မြောက်ဘက်ကုန်းမြေမြင့်မှ လေအေးများ စတင်တိုက်ခတ်စပြုလာလေသည်။ စူးရှသောမြောက်လေအေးနှင့်အတူ နှင်းမှုန်များသည်လည်း လေတွင် ပျံဝဲလာကြလေသည်။
ကိုဝဏ္ဏယာခင်းမှ ဂျုံပင်များသည် ခေါင်းမော်၍ ငွေနှင်းမှုန်တို့ကို နှုတ်ဆက်၍နေသည်။ ဦးခွန်နောင်လယ်ထဲတွင်မူ စပါးနှံများသည် စိမ်းရောင်ဖျော့၍ ဝါရောင်သမ်းလာသည်။ မနက်ခင်းနေရောင်တွင် ငွေပွင့်များလို ယာခင်းများပေါ်သို့ နှင်းစက်များ ကျလာကြသည်။
တောင်တန်းညိုကြီးသည် မြောက်ဖက်တွင် ငြိမ်သက်၍ ယာခင်းများကို ငေးမောနေပုံရ၏။ တောင်ထိပ်များသည် နှင်းပွင့်များထွေးနေ၍ အဖိုးအိုကြီးနှင့်တူနေ၏။
အမှန်မှာ တောင်တန်းကြီးသည် အိုမင်းလှပေပြီ။ တောင်ခြေရင်းမှ ပတ်၍စီးသွားသော ချောင်းငယ်ပင် တောင်တန်းကြီးထက် နုပျိုပေသေးသည်။ အိုမင်းရင့်ရော်လာသည်နှင့်အမျှ ညိုမွဲမွဲကြီးဖြစ်သည်။ တောင်ခြေယာခင်းများတွင် စပါးပင်နှင့် ဂျုံပင်လေးများ ရင့်သန်နုထွားလာကြပုံ၊ သီးနှံခိုင်များနှင့် ပြည့်ဖြိုး၍ နွေဘက်သို့ရောက်လာချိန် နီးလာသည်နှင့်တစ်ပြိုင်နက် တဖြည်းဖြည်း ရင့်ရော်ခြောက်သွေ့သွားကာ ဇာတ်သိမ်းသွားကြပုံအဖြစ်များကို စောင့်၍ကြည့်နေပုံရသည်။ တစ်ခါတစ်ရံ လေပြင်းစွာ တိုက်ခတ်လာလျှင် တောင်တန်းပေါ်မှ သစ်ပင်များကို လေခတ်သံမှာ ဘဝကို ကြာမြင့်၍ ညည်းညူနေဟန် ပေါက်၍နေလေသည်။
ချောင်းတစ်ဖက်တွင် ဖောက်လုပ်ထားသော လမ်းမကြီးမှာ ချောင်းလေးနှင့်အတူ မိုင်းငေါသို့ ရှေ့ရှု၍ သွားနေသည်။ လမ်းခွဲလေးတစ်ခုမှ ကိုဝဏ္ဏတို့ယာတောသို့ သွားရ၏။ ကိုဝဏ္ဏယာခင်းသည် တောင်ခြေမှမဝေး၍ ချောင်းရေစီးသံကို ကြားနေရသည်။
ဘိုးဘွားများလက်ထက်မှစ၍ စိုက်ပျိုးလာသော ယာခင်းများမှာ တစ်ခါမှ အခြေအနေမပြောင်းလဲခဲ့ပေ။ ဦးခွန်နောင် စပါးခင်းများကလည်း ဖြစ်မြောက်လှသည် မရှိ။ ကိုဝဏ္ဏအဘိုးများသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အမြောက်အမြား စိုက်လေ့မရှိသော ဂျုံကို သူတို့ယာတောတွင် စိုက်ပျိုးခဲ့လေသည်။ မိုးတွင်းမှာမူ အာလူးကို စိုက်ပျိုး၏။
ဘာမှမပြောင်းလဲခဲ့ဘူး ဆိုသော်လည်း ကိုဝဏ္ဏယာတဲ၏အနောက်ဘက် တောင်ကုန်းမြင့်လေးမှာမူ ပြောင်းလဲခဲ့၏။ ယခင်က အမေနှင့်အဘိုးတို့လက်ထက်က မြေစိုက်တဲအိမ်ကြီးသည် ကုန်းမြင့်ပေါ်တွင် ထင်ထင်ရှားရှားရှိခဲ့၏။ နွားတင်းကုပ်နှင့် ဝက်ခြံမှာ တဲ၏တောင်ဘက်တွင်ရှိလျက် မြင်းဇောင်းနှင့်ကြက်ခြံမှာ တဲ၏မြောက်ဘက်တွင် ရှိလေသည်။
ယခုတော့ တဲကြီးနေရာတွင် လေးထောင်ကျောက်တုံးအိမ်လေးမှာ ယာခင်း၏အပြောင်းအလဲ အထိမ်းအမှတ်သဖွယ် တည်ငြိမ်၍နေသည်။
အိမ်သည် ကျောက်တုံးအရိုင်းများကို အင်္ဂတေနှင့် တွဲဆောက်ထား၍ အထဲတွင် အအေးဓာတ် အဝင်နည်းကာ ထွေးထွေးနွေးနွေး ရှိလေသည်။ ဆောင်းလယ်အရောက်တွင်မူ အိမ်လယ်တွင် မီးလှုံရန် မီးလင်းဖိုကို လုပ်၍ထားရသည်။ အိမ်သည် ခိုင်ခံ့သည်ကလွဲ၍ လှလည်းမလှ၊ အချိုးအစားလည်း မကျပေ။
တောင်တန်းကြီးသည် ယာခင်းရှင်တို့အကြောင်း မှတ်သားထားသည့်မှတ်တမ်းတွင် ထိုကျောက်တုံးအိမ်၊ ကိုဝဏ္ဏနှင့် စိမ်းတို့အကြောင်းသည် ထုံးစံအတိုင်း ပါဝင်နေပေလိမ့်မည်။
