ညီညီ့ကို မတွေ့ရသည် မမြင်ရသည်မှာ နှစ်နှစ်ကျော် သုံးနှစ်ခန့်ရှိပြီ ထင်သည်။ ဒီနေ့တော့ ညီညီ့ကို သတိရနေသည်။ ညက အိပ်မက်ထားသောကြောင့် ဖြစ်မည်ထင်သည်။
ညက အိပ်မက်ထဲတွင် ညီညီ့ကို တွေ့ရသည်။ ညီညီသည် သူ့အိပ်ခန်းတံခါးဝတွင်ရပ်ကာ တံခါးဘောင်ကို ခပ်လျော့လျော့ မှီထားလေသည်။ ခုတင်ပေါ်မှ ရေမြုပ်မွေ့ရာကိုလည်းကောင်း၊ ဇာအိပ်ရာဖုံး ပြာပြာကိုလည်းကောင်း၊ မဟော်ဂနီရောင် တဖိတ်ဖိတ် လက်နေသော မှန်တင်ခုံကိုလည်းကောင်း၊ ခုတင်ဘေးရှိ စားပွဲငယ်ပေါ်မှ တယ်လီဖုန်းနီနီလေးနှင့် စာကြည့်မီးအုပ်ဆောင်းပြာပြာလေးကိုလည်းကောင်း၊ နံရံတွင်ချိတ်ထားသော ပန်းချီကားထဲမှ နှစ်ဆယ်ရာစု မိန်းမပျိုလေး၏ မပေါ့်တပေါ် အလှကို လည်းကောင်း တခုချင်း စေ့စေ့ကြည့်ကာ သရော်ပြုံး ပြုံးနေလေသည်။ ထို့နောက် "စည်းစိမ်တွေ သိပ်တိုးပြီး သိပ်ပျော်နေတယ်ပေါ့၊ ဟုတ်လား ကိုကို” ဟု မေးကာ ခပ်တိုးတိုး ရယ်လေသည်။
ညီညီ့ကို သတိရနေဆဲမှာပင် အိမ်တံခါးဝမှ လျှပ်စစ်ခေါင်းလောင်းသံကို ကြားရသည်။ ညီညီများ လာလေသလားဟု ရုတ်တရက် တွေးမိသော်လည်း အမှန်တကယ် ရောက်လာလိမ့်မည်ဟုကား မထင်မှတ်မိပေ။ သို့သော် ... ညီညီသည် အမှန်တကယ်ပင် သူ၏အိမ်တံခါးဝသို့ ရောက်လာချေသည်။ အိပ်မက်ထဲကလိုပင် တံခါးဘောင်ကို ခပ်လျော့လျော့မှီကာ သူ့ကို စေ့စေ့ကြည့်နေလေသည်။
“ဟင် ... ညီညီ”
“အိုး ... မှတ်မိသေးတယ်ကိုး”
ညီညီက နှုတ်ခမ်းကို မသိမသာလေး တွန့်ကာ အိပ်မက်ထဲကအတိုင်းပင် သရော်ပြုံးကို ပြုံးလေသည်။
“လာလေ.. ညီညီ”
“ကျွန်တော်လာတာ အိမ်ထဲဝင်ဖို့မဟုတ်ဘူး၊ ရန်ကုန်ကိုများ လိုက်နိုင်ယင် ခဏလိုက်ခဲ့ပါလို့ ခေါ်ချင်လို့”
“ရန်ကုန်ကို”
“ဟုက်ကဲ့... ရန်ကုန်ကိုပါ ခင်ဗျာ”
ညီညီက လှောင်ပြောင်သောအသံနှင့် တရိုတသေ ပြောသည်။ မတွေ့ရသော နှစ်ကာလများအတွင်းတွင် ညီညီသည် ဘာတခုမှ ပြောင်းလဲသွားပုံမရချေ၊ စိတ်မြန်သော၊ ထက်မြက်သော၊ မာနကြီးသော သူ၏ညီငယ်သည် နောက်ဆုံးအကြိမ် တွေ့ခဲ့စဉ်ကကဲ့သို့ပင် သရော်မော်ကား ပြောချင်နေဆဲ ဖြစ်ပုံရသည်။
“ရန်ကုန် ပြည်လမ်း တံတားဖြူနားမှာ ဒီနေ့မနက်က နံပါတ်ကိုးကား တိုက်တယ်၊ လမ်းချော်ပြီး ကုက္ကိုပင်နဲ့ ဝင်တိုက်တာပဲ”
“အဲဒီတော့ ..”
“အဲဒီတော့ လူတွေအများကြီး ဒဏ်ရာရကုန်တာပေါ့ ခင်ဗျာ”
“နေပါအုံး ညီညီ.. နေပါအုံး၊ မင်း ငါ့ကို လှောင်ချင်ပြောင်ချင်တာတွေ အသာ ဘေးချိတ်ထားလိုက်ပါအုံး၊ ကိစ္စကို ပြောစမ်းပါ၊ ရန်ကုန်ကို ဘာကိစ္စ သွားရမှာလဲ၊ ကားတိုက်တာ ငါနဲ့ ဘာဆိုင်လို့လဲ”
ညီညီ၏မျက်နှာသည် ရုတ်တရက် တည်ကြည်သွားသည်။ အစိမ်းရောင် တောက်ပနေသော မျက်လုံးသည် မှိုင်းဝေသွားပြီး ကိုကို့အား အတန်ကြာအောင် ကြည့်နေလေသည်။ ထို့နောက်မှ ခြောက်သွေ့သောအသံနှင့် ခပ်တိုးတိုး ပြောသည်။
“ခင်ဦး.. သေတော့မယ် ကိုကို”
“ဘာ”
“ခင်ဦး ဒဏ်ရာသိပ်ပြင်းတယ်၊ တိုက်တဲ့ကားထဲမှာ ခင်ဦးပါတယ်.. အခု အတွင်းလူနာ”
“မြတ်စွာဘုရား”
ကိုကိုသည် အိမ်တံခါးဝတွင် စိုက်ထားသော ကျားပါးစပ်ပင်ကြီးကို တအား ဆုပ်ကိုင်ထားလိုက်မိသည်။ နားထဲတွင် တဝီဝီမြည်ကာ အာခေါင်များ ခြောက်သွားသည်။
“သူ မသေခင် ကိုကို့ကို တွေ့ချင်မှာပဲ.... ဒါကြောင့် ကျွန်တော်လာခဲ့တာ၊ ပဲခူးနဲ့ ရန်ကုန်ဆိုတာ သိပ်အဝေးကြီးတော့ မဟုတ်ပါဘူး၊ ကားကောင်းကောင်းနဲ့ မြန်မြန်လေး မောင်းလိုက်ယင် အသက်တော့ မီကောင်းပါရဲ့”
သံမှန်နှင့်ပြောသော ညီညီ၏အသံသည် ကိုကို၏နားထဲတွင် တိုးတလှည့် ကျယ်တလှည့် ဖြစ်နေသည်။ ခင်ဦး ဟူသည် မိန်းကလေး၊ သူတို့အား ချစ်သည့် မိန်းကလေး၊ ထိုမိန်းကလေးသည် မည်သည့်အတွက်ကြောင့် သေရမည်နည်း။ တစ်မျက်နှာလုံး ဖြူရော်ကာ ကြောင်ငေးငေးဖြစ်သွားသော ကိုကို့အား စိုက်ကြည့်နေယင်း ညီညီသည် သက်ပြင်းချလိုက်သည်။ ထို့နောက် ကိုကို၏ပခုံးနှစ်ဘက်ကို မသိမသာ တွန်းလိုက်ကာ "သွားလေ ... ခင်ဗျားမိန်းမဆီမှာ သွားပြီး ခွင့်တောင်းပါအုံး” ဟု ခပ်ထေ့ထေ့ ပြောသည်။
“သူ .. သတိရသလား”
“ရသေးတယ်”
“ဘာဖြစ်သွားတာလဲ”
“အဲဒါတော့ မသိဘူး... နံရိုးတော်တော်များများတော့ ကျိုးကုန်တယ် ပြောတာပဲ”
ညီညီက ကိုကို၏မျက်နှာအား စိန်းစိန်းကြည့်ကာ ထိခိုက်လှုပ်ရှားမှု မရှိဟန်နှင့် ပြောသည်။ သို့သော် ညီညီ၏နှုတ်ခမ်းဖျားလေးများက တဆတ်ဆတ် တုန်ယင်နေသည်ကို သူ သတိထားလိုက်မိသည်။ စိတ်ထဲတွင်လည်း လေးလံ နွမ်းနယ်သွားသည်။ ညီညီသည် တော်ရုံတန်ရုံနှင့် စိတ်ထိခိုက်တတ်သူမဟုတ်။ ညီညီ မနည်း ဣန္ဒြေဆည်နေရသည်ကို ကြည့်ခြင်းအားဖြင့် ခင်ဦး၏အခြေအနေသည် ပေါ့ပေါ့တန်တန် မဟုတ်ကြောင်းကို အသေအချာ သိနိုင်လေသည်။
သူ အိမ်ထဲသို့ လှည့်ဝင်သောအခါ ညီညီသည် အိမ်တံခါးဝတွင်ပင် ရပ်လျက် နေခဲ့လေသည်။ ဆိုဖာကုလားထိုင်ပေါ်တွင် ကိုယ်လုံးမြုပ်အောင် ထိုင်ယင်း လက်သည်းချွန်ကို တံစဉ်းနှင့်တိုက်နေသော ဇနီးသည် "ခင်စိုးပိုင်” က သူ့အား စူးစမ်းသလို လှမ်းကြည့်နေမိသေးသည်။
“ရန်ကုန်သွားမလို့”
“ရန်ကုန်ကို...”
