ဆည်းဆာရီမှ မပီမသရုပ်ပုံလွှာ
နက်ပြာသော ကောင်းကင် ဖလ်ရိပ်တွင်းမှ ကြယ်ပွင့်ကလေးများ ဖိတ်လက်နေကြ၏။ ဆည်းဆာရောင်တွင် ကျနော်တို့သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်နေကြတော့သည်။
(ဒဂုန်တာရာ) (စာပေသစ်၏ ဆည်းဆာရောင် ၃ မှ)
ဆေးရုံမှအပြန် မြို့ပြင်ဘက်လမ်းပေါ် ကျနော် ရောက်နေချိန်မှာ ကျနော်ချစ်သော ညနေဆည်းဆာလည်း မှေးမှိန်လာနေပြီ။ ကျနော် ချစ်သော နှင်းပုလဲများလည်း တဖွဲဖွဲ ကြွေစပြုပြီ။ ကျနော် နှစ်ခြိုက် နစ်မျောနေမိတတ်သော တိတ်ဆိတ် ငြိမ်သက်ခြင်းမှာလည်း အသံမမြည်စေရန် ညင်သာစွာ ကြွေနေကြပြီ။ အမှောင်ရိပ်သည် ကျနော့်ကိုယ်ပေါ်၊ ကျနော့်နှလုံးသားပေါ်၊ လမ်းမအပေါ်၊ ပတ်ဝန်းကျင် သက်မဲ့အရာဝတ္ထုများအပေါ်၊ ချစ်စရာ့ ငြိမ်သက်နေသော အနောက်ဖက် တောင်တန်းအပေါ် မြင်မြင်သမျှအပေါ် တစထက်တစ ပို၍ ဖုံးလွှမ်းလာနေပြီ။
ကျနော်သည်လည်း အမှောင်ထဲ၌ ပျောက်ကွယ်သွားတော့မလား။
တိတ်ဆိတ်ခြင်း၌ နစ်မျောနေတော့မလား။
အခုအခါ၌မူ ကျနော် နစ်မျောမနေနိုင်။
ကျနော့် နှလုံးဝိညာဉ်သည် လူးလွန့် လှုပ်ရှားနေသည်။ စိတ်သည် အဝေးသို့ ပြေးသွားနေသည်။
စိတ်သည် မကြာမီကမှ ကျနော် ထွက်ခွာလာခဲ့ရာ ဆေးရုံ၊ လူနာကုတင်တခုအပေါ်မှ တူမလေးဆီ ပျံသန်းသွားနေသည်။ တူမကလေးရဲ့ မျက်နှာ၊ သူ့နှုတ်ခမ်း ကိုက်ထားဟန်၊ သူ့ငိုရှိုက်သံ၊ ကျနော်က နှုတ်ဆက်ခဲ့သံ။
"ဦးလေးပြန်တော့မယ်နော်"
ဤနှုတ်ဆက်ခြင်းမှာ နောက်ဆုံးနှုတ်ဆက်ခြင်း ဖြစ်နေပြီကို ကျနော်သိပြီးပါလျှက် သူ့ကိုမကြည့်နိုင်ဘဲ အသံတည်ငြိမ်အောင် ထိန်းပြီး နှုတ်ဆက်ခဲ့သည်။
"ဟုတ်ကဲ့"
သူက ငိုသံကြားမှ၊ ရှိုက်နေသံကြားမှ၊ မျှော်လင့်ချက်မှန်သမျှ ပျက်ပြုန်းသွားမှန်း သိနေလျှက်မှ၊ နောက်ဆုံးပေါ့ ... နောက်ဆုံး နှုတ်ဆက်လိုက်သံ။
ထိုအသံကို ထပ်တလဲလဲ ကြားနေသဖြင့် အခုအခါ၌ ကျနော့်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်း ဟူသည်မှာ မရှိနိုင်။ ခေါင်းငိုက်စိုက်ကျနေရခြင်းကို မုန်းတီးလှသော ကျနော်၊ စိတ်ထိခိုက်ရမှု မှန်သမျှကို အလွယ်တကူ မေ့ပျောက်ပစ်ကာ ထာဝစဉ် ရယ်မောနေတတ်သော ကျနော်၊ ခုအခါ၌ ထိုကျနော်မှာ တကိုယ်ကောင်းဆန်စွာ တိတ်ဆိတ်ခြင်း၌ နစ်မျောမနေနိုင်။ အခုခါတွင်မူ စိတ်ထိခိုက်ရမှု ပင့်ကူအိမ်၌ ကျနော် ငြိတွယ်နေပြန်ပြီ။
"ဘာလို့ ငါ ဒါလောက် စိတ်ထိခိုက်နေရမလဲ၊ နှစ်ဝမ်းကွဲ တူမကလေး၊ ဆွေမျိုးနီးစပ်ပဲ တော်တာ၊ မေ့ပစ်လိုက်ပေါ့"
သတိရမှု ရေအလျဉ်မှာ သူ့ဘာသာ စီးဆင်းနေခြင်းပေတကား။ ကျနော် အစိုးမရသောအရာပေတကား။ ကျနော့်ဘဝ စာမျက်နှာများပေါ်တွင် ကျနော်မဟုတ်သော ရုပ်ပုံကားချပ်ပေါင်း များစွာသည်လည်း ထင်ဟပ်နေကြသည်။ ကျနော့်၏ ထင်းခုတ်သမားဘဝ စာမျက်နှာအချို့ပေါ်တွင် ဤမိန်းကလေး၏ ရှစ်နှစ်အရွယ်က ရုပ်ပုံသည်လည်း လာထင်နေသည်။
ထိုအသက်အရွယ်တွင် သူသည် အလုပ်သမကလေးတစ်ဦး ဖြစ်နေခဲ့ပြီ။ သူ့အဖေ၏ ကူဖော် လောင်ဖက်အဖြစ် တောတောင် လျှိုမြောင်များသို့ လိုက်ပါနေရပြီ။
ထင်းခုတ်အပြန် လှည်းစခန်းများတွင် ကျနော့်ကို နွားကျောင်းကူရန် လိုက်နေရပြီ။ သူ့လည်ပင်းတွင် ကျနော် လုပ်ပေးထားသည့် ဝါးခလောက်ကလေးတစ်ခု ဆွဲထားကာ သူ နွားမောင်းရန် ပြေးလွှားနေလျှင် ကသစ်အိုင်လျှိုကြီးထဲ၌ သူ့လည်ပင်းမှ ဝါးခလောက်သံသည် ဆူညံလျှက်။ ဤ တဒေါင်ဒင်ဒင် မြည်သံကို သူ အလွန်နှစ်သက်သည်။
ညအိပ်လျှင် ကျနော့်အိပ်ယာ ကောက်ရိုးပုံထဲ၌ ကျနော့်နံဘေးတွင် အိပ်ရင်း သူ့ခလောက်ကလေး ပျောက်သွားမည် စိုးသဖြင့် လက်နှင့် ကိုင်အိပ်သည်။