အမှန်လည်း ကိုဝဏ္ဏသည် စိမ်းနှင့်တွေ့ခဲ့ရခြင်းအကြောင်းသည် ပုံပြင်တစ်ခုပင် ဖြစ်လိုက်ပါတော့ဟူ၍ ဆုတောင်းမိ၏။ သို့သော် အထင်အရှားကျန်ရစ်နေသော စိမ်းလက်ရာ ခြေရာများသည် ပုံတစ်ခုမဟုတ်ကြောင်း ဖော်ပြနေသည်။
နန်းတော်ရာ၏အုတ်ကျိုးအုတ်ပဲ့ကို တူးဖော်တိုင်း ရာဇဝင်အထောက်အထားသည် ထင်ရှား၍လာ၏။ စိမ်းလက်ရာများမှာမူ နန်းတော်လို အိုမင်းဆွေးမြည့်၍ မသွားသေးပေ။ စားပွဲပေါ်တွင် စာအုပ်သည် စိမ်းစီ၍ထားခဲ့သလို ရှိသေး၏။ အဝတ်အစားများမှာလည်း သစ်သားတန်းပေါ်တွင် အချိုးတကျ ခေါက်လျက်ပင် ရှိသေးသည်။ ကလေးများသည်လည်း သူတို့ဖိနပ်ကြမ်းလေးများကို စိမ်းညွှန်ကြားချက်အတိုင်း အခန်းထောင့် စင်ပေါ်တွင် စီ၍ ထားကြသည်။ တဲကြီးတုန်းကလို အဝတ်တန်းများသည် အိမ်ထဲတွင် ရှုပ်ယှက်ခတ်၍မနေတော့ပေ။ မီးလင်းဖိုဘေးတွင် သစ်သားခုံများသည် ကြမ်းပေမယ့် မီးလှုံရန် ပတ်လည်ဝိုင်း၍ သေသေသပ်သပ် ချထား၏။
ဤအကြောင်းအရာများသည် မပျောက်ကွယ်သမျှ စိမ်းလာရောက်သည့်အကြောင်းမှာလည်း ပုံအဖြစ်သို့ မပြောင်းလဲနိုင်ပေ။
တစ်အိမ်လုံးရှိကလေးများကမူ စိမ်းကို တန်ခိုးတော်ရှင်နတ်သမီးလို တမ်းတလွမ်းဆွတ်ကြ၏။ သူတို့၏သိုးမွေးဆွယ်တာများမှာလည်း စိမ်း ထိုးပေးခဲ့သည်ဖြစ်၍ မေ့၍မရနိုင်ကြတော့ပေ။
ကိုဝဏ္ဏသည် သူ့အခန်းထောင့်မှ ဖိနပ်များကို ကြည့်လိုက်၏။ ဖိနပ်များသည် ဟောင်းနေသော်လည်း ဖုန်မရှိပေ။ ဖိနပ်များပေါ်တွင် ပုဆိုးကြမ်းအဟောင်းတစ်ထည်ကို ဖုံး၍ထားလေ၏။ သူ့ကိုယ်တွင်ဝတ်ထားသော ဆွယ်တာမှာလည်း စိမ်းကိုယ်တိုင် ထိုးပေးခဲ့သည်။ စိမ်း၏ရင်ငွေ့နှင့် ထွေး၍ထွေး၍ ထားသလို ဆွယ်တာမှာ နွေးနွေးထွေးထွေးရှိပေသည်။
တစ်ခါတစ်ရံ လူကြမ်းကြီးဘဝမှ ကဗျာဆန်ခဲ့ပုံများ တွေး၍ရှက်မိသေးသည်။ ချယ်ရီပွင့်များကိုခူး၍ စိမ်းအတွက် မွေ့ရာလုပ်ပေးချင်သည်။ သန့်စင်ပွင့်ဖတ်ဖြင့် ဆောင်းအခါတွင် စိမ်းခြုံဖို့ စောင်ကလေးကိုလည်း ရက်လိုက်ချင်သည်။ ဆောင်း၏နှင်းမှုန်များအား ခြယ်လှယ်၍ ရပါလျှင်လည်း ငွေဇာပြင်လုံချည်ကို စိမ်းအတွက် ရက်လိုက်ချင်ပါ၏။
တကယ်တော့ အတွေးနောက်သို့ လက်မပါနိုင်ပါပေ။ တတ်နိုင်သမျှတော့ စိမ်းလက်ရာများ အိမ်ထဲတွင် မပျောက်အောင် သူကကြိုးစား၏။ သို့သော် စိမ်းထားခဲ့သည့်အတိုင်း မရှိသောအရာများမှာ သူ့ခုတင်ဘေးရှိ စားပွဲပေါ်မှ ပန်းအိုးဖြစ်၏။ ပန်းအိုးထဲရှိ သန့်စင်ပန်းများသည် စိမ်းရှိစဉ်ကလို မဟုတ်၊ ညှိုးလျော်ခြောက်သွေ့၍နေကြသည်။ အကယ်၍ သန့်စင်ပန်းသည် အမြဲသာ လန်းဆန်းနေနိုင်ပါလျှင်လည်း ကိုဝဏ္ဏသည် အစဉ်ပင် လန်း၍နေစေချင်သည်။ တစ်အိမ်လုံးတွင် စိမ်း၏လက်ရာများသည် အားလုံးထင်၍ ကျန်ရစ်စေချင်သည်။ အထူးသဖြင့် သူ့အခန်းတွင် ဘာမှ မပြောင်းလဲစေလိုပေ။
တစ်နေ့သောအခါ စိမ်းပြန်လာလျှင် “ကိုယ့်အခန်းထဲမှာလေ စိမ်းလက်ရာတွေ ဘာမှ မပျက်ဘူး”ဟူ၍ ဆီးကြိုကာ ပြောလိုက်ချင်သည်။
သို့သော် အမြဲမျှော်လင့်နေရသော မရွှေစိမ်းက ပြန်၍လာပါမည်လား။
နောက်ဆုံးတွေ့ရချိန်ကမူ စိမ်း ပြောပုံဆိုပုံ အမူအရာများသည် ပြတ်တောင်းတင်းမာလွန်းလှ၏။ ထိုအချိန်ကို ပြန်၍တွေးမိလျှင် ကိုဝဏ္ဏသည် မျှော်လင့်ခြင်း လုံးဝကင်းသွားကာ ရင်ထဲတွင် ဟာ၍ သွားပြန်သည်။