“ဟုတ်တယ်”
“ဘာဖြစ်လို့”
“လူနာတယောက် အသည်းအသန်ဖြစ်နေလို့”
သူ့ရင်ထဲတွင် ကျင်ကနဲ ဖြစ်သွားသည်။ ခင်ဦး၏အမည်ကို သူ ထုတ်ဖော်၍ မပြောဝံ့။
“ရန်ကုန်ကနေပြီး ပဲခူးက ဆရာဝန်ကို လာပြီး ခေါ်ရတယ်လား”
“ဟုတ်တယ်”
“လူနာက သိပ်အရေးကြီးတယ် ထင်ပါရဲ့ နော်”
ခင်စိုးပိုင်က လေအေးလေးနှင့် ပြောသည်။ ကိုကို၏စကားကို ယုံပုံမရ။
“ဟုတ်တယ် ... သိပ်အရေးကြီးတယ်”
“ညနေတောင် စောင်းနေပြီ”
“မိုးချုပ်နေယင်တောင် သွားရမှာပဲ”
ကိုကိုက ခပ်ပြတ်ပြတ်လေး ပြောလိုက်သည်။ ထိုသို့ပြောဖြစ်လိုက်သည့်အတွက်လည်း ကိုယ့်ကိုယ်ကိုယ် အတန်ငယ် ကျေနပ်သွားသည်။ မည်သည့်အတွက်ကြောင့် ထာဝစဉ် အရှုံးပေး အလျှော့ပေးနေရမည်နည်း။
“ကိုလှရွှေ ကားထုတ်ပါ”
သူက ပြတင်းပေါက်မှနေ၍ နောက်ဖေးတန်းလျားဘက်သို့ ဦးခေါင်းပြူကြည့်ကာ အော်လိုက်သည်။
“ကျွန်တော် ရန်ကုန်သွားမလို့ ... အရေးကြီးတယ်”
အင်္ကျီအဝတ်အစားကိုပင် လဲမနေတော့၊ ဂျာကင်တထည် ကောက်ဝတ်လိုက်သည်။ သူ့ကို စိုက်ကြည့်နေသော ခင်စိုးပိုင်၏မျက်လုံးများကို ရှောင်လျက် ထွက်လာခဲ့သည်။ တံခါးဝတွင် ရပ်စောင့်နေသော ညီညီ၏လက်ကို ဆွဲကာ ကားထဲ ဝင်ထိုင်လိုက်သည်။
“ရန်ကုန်ကိုလား ..ဆရာ”
“အေးဗျာ .... အရေးကြီးလို့”
“ဆရာ မောင်းသွားမှာလား”
“ကိုလှရွေပဲ မောင်းပါဗျာ၊ မှန်မှန်နဲ့ မြန်မြန်လေးပေါ့၊ ဟုတ်လား”
ကားဘီးများသည် လျှောကနဲ လိမ့်သွားသည်။ ညီညီသည် နောက်မှီကူရှင်ကို သက်တောင့်သက်သာ မှီချလိုက်ယင်း "အင်း .. တယ်ပြီး ဖင်ဇိမ် ကျောဇိမ် ရှိတာကိုး” ဟု ခပ်တိုးတိုး ပြောသည်။
သူတို့ ကားထွက်လာသည်ကို မြင်တော့ ပန်းပင်ရေလောင်းနေသော မာလီက ခြံဝင်းတံခါးကို ဖွင့်သည်။ ခါးကိုကုန်းညွတ်ကာ ကားထဲမှ ကိုကို့အား အလေးပြုသလိုလို၊ ဆလံပေးသလိုလိုနှင့် အရိုအသေပေးလေသည်။ ညီညီက နောက်ဘက်တွင် ကျန်ခဲ့သော ခန့်ညားလှပသည့် တိုက်ကြီးကို ငဲ့ကြည့်ယင်း "ငါတို့နေခဲ့တဲ့ တဲကလေးနဲ့တော့ ကွာပါ့ကွာ” ဟု ပြောကာ မရယ်ချင်ပဲနှင့် ရယ်လေသည်။
ညီညီပြောသောအခါ ကိုကိုသည် သူငယ်စဉ်က နေခဲ့ရသော သင်္ကန်းကျွန်းဘူတာအနီးမှ ထရံကာ ဓနိမိုးသော အိမ်သေးသေးလေးကို သတိရသည်။ ပဲခူးမြို့မှ ရွှေဟင်္သာဆေးလိပ် သဌေးကြီး၏သားမက် ဒေါက်တာ ကိုကိုအောင်သည် ဓနိမိုးသော အိမ်စုတ်ကလေးတွင် တကုပ်ကုပ်နှင့် စာကျက်ခဲ့ရသည်ကို သိသူ နည်းပါးလှသည်။ ယခုလို ဒတ်ဆန်း ဝမ်းတွမ်တီးဝိုင်၏ နောက်ဘက်ဆိုဖာတွင် ကိုယ်လုံးမြုပ်အောင် ထိုင်ယင်း ဒန်ဟီးလ်စီးကရက် ခဲနေသူသည် တချိန်တုန်းက အင်္ကျီစုတ်၊ ပုဆိုးစုတ်ကလေးများ ဝတ်ကာ ကျောင်းတက်ခဲ့ရပြီး စာအုပ်ဖိုး မရှိ၍ ငိုကြွေးခဲ့ရသည်ဟု မည်သူထင်လိမ့်မည်နည်း။
* * *
“ကိုကို ဆိုတဲ့ကောင်စုတ်... နေတဲ့အိမ်က တဲပုတ်.. စားတော့ ပဲပြုတ် .. အင်္ကျီကလဲ စုတ်စုတ်... လူပုံကြည့်တော့ ဂျပိုးရုပ် ... ဟေ့ ... ကိုကိုဆိုတဲ့ ကောင်စုတ် . ဟေ့ ... စားတော့ ပဲပြုတ် .. အင်္ကျီကလဲ စုတ်စုတ် .. ဟေ့”
သူ့ကို ပတ်လည်ဝိုင်းကာ လက်ခုပ်တီး၍ အော်နေကြသော အသံများသည် ကိုကို၏နားထဲတွင် သံရည်ပူပူကို လောင်းချလိုက်သလို ပူပြီး ကျွတ်ကျွတ်ဆူနေသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ယင်း ဖုန်ထနေသော မြေသားညိုညိုကို စိုက်၍ ကြည့်နေသည်။ သူ့ဘေးမှ မျက်လုံးများကို သူ ရင်မဆိုင်ရဲ။
“ဟေ့... အင်္ကျီကလဲ စုတ်စုတ်၊ လူပုံကြည့်တော့ ဂျပိုးရုပ်”
ကိုကို၏အင်္ကျီစုတ်ကို လက်ညှိုးထိုး၍ ရယ်ကာမောကာ အော်နေကြသည်။ ကိုကိုသည် သူ၏အင်္ကျီစုတ်ကလေးကို ငုံ့ကြည့်ယင်း နှုတ်ခမ်းလေးများ တဆတ်ဆတ်တုန်လာသည်။ အသားများ ရိကာ ရေစီးကြောင်းလိုက်၍ ပြဲနေသော ပိတ်အင်္ကျီဝါကြန့်ကြန့်လေးက သူ့ကို မျက်နှာငယ်ငယ်နှင့် ပြန်ကြည့်နေသည်။ အင်္ကျီကလေးသည် သူနှင့် အတန်ငယ်ပင် ကျပ်နေပေပြီ။ ကျပ်သည့်အတွက်ကြောင့်လည်း စုတ်ရန်ပြဲရန် ပို၍လွယ်ကူနေလေသည်။ ကုက္ကိုပင်အိုကြီးမှ ကြွေကျလာသော ရွက်ဝါလေးတရွက်သည် သူ့အင်္ကျီပေါ် လာ၍တင်နေသည်။ ကိုကိုသည် မည်သူ့ကိုမျှ မကြည့်ပဲ ရွက်ဝါလေးကိုသာ ငုံ၍ ကြည့်နေသည်။
သူ့ဘေးမှ အသံများသည် ပို၍ပို၍များကာ ပို၍ပို၍ ကျယ်လာသည်ဟု ထင်မိသည်။ ရှက်ရွံ့ အားငယ်စိတ်က သူ့တကိုယ်လုံးကို ဝါးမျိုထားသည်။ ကိုကိုသည် နေရာမှ ထွက်ပြေးသွားချင်သည်၊ သူအုံး၍ အိပ်နေကျဖြစ်သော ခေါင်းအုံးမည်းမည်း၊ ချေးပေပေလေးတွင် မျက်နှာအပ်ကာ ချုံးပွဲချ၍ ငိုပစ်လိုက်ချင်သည်။ သို့သော် လက်တွေ့တွင်မူ သံမှိုနှင့်နှက်၍ စွဲထားသလို၊ နေရာမှ တလက်မပင် မရွေ့ ဖြစ်။ မျက်လွှာလေး ပင့်ကြည့်ရန်ပင် မဝံ့ရဲ။ သူစိုက်ကြည့်နေသော ကုက္ကိုလ်ရွက်ဝါလေးကပါ ခုန်ကာပေါက်ကာနှင့် "ဟေ့ .. ကိုကိုဆိုတဲ့ကောင်စုတ်၊ နေတဲ့အိမ်က တဲပုတ် ...၊ စားတော့ပဲပြုတ် ” ဟု ရယ်မောအော်ဟစ်နေသလို ထင်လာမိသည်။
ထိုအသံများသည် နားထဲမှတဆင့် တကိုယ်လုံး ရှိရှိသမျှ အသွေးအသားများထဲသို့ပါ လျှပ်စစ်စီးဝင်သလို တရဟော စီးဝင်နေသည်။ ထိုအသံများနှင့်အတူ ဝမ်းနည်းခြင်း၊ အားငယ်ခြင်း၊ စိုးရွံ့ ထိတ်လန့်ခြင်း ဟူသော စိတ်များကပါ သူ၏သွေးထဲသို့ တစိမ့်စိမ့် ထိုးဝင်သွားလေသည်။ ထိုစဉ် ဒေါသနှင့် အော်လိုက်သော အသံလေးတသံကို ကြားရသည်။ ညီညီ၏အသံ ဖြစ်သည်။
“ဟေ့ကောင်တွေ ... တိတ်လိုက်စမ်း”
ကိုကိုသည် ဖြတ်ခနဲ မော်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသော ညီညီကို တွေ့ရသည်။ ခြေနှစ်ဘက်ကို ကားကာ လက်သီးနှစ်ဘက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေသည်။ အသက်ရှစ်နှစ်တည်းဟူသော သူ့အရွယ်လေးနှင့်ပင် မလိုက်အောင် သူ့မျက်နှာက တင်းမာနေသည်။ ညီညီ၏ဘေးတွင် ယှဉ်လျက်ရပ်နေသူကား ခင်ဦး။ လွယ်အိတ်ကို စလွယ်သိုင်းလွယ်ကာ၊ တမတ်တန် သစ်သားပေတံလေးကို ဆုပ်ကိုင်ထားသည်။ ရန်လိုသော မျက်နှာထားလေးနှင့် မာန်ဖီနေသည်။