ထိုအခါက ၁၆၊ ၁၇ အရွယ် ကျနော်ကား စာရေးသူတစ်ဦး စာအုပ်ဖြစ်လိုသည့်စိတ်ကူးဖြင့် ရူးနေလေရာ တောထဲသို့လည်း ဖတ်စရာ ဗလာစာအုပ်၊ ခဲတံများ ယူသွားသည်။ နေ့ခင်း နွားကျောင်းရင်း သစ်ပင်ရိပ်မှာ ကဗျာစပ်သည်။ ကာရံရှာမရသဖြင့် ခဲတံ နားရွက်ကြား ညှပ်ရင်း စိတ်သောကဖြင့် ငေးနေတတ်သည်။ ကသစ်အိုင်လျှို တဖက်ထိပ်ရှိ စိမ်းညို့နေသော ရေအိုးမြှုပ် တောင်ပေါ်မှ စေတီအိုမှာ ကျနော့် ဘုရားတိုင်ကဗျာ အရေးခံပေတကား။ စေတီမှ ဆွဲလဲသံသည် တောပန်းရနံ့များနှင့်အတူ လွင့်မျောလာနေသည်။ တောကြက်ဖ တွန်သံ၊ ဂျီဟောက်သံ၊ ကျေးငှက်များ မြည်ကြွေးသံ၊ နွားမြူးသံ၊ နေ့ခင်းများ၌ ချိုးကူသံမှာ ကျနော်၏ ခံစားမှု လွန်ကဲတတ်သော နှလုံးသားအိမ်ကို လာကာ လှိုင်းရိုက်နေသည်။
တောင်ကညို့ညို့၊ တောင်ကုန်းမို့အလည်၊
မည်သူတည်ထား၊ မသိသားတည့်
ဘုရားပရမေ၊ စေတီအို။
နေညိုလာလျှင်၊ ဝိညာဉ်အများ
စေစားလိပ်ပြာ၊
ဖူးမြှော်လာမည် ငါထင်သည်။
နေညိုလေပြီ၊ တောဆီညို့ဆိုင်း
တောင်လည်းမှိုင်းပျ၊ မြိုင်ဝတခို
နှင်းလည်းစိုလို့၊ ကြည်ညိုသဒ္ဓါ
လိပ်ပြာဝိညာဉ်၊
စေတီရင်အပါး၊ ခစားလာမှ
ဖွင့်ဟတကိုယ်၊ ချိုးမ ငိုပေါ့
ငိုသံအဝေး ပြေးနေပြီ။
လိပ်ပြာထွေပြား၊ ဝပ်တွားရင်ပြင်
ကြည်ညိုစဉ်လေ ...
ဝိညာဉ်ထဲမှာ၊ ချစ်သူပါလို့
ပါသည့်ချစ်သူ၊ စိမ်းကားသူမို့
သူငိုနေပြီ ငါထင်သည်။
တောင်ခိုးငွေ့များအလယ်၌ စေတီအိုမှာ မှိုင်းပျသွားလေသည်။ မြဆွဲလဲသံများလည်း တိုးတိမ်သွားနေသည်။
တခါတရံ၌ ကျနော် ဝတ္ထုရေးရန် ကြိုးစားကြည့်သေးသည်။ ဇာတ်လမ်းဇာတ်ကွက် ရှိနေ၏။ ချရေးသောအခါ "ကိုစိန်အောင်" သည်မျှသာ ရေးနိုင်သည်။ ရှေ့သို့ တကြောင်းမှ ဆက်ရေး၍မရ။ ကြာသော် စိတ်အားငယ်လာသည်။ ကျနော်သည် ဗလာစာအုပ်နှင့် ခဲတံကို မြက်ကြားထဲလွှင့်ပစ်ပြီး မောမောနှင့် အိပ်ပစ်လိုက်သည်။ မိန်းကလေး၏ နွားငေါက်သံ၊ သူ့ခလောက်သံ၊ သူ့ပေါက်တတ်ကရ သီချင်းဆိုသံများသည် ကျနော်ကို ချော့မြူ သိပ်နေသလိုပင်။
လှည်းကောက်ချိန်တွင် သူသည် ကျနော့်ကို မရမက လာနှိုးသည်။ ရိုးရိုးနှိုးမရသောအခါ လက်ထဲမှ နွားရိုက် ဝါးတံဖြင့် အင်္ကျီချွတ်ထားသော ကျနော့်ကျောပြင်ကို တဖျန်းဖျန်းရိုက်သည်။ ထိုအခါတွင် ကျနော့်ကို စိတ်ဆိုးနေသည့် သူ့မျက်နှာကလေးကို တွေ့နေရသည်။
"ထလေ ... ထလေ၊ ဟော ... မျက်လုံးကြီး မှိတ်သွားပြန်ဘီ။ အိပ်လိုက်တာ လွန်ကော၊ နေကြီးပူနေတာလဲ နိုးဘူး၊ ကျနော်ကတော့ နွားတွေပျောက်လို့ လိုက်ရှာနေရတာ၊ ကျနော်ချည်း ကျောင်းနေရတာဘဲ၊ ကဲ ... ထတော့လေ၊ အစောက တခါလာနှိုးသေးတယ်ဗျ။ အော်နှိုးလို့လဲရဘူး။ လှုပ်နှိုးလို့လည်း ရဘူး။ တက်နင်းတာလဲ ရဘူး။ ကျောကိုကန်တာလဲ တဘုန်းဘုန်းနဲ့ နိုးဘူး။ ဒီတခါတော့ ရိုက်နှိုးတော့တာဘဲ။ ကဲ ... ခုလဲ မထသေးဘူးလား။ ရိုက်လိုက်အုံးမယ်နော်။ ကဲ ... မှတ်ကော မှတ်ကော"
ကျနော်လည်း ကျောပွတ်ရင်း ကမန်းကတမ်း ထလိုက်ရသည်။ ကျနော့်ကို ခြေထောက်ဖြင့် ကန်နှိုးသည်ဟု သူပြောသည်ကို သဘောကျသွားပြီး ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။ သူ့ကို ကိုင်မြှောက်ပစ်ချလိုက်သည်။ သူလည်း စိတ်ဆိုးပြေကာ လဲနေရာမှ တသိမ့်သိမ့် ရယ်နေသည်။
"မိုက်ကန်းလိုက်တာ၊ လူကြီးကို ခြေထောက်နဲ့ ကန်နှိုးရသလား။ နင်ကြီးလာရင် ကုလားနဲ့ ညားမှာ။ ဘိုးလကြော ဘိုင်ကြီးနဲ့ ညားမှာဟ"
သူရယ်နေရာမှ စိတ်ဆိုးသွားပြန်ပြီ။ ထိုနေ့ အပြန််၌ ကျနော့်ကို မခေါ်တော့။ ကျနော့်လှည်းကို မစီးတော့။
