Friday, July 15, 2022

ဒေါ်သဲချာ

ဒေါ်သဲချာတို့ ညီအစ်ကိုမောင်နှမ အားလုံးပေါင်း ခုနှစ်ယောက်ရှိလေသည်။ ကျန်သော ငါးယောက်မှာ အိမ်ထောင်ကျ၍ တစ်အိုးတစ်အိမ်ခွဲ၍ သွားကြသည်မှာ ကြာမြင့်လှလေပြီ။ ထိုအိမ်ထောင်ကျသူတို့မှ သားဦး၊ သမီးဦးများပင် တချို့လက်ထပ်ပြီးကြပေပြီ။


 ဦးစိန်အုပ်နှင့် ဒေါ်သဲချာမောင်နှမနှစ်ယောက်သာ အိမ်ထောင်လည်းမပြု၊ စီးပွားလည်းမခွဲ၊ သူတို့၏ ကွယ်လွန်သောဖခင်ကြီး စစ်ကဲဦးမြစ်၏အိမ်တွင် နေကြသည်။ ခေါင်းကဆံပင်များ ဖြူလာကြပေမယ့် ကိုကိုရေ ညီမလေးရေနှင့် ချစ်စနိုး ခေါ်သည်ကို အကြောင်းမသိသူတို့က ပြုံးကြသည်။

 

သူတို့အိမ်လေးမှာ ၀င်္ကပါလမ်းတွင်ရှိ၍ ခြံ၀န်းမှာ ကျယ်သည်။ ရန်ကုန်မြို့ထဲနှင့်လည်း မနီးမဝေးရှိလှသည်။ မိုးလင်းလျှင် ဒေါ်သဲချာက နှင်းဆီပန်းများ၊ စိန်ခြယ်ပန်းများကို မာလီအား ခူး၍ပေးသည်။ ကရမက်နှင့် ယုဇနပန်းများ ပေါ်ချိန်ဆိုလျှင် တစ်နေ့၀င်ငွေမှာ ကိုးကျပ်၊ တစ်ဆယ်ရပေသည်။ ဦးစိန်အုပ် တိုင်းပညာအုပ်လုပ်စဉ်က ပင်စင်လခကလည်း ရှိသေး၍ မောင်နှမနှစ်ယောက် အေးအေးလူလူ စားနိုင်ပေသည်။

 

ကိုကိုရေ… ညီမလေးရေနှင့် ချစ်စနိုးခေါ်သော်လည်း မောင်နှမနှစ်ယောက် အသွင်မတူကြ။ ဦးစိန်အုပ်သည် နံနက်နှင့်ညနေ လမ်းလျှောက်ထွက်သည်ကလွဲ၍ အိမ်တွင် စာဖတ်ရင်း၊ မြေဆွရင်း၊ သစ်ပင်စိုက်ရင်းသာ အချိန်ကုန်တတ်သည်။ အပြင်ကို မထွက်တတ်ပေ။ ဒေါ်သဲချာကမူ ထမင်းချက်နှင့်အတူ မနက် ချက်ပြုတ်စားသောက်ပြီးလျှင် တစ်ခေါက် အပြင်သို့ ထွက်လိုက်ရမှ နေသာထိုင်သာ ရှိပေသည်။ တစ်ခေါက် ထွက်လိုက်ပါလျှင်လည်း သတင်းတစ်ခုဖြစ်စေ၊ အတင်းတစ်ခုဖြစ်စေ ပါလာတတ်သည်။


“ ဒီနေ့ ပူစူးအိမ် ရောက်ခဲ့တယ် ကိုကိုရဲ့ ”

 

ပူစူးမှာ ဒေါ်သဲချာအောက် ဒေါ်လှမေ မွေးရစ်ခဲ့သောသမီးကြီး ဖြစ်လေသည်။ ဒေါ်လှမေမှာ ကွယ်လွန်သွားလေပြီ။

 

“ ကလေးသုံးယောက်နဲ့ မြင်ရတာ မျက်စိရှုပ်လိုက်တာ၊ တကတည်း... ဖင်မနိုင် ခေါင်းမနိုင်နဲ့ ”

 

ဒေါ်သဲချာသည် ဆေးပေါ့လိပ်တိုကို ကောက်၍ဖွာရင်း နှုတ်ခမ်းတလန် ပန်းတလန်ပြော၏။ ပင်ကိုယ်က နှုတ်ခမ်းမှာ ပါး၍ လန်နေရသည့်အထဲ ယခုလို ပြောသောအခါ စုစုချွန်ချွန်နှင့် ပို၍ အရုပ်ဆိုးလာသည်။

 

“ သူ့လင်ကို မနက်ရုံးတက်အမှီ စားသွားဖို့ ကြက်သားဟင်း ချက်ပေးသတဲ့၊ အမလေး နနွင်းက ဝါဝါ ရေလုံပြုတ်ထားတာကျနေတာပဲ ”

 

ဦးစိန်အုပ်မှာ ဆေးတံကြီး ခဲ၍သာ နားထောင်နေသည်။ ဘာမျှပြန်မပြောပေ။

 

“ ပြီးတော့ အိပ်ခန်းတစ်ခုလုံးလည်း ကလေးသေးစို မဖွပ်ရသေးတာနဲ့ အ၀တ်ဟောင်းတွေဟာ ပွနေတာပဲ။ ဘယ်လို နေပုံထိုင်ပုံလည်း မသိပါဘူး။ သူ့ယောက်ျား ရုံးတက်သွားရင် သူ့ကလေးတွေကို ယောက္ခမကြီးနဲ့ထားခဲ့ပြီး သူ ဆရာမလုပ်တဲ့ ကျောင်းကို ပြေးရပြန်ရော။ အမလေး ကျောင်းက အိမ်နားနီးနီး မြူနီစီပယ်ကျောင်းမိုလို့ပေါ့၊ ယောက္ခမကြီးကလည်း ဒီကလေးတွေနဲ့ နေရစ်ရင်းက အ၀တ်လေးဘာလေး လျှော်ဖို့ကောင်းပါတယ် ”

 

