လည်ချောင်းထဲတွင် ယားကျိယားကျိ ဖြစ်လာတော့ ကိုလူမောင် တဟင်းဟင်းနှင့် ချောင်းဟန့်သည်။ သို့သော် ဟန့်၍မရဘဲ တဟွတ်ဟွတ်ဖြစ်လာသည်။ ချောင်းဆိုးချင်စိတ်ကို အတင်းထိန်းပြီး အေးစက်စက် ရေနွေးကြမ်းခွက်ကို ကောက်မော့လိုက်သည်။ ချောင်းဆိုးရက်ရှည်နေပြီဖြစ်သော်လည်း ဘာဆေးကိုမျှ ဟုတ်တိပတ်တိ မသောက်ဖြစ်သေးချေ။
'ဟော...လာပါပြီ'
သားအကြီးကောင် နင်းလာသော ဆိုက်ကားက သိသာထင်ရှားလှသည်မို့ အဝေးကပင် မြင်နိုင်သည်။ ဆိုက်ကားနင်းသူ၏ အနောက်ဘက်တွင် ထီးတစ်ချောင်း စိုက်ထူထားသည်။ ခိုင်ခိုင်မတ်မတ် ထီးရိုးပေါ်တွင် ထီးရွက်ပြာပြာကြီးက အုပ်မိုးထားသည်။ ထိုမျှသာ မကသေးပါ။ ထိုထီးအရွက်အပြာပေါ်တွင် ရွှေရောင်စာလုံးများကလည်း ထင်းနေသည်။ 'ရွှေဒေါ်လာ' ပါတဲ့။
ကကျီ၊ ကကျီနှင့် မြည်နေသော ဆိုက်ကားကို အိမ်ရှေ့တွင် အသာရပ်လိုက်ရင်း သူ၏သားအကြီးကောင်က အိမ်ပေါ်ကို လှမ်းကြည့်သည်။ ထို့နောက် ထိုင်ခုံတွင်ချထားသော ကန်စွန်းရွက်နှစ်စည်းကို လှမ်းယူသည်။
'တချို့တွေများ အဖေက ဆရာဝန်၊ သားကလည်း ဆရာဝန်တဲ့၊ ကောင်းလိုက်တာနော်။ အဖေက အင်ဂျင်နီယာ၊ သားကလည်း အင်ဂျင်နီယာ၊ အဲဒါလည်း ကောင်းတာပဲ။ အဖေက စာရေးဆရာ၊ သားကလည်း စာရေးဆရာ။ အကောင်းတကာ့ အကောင်းဆုံးပါပဲဗျာ'
အိမ်ပေါ်တက်လာသော အကြီးကောင်ကို လှမ်းကြည့်ရင်း ကိုလူမောင်က တွေးနေမိသည်။ အသားညိုညို၊ မျက်နှာချိုချိုနှင့် သားသည် သူ ငယ်ငယ်တုန်းကနှင့် တူသည်။ သားရေအိတ်လေးတစ်လုံးကို စလွယ်သိုင်းလွယ်ပြီး ပုဆိုးကို တိုတိုဝတ်ထားသည်။
'အင်း...ငါတို့သားအဖကျတော့ အဖေက ဆိုက်ကားဆရာ၊ သားကလည်း ဆိုက်ကားဆရာတဲ့လေ၊ ဟင်း...၊ အဖေ့ခြေရာဆိုတာ နင်းတိုင်းလည်း မကောင်းပါကလားနော်'
ကိုလူမောင်က ကြမ်းပေါ်တွင်ထိုင်ကာ နံရံကို ခပ်လျော့လျော့ မှီထားသည်။ ခြေနင်းကြမ်းသော သားက အနားမှဖြတ်သွားတော့ သူ၏တင်ပါးအောက်မှ ကြမ်းခင်းများသည် ညွတ်ခနဲ့ ညွတ်ခနဲ့ ဖြစ်သွားသည်ဟုပင် ထင်လိုက်မိသည်။ အိမ်ရှင်ကတော့ အိမ်ကို ပြင်ပေးတော့မည်မဟုတ်ပေ။ အိမ်ငှါးများကိုဖယ်ကာ ကန်ထရိုက်တိုက်ဆောက်ရန် စိတ်စောနေပြီဖြစ်လေသည်။
'ကန်စွန်းရွက်က တစ်စည်းကို လေးရာတဲ့ အမေရေ့၊ ဆစ်လို့လည်း မရဘူး'
သူ့အမေ ဒေါ်ခင်ရွှေက ကန်စွန်းရွက်နှစ်စည်းကို လှမ်းယူကာ ဖင်ပြန်ခေါင်းပြန်ကြည့်ရင်း 'စျေးက ပိုကြီးသွားပေမဲ့ အစည်းကတော့ သေးသွားသလိုပဲဟဲ့' ဟု ပြောသည်။ အကြီးကောင်က ဘာမှ ပြန်ပြောမနေဘဲ ကိုလူမောင်၏ဘေးတွင် ဝုန်းခနဲ့ ဝင်ထိုင်သည်။ ကြမ်းခင်းများလည်း ညွတ်ခနဲ့ ဖြစ်သွားပြန်သည်။
'အဖေပြောတဲ့ ချောင်းဆိုးပျောက်ဆေးက တစ်ပုလင်း သုံးထောင့်ငါးရာတဲ့။ ပိုက်ဆံမလောက်လို့ မဝယ်ခဲ့ရသေးဘူး၊ ညနေကျမှ ဝယ်ခဲ့မယ်...နော်...အဖေ့'
အကြီးကောင်က ကိုလူမောင်အား ခပ်ချော့ချော့ပြောသည်။ ဆေးပါမလာသဖြင့် အဖေ့ကို အားနာသနားပုံရ၍ ကိုလူမောင် အနေခက်သွားသည်။ 'ငါဟာ...သနားစရာကောင်များ ဖြစ်နေပြီလား...' ဟု တွေးမိပြီး ကိုယ့်ကိုယ်ကို မကျေနပ်သလ်ိုလို၊ ရှက်သလ်ိုလို ဖြစ်သွားသည်။
'ဒေါ်လာစျေး တက်လို့တဲ့ အဖေရယ်၊ စျေးတွေကတော့ အကုန်တက်ပဲ၊ ကန်စွန်းရွက်တောင် မကျန်ဘူး'
ရွှေစျေးတွေ၊ ဒေါ်လာစျေးတွေ အတက်ကြမ်းနေသော်လည်း ကိုလူမောင်တို့က ကိုယ်နှင့်မဆိုင်ဟု ထင်ခဲ့သည်။ ကိုယ်က ရွှေဝယ်နိုင်သူလည်းမဟုတ်၊ ဒေါ်လာကိုင်နိုင်သူလည်း မဟုတ်တော့ 'နေသာသပ၊ လေညာက' ဟု ထင်ခဲ့မိသည်။ အခုတော့ လေညာက လူတွေလည်း မနေသာကြတော့ပေ။ လေနီကြမ်း တိုက်နေပြီဖြစ်သည်။
ယခုပဲကြည့်၊ ဒေါ်လာစျေးတက်တော့ ဆေးတွေလည်း စျေးတက်သည်။ နိုင်ငံခြားဆေးများကို ဒေါ်လာနှင့် ဝယ်ရသောကြောင့် ဖြစ်သည်တဲ့။ အကြောင်းက ဒီလိုရှိတော့ အကျိုးတရားကလည်း ဒီလိုဖြစ်လာတာပေါ့ဟု ကိုလူမောင် တွေးသည်။ ယာဉ်ငှါးခတွေလည်း စျေးတက်သည်။ ဓာတ်ဆီစျေးတက်သောကြောင့် ယာဉ်ငှါးခတွေလည်း စျေးတက်ရတာပါဟု တက္ကစီ ဆွဲသူများက ဖြေရှင်းသည်။ ပြည်တွင်းအတွက် လိုအပ်သော ဓာတ်ဆီကို နိုင်ငံခြားမှ တင်သွင်းရသည်၊ နိုင်ငံခြားမှ တင်သွင်းရသော ဓာတ်ဆီကို ဒေါ်လာနှင့် ဝယ်ရသည်တဲ့။ အကြောင်းတရားနှင့် အကျိုးတရားက ဒီလို ဒီလို ဆက်နွှယ်နေသည်ပဲ မဟုတ်လား။
ထိုအထိတော့ သူတို့ကို ထိခိုက်သည်ဟု ကိုလူမောင် မထင်မိသေးချေ။ သူတို့က နိုင်ငံခြားဆေးဆိုတာကို မဖြစ်မနေ လိုအပ်မှသာ အသုံးပြုသူများဖြစ်သည်။ တော်ရုံတန်ရုံကတော့ 'ဆရာမောင်' တို့၊ 'ဆရာခို' တို့နှင့် ပြီးသည်။ တက္ကဆီဟူသည်ကိုလည်း သူတို့နှင့် မဆိုင်ရေးချ မဆိုင်ဟု သတ်မှတ်ထားသူများ ဖြစ်သည်။ နီးလျှင် လမ်းလျှောက်ပြီး ဝေးလျှင် ဘတ်စ်ကားစီးသည်။ အလေးအပင် သယ်စရာရှိလျှင် ဆိုက်ကားကို သုံးသည်။ ကိုယ့်ဘဝနှင့် ကိုယ်နေ၍ဖြစ်နေသားပင်။
အခုတော့ သူတို့အားပြု၍ စားနေရသော ကြက်ဥ၊ ဘဲဥနှင့် ဘူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်များအထိ တက်စျေးက ရိုက်ခတ်လာပြီ ဖြစ်သည်။ ဆန်နှင့် ဆီကတော့ လှုပ်လှုပ်ရှိတိုင်း ခုန်၍ခုန်၍ တက်တက်သူများမို့ သူတို့ကိုလည်း လက်မှိုင်ချထားရသည်။
'စိုက်ခင်းထဲ သွားဝယ်ရင်တောင် အရင်စျေး မရနိုင်တော့ဘူး။ ဒီအထိ ရောက်အောင် သယ်လာရတဲ့ စရိတ်စကကလည်း အများကြီး တက်လာတယ်လေ။ ကျွန်မတို့လည်း ပေါပေါလောလော ရောင်းချင်ပါတယ်ရှင်။ မရောင်းနိုင်လို့ပါ။ နှစ်ဦးနှစ်ဖက် စိတ်ဆင်းရဲရတဲ့အလုပ်ကို မလုပ်ချင်ပါဘူး'
ဒါကတော့ ကုန်စိမ်းသည်များ၏စကားဖြစ်သည်။
'ရေကြီးလို့ ပျက်ထားတဲ့ လယ်တွေ၊ ယာတွေက မနည်းမနောဘဲလေ။ ဆန်ရော၊ ဆီရော တက်မှာပဲ။ နောက်ပြီး ငရုတ်၊ ကြက်သွန်၊ ပဲ အကုန်လုံးလည်း တက်စျေးပဲ။ ပိုက်ဆံရှိရင်တော့ ပိုပိုမိုမို ဝယ်ထားပေါ့'