ကျောင်းသားများသည် ရုတ်တရက် ငြိမ်ကျသွားသည်။ ကိုကိုက မလှုပ်မယှက် ခေါင်းငုံ့ခံနေစဉ် စစ်ကူရောက်လာသော မလောက်လေး မလောက်စားလေး နှစ်ဦးကိုကြည့်ကာ အံ့သြသွားကြသည်။ သူတို့အားလုံးသည် ညီညီနှင့် ခင်ဦးထက် ကြီးကြသည်။ ထို့ကြောင့် ကိုကိုတို့အတန်းမှ ထွန်းဟန်က ရယ်လေသည်။
“မင်းတို့နဲ့ ဘာဆိုင်လို့လဲ ချာတိတ်တွေရ”
ညီညီက တောက်ခေါက်ပြီး ဟန်ပြင်ရုံသာ ရှိသေးသည်။ ခင်ဦးက ရုတ်တရက် ပြေးထွက်သွားပြီး ထွန်းဟန်ကို ကိုယ်တစောင်း တိုက်ချလိုက်လေသည်။ အမှုမဲ့ အမှတ်မဲ့ ခံလိုက်ရသော ထွန်းဟန်သည် မြေပေါ်သို့ ခြေကားရား လက်ကားရားနှင့် ပက်လက်ကျလေသည်။
“ကဲ... ပြောအုံးလေ ငါတို့အစ်ကိုကိုများ ကောင်စုတ်လို့ ပြောအုံးလေ ... ဟင်၊ ပဲပြုတ်စားတာ ဘာဖြစ်လဲ၊ တဲပုတ်နဲ့နေတာ ဘာဖြစ်လဲ၊ အင်္ကျီစုတ်တာရော ဘာဖြစ်လဲ .. အဲဒါ ပြောင်စရာလား၊ ကဲ .. ပြောင်အုံး ... ပြောင်အုံး”
လူးလဲထနေသော ထွန်းဟန်၏မျက်နှာကို ဖုန်များ သဲများနှင့် ကျုံးပက်ယင်း ခင်ဦးက အံကြိတ်သံလေးနှင့် အော်သည်။ မျက်စိထဲ သဲတွေ ဖုန်တွေ ဝင်ကုန်သော ထွန်းဟန်သည် ဝူးဝူးဝါးဝါးနှင့် အော်၍ ဆဲသည်။ ခြေကားရား လက်ကားရား ဖြစ်နေသော်လည်း ခင်ဦးကို ရန်မပြုနိုင်၊ ခုနစ်နှစ်အရွယ် မိန်းကလေးနှင့် ဆယ့်နှစ်နှစ်သားတို့၏ရန်ပွဲတွင် အသက်ကြီးသော ယောက်ျားလေးက တဘက်သတ် ခံနေရသည်။ ခံသာခံနေရသော်လည်း သနားဖွယ်မကောင်းပဲ ရယ်ဖွယ်ကောင်းနေသဖြင့် ထွန်းဟန်၏သူငယ်ချင်းများက သူ့ဘက်မှကူရန် မစဉ်းစားကြချေ။
“လာ ... ကိုကို သွားမယ်”
ကျောင်းတက်ခေါင်းလောင်းထိုးသံ ကြားသောအခါ ခင်ဦးသည် သူတို့ညီအစ်ကိုနှစ်ယောက်ဆီသို့ ပြန်ပြေးလာသည်၊ ကိုကို၏လက်ကို ဆွဲခေါ်သည်။ ဝမ်းနည်းအားငယ်နေသော ကိုကိုသည် ခင်ဦးက လက်ကလေးနှင့် ထိကိုင်ဆွဲခေါ်သည့် တခဏ၌ အားရှိသွားသလို ခံစားရသည်။ မျက်နှာ ဖြူဖပ်ဖြူရော်နှင့် မျက်ရည်ဝိုင်းနေသော ကိုကို့အား ညီညီနှင့် ခင်ဦးက တစ်ယောက်တစ်ဘက်စီ ဆွဲပြီး ခေါ်လာကြသည်။
“အလကားကောင်တွေ ... မင်းစာတော်တာကို မနာလိုလို့ကွ ... မင်းက အမြဲပထမရနေလို့ ... အဲဒီစဖျင်းတွေက ရန်စတာ ... မင်းကလဲ မကြောက်ပဲ ဘာလို့ခံနေရလဲ၊ ဘာလို့ ဆွဲတီး မပစ်တာလဲ ... ဟင်း ... ခင်ဦးလောက်မှ သတ္တိမရှိဘူး”
ညီညီက အပြစ်တင်သည်။ ဆံပင်တိုတို ကတုံး ဆံတောက်ကလေးနှင့်မို့ ညီညီ၏မျက်နှာသည် ဝိုင်းနေသည်။ ပါးစုံ့လေးများ ဖောင်းနေသည်။ နှုတ်ခမ်းပါးကို တင်းတင်းစေ့ကာ မျက်မှောင်ကုတ်ယင်း မြေကြီးပေါ်မှ ကျောက်ခဲလေးကို ခြေနှင့် ကန်ပစ်လိုက်သည်။ ညီညီသည် ရန်ဖြစ်ရမှာ ကြောက်တတ်သူမဟုတ်ချေ။ အသက်ရှစ်နှစ်သာ ရှိသေးသော်လည်း သူ ဆင်နွဲသော ရန်ပွဲပေါင်းမှာ မနည်းလှပေ။
ကိုကိုကမူ ဆယ်နှစ်ကျော်နေပြီ၊ ခုချိန်ထိ တခါမျှ ရန်မဖြစ်ဖူးသေးချေ။ ရန်ဖြစ်ရန်လည်း ကြောက်သည်၊ စကားအခြေအတင် ပြောရန်လည်း ကြောက်သည်။ ကုန်ကုန်ပြောရလျှင် သူ့ကို စိုက်ကြည့်သူတဦးကိုပင် ပြန်လှန်၍ စူးစိုက်ကြည့်ရန် မဝံ့ရဲချေ။
“ဟား ... ဟား ... အလကားအီးပေါလောကြီး ထွန်းဟန်၊ သိလား ကိုကို၊ ခင်ဦးကိုတောင် မနိုင်ဘူး”
ခင်ဦးက ကိုကို၏လက်များကို လှုပ်ယမ်းကာ ရယ်နေသည်။ ညီညီကတော့ သိပ်ကျေနပ်ပုံမရ။
“ဟ... နင်က မိန်းမကျင့် မိန်းမကြံနဲ့ သဲနဲ့ပက်တာကိုး”
“ခင်ဦးက မိန်းမပဲဟာ .... မိန်းမလိုပဲ ကြံမှာပေါ့ ညီညီရ”
“အေးလေ .. ရိုးရိုးဆိုယင် နင်နိုင်မလား”
“နိုင်ပါတယ်”
“အောင်မာ ...”
“အဟုတ်ပြောတာ ... ၊ ပေါင်ကြားထဲ တအားကန်ထည့်လိုက်မှာပေါ့ ”
“ခွေးမ”
ပထမတန်း အခန်းရှေ့သို့ ရောက်သောအခါ သူတို့ ရပ်လိုက်ကြသည်။ ညီညီနှင့်ခင်ဦးသည် အတန်းထဲ ဝင်သွားသောအခါ ကိုကိုတဦးတည်း ဆက်၍လျှောက်လာရသည်။ အားငယ်စိတ်များက သူ့တကိုယ်လုံးကို လွှမ်းမိုး၍လာပြန်သည်။ အထင်သေးသော၊ လှောင်ပြောင်သရော်သော မျက်လုံးများနှင့် ရင်ဆိုင်ရပေဦးမည်။ စာမရသဖြင့် ဒဏ်ပေးခံရခြင်းမဟုတ်သော်လည်း ဆင်းရဲခြင်း ဟူသည်မှာလည်း မကောင်းမှုတခုလို ရှက်စရာတမျိုးပင်။ ကိုကို၏ နှလုံးသားထဲတွင် ထိုသို့ပင်ခံစားရလေသည်။
“ဟေ့.. ကိုကို ... မင်း မငိုနဲ့နော်”
ညီညီသည် အခန်းထဲဝင်သွားပြီးမှ ကိုကို့ဆီသို့ ပြန်လျှောက်လာသည်။ မျက်ရည်အဝိုင်းသားဖြစ်နေသော ကိုကို့အား မကျေမနပ်လေးကြည့်ကာ ခပ်ကျိတ်ကျိတ်ပြောသည်။
“ဂရုမစိုက်စမ်းပါနဲ့ကွ... ဘယ်သူ့ကိုမှ ဂရုမစိုက်ပါနဲ့”
* * *
“ရန်ကုန်ကို တိုက်ရိုက်ပဲလား ... ဆရာ”
“တိုက်ရိုက်ပဲဗျာ ... ဓာတ်ဆီရောရှိရဲ့လား”
“အပြည့်ပါပဲဆရာ ... နေ့ခင်းကမှ ထည့်ထားတာ”
“အမြန်ဆုံးမောင်းဗျာ”
ကိုကိုသည် နဖူးပြင်တွင် စို့နေသော ချွေးများကို လက်ကိုင်ပဝါနှင့် ပွတ်သုတ်လိုက်သည်။ ကားမှန်ပြတင်းကို တဝက်ခန့် ဖွင့်ချလိုက်သောအခါ အေးမြသောလေက သုတ်ကနဲ ပြေးဝင်လာသည်။ ချွေးစိုနေသော သူ့ဆံပင်များကို ပွတ်သပ် ဆော့ကစားသွားသည်။
လူနာခုတင်ပေါ်တွင် မိန်းမောနေမည့် ခင်ဦး၏သဏ္ဍာန်ကို တွေးထင် မြင်ယောင်ယင်း ရင်ထဲတွင် တစ်ဆို့ဆို့ကြီး ဖြစ်လာသည်။ ခင်ဦး ဘာကြောင့် သေရမည်နည်း။ သေမင်းသည် ခင်ဦးဟူသည့် နှလုံးကောင်းမလေးဆီသို့ မည်သည့်အတွက်ကြောင့် ဆိုက်ရောက်လာရသနည်း။
“ညီညီ လိမ်ပြောတာ ဖြစ်ပါစေ”
ကိုကိုသည် တံတွေး မျိုချယင်း ဆုတောင်းမိသည်။ ဆုသာတောင်းမိသော်လည်း သူ့စိတ်ထဲတွင် ညီညီသည် အမှန်ပြောခြင်းဖြစ်ကြောင်းကို လက်ခံပြီးဖြစ်နေသည်။ ညီညီသည် လိမ်ပြောတတ်သူ မဟုတ်ချေ။
* * *
“ငါ့အကျီအိတ်ထဲက ပိုက်ဆံအကြွေတွေ နေ့တိုင်း ပျောက်နေတယ်၊ နင်ယူသလား မခင်မေ”
အဖေသည် သူ့အင်္ကျီအိတ်ကို စမ်းယင်း မေးသည်။ ထမင်းအိုး မွှေနေသော အမေက အဖေ့ကို လှည့်ကြည့်ပြီး ခေါင်းယမ်းသည်။ မခြောက်တခြောက် ထင်းစိုစိုက မီးခိုးများအူ၍ ထွက်နေသဖြင့် အမေ့မျက်လုံးထဲတွင် မျက်ရည်များဝဲနေသည်။ အမေ့ဆံပင်တွင် ပြာမှုန့်ဖြူဖြူများ လူးကပ်နေသည်။