အခါတိုင်းက ကျနော့်လှည်းပေါ်တွင် သူ လိုက်စီးနေကျ ဖြစ်သည်။ ကြမ်းတမ်းသော တောင်အဆင်းလမ်းများ၌ လှည်းသည် စောင်းပြီး ကြမ်းတမ်းစွာ ပြေးဆင်းသွားသည်။ လှည်းပေါ်မှ ထင်းတုံးများ တဖက်သို့ ရွေ့သွားသည်။ လမ်းနှစ်ဖက်ဘေးရှိ ဆူးကိုင်း ဝါးကိုင်းများသည် မျက်နှာကို ကုတ်ခြစ်ရန် ပြေးလာနေသဖြင့် ရှောင်တိမ်းနေရသည်။ ထိုအခါ၌ သူသည် ကြောက်လည်းကြောက် ပျော်လည်းပျော်ကာ တသောသောရယ်ရင်း ကျနော့် ကျောနောက်ဖက်မှ တအား သိမ်းပွေ့ထားလေသည်။
"ထင်းလုပ်စားရတာလဲကွာ လူက မျောက်ဖြစ်၊ ဓားမက ဓားမောက်ဖြစ်၊ လှည်းမီးသာတို နွားသာအိုကော၊ စားရတော့လည်း တလုတ်တဆုပ်ပဲ" ဟူ၍ ထိုအခါက ထင်းသမားများ၏ ညဉ်းညူသံမှာ ခုအခါ၌ ကျနော့်အတွက် အတိတ်အဝေးဆီဝယ် မှေးမှိန်ကျန်နေရစ်ခဲ့ပြီ။
မကြာမီ ကျနော်လည်း အခြားအလုပ်များ ပြောင်းလုပ်ရင်း ကျောင်းနေသည်။ အစိုးရအမှုထမ်းဘဝသို့ ပြောင်းလဲသွားသည်။ ကျနော်တို့ ခုတ်ခဲ့ရာ ထင်းတောများ ပြုန်းကုန်ပြီဖြစ်သဖြင့် ကံထရိုက်သူဌေးများသာ ကြီးပွားကြောင်း ဖြစ်စေသည့် ထင်းလုပ်ငန်းသည်လည်း ထင်းတောသစ်များရှိရာ ဝေးလံရာ မြစ်တဖက်ကမ်းသို့ ပြောင်းရွှေ့သွားသည်။ မိန်းကလေးသည်လည်း သူ့မိဘများပြောင်းရာ ရေကြည်ရာ မြက်နုရာသို့ လိုက်သွားပါတော့သည်။
ကျနော့်ဘဝ စာမျက်နှာများပေါ်မှာ ဤတူမကလေး၏ ရုပ်ပုံလွှာသည်လည်း ပျောက်ကွယ်နေခဲ့ရသည်။
နှစ်အတန်ငယ် ကြာညောင်းလာသောအခါ ကျနော်စောင့်စားနေခဲ့သော လမ်းစ ပေါ်လာပြီ ဖြစ်သဖြင့် ကျနော် ငြီးငွေ့သော အစိုးရအမှုထမ်းအလုပ်ကို စွန့်လွှတ်ကာ အိမ်ပြန်လာခဲ့သည်။ ကျနော့်တွင် စာပေသမုဒ္ဒရာကို ကူးခတ်ရန် ရည်ရွယ်ချက်ကြီး ပါလာသည်။ ကျနော်ကား ကျနော့်အတွက် မရေရာသော၊ အလင်းရောင် ဖျော့မှိန်လှသော လမ်းပေါ်၌ တက်ကြွစွာ လျှောက်လှမ်းလာလေသည်။
ထွက်သွားစဉ်ကကဲ့သို့ အိပ်ယာလိပ်တခု ကျောပိုးပြီး အိမ်သို့ ကျနော် ပြန်လာသော ညနေမှာ ကျနော်ချစ်သော နှင်းမှုန်များသည်လည်း ကျနော့်ကို ဆီးကြိုနေသလို ရွာအပြင်ဖက်မှာ ရွှေဝါရောင် စပါးပင်များ မှည့်ဝင်းနေလျှက်၊ ညနေဆည်းဆာ၏ မှိန်ဖျော့ဖျော့ ကြက်သွေးနုသည်လည်း မပီမသ လွှမ်းနေသည်။ ကျနော့်ဇာတိရွာသို့ ပြန်အဝင်၌ ကျနော်သည် ငိုမိမတတ် ကြည်နူးနေသည်။ သည်အခါတွင်ပင် လမ်းမကြီးပေါ် ကျနော့်ကျောဖက်မှ ပြေးလိုက်လာသော သူ့ခြေသံ ကြားရသည်။
"ဦးလေး မို့လား ... ဦးလေး ... ဦးလေး ... နေအုံး ဦးလေး နေအုံး" ဖြင့် အော်ဟစ်ရင်း သူ အပြေးလိုက်လာသည်။
ကျနော် ရပ်ပြီး သမင်လှည်ပြန်လှည့်ကြည့်နေသည်။
ဖက်တောမှအပြန် အပျိုမကလေး၏လက်ထဲ၌ ဓားမတိုတချောင်း ကိုင်ထားသည်။ သူ့လည်ပင်း၌ ပုဆိုးစုတ်တထည် ပတ်ထားသည်။ နေလောင်ထားသည့် သူ့နဖူးပြင်တွင် ချေွးဥကလေးများ စီနေသည်။ သူ ကျနော့်အနား၌ ယှဉ်ရပ်လိုက်သည်။ ပထမ၌ ကျနော်မမှတ်မိ၊ နောက်မှ သူ့အပြုံးကို သတိရလာသည်။ ငယ်စဉ်က သူ့ပုံမှာ အပျိုမကလေး မျက်နှာပေါ်တွင် ထပ်လျှက် ပေါ်လာနေသည်။
"ဘိုးလကြော ဘိုင်ကြီးလားဟေ့" ဟူ၍ ကျနော်လည်း ပျော်ရွှင်စွာ အော်ဟစ် နှုတ်ဆက်လေသည်။
မောလာသဖြင့် သူ့အသက်ရှူသံမှာ ကြမ်းတမ်းနေသည်။
ကျနော့်ကို ရဲရဲမကြည့်ရဲ။ အပျိုစိတ်ကလေးကြောင့် သူရှိန်းနေပြန်သည်။ မျက်လုံးများ နှုတ်ခမ်းများ၌မူ လှပသော အပြုံးရိပ်မှာ တက်ကြွနေသည်။ မို့နေသော ပါးပြင်ညိုညိုများပေါ်မှာ ရှက်သွေးရောင်များ ကြွလာသည်။ သူရပ်လိုက်ပုံမှာ သဲပြင်ထက်၌ ကျောက်တိုင် စိုက်လိုက်သလိုပင်။ သူ့ခန္ဓာကိုယ်မှာ ယောက်ျားလေးကဲ့သို့ ကြံ့ခိုင်နေသည်။