စိမ်းနှင့်မတွေ့ခင်က အိပ်မပျော်ခဲ့လျှင် တစ်မျိုးဟာ၍ ဘာလုပ်ရမှန်းမသိခဲ့ပေ။ ယခု စိမ်းမရှိသော်လည်း စိမ်း၏အကြောင်းများသည် သူနှင့်အတူ နေရစ်၏။ အတူနေခဲ့စဉ်က စိမ်း၏လှုပ်ရှားပုံတို့ကို ပြန်လည်တွေးတောရသည်က အရသာတစ်ခုပင်။ ယခုလို ညဉ့်နက်အောင် ထိုင်နေချိန်တွင် သူ့အတွက် တွေးစရာတစ်ခုကို ထားခဲ့သော စိမ်းအား ကျေးဇူးတင်မိသည်။
သူသည် ပြတင်းနားသို့ ထသွားကာ ခန်းဆီးပိတ်ကြမ်းကလေးကို ဆွဲလိုက်၏။ မှန်ပြတင်းအပြင်တွင် ဟင်းသီးဟင်းရွက်ပင်များသည် နှင်းများနှင့် ရွှဲရွှဲစိုနေသည်။ ခြံဝင်းဝတွင်မူ ချယ်ရီပင်နှစ်ပင်သည် ခပ်ဖြည်းဖြည်း နွဲ့နေကြသည်။ တစ်ခါတုန်းက ဤချယ်ရီပင်အောက်တွင် စိမ်းသည် ယာတောအကြောင်းကို ပြောခဲ့သေး၏။ ယခုတော့ စိမ်းသည် ယာတောကိုပါ စွန့်ခဲ့သည်။
* * *
စိမ်း ယာတောသို့ ရောက်သည့်အကြောင်းက ဝတ္ထုဆန်လှသည်။ စိတ်ကူးယဉ်ဝတ္ထုလိုပင် ယုံကြည်ရခက်ပေမယ့် တကယ်တော့ ရောက်ခဲ့လေသည်။
ကိုဝဏ္ဏ ညီမလေး မခမ်းလုံကမူ မိုးများရွာနေစဉ် စိမ်းသည် မိုးရေစက်များနှင့်အတူ ကောင်းကင်မှကျလာသည်ဟု ပြော၏။ သူ့မောင်လေးတွေကလည်း မခမ်းလုံပြောသည်ကို ယုံကြည်ကြပေသည်။ အထူးသဖြင့် မောင်အလတ် တိုးကြီးက ပို၍ယုံ၏။ ယခုတော့လည်း ပုံပြင်တစ်ခုလို ကျန်ရစ်ခဲ့ရသည်ကို ကိုဝဏ္ဏ ရင်နာလှပေသည်။
စိမ်းရောက်လာသောနေ့သည် မိုးသည်းသောနေ့တစ်နေ့ဖြစ်၏။ ကိုဝဏ္ဏတို့ယာတောသည် မိုင်းငေါမြို့သွားရာ လမ်းဘေးတွင် ရှိလေသည်။ သူတို့ယာတောဘေးကို ဖြတ်၍စီးသော ချောင်းငယ်များမှာ မိုင်းငေါ့မြို့ကိုပတ်၍ သွားလေသည်။
မိုးကျလာသည်ဆိုသော်လည်း ရှမ်းပြည်မြောက်ပိုင်း သူတို့နေရာတွင် မိုးသည်းထန်စွာ မရွာသေးပေ။
ယခုတစ်ခါမူ ခါတိုင်းရွာနေကျထက် ရေပို၍ပါသည်ဟု ဆိုရပေမည်။ ကိုဝဏ္ဏနှင့်အဖော်တစ်စုမှာ မိုးကြောင့် ပျော်ရွှင်၍လာကြ၏။ မြင်းကိုယ်စီနှင့် ကျောက်မဲမှစ၍ ထွက်လာကတည်းက မိုးမိလာကြလေသည်။
သူတို့ယာတောများသည် ချောင်းငယ်ကို အမှီပြုနေရ၍ ယခုလို မိုးကောင်းလျှင်လည်း အာလူးခင်းများအတွက် အားတက်စရာပင် ဖြစ်လေသည်။ လမ်းဘေးရှိသစ်ပင်များကို လေတိုးသံနှင့် မိုးသံမှာ ဆူညံနေသည်။ သူတို့ရှေ့မှ ကားတစ်စီးလာသံကိုပင် မကြားရပေ။ လမ်းထောင့်ချိုးတွင် အရှိန်နှင့်ကွေ့လိုက်သောကားကြောင့် သူတို့မြင်းများသည် ဖရိုဖရဲ ဖြစ်သွားကြသည်။ သို့သော် ကားမှာ တစ်စုံတစ်ခု အရင်လိုလာသလို ရပ်တန့်ခြင်းမရှိဘဲ အပြင်းပင် ဆက်၍မောင်းသွားတော့သည်။ သူတို့လူစုသည် ကားကိုရပ်၍ ကြည့်နေကြသည်။
“တစ်ခုခုတော့ တစ်ခုခုပဲ ထင်တယ်။ မောင်းပုံ ကြမ်းလိုက်တာနော်”
ကိုဝဏ္ဏသည် မြင်းကို စ၍မောင်းရင်း ပြော၏။ သူ့နောက်မှ ဦးခွန်နောင်သည် တစ်စုံတစ်ခုကို သွား၍သတိရသလို မျက်စိမျက်နှာပျက်သွားပြန်သည်။
“မောင်ဝဏ္ဏရေ ဓားပြတွေလား မသိ၊ ငါ ကျောက်မဲမှာ ကြားခဲ့တယ်။ သိန္နီနဲ့ကွတ်ခိုင်သွားတဲ့လမ်းမှာ ရှမ်းစော်ဘွားလူစုကို ဓားပြတွေ လမ်းကဖြတ်တိုက်လို့ ရှမ်းစော်ဘွားတစ်ယောက် သေသွားတယ်။ သူတို့လက်ထဲမှာလဲ သေနတ်ရှိတယ်တဲ့” .
