Tuesday, July 12, 2022

ငယ်သေးလို့

 



“ဖေဖေ… ဖေဖေ ခိုကလေးတစ်ကောင် ကျီးတွေလိုက်ထိုးလို့ အိမ်ထဲ ဝင်ပုန်းနေတယ် ဖေဖေ”

ဆန်စက် စာရေးကြီး ကိုထွန်းဖေသည် သူ့သမီးကလေး မာဝေ၏ အသံကြောင့် စာဖတ်ရာမှ လှမ်း၍ ကြည့်လိုက်မိသည်။ မိုးရေရွှဲရွှဲစိုနေသော ခိုငယ်ကလေးမှာ အမွေးအတောင် စုံကာ အပျံသင်ခါစ အရွယ်ကလေးပင် ဖြစ်သည်။ ဘေးအန္တရာယ်မှ ကြောက်ကြောက်လန့်လန့်နှင့် ပြေးမိပြေးရာ ပြေးဝင်လာဘိသကဲ့သို့ တံခါးကြားတွင် ကုပ်၍သာ နေသည်။ သူ့မျက်လုံးအစုံမှာတော့ ထိတ်လန့်စိုးရိမ်နေသလို မျက်ကလဲဆန်ပြာ ဖြစ်နေရှာသည်။ သူ့တစ်ကိုယ်လုံးမှာ အတော်မောဟိုက်နေသကဲ့သို့ သက်ပြင်းရှူနေသည်။

“ဖေဖေ ခိုကလေး သနားပါတယ်၊ သမီး မွေးထားမယ်နော်”

“မွေးထားလို့ ဘယ်ရမလဲ သမီးရဲ့၊ တော်တော်ကြာ ပျံသွားဦးမှာပေါ့”

“ဒီမှာ အစာကျွေးထားရင်ကော ပျံသွားဦးမှာလား”

“အစာကျွေးထားပေမယ့် သူက စားမှာ မဟုတ်ဘူး၊ သူ့အမေရှိရာ သူပြန်ချင်မှာပေါ့”

“သူ့အမေက ဘယ်မှာလဲဟင်”

“တစ်နေရာရာမှာ ရှိမှာပေါ့ကွယ် သမီးကလဲ”

ကိုထွန်းဖေက ခပ်ပြတ်ပြတ် ပြောလိုက်သည်တွင် မာဝေကလေးမှာ နောက်ထပ် စပ်စုရမှာ ခပ်ဆိုင်းဆိုင်း ဖြစ်သွားလေသည်။ သို့သော် သူ့စိတ်ထဲတွင် မကျေနပ်တာကလေးတွေ ကျန်ပါသေးသည်။

“ဖေဖေ သူ့ကို သူ့မေမေက လာမခေါ်တော့ဘူးလားဟင်၊ သူ့ကို ကျီးကန်းတွေက လိုက်ထိုးတာ ကြည့်နေသလား၊ ကျီးကန်းတွေကို ပြန်မကိုက်ဘူးလား၊ နောက်ပြီး နောက်ပြီး သူ ဒီလိုဖြစ်နေတာ သူ့အမေ ကြားအောင် အော်လည်း မငိုဘူးနော်၊ ဒါကြောင့် လာမခေါ်တာ ထင်ပါရဲ့”

မာဝေ၏စိတ်ကူးမှာ ရိုင်းလှသည်ဟု မဆိုသာချေ။ မာဝေကလေးမှာတော့ ကစားရင်း ရန်ဖြစ်သည်ပဲ ဖြစ်စေ၊ တစ်စုံတစ်ခု မတော်တဆ ထိခိုက် နာကျင်သည်ပဲ ဖြစ်စေ ကျီခနဲ အော်၍သာ ငိုတတ်သည်။

“ဟောသည်မှာ မေမေ သမီးကို လိုက်ချနေတယ်၊ ဟီး... ဟီး...ဟီး” ဟု ငိုသံကလေး ပေးလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အမေ မမြမေကိုယ်တိုင် မီးဖိုထဲက ဒေါင်းတည် မောင်းတည်နှင့် ပြေးထွက်လာရစမြဲ ဖြစ်ပေသည်။ ပါးစပ်ကလည်း အငြိမ်နေသည် မဟုတ်။

