတ်တယ် အကောင်းပြောတာ၊ အဲဒီတာဇံကခေါ်လိုက်ရင် ကျားတွေဆင်တွေ လာရောတဲ့၊ သူ့ဆီမှာလဲ ညီမတစ်ယောက်ရှိတယ်လေ၊ အဲဒီညီမလေးကျတော့ မျောက်တွေကို အုပ်ချုပ်တယ်တဲ့။ မျောက်လွှဲကျော်၊ တောမျောက်၊ မျောက်ဝံ၊ မျောက်ဖင်နီ၊ အို မျောက်တွေအားလုံး သူ့တပည့်တွေချည်းပဲတဲ့၊ မိုးပျံအောင်ဆော့တတ်လို့ သူ့နာမည်က တာပျံတဲ့လေ။ သူ့တို့နှစ်ယောက်မှာ ညီလေးတစ်ယောက်ရှိသေးတယ်တဲ့၊ အသားလေးကဖြူဖြူ၊ ရယ်လိုက်ရင် ပါးချိုင့်လေးနဲ့၊ သွားတက်ကလေးနဲ့ သိပ်ပြီးချစ်ဖို့ကောင်းတယ်တဲ့"


တာတီးလေး၏မျက်လုံးလေးများသည် ပြူးဝိုင်းလာသည်။ ကိုတူးပြောသောပုံပြင်တွင် နစ်မျောပြီး ပါးစပ်လေးဟနေသည်။


စူးမာကမူ ဆီးငံစေ့ကို ဇိမ်ဆွဲပြီးစုပ်နေရင်း စိတ်ပါလက်ပါပြောနေသော ကိုတူးကို ကြည့်နေမိသည်။ တစ်ခါတစ်ရံတော့ ပုံပြောနေသောကိုတူး၏နေရာတွင် မေမေ့သဏ္ဍာန်ကို စူးမာ ဖန်ဆင်းပြီးကြည့်နေမိတတ်သည်။ မေမေသည် စူးမာတို့နှင့် အေးအေးဆေးဆေး ရင်းရင်းနှီးနှီး မနေနိုင်သည်မှာ ကြာချေပြီ။ တာတီးလေးမမွေးခင်က တိုးဝင်ခဲ့ရသော မေမေ့ရင်ခွင်နွေးနွေးကို စူးမာ မကြာခဏ တသမိသည်။ စူးမာနှင့်ကိုတူးကို မျှပြီး ထွေးပိုက်ခဲ့သော မေမေ့ရင်ခွင်ကို နောက်ပိုင်း၌ တာတီးလေးတစ်ဦးတည်း မူပိုင်ရရှိသွားလေသည်။ မေမေ့အာရုံသည်လည်း စူးမာနှင့် ကိုတူးတို့ကို မေ့လျော့ပြီး ချစ်စဖွယ်သားထွေးလေးဆီသို့ စုပုံ ကျရောက်သွားဟန်ရှိသည်။ စူးမာနှင့်ကိုတူးတို့သည် ညီထွေးလေးကို အများနည်းတူချစ်ရင်း ငေါင်းစင်းစင်းလေး ကြီးပြင်းခဲ့ကြရလေသည်။


"အဲဒီညီလေးကတော့ ခွေးတွေကို အုပ်ချုပ်တယ်တဲ့။ အင်းခွေး၊ မြန်မာခွေး၊ ခွေးသမင်၊ အယ်ဆေးရှင်း၊ ချင်းခွေး၊ ခွေးပု၊ ခွေးဝဲစား၊ ခွေးဘီလူး၊ ခွေးမှင်စာ၊ ဟာ ... အကုန်လုံး သူ့စကားကို နားထောင်တယ်တဲ့။ သူ့ကို သိပ်ပြီးချစ်တယ်တဲ့။ သူ့အမိန့်ကိုမနာခံရင် သူက ခွေးတွေကို ခြေထောက်နဲ့ကန်ကန်ပြီး ဆုံးမလို့ သူ့နာမည်က တာကန်တဲ့၊ သူ့ကို တာကန်လို့ခေါ်ကြတယ်တဲ့”


“တိုတိုသူက တာဇံ၊ မမစူးက တာပန်၊ တားတားက တာကန်လား” 


“ဒါပေါ့ကွ”


တာတီးလေးသည် ဟက်ဟက်ပက်ပက် ရယ်နေလေသည်။ ကိုတူး၏ပုံပြင်ကို သဘောကျသဖြင့် စူးမာသည် ပြုံးရယ်နေမိသည်။ ကိုတူးကို တိုတိုသူဟုခေါ်သည်။ သားသားကျပြန်တော့ တားတားဖြစ်ပြန်ချေပြီ၊ တသံနှင့်သသံကို တလွဲစီ ဆိုတတ်လေသည်။


အောက်ထပ်ဧည့်ခန်းထဲမှ စကားသံများသည် လွင့်ပျံ့ပြီး တက်လာသည်။ မေမေ့သူငယ်ချင်းများဖြစ်သော အံတီမြ၊ အံတီကြည် စသူတို့ရောက်လာလျှင် မေမေသည် တာတီးလေးကိုပင် ခေတ္တမျှမေ့လျော့သွားလေ့ရှိသည်။ ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုပြီး ရယ်မောနေတတ်ကြသည်။