အားလုံးသည် တိတ်ဆိတ်သွားပြန်ကာ ခရီးဆက်ကြပြန်သည်။ ချောင်းကလေးမရောက်ခင် လမ်းဘေးတွင် ချောက်သည် မတ်စောက်နေသည်။
“မောင်ဝဏ္ဏ ချောက်ထဲမှာ အဝတ်စတစ်ခုလဲ တွေ့တယ်။ ငုံ့ကြည့်စမ်း။ မဟုတ်မှလွဲရော ဒီနေရာမှာ ဓားပြတိုက်ကြသလားမသိ”
“ဟိုကားပေါ်ကလူတွေ ဓားပြတိုက်ခံရရင်လဲ ကျွန်တော်တို့ကို ပြောမှာပေါ့”
“မဟုတ်ဘူး။ ဓားပြတွေက ရပ်ခိုင်းပြီး ကားရောလူပါ ပြန်ပေးဆွဲသွားလားမှ မသိဘဲ”
“အင်း.. ဒါလဲဖြစ်နိုင်တာပဲ"
သူတို့မြင်လိုက်သောကားမှာ ဂျစ်စတေရှင်ဝက်ဂွန်ဖြစ်၍ ရှမ်းပြည်တွင် စော်ဘွားနှင့်အရာရှိများသာလျှင် အသုံးများလေသည်။ ကိုဝဏ္ဏသည် ချောက်ထဲသို့ လှမ်း၍ကြည့်၏။
အဝတ်စမှာ အဖြူရောင်ဖြစ်၍ ပြဲစုတ်နေသည်။ လမ်းပေါ်တွင်လည်း သွေးစက်များ ကျကျန်ရစ်နေလေသည်။
“အေး...တို့အိမ်ရောက်ရင်တော့ သိမှာပဲ။ လူတွေ ဘာတွေများ သေသေးလားမသိ။ ကဲ မြန်မြန် ဒုန်းချပေတော့ ဟေ့”
သူတို့ယာခင်းအနားတွင်မူ ဘာမှလှုပ်လှုပ်ရှားရှား မရှိပေ။ မိုးရေအောက်တွင် တဲအိမ်လေးသည် ငြိမ်သက်နေကြ၏။ ဦးခွန်နောင်နှင့်အဖော်တွေမှာ သူတို့အိမ်များတွင် နေရစ်၍ ကိုဝဏ္ဏတစ်ယောက်တည်း သူ့တဲရှိရာတောင်ကုန်းဘက်သို့ လမ်းခွဲ၍ထွက်လာသည်။ ထိုစဉ်က ကိုဝဏ္ဏအိမ်သည် တဲကျယ်ကြီးတစ်ခုပင် ဖြစ်လေသည်။
သူ့တဲဝတွင်မူ ယာခင်းစောင့် အဘိုးကြီးသည် ငုတ်တုတ် ထိုင်နေသည်။ သူ့မျက်နှာသည် ထိတ်လန့်စိုးရိမ်နေပုံရ၍ ကိုဝဏ္ဏမှာ စိတ်ပူသွား၏။ မြင်းဇောင်းသို့ မသွားသေးဘဲ တဲဝအထိ မောင်းလာကာ မြင်းပေါ်မှ ဆင်းလိုက်လေ၏။
“အဘ ဘာဖြစ်နေလဲ”
အဘသည် ဘာပြန်ပြောရမှန်းမသိသလို ခဏကြောင်၍နေသည်။ နောက်မှ အိမ်ထဲသို့ လှည့်လိုက်သေးသည်။
“မိန်းကလေးတစ်ယောက် ချောက်ထဲမှာ လဲနေလို့ ကျုပ်ခေါ်လာတယ်။ သတိမေ့နေတယ်၊ ခုထိ သတိမရသေးဘူး”
အမေ့အခန်းဝတွင် ကလေးတွေမှာ ပြူစိပြူစိလုပ်နေကြသည်။ အခန်းထဲတွင် အမေတစ်ယောက်တည်းရှိ၍ အမေအိပ်သော ကွပ်ပျစ်ပေါ်တွင် “စိမ်း”ကို သူ ပထမဆုံး မြင်ရ၏။
သူ အခန်းဝရပ်လိုက်လျှင် ကလေးတွေသည် အသာ ဖယ်လိုက်ကြသည်။
“ဘယ်သူတွေ ဘာဖြစ်တာလဲ အမေ”
“တိုးတိုး...ကလေးမ သတိမေ့နေတယ်။ ဦးခမ်းလွန်း မင်းကို ပြောမပြဘူးလား၊ သူ ထင်းခုတ်နေရင်း မိန်းကလေးက ချောက်ထဲကို လိမ့်ကျလာတာပဲ။ ကြည့်ပါလား သစ်ပင်တွေနဲ့ ခြစ်မိထားတဲ့ ဒဏ်ရာတွေ၊ ကြီးကြီးကျယ်ကျယ်တော့ မထိပါဘူး”
ကိုဝဏ္ဏသည် ရှေ့တိုး၍ စေ့စေ့စပ်စပ်ကြည့်၏။ နဖူး၌ ပွန်းထားသောဒဏ်ရာ တွေ့ရလေသည်။
“လက်မှာလဲ ရှိသေးတယ်။ သူ့ကို မိုးရေထဲမှာ ထမ်းခေါ်လာတော့ သိပ်အေးတယ် မဟုတ်လား။ တစ်ကိုယ်လုံး အေးစက်နေလို့ အမေ့အင်္ကျီတွေလဲပြီး စောင်နဲ့ထွေးထားတယ်”
“သူ ဒီကမဟုတ်ပါဘူး အမေ”
“အေး မဟုတ်ဘူး၊ ဦးခမ်းလွန်း ချောက်ထဲမှာ ထင်းခုတ်နေတုန်း အပေါ်ကလမ်းပေါ်မှာ ကားတစ်စီး ဖြတ်သွားတယ်တဲ့။ သူက အမှတ်တမဲ့ပဲ၊ နောက် သေနတ်သံရော ဆူဆူညံညံကြားရပြီး မော့ကြည့်လိုက်တော့ မြင်းတွေရော၊ လူရော ရှုပ်ထွေးနေတာပဲတဲ့။ အဲဒီလိုဖြစ်နေတုန်း အပေါ်ကနေ ဒီမိန်းကလေးက လိမ့်ကျလာတာ။ အင်္ကျီတွေ စုတ်ပြဲနေတာပဲ၊ ကားနဲ့ မြင်းသမားတွေကတော့ ရှေ့ဆက်မောင်းသွားကြတယ်တဲ့။ သူလဲ ကလေးမကို ထမ်းပြီးခေါ်လာတာပဲ”
ကိုဝဏ္ဏသည် သူ လမ်းမှာတွေ့ခဲ့သော ကားကို သတိရမိ၏။