ကုန်စုံဆိုင်တွင်တော့ ထိုစကားကို ကြားရသည်။ မနေ့တုန်းက နှစ်ရာတန် ဆားတစ်ထုပ်ပင် ဒီနေ့သွားဝယ်တော့ အလိုလို စျေးမြောက်ပြီး နှစ်ရာ့ငါးဆယ် ဖြစ်သွားသည်။
'ဓာတ်ဆီစျေးကြီးတော့ ကုန်ကားကြီးတွေလည်း သိပ်မထွက်နိုင်ဘူး။ ကုန်အရောက် နည်းတယ်လေ'
ဝယ်သူက ဘာမှမပြောရသေးမီ ရောင်းသူက အလျင် ညည်းနေသည်။ ကဲ ဘာလုပ်ကြမည်နည်း။ အကြောင်းရင်းတစ်ခုတည်းအပေါ်တွင် ရိုက်ခတ်လာသော အကျိုးတရားများက များပြားလှသည်။
'ကျွန်တော်သာ ဝတ္ထုကောင်းကောင်း ရေးတတ်မယ်ဆိုရင် ကန်စွန်းရွက်ဝယ်ရတဲ့ အတွေ့အကြုံလေးကို ရေးပြလိုက်ချင်တာ အဖေရာ။ သူကလည်း ရောင်းမယ့်သာ ရောင်းနေတာ ညည်းလိုက်တာကို ချူသံပါလို့။ ကျွန်တော်တောင် ဘယ်လိုညည်းရမလဲ မသိတော့ဘူး။ ကိုယ့်ကိုယ်ကိုပဲ သနားရမလား၊ သူ့က်ိုပဲ သနားရမလား ဝေခွဲလို့တောင် မရတော့ဘူး'
အကြီးကောင်က စာပေဝါသနာပါသည်။ ခံစားတတ်ပြီး ထိရှလွယ်သည်။ ကိုးတန်းနှင့် ကျောင်းထွက်ပြီး ဆိုက်ကားနင်းနေသော်လည်း သူကျောင်းနေစဉ်ကာလက ကျောင်းနံရံကပ် စာစောင်များတွင် သူ၏ လက်ရာလေးများကို မကြာခဏ ဖော်ပြခံရသည်။ အကြီးကောင် စာပေဝါသနာပါသည်မှာ သူနှင့်တူသောကြောင့်ဟု ကိုလူမောင်က မကြာခဏ ပြောတတ်သည်။ သူငယ်ငယ်တုန်းကလည်း စာရေးဆရာများကို အားကျအထင်ကြီးပြီး စာရေးဆရာ ဖြစ်ချင်လိုက်သည်မှာ တစ်ပိုင်းသေနေသည်။ ဆရာကြီး သော်တာဆွေက မြင်းလှည်းသမားဘဝမှ စာရေးဆရာ ဖြစ်လာသည်ဆိုတော့ သူ့ကိုယ်သူလည်း ဆိုက်ကားသမားဘဝမှ နာမည်ကျော်စာရေးဆရာ ဖြစ်လာနိုင်သည်ပဲဟု အတွေးအိပ်မက်တွေ မက်ခဲ့ရသည်။ ဝတ္ထု၊ ကဗျာလေးများကို အကြိမ်ကြိမ်ရေး၊ အကြိမ်ကြိမ်စပ်ပြီး မဂ္ဂဇင်းတိုက်များကို ပို့ခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ အရွေးအချယ် မခံရပေ။ သူ့စာတွေ ပုံနှိပ်စာလုံး ဖြစ်မလာသော်လည်း သူ့တွင် သူစိတ်တိုင်းကျ ရွေးထားသော ကလောင်အမည်ရှိသည်၊ 'ရွှေ' တဲ့။
'ရွှေ' ဟု တစ်လုံးတည်းဖြစ်၍ မိန်းမ ယောက်ျား ခန့်မှန်း၍မရ။ ဘယ်စိန်၊ ဘယ်ကျောက် ဘယ်လောက်ပင် အဖိုးတန်တန် ရွှေမပါလျှင် လက်ဝတ်ရတနာ မဖြစ်နိုင်ဟူသော အတွေးကလေးနှင့် ဖြစ်သည်။ သားကြီးက သူ့လိုပင် စာပေဝါသနာပါပြီး စာတိုပေစလေးများ စမ်းပြီး ရေးလာသောအချိန်က အလွန်ပီတိဖြစ်ခဲ့ရသည်။ သား၏စာ၊ သား၏ ကဗျာလေးများ ရေးကပ်ထားသော ကျောင်းနံရံကပ် စာစောင်ကို ကျောင်းအထိ လိုက်သွားပြီး ဖတ်ခဲ့ရလေသည်။ သားအတွက် ကလောင်အမည် 'ရွှေဒေါ်လာ' ဟူသည်ကိုလည်း သူ ရွေးပေးခဲ့ခြင်း ဖြစ်သည်။ သူ့ဘဝ၊ သူ့လောကတွင် ရွှေကလည်း အဖိုးတန်၊ ဒေါ်လာကလည်း အဖိုးတန်မို့ သူ၏ကလောင်အမည် 'ရွှေ' တွင် ဒေါ်လာကို ထပ်ဆင့်ပြီး ခေါ်တွင်စေခဲ့ခြင်းဖြစ်သည်။
ဘဝပေးအခြေအနေအရ ကိုးတန်းနှစ်တွင် ကျောင်းထွက်ပြီး သူ့လိုပင် ဆိုက်ကားနင်းရရှာတော့ သား၏ကလောင်အမည် 'ရွှေဒေါ်လာ' သည် ကျောင်းက နံရံပေါ်တွင် ကျန်ခဲ့လေသည်။ ဆက်လက်ကြီးထွားမလာဘဲ မှေးမှိန်သွားသည်။ သို့သော် သားက သူ၏အမည် 'ရွှေဒေါ်လာ' ကလေးကိုမမေ့၊ သူ့ဆိုက်ကားကို အဆန်းထွင်ပြီး ထီးမိုးထားသော ထိုထီးပေါ်တွင် ရွှေရောင်နှင့် ရေးထားသည်က 'ရွှေဒေါ်လာ' ပါတဲ့ဗျာ။
စာကလေး၊ ပေကလေး ရေးစဉ်က လူမသိခဲ့သော ရွှေဒေါ်လာသည် ဆိုက်ကားနင်းတော့မှ လူသိများလာတော့သည်။ ရွှေဒေါ်လာဟူသည်မှာ ဆိုက်ကားအမည်လား၊ လူအမည်လား၊ မည်သူမျှ ခွဲခြားမနေကြတော့ချေ။ ဘိုးဘိုး၊ ဘွားဘွား၊ ကြီးကြီး၊ ငယ်ငယ် အရွယ်အလတ်အားလုံးက 'ရွှေဒေါ်လာ' ဟုပင် ခေါ်ကြတော့သည်။ ထို့ကြောင့် သူ၏ အမည်သည် မှတ်ပုံတင်ထဲတွင် 'သန်းမြတ်ထွဋ်' ဖြစ်ပြီး အိမ်တွင်တော့ 'အကြီးကောင်' ဖြစ်လေသည်။ အရပ်ထဲတွင် လူသိအများဆုံး အမည်သည်ကား 'ရွှေဒေါ်လာ' ဖြစ်နေလေသည်။
သူ့ခမျာ ဆိုက်ကားသာ နင်းနေရသော်လည်း စာပေပိုးလေးက ရှိနေတော့ သူ၏အတွေ့အကြုံလေးများကို ထိရှခံစားရင်း 'ကျွန်တော်သာ...ဝတ္ထုကောင်းကောင်း ရေးတတ်ရင်...ရေးလိုက်ချင်တာ အဖေရာ' ဟု မကြာခဏ ပြောတတ်သည်။ ယခုလည်း ကန်စွန်းရွက်တစ်စည်း လေးရာနှင့် ရောင်းလိုက်သော ကန်စွန်းရွက်သည်၏ ညည်းချင်းကို စာဖွဲ့ချင်သည်တဲ့။ အခြေအနေသာပေးလျှင်၊ မြေတောင်မြှောက်ပေးမည့်သူသာ ရှိလျှင် သူ့သား ဘဝသမားသည် ဘဝသရုပ်ဖော် စာရေးဆရာတစ်ဦး ဖြစ်လာနိုင်ပါသည်။
'ဒါကတော့ ကွမ်းရွက်နဲ့ လျက်ဆား အဖေရ၊ ကျွန်တော့်ကိုတွေ့တော့ ဦးကြီးပြူးက လှမ်းခေါ်ပြီး ပေးလိုက်တာ။ အဖေ့ကိုလည်း ဆူနေတယ်။ မနေ့တုန်းက ချောင်းတဟွတ်ဟွတ်နဲ့ ဆိုက်ကားနင်းနေလို့တဲ့။ သေသွားလိမ့်မယ် သတိထားတဲ့။ နေမကောင်းသေးရင် ခဏနားပါဦး...တဲ့'
ဦးကြီးပြူးက စျေးအဝင်ဝတွင် ကွမ်းယာဆိုင် ဖွင့်ထားသည်။ စျေးထဲဝင်လိုက်လျှင် ဦးကြီးပြူး၏ဆိုင်ကို အလျင်ဆုံး တွေ့နိုင်သည်။ ဦးကြီးပြူးဆိုင်မှ ကြည့်လိုက်လျှင်လည်း စျေးအဝင်အထွက်ပေါက်နားတွင် လူစောင့်နေကြသော ကိုလူမောင်တို့ အနှေးယာဉ်ရဲဘော်များကို မြင်ရရုံမျှမက ပြောနေသော စကားများကိုပါ အသေအချာ ကြားနိုင်လေသည်။
သူ့ဆိုင်သေးသေးလေးတွင်လည်း ဆေးလိပ်၊ ကွမ်းယာ ရောင်းရုံမျှမက စာကလေးခွေ၊ ပီကေ၊ ချိုချဉ်၊ တံဆိပ်ခေါင်း၊ ဖုန်းငွေဖြည့်ကဒ် စသည်များလည်း ရနိုင်သည်။ ငှက်ပျောသီးဖီးကြမ်းနှင့် သီးမွှေးငှက်ပျောသီးတို့ကိုလည်း တစ်ဖီးစီ ချိတ်ထားသည်။ သူက ကွမ်းယာရောင်းသူမို့ ကွမ်းယာသက်သက် လာဝယ်လျှင် ဘယ်တော့မှ မရောင်း၊ သူ့ဆီသွားပြီး 'ကွမ်းရွက် တစ်ရာဖိုးလောက်ပေးပါ' ဟု ပြောလျှင် 'တစ်ရာဆိုလျှင် တစ်ရွက်ပဲ ရမယ်' ဟု မျက်နှာထိ မျက်နှာထားနှင့် အပေါက်ဆိုး မှုတ်တတ်သူဖြစ်လေသည်။ ထိုသို့သော သူ၏ကွမ်းရွက်ကို တိုတိုထွာထွာရှိလှသော ဦးကြီးပြူးတစ်ယောက် စေတနာပေါက်လာရအောင် သူက မည်မျှသနားစရာကောင်းနေသည်လည်း မသိနိုင်။ ဗာဒံပင်ရိပ်က ဝါးကွပ်ပျစ်ပေါ်တွင်ထိုင်ရင်း တဟွတ်ဟွတ် ဖြစ်နေခဲ့သည်ကား အမှန်ပင်။