"အံတီလှ ပါသေးလားမသိဘူး”


“ပါဘူး၊ အဲဒီမိန်းမကြီးကို တားတားတိတ်မုန်းတာပဲ” 


“ဘာဖြစ်လို့”


“ဟိုတစ်ခါတုန်းက ဟယ် ချစ်စရာလေးဆိုပြီး တားတားပါးကို လိမ်ဆွဲတယ်၊ အာ တား နာသွားတာ အရမ်း"


တာတီးလေးသည် သူ့ပါးကိုပွတ်ကာ ယခုပင်နာသွားသယောင် မျက်နှာလေးမဲ့ကာ ပြောသည်။ ဖောင်းပြည့်နေသော တာတီးလေး၏ပါးပြင်ကလေးသည်လည်း ဆွဲချင်စရာမို့ ကိုတူးသည် ပြုံးရယ်ရင်း ခေါင်းကို သာသာလေးပုတ်လိုက်သည်။


စူးမာသည် ပါးစပ်ထဲမှဆီးစေ့ကလေးကို ထုတ်ပြီး ကြည့်လိုက်သည်။ ဇိမ်နှင့်ဆွဲကာ စုပ်ထားသောကြောင့် အသားတစ်မျှင်မျှမကျန်အောင်ပင် ပြောင်နေချေပြီ။ နေရောင်တွင်ထောင်ကြည့်ပြီးမှ အပြင်ဘက်သို့ လွှဲ၍လွှင့်ပစ်လိုက်သည်။ ဆီးစေ့လေးသည် အရှိန်နှင့်ဝေးဝေးပြေးသွားပြီး ခြံစပ်ရှိ မန်ကျည်းပင်ကြီးခြေရင်းသို့ ကျသွားလေသည်။ ခက်လက်စည်ပင်သော မန်ကျည်းပင်ကြီးသည် ဟိုဘက်ခြံနှင့်ဒီဘက်ခြံကို တစ်ဝက်စီဝေမျှပြီး အုပ်မိုးထားလေသည်။


“ကိုတူးရေ မန်ကျည်းပင်ပေါ်မှာ အိမ်လေးဆောက်မယ်ဆို” 


“အေးလေကွာ၊ သိပ်ဆောက်ချင်တာပဲ” 


“မဆောက်သေးဘူးလားကွာ”


“ငါမှမဆောက်တတ်သေးတာ” 


“တိုတိုသူ တားတားလဲ နေမယ်နော်”


တားတီးလေးသည် ကိုတူး၏လက်ကိုဆွဲကာ ပူဆာသည်။ စူးမာကမူ မန်ကျည်းပင်ညို့ညို့ကြီးကို ငေးကြည့်နေရင်း အန်တီအေးကို သတိရနေမိသည်။ အန်တီအေးသည် တစ်ဖက်ခြံက တိုက်ဝါဝါတွင် နေသူဖြစ်သည်။ စူးမာနှင့်ကိုတူးတို့နှစ်ဦးလုံး မန်ကျည်းပင်ကြီးအောက်တွင် ဆော့ကစားပြီး မောသောအခါ အန်တီအေးဆီသို့ ပြေးမြဲဖြစ်သည်။ သူ့လက်ဖြစ်ဆီးယိုများကိုသော်လည်းကောင်း၊ အန်တီအေးက ဆီးပြီး အမောပြေ တိုက်ကျွေးတတ်လေသည်။ လွန်ခဲ့သောလကမူ အန်တီအေးသည် သူ့ခြံနှင့်တိုက်ကို အပြီးရောင်းသွားခဲ့လေသည်။ စူးမာနှင့်ကိုတူးတို့သည် အန်တီအေးနှင့်တကွ ဆီးယိုချိုချိုမွှေးမွှေးကိုပါ လွမ်းရင်း ကျန်ရစ်ခဲ့ကြရသည်။ တိုက်ဝါကြီးကို တံခါးပိတ်ထားသည်မှာ ကြာချေပြီ။ ယခုတော့ ကားတစ်စီးဝင်လာသည်ကို တွေ့ရသည်။ လူသစ်များရောက်လာချေပြီထင်သည်။


"အကုန်လုံး လူကြီးတွေချည်းပဲဟ၊ ဒို့လိုအရွယ်တွေလဲမပါဘူး။ ဟော ဟိုအင်္ကျီအစိမ်းနဲ့လူကတော့ မမကြီးတို့အရွယ်လောက် ထင်တယ်နော်”


ကိုတူးသည် ကင်းပုံရွက်များကို လက်နှင့်ဖယ်ရှားကြည့်ရင်း တီးတိုးပြောသည်။ နီနီရဲရဲ ကင်းပုံသီးမှည့်လေးများသည် ကိုတူး၏ခေါင်းပေါ်တွင် ချစ်စဖွယ် တွဲလဲကျနေကြသည်။ စူးမာသည် ကင်းပုံသီးလေးတစ်လုံးကို ဆတ်ခနဲ ခူးယူလိုက်ပြီး လက်ထဲတွင် လှည့်ကစားနေမိသည်။ ဒေါ်ကြီးသက် ချက်လေ့ရှိသော ကင်းပုံသီးဆီပြန်ဟင်းလေးကို မြင်ယောင်လာသဖြင့် အများကြီးခူးသွားပြီး မျက်နှာလုပ်ရကောင်းမလားဟု စဉ်းစားနေမိသည်။ သူတို့လိုအရွယ် ကစားဖော်မပါသဖြင့် လူသစ်များအပေါ်တွင် စိတ်ဝင်စားမှုလျော့နည်းသွားလေသည်။