“ဓားပြတိုက်တာပါပဲ။ ဓားပြတွေတော့ ကားပါယူသွားတယ် ထင်တယ်။ မြင်းသမားတွေက လမ်းခွဲက လစ်ကြမှာပဲ။ ကျွန်တော် ကားတစ်စီးကို လမ်းမှာတွေ့ခဲ့တယ်။ သူသတိရဖို့အတွက် မိုင်းငေါမှာ ဆရာဝန်သွားခေါ်ရဦးမလား အမေ”
. “မလိုသေးဘူးထင်တယ်၊ ဒဏ်ရာကြီးကြီးကျယ်ကျယ် မရှိတော့ လန့်လို့ သတိလစ်မေ့သွားတာ ဖြစ်လိမ့်မယ်”
“အမေ အစ်မမျက်နှာက ချစ်စရာကောင်းတယ်"
တိုးကြီးသည် စိမ်း၏လက်ကို အသာစမ်းရင်း ပြော၏။ သူတို့စိတ်ထဲတွင် ရွှင်လန်းအားရနေသလို မျက်နှာများမှာ ပြုံးနေသည်။ မခမ်းလုံ ပြုံးနေ၍ သူ့ပါးမို့သည် ပို၍နီနေလေသည်။
“ကဲ...ကဲ မင်းတို့ အပြင်ထွက်နေကြဦးနော်”
မခမ်းလုံသည် ခေါင်းလေးငုံ့၍ တိုးကြီးကို အပြင်ဆွဲခေါ်၏။ အတူးကမူ လိုက်လိုဟန်မပေါ်ပေ။ သို့သော် သူသည် ကိုဝဏ္ဏကိုကြောက်၏။ စိမ်းမျက်နှာအား လှည့်ကြည့် လှည့်ကြည့်နှင့် ထွက်သွားရတော့သည်။ အခန်းအပြင်တံခါးဝတွင် တိုးကြီးနှင့်မခမ်းလုံသည် ငုတ်တုတ်ထိုင်နေကြလေသည်။
“အစ်မ အိပ်ရာကနိုးနိုးချင်း ငါ့ကို အရင်ဆုံးမြင်ရင် သိပ်ကောင်းမှာပဲ”
အတူးသည် တံခါးကိုမှီရင်း ပြောလိုက်၏။
“အေး... တို့သုံးယောက်စလုံးကိုပဲ မြင်ပါစေ၊ တို့ကိုမြင်ရင် သူပျော်မှာပါ”
တိုးကြီးက ထောက်ခံပြန်သည်။
“အစ်ကိုက သူ့ကိုမြင်စေချင်လို့ အနားမှာစောင့်နေတာပါ။ အရင်ဆုံး အစ်ကို့မျက်နှာကို မြင်ရမှာပါပဲ”
“ငါတော့ အစ်မနိုးနိုးချင်းပြဖို့ ဝက်ပေါက်စလေး သွားယူထားမယ်”
တိုးကြီးသည် ဝက်ခြံစောင့်ရ၍ မွေးစဝက်လေးကို ပြချင်သည်။
“အေး..ဟုတ်တယ်၊ ငါလဲ မနေ့ကဥတဲ့ ကြက်ဥတွေယူပြီး ပြမယ်၊ ပြီးတော့ အစ်မအားရှိအောင် ကျွေးရမယ်”
မခမ်းလုံက ကြက်ဥများကို ပြမည်ဟု ပြောပြန်သည်။ အတူးကတော့ စိတ်ညစ်၏။ သူ့မှာ စိမ်းသတိရရချင်း ပြစရာ ဘာမှမရှိ။ သူသည် ငယ်သေး၍ ယာတောမှ ဘာမှမလုပ်နိုင်သေးပေ။
"ငါတော့ ငါ့မျက်နှာကိုပဲ ပြရမှာပဲ။ ငါ့ပါးလေးတွေက နီနေပါတယ်။ တိုးကြီးရဲ့ဝက်ပေါက်စလေးထက် ငါ့မျက်နှာ ပိုလှမှာပါ”
မခမ်းလုံနှင့်တိုးကြီးသည် အတူးကိုကြည့်၍ ခပ်အုပ်အုပ် ရယ်နေကြသည်။
* * *
စိမ်း သတိရလာသည်အထိ ကိုဝဏ္ဏသည် အနားမှာ စောင့်နေသည်။ မိုးကာခြုံထားသော်လည်း ရေစွတ်နေသော အဝတ်များကိုပင် မလဲသေးပေ။
စိမ်းသည် လွန့်လိုက်၍ မျက်လုံးကို ဖြည်းဖြည်းနှင့် ကြည့်၏။ ပထမဆုံး ကိုဝဏ္ဏမျက်နှာကို သူမြင်ရသည်။ သူ့စိတ်တွင် အိပ်မက်ပေပဲလား၊ တကယ်လား တွေးမရအောင် နေမိသည်။ ခပ်ကြောင်ကြောင် မျက်လုံးနှစ်လုံးကို ကိုဝဏ္ဏသည် စိုက်၍ကြည့်ရင်း ရုတ်တရက် ဘာလုပ်ရမှန်းမသိပေ။
“မင်း...သတိရလာပြီလားဟင်”
အမေကလည်း ရှေ့ကိုတိုးလာသည်။
“မိန်းကလေး သတိရလာပြီ ထင်တယ်”
စိမ်း၏လက်ကို အမေသည် အသာဆုပ်၍ မေး၏။
“လက်တွေ သိပ်ပူတာပဲ၊ ဖျားနေပြီ ထင်တယ်နော်”
စိမ်းသည် ဘာမှပြန်မပြောနိုင်၊ မျက်ရည်တွေသာ ဝဲလာသည်။
“ဝမ်းမနည်းပါနဲ့၊ ကျွန်တော်တို့ဆီမှာ နေကောင်းတဲ့အထိ နေပါ”
“ဟုတ်တယ်၊ အမေတို့ယာတောက မြို့နဲ့ဝေးပေမယ့် အမေက အိမ်မှာ အစုံအလင် ဝယ်ထားပါတယ်။ သမီးအတွက် နွားနို့လဲ ရနိုင်ပါတယ်”
စိမ်းသည် ဝမ်းနည်းလာတော့သည်။ သူ့နှုတ်ခမ်းများကို လျှာနှင့်သိမ်းရင်း မျက်ရည်များ စီး၍ကျလာပြန်သည်။
“နွားနို့ပူပူတစ်ခွက်တော့ သောက်လိုက်ဦး၊ အမေ သွားယူမယ်နော်”
အမေသည် နို့ယူရန် ထွက်သွားပြန်သည်။
“ခင်ဗျား ချောက်ထဲကိုလိမ့်ကျလာလို့ ယာခင်းစောင့်အဘိုးကြီးက ခေါ်လာတယ်”
စိမ်းရင်ထဲတွင် နည်းနည်းအေးသွားသည်။ သူ့လက်ကို လှုပ်ချင်ပေမယ့် လက်မှာ နာနေသေးသည်။