'ပြောလိုက်သေးတယ်၊ ငါ့မှာ မနေနိုင်လွန်းလို့ ကွမ်းရွက်အလကား ပေးလိုက်ရတာ၊ နောက်ကနေ လျှက်ဆားပါ စိုက်ပေးရသေးတယ် 'လခွမ်း' တဲ့'
ကိုလူမောင် တုပ်ကွေးကွေးပြီး အဖျားပျောက်ချိန်တွင် ချောင်းဆိုးကမပျောက်ဘဲ ကျန်နေခဲ့သည်။ လည်ချောင်းထဲတွင် ယားယားပြီး အဆက်မပြတ် ဆိုးလိုက်သည်မှာ တစ်ခါတစ်ခါ ဆိုးပြီးလျှင် မောပြီးကျန်ရစ်သည်။ သို့ပါသော်လည်း သူတို့ဘဝက ကြာကြာ လူနာလုပ်၍ရသော ဘဝမျိုးမဟုတ်ပေ။ အဖျားက ပျောက်နေပြီမို့ ဆိုက်ကားပေါ် ပြန်တက်သည်။ အစားအသောက် ပျက်နေသည့်အတွက် လူကတော့ ခပ်ယိုင်ယိုင်နှင့် အားမရှိလှချေ။
ယခင်က ပေါ့ပေါ့ပါးပါး နင်းနိုင်ခဲ့သော ခရီးကို ယခုကျတော့ ပန်းဟိုက်ချင်သည်။ ပိုဆိုးသည်က ချောင်းဆိုးခြင်းပင်။ အားစိုက်နင်းလိုက်၊ တဟွတ်ဟွတ် ဆိုးလိုက် ဖြစ်နေတော့ စီးရသူက စိတ်ချမ်းသာဟန်မတူ။ 'ရှင့်မလည်း ပင်ပန်းလိုက်တာရှင်၊ တော်ပြီ၊ တော်ပြီ၊ ဒီနေရာမှာပဲ ရပ်တော့၊ ဝင်စရာကလေး ရှိနေလို့' ဟု ပြောကာ ဆိုက်ကားပေါ်မှ ဆင်းသည်။ ဆိုက်ကားခပေးရင်းလည်း 'ဆေးလေးဘာလေးလည်း ဝယ်သောက်ဦးမှပေါ့ ဆရာကြီးရဲ့' ဟု မျက်နှာထား ညိုညိုနှင့် ပြောသည်။ အမှန်စင်စစ်အားဖြင့် ဝင်စရာရှိသောကြောင့် ရပ်ခိုင်းခြင်း ဟုတ်ဟန်မတူ၊ ချောင်းဆိုးကူးမှာ စိုးသောကြောင့်သာ ဆိုက်ကားပေါ်မှ ဆင်းပြေးခြင်း ဖြစ်ဟန်တူသည်။
'ခရီးသည် ဆင်းပြေးတော့မှ မဖြစ်ချေပါဘူးဆိုပြီး ဆေးသောက်ဖို့ စဉ်းစားမိတာပေါ့ကွာ၊ ချောင်းဆိုးတာများ ဆေးသောက်ရကောင်းစေလို့တောင် မထင်ခဲ့ပါဘူး'
ကိုလူမောင်က ကွမ်းရိုးလေးကိုဖြတ်ပြီး ပါးစပ်ထဲထည့်ကာ ဝါးလိုက်သည်။ ကွမ်းနံ့က ချက်ချင်း မွှေးတက်လာပြီး စပ်ရှားရှား အရသာလေးသည်လည်း လျှာထဲတွင် ပြန့်သွားသည်။
'အဖေကတော့ ဆေးသောက်ဖို့ လိုနေပါပြီဗျာ၊ ကျွန်တော်တို့ကလည်း ပေါ့ပါတယ်။ ကျွန်တော် ညနေကျရင် အဖေပြောတဲ့ဆေး ဝယ်ခဲ့ပေးပါ့မယ်။ နောက်ပြီး ဒီလောက်ဖျားပြီး နာလန်ထ,လာတာ အားဆေးလေးဘာလေးလည်း သောက်ရင် ကောင်းတာပေါ့။ အင်နာဗွန်စီဆိုတာ ကောင်းတယ်တဲ့'
'မလိုပါဘူးကွာ။ ငါ့တို့မှာ ဗီတာမင် ကန်စွန်းရွက် ရှိပါတယ်'
'အဲဒီ ဗီတာမင် ကန်စွန်းရွက်က တစ်စည်းကို လေးရာလေ...ကိုကြီးလူရဲ့။ အညွန့်က သုံးညွန့်ပဲပါတယ်။ အောက်ဘက်မှာ အရိုးအရင့်တွေကို ရောစည်းထားတာ'
ကန်စွန်းရွက် ခြွေနေသော ဒေါ်ရွှေခင်က ဝင်အော်သည်။ အသက်ငါးဆယ်မှ သီသီစွန်းရုံသာရှိသေးသော်လည်း သူ့ကိုကြည့်ရသည်မှာ အသက်ခြောက်ဆယ်လောက် ထင်ရလေသည်။ အဖြူရောင် အတော်များများ ရောနေသော ဆံပင်များက ဆီခြောက်ပြီး ပွရောင်းရောင်းဖြစ်နေသည်။
'မကြားဖူးပါဘူးတော်၊ ကန်စွန်းရွက် တစ်စည်းကို လေးရာပေးပြီး စားရမယ်လို့။ တစ်သက်လုံးလည်း ယောင်လို့တောင် မတွေးမိပါဘူး။ ကိုယ့်ပါးစပ်ကိုတောင် ကိုယ်မသဒ္ဓါပါဘူး'
ဒေါ်ရွှေခင်က တစ်စုံတစ်ဦးနှင့် ဒေါင်းတင်မောင်းတင် ထ,ပြီး ရန်ဖြစ်နေသလို စိတ်တွေ တိုနေလေသည်။ အရင်တုန်းကလည်း သူလည်း စျေးထဲတွင် ပန်းရောင်းသည်။ သူ့ဝင်ငွေက အနည်းအပါးဟု ဆိုသော်လည်း စျေးဖိုးလေးတော့ ထောက်ကူမိသားပင်။ နောက်ပိုင်းကျတော့ ဒူးနာလာသည်။ သူ့ဒူးက ထိုင်ပြီးလျှင် မထ,နိုင်၊ ထ,ပြီးလျှင်လည်း ထိုင်ဖို့ခက်သည်မို့ စျေးကြို စျေးရောင်း သိပ်မလုပ်နိုင်တော့။ အပြင်မှာသာမဟုတ်၊ သူ့ခမျာ အိမ်မှာလည်း ဒုက္ခရောက်ရှာသည်။ ကုလားထိုင် အမြင့်လေးပေါ်တွင် ထိုင်ရလျှင် အထိုင်လည်း သက်သာ၊ အထ,လည်း သက်သာသော်လည်း သူတို့အိမ်တွင် ကုလားထိုင်မရှိ။ အသက်ကြီးသောကြောင့် ဒူးဆီခမ်းခြင်းဖြစ်သည်ဟု ပြောကြသည်။ သူတို့ပတ်လည်တွင်လည်း ဒူးနာသူတွေ ဒုနှင့်ဒေးဆိုတော့ ပရုတ်ဆီလေးလိမ်းရုံ၊ အကြောဖြေဆေးလိမ်းရုံသာ လုပ်တတ်သည်။ နူဖလမ်ဆိုသော ဆေးသောက်လျှင် သက်သာသည်ဟု ပြောသူက ပြောသော်လည်း ဆေးတစ်ဘူးကို သောင်းကျော်ပေးရ၍ စိတ်ကူးထဲမထည့်နိုင်။ ယခုလည်း ကြမ်းပေါ်တွင် ဖင်ချထိုင်ရင်း ကန်စွန်းရွက် ခြွေနေသည်။ ထ,လျှင် လေးဖက်ထောက်ပြီး တကျွတ်ကျွတ်၊ တကျက်ကျက် အော်ရရှာချေဦးမည်။
'နည်းနည်းများ သက်သာမလားလို့ အနှစ်ထွက်ခါနီးနေတဲ့ ကြက်ဥအက်အက်အခွံကွဲကလေးဝယ်မလို့ မေးမိပါတယ်။ တစ်လုံး တစ်ရာ့နှစ်ဆယ်တဲ့။ တစ်ရာ့နှစ်ဆယ့်ခြောက်ကျပ်ဆိုတာ ကျွန်မတို့ ငယ်ငယ်တုန်းက အဖေ့ရဲ့လစာလေ။ ကျွန်မတို့အဖေ စာရေးကြီးရဲ့ လခ တစ်လစာ၊ အခု စာရေးလခတစ်လစာနဲ့ စျေးဝယ်ရင် ကြက်ဥအခွံကွဲတစ်လုံးကြီးများတောင် ရမယ်တဲ့။ အဲဒါတွေ တကယ်ဖြစ်နေတာပါ အမေရဲ့'
ဒေါ်ရွှေခင်က ခိုညည်းသလို ညည်းနေသည်။ အိမ်ဦးနတ် ကိုလူမောင်ခမျာလည်း တညိညိ ကြားနေရသော ညည်းချင်းတွင် မသက်မသာ စီးမျောရင်း ကန်စွန်းရွက်နှစ်စည်းက်ို သူ၏မီးဖိုချောင် နတ်သမီးကြီးက မည်ကဲ့သို့ စီမံလိမ့်မည်နည်းဟု တွေးနေသည်။ ကြော်မည်လော၊ ပြုတ်မည်လော၊ သုပ်မည်လော သို့တည်းမဟုတ် ငါးပိစိမ်းစားလေး လက်မလောက်ထည့်ပြီး ချဉ်ရည်ကျဲ ချက်မည်လော။ ဘယ်လိုလုပ်လုပ် သိပ်ပြီးတော့ မစားချင်လှ။
သူ့ပါးစပ်က သားကြီးငါးကြီးလည်း မစားချင်၊ အသီးအရွက်လည်း မစားချင်၊ ဆာ၍သာ ကြိတ်မှိတ်မျိုပြီး ရေသောက်ချလိုက်ရသော်လည်း ဘာအရသာကိုမျှ မတွေ့။ သူ တမ်းတမ်းတတ စားချင်နေသည်က ငါးရံ့ခြောက်ဖုတ်ဖြစ်လေသည်။ ငါးရံ့ခြောက်အကောင်ကြီးကြီး၊ အသားမြှောင်းထူထူကို နပ်နေအောင် မီးဖုတ်၊ မွနေအောင် သာသာထုပြီး နှမ်းဆီရွှဲရွှဲ ဆမ်းကာ ထမင်းကြမ်းလေးနှင့် စားလိုက်ရလျှင်...။
'အမေရေ...ဆာတယ်'
'ဟော...'