“မိန်းမကြီးက အန်တီအေးလိုသဘောကောင်းရင် သိပ်ကောင်းမှာပဲနော်”


“ဘာလဲ၊ ကိုတူးက မုန့်ညာစားချင်လို့လား”


စူးမာသည် လက်ကောက်ဝတ်တွင်စွပ်ထားသော သားရေကွင်းလေးကို ဖြုတ်ယူလိုက်ပြီး ကိုတူးဘက်သို့ ချိန်ရွယ်လိုက်သည်။ ကိုတူးခေါင်းပေါ်တွင် တွဲလဲခိုနေသော ကင်းပုံသီးနီနီများထဲမှ အနီအရင့်ဆုံးအသီးလေးကို ရွေးပြီး တည့်မတ်စွာ ချိန်နေလေသည်။ အသီးညှာတံကို တည့်တည့်ထိပြီး ကင်းပုံသီးနီနီလေးသည် ကိုတူးခေါင်းပေါ်သို့ ထောက်ခနဲ ပြုတ်ကျသွားလျှင် အတော်ပင်ပျော်စရာကောင်းမည် ဖြစ်၏။ တော်ကြာနေ သားရေကွင်းက ကင်းပုံသီးကိုမထိဘဲ ကိုတူး၏နောက်စေ့ကို ဖတ်ခနဲ ပြေးဆော်ပါက ကိုတူးတစ်ယောက် ​​မျောက်ခုန်သလို ထခုန်လိမ့်မည်ထင်သည်။ စူးမာသည် မျက်စိလေးတစ်ဖက်မှိတ်ကာ အသေအချာ ချိန်ရွယ်ရင်း ပြုံးနေမိသည်။


“ဟိုလူကြီး ငါတို့ဘက်ကိုလာနေတယ်၊ အံမာ သူ့ကြည့်ရတာ ဗလကောင်းတယ် ဆရာ၊ ဟယ် ဟယ် ဟော ဟင် စူးမာ နင်ဘာလုပ်တာလဲ”


"ဟောတော့"


စူးမာပစ်လွှတ်လိုက်သော သားရေကွင်းသည် ကင်းပုံသီးကိုလည်းမမှန်၊ ကိုတူး၏ နောက်စေ့ကိုလည်းမထိ၊ ခြံစည်းရိုးကိုကျော်ပြီး ပြေးထွက်သွားလေသည်။ ထို့နောက် စူးမာတို့ဘက် လျှောက်လာနေသော တစ်ဖက်ခြံမှလူ၏ မျက်နှာကိုမှ တည့်တည့်ထိခတ်ကာ နှုတ်ဆက်လိုက်ဟန် ရှိသည်။ တော်ပါသေးသည်။ သားရေကွင်းက အရှိန်ပျော့သွားပြီဖြစ်၍ သိပ်ပြီး နာကျင်ဟန်တော့ မရှိ။ သို့ရာတွင် အတော်ပင် တအံ့တဩဖြစ်သွားပုံရသည်။ မြေပေါ်ကျသွားသော သားရေကွင်းလေးကို ကုန်းကောက်ပြီး ခပ်သွက်သွက် ချဉ်းကပ်လာသည်။ လက်တစ်ဖက်က မျက်စိကို အုပ်ထားသည်။ သူ့မျက်နှာတွင် ထိစရာနေရာ အများအပြားရှိသည့်အနက် သားရေကွင်းအစုတ်အနာသည် မျက်လုံးကိုမှ ဒါရိုက်ဟစ် ပြေးနှုတ်ဆက်လိုက်ပုံရသည်။


“ဟေး ချာတိတ်”


“စူးမာ ကင်းပုံသီးကိုပစ်တာပါ” 


"ဒီသားရေကွင်း မင်းပစ်တာလား” 


"အို စူးမာ ကိုတူးခေါင်းပေါ်က ကင်းပုံသီးကိုပစ်ထားပါ “


"ကိုတူး"


"ဟုတ်ကဲ့"


"ကိုတူးဆိုတာ ဘယ်သူလဲ"


"သူပေါ့”


စူးမာသည် ခပ်ကြောင်ကြောင်လေးရပ်နေသော ကိုတူးကို လက်ညှိုးထိုးပြလိုက်သည်။ မျက်နှာစိမ်း၏အကြည့်က သူ့ဘက်သို့ လှည့်လာသောအခါ ကိုတူးသည် အဟဲခနဲ အူချာချာ ရယ်လိုက်သည်။ စူးမာကိုယ်စား တောင်းပန်သောအကြည့်လေးနှင့် သွားဖြဲပြနေသော ကိုတူးကို ကြည့်ရသည်မှာ ရယ်စရာကောင်းလှသည်။


"ဟင်”


စူးမာကသာ ကိုတူးကို ကြည့်၍ ရယ်ချင်နေသော်လည်း တစ်ဖက်ခြံမှ မျက်နှာစိမ်းသည် တအံ့တဩဖြစ်သွားပုံရလေသည်။ ကိုတူးကို ငေးကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။