"ဦးလေးကို ဟိုးက လှမ်းကြည့်လာတာ၊ ဦးလေးနဲ့ တူပါတယ်ဆို ကျနော် ပြေးလိုက်လာတာ၊ ဦးလေး အလုပ်ထွက်လိုက်ပီဆို၊ စာစီဆရာဆိုလား လုပ်မလို့ဆို၊ ခု အပီး ပြန်လာတာလား၊ အဲဒါဆို ဦးလေးတော့ ဘုံပျောက်နေပီဗျ၊ ဦးလေးအခန်းမှာ ကျနော်နေတာဗျ၊ အဲဒါ ဖယ်မပေးနိုင်ဘူး"
ကျနော့်ပခုံးပေါ်မှ အိပ်ယာလိပ်ကို ဆတ်ခနဲ ဆွဲယူပြီး ရွက်သည်။ ကျနော့်နှင့် ဘေးချင်းကပ်ယှဉ်လျှက် လိုက်လာရင်း ငယ်စဉ်ကလို စကားတွတ်တွတ် ပြောလေသည်။ တချက် တချက်မူ သူရှက်နေဆဲ။
"ကျနော့်ကို ဦးလေး အမှတ်မရပါဘူး၊ မညာပါနဲ့၊ ကဲ ... အမှတ်ရရင် ကျနော့်ဖို့ ဘာပါခဲ့သလဲ" ဟူ၍ သူမေးနေသည်။
ကျနော်လည်း ပြုံးနေရသည်။
သူတို့သည် အရှေ့ဖက်ကမ်းသို့ ထင်းခုတ်သွားနေရင်း ဟိုမှာ ထင်းခုတ်အလုပ် မဟန်သောအခါ ရရာအလုပ် လုပ်ရသည်။ နောက် စိတ်ပျက်ပြီး လွန်ခဲ့သည့်နှစ်က ရွာသို့ ပြန်ပြောင်းလာသည်။
ရွာတွင်လည်း လယ်ယာမဲ့ မိသားစုမှာ ကြုံရာကျရာ အလုပ်များကို လုပ်မြဲပင်။ ကောက်စိုက်၊ စပါးရိပ်၊ မျှစ်ချိုး၊ အိမ်မိုး၊ အင်ဖက်ကောက်၊ သက်ငယ်ရိပ်၊ ဈေးထုပ် အင်ဖက်ထုံးများခူး စသည်ဖြင့် ထမင်းအနိုင်စားရသည့် အလုပ်များကို တရက်မနား လုပ်နေရမြဲပင်။ သူတို့မိသားစုသည် နံနက် အရုဏ်တက်လောက်ကတည်းက အိမ်မှ ထွက်ခွာသွားကာ မိုးစုပ်စုပ်ချုပ်မှ အိမ်သို့ ပြန်ရောက်လာလိမ့်မည်။
ဈေးထုပ်အင်ဖက်များကို တနေကုန် တချက်မနား ခူးလျှင် လေးငါးရှစ်ထုံး ရနိုင်သည်။ အင်ဖက်တထုံးကို သုံးမတ်မျှ ရလိမ့်မည်။ သုံးမတ်သည် သူတို့ရသည့် အမြင့်ဆုံးဈေး ဖြစ်၏။
အင်ဖက် ကုန်သည်မှာမူ တထုံးကို နှစ်ကျပ်ကျော်ကျော် ရသည်။ အင်ဖက်တထုံး သုံးမတ် အင်ဖက်ခူးသမားများ ရသည်ဆိုရာ၌လည်း အင်ဖက်ခူးသမားများမှာ ကုန်သည်ထံမှ ဈေးကုန်များနှင့် လဲလှယ်ယူနေရသဖြင့် စင်စစ် ပြားငါးဆယ်မျှပင် တွက်ခြေမကိုက်။ အင်ဖက်ကုန်သည်ကား တိုက်ဆောက်လိုက်ပြန်ပြီ။ သူတို့မှာမူ ဤအလုပ် မလုပ်လျှင်လည်း ငတ်၊ လုပ်နေရင်းမှာလည်း ငတ်နေဆဲ၊ ပြတ်နေဆဲ၊ ကြွေးနွံအိုင်၌ နစ်နေဆဲ။ ဤအကြောင်းများကို ကျနော် အမှတ်မထင် တွေးနေမိသည်။
ဤအလုပ်သမကလေး၏ မျက်နှာပေါ်မှာ နားဋောင်းတဖက်ပင် မရှိ။ သူထမီဝတ်ထားပုံမှာ ခြေသလုံး တပတ်ရစ်။ သူသည် သဲပြင်တွင် ခြေဖဝါး မြုပ်အောင် ဆောင့်နင်းသွားနေသည်။ သူ့အမူအရာမှာ ကြမ်းတမ်းသည်။ ဇိုးဇိုးဇတ်ဇတ် နိုင်သည်။ ဖျတ်ဖျတ်လတ်လတ် ရှိသည်။ ဤဟန်ပန်များကို သူဖြတ်သန်းရသည့် ဘဝက သူ့ကို သင်ကြားလေ့ကျင့်ပေးသည်။
သူသည် သူ့မိဖများအိမ်တွင် ညအိပ်ရန် နေရာကျဉ်းကျပ်လှသဖြင့် ကျနော်တို့အိမ်မှာ အိပ်သည်။ ကျနော်ငယ်စဉ်က အခန်းကို သူအပိုင်ယူထားသည်။ ကျနော်တို့မိသားစုထဲ၌ ဤအပျိုမကလေးမှာ နောက်ပြောင်စရာ ခလေးကလေး ဖြစ်နေသည်။
ညပိုင်း၌ သူသည် လမ်းတဖက်မှ သီချင်းကလေး တအေးအေးဆိုရင်း တခါတရံ လေချွန်ရင်း အမှောင်ထဲတွင် စမ်းနင်းပြီး ကျနော်တို့အိမ် ကူးလာသည်။
အိမ်ပေါ်သို့ရောက်လျှင် သူ့အခန်းထဲ တောက်လျှောက် ဝင်သွားပြီး အိပ်ယာ မခင်းနိုင်။ ပစ်လှဲ အိပ်လိုက်သည်။ ချက်ချင်းလိုပင် သူသည် မောမောပန်းပန်း အိပ်ပျော်သွားပြီး သူ့ဟောက်သံပေါ်လာသည်။
တိတ်ဆိတ်ငြိမ်သက်သော ညများ၌ ကျနော်သည် သူ့ဟောက်သံ စည်းချက်ဝါးချက်ကြားမှ ကျနော်၏ "ညအငေ်္သချေမှာ" "နွေတည" နှင့် အခြားဝတ္ထုကလေးများကို ရေးခဲ့သည်။ ကြာသော် သူ့ဟောက်သံမှာ ကျနော့်အတွက် အနှောင့်အယှက် မဖြစ်တော့သည့်အပြင် သူ့ဟောက်သံ မကြားရလျှင်ပင် စာရေးရာ၌ တစုံတရာ လိုအပ်နေသလို ထင်မိသည်။
