Wednesday, July 13, 2022

သင့်မှာ ကူးစက်နေပြီလား

"တစ်နေ့တုန်းက ခရမ်းချဉ်သီးသည်လေ..အတော်ညစ်တယ်သိလား၊ ကလေးမလေးတစ်ယောက်က ခရမ်းချဉ်သီးလာဝယ်တယ်။ 


"ကူရွေးပေးပါ အဒေါ်ရဲ့၊ ကျွန်မ သိပ်မရွေးတတ်ဘူး "လို့ ပြောတော့ တဆတ်ဆတ်နဲ့ ကောက်ပေးလိုက်တာ အသီးပျော့ပျော့တွေချည်းပဲ။


နောက်တစ်နေ့ဆိုရင် အိပြီးပြဲကုန်မဲ့အသီးတွေပေါ့၊ ဟိုကလေးမလေးကတော့ ဘာမှမသိရှာဘူး၊ ယုံယုံကြည်ကြည်ပဲ။


ကျုပ်လေ ဘေးကနေကြည့်ပြီး အသည်းယားလိုက်တာ၊ ကောင်မလေးကိုလည်း "ဟဲ့ နင့်ကိုတော့ ပုပ်ခါနီးတွေ ရွေးပေးနေပြီ"လို့ ပြောပြချင်လိုက်တာ။


ကိုယ့်စိတ်ကိုကိုယ် မနည်းကြီး ထိန်းထားရတယ်။ 


အို .... မထိန်းလို့ ဖြစ်မတဲ့လား၊ မတော် သွားပြောမိရင် ခရမ်းချဉ်သီးသည်က ကျုပ်ကိုမုန်းသွားမှာပေါ့၊ ရန်စောင်တော့မှာပေါ့၊ သူ့ဆိုင်မှာ ဘယ်လိုလုပ်ပြီး ဝယ်ရခြမ်းရတော့မှာလဲ၊ နေ့တိုင်းစျေးသွားပြီး နေ့တိုင်းတွေ့နေရမယ့်မျက်နှာတွေ။

            

သူများအတွက်နဲ့တော့ မျက်နှာအပျက်မခံနိုင်ပေါင်၊ အမုန်းမခံနိုင်ပေါင်၊ ဟုတ်တယ်မဟုတ်လား ကျုပ်ပြောတာ"

                

* * *

                 

"လူတွေကလည်း တစ်မျိုးရှင့်၊ ရောင်းတဲ့သူ အလေးခိုးတာ အပုပ်အပဲ့ထိုးထည့်ပေးတာသာ သိတာ၊ ဝယ်သူတွေညစ်တာကိုတော့ မသိဘူး။

                

ဒီမှာ ကျွန်မပြောပြမယ်၊ တစ်နေ့တုန်းက ငှက်ပျောသီးဆိုင်မှာလေ စျေးသည်က သုံးကျပ် လေးကျပ် ငါးကျပ် အမျိုးအစားခွဲပြီး ပုံထားတယ်။ ဝယ်တဲ့မိန်းမက ပထမဆုံး ငါးကျပ်တန်အပုံထဲက ကောင်းပေ့ဆိုတဲ့အဖီးကို အရင်ရွေးလိုက်တယ်၊ ပြီးတော့ အဲ့ဒီအဖီးကို လက်ထဲမှာကိုင်ရင်း သုံးကျပ်တန်အပုံဘေးမှာ ဝင်ထိုင်တယ်၊ ဟိုအဖီး ယူမလိုလို၊ ဒီအဖီးယူမလိုလိုနဲ့ ထပ်ရွေးတယ်၊ ပြီးတော့ ခုနရွေးထားတဲ့ ငါးကျပ်တန်အဖီးကို ခြင်းထဲထည့်ပြီး"ရော့အေ သုံးကျပ်"တဲ့၊ ကဲ.....။

                