“ကျွန်မ အားလုံးမှတ်မိပါတယ်။ ကျွန်မယောက်ျားကိုရော အနီးအနားမှာ မတွေ့ဘူးလား”
“ဘယ်သူမှမတွေ့ဘူး၊ ခင်ဗျားတစ်ယောက်သာ ချောက်ထဲ လိမ့်ကျလာတယ်တဲ့။ ကားနဲ့လူတွေတော့ ဓားပြတွေ တစ်ခါတည်း ဖမ်းသွားတယ် ထင်တယ်။ အဘက ပြောပြတာပဲ။ ကျွန်တော်တော့ ဘာမှမမြင်ရဘူး၊ ကျောက်မဲက ပြန်လာမှသိတယ်။
“ဒါဖြင့် သူ့ကို ဓားပြတွေ ဖမ်းသွားပြီပေါ့”
“ဟုတ်မှာပဲ”
လွှတ်ခနဲ ပြောလိုက်ပြီးမှ ကိုဝဏ္ဏသည် သူ့စကားအတွက် စိမ်းအား စိတ်ထိခိုက်စရာဖြစ်မှာ စိုးရိမ်သွားပြန်သည်။ စိမ်းသည် ပင့်သက်ရှူ၍ ငြိမ်သက်နေပြန်၏။
အမေသည် နို့တစ်ပန်းကန်ကိုယူ၍ တံခါးဝမှ ဝင်လာသည်။ မလိုင်တက်၍ ပူပူနွေးနွေးဖြစ်နေသောနို့မှာ သောက်ချင်စဖွယ်ဖြစ်နေ၏။ စိမ်းရင်ထဲမှာမူ တင်းတင်းကျပ်ကျပ် ဖြစ်နေသည်။
“ကဲ... ပူပူနွေးနွေးပဲ သမီး၊ သောက်လိုက်ဦး၊ ပြီးတော့ တစ်ရေးအိပ်လိုက်သေးတာပေါ့။ စိတ်လှုပ်ရှားရလွန်းလို့ပါ အားရှိသွားရင် နေကောင်းမှာပါပဲ”
စိမ်းသည် စကားပြန်ပြောဖို့ကြိုးစားတိုင်း မျက်ရည်များက ဝဲ၍လာသည်။ သူကတော့ အသက်မသေဘဲ ကျန်ရစ်ပါ၏။ သူ့ချစ်လင်မှာ ဓားပြတို့လက်တွင် အဘယ်သို့ ရှိရှာမည်နည်း။ တွေးရင်း ငိုချင်လာပြန်သည်။ သူက ငိုလွန်းလျှင် အိမ်ရှင်တို့စေတနာကို စော်ကားရာများ ရောက်မည်လား။
“ကျွန်မ မသောက်ပါရစေနဲ့ဦး”
“နည်းနည်းဖြစ်ဖြစ်တော့ သောက်လိုက်ပါ၊ အမေတို့ခြံက ထွက်တဲ့နွားနို့ပါ”
“ရင်ထဲမှာ ကျပ်နေတယ်”
ကိုဝဏ္ဏသည် မချင့်မရဲဖြစ်လာပြန်သည်။ အမေ့ဘက်ကို လှည့်ကြည့်ပြန်သည်။ အမေသည် စိမ်းယောက်ျားအကြောင်း သိပုံမပေါ်သေးပေ။
“အမေ... သူ စိတ်မကောင်းဖြစ်နေတယ်။ သူ့ယောက်ျား ဓားပြတွေလက်ထဲမှာ ပါသွားတယ်တဲ့”
“ဟင်း.....အင်း........ စိတ်မကောင်းစရာပဲပေါ့လေ၊ ဒီလိုပဲပေါ့။ ကဲ..သား၊ သွားချင်သွားတော့၊ အမေ မိန်းကလေးနားမှာ ရှိနေမှာပဲ”
ကိုဝဏ္ဏ ထွက်သွားတော့မှ စိမ်းသည် ရှိုက်၍ရှိုက်၍ ငို၏။ အမှန်တော့ မိန်းမချင်း ကျန်ရစ်ချိန်တွင် ပွင့်ပွင့်လင်းလင်း ငိုလိုက်ရသည်မှာ စိတ်သက်သာရလေသည်။
“မိန်းကလေးခင်ပွန်းသည်ကို ပြန်ပြီးတွေ့တဲ့အထိ အမေတို့ယာတဲမှာ အေးအေးဆေးဆေးနေပါ။ ကျန်းမာအောင် ကုသေးတာပေါ့။ ကျန်းမာလာရင် သူ့ကိုရှာနိုင်ပါတယ်”
စိမ်းက ခေါင်းခါ၏။ သူ့ရင်ထဲမှာ မတွေးရဲပေ။ သူသည် အားယူ၍ တိုးတိုးလေး မေးလိုက်သည်။
“သူ့ကို ရှာလို့တွေ့ပါ့မလား”
“တွေ့ပါတယ်လေ၊ တွေ့မှာပါပဲ”
“မတွေ့နိုင်ပါဘူး အမေရယ်၊ သူ့ကို သတ်ပစ်ကြမှာပါ"
စိမ်းမှာ အသည်းတွေတုန်လာကာ စောင်နှင့် မျက်နှာကို အုပ်ထားလိုက်သည်။ အမေကတော့ သူ့ကို “အမေရယ်”ဟု ခေါ်လိုက်သည်ကို ကျေနပ်သွား၏။
“ကံ...ကံရဲ့အကြောင်းတရားတွေကို ဘယ်သူမှ အဆုံးအစ မပြောနိုင်ပါဘူး။ မိန်းကလေးရဲ့ကံ၊ သူ့ရဲ့ကံကလဲ ရှိပါသေးတယ်။ သေချင်မှ သေမှာပါ။ သေတာကို မတွေးနဲ့ဦးလေ။ တွေးချင်ရင် ဘယ်လိုရှာချင်သလဲဆိုတာ တွေးပေါ့။ မောင်ဝဏ္ဏက သမီးကို ကူညီပါလိမ့်မယ်။ လောလောဆယ်တော့ အားရှိဖို့လုပ်ဦး”
စိမ်းနားထဲတွင် အမေ့အသံသည် အေး၍ချို၏။ “မိန်းကလေးရဲ့၊ သမီးကို”ဟူသော စကားလုံးများမှာ မေတ္တာရောင်ခြည် ဟပ်၍နေသည်။ အမေသည် စိမ်းမျက်နှာပေါ်မှ စောင်ကို အသာဆွဲယူ၍ နဖူးမှစို့နေသော ချွေးကို သုတ်ပေးလိုက်၏။
“မိန်းကလေးရဲ့ နာမည်က ဘယ်သူတဲ့လဲ”
“စိမ်း”
