Wednesday, July 13, 2022

ဦးခက်၊ ဒေါ်သက်နှင့် အရပ်ထဲက လူများအကြောင်း

 “သူတို့ လင်မယားလား၊ ခင်စရာကောင်းပါတယ်။ ဒါပေမဲ့ ယောက်ျားက ပိုသဘောကောင်းတယ် "


ဦးခက်နှင့်ဒေါ်သက်တို့လင်မယားကို အများက ထိုသို့ပင် ပြောတတ်သည်။ တချို့တလေကတော့ “မိန်းမကြီးကတော့ ခပ်ဆိုးဆိုးရယ်" ဟု ဖြည့်စွက်ပြောသည်။


ကိုထွေးကတော့ ဒေါ်သက်ကို ဆိုးသည်ဟု မထင်၊ သို့သော် ဦးခက်လောက် သ​ဘောမကောင်းသည်ကတော့ အမှန်ပင်။


“ဆိုးတယ် ကောင်းတယ် ဆိုတာ နှိုင်းယှဉ်ခြင်း မဟုတ်လား။ နို့နှစ်ရောင်ဟာ အဝါနှင့်ယှဉ်ရင် ဖြူနေပေမယ့် အဖြူဆွတ်ဆွတ်နဲ့ ယှဉ်ရင်တော့ ဝါသွားတာပေါ့၊ အင်းလေ ... ဦးခက်နဲ့ယှဉ်ရင်တော့ ဒေါ်သက်တင် မကပါဘူး၊ လူတော်တော်များများဟာ ဆိုးသွားကြမှာပါ"


ကိုထွေးက မကြာခဏ တွေးမိတတ်သည်။ ဒီရပ်ကွက်၊ ဒီလမ်းကလေးထဲသို့ သူရောက်လာသည်မှာ သုံးနှစ်နီးပါးခန့်ရှိပြီမို့ လမ်းထဲမှ ရပ်ကွက်ထဲမှ လူတွေအကြောင်းကို အတန်အသင့် တီးမိခေါက်မိနေပြီးဖြစ်သည်။

ဦးခက်တို့လင်မယားနှင့် ကိုထွေးက အခန်းချင်းကပ်လျက် ဖြစ်သည်။ နှစ်ဆယ့်လေးပေမျက်နှာစာရှိသော အိမ်ကို ကြားထဲမှ သုံးထပ်သားနံရံခြားကာ ဆယ့်နှစ်ပေစီ မျှပြီး ပိုင်းထားကြရသည်။ ကိုထွေးက လူပျိုကြီး တစ်ကိုယ်တည်း၊ ဦးခက်တို့ကလည်း ကလေးငယ်မရှိ။ ဒီတော့ သူတို့အခန်းလေးနှစ်ခန်းသည် ဆူဆူညံညံမရှိဘဲ ငြိမ်သက် အေးချမ်းသည်။ 


ထမင်းချိုင့်ဆွဲစားသော ကိုထွေးအတွက် ဒေါ်သက်က ပန်​ထွေ​ဖျော်၊ ငါးပိ​ထောင်း၊ ငရုတ်သီး​ကြော် စသည်များကိုသာမက တစ်ခါတရံလည်း သူတို့ချက်သော ဆီပြန်ဟင်းနှင့် ဟင်းချိုပူပူလေးများကိုပါ သတိတရ ပေးတတ်သည်။ စာတို​ပေစကလေးတွေ ​ရေး​သော ကိုထွေးကလည်း စာမူခရလျှင် ရသလို ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ပေါင်မုန့်၊ ကိတ်မုန့် စသည်များကို သူတို့အတွက် ဝယ်ခြမ်းလာတတ်သည်မို့ အိမ်နီးချင်းအသွင်မကတော့ဘဲ ဆွေမျိုးရင်းများသဖွယ် ခင်မင်ရင်းနှီးနေပြီး ဖြစ်သည်။ 


အစဉ်အမြဲ တပြုံးပြုံးနှင့် သဘောကောင်းလွန်းသော ဦးခက်၏အ​ကြောင်းကို သိသလို၊ တင်စီးသည် ကျောသည်ဟု ထင်လျှင် နည်းနည်းမျှ မခံချင်တတ်သော ဒေါ်သက်၏အကြောင်းကိုလည်း မသိမဖြစ် သိရလေသည်။


"သူ ကောင်းလွန်းလို့ ငါလူဆိုးဖြစ်နေတာ ကိုထွေးရဲ့” 


ဒေါ်သက်က ဆေးလိပ်ကလေး တ​ငေါ့​ငေါ့ ဖွာရင်း ပြောတတ်သည်။


"ဟုတ်တာ​ပေါ့"


ကိုထွေးက စိတ်ထဲမှ ကျိတ်၍ ထောက်ခံသည်။ “တစ်နေ့က ကိစွပဲ ကြည့်ပါလား" ဟု ပူပူနွေးနွေးကိစ္စကို သတိရသည်။


ဦးခက်ထံတွင် ဘီခြောက်ရာ လေးဘီးကားကလေး တစ်စီး ရှိသည်။ သူ ပင်စင်မယူမီက ရုံးမှမဲပေါက်ပြီး ဝယ်ခွင့်ရခဲ့ခြင်းဖြစ်သည်။ သူပင်စင်ယူတော့ ထိုကားလေးကို ကိုယ်တိုင်မောင်းကာ တက္ကစီ ဆွဲစားသည်။ တစ်ခါတစ်ရံလည်း ကိုတာရသော ဓာတ်ဆီဂါလန် အပိုကို ရောင်းစားကာ အိမ်တွင်ပင် သက်သက်သာသာ ထိုင်နေတတ်သည်။ မည်သို့ပင်ဆိုစေ ထိုကားကလေးနှင့် ထိုဓာတ်ဆီကလေးသည် ဦးခက်တို့ဆန်အိုးကို ဖြည့်တင်းပေးနေရသည်ကိုတော့ ကိုထွေး သာမက အားလုံးသိကြမည်ပင် ဖြစ်သည်။ 