သူ့စကားကို လျှောက်လိုက်၍ ဦးစိန်အုပ်က ပြောစေချင်သည်။ သို့သော် ဦးစိန်အုပ်သည် ဘာမျှမပြော၊ သူ အတော်မောပုံရမှပင် “ မသဲချာ အိမ်မှာလည်း အလုပ်မှ မများဘဲ၊ နေ့ခင်းနေ့လယ် ပူစူးတို့အိမ် သွားပြီး ကလေးထိန်း၊ အ၀တ်ကူလျှော်ပေးပါလားကွယ် ” ဟု ၀င်ပြောတတ်သည်။ ထိုအခါတွင်မူ ဒေါ်သဲချာသည် ဆေးလိပ်တိုတို ဆောင့်ကနဲ ချလိုက်ကာ ထသွားတော့သည်။ ဦးစိန်အုပ်ကမူ ပြုံးပြုံးကြီးနှင့် ဆေးတံသောက်မပျက်ပေ။


ယခုနှစ် သီတင်းကျွတ်တွင် တူ-တူမများ၊ မြေးများ သူတို့နှစ်ယောက်ကို လာ၍ကန်တော့ကြသည်။ ထိုကန်တော့ကြသည့်အထဲတွင် မောင်စိန်ဘန်းကို သနားလှချည့်ရဲ့ဟု ဒေါ်သဲချာက ဖြစ်နေလေသည်။ ထမင်းစားရင်း သစ်ပင်ပျိုးရင်းပင်

 

“ ကိုကိုရယ် မောင်စိန်ဘန်းကို မြင်ရတော့ မောင်လေးကျော်မြင့်ကို သတိမရဘူးလားဟင်။ ကိုယ်လုံးကိုယ်ပေါက်က သူ့အဖေပုံအတိုင်းပဲ၊ စကားပြောတော့ ပိုတူနေတယ်နော်။ မောင်လေးသာ အသက်ရှင်နေရင် သူ့သားဟာ ဒီလိုဖြစ်မှာ မဟုတ်ဘူး။ အမေမရှိ၊ အဖေမရှိမို့ ပိုသနားတာပါ ”

 

မောင်စိန်ဘန်းမှာ ဒေါ်သဲချာတို့မောင်နှမခုနှစ်ယောက်တွင် အငယ်ဆုံး ကျောင်းဆရာ ဦးကျော်မြင့်မှ မွေးခဲ့သော တစ်ဦးတည်းသောသားဖြစ်လေသည်။ အဖေရော၊ အမေရော ဆုံးသွား၍ မြေလတ်သူတစ်ယောက်နှင့် အိမ်ထောင်ကျနေလေသည်။

 

“ အခုလို အရက်သောက် ပေတေနေတာ ယောက္ခမ အသုံးမကျလို့ သိလား ကိုကိုရဲ့၊ ညီမလေး အားလုံးသိ ”


“ ဘာကွဲ့ ”


ဦးစိန်အုပ်သည် မာလီ ပေါင်းသင်နေရာအနီးတွင် ပက်လက်ကုလားထိုင်ကြီးနှင့် ထိုင်ကာ ခဲထားသော ဆေးတံကို ချွတ်၍ မေးလိုက်၏။


“ သူ့ယောက္ခမတွေ အသုံးမကျလို့ပေါ့။ သဲချာဖြင့် တူလေးအတွက် စိတ်မချမ်းသာလိုက်တာ ”


“ ဘယ်လို အသုံးမကျတာလဲဟ ”


“ မြင်းခြံက ဆေးရိုးတို့၊ ရှမ်းဖက်တို့ အလုပ်အားလုံး ဦးစီးခိုင်းတယ်လေ။ ငွေလည်း တစ်သိန်းလောက် အရင်းထုတ်ပေးတယ်။ အဲဒါလုပ်ရင်းက သောက်သောက်စားစား ဖြစ်လာတာပေါ့ ”


“ ဟုတ်သေးပါဘူး သဲချာရယ်၊ ယောက္ခမက ငွေတစ်သိန်းလောက် အရင်းထုတ်ပေးတာပဲ ကျေးဇူးတင်သင့်တာပေါ့ ”


ဒေါ်သဲချာသည် ဦးစိန်အုပ် အယူအဆအတွက် မကျေနပ်ဘဲ


“ ဘယ်ဟုတ်မလဲ ကိုကိုရဲ့၊ ဒီငွေတွေ အရင်းထုတ်ပေးတော့ သိပ်ချောင်လည်၊ မမြင်ဘူး၊ မမြတ်ဘူး အမြတ်အစွန်း ရတော့ မောင်စိန်ဘန်းအနေနဲ့ အောက်ခြေလွတ်ပြီး သောက်စားနေတာပေါ့ ” ဟုပြော၏။


“ သြော်… ညီမလေးရယ် ” 


ဦးစိန်အုပ်သည် ခပ်အုပ်အုပ် ရယ်လိုက်၏။


“ ဟိုလွန်ခဲ့တဲ့နှစ်နှစ်က ထင်တယ်။ ညီမလေး စွန်းလွန်းဆရာတော်ဘုရားရုပ်ကလာပ်ဖူးဖို့ မြင်းခြံ သွားခဲ့တာ ”


“ ဟုတ်တယ် ”


“ အဲဒီတုန်းက ကိုကို့ကို ညီမလေး ပြောခဲ့ဖူးပါတယ်။ အသဲနာလှချည့်ရဲ့ ကိုကိုရဲ့ ဆိုလား။ တူလေး မောင်စိန်ဘန်းကို လခနှစ်ရာနဲ့ ဆေးရိုးစက်မှာ ယောက္ခမလုပ်တဲ့လူက ခိုင်းထားလို့ဆို… ”


ဒေါ်သဲချာသည် မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စဉ်းစားသလို လုပ်နေ၏။


“ တစ်ခုလည်း စဉ်းစားကြည့်ကြဦးလေ။ ငါသာ မောင်စိန်ဘန်း ယောက္ခမဆိုရင် ဒီလို ငွေတစ်သိန်း သားမက်ကို အရင်းထုတ်ပေးမလားဆိုတာ၊ ပြီးတော့ ညီမလေးအတွေးက လခ ၂၀၀ ပေးခိုင်းတော့လည်း နှိမ်သတဲ့။ ငွေတစ်သိန်း အရင်း ထုတ်ပေးတော့လည်း မြှောက်သတဲ့။ ကိုယ့်စကားကိုယ် စဉ်းစားကြည့်ဦး ”


“ ကိုကိုကဖြင့် ဘယ်တော့မဆို စကားပြောရင် ညီမလေးဘက်က မရှိဘူး ”ဟု ဒေါ်သဲချာက နှုတ်ခမ်းစူလိုက်၏။

 