"ဟဲ့-သမီး... ဘယ်သူက လုပ်သလဲ၊ နင်တို့ ကလေးကို ဘာဖြစ်လို့ လုပ်သလဲ ဟင်၊ နင်တို့ကို ရိုက်ရမလား၊ တယ်လေ” ဟူသော စကားမျိုးကို တတွတ်တွတ် ရေရွတ်ရင်း သူ့သမီးကို ချော့၍ ခေါ်သွင်းသွားတတ်ပေသည်။ ဒီလို မဟုတ်သေးဘဲ မာဝေကလေး ချော်လဲသည် ဆိုပါစို့၊ သူ့အမေက စုတ်တသပ်သပ်နှင့် မဖြစ်စလောက် အနာကလေးကို ပါးစပ်ကလည်း မန်းကာမှုတ်ကာ ကျပ်ပူထိုး လက်ဝါးနှင့်ဖိ၍ ကြင်နာ ယုယစွာ ပြုလုပ် ကုသပေးစမြဲ ဖြစ်ပေသည်။

ယခု ခိုကလေးမှာတော့ မာဝေ၏အမြင်တွင် သူ့အမေ ခိုမကြီးက ပူတောင့်ပန်းပင် စောက်(စောင့်!)ရှောက် ခေါ်လာသည်ကို မတွေ့ရသဖြင့် ထူးဆန်းနေမိသည်။ ငါ့လိုသာဖြင့် မေမေကြားအောင် အော်ငိုမှာပဲဟု တွေးနေသလို ခိုကလေးကို တွေးကြည့်နေလေသည်။

ခိုငယ်သည် ဘေးအန္တရာယ် များပြားလွန်းသော အိမ်ပြင် မထွက်ရဲ၊ တံခါးရွက်ကြားတွင် ပု၍နေရာက အိမ်ထဲသို့ တစ်လှမ်းနှစ်လှမ်း လျှောက်လာလေသည်။

“ဖေဖေ ခုနေ ဖမ်းလိုက်ရင် ရမလား”

“သမီးဖမ်းလိုက်ရင် လန့်ပျံသွားမှာပေါ့၊ အပြင်ဘက် ရောက်တော့ ကျီးတွေက ဝိုင်းထိုးလိမ့်မယ်။ သူ့ဘာသာသူ နေပါစေ သမီးရယ်” ဟု ကိုထွန်းဖေက တောင်းပန်ထားရသည်။

မာဝေသည် ဖမ်းလည်း ဖမ်းချင်လျက် ပျံသွားမည်ကိုလည်း စိုးရိမ်သောကြောင့် မလှမ်းမကမ်းကသာ ထိုင်၍သာ ကြည့်နေရရှာသည်။ ကိုထွန်းဖေသည် သူ့သမီးကို ကြည့်ရင်း ပြုံးလိုက်မိသည်။ ခါတိုင်းဆိုလျှင် စာဖတ်နေသော ဖအေကို အမျိုးမျိုး မေးခွန်းတွေ ထုတ်၍ အနှောင့်အယှက်ပေးတတ်သည်။ ဖအေက နည်းနည်းလောက် ငေါက်လိုက်လျှင် ငိုကြီးချက်မနှင့် အလုပ်မအားသော အမေ့ထံ ပြေးကာ တိုင်တတ် တောတတ်သည်။ ဒီလိုနေရာက မအေ၏ အလုပ်ထဲကို ဝင်၍ရှုပ်သည်။

ယခုတော့ ခိုကလေးကိုသာ ဣန္ဒြေရရ ထိုင်၍ မျက်ခြည်မပြတ် ကြည့်နေသောကြောင့် အတော် နားချမ်းသာရလေသည်။

“ဖေဖေ- သူ ဘာမှ မစားရသေးဘူးနဲ့ တူတယ်နော်”

“ဆန်ကလေး နည်းနည်း ယူကျွေးကြည့်ပါလား သမီးရဲ့”

“ဆန်ကိုစားမှာမဟုတ်ဘူး ဖေဖေရဲ့၊ စပါးမှ သူတို့က ကြိုက်တာ၊ သမီးတို့ဖတ်စာအုပ်ထဲမှာတောင် ကြည့်ပါလား၊ ခိုကလေး စပါးစားနေသည်တဲ့- ဆန်ကို မစားဘူး”