“ဘယ်လိုဖြစ်တာလဲဟ ... ငါသတိထားမိတာ ဆယ်ရက်လောက်ရှိပြီ။ မနေ့တုန်းကတော့ အသေအချာ မှတ်ထားတာ၊ အခု ဆယ်ပြားစေ့ နှစ်စေ့ လျော့နေတယ်”
ကိုကိုသည် အဖေ့ကို ကြည့်ပြီး ရင် တဒိတ်ဒိတ်ခုန်လာသည်။ ထရံကို မှီယင်း ခြေဆင်းထိုင်ကာ ထမင်းရည်သောက်နေသော ညီညီကို ဖြတ်ကနဲ လှမ်းကြည့်မိသော်လည်း ညီညီက သူ့ကို မကြည့်ပေ။ ထမင်းရည်ဇလုံကို ဒန်ဇွန်းနှင့် ဣန္ဒြေမပျက် မွှေနေယင်း ခေါင်းငုံ့ထားသည်။
မနေ့ညက တိုင်တွင် ချိတ်ထားသော အဖေ့အင်္ကျီအိတ်ကို ညီညီစမ်းနေသည်။ “ဟေ့ ညီညီ၊ မင်းဘာလုပ်နေတာလဲ”ဟု ခပ်ဆတ်ဆတ်မေးသော ကိုကို့အား သူက အဓိပ္ပါယ်ပါသော မျက်လုံးများနှင့် စိုက်ကြည့်သည်။ ထို့နောက် “အသာနေစမ်းပါကွာ၊ ငါပိုက်ဆံစုနေတာပါ” ဟု ခပ်တိုးတိုး ပြောလေသည်။
“ကိုကို မင်းယူသလား”
အဖေက မေးသောအခါ ကိုကို့တကိုယ်လုံး တုန်သွားသည်။ ရုတ်ခြည်း မျက်ရည်ဝဲကာ ဆို့နစ်လာသည်။ အဖေ့ကိုမကြည့်ရဲ၍ ထမင်းစားခုံဝိုင်းလေးပေါ်တွင် အုံခဲနေသော ယင်ကောင်မည်းမည်းများကို စိုက်ကြည့်ယင်း ခေါင်းခါပြသည်။
“အဖေ့ကိုကြည့်ပြီး ပြောစမ်း သား၊ မင်းယူသလား”
အဖေက ကိုကို၏အမူအရာကို ကြည့်ပြီး ပို၍သင်္ကာမကင်း ဖြစ်သွားဟန်တူသည်။ အသံလေးလေးနှင့် ထပ်၍မေးလေသည်။ ကိုကိုသည် ခေါင်းကိုမော့၍ အဖေ့ကို ကြည့်ရသည်။ မွဲခြောက်ခြောက်နှင့် စူးရှ တောက်ပြောင်မှုမရှိသော မျက်လုံးအစုံနှင့် ရင်ဆိုင်ရလေသည်။ ကိုကိုသည် အဖေ့ကို နှစ်နှစ်ကာကာ ချစ်လှသူ မဟုတ်၊ ချစ်လောက်အောင်လည်း လက်ပွန်းတတီး မနေခဲ့ရပေ၊ မိုးလင်းမှမိုးချုပ် အလုပ်ခွင်တွင်သာ အချိန်ကုန်လေ့ရှိသော အဖေ့ကို သူ လူမှန်းသိသည့်အရွယ်ကတည်းကစ၍ ထာဝစဉ် ချွေးစော်နံနေတတ်သော လူကြီးတဦးအဖြစ်သာ စွဲမှတ်ခဲ့လေသည်။
ချဉ်စုတ်စုတ်နံသော ချွေးနံ့သည် အဖေ့ကိုယ်တွင်သာမက အဖေ့အင်္ကျီများတွင်လည်း စွဲကပ်နေသည်။ ကိုကို မကြိုက်။ အဖေ လက်သမားကြီးဖြစ်နေသည်ကို မကြိုက်။ အဖေ့လက်ဖဝါးကြီးများ မာကြမ်းပြီး အသားမာတက်နေသည်ကိုလည်း မကြိုက်။ အဖေ့အသားများ နီကြမ်းပြီး ညစ်ထတ် ထတ်နေသည်ကိုလည်း မကြိုက်။ အဖေ့ကိုယ်တွင် ချွေးနံ့ နံနေသည်ကိုလည်း မကြိုက်၊ အဖေဆင်းရဲသည်ကိုလည်း မကြိုက်၊ နောက်ဆုံး ကုန်ကုန်ပြောရလျှင် အဖေ့နာမည်ကိုပင် မကြိုက်၊ အဖေနှင့် ပတ်သက်သမျှ ကိုကို ဘာမှ မကြိုက်ချေ။
အတန်းထဲမှ သူငယ်ချင်းများသည် ဒယ်ဒီက ပြည်သူ့ဆိုင်မန်နေဂျာ ဦးတင်ထွန်းနိုင်၊ အန်ကယ် ဦးမိုးမြင့်သူ ၊ဖေဖေက ဦးအောင်ကျော်မိုး .. စသည်ဖြင့် ပြောနိုင်ကြသည်။ သူ့အလှည့်တွင်မူ ... အဖေက လက်သမားကြီးဦးဖိုးဘ ပါ ... ဟု မပြောလိုလှ၊ မပြောချင်လှ။
“ကဲ .. သားကြီး ကိုကို ပြောစမ်း .. အဖေ့ကို မှန်မှန်ပြောစမ်း၊ ဒီပိုက်ဆံတွေ သား ယူထားသလား”
“ဟင့်အင်း ... ဟင့်အင်း”
ကိုကိုသည် ခေါင်းကို အတွင်ခါယမ်းယင်း မျက်နှာတွင် သွေးဆုတ်သွားသည်။ သူ့ကို စိုက်ကြည့်နေသော ညီညီ့ကို မျက်စိသူငယ်နှင့် လှမ်းကြည့်မိသည်။ “ညီညီ ယူတာ အဖေရ” ဟု သူ မပြောရက်၊ ပြော၍လည်း မထွက်။
“မှန်မှန်ပြောနော် ... အဖေ့အကြောင်း သိတယ် မဟုတ်လား”
အဖေ၏အသံက ရုတ်တရက် မာလာသည်။ ကိုကိုသည် အဖေ၏ မှုန်မွဲမွဲ မျက်လုံးများကို ရင်မဆိုင်ချင်၍ မျက်နှာလွှဲထားလိုက်သည်။ စိတ်ထဲတွင်မူ အဖေက သူ့ကို တအားလွှဲ၍ ရိုက်လိုက်တော့မည်ဟု ထင်သည်၊ ငိုချင်နေသည်။
ကိုကို၏ ပခုံးနှစ်ဘက်ကို အဖေက ဒေါသနှင့် တင်းတင်းဆုပ်ကိုင်လိုက်ချိန်တွင် ညီညီသည် ကိုကို၏ဘေးသို့ ဖြတ်ကနဲ ရောက်လာသည်။ ကိုကို့ဘေးတွင် ယှဉ်ရပ်ကာ အဖေ့အား မော်ကြည့်ယင်း တိုးတိုးပြောသည်။
“ညီ ယူတာ အဖေ ... ကိုကို ... မဟုတ်ဘူး”
“ဘာ ... မင်းယူတာ”
အဖေက အော်လိုက်သည်။ ညီညီသည် အဖေ့မျက်လုံးများကို ရဲဝံ့စွာ ပြန်ကြည့်နေလေသည်။
“ကိုကို့ကို ကျောင်းမှာ ခဏခဏ စကြတယ်၊ ကိုကိုဆိုတဲ့ကောင်စုတ်တဲ့ ... နေတဲ့အိမ်က တဲပုတ်တဲ့ .. စားတော့ သောက်တော့ ပဲပြုတ်တဲ့၊ အင်္ကျီကလဲ စုတ်စုတ်တဲ့”
ညီညီ အသံလေးသည် တုန်ယင်နေသည်။ မျက်မှောက်ကြီးကုပ်နေသော အဖေ့ကိုလည်းကောင်း၊ ပြာအလူးလူး ပေနေသော အမေ့ကိုလည်းကောင်း၊ တဆတ်ဆတ် တုန်ယင်နေသော ကိုကို့ကိုလည်းကောင်း စေ့စေ့ကြည့်လိုက်သည်။ ထို့နောက် မျက်ရည်ဝဲလာလေသည်။
“ကိုကိုက အလကား စကြောက်ပဲ အဖေ၊ သူများ စယင် ငိုဖို့ပဲတတ်တယ်၊ ခဏခဏ ငိုတယ် ...။ ခင်ဦးလောက်တောင် သတ္တိမရှိဘူး၊ ဘယ်သူ့ကိုမှလဲ ခံမတီးရဲဘူး၊ ဟိုကောင်တွေက သူ့အင်္ကျီကိုကြည့်ပြီး အမြဲပြောင်တယ်၊ သူက အမြဲငိုတယ်၊ ဒါကြောင့် ..ညီ.. အဖေ့အိတ်ထဲက ပိုက်ဆံနှိုက်ပြီးစုနေတာ”
“ဘာကွ”
“ညီ ပိုက်ဆံစုနေတာ ..အခု နှစ်ကျပ်ရပြီ”
အမေ၏သက်ပြင်းချသံက ကျယ်လောင်လှသည်။ ထမင်းရည်ဇလုံထဲ ဆားခတ်ကာ စားပွဲဝိုင်းလေးပေါ် လာချသည်။ စားပွဲပေါ်မှ ယင်ကောင်များကို လက်ဖြင့် ဝှေ့ယမ်း ခြောက်ပြီးမှ အင်္ကျီလက်ကို ပင့်ကာ မျက်ရည်သုတ်လေသည်။
“ကိုကို့ကို အင်္ကျီအသစ်ဝယ်ပေးချင်လို့ အဖေ၊ သူ့အင်္ကျီက စုတ်လှပြီ၊ ဒါကြောင့် ... ညီ ... ပိုက်ဆံစု....”
ညီညီ့အသံက တိမ်ဝင်သွားသည်။
မေမေသည် နာနာကျည်းကျည်း အရိုက်ခံလိုက်ရသူကဲ့သို့ ယိုင်တိယိုင်တိုင် ဖြစ်သွားသည်။ သူ့ရှေ့မှ ထမင်းရည်ဇလုံကို အဓိပ္ပါယ်မဲ့ စိုက်ကြည့်နေလေသည်။ ထမင်းရည်ပူပူက အငွေ့ တထောင်းထောင်း ထကာ အဖေ့မျက်နှာကို ဟပ်နေသည်။ အဖေမျက်နှာသည် ထမင်းရည်ငွေ့ ဟပ်ကာ အစိုပြန်နေသည်။ မျက်လုံးများကမူ မှုန်မှိုင်းရီဝေ ???? သော အသံကို တိုးတိုးလေး ကြားရသည်။
“အဖေက သူများအိမ်တွေ လိုက်ဆောက်ပေးနေတယ်၊ အမေကလဲ သူများအင်္ကျီတွေ အငှားချုပ်လို့ .... ဒီအဖေနဲ့ ဒီအမေရဲ့ သားတွေကတော့ တဲပုတ်မှာ .. အင်္ကျီစုတ်တွေနဲ့ ...”