"ဒီနေ့ည မှန်မှန်ဟောက်ကွယ်၊ ဦးလေးဝတ္ထု ဇာတ်သိမ်းတော့မယ်" ဟု ကျနော် ပြောမိသည်။ ထိုအခါ၌ သူသည် ငယ်စဉ်ကလို နှုတ်ခမ်းစူ စိတ်ကောက်သွားပြန်သည်။ တစ်ဖက်လှည့်ပြီး ပြုံးနေသည်။
မကြာမကြာပင် သူသည် အမေနှင့် ရန်ဖြစ်တတ်သည်။ "ငါ့အိမ်မလာနဲ့" ဟု အမေသည် သူ့ဝသီအတိုင်း ပြောပစ်သည်။
သူသည် စိတ်ဆိုးကာ အိမ်ပေါ်မှ ခြေဆောင့်နင်းကာ ဆင်းသွားသည်။ တအိမ်လုံး သူဆောင့်နင်းသွားသဖြင့် သိမ့်သိမ့်ခါနေခဲ့သည်။
လှေကား လက်ရမ်းတို့လည်း ပြုတ်ထွက်ခမန်း ဆွဲဆောင့်သွားသည်။ လှေကားရင်းတွင် အိပ်ပျော်နေသော ခွေးအိုကြီးကိုလည်း တအိုင်အိုင် အော်နေရစ်အောင် ဆောင့်နင်းသွားသည်။
မြေအိုး ခွေးစားခွက်မှာလည်း သူဆောင့်ကန်သွားသဖြင့် ကွဲကျန်ရစ်ခဲ့သည်။ ထိုနေ့၌ ကျနော်တို့အိမ်မှာ တိတ်ဆိတ်နေရစ်ခဲ့သည်။
နေညိုလာလျှင် အမေသည် သူ့ကို မျှော်နေပြန်သည်။ "ကောင်မလေး အဟုတ် စိတ်ဆိုးသွားမှာဘဲ၊ ငါ့ပါးစပ်က လွန်ပါတယ်" ဟု အမေသည် ဝမ်းနည်းစွာ မြည်တမ်းနေပြန်သည်။
ညဥ့်နက်လာပြီ၊ သူမလာတော့ဟု ကျနော်တို့ တွေးနေချိန်တွင်မှ သူသည် မီးတုတ်ကိုင်မြှောက်ပြီး လမ်းတဖက်မှ ကူးလာနေသည်။ ဒေါသကား မပြေသေး။
အိမ်အဝင်၌ ဒေါသဖြင့် မီးတုတ်ကို ကိုင်ပေါက်ပစ်ခဲ့သည်။ ကျနော်တို့ကို မကြည့်ဘဲ ကြမ်းဆောင့်နင်းကာ သူ့အခန်းထဲ ပြေးဝင်သွားသည်။ ခန်းဆီးကို ဆွဲ၍ရမ်းလိုက်ပြီး သူ့အိပ်ယာထဲသို့ ကြမ်းတမ်းစွာ ပစ်လှဲလိုက်သည်။
ကျနော်တို့သည် ငြိမ်သက်စွာ ကြည်နူးစွာ ပြုံးနေကြသည်။ ထိုအခါ၌ပင် အိပ်ယာပေါ်မှ သူ့လှမ်းကြိမ်းသံ ပေါ်လာနေသည်။ "တော့အိမ်က ကျုပ် ဘယ်တော့မှ ဆင်းမသွားဘူး ဒေါ်ဖွားဆိုင်၊ ကျုပ် ယောကျ်ားရမှ ဆင်းမယ်" ဟု သူ၏ ကြိမ်းဝါးသံထဲ၌ စိတ်ထိခိုက်သံ ဝမ်းနည်းလွန်းသဖြင့် တုန်ယင်နေသည်။
ချက်ချင်းလိုပင် သူသည် ဝမ်းနည်းခြင်း၊ နာကျဉ်ခြင်း၊ ဒေါသဖြစ်ခြင်းများ ပျောက်ကွယ်သွားကာ ဟောက်သံ မှန်မှန်ဖြင့် အိပ်မောကျသွားလေသည်။
ဤအလုပ်သမကလေးအတွက် ပျော်ပွဲရွှင်ပွဲ သွားလာရသည်မှာ နည်းပါးလှသည်။ နွေရာသီ၌ တလလျှင် တခေါက်လောက် ပြတတ်သည့် အကာသာရှိသည့် အမိုးမဲ့ ရုပ်ရှင်ပြကွင်းတွင် ရုပ်ရှင်ကားဟောင်းများ လာပြမည့် ရက်ကိုသာ သူမျှော်နေတတ်သည်။ ရုပ်ရှင်ပြလျှင် သူသည် ကျနော့်ကို မရမက ခေါ်တတ်သည်။ ကျနော်ကား ဘယ်သောအခါတွင်မှ လိုက်မပြဖြစ်။ သူ့ကို ရုပ်ရှင်လိုက်ပြရန် မသင့်လျှော်ဟု ကျနော် တွေးမိသည်။
"ဦးလေး ဘယ်တုန်းကမှ လိုက်မပြဘူး၊ ဒီတခါတော့ ပြရမယ်။ မရဘူး။ ဒီတခါတော့ ပြရမယ်"
ကျနော် ခေါင်းခါနေမြဲ ခါသောအခါ သူသည် တဖြည်းဖြည်း ငြိမ်သက်သွားနေသည်။ သူ့မျက်လုံးအိမ်ပေါ်၌ ဝမ်းနည်းရိပ်ကလေးများ သန်းဝေလာနေသည်။ ထိုတငွေ့ငွေ့ ကျွမ်းလာနေသည့် ဝမ်းနည်းရိပ်ကလေးများမှာ သူ ကျနော့်အပေါ် တွယ်တာသည့် သံယောဇာဉ်ကြိုးများကို တိုင်းထွာနေသလိုပင်။ ကျနော့်နှလုံးသား၌လည်း တိတ်တဆိတ် သက်ပြင်းရှိုက်နေပြန်သည်။
သူသည် အခြား အဖော်ညှိကာ ရုပ်ရှင်ပွဲသွားသည်။ နောက်နေ့ညတွင် ဘယ်သူ နားထောင်ထောင် မထောင်ထောင် သူနားလည်သလို ရုပ်ရှင်ဇာတ်လမ်းကို တဖွဲ့တနွဲ့ ပြောနေသည်။
"ဦးလေးရယ် ကျနော်တို့နောက်မှာလေ ကာလသားတွေ တရုန်းရုန်းနဲ့ ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ကျနော်တို့လဲ ရှေ့တိုးတာပေါ့၊ အဲတာလဲ နောက်က လိုက်တိုးတာဘဲ။ ပျော်လဲ အပျော်သား" ဟု သူပြောချလိုက်သောအခါ အမသည် သူ့နဖူးကို ဒေါင်ကနဲ ခေါက်လိုက်၏။ အမေသည် "နွားမလေး" ဟု ပြုံးရင်း ငေါက်လိုက်၏။
အကိုနှင့် ကျနော်လည်း ဟက်ဟက်ပက်ပက် ရယ်မောနေမိကြပြန်သည်။