နောက်တစ်ယောက်ရှိသေးတယ်၊ သူကတော့ စပျစ်သီးဝယ်တာလေ။ ပထမ အစိတ်သား ချိန်ခိုင်းတယ်၊ စျေးသည်က ချိန်ပေးလိုက်ရော သူက ခြင်းထဲမှာ ဖုံးဖုံးဖိဖိထည့်လိုက်တယ်၊ ဝယ်သူတွေအုံနေတော့ နောက်ဝယ်တဲ့သူတွေ ထပ်ရောင်းနေတုန်း သူက ဘေးမှာရပ်နေတယ်၊ ငွေမပေးသေးဘူး၊ ဟော ပြီးတော့မှ"တစ်ဆယ်သားပေးပါ"တဲ့၊ စျေးသည်က တစ်ဆယ်သားချိန်ပေးလိုက်တော့ ပိုက်ဆံအိတ်ဖွင့်ပြီး တစ်ဆယ်သားဖိုးပေးလိုက်တယ်၊ နောက်ပြီး ခပ်မော့မော့ထွက်သွားရော၊ ပထမယူထားတဲ့ အစိတ်သားဖိုးကိုတော့ အပျောက်ရိုက်လိုက်ပြီလေ။

                

သြော်...အဟုတ်ပါ အမရဲ့၊ ကျွန်မက ဘေးမှာ တစ်ချိန်လုံးရှိနေတဲ့ဟာ၊ အကုန်မြင်နေ သိနေတာပေါ့၊ စျေးသည်လေးတွေခမျာ တစ်မတ်စား ငါးမူးစားနဲ့ ရောင်းရရှာတာ၊ သိပ်သနားဖို့ကောင်းတာပဲ၊ 


အင်း...သနားတော့သနားတာပေါ့၊ ဒါပေမဲ့ သွားပြောလို့တော့ဖြစ်မလား၊ တော်ကြာ အော်လား ဟစ်လားနဲ့ ရန်ဖြစ်ကုန်ကြရင် ကိုယ်ပါ ကန့်လန့် ကန့်လန့် ဖြစ်ရဦးမယ်၊ ကိုယ့်မှာ ဘာအကျိုးမှရှိတာလည်း မဟုတ်ဘဲနဲ့၊ အေးအေးနေတာပဲ ကောင်းပါတယ်"

               

* * * 

                

"အခု ရုံးကိုအလာ လိုင်းကားပေါ်မှာလေ၊ ခါးပိုက်နှိုက်ဗျာ၊ မထင်ရဘူး မထင်ရဘူး။ ရခိုင်လုံချည်နဲ့၊ တက်ထရက်တိုက်ပုံနဲ့၊ နေကာမျက်မှန်အကောင်းစားနဲ့၊ ဖိနပ်ကလည်း ဆင်ခြောက်ကောင်ခင်ဗျ၊ အဲ့ဒီလောက် သားနားတာ၊ အဲ.... ရှေ့ကအဘိုးကြီးလွယ်အိတ်ကို ခွဲပြီး ပိုက်ဆံအိတ်ဆွဲထုတ်လိုက်တာများကတော့ဗျာ မြန်လိုက်တာ လှစ်ခနဲပဲ။

                

ဟာ....ပြောချင်ပြီလားဗျာ၊ ရင်ထဲမှာကို တဆတ်ဆတ်ခုန်လို့၊ တယ်လီပသီတတ်ရင်တော့ အဘိုးကြီးကို လှမ်းပြောလိုက်မှာပေါ့၊ ဟာ ဗြောင်ကြီးတော့ ဘယ်ပြောရဲပါ့မလဲဗျ၊ တော်ကြာ ကိုယ့်အနားကပ်ပြီး ဓါးနဲ့မွှေ့သွားလို့ အူပွေ့နေရဦးမယ်၊ အမှတ်တမဲ့မြင်လိုက်တာကိုတောင် သူ မသိအောင် ကမန်းကတန်း တစ်ဖက်လွှဲပြီး မမြင်ချင်ယောင်ဆောင်လိုက်ရတယ်၊ ဟူး....။

                