* * *
မိုးဖွဲဖွဲ ရွာသွန်းလာသည်။ မှုန်မွှားမွှား မိုးစက်ကလေးများသည် ကားထဲသို့ လေဟုန်စီးပြီး ဝင်ရောက်လာကြသည်။ မျက်နှာကို မထိတထိ ရိုက်ခတ်သည်။ မိုးစက်မိုးမှုန်များ၏ အေးမြမြ အထိအတွေ့ကလေးက ညှိုးချုံးနေသော သူတို့၏စိတ်နှလုံးကို သက်သာမှု မပေးလှပေ။
ညီညီသည် ကိုကို့ဘေးတွင် ငြိမ်သက်စွာ ထိုင်ယင်း လမ်းဘေးတွင် ရိပ်ကနဲ ကျန်ခဲ့သော သစ်ပင်များကို ငေးကြည့်နေသည်။ သူ့မျက်နှာပေါ်တွင် မိုးစက်မိုးမှုန်များ တင်နေသော်လည်း သုတ်မပစ်ချေ။
“မိုးပက်နေပြီ ညီညီ”
ကိုကိုက ပြောသော်လည်း ညီညီသည် ကြားဟန်မတူချေ။
“မိုးမပက်ဖူးလား ညီညီ”
“ပက်တယ်”
ကိုကိုက ထပ်မေးသောအခါမှ ညီညီသည် မှုန်မှိုင်းရီဝေနေသော မျက်လုံးများနှင့် လှမ်းကြည့်သည်။
“မှန်တံခါး တင်လိုက်လေကွာ”
“နေပါစေဗျာ ... ဒီအတိုင်း ကောင်းပါတယ်”
တဝက်တပျက်သာဖွင့်ထားသော မှန်တံခါးကို ညီညီက အကုန်လှည့်ပြီး ဖွင့်ချလိုက်သည်။ တံခါးအကုန်ပွင့်သွားသောအခါ မိုးစက်များက သည်းကနဲ ပြေးဝင်လာသည်။ လေကလည်း ပို၍တိုက်လာသည်။ မျက်နှာတွင် မိုးရေများစိုနေသော ညီညီ့အား ငေးကြည့်နေယင်း သက်ပြင်းချမိသည်။ တဖြောက်ဖြောက်နှင့် လာ၍ စင်နေသော မိုးစက်လေးများကို ညီညီက မျက်စိမှိတ်၍ ခံယူနေသည်။
ကိုလှရွှေက သူတို့နှစ်ဦးအား မသိမသာ ငဲ့ကြည့်ကာ သူ့ဘေးမှ မှန်တံခါးကို အဆုံးထိ လှည့်တင်ကာ ပိတ်လိုက်သည်။ ထို့နောက် ကားစက်ရှိန်ကို ပို၍မြှင့်လိုက်လေသည်။
ကားက ပို၍မြန်သောအခါ လေက ပို၍တိုးလာသည်။ ညီညီ၏ဆံပင်ပျော့ပျော့များသည် လေထဲတွင် လွင့်ပျံနေသည်။ လေကိုလည်းကောင်း၊ မိုးကိုလည်းကောင်း ညီညီက လုံးဝ ဥပေက္ခာပြုထားလေသည်။
ညိုမည်းနေသော ကောင်းကင်တွင် လင်းလက်သွားသော လျှပ်စီးကြောင်းနှင့်အတူ ဂျိမ်းဂျိမ်းမြည်သံကို ကြားရသည်။ ကိုကို၏စိတ်သည်လည်း ညီညီ့နည်းတူ အတိတ်ဆီသို့ လွင့်ပြေးသွားလေသည်။ ဆိုဖာပေါ်သို့ ခေါင်းကို မှီချလိုက်ကာ လွင့်၍ပြေးလေသော စိတ်အစဉ် နောက်သို့ မျှောကာ လိုက်သွားမိသည်။
* * *
မိုးရွာနေသည်။ မိုးရွာလျှင် သူတို့ကျောင်းတက်ရတော့မည် မဟုတ်။ ဖျားသောကြောင့် မဟုတ်၊ မအားသောကြောင့် မဟုတ်၊ ထီးမရှိသောကြောင့် ဖြစ်လေသည်။
ကျောင်းသို့ ဆောင်းသွားစရာ ထီးမရှိ၊ မိုးကာ မရှိသဖြင့် ကျောင်းတက်ချိန် မိုးရွာတိုင်း ကိုကိုစိတ်ညစ်ခဲ့ရသည်။ တခါတရံလည်း မိုးဖွဲဖွဲအရွာတွင် ဇွဲခတ်ပြီး ကျောင်းသို့ ဒုန်းစိုင်းပြေးယင်း လမ်းခုလတ်တွင် မိုးသည်းသည်းရွာချတတ်သည်။ ကျောင်းသို့ မရောက်မီ မိုးရေများ ရွှဲရွှဲနစ်ခဲ့ရသော အကြိမ်ပေါင်းလည်း မနည်းချေတော့ပြီ။
“မိုးရွာပြီကွ ... ပျော်တယ်ကွ”
ညီညီကမူ ကျောင်းတက်ပျင်းသည်။ တတ်နိုင်လျှင် ကျောင်းပင် နေချင်သူမဟုတ်။ အဖေ အတင်းထား၍သာ ကျောင်းတက်နေရသူ ဖြစ်သည်။ ထို့ကြောင့် ကျောင်းသွားချိန် မိုးရွာလျှင် သူပျော်သည်။ ကိုကိုက ညိုမည်းနေသောကောင်းကင်ကို မော်ကြည့်ယင်း “မိုးမင်းကြီးရယ် .. ငါတို့ကျောင်းရောက်ပြီးမှ ရွာပါ” ဟု ကျိတ်၍ ပြောမိစဉ် ညီညီက "ဟ... ရွာစမ်းပါ မိုးရ .. ဘာလုပ်နေတာလဲ၊ မြန်မြန်ရွာဟ "ဟုပြောလေ့ရှိသူ ဖြစ်လေသည်။
ယခုလည်း မိုးရွာသည်။ ထို့ကြောင့် ညီညီ ပျော်နေသည်။
“စာမရတာနဲ့ အတော်ပဲကွ”
“ညီညီရာ .... မင်းကလဲ ပညာကို တန်ဖိုးကို မထားဘူး”
ကိုကို၏စိတ်ထဲတွင် ပညာကို ကြိုးစားရမည်။ ပညာတတ်မှ လူရာဝင်မည်။ ပညာမတတ်လျှင် အဖေ့လို အင်္ကျီပြာကြီးဝတ်ပြီး လက်သမားလုပ်ရမည်ဟု စွဲနေသည်။ ကမ်းနားတွင် ကူလီထမ်းရမည်ကို ကြောက်သည်။ ဆိုက်ကားနင်းရမည်ကို ကြောက်သည်။ ပညာမတတ်ခြင်းနှင့် ဆင်းရဲခြင်းသည် ဒွန်တွဲ၍ နေသည်ဟု သူမြင်သည်။
“သား ..”
အမေက မီးဖိုချောင်မှ လှမ်းခေါ်သည်။ တဝုန်းဝုန်းရွာနေသော မိုးသံအကြားတွင် အမေ့အသံက တိုးညင်းလှသည်။
“သားတို့ ကျောင်းမသွားရပြန်ဘူးပေါ့ ”
“ခဏနေရယင် မိုးတိတ်ယင် တိတ်မှာပါ အမေရာ ... အခုမှ ရှစ်နာရီ ရှိသေးတာ”
“သားတို့အဖေလဲ ရွှဲမှာပဲကွယ်”
“အဖေသွားတုန်းက မရွာသေးပါဘူး ... လွတ်ယင်လွတ်နိုင်ပါတယ် ... အမေရ”
ကိုကိုသည် နောက်ဖေးချောင်သို့ လှမ်းဝင်လာကာ အမေ့ဘေးတွင် ထိုင်သည်။ အုတ်ခဲ သုံးလုံး ဆိုင်ထားသော ဖိုခုံလောက်ဆိုင် မီးဖိုက မီးခိုးများ အူထွက်နေသည်။ ငါးပိရေအိုးက ပွက်ပွက်ဆူကာ ရနံ့ တကြိုင်ကြိုင် ထွက်နေသည်။
“မီးဖိုကလဲ မီးခိုးလိုက်တာ”
“သားတို့အဖေ ယူလာတဲ့ သစ်တိုသစ်စတွေလေ၊ စိုနေလို့”
အဖေသည် အလုပ်ထဲတွင် ဖြတ်ယင်း တောက်ယင်း ပိုသော သစ်တိုသစ်စများကို ရနိုင်လျှင် ရနိုင်သလောက် အိမ်သို့ သယ်လာလေ့ရှိသည်။ တခါတရံ ရွေပေါ်စာ ကျုံးလာတတ်သည်။ အိမ်တွင် ကုန်ကျသော ထင်းဖိုးကို ကာတန်သရွေ့ ကာမိအောင် တလေးတလံ ထမ်းပိုးလာလေ့ရှိသည်။
“ထီးကလေးတလက်လောက်တော့ ဝယ်ဖို့ ကောင်းနေတာ ကြာလှပြီ၊ ခုထိကို မဝယ်နိုင်ဘူး”
“ထီးမရှိလဲ မိုးကာလေးရယင် ကောင်းမှာ အမေရ၊ မြဇော်ရဲ့ မိုးကာလေးမှာဆိုယင် ခေါင်းဆောင်းစရာလေးပါ ပါတယ်၊ သိပ်ကောင်းတာပဲ”
ညီညီက ပြောသောအခါ အမေသည် မချိပြုံး ပြုံးယင်း မီးဖိုကိုသာ မီးပြောင်းနှင့် တဖူးဖူး ကုန်းမှုတ်နေသည်။ ထို့နောက် မောလာသလို ခေတ္တရပ်ပြီး အသက်ပြင်းပြင်းရှူသည်။ ကိုကို့ကို မှုန်ဝေသော မျက်လုံးများနှင့် လှမ်းကြည့်နေပြီးမှ တိုးတိုးပြောသည်။
“အမေ ဖျားများဖျားသလား မသိဘူး၊ နေရတာ နည်းနည်းမှ မကောင်းဘူး”
ကိုကိုသည် အမေ့ကို တအံ့တသြ လှမ်းကြည့်မိသည်။ သူ လူ့ပြည်သို့ ရောက်သည်မှာ ဆယ့်သုံးနှစ်ပင် ကျော်ပေပြီ။ အမေ ဖျားသည်ကို တခါမှ မမြင်ဖူးသေးပေ။ မိုးလင်းမှ မိုးချုပ် စက်ရုပ်တရုပ်လို လှုပ်ရှားနေလေ့ရှိသော အမေ့ကို ဖျားတတ်နာတတ်သည် ဟူ၍ပင် မတွေးခဲ့မိကြပေ။ အမေ ညည်းသည်ကိုလည်း တခါမျှ မကြားစဖူး။
“ဘယ်လိုဖြစ်နေလို့လဲ အမေ”
ကိုကိုသည် အမေ၏နဖူးပြင်ကို အသာအယာ စမ်းကြည့်လိုက်သည်။ ချစ်ချစ်တောက် ပူနေသောကြောင့် ရုတ်တရက် လန့်၍ပင် သွားသည်။
“ဟာ ... အမေ ... ပူချစ်နေတာပဲ”
“အင်း ... အနာရှိန်တက်တာနဲ့ တူတယ်”
အမေ၏လက်မတွင် ပတ်တီးညစ်ညစ်တခုကို စည်းထားသည်။ သွေးစွန်းသော ပတ်တီးစသည် ညစ်ပေနေလေသည်။
“တနေ့က ထင်းခွဲတာ ဓားထိလို့ .. အမေလဲ ဘာဆေးမှ ထည့်စရာမရှိတာနဲ့ နနွင်းသိပ်ပြီး ပတ်တီးစည်းထားတာ”