“ ဟဲ့… ညီမလေးရဲ့ ၊ မင့်စကားက ဟုတ်မှ မဟုတ်ဘဲကိုးဟဲ့။ ဘယ့်နဲ့ သူစိမ်းတွေ သွားသွား အပြစ်တင်ရသလဲ။ တကယ်ဆို ညီမလေးတာ၀န်က ငါ့တူ ယောက္ခမအရင်းအနှီးထုတ်ပေးတဲ့အခိုက် ကိုယ့်ငွေလို သဘောထားပြီး ကြီးပွားတိုးတက်အောင် ဖိဖိစီးစီးလုပ်လို့ ဆုံးမဖို့ပဲ ရှိပါတယ် ”

 

“ ကိုကိုတော့ တော်ပါတော့၊ ခုနေ အိမ်ထောင်များကျရင် သူစိမ်းဘက်ကချည်း အမြဲနေမှာ၊ ညီမလေးရယ်လို့ သဲချာကို ငဲ့မှာ မဟုတ်ပါဘူး ”

 

ဦးစိန်အုပ်မှာ ဟက်ဟက်ပက်ပက် ရယ်လိုက်၏။ အသက်ငါးဆယ်ကျော်သော်လည်း ဒေါ်သဲချာသည် ငယ်ငယ်တုန်းကလို ခြေဆောင့်၍ နှုတ်ခမ်းထော်ထော်စူကာ အိမ်ထဲသို့ ၀င်သွားတော့သည်။


သူတို့နှစ်ယောက်သား အိမ်ထောင်မရှိ အေးချမ်းစွာနေပေမယ့် ညီမများ မောင်များမှာ အိမ်ထောင်ပြုကြသူများပီပီ တူ တူမများတွင်လည်း လက်ထပ်ရေးကိစ္စ၊ ခိုးရာလိုက်ပြေးကြသောကိစ္စ၊ ပညာရေးကိစ္စကတော့ တူတစ်ယောက်ယောက်တွင်ဖြစ်စေ၊ တူမတစ်ယောက်ယောက်တွင် ဖြစ်စေ ပေါ်တတ်မြဲ ဖြစ်ပေသည်။


“ သဲချာတော့ ပါရဦးမယ်၊ သဲချာတော့ ပါရဦးမယ် ”

 

မင်္ဂလာဆောင်ကိစ္စတစ်ခုခုအတွက် အိပ်ရာခမ်းနားချုပ်ဖို့ဖြစ်စေ၊ အကျွေးအမွေးအတွက် စီစဉ်ရန်ဖြစ်စေ၊ အဆွေအမျိုးထဲက တစ်ယောက်ယောက်က ခေါ်လျှင် ဒေါ်သဲချာသည် အထက်ကအတိုင်း ခပ်ညည်းညည်းဆိုကာ ရေရွတ်ကာဖြင့် လိုက်ပါသွားတတ်သည်။ ပြန်လာလျှင်လည်း ဘယ်တော့မှ အေးအေးဆေးဆေး မရှိပေ။

 

“ အံ့သြပါရဲ့ ကိုကိုရယ်၊ ညီမလေးက အင်္ဂလန် လေးပင်လိမ်ဇာကို ခြင်ထောင်ချုပ်ဖို့ အကြံဉာဏ်ပေးတာ မတတ်နိုင်ဘူးတဲ့လေ။ ခြင်ထောင်တစ်လုံးကောင်းကောင်း မ၀ယ်နိုင်ဘဲနဲ့များ လက်ထပ်ဖို့ကိစ္စ မစီစဉ်ပါနဲ့တော့။ ခေါင်းအုံးစွပ်ကလည်း ခေါ်တောကုလား ခေါင်းအုံးစွပ်ကျနေတာပဲ၊ ပန်းရောင်စုံနဲ့။ ထွီ.. ညီမလေးတို့များတော့ ဒါမျိုး မသုံးသေးဘူး ”


“ ဟယ်… သဲချာရယ်၊ သူ့အိုးနဲ့သူ့ဆန်ပေါ့။ သင့်ရုံဖြစ်လဲ ပြီးတာပဲ။ သူငယ်ကလေးကတော့ အလုပ်အကိုင်ရှိ မဟုတ်လား ”

 

“ ရှိပါတယ်။ ကိုကိုက နေရက်လိုက်တာ။ အမျိုးထဲမှာ ကိုကိုအကြီးဆုံး။ တကယ်ဆို ဒီလက်ထပ်ပွဲကိစ္စ ဘယ်လိုလဲ ဘာလဲ ၀င်မေးဖို့ ကောင်းတယ်။ ယောက်ျားလေးဘက်က တစ်ပြားမှ တင်မတောင်းဘူးလေ ”

 

လက်ထပ်သူမှာ သူတို့ညီမ ဒေါ်လှမေအောက် ဒေါ်ဒေါ်ချွဲ၏သမီးအကြီး 'မေ' ဖြစ်လေသည်။

 

“ ဟဲ့… သူ့မိဘမချွဲတို့က ကောင်းတယ်ထင်လို့ စီစဉ်ပြီးသား၊ ငါ ဘာ၀င်ပါရမလဲ မသဲချာရယ် ”

 

“ အို… ညီမလေးတော့ ဆူပစ်ခဲ့တယ် ”


နောက်တစ်နေ့ ဒေါ်ဒေါ်ချွဲ ရောက်လာသည်။ ဒေါ်ဒေါ်ချွဲသည် မနေ့က ခြင်ထောင်ကိစ္စ ဒေါ်သဲချာ စိတ်ဆိုးသွားဟန်တူ၍ လာချော့ပုံရ၏။ ဒေါ်သဲချာကို ဧည့်ခန်းတွင် မတွေ့ရပေ။ ဦးစိန်အုပ်တစ်ယောက်တည်းသာ စာဖတ်နေ၏။

 

“ ဟော… မချွဲပါလား။ လာ ထိုင်ဟေ့… ။ မင်္ဂလာဆောင် ဘယ်နေ့လဲ ”

 

“ ရှေ့အပတ်ထဲမှာ ကိုကို၊ ဒါနဲ့ မမသဲရော… ”

 

“ ရှိပါတယ်… မီးဖိုထဲမှာ၊ ဒါနဲ့ မသဲက ငါ့ကို နင့်သမီး လက်ထပ်ပွဲ ၀င်မပါရကောင်းလား ရန်တွေ့နေတယ်။ မသဲပြောတော့ သူငယ်လေးဘက်က ဘာမှတင်မတောင်းဘူး ဆိုပါလား ”

 

ဒေါ်ဒေါ်ချွဲမှာ မျက်နှာ အနည်းငယ်မကောင်းသလို ဖြစ်သွား၏။

 