ထိုသို့ သိသည့်ကြားထဲမှ သိသိကြီးနှင့် အိမ်​ရှေ့အိမ်မှ ဦးအုံးခင်က ဦးခက်ဆီမှ ဓာတ်ဆီကို မကြာခဏ တောင်းတတ်သည်။ 


"ဦးခက်ရေ... ကျွန်တော့ကားကလေး အသုံးများသွားလို့ဗျာ၊ ဓာတ်ဆီတစ်ဂါလန်လောက် ချေးပါဦး" "နက်ဖြန် ဓါတ်ဆီဆိုင်သွားစရာတောင် မကျန်တော့ဘူး။ တစ်ဂါလန်လောက် လုပ်ပါဦးဗျာ” စသည် စသည်ဖြင့် ပုံးကလေးဆွဲဆွဲပြီး ရောက်လာတတ်သည်မှာ ကိုထွေး သိသမျှပင် သုံးခါလောက် ရှိပြီ။ သူ မရှိခိုက် မသိခိုက် လာယူသွားသည်များလည်း ရှိလိမ့်မည်ဟု ထင်သည်။ သို့သော် ပြန်ပေးသည်ကိုတော့ တခါမျှ မတွေ့ရ။ 


ကိုယ့်ဟာကိုယ် မသေချာ၍ ဒေါ်သက်ကို တိုးတိုးကျိတ်ကျိတ် မေးကြည့်တော့ “ဓာတ်ဆီတစ်ဂါလန် အပြင်မှာ ဘယ်​စျေးပေါက်သလဲ နင်လဲသိပါတယ် ကိုထွေးရယ်၊ အဲဒီ ကိုအုံးခင်က ပိုပြီးတော့တောင် သိဦးမယ်။ ဒါကြောင့်လဲ လာလာ နှိုက်နေတာပေါ့၊ ချေးတယ် ​ချေးတယ်နဲ့ လူကြားကောင်းအောင်သာ အော်အော်သွားတာဟဲ့။ တစ်ခါဆိုတစ်ခါမှ ပြန်မရဖူးပါဘူး” ဟု စိတ်ပျက်လက်ပျက်ပြောသည်။


နောက်တစ်ခါ ဦးအုံးခင်က ပုံးကလေးဆွဲပြီး “ဦးခက်ရေ"ဟု လာခေါ်​တော့ ​ဒေါ်သက်က "ဓာတ်ဆီလား... ရောင်းစားဖို့ထားတာ တော်​ရေ၊  လိုချင်ရင် ပေါက်ဈေးပေးခဲ့”ဟု ဆီး၍ ပြောသည်။ 


ဦးအုံးခင်က "ခင်ဗျားကလဲ၊ လူကိုမြင်ရင် ဓာတ်ဆီလာချေးတယ် ထင်တော့တာကိုး၊ ဆိုင်မှာ အင်ဂျင်ဝိုင်တွေပေးနေပြီလို့ လာပြောတာပါဗျ” ဟု အရှက်ပြေ ပြောရင်း မအီမလည်နှင့် ပြန်သွားသည်။ 


ဦးခက်ကတော့ အားနာလွန်း အိပ်ခန်းထဲမှ မထွက်ရဲ။


“ဓာတ်ဆီလေးတစ်ဂါလန် ဘယ်လောက်များ တန်မှာမို့လဲ မိန်းမရယ်၊ အားနာစရာကောင်းလိုက်တာ" ဟု လေ​ပျော့လေးနှင့် ဆီးပြောတော့ ဒေါ်သက်က “ဘယ်ကလာ ဓာတ်ဆီလေး တစ်ဂါလန်ရမှာလဲ၊ ဓါတ်ဆီကြီး တစ်ဂါလန်ပါ၊ အဲဒီဓာတ်ဆီတစ်ဂါလန် ဘယ်လောက်တန်သလဲဆိုတာ ရှင်လဲသိ ကျွန်မလဲသိ၊ အဲဒီ ဦးအုန်းခင်လဲသိ တစ်တိုင်းလုံး တစ်ပြည်လုံးသိ" ဟု အိမ်ရှေ့အိမ်မှ ကြား​လောက်အောင် အသံကျယ်ကျယ်နှင့် ဟစ်သည်။


"ဘယ်သူ တရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ မသက်ရယ်” 


“အို ...ပျက်မှာပဲ၊ သဘောကောင်းတာကို အခွင့်အရေးယူပြီး တင်စီး​နေတဲ့ဟာကို"


"ဒါကတော့ မင်းက တင်စီးနေတယ်လို့ သ​ဘောထား​နေတာကိုး၊ ကူညီခွင့်ကြုံလို့ ကူညီရတယ်လို့ ဘာလို့ သဘောမထားနိုင်သလဲ"


“အမယ်လေးလေး ဦးမောင်မောင်ခက်ရယ်၊ ကူညီတယ် ဆိုတာ တခါနှစ်ခါပဲ ဖြစ်ရမှာပေါ့တော့။ ဒီလိုသာ အမြဲကူညီနေရရင်လေ ကျုပ်တို့မီးဖိုချောင်က ဆန်အိုးကြီး ဆန်ခပ်လိုက်တိုင်း ဂျလစ် ဂျလစ်နဲ့ မြည်နေရမှာကိုလည်း တွေးကြည့်စမ်းပါဦး”


"အင်း ဟုတ်တာပေါ့ "