သားအငယ်ကောင်က အိမ်ပေါ်ကို ခပ်သုတ်သုတ် တက်လာသည်။ သူကလည်း အကြီးကောင်လိုပင် ခြေနင်းက ကြမ်းကြမ်းမို့ ကြမ်းခင်းများက ညွတ်ခနဲ၊ ညွတ်ခနဲ ဖြစ်သွားပြန်သည်။
'ဟ...ကောင်ရ၊ အိမ်ပြိုမယ်'
သူနင်းတုန်းက သူ့ဟာသူ မသိသော်လည်း သူများနင်းတော့ အကြီးကောင်က ထ,အော်သည်။ အငယ်ကောင်က အကြီးကောင်လို မဟုတ်။ နားတွင် နားသန်သီးနှင့်၊ ပါးတွင် ပါးကွက်နှင့်၊ လက်ဖျံနှစ်ဖက်တွင် တက်တူးနှင့်၊ ဆံပင်ရှည်များက ကုပ်ကျော်ကျော်တွင် ဖြောင့်ဖြောင့်စင်းစင်း ကျနေသည်။ ကြည့်ရသည်မှာ ရှိစုမဲ့စု ပိုက်ဆံနှင့် သူ့ဆံပင်ကိုသူ ပိုက်ဆံပေးပြီး ဖြောင့်ထားပုံ ရလေသည်။
သူကတော့ အသက် တစ်ဆယ့်ရှစ်နှစ်ရှိပြီး ဆယ်တန်းကို တစ်ခါကျရှုံးခဲ့ပြီ ဖြစ်သည်။ ဒီနှစ် ဆယ်တန်းကို အလွတ်ဖြေမည် ပြောသော်လည်း ဖြေဖြစ်ပါ့မလား မသိရ။ ကျောင်းမနေတော့ဘဲ သူ့ဟာသူ ကျောင်းထွက်လာကာ တာမွေလမ်းဆုံတွင် လက်ပွေ့ဂျာနယ် ရောင်းသည်။ တစ်ခါတစ်ရံလည်း ကွမ်းယာ၊ ဆေးလိပ်၊ တစ်ခါတစ်ရံ စံပယ်ပန်း၊ ခရေပန်း ရောင်းတတ်သည်။ အကြီးကောင်လို ရသမျှပိုက်ဆံ အမေ့ကို အပ်တတ်သူ မဟုတ်ချေ။ သို့သော် ဆန်ဝယ်လာလိုက်၊ ဆီဝယ်လာလိုက်နှင့် မီးဖိုချောင်ကိုတော့ ဖြည့်ရှာသည်။ တစ်လလျှင် နှစ်ခါ၊ သုံးခါလောက်တော့ 'ဟင်းကောင်းလေးချက်ပါ အမေရ' ဟု ပြောပြီး သူ့အမေကို သုံး,လေး,ငါးထောင် ကျိတ်ပြီး ပေးတတ်လေသည်။
'ခရမ်းချဉ်သီးငပိချက် ရှိတယ် သား၊ ခဏစောင့်ပါလား၊ ကန်စွန်းရွက် ကြော်လိုက်ဦးမယ်'
'မစောင့်တော့ဘူး အမေရာ...ဆာလှပြီ'
အငယ်ကောင်က မီးဖိုချောင်သို့ တန်းဝင်သွားပြီး ထမင်းအိုး ဖွင့်သည်။ ခရမ်းချဉ်သီးငပိချက်သည် ငါးပိရည်ကျဲထက် ပို၍ စားကောင်းသည်မို့ သူ ကြိုက်သည်။ ခဏနေတော့ ထမင်းဇလုံကိုင်ပြီး ပြန်ထွက်လာသည်။ အကြီးကောင်လိုပင် အဖေ့ဘေးတွင် လာထိုင်သည်။
'မင်း ဆံပင်တွေ ဖြောင့်ထားတာလား'
'မိုက်ရဲ့လား အစ်ကိုရ'
'မင်းကွာ... ဘယ်လောက် ကုန်သွားသလဲ'
'အဟက်... နည်းနည်းပါ'
အကြီးကောင်က ခပ်တည်တည်၊ ခပ်အေးအေး။ အငယ်ကောင်က ခပ်သွက်သွက်၊ ခပ်ပျော်ပျော်။ ပုံစံချင်းက နည်းနည်းမှ မတူချေ။ ပညာဘက်တွင် ထူးထူးချွန်ချွန် မရှိကြသည့်အတွက် စိတ်မကောင်း ဖြစ်ရသော်လည်း သူတို့နှစ်ဦး တစ်ဦးနှင့်တစ်ဦး ချစ်ကြသည့်အတွက် စိတ်ချမ်းသာရသည်။
'ကျွန်တော် ချမ်းသာအောင် ကြိုးစားနေတယ် အစ်ကိုရ၊ ကံကောင်းရင် တစ်ချက်ပဲ'
'မင်းနော်၊ ဖြတ်လမ်းလိုက်ပြီး ဆေးပြားတွေ မသယ်နဲ့နော်၊ တစ်ခါတည်း ရဲဘက် ရောက်သွားမယ်'
အကြီးကောင်က စိုးရိမ်တကြီး ပြောသည်။
'စိတ်တောင် မကူးပေါင်ဗျာ'
'နှစ်လုံးထီလည်း မရောင်းနဲ့'
'မလုပ်ပါဘူး အစ်ကိုရ၊ ကောင်းရောင်းကောင်းဝယ် ရိုးရိုးသားသားနဲ့ ချမ်းသာအောင် ကြံနေတာပါ'
'မင်း ဘာလုပ်မလို့လဲ'
အကြီးကောင်က သူ့ညီကို မသင်္ကာသောအကြည့်နှင့် ကြည့်နေသည်။ ကောင်းရောင်းကောင်းဝယ်နှင့် ဘယ်လိုများ ချမ်းသာအောင်လုပ်မလဲဟု စဉ်းစားရင်း စိတ်ရှုပ်သွားပုံရသည်။
'တစ်လကို ထီတစ်စောင် ထိုးတယ်လေဗျာ၊ ကံကောင်းရင် တစ်စောင်တည်းနဲ့ သိန်းတစ်သောင်းပဲ၊ ဟက်...ဟက်...။ ထမင်းကလည်း စားကောင်းလိုက်တာဗျာ၊ ထပ်ထည့်လိုက်ဦးမယ်'
အငယ်ကောင်က ရယ်ရယ်မောမောနှင့် ထ,ပြေးသည်။ အစိုးရိမ်ကြီးတတ်သော အစ်ကိုအား ကသိကအောက်ဖြစ်အောင် မကြာခဏ စ,တတ်နောက်တတ်သည်ကတော့ သူ၏အကျင့်ဖြစ်သည်။
'ခွေးတိရစ္ဆာန်လေး ငါ့မှာဖြင့် လန့်သွားတာပဲ'
စဉ်းစားဆင်ခြင်ဥာဏ်နည်းပြီး မိုက်မဲချင်လျှင် ဘဝပျက်မည့် မူးယစ်ဆေး၊ စိတ်ကြွဆေးများက လက်တစ်ကမ်းတွင်ပင် ရှိနေသည့်အတွက် အကြီးကောင် အစိုးရိမ်ကြီးသည်ကိုလည်း အပြစ်မဆိုသာဟု ကိုလူမောင် တွေး၍မဆုံးသေး၊ လည်ချောင်းက ယားလာပြန်သည်။ ချောင်းက ဆိုးပြန်သည်။
'အဖေ့ ကွမ်းရွက်...ကွမ်းရွက်...'
အကြီးကောင်က ကွမ်းရွက်ထဲသို့ လျက်ဆားနည်းနည်းထည့်ကာ လေးခေါက်ချိုးပြီး လှမ်းပေးသည်။
'ညနေကျရင် ဆေးဝယ်ခဲ့ပါမယ် အဖေရာ'
'တော်ပြီ သား၊ ကွမ်းရွက်နဲ့ လျက်ဆားက ကောင်းပါတယ်'
ပါးစပ်တွင် ငုံထားသော ကွမ်းရွက်ထဲမှ လျက်ဆားရည်လေးများ စိမ့်ထွက်ကာ ကွမ်းရွက်ရည်နှင့် ရောပြီး လည်ချောင်းထဲ ဆင်းသွားသည်။ ယားနေသည်များ သက်သာသွားသည်။
'သွားလိုက်ဦးမယ် အဖေရာ'
အကြီးကောင်က နေရာမှ ထ,သည်။ နေ့ခင်းတိုင်း ဆိုက်ကားဆွဲ၍ မကောင်းလှသော်လည်း ကြိုးကြားကြိုးကြား ရောက်လာတတ်သော ခရီးသည်ကို ဗာဒံပင်ရိပ်တွင် စာဖတ်ရင်း စောင့်တတ်သည်။ ကန်စွန်းရွက် ခြွေပြီးပြီမို့ လေးဖက်ထောက်ပြီး ထ,ရန်ကြိုးစားနေသော ဒေါ်ရွှေခင်ကို အငယ်ကောင်က ဆွဲထူနေသည်။ အကြီးကောင်က စိတ်မကောင်းဟန်နှင့် လှမ်းကြည့်သည်။
'အဖေရော ဘာလေးများ စားချင်လဲဟင်'
အကြီးကောင်က အိမ်ပေါ်မှ ဆင်းမည့်ဟန်ပြင်ရင်း နောက်ပြန်လှည့်ကြည့်ကာ မေးသည်။ မေးသူရှိတော့လည်း ရင်ထဲတွင် ရှိနှင့်နေသော စကားက ထွက်သွားသည်။
'ငါးရံ့ခြောက်ဖုတ်ကောင်းကောင်းလေးများ ရမယ်ဆိုရင်တော့...'