“ ကိုယ့်အစ်ကိုရင်းမိုလို့ ပြောရဦးမယ်။ ဘယ်လောက် တင်တောင်းပါ၊ ဘယ်ရွေ့တင်တောင်းပါ ပြောဖို့နေနေသာသာ ကိုကိုရယ်။ ဖြစ်အောင် မနည်းလုပ်နေရတာ ”

 

“ ဘာဖြစ်လို့ ”

 

“ ကိုယ့်သမီးက ပါသွားနေတာ၊ မြန်မြန်အုပ်မိအောင် ပြန်ထိန်းပြီး မင်္ဂလာဆောင်ဖြစ်အောင် လုပ်ရတယ်။ ကိုကိုတို့ လူပျို၊ အပျိုကြီးတွေအဖို့ ဒီကိစ္စတွေဟာ သမာရိုးကျထုံးစံ လုပ်ရိုးလုပ်စဉ်တွေသာ သိနေတာ။ သမီးမိန်းကလေး မိဘအဖြစ်နဲ့က မီးစင်ကြည့်ကရတာ ”

 

“ ဟေ… အေး... ငါလည်း စဉ်းစားမိသား ”


ဒေါ်ချွဲမှာ ဒေါ်သဲချာရှိရာ မီးဖိုဘက်သို့ လှည့်ကြည့်ရာမှ


“ ဘယ်ရွေ့ဘယ်မျှ တင်တောင်း၊ အိပ်ရာခမ်းနားလည်း ဘယ်အမျိုးအစားမှ ကြိုက်တာ၊ ဒါတွေမလုပ်ရင် မပေးစားနိုင်ဘူး ပြောဖို့နေနေသာသာ မပေးစားရင် ဒုတိယအကြိမ် လိုက်ပြေးမှ အရှက်နှစ်ခါကွဲမှာ။ ဒီတော့ ကျွန်မအနေနဲ့ ဖေဖေရဲ့ ဂုဏ်ထူးစစ်ကဲကြီး မြေးအရှိန်ဆိုတာလည်း ထိန်းမိအောင် ဧည့်ခံပွဲလေး သပ်သပ်ရပ်ရပ်လုပ်ပြီး အိပ်ရာခမ်းနားတော့ အညာစောင်နှစ်ထည်လောက်နဲ့ နှစ်ပင်လိမ်ခြင်ထောင်လောက်နဲ့သာ ပြီးအောင်လုပ်ရတာ ”


ဒေါ်သဲချာ မီးဖိုထဲမှ ထွက်လာသည့်အတွက် ဒေါ်ဒေါ်ချွဲမှာ စကားစဖြတ်လိုက်၏။

 

“ ဟော… မမသဲ… တစ်ခါတည်း လိုက်ခဲ့ပါ။ ဆန်းမှာ အကျွေးအမွေးအတွက် စီစဉ်ရအောင် ”

 

ဒေါ်သဲချာက သူ့ကို ယခုလို ဦးတည်လျှင် ကျေနပ်သည်။

 

“ ညည်းတို့ စင်တာကိတ် (Center Cake) ပါပေ့စေနော်။ စစ်ကဲကြီးမြေး လုပ်ပြီး စင်တာကိတ် ဧည့်သည်တွေ မကျွေးနိုင်ဘူးဆိုရင်တော့ မဖြစ်ဘူး ”

 

ဒေါ်ဒေါ်ချွဲမှာ ဘာမှပြန်မဖြေသော်လည်း ဦးစိန်အုပ်ကမူ ခေါင်းတညိတ်ညိတ်နှင့် နှမနှစ်ယောက်ကို ကြည့်ကာ ပြုံးနေလေသည်။


ထိုနေ့ ညနေတွင်မူ တစ်ဖက်ခြံမှလာသော ပညာ၀န်ကတော် မုဆိုးမကြီးတင်တင်နှင့် ဒေါ်သဲချာ စကားလက်ဆုံကျနေကြသည်။ သူ့စကားလုံးများမှာမူ ဆွေမျိုးတို့၏ သာရေး၊ နာရေးကိစ္စများတွင် မိမိမပါလျှင် မပြီးကြောင်း၊ အားလုံးကို လိုက်ပါဆောင်ရွက်ရ၍ ငြီးငွေ့လာကြောင်းများကို အသံကျယ်ကျယ်နှင့် ပြောနေတော့သည်။

 

ထိုနှစ် နွေဦးပေါက်တွင်မူ ဒေါ်ဒေါ်ချွဲအောက် မောင်ငယ်ဖြစ်သူ ကုမ္ပဏီပိုင်ရှင် ဦးမင်းအောင်တို့လင်မယား သူတို့အိမ် ရောက်လာလေ၏။ လာသောကိစ္စမှာ ထုံးစံအတိုင်း သူတို့သားဦးကို မြို့တော်ခန်းမတွင် လက်ထပ်မည့်အကြောင်း လာရောက်သတင်းပေးကြခြင်းဖြစ်သည်။


“ အိပ်ရာခမ်းနားကရော ဘယ်လိုစီစဉ်သလဲ ”

 

ဒေါ်သဲချာသည် မေးခွန်းမေးလိုက်၏။ ယောင်းမဖြစ်သူက ပြေပြစ်စွာပင် ဖြေ၏။

 

“ ကုတင်တို့၊ အိမ်ထောင်ပရိဘောဂတို့ကို ဘုံဘေဘားမားက မှာတယ်။ ခြင်ထောင်မွေ့ရာကတော့ ရိုးမှာပဲ မှာချုပ်တယ် မမသဲ ”

 

“ အင်း… အင်း… ကောင်းတာပေါ့လေ ”

 

ဒေါ်သဲချာ၏ ‘ အင်း ’ တွင် အဓိပ္ပါယ်အတော်ပါသည်ကို အစ်ကိုဖြစ်သူ ဦးစိန်အုပ်တစ်ယောက်သာ သဘောပေါက် နားလည်လေသည်။ မောင်ငယ်နှင့် ယောင်းမ ပြန်သွားသွားချင်းပင် ဒေါ်သဲချာ စခန်းထတော့၏။

 

“ ကြည့်စမ်းကိုကို… ကိုကိုကလေ ညီမလေး ပြောရင် ညီမလေးအဆိုး ဆိုဦးမယ်။ ခုကြည့်စမ်း… တူတစ်ယောက်လုံး မင်္ဂလာဆောင်မယ့်ကိစ္စ သဲချာကို ကြိုတင်ပြီး ဘာမှ အသိမပေးကြဘူး ”