ဦးခက်က ဘာမျှပြန်မပြောသော်လည်း တစ်ဖက်ခန်းမှ ကိုထွေးက ခေါင်းညိတ်ပြီး ထောက်ခံမိသည်။


“ထမင်းငတ်နေတဲ့သူ လာရင် လာခဲ့စမ်းပါ၊ ကိုယ်မစားဘဲ ကျွေးပါ့မယ်။ တကယ် ဒုက္ခရောက်နေရင်လည်း လာပါ။ မကူညီရင် မသက်တို့အပြစ်။ အခုတော့ ယောက်ျားတန်မဲ့ အုန်းဆံကြိုး​လောက် ရွှေဆွဲကြိုးကြီး လည်ပင်းမှာ ဆွဲထားပြီး သိန်းကျော်တန် ကိုယ်ပိုင်ကားကြီးလဲ စီးနေပြီး ကိုယ်အသုံးလိုလို့ ဓာတ်ဆီတစ်ဂါလန်လောက်ကို အပြင်စျေးနဲ့ မဝယ်နိုင်ဘူးလား။ မဝယ်နိုင်လို့ ချေးရင်​ကော ဘာကိစ္စ ပြန်မပေးနိုင်ရတာလဲ”


​ဒေါ်သက်က တဖျစ်တောက်တောက်နှင့် ဆက်၍ ပြောနေစဉ် ဦးခက်က ထီးကလေးဆွဲကာ အိမ်ပေါ်မှ ဆင်းသွားသည်။ ဈေးထိပ်က လက်ဖက်ရည်ဆိုင်တွင် နားအေးပါး​အေး သွားထိုင်တော့မည်ကို ကိုထွေး သိ​လေသည်။



​ဒေါ်သက်နှင့် ကတောက်ကဆတ်ဖြစ်တိုင်း ဦးခက်တစ်​​ယောက် လက်ဖက်ရည်ဆိုင်ထိုင်ပြီး စီးကရက်ဖွာတတ်သည်။ စီးကရက်သုံးလိပ်သောက် ဆက်တိုက် ဖွာပြီးလျှင်ကား ဘာမျှမဖြစ်သကဲ့သို့ အိမ်ကို အေးအေးဆေးဆေး ပြန်လာသည်။ 


တစ်ခါတစ်ရံ စံပယ်ပန်းသည်၊ ခရေပန်းသည်၊ ကံ့ကော်ပန်းသည်များကို လမ်းမှာ တွေ့ရလျှင် ​ဒေါ်သက်အတွက် ပန်းများ ဝယ်လာလေ့ရှိသည်။


"မသက်ရေ .... ရော့ မင်းပန်ဖို့" ဟု ပြုံးပြုံးကြီးပြောလျှင် စူပုပ်ပုပ်ဖြစ်​နေ​သော ​ဒေါ်သက်၏မျက်နှာသည်လည်း ​ပြေ​လျော့သွားတတ်လေသည်။


တစ်ခါတစ်ရံတော့လည်း ဒေါ်သက်နှင့်အပြိုင် ကိုထွေးပါရောပြီး ဒေါသဖြစ်ရသည်။ ဘာကိစ္စဖြစ်ဖြစ် သူ့မှာ ခံဘက်ကချည်း ခံနေရ​သောကြောင့် ဖြစ်လေသည်။ ဦးခက်နှင့်မို့ လက်ဖက်ရည်ဆိုင်မှာ တွေ့ လျှင် မည်သူမျှ လက်ဖက်ရည်ဖိုးပေးရန် မစဉ်းစားကြတော့ပေ။ အားလုံးအတွက် ရှင်းပေးရန်မှာ ဦးခက်၏ဘဝပေးတာဝန်ဟု သတ်မှတ်ထားကြဟန် ရှိသည်။ အများနှင့်အတူသွားသော ခရီးတွင် အလေးဆုံးပစ္စည်းကို သယ်ရန်မှာလည်း ဦးခက်၏ဘဝပေးတာဝန်ပင်ဖြစ်သည်။ သူ့အပေါင်းအသင်းများ ငွေလိုလျှင်လည်း အတိုးမပါဘဲ ငွေချေးရန်မှာ ဦးခက်၏ဘဝပေးတာဝန်ဖြစ်သလို ပြန်မဆပ်ပါကလည်း အဆုံးခံရန် တာဝန်ရှိ​လေသည်။ ဦးခက်သည် ကောင်းဖို့ရန်သာ မွေးဖွားလာသူဖြစ်၍ သူ့ကောင်းခြင်းအတွက် မည်သူကမျှလည်း အထူးတလည် ကျေးဇူးတင်ရန် မလို၊ အသိအမှတ်ပြုရန်မလို ဟူသော အနေအထားမျိုး ဖြစ်နေတော့ ဘေးမှနေပြီး ကိုထွေးက ဒေါသဖြစ်ရသည်။


“လူဆိုတာ ဘယ်လိုဟာတွေများပါလိမ့်၊ သဘောကောင်းတယ်ဆိုရင် အခွင့်အရေးတွေ ဖိပြီး ယူတော့တာပဲလား၊ တစ်နေ့ကလဲ တအိမ်​ကျော်က ဦးထွန်း​အောင်တို့လင်မယား ကြည့်ပါဦး။ ​စျေးထိပ်က​နေပြီး လက်ဖက်ရည်ဆိုင်က ထွက်လာတဲ့ ဦးခက်ကို လမ်းကြုံသယ်သွားပါ ဆိုပြီး ​စျေးခြင်း အ​လေးကြီး ​ပေးလိုက်တယ်။ ဦးခက်က မနိုင်မနင်းနဲ့ တယမ်းယမ်း ဆွဲလာရတယ်။ ​ဟော သူတို့လင်မယားက​တော့ ဘုရားပန်းစည်း​လေး တစည်းစီ ပိုက်ပြီး ​ပေါ့​ပေါ့ပါးပါး ပြန်လာလိုက်ကြတာ"