“မတော်လို့ ထိတာပါ။ သူကသိပ်ဆော့တာ”


ကိုတူးသည် မျက်နှာကို အချိုဆုံးထားပြီး စကားပြောလေသည်။ လူစိမ်းကမူ ကိုတူး၏တောင်းပန်စကားကို သတိထားမိပုံပင်မရ၊ ကိုတူးမျက်နှာကိုသာ ခပ်တွေတွေ ငေးကြည့်နေလေသည်။


စူးမာလည်း ဘာပြောရမည်မသိသည့်အတွက် သူ့လက်ကောက်ဝတ်တွင်ကျန်နေသေးသော သားရေကွင်းအနီနှင့် အဝါလေးကိုလိမ်၍ ကစားရင်း ငြိမ်နေမိလေသည်။ ကိုတူးခမျာလည်း မချိသွားဖြဲလေးနှင့် ခေါင်းကုတ်နေရှာသည်။ 


ငြိမ်တိတ်နေသောအခြေအနေကို ရုတ်တရက်ကယ်ဆယ်လိုက်သူကား တာတီးလေးဖြစ်သည်။ အိမ်ထဲမှ ပြေးထွက်လာရင်း မကျေမချမ်း အော်ဟစ်လာလေသည်။ 


“မမစူး တိုတိုသူ တားတားကိုလဲ မစောင့်ဘူး၊ တားတားကို ထားခဲ့တယ်၊ တားလိုက်ခဲ့မှာပေါ့"


"တာတီးလေး ငြိမ်ငြိမ်နေစမ်း”


"တားတားကို ဘာလို့မစောင့်လဲ၊ တားလဲလိုက်ချင်တာပေါ့၊ တားလဲ ကြည့်ချင်တာပေါ့၊ ဟင် အဲဒါ လူတစ်လား”


ကိုတူးကို ခပ်ငေးငေးကြည့်နေသောသူကို လက်ညှိုးထိုးပြီး စွတ်ရွတ်မေးလိုက်သော တာတီးလေး၏အသံက ကျယ်လောင်လှသည်။ သူသည် မျက်မှောင်တစ်ချီထပ်တွန့်သွားပြီး တာတီးလေးဘက်သို့ လှည့်သွားလေသည်။ သူ့အရပ်နှစ်ပြန်လောက်ရှိသော ကိုလူစိမ်းအား မော့မော့လေး ကြည့်ရင်း တာတီးလေးသည် ပါးချိုင့်လေးပေါ်အောင် ရွှင်ရွှင်လေး ပြုံးပြလိုက်လေသည်။


“ဘာပြောတယ်” 


"အတိုကြီးက ဟိုဘက်အိမ်က လူတစ်လား"


"လူတစ်”


"အင်းလေ လူတစ်လားလို့”


“လူတစ်လား”


“သူက လူသစ်လားလို့မေးနေတာပါ”


ကိုတူးက မနေနိုင်တော့ပဲ စကားပြန်ဝင်လုပ်ပေးရလေသည်။ မျက်မှောင်အချီချီတွန့်နေသော ကိုလူစိမ်းသည် ဒီတစ်ခါတော့ မျက်မှောင်အတွန့်​ပြေသွားလေသည်။ တာတီးလေး၏ ပြုံးချိုချိုမျက်နှာလေးကို ကြည့်ပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်လေသည်။


“ဟုတ်ပါ့ဗျား၊ ကျွန်တော်က ဟိုဘက်အိမ်က လူသစ်ပါခင်ဗျား၊ နာမည်က အောင်ကျော်နိုင်လို့ခေါ်ပါတယ်၊ ဒီကမိတ်ဆွေကြီးကရော နာမည်လေး တဆိတ် မသိရဘူးလား”


"တားနာမည်ကတော့ တားတားပေါ့။ မမစူးတို့ကတော့ သာသီးလေးတဲ့ "


"သာသီးလေး” 


"သာသီးလေး ဟုတ်ပါဘူး၊ သာသီးလေးပါ”


“သူက တာတီးလေးလို့ပြောတာပါ”


မနေနိုင်သော ကိုတူးက စကားပြန်ဝင်လုပ်ရပြန်သည်။ စူးမာကမူ ဘာတစ်ခွန်းမျှဝင်မပြောဘဲ ပြဇာတ်ကြည့်နေသော ပွဲကြည့်ပရိသတ်တစ်ဦးလို ငြိမ်နေလေသည်။ ပွင့်လင်းဖော်ရွေဟန်ရှိသော အောင်ကျော်နိုင်အမည်ခံ အိမ်နီးချင်းအသစ်၏မျက်နှာထားကို အကဲခတ်ရင်း တစ်ခါတစ်ရံ စူးမာတို့နှင့်အတူ ခွက်ပစ်တန်း ကစားတန်ကောင်းရဲ့ ဟု ကိုယ်လိုရာကိုယ် ဆွဲတွေးနေမိသည်။ မမကြီးအရွယ်လောက်ရှိပြီဖြစ်၍ မမကြီးလိုပင် စာအုပ်ထူကြီးများထဲတွင်သာ နစ်မြုပ်နေသောသူလည်း ဖြစ်နိုင်ပေသည်။ သူတို့အရွယ်မျိုးသည် အထဲတွင် ကျောက်ခဲထည့်ပြီး အဝကိုပိန်အောင်ထုထားသော နို့ဆီခွက်ကို သတိပင်ရချင်မှရကြတော့ပေမည်။