စင်စစ်တော့ ဘယ်ခြင်ထောင်ကို ဘယ်မှာချုပ်၍ ဘယ်ခုတင် ဘယ်မှာ ၀ယ်ရမည်ကို သူ့အား ဆရာတင်စေချင်သည်။ ခုပွဲတင် သူ မပါလိုက်ရဘဲ ပြီးအောင် ဆောင်ရွက်လိုက်ကြခြင်းမှာ မောင်ငယ် ဦးမင်းအောင်နှင့် ယောင်းမတို့ သူ့ကို စော်ကားကြခြင်းပေတည်း။ အပွဲပွဲနွှဲလာခဲ့သော သူ့အား ဘာမှ မတိုင်ပင်ကြသည်မှာ ဆွေမျိုးတို့အုပ်စု ဗိုလ်ပုံအလယ်တွင် သူ့သိက္ခာကို ကျစေခြင်းဖြစ်ပေသည်။

 

“ ဘာဆိုဘာမှ မသိရဘူး။ တကယ်ဆို ကိုကိုနဲ့ညီမလေးက မောင်နှမ ၇ ယောက်ထဲမှာ အကြီးဆုံးမို့လား။ ဒါ… ဟိုသူငယ်မလက်ချက်တွေ၊ သူက မင်းအောင်ကို ကြိုးဆွဲလို့သာ အစ်မကို လာမတိုင်ပင်ရတာပေါ့။ ယောင်းမပီပီ တော်တော့်ကို ယုတ်တယ်။ ဟင်း… ဒီလက်ထပ်ပွဲတော့လား၊ ပြီးခါနီးမှ သွားပြမယ် ”

 

ဦးစိန်အုပ်သည် ဆေးတံခဲကာ ပြုံးပြန်လေ၏။ အတန်ကြာ နားငြီးလာမှပင် ခြံထဲသို့ ဆင်းလာတော့သည်။


မင်္ဂလာကိစ္စမှာ တခမ်းတနား စည်စည်ပင်ပင် ပြီးစီးခဲ့၏။ ဆွေမျိုးများသူတို့ပီပီ သာမှုပြီးပြန်တော့လည်း နာမှု ပေါ်လာပြန်သည်။ မောင်နှမ ၇ ယောက်မှာ ဦးစိန်အုပ်၊ ဒေါ်သဲချာ၊ ဒေါ်လှမေ၊ ဒေါ်ချွဲ၊ ဦးမင်းအောင်၊ ဒေါ်ကဲနှင့် ကွယ်လွန်သွားပြီဖြစ်သော ဦးကျော်မြင့် ဖြစ်၏။ ဦးမင်းအောင်မှာ သားဦး မင်္ဂလာဆောင်ပြီး ဇနှီးဖြစ်သူ ဒေါ်ခင်ခင်၀င်းမှာ ကောင်းစွာ မမာမကျန်းဖြစ်လာသည်။ လက်ထပ်ပေးသူ သားဦးမှလွဲ၍ ကျန်ကလေးများမှာ မိန်းကလေး ၅ ယောက်ဖြစ်၏။ အငယ်ဆုံး မိန်းကလေးမှာ နို့ခွဲကာစပင် ရှိပေသေးသည်။ ရောဂါအခြေအနေဆိုးလာ၍ ဦးစိန်အုပ်ရော ဒေါ်သဲချာပါ ခဏခဏ သွားကြည့်ကြသည်။ ဒေါ်ခင်ခင်၀င်းအား ဆေးရုံတင်စဉ်တွင် ဦးမင်းအောင်အောက် နှမ ဒေါ်ကဲက ယောင်းမ၏ကလေးများကို ညဉ့်အိပ်ညနေ လာရောက်ပြုစုစောင့်ရှောက်ပေးပေသည်။


ဒေါ်ကဲမှာ သူ့စီးပွား သူရှာစားနေသူ မုဆိုးမ သားတစ်ယောက်အမေ ဖြစ်သည်။ သားမှာ အိမ်ထောင်ကျသွားသော်လည်း ဒေါ်ကဲမှာ ဆရာမကြီး လုပ်၍ သူ့လခနှင့်သူ နေပေသည်။ ဒေါ်ခင်ခင်၀င်းမှာ ဆရာ၀န်များ လက်လျှော့လိုက်ပြီဖြစ်၍ အိမ်ကို ပြန်သယ်လာကြသည်။ ဒေါ်ကဲသည် ခွင့်ယူကာ မီးဖိုထဲတွင်လည်း ကလေးများ စားသောက်ဖို့ စီစဉ်ချက်ပြုတ်ရုံမက ယောင်းမဖြစ်သူကို ညဉ့်အိပ်ပျက်ခံကာ ပြုစု၏။ ဆရာမအနားတွင် ရှိပေမယ့် သူကိုယ်တိုင် စောင့်၍ကြည့်၏။


နောက်တစ်ပတ်အတွင်းမှာပင် ဒေါ်ခင်၀င်း ကွယ်လွန်သောသတင်းမှာ ဒေါ်သဲချာတို့မောင်နှမနှစ်ယောက်အိမ်သို့ ရောက်လာသည်။ ဦးစိန်အုပ်သည် အတော်ပင် စိတ်မချမ်းမြေ့ဖြစ်သွားလေ၏။ အဘယ်ကြောင့်ဆိုသော် ညီဖြစ်သူ ဦးမင်းအောင်မှာ စီးပွားရှိသူပီပီ အငယ်အနှောင်းနှင့် ခပ်ပွေပွေနေရသည့်အထဲ ကျန်ကလေးများမှာ အပျိုပေါက်မိန်းကလေးများနှင့် နို့ခွဲကာစ လူမမယ်ဖြစ်သောကြောင့် စိတ်ပူခြင်းဖြစ်လေသည်။ ပိုက်ဆံရှိတိုင်းလည်း အိမ်ထောင်စုတစ်စု၏အုပ်ချုပ်မှုမှာ အဆင်ပြေဖို့ ခဲယဉ်းတတ်လေသည်။


“ ကဲလေ… ခုတော့ ဘယ့်နဲ့လုပ်ကြမတုန်း ”

 

ဒေါ်သဲချာသည် နာမည်နှင့်လိုက်အောင်ပင် ခပ်သဲသဲ ဟစ်ငိုကာ အခန်းထဲမှ ထွက်လာ၏။

 