တ​နေ့တုန်းက အဖြစ်ကို စဥ်းစားပြီး ကို​ထွေးက အသစ်တဖန် ထပ်ပြီး ​ဒေါသဖြစ်ချင်လာသည်။ သူတို့လင်မယားအိမ်တွင် ခြင်း​တောင်း ချ​ပေးပြီး အိမ်ပြန်​ရောက်​တော့ ဦးခက် ပရုတ်ဆီပုလင်းရှာသည်။ ​ဒေါ်သက်ကို မလိမ်းခိုင်း​ရဲ​တော့ ကို​ထွေးဆီ ကူးလာပြီး "ငါ့​ကျောနဲ့ခါးကို ပရုတ်ဆီနည်းနည်း လိမ်း​ပေးစမ်းပါ ကို​ထွေးရာ"ဟု တိုးတိုး​ပြော​လေသည်။ 


ဦးခက်ကို ပရုတ်ဆီလိမ်း​ပေး​နေစဥ် ရယ်ရယ်​မော​မောနှင့် အိမ်​ရှေ့မှ ဖြတ်သွား​သော သူတို့လင်မယားကိုမြင်​တော့ ကို​ထွေးက ပါးစပ်အငြိမ်မ​နေနိုင်​တော့ဘဲ "ဪ ခင်ဗျားတို့လင်မယားက ကြည်နူးနေလိုက်ကြတာ၊ ဦးခက်ကြီးတော့ ခြင်းတောင်း အ​လေးကြီး ဆွဲခဲ့ရလို့ ခါးနာ​နေပြီဗျ" ဟု လှမ်း​အော်သည်။ 


"အို ဖြစ်မှဖြစ်ရလေ ဦးခက်ရယ်၊ ဆိုက်ကားငှားလိုက်ရင် နှစ်ကျပ်ပဲဟာ၊ အလကားနေရင်း ဆွဲသွားတော့ ကျွန်တော်လဲ အားနာလို့ ကြည့်နေလိုက်တာ"


ဦးထွန်းအောင်က စိတ်မကောင်းဟန်နှင့် အားနာခြင်းကြီးစွာ ပြောသည်။ ဒီတော့ ကိုထွေးလည်း ထောင်းခနဲဖြစ်သွားကာ ...

“ဟုတ်လား၊ ဦးထွန်းအောင်က သိပ်အားနာတတ်တာပဲနော်။ ကျွန်တော်လဲ အဲဒီလို အားနာတတ်ချင်လိုက်တာ၊ ဆိုက်ကားခ နှစ်ကျပ်လောက် သက်သာရင် နည်းတာ မှတ်လို့လား”ဟု ပြောပစ်လိုက်သည်။


ပညာတတ်လင်မယားကတော့ ရယ်ရယ်မောမောနနှင့် မကြားချင်ဟန်​ဆောင်သွားကြသည်။ 


"ခက်လိုက်တာ ကိုထွေးရာ၊ မင်းကလဲ မသက်လိုပါပဲလား၊ စိတ်​ကောင်းလေးတစ်ခု မွေးစမ်းပါဟ၊ မွေးစမ်းပါ "


သူ့ခါးကို သူ့လက်နှင့်နှိပ်နေသော ဦးခက်က သူတော်ကောင်းတရားကို ဟောနေသေးသည်။ ဒီတော့လည်း ကိုထွေးက ဆက်ပြောရင်လဲ အဆိုးပဲ ဖြစ်တော့မှာ၊ တော်ကြာ သူ့မိန်းမကြီးက ခပ်ဆိုးဆိုး အဆိုနဲ့တင် မပြီးဘဲ သူ့အခန်းဘေးက လူကလဲ ကောင်းတာမဟုတ်ဘူး ဆိုတာပါ ဆက်လာဦးမယ်ဟု မကျေမနပ်နှင့် စဉ်းစားနေမိလေသည်။


မည်သို့ပင်ဆိုစေ၊ ဦးခက်သဘောကောင်းသည်ကတော့ အမှန်ပင်။ ဒါကိုတော့ ကိုထွေးလက်ခံသည်။ စိတ်စေတနာကောင်းလှသော ဦးခက်တစ်ယောက် နေ့စဉ်နေ့တိုင်း ကုသိုလ်တွေရနေသည်မှာလည်း အမှန်ပင်။ သို့ပါသော်လည်း ဘေးမှနေပြီး ပါရမီဖြည့်ရသူ ဒေါ်သက် သာမက ကိုထွေးပါ ရောပြီး အကုသိုလ်တရားတွေ ပွားများနေရသည်က ခက်လှပါသည်။


“ဘာပဲဖြစ်ဖြစ်ပေါ့ ဒေါ်သက်ရယ်၊ သူ့ဟာသူတော့ စိတ်ချမ်းသာနေတာပဲဟာ၊ လွှတ်သာထားလိုက်”


ကိုထွေးက စိတ်ချဉ်ပေါက်ပြီး ပြောတော့ ဒေါ်သက်က ဆေးပေါ့လိပ်တိုလေးကို တ​ငေါ့​ငေါ့ ဖွာရင်း ပြုံးတတ်သည်။


"ဒါ​တောင် နင်သိတာ ဘာရှိဦးမှာလဲ ကိုထွေးရဲ့ ။ ငါတို့အိမ်ထောင်သက် အနှစ်နှစ်ဆယ်လောက်အတွင်းမှာ ဒါမျိုးတွေက ခဏ ခဏ ...."