“ဪ သားက မိတ်ဆွေတွေ တွေ့နေမှကိုး"


ရယ်သံ၊ စကားပြောသံများကြောင့် စူးမာတို့အနီး ထပ်ရောက်လာသောမိန်းမကြီးက ပြောလေသည်။ ဆံထုံးကို မြင့်မြင့်ထုံးထားပြီး နဖူးပြင်သည် လေးဒါင့်စပ်စပ်နှင့်မို့ မဟာဆန်သောရုပ်ရည်မျိုးဖြစ်လေသည်။ အသက်ငါးဆယ်ခန့်ရှိပြီဖြစ်သည်။ နူးညံ့သိမ်မွေ့စွာပြုံးနေသော အမျိုးသမီးကြီး၏ ရှည်လျားသွယ်ပျောင်းသော သူ့လက်ချောင်းလေးများကိုကြည့်ရင်း အန်တီအေးလို ဆီးယိုမှထိုးတတ်ပါ့မလားဟု စူးမာ စိုးရိမ်နေမိလေသည်။


“ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတွေကို ကြည့်ပါဦး မေမေရဲ့ ၊ ဒီကမိတ်ဆွေကြီးနာမည်က တာတီးလေးတဲ့၊ သူကရော... ကြည့်ပါဦး မေမေ၊ အမှတ်တမဲ့ကြည့်ရင် အငယ်လေးနဲ့မတူဘူးလား"


အမျိုးသမီးကြီးသည် ကင်းပုံနွယ်စည်းရိုးနားကပ်လာပြီး ကိုတူးမျက်နှာကို အသေအချာ ငုံ့ကြည့်လေသည်။ ကိုတူးသည် အနေရအထိုင်ရခက်သလို မျက်နှာလေးနီမြန်းလာပြီး ခေါင်းငုံ့လိုက်လေသည်။


"အဲဒီလို ခပ်စောင်းစောင်းလေးနေရင် ပိုတူတယ်၊ နှုတ်ခမ်းဖျားကလဲ မှဲ့လေးနဲ့၊ မျက်နှာသွယ်ပုံက တူနေတယ်၊ ဪ ...မောင်သွင် မြင်ရင်တော့ ဘယ့်နှယ့်နေမယ် မသိ"


“အဲဒီ အငယ်ဆိုတာ ဘယ်သူလဲဟင်”


စူးမာက ဖျတ်ခနဲ ဝင်မေးလိုက်မိသည်။ အမျိုးသမီးကြီးသည် စူးမာ၏မေးခွန်းကို ကြားပုံမရဘဲ ကိုတူးကိုသာ ခပ်တွေတွေ ငေးကြည့်နေလေသည်။ သူ့မျက်လုံးများသည် မှိုင်းညိုညိုနှင့် ဝေနေကြသည်။ 


စူးမာသည် သားရေကွင်းအဝါလေးကို လိမ်ကစားနေရင်း သူ့မေးခွန်းကို ဖြေနိုးနှင့် နားစွင့်နေမိသည်။ ကိုတူးနှင့်တူသောသူကို သိချင်သောစိတ်ကလေး ဆူဝေနေသည်။ သက်ပြင်း မသိမသာရှိုက်လိုက်သော အိမ်နီးချင်းအသစ်များကို ကြည့်ရင်း ထပ်၍လည်း မမေးဖြစ်တော့ချေ။


* * * 


"ဟေ့ ဒီနေ့ ဆရာက စာတွေပြန်မေးမယ်တဲ့၊ ယူ ကျက်ခဲ့ရဲ့လား"


"ကျက်ခဲ့ပါတယ်”


စူးမာသည် စာအုပ်ကလေးကို တဖြတ်ဖြတ်လှန်ရင်း ပြန်ပြောလိုက်သည်။ အတန်းပိုင်ဆရာ ဝင်မလာသေးသောကြောင့် အတန်းထဲတွင် စကားသံများ ကျွတ်စီကျွတ်စီ ဖြစ်နေသည်။ ရှေ့တန်းမှ မိန်းကလေးများဆီမှ တီးတိုးပြောနေသလို နောက်ဘက်တန်း ယောက်ျားလေးများဆီမှ စကားသံများကိုလည်း ခပ်ကျယ်ကျယ် ကြားနေရသည်။ မုန့်စားကျောင်းဆင်းပြီး ကျောင်းပြန်တက်စဖြစ်၍ အတန်းသည် မငြိမ်သက်သေးချေ။ အတန်းမော်နီတာ ထွေးမြင့်ကလည်း စကားများသူများကို နာမည်မမှတ်အားသေးသောကြောင့်ထင်သည်။