ကျနော်ကား နေရသည်ကို ညဉ်းငွေ့လာလျှင် ခရီးထွက်သွားသည်။ ရောက်ရာဒေသ၌ တနှစ်ကုန်ကုန် တနှစ်ဆန်းဆန်း ပျော်သလောက် နေပစ်လိုက်ပြီးမှ အိမ်သို့ပြန်လာသည်။
ဤသို့ဖြင့် တတိယအကြိမ် ထွက်ခွာသွားပြန်သည်။ သည်တကြိမ်မှာ မိန်းကလေးနှင့် ခွဲခွာရမည့် နောက်ဆုံးအကြိမ်ပေတကား။
သည်တကြိမ် ကျနော်ပြန်လာသောအခါ သူသည် ခြံဝမှ ထွက်မကြိုနိုင်။ တိတ်ဆိတ်နေသော အိမ်ပေါ်သို့ ကျနော် လှမ်းတက်လိုက်သည်။ သူသည် သူထိုင်နေကျနေရာ တိုင်မှီထိုင်နေရင်း ကျနော့်ကို ပြုံးပြီးကြိုနေသည်။
"ဦးလေး လာမှ လာသေးတယ်နော်"
သူ့အသံမှာ ဝမ်းနည်းရိပ်ကလေးများ ကြေကွဲဖွယ်ရာ ရစ်သန်းနေသည်။ သူ့မျက်လုံးထဲ၌မူ ကြည်နူးရွှင်ပြရောင်များ တောက်ပလာနေသည်။ ရှက်ကိုးရှက်ကန်းဟန်ဖြင့်လည်း သူ့မျက်နှာကလေးမှာ ထူပိန်းလာသည်။ ဤတိတ်ဆိတ်နေသော အိမ်ကြီးပေါ်တွင် သူ့တယောက်ထဲ မြင်တွေ့ရသည်။
ကျနော်လည်း ပင်ပန်းနွမ်းနယ်စွာ ပစ်ထိုင်ချလိုက်သည်။ "လဖက်ရည်အိုး တယ်ကွာ" ဟု လှမ်းပြောလိုက်သည်။
"ကျနော် မထနိုင်ဘူး ဦးလေးရဲ့၊ ဒူးကြီး ယောင်နေလို့"
သူ့ဒူးပေါ်မှ ထမီကို ဖယ်ရှားပြသည်။ သူ့မျက်နှာကလေးမှာမူ ကျနော်ရောက်လာသဖြင့် ဝမ်းသာကြည်နူးစွာ ပြုံးနေဆဲပင်။ သူ့ညာဘက်ဒူးမှာ ဒူးနှစ်လုံး ဆင့်ထားသလို ရောင်ကိုင်းနေသည်။ ခြေထောက်မှာ ကွေးနေပြီ။ ပေါင်လည်း သိမ်နေပြီ။ ကျနော်လည်း မလှုပ်မရှက် ငိုင်ကြည့်နေမိသည်။ ရင်ထဲတွင် စိုးရိမ်သောကများ ဖိစီးလာပေပြီ။
"ဘယ်လိုဖြစ်တာလဲ၊ ဘယ်လောက်ကြာပလဲ၊ ဆေးရုံမသွားဘူးလား"
စသည့်မေးခွန်းများကို ဒလစပ် မေးနေမိသည်။
လေးလကြာပြီ။ ဖက်ခူးရင်း သစ်ငုတ်တခုနှင့် တိုက်မိရာမှ စ,ဖြစ်သည်။ ဆေးရုံ မသွား၊ ဒေါက်တာရမ်းကုတဦးနှင့် ကုနေသည်။
"မဖြစ်လောက်ပါဘူးကွယ်၊ ဆေးရုံသွားရင် ငါးရက်လောက်နဲ့ ပျောက်ပါတယ်" ဟု ကျနော်သည် အသံကို ဖော့ပြီးပြောသည်။
ထိုနေ့တွင်ပင် သူ့ကို ဆေးရုံ တင်ပို့ပေးရန် သူ့အဖေကို ပြောသည်။ သူ့အဖေက ဒေါက်တာရမ်းကုနှင့်ပင် ပျောက်မည်ဟု ယုံကြည်နေသည်။ စပါးရိတ်လည်း အရေးကြီးနေသည်။ ဆေးရုံဆိုတာလည်း ကြောက်၊ ဆရာဝန်ဆိုတာလည်း ကြောက်နေသည်။ ဆေးရုံတင်ပို့နိုင်ရန် ငွေလည်း မရှိ။ ရောဂါကိုလည်း ကြီးကျယ်ဟု မထင်။
ကျနော် တိုက်တွန်းနေသည့် နေ့ရက်များ၌ပင် မိန်းကလေး ခံစားနေရပုံမှာ သနားစဖွယ် ဖြစ်လာသည်။ ဒေါက်တာရမ်းကု ဆေးထိုးပေးနေသည့်ကြားမှ ပို၍ ရောင်ကိုင်းလာနေသည်။ ည အအေးပိုင်းရောက်လာလျှင် သူမသည် ကိုက်ခဲသဖြင့် တအင်အင် ညဉ်းနေရသည်။
"ဆေးရုံမသွားချင်ဘူး ဦးလေးရယ်၊ ဆေးရုံဆိုတာ ပိုက်ဆံရှိမှ၊ နို့မို့ဆိုရင် ဖြတ်ပစ်တာဘဲတဲ့၊ ကျနော် ကြောက်ပါတယ်" ဟူ၍ ကျနော့်ကို ပြောပြနေသည်။ သူ ပြောသလို မဟုတ်ကြောင်း ကျနော်ပြောသည်ကို သူမယုံနိုင်။
သူ့ရောဂါကား ကျွမ်းနေပါပြီ။ အဘယ် ငွေကြေး ကြွယ်ဝသူတဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှ ကြာရှည်စွာ ဒေါက်တာရမ်းကုတဦးဖြင့် ကုသနေပါသနည်း။ အဘယ် ချယ်လှယ်အုပ်စိုးသူတဦးသည် သူ့သမီး၌ ဤသို့ဖြစ်နေလျှင် ဤမျှ ကြာရှည်စွာ ရောဂါကို မွေးမြူထားပါသနည်း။ ကျနော့်အမေးကို ဖြေစမ်းပါ။
ယခုကား ငွေကြေးမဲ့မှုကြောင့် ပညာမဲ့ အသိမဲ့နေရသော ဤပတ်ဝန်းကျင် အမှောင်အပိန်းကြီးအောက်မှာ သူနစ်မွန်းနေရပေပြီ။
ဤညများကား လမိုက်ရက်ညများ ဖြစ်၏။ အဖြစ်အပျက်မှာလည်း မျှော်လင့်ချက် ကင်းမဲ့နေသည်။ သူ့မိဘများသည်လည်း ကျနော့်လို တသက်လုံး အတူနေတဦးကို အထင်မကြီး။ ကျနော် တိုက်တွန်းသည်ကို ဂရုမစိုက်။ နောက်ဆုံး၌ ကျနော်သည် ဒေါက်တာရမ်းကုကို မသိမသာ ခြိမ်းခြောက်ရ၏။ ထိုအခါတွင်မှ ဒေါက်တာရမ်းကုသည်လည်း လက်လွှတ်တော့သည်။ ရက်ပေါင်းများစွာ ကြာပြီးမှ သူ့ကို ဆေးရုံ ပို့ဖြစ်တော့သည်။ ဆေးရုံပို့သည်နေ့က ကျနော် အရှေ့မြစ်ရိုးဖက်ဆီသို့ ခရီးထွက်နေသည်။