“အမေ့အနာက ယဉ်းနေပြီ”
“အင်း ... အဆစ်လဲ နဲနဲ ကိုက်တယ်”
အမေသည် သူ့လက်မလေးကို ထောင်ပြယင်း သားကို အားကိုးတကြီးနှင့် ကြည့်သည်။ အသက် သုံးဆယ့်ငါးနှစ်သာရှိသေးသော်လည်း အမေသည် လေးဆယ်ကျော်တဦးဟု ထင်ရသည်။ နှုတ်ခမ်းနှစ်လွှာက ခြောက်သွေ့ ကာ အက်ကြောင်း ထင်နေသည်။ သနပ်ခါးနှင့် သိပ်မထိတွေ့သော အမေ့ပါးပြင်များသည်လည်း နုပျို စိုလန်း သွေးရောင်သမ်းခြင်း မရှိတော့ပေ။ အမေ၏ကျောက်ပြင်အပဲ့လေးဘေးတွင် အပွေးတုံးလှပြီဖြစ်သော သနပ်ခါးတုံးလေးတတုံးကို တွေ့နေရသည်မှာ နှစ်နှင့်ပင်ချီနေပြီ။ တခါတရံ စိတ်လိုလျှင် အမေသည် ထိုသနပ်ခါးတုံးလေးကိုပင် တဂျစ်ဂျစ်သွေးပြီး လိမ်းတတ်သည်။ တလလျှင် တခါလောက် သနပ်ခါးရေကျဲကလေး ပွတ်ထားတတ်သည်။
“လက်နာနေတာနဲ့ မနေ့ကလာအပ်တဲ့ အင်္ကျီလေးကိုတောင် ကြယ်သီးမတပ်ရသေးဘူး ... ပဲပြုတ်ကြွေးကလဲ ပူလှပြီ။ ဆီလဲ တစက်မှ မရှိဘူး”
အမေက အိမ်တံစက်မြိတ်မှ တဝေါဝေါ ကျဆင်းနေသော မိုးရေများကိုကြည့်ကာ တဦးတည်း ညည်းညူနေသည်။ ကိုကိုသည် စားပွဲဝိုင်းလေးပေါ် လှမ်းကြည့်လိုက်မိသည်။ ခါတိုင်းတွေ့နေကျဖြစ်သော ပဲပြုတ်ပန်းကန်လေးကို မတွေ့ရပေ။ ပဲပြုတ်သည် အဒေါ်ကြီးသည် သူ့အကြွေးရှစ်ကျပ်ကို ဆပ်ပြီးမှ ဆက်၍ပေးနိုင်မည်ဟု အိမ်ရှေ့မှ အော်သွားမည်မှာ သေချာလှသည်။
“ ဒါကြောင့်မို့ပြောတာ အမေကလဲ ကျွန်တော်မုန့်ရောင်းပါမယ်လို့”
ညီညီက မကျေမနပ် ပြောလေသည်။ အမေက ညီညီ့ကို ရီဝေစွာ လှမ်းကြည့်ယင်း သက်ပြင်းချသည်။
“စာကိုသာ ကြိုးစားစမ်းပါ သားရယ်”
“ဟုတ်ပါဘူး၊ စာလဲကြိုးစားမှာပေါ့၊ ကျောင်းအားတဲ့အချိန် ရောင်းယင် ရတာပဲ အမေရ”
ကိုကိုသည် ညီညီ့ကို စိုးရိမ်စွာ လှမ်းကြည့်နေသည်။ သူကတော့ မုန့်မရောင်းလို။ မုန့်ရောင်းနေစဉ် ကျောင်းမှ သူငယ်ချင်းများနှင့် တွေ့မည်ကို သူကြောက်သည်။ သူရှက်သည်။ ထို့ကြောင့် အမေက ခေါင်းညိတ်သဘောတူပြီး "ရောင်းချင်လဲ ရောင်းကွယ်” ဟု ပြောလိုက်မည်ကို စိုးကြောက်နေသည်။ သို့သော်လည်း အမေသည် တလေးတနက်ပြောနေသော ညီညီ့စကားကို ဂရုတစိုက် နားထောင်မနေပေ။ ထရံကိုမှီကာ အသက်ကို မျှင်း၍ရှူနေသည်။ ထို့နောက် စုတ်သပ်၍ ညည်းလေသည်။
“နေလို့မကောင်းလိုက်တာကွယ်၊ အမေတော့ တကယ့်ကိုဖျားနေပြီ၊ ခေါင်းမထူချင်တော့ဘူး၊ သား ... ကိုကို အဲဒီ ငါးပိအိုး ချပြီး ရေနွေးအိုး တည်စမ်း။ မိုးစဲယင် အမေ့ဖို့ ကွမ်းရွက် ဆယ်ပြားဖိုး သွားဝယ်ပေးနော်။ ကွမ်းရွက်ပြုတ်ရည်လေးသောက်ရအောင်”
အမေသည် လေးကန်စွာ ထသွားပြီး ဖျာပေါ်တွင် ခွေခွေလေး လှဲချသည်။ ညီညီက ရှိရှိသမျှ စောင်လေးများကို အမေ့အပေါ်တွင် ထပ်၍ခြုံပေးသည်။ ထို့နောက် အမေ့ဘေးတွင် ထိုင်ကာ အမေ့မျက်နှာကို ငေး၍ကြည့်နေလေသည်။
အပြင်ဘက်တွင် မိုးက သဲသဲမဲမဲ ရွာဆဲပင်။ ဓနိမိုးက ပေါက်ပြီး ယိုလာသောမိုးပေါက်များက အမေ့ခေါင်းရင်းနားတွင် တဖောက်ဖောက် ကျနေသည်။ ကြမ်းပေါ်တွင် ရေများကွက်ကာ စိုနေသည်။ ဒီတနေရာတည်း မဟုတ်၊ နေရာတော်တော်များများ မိုးယိုနေသည်။ ရေခံထားရသော ချိုင့်များခွက်များလည်း ဗုံစီသလို စီနေပြီ၊ လောက်ပင်မလောက်တော့။
“ဒီနေ့တော့ ကျောင်းမတက်ရတော့ပါဘူးကွာ ..မိုးကလဲ စဲမယ့်ပုံမရှိပါဘူး”
ညိုညိုမှောင်နေသော ကောင်းကင်ကို မျှော်ကြည့်ယင်း ကိုကိုက ပြောသည်။ ကိုကို ကျောင်းတက်ချင်သည်။ ဆရာမ သင်သမျှစာများကို လောဘတကြီး လိုက်လံ ကျက်မှတ်ချင်နေသည်။ စာတလုံးတတ်လျှင် ဆင်းရဲတွင်းမှ တထစ်လွတ်ခြင်းဟု ထင်နေမိသည်။
“မိုးမစဲတော့ ကောင်းတာပေါ့၊ အေးအေးဆေးဆေး ကွေးရတာပေါ့။ မိုးရယ် မတိတ်ပါနဲ့ဗျာ၊ နောက်နေ့တွေလဲ ရွာပါအုံးဗျာ”
ညီညီသည် အမေ့ဘေးတွင် ကပ်ပြီး လှဲချလိုက်သည်။ အမေခြုံထားသော ချည်စောင်ပါးထဲသို့ တိုးဝင်ယင်း တခစ်ခစ် ရယ်နေသည်။
“အမေ့ကိုယ်က ပူနေလို့လား မသိဘူး၊ နွေးလိုက်တာ”
“ညီညီ မင်းသွားမရှုပ်မနေနဲ့၊ အမေ ဖျားနေတာကွ”
“ဒီလိုဆို အမေက ဆောင်းတွင်းကျယင် ခဏခဏဖျားဖို့ ကောင်းတယ်၊ ညီတို့တွေ စောင်လိုမှာ မဟုတ်ဘူးနော် အမေ”
ညီညီက အမေ့ကို ခပ်သာသာလေး လှုပ်ကာ ပြောသည်။ အမေက ဘာမှ ပြန်မပြော။
“အမေ ... အမေကလဲ ချက်ချင်းအိပ်ပျော်သွားလား အမေရ၊ ဟင်... အမေ အမေ... ဟေ ကိုကို ... အမေ ဘာဖြစ်လဲ မသိဘူး၊ ခေါင်းကြီး လန်နေတယ်”
နှုတ်ခမ်းစေ့ကာ ခေါင်းနောက်ဘက်လန်နေသော အမေ့ကို ညီညီက တအားဖက်ကာ “အစ်ကို ..ကိုကိုရ ... လုပ်ပါအုံးကိုကိုရ၊ အမေ ... အမေ... ထပါ အမေရ” ဟု ကယောင်ကတမ်း အော်နေလေသည်။
* * *
မိုးဖွဲကလေးများသည် တဖြည်းဖြည်းစိပ်ကာ သည်းလာသည်။ သူ့မျက်နှာတွင် မျက်ရည်များနှင့် မိုးမှုန်တို့ရောကာ စိုနေသည်။
“အခုလိုမိုးရွာယင် အမေ့ကို သိပ်သတိရတာပဲ”
“အင်း ... အမေသေတဲ့နေ့က မိုးတွေရွာလိုက်တာ တအုန်းအုန်းနဲ့နော်... လျှပ်စီးတွေကလဲ လက်လို့”
ကားထဲသို့ဝင်ရန် အရှိန်ယူလာသော မိုးပေါက်များသည် ကားမှန်ကို ထိကာ လွင့်စင်သွားကြသည်။ ဖြာကနဲ ဖြာကနဲ လွင့်စင် ကွဲကြေသွားသော မိုးပေါက်ကလေးများကို ကြည့်ယင်း ရင်ထဲတွင် မောလာသည်။ ထိုမိုးပေါက်ကလေးများကဲ့သို့ပင် သူတို့အမေသည် လူ့လောကကြီးမှ ရုတ်တရက် လွင့်စင်ပြီး ကွယ်ပျောက်သွားခဲ့လေသည်။
အံကို တင်းတင်းကြိတ်ကာ သွားစေ့ပြီး ဇက်ကြီးခိုင်နေသော အမေ့သဏ္ဌာန်သည် သူ၏အိပ်မက်ထဲသို့ မကြာခဏ ရောက်လာလေ့ရှိသည်။ မေးခိုင်ပိုး ဝင်၍ဝင်မှန်းမသိပဲ ကွမ်းရွက်ပြုတ်ရည်ကျဲကျဲလေးကိုသာ အမေ့ပါးစပ်ထဲ အတင်းလောင်းထည့်ခဲ့မိသည့် သူ့ကိုယ်သူ ခွင့်မလွှတ်ချင်။
အမေ...။ သူတို့အမေသည် ဆင်းရဲဒုက္ခခံရန် ခြိုးခြံရန်အတွက်သာ လူ့လောကထဲ ရောက်လာဟန် တူခဲ့သည်။ လူ့ပြည်လူ့ရွာတွင် အနှစ်သုံးဆယ်ကျော် နေသွားခဲ့ရသော်လည်း စည်းစိမ်ခံခြင်း၊ ချမ်းသာခြင်းဟူသော စကားလုံးများ၏အနက်အဓိပ္ပာယ်ကိုပင် အတိအကျ နားလည်သွားဟန် မရှိချေ။ သေခါနီးအချိန်အထိ ကြယ်သီးမတပ်ရသေးသော အင်္ကျီနှင့် ပဲပြုတ်ဖိုး ရှစ်ကျပ်ကို စိတ်စွဲသွားခဲ့ရှာသည်။ ဆေးဖိုးအဖြစ် ကွမ်းရွက် ဆယ်ပြားဖိုးကိုသာ သုံးစွဲခဲ့ရှာလေသည်။
“အမေသေတာ ငါတို့တွေ ဗဟုသုတနည်းလို့၊ ပညာမတတ်လို့ကွ .. မေးခိုင်ပိုး ဝင်လို့တောင် ဝင်မှန်း မသိခဲ့တာ”