ဆေးလိပ်မီးခိုးများကို ကြည့်ရင်း ဒေါ်သက်သည် ကုန်လွန်ခဲ့​သော ဆယ်စုနှစ်များကို ပြန်ပြောင်း စဉ်းစားနေသည်။


"တ​နေ့တုန်းက သူက ဘုရားဆုပန်ချင်တယ်တဲ့ ကိုထွေးရဲ့ သိလား။ အဲဒီနေ့ကစပြီး ငါလဲ ဘုရားမှာ နောက်နောင်ဘဝတွေမှာ သူနဲ့ မဆုံဆည်းပါရစေနဲ့တော့လို့ ကျိတ်ပြီး ဆုတောင်းနေမိတော့တာပဲ။ ငါက ယသော်ဓရာဒေဝီလို ပါရမီဖြည့်နိုင်မယ့်သူမှ မဟုတ်တာ၊ ဦးခက် ကတော် ဖြစ်ရတာတောင် စိတ်ပင်ပန်းလှပြီ၊ အကုသိုလ်တွေ များလှပြီ"


ဒေါ်သက်ပြောမှပင် ယသော်ဓရာ​ဒေဝီလောင်းလျားခမျာ ဘဝအဆက်ဆက် ပါရမီများကို မည်မျှ ကြိုးစား၍ ဖြည့်ဆည်းခဲ့ရရှာမည်ကို အသေအချာ တွေးကြည့်မိတော့သည်။ အထပ်ထပ်အံ့ဩပြီး ကြည်ညို ချီးကျူးမိတော့သည်။


"တစ်ခုတော့ သေချာတယ် ကိုထွေးရဲ့ "


ဒေါ်သက်က ဆေးပေါ့လိပ်တိုကလေးကို အိမ်ခါးပန်းတွင် ဖိ၍ ငြိမ်းသတ်ရင်း ခပ်ခြောက်ခြောက် ရယ်သည်။


"ငါလေ စိတ်ကူးထဲမှာ အစမ်းသေကြည့်မိတာ ခဏခဏပဲ။ ။ သူ အရင်သေမလား၊ ငါအရင်သေမလားတော့ မသိဘူးပေါ့။ ဒါပေမဲ့ သူ့မသာနဲ့ ငါ့မသာ၊ သူ့မသာမှာ ပိုပြီး လူစည်ကားမှာတော့ အသေအချာပဲ။ သူက ငါ့ထက်ပိုပြီး စိတ်စေတနာကောင်းတယ်။ နောက်ပြီး သူ ကူညီခဲ့ဖူးတဲ့လူတွေကလည်း အများကြီးလေ”


* * *


စိတ်ကူးထဲမှာ ခဏခဏ အစမ်းသေကြည့်သော ဒေါ်သက်တစ်ယောက် ဗြုန်းခနဲ တကယ်သေသွားတော့ ကိုထွေးခမျာ အကြီးအကျယ် တုန်လှုပ်သွားသည်။ သစ်သားခုတင်ကလေးပေါ်တွင် ဇာပဝါပါးပါး လွှမ်းထား


သော ဒေါ်သက်ကို ကြည့်ရင်း သေခြင်းတရား၏မြန်ဆန်ပုံကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။


"ညနေ ထမင်းပွဲပြင်နေရင်း မူးတယ် မူးတယ်ဆိုပြီး လဲသွားတာ တောက်လျှောက် အသက်ပါ ပါသွားတော့တာပါပဲဗျာ”


လာသမျှလူများကို ဦးခက်က မချိတင်ကဲ ပြောပြနေသည်။ ယောက်ျားတန်မဲ့ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျရှာသည်။


"တရားနဲ့ပါ ဦးခက်ရယ်၊ ဒီလမ်းကို တစ်နေ့သွားကြရမှာချည်းပဲ မဟုတ်လား”


ဦးအုံးခင်က ဦးခက်၏လက်မောင်းကို ညှစ်ကိုင်ကာ အားပေးသည်။


“ဒေါ်သက်ကြီးဟာ စိတ်ရင်းသိပ်ကောင်းတာ။ ပြောစရာရှိရင် ဟောဟောဒိုင်းဒိုင်းနဲ့၊ နောက်ပြီး ဘာကိုမှ အမှတ်ထားနေတာ မဟုတ်ဘူး” ဟု ဆက်ချီးကျူးသည်။


ဦးထွန်းအောင်တို့ လင်မယားကလည်း “ဦးခက်ကြီး လိုတဲ့အကူအညီပြောနော်” ဟု သုံးလေးခါ ထပ်ပြီး ပြောသည်။ 


လက်ဖက်ရည်ဆိုင် ထိုင်ဖော်ထိုင်ဖက်များက ပန်းခြင်းတစ်ခြင်းပို့သည်။ လမ်းထဲမှလူများက ပန်းခွေတစ်ခွေ ပို့သည်။ ဦးခက်၏ကားကြုံကို စောင့်ပြီး မြို့ ထဲလိုက်တတ်သော ခေါင်းရင်းအိမ်မှ ဒေါ်ထားထားက ဒေါ်သက်၏လက်ထဲသို့ သစ်ခွပန်းတစ်စည်း လာထည့်ပေးသည်။


“ဒီလိုကျတော့လဲ လူတွေက မဆိုးကြပါဘူး ဒေါ်သက်ရဲ့ " 


ကိုထွေးက ဒေါ်သက်ကို ခဏနှိုးပြီး ပြောပြချင်စိတ်ပင် ပေါက်လာသည်။


မျက်လုံးအစုံကို စုံမှိတ်ထားပြီဖြစ်သော ဒေါ်သက်ကတော့ ဘာကိုမျှလည်း မကြား၊ ဘာကိုမျှလည်း မမြင်တော့သည်မို့ တည်ငြိမ် အေးစက်လှသည်။ သူ့အနားသို့ တဝီဝီဝဲလာသော ယင်များကို ယပ်တောင်တစ်ချောင်းနှင့် ခြောက်မောင်းပေးနေသော ကိုထွေးကိုသာမက သူ့မျက်နှာပေါ်သို့ တရွရွတက်နေသည့် ပရွက်နီများကို သတိထားပြီး ဖယ်ရှားပေးနေသော ဦးခက်ကိုပါ လုံးဝဥပေက္ခာပြုထားလေသည်။


"ဒေါ်သက်ကြီးက တစ်နေရာရာကနေ စောင့်ပြီး ကြည့်ချင် ကြည့်နေမှာ၊ အဲဒါဆိုရင် လူတွေ စည်စည်ကားကား ဝင်ကြ ထွက်ကြနဲ့ဆိုတာ တွေ့သွားမှာပဲ၊ ကျေနပ်သွားမှာပဲ”