သတိ ကပ်လိုက်မိတော့ ပြောလက်စ စကားက တစ်ဝက်တစ်ပျက်နှင့် ရပ်သွားသည်။ ငါးရံ့ခြောက်ကောင်းကောင်းက မည်မျှအထိ စျေးမြောက်နေမည်နည်း သူ မမှန်းတတ်။ ငွေတစ်မတ်နှင့် ငါးမြင်းခေါင်း ခဲချင်သလို ဖြစ်နေပေရော့မည်။
'အစ်ကိုရေ့...နေရာတကာ စျေးတက်နေတာ အစ်ကို့ဆိုက်ကားခကိုရော မတက်သေးဘူးလား။ ဒါမှမဟုတ် ဒေါ်လာနဲ့ တောင်းဗျာ၊ အဖေ့ကို ငါးရံ့ခြောက်ကောင်းကောင်း ဝယ်ကျွေးရအောင်'
အငယ်ကောင်က လှမ်းအော်သည်။ အကြီးကောင်က ကြားလား၊ မကြားလား မသိရ။ ဘာမှပြန်မပြောဘဲ ဆိုက်ကားပေါ် တက်သွားသည်။
'ဟုတ်တာပေါ့၊ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နမိတ်ထွန်းတယ်တဲ့။ ယူအက်စ်ဒေါ်လာစျေးတက်ရင် ရွှေဒေါ်လာလည်း စျေးတက်ရမှာပေါ့။ ကန်စွန်းရွက်တောင် လေးရာဖြစ်နေမှဟာ။ ငါတို့ဆိုက်ကားတွေလည်း တက်စျေးနဲ့ နင်းမှ မျှမျှတတနဲ့ တရားသဖြင့် ဖြစ်မှာပေါ့။ အများနည်းတူ တိုးတောင်းရမှာပဲ။ အကြီးကောင်ရေ... တိုးသာတိုး၊ တက်သာတက်၊ တောင်းသာတောင်းလိုက်စမ်းဟ၊ ဒါမှလည်း စားလောက်မှာ'
ကိုလူမောင်က တွေးရင်းတောရင်း အံကိုပင် မသိမသာ ကြိတ်လိုက်မိသည်။
ရွှေရောင်စာလုံး အထင်းသားနှင့် နင်းလိုက်တိုင်း ကကျီကကျီမြည်နေသော ဆိုက်ကားကတော့ ချိုးကွေ့သွားပြီ ဖြစ်လေသည်။
* * *
'ဟုတ်တယ်ကွ၊ တက်သင့်တာကတော့ တက်သင့်နေပြီ။ ချစ်လို့၊ ခင်လို့၊ အားနာလို့ဆိုပြီး လုပ်နေလို့ မရဘူး။ ငါလည်း တိုးတောင်းချင်နေတာ ကြာလှပြီ။ ကိုယ်တစ်ယောက်တည်း ချွန်ထွက်နေမှာစိုးလို့'
ဆိုက်ကားခ စျေးတက်ရေးအစီအစဉ်ကို အကြီးကောင်က တင်ပြတော့ အားလုံးက ဝိုင်း၍ ထောက်ခံကြသည်။
'သုံးရာလမ်းကို ငါးရာ၊ ငါးရာလမ်းကို ခုနစ်ရာ၊ အသွားအပြန် ထောင့်နှစ်ရာ။ အဲဒီလိုတောင်းမှ ဖြစ်မှာ။ ဆန်ကြမ်းတောင် တစ်ပြည်ကို ကိုးရာကနေ ထောင့်လေးရာ ဖြစ်သွားပြီလေ'
ကိုတိုးဝေက တော်တော်တက်ကြွနေသည်။
'အခုတောင် လူက ခပ်ပါးပါးရယ်၊ စျေးတက်တယ်ဆိုရင် စီးမှစီးကြပါတော့မလားဗျာ'
အကြီးကောင်ကတော့ နည်းနည်းစိုးရိမ်သည်။
'အောင်မယ်လေး ကိုရွှေဒေါ်လာရယ်၊ မစီးချင်ရင် လမ်းလျှောက်ပေါ့။ ရှင်းနေတာပဲ'
သူတို့တတွေ ခေါင်းချင်းဆိုင်ကာ တကျိတ်ကျိတ် ဖြစ်နေကြသည်ကို ဦးကြီးပြူးက လှမ်းကြည့်ပြီး ရယ်နေသည်။ သူကလည်း သူ့ကွမ်းယာကို စျေးတက်ဖို့ ဟန်ပြင်နေပြီ ဖြစ်လေသည်။
'အရင်တုန်းက တစ်နေ့ငါးထောင်လောက်ဝင်ရင် စားလို့ဖြစ်တယ်၊ အခု မဖြစ်တော့ဘူး။ ခုနစ်ထောင်၊ ရှစ်ထောင်လောက်ဝင်မှ ငါတို့မိသားစု စားဖြစ်တယ်။ ကျစျေးနဲ့ ဝင်ပြီး ပိုက်ဆံက တက်စျေးနဲ့ ထွက်နေတာကိုး။ အဝင်အထွက်မျှဖို့ဆိုရင် ရှစ်ထောင်ရမှ ဖြစ်မှာ'
'ဆိုက်ကားမစီးဘဲ လမ်းလျှောက်ကုန်ကြရင်ရော...'
'ဒီလိုဆိုရင်လည်း လျှောက်ပေါ့ကွာ၊ အရေးကြီးတာ ငါ့တို့ လူညီဖို့ပဲ။ မပေးရင် မလိုက်ဘူးလို့ အားလုံးညီရင် ပေးကိုပေးလာရမှာပေါ့။ ပြောနေကြာတယ်၊ ခုအချိန်ကစပြီး တက်ကြမယ်ကွာ။ အရင်စျေးနဲ့ မလိုက်ကြေး။ ညီစေနော် ဘော်ဒါတို့'
သူတို့အားလုံး အင်အားစုပြီး မောင်းတင်ထားကြသည်။ စီးသူနှင့် နင်းသူ အားစမ်းကြရမည်။ အလေးအပင်ဆွဲကာ လမ်းလျှောက်ပြီး ထွက်လာမည့်စျေးပြန်များကို မျှော်နေသော်လည်း ပေါ်မလာသေး၊ ထိုအချိန်တွင် အငှါးကားတစ်စီး ဝူးခနဲ့ ထိုးဆိုက်လာပြီး ပျာယီးပျာယာဆင်းလာသူက အပျိုကြီး ဒေါ်ထူးမေ ဖြစ်သည်။ သူများတွေ စျေးပြန်မည့်အချိန်ကျမှ စျေးသို့ရောက်လာပြီး ကားနောက်ခန်းမှ ခရမ်းချဉ်သီးတောင်းကို အတင်းဆွဲချနေသည်။ ကားသမားကလည်း မကူ၊ သူ့ဟာသူလည်း မနိုင်ရှာချေ။
'ကားဆရာ ကိုမသာရယ်၊ ကိုယ့်အမေအရွယ်ကြီး မနိုင်မနင်းဖြစ်နေတာ မမြင်ဘူးလားဟဲ့'
ဒေါ်ထူးမေက ခပ်တိုးတိုး ရေရွတ်သည်။ ကားဆရာကြားအောင်တော့ မပြောရဲရှာ။ ဒါမှမဟုတ် ကားဆရာက ကြားလျက်နှင့် မကြားချင်ဟန်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
'နေ...နေ ကြီးတော်ထူး၊ ကျွန်တော် ချပေးမယ်'
အကြီးကောင်က ပြေးသွားပြီး ကူသည်။ ခရမ်းချဉ်သီးသာမက ထောပတ်သီးနှင့် နဂါးမောက်သီးများလည်း ပါလာသေးသည်။
'နောက်ကျနေပါတယ်ဆိုမှ လမ်းကလည်း ကျပ်၊ ဒီကြားထဲ ရှေ့မှာ ကားနှစ်စီးတိုက်ပြီး ကာလနာတိုက်နေကြသေးတယ်။ ဒုက္ခပါပဲဟယ်၊ စျေးတောင် ကွဲနေပြီလား မသိပါဘူး'
'အခုမှ ရှစ်နာရီပဲရှိသေးတာ၊ စျေးကွဲချိန်တော့ မဟုတ်သေးပါဘူး အပျိုကြီးရာ။ ဒါပေမဲ့ စျေးကတော့ မိုးလင်းကတည်းက ကွဲနေတာ။ စျေးထဲမှာ လူကိုမရှိဘူး'
ဦးပြုံးကပါ လာကူပေးရင်း ဝင်ပြောသည်။ အငှါးယာဉ်မောင်းကို 'ဘယ်နှယ်လဲ ဆရာကြီး ကိုက်ရဲ့လား' ဟု လှမ်းမေးတော့ ယာဉ်မောင်းက မျက်နှာရှုံ့ပြီး လက်ခါပြသည်။ သူ့ကိုကြည့်ရသည်မှာလည်း စိတ်တိုစိတ်ရှုပ်ပြီး ပင်ပန်းနေပုံရသည်။
ကြီးတော်ထူး၏တောင်းများကို ဦးပြုံးနှင့် အကြီးကောင်က စျေးထဲအထိ သယ်ပို့ပေးလိုက်သည်။ ခရမ်းချဉ်သီးက တော်သေးသည်။ နဂါးမောက်သီးနှင့် ထောပတ်သီးကတော့ လေးလှသည်။ သူတို့နှစ်ဦးလုံး ချွေးပြိုက်ပြိုက်ကျသွားသည်။
'ရွှေဒေါ်လာရေ မင်းမပူနဲ့၊ ငါတို့ ဆိုက်ကားနင်းမကောင်းရင် ကူလီလုပ်စားလို့ ရပြီ' ဟု ဦးပြုံးက အပြောင်အပြက် ပြောနေသည်။
သူတို့အတွက် လုပ်အားခကို အပျိုကြီးက တစ်ယောက် ငါးရာစီပေးသည်။
'ကူတာပါဗျ၊ အချင်းချင်းပဲဟာ။ ပေးစရာမလိုပါဘူး' ဟု ပြောသော်လည်း ဦးပြုံးက လက်အရင်လှမ်းပြီး ဖြစ်နေ၍ အပျိုကြီးက ရယ်သည်။ အကြီးကောင်ကတော့ 'ကျွန်တော့်က်ို နဂါးမောက်သီးတစ်လုံးလောက် ပေးပါလား ကြီးတော်ရာ၊ အဖေ့ကို ကျွေးချင်လို့ပါ' ဟု အရိုးခံနှင့် ပြောမိသည်။