“ ကိုကိုရဲ့ ညီအချိုး ကိုကို သိတယ်မို့လား၊ မိန်းမရှိတုန်းကတောင် အိမ်သိပ်ကပ်တာမဟုတ်ဘူး။ ခုပုံဆိုရင် သာဆိုးမယ်။ တူမလေးတွေကလည်း အရွယ်ရောက်စ၊ အကွပ်မရှိဘဲ ပျက်ကုန်မှာ။ အမလေး ပူလိုက်တာ ကိုကိုရဲ့။ ဒီလိုပုံသာဆို တူမလေးတွေကို သနားလှချည်ရဲ့ ”

 

“ ကဲ... သနားတာတွေ ပူတာတွေ ခဏထားဦး၊ အသုဘအိမ် သွားကြဦးစို့ ”


မောင်နှမနှစ်ယောက် ရောက်သွားချိန်တွင် ဦးစိန်အုပ်သည် အစ်ကိုအကြီးဆုံးပီပီ ခေါင်းရင်းတွင်ထိုင်၍ ဧည့်သည်များကို ဧည့်ခံကာ စကားပြောနေသည်။ ဒေါ်သဲချာမှာမူ သက်ပြင်းကြီး တဟင်းဟင်းနှင့် ဖြစ်နေ၏။ မျက်လုံးများကလည်း ရဲရဲနီနေ၏။ ဧည့်သည်များကိုလည်း ကောင်းကောင်း စကားမပြောနိုင်ပေ။ တူမလေးများကို တစ်ယောက်ပြီးတစ်ယောက် ကျောသပ်လိုက်၊ ခေါင်းသပ်လိုက် သနားလှချည်ရဲ့နှင့် တဖျစ်တောက်တောက် ဖြစ်နေလေသည်။ ညီမဒေါ်ကဲက ချက်ပြုတ်ပြီး၍ ထမင်းစားပွဲပြင်ကျွေးသော်လည်း ဒေါ်သဲချာမှာ ထမင်းမစားနိုင်ပေ။

 

အသုဘကိစ္စပြီးသောညဉ့်တွင် ဆွေမျိုးမျက်နှာစုံညီ တိုင်ပင်ကြသည်။ ဦးစိန်အုပ်ကမူ သူ့ညီ ဦးမင်းအောင်မှာ မကြာမတင်ဆိုသလို နောက်တစ်ယောက် ယူမည်မှာ သေချာ၍ အထူးအထွေလည်း မပူလှပေ။ အရွယ်ရောက်စနှင့် အရွယ်မရောက်တစ်ရောက် တူမလေးများအတွက်သာ ပူ၏။ လက်ထပ်သွားသော တူကြီးမှာလည်း ဇနီးအိမ်သို့ ပါသွားပြန်သည်။


 “ မမသဲ ဖြစ်စေချင်တာကတော့... ”

 

ဒေါ်သဲချာသည် စကားစလိုက်၏။ ဦးမင်းအောင်ကစ တူမလေးများပါ ဒေါ်သဲချာကို စူးစိုက်ကြည့်နေ၏။

 

“ ခင်ဆွေအောင်တို့အားလုံး အန်တီသဲတို့အိမ် လိုက်နေပါလား။ အန်တီသဲတို့အိမ်မှာ ဘကြီးစိန်အုပ်နဲ့ အန်တီသဲ နှစ်ယောက်တည်း ရှိတာ ”

 

ကလေးများအားလုံးသည် ဒေါ်သဲချာကို ကြည့်နေရာမှ အဖေဖြစ်သူ ဦးမင်းအောင်မျက်နှာနှင့် ဒေါ်လေးကဲမျက်နှာကိုသာ တစ်လှည့်စီ ပြောင်းကြည့်ကြသည်။ သူတို့အမူအရာများမှာ လိုက်သွားလိုကြဟန် မပေါ်ပေ။ အကြီးဆုံးတူမ ခင်ဆွေအောင်က သက်ပြင်းတချချ ဖြစ်နေ၏။ ဦးစိန်အုပ်ကတော့ ဆေးတံကို ခဲမြဲခဲကာ အခြေအနေကို စောင့်ကြည့်နေပုံရ၏။


“ မိန်းကလေးတွေဆိုတော့ အကွပ်အထိန်းကောင်းမှ၊ ကဲ ... တူမကြီးတို့ကရော လိုက်မယ် မဟုတ်လား ”

 

ကလေးများသည် သူ့မေးခွန်းကို မဖြေ၊ သူ့မျက်နှာကိုလည်း မကြည့်၊ ဒေါ်လေးဖြစ်သူ ဒေါ်ကဲမျက်နှာကိုသာ ကွက်ကြည့်ကွက်ကြည့်လုပ်နေ၏။ အတန်ကြာ၍ ဘယ်သူ့ထံကမှ စကားတစ်ခွန်းတစ ထွက်မလာသောအခါ ဒေါ်သဲချာသည် စိတ်တိုလာပြန်၏။

 

“ မောင်မင်းအောင် မင်းက အဖေကွယ့်၊ မင်းသဘော ဘယ်လိုလဲ၊ မင်းက ရှင်းရှင်းပြတ်ပြတ် ကလေးတွေကို လမ်းကြောင်းပေးမှပေါ့ ”

 

ဦးမင်းအောင်သည် သက်ပြင်းချလိုက်ပြီး…

 

“ ကလေးတွေ စိတ်ပါမှ ဖြစ်စေချင်တယ်။ သူတို့စိတ်ကိုပဲ မေးကြည့်ပေါ့ ”

 

အငယ်ဆုံးကလေးမှာ ဒေါ်ကဲ ပေါင်ပေါ် တင်ထားရာမှ ဒေါ်ကဲ၏လည်ပင်းကို သိုင်း၍ ဖက်ထားလိုက်၏။

 

“ ကဲ... ခင်ဆွေအောင်... ငါ့တူမကြီးက အကြီးဆုံး၊ အန်တီသဲနဲ့အတူ လိုက်နေမယ်မဟုတ်လား ”


ခင်ဆွေအောင်သည် ဒေါ်သဲချာမျက်နှာကိုကြည့်၍ စကားပြန်ပြောရမည့်အစား ဒေါ်လေးကဲ မျက်နှာကိုသာ ကြည့်၍ ဖြေ၏။

 

“ ဆွေဆွေတို့ ဒီအိမ်မှာပဲ နေပါရစေ။ ဒေါ်လေးကဲလည်း မုဆိုးမ၊ သူ့သားကလည်း အိမ်ထောင်နဲ့ခွဲနေတော့ ဒေါ်လေးကဲက ဆွေဆွေတို့အိမ်မှာ လာနေပေါ့ ”