စူးမာတို့ကျောင်းသည် ယောက်ျားလေးရာ မိန်းကလေးပါပေါင်းထားသော ယခင်သာသနာပြုကျောင်းဖြစ်သည်။ စူးမာအသက်က ဆယ့်နှစ်နှစ်၊ စူမာအတန်းက ခြောက်တန်းဖြစ်၍ အတန်းနှင့် အသက်သည် အလောတော်ပင်ဖြစ်သည်ဟု မေမေက ပြောသည်။ သို့ရာတွင် စူးမာတို့အတန်းထဲတွင် စူးမာထက်အသက်ကြီးသော မိန်းကလေးများလည်းရှိသည်။ စူးမာနှင့်ရွယ်တူလည်း အများအပြားရှိသည်။ သူတို့အားလုံးသည် မိတ်ကပ်၊ ရေမွှေးနှင့် နှုတ်ခမ်းဆိုးဆေးတို့ကို အသင့်အတင့် စိတ်ဝင်စားကြလေသည်။ ခင်သန်းနု၏ကိုယ်လုံးအလှနှင့် ပတ်သက်၍လည်း စကားဝိုင်းဖွဲ့ တတ်ကြသည်။ စူးမာသည် သူတို့စကားဝိုင်းတွင် မဝင်နိုင်ပေ၊ ဝင်၍နားထောင်ပြန်ပါကလည်း အပြန်အလှန် မပြောနိုင်ချေ။ တက်ထရွန်ဈေး၊ ဖော့ဈေးကိုလည်းမသိ၊ လှိုင်းကြီးလှိုင်းလတ်ကိုလည်း ယောင်ဝါးဝါးပေမို့ ​ငေးနေရတတ်သည်။ 


စူးမာနှင့်တစ်ခုံကျော်တွင်ထိုင်ရသော သီတာအေးနှင့်ကား စူးမာ စကားပြော၍ ဖြစ်သည်။ သူတို့နှစ်ဦးပြောလျှင် မဂ္ဂဇင်း၊ ဝတ္ထုအကြောင်း၊ ပုံပြင်အကြောင်း၊ သီတာတို့အိမ်အကြောင်း၊ စူးမာတို့အိမ်အကြောင်းပေမို့ နှစ်ဦးစလုံး စိတ်ဝင်စားကြသည်။ အရွယ်နှင့်မလိုက်အောင် စာဖတ်သော သီတာအေးသည် ငယ်ငယ်ရွယ်ရွယ်နှင့် မျက်မှန်ထူလေးတပ်ကာ စာကြမ်းပိုးရုပ်ကလေးပေါက်နေသည်။ မျက်လုံးဝိုင်းဝိုင်း မျက်တောင်ကော့ကော့နှင့် ပိန်လျားသော စူးမာသည်ကား ကလေးရုပ်သွင် မပျောက်သေးချေ။ ထို့ကြောင့် စူးမာနှင့်ရွယ်တူ မိန်းကလေးများကပင် စူးမာကို တစ်ဆင့်နှိမ့်ပြီး တွေးလေ့ရှိလေသည်။ စူးမာ လူလားမမြောက်သေး။


စူးမာနှင့် ခုံချင်းယှဉ်လျက်ထိုင်ရသော ကေသွယ်မြင့်ကဆိုလျှင် စူးမာကို တကယ့်ကလေးလိုပင် သဘောထားဟန်ရှိသည်။ ပွင့်စပန်းလေးသဖွယ် လန်းဆန်းဖွံ့ထွားသော ကေသွယ်မြင့်နှင့်ယှဉ်လျှင် စူးမာသည် ကလေးသဖွယ် သေးသေးညှပ်ညှပ်ကလေးဖြစ်နေလေသည်။


“ဟေ့ ယူ၊ ဘော်ဒီအင်္ကျီ မဝတ်သေးဘူးလား” 


"ဟင့် အင်း”


စူးမာသည် ခေါင်းကိုခါယမ်းလိုက်ရင်း ကေသွယ်မြင့်ကို ငေးငေးလေးကြည့်နေမိသည်။ မေမေချုပ်ပေးသော ရှင်မီးအင်္ကျီလေးများကိုသာ စူးမာဝတ်နေကျဖြစ်သည်။ ရင်ဘတ်နေရာတွင် ဖောင်းမို့ပြီး ဇာနားလှလှတပ်ထားသော ဘော်ဒီအင်္ကျီကို စူးမာသည် ကေသွယ်မြင့်တို့ကဲ့သို့ တစ်နေ့နေ့ ဝတ်လာရမည်ထင်သည်။ တကယ်ပင် မဝတ်ရသေး၊ စဉ်းစားကြည့်ရုံနှင့် စူးမာ အသက်ရှုကျပ်လာသည်။ ကေသွယ်မြင့်သည် နှစ်ကိုယ်ကြားလေသံနှင့် ခပ်တိုးတိုး ဆက်မေးလေသည်။


"ဒီလိုဆို ယူ အပျိုမဖြစ်သေးဘူးပေါ့” 


"အပျို "


“အေးလေ... အပျိုမဖြစ်သေးဘူးလား”


စူးမာ နားရှုပ်သွားသည်။ ကေသွယ်မြင့်၏ဆံပင်နှစ်ဖက်ကို ခွဲချည်ထားသော ဖဲကြိုးနီနီလေးကို ငေးကြည့်ရင်း သဘောပေါက်အောင် ကြိုးစားနေမိသည်။ ကေသွယ်မြင့်သည် တိုးတိုးလေး ရယ်လိုက်လေသည်။


"ယူကလဲ နားဝေးလိုက်တာလွန်ရော၊ ဒီအရွယ်ဆိုရင် ဓမ္မတာဖြစ်သင့်ပြီ မဟုတ်လား” 