သူ့ကို လှည်းပေါ် ပွေ့တင်နေစဉ် "ဦးလေးကို ပြောပါ၊ ဦးလေး လိုက်ခဲ့ပါလို့ ကျနော် မှာသွားတယ်လို့ ပြောပါ" နှင့် သူ တတွတ်တွတ် မှာသွားခဲ့သည်။
ဤ အပျိုမကလေးမှာ လဲလှယ်ရန် အဝတ်လည်း ပေါပေါများများမရှိ။ အမသည် သူ့နားဋောင်းကို ချွတ်ပေးလိုက်၏။ အမေက ခေါင်းအုံးတလုံး စောင်နွမ်းတထည်၊ ခြင်ထောင်အိုကလေးတလုံး နှင့် ကျပ်တန်ကလေး လေးရွက် ပေးလိုက်သည်။ လှည်းပေါ်၌ သူ တရှိုက်ရှိုက် ငိုသွားသည်။
သူ မရှိသည့်ရက်များ၌ ကျနော်တို့အိမ်မှာလည်း သူ့တေးသံမဲ့ကာ တိတ်ဆိတ်ကာ ဟာလာဟင်းလင်း ပွင့်ကျန်ရစ်ခဲ့သည်။
သူ့ဒူးကို ခွဲစိတ် ကုကြည့်သည် မရ။ ဓာတ်မှန်ရိုက်သည်။ ရိုးတွင်းချဉ်ဆီ လိုက်နေပြီ။ ဖြတ် ကု ရတော့မည်။ သူ့အမေက ငိုယိုပြီး လာပြောပြ၏။
"ဦးလေး လာပါအုံးလို့ တတွတ်တွတ် မှာတာဘဲ၊ နင် သွားပါအုံး" ဟု သူ့ အဖေက ပြောနေပေပြီ။
သူ့အဖေ၊ သူ့ဘိုးအေ၊ သူ့အဖွား၊ ကျနော့်အမ တို့နှင့်အတူ ကျနော်လည်း ဆေးရုံလိုက်သွားရသည်။ စုံစမ်းသောအခါ သူ့ဝေဒနာကား ကျွမ်းနေပြီဖြစ်၍ ပေါင်က ဖြတ်ရမည်။ မဖြတ်လျှင် အသက်ဆုံးရှုံးခံရမည်ဟု သိလာရသည်။
ထို့နောက် သူတို့ ဆေးရုံမှ ဆင်းလာသည်။ ဘုန်းကြီးကျောင်းတခုသို့ ပြောင်းကုသည်။ ခွဲစိတ်ထားသဖြင့် အနာမှ သွေးပုပ်များဆင်းကာ သူ၏နောက်ဆုံးနေ့ တံခါးဝမှာ အနီးသို့ ကပ်လာနေသည်။
"ဦးလေး သိပ်စိမ်းကားတယ်၊ ကျနော့်ကို မချစ်လို့ မလာတာလားလို့ ပြောလိုက်ပါ၊ ဦးလေး လာပါအုံးလို့ ပြောပေးပါ" ကျောင်းမှ သူ၏ တတွတ်တွတ် လှမ်းမှာနေသံကို တဆင့် ကြားနေရသည်။ ဤအခါတွင်ကား ကျနော် သွားမတွေ့နိုင်။ ရင်မဆိုင်နိုင်။
"ကျနော် ခြေထောက်ဖြတ်ရမယ်ဆိုတာ ဦးလေး ငိုသေးသလား" ဟု နောက်ပိုင်းရက်များ၌ သူ့အဖေကို မေးသွားသည်။
ဤမိန်းကလေးကား သူ့အတွက် ကျနော် ငိုစေ့ချင်သည်။ သူ့ကို ကျနော် သံယောဇဉ်ကြီးမားလှကြောင်း သိပြီး ကြည်နူးသွားချင်သည်။
သူ့ဆန္ဒကို မသိရှာသည့် သူ့အမေက ခေါင်းရမ်းပြနေသောအခါ သူသည် ငြိမ်သက်ငေးမောကာ စိတ်ထိခိုက်သွားခဲ့သည်။
နောက်ဆုံး သူကွယ်လွန်သွားသည်ကို သူ့အပေါင်းအဖော် စပါးရိတ်သမများ သိကြသောအခါ လယ်ကွင်းပြင်ကြီးထဲ၌ ဆူညံသွားအောင် အော်ဟစ် ငိုယိုကြသည်။ မငိုသူမရှိ၊ သူ့အပေါင်းအဖော်များသည် သူ့အကြောင်း လပေါင်းများစွာ ပြောကျန်နေရစ်ခဲ့သည်။
ကျနော်ကိုယ်တိုင်လည်း သူ့ကိုနောက်ဆုံးတွေ့ခဲ့သည့် ဆေးရုံပေါ်မှ တညနေကို ဘယ်အခါတွင်မှ မေ့နိုင်မည်မဟုတ်နိုင်။
သူသည် ဆေးရုံကုတင်တွင် ကွပ်ပစ်ပေါ်တွင် တဖက်လှည့်ပြီး တရှုပ်ရှုပ် ငိုနေလျှက်။
"ပေါင်ရင်းက ဖြတ်ရမယ်တဲ့၊ သေချင်သေ အဖေကြီးသဘောတော့ ဆေးရုံကဆင်းမယ်" ဟူ၍ ... ဟူ၍ ...သူ့ ဘိုးအေကြီးသည် မျက်ရည်ကြားမှ အသံအက်ကွဲကြီးဖြင့် ပြောနေလျှက်။
သူ့အဖေသည် ကုတင်ခြေရင်းဘက်တွင် တင်ပလွှဲထိုင်ပြီး မငိုမိစေရန် အံကြိတ်နေလျှက်။
သူ့ဘိုးအေကြီးကိုလည်း ကျနော် အပြစ်မတင်နိုင်။ ဤအဖိုးအိုကြီးမှာ စာပင် ဟုတ်တိပတ်တိ မသင်ဘူးခဲ့ရရှာသူ။ ဆေးရုံမှ ဘာမှမပြောဘဲ ဆင်းလာခဲ့လျှင် မိန်းကလေးမှာ သူ့အတွက် မျှော်လင့်ချက်မရှိတော့သည်ကို သူသိသွားပါပြီ။ သူ၏နောက်ဆုံးရက်ကို သူမြင်တွေ့နေရပေပြီ။