 

ခင်ဆွေအောင်မှာ ဒါလောက်ပင် အဖြေပေးလိုက်၏။ ဒေါ်သဲချာသည် ဗြုန်းခနဲ ထိုင်ရာမှ ထကာ ဆောင့်ဆောင့်နှင့် အိမ်ပေါ်မှ ဆင်းသွားတော့၏။ ဦးစိန်အုပ်မှာ ပြုံးနေပြန်သည်။


“ ဘကြီးစိန်အုပ်တို့အိမ်မှာ မနေချင်လို့တော့ မဟုတ်ပါဘူး ”

 

ခင်ဆွေအောင်သည် ဦးစိန်အုပ်ကို သနားသောမျက်လုံးနှင့် လှမ်းကြည့်ရင်း ဆက်ပြော၏။

 

“ ငါ နားလည်ပါတယ်ကွာ။ မင်းတို့ဘာသာ နေဖြစ်လည်း ပြီးတာပါပဲ။ တို့မှာသာ ၀တ္တရားရှိတဲ့အတိုင်း အကူအညီလိုရင်ပေးဖို့ အဆင်သင့်ရှိတဲ့အကြောင်း ပြောပြရတာ၊ ကဲ… ကဲ… သွားဦးမယ် ”


ဦးစိန်အုပ်သည် အေးဆေးစွာပင် ပြန်သွား၏။ အိမ်ရောက်လျှင် နှမ ဒေါ်သဲချာကို မျက်ရည်စက်လက်နှင့် တွေ့ရသည်။ သူ့မျက်ရည်များသည် ကြေကွဲ၍ ကျသောမျက်ရည် မဟုတ်။ ဒေါသထန်သောကြောင့် ကျလာဟန်ရှိသည်။

 

“ ကိုကို… ဘယ့်နဲ့လုပ်မလဲ၊ ဒီလိုသာထားရင် ခင်ဆွေအောင်တို့ ပျက်စီးကုန်မှာ၊ အဖေကလည်း အိမ်မကပ်၊ ကိုကို့ညီမ မိကဲဆိုတာကရော စည်းကမ်းကလနားရှိတဲ့ မိန်းမ မဟုတ်၊ လင်သေပြီးကတည်းက စိတ်လေနေတာ။ ပြီးတော့ ကလေးတွေကို အလိုလိုက်ပါဘိသနဲ့။ ခင်ခင်၀င်းဘက်က အမျိုးတွေ ၀င်ချယ်လှယ်ကြဦးမယ် ”

 

ဦးစိန်အုပ်သည် ဧည့်ခန်းဆိုဖာပေါ်တွင် ကျကျနန ထိုင်ကာ ဆေးတံခဲရင်း ဒေါ်သဲချာစကားကို နားထောင်နေ၏။


“ ညီမလေးနဲ့ဆိုရင် သူတို့ကို စည်းနဲ့ကမ်းနဲ့ ထားမှာဆိုတော့ ကလေးတွေကလည်း ကြောက်တယ်လေ။ ကလေးတွေစိတ်သဘောကို အပြစ်မတင်ချင်ပါဘူး။ ဒီမင်းအောင်နဲ့ မိကဲက စကားတစ်လုံးမှ ၀င်မပြောတာ အံ့ပါရဲ့ ဟင်…”

 

စကားအမျှင်မပြတ်အောင် ပြောနေလင့်ကစား ဒေါ်သဲချာအဖို့ မောပုံမရပေ။

 

“ ကဲ… မိသဲချာ… မမောသေးဘူးလား ”

 

ဦးစိန်အုပ်က မခေါ်စဖူး ‘ မိသဲချာ ’ ဟု ခေါ်လိုက်၍ ဒေါ်သဲချာသည် မျက်လုံးပြူးသွား၏။

 

“ ငါ… အခု စကားကို ပထမဆုံးနဲ့ နောက်ဆုံးပဲ မင်းကို ပြောမယ် ”

 

“ ကိုကိုက နင်တွေ ငါတွေနဲ့ ညီမလေးကို ပြောတယ်လား ”

 

ဆတ်ဆတ်ခါဖြစ်လာသော ဒေါ်သဲချာကို ဦးစိန်အုပ်သည် လက်ကာပြလိုက်ရင်း…

 

“ ထိုင်… ထိုင်… ငြိမ်ငြိမ်ထိုင် နားထောင်စမ်း၊ နင်ဟာ တော်တော် အမှုမရှိ အမှုရှာတဲ့မိန်းမ၊ ငါ ကြည့်ကြည့်နေတယ်။ အမျိုးတွေကိစ္စ၊ သာရေးနာရေးကိစ္စတွေမှာ နင် မပါရရင် အမလေး… ကျုပ်ကို လူရာမသွင်းဘူးလေး အသိမပေးဘူးလေးနဲ့ တဖျစ်တောက်တောက်၊ လူရာသွင်းပြီး နင့်ကို ပွဲထုတ်ရင်လည်း အေးအေးဆေးဆေး ပြီးပြတ်အောင် နင်မလုပ်တတ်။ ‘ မေ ’ မင်္ဂလာဆောင်တုန်းက ငါ မှတ်ထားတယ်။ ခြင်ထောင် နှစ်ပင်လိမ်ရပြန်ပြီ၊ သုံးပင်လိမ်ရပြန်ပြီ၊ ယောက်ျားက ငွေတင်တောင်းသလေး၊ မတောင်ယသလေးနဲ့ နင်ဘဲ စကားရှုပ်တာပဲ ”


ဒေါ်သဲချာသည် ရှိုက်ကြီးတငင် ငိုလေပြီ…။

 

“ စိန်ဘန်းကိစ္စတုန်းကလည်း ယောက္ခမ ငွေရင်းထုတ်မပေးတော့လည်း နင့်တူကို နှိမ်တယ်လို့ နင်ပဲ ပြော။ ငွေရင်းထုတ်ပေးတော့လည်း ဖျက်ဆီးတယ်လို့ နင်ပဲပြော။ နင့်စကားနဲ့ နင် စဉ်းစားကြည့်စမ်း ”

 

“ အမလေး… သဲချာက တူလေးကို ချစ်လွန်းလို့ ပြောတာ ”

 

ဒေါ်သဲချာက မျက်ရည်သုတ်ရင်း ၀င်ပြောသည်။

 

“ ငြိမ်ငြိမ်နားထောင်စမ်းဆို ”