"ဓမ္မတာ”


“အင်းလေ၊ ယူ ဓမ္မတာမဖြစ်သေးဘူးလား၊ အဲဒါဖြစ်ရင် ဝလာမှာ” 


"ဓမ္မတာ ဆိုတာ ဘာလဲ”


စူးမာအသံ တော်တော်ကျယ်သွားသည်။ ကေသွယ်မြင့်က စူးမာ၏လက်ကိုကုတ်ပြီး သတိပေးချိန်တွင်ပင် နောက်ဘက်မှ ခပ်အုပ်အုပ်ရယ်သံများကို ကြားရသည်။ အောင်တိုးဝင်းတို့လူသိုက်ဖြစ်သည်။ ကိုတူးတို့အရွယ်ပင်ဖြစ်သော်လည်း ကိုတူးနှင့်မတူကြချေ။ သူတို့၏ဆံပင်များသည် နားရွက်ထိသာအုပ်သော စူးမာ၏တိုကပ်ကပ်ဆံပင်လေးထက် ပိုပြီးရှည်လျားသည်။ ဆရာ၏အလစ်တွင် စီးကရက် လက်ကြားညှပ်ချင်သည်။ မိန်းကလေးများကို မျက်လုံးမှေးပြီး မျက်တောင်စင်းပြီး ကြည့်တတ်ကြသည်။ စူးမာတို့နားမလည်သော ဘန်းစကားများကိုလည်း ရေလဲသုံးတတ်ကြလေသည်။


“ဓမ္မတာဆိုတာ ဘာလဲ”


သူတို့၏ရယ်သံကြောင့် စိတ်ထဲတွင် မသိုးမသန့်ဖြစ်သွားသော စူးမာက တိုးတိုးလေး ထပ်မေးသည်။ ထိုအခါကျမှ ရယ်သံများ ပို၍ကျယ်လာလေသည်။ ကေသွယ်မြင့်သည် စူးမာကို ရယ်လည်းရယ်ချင်၊ စိတ်လည်း ညစ်သောအသွင်နှင့် ကြည့်နေလေသည်။


“သူ့ကို အဲဒီအကြောင်းမမေးနဲ့၊ ဂေါ်လီတစ်လုံးဘယ်လောက်လဲမေး၊ သရေကွင်းတစ်မတ်ဖိုး ဘယ်လောက်ရလဲ မေး"


အတန်းထဲသို့ ဆရာရောက်မလာသေးသောကြောင့် ဆူဆူညံညံ လှုပ်ရှားနေသည်။ ဆူညံနေသောစကားသံများကြားထဲမှ အောင်တိုးဝင်း၏အသံက ခပ်ကျယ်ကျယ် ထွက်လာသည်။ စူးမာ မျက်နှာကို ရေနွေးနှင့်ပက်လိုက်သလို ပူခနဲ ဖြစ်သွားလေသည်။ ရယ်ရခက် ငိုရခက်နှင့် ပြုံးမဲ့မဲ့ဖြစ်နေသောကေသွယ်မြင့်ကို စေ့စေ့ကြည့်ရင်း ဆိုလိုရင်းကို ရေးရေးမျှ သဘောပေါက်လာလေသည်။


“ယောက်ျားမဟုတ်၊ မိန်းမလဲ မဟုတ်နဲ့၊ အလကား ကျပ်မပြည့်တဲ့ ငါးဖောင်ရိုးကလေး”


စူးမာ၏လွယ်အိတ်ပေါက်ထဲမှ ဖန်ဂေါ်လီပြာပြာလေး ထောက်ခနဲကျပြီး ကြမ်းပေါ် တွင် လိမ့်သွားချိန်၌ ထောမနာပြုသံသည် ထပ်၍ထွက်ပေါ်လာနေသည်။ စူးမာ မျက်မှောင်လေး ကုတ်ပြီး နှုတ်ခမ်းကို ကိုက်ထားလိုက်မိသည်။


“အောင်မယ်လေးဟဲ့၊ ဓမ္မတာဆိုတာ ဘာလဲတဲ့ ဟီ ဟိ”


စူးမာမျက်လုံးများ ပြာဝေသွားသည်။ ထို့နောက် နေရာမှ ဝုန်းခနဲ ထလိုက်မိလေသည်။ စူးမာ ဘာကိုမျှလည်း သတိမရတော့ချေ။


“အောင်မလေးဗျာ”


စူးမာပြန်လည်သတိပြုမိချိန်တွင် အောင်တိုးဝင်းသည် သူ့နဖူးကို သူအုပ်ရင်း ညည်းနေလေသည်။ ခုံပေါ်တွင် ဒီဂရီတိုင်းသောကော်ပြားလေးနှင့် ပေတံတို၊ ခဲဖျက်ကလေးများ လွင့်ကျနေသည်။ ကြမ်းပေါ်တွင် စန့်စန့်ကလေးလဲလျောင်းနေသည်ကား ကွန်ပါဘူစိမ်းကလေးဖြစ်သည်။ သူ့ရှေ့ရှိကွန်ပါဘူးနှင့် အောင်တိုးဝင်း၏နဖူးပြောင်ပြောင်ကို တအားလွှဲကာ ပစ်ပေါက်လိုက်မိပြီဖြစ်ကြောင်း သတိပြုမိပြီး ချွေးများစို့လာသည်။