ဘာလုပ်မှာလဲဗျာ၊ ကိုယ့်ထမင်းကိုယ်စားနေရင်း အရည်မရအဖတ်မရနဲ့ ရန်သူတစ်ယောက်တိုးလာဦးမယ်၊ အသာ မျက်နှာလွှဲနေလိုက်တာပဲကောင်းပါတယ်၊ ကြားဖူးတယ်မဟုတ်လား၊ ကြောက်တတ်ရင် ရန်ကင်းသတဲ့"

                 

* * *

                

"အခု အိမ်အပြန် လမ်းမှာ လူတစ်ယောက် မူးလဲနေတာတွေ့ခဲ့တယ်။ ဟင့်အင်း၊ အရက်မူးတာတော့ ဟုတ်မယ်မထင်ဘူး။ သူ့ကြည့်ရတာ ဖြူဖျော့ပြီး အားပြတ်နေသလိုပဲ၊ အင်း..အဝတ်အစားကတော့ နွမ်းတယ်၊ ဒါပေမဲ့ သူတောင်းစားတော့ ဟုတ်မယ်မထင်ပါဘူး၊ နေမကောင်းရှာလို့ သွားရင်းလာရင်း လဲသွားပုံရပါတယ်၊ သနားစရာပေါ့ဗျာ။

                

ဆေးရုံလား အင်း...ဆေးရုံပို့ပေးနိုင်ရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ဗျာ၊ သူ့ကို တွဲထူ ချီပိုးပြီး ဆေးရုံအထိလိုက်ပို့ဖို့ရာ လွယ်တာမှတ်လို့၊ တော်နေ ဝက်ရူးပြန်တာတို့ ခွေးရူးပြန်တာတို့ဆိုရင်လည်း အခက်ဗျ၊ အင်း...ကားငှားရင် ကားခက ကိုယ်က အရင်ကုန်ရမှာ၊ ဆေးရုံရောက်တော့ရော ဒီအတိုင်းထားခဲ့လို့ ဖြစ်မလား၊ သက်ဆိုင်ရာတာဝန်ကျဆရာဝန်ကို စောင့်ပြီး ပြောရဆိုရ ရှင်းလင်းပြရဦးမယ်။

                

ဟင်း...အိမ်ကမိန်းမက မျှော်နေမှာဗျ၊ နောက်ပြီး အိမ်ရောက်ရင် ရေစည်လှည်းက တွန်းရဦးမယ်၊ နောက်ပြီး သားနှစ်ကောင်ကိုလည်း ကျောင်းကပေးလိုက်တဲ့ အိမ်စာတွေသင်ပေးပြပေးရဦးမယ်။

                

ဒီတော့လား၊ ဒီတော့ သက်ပြင်းကိုသာ ဟင်းခနဲချပြီး အသာမျက်နှာလွှဲခဲ့ရတာပေါ့ဗျာ၊ ကျွန်တော့မှာ အချိန်လည်းမပို၊ ငွေလည်းမပို၊ အဲ...နောက်ပြီး မေတ္တာတရားလည်း မပိုနိုင်ပါဘူးဗျာ"

                

* * *

               

"ဒီမယ်သား၊ အမေပြောမယ်၊ ရန်ဖြစ်တယ်ဆိုတာ ဒေါသအလျောက်ဖြစ်ကြတာကွဲ့၊ စင်ပေါ်မှာ လက်ဝှေ့ထိုးသလို ကိုယ်အလေးချိန် ချိန်ပြီး အရွယ်တူမှဖြစ်ကြတာမဟုတ်ဘူး၊ အသက်တူမှ ဂုဏ်ဒြပ်ချင်းတူမှ ဖြစ်ကြတာ မဟုတ်ဘူး၊ လူပိန်ပိန်နဲ့ လူဝဝနဲ့ ထိုးကြကြိတ်ကြတိုင်း လူပိန်ကလေးသနားပါတယ်ဆိုပြီး ကြားက ဝင်ဖျဉ်ဖို့ ဝင်ပါဖို့ စိတ်ကူးမနေနဲ့၊ နောက်တစ်ခါဆိုရင် ဖူးရုံမကဘူး၊ ကွဲလာလိမ့်မယ် သိလား။

                 