 

ဦးစိန်အုပ်က တစ်ချက်ငေါက်လိုက်ပြီး 


“ ဘယ်ဦးလေး ဘယ်အဒေါ်မဆို နင့်လိုပဲ တူသားအပေါ် စေတနာ မေတ္တာထားတာပဲ။ နင်တစ်ယောက်တည်းကသာ တကယ်ချစ်တယ်လို့ နင့်ကိုယ်နင် ထင်နေတာ။ တကယ်တော့ သဲချာ နင်ဟာ ပါးစပ်ချည်းပဲ ”

 

“ ဘာပြောတယ် ”


“ ခုကြည့်လေ… မင်းအောင်မိန်းမ ခင်ခင်၀င်း ဆုံးသွားပြီ ဒီကလေးတွေ နင်နဲ့ ဘာလို့လိုက်မနေလဲ သိလား ”

 

ဒေါ်သဲချာသည် မျက်လုံးပြူးကြီးနှင့် စိုက်ကြည့်နေ၏။

 

“ ဘယ်နှစ်ခါများ ယောင်းမနဲ့တူလေးတွေ ချစ်လှချည်ရဲ့ဆိုပြီး မမာတုန်းက အအိပ်ပျက်ခံပြီး ယောင်းမကို နင် ဘယ်နှစ်ည သွားပြုစုသလဲ။ အဲဒီကလေးတွေကိုလည်း လက်ကြောတင်းအောင် ထမင်းတစ်လုံး ချက်ကျွေးဖူးသလား ... ပြောစမ်း။ ပါးစပ်ကဖြင့် ချစ်လှချည်ရဲ့လေး၊ သနားလှချည်ရဲ့လေးနဲ့ ကလေးတွေ ကယိကထ နင် တစ်လ ခံဖူးသလား…”

 

ဒေါ်သဲချာ ငြိမ်ကျလာ၏။


“ မိကဲက မုဆိုးမ၊ သူ့၀င်ငွေသူ ရှာစားနေရတဲ့ကြားထဲက အလုပ်ပျက်ခံ ယောင်းမ မမာလည်း ပြုစု၊ ကလေးတွေကိုလည်း ကိုယ်တိုင် ချက်ပြုတ်ကျွေးမွေး၊ ကယိကထခံနေတာ လေးငါးခြောက်လ မကဘူး။ ကလေးတွေကလည်း လူတွေပဲ။ သူတို့အပေါ် ကယိကထခံတဲ့ မိကဲနဲ့သာ အတူနေချင်တာပေါ့။ သူများတွေ ဆွေမျိုးတွေ အားကိုးခံ အကြည်ညိုခံ ဖြစ်ချင်ရတာလည်း အမော၊ သူများ အကြည်ညိုခံ အချစ်ခံရအောင် နင်ကရော ခါးစည်း အနစ်နာခံတဲ့ အရည်အချင်းများ ရှိဖူးလို့လား။ ငါ နားကြားပြင်းကပ်လာပြီ။ နောင်ကိုများလေ ဟိုဘက်အိမ်က တင်တင်လာလည်ရင် ဆွေမျိုးတွေ သာရေး၊ နာရေး ကျွန်မ မပါမပြီးလို့ မောတယ်၊ ဘာတယ် ပြောသံကြားရင် နင့်ကို ငါ အအုပ်ပဲ။ မပါရတဲ့အခါကျလို့ ရှိရင်လည်း သဲချာကို လူရာမသွင်းဘူးပြောရင် ငါ နင့်ကိုပဲ ရိုက်မယ်။ တူ တူမတွေ၊ မောင်တွေ၊ ညီမတွေ ချစ်လှချည့်၊ သနားလှချည့်ဆိုရင် နင် ကိုယ်တိုင်သွား ထမင်း၊ ဟင်း ချက်ပြုတ် ပြုစုကျွေးမွေးတော့။ နင့်မှာ ဘာအလုပ်မှ ရှိတာလည်း မဟုတ်။ ကိုယ့်၀မ်းစာ ကိုယ်ရှာစားနေရတာလည်း မဟုတ်။ သဲချာ... နင်ဟာ နာမည်အတိုင်းပဲ သဲလည်း သဲတယ်၊ ချာလည်း ချာသေးတယ် ”


“ အမလေး… ကိုကိုက ပြောပေါ့။  ညီမလေးကတော့ ကလေးတွေကို ကူညီချင်တာ ”

 

“ အေးလေ… အကူအညီဆိုတာ လာတောင်းခံရင် သွားပေးပေါ့။ သူများက ကိုယ့်အကူအညီ မလိုချင်လို့ စကားထဲတောင် ထည့်မပြောချင်တာကို နင်က ကူညီချင်လှချည့်ရဲ့နဲ့ ဖျတ်ဖျတ်လူးနေရင် အဲဒါ သဲတယ် ပိုတယ် ခေါ်တယ် သဲချာရဲ့ ”

 

ဦးစိန်အုပ်သည် ယခုတစ်ခါ ဒေါသအလွန်ဖြစ်လာသည် ထင်သည်။ လက်ထဲမှဆေးတံကိုပင် အဝေးသို့ လွှင့်ပစ်လိုက်သည်။

 

နောင်အခါတွင်မူ ဒေါ်သဲချာအသံကို ဘာမျှ မကြားရတော့ပေ။ သူတို့ အလွန်စိုးရိမ်သော ခင်ဆွေအောင် ကျကျနန မင်္ဂလာဆောင်ချိန်တွင်တောင်မှ ဒေါ်သဲချာကို ငြိမ်ငြိမ်သက်သက်ပင် တွေ့ရသည်။ ထိုမင်္ဂလာဆောင်တွင် သူ ဘာမှမစွက်ဖက်လိုက်ရသည်ကိုလည်း ဒေါ်သဲချာသည် စကားတစ်လုံးမှ ဖွဲ့နွဲ့၍ ပြောသံမကြားပေ။


စင်စစ်တော့ ဒေါ်သဲချာသည် အလွန်သနားစရာကောင်းသော မိန်းမကြီးပင်တည်း။ သို့သော် သူ့ကို ပတ်၀န်းကျင်က ဘာကြောင့်များ မသနားပါလိမ့်။                                        


ခင်နှင်းယု                                    

မြ၀တီမဂ္ဂဇင်း၊ ၁၉၆၄။


crd 👉 https://m.facebook.com/story.php?story_fbid=1990656437744772&id=100004013047242

No comments:

Post a Comment