သမီးငယ်က ဤကဲ့သို့ ချွဲချွဲပျစ်ပျစ်နှင့် ပြောလိုက်သောအခါ ကိုထွန်းဖေမှာ စာကို စိတ်မဝင်စားနိုင်တော့ဘဲ ဟက်ဟက်ပက်ပက် ရယ်မိလေသည်။

ဟုတ်ပေသည်။ ကိုထွန်းဖေ ကိုယ်တိုင် ဆန်တစ်ဆုပ် ယူ၍ ခိုကလေးရှေ့ ကြဲပေးလိုက်သည်ကိုမှ ခိုငယ်ကလေးက ကောက်ကာငင်ကာ မစား၊ သူ့ခမျာမှာ အမောမပြေ၊ အကြောက်မပြေသေး၍လား မသိ။ ထိုအခါ မာဝေက မျက်မြင်သက်သေပြ၍ အခိုင်အမာ စွပ်စွဲလိုက်ပြန်သည်။

“ကဲ ကြည့်ပါလား ဖေဖေရဲ့၊ ဆန်ကို သူမကြိုက်ဘဲ၊ ဖေဖေ စပါးယူခဲ့ပါနော်၊ ဖေဖေတို့စက်ထဲမှာ စပါးတွေရှိတယ် မဟုတ်လား”

ကိုထွန်းဖေက ခေါင်းညိတ်ပြလိုက်ရသည်။

ခိုကလေးသည် သူ့ကို အန္တရာယ်ဖြစ်နိုင်ဖွယ်ရာ အကြောင်းမမြင်သောကြောင့် တစ်စနှင့်တစ်စ ရဲတင်းလာပုံရသည်။ တောက်-တောက်-တောက်နှင့် တံခါးရွက်ကြားမှ ထွက်လျှောက်လာသည်။ မာဝေက ဖမ်းလိုက်တော့မည်ပြုသောအခါ ကြောက်ရွံ့-ကြောက်ရွံ့နှင့် တံခါးရွက်ကြားကို ပြန်ပြေးသည်။ ဤလိုနှယ်နှယ် ယဉ်ပါးလာခဲ့လေ၏။

နောက်တစ်နေ့ ရောက်သောအခါ ကိုထွန်းဖေက ဆန်စက်မှ စပါးစေ့တွေကို တကူးတက စက္ကူနှင့် ထုပ်ယူလာရသည်။ မာဝေသည် ဝမ်းသာအားရနှင့် စပါးစေ့တွေကို ခိုကလေးအား ကျွေးသည်။

ဤတစ်ခါတော့ ခိုကလေးက သူ့နှုတ်သီးကလေးနှင့် ကောက်ကာ- ကောက်ကာ စားလေသည်။ တစ်အိမ်လုံး ကုလားထိုင်အောက် စားပွဲအောက် ကြိုကြိုကြားကြား မှန်သမျှ ခိုကလေး ရောက်တော့သည်။ မကြာမကြာလည်း စာပွဲပေါ်သို့ ပျံတက်၍ ခေါင်းကလေး ငဲ့ကာ၊ လည်ကလေး စောင်းကာနှင့် ဟိုကြည့် သည်ကြည့် ကြည့်နေတတ်သောကြောင့် အိမ်မှာ အလှမွေးထားသော ကြက်တိန်ညင်ကလေးလို ဖြစ်နေလေ၏။

ရောက်စကသာ ကြောက်လန့်နေသေး၍ မာဝေ၏အဖမ်းကို မခံဝံ့သော်လည်း တဖြည်းဖြည်းနှင့် အကိုင်အတွယ် အပွတ်အသပ်ကို ခံနိုင်လောက်အောင် လက်ပွန်းတတီးဖြစ်လာတော့သည်။ မာဝေသည် ခိုကလေး ရောက်လာကတည်းက အတော်ကျေနပ်နေလေ၏။ အရိပ်တကြည့်ကြည့်နှင့် ခိုကလေး စားပုံ၊ သောက်ပုံ၊ လာပုံတို့ကိုသာ ဂရုစိုက်နေလေတော့သည်။