'အေး...နင့်အဖေ အတော်ဖျားလိုက်တာနော်၊ တစ်နေ့တုန်းကတော့ ခဏတွေ့လိုက်တယ်။ ပိန်သွားတယ်ဟဲ့။ နင့်အမေရော နေကောင်းရဲ့လား ရွှေဒေါ်လာရယ်။ ရော့...ရော့ ဒါက သေးပေမဲ့ အနီသီးထက်ပိုပြီး ဆေးဖက်ဝင်တယ်။ ငါရောင်းရင် တစ်လုံး ရှစ်ရာနဲ့ ရောင်းတာ '
နဂါးမောက်သီးထည့်ထားသော ကြွတ်ကြွတ်အိတ်လေး တယမ်းယမ်းနှင့် စျေးထဲမှထွက်လာပြီး ဆိုက်ကားနား ပြန်ရောက်တော့ အပြာရောင်ဝမ်းဆက် ဝတ်ထားသော ကောင်မလေးတစ်ယောက်ကို တွေ့ရသည်။
'အားလား'
'ဘယ်လဲ'
'စိန်ပန်းနီလမ်းထဲ'
စိန်ပန်းနီလမ်းသည် ငါးရာလမ်း ဖြစ်သည်။ အတန်ငယ်လှမ်းသော်လည်း လမ်းကောင်းသည်။ လူချမ်းသာ များသောလမ်းဖြစ်သည်။
'ခုနစ်ရာနော်'
'ဟင်...ခုနစ်ရာတောင်'
ကောင်မလေးက နောက်တွန့်သွားသည်။
'အခါတိုင်း ငါးရာပဲ ပေးရတာပါ။ မနေ့တုန်းကတောင် ငါးရာပဲဟာ'
'မရတော့ဘူး၊ ဒေါ်လာစျေးက တက်နေတာ'
မဆီမဆိုင်ပြောခြင်း မဟုတ်သော်လည်း ကောင်မလေးကတော့ မဆီမဆိုင်တွေ ပြောနေသည်ဟု ထင်သွားလေသည်။ နှုတ်ခမ်းကလေး တင်းတင်းစေ့ပြီး သူ့ကို ခပ်စူးစူးကြည့်သည်။ ထီးပေါ်တွင် ရေးထားသော ရွှေစာလုံးကိုလည်း လှောင်သလိုလိုကြည့်သည်။
'မရရင် မစီးဘူး'
'မစီးရင် လျှောက်ပေါ့ဗျာ'
အကြီးကောင်က ခပ်တင်းတင်းပြောလိုက်သည်။ ကောင်မလေးသည် ချာခနဲ့ လှည့်ထွက်သွားသည်။ ဘောက်ဆတ်ဘောက်ဆတ်နှင့် လျှောက်ရင်း မကြားတကြားတော့ ပြောသွားသည်။
'အမေရိကန်ဒေါ်လာစျေးတက်တာနဲ့ပဲ သူ့ဆိုက်ကားခပါ စျေးတက်ရတယ်လို့ ကြားဖူးပေါင်၊ ဟွန်း...နာမည်ကိုလည်း ရေးထားသေး၊ 'ရွှေဒေါ်လာ' တဲ့။ ပြည်တွင်းဖြစ်ဒေါ်လာကြီးကများ ကြီးကျယ်လို့ သေ...သေ...သွားသေ၊ သေလိုက်တော့'
အကြီးကောင်ကို ဦးပြုံးက ချီးကျူးသလိုကြည့်သည်။ ပြန်ပြီး လက်မထောင် ပြလိုက်ရသော်လည်း ရင်ထဲတွင်တော့ သိပ်မကောင်း။ ခုနစ်ရာမရဘဲ ငါးရာလွတ်သွားပြီမို့ ဖြစ်သည်။
မကြာမီရောက်လာသူကတော့ အန်ကယ်ချစ် ဖြစ်သည်။ ပင်စင်စားအဘိုးကြီး ဖြစ်သော်လည်း သွက်သွက်လက်လက်၊ ဖျတ်ဖျတ်လတ်လတ် ရှိသည်။ သူက မနက်တိုင်း လမ်းလျှောက်ပြီး အပြန်ကျတော့ စျေးကိုဝင်တတ်သည်။ သူစားချင်သော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်ဝယ်သည်။ စျေးကပြန်တော့ ဆိုက်ကားစီး၍ ပြန်တတ်သည်။ စျေးထဲရှိ စျေးသည်များနှင့်သာမက ဆိုက်ကားဆရာများနှင့်ပါ ခင်မင်ရင်းနှီးနေသူ ဖြစ်သည်။ ဒီတစ်ခါ အလှည့်ကျသူကတော့ ကိုမောင်အုန်းဖြစ်သည်။
'အန်ကယ်ချစ်ရေ ... စျေးတက်သွားပြီနော်'
'ဟေ... ဘယ်လောက်လဲ'
'အန်ကယ်ချစ်အိမ်ဆို ခုနစ်ရာ'
'ဘာ...'
အန်ကယ်ချစ်က အော်သည်။ မျက်မှောင်ကိုလည်း အတွန့်ချိုးထားသည်။
'ဒေါ်လာစျေးတက်တော့ အစစအရာရာ စျေးတက်တယ် အန်ကယ်ချစ်ရဲ့။ ကျွန်တော်တို့လည်း မတတ်သာလို့...'
'ဟေး...တက္ကစီ'
အန်ကယ်ချစ်က ဆုံးအောင်ပင် နားမထောင်၊ ဖြတ်သွားသော တက္ကစီကို ဖမ်းတားလိုက်သည်။
'မုဒိတာလမ်းထဲကို ငါ့တူ၊ ဒီတစ်ကွေ့လေးတင်ပဲ။ တည့်တည့်ဆက်ထွက်ရင် လမ်းမကြီးပေါက်တယ်။ အေး တစ်ထောင်ပေးမယ်'
အန်ကယ်ချစ်အသံက လိုအပ်သည်ထက် ပို၍ကျယ်နေသည်ဟု ထင်မိသည်။ ထို့နောက် ကိုမောင်အုန်းကို မပြုံးတပြုံးငဲ့ကြည့်ရင်း တက္ကစီပေါ် ခပ်ကြွားကြွားတက်သွားသည်။ အဓိပ္ပါယ်ကတော့ 'မင်းတို့ဆိုက်ကားကို နေပူခံပြီး ခုနစ်ရာပေးမစီးဘူး။ တစ်ထောင်ပေးပြီး ကားစီးမယ်' ဟု ဆိုလိုဟန်ရှိသည်။ ကိုအုန်းမောင်သာမက သူတို့အားလုံး မအီမလည်ဖြစ်ကာ ကျန်ခဲ့ကြသည်။ သူတို့ကို လှမ်းကြည့်နေသော ဦးကြီးပြူးပင် မပြုံးနိုင်ဘဲ တွေတွေကြီး ဖြစ်နေသည်။
နောက်တစ်ခါ ရောက်လာသူက ကျောင်းစိမ်းကလေးနှစ်ယောက်ကို လက်ဆွဲထားသော ကလေးအမေဖြစ်သည်။ ကလေးများကို သနပ်ခါးညီညီညာညာနှင့် ပါးကွက်များ ကွက်ပေးထားသော်လည်း သူဝတ်ထားသော ဘလောက်စ်အင်္ကျီတွင် ကြယ်သီးတစ်လွဲ တပ်ထားသည်။ ကလေးတွေ ကျောင်းမမှီမှာစိုး၍ ကတိုက်ကရိုက် ဖြစ်နေရှာသည်။
အခါတိုင်း သုံးရာတောင်းနေကျလမ်းကို ငါးရာတောင်းလိုက်တော့ ကလေးအမေက ဦးပြုံးကို မျက်စောင်းခဲပြီး ရန်သူလို ကြည့်သည်။ သို့သော် ဆိုက်ကားပေါ် တက်ထိုင်လိုက်၍ ဦးပြုံး အောင်မြင်သွားသည်ဟု ဆိုရမည်။ ဦးပြုံးတစ်ယောက် အပြုံးမျက်နှာနှင့် ပြန်လာမည် ထင်မိသော်လည်း ရှုံ့ရှုံ့မဲ့မဲ့ ပြန်လာသည်။
ကလေးအမေက ပိုက်ဆံနှစ်ရာ ပိုပေးရတာဆိုတော့ ပေးရတာနဲ့တန်အောင် ညည်းတော့တာကိုး။ ငါကလည်း ညည်းသံညူသံဆိုရင် ကြားကို မကြားချင်တာကွာ။ အိမ်မှာလည်း မိန်းမက ညည်း၊ အပြင်ရောက်ပြန်တော့ ခရီးသည်က ညည်းနဲ့ ဟုတ်တာမှန်တာတွေပေမယ့်လည်း မကြားချင်ဘူးကွာ။ နားကို ပူနေတာပဲ။ သူ့လက်ထဲက ဆိုက်ကားခ အပ်ပြီး 'ကဲ ခင်ဗျားဟာ ခင်ဗျားပဲ ဆက်နင်းသွားတော့ဗျာ' လို့ ပြောပြီး ဆင်းနေရစ်ခဲ့ချင်တာ'
ဟိုး... ဘုရင်တွေ လက်ထက်တုန်းက အိုင်ချင်း၊ တျာချင်း ဆိုတာတွေကို ရေးကြ၊ စပ်ကြ၊ သီကုံးကြသည်ဟု ကြားဖူးသည်။ အခု အသစ်ပေါ်လာသည်က ညည်းချင်းဖြစ်သည်။ တွေ့လိုက်လျှင် ညည်းချင်းချသူချည်း ဖြစ်နေတော့ အကြီးကောင်လည်း မကြားချင်။
'ငါတို့ စစ်ဆင်ရေးက ဟုတ်မှ ဟုတ်ပါ့မလား၊ ရွှေဒေါ်လာရေ၊ ခါတိုင်းလောက်တောင် မရဘဲ ငတ်ကိန်း ဆိုက်နေပြီ'
ကိုမောင်အုန်းက တီးတိုးပြောသည်။ အကြီးကောင်ကလည်း ငိုင်တိုင်တိုင် ဖြစ်နေသည်။ ဒီလိုပုံနှင့်ဆိုလျှင် ဆန်ဖိုး ဆီဖိုးလေးပင် ရမှရနိုင်ပါ့မလား မသိရ။ အဖေ့အတွက် ဆေးဝယ်ဖို့တော့ သိပ်မလွယ်လှ။
'ရွှေဒေါ်လာရေ ပြန်မယ်ဟေ့'