သူက ကြိတ်မနိုင် ခဲမရနှင့် မကြာခဏ ပြောမိသည်။ ထိုအခါမျိုးတွင် ညီညီသည် ရီဝေသော မျက်လုံးများနှင့် သူ့ကိုကြည့်ကာ မချိပြုံး ပြုံးတတ်လေသည်။
“အမေသာ ဆရာဝန်ဆီ စောစောရောက်ယင် မသေပါဘူးကိုကိုရာ၊ အမေသေတာ ဆင်းရဲတဲ့ရောဂါကြောင့်ပါ” ဟုပြောတတ်သည်။
“ဒီလောက်တောင် လေတွေတိုက်နေလျက်နဲ့ ရင်ထဲမှာပူပြီး အိုက်နေသလိုပဲ”
စိမ့်အေးနေသော မိုးစက်များသည် ညီညီ၏မျက်နှာကို တဖြောက်ဖြောက်နှင့် လာ၍စဉ်နေသည်။ ညီညီ၏မျက်နှာပေါ်တွင် သောက၏အရိပ်အရောင်များ ယှက်သန်းနေသည်။ ညိုမှိုင်းသောကောင်းကင်တွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားသော လျှပ်စီးကြောင်းကို မျှော်ကြည့်ယင်း ခပ်တိုးတိုး ပြောသည်။
“အမေသေတုန်းက သုံးဆယ့်ငါးနှစ်”
“အေး... ဟုတ်တယ်၊ အဲဒီတုန်းက ငါက ဆယ့်သုံးနှစ်၊ မင်းက ဆယ်နှစ်”
“အခု ခင်ဦးက နှစ်ဆယ့်ငါးနှစ်”
ကိုကို၏နှလုံးသားသည် ဒိန်းကနဲ ဖြစ်သွားသည်။ အူအသည်းများ ရုန်းရင်းဆန်ခတ် ထပြီး ကျွမ်းထိုးကုန်ကြသလို ရင်ထဲတွင် ဗြောင်းဆန်သွားသည်။ ခင်ဦး..။ သူ၏ခင်ဦးသည် အမေ့လိုပင် သေခြင်းတရားနှင့် ရင်ဆိုင်နေရပေပြီ။
“ကျွန်တော်တို့သုံးယောက်ထဲမှာ ခင်ဦးက အငယ်ဆုံး၊ ကျွန်တော့်ထက် တနှစ်ငယ်တယ်၊ ကိုကို့ထက် သုံးနှစ်ငယ်တယ်”
“သုံးနှစ်နဲ့ တလ ငယ်တယ်”
ကိုကိုက ရင်ထဲမှ အတိအကျ ထပ်၍ပြောမိသည်။ ခင်ဦးသည် သူ့ထက် သုံးနှစ်နှင့် တလတိတိ ငယ်လေသည်။
“အငယ်ဆုံးပေမယ့် သတ္တိကျတော့ အကောင်းဆုံး”
ညီညီက မသဲမကွဲ ပြုံးသည်။ အတိတ်ဆီသို့ ပြေးလွှားသွားနေသော စိတ်ကြောင့် ကိုကို့အား သရော်မော်ကား ပြောရန် သတိမရပဲ ဖြစ်နေဟန်တူသည်။
“အရေးရယ် အကြောင်းရယ် ဆိုရင် သူက အမြဲ ရှေ့ကချည်းပဲ”
“ငါကတော့ အကြီးဆုံးပေမယ့် အမြဲတမ်း နောက်ကွယ်ကသာ ရပ်ခဲ့တာပါ”
ကိုကိုက ရင်ထဲမှ ပြောမိပြန်သည်။
“မှတ်မိသေးလား ကိုကို ... ဟိုတခါ ငါးပက်တုန်းကလေ၊ လူကြီးနှစ်ယောက်နဲ့ ရန်ဖြစ်ရတာရော”
“မှတ်မိတာပေါ့ ညီညီရာ”
“အဲဒီတုန်းကလဲ အခုလိုပဲ မိုးတွေရွာနေတာနော်”
ကိုကိုသည် သက်ပြင်းတချက်ရှိုက်ကာ ညီညီ့လိုပင် ကားမှန်တံခါးကို အကုန်ဖွင့်ချလိုက်သည်။ စိမ့်စိမ့်အေးနေသော မိုးစက်များကို မျက်နှာမော့်၍ ခံယူယင်း မျက်စိမှိတ်ထားလိုက်သည်။
* * *
ခင်ဦးသည် ထဘီကို တိုတိုလေး ဝတ်ထားသည်။ အပေါ်ဘက်တွင်ကား ရှဉ့်မြီးအင်္ကျီလေး တထပ်တည်း ဖြစ်သည်။ သူ့အဘွားက အင်္ကျီရင်ဘတ်တွင် ဇာပြား အဖြူလေး တပ်ပေးထားသော်လည်း အခုတော့ ဇာအဖြူရောင်က အညိုရောင်ဖြစ်အောင် ရွံ့အလိမ်းလိမ်း ကပ်နေပြီ ဖြစ်သည်။ တဖွဲဖွဲကျနေသော မိုးပေါက်များကို မျက်နှာမော့်၍ ခံယူယင်း ရွှံ့ထဲတွင် တစွပ်စွပ်နှင့် လျှောက်သွားနေသည်။
“မိခင်ဦး နင် အောက်ကို ကြည့်လျှောက်လေ”
ကိုကို၏အော်သံကို ကြားသောအခါမှ ပြန်လှည့်လာသည်။ သွားကျိုးပေါက်လေး ပေါ် အောင် ရယ်နေသည်။
“ငုတ်တွေက ရေထဲမှာ ရှိတာဟ၊ မိုးပေါ်မှာ ရှိတာမဟုတ်ဘူး၊ နင်က ဘာလို့ မျက်နှာကြီးမော့်ပြီး လျှောက်နေရတာလဲ”
ညီညီက လမ်းဘေးမှ မြေကြီးခဲများ သယ်လာယင်း မျက်မှောင်လေးကုပ်၍ အော်သည်။ ခင်ဦးက ဘာမှ ပြန်မပြော၊ လျှာကလေး ထုတ်ယင်း ရေစပ်မှ ရွှံ့များကို လက်နှစ်ဘက်နှင့် သယ်လာသည်။
“ငါးက ရပါ့မလား ကိုကိုရ”
“ရမှာပေါ့ ဟ ... ဒီထဲမှာ ငါးခူကြီးတွေ ငါးရံ့ကြီးတွေရှိတယ် သိရဲ့လား”
“အများကြီးလား ဟင်”
“အေးပေါ့ ၊ အများကြီးပေါ့”
သူတို့ ငါးပက်သောနေရာသည် မီးရထားလမ်းဘေး ရေအိုင်ငယ်သာ ဖြစ်သော်လည်း ကလေးအမြင်၊ ကလေးအတွေးနှင့်ဆိုတော့ ကန်အကြီးကြီးလို စိတ်ထဲတွင် ထင်မှတ်နေလေသည်။ ငမိုးရိပ်ချောင်းက ဒီရေတက်လျှင် တခါတရံ သူတို့လမ်းထဲအထိ ဝင်တတ်သည်။ သူတို့နားတဝိုက်တွင်ရှိ လမ်းဘေးရေအိုင်များ ပြည့်လျှံသွားတတ်သည်။ မြေနိမ့်နိမ့်မှန်သမျှ ရေဝပ်ကာ ရေအိုင်များ ဖြစ်နေသည်။ ရေရှိလျှင် ငါးရှိတတ်မြဲမို့ လူကြီးတွေက ငါးကွန်ပစ်ကြ၊ ငါးဖမ်းတတ်ကြသည်။ အတုမြင် အတတ်သင်ကာ သူတို့ကလေးတွေလည်း ငါးဖမ်းကြသည်။
“တနေ့တုန်းက လူကြီးတွေ ဟိုဘက်နားမှာ ဖမ်းတာ ငါးရံ့အကြီးကြီးတွေ ရသွားတယ် သိလား ... ၊ လက်မောင်းလောက်ကြီးတွေ ရှိတယ်၊ ငါမြင်လိုက်တယ်”
“ဟီး.. ဟီး၊ ခင်ဦးရဲ့ လက်မောင်းလောက်လား ကိုကို”
ခင်ဦးက သူ၏လက်ပိန်ပိန်သေးသေးလေးကို မြှောက်ပြယင်း ရယ်သည်။ တကိုယ်လုံး ရွှံ့အလိမ်းလိမ်း ကပ်ကာ တမံတုတ်နေသော ညီညီက အလုပ်မလုပ်ပဲ လေပေါနေသောခင်ဦးကို ရှုတည်တည်နှင့် လှည့်ကြည့်သည်။ ခင်ဦး၏ဆံပင် နီကြောင်ကြောင်လေးများသည် မိုးရေစိုသဖြင့် ကပ်နေသည်၊ မျက်နှာတွင် ရွှံ့စက်များ ပေကျံနေသည်။ ရှေ့သွားလေး နှစ်ချောင်းက ကျိုးပြီး ဟောင်းလောင်းလေးဖြစ်နေသဖြင့် သူ့ရုပ်က တည်တည်နေလျှင်ပင် အပိုးမသေပဲ ပြောင်စပ်စပ်ဖြစ်နေရာ ရယ်လိုက်သောအခါကား လူပြက် ထွက်သလို ရယ်စရာကောင်းနေလေသည်။
“ဟား.. ဟား ... ခင်ဦး.. နင့်ကိုကြည့်ရတာ .. ကာတွန်းထဲက အရုပ်ဆိုး စုန်းမလေးနှင့် တူလိုက်တာ”
ညီညီ၏စကားကို ကြားသောအခါ ခင်ဦး ဆွေ့ဆွေ့ခုန်သွားလေသည်။ ယောက်ျားရှာလေးလို ယောက်ျားလေးများနှင့်ပြိုင်ပြီး ကျည်းသားရိုက်၊ ဂျင်ပေါက်၊ ငါးပက်လုပ်နေသော်လည်း ခင်ဦးသည် အလွန်လှချင်လေသည်။ သူ့ကို အရုပ်ဆိုးသည်ဟု ပြောလျှင် ဆတ်ဆတ်ခါအောင် နာတတ်သည်။
“အောင်မာ နင်ကရော လှလွန်းလို့ .. နင်ကမှ သရဲ”
“နင်က မှင်စာ”
“ပြိတ္တာမ”
“တစ္ဆေထီး”
ခင်ဦးက ခွန်းချင်းမခံ ပြန်ပက်ယင်း ငိုသံပါလာသည်။
“ဟွန်း .. အဘွားပေးလိုက်တဲ့ ထန်းလျက် နင့်ကို မကျွေးတော့ဘူး သိလား” ဟု ဘောက်ဆတ်ဆတ်လေး ပြောသည်။
“ဟား ... ဟား ... နင့်အဘွားများ ငါမသိတာလိုက်လို့ အခုသွားတောင်း အခုရတယ်၊ နင်ကျွေးမှ ငါစားရမှာလား၊ ထွတ်”
ဟုတ်တော့လည်း ဟုတ်သည်။ ခင်ဦး၏အဘွားသည် ညီညီ့ကို အလွန်ချစ်လေသည်။ မိတဆိုးမလေး ခင်ဦးကိုချစ်သလို ကိုကိုနှင့် ညီညီတို့ ညီအစ်ကိုကိုလည်း ချစ်သည်။ စီးပွားရေးအခြေအနေအားဖြင့် ခင်ဦးတို့က ကိုကိုတို့ထက်အနည်းငယ် သာသည်။ ခင်ဦး၏ဖခင်က သူဌေးတဦးအိမ်မှ ကားမောင်းသူဖြစ်သည်။ မိုးမလင်းမီ အိပ်ရာမှထ၍ သွားရကာ ခင်ဦးအိပ်မှ ပြန်ရောက်တတ်သော်လည်း သူ့အတွက် စားစရိတ်မကုန်သည့်အပြင် တခါတရံ မုန့်ဖိုးပဲဖိုး အဝတ်အထည်လေးများပါ သူဌေးကတော် စိတ်လိုလျှင် လိုသလို ရလာတတ်သဖြင့် ခင်ဦးအဖေက သူ၏အလုပ်ကို အပြည့်အဝ ကျေနပ်လေသည်။ တယောက်လုပ်စာကို လေးယောက်စားရသော ကိုကိုတို့အိမ်ထက် နှစ်ယောက်သာစားရသော ခင်ဦးတို့အိမ်က ဟင်းများက ပို၍စားကောင်းသည်မှာ အမှန်ပင်။