“မေမေ… ခိုကလေး သူ့အမေဆီ မပြန်တော့ဘူး ထင်ပါရဲ့နော်၊ သမီးတို့နဲ့ နေသွားတော့မှာပဲ၊ သမီးတို့ သိပ်ကံကောင်းတာပေါ့နော် မေမေ” ဟု သူ့အမေအား တတွတ်တွတ်နှင့် မေးလိုက် ပြောလိုက် ဖြစ်နေရှာတော့သည်။

တစ်နေ့သော် ကိုထွန်းဖေနှင့် မမြမေ ထမင်းစားနေဆဲ မာဝေ၏ အထိတ်တလန့် အော်ငိုလိုက်သံနှင့် တဒိုင်းဒိုင်း ပြေးလာသံကို ကြားလိုက်ရသည်။

“မေမေ… မေမေ… မေမေ ခိုကလေး ပျံသွားပြီ၊ မေမေ လိုက်ဖမ်းပေးပါ၊ လိုက်ဖမ်းပေးပါ၊ သမီးလေ သူ့ကို စပါးစေ့ကလေးတွေ ကျွေးနေရင်းက အိမ်အပြင်ဘက်ကို ပျံပြေးတယ်” ဟုဆိုရင်း ဝမ်းနည်းပန်းနည်း ငိုနေသဖြင့် မိခင်နှင့်ဖခင် နှစ်ဦးစလုံး မနည်း ချော့ကြရလေသည်။

“ပျံလည်း ပျံသွားပေစေပေါ့ သမီးရယ်... ၊ သမီးလည်း မေမေနဲ့ အတူတူ နေချင်တယ် မဟုတ်လား၊ ခိုကလေးလည်း သူ့အမေနဲ့ နေချင်မှာပေါ့၊ သနားပါတယ်”

“ဟင်- မေမေကလည်း ဟိုနေ့တုန်းက သူ့အမေကြီးက လာကယ်တာမှ မဟုတ်ဘဲ၊ အစာလည်း သမီးတို့ ကျွေးထားရတာ၊ သူ့အမေက လာကျွေးတာမှ မဟုတ်ဘဲ”

မာဝေသည် မကျေမချမ်းနိုင်နှင့် ဤစကားကိုသာ တတွတ်တွတ် ပြောနေတော့သည်။ သူ့အယူကတော့ ကျွေးမွေးစောင့်ရှောက် ကယ်တင်ထားချင်သောသူနှင့်သာ ခိုကလေးက တစ်သက်ပတ်လုံး နေသွားစေချင်သည်။ သို့သော် ခိုငယ်က သူ့အလိုကို မလိုက်ဘဲ သူသွားချင်ရာကို ထွက်သွားပေတော့သည်။ ညနေစောင်းလောက်အချိန်တွင် အိမ်ထဲသို့ ခိုကလေး ပြန်၍ဝင်လာသည်ကို တွေ့ရသောကြောင့် မမြမေသည် သူ့သမီးကို ဝမ်းသာအားရအောင် ခေါ်ပြလိုက်သည်။

မာဝေသည် သူ့မျက်မှောက်က ထွက်သွားသော ခိုငယ်ကလေးကို ပြန်တွေ့ရခြင်းကြောင့် အတော် ဝမ်းသာသွားမိသည်။ ဒီတစ်ခါတော့ ပြန်မသွားနိုင်အောင် ခြင်းတောင်းထဲ ထည့်ထားတော့မည်ဟု ခြင်းတောင်းကြီးတစ်ခု ယူလာသောကြောင့် မိခင်ဖြစ်သူက မနည်း တားထားလိုက်ရသည်။

“သမီးကို ခြင်းတောင်းထဲ ထည့်ထားရင် သမီး နေချင်ပါ့မလား၊ မထည့်ပါနဲ့ကွယ်”

”သမီးက သူ့လိုမှ တခြား ထွက်မသွားဘဲ မေမေရဲ့”

“ဒါကတော့ သမီးက မေမေနဲ့ အတူတူ နေရတာကိုးကွယ့်၊ မေမေနဲ့ သမီးကို ခွဲထားရင် သမီးလည်း ဒီခိုကလေးလို ပျံပြီး ထွက်ပြေးလာမှာပေါ့”