ကိုထွေးက တွေးနေမိသည်။ ဒေါ်သက်၏ နာမ်ခန္ဓာကလေးသည် လေထဲတွင် ဝဲလွင့်ကာ ထွက်မသွားသေးဘဲ မျက်နှာကျက်တွင်သော်လည်းကောင်း၊ နံရံတွင်သော်လည်းကောင်း၊ သူ့ခေါင်းရင်းက နှင်းဆီပန်းအိုးကလေးတွင် သော်လည်းကောင်း ငြိတွယ်နေလိမ့်ဦးမည်ဟု ထင်နေသည်။ သူ့ဆီသို့ ရောက်လာကြသူများကို တစ်ယောက် နှစ်ယောက် စသည်ဖြင့် ရေတွက်နေလိမ့်ဦးမည်ဟုလည်း ထင်နေမိသည်။


“သူ မရှိဘဲ ငါမနေချင်ဘူး ကိုထွေးရဲ့၊ ဒါကြောင့်မို့ သေချင်း သေရင် ငါအရင် သေရပါစေလို့ ခဏခဏ ဆုတောင်းမိတယ်။ ဒါပေမဲ့ ဆုတောင်း မပြည့်ဘူး”


ဦးခက်က တုန်ယင်လှိုက်လှဲစွာ ပြောသည်။


"သူက ပြောတတ်သေးတယ်။ သူ့မသာမှာ လူစည်ကားမှာ မဟုတ်ဘူးတဲ့။ ကြည့်စမ်း ကိုထွေးရယ်၊ လူတွေမှ အများကြီးပါကွာ”


ကိုထွေးကလည်း မျက်ရည်သုတ်ရင်း ခေါင်းညိတ် ထောက်ခံသည်။ ဒေါ်သက်၏အသုဘသည် သူထင်ခဲ့သလို မဟုတ်ဘဲ စည်စည်ကားကား ရှိသည်။ အသုဘရက် မတိုင်မီက သတင်းမေးလာသူ မစဲသလို အသုဘတွင်လည်း လိုက်ပါပို့ဆောင်သူ များလေသည်။


သို့သော် တစ်ခုတော့ထူးဆန်းသည်ဟု ကိုထွေးထင်သည်။ လိုက်ပို့သူများသည် သေသူဒေါ်သက်ကို သနားစရာကောင်းသည်ဟု မ​ပြောကြ​ပေ။


ကိုထွေး တစ်ချိန်လုံးကြားနေရသည်က "ဦးခက်ကြီး သနားပါတယ်" တဲ့။


သူတို့ကသာ သနားသော်လည်း ဦးခက်ကို  ​သေမင်းကတော့ သနားဟန် မတူပေ။ ဒေါ်သက်ဆုံးပြီး ငါးလခန့်နေတော့ ဦးခက် ဆုံးသည်။ ရုတ်တရက် ရင်ဘတ်ထဲတွင် အောင့်လာသောကြောင့်ဖြစ်သည်။ ကိုထွေးက ဆရာဝန်ပြေးခေါ်သေးသော်လည်း အသက်မမီတော့ပေ။ ဆရာဝန်က ဦးခက်၏မျက်ခွံကိုလှန်ကာ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်ပြီး ခေါင်းခါသော်လည်း ကိုထွေးသည် ဦးခက်သေပြီဟု မယုံကြည်နိုင်အောင် ဖြစ်နေသည်။


“အို..အိပ်နေတာထင်ပါရဲ့၊ ကြည့်ပါဦး၊ သူ့လက်တွေ နွေးနေတာပဲဟာ”


ကိုထွေးက ခွေခွေကလေး အိပ်နေဟန်ရှိသော ဦးခက်ကို အသာလှုပ်နှိုးကြည့်မိသည်။ ပုံးကလေးဆွဲကာ "ဦးခက်ရေ" ဟု ခေါ်ပြီး ရောက်လာသော ဦးအုံးခင်ကိုလည်း "ကြည့်ပါဦးဗျာ၊ လာစမ်းပါဦး၊ ဦးခက်ကြီး အိပ်နေတာလား မသိဘူး၊ နှိုးစမ်းပါဦး” ဟု ကယောင်ကတန်း ပြောနေမိသေးသည်။ 


ဦးအုံးခင်က“ဓာတ်ဆီလေး တစ်ဂါလန်လောက်" ဟု ပြောလျှင် ခါတိုင်းလိုပင် လူးလဲထပြီး ပိုက်ပျော့နှင့် စုပ်ထုတ်ပေးလိမ့်ဦးမည်။ နောက်ပြီးတော့“အင်း ...မသက်ရှိရင် စိတ်ဆိုးဦးမှာ” ဟု သူ့ကို ခပ်တိုးတိုး လာပြောလိမ့်ဦးမည်ဟု ထင်နေသေးသည်။


သို့သော်လည်း သည်တစ်ခါတော့ ဦးအုံးခင်ခမျာ ဓာတ်ဆီရမသွားရှာပေ။ ဓာတ်ဆီပုံးကြီးကို ပစ်ချကာ အိမ်ပြင်သို့ ခပ်မြန်မြန်ပြန် ထွက်သွားသည်။ လမ်းပေါ်တွင် လှုပ်ရှားသွားလာနေသူများကို လှမ်းပြီး

" ဦးခက်ဆုံးပြီတဲ့ ဦးခက်ဆုံးပြီတဲ့” ဟု သံပတ်ပေးထားသော အရုပ်တစ်ခုလို အော်ပြောနေသည်။


ခဏနေတော့ လမ်းထဲမှလူငယ်များ ရောက်လာကြသည်။ ဦးခက်ကို ရေချိုးခန်းထဲ မ,သွားကာ ရေချိုးပေးပြီး ဒေါ်သက် အလောင်း ပြင်ဖူးသော သစ်သားခုတင်လေးပေါ်တွင်ပင် တင်ပြီး ပြင်ကြ ဆင်ကြသည်။