တစ်တန်းလုံး ငြိမ်တိတ်သွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဂျစ်ကန်ကန်မျက်နှာပေးနှင့် ရပ်နေသော စူးမာကိုလည်းကောင်း၊ နဖူးပြင်တွင် ချက်ချင်းနီရဲကာ ဖူးဖူးယောင်လာသော အောင်တိုးဝင်းကိုလည်းကောင်း မှင်တက်မိသလို ငေးကြည့်နေကြလေသည်။


“ဘယ်လိုဖြစ်တာလဲ”


ဆရာက မေးသောအခါ စူးမာ ဘာဖြေရမည်မသိချေ။ အောင်တိုးဝင်းကလည်း မျက်လွှာချပြီး ငြိမ်နေသည်။ ကေသွယ်မြင့်ကလည်း ဘာမျှမသိသလို မှင်သေလှသည်။ သို့ရာတွင် တစ်ယောက်တစ်ပေါက်နှင့် စူးမာ အသားလွတ်ထပြီး လက်စွမ်းပြကြောင်း ပေါ်လာသည်။ အောင်တိုးဝင်းပြောသောစကားများကိုကား မည်သူမျှ အသေအချာမသိ။ သိအောင်လည်း စူးမာမပြောချင်။ ကေသွယ်မြင့်ကိုလည်း စိတ်တိုသည်။ အောင်တိုးဝင်းကိုလည်း စိတ်ဆိုးသည်။


အောင်တိုးဝင်းရော စူးမာပါ အဆူခံရလေသည်။ စူးမာက ကိုယ်ထိလက်ရောက် လက်စွမ်းပြသူဖြစ်၍ ပိုပြီးအဆူခံရသည်။ ထို့နောက် အရိုက်ခံရသည်။


စူးမာသည် စပ်ဖျဉ်းဖျဉ်းဖြစ်နေသော လက်ဖဝါးကို တင်းတင်းလေးဆုပ်ပြီး ကိုယ့်နေရာကိုယ် အေးဆေးစွာ ပြန်လာလေသည်။ မျက်နှာလေးငယ်ငယ်နှင့် စိတ်မကောင်းသလိုကြည့်နေသော သီတာအေးနှင့်ပင် မျက်လုံးချင်းမဆုံမိအောင် လွဲထားသည်။ ဣန္ဒြေမပျက်အောင် တင်းထားသည်။ မျက်ရည်မရစ်ဝဲအောင် ကြိုးစားပြီး ထိန်းနေမိသည်။ ကျောင်းဆင်းခေါင်းလောင်းထိုးသံ ကြားရသည်အထိ စူးမာသည် အသက်ပင်မရှုဘဲ အောင့်ထားမိသလို ရင်ထဲတွင်နာနေသည်။


"စူးမာ”


ကျောင်းဆင်းလျှင်ဆင်းချင်း ကိုတူးရောက်လာသည်။ စိုးရိမ်တကြီးဖြစ်နေသောမျက်နှာထားနှင့် အတန်းထဲသို့ ခပ်သွက်သွက် ဝင်လာလေသည်။ မျက်နှာလေးမှုန်နေသော စူးမာသည် ကိုတူး၏အသံကြားရသောအခါမှ ငိုချင်သလို အားငယ်လာလေသည်။


"စူးမာလေး နင်အရိုက်ခံရတယ်ဆို”


"အင်း” 


“ဘာဖြစ်လို့လဲ”


“ရန်ဖြစ်လို့"


"ဟင် နင့်ကို ဘယ်သူက ဘာလုပ်လို့လဲ”


“မလုပ်ပါဘူး။ စူးမာကသာ လုပ်တာ "


“နင်က ဘာလုပ်လို့လဲ”


“ကွန်ပါဘူးနဲ့ ပေါက်တာ “


"နင်ကလဲဟာ”


သူ့ကို စိတ်မကောင်းသလိုကြည့်နေသော ကိုတူးအား စူးမာသည် ငိုမဲ့မဲ့လေး ပြန်ကြည့်နေမိလေသည်။ စူးမာ ကျောင်းခန်းထဲတွင်ရန်ဖြစ်ကြောင်းကို မေမေသိလျှင်၊ ဖေဖေသိလျှင်၊ မမကြီးသိလျှင် .... စူးမာသည် ဝဲလှည့်တွေးရင်း စိတ်ရှုပ်ထွေးနေသည်။ နှစ်ထပ်ကွမ်း အဆူခံရရုံကလွဲ၍ စူးမာဘက်တွင် မည်သူမျှရှိမည်မဟုတ်ချေ။


“နင်ကလဲ တော်တော်စွာ၊ တော်တော်ဆိုး"


ကရုဏာဒေါသောလေးပြောသော ကိုတူး၏နှုတ်ခမ်းဖျားရှိ မှဲ့လေးကို ငေးကြည့်ရင်း အိမ်နီးချင်းအသစ်များပြောသော အငယ်လေးဆိုသူကို မဆီမဆိုင် အမှတ်ရလာမိလေသည်။


အပိုင်း(၃) ဆက်ရန်

မစန္ဒာ

No comments:

Post a Comment