မာဝေသည် မမြမေ၏စကားကို စဉ်းစားမိ၍ ခိုကလေးအား အနှောင်အဖွဲ့မှ ချမ်းသာပေးလိုက်တော့သည်။ နောက်တစ်နေ့ကျသောအခါ ခိုကလေးသည် တစ်ဖန်ပြန်၍ ထွက်သွားပြန်လေသည်။ မာ​ဝေကား မနေ့ကလောက် ဝမ်းနည်းပူဆွေးခြင်းကား မဖြစ်တော့ပေ။

“စပါးစားချိန်ကျတော့ ပြန်လာမှာပေါ့ သမီးရယ်၊ အခု ခဏကလေး သူ့မေမေဆီကို သွားတာ သွားပါစေ” ဟု မမြမေ၏ ဖျောင်းဖျသော စကားကို သဘောတူသောကြောင့် ဖြစ်လေ၏။

ဤသို့ဖြင့် ခိုငယ်ကလေးသည် ပျံချင်သည့် အခါ ပျံထွက်သွား၍ လာချင်သည့်အခါ ပြန်၍ဝင်လာပြန်သည်။ ဤသို့သောအခါမှသာ မာဝေသည် ခိုကလေးကို သိမ်းထားသော စပါးစေ့များကို ပါးစပ်က ကြိမ်းမောင်း ရေရွတ်ရင်း ထုတ်ကျွေးရသည်။ သူ့စကားများကို အနားကပ် နားထောင်ပါမှ-

“နင်- သိပ်မိုက်တဲ့ ခိုကလေးပဲ၊ ဒီမှာ စပါးလည်း စားရတယ်၊ ရေလည်း သောက်ရတယ်၊ ကောင်းကောင်းမွန်မွန်လည်း နေရတယ်၊ ဒါတောင်မှ တခြားကို ထွက်သွားရသေးသလား” ဟူသော စကားပင် ဖြစ်လေ၏။

တစ်နေ့သော် ခိုငယ်ကလေး ပျံလာသည်တွင် အဖော်တစ်ကောင် အပိုပါ၍လာလေ၏။ ခိုငယ်ကလေးက ခါတိုင်းကဲ့သို့ အိမ်တွင်းသို့ ရဲရဲတင်းတင်း ဝင်လာဝံ့သော်လည်း သူ့အဖော်ကား ရဲရဲဝံ့ဝံ့ မရှိလှဘဲ လူ့အရိပ်အကဲကိုသာ ကြည့်ကာ အပြင် ဝရန်တာတွင်သာ နားနေသည်ကို တွေ့ ရသည်။

“မေမေ… မေမေ သူ့မေမေပါ ပါလာတယ်နော်၊ ဒါ သူ့မေမေလားဟင်”

“အေးပေါ့ကွယ်… ဒါ သူ့မေမေပေါ့” ဟု မမြမေ ပြီးစလွယ် ဖြေလိုက်သည့်တိုင်အောင် ပက်လက်ကုလားထိုင်နှင့် ဆေးပြင်းလိပ် မှိန်းနေသော ကိုထွန်းဖေမူကား သားအမိ နှစ်ယောက်စလုံးကို သိမ်းကျုံး၍ ကြည့်ရင်း ပြုံးလိုက်မိလေ၏။

ခိုကလေး၏အဖော်ကား အလုံးအထည်အားဖြင့်လည်း ထွားသည်။ အမွေး အတောင်တွေကလည်း ပွရောင်းရောင်း ဖြစ်သည်။ ထို့ထက် နှုတ်သီးနှင့် ဦးခေါင်းက ခိုငယ်ကလေးထက် သိသိသာသာ ကြီးထွားနေသောကြောင့် ထိုသတ္တဝါကလေးမှာ အဖို ဖြစ်ကြောင်း သတိထားလိုက်မိသဖြင့် ပြုံးလိုက်ခြင်း ဖြစ်သည်။