“အဘွားက အကုန်ပေးလိုက်တာ၊ မရှိတော့ဘူး”
“ဒါဆိုရင် နင့်ဆီက လုစားမှာပေါ့ ”
ညီညီက ရွှံ့ရေများနှင့် ခင်ဦးကို မထိတထိ ပက်လိုက်သည်။
ဒီလောကတွင် ညီညီအပျော်ဆုံးအရာသည် ခင်ဦးကို စိတ်ဆိုးအောင် စရခြင်းပင် ဖြစ်သည်။ စိတ်ဆိုးအောင် ငိုအောင် စပြီးလျှင်လည်း ဘယ်တော့မှ ပြန်ချော့တတ်သူမဟုတ်။ မနေနိုင်သော ခင်ဦးကသာ ငိုမဲ့မဲ့နှင့် ပြန်၍ ခေါ်ရတတ်လေသည်။
“လုရဲ လုကြည့်ပါလား ... ဟွန်း”
“တော်စမ်းဟာ .. တော်စမ်း၊ နားငြီးလိုက်တာ၊ ရော့ မိခင်ဦး နင် ခုထိ ဘာမှမလုပ်သေးဘူး၊ အဲဒီထဲက ရေတွေကို ခပ်ထုတ်လေဟာ .. ဒီမှာ ငါတို့ ရွှံ့နဲ့ ပိတ်ပြီးပြီ”
ကိုကိုက သံပုံးစုတ်ကို ပစ်ပေးလိုက်သည်။ ခင်ဦးက ဖမ်းလိုက်သော်လည်း မမိ၊ ရှေ့တည့်တည့် ရွှံ့ ရေထဲသို့ ကျကာ ရွှံ့နှစ်များသည် ရင်ဘတ်ကို ဘတ်ကနဲ ပြေး၍ စဉ်ကုန်သည်။ နဂိုကတည်းက လူရုပ်ပျောက်နေသော ခင်ဦးခမျာ ပို၍ညစ်ပတ်ကာ ရွှံ့အလိမ်းလိမ်း ဖြစ်သွားလေသည်။
“ဟား ... ဟား ... လှတယ်ဟ”
ညီညီက ရယ်ပြန်သည်။ ခင်ဦးသည် မျက်စောင်းတချက် ပစ်ထိုးပြီး ညီညီ့ကို ကျောခိုင်းလိုက်သည်။ ရွှံ့ ရေများကို သံပုံးစုတ်နှင့် ကျုံး၍ ပက်သည်။
ကိုကိုက ရေစပ်က ဗေဒါပင်ကို ဖင်ခု၍ ထိုင်ကာ ခဏအမောဖြေနေသည်။ ညနေကျလျှင်တော့ ငါးဟင်းနှင့် ထမင်းစားရတော့မည်ဟု တွေးယင်း ပျော်သွားသည်။ သူတို့က ငါးရလာသော်လည်း အမေက ဆီပုလင်းကို မြှောက်ကြည့်ကာ “ဆီမရှိဘူး သားရယ်” ဟုပြောနေဦးမလားဟု တွေးယင်း စိုးရိမ်စိတ် ပေါ်လာသည်။
“ခင်ဦး ... နင်တို့အိမ်မှာ ဆီရှိလား”
“ရှိတာပေါ့၊ ပုလင်းထဲမှာ တဝက်”
“ငါးရယင် နင်ယူသွားလေ .. ဟင်းချက်ပြီးမှ ပြန်ပေး”
“ဒီလိုဆိုယင် ကိုကိုရယ်၊ ဘဘနဲ့ ဒေါ်ဒေါ်ရယ်ပဲ စားရမယ်၊ ညီညီမစားရဘူး၊ သူ့ဖို့ ချက်မပေးဘူး”
ခင်ဦးက ညီညီ့ကို မျက်စောင်းခဲယင်း ပြောသည်။ သံပုံးစုတ်နှင့် ရေကို တအားကျုံးပက်နေသော ညီညီက မကြား၊ အားတက်သရော ပက်ထုတ်ယင်း “ဟာ ကိုကို၊ တွေ့လိုက်လား.. ငါး... ငါး” ဟု ထအော်သည်။
ညီညီ အော်တော့ ခင်ဦးရော ကိုကိုပါ အားတက်လာကြသည်။ ရေများကို သုံးယောက်သား တအား ပက်ထုတ်နေကြသည်မှာ ခေါင်းပင် မဖော်နိုင်။ ရေအတော်အတန် နည်းပြီး ငါးပွက်သည်ကိုပင် မြင်ရသောအခါကျမှ အနှောင့်အယှက်နှင့် ကြုံရတော့သည်။
“ဟေ့ ... ကောင်လေးတွေ၊ ဒီနေရာမှာ ငါးမဖမ်းရဘူးဆိုတာ မသိဘူးလား”
သုံးဦးသား အလန့်တကြားနှင့် မော့ကြည့်မိသည်။ ရေစပ်တွင် လူကြီးနှစ်ဦးကို တွေ့ရသည်။ မျက်မှောင်ကုပ်ပြီး ခါးထောက်ထားကြသည်။
“ဒီနေရာမှာ ငါးမဖမ်းရဘူးကွ”
“ခင်ဗျာ”
“ပုလိပ်လာဖမ်းလိမ့်မယ်၊ သွား ..သွား”
“ဘာဖြစ်လို့လဲဗျ”
“ငါးမဖမ်းရတဲ့နေရာမို့ ပုလိပ်ဖမ်းမှာကွ ..သွားကြစမ်း သွားကြ၊ တော်ကြာ အဖမ်းခံနေရဦးမယ်”
လူကြီးတဦးက မိုးရေစဉ်သော မျက်နှာကို လက်နှင့် သပ်ချယင်း ခပ်ငေါက်ငေါက် ပြောသည်။ မကျေနပ်စိတ်များသည် ကိုကို၏ရင်ထဲတွင် တဖွားဖွားနှင့် တက်လာသည်။
“မနေ့တုန်းကတောင် လူကြီးတွေ ဖမ်းနေသေးတယ်ဗျ”
“လူကြီးတွေဖမ်းပေမယ့် ကလေး မဖမ်းရဘူး သွားကြ၊ သွားကြစမ်း”
မျက်နှာထားဆိုးဆိုးနှင့် ငေါက်ငန်းပြောဆိုနေသူ နှစ်ဦးကို မကျေမနပ် မော်ကြည့်ယင်း ကိုကိုသည် သူ့ရဲဘော်နှစ်ဦးကို လှမ်းကြည့်မိသည်။
ညီညီသည် တစုံတခု စဉ်းစားနေသလို မျက်မှောင်လေး တွန့်နေသည်။ ရွယ်တူဆိုလျှင် ရန်ဖြစ်ရန် ဝန်မလေးသော ခင်ဦးခမျာမှာလည်း ဘာမှ မတတ်နိုင်၊ သံပုံးစုတ်ကလေးကို ပိုက်ကာ မျက်လုံးလေး ဝိုင်းနေရှာသည်။
“တယ် ... ငါကောင်းကောင်းပြောနေတာ မရဘူးလား...သွားဆိုသွားကြစမ်း”
“ကျုပ်တို့သွားတော့ ခင်ဗျားတို့က ဒီငါးတွေ အဆင်သင့်ဖမ်းမလို့ မဟုတ်လား”
ညီညီက ရုတ်တရက် မေးသည်။ ထိုအခါမှပင် ကိုကိုလည်း သဘောပေါက်တော့သည်။ ပြီးလုနီးနေသော သူတို့ကလေး သုံးဦး၏လုပ်အားကို အပိုင်စီးရန် လာသူ လူကြီးနှစ်ဦးကို မော်ကြည့်ယင်း ကြံရာမရ ဖြစ်သွားသည်။
“အောင်မာ ငချွတ်ကလေးကများ၊ ငါတို့ဟာငါတို့ ဘာလုပ်လုပ်ပေါ့ ၊ သွားစမ်း”
ရှက်အမ်းအမ်းဖြစ်သွားသော လူကြီးတဦးက လက်ကိုဝှေ့ယမ်းယင်း ရိုက်တော့မည်ကဲ့သို့ ရှေ့တိုးလာသည်။ ရန်ပွဲအပွဲပွဲနွှဲလာသော ညီညီက ရွှံ့နှစ်များကို ကောက်ကိုင်သည်။ ဆင်နှင့် ဆိတ်လောက်ပင် မမျှသော ခန္ဓာကိုယ် အရွယ်၏အခြေအနေကြောင့် ရှုံးဖို့ရာ သေချာနေသော်လည်း ညီညီ့ကိုကြည့်ရသည်မှာ နပန်းပင် ဖက်လုံးမည့်ရုပ်မျိုး ဖြစ်နေသည်။
ထိုစဉ် ခင်ဦးက တစခန်းထလေသည်။ သူ့လက်ထဲက ပုံးစုတ်လေးကို ပစ်ချလိုက်သည်။ ထို့နောက် တမံတုတ်ထားသော ရွံ့ ဘောင်များကို ပြေးပြီး ဖြိုဖျက်ချလိုက်သည်။
“ကဲဟာ ... ကဲ ... သွားစမ်းဟာ၊ မှတ်ပြီလား ..ကဲ”
ခင်ဦးသည် ခြေကိုရော လက်ကိုရော အသုံးပြုကာ ရွှံ့ဘောင်များကို တွန်းတိုက်၍ ဖြိုသည်။ ဘောင်များ အကုန်ပြိုကျပြီး သူတို့ တပင်တပန်း ခပ်ထုတ်ထားသော ရေများလည်း ဝေါကနဲ ပြန်၍ ဝင်လာကုန်သည်။
“ဟဲ့.. ကောင်မလေး ..ဟဲ့”
ညီညီ့ဆီသို့ တိုးသွားနေသော လူကြီးလည်း ညီညီ့ကို ဂရုမစိုက်နိုင်တော့။ ခင်ဦး၏ ရှောင်တခင်တိုက်ကွက်ကြောင့် မျက်လုံးမျက်ဆန် ပြူးသွားသည်။
“လာ .. ကိုကို ..လာ”
ခင်ဦးသည် အငိုင်သား ရပ်နေသော ကိုကို့လက်ကို လာဆွဲသည်။
လူကြီးနှစ်ယောက်သည် တရဟောပွင့်ကျလာသော ရေများကို ရွှံ့နှင့်ပြန်ပိတ်ရမလိုလို လက်ဝါးနှင့် ကာထားရမလိုလိုနှင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေစဉ်တွင် သူတို့သုံးဦးသား လမ်းပေါ်သို့ ပြေးတက်လာကြသည်။ ရင်ထဲတွင် မုန်းတီးမှုများ လျှံတက်လာဟန်တူသော ညီညီက သူ့လက်ထဲမှ ရွှံ့များနှင့် လူကြီးနှင့်ဦးကို တအားလွှဲ၍ ပေါက်သည်။ ရွှံ့နှစ်ပျော့ပျော့က သူတို့နောက်ကျောကို ဘတ်ကနဲ ထိမှန်သောအခါမှ အော်ယင်း ဟစ်ယင်းနှင့် အောင်မြင်စွာ ပြေးလွှားဆုတ်ခွာလေသည်။
“မြွေပွေးကိုက်ကြီးတွေ ကာလနာတိုက်ကြပါစေဗျာ.. ငါးရိုးစူးလို့ သေကြပါစေဗျာ”
အပိုင်း(၂)ဆက်ရန်
မစန္ဒာ
No comments:
Post a Comment