သူသည် ဖြည်းဖြည်း ပြန်လှည့်လိုက်ပြီး ကုတင်ရှေ့တွင် ရပ်နေသူ ကျနော့်မျက်နှာကို အားကိုးကြီးစွာ မော့ကြည့်နေသည်။ သူ့မျက်နှာကလေးမှာ သွေးအားနည်းကာ ဖြူဖျော့နေပြီ။ မျက်လုံးများ ရီဝေနေပြီ။ ဤမျက်လုံးများပေါ်မှာ နောက်ဆုံး မျှော်လင့်ချက်ကလေးတခု လျှို့ဝှက်စွာ တဖိတ်ဖိတ် လက်နေသေးသည်ကို ကျနော် တွေ့မြင်နေသည်။ သူ ဘာမှ မဆုံးဖြတ်ရသေးပါ။ ကျနော့်ကို မေးနေသည်။ ကျနော်သိနေသည်။ နောက်ဆုံးတွင် ဤရောင်ခြည် မျှင်ကလေးသည်လည်း အားအင်ကုန်ခမ်းလာကာ တစတစ မှိန်ဖျော့လာနေသည်။
ရင်ထဲ နာကျင်လာသည်။ မငိုတတ်သော ကျနော့်မျက်လုံးများပေါ်မှာ မျက်ရည်များ ပြည့်လာနေသည်။ သူ့နှုတ်ခမ်းများမှ ကျနော့်ကို အတိုင်းအတာမဲ့ တွယ်တာမှု၊ အတိုင်းအတာမဲ့ အားကိုးမှုများ ဖွင့်ပြောနေသလိုပင်။
ကျနော် ခေါင်းငုံ့လိုက်ပါသည်။ မျက်ရည်ပေါက်သည်လည်း သံမန်တလင်းပြင်ပေါ်သို့ ကြွေကျသွားသည်။ အို ... ကျနော် ငိုနေပြီ။
အတန်ကြာ ငြိမ်သက်နေသည်။
"သမီးသဘောလေ" ဟု သူ့ဘိုးအေသည် ငိုသံဖြင့် ပြောနေသည်။
ထပ်ပြီး ငြိမ်သက်နေသည်။
အချိန်များစွာ ကြာပြီးမှ "သေမယ်၊ သေမယ်" ဟု မိန်းကလေးက ယတိပြတ် ပြောချလိုက်လေသည်။ သူသည် သူ့မောင်ကလေးများ ညီမကလေးများကို သူ့အဖေနှင့်အတူ လုပ်ကိုင် ကျွေးနေရသူ အလုပ်သမကလေး။ အလုပ်လုပ်နိုင်မှ ထမင်းစားရသူ။ သူ့တသက်တာလုံးအတွက် သူတွေးရမည်။ အလုပ်လုပ်နေရင်းမှာပင် သူတို့မှာ ကြွေးနွံအိုင်ကြီးထဲတွင် လည်ပင်းနစ်မြုပ်နေရသည်။
"ဒေါ်...ကို ဖက်ထုံးတရာ ပေးရအုံးမယ်၊ ပေးပြီးပလား အဖေ၊ ပေးလိုက်ပါနော်၊ တော်ကြာ သံသရာကြွေး ... တင် တင် တင် ......."
ပြောနေရင်း သူ့အသံ နစ်မြုပ်သွားသည်။ တဖက်လှည့်ပြီး သူကြိတ်၍ ငိုနေရပြန်သည်။
ဤစကားများကား "မသိန်းရှင်ဆီ ရောက်အောင် ကျမ ထန်းညက်တောင်း ပို့ ... ပို့ ... ပေး ... ကြပါ" ဟူ၍ ရေးခဲ့သူ ရှေ့မှောက်၌ ပြောနေသော စကားများပေတကား။
သူ့တသက်လုံး ဒေါ်...ကို လုပ်ကျွေးခဲ့ပြီးပြီ။ တိုက်ဆောက်ရအောင် လုပ်ပေးခဲ့ပြီးပြီ။ သူသေမည် ရှိသောအခါ နောင်ဘဝအတွက်ပင် ဒေါ်...၏ကြွေးမြီများ ပါသွားဦးမည် ဆိုနေပါကလား။ ဒါသည် ပါရမီဆိုတာပါကလား။ ဒါသည် အထုံရေစက် ဆိုတာပါကလား။
အချိန်များစွာ ကြာလွန်သွားပြန်သည်။ သူ့ကို နောက်ဆုံးမှန်း သိလျှက် နှုတ်ဆက်ရန် ကျနော် အားယူလိုက်ရသည်။
"ဦးလေး သွားမယ်နော်"
သွားမယ် ခလေးရေ ... ဘယ်တော့မှ ပြန်မတွေ့ကြဘူး။ ဒါ နောက်ဆုံးဘဲ။ မင်း သေမယ်။ လူသေရင် မြေဘဲဖြစ်မယ်။ မြေထဲ ပြန်သွားရမယ်။
"ဟုတ်ကဲ့"
သူပြောလိုက်ပြီး ကျနော့်ကို လှည့်မကြည့်တော့။ အဆုံးသတ်မှာ ပီပြင်နေပေပြီ။ သူလည်း အသံမထိန်းနိုင်တော့ဘဲ ငိုနေရစ်ခဲ့ပြီ။ ဤငိုသံကြားမှ ဆေးရုံအပြင်ဖက်သို့ ကျနော် ထွက်လာခဲ့သည်။
မြို့အပြင်ဖက်သို့ ရည်ရွယ်ချက်ကင်းမဲ့စွာ လျှောက်လာသည်။ မှောင်ရိပ်လွှမ်းစ ဆည်းဆာအောက်၌ ကျနော်လျှောက်နေမိပြီ။ အမှောင်ရိပ်များသည် ကျနော့်ကို တိတ်တဆိတ် လွှမ်းလာပေပြီ။ ကျနော်လည်း အမှောင်ထဲအောက်၌ ပျောက်ကွယ်သွားရမည်လော။
အမှောင်ထဲ၌ အလှောင်ခံထားရသူများသည် ရုန်းကန်ဖွင့်ထွက်ကြရမည်။ ကျနော်သည် လက်သီး ကျစ်ကျစ် ဆုပ်လိုက်၏။ အံကြိတ်လိုက်သည်။ ကိုယ်ကို မတ်လိုက်သည်။ အကြောအခြင် ကြွက်သားများလည်း ဖုထစ်ကြွလာသည်။ ရင်ထဲ၌ ဒေါသချောင်းသည် အဟုန်ပြင်းစွာ စီးဆင်းနေသည်။ ကြမ်းတမ်းသော မုန်တိုင်းတခုသည် ရင်ထဲ၌ တိုက်ခတ်နေသည်။
ဟုတ်သည်။ ကျနော်တို့ကား အမှောင်ထဲမှာ နစ်မြုပ်နေရင်း အမှောင်ထုကို အာခံကြရပါမည်။
နိုင်ဝင်းဆွေ
မိုးဝေ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၁၉၇၂။
(ဘဝစာမျက်နှာများ)
No comments:
Post a Comment