“ဪ..တစ်လုံးတည်းနော်၊ စိမ်းဆိုတာ စိုစိုပြည်ပြည် ရွှင်ရွှင်လန်းလန်းရှိတာပေါ့။ ဖြစ်သမျှ အကြောင်းပေါ့ မိန်းကလေးရယ်။ အမေ့ယာတောထဲမှာ ကျန်းမာတဲ့အထိ နေကြည့်ပါဦး။ မိန်းကလေးမှာ သားသမီးရှိလား”
“မရှိပါဘူး၊ လက်ထပ်ပြီးတာ ခြောက်လပဲရှိပါသေးတယ်၊ သူက နယ်ပိုင်ဝန်ထောက်၊ လက်ထပ်တုန်းက ခွင့်မယူဘူး။ ခုမှ ခွင့်ရတာနဲ့ ရှမ်းပြည်နယ် ခရီးထွက်လာတာပါ”
“အိုကွယ် ... ဖြစ်မှဖြစ်ရတယ်။ ပြန်တွေ့မှာပါ။ စိတ်ပျော်ပျော်နေပေါ့”
အမှန်တော့ စိမ်းကိုသာ အားပေးနေရသည်။ အမေ့စိတ်ထဲတွင်လည်း မျှော်လင့်ချက်တော့ သိပ်မထားလှပေ။
“သမီး နွားနို့သောက်ပြီး အိပ်လိုက်ဦး၊ အိပ်ရာက နိုးမှ အမေနဲ့ စကားဆက်ပြောပေါ့။ ကဲ သောက်လိုက်ဦး”
စိမ်းသည် အိပ်ရာမှ ထထိုင်ကြည့်၏။ ခါးနှင့်လက်မှာ တော်တော်နာသေး၍ ခေါင်းထဲကလည်း နည်းနည်းမူးသေးသည်။
အမေ့လက်ထဲမှ နို့ပန်းကန်ကို ယူသောက်လိုက်သည်။ ရင်ထဲမှာ နွေးထွေးသွားသော်လည်း လှဲ၍ပင် နေချင်သည်။ နို့ပန်းကန်ကို ဘေးရှိ သစ်သားခုံပေါ် လှမ်းတင်လိုက်သည်။ စိမ်းသည် ပြန်အိပ်နေပြန်၏။
“အမေ သွားမယ်နော်၊ လိုချင်တာရှိရင် ပြော”
အမေသည် နို့ပန်းကန်ကိုယူ၍ အပြင်သို့ ထွက်သွားသည်။ စိမ်းသည် မျက်စိကိုမှိတ်၍ အမေ့အကြောင်း တွေးနေမိပြန်သည်။ ဤမျှခေါင်သော ယာတဲတွင်နေသော အမေ့စကားလုံးများသည် ရည်မွန်ချေငံလှပါကလား။ တောသဘာဝ စကားလုံးများမဟုတ်၊ ပြေပြစ်ယဉ်ကျေးလှ၏။ စကားအသုံးအနှုန်း ပြေပြစ်ရုံတွင်မက တောအရိပ်ဖြစ်သော ရိုး၍ပွင့်လင်းသောဟန်၊ အသံတို့မှာ အမေ့စကားလုံးတွင်ပါလာ၍ အေးချမ်း ကြည်လင်လှပေသည်။ သူကတော့ ချမ်းမြေ့စရာကောင်းသော လူတို့၏လက်တွင် ရောက်နေပေပြီ။
“ဘုရားမလို့ သူ့ချစ်လင်သည်လည်း ဘေးကင်းပါစေ”
သူသည် ဆုတောင်းရင်း ရောက်တတ်ရာရာကို တွေးမိပြန်သည်။
ဓားပြတွေ တောဘက်မှ တက်လာလာချင်း မြင်းကိုယ်စီနှင့် လမ်းကို ဆီး၍ပိတ်၏။ သူ့ယောက်ျားသည် ချောက်ဘက်ကပ်၍ ကားကို ထိုးရပ်လိုက်စဉ် သေနတ်သံတွေ ဆူလာ၍ သူ့ဘေးမှ အဖော်မိန်းကလေးက သူ့ကိုတွန်းရင်း “တံခါးဖွင့် တံခါးဖွင့်”ဟူ၍ နားထဲတွင် ကြားလိုက်သည်။ သေနတ်သံ တစ်ချက်နှင့်အတူ ကားတံခါးကို ဆောင့်ဖွင့်ကာ လှိမ့်ချလိုက်သည်။ ရင်ထဲတွင် အေးခနဲဖြစ်သွားသည်ကလွဲ၍ သူ ဘာမှမသိတော့။ အဖော်မိန်းကလေး၊ သူ့ခင်ပွန်း၊ ဒရိုင်ဘာတို့မှာ ဓားပြတို့လက်တွင် ပါသွားပြီထင်သည်။ သူ့ကိုယ်တွင် နားကပ်နှင့်ရွှေလက်ကောက်တစ်ရံသာ ကျန်ရစ်ပေသည်။ ဓားပြများမှာ သူ့ကိုမတွေ့ရဘဲ ချန်ရစ်ခဲ့သလား။
တွေးရင်း ခေါင်းနောက်လာသည်။ သူ့ယောက်ျားအား ဓားပြတို့ ဖမ်းသွားသောအကြောင်းရောက်လျှင် ချွေးစေးတွေ ပြန်လာကာ အသက်ရှူရပင် ကျပ်လာသည်။
ငွေနှင့် လက်ဝတ်လက်စားထည့်ထားသော လက်ကိုင်အိတ်လည်း ကားပေါ်တွင် ကျန်ရစ်သည်။ ထိုပစ္စည်းတွေ ယူ၍ သူ့လင်အား လူဆိုးတို့ ပြန်၍လွှတ်လိုက်စေချင်သည်။ ထိုအတွေးမှာ သူကဖြစ်စေချင်သော အတွေးမျှသာဖြစ်၏။ တကယ့်အဖြစ်ကမူ ဘယ်လိုဖြစ်လာမည်ကို သူ မတွေးနိုင်ပေ။
ခေါင်းက နောက်လာသလို မူးလာသလိုနှင့် သူ မေ့ခနဲ ဖြစ်သွားပြန်သည်။
နိုးလာချိန်တွင် သူ့အဖို့ ကြောက်စရာလို၊ ထိတ်စရာလို ဖြစ်နေပြန်သည်။ ဘာတွေများပါလိမ့်။ သူ့အိပ်ရာဘေးတွင် ဝက်ပေါက်စလေး တစ်ကောင်မှာ ကွပ်ပျစ်ကိုမေးတင်၍ မှေးနေသည်။ ရုတ်တရက် သူသည် နောက်ကို တွန့်လိုက်၏။ တစ်ခါပြန်၍ သူသည် ကြည့်ပြန်သည်။ ကလေးသုံးယောက်သည် သူ့ကို စူးစိုက်ကြည့်နေကြသည်။ သူသည် ဝက်ကလေးကို မကြည့်တော့ဘဲ ကလေးတွေမျက်နှာကို သေသေချာချာ ကြည့်မိပြန်၏။ သူတို့ကလေးတွေမျက်နှာမှာ ဖော်ရွေပုံရ၍ ခပ်ပြုံးပြုံးဖြစ်နေကြသည်။