ခုတော့ကွယ်၊ ဓါးခုတ်ရာလက်ဝင်လျှိုတာ၊ ကြားထဲကနေ ထိပ်လည်းဖူးရသေး၊ အလုပ်ပျက်အကိုက်ပျက်နဲ့ ရုံးတွေဂါတ်တွေလည်းလိုက်ရဦးမယ်၊ ကောင်းရော့လား၊ နောင် တစ်သက်တော့ မှတ်ထားကွယ်၊ ကိုယ်နဲ့မဆိုင်ရင် အသာငြိမ်နေလိုက်၊ ကောင်းတယ်ဆိုးတယ်၊ တရားတယ်မတရားဘူး ဘာမှတွေးမနေနဲ့။ အခုတော့ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ့်ထမင်းကိုယ်စားရင်းက အနေအထိုင်မတတ်တော့ အမှုက လာပတ်နေပြီ။

                

ကြားဖူးတယ် မဟုတ်လား၊ အတ္တဟိတ ပရဟိတတဲ့၊ အတ္တဟိတက ရှေ့ကလာတာနော်၊ ကိုယ့်အတွက်အကျိုးမရှိတဲ့အလုပ်ဆိုရင် အသာလေး မျက်နှာလွှဲနေနိုင်မှပေါ့ သားရယ်၊ သူတော်ကောင်းလည်းလုပ်ချင်မနေနဲ့၊ သူရဲကောင်းလည်းဖြစ်ချင်မနေနဲ့။

                

အမေကတော့ ရှင်းရှင်းပဲ သားရေ၊ တစ်ကိုယ်ကောင်းဆန်ချင်လွန်းလို့တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ နေသာရင် မတုန်မလှုပ်နေလိုက်မှာပဲ၊ မမြင်ချင်ယောင် မကြားချင်ယောင်ဆောင်ရတာ သိပ်မခက်ပါဘူး၊ ကိုယ့်မှာ ကိုယ့်အပူနဲ့ကိုယ် ပတ်ချာကိုဝိုင်းလို့၊ သူများအပူကို ဝင်ပြီးပူဖို့ မအားပါဘူးကွယ်"

             

* * * 

                

"သြော်....ဟော်...ဟော်...ဒီကိစ္စကို ဒီလိုဖြစ်သင့်တယ် ထင်လို့လား၊ ဟုတ်တော့ ဟုတ်တာပေါ့ခင်ဗျာ၊ ဒါပေမဲ့ ကျွန်တော်တို့အဘိုးကြီး အကဲကြည့်ရတာတော့ ဒီလိုမဖြစ်ဘဲ ဟိုလိုဖြစ်ချင်နေပုံပဲ၊ ဒါတော့ ဒါပေါ့လေ၊ ဟုတ်ပါတယ်၊ ဒါဆို ဒီလိုဖြစ်သင့်ကြောင်း ဒီလူကပြောမှာတဲ့လား ဟင်၊ ဟိုလူကရော၊ ဒီလိုဆို ခင်ဗျားပြော.....ဟာ.....ကျွန်တော်..အဲ.... ကျွန်တော်ပြောလို့လည်း ဘယ်ဖြစ်ပါ့မလဲ၊ ခင်ဗျာ....၊ ကျွန်တော့်သဘောထားကရော ဟုတ်လား၊ အဲ....အဲ....ဒါကတော့ ဒီလိုလေ၊ ဒီလိုရှိ အဟွပ်... အဟွပ်....ဟပ်ချိုး၊ ပန်ကာလေကလေး နည်းနည်းလျှော့လိုက်ဦးမှပဲ၊ နှာစေးနေတာ အတော်ကြာပြီခင်ဗျ၊ ဟတ်....ဟတ်ချိုး...ဒါကလည်း ကူးတယ်ဆိုပဲ၊ ရွှီး"

မစန္ဒာ    

သာရဝတ္ထုမဂ္ဂဇင်း အမှတ်(၇)၊

ဇူလိုင်လ၊ ၁၉၈၈။


crd 👉 https://m.facebook.com/story.php?story_fbid=1146235915758356&id=100011158755546

No comments:

Post a Comment