ဒီတစ်ခါ ရောက်လာသူက သုံးရက်နေမှ တစ်ခါသာ စျေးလာသော မမဝဝ,ဖြစ်သည်။ သူကလည်း အန်ကယ်ချစ်တို့ လမ်းထဲတွင်ပင် နေသည်။ ပြီးခဲ့သောနှစ်က ယောက်ျားဆုံးသွား၍ မူလတန်းအရွယ် ကလေးသုံးဦး ကျန်ခဲ့သည်။ အတူနေ မိခင်ကြီးက ရောဂါသည်ဟု ပြောသည်။ ဘာရောဂါမှန်းတော့ အကြီးကောင် မသိ။ မိခင်ကြီးကို ပြုစုရန် ခေါ်ထားရသော အဒေါ်အပျိုကြီးကလည်း ဟိုဟာမစား၊ ဒီဟာ မစား၊ ခါးနာတယ်၊ ခေါင်းကိုက်တယ်နှင့် ထွေလီကာလီတွေ များလွန်း၍ သူ့ကို တစ်ခါထပ်ပြီး ပြုစုနေရရှာသည်။
မမဝဝက မျက်နှာလေး လှသော်လည်း လူကတော့ တော်တော်ဝသည်။ သူ့ကလေး သုံးယောက်ကလည်း သူ့လိုပင် ဖက်တီး၊ ဝတုတ်ကလေးများ ဖြစ်သည်။ သူကတော့ သူတို့အမျိုးကိုက 'ဝ' တဲ့မျိုးဟု ပြောသည်။
'စျေးတက်သွားပြီးနော် အစ်မ'
သူက ခြင်းတောင်းနှစ်တောင်းကို တစ်ဖက်စီ ဆွဲထားသည်။ သုံးရက်တစ်ခါသာ စျေးလာသူမို့ စျေးခြင်းများက လေးလေးလံလံ ရှိလှသည်။ သူ့ခြင်းထဲကို ကြည့်လိုက်တော့ အာလူး၊ ကြက်သွန်နှင့် နဂါးမောက်သီးနှစ်လုံးကိုပါ တွေ့ရသည်။ နောက်တစ်ခြင်းထဲ တွင်တော့ ဂေါ်ရခါးသီး၊ ပုံလုံသီး၊ ရွှေဖရုံသီးများကို တွေ့ရသည်။ အောက်ဘက်ရောက်နေသော အသား ငါးများကိုတော့ မမြင်ရ။ သူက 'ခုနစ်ရာ' ဟု ပြောတော့ မမဝဝက သက်ပြင်းချရှာသည်။
'ခုနစ်ရာဖြစ်သွားပြီလားဟယ်' ဟု ခပ်တိမ်တိမ် ပြောသည်။
ခြင်းတောင်း အလေးကြီးနှစ်တောင်းကို သူ့အိမ်အထိ ဆွဲနိုင်မည်မဟုတ်။ သူ၏ ဆိုက်ကားကို မဖြစ်မနေ စီးကိုစီးရမည်ဟု အကြီးကောင်က တွက်သည်။
သို့သော် မမဝဝက သူတွက်သလို ဖြစ်မလာ။
'နင်တို့ စျေးတက်တာက သဘာဝကျပါတယ်။ ဒါပေမဲ့ ငါကလည်း ငါ့ဟာငါ မနည်းတိုင်းထွာပြီး သုံးနေရတာ'
မမဝဝက ဆိုက်ကားဘေးတွင် ခေတ္တချထားသော ပလတ်စတစ်ခြင်းတောင်းနှစ်တောင်းကို ဘယ်တစ်ဖက်၊ ညာတစ်ဖက် ပြန်ဆွဲသည်။ ထို့နောက် စတင်၍ လမ်းလျှောက်သည်။
'ဟာ...အစ်မ၊ နိုင်လို့လား'
'နိုင်ပါတယ်ဟယ်၊ ဒီလိုပဲ နားနားပြီး ဆွဲသွားရမှာပေါ့'
နဂိုကမှ ဝ,ရသည့်အထဲ အလေးအပင်ကို လက်နှစ်ဖက်လုံးက ဆွဲထားရတော့ သူ့ကိုကြည့်ရသည်မှာ မသက်သာ။ ပုံပျက်ပန်းပျက် ဆွဲထားသော ကာတွန်းရုပ်ကြီးနှင့် တူနေသည်။ ခြေလှမ်း နှစ်ဆယ်လောက် ကြိုးစားလျှောက်ပြီးတော့ သူ ခဏနားသည်။ ခြင်းတောင်းနှစ်တောင်းကို ခေတ္တချသည်။ ထို့နောက် ခြင်းတောင်းများကို ပြန်ဆွဲသည်၊ ပြန်လျှောက်သည်။ နှစ်ခါနား နှစ်ခါလျှောက်ပြီး သုံးခါမြောက်နားနေသော အခါတွင်တော့ အကြီးကောင် ကြည့်မနေနိုင်တော့။ သူ့နောက်သို့ ဆိုက်ကားတွန်းပြီး လိုက်သွားသည်။
'အစ်မရာ...မောလှပါတယ်၊ ကဲ...တက်၊ တက်၊ အရင်စျေးပဲ ပေးပါတော့'
အကြီးကောင်က ခြင်းတောင်းကို လှမ်းဆွဲသည်။ သူ့ခမျာ စိတ်ဆောင်နေ၍သာ အတင်းလျှောက်နေရသော်လည်း မျက်နှာကြီး နီမြန်းကာ တဟောဟောနှင့် မောနေသည်။
မမဝဝက သူ့ပိုက်ဆံအိတ်ကို ဖွင့်ကြည့်သည်။ ထို့နောက် အကြီးကောင်လက်ထဲမှ သူ၏ ခြင်းတောင်းကို ပြန်ဆွဲသည်။
'အရင်စျေးတောင် မပေးနိုင်ဘူး ရွှေဒေါ်လာရယ်။ ငါ့အိတ်ထဲမှာ လေးရာပဲ ကျန်တော့တယ်။ ဒါတောင် ကုလားဟင်းအတွက် ရုံးပတီသီး မဝယ်ဖြစ်ခဲ့လို့'
အကြီးကောင်ခမျာ စိတ်လည်းညစ် ရယ်လည်းရယ်ချင်သွားသည်။ သူတို့က ကိုယ့်ထက် ချမ်းသာသော်လည်း ကိုယ့်ထက်ပင် ဒုက္ခကြီးနေကြဟန် ရှိလေသည်။
ကိုအုန်းမောင်တို့၊ ဦးပြုံးတို့ကို လှမ်းကြည့်တော့ သူတို့ဘာပြောနေသည်ကို နားစွင့်နေကြပုံရလေသည်။ နည်းနည်းလေး လှမ်းသွားပြီမို့ အသေအချာ ကြားရဟန်တော့ မတူချေ။ မမဝဝ,ကတော့ တဟောဟောနှင့် ဆက်လျှောက်ရန် ဟန်ပြင်နေသည်။
'နှစ်ရာတော့ တိုးမပေးနိုင်၊ သေချင်လျှင်လည်း သေပါစေတော့' ဟူ၍များ သန္နိဌာန်ချထားလေသလား မသိရ။
'ကဲ...ကဲ...လေးရာဆိုရင်လည်း လေးရာပဲ ပေးပါတော့ အစ်မရာ၊ တက်... တက်။ ကျွန်တော် လိုက်ပို့ပါ့မယ်'
ဒီလိုနှင့်ပင် အမျိုးသမီးဝဝကြီးသာမက လေးလေးလံလံ ခြင်းတောင်းကြီးနှစ်တောင်းလည်း ဆိုက်ကားပေါ်သို့ ရောက်လာသည်။ လှမ်းကြည့်နေကြသော ဦးပြုံးတို့၊ ကိုမောင်အုန်းတို့ကတော့ မမဝဝခများ ဆက်မလျှောက်နိုင်၍ ရွှေဒေါ်လာကို အရှုံးပေးလိုက်သည်ဟု ထင်ကြပေလိမ့်မည်။
'ငါက ကပ်တာမဟုတ်ဘူး ကောင်ကလေးရယ်။ တကယ်ကို ချွေတာနေရလို့ပါ။ ယောက်ျားမသေခင် ရင်းနှီးမြုပ်နှံထားခဲ့တဲ့ အတိုးရင်းပွားလေးတွေနဲ့ စားနေရတာ။ ဘာစီးပွားရေး၊ ဘာဝင်ငွေမှ မရှိဘူးဟဲ့'
သူက သဘောကောင်းကောင်း၊ ပါးစပ်ဖွာဖွာဆိုတော့ သူ၏စီးပွားရေးအခြေအနေကို မမေးဘဲနှင့် ပြောနေသည်။
'အမေ့အတွက် ဆေးတွေ မဝယ်လို့မရဘူး။ ခေါ်ထားတဲ့ အမေ့ညီမကလည်း အမေနဲ့ အဖော်အလှော်ရအောင်၊ အမေ့ဘေး နေရအောင် ခေါ်ထားတာ သူကပါ ရောပြီး အမေ့လို အပြုအစုခံချင်နေတယ်။ အိမ်မှာ အိမ်ဖော်လည်း မထားနိုင်တော့ဘူး။ တစ်လရှစ်သောင်းဆိုတဲ့ လခကိုမှ မပေးနိုင်တာ။ ငါ့ဟာငါချည်းပဲ လုပ်ရတာ'
ခုနတုန်းက တဟောဟော မောနေသော အစ်မကြီးသည် အခုတော့လည်း တသောသော ပြောနေသည်မှာ ပါးစပ်မပိတ်တော့။ 'အစ်မရေ...မောမယ်လေ၊ မောမယ်၊ ပါးစပ်ပိတ်ထားပါလား' ဟု ပြောချင်စိတ်ပေါက်လာသည်။ သူကလည်း ဦးပြုံးလိုပင် နားပူခံချင်သူ မဟုတ်။ ညည်းသံ ညူသံ ကြားချင်သူ မဟုတ်။
'တစ်လတလေ မကုန်မဖြစ်လို့ ကုန်နေရတဲ့ ပိုက်ဆံတွေက အများကြီး။ အမေ့ဆေးဖိုး၊ ကလေးတွေ ကျူရှင်ဖိုး၊ ကျောင်းကားခ၊ ရေဖိုး၊ မီတာဖိုး၊ တစ်လောက မော်တာပျက်တော့လည်း ကုန်ရပြန်ရော။ ဒီကြားထဲ စားသောက်စရိတ်တွေကတက်၊ နင်တို့တွေ ဆိုက်ကားခတိုးတောင်းတာ ငါ အပြစ်မတင်ပါဘူးဟယ်။ နားလည်ပါတယ်။ ဒါပေမဲ့ နင်တို့လည်း နင်တို့ဒုက္ခနဲ့နင်တို့၊ ငါကလည်း ငါ့ဒုက္ခနဲ့ ငါပဲလေ။ တစ်ပြား၊ နှစ်ပြား ခွာပြီး သုံးနေရတာ'