ကိုထွေးက မြို့ထဲတွင်နေသော ဦးခက်၏တူဝမ်းကွဲ တူမဝမ်းကွဲများဆီသို့ ဖုန်းဆက်ကာ အကြောင်းကြားရသည်။ နာရီဝက်ခန့်တော့ သူတို့တစ်တွေ ရေးကြီးသုတ်ပျာ ရောက်လာကြသည်။ ခုတင်ပေါ် တွင် ပက်လက်ကလေး မြင်ရသော ဦးခက်ဘေးတွင် ရပ်ကာ ခေတ္တမျှ ငိုပြီးနောက် တူဝမ်းကွဲက မော်တော်ကားလိုင်စင်စာအုပ်ကို အရေးတကြီးရှာသည်။ တူမဝမ်းကွဲကတော့ အိပ်ခန်းထဲ တန်းဝင်ကာ ခုတင်အောက်မှ သံသေတ္တာကို မွှေလေသည်။ ထိုတူနှင့်တူမများက ဦးခက်တို့ဆီကို တစ်နှစ်နေလို့ တစ်ခေါက်ပင် မှန်မှန်ရောက်ကြသူများမဟုတ်တော့ လမ်းထဲကလူတွေ မပြောနှင့် အခန်းချင်းကပ်နေသော ကိုထွေးနှင့်ပင် ရင်းရင်းနှီးနှီးရှိသည် မဟုတ်ပေ။ သူတို့ကလည်း မည်သူ့ကိုမျှ အရေးမစိုက်နိုင်ဘဲ ဟိုရှာသည်ရှာနှင့် မျက်ကလဲဆန်ပျာဖြစ်နေတော့ ကိုထွေး အတော်စိတ်ညစ်သွားသည်။ ထို့ကြောင့် ဦးခက်ကို ခုတင်ပေါ်တွင် ပြင်ဆင်၍ ဇာပါးပါးနှင့်အုပ်ပေးပြီးသောအခါ ကိုယ့်အခန်းကိုယ် ပြန်နေတာပဲ ကောင်းမလားလို့ စဉ်းစားမိသည်။ သို့သော်လည်း ဦးခက်ကြီးကို တစ်ယောက်တည်း မထားခဲ့ရက်သောကြောင့် ခြေရင်းဘက်မှ ရပ်ကာ ကြေကြေကွဲကွဲ ကြည့်နေမိသည်။


ကိုထွေး အေးအေးနေတတ်သူမို့ အရပ်ထဲတွင် လူသိများလှသူ မဟုတ်ပေ။ သတင်းမေးရန် ဖြိုးဖြိုးဖြောက်ဖြောက် ရောက်လာသူများသည် မည်သူ့ကို ဦးတည်ပြီး စကားပြောရမည်မသိ ကြောင်တက်ဖြစ်ကြသည်။ ဦးအုံးခင်က ဝင်ပြီး ​ပြောဆိုဆက်ဆံ​သောအခါမှ အတန်ငယ် အဆင်​ပြေသွားသည်။ သို့​သော်လည်း ကြာကြာ​နေရန် မစဥ်းစားကြ​တော့ဘဲ ပြန်ရန်ဟန်ပြင်ကြသည်။ 


ဦးခက်၏ရင်ဘတ်ထဲတွင် ကောက်ကာငင်ကာ မခံနိုင်မရပ်နိုင်​ အောင့်လာသည်မှာ ဘာကြောင့်ပါလိမ့်ဟု တွေးရမှာထက် သူတို့ကျန်ခဲ့သောကားနှင့် အတွင်းပစ္စည်းများကို ဘယ်သူက ဆက်ခံရရှိသွားမည်နည်းဆိုသည်ကို ပိုပြီး စိတ်ဝင်စားနေကြသည်။ ပက်လက်ကလေး ပြင်ထား​​သော ဦးခက်ကို တစ်ချက်သာ လှမ်းကြည့်ကြပြီး အိမ်ရှေ့တွင်ရပ်ထားသော ဘီ​ခြောက်ရာလေးဘီးကားကလေးကိုတော့ အခါခါ ကြည့်ကြလေသည်။ ကားလေး၏တန်ဖိုးကို စိတ်ထဲမှ ဖြတ်ကြည့်နေကြသည်။


"သုံးရက်ထားမယ်တဲ့"


"ဒီလိုဆို အသုဘ သန်ဘက်ခါ​ပေါ့၊ ရုံးဖွင့်ရက်ကြီး ဖြစ်နေပြီ"


“ဟုတ်ပါရဲ့ ဗျာ၊ ပြန်လာပို့ဖို့ လွယ်ပါ့မလား”


“ကျွန်မတို့ကျောင်းမှာလဲ အစည်းအဝေးရှိမယ်ထင်တယ်"


"အိမ်လာ သတင်းမေးထားပြီပဲဗျာ တော်ရောပေါ့။ နောက်ပြီး ကိုယ့်သူမသိ၊ သူ့ကိုယ်မသိ"


သူတို့က အသုဘရှင်ဖြစ်သော တူနှင့်တူမကို ငဲ့ကြည့်ရင်း တီးတိုးပြောကြသည်။


"ဦးခက်ရဲ့ အသုဘကို ဦးခက်ရဲ့ မျက်နှာနဲ့ပဲ လိုက်ပြီးပို့ကြပါလားဗျာ"


ကို​ထွေး ရင်ထဲမှ တီးတိုးပြောနေမိသည်။ သို့သော်လည်း ဦးခက်က ​သေပြီမို့ ဦးခက်၏မျက်နှာကို ထောက်ထားရန် မည်သူကမျှ စဥ်းစားဟန်မတူ​ပေ။