“အစ်မ နေကောင်းရဲ့လား”
ဝက်ပေါက်စလေးကို ကိုင်ထားသော ကလေးက ပြုံး၍ မေးလိုက်၏။ စိမ်းသည် ကလေးတို့အပြုံးကြောင့် ရင်ထဲတွင် ပေါ့ပါးသွားသလို ဖြစ်လာသည်။
“နေကောင်းပါတယ်”
စိမ်းက ထမည့်ဟန်ပြင်လျှင် အကြီးမိန်းကလေးသည် စိမ်းအနားကို ကပ်လာကာ တွဲ၍ ထူပေးသည်။ စိမ်းအဖို့မှာမူ ကလေးများအမူအရာကလည်း အံ့သြစရာဖြစ်နေသည်။
“အစ်မ နေကောင်းရင် ကျွန်မကြက်ခြံကို လာကြည့်ပါဦး၊ ဟိုတလောက ကြက်တွေအများကြီးပဲ သေကုန်လို့ ကြက်ခြံကို မီးရှို့ပစ်ရတယ်။ ခု ကြက်တွေက ငွေနားတွေတဲ့ သိပ်ထွားတာပဲ၊ အဘိုး လားရှိုးက ဝယ်လာတာတွေ”
မခမ်းလုံသည် သူ့ကြက်ခြံအကြောင်းကို ပြောပြ၏။ တိုးကြီးကမူ သူ့ဝက်ပေါက်စလေးကို အရေးတယူ မကြည့်သည့်အတွက် စိတ်မကောင်းဖြစ်နေသည်။ သူ့ဝက်ကလေးကို ပွေ့၍ယူသွားရန် ပြင်လိုက်၏။
“အစ်မကို ပြဖို့တဲ့၊ တိုးကြီးက ဝက်ကလေးကို ယူလာတယ်၊ ဒါ သူ့ဝက်ခြံကပဲ”
“ဪ..သူ့နာမည်က တိုးကြီးတဲ့လား”
“ဟုတ်တယ်၊ ကျွန်တော့်နာမည်က တိုးကြီး၊ အမ နေကောင်းရင် ဝက်ခြံကို လာကြည့်ပါဦး။ သူတို့အားလုံး ဝတယ်။ နှာခေါင်းလေးတွေကလဲ ရဲနေတာပဲ။ အစ်မ မနိုးခင် ပြရအောင်လို့ ကျွန်တော်ယူထားတယ်။ သူ အခု နို့ဆာတော့မယ်၊ သွားပြီး ထားဦးမယ်”
တိုးကြီးသည် သူ့ကို စိမ်းက အရေးတယူ စကား စိတ်ထဲတွင် ပြော၍ ကျေနပ်သွားသည်။ ဝက်ကလေးကို မ,ချီကာ ထွက်သွားတော့သည်။
မကျေနပ်နိုင်ဆုံးမှာ အတူးဖြစ်၏။ သူ့မှာ ဘာမှပြစရာမရှိ။ ဘာကစ၍လည်း စိမ်းကို စကားပြောရမှန်းမသိ။ တိုးကြီး ထသွားသောခုံဘေးတွင် မတ်တတ်ရပ်ရင်း စိတ်ထဲမှ ငိုချင်လာသည်။ သူ့ကိုလည်း စိမ်းက ဂရုတစိုက် စကားပြောစေချင်သည်။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေဝဲလာ၏။
မခမ်းလုံသည် သူ့ကို လှမ်းကြည့်လိုက်သည်။
“သူက ကျွန်မမောင်လေး အငယ်ဆုံး အတူးပါ။ အစ်မကို သူလဲတွေ့ချင်လို့ အစ်မသတိမေ့နေတုန်းကတည်းက ခုတင်ဘေးမှာ စောင့်နေတယ်။ သူ့မှာ ဘာမှပြစရာမရှိလို့ ဝမ်းနည်းနေတယ်”
“ဟင်”
စိမ်းသည် အတူးကို လှမ်းကြည့်၍ ပြုံးလိုက်၏။
“လာပါဦး၊ ဒီကိုလာပါဦးကွယ်၊ ဘာမှ မပြလဲ ကိစ္စမရှိပါဘူး။ အတူးမျက်နှာလေးက ချစ်စရာကောင်းပါတယ်”
စိမ်း လက်ဆန့်တန်းလိုက်သည်နှင့် တစ်ပြိုင်နက် အတူးသည် လက်ထဲသို့ တိုးဝင်လိုက်၏။ အားလုံး ကျေနပ်သွားသည်။ စိမ်းသည် ထူးထူးဆန်းဆန်းတွေ့ရသော ကလေးတစ်စုကြောင့် စိတ်ထဲတွင် အတော်သက်သောင့်သက်သာ ဖြစ်သွားသည်။ သူတို့မျက်နှာလေးတွေကလည်း ချိုချိုပြုံးပြုံးရှိလှ၏။
မခမ်းလုံသည် သူတို့မောင်နှမတွေ နာမည်နှင့် အမေ့နာမည်၊ ကိုဝဏ္ဏနာမည်ကို ပြောပြ၏။ သူ့ကြက်ခြံနှင့် တိုးကြီး၏ ဝက်ကလေးများမွေးပုံ၊ ကိုဝဏ္ဏ၏အာလူးခင်းများ ပျိုးစပြုပုံတွေကို ပြောပြနေပြန်သည်။
အိပ်ရာမှ မထနိုင်သေးသည့် အတောအတွင်းတွင် သူတို့လေးတွေ ခဏခဏလာ၍ စကားပြောကြ၏။ ငြီးငွေ့ အားငယ်နေသောစိတ်မှာ ကလေးများ လာရောက် စကားပြောလျှင် မေ့မေ့ပျောက်ပျောက် ဖြစ်၍နေပြန်သည်။ တစ်ယောက်တည်းနေချိန်တွင်တော့ ကွဲကွာသွားသော သူ့ချစ်လင် ကိုဝင်းဖေအကြောင်းကိုသာ တွေးနေမိပြန်သည်။
အပိုင်း(၂)ဆက်ရန်
ခင်နှင်းယု
No comments:
Post a Comment