“မေမေ သူ့မေမေက သမီးတို့ကို ကြောက်တယ် ထင်ပါရဲ့နော်၊ အိမ်ထဲကို မဝင်ဘူး၊ သမီးတို့ခိုကလေး စပါးစားနေတာကို အပြင်ဘက်က ကြည့်နေတယ်၊ ဟော... ဟော ဟော၊ ကြည့်စမ်း မေမေ- ကြည့်စမ်း၊ သူ့အမေကို သူက စားလှည့်ပါလို့ ခေါ်နေတယ်”

ဟုတ်ပါပေသည်။ ခိုငယ်ကလေးသည် မမြမေတို့ ကျွေးထားသော စပါးတွေကို တစ်စေ့စီ ကောက်စားရင်းက မျိုမကျနိုင်အောင် သူ့အဖော်ကို လှည့်ကြည့်- လှည့်ကြည့်နှင့် တကူကူး အသံပြုကာ ဖိတ်ခေါ်နေဟန် ရှိသည်။ သို့သော် အပြင်ဘက်က ခိုကလေးကား အိမ်ထဲသို့ ခုန်ဆွ ခုန်ဆွနှင့် တကူးကူး ပြန်မြည်နေလေသည်။

သဘောကတော့ ခိုငယ်ကလေးသည် သူ့ချစ်သူကို ခေါ်လာ၍ စားစရာကို ကျွေး၏။ သို့သော် သူ့ချစ်သူကား လူတွေ၏မေတ္တာကို မယုံ၍ ကြောက်လန့်နေပုံရသည်။ ထို့ထက်လွန်၍ လူတွေကို မယုံကြောင်း တတွတ်တွတ် သတိပေးနေသလားမှ မသိ။ သူ့အဖော်ကို အပြင်ဘက်က ခေါ်၍သာ နေလေသည်။ ကြာသော် မာဝေ့ ခိုကလေးမှာ ဖြောင့်ဖြောင့်တန်းတန်းမှ မစားနိုင်ရှာတော့၊ သူ့အဖော် ပျံထွက်သွားရာသို့ ထက်ကြပ်မကွာ လိုက်ပါသွားရှာလေတော့သည်။

”ပြန်ထွက်သွားပြန်ပြီ မေမေ၊ သိပ်မိုက်တဲ့ ခိုကလေးပဲနော်” ဟု မာဝေက ဝမ်းနည်းပန်းနည်း အပြစ်တင်လိုက်သည်။ မာဝေက အပြစ်တင်မည် ဆိုလျှင်လည်း တင်ထိုက်ပါပေသည်။ ထိုနေ့မှစ၍ ခါတိုင်းလိုမှ တစ်ခေါက်တစ်ကျင်း ပျံလာဖော်မရဘဲ ခိုကလေးသည် ဘယ်ထိအောင် ချစ်သူ၏ ခေါ်ဆောင် ပျံသန်းရာသို့ လိုက်ပါသွားရှာသည် မသိ။ ပြန်၍ မပေါ်လာတော့ချေ။

“သိပ်မိုက်တဲ့ ခိုကလေးပဲနော် မေမေ၊ အခု ပြန်မလာတော့ဘူး...”

မာ‌ဝေက သူ့အမေ၏ရင်ခွင်ထဲ ခေါင်းတိုးကာ မျက်ရည် လည်ရွှဲနှင့် ဝမ်းနည်း ပန်းနည်း ပြောသံကို စာရေးကြီး ကိုထွန်းဖေက ကြားသောအခါ ဘာအကြောင်းကြောင့် မသိ၊ သက်မတစ်လုံး ချလိုက်မိသည်။ ပါးစပ်မှ လွတ်ထွက်တော့မည့်ဆဲဆဲ စကားတစ်လုံးကို မနည်း မျိုချလိုက်ရလေသည်။

ဘယ်သူမှ မကြားလိုက်သော ဦးထွန်းဖေ၏ စကားကား  ...

“အင်း ... ငါ့သမီးလည်း ငယ်သေးလို့ လိမ္မာနေတာပါကွာ”


သုခ
သုခဝတ္ထုတိုများ
ဆဋ္ဌမအကြိမ်၊ ၁၉၉၆၊ ဇန်နဝါရီ၊ ပါရမီစာပေ။
(စာမျက်နှာ ၂၉၀-၂၉၄)

No comments:

Post a Comment