ဦးပြုံးက ပိုက်ဆံနှစ်ရာဖိုး နားပူခံခဲ့ရသည်ဟု ပြောသည်။ သူကတော့ တစ်ရာလျှော့ယူပြီး နားပူခံခဲ့ရသည်မို့ ပို၍ပင် ဒုက္ခကြီးနေသေးသည်။ ဦးပြုံးလိုပင် 'ကဲ...ရော့ အစ်မကြီး၊ ဆိုက်ကားကို ကိုယ့်ဟာကိုယ်သာ ဆက်နင်းသွားပါတော့။ ကျွန်တော် ဆင်းနေရစ်တော့မယ်' ဟူ၍ပင် ပြောချင်စိတ်ပေါက်လာသည်။ ရှင်းရှင်းပြောရလျှင် ညည်းသံ ညူသံတွေကို ကြားကို မကြားချင်တော့။
သူ့မှာလည်း 'ချင်' တွေရှိသည်။
အဖေ့အတွက် ချောင်းဆိုးပျောက်ဆေး ဝယ်ချင်သည်။ အင်နာဗွန်စီဝယ်ချင်သည်။ ငါးရံ့ခြောက်ကောင်းကောင်း ဝယ်ချင်သည်။ ကြက်စွတ်ပြုတ်လေး တိုက်ချင်သည်။ အမေ့ဒူးနာကိုလည်း ဆေးကုပေးချင်သည်။ နူဖလမ်ဆိုသောဆေး ဝယ်တိုက်ချင်သည်။ အငယ်ကောင်ကိုလည်း ကျောင်းခန်းထဲ ပြန်ပို့ချင်သည်။ ချင်...ချင်...ချင်...။ သူ၏ ချင်တွေက သိပ်ပြီး မကြီးကျယ်လှသော်လည်း သူ့မှာ ပြည့်ဖို့မလွယ်။ အကုန်လုံးကို ထိန်းချုပ်ထားရသည်။
လေယာဉ်ပျံစီးနိုင်သူက လေး,ငါးထောင် တိုးပေးရန် မခဲယဉ်းသော်လည်း၊ တက္ကစီစီးသူက လေး ငါးရာ တစ်ထောင် တိုးပေးနိုင်သော်လည်း၊ ဆိုက်ကားစီးသူများအတွက်တော့ တစ်ရာ၊ နှစ်ရာ တိုးပေးရန် မလွယ်ကူကြောင်းကို ကောင်းကောင်းသဘောပေါက်သွားသည်။
'ငါတို့ကို အခြေခံလူတန်းစားလို့ ခေါ်ကြတာကို အခုမှ သဘောပေါက်တော့တယ်။ အောက်ခြေမှာနေပြီး အလူးအလဲခံနေရတဲ့ လူတွေမို့လို့ကိုး'
အကြီးကောင်က ရင်ထဲမှ တီးတိုးပြောမိသည်။
'အားနာပါတယ်ဟယ်'
မမဝဝက နှစ်ရာတန် ခပ်နွမ်းနွမ်း နှစ်ရွက်ကို လှမ်းပေးသည်။ သူကတော့ ကိုတိုးဝေတို့၊ ဦးပြုံးတို့ မေးလျှင် ဘယ်လိုဖြေရပါ့မလဲ စဉ်းစားနေသည်။ အမှန်အတိုင်း ပြောလျှင် 'မင်း...သစ္စာဖောက်တယ်၊ လျှော့စျေးနဲ့ မပို့ကြေးလေကွာ' ဟု ပြောကြလိမ့်မည်။ ထို့နောက် ရယ်ကြလိမ့်မည်။ လိမ်ပြီးတော့လည်း မပြောချင်။ မပေါ်ဘဲနေမည်လည်း မဟုတ်။ တော်ပါပြီ။ အိမ်ပြန်တာပဲ ကောင်းပါတယ်။
'ဟော...သားကြီး ပြန်လာပြီ'
အဖေက ဆီး၍ နှုတ်ဆက်သည်။ ဦးကြီးပြူး၏ လျက်ဆားတန်ခိုးနှင့် ချောင်းဆိုးသက်သာနေပုံရသည်။ ရေမိုးချိုးပြီး လန်းလန်းဆန်းဆန်း ဖြစ်နေသည်။
'အဆင်ပြေရဲ့လား သား'
အဖေက သူ၏အတွေ့အကြုံကို နားထောင်ချင်လွန်း၍ မျှော်နေခြင်း ဖြစ်ဟန်တူသည်။ သူတို့တွေ ဒီနေ့ စျေးတက်ဖို့ အကြံအစည်ရှိသည်ဟု သိထားသည် မဟုတ်လား။ အကြီးကောင်ခမျာမှာတော့ အဖေ့ကို တွေ့တော့မှ ပိုပြီး စိတ်ညစ်သွားရှာသည်။ ထို့ကြောင့် ဘာမှပြန်မပြောသေးဘဲ ရေအိုးစင်ဆီသို့ တန်းသွားကာ သောက်ရေတစ်ခွက်ကို ပြည့်ပြည့်ခပ်ပြီး အချိန်ဆွဲကာ သောက်နေမိသည်။
'သားကြီး ထမင်းဆာပြီလား'
အမေက လှမ်းမေးသည်။ အမေ့လက်ထဲတွင် ချဉ်ပေါင်ရွက်များကို တွေ့ရသည်။ သံဇလုံထဲတွင် ထည့်ထားသော မျှစ်ဝါဝါလေးများကိုလည်း တွေ့ရသည်။
'ချဉ်ပေါင်ကြော်မလို့လား အမေ၊ ဆီရော ရှိရဲ့လား'
'အငယ်ကောင်က ဆီတစ်ပုလင်းနဲ့ ကတ်သပိုးလေးတွေ လာပေးသွားတယ်။ ငါးလေးတွေက လတ်ကလတ်နဲ့၊ ဆီရှိတုန်း ငါးလေးကြော်ပြီး ချဉ်ပေါင်ကို မျှစ်လေးနဲ့ ပျစ်ပျစ် ချက်ပေးမယ်လေ'
အမေ့မျက်နှာက ပြုံးနေသည်။ သားကလေး ငါးကလေးများ ချက်ရလျှင် အမေက ဝမ်းသာနေတတ်သူ ဖြစ်သည်။ သူလည်း အတော် ဝမ်းသာသွားသည်။ အိမ်တွင် ဆန်နှင့်ဆီသာမက ဟင်းပါရှိနေတော့ ဒီနေ့တစ်နေ့အတွက် စိတ်အေးသွားရပြီမို့ ဖြစ်သည်။
'ကြီးတော်ထူးကတောင် အမေ့ကို မေးလိုက်သေးတယ်၊ နေကောင်းရဲ့လားတဲ့'
အဖေနှင့်စကားပြောရမှာ ကြောက်၍ အကြီးကောင်က အမေ့ကို စကားစရှာပြီး ပြောနေခြင်းဖြစ်သော်လည်း ရှောင်၍မရ။ အဖေက သူတို့နား လာထိုင်သည်။ အခါတိုင်း သားဖြစ်သူပြန်လာလျှင် အဖေ့နားထိုင်ပြီး တွေ့ခဲ့၊ ကြုံခဲ့ရသမျှကို ပြောနေကျမို့ ဒီတစ်ခါလည်း အတွေ့အကြုံ အသစ်အဆန်းလေးများကို ကြားချင်စိတ် စောနေဟန်ရှိသည်။ လွယ်လွယ်ကူကူစျေးတက်၍ရခဲ့ပြီး အခါတိုင်းထက် ဝင်ငွေကောင်းခဲ့သည်ဟုလည်း ထင်နေပုံရသည်။ ခက်တော့နေပါပြီ။
'ခုနတုန်းကပဲ အိမ်ရှေ့မှာ ဖြတ်သွားတဲ့လူတွေ ပြောသွားကြတယ်။ အမေရိကန်ဒေါ်လာက ထောင့်ခြောက်ရာတောင် ကျော်သွားပြီတဲ့။ ပြောပါဦး၊ ငါ့သားကြီး မြန်မာဒေါ်လာ၊ ရွှေဒေါ်လာကရော ဘယ်နှရာကျော် ဖြစ်လိုက်ပြီလဲ'
'ဟိုဒေါ်လာစျေးတက်ပေမဲ့ ဒီဒေါ်လာကတော့ စျေးကျတယ်အဖေရေ့' ဟု ပြောပစ်လိုက်ချင်သော်လည်း 'ဒီတစ်ခါ ငါတို့ တက်ရမယ့်အလှည့်ပဲ၊ သူတို့တက်ရင် ငါတို့လည်း တက်မှာပေါ့' ဟူ၍ မျှော်လင့်တကြီး အားတက်သရောဖြစ်နေသော အဖေ့ကို နည်းနည်းသနားသွားသည်။
'ဒေါ်လာဆိုတိုင်း တူတာမှ မဟုတ်တာပဲ အဖေရယ်။ တစ်ခါတလေကျတော့ တစ်ဖက်က တက်သွားတာဟာ နောက်တစ်ဖက်ကျသွားဖို့လည်း ဖြစ်နေတတ်တာပဲ'
အကြီးကောင်က သူ့အဓိပ္ပါယ်နှင့်သူ ပြောလိုက်သည်။ အဖေက နားမလည်။ ကြားချင်နေသောစကားမဟုတ်၍ အာသာမပြေ ဖြစ်သွားသည်။ မရွှင်လှသော သား၏ မျက်နှာကိုလည်း အခုမှ သတိပြုမိပုံရလေသည်။
သူက အဖေ့၏အကြည့်ကို ရှောင်လွှဲကာ အိမ်ပေါ်မှ ဆင်းသည်။ ဘောက်ဆတ်ဘောက်ဆတ်လျှောက်ရင်း မကြားတကြား ပြောသွားသော ကောင်မလေးကို သတိရသည်။
'ပြည်တွင်းဖြစ် ဒေါ်လာကြီးကများ...ကြီးကျယ်လို့...၊ သေ...သေ...သွားသေ...သေလိုက်တော့' တဲ့ လေ။
သူ ဆိုက်ကားပေါ် ပြန်တက်သည်။ ပြန်နင်းသည်။ နင်းမယ့်သာနင်းရသော်လည်း ဘယ်ကိုသွားရမည်မသိ။ အိမ်မှာလည်း မနေချင်၊ ဆိုက်ကားဂိတ်ကိုလည်း ပြန်မသွားချင်။ ကဲဟာ...ရောက်ချင်ရာရောက်... ပေါက်ချင်ရာပေါက်...နင်းသာနင်း...ဆက်နင်း...။
နင်းလိုက်တိုင်း ကကျီ၊ ကကျီနှင့် မြည်နေသော ဆိုက်ကားတစ်စီးသည် နေကျဲကျဲပူနေသော လမ်းပေါ်တွင် မောမောပန်းပန်း ပြေးနေသည်။
'ကကျီ... ကကျီ... က... ကျီ... က... ကျီ... ကျီ... ကျီ... ကျီ...ကျီ ....."
မစန္ဒာ
ရွှေအမြုတေမဂ္ဂဇင်း၊ နိုဝင်ဘာ၊ ၂၀၁၈။
ခိုင်နီလာမောင် မှ
No comments:
Post a Comment