ကို​ထွေးသည် ​ဒေါ်သက်တုန်းကလိုပင် ဦးခက်၏အနား ဝဲလာ​သော ယင်​ကောင်များကို ယပ်​တောင်တ​ချောင်းနှင့် ​စောင့်ပြီး ​မောင်း​ပေးသည်။ 


ဦးခက်ကြီးရဲ့ နာမ်ခန္ဓာ​လေးဟာ တခါတည်း လွတ်ရာကျွတ်ရာကို ဝဲလွင့်ပြီး ထွက်သွားပါ​စေ"ဟု ဆု​တောင်း​နေမိသည်။


သုံးရက်နေတော့ ဦးခက်ကို သင်္ဂြိုဟ်လေသည်။ စည်စည်ကားကား​တော့ မဟုတ်လှ။


ဦးအုံးခင်က "ရုံးမှာ အစည်းအဝေးရှိလို့"ဟု ပြောပြီး၊ ဦးထွန်းအောင်ကမူ“နက်ဖြန်တော့ မပို့ဖြစ်တော့ဘူး ကိုထွေးရေ၊ ကိစ္စလေးနည်းနည်းရှိလို့" ဟု ပြောသည်။ ဒေါ်ထားထားကလည်း "ကျောင်းမှာ

သင်ရိုးညွှန်းတမ်းညှိရမယ်တဲ့၊ ပို့ဖြစ်အောင်တော့ ကြိုးစားပြီး ပြန်လာမယ်"ဟု မတင်မကျ ပြောသွားသည်။ သို့သော် ပြန်လာသည်ကို မတွေ့ရ။ ထို့ကြောင့် ဦးခက်၏ အသုဘသည် ခပ်ခြောက်ခြောက်နှင့် ပြီးစီးသွားသည်။


ထုံးစံအတိုင်း အသုဘကားကို ခပ်သုတ်သုတ်မောင်း၊ သုသာန်​​ရောက်၊ ကားထဲမှအခေါင်းကို ခပ်သုတ်သုတ်ချ၊ မီးသင်္ဂြိုဟ်စက်ထဲ ခပ်သုတ်သုတ် ထိုးထည့်လိုက်ကာ ကျိုးကျိုးကျဲကျဲ လိုက်ပါပို့ဆောင်သူများလည်း တက်သုတ်ရိုက်ကာ ပြန်သွားလေသည်။


ဦးခက်ကို တစ်ယောက်တည်းထားခဲ့ကာ ချက်ချင်းပြန်မသွားချင်သေးသဖြင့် ကိုထွေးတစ်ယောက်သာ သုသာန်တွင် ကျန်ခဲ့သည်။ နောက်ထပ် အသုဘတစ်ခု ချက်ချင်းဆက်၍ ရောက်မလာသေးကြောင့် မီးသင်္ဂြိုဟ်စက်ရှေ့တွင် ခေတ္တခဏမျှ လူရှင်းနေသည်။


ကိုထွေးသည် ကျောက်နံရံရှေ့တွင် နွမ်းပျော့စွာ ရပ်ရင်း ဆိတ်တစ်ကောင် ဝါးစားနေသော ပန်းခွေကို ကြည့်ကာ မျက်ရည်ရစ်ဝဲနေသည်။ 


ထိုပန်း​ခွေက​လေးကို ပို့ထားသူမှာ ကိုထွေးဖြစ်သည်။ ဦးခက်အတွက် တစ်ခုတည်းသော ပန်း​ခွေလည်းဖြစ်သည်။ ပန်းခွေမှ ဦးခက် အသက် ၆၅ နှစ် ဟူသော စာတန်းကတော့ ပဲ့ပဲ့ရွဲ့ရွဲ့ဖြစ်နေပေပြီ။


"ဦးခက်က ကူညီတတ်လို့ သူ့မသာဟာ စည်မယ်ဆို ​ဒေါ်သက်ရဲ့၊ ခု​တော့ ဘယ်လိုဖြစ်တာလဲ"


ကိုထွေးက စိတ်ထဲမှ ပြောနေမိသည်။


“အသုဘပို့တယ်ဆိုတာ သေတဲ့လူအတွက်လား၊ အသက်ရှင်ကျန်တဲ့လူအတွက်လား ဟင်.……လူတွေဟာ ဒီလိုပဲလား”


တစ်စုံတစ်ယောက်က တစ်စုံတစ်ခုသော အဖြေကို ပေးစေချင်​နေသည်။ အ​ဖြေကိုလည်း ကြားချင်နေသည်။ ကိုထွေးသည် ငြင်းခုံချင်၊ ရန်ဖြစ်ချင်၊ ငြူစူချင်နေသည်။ ဦးခက်တို့၊ ဒေါ်သက်တို့ကများ သူ့နား အသာကပ်ကာ တစ်ခုခုတီးတိုးပြောလေမလားဟူသော အတွေးရူးနှင့် နားစွင့်ထားမိ​သော်လည်း ဘာသံကိုမျှ မကြားရချေ။


“လူတွေဟာ ဒီလိုပဲလား ဟင်..၊ ဒီလိုပဲလား"


ကိုထွေးက စိတ်ထဲမှ အဆက်မပြတ် ရေရွတ်နေမိသည်။ ထိုစဥ်တွင် နှင်းဆီပန်းတွေ ​ငွေပန်းတွေကို တလှုပ်လှုပ်ဝါးနေသော ဆိတ်သိုးကြီးက သူ့ကို ခပ်စွေစွေ လှမ်းကြည့်သည်။ ထို့နောက် "ပဲ ...ပဲ.." ဟု မှုန်တေတေနှင့် အော်လိုက်လေသည်။

မစန္ဒာ

အဏ္ဏဝါမဂ္ဂဇင်း၊ အမှတ်(၂)။


crd 👉 https://www.facebook.com/108529964142302/posts/133012345027397/

No comments:

Post a Comment